← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃)

ညအချိန် ဝင်ရောက်စီးနင်းခြင်း (၂)

ယောင်ရန်၏ စနိုက်ပါရိုင်ဖယ်တွင် အသံတိတ်ပြောင်း တပ်ဆင်ထားသဖြင့် သူမထံတွင်လည်း စနိုက်ပါ ရိုင်ဖယ်တစ်လက် ရှိနေကြောင်း မည်သူမျှ မသိခဲ့ကြချေ။

နောက်တစ်စက္ကန့်တွင်တော့ စနိုက်ပါသမား၏ ဦးခေါင်း နောက်သို့လန်သွားပြီး သူမ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်ကို ယောင်ရန် မြင်လိုက်ရသည်။ ထိုစနိုက်ပါသမားသည် ယခုဆိုလျှင် သေချာ ပေါက် သေဆုံးသွားပြီ ဖြစ်လေသည်။

သူမက နောက်ထပ် စနိုက်ပါသမား ရှိမရှိ ရှာဖွေရန် မှန်ပြောင်းထဲမှတစ်ဆင့် တည်ငြိမ်စွာ ကြည့်ရှုလိုက် သည်။ ကံကောင်းထောက်မစွာဖြင့် စနိုက်ပါသမား တစ်ယောက်တည်းသာ ရှိနေခဲ့သည်။ ယောင်ရန် သက်ပြင်းတစ်ချက် ချလိုက်ပြီး အခန်းအမှတ် (၂၀၀၁) ၏ တံခါးကို ခေါက်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ တံခါးဖွင့်လာပြီး ယောင်ရန်ကို တွေ့လိုက်ရ သည်။ တန်ချီချီက ယောင်ရန်ကို ကြည့်ကာ မေးလိုက်သည်။

"အစ်မ ယောင်ရန်၊ အဆင်ပြေရဲ့လား…။"

ယောင်ရန်က ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"အင်း... အဆင်ပြေတယ်။ စနိုက်ပါသမား သေသွားပြီ။ အခု လှေကားမှာ ပုန်းနေတဲ့ လူတွေကို ရှင်းလင်း ပစ်ဖို့ လိုတယ်…။"

ထိုသို့ပြောပြီးနောက် သူမက သူတို့လက်ထဲရှိ သေနတ်နှစ်လက်ကို ကြည့်ကာ မေးလိုက်သည်။

"ရှင်တို့ သေနတ် ဘယ်လိုသုံးရမလဲ သိလား…။"

ဟွမ်ကျိဟွေးက ယုံကြည်မှုရှိစွာဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း တန်ချီချီမှာမူ အနည်းငယ် တွေဝေ သွားပြီးနောက် စက္ကန့်အနည်းငယ်အကြာမှ ခေါင်းညိတ်ပြလေသည်။ ယောင်ရန်က သူတို့ကို ကြည့်ကာ ပြောလိုက်လေသည်။

"ကောင်းပြီ။ လှေကားမှာ ပုန်းနေတဲ့သူတွေဆီမှာ သေနတ် ပါမပါ ကျွန်မတို့ မသိရဘူး။ ဒါကြောင့် အခြေအနေကို သွားစစ်ဆေးဖို့အတွက် ရှင်တို့နှစ်ယောက် ဒီမှာပဲ နေခဲ့လိုက်ကြအုန်း…။"

ထိုစကားကို ကြားသောအခါ ဟွမ်ကျိဟွေးက မျက်မှောင်ကြုတ်သွားပြီး စိုးရိမ်တကြီး မေးလိုက်လေ သည်။

"ဒီလိုလုပ်တာ ရှင့်အတွက် အရမ်းအန္တရာယ်များလွန်းနေပြီ မဟုတ်ဘူးလား…။"

ယောင်ရန်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိဘူး။ သူတို့ အထဲကို အတင်းဖောက်ဝင်လာမယ့်အချိန်အထိ ကျွန်မတို့ စောင့်နေလို့ မဖြစ်ဘူး။ အဲဒီအချိန်ကျရင် သူတို့က လူအင်အား အသာစီးရနေမှာဖြစ်ပြီး အခြေအနေက ကျွန်မတို့အတွက် ပိုပြီး အန္တရာယ်များလာလိမ့်မယ်…။"

