← Chapters

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇-၈၈)

Vol. 9 Ch. 87-88

အခန်း (၈၇)

ဖိတ်ကြားခြင်း

ယောင်ရန်၏ နေရာလွတ် အတွင်း၌ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများမှာ အလျှံပယ် ရှိနေ၏။ သူမတစ်ဦးတည်း ရှင်သန်ရမည်ဆိုလျှင်ပင် ကောင်းမွန်စွာ နေထိုင်သွားနိုင်မည်ဟု သူမ ယုံကြည်ထား လေသည်။

သို့သော်လည်း ဖြစ်နိုင်ချေရှိပါက လူသားများကြားတွင်သာ ဆက်လက်နေထိုင်လိုသေး၏။

အတိတ်ဘဝတွင် သူမ ခံစားခဲ့ရသော အထီးကျန်မှုမှာ အလွန်ပင် ခါးသီးလွန်းလှသဖြင့် ထိုဝေဒနာကို ထပ်မံ မကြုံတွေ့လိုတော့ပေ။ သို့သော်လည်း ထွက်ခွာသွားရန် လိုအပ်လာသည့်အခါတွင်မူ ယောင်ရန် သည် တုံ့ဆိုင်းခြင်းမရှိဘဲ စွန့်ခွာသွားမည်သာ ဖြစ်လေသည်။

သူမ၌ ထိုကဲ့သို့ ပြတ်သားသော စိတ်န္ဒရှိသော်ငြားလည်း၊ အစောပိုင်းက ထိုလူများကို နှိမ်နင်းရာတွင် လုံယုက ကူညီပေးခဲ့သောကြောင့် သူမ စိတ်ထဲ၌ ပျော်ရွှင်မိသည်မှာ အမှန်ပင်။ ဖြစ်နိုင်လျှင် လုံယုတို့ နှင့်အတူ ဤနေရာတွင် အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်သွားရန် ယောင်ရန် မျှော်လင့်မိပေသည်။

အချိန်စောသေးသည်ကို မြင်သောအခါ လုပ်စရာ ထွေထွေထူးထူးမရှိသဖြင့် ယောင်ရန်သည် သူမ၏ နေရာလွတ်ထဲရှိ စင်ပေါ်၌ အစားအစာများ ဖြည့်တင်းထားရန် ဆုံးဖြတ်လိုက်လေသည်။ အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်ရှိလာပါက ချက်ပြုတ်ရန် အင်အားရှိမည် မဟုတ်သောကြောင့် ဖြစ် ၏။

သူမသည် နေရာလွတ် ထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူ၍ ဖက်ထုပ်အစာသွပ် အမျိုးမျိုးကို ပြင်ဆင် လိုက်လေသည်။ အစာသွပ်များ ပြင်ဆင်ပြီးနောက် ဂျုံမှုန့်ထုတ်ကိုယူ၍ ဖက်ထုပ်အခွံများ ပြုလုပ်ပြန် သည်။

ဖက်ထုပ်အားလုံးကို ထုပ်ပိုးပြီးစီးသည့် အချိန်တွင်မူ ရှီရွှမ်းနှင့် အခြားသူများ ပြန်ရောက်လာကြပြီ ဖြစ်သည်။

ယောင်ရန်သည် ဖက်ထုပ်များကို ပလတ်စတစ်ဗူးများထဲသို့ ထည့်ကာ နေရာလွတ်ထဲရှိ စင်ပေါ်၌ စနစ် တကျ သိမ်းဆည်းထားလိုက်လေသည်။ သူမ ဖက်ထုပ်စားလိုသည့်အခါတွင် ဗူးတစ်ဗူးကို ထုတ်၍ ပြုတ်လိုက်ရုံသာ ဖြစ်သည်။

ဗူးတစ်ဗူးစီရှိ ဖက်ထုပ်ပမာဏမှာ လူတစ်ယောက်စာအတွက် လုံလောက်လှပေသည်။

မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ကာ လက်ဆေးပြီးနောက်၊ ယနေ့ သူတို့ ဘာများ ရှာဖွေတွေ့ရှိခဲ့သနည်း ဆိုသည်ကို ကြည့်ရန် အပြင်သို့ ထွက်လာခဲ့လေသည်။

