အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အခန်း (၉၃)
တစ်လုံးတောင် ရောင်းမရစေရဘူး
“ဖယ်ပေး... ဒါမှမဟုတ်ရင် ရဲခေါ်လိုက်မယ်နော်...။”
ထျန်ရှောင်ထုန်က စိုးရိမ်တကြီးဖြင့် ပြောလိုက်လေ၏။
ချန်တက်ဝေက မျက်နှာပြောင်တိုက်၍ ပြုံးကာ ပြောလိုက်လေသည်။
“ရဲခေါ်မယ်... ဟားဟား...။ မိန်းကလေး မင်း မှားနေပြီလား...၊ မင်းက ယွမ်သောင်းနဲ့ချီတန်တဲ့ ငါ့ရဲ့ အော်ဒါချုပ်အဝတ်အစားတွေကို ညစ်ပတ်သွားအောင် လုပ်ခဲ့တာလေ...။ ဒါက စီးပွားရေးအငြင်းပွားမှု တစ်ခုပဲ...။ မင်း ဧကရာဇ်မင်းမြတ်ကို ကိုယ်တိုင် ဖုန်းဆက်ခေါ်ရင်တောင် ငါက မှန်နေသေးတယ်...။“
“ကြိုက်သလောက် ခေါ်စမ်းပါ...။ အတော်ပဲ... ဥပဒေစိုးမိုးရေးအဖွဲ့က ငါ့ကို အကြွေးတောင်းတဲ့နေရာမှာ ကူညီပေးလိမ့်မယ်...။ ဒါဆိုရင် မင်းလည်း အကြွေးပေးဖို့ ငြင်းလို့မရတော့ဘူးပေါ့...။”
ထျန်ရှောင်ထုန်က ပြန်လည် ချေပလိုက်လေ၏။
“ရှင် လျှောက်ပြောမနေနဲ့...။ ကျွန်မ လက်ဆေးနေတုန်း ရှင်က အနားကိုရောက်လာပြီး မဖွယ်မရာ လာ ထိတွေ့ခဲ့တာလေ...။ အဲဒါကြောင့် ကျွန်မ သတိလက်လွတ်နဲ့ ရှင့်ကို တွန်းထုတ်လိုက်မိတာလေ...။”
ချန်တက်ဝေသည် မျက်လုံးများကို ကလည်ကလည် လုပ်လိုက်ပြီး မျက်နှာကြက်ကို လက်ညှိုးထိုးပြကာ ပြုံးလျက် ပြောလိုက်လေသည်။
“မိန်းကလေး... ဒါက သက်သက် အကျိုးသင့်အကြောင်းသင့် မရှိတဲ့ စကားတွေပဲ...။ ဒီနေရာမှာ လုံခြုံရေးကင်မရာတွေ မရှိလို့ မင်းက လျှောက်ပြောနေတာ...။ မင်း လက်ဆေးနေတုန်း ငါ့အဝတ်အစား တွေပေါ်ကို ဆပ်ပြာရည်နဲ့ ညစ်ပတ်တဲ့ရေတွေ တမင်တကာ ပက်ဖျန်းခဲ့တာ သိသာပါတယ်...။ ပြီးတော့ တာဝန်ယူရမယ့်အစား ငါ့ကို အပြစ်ပုံချဖို့ ကြိုးစားနေတယ်...။ အရှက်မရှိတဲ့ လုပ်ရပ်ပဲ...၊ မင်းကို အွန်လိုင်းပေါ်မှာ ဖွင့်ချပစ်မယ်...။”
ဤစကားများကြောင့် ထျန်ရှောင်ထုန်မှာ ပို၍ပင် ထိတ်လန့်သွားခဲ့လေ၏။
မှန်ပေသည်။ ဤနေရာတွင် ကင်မရာများ မရှိသလို နှစ်ဖက်စလုံးတွင်လည်း ကိုယ်ပိုင် ဇာတ်လမ်းများ အသီးသီး ရှိနေကြလေသည်။ သူမ၏ အခြေအနေကို မည်သို့ ရှင်းပြနိုင်မည်နည်း။
ဤသည်မှာ ချန်တက်ဝေ ကဲ့သို့သော အတွေ့အကြုံရင့်ကျက်သူများနှင့် နှိုင်းယှဉ်ပါက လူ့အသိုင်းအဝိုင်း ထဲသို့ ယခုမှ စတင်ဝင်ရောက်လာသော လူငယ်များ၏ အားနည်းချက်ပင် ဖြစ်လေ၏။ ရိုးရှင်းသော စကားနှစ်ခွန်းတည်းဖြင့် ထျန်ရှောင်ထုန်၏ တည်ငြိမ်မှုကို ပျက်ပြားသွားစေရန် လုံလောက်လှပေသည်။
“ရှင် လိမ်နေတာ... ရှင်က အရင် စကားစခဲ့တာလေ...။”
ထျန်ရှောင်ထုန်၏ အသံမှာ မျက်ရည်များဖြင့် တုန်ယင်နေခဲ့လေ၏။
ချန်တက်ဝေက လှောင်ပြောင်လိုက်လေသည်။
“အို... ဟုတ်လား... ဘာလို့ ကိုယ်ထိလက်ရောက် လုပ်နေရတာလဲ...။”
“အဲဒီလိုလား... မိန်းကလေး မင်း နားလည်မှုလွဲနေပြီ...။ မင်း ငါ့အဝတ်အစားတွေကို ညစ်ပတ်သွား အောင် လုပ်လိုက်တဲ့အချိန် မင်းရဲ့ လက်တွေ ဘယ်လောက်တောင် ညစ်ပတ်နေလဲဆိုတာ ငါက စစ်ဆေးကြည့်ရုံပါ...။ သက်သေအထောက်အထား ရှာနေတာလေ... ။”
“အို... ဒီသက်သေက တကယ်ကို အံ့မခန်းပဲ...။”
စကားပြောနေစဉ် အရှက်မဲ့လှသော ချန်တက်ဝေသည် ထျန်ရှောင်ထုန် ရှောင်တိမ်းရန် အချိန်မရလိုက်မီ သူမ၏ လက်ကောက်ဝတ်ကို ဆွဲဖမ်းလိုက်လေ၏။
“ကျွန်မကို လွှတ်...။”
ထျန်ရှောင်ထုန်သည် ပြင်းထန်စွာ ရုန်းကန်လိုက်လေသည်။
သို့သော်လည်း မိန်းကလေးငယ်တစ်ဦးအနေဖြင့် မည်မျှပင် ကြိုးစားအားထုတ်ပါစေ အမျိုးသားတစ်ဦး ကဲ့သို့ မည်သို့လျှင် ခွန်အားကြီးမားနိုင်ပါမည်နည်း။
ထျန်ရှောင်ထုန်သည် အကြိမ်ကြိမ် ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ သူမ ဆက်လက် ထိန်းချုပ်မထားနိုင်တော့ဘဲ မျက်ရည်များ ကျဆင်းလာခဲ့လေတော့သည်။
“မင်းရဲ့ ညစ်ပတ်နေတဲ့ လက်တွေကို ဖယ်လိုက်စမ်း...။”
ထိုစဉ် ကျယ်လောင်သော ဟစ်အော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။
ရောက်လာသူမှာ ရွှီပေါ်အန်းပင် ဖြစ်လေသည်။ နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် ရှေ့သို့လှမ်းသွား ကာ ချန်တက်ဝေ၏ လက်မောင်းကို ဆွဲကိုင်၍ အားပြင်းပြင်းဖြင့် ညှစ်လိုက်လေ၏။ ချန်တက်ဝေသည် သူ၏ လက်မောင်းတွင် နာကျင်မှုကို ခံစားလိုက်ရပြီး အလိုအလျောက်ပင် ထျန်ရှောင်ထုန်၏ လက်ကို လွှတ်လိုက်မိလေတော့သည်။
ရွှီပေါ်အန်းသည် လက်သီးဆုပ်ထားပြီးဖြစ်သော အခြားလက်တစ်ဖက်ကို မြှောက်ကာ ချန်တက်ဝေ၏ မျက်နှာကို တည့်တည့် ထိုးချလိုက်လေတော့သည်။
ချန်တက်ဝေသည် လည်ချောင်းထဲတွင် တစ်စုံတစ်ခု တစ်ဆို့သွားသလို ခံစားလိုက်ရပြီးနောက် ချို၊ ချဉ်၊ ခါး၊ စပ်၊ ငန် စသည့် အရသာစုံပုလင်းကို မှောက်ကျသွားသကဲ့သို့ အရသာမျိုးစုံကို ဆက်တိုက် ခံစား လိုက်ရလေသည်။
မကြာမီတွင် ချန်တက်ဝေ၏ နှာခေါင်းထဲမှ ပိုက်ခေါင်းကျိုးသွားသကဲ့သို့ တောက်ပသော အနီရောင် သွေးများ ဒလဟော စီးကျလာလေတော့သည်။
ရွှီပေါ်အန်း အနည်းငယ် ညှာတာပေးလိုက်၍သာ တော်သေးသည်။ ထိုသို့မဟုတ်ပါက သူ၏ ဦးခေါင်းခွံ ကိုပင် ချေမွပစ်နိုင်မည်ဟု ရွှီပေါ်အန်း ခံစားနေရလေသည်။
သွေးထွက်နေသော နှာခေါင်းကို ဆုပ်ကိုင်ထားရင်း ချန်တက်ဝေက ဒေါသတကြီး အော်ဟစ်လိုက်လေ ၏။
