← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉)

အံ့ဖွယ် အမွှေးတိုင်ပြာ

“ဝူး... ကြောင်ကြီးတွေ အများကြီးပဲ... ငါကတစ်ကောင်တည်း...။ မတရားဘူး...။”

ဝက်ဝံညိုကြီး ဆိုလိုသည့် အဓိပ္ပာယ်ကို ကြားသောအခါ ရွှီပေါ်အန်း၏ မျက်လုံးများ အရောင်လက်သွား ခဲ့လေ၏။

*များလွန်းတယ်...၊ နည်းလွန်းတယ်...။ အဖော်တချို့ ရှိရင် မကောင်းဘူးလား...။*

*အဖော်...။*

ယင်းကို တွေးမိသောအခါ ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းရှိ တောင်စောင့်နတ်မင်း ရုပ်တုအောက်မှ တောင်စောင့်သားရဲ ရုပ်တုငယ် လေးခုကို မတွေးဘဲ မနေနိုင်တော့ချေ။

ယခု ဝက်ဝံညိုကြီးကို သူ၏ သင့်တော်သော နေရာသို့ ပြန်လည် ပို့ဆောင်ပြီးပြီဖြစ်ရာ….။

*ဒီကျားကလည်း တောင်စောင့်နတ်မင်းလက်အောက်ရှိ တောင်စောင့်သားရဲငယ်လေး ဖြစ်နိုင်သလား...။ ဒါမှမဟုတ် သူ့ကိုလည်း တောင်စောင့်သားရဲအဖြစ် စုဆောင်းလို့ ရနိုင်မလား...။*

ပြီးခဲ့သည့်အကြိမ်က ဝက်ဝံညိုကြီးသည် သူ၏ ကိုယ်ပိုင်သွေးကို မတော်တဆ လျက်မိသွားသော ကြောင့် တောင်စောင့်သားရဲငယ်လေး ဖြစ်လာခဲ့ကြောင်း ရွှီပေါ်အန်း သတိရသွားခဲ့လေ၏။

*အကယ်၍ ဒီကျားကို စားဖို့အတွက် ငါ့ရဲ့ သွေးကို ပေးမယ်ဆိုရင် ကျားကိုလည်း ငါ့ရဲ့ ထိန်းချုပ်မှု အောက်ကို ခေါ်ဆောင်လာနိုင်မလား...။*

ရွှီပေါ်အန်းသည် တွေဝေမနေဘဲ ယခင်က သူ အသုံးပြုခဲ့ဖူးသော တစ်ခါသုံး ဆေးထိုးအပ် တစ်ချောင်းကို ရှာဖွေလိုက်ပြီး အံကြိတ်ကာ သူ၏ လက်ချောင်းထိပ်ကို ရုတ်တရက် ထိုးစိုက်လိုက်လေသည်။

ထို့နောက် သွေးတစ်စက်ကို အလျင်အမြန် ညှစ်ထုတ်လိုက်လေသည်။

ကျားနှစ်ကောင် မထွက်ခွာမီ ရွှီပေါ်အန်းသည် သူတို့ရှေ့ရှိ မလှမ်းမကမ်း နေရာတစ်ခုသို့ သူ၏ သွေးကို အစက်ချလိုက်လေ၏။

သေးငယ်သော သွေးစက်လေးသည် ဘွန်ဆိုင်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လက်ဖဝါးအရွယ် အစားရှိ ရေအိုင်ငယ်လေးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျားကြီး၏ အရှေ့ တစ်မီတာအကွာတွင် ကျရောက်သွားလေသည်။

သွေးနံ့ ရသွားသောကြောင့် ကျားနှစ်ကောင်သည် တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြပုံ ရလေ၏။

ထို့နောက် သူတို့သည် သွေးအိုင်ငယ်လေးကို မြင်လိုက်ရလေသည်။

အဖြူရောင်အစင်းကျားကြီးသည် ရှေ့သို့ တစ်လှမ်းတိုးကာ လျှာကို ထုတ်၍ စားစရာကို လျက်လိုက်ပြီး နောက် သိသာထင်ရှားစွာ စိတ်ပျက်သွားသည့်ဟန်ဖြင့် ခေါင်းကို ခါယမ်းလိုက်လေ၏။

“ဝေါင်း... ရွံစရာကြီး...။”

ရွှီပေါ်အန်း ဆွံ့အသွားခဲ့လေသည်။ ၎င်းမှာ တကယ်ကို မှတ်ချက်ဆိုး တစ်ခုပင် ဖြစ်နေလေ၏။

ထို့အပြင် အဖြူရောင်အစင်းကျားကြီးသည် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ချေ။ သူ တွက်ချက်မှု မှားယွင်းသွားပြီး အပ်အထိုးခံရတာ အလကား ဖြစ်သွားခဲ့လေပြီဖြစ်၏။