သူမ၏ အခန်းပြင်သို့ ရောက်သောအခါ အမျိုးသားသုံးဦးသည် အခန်းအမှတ် (၂၀၀၁) အတွက် သံတံခါး တစ်ချပ် တပ်ဆင်ရန် အလုပ်ရှုပ်နေကြသည်ကို တွေ့လိုက်ရ၏။

ဟွမ်ချန်က သူမကို မြင်သောအခါ ရှင်းပြလေသည်။

"ဒီနေ့ ကုန်တိုက်မှာ ဒီသံတံခါးတွေကို ကံကောင်းထောက်မစွာနဲ့ တွေ့ခဲ့လို့ ငါတို့ သယ်လာခဲ့တာလေ…။"

ယောင်ရန်က နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီးနောက် သူမ၏ အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။ မနေ့ညက တိုက်ခိုက်ခံရပြီးနောက် လူတိုင်းမှာ သတိဝီရိယ ပိုမိုရှိလာကြပြီး အထပ်( ၂၀) ၏ လုံခြုံရေးကို မြှင့်တင် ရန် ကြိုးပမ်းနေကြခြင်းပင် ဖြစ်သည်။

မီးဖိုချောင်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ဖက်ထုပ်စွပ်ပြုတ်တစ်ပန်းကန် ပြုလုပ်၍ ရိုးရှင်း သော နေ့လယ်စာကို သုံးဆောင်နေလိုက်သည်။ သူမ စား၍မပြီးခင်မှာပင် လုံယု ရောက်ရှိလာခဲ့၏။

သူက သော့နှစ်ချောင်းကို သူမအား ကမ်းပေးရင်း ပြောလေသည်။

"အထပ် (၁၉) နဲ့ (၁၈) ရဲ့ လှေကားထစ်တွေမှာ သံတံခါး နှစ်ချပ် ထပ်တပ်ထားလိုက်ပြီ…။"

ယခုအခါ အထပ် (၂၀) သို့ ရောက်ရှိရန် စစ်ဆေးရေးဂိတ် သုံးခုကို ဖြတ်ကျော်ရမည် ဖြစ်သည်။ သံတံခါး နှစ်ချပ် ထပ်တိုးလာခြင်းကြောင့် လူတိုင်း ပိုမိုလုံခြုံသည်ဟု ခံစားလာရ၏။

ယောင်ရန်သည် သော့များကို ယူလိုက်ရင်း ခဏမျှ စဉ်းစားလိုက်သည်။ နံနက်ပိုင်းက ထိုလူများကို နှိမ်နင်းရာတွင် လုံယု ကူညီပေးခဲ့သည်ကို သတိရကာ မေးလိုက်လေသည်။

"ရှင် စားပြီးပြီလား…။"

လုံယုက နက်မှောင်တည်ကြည်သော မျက်ဝန်းများဖြင့် သူမကို ပြုံးကြည့်ကာ ပြန်မေးလိုက်၏။

"မင်း ငါ့ကို နေ့လယ်စာ ကျွေးချင်လို့လား…။"

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း ၊

"ကျွန်မ နေ့လယ်စာအတွက် ဖက်ထုပ်စွပ်ပြုတ် လုပ်ထားတယ်။ ရှင် တကယ်လို့...။"

သူမ စကားမဆုံးခင်မှာပင် လုံယုက လျင်မြန်စွာ ပြောလိုက်လေသည်။

"ငါ ဖက်ထုပ် ကြိုက်တယ်၊ ဖိတ်ကြားတဲ့အတွက် ကျေးဇူးပါပဲ…။"

သူ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများကို ကြည့်ရင်း ယောင်ရန်သည် တံခါးကို ပိုမိုဟပေးလိုက် ကာ ဖိတ်ခေါ်လိုက်လေသည်။

"ဝင်ခဲ့လေ၊ ရှင်စားဖို့ ဖက်ထုပ်စွပ်ပြုတ် သွားယူပေးမယ်…။"

သူမ မီးဖိုချောင်သို့ သွားသည်ကို မြင်သောအခါ လုံယုသည် အထဲသို့ဝင်၍ တံခါးပိတ်လိုက်၏။ သူသည် စားပွဲပုလေးတွင် ဝင်ထိုင်လိုက်ပြီး စားပွဲပေါ်၌ တဝက်တပျက် စားလက်စ ဖက်ထုပ်စွပ်ပြုတ်ကို မြင်သော အခါ ပြုံးလိုက်မိလေသည်။