“ရွှီပေါ်အန်း... မင်းလို အဘိုးကြီးစုတ်က ငါ့ကို ကိုယ်ထိလက်ရောက် လုပ်ရဲတယ်ပေါ့လေ...။ သေချင်နေ တာလား...။”
စကားပြောရင်း ချန်တက်ဝေသည် ရွှီပေါ်အန်းဆီသို့ ပြေးဝင်ကာ ကန်ကျောက်လိုက်လေသည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ရွှီပေါ်အန်းမှာ အသက်လတ်ပိုင်းအရွယ်ဖြစ်ပြီး ခန္ဓာကိုယ် အားနည်းသူဖြစ် လေသည်။ လွန်ခဲ့သော လအနည်းငယ်က သူ့ကို လက်ပူးလက်ကျပ် မိရန် လာရောက်ဖမ်းဆီးစဉ်က သူကိုယ်တိုင် ရွှီအဘိုးကြီးကို ရိုက်နှက်ခဲ့သည် မဟုတ်ပါလား။
*ငါက အင်အားအပြည့်ရှိတဲ့ အရွယ်ပဲ...။ ခုနက သူ့ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့်သာ အငိုက်မိ သွားတာ...။ တစ်ယောက်ချင်း ချမယ်ဆိုရင် ငါ့လို လူရွယ်တစ်ယောက်က သူ့လို အဘိုးကြီးစုတ်တစ် ယောက်ကို အလွယ်လေး အနိုင်ယူနိုင်မှာပဲ...။*
သို့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် သူ၏ တွက်ချက်မှု မှားယွင်းသွားကြောင်း ချန်တက်ဝေ သဘောပေါက်သွားခဲ့လေ၏။
ရွှီပေါ်အန်းသည် ချန်တက်ဝေ၏ ပျံဝဲလာသော ခြေကန်ချက်ကို ပေါ့ပါးစွာ ရှောင်တိမ်းလိုက်ပြီးနောက် ချန်တက်ဝေ ၏ ဝမ်းဗိုက်ကို ပြန်လည် ထိုးကြိတ်လိုက်လေသည်။
ချန်တက်ဝေသည် နာကျင်မှုကြောင့် ခေတ္တမျှ ကြက်သေသေသွားပြီး မြေကြီးပေါ်သို့ လဲကျသွားကာ အချိန် အတန်ကြာသည်အထိ နာကျင်မှုမှ ပြန်လည် သက်သာမလာခဲ့ချေ။
ရွှီပေါ်အန်းသည် ဤမျှ သွက်လက်ပြီး ခွန်အားကြီးမားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ် ထားခဲ့ပေ။
*ဒါ လုံးဝ အဓိပ္ပာယ်မရှိဘူး...။ လွန်ခဲ့တဲ့ လအနည်းငယ်က ဟိုတယ်မှာ သူ့ကို ငါ ရိုက်နှက်တုန်းက သိပ်လွယ်ကူခဲ့တာလေ...။*
*ဒီအဘိုးကြီး ရွှီပေါ်အန်းက ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလောက် သန်မာလာရတာလဲ...။*
“ရွှီပေါ်အန်း... မင်းက သတ္တိကောင်းလှချည်လား...။ မင်းကို သေတဲ့အထိ ဒုက္ခပေးမယ်ဆိုတာ မင်း ယုံလား...။”
ရှုံးနိမ့်သွားသော်လည်း အလျှော့မပေးလိုသော မောက်မာသည့် သဘောထားကို ပြသကာ ချန်တက်ဝေ က သွားကြိတ်လျက် ပြောလိုက်လေ၏။
ရွှီပေါ်အန်းသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချန်တက်ဝေကို စူးစိုက်ကြည့်ကာ သပ်ရပ်စွာ ပုံသွင်း ထားသော သူ၏ ဆံပင်များကို ဆွဲကိုင်လျက် ပြောလိုက်လေသည်။
“အဲဒီစကားကို ငါက ပြောရမှာ မဟုတ်ဘူးလား...။ ဒါနဲ့ စကားမစပ် မင်းကို သတိပေးလိုက်မယ်...၊ မင်းမိသားစုရဲ့ အဆင့်အတန်းမမီတဲ့ ကျောက်စရစ်လုပ်ငန်း အရှက်တကွဲ ပြိုလဲသွားတာကို မလိုလား ဘူးဆိုရင် အဲဒီလုပ်ငန်းကို အမြန်ဆုံး ရောင်းထုတ်လိုက်တာ ပိုကောင်းလိမ့်မယ်...။”
ချန်တက်ဝေသည် ရုတ်တရက် အရူးတစ်ယောက်လို အော်ဟစ် ရယ်မောလိုက်လေ၏။
ခေတ္တမျှ ရယ်မောပြီးနောက် ရွှီပေါ်အန်းကို စူးစိုက်ကြည့်ကာ ပြောလိုက်လေသည်။
“မင်း... ရွှီဆိုတဲ့ကောင်...။ မင်း နှာခေါင်းထဲ ကြက်သွန်မြိတ်လေး ထိုးထည့်လိုက်ရုံနဲ့ ဆင်ကြီး ဖြစ်သွား ပြီလို့ တကယ် ထင်နေတာလား...။ မင်းက ငါတို့ မိသားစုကို ယှဉ်ပြိုင်ဖို့ အရည်အချင်း မရှိသေးပါဘူး...။ မင်းက ဒုတိယ အင်ဂျင်နီယာချုပ် တစ်ယောက်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် အင်ဂျင်နီယာချုပ်ပဲ ဖြစ်ဖြစ်၊ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီက မင်းကို အဆုံးအဖြတ်ပေးခွင့် ပြုမှာ မဟုတ်ဘူး...။ မင်းမှာ အထက်လူကြီးဖြစ်တဲ့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု ရှိနေသေးတယ်ဆိုတာ မမေ့နဲ့...။”
ရွှီပေါ်အန်းသည် ပြုံး၍ ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“ဟုတ်တယ်... မင်းပြောတာ လုံးဝ မှန်တယ်...။ ငါ့မှာ အထက်လူကြီး ရှိပါတယ်...၊ ဒါပေမဲ့ တိုက်ဆိုင်စွာ ပဲ ငါ့ရဲ့ အထက်လူကြီးက ဒီနေရာမှာ ရောက်နေတယ်လေ...။ အတော်ပဲ... သူ့ကို မင်းနဲ့ မိတ်ဆက်ပေး မယ်...။”
စကားပြောရင်း ရွှီပေါ်အန်းသည် မတ်တတ်ရပ်လိုက်ပြီး ထိတ်လန့်နေဆဲဖြစ်သော ထျန်ရှောင်ထုန်ကို ကြည့်ကာ မေးလိုက်လေသည်။
“မင်း အဆင်ပြေရဲ့လား...။”
ထျန်ရှောင်ထုန်သည် မျက်ရည်များကို သုတ်နေသော လက်ကို အောက်ချလိုက်ပြီး တွေဝေစွာ ခေါင်း ညိတ်ရင်း ခေါင်းမာစွာဖြင့် ပြောလိုက်လေ၏။
“ကျွန်မ အဆင်ပြေပါတယ် အင်ဂျင်နီယာချုပ်ရွှီ...။”
ရွှီပေါ်အန်းက မတ်တတ်ရပ်ကာ မလှမ်းမကမ်းရှိ ထိုက်ရှန်း ခန်းမကို လက်ညှိုးထိုးပြလျက် ပြောလိုက် လေသည်။
“ထိုက်ရှန်း ခန်းမကိုသွားပြီး ဥက္ကဋ္ဌစူးကို ခေါ်ပေးပါ...။ ငါ သူ့ကို တွေ့ချင်တယ်လို့ ပြောလိုက်...။ ထျန်ရှောင်ဟူနဲ့ သူ့ချစ်သူလည်း အထဲမှာ ရှိတယ်... မင်း အဲဒီမှာ ခဏ နားလို့ရတယ်...။”
ရွှီပေါ်အန်းသည် သူမအတွက် ဒေါသထွက်ပေးကာ ကူညီပေးနေသဖြင့် သူမအနေဖြင့် မည်သို့လျှင် နောက်ဆုတ်ရန် သတ္တိရှိနိုင်မည်နည်း။ ထျန်ရှောင်ထုန်က ရိုးသားစွာ ပြောလိုက်လေ၏။
“ကျွန်မ အဆင်ပြေပါတယ် အင်ဂျင်နီယာချုပ်ရွှီ...၊ ကျွန်မ...။”
“ငါ ပြောတဲ့အတိုင်း လုပ်ပါ...။”
ရွှီပေါ်အန်းက ပြတ်သားသော လေသံဖြင့် တင်းမာစွာ ပြောလိုက်လေသည်။
“အို...”