ယောင်ရန်၏စကား မှန်ကန်ကြောင်းကို ဟွမ်ကျိဟွေး သိရှိသဖြင့် ဘာမှ ဆက်မပြောတော့ပေ။ အစီ အစဉ်တစ်ခု ဆွဲပြီးနောက် ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က သူတို့၏ တိုက်ခန်းတံခါးဝမှနေ၍ လှမ်းကြည့် နေစဉ် ယောင်ရန်သည် သတ္တုတံခါးဆီသို့ အသံမထွက်စေဘဲ တိတ်ဆိတ်စွာ လျှောက်သွားလိုက်သည်။

ယောင်ရန်က ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို တိုက်ခန်းထဲတွင် အရင်ပုန်းနေရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်ပြီးနောက် သတ္တုတံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။ အပြင်ဘက် သတ္တုတံခါး တစ်ချပ်သာကျန်ရှိတော့သည့်အချိန်တွင် ယောင်ရန်သည် ညကြည့်မှန်ပြောင်းကို တပ်ဆင်လိုက်ပြီး မှန်ပြတင်းပေါက်ငယ်လေးထဲမှတစ်ဆင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။

ညကြည့်မှန်ပြောင်းကို တပ်ဆင်ထားသဖြင့် အမှောင်ထဲတွင် သူမ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ အပြင် ဘက်ရှိ အမှောင်ထုထဲတွင် ပုန်းအောင်းနေသော လူနှစ်ဆယ်ကျော်ခန့် ရှိနေသည်ပင်။ သူတို့ထဲမှ အချို့ မှာ သေနတ်များ ကိုင်ဆောင်ထားကြပြီး ကျန်သူများက ဓားများ၊ သံတုတ်များနှင့် ဓားမကြီးများကို ကိုင်ဆောင်ထားကြလေသည်။

ယောင်ရန်က အေးစက်စွာ ပြုံးလှောင်လိုက်ပြီး တွေးလိုက်လေသည်။

*ဒီလူတွေက လူသတ်ဖို့ လာကြတာပဲ…။*

ယောင်ရန်သည် ထိုသူများကို အနည်းဆုံး အဆုံးအရှုံးဖြင့် မည်သို့ သတ်ဖြတ်ရမည်ကို စဉ်းစားနေစဉ် လုံယုနှင့် အခြားသူများ အဆုံးတွင်တော့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည်။

လင်ယွမ်တိုက်ခန်းအဆောက်အအုံနှင့် အတန်ငယ် ကွာဝေးနေသေးချိန်တွင် ရှီရွှမ်းက အင်ဂျင်ကို ပိတ် လိုက်ပြီး သူတို့လေးယောက်သား အမှတ် (၃) အဆောက်အအုံဘက်သို့ လှော်ခတ်သွားခဲ့ကြသည်။

သူတို့ နီးကပ်လာသည်နှင့်အမျှ လုံယုက ရုတ်တရက် လက်ကိုမြှောက်လိုက်ပြီး အသံကိုနှိမ့်ကာ ပြောလိုက်လေ၏။

"ဒီနေရာမှာ တစ်ခုခု မှားနေတယ်။ သတိထားကြ…။"

ဟွမ်ချန်က ညကြည့် အဝေးကြည့်မှန်ပြောင်းဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း၊ မှောင်မိုက် နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေသည်ကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ပေ။

သူက တစ်ခဏမျှ စောင့်ကြည့်လေ့လာပြီးနောက် စိုးရိမ်သည့်လေသံဖြင့် ပြောလိုက်လေသည်။

"ခေါင်းဆောင်... အထပ် (၂၀) က ပြတင်းပေါက် ပျက်စီးနေတယ်…။"

ယင်းကို ကြားသောအခါ လုံယုက ဟွမ်ချန်၏ လက်ထဲမှ မှန်ပြောင်းကို ယူကာ အထပ် (၂၀) သို့ လှမ်း ကြည့်လိုက်လေသည်။ ကျိုးပဲ့နေသော ပြတင်းပေါက်များကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာမှာ မှုန်ကုပ်သွားတော့လေသည်။

"ငါတို့ အမြန်ဆုံး ပြန်သွားကြရအောင်။ ယောင်ရန်တို့ အန္တရာယ်များနေလောက်ပြီ…။"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်…။"