မကြာမီမှာပင် ယောင်ရန်သည် သူမပန်းကန်ထက် နှစ်ဆခန့် ပိုကြီးသော ဖက်ထုပ်စွပ်ပြုတ် ပန်းကန်ကြီး ကို ကိုင်၍ ပြန်လာခဲ့သည်။ သူမသည် ဖက်ထုပ်စွပ်ပြုတ်ပန်းကန်ကို လုံယုရှေ့၌ တည်ငြိမ်စွာ ချပေးရင်း ထိုင်လိုက်လေ၏။

ထို့နောက် ဇွန်းနှင့် တူကို ကမ်းပေးကာ ပြောလေသည်။

"ကျွန်မ အစာသွပ် အမျိုးမျိုး လုပ်ထားတာ၊ ရှင်နဲ့ အဆင်ပြေမပြေတော့ မသိဘူး…။"

လုံယုကလည်း ဇွန်းကိုယူ၍ ပြုံးကာ ပြောလိုက်လေသည်။

"မင်း ချက်တာဆိုရင် ငါ ကြိုက်ပါတယ်…။"

လုံယု စားနေသည်ကို ကြည့်ရင်း ယောင်ရန်သည် ပါးစပ်ကလေးကို အသာပွတ်ကာ သံသယဖြင့် စဉ်းစားနေမိလေသည်။

*ခုနက ငါ အံ့သြစရာ စကားတစ်ခွန်း ကြားလိုက်ရသလိုပဲ….။*

သူမက သူ့ကို ငေးကြည့်နေသည်ကို မြင်သောအခါ လုံယုက ပြုံး၍ မေးလိုက်လေသည်။

"မင်း မစားတော့ဘူးလား…။"

အတွေးများထဲမှ ရုန်းထွက်ကာ ယောင်ရန်သည် ဇွန်းကိုယူ၍ ပြန်စားလိုက်တော့သည်။

နေ့လယ်စာ စားပြီးနောက် ယောင်ရန် မတ်တပ်မရပ်ခင်မှာပင် လုံယုက ပန်းကန်များကို ဆေးကြောရန် မီးဖိုချောင်သို့ ယူသွားခဲ့လေသည်။ သူကိုယ်တိုင် လုပ်ဆောင်လိုသဖြင့် ယောင်ရန်လည်း သူ့ကိုသာ လွှတ်ထားလိုက်၏။

ယောင်ရန်သည် ဧည့်ခန်းတွင် ထိုင်ကာ အပြင်ဘက်မှ မိုးရွာနေသည်ကို ငေးကြည့်နေမိသည်။ လုံယု မီးဖိုချောင်မှ ထွက်လာသည့်အခါ မိုးသည်းထန်စွာ ရွာသွန်းနေသည်ကို ငေးကြည့်နေသော သူမ၏ ကျောပြင်ကို တွေ့လိုက်ရလေသည်။

"ယောင်ရန်၊ ငါ ပြန်တော့မယ်။ နေ့လယ်စာအတွက် ကျေးဇူးပါနော်…။"

"အင်း…"

ယောင်ရန်က လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။

သူက သူမကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

လုံယု ထွက်သွားပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲသို့ ဝင်ရောက်ကာ ရုံးအဆောက်အအုံမှ သယ်ဆောင်လာသော လုံခြုံရေးသေတ္တာများကို ဗီလာအတွင်းသို့ ရွှေ့လိုက်သည်။ သူမသည် လျှို့ဝှက် ကုဒ်ဖျက်စက်ကို အသုံးပြုကာ သေတ္တာများကို တစ်လုံးပြီးတစ်လုံး ဖွင့်လိုက်လေ၏။

သူမ မျှော်လင့်ထားသည့်အတိုင်း ရှေးဟောင်းပစ္စည်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ သေတ္တာ များထဲတွင် ရွှေတုံးများနှင့် လက်ဝတ်ရတနာအချို့သာ ကျန်ရှိတော့သည်။ အံ့သြစရာကောင်းသည်မှာ သူဌေးကြီး၏ ရုံးခန်းမှ ယူလာသော သေတ္တာအကြီးကြီးထဲတွင် သေနတ်နှစ်လက်နှင့် ငွေသားအမြောက် အမြားကို တွေ့ရှိခဲ့ခြင်းပင်။