ထျန်ရှောင်ထုန်သည် ချက်ချင်းပင် နောက်ဆုတ်သွားပြီး ခေါင်းငုံ့ကာ ထိုက်ရှန်း ခန်းမဘက်သို့ အမြန် လျှောက်သွားခဲ့လေတော့သည်။
မကြာမီ စူးထိုက်၊ လင်းရှန်းနှင့် ထျန်ရှောင်ဟူတို့ အလျင်အမြန် ရောက်ရှိလာကြလေသည်။ ထျန်ရှောင်ထုန်နှင့် လင်းမြောင်မြောင်တို့ပင် အနောက်မှ လိုက်ပါလာကြလေ၏။
“အစ်ကို... ဘာဖြစ်တာလဲ...။”
ထျန်ရှောင်ဟူက အရင်ဆုံး ပြေးလာပြီး အရှုံးပေါ်နေသူမှာ ချန်တက်ဝေ ဖြစ်နေသည်ကို မြင်သောအခါ သူ၏ မျက်လုံးများ ပြူးကျယ်သွားပြီး စိတ်ထဲတွင် လက်မထောင်ကာ မချီးကျူးဘဲ မနေနိုင်တော့ချေ။
*အင်ဂျင်နီယာချုပ်ရွှီက အခု တော်တော် စွမ်းနေပါလား။ လွန်ခဲ့တဲ့ လအနည်းငယ်က ဟိုတယ်မှာ သူ ခံလိုက်ရပြီး နောက်ပိုင်း သူကိုယ်တိုင် ငြမ်းဆင်အဖွဲ့က အလုပ်သမားတချို့ကို ဦးဆောင်ပြီး ချန်တက်ဝေ ကိုတုတ်နဲ့ ဝိုင်းရိုက်ခဲ့တာ မဟုတ်လား…။*
*လွန်ခဲ့တဲ့ သုံးလအတွင်း အင်ဂျင်နီယာချုပ်ရွှီက သူရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေဖို့ ကြိုးကြိုး စားစား လေ့ကျင့်နေခဲ့တာများလား…။*
*ဒါ မဖြစ်နိုင်ပါဘူး... သူ ကွာရှင်းပြီးနောက်ပိုင်း တော်တော်လေး တိတ်ဆိတ်ပြီး အနေအထိုင် ကျုံ့သွားခဲ့ တာ...။ ဘွန်ဆိုင်းအလှပင် တစ်ပင်ဝယ်ပြီး အဘိုးကြီးတစ်ယောက်လို အဲဒါကိုပဲ ထိုင်ကြည့်ပြီး အချိန်ကုန် နေခဲ့တာ...။ သူ လေ့ကျင့်ခန်း လုပ်တာကို ငါ တစ်ခါမှ မမြင်ဖူးပါဘူး…။*
ထျန်ရှောင်ဟူ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေခဲ့လေ၏။ သူ၏အနောက်တွင် စူးထိုက်နှင့် လင်းရှန်းတို့လည်း အလျင်အမြန် လျှောက်လာကြလေသည်။
“ညီလေးပေါ်အန်း... ဘာဖြစ်တာလဲ...။”
လင်းရှန်းက ကမန်းကတန်း မေးလိုက်လေ၏။
ကိစ္စက အရေးကြီးနေသဖြင့် ထျန်ရှောင်ထုန်အနေဖြင့် အသေးစိတ် ရှင်းပြရန် အချိန်မရခဲ့ချေ။
ရွှီပေါ်အန်းသည် ပြန်လည်ဖြေကြားခြင်း မရှိဘဲ ပြုံးလျက် လင်းရှန်း၏ဘေးရှိ စူးထိုက်ကို လက်ညှိုးထိုး ပြကာ ယခုမှ နံရံကို မှီကာ ထိုင်နေသော ချန်တက်ဝေအား ပြောလိုက်လေသည်။
“လာ... မင်းကို မိတ်ဆက်ပေးမယ်...။ သူက ငါတို့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုရဲ့ ဥက္ကဋ္ဌစူး ပဲ...။ သူက ငါ့ရဲ့ အထက်လူကြီး... စောစောက မင်းပြောခဲ့တဲ့သူပေါ့...။”
ထို့နောက် ရွှီပေါ်အန်းက စူးထိုက်ကို မိတ်ဆက်ပေးလိုက်လေ၏။
“ဥက္ကဋ္ဌစူး... ၊ခင်ဗျားကို ရယ်စရာဖြစ်အောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်...။ ဒီလူက ငါတို့ ဒုတိယကုမ္ပဏီရဲ့ စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ကျောက်စရစ်လုပ်ငန်းကပါ...။ သူ တင်သွင်းတဲ့ ကျောက်စရစ်ကြမ်းတွေက စံချိန်မမီလို့ သူ့ကို ငါ ဆက်မသုံးတော့တာပါ...။ သူက အငြိုးထားပြီး ငါ့ကို လက်စားချေချင်နေတာ ဖြစ်မယ်...။”
ချန်တက်ဝေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူက ကာကွယ်ပြောဆိုလိုက်လေသည်။
“မင်း လျှောက်ပြောနေတာပဲ... မင်းက ငါ့ကို အရင်စထိုးတာလေ...။”
ရွှီပေါ်အန်းက လှောင်ပြုံးပြုံးကာ ပြောလိုက်လေ၏။
“အို... ငါ ဘာလို့ မင်းကို စထိုးရသလဲဆိုတာကို ရှင်းပြချင်လို့လား...။”
“မင်း...”
ချန်တက်ဝေသည် တွေဝေသွားလေ၏။ သူက ထျန်ရှောင်ထုန်ကို အရင်စပြီး ရိသဲ့သဲ့ပြောခဲ့သည်ဟု လွယ်လွယ်ကူကူ ပြော၍မဖြစ်ပေ။
သူ အကြောင်းပြချက် မစဉ်းစားနိုင်မီမှာပင် မျက်လုံးများ နီရဲကာ ဝမ်းနည်းနေသော ထျန်ရှောင်ထုန်က ဝင်ပြောလိုက်လေသည်။
“ဥက္ကဋ္ဌစူး... ဒီလူက အရက်မူးပြီး အိမ်သာထဲမှာ ကျွန်မကို မဖွယ်မရာ လုပ်ဖို့ ကြိုးစားခဲ့လို့ အင်ဂျင်နီယာချုပ်ရွှီက ခုလေးတင်...။”
“တော်လောက်ပြီ။”
အကယ်၍ ဆက်ပြောနေပါက ရွှီပေါ်အန်းလည်း ဤကိစ္စတွင် ပါဝင်ပတ်သက်သွား လိမ့်မည် ဖြစ်လေ၏။
စူးထိုက်၏ မျက်နှာမှာ အေးစက်သွားပြီး ထျန်ရှောင်ထုန်၏ စကားကို ဖြတ်ပြောလိုက်ကာ ချန်တက်ဝေ ကို အေးစက်စွာ စူးစိုက်ကြည့်လျက် ပြောလိုက်လေသည်။
“ဟွန့်... မင်းလို ပစ္စည်းတင်သွင်းတဲ့သူမျိုးက ငါတို့ ဆောက်လုပ်ရေးအုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ မထိုက်တန်ဘူး...။ ဒီကိစ္စကို ဒီနေ့ကစပြီး ငါ တရားဝင် ကြေညာလိုက်မယ်...။ ဒီနေ့ကစပြီး မင်းရဲ့ ကုမ္ပဏီဟာ တုန်းကျန်းမြို့ တစ်ခုလုံးမှာရှိတဲ့ ငါတို့ရဲ့ ဘယ် စီမံကိန်းအတွက်မဆို ကျောက်စရစ်ကြမ်း တွေကို လုံးဝ တင်သွင်းခွင့်ရမှာ မဟုတ်ဘူး...။”
ချန်တက်ဝေက ဒေါသတကြီးဖြင့် ပြောလိုက်လေ၏။
“ဟွန့်... မင်း ဝင်စွက်ဖက်လွန်းနေပြီ မဟုတ်လား...။ တုန်းကျန်းမြို့က အကျယ်ကြီးပဲ... ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေလည်း နေရာတိုင်းမှာ ပြန့်ကျဲနေတာ...။ မင်း အားလုံးကို ထိန်းချုပ်နိုင်မယ်လို့ ငါ မယုံဘူး...။”
စူးထိုက်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်လေသည်။
“မင်း စမ်းကြည့်လို့ရပါတယ်...။”
စကားပြောရင်း စူးထိုက်သည် ထျန်ရှောင်ထုန်ကို ပြတ်သားသော အကြည့်ဖြင့် ကြည့်ကာ တရားမျှတမှု အပြည့်ရှိသော လေသံဖြင့် ပြောလိုက်လေ၏။ ၏
“ငါ စူးထိုက် က ရာထူးတာဝန်ထမ်းဆောင်နေစဉ်မှာ ကိုယ့်လက်အောက်ငယ်သားကိုတောင် မကာ ကွယ်ပေးနိုင်ဘူးဆိုရင် ငါက ဘယ်လို ခေါင်းဆောင်မျိုး ဖြစ်တော့မလဲ...။ ငါ အိမ်ပြန်ပြီး ကန်စွန်းဥ သွားရောင်းတာကမှ ပိုကောင်းလိမ့်မယ်...။”
သီအိုရီအရ စူးထိုက်သည် တုန်းကျန်း ဆောက်လုပ်ရေးအုပ်စု၏ စီမံကိန်းများကိုသာ ကြီးကြပ်နိုင် သော်လည်း တုန်းကျန်းမြို့၏ အင်ဂျင်နီယာလုပ်ငန်းနယ်ပယ်တွင် ဦးဆောင်နေသော လုပ်ငန်းစုတစ်ခု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ စကားများသည် လုပ်ငန်းနယ်ပယ်အတွင်း၌ ကြီးမားသော သြဇာ လွှမ်းမိုးမှု ရှိနေဆဲပင် ဖြစ်လေ၏။
ကျောက်စရစ်လုပ်ငန်းငယ်လေး တစ်ခုအတွက် စူးထိုက် ကဲ့သို့သော သူတစ်ဦးအား မည်သူကမျှ အပြစ်ပြုဝံ့မည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုနှင့် အခြား ဆောက်လုပ်ရေးကုမ္ပဏီများသည် ပူးပေါင်းဆောင်ရွက်နိုင်သလို ဝယ်ယူမှုများ၊ ပေါင်းစည်းမှုများ သို့မဟုတ် တာဝန်လွှဲပြောင်းမှုများလည်း ပြုလုပ်နိုင်လေသည်။
အာဏာရှိသူများသည် အမြဲတမ်း အချင်းချင်း မျက်နှာသာပေးတတ်သော အုပ်စုတစ်စု ဖြစ်ကြလေ၏။ ဤသည်မှာ မျက်နှာသာပေးမှုနှင့် ပတ်သက်နေသလို အချင်းချင်း၏ တန်ဖိုးကို ထင်ဟပ်ပြသခြင်းလည်း ဖြစ်ပေသည်။