နောက်တစ်ခဏတွင် အဖြူရောင်အစင်းကျားကြီးသည် ကျားမ စားနေသော ယုန်တစ်ဝက်ကို မျိုချ လိုက်ပြီးနောက် သူတို့နှစ်ကောင် ထွက်ခွာသွားကြလေတော့သည်။

ရွှီပေါ်အန်းသည် အရာအားလုံးကို မြင်တွေ့ခဲ့ရပြီး စိတ်အလိုမကျသော်လည်း သူ တတ်နိုင်သည်မှာ ဘာမျှ မရှိခဲ့ချေ။

*သူတို့ကို တောင်စောင့်သားရဲငယ်လေးတွေအဖြစ် သိမ်းသွင်းဖို့ မဖြစ်နိုင်တော့မှတော့ သူတို့ကို လွတ်လပ်ခွင့် ပေးလိုက်တာပဲ ကောင်းပါတယ်...။*

*ငါတို့ ဝံပုလွေတွေကို ယဉ်ပါးအောင် လုပ်သလို ရွာသားတွေက ကျားတွေကို ယဉ်ပါးအောင် လုပ်နိုင် မယ် လို့ မမျှော်လင့်နိုင်ဘူးလေ...။*

*အဲဒါက လုံးဝ လက်တွေ့မဆန်ဘူး...။ ကြီးထွားလာတဲ့ ကျားတစ်ကောင်က ရွာတစ်ရွာလုံး ယဉ်ပါး အောင် လုပ်ဖို့ဆိုတာ အရမ်း ကြမ်းတမ်းလွန်းတယ်...။*

ထိုအချိန်တွင် ဝက်ဝံညိုကြီးသည် တောင်အနောက်ဘက်မှနေ၍ တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ တောင်ခါးပန်းရှိ မြေကွက်လပ်ဆီသို့ လျှောက်လာသည်ကို ရွှီပေါ်အန်း တွေ့လိုက်ရလေ၏။

ဝက်ဝံညိုကြီး တောင်စောင့်နတ်မင်း နတ်ကွန်းထဲသို့ အလေ့အကျင့်ရှိစွာ ဝင်ရောက်သွားသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ၏ အာရုံကို တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ အလျင်အမြန် စုစည်းလိုက်လေသည်။

နောက်တစ်ခဏတွင် တောင်စောင့်နတ်မင်း နတ်ကွန်း၏ မြင်ကွင်းသည် ပြန်လည် ပေါ်လာခဲ့လေ၏။

ဝက်ဝံညိုကြီးသည် ၎င်းနှင့် တူညီသော ရုပ်တုဆီသို့ ပြန်သွားပြီး လက်ဝါးကို မြှောက်ကာ ရုပ်တု၏ ခေါင်းကို ပုတ်လိုက်လေ၏။ ၎င်းမှာ သူ၏ ရုပ်တုအတွက် အလွန် ကျေနပ်နေပုံရလေသည်။

ထို့နောက် သူသည် နံ့သာပေါင်းဖိုဆီသို့ လျှောက်သွားကာ နံ့သာပေါင်းဖိုထဲမှ အမွှေးတိုင်ပြာ အချို့ကို ကော်ယူရန် ဝက်ဝံလက်ဝါးကို ဆန့်ထုတ်လိုက်ပြီး သွေးများ စီးကျနေဆဲဖြစ်သော ဒဏ်ရာပေါ်သို့ တိုက်ရိုက် ဖိကပ်လိုက်လေတော့သည်။

ရွှီပေါ်အန်းသည် မယုံနိုင်စွာဖြင့် စူးစိုက်ကြည့်နေခဲ့လေ၏။

*ဒီကောင် ဉာဏ်ကောင်းတာလား ဒါမှမဟုတ် တုံးအတာလား...။ တကယ်လို့ သူက ဉာဏ်ကောင်းတယ် ဆိုရင်တောင် အဲဒါက အတော်လေး တစ်ကိုယ်ရေသန့်ရှင်းမှု မရှိဘူးလို့ ထင်တယ်...။*

*အကယ်၍ သူ့ကို တုံးအတယ်လို့ ပြောမယ်ဆိုရင်လည်း ဒဏ်ရာပေါ်ကို အမွှေးတိုင်ပြာ သုတ်လိမ်းရ မယ်ဆိုတာကို သူ ဘယ်လိုလုပ် သိတာလဲ...။*

နောက်တစ်ခဏတွင် ရွှီပေါ်အန်းကို မှင်သက်သွားစေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့လေသည်။

ဝက်ဝံညိုကြီးသည် ရုတ်တရက် ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်လေ၏။

