အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အခန်း (၈၁)
ဗလာနတ္ထိ
သေနတ်ကိုင်ဆောင်ထားသော ထိုလူစုသည် လူလတ်ပိုင်းအရွယ် အမျိုးသားကြီးကို လှမ်းကြည့်လိုက် ရင်း တွန့်ဆုတ်သွားကြသည်။ ၎င်းတို့သည် ယနေ့နံနက်မှသာ ဤသေနတ်များကို ရရှိထားခဲ့ကြခြင်းဖြစ် ရာ ဘယ်သူကမျှ မည်ကဲ့သို့ အသုံးပြုရမည်ကို တတ်ကျွမ်းထားခြင်း မရှိကြချေ။
လူများကို လုယက်သည့်အခါ သေနတ်ကိုသာ ထုတ်ပြလိုက်ရန်နှင့် ကျန်သည့်ကိစ္စများမှာ အလွယ်တကူ ပြီးမြောက်သွားလိမ့်မည်ဟု သူတို့၏ ခေါင်းဆောင်ဖြစ်သူက ပြောဆိုထားခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေအရ သူတို့ဘက်မှသာ ပြန်လည်မခုခံပါက တစ်ဖက်ရန်သူများက သူတို့ကို အပြတ် အသတ် ရှင်းလင်းသုတ်သင်သွားပေတော့မည်။
ရှေ့တိုး၍မရ၊ နောက်ဆုတ်၍မရ အကျပ်ရိုက်နေကြစဉ်မှာပင် သူတို့ထဲမှ တစ်ယောက်က အံကို တင်း တင်းကြိတ်ကာ သေနတ်ကို မြှောက်တင်လိုက်တော့သည်။ သူသည် လုံယုထံသို့ ချိန်ရွယ်လိုက်ပြီး နောက် မျက်စိကိုစုံမှိတ်ကာ သေနတ်မောင်းခလုတ်ကို ဆွဲဖြုတ်လိုက်လေသည်။
"ဒိုင်း…"
သေနတ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသောအခါ ထိုလူသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သို့ရာတွင် သူ အောင်ပွဲခံ၍ အားရဝမ်းသာ မအော်ဟစ်နိုင်မီမှာပင် သူ၏မျက်မှောက်ရှိ မြင်ကွင်းက သူ့အား အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
သေနတ်ပြောင်းဝ၏ အစွန်းတွင် အနီရောင် အလံငယ်လေးတစ်ခု တွဲလောင်းကျနေခဲ့သည်ပင်။ ထိုအလံ ငယ်လေးကို ကြည့်ရင်း ထိုလူ၏ မျက်လုံးအိမ်များမှာ ပြူးကျယ်သွားရတော့သည်။ ဤအရာကား လူ များကို နောက်ပြောင်ရန် ပြုလုပ်ထားသော သေနတ်အတုတစ်လက် ဖြစ်နေသည်မှာ သိသာထင်ရှား လွန်းလှပေသည်။
သူသည် အထက်သို့ မော့ကြည့်လိုက်ပြီး မိမိ၏ ခေါင်းဆောင်ဖြစ်သူအား ဒေါသတကြီးဖြင့် စိုက်ကြည့် ကာ ဆဲရေးတိုင်းထွာရန် ပြင်လိုက်လေသည်။
"ဒိုင်း…"
သို့သော် သူ စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် သူ၏ ခေါင်းဆောင်ဖြစ်သူမှာ နဖူးတည့်တည့်သို့ သေနတ်မှန်သွားပြီး ရေထဲသို့ လဲကျသွားသည်ကို မြင်လိုက်ရလေသည်။
"ဗွမ်း…"
ခေါင်းဆောင်ဖြစ်သူ၏ ရုပ်အလောင်းမှာ ရေထဲသို့ ပြုတ်ကျသွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။ ထိုလူမှာ ဘာကိုမျှ မတုံ့ပြန်နိုင်သေးမီမှာပင် နောက်ထပ် သေနတ် ပစ်ခတ်သံ တစ်ချက်ကို ကြားလိုက်ရပြန်သည်။
"ဒိုင်း…"