ထို့ကြောင့် သူ့တွင် ဤယုံကြည်မှုမျိုး ရှိနေခြင်း ဖြစ်လေ၏။
“စမ်းကြည့်ကြတာပေါ့...။ ငါက အလွယ်တကူ ခြိမ်းခြောက်လို့ရတဲ့သူ မဟုတ်ဘူး...။ ဒုတိယဆောက် လုပ်ရေးကုမ္ပဏီကို ရွှီပေါ်အန်းက ကိုယ်စားပြုနိုင်တယ်ဆိုတာ ငါ လုံးဝ မယုံဘူး...။ ပြီးတော့ ရာထူးအ သစ် ရထားတဲ့ မင်းကရော တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုကို ကိုယ်စားပြုနိုင်လို့လား...။”
ချန်တက်ဝေသည် အလိုလိုက်ခံရသော မိသားစုတွင် မွေးဖွားလာခဲ့ပြီး ကျောက်စရစ်လုပ်ငန်းတွင် သခင်လေးတစ်ပါးအဖြစ် ကြီးပြင်းလာခဲ့ရာ သူ၏ မောက်မာသော ကိုယ်ရည်ကိုယ်သွေးကို ဖြစ်ပေါ် စေခဲ့လေသည်။ သူ၏ မိသားစုသည် ကျောက်စရစ်လုပ်ငန်းနှင့် အခြား ဆက်စပ်လုပ်ငန်းများဖြင့် ကြီးပွားလာခဲ့ခြင်း ဖြစ်လေ၏။
အကယ်၍ မာမာထန်ထန် ပြောရမည်ဆိုလျှင် သူက နံပါတ်တစ်ဟု ပြောပါက ကောင်းကင်ဘုံအရှင်ပင် ယုံကြည်ရလိမ့်မည် ဖြစ်လေသည်။
စူးထိုက်က မျက်နှာသေဖြင့် ပြောလိုက်လေ၏။
“ဟက်... တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီက ရွှီပေါ်အန်း အဆုံးအဖြတ် ပေးနိုင်၊ မပေးနိုင်ဆို တာက သူ့ရဲ့ အရည်အချင်းပဲ...။ ဒါပေမဲ့ တုန်းကျန်း ဆောက်လုပ်ရေးအုပ်စုနဲ့ ပတ်သက်ပြီး ပြောရမယ် ဆိုရင်တော့ ဒီနေ့ မင်းကို ငါ တိကျတဲ့ အဖြေတစ်ခု ပေးလိုက်မယ်...။ ငါ ဒီရာထူးမှာ ရှိနေသရွေ့ မင်းရဲ့ အဲဒီ တန်ဖိုးမရှိတဲ့ ကျောက်တုံးတွေကို တစ်လုံးတောင် ရောင်းမရစေရဘူးဆိုထာမှတ်ထားလိုက်...။”
စူးထိုက်သည် တည်ငြိမ်သော လေသံဖြင့် ပြောဆိုခဲ့သော်လည်း အလွန် လွှမ်းမိုးမှုရှိသော စကားများကို ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
အခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သော်လည်း ရုတ်တရက် ချန်တက်ဝေက အော်ဟစ် ရယ်မော လိုက်လေ၏။
“ဟားဟား... အရမ်း ရယ်ရတာပဲ...၊ မင်းက ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား...။ မင်းက ရာထူး အသစ်ရထားတဲ့ လူသစ်တစ်ယောက်ပဲ...။ မင်းကိုယ်မင်း အရေးကြီးတဲ့သူလို့ တကယ် ထင်နေတာလား ...။ တန်ခိုးကြီးတဲ့ ခေါင်းဆောင်တစ်ကောင်က ဒေသခံ မြွေတစ်ကောင်ကို မနှိမ်နှင်းနိုင်ဘူးဆိုတာ ဘာ အဓိပ္ပာယ်လဲ မင်း သိရဲ့လား...။”
ရွှီပေါ်အန်းက လှောင်ပြောင်လျက် ဝင်ပြောလိုက်လေသည်။
“ဒေသခံ လူမိုက်တွေကိုတောင် မထိန်းချုပ်နိုင်ရင် မင်းကို တန်ခိုးကြီးတဲ့ ခေါင်းဆောင်လို့ ခေါ်ဖို့ ထိုက်တန်သေးလို့လား...။ ပြီးတော့ မင်းကိုယ်မင်း ဒေသခံ လူမိုက်လို့ သတ်မှတ်ထားတာလား...။ တောက်... မင်းက ဘာမှမဟုတ်တဲ့ အကောင်ပါကွာ...။”
“ဖယ်ကြ... ဖယ်ကြ... မင်းတို့ ဘာလုပ်နေကြတာလဲ...။”
ရုတ်တရက် လုံခြုံရေးဝတ်စုံ ဝတ်ဆင်ထားသော လူအချို့ အလျင်အမြန် ပြေးလာကြလေ၏။
ဦးဆောင်လာသော လုံခြုံရေးသည် မျက်နှာတွင် သွေးများဖြင့် အောက်တွင် ထိုင်နေသော ချန်တက်ဝေ ကို မြင်သောအခါ အံ့အားသင့်သွားခဲ့လေသည်။ သူက ရှေ့သို့လှမ်းသွားကာ မေးလိုက်လေ၏။
“အစ်ကိုဝေ... ဘယ်လိုနေသေးလဲ...။”
ချန်တက်ဝေ၏ မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားပြီး ပြောလိုက်လေသည်။
“ပြောင်ကြီး... မြန်မြန်...၊ သူတို့ကို ရိုက်နှက်ဖို့ ငါ့ကို ကူညီပေးပါဦး...။ ထုံးစံအတိုင်းပဲ... ငါ မင်းကို လုံးဝ ကျေးဇူးမမေ့ပါဘူး...။”
ပြောင်ကြီးဟု အမည်ရသော လုံခြုံရေးသည် ချန်တက်ဝေကို အလျင်အမြန် ထူပေးလိုက်ပြီးနောက် ရွှီပေါ်အန်းနှင့် အခြားသူများကို စူးရဲစွာ ကြည့်လိုက်လေ၏။ ထို့နောက် အင်္ကျီကကို ခေါက်တင်ကာ သူ သယ်ဆောင်လာသော ရာဘာတုတ်ကို ဆွဲထုတ်လျက် ပြောလိုက်လေသည်။
“မင်းတို့က ဒီနေရာမှာ အကြမ်းဖက်ရဲတယ်ပေါ့လေ...။။ မင်းတို့ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ သိရဲ့လား...”
ရွှီပေါ်အန်းသည် သူ၏ ခြေထောက်ကို အနည်းငယ် ရွှေ့လိုက်ကာ စူးထိုက်၏ လမ်းကြောင်းကို ပိတ်ရပ် လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောလိုက်လေ၏။
“တုန်းကျန်း ဟိုတယ်က လုံခြုံရေးတစ်ယောက်အနေနဲ့ ဘယ်ဘက်ကိုမှ မပါခင် အခြေအနေကို အရင် နားလည်အောင် လုပ်ဖို့ ငါ အကြံပေးချင်တယ်...။ အသုံးချခံ လက်ကိုင်တုတ် မဖြစ်ရအောင် သတိထား ပါ...။”
ပြောင်ကြီးသည် ရွှီပေါ်အန်း၏ ဟန်ဆောင်မှုကို လုံးဝ အယုံအကြည် မရှိသည်မှာ ထင်ရှားလေ၏။ သူက ချက်ချင်းပင် လှောင်ပြောင်လျက် ပြောလိုက်လေသည်။
“ဟွန့်... မင်းက ငါ့ကို ဘယ်လို အလုပ်လုပ်ရမယ်ဆိုတာ သင်ပေးဖို့ ကြိုးစားနေတာလား...။ ပုလင်းဖင်... ညီအစ်ကိုတွေကို ခေါ်လိုက်...။ သွားကြမယ်... ဒီည ထုံးစံအတိုင်းပဲ...။ ရွှေခွက်နဲ့ အရက်သောက်ရမယ်... အစ်ကိုဝေက ရှင်းလိမ့်မယ်...။”
နောက်မှ လိုက်ပါလာသော လုံခြုံရေးများသည် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားကြပြီး သူတို့ သယ်ဆောင်လာသော ရာဘာတုတ်များကို ဆွဲထုတ်လိုက်ကြလေတော့သည်။
စူးထိုက်သည် သူ၏ လက်ကောက်ဝတ်ရှိ နာရီကို ဖြတ်ခနဲ ကြည့်လိုက်ပြီး သူ၏ လမ်းကို ပိတ်ရပ်နေ သော ရွှီပေါ်အန်းကို ဘေးသို့ ဖယ်ထုတ်ကာ ဩရှရှ အသံဖြင့် ပြောလိုက်လေသည်။
“မင်းတို့ကို စိတ်လိုက်မာပါ မလုပ်ဖို့ ငါ အကြံပေးချင်တယ်...။ ဒါမှမဟုတ်ရင် ဒီလောကမှာ နောင်တရလို့ ဝယ်သောက်စရာ ဆေး မရှိဘူးဆိုတာ မင်းတို့ သိသွားလိမ့်မယ်...။”
ပြောင်ကြီး အမည်ရ လုံခြုံရေးက ရယ်မောလိုက်လေ၏။
“ဟားဟား... နောင်တရတာပျောက်တဲ့ ဆေးတဲ့လား...။ ငါ့ကို ရယ်စရာတွေလာမပြောပါနဲ့...၊ ငါတို့က အစ်ကိုဝေ နောက်ကို အချိန်အတော်ကြာ လိုက်ခဲ့တဲ့ ညီအစ်ကိုဟောင်းတွေချည်းပဲ...။ ဒီအလုပ်ကို အစ်ကိုဝေက ငါတို့အတွက် ရှာပေးခဲ့တာ...။ ငါတို့က ယာယီ အလုပ်သမားတွေ... ငါတို့က အလုပ် အကိုင် အာမခံချက်ရှိတဲ့ အဘိုးကြီးတွေနဲ့ မတူဘူးလေ...။ မင်းတို့ကို ရှင်းလင်းပြီးသွားရင် အစ်ကိုဝေက ငါတို့ကို သေချာပေါက် စွန့်ပစ်မှာ မဟုတ်ဘူး...။”
တုန်းကျန်း ဟိုတယ်ရှိ ဝန်ထမ်းများမှာ မျိုးစုံရှိလေသည်။ မှတ်ပုံတင်ထားသော အချိန်ပြည့် စာချုပ်ဝင် အလုပ်သမားများ၊ လူမှုရေးအရ အသစ်ခန့်အပ်ထားသော တတ်သိပညာရှင်များနှင့် ယာယီ အလုပ် သမားများဟူ၍ အမျိုးမျိုး ရှိလေ၏။
ပြောင်ကြီးနှင့် သူ၏အဖွဲ့သည် ယာယီ အလုပ်သမားဟူသော အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားလှပေသည်။