ထိုတန်ဖိုးရှိ ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပြီးနောက် ယောင်ရန်သည် နေရာလွတ် ထဲမှ ထွက် လာခဲ့သည်။ သူမ၏ ခြေထောက်များ အေးစက်သော ကြမ်းပြင်ပေါ်သို့ နင်းမိသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှ လုံယု၏ အသံကို ကြားလိုက်ရသည်။

"ယောင်ရန်၊ တံခါးခဏ ဖွင့်ပေးလို့ ရမလား…။"

ယောင်ရန် တံခါးဖွင့်ပေးလိုက်ရင်း မေးလိုက်လေသည်။

"ရှင် တစ်ခုခု မေ့ကျန်ခဲ့လို့လား…။"

သူက စက္ကူအိတ်တစ်အိတ်ကို သူမအား ကမ်းပေးရင်း ပြောလေ၏။

"ဒါ မင်းအတွက်…။"

သူမသည် စက္ကူအိတ်ကို ယူ၍ စူးစမ်းစွာ ကြည့်လိုက်လေသည်။ အိတ်ကို ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ ချောကလက်ဗူး နှစ်ဗူးကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ ဤချောကလက်တံဆိပ်မှာ သူမ အကြိုက်ဆုံးဖြစ်ပြီး အလွန်လည်း ဈေးကြီးလှပေသည်။

သူမ၏ တုံ့ပြန်မှုကို မြင်သောအခါ လုံယုက ပြုံးရင်း ပြောလေသည်။

"အချိုစားရင် စိတ်ကြည်လင်စေတယ်လို့ ငါ ကြားဖူးလို့ပါ…။"

ယောင်ရန်က ချောကလက်ကို ဆုပ်ကိုင်ရင်း သူ့ကို ပြုံးပြကာ ၊

"ချောကလက်အတွက် ကျေးဇူးတင်ပါတယ်"

သူတို့နှစ်ဦး ခဏမျှ အကြည့်ချင်းဆုံနေကြပြီးနောက် ယောင်ရန်က ပြောလိုက်၏။

"ရှင့်ကို ပြစရာတစ်ခု ရှိတယ်၊ ခဏလောက် စောင့်ပေးပါဦး….။"

အခန်း (၈၈)

ဖက်ထုပ်လုပ်ခြင်း (၁)

လုံယု၏ အဖြေကို မစောင့်တော့ဘဲ ယောင်ရန်သည် အိပ်ခန်းထဲသို့ ပြန်ဝင်သွားခဲ့လေ၏။ သူမသည် ချောကလက်များကို သိမ်းဆည်းလိုက်ပြီးနောက် သူဌေးကြီး၏ လုံခြုံရေးသေတ္တာထဲမှ တွေ့ရှိခဲ့သော ငွေများကို ထုတ်ယူလိုက်သည်။ ထိုငွေများကို ကျောပိုးအိတ်တစ်လုံးထဲသို့ ထည့်ကာ အပြင်သို့ သယ်ဆောင်လာခဲ့လေသည်။

သူမ ကျောပိုးအိတ်တစ်လုံးနှင့် ပြန်ထွက်လာသည်ကို မြင်သောအခါ လုံယုက စူးစမ်းသလို တစ်ချက် ကြည့်သော်လည်း ဘာမှတော့မမေးပေ။

"အခြားသူတွေကို သွားရှာရအောင်…။"

ယောင်ရန်သည် တံခါးကို သော့ခတ်လိုက်ပြီး နှစ်ဦးသား ရှီရွှမ်းတို့ရှိရာသို့ ထွက်လာခဲ့ကြလေသည်။

အခန်းအမှတ် (၂၀၀၁) ၏ ဧည့်ခန်းတွင် အားလုံးစုံလင်သွားသောအခါ ယောင်ရန်သည် ကျောပိုးအိတ်ကို စားပွဲပုပေါ်သို့ တင်လိုက်ပြီး ပြောလိုက်လေသည်။

"ဒါကို ပြီးခဲ့တဲ့အကြိမ် ရုံးအဆောက်အအုံကို သွားတုန်းက တွေ့ခဲ့တာပါ။ ဒီနေ့ ပစ္စည်းတွေကို စာရင်း လုပ်ပြီးမှ ဒါကို အားလုံးသိထားသင့်တယ်လို့ ထင်လို့ပါ…။"