နောက်တစ်စက္ကန့်တွင်တော့ သူ၏ မျက်ခုံးနှစ်ခုကြားသို့ ပူနွေးသော အရာတစ်ခု ဝင်ရောက်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ ခွန်အားများအားလုံး လျော့ကျသွားတော့သည်။ ထိုလူသည် သေနတ်အတုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ အနေအထားဖြင့်ပင် ရေအောက်ကြမ်းပြင်ဆီသို့ နစ်မြုပ်ပျောက် ကွယ်သွားလေတော့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် လုံယုသည် သူ၏ ကျောပိုးအိတ်ထဲမှ မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်း ကျင် တစ်ခွင်သို့ အကဲခတ် ကြည့်ရှုလိုက်သည်။ မည်သူမျှ အသက်ရှင်ကျန်ရစ်ခြင်း မရှိတော့သည်ကို သေချာသွားသောအခါ သူက သေနတ်ကို အောက်သို့ချလိုက်ပြီး အမိန့်ပေးလိုက်သည်။
"ကြိုးတွေကို ဖြတ်လိုက်တော့…။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…။"
သူ၏ အမိန့်ပေးသံအဆုံးတွင် သူတို့သည် မော်တော်ဘုတ်ကို ပိတ်ဆို့ထားသော ကြိုးများကို အလျင် အမြန် ဖြတ်တောက်လိုက်ကြ၏။ ထို့နောက် ရှီရွှမ်းက သေနတ်ကို သိမ်းဆည်းလိုက်ပြီး အင်ဂျင်ကို နှိုးကာ မောင်းနှင်ထွက်ခွာလာခဲ့လေသည်။ ရေမျက်နှာပြင်ထက်တွင်တော့ ရေစီးကြောင်း၏ ဝါးမျိုခြင်း ကို မခံရသေးသော ပေါလောပေါ်နေသော အလောင်းပုံကြီးသာ ကျန်ရစ်ခဲ့လေတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် သူတို့သည် မြို့ဆင်ခြေဖုံး ရပ်ကွက်သို့ ရောက်ရှိလာကြသည်။ ရှီရွှမ်းသည် ပထမဆုံး တွေ့ရသော ရုံးခန်း အဆောက်အအုံတစ်ခုထံသို့ မောင်းနှင်သွားခဲ့ရာ ပြတင်းပေါက်များ အားလုံး ကွဲကြေနေသည်ကို တွေ့လိုက်ရသည်။
အထဲသို့ လှမ်းကြည့်လိုက်သောအခါ နေရာအနှံ့ ပျံ့ကျဲနေသော မှန်ကွဲစများ၊ မှောက်ခုံလန်ကျနေသော စားပွဲ၊ ကုလားထိုင်များနှင့် ကြမ်းပြင်ပေါ်ရှိ ရေစိုနေသော ခြေရာများကိုပါ မြင်တွေ့လိုက်ရလေသည်။
ရှီရွှမ်းသည် သူ၏ အပေါင်းအပါများကို ကြည့်ကာ ခေါင်းခါရမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ငါတို့ နောက်ကျသွားပြီကွာ…။"
လုံယုသည် တစ်ခဏမျှ စဉ်းစားနေလိုက်ပြီးနောက် ပြောလိုက်သည်။
"အခြား အဆောက်အအုံတွေကို သွားကြည့်ကြတာပေါ့…။"
"ကောင်းပြီလေ…"
ရှီရွှမ်းသည် မော်တော်ဘုတ်ကို မောင်းနှင်ကာ ထိုဧရိယာအတွင်းရှိ ရုံးခန်း အဆောက်အအုံ အားလုံးထံသို့ လိုက်လံ ကြည့်ရှုခဲ့သော်လည်း အားလုံးမှာ လုယက်ခံထားရပြီး ဖြစ်နေပေသည်။
မော်တော်ဘုတ်ပေါ်တွင် ထိုင်နေရင်း ဟွမ်ချန်က အခြားသူများကို လှမ်းကြည့်ကာ စိတ်ဓာတ်ကျစွာ ငြီးငြူလိုက်လေ၏။
"အခု ငါတို့ ဘာဆက်လုပ်ကြမလဲ...၊ လက်ဗလာနဲ့တော့ အိမ်ပြန်လို့ မဖြစ်ဘူးလေကွာ….။"
လုံယုသည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"ငါ ဒီရက်ပိုင်းတွေအတွင်း အပူချိန်ကို စောင့်ကြည့်နေခဲ့တာ...။ ရက်အနည်းငယ် ကြာတိုင်းမှာ အပူချိန် က နှစ်ဒီဂရီလောက် ကျဆင်းသွားတယ်။ အခုကစပြီး အပူချိန်တွေ ဒီထက်ပိုပြီး ထိုးကျလာမှာကို ငါ စိုးရိမ်နေမိတယ်…။"