စူးထိုက်က နှာမှုတ်ကာ ပြောလိုက်လေသည်။
“ကောင်းပြီလေ...။ သူကိုယ်တိုင်တောင် အခြေအနေ ဆိုးရွားနေပြီဆိုတော့ သူ မင်းတို့ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ငါ ကြည့်ချင်ပါသေးတယ်...။”
“စကားများမနေနဲ့ အဘိုးကြီး...။ ညီအစ်ကိုတို့... သူ့ကို ဖမ်းကြ...။”
ထိုစဉ် ပြေးလွှားလာနေသော ခြေသံများ ထွက်ပေါ်လာပြီးနောက် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
“မင်းတို့ ဘာလုပ်နေကြတာလဲ... ။”
အသံထွက်ပေါ်လာသည်နှင့်အတူ ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် စိုးရိမ်တကြီး မျက်နှာထားဖြင့် လျှောက်လာလေသည်။
သူ၏အနောက်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး နှစ်ဦးသုံးဦးခန့် ပါလာပြီး ဟိုတယ် စီမံခန့်ခွဲရေးအဖွဲ့မှ ဖြစ်ကြောင်း ထင်ရှားလေ၏။
“ဘယ်ကောင်ကများ...။”
လုံခြုံရေး ပြောင်ကြီးသည် ဒေါသတကြီး လှည့်ကြည့်လိုက်ပြီး ကျိန်ဆဲရန် ပြင်လိုက်စဉ် မည်သူဖြစ် ကြောင်းကို သူ မြင်လိုက်ရလေသည်။ ချက်ချင်းပင် သူ၏ မျက်နှာပေါ်တွင် နွေးထွေးပြီး ကြင်နာသော အပြုံးတစ်ခု ပေါ်လာခဲ့လေတော့သည်။
“အထွေထွေမန်နေဂျာဝူ... မင်္ဂလာပါ...။ ဒီလူတွေက...။” လုံခြုံရေး ပြောင်ကြီး စကားမဆုံးမီမှာပင် အထွေထွေမန်နေဂျာဝူ သည် သူ့ကို ကျော်လွန်၍ ရပ်တန့်ခြင်းမရှိဘဲ ဆက်လျှောက်သွားသည်ကို မြင်လိုက်ရလေသည်။
ထို့နောက် ကြီးမားသော အပြုံးဖြင့် စူးထိုက်ထံသို့ လက်နှစ်ဖက်ကို ကမ်းပေးလိုက်လေ၏။
“ခေါင်းဆောင်ဟောင်းကြီး...၊ တကယ်ပဲ အစ်ကို ဖြစ်နေတာကိုး...။ အသိတောင် မပေးဘဲ အလုပ်တွေကို လာ စစ်ဆေးတာလား...။ အစ်ကို့ကို လျစ်လျူရှုမိတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်...။”
တစ်ခဏအတွင်းမှာပင် ထိုနေရာရှိ လူအများစု၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့လေ တော့သည်။
အခန်း (၉၄)
ပညာရှိသူသည် စိတ်ရင်းထက် လုပ်ရပ်ကိုသာ အကဲဖြတ်လေ၏
စူးထိုက်သည် ယခင်က တုန်းကျန်း ဟိုတယ်၏ မိခင်ကုမ္ပဏီဖြစ်သော တုန်းကျန်း သံမဏိစက်ရုံတွင် ထောက်ပံ့ပို့ဆောင်ရေး တာဝန်ခံ ဒုတိယ အထွေထွေမန်နေဂျာ ဖြစ်ခဲ့လေသည်။ လွန်ခဲ့သောနှစ်က သူသည် ပြည်နယ်အဆင့်သို့ ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရလေသည်။
တုန်းကျန်း ဟိုတယ်၏ လက်ရှိ အထွေထွေမန်နေဂျာမှာ အဆင့်ဆင့် ရာထူးတိုးမြှင့်ပေးရန် သူကိုယ်တိုင် ထောက်ခံပေးခဲ့သူပင် ဖြစ်လေသည်။ ထိုသူအား သူ၏ ယုံကြည်ရသော လက်အောက်ငယ်သားတစ်ဦး ဟု ခေါ်ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။
စူးထိုက်က တည်ငြိမ်စွာ ခေါင်းခါလျက် ပြောလိုက်လေသည်။
“ဟန်ထင်... မင်းကို ငါ အလုပ်မရှုပ်စေချင်ပေမယ့် နောက်ဆုံးတော့လည်း ရှောင်လွှဲလို့ မရခဲ့ဘူးပေါ့ လေ...။”
ဝူဟန်ထင်က ပြုံးလျက် ပြောလိုက်လေ၏။
“ခေါင်းဆောင်က ကျွန်တော့်ကို ရာထူးတိုးပေးခဲ့တာပဲ...။ ခေါင်းဆောင်အတွက် တစ်ခုခု လုပ်ပေးခွင့်ရ တာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ...။ ကျွန်တော်က ဝမ်းသာအားရ ကူညီပေးမှာပါ...၊ ဘာအလုပ် ရှုပ်စရာမှ မရှိပါဘူး...။”
ဝူဟန်ထင်၏ စိတ်ထဲတွင် ထုတ်မပြောရသေးသော အကြောင်းအရာတစ်ခု ရှိနေသေးလေသည်။
*ငါတို့အားလုံး အိုးတစ်အိုးတည်းက စားနေကြတာပဲ...။ အကယ်၍ တစ်နေ့နေ့မှာ ခေါင်းဆောင်က ငါ့ကို ပြန်ခေါ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် ခေါင်းဆောင်နဲ့ အတူအလုပ်လုပ်ဖို့ ငါ ပြောင်းရွှေ့သွားတာဖြစ်ဖြစ် ခေါင်းဆောင်ရဲ့ အမိန့်တွေကို ငါ နာခံရဦးမှာပဲလေ...။*
စူးထိုက်သည် ချန်တက်ဝေအား ခံစားချက်ကင်းမဲ့စွာ ဖြတ်ခနဲ ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“ဒီလူက ငါတို့ ကုမ္ပဏီအုပ်စုကနေ ထုတ်ပယ်လိုက်တဲ့ စံချိန်မမီတဲ့ ပစ္စည်းတင်သွင်းသူ တစ်ယောက်ပဲ...။ သူက ဒီနေရာမှာ စားသောက်နေရင်း ငါတို့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိပြီး လက်စားချေဖို့ ဆန္ဒဖြစ်လာ ခဲ့တယ်...။ သူက ငါတို့ ဝန်ထမ်းတွေကို ဒုက္ခပေးဖို့ ကြိုးစားခဲ့တာ...။ မင်းရဲ့ လုံခြုံရေးခေါင်းဆောင်က သူ့ရဲ့ မိတ်ဆွေ ဖြစ်ပုံရတယ်...။ အင်း...၊ တိုက်ဆိုင်လိုက်တာကွာ... ဟက်ဟက်...။”
ဝူဟန်ထင်၏ မျက်နှာမှာ ပို၍ မှိုင်းညို့လာခဲ့လေသည်။ သူသည် သူ၏ ခေါင်းဆောင်ဟောင်းကြီး၏ အကျင့်စရိုက်ကို ကောင်းစွာ သိရှိထားလေ၏။ သူ ပို၍ ပေါ့ပေါ့ပါးပါး စကားပြောလေ၊ ပို၍ ဂရုမစိုက်သလို ဟန်ဆောင်လေ ပြဿနာက ပို၍ ကြီးမားလေပင် ဖြစ်သည်။
စူးထိုက်၏ လက်ရှိအခြေအနေမှာ သူ အမှန်တကယ် ဒေါသထွက်နေကြောင်း ရှင်းလင်းစွာ ဖော်ပြနေ ပေသည်။
“ခေါင်းဆောင်ဟောင်းကြီး... ဒီကိစ္စအတွက် ကျွန်တော် တာဝန်ယူပါတယ်...။ ပြီးတော့ ခေါင်းဆောင်ကို သေချာပေါက် ရှင်းပြပါ့မယ်...။”
“ရပ်လိုက်စမ်း...၊ မင်းတို့ ကောင်တွေ...။ ပုလင်းဖင်... အဲဒီကောင်တွေ လက်ထဲက လက်နက်တွေကို သိမ်းလိုက်စမ်း...။”
စကားပြောပြီးနောက် ဝူဟန်ထင်သည် ပြောင်ကြီး ခေါ်ဆောင်လာသော လုံခြုံရေးအဖွဲ့ကို တင်းမာသော မျက်နှာထားဖြင့် ကြည့်လိုက်ပြီး သူ၏နောက်မှ လိုက်ပါလာသော ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် အမျိုး သားတစ်ဦးကို ဖြတ်ခနဲ ကြည့်ကာ တင်းမာစွာ အမိန့်ပေးလိုက်လေသည်။
“မန်နေဂျာလျှို...၊ မင်းက လုံခြုံရေးဌာနကို တာဝန်ယူရတာလေ...။ ဒီလိုမျိုးပဲ မင်း စီမံခန့်ခွဲသလား...။ လက်နက်တွေ ကိုင်ဆောင်ပြီး ငါတို့ ဧည့်သည်တွေကို ချိန်ရွယ်နေကြတာက ငါ့ရဲ့ တုန်းကျန်း ဟိုတယ်ရဲ့ ဂုဏ်သိက္ခာကို ညစ်နွမ်းစေပြီး ငါ့ရဲ့ စီးပွားရေးကို ဖျက်ဆီးနေတာပဲ...။”
မန်နေဂျာလျှို သည် ချွေးများ ဒီးဒီးကျနေပြီး ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“လုံခြုံရေးဌာနရဲ့ လုပ်ဆောင်မှုက အရမ်း အားနည်းနေပါတယ်...။ လုံခြုံရေးမန်နေဂျာ တစ်ယောက်အ နေနဲ့ အားလုံးက ကျွန်တော့်အပြစ်ပါပဲ...။ ကျွန်တော်...၊”
ဤအရာကို မြင်သောအခါ ချန်တက်ဝေသည် အံကြိတ်ကာ အော်ဟစ်လိုက်လေသည်။
“တော်လောက်ပြီ...။ မင်းတို့က ငါ့ကို ဟန်ဆောင်ပြနေတာလား...။ မင်းတို့ရဲ့ အာဏာကိုသုံးပြီး ငါ့ကို အနိုင်ကျင့်ဖို့ ကြိုးစားနေတာလား...။ ငါ ချန်တက်ဝေက အလွယ်တကူ အနိုင်ကျင့်လို့ရမယ်လို့ မင်းတို့ တကယ် ထင်နေကြတာလား...။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ... ငါ့ရဲ့ စကားတစ်ခွန်းက မင်းတို့ကို ငိုယိုပြီး တောင်းပန်လာအောင် လုပ်နိုင်တယ်...။ အထူးသဖြင့် မင်းပဲ ရွှီပေါ်အန်း...။”