ထို့နောက် သူမသည် အားလုံး၏ ရှေ့မှောက်တွင် ကျောပိုးအိတ်ကို ဖွင့်ပြလိုက်ရာ အတွင်း၌ အပြည့် ထည့်ထားသော ငွေစက္ကူများကို မြင်ပြီး အားလုံး အံ့အားသင့်သွားကြလေသည်။

ဟွမ်ချန်သည် တစ်သက်နှင့်တစ်ကိုယ် ဤမျှများပြားသော ငွေပမာဏကို မမြင်ဖူးသဖြင့် အံ့ဩတကြီး မေးလိုက်သည်။

"ဒီအိတ်ထဲမှာ ငွေဘယ်လောက်တောင် ရှိတာလဲ…။"

ရှီရွှမ်းနှင့် ကျားရှန်းတို့က ငွေများကို ရေတွက်ကြည့်ပြီးနောက် တုန်လှုပ်စွာ ရေရွတ်လိုက်ကြလေသည်။

"ယွမ် နှစ်သန်းတောင်ပဲ၊ တကယ်ကို အများကြီးပါလား…။"

အကယ်၍ သဘာဝဘေးအန္တရာယ်များ မကျရောက်မီကဆိုလျှင် ဤငွေဖြင့် ဆင်ခြေဖုံးရပ်ကွက်တွင် အိမ်အသေးတစ်လုံးပင် ဝယ်ယူနိုင်ပေသည်။ သို့သော် ယခုအချိန်တွင်မူ ဤငွေဖြင့် စားနပ်ရိက္ခာ မည်မျှ ဝယ်ယူနိုင်မည်ကို ခန့်မှန်းရန် ခက်ခဲလှ၏။

ဟွမ်ကျိဟွေးက သက်ပြင်းချရင်း သနားစရာကောင်းလောက်အောင် ညည်းတွားနေလေသည်။

"ငွေသာရှိတာ၊ ဘာမှဝယ်လို့မရဘူး….။"

ယနေ့ ကုန်တိုက်သို့ သွားစဉ်က ဆန်တစ်ကီလိုလျှင် ယွမ် (၅၀၀) အထိ ဈေးတက်နေပြီး တစ်ဦးလျှင် တစ်ကီလိုသာ ကန့်သတ်ရောင်းချနေသည်ကို သူတို့ တွေ့ခဲ့ရသည်။ ထိုဆန်များမှာလည်း အရည်အသွေး ကောင်းသောဆန်များ မဟုတ်ဘဲ ရေထဲမှ ဆယ်ယူကာ နေလှန်းထားသော ဆန်များသာ ဖြစ်လေသည်။

ညစ်ပတ်သော ရေများကြောင့် အစိုးရအနေဖြင့် ဤဆန်ကိုစားပါက ဖျားနာခြင်း မရှိစေရဟု အာမ မခံနိုင်ပေ။ စား၍ရသော်လည်း အသက်အန္တရာယ် မရှိနိုင်ဟုမူ အာမခံချက် မရှိပေ။

ထိုအချက်ကို တွေးမိသောအခါ အားလုံး၏ မျက်နှာများမှာ မှိုင်ညှို့သွားကြသည်။ ဤငွေအားလုံးကို ယခု အချိန်တွင် မည်သို့မျှ အကုန်သုံးနိုင်မည် မဟုတ်ပေ။ ငွေများမှာ မှိုတက်ကာ တန်ဖိုးမရှိ ဖြစ်သွားသည်ကို ငေးကြည့်နေရရုံသာ ရှိတော့သည်။

တန်ချီချီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ဒီငွေတွေနဲ့ တစ်ခုခုသွားဝယ်ကြရအောင်….။"

ဟွမ်ကျိဟွေးက ပြန်ပြောလိုက်လေသည်။

"ဘာမှဝယ်လို့မရဘူးလေ၊ ကန့်သတ်ချက်တွေ ရှိနေသလို အစိုးရကလည်း နေ့တိုင်း ရိက္ခာအနည်းငယ်ပဲ ထုတ်ပေးတာ။ လူတွေက ရက်ပေါင်းများစွာ တန်းစီနေပေမဲ့ ဘာမှဝယ်မရတဲ့သူတွေ အများကြီးပဲ…။"