“ယားတယ်... ယားတယ်...။”

ထို့နောက် ဒဏ်ရာပေါ်မှ အမွှေးတိုင်ပြာ အချို့ ကွာကျသွားပြီး ယခင်က သွေးထွက်နေသော ဒဏ်ရာကို မတွေ့ရတော့ဘဲ အသစ်ပြန်ပေါက်လာသော နူးညံ့သည့် အရေပြား တစ်ကွက်ကို တွေ့လိုက်ရလေသည်။

ခေတ္တမျှ အော်ဟစ်ပြီးနောက် ဝက်ဝံညိုကြီးသည် သူ၏ ကိုယ်ပိုင် ရုပ်တုဘေးတွင် လှဲလျောင်းကာ ဟောက်သံများ ပေးပြီး အမှန်တကယ်ပင် အိပ်ပျော်သွားခဲ့လေတော့သည်။

ရွှီပေါ်အန်းမှာ ထိတ်လန့်သွားပြီး ကြက်သေသေနေခဲ့လေ၏။

*ဝိုး... *

*တကယ်ပဲ အလုပ်ဖြစ်တာလား...။*

*ဒါက လုံးဝ သိပ္ပံနည်း မကျဘူး...။*

*ဆုတောင်းပတ္ထနာပြုမှုနဲ့ ပူဇော်မှုတွေရဲ့ စွမ်းအားကို ကိုယ်စားပြုတဲ့ အမွှေးတိုင်ပြာတွေက အစွမ်းထက် နေတာများလား...။*

*တကယ်လို့ ဒီအရာကို အပြင်ထုတ်နိုင်မယ်ဆိုရင် အဲဒီ ယူနန်ပိုင်ယောင် ဆေးထက် အများကြီး ပိုပြီး အစွမ်းထက်မှာပဲ...။*

*ဒါက လုံးဝ အဖိုးတန် ရတနာပဲ...။*

ရွှီပေါ်အန်းသည် လက်လှမ်းကာ လက်ချောင်းနှစ်ချောင်းဖြင့် နံ့သာပေါင်းဖိုကို ညင်သာစွာ ညှစ်ယူလိုက် ပြီး သူ၏ လက်ချောင်းထိပ်များတွင် အမွှေးတိုင်ပြာ အချို့ကို စုဆောင်းလိုက်ခြင်းမှ မနေနိုင်အောင် ဖြစ်သွားခဲ့လေသည်။

ထို့နောက် သူ လက်ကို အပြင်ထုတ်ရန် ပြင်လိုက်စဉ် အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့ လေသည်။

ရွှီပေါ်အန်း လက်ကို မြှောက်လိုက်သည့် အခိုက်အတန့်တွင် အမွှေးတိုင်ပြာ အားလုံးသည် သူ၏ လက် ချောင်းထိပ်များမှ လျှောကျသွားပြီး အမှုန်အမွှား တစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။

ရွှီပေါ်အန်း ဝေခွဲမရ ဖြစ်သွားပြီး အမွှေးတိုင်ပြာ အချို့ကို အပြင်ထုတ်ရန် နောက်တစ်ကြိမ် လှမ်းယူ လိုက်သော်လည်း အခြေအနေမှာ ယခင်အတိုင်းပင် ဖြစ်နေလေ၏။

ဘွန်ဆိုင်းကမ္ဘာထဲမှ မည်သည့်အရာကိုမျှ အပြင်ထုတ်၍ မရသည့် အခြေအနေမျိုးကို ရွှီပေါ်အန်း ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်လေသည်။

ရွှီပေါ်အန်း ဝေခွဲမရ ဖြစ်သွားသဖြင့် အမွှေးတိုင်စားပွဲပေါ်ရှိ ပူဇော်ဖွယ်များထဲမှ သစ်သီးတစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်လေသည်။

ဤတစ်ကြိမ်တွင် အရာအားလုံး အဆင်ပြေသွားပြီး ရွှီပေါ်အန်း၏ လက်ထဲတွင် သစ်သီးတစ်လုံး ပေါ်လာကာ လျင်မြန်စွာ ကြီးထွားလာခဲ့လေသည်။

ထို့နောက် ရွှီပေါ်အန်းသည် ဘေးရှိ တောင်စောင့်နတ်မင်း နတ်ကွန်းတွင် ချထားသော ဆုတောင်းဖျာ ဟောင်း တစ်ချပ်ဖြင့် စမ်းသပ်ကြည့်လိုက်လေသည်

ပြဿနာ မရှိသေးပေ။ အရာအားလုံး အလွန် အဆင်ပြေချောမွေ့စွာ ပြီးဆုံးသွားပြီး အလွယ်တကူ အပြင်ထုတ်ကာ ပြန်လည် ထည့်သွင်းနိုင်ခဲ့လေသည်။