ဟွမ်ချန်သည် ထိုစကားကို ကြားသောအခါ စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်ပြီး မေးလိုက်သည်။
"ခေါင်းဆောင်...၊ ခင်ဗျားဆီမှာ ဘာအစီအစဉ်များ ရှိနေလို့လဲ….။"
လုံယုက ခဏမျှ တွေးတောလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"သစ်သား ပရိဘောဂတချို့ကို လိုက်စုပြီး ထင်းအဖြစ် သုံးဖို့ ပြန်သယ်သွားကြတာပေါ့ကွာ။ ငါတို့ဆီမှာ ခြောက်လစာအတွက် ရိက္ခာတွေ အလုံအလောက် ရှိနေပေမဲ့ လောင်စာကတော့ မလုံလောက်ဘူး ဖြစ် နေတယ်။ လက်ရှိ ရာသီဥတု အခြေအနေအရ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာဦးမလဲဆိုတာ ငါတို့ မသိနိုင် ဘူးလေ။ အစောတည်းက ကြိုတင် ပြင်ဆင်ထားတာ အကောင်းဆုံးပဲ…။"
ရှီရွှမ်းကိုယ်တိုင်လည်း လွန်ခဲ့သော နှစ်ပတ်ခန့်ကတည်းက အပူချိန်ကို စောင့်ကြည့် မှတ်တမ်းတင်လာခဲ့ ရာ တစ်နေ့ထက်တစ်နေ့ ပိုမို အေးလာကြောင်းကို တွေ့ရှိထားခဲ့လေသည်။
သူသည် သူ၏ အဖွဲ့သားများကို ကြည့်ကာ ထောက်ခံပြောဆိုလိုက်သည်။
"ခေါင်းဆောင် ပြောတာ မှန်တယ်။ တခြားလူတွေ အပူချိန် ပြောင်းလဲလာတာကို သတိမထားမိခင် အခွင့် အရေးကို ငါတို့ အမိအရ ဆုပ်ကိုင်ထားမှ ဖြစ်မယ်။ ကျွင်းချန်မြို့မှာ သစ်ပင်ဆိုလို့ ဒီလောက်ပဲ ရှိတာလေ ။ လူတွေက အပူချိန် ပြောင်းလဲလာတာကို သတိပြုမိသွားပြီး ထင်းတွေ စတင် စုဆောင်းလာကြတဲ့အခါ ကျရင် ငါတို့အတွက် ထင်းရဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်…။"
လုံယုနှင့် ရှီရွှမ်းတို့က ဤသို့ဆိုလာမှတော့ ဟွမ်ချန်နှင့် ကျားရှန်းတို့မှာလည်း မည်သို့မျှ ကန့်ကွက်စရာ အကြောင်းမရှိတော့ချေ။
ဆုံးဖြတ်ချက် ချမှတ်ပြီးသွားသောအခါ သူတို့လေးဦးသည် လူသူအရောက်အပေါက် အနည်းဆုံးဖြစ် မည့် အခေါင်ဆုံး ရုံးခန်း အဆောက်အအုံတစ်ခုကို ရွေးချယ်လိုက်ကြသည်။ ရှီရွှမ်းမှာ အဖွဲ့၏ နည်းပညာ ပိုင်းဆိုင်ရာနှင့် ယာဉ်မောင်းသူ တစ်ဦးဖြစ်ပြီး ခွန်အားအနည်းဆုံးသူ ဖြစ်သောကြောင့် သူတို့၏ မော်တော်ဘုတ်ကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ပြီး ကျန်သုံးဦးကမူ သစ်သား ပရိဘောဂများ သွားရောက် စုဆောင်းရန် ထွက်လာခဲ့ကြသည်။
ပြတင်းပေါက်မှတစ်ဆင့် တွယ်တက်သွားသောအခါ အတွင်းရှိ အရာအားလုံးမှာ ဖရိုဖရဲ ရှုပ်ပွနေသည်ကို လုံယု တွေ့လိုက်ရသည်။ သူတို့ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ကုလားထိုင် အများစုမှာ ပလတ် စတစ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး စားပွဲများမှာမူ ကော်များ အများအပြား ရောနှောထားသော လွှစာမှုန့် များဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကော်ကို မီးရှို့လိုက်ပါက အဆိပ်သင့်စေသော မီးခိုးငွေ့များ ထွက်ပေါ်လာမည်ဖြစ်ရာ ထိုစားပွဲများသည် ထင်းအဖြစ် အသုံးပြုရန် လုံးဝ မသင့်တော်ပေ။