သူတို့လေးယောက်သား အမှတ် (၃) အဆောက်အအုံဆီသို့ အလျင်အမြန် လှော်ခတ်သွားခဲ့ကြလေ သည်။ ဆယ်မိနစ်အကြာတွင် သူတို့သည် အဆောက်အအုံထဲသို့ အသံမထွက်စေဘဲ တိတ်တဆိတ် ဝင်ရောက်လာခဲ့ကြသည်။

ရှီရွှမ်းက မော်တော်ဘုတ်နှင့် လေထိုးလှေနှစ်စီးကို ချည်နှောင်ပြီးနောက် သူ၏ သေနတ်ကို ထုတ်ယူကာ လုံယုနှင့် အခြားသူများ၏ နောက်သို့ လိုက်သွားခဲ့လေသည်။

လုံယု၏ ဦးဆောင်မှုအောက်တွင် သူတို့သည် လှေကားပေါ်သို့ ဖြည်းညှင်းစွာ တက်သွားကြသည်။

ယနေ့ အမှတ် (၃) အဆောက်အအုံမှာ အလွန် တိတ်ဆိတ်နေသည်။ စင်္ကြံလမ်းများတွင် နေထိုင်ကြသူ များသည် အသံတစ်စက်မျှပင် မထွက်ရဲကြဘဲ သူတို့ထဲမှ အများစုမှာ ထောင့်များတွင် ကွေးကွေးလေး ပုန်းအောင်း နေကြပြီး သူတို့ရှိနေကြောင်း မသိသာစေရန် အတတ်နိုင်ဆုံး ကြိုးစားနေကြသည်။

အထပ် (၁၈) သို့ ရောက်သောအခါ လုံယုက သူ၏လက်ကို မြှောက်လိုက်ရာ လေးယောက်သား နံရံ နောက်တွင် ပုန်းကွယ်လိုက်ကြ၏။ လုံယုသည် အထပ် (၁၉) သို့သွားရာ လှေကားကို စောင့်ကြပ်နေသော လူအုပ်စုအား အေးစက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူက လက်ဟန်ခြေဟန် အချို့ ပြုလုပ်ပြလိုက်ပြီးနောက် ဟွမ်ချန်နှင့် ကျားရှန်းတို့က ခေါင်းညိတ်လိုက် ကြသည်။ အခွင့်ကောင်းကို မြင်သောအခါ ဟွမ်ချန်နှင့် ကျားရှန်းတို့သည် နံရံ၏ အခြားတစ်ဖက်သို့ တိတ်တဆိတ် ရွှေ့ပြောင်းသွားခဲ့ကြသည်။

ကျားရှန်း၏ အကာအကွယ်အောက်တွင် ဟွမ်ချန်သည် သူ၏ စနိုက်ပါရိုင်ဖယ်အား အသံတိတ်ပြောင်း တပ်ဆင်လိုက်ပြီး စင်္ကြံလမ်း၌ သေနတ်ကိုင်ဆောင်ထားသော လူဆီသို့ တည်ငြိမ်စွာ ချိန်ရွယ်လိုက် သည်။

"ဒုတ်…"

ထိုလူမှာ နဖူးကို အပစ်ခံလိုက်ရပြီး အေးစက်နေသော ကြမ်းပြင်ပေါ်သို့ လဲကျသွားရာ သူ၏ အပေါင်း အပါများ အလန့်တကြား ဖြစ်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်က သေဆုံးသွားသော အမျိုးသား ထံသို့ အမြန်လျှောက်သွားပြီး အသည်းအသန်မေးလိုက်လေသည်။

"အစ်ကိုကြီး၊ ခင်ဗျား ဘာဖြစ်တာလဲ…။"

သူ၏ အပေါင်းအပါထံမှ တုံ့ပြန်မှု မရှိသည်ကို မြင်သော် ထိုသူက သူ၏ အပေါင်းအပါကို အနည်းငယ် တွန်းကြည့်လိုက်ရာ သေဆုံးသွားသူ၏ နဖူးအလယ်ရှိ အပေါက်ကြီးကို မြင်လိုက်ရသဖြင့် အလွန်တုန် လှုပ်သွားကြတော့သည်။

"သတိ…."