အကြောင်းအရင်းမသိရသော်လည်း အမွှေးတိုင်ပြာများကို သူ တကယ်ပဲ အပြင်ထုတ်လို့ မရဘူးဆိုသည် ကို ရွှီပေါ်အန်း အခု သေချာသွားခဲ့လေပြီ။

*နှမြောစရာပဲ...။*

*တကယ်လို့ ငါ ဒီအရာကို ထုတ်လုပ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ဘေးကင်းလုံခြုံမှုက တစ်စုံတစ်ရာ အာမခံချက် ရသွားမှာပဲ...။*

မည်သို့ပင်ဖြစ်စေ အသေးအဖွဲ ထိခိုက်ဒဏ်ရာ ရထားသူ မည်သူ့အတွက်မဆို ဤကဲ့သို့ အံ့ဖွယ် အကျိုး သက်ရောက်မှုများရှိသော အမွှေးတိုင်ပြာများ ရှိနေခြင်းမှာ အကာအကွယ် အဆောင်တစ်ခု ရှိနေသကဲ့ သို့ပင် ဖြစ်လေသည်။

*နှမြောစရာပါပဲ... ဒါပေမဲ့ ရောင့်ရဲတင်းတိမ်နိုင်သူတွေက အမြဲတမ်း ပျော်ရွှင်ရပါတယ်လေ...။*

*လူတိုင်းမှာ တစ်ခါတလေ နောင်တရစရာတွေ ရှိတတ်တာပဲလေ...။*

ရွှီပေါ်အန်းသည် အိပ်ပျော်နေသော ဝက်ဝံညိုကြီးကို ဖြတ်ခနဲ ကြည့်လိုက်ပြီး တိတ်တဆိတ် နောက်ဆုတ်သွားခဲ့လေသည်။

*ညနက်နေပြီမို့လို့ ငါ အိပ်သင့်ပြီ...။*

သူ ကုတင်ပေါ်သို့ ပြန်တက်ကာ စောင်ခြုံလိုက်သော်လည်း အိပ်မပျော်နိုင်ခဲ့ချေ။

နှမြောစရာကောင်းသော အံ့ဖွယ် အမွှေးတိုင်ပြာများ၊ ခွန်အားကြီးမားသော အဖြူရောင်အစင်းကျားကြီး၊ ဝက်ဝံညိုကြီးနှင့် ကျားတို့၏ တိုက်ပွဲ မြင်ကွင်းများဆီသို့ သူ၏ စိတ်က အမြဲတမ်း ရောက်သွားခဲ့လေ၏။

*ဝက်ဝံညိုကြီးရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိရင် သိပ်ကောင်းမှာပဲ...။*

ရွှီပေါ်အန်းက ၎င်းကို မတွေးဘဲ မနေနိုင်ခဲ့ချေ။

*တိုက်ဆိုင်မှုတစ်ခုအဖြစ် ငါ ရရှိခဲ့တဲ့ ဒီလက်အောက်ငယ်သားလေး တစ်ယောက်ပဲ ရှိတာ...။ ငါ သူ့ကို အရမ်း တန်ဖိုးထားတယ်...။ သူ ဒီလို မတော်တဆမှုမျိုး နောက်ထပ် မကြုံရပါစေနဲ့လို့ မျှော်လင့်ပါ တယ်...။*

နောက်တစ်ခဏတွင် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားသည် တုန်ယင်သွားခဲ့ လေသည်။

*ဟေး... ဒါက အလားအလာကောင်းပုံ ရတယ်နော်...။*

ရွှီပေါ်အန်းသည် တွေဝေမနေဘဲ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို စားသုံးရန် ရွေးချယ်လိုက်လေသည်။

တစ်ခဏအတွင်းမှာပင် ဝက်ဝံညိုကြီး၏ အရှိန်အဝါများ ပိုမို အားကောင်းလာသည်ကို ရွှီပေါ်အန်း အာရုံခံလိုက်မိလေ၏။

*တိုးတက်ဖို့ နေရာ ရှိသေးတာလား...။*

ရွှီပေါ်အန်း ဆက်လက် တွေးတောနေစဉ်မှာပင် အမွှေးတိုင် ပူဇော်မှု စွမ်းအားက နောက်တစ်ကြိမ် တုန်ယင်သွားပြန်လေသည်။

*ဘုရားရေ... ဒါက အောက်ခြေမရှိတဲ့ တွင်းနက်ကြီးပဲ...။*

သူ၏ အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများမှာ ယာယီ ကန့်သတ်ချက် ရှိနေကြောင်း သဘောပေါက်သဖြင့် ရွှီပေါ်အန်းသည် ဝက်ဝံညိုကြီးကို ဆက်လက် အဆင့်မြှင့်တင်ခြင်း မပြုတော့ချေ။