အဆောက်အအုံ တစ်ခုလုံးကို အနှံ့အပြား ရှာဖွေပြီးသွားသောအခါ၌ ခေါက်ဆွဲခြောက်ထုပ် အနည်းငယ် နှင့် သောက်ရေသန့်ဘူး အချို့ကိုသာ တွေ့ရှိခဲ့ရသည်။ သူတို့သည် ရိက္ခာအချို့ ပါဝင်သော သေတ္တာငယ် လေးကို မော်တော်ဘုတ်ဆီသို့ ပြန်လည် သယ်ဆောင်လာခဲ့ကြသည်။
လုံယုသည် မော်တော်ဘုတ်ပေါ်သို့ တက်လိုက်ပြီး ပြောလိုက်သည်။
"တခြား အဆောက်အအုံတွေကို သွားရှာကြည့်ကြတာပေါ့…။"
သူတို့သည် ရုံးခန်း အဆောက်အအုံများကို တစ်ခုပြီးတစ်ခု ဝင်ရောက် ရှာဖွေခဲ့ကြရာ ထင်းအနည်းငယ် မျှနှင့်အတူ အစားအစာ အနည်းအကျဉ်း၊ ရေသန့်ဘူး အချို့ကိုသာ ရှာဖွေတွေ့ရှိခဲ့ကြသည်။
သနားစရာ ကောင်းလောက်အောင် နည်းပါးလှသော ရိက္ခာများကို ကြည့်ရင်း ဟွမ်ချန်က ပြောလိုက် သည်။
"ဒီနေ့ ငါတို့ သိပ်ကံမကောင်းလှဘူး။ ဒီနောက်ဆုံး အဆောက်အအုံလေးပဲ ကျန်တော့တာ။ ငါတို့ ပြီးခဲ့တဲ့ အကြိမ် လာသွားပြီးကတည်းက ဒီကို တစ်ယောက်ယောက်များ ရောက်လာသေးလား မသိဘူး….။"
ရှီရွှမ်းက မော်တော်ဘုတ်ကို ရပ်နားလိုက်ပြီးနောက် လုံယုသည် အဆောက်အအုံပေါ်သို့ မတွယ်တက်မီ ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် စစ်ဆေးလိုက်သည်။ သူက ခေါင်းညိတ် ပြလိုက်ပြီးနောက်တွင် မှ ဟွမ်ချန်နှင့် ကျားရှန်းတို့သည်လည်း အပေါ်သို့ တွယ်တက်လာခဲ့ကြသည်။
အတင်းအဓမ္မ ဖောက်ထွင်း ဝင်ရောက်ထားသည့် လက္ခဏာများ ရှိနေသော်လည်း အတွင်းဘက် အခြေ အနေမှာ အခြားသော ရုံးခန်း အဆောက်အအုံများနှင့် စာလျှင် အတော်လေး ကောင်းမွန်နေသေးသည်။ သို့ရာတွင် လုံယုနှင့် အခြားသူများ ဆဋ္ဌမထပ်သို့ ဝင်ရောက်သွားသောအခါ၌မူ သူတို့အားလုံး အံ့ဩ မှင်သက်သွားကြလေတော့သည်။
ဟွမ်ချန်သည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
"ခေါင်းဆောင်... ဒီက ပစ္စည်းတွေကို တစ်ယောက်ယောက်ကများ လာရွှေ့သွားတာလား…။"
လုံယုသည် ဗလာကျင်းနေသော အထပ်ကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် (CEO) ၏ ရုံးခန်းဆီသို့ လျှောက်သွားကြည့်လိုက်ရာ အရာအားလုံး ပျောက်ကွယ်နေပြီး အသုံးမဝင်သော ပစ္စည်းအနည်းငယ်သာ ကျန်ရစ်နေခဲ့သည်ကို တွေ့လိုက်ရသည်။
သူသည် ဟွမ်ချန်နှင့် ကျားရှန်းတို့ဘက်သို့ လှည့်ကြည့်လိုက်ပြီး အမိန့်ပေးလိုက်လေသည်။
"ငါတို့ လူခွဲပြီး တခြားအထပ်တွေကို သွားစစ်ကြည့်ကြတာပေါ့။ မိနစ်နှစ်ဆယ်နေရင် ရှီရွှမ်းရှိတဲ့နေရာမှာ ပြန်ဆုံကြမယ်…။"
ဟွမ်ချန်နှင့် ကျားရှန်းတို့သည်လည်း ခေါင်းညိတ်ပြလိုက်ကြပြီး ဖြေကြားလိုက်ကြသည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်…။"
