← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅)

စနစ်တကျ ဖွဲ့စည်းထားသော ဂိုဏ်း

လုံယုက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ရှီရွှမ်း... သူတို့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာကို ရှာဖွေစမ်း။ မနက်မိုးမလင်းခင် အဖြေကို ငါ သိချင်တယ်…။"

ရှီရွှမ်းက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်…။"

အမိန့်ရပြီးနောက် ရှီရွှမ်း၊ ကျားရှန်းနှင့် ဟွမ်ချန်တို့သည် ဓားပြများကို စင်္ကြံလမ်းအဆုံးဆီသို့ တရွတ် တိုက် ဆွဲခေါ်သွားကြလေတော့သည်။

လုံယုသည် သူတို့၏ သွေးထွက်သံယို စစ်ကြောမေးမြန်းမှု နည်းလမ်းများကို သိရှိထားသဖြင့် ယောင်ရန် ဘက်သို့လှည့်ကာ ပြောလိုက်လေသည်။

"ငါတို့ ပြန်ယူလာတဲ့ ရိက္ခာတွေက မော်တော်ဘုတ်တွေပေါ်မှာ ရှိသေးတယ်။ အဲဒါတွေကို အပေါ် သယ် ဖို့သွားကြရအောင်…။"

ယောင်ရန်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောလိုက်လေသည်။

"ကောင်းပြီလေ…။"

ဓားပြများကို သူ၏ သူငယ်ချင်းသုံးယောက်ထံ အပ်နှံပြီးနောက် လုံယုသည် ယောင်ရန်၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့ကို ခေါ်ဆောင်ကာ ရိက္ခာများကို အထပ် (၂၀) သို့ ပြန်လည်သယ်ယူခဲ့ကြလေသည်။ အားလုံး သယ်ယူပြီးသွားသောအခါ သူက မော်တော်ဘုတ်ကို ဖွက်ထားခဲ့ပြီး အထပ် (၂၀) သို့ ပြန်တက်လာ ခဲ့ကြလေသည်။

ခုတ်ထစ်ထားသော ထင်းပုံများကို ကြည့်ကာ ယောင်ရန်က မေးလိုက်လေသည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး အပူချိန် ပြောင်းလဲလာတာကို ရှင် သတိထားမိလား…။"

လုံယုက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"အင်း... ဆောင်းရာသီ ရောက်လာတော့မယ်။ အပူချိန် ထပ်မကျခင် ငါတို့ ထင်းတွေ ပိုပြီး ပြင်ဆင် ထားရမယ်…။"

၎င်းကို ကြားသောအခါ တန်ချီချီက မေးလိုက်လေသည်။

"အစ်ကို လုံယု... မိုးက မတိတ်သေးဘူးနော်။ နှင်းတွေ ကျလာမယ်လို့ အစ်ကို ထင်လား…။"

လုံယုက ခေါင်းခါပြလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ပြောလိုက်သည်။

"လက်ရှိ ရာသီဥတုအခြေအနေအရဆိုရင် ငါတို့ ဘာမှ ကြိုတင် မခန့်မှန်းနိုင်ဘူး။ ရုတ်တရက် နှင်းကျလာ နိုင်သလို တိုင်ဖွန်းမုန်တိုင်း နောက်တစ်ခုလည်း လာနိုင်တယ်။ လောလောဆယ် ငါတို့လုပ်နိုင်တာက ဘာပဲဖြစ်ဖြစ်လာလာ ရင်ဆိုင်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ပဲ…။"

ထိုသို့ပြောပြီးနောက် သူက ယောင်ရန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"အရင်ဆုံး ရိက္ခာတွေကို ခွဲဝေကြရအောင်…။"

"အင်း…"

ရိက္ခာများကို ခွဲဝေပြီးသွားသောအခါ အပြင်ဘက်မှ ရေပက်သံအချို့ကို ကြားလိုက်ရသည်။ သိပ်မကြာမီ မှာပင် ရှီရွှမ်း၊ ကျားရှန်းနှင့် ဟွမ်ချန်တို့ ပြန်ရောက်လာခဲ့ကြလေသည်။

"ဘယ်လိုလဲ... ဒီတိုက်ခိုက်မှုနောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ မင်းတို့ ရှာတွေ့ခဲ့ပြီ လား…။" ဟု လုံယုက တည်ငြိမ်စွာ မေးလိုက်သည်။