ရှီရွှမ်းက ခဏမျှ စဉ်းစားပြီး အကြံပေးလိုက်လေသည်။

"အစိုးရအပြင် အစားအစာနဲ့ ပစ္စည်းတွေ ရောင်းတဲ့ တရားမဝင် ရောင်းဝယ်သူတွေလည်း ရှိသေးတယ်။ ဒါပေမဲ့ ဈေးက အစိုးရသတ်မှတ်ဈေးထက် လေးဆလောက် ပိုများတယ်။ တကယ်လို့ ဒီငွေတွေကို သုံးချင်တယ်ဆိုရင်တော့ အဲဒီလူတွေဆီကနေ အစားအစာဝယ်ဖို့ ကြိုးစားကြည့်လို့ရတယ်….။"

ဟွမ်ချန်က ထိုစကားကို ကြားသောအခါ သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ညည်းတွားလိုက်၏။

"ဒါက ဓားပြတိုက်တာပဲ၊ ဘယ်လိုဆန်မျိုးက တစ်ကီလိုကို ယွမ် (၂၀၀၀) တောင် ပေးရတာလဲ…။"

ကျားရှန်းက သူ့ကို တစ်ချက်ကြည့်ကာ နှစ်သိမ့်လိုက်လေသည်။

"စားစရာဝယ်လို့ရတာကိုပဲ ကျေးဇူးတင်ရမယ်၊ အခုဆို လူတော်တော်များများက တစ်နေ့တစ်နပ်တောင် မစားနိုင်ကြတော့ဘူး…။"

ထိုစကားကြောင့် ဟွမ်ချန်မှာ နှုတ်ဆိတ်သွားပြီး စိတ်ထဲမှသာ သက်ပြင်းချနေမိတော့သည်။ ဘဝမှာ နေထိုင်ရသည်မှာ အလွန်ပင် ခက်ခဲလွန်းလှပေသည်။

ယောင်ရန် စကားမပြောသည်ကို မြင်သောအခါ ရှီရွှမ်းက မေးလိုက်လေသည်။

"ယောင်ရန်၊ မင်းမှာရော ဘာအကြံပြုချင်တာရှိလဲ…။"

ယောင်ရန်က သူမ၏ အတိတ်ဘဝမှ အချက်အလက်များကို ပြန်လည်သတိရကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"အစိုးရက တရားမဝင် ရောင်းဝယ်သူတွေကို ဖမ်းဆီးနေတာ၊ မိသွားရင် ငွေနဲ့ပစ္စည်းတွေ အားလုံး အသိမ်းခံရလိမ့်မယ်။ ကျွန်မတို့ စမ်းကြည့်လို့ရပေမဲ့ ကျွန်မတို့မှာ ကြားလူမရှိဘူး။ အဲဒီလူတွေက ကြားလူမပါဘဲ သူစိမ်းတွေနဲ့ အရောင်းအဝယ် မလုပ်ကြဘူး….။"

ကျားရှန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"နောင်ဆိုရင် ငွေက တန်ဖိုးရှိတော့မှာ မဟုတ်ဘူး။ ပစ္စည်းချင်းဖလှယ်တဲ့ စနစ်က ပိုများလာလိမ့်မယ်။ မကြာခင်မှာ ငွေဆိုတာ အသုံးမဝင်တော့ဘူး။ ဒီတော့ ဒီငွေတွေကို မနက်ဖြန် အကုန်သုံးပစ်ဖို့ နည်းလမ်း ရှာရမယ်….။"

"စားစရာ ဝယ်လို့မရရင် ဒီငွေတွေကို ဘယ်လိုသုံးမလဲ" ဟု ဟွမ်ချန်က မေးလိုက်လေသည်။

ယောင်ရန်က သူ့ကိုကြည့်ကာ ၊

"အခြားလူသုံးကုန် ပစ္စည်းတွေ ဝယ်ကြတာပေါ့။ ဆောင်းရာသီက နီးလာပြီ၊ အပူချိန်ကလည်း တစ်နေ့ ထက်တစ်နေ့ လျော့လာနေတယ်။ အခု ကျွန်မတို့ လက်တိုအင်္ကျီတွေ ဝတ်ထားပေမဲ့ ညဘက်ဆိုရင်တော့ စောင်ခြုံအိပ်ရနေပြီလေ…။"