သူတို့သုံးဦးသည် လူစုခွဲကာ အပေါ်ထပ်များဆီသို့ တက်သွားခဲ့ကြသည်။ မိနစ်နှစ်ဆယ်ခန့် ကြာပြီး နောက် သူတို့သည် ရှုပ်ထွေးနက်နဲနေသော မျက်နှာအမူအရာ အသီးသီးဖြင့် ပြန်လည် ရောက်ရှိလာကြ လေသည်။
ရှီရွှမ်းသည် သူတို့ကို ကြည့်ကာ မေးမြန်းလိုက်သည်။
"ဘာတွေဖြစ်လာလို့လဲ…။"
ကျားရှန်းက သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဒီနေရာကြီးက ဗလာနတ္ထိ အလွတ်ကြီး ဖြစ်နေတယ်…။"
ရှီရွှမ်းသည် သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို နားမလည်နိုင်သဖြင့် ထပ်မံ မေးမြန်းလိုက်သည်။
"မင်း ဘာကို ဆိုလိုချင်တာလဲ…။"
ဟွမ်ချန်က ပခုံးတွန့်လိုက်ကာ ဝင်ပြောလိုက်လေသည်။
"စကားလုံးရဲ့ အဓိပ္ပာယ် အတိုင်းပါပဲကွာ...။ ဒီအဆောက်အအုံကြီး တစ်ခုလုံးက ဗလာနတ္ထိ အလွတ်ကြီး ဖြစ်နေတာ။ အသုံးမဝင်တဲ့ ပစ္စည်း အစအန တချို့လောက်ပဲ ကျန်ခဲ့တော့တာ….။"
အခန်း (၈၂)
ညအချိန် ဝင်ရောက်စီးနင်းခြင်း (၁)
ဟွမ်ချန်နှင့် ကျားရှန်းတို့က သူနှင့် နောက်ပြောင်နေခြင်း မဟုတ်ကြောင်း မြင်သောအခါ ရှီရွှမ်းက လုံယု ကို လှမ်းကြည့်လိုက်ရာ သူက စဉ်းစားခန်းဝင်နေသည်ကို တွေ့လိုက်ရသည်။
လုံယုက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။
"အနီးအနားမှာ တောင်တစ်တောင် ရှိတယ်လို့ ငါ မှတ်မိတယ်။ မပြန်ခင် ထင်းတွေ ထပ်ရှာဖို့ အဲဒီကို သွားကြရအောင်…။"
သူတို့သည် လှေတစ်ဝက်စာ ပစ္စည်းများကိုသာ စုဆောင်းရရှိခဲ့သဖြင့်၊ နောက်ထပ် ရိက္ခာပစ္စည်းများ အတွက် အခြားနေရာများတွင် ထပ်မံ ရှာဖွေရမည် ဖြစ်၏။
သူတို့လေးယောက် တောင်ဆီသို့ ဦးတည်သွားနေစဉ်၊ ယောင်ရန်သည် အပြင်ဘက်မှ သေနတ်ပစ်ခတ် သံများကြောင့် လန့်နိုးလာခဲ့လေသည်။ လျှပ်စစ်မီးများ ပြတ်တောက်သွားကတည်းက တိုက်ခန်း၏ အသံလုံစနစ်သည်လည်း ဆိုးရွားလာခဲ့သည်ပင်။
တိုက်ခန်းဆောက်လုပ်သူများက အသံလုံစနစ် တပ်ဆင်ရာတွင် မည်သည့် နည်းပညာကို အသုံးပြုခဲ့ ကြောင်း ယောင်ရန် မသိသော်လည်း၊ ယခုအခါတွင် အလုပ်မလုပ်တော့သည်မှာ အသေအချာပင် ဖြစ် သည်။ ဆောက်လုပ်ရေးသမားများသည် ဤအဆင့်မြင့် လူနေအိမ်ရာဧရိယာတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ်တောက်သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့ပုံ မရသည့်ပုံပင်။
"ဒိုင်း…"
ယောင်ရန် မျက်လုံးမဖွင့်ရသေးမီမှာပင် တိတ်ဆိတ်နေသော ညဉ့်ယံတွင် နောက်ထပ် သေနတ်သံတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။ သူမက ထိုင်လိုက်ပြီး ခေါင်းကိုက်ပျောက်သွားသည်အထိ နဖူးကို တစ်ခဏမျှ ပွတ်သပ်လိုက်သည်။ ကုတ်အင်္ကျီကို ဝတ်ဆင်ပြီးနောက် သူမက ဓားရှည်ကို ယူကာ တံခါးသွားဖွင့် လိုက်လေသည်။