“မင်းရဲ့ ယုံကြည်မှုက ဘယ်ကနေလာလဲဆိုတာ ငါ မသိပေမယ့် မင်း စမ်းကြည့်လို့ ရပါတယ်...။”
ရွှီပေါ်အန်းက ပြုံးလျက် လှောင်ပြောင်လိုက်လေ၏။
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကြမ်းတမ်းပြီး ဩရှရှ အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ရှောင်ဝေ... ဘယ်သူလုပ်တာလဲ...။ ဒါက လွန်လွန်းနေပြီ...။”
ချန်တက်ဝေ၏ ဖခင် ချန်ကျိယွမ် သည် ဒေါသတကြီးဖြင့် ပြေးဝင်လာပြီး စူးထိုက်၊ ရွှီပေါ်အန်းနှင့် အခြား သူများကို တင်းမာသော မျက်နှာထားဖြင့် စူးစိုက်ကြည့်လိုက်လေ၏။
“အဖေ... ရွှီပေါ်အန်းနဲ့ သူ့အဖွဲ့က သားကို ထောင်ချောက်ဆင်ခဲ့တာ...။ သားတို့ မိသားစုကို ဒေဝါလီခံ ရအောင် လုပ်မယ်လို့ ပြောပြီး သားတို့ကို ကျောက်စရစ် တစ်လုံးတောင် ရောင်းလို့မရအောင် လုပ် မယ်လို့ ပြောတယ်...။”
ချန်တက်ဝေက အံကြိတ်ကာ တိုင်တန်းလိုက်လေသည်။ သူ၏ အံသွားများမှာ အမှုန့်ကြိတ်ခံရ မတတ် ဖြစ်နေကြောင်း သူ ခံစားနေရလေ၏။
ချန်ကျိယွမ် နှင့်အတူ ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးလည်း ပါလာခဲ့လေသည်။ ချန်ကျိယွမ်က တင်းမာသော မျက်နှာထားဖြင့် ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော အမျိုးသားအား ပြောလိုက်လေ၏။
“ညွှန်ကြားရေးမှူးကျောက်...၊ မင်းကိုယ်တိုင် မြင်တဲ့အတိုင်းပါပဲ...။ ဒါက ဆောက်လုပ်ရေးအုပ်စုရဲ့ ပုံစံပဲ... ။ ဒီလောက် ရက်စက်ပြီး အနိုင်ကျင့်တဲ့ အပြုအမူမျိုးရှိတဲ့ ကုမ္ပဏီတစ်ခုက ဘယ်လိုလုပ်ပြီး ကောင်းကောင်းမွန်မွန် တိုးတက်နိုင်ပါ့မလဲ...။ မင်းဘဏ်ကနေ ဒီလောက် ကြီးမားတဲ့ ချေးငွေကို သူတို့ ရယူဖို့ မထိုက်တန်ဘူးလို့ ငါ ယုံကြည်ပါတယ်...။ ဒါမှမဟုတ်ရင် သူတို့က ကြွေးဆုံးတွေ ဖန်တီးပါလိမ့် မယ်....။”
သူနှင့်အတူ ပါလာသော ကျန်းကျိုး စီးပွားရေးဘဏ် တုန်းကျန်းဘဏ်ခွဲ၏ ချေးငွေဌာန ညွှန်ကြားရေးမှူး ကျောက်ယွဲ့ က လေးနက်စွာ ခေါင်းညိတ်၍ ပြောလိုက်လေသည်။
“သူတို့ရဲ့ ချေးငွေကိစ္စကို ခေတ္တ ဆိုင်းငံ့ထားပြီး ကျွန်တော်တို့ ဘဏ်ရဲ့ ချေးငွေရန်ပုံငွေတွေ လုံခြုံရေး အတွက် သူတို့ ကုမ္ပဏီကို နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ခေါင်းဆောင်ပိုင်းကို တင်ပြ သွားပါ့မယ်...။”
ချေးငွေအရာရှိက စူးထိုက်အား ဒုက္ခပေးနေစဉ်မှာပင် စူးထိုက်၏ ဖုန်းမြည်လာခဲ့လေ၏။
ကျောက်ယွဲ့၏ စကားကို ကြားသောအခါ ချန်တက်ဝေနှင့် သူ၏ဖခင် ချန်ကျိယွမ်တို့မှာ ရယ်မောလိုက် ကြပြီး သူတို့၏ ထိတ်လန့် စိတ်ပျက်နေသော မျက်နှာများကို မြင်ချင်သည့်အလား ရွှီပေါ်အန်းနှင့် စူးထိုက်တို့ကို မကောင်းဆိုးဝါး ကဲ့သို့ အကြည့်များဖြင့် စိုက်ကြည့်နေကြလေသည်။
မည်သို့ပင်ဖြစ်စေ ချေးငွေများ ရုပ်သိမ်းလိုက်ခြင်းက ကုမ္ပဏီကြီးများစွာအတွက် ကြီးမားလှသော ထိုးနှက်ချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
တုန်းကျန်းအုပ်စုမှာ စူးထိုက် ပိုင်ဆိုင်သော ကိုယ်ပိုင်ကုမ္ပဏီ မဟုတ်သော်လည်း ဘဏ်မှ ချေးငွေ ရုပ်သိမ်းလိုက်ခြင်း ကဲ့သို့သော ကြီးမားသည့် ပြောင်းလဲမှုကြီးက သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် ရက်စက်လှသော အဆုံးသတ်တစ်ခု ဖြစ်သွားနိုင်ပေသည်။
အနာဂတ်တွင် ဤလူများ ရင်ဆိုင်ရမည့် ကံဆိုးမှုများကို တွေးတောရင်း ချန်ကျိယွမ်နှင့် သူ၏သား ချန်တက်ဝေတို့မှာ အားရပါးရ ရယ်မောနေကြလေ၏။
အကယ်၍ ဤကိစ္စကို သေချာစွာ ကိုင်တွယ်နိုင်ပါက ၎င်းတို့၏ ကျောက်စရစ်လုပ်ငန်း ဂုဏ်သတင်းမှာ တုန်းကျန်းမြို့ ဆောက်လုပ်ရေးနယ်ပယ်တွင် ချက်ချင်းပင် ဟိုးလေးတကျော် ဖြစ်လာပေလိမ့်မည်။
ဆောက်လုပ်ရေးအုပ်စု၏ အကြီးအကဲကို ဖြုတ်ချနိုင်ခဲ့သူ...၊ ၎င်းကို တွေးကြည့်ရုံမျှဖြင့် သူသည် တန်ခိုးအာဏာ ကြီးမားပြီး လွှမ်းမိုးမှုရှိသူတစ်ဦးအဖြစ် ထင်ရှားလာပေလိမ့်မည်။
ထိုအချိန်ကျလျှင် သူတို့ အလိုရှိသည့် မည်သည့် စီမံကိန်းနှင့်မဆို ပူးပေါင်းဆောင်ရွက်နိုင်ပြီး မည်သူကမျှ သဘောမတူဘဲ နေဝံ့မည် မဟုတ်ပေ။ ဆောက်လုပ်ရေးအုပ်စု၏ ဥက္ကဋ္ဌဟောင်းမှာ သာဓကကောင်း တစ်ခုပင် ဖြစ်ပေတော့မည်။
သားအဖနှစ်ဦးမှာ ပျော်ရွှင်စွာ ရယ်မောနေကြလေသည်။ အကြောင်းမှာ အကယ်၍ အစီအစဉ်အတိုင်း ဤကဲ့သို့ ဆက်လက် တိုးတက်လာပါက သူတို့၏ စီးပွားရေးလုပ်ငန်းမှာ ကြီးမားသော အောင်မြင်မှု တစ်ခု သေချာပေါက် ဖြစ်လာမည် ဖြစ်သောကြောင့်ပင်။
စူးထိုက်နှင့် ရွှီပေါ်အန်းတို့ကို ခေတ္တမျှ စောင့်ကြည့်ပြီးနောက် သူတို့ အလွန်အမင်း ဝမ်းသာလွန်းနေပြီဖြစ် ကြောင်းကို သူတို့ သဘောပေါက်သွားခဲ့ကြလေသည်။
သူတို့ မျှော်လင့်ထားသော အပျက်သဘောဆောင်သည့် အမူအရာများမှာ ရွှီပေါ်အန်းနှင့် စူးထိုက်တို့၏ မျက်နှာများပေါ်တွင် ပေါ်မလာခဲ့ချေ။
ရွှီပေါ်အန်း၏ မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာတစ်ခု ရှိနေပြီး ကျောက်ယွဲ့၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပုံရလေ၏။ စူးထိုက်ကမူ လုံးဝ ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ရှိနေလေသည်။
ယင်းမှာ ယုံကြည်မှုကြောင့်လား သို့မဟုတ် ကာလရှည်ကြာ မွေးမြူထားသော တည်ငြိမ်အေးဆေးသည့် ဟန်ပန်ကြောင့်လားဆိုတာ ခွဲခြားသိမြင်ရန် ခက်ခဲလှပေသည်။
ချန်တက်ဝေက မကောင်းဆိုးဝါး ဆန်ဆန် တွေးတောလိုက်လေ၏။
*ဆက်ပြီး ဟန်ဆောင်နေလိုက်စမ်းပါ...။ မင်းတို့ ဘယ်လောက်ကြာကြာ ဟန်ဆောင်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့...။ ဒီကိစ္စက ကြီးမားတဲ့ ကိစ္စပဲ...၊ ပြီးတော့ လူတွေကိုလည်း တာဝန်ယူခိုင်းမှာပဲ... အင်ဂျင်နီယာချုပ်သက်သက်ဖြစ်တဲ့ ရွှီပေါ်အန်းကို ထားလိုက်ပါတော့...။ စူးထိုက်တောင် သင့်တော်တဲ့ ပြစ်ဒဏ်ကို ရင်ဆိုင်ရဖို့ အလားအလာများတယ်...။*
*ပြီးတော့ ဒါတွေအားလုံးက မင်း ငါ့ကို ပြစ်မှားဝံ့လို့ပဲ...။*
သူတို့နှစ်ဦး ရင်ဆိုင်ရနိုင်မည့် အကျိုးဆက်များကို တွေးတောရင်း ချန်တက်ဝေသည် ကျေနပ်အားရမှု များ တိုးပွားလာသည်ကို ခံစားလိုက်ရလေ၏။