"မိုးကလည်း တိတ်မယ့်ပုံမရှိဘူး၊ နှင်းကျမလားဆိုတာ ကျွန်မ မသိပေမဲ့ ကြိုတင်ပြင်ဆင်ထားရမယ်။ ဆောင်းတွင်းမှာ မိုးသည်းရင် ဒီဆောင်းရာသီက ထူးထူးခြားခြား ပိုအေးလိမ့်မယ်။ ဆောင်းဝတ်စုံနဲ့ လောင်စာဆီတွေကို တတ်နိုင်သမျှ ပြင်ဆင်ထားသင့်တယ်…။"

ယောင်ရန်၏ စကားကို နားထောင်ပြီးနောက် အားလုံးမှာ အတွေးတောမိသွားကြလေသည်။

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှီရွှမ်းက ဆုံးဖြတ်လိုက်သည်။

"ယောင်ရန်ပြောတာကို ငါ သဘောတူတယ်။ မနက်ဖြန် ကုန်တိုက်ကိုသွားပြီး တစ်ခုခုဝယ်ရအောင်။ အသုံးဝင်မယ့် ပစ္စည်းမှန်သမျှ အကုန်ဝယ်ရမယ်….။"

သူတို့ ဆွေးနွေးနေစဉ်အတွင်း လုံယုမှာ တိတ်ဆိတ်နေခဲ့၏။ သူ့ဘေးတွင် ထိုင်နေသော ယောင်ရန်မှာမူ လုံယု၏ နက်ရှိုင်းသော မျက်ဝန်းများက သူမအပေါ်သို့ ခဏခဏ ကျရောက်နေသောကြောင့် အနည်း ငယ် စိတ်မလုံမလဲ ဖြစ်နေမိသည်။

ဆွေးနွေးမှုအပြီးတွင် ယောင်ရန်သည် လုံယုနှင့်အတူ ထွက်လာခဲ့သည်။ သူမ၏ အခန်းတံခါးကို မဖွင့် မီမှာပင် လုံယုက ရုတ်တရက် မေးလိုက်၏။

"ယောင်ရန်၊ ကျွန်တော့်ကို ဖက်ထုပ်လုပ်နည်း သင်ပေးနိုင်မလား…။"

ယောင်ရန်သည် သူ၏စကားကြောင့် အံ့အားသင့်သွားကာ ခဏမျှ ဘာပြန်ပြောရမှန်း မသိဖြစ်သွားသည်။ သူသည် ရာသီဥတုအကြောင်း သူမ ဘယ်လိုသိသလဲဟု မေးလိမ့်မည်ဟု ထင်ထားသော်လည်း ဖက်ထုပ် လုပ်နည်း သင်ပေးရန် ပြောလာလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူမက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လုံယုက မျက်လွှာချကာ ဝမ်းနည်းရိပ်သန်းသော အသံဖြင့် မေးပြန်လေသည်။

"မင်း မသင်ပေးချင်ဘူးလား….။"

ထိုမေးခွန်းကို ကြားမှ ယောင်ရန် သတိဝင်လာသည်။ သူမက သူ့ကို ခဏမျှ စိုက်ကြည့်ပြီးနောက် ပြောလိုက်လေသည်။

"ဒါက ကိစ္စအသေးအမွှားလေးပါ၊ ရှင်သင်ချင်တယ်ဆိုရင် ကျွန်မ သင်ပေးပါ့မယ်…။"

သူမ၏ အဖြေကို ရရှိပြီးနောက် လုံယုက မျက်လုံးများ ပင့်ကြည့်ကာ ပြုံးလိုက်ပြီးအားတက်သရော မေးလိုက်လေ၏။

"အခုပဲ သင်ပေးလို့ ရမလား…။"

"အခုလား…။"

လုံယုက "မရဘူးလား" ဟု ထပ်မေးပြန်လေသည်။

ခန့်ညားထည်ဝါသော အမျိုးသားကြီးတစ်ဦးက စွန့်ပစ်ခံရသော ခွေးကလေးတစ်ကောင်ကဲ့သို့ သူမကို ကြည့်နေသည်ကို မြင်သောအခါ ယောင်ရန်မှာ စကားပင် ဆွံ့အသွားတော့သည်။ သူ ဘာတွေ တွေးနေ သလဲဆိုသည်ကို သူမ လုံးဝပင် လိုက်မမီတော့ပေ။

All Chapters