သူမ ထွက်လာသည်ကို မြင်သောအခါ တန်ချီချီက ဆီးကြို၍ နှုတ်ဆက်လိုက်၏။
"အစ်မ ယောင်ရန်…။"
ယောင်ရန်သည် သူမက စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်နားတွင် ပုန်းအောင်းနေသည်ကို မြင် လိုက်ရ ပြီး၊ ဟွမ်ကျိဟွေးမှာမူ သေနတ်တစ်လက်ကို ကိုင်ဆောင်ထားကာ လှေကားအနီးရှိ သတ္တု တံခါးများ ဘေးတွင် ဆောင့်ကြောင့်ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်လေသည်။
"ဘာဖြစ်တာလဲ…။"
ဟွမ်ကျိဟွေးက သူမကို လှည့်ကြည့်ကာ ပြောလိုက်သည်။
"ကျွန်မတို့ ဝိုင်းခံထားရပြီ…။"
ယောင်ရန်က သူမအနီးသို့ ချဉ်းကပ်သွားပြီး သတ္တုတံခါးနားသို့ ကပ်ကာ မှီလိုက်သည်။ သတ္တုတံခါးများ ၏ အခြားတစ်ဖက်မှ သဲ့သဲ့မျှ ထွက်ပေါ်လာသော အသံအချို့ကို သူမ ကြားလိုက်ရလေသည်။
သူမက အသံကို နှိမ့်ကာ ဟွမ်ကျိဟွေးကို ကြည့်ပြီး မေးလိုက်လေသည်။
"ဒီည လူဘယ်နှစ်ယောက် လာတာလဲဆိုတာ သိလား…။"
ဟွမ်ကျိဟွေးက ခေါင်းခါပြလိုက်သည်။
"ကျွန်မတို့ မသိဘူး။ လှေကားကို ဝိုင်းထားတဲ့ ဒီလူတွေအပြင်၊ တခြားအဆောက်အအုံတွေကနေ ကျွန်မ တို့ကို စနိုက်ပါနဲ့ ပစ်နေတဲ့ လူတွေလည်း ရှိသေးတယ်…။"
၎င်းကို ကြားသောအခါ ယောင်ရန်၏ မျက်လုံးများက အေးစက်သွားခဲ့သည်။
"ခုနက သေနတ်ပစ်သံက... စနိုက်ပါဆီကလား…။"
ဟွမ်ကျိဟွေးက ခေါင်းညိတ်လိုက်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်၊ အပြင်ဘက်မှာ မှောင်နေတော့ စနိုက်ပါသမားရဲ့ တည်နေရာနဲ့ သူတို့ ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကို ကျွန်မတို့ အတိအကျ မသိနိုင်ဘူး…။"
ယောင်ရန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မ နားလည်ပြီ။ ရှင်တို့ လောလောဆယ် ဒီမှာပဲ နေခဲ့ကြ…။"
ထိုသို့ပြောပြီးနောက် သူမက တိုက်ခန်းထဲသို့ ပြန်ဝင်သွားပြီး ညကြည့်မှန်ပြောင်း သုံးစုံနှင့် ညကြည့် အဝေးကြည့်မှန်ပြောင်းတို့ကို ထုတ်ယူလိုက်သည်။ ထို့အပြင် သူမ၏ နေရာလွတ်ထဲမှ စနိုက်ပါရိုင်ဖယ် တစ်လက်ကိုလည်း ထုတ်ယူလိုက်လေသည်။
စနိုက်ပါရိုင်ဖယ်ကို တပ်ဆင်ပြီးနောက်၊ ယောင်ရန်သည် ကျည်ကာအင်္ကျီကို ဝတ်ဆင်လိုက်ပြီး သူမ၏ ညအိပ်ဝတ်စုံကို လဲလှယ်လိုက်လေသည်။ အားလုံး ပြီးစီးသွားသောအခါ သူမက စနိုက်ပါရိုင်ဖယ်နှင့် ဓားရှည်တစ်လက်ကို ကျောတွင်လွယ်ကာ တိုက်ခန်းထဲမှ ထွက်လာခဲ့လေသည်။
သူမက တန်ချီချီကို ညကြည့်မှန်ပြောင်း ပေးလိုက်ပြီး ပြောလိုက်သည်။
"ချီချီ... ကျိဟွေးနဲ့အတူ သတ္တုတံခါးကို သွားစောင့်နေလိုက်…။"
တန်ချီချီက ညကြည့်မှန်ပြောင်းကို ယူကာ ခေါင်းညိတ်လိုက်လေသည်။ သူမက ညကြည့်မှန်ပြောင်းကို တပ်ဆင်လိုက်ပြီး ကျန်တစ်စုံကို ဟွမ်ကျိဟွေးအား ကမ်းပေးလိုက်သည်။ ထို့နောက် သူတို့နှစ်ဦးသည် ဆောင့်ကြောင့်ထိုင်ချကာ တံခါးကို စောင့်ကြပ်နေခဲ့ကြလေသည်။