သူ အခြားသူများကို သတိမပေးနိုင်မီမှာပင် ဟွမ်ချန်က သူ့ကို ပစ်ခတ်လိုက်ရာ သူပါ ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။

"ဘုတ်.. "

မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲကျနေသော လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ အခြားသူများ လည်း ရုတ်တရက် သတိရှိသွားကြလေသည်။

အုပ်စုခေါင်းဆောင်ဟု ထင်ရသော တောင့်တင်းကြံ့ခိုင်သည့် အမျိုးသားတစ်ဦးက ပတ်ဝန်းကျင်ကို ကြည့်ရှုကာ ဒေါသတကြီးပြောလိုက်လေသည်။

"ရှာကြစမ်း…။ တစ်ယောက်ယောက် ဒီမှာ ပြဿနာ လာရှာနေတာ သေချာတယ်…။"

သူ၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဟွမ်ချန်က သူ့အား ပစ်ခတ်လိုက်ပြီး နေရာမှာတင် သေဆုံးသွားစေခဲ့သည်။

"ဘုတ်…"

ကျန်ရှိနေသော လူသုံးယောက်သည် သူ၏နဖူးမှ စိမ့်ထွက်လာသော သွေးများကို ကြည့်ကာ ထိုနေရာ၌ ပင် ကြက်သေ သေသွားကြတော့သည်။ လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့က ထိုအခွင့်အရေးကို အသုံးချကာ လျင်မြန်စွာ လှုပ်ရှားလိုက်ကြတော့သည်။ သူတို့သည် စစ်သုံးဓားမြှောင်များကို မြှောက်လိုက်ပြီး ကျန်ရှိ နေသော လူသုံးယောက်၏ လည်ပင်းများကို အလွယ်တကူပင် လှီးဖြတ်လိုက်ကြလေသည်။

"ရွှစ်.. ရွှစ်… ရွှစ်…"

ဓားပြများအားလုံး သေဆုံးသွားပြီဖြစ်ကြောင်း သေချာစေပြီးနောက် သူတို့သည် သေနတ်များကို တိတ် တဆိတ် သိမ်းယူလိုက်ကြပြီး အထပ် (၁၈) ကို ရှာဖွေခဲ့ကြသည်။ အထပ် (၁၈) တွင် နေထိုင်သော ကျန် ရစ်သူများက သေချင်ယောင်ဆောင်နေကြသည်ကို မြင်သောအခါ သူတို့က ထိုနေရာမှ ထွက်ခွာ ကာ အထပ် (၁၉) သို့ ဆက်၍တက်သွားကြလေသည်။

အထပ် (၁၈) ရှိ လှေကားနှင့် စင်္ကြံများကို စောင့်ကြပ်နေသော လူခြောက်ယောက်နှင့် မတူဘဲ၊ အထပ် (၁၉) ရှိ လှေကားနှင့် စင်္ကြံများကိုမူ လူနှစ်ဆယ်ကျော်ခန့်က စောင့်ကြပ်နေကြသည်။ လုံယုက အကဲ ခတ်ကြည့်လိုက်ရာ လူအများစုမှာ ဓားများနှင့် ဓားမကြီးများကို ကိုင်ဆောင်ထားကြပြီး လူ(၅)ယောက် သာလျှင် သေနတ်ကိုင်ဆောင်ထားကြောင်း တွေ့ရှိလိုက်ရလေသည်။

သူက သေနတ်ကိုင်ထားသော ထိုလူများကို အရင်သတ်ရန် ဟွမ်ချန်အား လက်ဟန်ခြေဟန်ဖြင့် အချက် ပြလိုက်လေသည်။ ဟွမ်ချန်က ခေါင်းညိတ်လိုက်ပြီး ပုန်းအောင်းရန် နေရာတစ်ခု ရှာဖွေလိုက်ကာ ကျားရှန်း နှင့် ရှီရွှမ်းတို့ကမူ လုံယု၏ အချက်ပြမှုကို စောင့်ဆိုင်းနေခဲ့ကြလေသည်။

အခန်း (၈၄)

ညအချိန် ဝင်ရောက်စီးနင်းခြင်း (၃)