ရှီရွှမ်းက ခေါင်းခါပြလိုက်ပြီး အစီရင်ခံလိုက်လေသည်။

"ဒီလူတွေက သူတို့နောက်ကွယ်က တကယ့်ခေါင်းဆောင်ကို မသိကြဘူး။ သူတို့အားလုံးက ဒီညတာဝန် အတွက် ငှားရမ်းခံခဲ့ရတာဖြစ်ပြီးတော့ ဒီတိုက်ခိုက်မှုရဲ့ တကယ့်ရည်ရွယ်ချက်ကို မသိကြဘူး။ သူတို့ အားလုံးက ရိက္ခာတွေကို လုယူဖို့ ဒီကိုလာတာလို့ပဲ ထင်နေကြတာ။ ပြီးတော့ သူတို့ရဲ့ ကြီးကြပ်သူက ဒီညရလာတဲ့ ပစ္စည်းတွေရဲ့ (၂၀) ရာခိုင်နှုန်းကို ဆုကြေးအနေနဲ့ ပေးမယ်လို့ ကတိပေးထားတယ်တဲ့…။"

ကျားရှန်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။

"ဒီလူတွေက စနစ်တကျ ဖွဲ့စည်းထားတဲ့ ဂိုဏ်းတစ်ခုက ဖြစ်ရမယ်….။"

သူမ စကားပြောဆိုပြီးသွားသောအခါ လေထုမှာ လေးလံမှုန်မှိုင်းသွားလေတော့သည်။

စနစ်တကျ ဖွဲ့စည်းထားသော ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲပြီး သူတို့တွင် လက်နက်များ လည်း ရှိကြသည်ပင်။ အကယ်၍ ဤလူများသည် အထပ် (၂၀) ကို အမှန်တကယ် ပစ်မှတ်ထားလာပါက လုံယုနှင့် အခြားသူများသည် သွေးထွက်သံယို တိုက်ပွဲတစ်ခုအတွက် ပြင်ဆင်ထားရန် လိုအပ်ပေသည်။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် လုံယုက စိတ်သက်သာစေရန်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး။ ဒီည ငါတို့ကိုသတ်ဖို့ လူတွေ လွှတ်လိုက်ကတည်းက၊ သူတို့ နောက်ထပ် လူတွေ ထပ်လွှတ်လာဦးမှာပဲ။ တကယ့်ရန်သူကို မရှာတွေ့မချင်း ငါတို့ ပိုပြီး သတိထားဖို့ပဲ လိုတယ်…။"

သူတို့ တစ်ခဏမျှ ဆွေးနွေးပြီးနောက် သူတို့၏ ရိက္ခာများကို ယူကာ တိုက်ခန်းဆီသို့ အသီးသီး ပြန်သွား ကြသည်။ ယောင်ရန်သည် သူမ၏ တိုက်ခန်းသို့ ပြန်သွားပြီးနောက် ကျည်ကာမှန်တစ်ချပ်ကို ယူကာ အပြင်သို့ ပြန်ထွက်လာခဲ့လေသည်။

လုံယုက ကိရိယာပုံးကို ကိုင်ထားသည်ကို မြင်သောအခါ သူမက ပြောလိုက်လေသည်။

"ကျွန်မဆီမှာ ပြတင်းပေါက်မှန် အပိုရှိတယ်…။"

လုံယုသည် ထူထဲသော ကျည်ကာမှန်ကို ကြည့်ကာ သာမန်မှန်ကို ဖြည်းညှင်းစွာ ချထားလိုက်ပြီးနောက် ယောင်ရန်ထံမှ ကျည်ကာမှန်ကို ယူလိုက်သည်။ ပြတင်းပေါက်များကို လဲလှယ်တပ်ဆင်ပြီးနောက် သူတို့ နှုတ်ဆက်ကာ ကိုယ့်တိုက်ခန်းသို့ ကိုယ်ပြန်သွားကြလေတော့သည်။

ယောင်ရန်သည် သတ္တုတံခါး သုံးချပ်လုံးကို သော့ခတ်လိုက်ပြီး ရိက္ခာများကို နေရာလွတ်ထဲသို့ သိမ်း ဆည်းလိုက်လေသည်။ သူမက ရေအမြန်ချိုးလိုက်ပြီးနောက် ပြန်အိပ်လိုက်တော့သည်။ သူမ အိပ်ပျော် ကာစသာ ရှိသေးချိန်၌ အောက်ထပ်မှ ဆူညံသံများနှင့် မျှော်လင့်ချက်မဲ့နေသော ငိုကြွေးသံများကြောင့် လန့်နိုးလာခဲ့လေသည်။