တန်ချီချီကို လွှတ်လိုက်ပြီးနောက် ယောင်ရန်သည် သူမ၏ ရှေ့ရှိ အဆောက်အအုံများကို စောင့်ကြည့်ရန် ညကြည့်အဝေးကြည့်မှန်ပြောင်းကို အသုံးပြုလိုက်သည်။ အကယ်၍ စနိုက်ပါသမားတစ်ဦးက သူတို့ကို ပစ်မှတ်ထားနေပါက၊ ထိုသူသည် အမှတ် (၃) အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံ တွင် ရှိနေမည်မှာ အသေအချာပင် ဖြစ်၏။
ယောင်ရန်သည် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများကို ဂရုတစိုက် စောင့်ကြည့်လိုက်ရာ အမှတ် (၅) အဆောက်အအုံတွင် လှုပ်ရှားမှုတစ်ခုကို တွေ့လိုက်ရလေသည်။ သူမက စနိုက်ပါသမားကို သေချာမမြင် ရသေးမီမှာပင် အန္တရာယ်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် အမြန် ဝပ်ချလိုက်ပြီး အော်ပြောလိုက် လေသည်။
"ခေါင်းငုံ့ထား…။"
သူမ၏ သတိပေးချက်ကို ကြားသောအခါ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် ကြမ်းပြင်ပေါ်တွင် အမြန် ဝပ်ချလိုက်ပြီး သူတို့၏ ဦးခေါင်းများကို လက်မောင်းများဖြင့် ကာကွယ်ထားလိုက်ကြသည်။
"ဒိုင်း…။"
"ခွမ်း…"
တစ်စက္ကန့်အကြာတွင် ကျည်ဆန်တစ်တောင့်သည် ပြတင်းပေါက်ကို ဖောက်ထွက်လာကာ မှန်ပြတင်း ပေါက်များကို ကွဲကြေသွားစေပြီး သတ္တုတံခါးဘေးရှိ နံရံကို သွားမှန်လေသည်။ ယောင်ရန်သည် နံရံပေါ် ရှိ နက်ရှိုင်းသော ကျည်ပေါက်ကို မြင်လိုက်ရသောအခါ ယခုလေးတင် လှုပ်ရှားသွားသောသူသည် သူတို့ ကို အမှန်တကယ် သတ်ပစ်ရန် ရည်ရွယ်ထားကြောင်း သိလိုက်ရလေသည်။
ဟွမ်ကျိဟွေးက နံရံပေါ်ရှိ အပေါက်ကို ကြည့်ကာ တုန်ယင်စွာဖြင့် ပြောလိုက်လေသည်။
"ဒီလူက တကယ် လူသတ်ဖို့ လာတာပဲ…။"
စနိုက်ပါသမား အစ်ကိုတစ်ယောက်ရှိသည့် ဟွမ်ကျိဟွေးနှင့် မတူဘဲ တန်ချီချီသည် သာမန် အရပ် သားတစ်ဦးသာ ဖြစ်လေသည်။ သူမက နံရံပေါ်ရှိ အပေါက်ကို မြင်လိုက်ရသောအခါ ဤသည်မှာ ကစားပွဲတစ်ခု မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။ သူတို့သာ သတိမထားပါက သေချာပေါက် သေဆုံးသွားကြနိုင်မည် ဖြစ်လေသည်။
သူမက ဖြူရော်နေသော ဟွမ်ကျိဟွေး၏ မျက်နှာကို တစ်ချက် ကြည့်လိုက်ပြီးနောက် အေးစက်နေသော ယောင်ရန်၏ မျက်နှာကို လှမ်းကြည့်လိုက်သည်။ အောက်သို့ ငုံ့ကြည့်ရင်းဖြင့် ကမ္ဘာကြီး ပြောင်းလဲသွား ခဲ့ပြီ ဖြစ်ကြောင်း တန်ချီချီ အဆုံးတွင်တော့ နားလည်သဘောပေါက်သွားခဲ့လေသည်။
ဥပဒေဆိုသည်မှာ မရှိတော့ဘဲ လက်သီးပိုကြီးသူက စိတ်ကြိုက် သတ်ဖြတ်နိုင်ပြီ ဖြစ်သည်။ ယောင်ရန် လည်း ထိုကဲ့သို့ပင် ဖြစ်ပြီး ယခုလေးတင် သူတို့ကို ပစ်ခတ်ခဲ့သောသူသည်လည်း ထိုကဲ့သို့ပင် ဖြစ်သည်။
တန်ချီချီက သေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး တိုးတိတ်စွာဖြင့် ပြောလိုက်သည်။