ဟွမ်ချန် အသင့်ဖြစ်နေသောအခါ လုံယုက သူ့ကို တိုက်ခိုက်ရန် အချက်ပြလိုက်လေသည်။ နောက်တစ် စက္ကန့်၌ပင် သေနတ်ကိုင်ထားသော လူတစ်ယောက်သည် ကြမ်းပြင်ပေါ်သို့ ရုတ်ချည်း လဲကျသွားတော့ သည်။

"ဘုတ်…"

အခြားသူများ အသိမဝင်လာနိုင်မီမှာပင်၊ ဟွမ်ချန်က သူ၏ စနိုက်ပါရိုင်ဖယ်ကို ကျည်ပြန်ဖြည့်ကာ ဒုတိယမြောက်လူကို ပစ်ခတ်လိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် ပုန်းအောင်းနေသည့် နေရာမှ ထွက်လာခဲ့ကြပြီး သေနတ်ကိုင်ဆောင်ထားသော ဓားပြသုံးယောက်ကို အဆုံးစီရင်ပေးလိုက်ကြလေသည်။

"ရွှစ်… ရွှစ်… ရွှစ်…"

အခြားဓားပြများ သတိပြန်ဝင်လာချိန်တွင်မူ၊ လုံယု၊ ရှီရွှမ်းနှင့် ကျားရှန်းတို့သည် သူတို့နှင့် အနီးဆုံးရှိ နေသော ဓားပြများကို ဝင်ရောက်တိုက်ခိုက်နေပြီဖြစ်လေ၏။

"အား…"

"မင်းတို့က ဘယ်သူတွေလဲကွ…။"

"အု…"

အားနည်းသော အသက်ရှင်ကျန်ရစ်သူများကို လုယက်ရန် စုဝေးရောက်ရှိလာကြသည့် ဤပိန်ချုံး ညစ်ထေးနေသော လူစုသည် လုံယုနှင့် သူ၏ မိတ်ဆွေများကဲ့သို့ ကျွမ်းကျင်စွာ လေ့ကျင့်ထားသော တိုက်ခိုက်ရေးသမားများနှင့် ရင်ဆိုင်တွေ့လိုက်ရချိန်၌ ပြန်လည်ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ကြတော့ပေ။

တိုက်ပွဲသည် နှစ်မိနစ်ပင် မကြာလိုက်ဘဲ ပြီးဆုံးသွားခဲ့လေသည်။ ရှီရွှမ်းနှင့် ကျားရှန်းတို့က သေနတ်များ နှင့် အခြားလက်နက်များကို လိုက်လံသိမ်းဆည်းနေစဉ် မြေပြင်ပေါ်၌ လဲကျကာ နာကျင်စွာ ညည်းညူနေ ကြသော ဓားပြများကို လုံယုက ကြည့်လိုက်လေသည်။

လုံယုက ရှီရွှမ်းကို ကြည့်ကာ ပြောလိုက်လေသည်။

"ရှီရွှမ်း... သူတို့ကို ထွက်မပြေးစေနဲ့။ သူတို့ ထွက်ပြေးဖို့ ကြိုးစားရင် သတ်ပစ်လိုက်။ ယောင်ရန်နဲ့ တခြားသူတွေကို ငါ သွားစစ်ဆေးလိုက်ဦးမယ်။ ဟွမ်ချန်... မင်း ငါနဲ့ လိုက်ခဲ့…။"

"ကောင်းပါပြီ ခေါင်းဆောင်…။"

ရှီရွှမ်းနှင့် ကျားရှန်းတို့က ဓားပြများကို ကြိုးတုပ်ရန် အလုပ်ရှုပ်နေစဉ် လုံယုသည် သော့များကို ထုတ်ယူ ကာ တံခါးကို ဖွင့်လိုက်လေသည်။

သတ္တုတံခါး၏ အခြားတစ်ဖက်တွင်မူ ယောင်ရန်သည် အောက်ထပ်မှ တိုက်ခိုက်သံများကို ဆက်တိုက် နားစွင့်နေခဲ့သည်။ တစ်စုံတစ်ယောက် တံခါးဖွင့်လိုက်သံကို ကြားလိုက်ရသောအခါ သူမက သတ္တုတံခါး ပေါ်ရှိ မှန်ပြတင်းပေါက်ငယ်လေးထဲမှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်လေသည်။