ဤရက်ပိုင်းအတွင်း ထိုသို့သောအရာများ မကြာခဏ ဖြစ်ပွားလေ့ရှိပေသည်။ ယောင်ရန်က စောင်ကို ခြုံကာ ပြန်လည်အိပ်မောကျသွားလေတော့သည်။ သူမသည် အလိုအလျောက် နိုးလာသည်အထိ အိပ်စက်ခဲ့လေသည်။

သွားတိုက်၊ မျက်နှာသစ်ပြီးနောက် ယောင်ရန်သည် ပဲစေ့အစာသွတ်မုန့်နှစ်ခု၊ ကြက်သွန်မြိတ်ကိတ်မုန့် နှစ်ခုနှင့် နွားနို့ပူပူတစ်ခွက်တို့ကို စားသုံးလိုက်လေသည်။

ရာသီဥတုက အလွန်ဆိုးရွားနေပြီး အပူချိန်မှာလည်း တစ်နေ့တခြား ပို၍ လျော့ကျလာခဲ့လေသည်။ သူမ စိုက်ပျိုးထားသော အပင်များသည် အဝါရောင် ပြောင်းသွားသဖြင့် ယောင်ရန်သည် မြေဆီလွှာရှိ သတ္တု ဓာတ်များကို ဖြည့်တင်းပေးကာ အပင်များကို ကယ်တင်နိုင်ရန်အတွက် အာဟာရအရည်အချို့ကို ရေဖျော်ကာ အပင်များပေါ်သို့ လောင်းချပေးလိုက်သည်။

မြေဆီလွှာထဲသို့ အာဟာရဓာတ်အချို့ကို လောင်းထည့်ပြီးနောက် ယောင်ရန်သည် သူမ၏ သစ်တော စွမ်းရည် ကို အသုံးပြု၍ အပင်များအား တက်ကြွလန်းဆန်းမှုအချို့ ပေးစွမ်းလိုက်သည်။ အစပိုင်းတွင် ဝါကျင့်ကျင့်ဖြစ်နေသော အရွက်များသည် တဖြည်းဖြည်း အစိမ်းရောင်သို့ ပြောင်းလဲသွားသော်လည်း၊ အပင်များမှာမူ အနည်းငယ် ညှိုးနွမ်းကာ ကျန်းမာရေး မကောင်းသည့်ပုံ ပေါက်နေဆဲပင် ဖြစ်၏။

ယောင်ရန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ရေကန်ထဲမှ ရေတစ်ပုံးကို ထုတ်ယူကာ အပင်များကို ရေလောင်းပေးလိုက်သည်။ သူမ၏ သစ်တောစွမ်းရည်သည် အပင်များကို အပြည့်အဝ ပြန်လည်ရှင်သန် အောင် မလုပ်ပေးနိုင်သဖြင့် ထိုရေကန်ထဲမှ ရေကို စမ်းသုံးကြည့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကန်ရေတွင် ကုသပေးခြင်းနှင့် စွမ်းရည်များ ပြန်လည်ဖြည့်တင်းပေးခြင်းတို့အပြင် အခြား လုပ်ဆောင် ချက်များလည်း ရှိကောင်းရှိနိုင်ပေသည်။ အကယ်၍ သူမ၏ ကန်ရေက ဤအပင်များကို ပြန်လည်ရှင် သန်အောင် လုပ်ပေးနိုင်ပါက အနာဂတ်တွင် လူသားများသည် အစားအစာများကို စိုက်ပျိုးနိုင်ပေ လိမ့်မည်။

သူမသည် ကမ္ဘာကြီးကို ကယ်တင်ချင်သော မိခင်မေတ္တာရှင်တစ်ဦး မဟုတ်သော်လည်း တစ်ယောက် တည်းတော့ အသက်မရှင်နိုင်ပေ။ သူမ၏ အကျိုးစီးပွားကို အခြားသူများက မနှောင့်ယှက်သရွေ့ ယောင်ရန်သည် သူမ၏ နိုင်ငံနှင့် လူသားမျိုးနွယ်အတွက် အနည်းငယ်မျှ ကူညီထောက်ပံ့ပေးရန် ဝန်မ လေးခဲ့ပေ။

လသာဆောင်ရှိ အပင်များကို ပြုစုပျိုးထောင်ပြီးနောက် ယောင်ရန်သည် စိုက်ပျိုးရေးအခန်း နှစ်ခန်းရှိ အပင်များကို သွားရောက်စစ်ဆေးခဲ့လေသည်။