*အရှင်သခင်တစ်ယောက်အနေနဲ့ ငါ့ရဲ့ နေရာကို အရင်ဆုံး အဆင့်မြှင့်တင်တာက ပိုကောင်းလိမ့်မယ်...။*

နောက်တစ်ခဏတွင် ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား နှစ်ခုကို အသုံးပြုလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ယခင်ကထက် များစွာ ပိုမို အားကောင်းလာကြောင်း ချက်ချင်း ခံစားလိုက်ရ လေသည်။

*ငါ့ရဲ့ ဝမ်းဗိုက်အောက်ပိုင်းက အဆီတွေ တော်တော်လေး တင်းကျပ်လာသလိုပဲ....။*

ရွှီပေါ်အန်း လက်လှမ်းကာ စမ်းကြည့်လိုက်လေသည်။

*ဘုရားရေ... ။*

ယင်းမှာ တင်းကျပ်ရုံမျှ မကတော့ဘဲ ကြွက်သားများပင် ပေါ်လာသကဲ့သို့ ဖြစ်နေလေ၏။

ပို၍ အံ့အားသင့်စရာကောင်းသည်မှာ ဇီဝနာရီကြောင့် ဖြစ်ပေါ်လာသော ပင်ပန်းနွမ်းနယ်မှုနှင့် အိပ်ချင် စိတ်များမှာလည်း တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားခဲ့လေသည်။

*အင်း... ဒီအရာက တကယ်ကို အေးစက်ပြီး တစ်ညလုံး ငါ့ကို နိုးကြားနေစေတယ်...။*

*နောက်ထပ် အဆင့်မြှင့်တင်မှုတွေ လုပ်ရမယ်...။*

ရွှီပေါ်အန်းသည် ပြင်းထန်သော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်လေသည်။

နောက်တစ်ခဏတွင် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား လေးခုကို အမှန်တကယ် အသုံးပြုလိုက်လေသည်။

ရွှီပေါ်အန်းသည် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ၏ နှလုံးသားမှာ နာကျင်မှုကြောင့် အောင့်သွား ခဲ့လေသည်။

အဆိုးရွားဆုံး စိုးရိမ်မှုများက အမှန်တကယ် ဖြစ်လာခဲ့လေပြီ။ အဆင့်မြှင့်တင်မှု လမ်းကြောင်းကို အသုံးပြုလေလေ အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများက တဟုန်ထိုး တိုးပွားလာ လေလေ ဖြစ်ပေသည်။

*အဲဒီလိုဆိုရင် အလက်ဇန္ဒား... *

ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား ခုနစ်ခုကို ချက်ချင်း အသုံးပြုလိုက်ရာ နောက်တစ်ကြိမ် တိုးပွါးသွားခဲ့လေတော့၏။

သို့သော်လည်း အကျိုးကျေးဇူးများမှာလည်း သိသာထင်ရှားလှပေသည်။

ဤအချိန်တွင် ရွှီပေါ်အန်းသည် နွားသိုးတစ်ကောင်ကိုပင် လက်သီးတစ်ချက်တည်းဖြင့် ထိုးချနိုင်သည်ဟု ခံစားလိုက်ရလေသည်။

*အကယ်၍ ငါသာ နည်းနည်း ပိုသန်မာမည်ဆိုရင် ဘယ်လိုများ ဖြစ်နေမလဲဆိုတာ ငါ သိချင်လိုက် တာ...။*

အကြောင်းပြချက်မရှိဘဲ ရွှီပေါ်အန်း သက်ပြင်းချလိုက်လေ၏။

နောက်တစ်ခဏတွင် ထိတ်လန့်စရာ တစ်ခု ဖြစ်ပျက်သွားခဲ့သည်။ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်း ပတ္ထနာပြုမှု စွမ်းအားမှာ နောက်တစ်ကြိမ် အနည်းငယ် တုန်ယင်သွားပြန်လေ၏။

*ဒါကလား...။ ဒါက အလားအလာ ရှိတယ်လို့ ဆိုလိုတာလား...။*

*ငါ နားလည်မှုလွဲပြီး အမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု စွမ်းအားတွေက အဆမတန် အကန့်အသတ်မရှိ စားသုံးဖို့ မလိုတာများလား...။*

ရွှီပေါ်အန်းမှာ အတော်လေး ဝမ်းသာသွားပြီး အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို အသုံးပြုရန် အလျင်အမြန် သဘောတူလိုက်လေ၏။