*အင်း... မဆိုးပါဘူး... စောစောက ကျောက်ယွဲ့ကို ငါပေးလိုက်တဲ့ ပိုက်ဆံတွေ အလဟဿ မဖြစ်ပါဘူး ...။ ကိုယ့်သားသမီးကို စွန့်စားဖို့ မရဲရင် ဝံပုလွေကို ဘယ်တော့မှ ဖမ်းလို့မရနိုင်ဘူး ဆိုတာ တကယ်ပါပဲ လား...။ ကိုယ့်ဇနီးသည်ကို စွန့်စားဖို့ မရဲရင် လူမိုက်ကို ဖမ်းလို့မရနိုင်ဘူးလေ...။ ချီရှောင်ရွှယ်အတွက် ငါဝယ်ပေးခဲ့တဲ့ အဝတ်အစားသစ်နဲ့ အိတ်တွေက လုံးဝ အသုံးမဝင်ခဲ့တာတော့ နှမြောစရာပါပဲ...။*
ချန်တက်ဝေသည် စူးထိုက်၏ မျက်နှာအမူအရာ ပျက်ယွင်းသွားမည့်အချိန်ကို စောင့်မျှော်ရင်း ထိုင်ကာ တွေးတောနေခဲ့လေသည်။
ရုတ်တရက် စူးထိုက်၏ ဖုန်းမြည်လာခဲ့လေသည်။ စူးထိုက်၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပေါ်လာခဲ့ ပြီး ယခင် ခံစားချက်ကင်းမဲ့နေသော မျက်နှာနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေလေသည်။
“ဟဲလို... ဥက္ကဋ္ဌလျို...။ တိုက်ဆိုင်လိုက်တာဗျာ...၊ ကျွန်တော် ခင်ဗျားအကြောင်း တွေးနေတုန်းပဲ ရှိသေး တယ်...။ ခင်ဗျားဆီက ဖုန်းဝင်လာတော့တာပဲ...။”
ဖုန်းထဲမှတစ်ဆင့် နွေးထွေးသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ဟေး... ဒါက ငါတို့ အချင်းချင်း စိတ်ချင်းဆက်သွယ်မှု ရှိတယ်ဆိုတာကို သက်သေပြနေတာပဲ မဟုတ် ဘူးလား...။”
ဖုန်း၏ တစ်ဖက်စွန်းရှိ လူမှာ တခြားသူ မဟုတ်ဘဲ ကျန်းကျိုး စီးပွားရေးဘဏ် တုန်းကျန်းဘဏ်ခွဲ၏ ယာယီ ဘဏ်မန်နေဂျာ လျှိုကျွင်းချိုင် ပင် ဖြစ်လေ၏။ သူသည် မနေ့က စူးထိုက် ပေးခဲ့သော ဖန်ပုလင်း ငယ် အလွတ်တစ်ခုကို ကိုင်ထားရင်း စကားပြောနေစဉ် ရယ်မောနေခဲ့ပြီး သူ၏ မျက်လုံးများတွင် ပြင်းပြ သော ဆန္ဒများ ပြည့်နှက်နေခဲ့လေသည်။
သူ စကားပြောဆိုရာတွင် အသုံးပြုသော လေသံနှင့် သဘောထားမှာ ထိုနေ့က စူးထိုက် ချေးငွေအတွက် တောင်းပန်စဉ်က သူပြသခဲ့သော အမူအရာ၊ ဟန်ပန်တို့နှင့် လုံးဝ ခြားနားနေခဲ့လေ၏။
စူးထိုက်က ရယ်မောလျက် ပြောလိုက်လေသည်။
“ဟုတ်ပါတယ်ဗျာ... မှန်ပါတယ်...။ ကျွန်တော်တို့ စိတ်ချင်းဆက်သွယ်မှု ရှိကြပါတယ်...၊ ဒါပေမဲ့ ဥက္ကဋ္ဌလျိုက ဒီလောက် အလုပ်များတာ...။ ဒီဖုန်းခေါ်ဆိုမှုက ညီအစ်ကိုတွေအချင်းချင်း စကားစမြည် ပြောဖို့သက်သက်တော့ သေချာပေါက် မဟုတ်လောက်ပါဘူးနော်...။”
လျှိုကျွင်းချိုင် က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေ၏။
“ဟားဟား... အဲဒါကြောင့်ပဲ ငါတို့က သဟဇာတဖြစ်တာပေါ့...။ ဒီလိုပါ ဥက္ကဋ္ဌစူး...၊ ကိစ္စက တကယ် အရေးတကြီး ဖြစ်နေလို့ ငါ လိုရင်းကိုပဲ ပြောလိုက်တော့မယ်...။ မနေ့က မင်း အထူးတလည် ပို့ပေးခဲ့တဲ့ အရက်နာကျသက်သာစေတဲ့ ဆေးတစ်ပုလင်းလောက်ကို ငါ့ကို ထပ်ပေးလို့ရမလား...။ ငါ ကိုင်တွယ် ရမယ့် အရေးကြီး ဖောက်သည်တစ်ယောက် ရှိနေလို့ပါ...၊ အဲဒါ ငါ မနိုင်မှာ စိုးလို့လေ...။”
စူးထိုက်သည် ရွှေရောင်ကိုင်း မျက်မှန်တပ်ထားသော အမျိုးသားကို ဖြတ်ခနဲ ကြည့်လိုက်ပြီး ဖုန်းထဲသို့ ပြန်လည် ဖြေကြားလိုက်လေသည်။
“တောင်းပန်ပါတယ် ညွှန်ကြားရေးမှူးလျှို...။ အခုလောလောဆယ် ကျွန်တော် အဆင်မပြေနိုင်လောက် ဘူး...။”
လျှိုကျွင်းချိုင်သည် အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး မျက်နှာအမူအရာ ပြောင်းလဲသွားကာ တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။
“ဥက္ကဋ္ဌစူး... လိုရင်းကိုပဲ ပြောရအောင်...။ အဲဒီ ချေးငွေကိစ္စမှာ ငါ မင်းကို ဘာမှ မလျော့စေခဲ့ဘူး မဟုတ် လား...။ ငါက မင်းကို အမြဲတမ်း သူငယ်ချင်းတစ်ယောက်လို ဆက်ဆံခဲ့တာပါ...။ ငါ လျှိုကျွင်းချိုင် က မင်းကို တစ်ခုခု အခွင့်ကောင်းယူပြီး ရာထူးတက်ဖို့ ကြိုးစားနေတယ်လို့များ မင်း ထင်နေတာလား...။”
စူးထိုက်က ရယ်မောလျက် ပြောလိုက်လေသည်။
“ဥက္ကဋ္ဌလျို ခင်ဗျား နားလည်မှုလွဲနေပြီ...။ ခင်ဗျားတို့ ဘဏ်က ချေးငွေဌာနက ညွှန်ကြားရေးမှူးဆိုလားပဲ ...၊ အို... သူ့နာမည်က ကျောက် လို့ ထင်တယ်...။ သူက ကျွန်တော့်ကို ချေးငွေ မပေးသင့်ဘူးလို့ ပြောနေ တယ်လေ...။ အဲဒါ ဥက္ကဋ္ဌလျိုရဲ့ အစီအစဉ်များလားဆိုတာ ကျွန်တော် မသိလို့ပါ...။”
“ ကျွန်တော် ခင်ဗျားကို ထပ်ပြီး အကူအညီတောင်းဖို့တောင် အားနာနေပါပြီ...။ အခုတော့ ကျွန်တော် ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းပြီး ကျန်နေသေးတဲ့ အဖိုးတန်ပစ္စည်း အနည်းငယ်ကို ချွေတာ သုံးစွဲရတော့မယ်လေ...။ ပြီးတော့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ တခြားဘဏ်တွေဆီကနေ အကူအညီတောင်းပြီး ငွေနည်းနည်း ရနိုင်မလားလို့ ကြိုးစားရတော့မယ်...။”
“ဘာ...”
လျှိုကျွင်းချိုင်သည် စားပွဲကို ရိုက်ချလိုက်ပြီး ချက်ချင်း မတ်တတ်ရပ်လိုက်လေ၏။
တစ်ဖက်လူက သူတို့၏ ရာထူးနှင့် နာမည်ကိုပင် ဤမျှ ရှင်းလင်းစွာ ပြောပြနေသဖြင့် ဤကိစ္စမှာ အမှန် ဖြစ်ပုံရလေသည်။
“ကျောက် ဟုတ်လား...။ ချေးငွေဌာန ညွှန်ကြားရေးမှူး ကျောက်ယွဲ့ လား...၊ တောက်... အဲဒီငွေအတွက် လုပ်ငန်းစဉ်တွေကို အမြန်ဆုံး လုပ်ဆောင်ပေးဖို့ ငါ သူ့ကို ပြောထားခဲ့တာကို...။”
စူးထိုက်က အံ့အားသင့်ဟန်ဆောင်လျက် ပြောလိုက်လေသည်။
“အို... ဒါဆို ညွှန်ကြားရေးမှူးကျောက်က သူ့ရဲ့ ကိုယ်ပိုင် သဘောထားကို ကိုယ်စားပြုပြီး ပြောနေတာ ပေါ့...။ တကယ် တောင်းပန်ပါတယ်...၊ ဒါတွေအားလုံးက ကျွန်တော့်အပြစ်ပါ...။ ညွှန်ကြားရေးမှူးလျှိုကို ကျွန်တော် ယုံကြည်သင့်တာပါ...။ နောက်တစ်နေ့ ကျွန်တော့်ကို အခွင့်အရေးပေးပါ...။ ကျွန်တော့်ကိုယ် ကျွန်တော် အရက်သုံးခွက်သောက်ပြီး အပြစ်ပေးရမှာပဲ...။”
လျှိုကျွင်းချိုင်က ခါးသက်သက် ပြုံးလျက် ပြောလိုက်လေ၏။
“ကောင်းပြီ ဥက္ကဋ္ဌစူး...၊ ငါတို့အားလုံးက ဉာဏ်ကောင်းတဲ့လူတွေပဲ...၊ လိုရင်းကိုပဲ ပြောရအောင်...။ ငါ့မှာ တပည့်တွေ အများကြီးရှိပေမယ့် ငါ့အိမ်မှာပဲ ငါ ဒုက္ခရောက်နေရတယ်...။ မင်းကို ရယ်စရာ ဖြစ်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်...။”
“ဤကိစ္စအတွက် စိတ်မပူပါနဲ့...။ ငါ သေချာပေါက် ဖြေရှင်းပေးပါ့မယ်...။ ဒါပေမဲ့ အခုတော့ ငါ့ကို တကယ် ကူညီပေးမှ ရမယ်...။ ငါ အရမ်း အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်ကို ဧည့်ခံရမှာမို့လို့ ပါ... 'ယာယီ ဘဏ်မန်နေဂျာ' ဆိုတဲ့ ခေါင်းစဉ်ထဲကနေ 'ယာယီ' ဆိုတဲ့ စကားလုံးကို ဖယ်ရှားနိုင်ဖို့က ဒီအခွင့်အရေးပေါ်မှာ မူတည်နေတယ်လေ...”