ထိုအပင်များသည်လည်း လသာဆောင်ရှိ အပင်များနှင့် အခြေအနေ တူညီနေသည်ကို တွေ့ရသဖြင့် သူမသည် ၎င်းတို့အား အာဟာရအရည်အချို့ ပေးကာ ကန်ရေဖြင့် ရေလောင်းပေးလိုက်ပြီးနောက် သူမ၏ သစ်တောစွမ်းရည်ကို အသုံးပြု၍ ကုသပေးလိုက်သည်။ သူမ၏ သစ်စွမ်းရည် ကုန်ခမ်း သွားသည်အထိ သူမ ဆက်လက် လုပ်ဆောင်နေခဲ့လေသည်။

ဧည့်ခန်းသို့ ပြန်ရောက်သောအခါ ယောင်ရန်သည် အလွန်ကြီးမားသော ရေပုံးလွတ်တစ်ပုံးကို ထုတ်ယူ လိုက်ပြီး သူမ၏ ရေစွမ်းရည်ကို အသုံးပြု၍ ရေများ ဖန်တီးလိုက်လေသည်။

ရေပုံးပြည့်သွားသောအခါ သူမက နေရာလွတ်ထဲမှ နောက်ထပ် အလွန်ကြီးမားသော ရေပုံးတစ်ပုံးကို ထုတ်ယူလိုက်ပြန်သည်။ သူမ၏ ရေစွမ်းရည် ကုန်ခမ်းသွားချိန်တွင် ယောင်ရန်သည် အလွန်ကြီးမားသော ရေပုံးလေးပုံးကို ဖြည့်တင်းနိုင်ခဲ့လေသည်။

ရေပုံးများထဲရှိ ကြည်လင်နေသော ရေများကို ကြည့်ကာ ယောင်ရန်သည် ပျော်ရွှင်ကြည်နူးမှုကို ခံစား လိုက်ရလေသည်။

သူမ၏ ရေစွမ်းရည် စွမ်းရည်သည် သူမ ပြန်လည်မွေးဖွားလာချိန်မှစ၍ အံ့မခန်း တိုးတက်လာခဲ့သည်။ အရင်က ရေပုံးငယ်တစ်ပုံးစာမျှသာ ဖန်တီးနိုင်ခဲ့ရာမှ ယခုအခါတွင်မူ အလွန်ကြီးမားသော ရေပုံးလေးပုံး စာမျှ ဖန်တီးနိုင်နေပြီပင် ဖြစ်လေသည်။

သူမ၏ စွမ်းရည်များ ကုန်ခမ်းသွားသည့် အချိန်တိုင်းတွင် ကြိုတင်ကျိုချက်ထားသော ကန်ရေအချို့ကို သောက်သုံးကာ တစ်ခဏမျှ အနားယူလိုက်ရုံဖြင့် စွမ်းရည်များ ပြန်လည်ပြည့်ဝလာမည် ဖြစ်သည်။

ဤကဲ့သို့ လေ့ကျင့်မှုမျိုးကို နေ့စဉ် ထပ်ခါတလဲလဲ ပြုလုပ်နေသရွေ့၊ ကမ္ဘာကြီးကို အလွန်အမင်း အပူ ဒဏ် ရိုက်ခတ်လာချိန်တွင် သူမ၏ နေ့စဉ်အသုံးစရိတ်အတွက် လုံလောက်သော ရေများကို ဖန်တီးနိုင် ပေလိမ့်မည်။

ယောင်ရန်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ရေများ ပြည့်နေသော ရေပုံးကြီးလေးပုံးကို နေရာလွတ် ထဲသို့ ပို့ဆောင်လိုက်သည်။ ကြိုတင်ကျိုချက်ထားသော ကန်ရေကို သောက်လိုက်ပြီးနောက် သူမ၏ သစ်စွမ်းရည် နှင့် ရေစွမ်းရည်များကို ပြန်လည်ဖြည့်တင်းရန်အတွက် တရားထိုင်ရန် စတင်လိုက်သည်။

သူမ မျက်လုံးမှိတ်လိုက်သည့် အချိန်လေးမှာပင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ သူမက မျက်လုံးများကို ဖွင့်လိုက်ပြီး တံခါးသွားဖွင့်ရန် လျှောက်သွားလိုက်သည်။

ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့၏ မျက်နှာများတွင် ပွန်းပဲ့ဒဏ်ရာများ ပြည့်နှက်နေသည်ကို မြင်သောအခါ ယောင်ရန်က စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"ရှင်တို့နှစ်ယောက် ဘာဖြစ်လာကြတာလဲ….။"

အခန်း (၈၆)

နောက်ထပ် ဓားပြတစ်စု

ဟွမ်ကျိဟွေးက ပွန်းပဲ့နေသော သူမ၏ မျက်နှာကို စမ်းသပ်လိုက်ပြီး နာကျင်စွာ မျက်နှာရှုံ့မဲ့လျက် ပြော လိုက်လေသည်။

"မနေ့ညက ချီချီက အစ်မ ကျားရှန်းကို သူမကို လေ့ကျင့်သင်ကြားပေးဖို့ သွားတောင်းဆိုခဲ့တာလေ။ ဒါကြောင့် ကျွန်မလည်း သူမနဲ့အတူ ဝင်လေ့ကျင့်ဖို့ ဆုံးဖြတ်လိုက်တာ။ အစ်မ ကျားရှန်းက စပါတန် လေ့ကျင့်ရေးဆရာလို တင်းကျပ်မှန်း ဘယ်သူက သိမှာလဲ။ ဒီမနက် နှစ်နာရီလောက်ပဲ လေ့ကျင့်ရသေး တယ်၊ သူမရဲ့ သံမဏိလက်သီးတွေအောက်မှာ ကျွန်မတို့ တော်တော်လေးကို နာကျင်ခံစားခဲ့ရတယ်..။"

ယောင်ရန်က သူတို့နှစ်ယောက်ကို ကြည့်လိုက်ရာ တန်ချီချီ၏ မျက်လုံးများထဲရှိ ပြတ်သားသော ဆုံးဖြတ်ချက်များကို မြင်တွေ့လိုက်ရသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သော အရာများသည် ဤနူးညံ့ သိမ်မွေ့သော အမျိုးသမီးငယ်လေးအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ပုံရပေ၏။

ယောင်ရန်က သူတို့ကို ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။

"လေ့ကျင့်ခန်း လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဒဏ်ရာတော့ အဖြစ်မခံကြနဲ့ဦး…။"

သူမ၏ အကြံပေးစကားကို ကြားသောအခါ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့က ခေါင်းညိတ်လိုက်ကြသည်။

တစ်ခဏမျှ စကားပြောပြီးနောက် ဟွမ်ကျိဟွေးသည် သူမ လာရောက်ရသည့် ရည်ရွယ်ချက်ကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့ပြီး မေးလိုက်လေသည်။

"အစ်မ ယောင်ရန်... မနေ့ညက ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင် သိလား…။"

ယောင်ရန်က ခေါင်းခါပြလိုက်ပြီး ပြောလိုက်သည်။

"ကျွန်မ မသိဘူး။ ကျွန်မက အရမ်းပင်ပန်းနေလို့ အိပ်မောကျနေခဲ့တာ…။"

သူမက ဟွမ်ကျိဟွေး၏ စိတ်အားထက်သန်နေသော မျက်နှာအမူအရာကို ကြည့်ကာ မေးလိုက်သည်။

"ရှင် တစ်ခုခု သိထားလို့လား…။"

တန်ချီချီက ပြောလိုက်လေသည်။

"မနေ့ညက လူဟုန် ဓားပြတိုက်ခံရတယ်လေ…။"

ယောင်ရန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး သူတို့ ဆက်ပြောမည့်အရာကို စောင့်ဆိုင်းနေ လိုက်လေသည်။

ဟွမ်ကျိဟွေးက နှာခေါင်းရှုံ့လိုက်ပြီး

"မနေ့က သူတို့ ရိက္ခာတွေ အများကြီး ပြန်သယ်လာခဲ့ကြတယ်။ ပြီးတော့ သူ့လက်အောက်က လူတွေက ရိက္ခာတွေ ဘယ်လောက်တောင် ရလာခဲ့လဲဆိုတာကို ကြွားဝါနေခဲ့ကြတာလေ။ သူတို့ရဲ့ ကြွားဝါမှုတွေက တစ်စုံတစ်ယောက်ကို ဒေါသထွက်စေခဲ့တာ သေချာတယ်။ ဒါကြောင့် သူတို့ ပစ်မှတ်ထားခံလိုက်ရတာ ပဲ။ မနေ့ညက ကျွန်မတို့ တိုက်ခိုက်ခံရပြီးတဲ့နောက် လူဟုန်နဲ့ သူ့အဖွဲ့လည်း ဓားပြတိုက်ခံလိုက်ရတယ်။" ဟု ရှင်းပြလိုက်သည်။