နောက်တစ်ခဏတွင် အမွှေးတိုင် ပူဇော်မှု စွမ်းအား တုန်ယင်သွားခဲ့လေသည်။ ရွှီပေါ်အန်း ကြက်သေ သေသွားခဲ့လေ၏။

ဤတစ်ကြိမ် သူ သဘောတူပြီးနောက် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား အနည်းငယ်မျှသာ အသုံးပြုခဲ့ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားခဲ့လေသည်။

*ဘာတွေဖြစ်နေတာလဲ... ၁၊ ၂၊၄၊၁ ဆိုတဲ့ ပုံစံက ဆက်တိုက် လည်ပတ်ပြီး စားသုံးနေတာလား...။ ဒါက အရမ်း ထူးဆန်းတယ်... ဘယ်လို ပုံစံမျိုးလဲ...။*

မကြာမီ တစ်ခုခု မှားယွင်းနေကြောင်း ရွှီပေါ်အန်း သဘောပေါက်သွားခဲ့လေ၏။

*ဒါ မမှန်ဘူး...။*

*ငါ ဘာမှ ပိုသန်မာမလာဘူးလို့ ခံစားရတယ်...။*

*အဲဒါ ဘာကြောင့်လဲ...။*

အခန်း (၁၀၀)

တောင်စောင့်သုံးဆယ့်ခြောက်တူ

အမွှေးတိုင် ပူဇော်မှု စွမ်းအားကို အကုန်အသုံးပြုပြီး မကြာမီမှာပင် ရွှီပေါ်အန်း အိပ်ပျော်သွားခဲ့လေ သည်။

အချိန်အတော်ကြာ လေ့လာခဲ့သော်လည်း ဘာမှ မတွေ့ရှိရသဖြင့် ရွှီပေါ်အန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။

သူ၏ အိပ်မက်ထဲတွင် ရွှီပေါ်အန်းသည် ဝက်ဝံညိုကြီးနှင့် အဝါရောင်နှင့် အနက်ရောင် အစင်း ကျားကြီး တို့၏ တိုက်ပွဲကို ပြန်လည် မြင်တွေ့နေရသကဲ့သို့ ခံစားရလေ၏။

အဖြူရောင်အစင်းကျားကြီးက သူ၏ သားကောင်ကို မိုးကြိုးပစ်ချသကဲ့သို့ အရှိန်အဟုန်ဖြင့် အမဲလိုက် သည့် မြင်ကွင်းကိုလည်း ပြန်လည် မြင်တွေ့ခဲ့ရလေသည်။

ဤလုပ်ရပ်များသည် အကြိမ်ကြိမ် ထပ်ခါတလဲလဲ ဖြစ်ပေါ်နေပြီး အကြိမ်ပေါင်းများစွာ ပြန်လည် မြင်တွေ့နေရလေ၏။

တောင်များနှင့် သစ်တောများထဲတွင် မရေမတွက်နိုင်သော နွေဦး၊ နွေရာသီ၊ ဆောင်းဦးနှင့် ဆောင်းရာ သီတို့ ကုန်လွန်သွားသကဲ့သို့ပင်။

ဤလုပ်ရပ်၏ အဆင့်တစ်ဆင့်ချင်းစီကို ရွှီပေါ်အန်းက သေသေချာချာ မှတ်သားထားလိုက်လေ၏။

နောက်တစ်နေ့ နံနက်တွင် ရွှီပေါ်အန်းသည် တယ်လီဖုန်း မြည်သံကြောင့် နိုးလာခဲ့လေသည်။

တစ်ဝက်တစ်ပျက် အိပ်မောကျနေချိန်တွင် ရွှီပေါ်အန်းက ဖုန်းကို ဖြေလိုက်ရာ ဖုန်း၏ တစ်ဖက်စွန်းမှ ကြက်ဖကြီးကဲ့သို့ ကျယ်လောင်သော အသံကြောင့် လန့်ဖျပ်သွားခဲ့လေ၏။

“ဟေး... ရှောင်ရွှီ...၊ မင်း ဘာလို့ ကုမ္ပဏီကို မရောက်သေးတာလဲ...။”

ရွှီပေါ်အန်း ကြက်သေသေသွားခဲ့လေသည်။ သူ့ကို ဤကဲ့သို့ ဘယ်သူကများ အော်ဟစ်ရဲသနည်း။ ယင်း မှာ လုံးဝ ယုတ္တိမတန်ချေ။

အသံကို နားထောင်ကြည့်လျှင် အုပ်စု၏ သမိုင်းရုံးခန်းသို့ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် မကြာသေးမီ က ပြောင်းရွှေ့ခံရသော သူ၏ ရှေ့လုပ်ဖော်ကိုင်ဖက် အင်ဂျင်နီယာချုပ် လျှိုတုန်းဝမ် နှင့် တူနေလေ၏။