စူးထိုက်က ရယ်မောလျက် ပြောလိုက်လေသည်။
“ရပါတယ်... ငါတို့က ညီအစ်ကိုတွေပဲ...။ အချင်းချင်း ကူညီရတယ်ဆိုတာ သဘာဝပါပဲ...၊ ပြီးတော့ ခင်ဗျားကလည်း ကျွန်တော့်အပေါ် ကောင်းခဲ့တာပဲ လောင်လျှို...၊ ချက်ချင်း ပို့ပေးဖို့ လူလွှတ်လိုက်ပါ့ မယ်...။ ဒါနဲ့ တကယ်ပြောတာနော်... ဘဏ်မန်နေဂျာတစ်ယောက်အနေနဲ့ ခင်ဗျားကိုယ်တိုင် လာရ လောက်အောင် ဒီဖောက်သည်က ဘယ်လောက်တောင် အရေးကြီးနေလို့လဲ...”
လျှိုကျွင်းချိုင်က တိုးတိတ်စွာ ပြောလိုက်လေ၏။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီအရောင်းအဝယ်ကို ငါ အောင်မြင်အောင် လုပ်နိုင်ရင် ငါ့ရဲ့ ပြိုင်ဘက် ဘဏ်တွေရဲ့ ဒီနှစ် အပ်ငွေပမာဏက ငါ့ကို ဘယ်တော့မှ မီတော့မှာ မဟုတ်ဘူး...။ တစ်ဖက်လူက ဒီနားက တောင်တွေ ပေါ်မှာရှိတဲ့ နှစ်တစ်ထောင် သက်တမ်းရှိ ဂျင်စင်း၊ ဟယ်ရှိုဝူး အမြစ်ဥနဲ့ တခြား တောတွင်းဆေးမြစ်တွေ ကို ဝယ်ယူဖို့အတွက် လုပ်ငန်းလည်ပတ်ငွေ ယွမ် တစ်ဘီလီယံနီးပါး ယူလာ မယ်လို့ ကြားတယ်...။”
“စဉ်းစားကြည့်လေ... ၊ဒီလိုပစ္စည်းမျိုးတွေက နေရာတိုင်းမှာ အလွယ်တကူ ရှာတွေ့နိုင်တာမှ မဟုတ်တာ ...။ ဒီငွေတွေက စာရင်းထဲမှာ အနည်းဆုံး တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ ငြိမ်နေမှာပဲ မဟုတ်လား...။ ငါ့ရဲ့ အပ်ငွေရည်မှန်းချက်ကတော့ သေချာပေါက် ပြည့်သွားမှာပဲ...။”
စူးထိုက်က သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“လူကောင်းတွေကို ကောင်းကင်ဘုံက အမြဲတမ်း ကောင်းချီးပေးတယ်တဲ့...။ အရင်ကတော့ ဒီစကားကို သိပ်နားမလည်ခဲ့ပေမယ့် အခုတော့ သေသေချာချာ နားလည်သွားပါပြီ....။ လောင်လျှို... ခင်ဗျားကို တွေ့တဲ့နေ့က ခင်ဗျားဆီမှာ ကောင်းကျိုးချမ်းသာတွေ ပြည့်နှက်နေတယ်လို့ ခံစားမိတာ မဆန်းတော့ပါ ဘူးဗျာ...။”
ခေါင်းဆောင်ကြီး နှစ်ဦး စကားစမြည် ပြောဆိုနေစဉ်မှာပင် ယခုလေးတင် မောက်မာပြီး သြဇာညောင်း နေခဲ့သော ကျောက်ယွဲ့၏ ကံကြမ္မာကို သူတို့ အဆုံးအဖြတ် ပေးလိုက်ကြလေပြီ။
သူတို့နှစ်ဦး အချင်းချင်း ခေါ်ဝေါ်ပြောဆိုပုံမှာလည်း ရာထူးအပေါ် အခြေခံသော လေးစားမှုရှိသည့် အခေါ် အဝေါ်များမှ ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းများကြား အသုံးပြုသည့် အမည်များသို့ ပြောင်းလဲသွား ခဲ့လေပြီဖြစ်လေ၏။
အသက်လတ်ပိုင်းအရွယ် လူကြီးများ၏ ကမ္ဘာကြီးမှာ အလွန် ရိုးရှင်းပြီး ဟန်ဆောင်မှု ကင်းမဲ့လှပေ သည်။
၎င်းသည် ခံစားချက်များထက် တန်ဖိုးကိုသာ အာရုံစိုက်လေ၏။ သို့မဟုတ် ခံစားချက်များသည် တန်ဖိုး အပေါ်တွင် အခြေခံသည်ဟု ဆိုရမည်ပင်။
စကားပုံတစ်ခု ရှိသည် မဟုတ်ပါလား။
ပညာရှိသူသည် စိတ်ရင်းထက် လုပ်ရပ်ကိုသာ အကဲဖြတ်လေ၏။ စိတ်ရင်းကိုသာ ကြည့်မည်ဆိုလျှင် ဤလောကတွင် မည်သူမျှ ပြီးပြည့်စုံမည် မဟုတ်သောကြောင့်ပင်။
၎င်းမှာ လုံးဝ မှန်ကန်လှပေသည်။
နောက်တစ်ခဏတွင် ကျောက်ယွဲ့၏ ဖုန်းမြည်လာခဲ့ပြီး ဖုန်းထဲမှ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေ၏။
နောက်တစ်ခဏတွင် ကျောက်ယွဲ့သည် အလျင်အမြန် ထွက်ခွာသွားခဲ့ပြီး ချန်ဖသားအဖကို လုံးဝ ကြက်သေသေသွားစေခဲ့လေသည်။
စွန့်ပစ်ခံထားရသော လမ်းဘေးခွေးနှစ်ကောင်ကဲ့သို့ သူတို့သည် ရုတ်တရက် အစွယ်များကို ထုတ်ပြနိုင် စွမ်း ကင်းမဲ့သွားကာ ဘာလုပ်ရမှန်းမသိဘဲ ထိုနေရာတွင် မှင်သက်စွာ ရပ်နေခဲ့ကြလေသည်။
ရွှီပေါ်အန်းသည် တိုးတိတ်စွာ ရယ်မောလိုက်ပြီး ချန်တက်ဝေ၏ ကြက်သေသေကာ သနားစရာကောင်း နေသော အခြေအနေကို ဖြတ်ခနဲ ကြည့်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့လေသည်။
*ဒါက အစပဲရှိသေးတယ်…။ ငါ ခံစားခဲ့ရတဲ့ မတရားမှုတွေအတွက် မင်းတို့ကို ဆယ်ဆ၊ အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်။*
သို့သော်လည်း သူ မေးစရာ တစ်ခုတော့ ရှိသေးသည်။
စောစောက ဖုန်းထဲတွင် လူတစ်ယောက်က လူစင်၊ ဆေးမြစ်များနှင့် ဟယ်ရှိုဝူး အမြစ်ဥ များကို ဝယ်ယူ နေသည်ဟု ပြောခဲ့သည့် အကြောင်းအရာ၏ အသေးစိတ် အချက်အလက်များက အဘယ်နည်း။
*တိုက်ဆိုင်တာပဲ ငါ့ဆီမှာလည်း ဟယ်ရှိုဝူး အမြစ်ဥ တစ်ဥလုံး ရှိနေသေးသည်။ ဒီအရာက လုံးဝ တောတွင်းဆေးမြစ် စစ်စစ်ဖြစ်လို့ အသိအမှတ်ပြုပေးနိုင်မယ့် လူတစ်ယောက်ကို ငါ ရှာလို့ရနိုင် တယ်….။*
လမ်းတစ်လျှောက်လုံး ရွှီပေါ်အန်းသည် အတွေးနယ်ချဲ့နေခဲ့ပြီး ကားသည် မကြာမီ အိမ်သို့ ရောက်ရှိ သွားခဲ့လေသည်။
ယနေ့ ထျန်ရှောင်ထုန် ဤကိစ္စနှင့် ကြုံတွေ့ခဲ့ရသောကြောင့် ရွှီပေါ်အန်းသည် သူမကို အိမ်ပြန်ပို့ခိုင်းခြင်း မပြုတော့ဘဲ အငှားယာဉ်မောင်းတစ်ဦးကို ငှားကာ သူကိုယ်တိုင် ပြန်လာခဲ့ခြင်း ဖြစ်လေသည်။
အချိန်နှောင်းနေပြီဖြစ်သည်ကို မြင်သောကြောင့် ရွှီပေါ်အန်းသည် မိဘများ မနိုးစေရန် ခြေဖျားထောက် ကာ ဝင်ရန် ကြိုးစားနေခဲ့လေ၏။
သူ အံ့သြသွားရသည်မှာ တံခါးဖွင့်လိုက်ချိန်တွင် ရွှီပေါ်အန်း လုံးဝ ကြက်သေသေသွားခဲ့ရခြင်းပင်။
*ဒီကောင်က ဒီနေရာမှာ ဘာလုပ်နေတာလဲ…။*
သူ၏ အိမ်တွင် ရှိနေသူမှာ ချန်ဖိန်ဖိန်၏ ရည်းစားဟောင်း ဖြစ်နေလိမ့်မည်ဟု ရွှီပေါ်အန်း ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
*ဒီကောင်က ဒီနေရာမှာ ဘာလာလုပ်နေတာလဲကွ…။*
ရွှီပေါ်အန်းသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေ၏။
ပညာရှိသူသည် စိတ်ရင်းထက် လုပ်ရပ်ကိုသာ အကဲဖြတ်လေ၏။ စိတ်ရင်းကိုသာ ကြည့်မည်ဆိုလျှင် ဤလောကတွင် မည်သူမျှ ပြီးပြည့်စုံမည် မဟုတ်သောကြောင့်ပင်။