"ကျိဟွေး... ကျွန်မတို့ သေလို့ မဖြစ်ဘူး။ အစ်ကို ဟွမ်ချန် ပြန်လာတဲ့အထိ ကျွန်မတို့ အသက်ရှင်နေမှ ဖြစ်မယ်…။"
ဟွမ်ကျိဟွေးက သူမ၏ သူငယ်ချင်းကို လှည့်ကြည့်လိုက်ရာ တန်ချီချီထံတွင် အပြောင်းအလဲအချို့ ရှိလာသည်ကို သတိပြုမိသွားသည်။ သူမက တန်ချီချီ၏ တုန်ယင်နေသော လက်ကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်လေသည်။
"ဟုတ်တယ်။ ကျွန်မတို့ အသက်ရှင်နေရမယ်၊ မနက်ဖြန်ကျရင် ဟော့ပေါ့ စားကြမယ်…။"
သူငယ်ချင်းနှစ်ယောက် အချင်းချင်း ခွန်အားပေးနေကြချိန်တွင် ယောင်ရန်ကမူ စနိုက်ပါသမားကို သတ်ပစ်ရန် နည်းလမ်းရှာနေခဲ့သည်။ သူမက ပြတင်းပေါက်မှနေ၍ အပြင်သို့ ထပ်မံ ကြည့်လိုက်ပြီး အမြန် ပြန်ပုန်းလိုက်လေသည်။
"ဒိုင်း…"
တစ်စက္ကန့်အကြာတွင် နောက်ထပ် ကျည်ဆန်တစ်တောင့်က စင်္ကြံနံရံကို လာမှန်ပြန်လေသည်။
ယောင်ရန်သည် အချိန်ကို တွက်ချက်လိုက်ပြီး၊ ပစ်ခတ်မှုတစ်ခုစီကြားရှိ အချိန်ကြာမြင့်ချိန်ကို မရှာတွေ့ မီအထိ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ခဲ့သည်။ စနိုက်ပါသမားသည် ပစ်ခတ်ပြီးနောက် ဆယ်စက္ကန့် အကြာတွင် ထပ်မံ ပစ်ခတ်မည်ဖြစ်သဖြင့် သူမအနေဖြင့် အချိန်ကို အကောင်းဆုံး အသုံးချကာ နောက်ထပ် တိုက်ခိုက်မှု မလာမီ စနိုက်ပါသမားကို သတ်ပစ်ရန် လိုအပ်ပေသည်။
ယောင်ရန်က အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ပြောလိုက်လေသည်။
"ရှင်တို့နှစ်ယောက် ရှင့်တို့ရဲ့ တိုက်ခန်းထဲကို ပြန်သွားကြ။ အစ်မ မခေါ်မချင်း အပြင်ကို ထွက်မလာခဲ့ ကြနဲ့…။"
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် သူတို့၏ လက်ရှိအခြေအနေ မည်မျှ အန္တရာယ်များကြောင်းကို သိရှိထားပြီဖြစ်သဖြင့် အသံမထွက်စေဘဲ သူတို့၏ တိုက်ခန်းဆီသို့ အမြန် ပြန်သွားခဲ့ကြလေသည်။
စနိုက်ပါသမားသည် သူတို့ လှုပ်ရှားနေသည်ကို မြင်သွားပုံရပြီး ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို ပစ်ခတ် ခဲ့သော်လည်း ကျည်ဆန်များ လွဲချော်သွားကာ သူတို့နှစ်ဦးစလုံး ဘေးကင်းစွာဖြင့် ပြန်ရောက်သွား ခဲ့ကြ လေသည်။
ကျည်ဆန်က နံရံကို လာမှန်ပြီး တစ်စက္ကန့်အကြာတွင်၊ ယောင်ရန်သည် ကျိုးပဲ့နေသော ပြတင်းပေါက် ရှေ့သို့ အလျင်အမြန် သွား၍ ဆောင့်ကြောင့်ထိုင်လိုက်ကာ အမှတ် (၅) အဆောက်အအုံ၏ ခေါင်မိုး ထောင့်စွန်းဆီသို့ သေချာချိန်ရွယ်လိုက်လေသည်။
စနိုက်ပါ မှန်ပြောင်းမှတစ်ဆင့် ယောင်ရန်သည် စနိုက်ပါသမား၏ မျက်နှာပေါ်ရှိ အံ့သြတုန်လှုပ်နေသော အမူအရာကို မြင်လိုက်ရသည်။ သူမက သူ၏ ခေါင်းကို တည်ငြိမ်စွာ ချိန်ရွယ်လိုက်ပြီး ခလုတ်ကို ဆွဲ လိုက်လေတော့သည်။
"ရွှစ်…"