အပြင်ဘက်တွင် လုံယုနှင့် ဟွမ်ချန်တို့ကို မြင်လိုက်ရသောအခါ သူမ၏ ဓားရှည်လက်ကိုင်ရိုးပေါ်ရှိ လက်ချောင်းများကို ဖြေလျှော့လိုက်လေသည်။ သူမက သူတို့ ဝင်လာနိုင်ရန် ဘေးသို့ဖယ်ပေးရင်း မေးလိုက်သည်။

"ရှင်တို့ ဘယ်တုန်းက ပြန်ရောက်ကြတာလဲ…။"

လုံယုသည် သူမ အဆင်ပြေကြောင်း သေချာစေရန် တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက် လေသည်။

"လွန်ခဲ့တဲ့ နာရီဝက်လောက်က ပြန်ရောက်တာ…။"

လုံယုက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သတ္တုတံခါးဘေးရှိ နံရံပေါ်တွင် နက်ရှိုင်းစွာရှိနေသော ကျည်ပေါက်သုံးပေါက်ကို မြင်လိုက်ရလေသည်။ သူက ထိုအပေါက်များကို တစ်ခဏမျှ စစ်ဆေးကြည့် လိုက်ရာ ၎င်းတို့ထဲ၌ ကျည်ဆန်သုံးတောင့် စိုက်ဝင်နေကြောင်း တွေ့လိုက်ရလေသည်။

သူက ယောင်ရန်ကို လှည့်ကြည့်ကာ စိုးရိမ်တကြီး မေးလိုက်လေသည်။

"ဘာတွေဖြစ်ခဲ့တာလဲ…။"

ယောင်ရန်က စင်္ကြံလမ်းအဆုံးရှိ ကျိုးပဲ့နေသော ပြတင်းပေါက်ကို လက်ညှိုးထိုးပြကာ ပြောပြလိုက် လေသည်။

"အမှတ် (၅) အဆောက်အအုံရဲ့ ခေါင်မိုးပေါ်မှာ ပုန်းနေတဲ့ စနိုက်ပါသမား တစ်ယောက်ရှိတယ်။ သူ အခု သေသွားပြီ။ အခုတော့ စနိုက်ပါသမားတွေ ထပ်မရှိလောက်တော့ပါဘူး…။"

သူမ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဟွမ်ချန်နှင့် လုံယုတို့က အချင်းချင်း အပြန်အလှန် ကြည့် လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် တူညီသော စိုးရိမ်ပူပန်မှုများကို မြင်တွေ့လိုက်ရလေသည်။

ယနေ့တွင် သူတို့သည် ဓားပြတစ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး အထပ် (၂၀) သည်လည်း တိုက်ခိုက်ခံခဲ့ ရသည်။ ဤလူများသည် အုပ်စုတစ်စုတည်းမှ ဖြစ်လာနိုင်ခြေ အများဆုံးပင် ဖြစ်နိုင်ပေသည်။

ယောင်ရန်က သူတို့ကို ကျော်လွန်၍ လှမ်းကြည့်လိုက်ပြီး မေးလိုက်သည်။

"ရှီရွှမ်းနဲ့ ကျားရှန်းတို့ရော ဘယ်မှာလဲ…။"

လုံယုက သူမကို လှည့်ကြည့်ကာ ပြန်ပြောလိုက်သည်။

"ငါတို့ ခုလေးတင် လူတစ်စုကို ဖမ်းမိထားတယ်။ အခု ရှီရွှမ်းနဲ့ ကျားရှန်းတို့ သူတို့ကို စောင့်ကြပ်နေကြ တယ်။ သူတို့ကို ချည်ဖို့ ငါ ကြိုးသွားယူလိုက်ဦးမယ်…။"

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက် အခန်းအမှတ် (၂၀၀၁) ၏ တံခါးပွင့်လာပြီး သူ၏ ညီမလေး ထွက်လာသည်ကို ဟွမ်ချန် မြင်လိုက်ရသည်။ သူမတွင် ဒဏ်ရာအနာတရ မရှိသည်ကို မြင်သောအခါ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်လေသည်။

"ညီမလေး အဆင်ပြေရဲ့လား…။"