တန်ချီချီက ခေါင်းညိတ်ထောက်ခံလိုက်ပြီး

"အဲဒီလူတွေက အခန်းအမှတ် (၀၈၀၄) ကို အရင်ဆုံး ဝင်တိုက်ခဲ့ကြတယ်လို့ ကျွန်မ ကြားတယ်။ လူဟုန် နဲ့ တခြားလူတွေက အော်သံတွေကြားလို့ အဲဒီကို အပြေးသွားခဲ့ကြတယ်။ သူတို့ရောက်သွားတော့ ဓားပြ တွေက အဲဒီမိသားစုက ဇနီးသည်ကို အနိုင်ကျင့်နေကြတာတဲ့။ သူတို့က အမျိုးသမီးကို ကယ်တင်နိုင်ခဲ့ ပေမဲ့ အဲဒီလိုကယ်တင်ရင်းနဲ့ သူတို့လည်း ဒဏ်ရာရသွားခဲ့ကြတယ်" ဟု ထပ်လောင်းပြောပြလေသည်။

"ကံဆိုးတာက သူတို့ လူဟုန်ရဲ့ အိမ်ကို ပြန်ရောက်သွားတဲ့အချိန်မှာ အရင်က သူတို့ရခဲ့သမျှ ရိက္ခာတွေ အကုန်လုံး အလုခံလိုက်ရပြီ။ ရိက္ခာတွေကို စောင့်ဖို့ ချန်ထားခဲ့တဲ့သူတွေလည်း အသတ်ခံလိုက်ရတယ်။ ဒါပေမဲ့ ရာဘာလှေ နှစ်စီးကိုတော့ သူတို့ ထိန်းသိမ်းထားနိုင်ခဲ့တယ်….။"

"လူဟုန်က တခြားအိမ်တွေမှာ ရိက္ခာအချို့နဲ့ နောက်ထပ် လှေနှစ်စီးကို ဖွက်ထားခဲ့တယ်လို့လည်း ကျွန်မ ကြားတယ်။ မဟုတ်ရင် လှေတွေဆုံးရှုံးသွားပြီးနောက်မှာ သူတို့တွေ ငတ်သေကုန်ကြလိမ့်မယ်…။"

သူတို့၏ ပြောစကားများကို နားထောင်ပြီးနောက် ယောင်ရန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက် သည်။

"ဓားပြတွေက ကျားကို တောင်ပေါ်ကနေ မြှူဆွယ်ခေါ်ထုတ်တဲ့ အကွက်ကို သုံးသွားတာပဲ။ ဒီဓားပြတွေ က လူဟုန်နဲ့ သူ့အဖွဲ့ကို ရိက္ခာတွေ စုဆောင်းဖို့ အသုံးချချင်နေပုံရတယ်။ သူတို့ကို ထပ်ခါတလဲလဲ ရိတ်သိမ်းလို့ရတဲ့ ကြက်သွန်မိတ်ပင်တွေလို သဘောထားနေကြတာ…။"

သူမက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒီဓားပြတွေက အရမ်းပါးနပ်တယ်။ သူတို့က မနေ့ညက ကျွန်မတို့ကို လာတိုက်ခိုက်တဲ့ လူတွေနဲ့ တစ်ဖွဲ့ တည်း ဟုတ်မဟုတ် ဆိုတာကိုတော့ ကျွန်မသေချာ မသိဘူး။ တကယ်လို့ တစ်ဖွဲ့တည်းသာဆိုရင်တော့ တော်တော်လေး ဒုက္ခရောက်လိမ့်မယ်…။"

ဟွမ်ကျိဟွေးက ၎င်းကို ကြားသောအခါ၊

"မနေ့ညက အသတ်ခံခဲ့ရတဲ့သူတွေအပြင် ထိပ်တိုက်ရင်ဆိုင်မှုမှာ ဒဏ်ရာရခဲ့တဲ့သူတွေလည်း အများ ကြီး ရှိသေးတယ်။ သူတို့က ဒီမနက် ရှင့်ကို လာရှာကြသေးတယ်။ ဒါပေမဲ့ အစ်ကို လုံယုက သူတို့အား လုံးကို မောင်းထုတ်လိုက်တယ်။ ခုလေးတင်ပဲ နောက်ထပ် လူနှစ်ယောက် ထပ်ရောက်လာပြီး သူတို့ ယောက်ျားတွေကို ကယ်တင်ပေးဖို့ ရှင့်ကို ခွင့်ပြုပေးပါလို့ ကျွန်မတို့ကို လာတောင်းပန်နေကြတယ်…။"