*မင်း ငါ့ကို နောက်နေတာလား...။ မင်းက သာမန် ဌာနတစ်ခုက ဘာမှမဟုတ်တဲ့ အကောင်တစ်ကောင် ပဲ...။ ပြီးတော့ ဘေးဖယ်ထားခံရတဲ့သူလေ...။ သူက ဘယ်လိုလုပ်ပြီး ငါ့ကို ဒီလိုမျိုး ပြောရဲရတာလဲ...။*

*သူ ရူးသွားပြီလား...။*

ရွှီပေါ်အန်းသည် သူ၏ အကျင့်ဆိုးကို သည်းမခံနိုင်တော့ဘဲ စိတ်မရှည်စွာဖြင့် နှာခေါင်းရှုံ့ကာ လှောင် ပြောင်လျက် ပြောလိုက်လေသည်။

“ဟက်... ခင်ဗျားက အထွေထွေမန်နေဂျာလျှို ဖြစ်ရမယ်...။”

ဖုန်းခေါ်ဆိုမှုကြောင့်လားတော့ မသိ၊ တစ်ဖက်လူက ရွှီပေါ်အန်း၏ သရော်လှောင်ပြောင်သော လေသံကို သတိမပြုမိခဲ့ချေ။

ယင်းအစား သူက ပို၍ မောက်မာပြီး အာဏာပါသော လေသံဖြင့် ပြန်လည် ပြောဆိုလိုက်လေ၏။

“ဟွန့်... ဒီလိုမှပေါ့... ငါ့အသံကို မင်း မှတ်မိတာ မဆိုးပါဘူး...။ မင်းကို လေ့ကျင့်ပေးဖို့ ငါ ကြိုးစားအား ထုတ်ခဲ့ရသမျှတွေ တန်ပါတယ်လေ...။”

ရွှီပေါ်အန်းက မျက်တောင်ခတ်လိုက်ပြီး လုံးဝ နိုးကြားသွားခဲ့လေသည်။

*ငါ့ကို လေ့ကျင့်ပေးခဲ့တယ် ဟုတ်လား...။*

*လျှိုတုန်းဝမ်... *

*ငါ ဒီလိုဖြစ်လာတာ မင်းအမေနဲ့ မင်းရဲ့ စတုတ္ထမြောက် ဦးလေးရဲ့ ပြုစုပျိုးထောင်မှုကြောင့်ကွ...။*

*မင်းနဲ့ ဟယ်ချန်က ညစ်ပတ်တဲ့ လူယုတ်မာ နှစ်ကောင်ပဲ...။ မြွေနဲ့ ကြွက်တွေ နေတဲ့ တွင်းလိုပဲ...၊ မင်းတို့ထဲက တစ်ယောက်က လူဆိုးလုပ်ပြီး လူတွေကို တွင်းတူးချောက်ချဖို့ အမြဲကြိုးစားတယ်... ။ အခြားတစ်ယောက်က လူကောင်းလုပ်ပြီး အခြေအနေကို ပြေလည်အောင် ဖြေရှင်းပေးဖို့ အထူးပြု တယ်...။*

*ပြီးတော့ ငါ့ကို လေ့ကျင့်ပေးခဲ့တယ်လို့ မင်းက ပြောရဲသေးတယ်ပေါ့လေ...။*

ရွှီပေါ်အန်း ကျိန်ဆဲရန် ပြင်လိုက်စဉ် တစ်ဖက်မှ အသံ ထပ်မံ ထွက်ပေါ်လာခဲ့လေ၏။

“ဟေး ရွှီ...၊ ငါ့ဖုန်းက ရေထဲ ပြုတ်ကျသွားလို့... ကိစ္စက အရေးကြီးနေလို့ သူငယ်ချင်းတစ်ယောက်ရဲ့ ဖုန်းကနေ ငါ မင်းကို ဆက်လိုက်တာ...။”

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်း အတော်လေး အံ့အားသင့်သွားခဲ့လေသည်။ သူသည် ဖုန်းကို မျက်လုံးရှေ့သို့ အလိုအလျောက် မြှောက်ကာ သေချာကြည့်လိုက်ရာ ခေါ်ဆိုသူ၏ နံပါတ်မှာ သူ တစ်ခါမှ မမြင်ဖူးသော သူစိမ်းနံပါတ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေ၏။

ပို၍ ရယ်စရာကောင်းသည်မှာ ဖုန်းနံပါတ်၏ အောက်တွင် အနီရောင် စာသားတစ်ကြောင်း ရှိနေခြင်းပင် ဖြစ်လေသည်။

“လူပေါင်း (၁,၀၂၅) ဦးက ၎င်းကို အနှောင့်အယှက်ပေးခြင်းနှင့် လိမ်လည်လှည့်ဖြားသော ဖုန်းခေါ်ဆို မှုအဖြစ် အမှတ်အသား ပြုလုပ်ထားပါသည်...”