ဟွမ်ကျိဟွေးက သူမ၏ အစ်ကိုဖြစ်သူကို ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ကျွန်မ အဆင်ပြေပါတယ်။ အစ်မ ယောင်ရန် ကျေးဇူးကြောင့် ကျွန်မနဲ့ ချီချီ အသက်ရှင်နိုင်ခဲ့တာပါ…။"

သူ၏ ညီမဖြစ်သူ ပြောသောစကားကို ကြားပြီးနောက် ဟွမ်ချန်က ယောင်ရန်ကို လှည့်ကြည့်ကာ ရိုးသားစွာ ပြောလိုက်လေသည်။

"သူတို့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ခင်ဗျားကို ကျေးဇူးတင်ပါတယ်…။"

ယောင်ရန်က သူမ၏ လက်ကို ဝှေ့ယမ်းပြလိုက်ပြီး ပြန်ပြောလိုက်လေသည်။

"ကျွန်မတို့ အချင်းချင်း ဖေးမကူညီရမှာပေါ့…။"

သူတို့ စကားပြောနေကြစဉ်မှာပင် လုံယုက ကြိုးခွေကြီးတစ်ခုကို ယူဆောင်ကာ ပြန်ရောက်လာပြီး ပြောလိုက်လေသည်။

"ဟိုလူတွေကို ငါ သွားစစ်ဆေးကြည့်လိုက်ဦးမယ်…။"

ယောင်ရန်နှင့် အခြားသူများက သူ၏ နောက်မှနေ၍ အောက်ထပ်သို့ လိုက်သွားကြသည်။ သူတို့ အထပ် (၁၉) ၏ စင်္ကြံလမ်းသို့ ရောက်သောအခါ ကျားရှန်းက အမျိုးသားတစ်ဦးကို ကန်ကြောက်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ အေးစက်နေသော မျက်နှာအမူအရာကို အကဲခတ်ကြည့်ရလျှင် ထိုအမျိုးသား သည် သူမကို ဒေါသထွက်စေမည့် ဆိုးရွားသော တစ်စုံတစ်ရာကို ပြုလုပ်ခဲ့ပုံရပေသည်။

လုံယုက ကြိုးကို ရှီရွှမ်းထံသို့ ကမ်းပေးလိုက်ပြီး မေးလိုက်သည်။

"သူမ ဘာဖြစ်နေတာလဲ…။"

ရှီရွှမ်းက အသံကို နှိမ့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"ငါတို့ သူတို့ကို စစ်ကြောမေးမြန်းဖို့ လုပ်တော့၊ အဲဒီလူက….၊"

ကျားရှန်းက သနားညှာတာမှုကင်းမဲ့စွာဖြင့် ဆက်တိုက် ကန်ကြောက်နေချိန်တွင် မြေပြင်ပေါ်၌ ကွေး ကွေးလေးဖြစ်နေသော အမျိုးသားကို သူက လက်ညှိုးထိုးပြကာ ဆက်ပြောလိုက်လေသည်။

"သူက ငါတို့ကို သတ်ပြီး ရိက္ခာတွေ လုယူဖို့ လာခဲ့တာလို့ ပြောတယ်လေ…။"

လုံယုက ကျားရှန်း၏ အေးစက်နေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။

"သူ တခြား ဘာပြောသေးလဲ….။"

ရှီရွှမ်းက တစ်ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်လေသည်။

"ယောင်ရန်၊ ကျိဟွေးနဲ့ ချီချီတို့ကို မုဒိမ်းကျင့်ပြီးရင် သူတို့ရဲ့ အသားတွေကို စားချင်တယ်လို့ သူက ပြောတယ်…။"

၎င်းကို ကြားသောအခါ လုံယုနှင့် ဟွမ်ချန်တို့၏ မျက်နှာအမူအရာများမှာ မှုန်မှိုင်းသွားတော့သည်။ ယောင်ရန်သည် သူတို့၏ အရှိန်အဝါများ ပြောင်းလဲသွားသည်ကို သတိပြုမိသွားပြီး ကျားရှန်းကို တွေးတွေးဆဆဖြင့် ကြည့်လိုက်လေသည်။