တန်ချီချီက ထပ်လောင်း၍ ပြောလိုက်ပြန်လေသည်။

"ဒါတင် မကသေးဘူး... လူဟုန်က အစ်ကို လုံယုကို လာတွေ့ပြီး ကျွန်မတို့နဲ့ ပူးပေါင်းချင်တယ်လို့ ပြောခဲ့ သေးတယ်တဲ့။ ဒါပေမဲ့ သူ ငြင်းပယ်ခံလိုက်ရတယ်။ သူ ထွက်သွားတဲ့အချိန်မှာ လူဟုန်က နောက်မှ ပြန်လာခဲ့မယ်လို့ ပြောသွားသေးတယ်…။"

၎င်းကို ကြားသောအခါ ယောင်ရန်က ရယ်မောလိုက်ပြီး ပြောလိုက်သည်။

"သူတို့ ကျွန်မတို့အပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို သိသိရက်နဲ့တောင် ကျွန်မတို့ကို လာပြီး အကူအညီ တောင်းရဲသေးတယ်ပေါ့လေ။ ဒီလူတွေက တော်တော် အရှက်မရှိတာပဲ…။"

သူတို့ စကားပြောနေကြစဉ်မှာပင် ကျားရှန်း ရောက်လာလေသည်။ သူမက ယောင်ရန်ကို ပြုံးပြလိုက်ပြီး

"ယောင်ရန်... ဒီနေ့ ရှင် ကျွန်မတို့နဲ့အတူ အပြင်ထွက်ချင်သေးလား…။" ဟု မေးလိုက်လေသည်။

ယောင်ရန်သည် သူမ လိုအပ်သောအရာများကို ပတ်ဝန်းကျင်ရှိ နေရာများမှ လုယက်စုဆောင်းထားပြီး ဖြစ်ရာ လက်ရှိ ရာသီဥတုနှင့် အခြေအနေအရ ခရီးဆက်သွားရန်မှာ အန္တရာယ်များလှပေသည်။ ထို့အပြင် ပြင်းထန်သော အအေးဒဏ်ကလည်း ဝင်ရောက်လာပြီဖြစ်ပြီး အပူချိန်မှာ တစ်နေ့တခြား ပို၍ အေးလာ ခဲ့သည်။ သူမအနေဖြင့် အိမ်တွင် ရက်အနည်းငယ်မျှ အနားယူကာ သူမ၏ အပင်များကိုသာ ပြုစုချင် တော့သည်။

ယောင်ရန်က တစ်ခဏမျှ စဉ်းစားလိုက်ပြီး ခေါင်းခါပြကာ ၊

"ကျွန်မ ဒီနေ့ အိမ်မှာပဲ နေချင်တယ်။ ရာသီဥတု အေးလွန်းလို့ ဟင်းသီးဟင်းရွက်တွေ ကောင်းကောင်း မကြီးထွားကြဘူး။ အဲဒါတွေကို ကျွန်မ ကယ်တင်နိုင်မလားဆိုတာ ကြည့်ချင်လို့ပါ….။"

သူမ အကြိုက်ဆုံး ဟင်းသီးဟင်းရွက်များ အခြေအနေ မကောင်းကြောင်း ကြားသောအခါ ကျားရှန်းမှာ ဝမ်းနည်းသွားပြီး အလျင်အမြန်ပင်၊

"ဒါဆိုရင် ရှင် ဒီနေ့ အိမ်မှာပဲ နေတာ ပိုကောင်းမယ်။ ရှင် တစ်ခုခု လိုချင်တာများ ရှိလား။ ရှင် လိုချင်တယ် ဆိုရင် ရှာပေးဖို့ ကျွန်မ ကူညီပေးနိုင်ပါတယ်…။"

ယောင်ရန်က ခေါင်းခါပြလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

"ကျွန်မ လိုအပ်တာတွေ အားလုံး အိမ်မှာ ရှိပါတယ်။ ရှင့်ရဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။"

ကျားရှန်းက ပြုံးလိုက်ပြီး ၊

"ကိစ္စမရှိပါဘူး။ ကျွန်မတို့ အချင်းချင်း ကူညီသင့်တာပေါ့"