ကမ္ဘာပျက်ကပ် ကာလတွင် ယောက်ျားများက မိန်းမများကို မုဒိမ်းကျင့်ခြင်းနှင့် လူတွေ အချင်းချင်း အသားစားခြင်း ဆိုသည်မှာ ရှားပါးသော ကိစ္စမျိုး မဟုတ်ပေ။ သို့သော်လည်း ကျားရှန်း၏ ပြင်းထန် လှသော တုံ့ပြန်မှုကို ထောက်ရှုရလျှင် သူမသည် မုဒိမ်းကောင်များနှင့် လူသားစားသူများကို အလွန်ရွံရှာ မုန်းတီးပုံရပေသည်။ သူမက ကျားရှန်းကို စောင့်ကြည့်နေခဲ့သော်လည်း ဘာမျှ ဝင်မပြောခဲ့ပေ။

ထိုအမျိုးသားမှာ သတိလစ်သွားပြီး သေလုမျောပါး အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း မြင်သော အခါ လုံယုက တားလိုက်လေသည်။

"ကျားရှန်း... တော်လောက်ပြီ။ သူ့ဆီကနေ ငါတို့ သတင်းအချက်အလက်တွေ ရပြီးသွားရင် မင်း သူ့ကို ကြိုက်သလို လုပ်လို့ရပါတယ်…။"

ကျားရှန်းသည် ထိုအမျိုးသားကို နောက်ထပ် အကြိမ်အနည်းငယ်မျှ ထပ်မံ ကန်ကြောက်ပြီးမှသာလျှင် စိတ်အေးသွားတော့သည်။ သူမက ခေါင်းကို လှည့်ကြည့်လိုက်ရာ သူမ၏ မိတ်ဆွေများက စိုးရိမ်ပူပန် နေသော မျက်လုံးများဖြင့် သူမအား ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

သူမက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် တည်ငြိမ်စွာဖြင့် မေးလိုက်လေသည်။

"ခေါင်းဆောင်... ကျွန်မတို့ သူတို့ကို ဘယ်လို လုပ်ကြမလဲ။ သူတို့ကို အသက်ရှင်ခွင့် ပေးထားတာက ရိက္ခာတွေကို အလဟဿ ဖြုန်းတီးပစ်တာနဲ့ အတူတူပဲ…။"

သူမ စကားပြောဆိုပြီးသွားသောအခါ အခြားဓားပြများသည် သူမကို ထိတ်လန့်တကြား ကြည့်လိုက်ကြ ပြီး အမြန် သနားညှာတာပေးရန် တောင်းပန်ကြလေတော့သည်။

"ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ ငါ့အိမ်မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိဘတွေနဲ့ ကလေး ငယ်လေးတွေ ရှိပါသေးတယ်။ ငါ သေလို့ မဖြစ်သေးဘူး…။"

"သူတို့ လူသတ်ဖို့ လာတယ်ဆိုတာကို ငါ မသိခဲ့ပါဘူး။ ငါ့ကို အစားအစာတွေ ပေးမယ်လို့ ကတိပေးထား တာကြောင့် သူတို့နောက်ကို လိုက်လာခဲ့ရုံပါ။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့နော်…။"

ယောင်ရန်က သူတို့ကို အရမ်း ဆူညံလွန်းသည်ဟု တွေးလိုက်ပြီး ခြိမ်းခြောက်လိုက်လေသည်။

"ပါးစပ်ပိတ်ထားကြ မဟုတ်ရင် ရှင်တို့ကို ပါးစပ်ပိတ်သွားအောင် ကျွန်မ ကူညီပေးရလိမ့်မယ်။ ကျွန်မတို့ မေးတာကိုပဲ ဖြေ….။"

အေးစက်နေသော မျက်နှာများဖြင့် ဤလူငယ်တစ်စုကို ကြည့်ကာ ဓားပြများသည် နောက်ထပ် အသံ တစ်စက်မျှပင် မထွက်ရဲကြတော့ချေ။

စင်္ကြံလမ်းထဲတွင် တိတ်ဆိတ်မှု ပြန်လည်စိုးမိုးသွားပြီးနောက် ယောင်ရန်က လုံယုကို ကြည့်ကာ မေးလိုက်လေသည်။

"ရှင် သူတို့ကို ဘယ်လို လုပ်ချင်လဲ…။"

All Chapters