ယောင်ရန်နှင့် တစ်ခဏမျှ စကားပြောပြီးနောက် ကျားရှန်းသည် ဟွမ်ကျိဟွေး၊ တန်ချီချီတို့နှင့်အတူ ပြန် သွားလေသည်။ သိပ်မကြာမီမှာပင် ဟွမ်ချန်၊ ရှီရွှမ်းတို့နှင့်အတူ ရာဘာလှေတစ်စီးဖြင့် သူတို့ ထွက်ခွာ သွားကြသည်ကို ယောင်ရန် မြင်တွေ့လိုက်ရလေသည်။

နေ့လယ်ပိုင်းသို့ ရောက်သောအခါ ယမန်နေ့ညက ဓားပြများကြောင့် ဒဏ်ရာရခဲ့သူများ၏ မိသားစုဝင် များသည် အကြိမ်ပေါင်းများစွာ ရောက်လာခဲ့ကြသည်။ ယောင်ရန်မှာ ထိုလူများကြောင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေခဲ့၏။

လုံယုသည် မနက်ပိုင်းကတည်းက သူမ ဝင်ထွက်သွားလာနေသည်ကို သတိထားမိခဲ့သဖြင့် အခြေအနေ ကို စစ်ဆေးရန် ထွက်လာခဲ့သည်။ လှေကားဆီသို့ လျှောက်သွားနေသော ယောင်ရန်၏ မှုန်ကုပ်ကုပ် မျက်နှာအမူအရာကို ကြည့်ကာ လုံယုက သူမကို တားဆီးလိုက်ပြီးပြောလိုက်လေသည်။

"ပြန်သွားလိုက်ပါ။ သူတို့ကို ငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ်…။"

ယောင်ရန်သည် ထိုလူများကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပြီး သူတို့ကို မတွေ့ချင်ပေ။ သူမက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။

"ကောင်းပြီလေ…။"

ယောင်ရန် သူမ၏ တိုက်ခန်းသို့ ပြန်ဝင်သွားသည်ကို ကြည့်ပြီးနောက် လုံယုသည် သတ္တုတံခါးများကို လာခေါက်နေသော ထိုသူများထံသို့ ထွက်သွားလေသည်။ မိနစ်အနည်းငယ်အကြာတွင် လှေကားဆီမှ အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။

"အား…။"

"အု…."

"ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့ဗျာ…။"

အော်ဟစ်သံများကို ကြားသောအခါ ယောင်ရန်က မျက်ခုံးပင့်လိုက်သည်။ ယခုလေးတင် ကြားလိုက်ရ သော သဲ့သဲ့မျှ အော်ဟစ်သံများအရ လုံယုသည် ထိုပြဿနာရှာသူများကို ရိုက်နှက်ဆုံးမလိုက်ပြီဖြစ် ကြောင်း သူမ သိလိုက်သည်။ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပန်ဆင်လျက် သူမက မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်လေသည်။

သူမ၏ အတိတ်ဘဝ အတွေ့အကြုံများကြောင့် ယောင်ရန်သည် လူများကို ထပ်မံယုံကြည်ရန် ခက်ခဲနေ ခဲ့သည်။ လုံယုတို့နှင့်အတူ နေထိုင်ခဲ့ပြီး သူတို့က သူမအပေါ် ရင်းနှီးဖော်ရွေကြောင်း သိရှိထားသော် လည်း သူမ၏ လျှို့ဝှက်ချက်များကိုမူ သူတို့အား ပြောပြနိုင်ခြင်း မရှိခဲ့ပေ။

အမှန်တကယ်တော့ ကမ္ဘာပျက်ကပ်ကာလတွင် အန္တရာယ်အများဆုံးအရာမှာ သန္ဓေပြောင်း သတ္တဝါများ သို့မဟုတ် ရိက္ခာရှားပါးမှုများ မဟုတ်ဘဲ လူသားတို့၏ စိတ်နှလုံးပင် ဖြစ်သည်။ သူငယ်ချင်းများနှင့် လုပ် ဖော်ကိုင်ဖက်များကို မဆိုထားဘိ၊ မိသားစုဝင် အရင်းအချာများပင်လျှင် အမှောင်မိုက်ဆုံး အချိန်ကာလ များ၌ လူသားအချင်းချင်း ပြန်လည်စားသောက်သည့် အဆင့်အထိ ရောက်ရှိသွားနိုင်သော ကြောင့်ပင် တည်း။

All Chapters