*ရေထဲ ပြုတ်ကျသွားလို့တဲ့လား...။*

ရွှီပေါ်အန်းသည် အသံထွက်၍ ကျိန်ဆဲတော့မတတ် ဖြစ်သွားခဲ့လေ၏။

*ဒါဆို ငါ မင်းနဲ့ စကားပြောနေတဲ့ အချိန်တွေအားလုံးက အလကား ဖြစ်သွားတာပေါ့...။*

*ငါတို့ ဒီအထိ ရောက်လာပြီးမှတော့ ဒီကိစ္စကို ထူးခြားတဲ့ အရာတစ်ခုနဲ့ အဆုံးသတ်လိုက်ကြတာ ပေါ့...။*

“အို... အထွေထွေမန်နေဂျာလျှို... ခင်ဗျားက သဘောကောင်းလွန်းပါတယ်...။ ညွှန်ကြားစရာ ရှိတာ ပြောပါ...။”

“အော်... ဒီလိုလား...။”

တစ်ဖက်လူက ဆက်မပြောနိုင်မီမှာပင် ရွှီပေါ်အန်းက ကျယ်လောင်စွာ ဝင်ပြောလိုက်လေသည်။

“အော်... ဒါနဲ့ စကားမစပ် အထွေထွေမန်နေဂျာလျှို...။ ခင်ဗျား အမေရဲ့ ရောဂါက သက်သာလာပြီလား... ။ ကျွန်တော် သူ့ဆီ လာလည်မယ်လို့ ပြောနေပေမယ့် အလုပ်ကိစ္စနဲ့ ခရီးတွေ ထွက်နေရလို့ မအား ဖြစ်နေတာ...။ ဒီလိုလုပ်ပါ... ကျွန်တော့်ရဲ့ ကျေးဇူးတင်စကား အနေနဲ့ ငွေနည်းနည်းလောက် လွှဲပေး လိုက်ပါ့မယ်...။”

တစ်ဖက်လူမှာ ခေတ္တမျှ မှင်သက်သွားပြီးနောက် အလွန်အမင်း ဝမ်းသာသွားကာ ပြောလိုက်လေ၏။

“အို... ရှောင်ရွှီ... မင်းက တကယ်ကို ကိုယ်ချင်းစာတရား ရှိတာပဲ...။ ငါ မင်းကို ဒီကိစ္စ ပြောပြတော့မလို့... ၊ ဆရာဝန်က ငါ့အမေကို အရေးပေါ် ခွဲစိတ်ဖို့ လိုတယ်လို့ ပြောတယ်...။ ပြီးတော့ အရေးပေါ်အတွက် ယွမ် တစ်သိန်းလောက် လိုနေတယ်...။ တကယ်လို့ မင်းအတွက် အဆင်ပြေမယ်ဆိုရင် ငါ့ရဲ့ ဘဏ် ကတ်ထဲကို ငွေလွှဲပေးလို့ ရမလား...။ နောက်လ ငွေနည်းနည်း ရလာရင် မင်းကို ပြန်ဆပ်ပါ့မယ်...။”

ရွှီပေါ်အန်းက မကောင်းဆိုးဝါး ဆန်ဆန် ရယ်မောလိုက်ပြီး လှောင်ပြောင်လိုက်လေသည်။

“ဟင်... ခွဲစိတ်ရမယ်...။ ပြီးခဲ့တဲ့အကြိမ်တုန်းက မင်းပြောတာက မင်းအမေမှာ ရောဂါတစ်ခုရှိလို့ အတွင်းကလီစာ ငါးခုလုံးဖြစ်တဲ့ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နဲ့ ကျောက်ကပ်တွေ အားလုံး ပျက်စီးသွားပြီလို့ ပြောတယ် မဟုတ်လား...။ ပြီးတော့ သူမရဲ့ ကိုယ်ချင်းစာတရားကို ခွေးတွေ စားသွား လို့ သူမကို ကယ်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ပြောတယ် မဟုတ်လား...။ ဘာလို့ ခွဲစိတ်ဖို့ လိုနေသေးတာ လဲ...။”

တစ်ဖက်လူမှာ ရွှီပေါ်အန်း၏ စကားများကြောင့် အလွန်အမင်း မှင်သက်သွားပြီးနောက် ရွှီပေါ်အန်း၏ လှည့်စားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့လေတော့သည်။

သူ ပါးစပ်ဖွင့်ကာ “တောက်” ဆိုသည့် စကားတစ်ခွန်းသာ ပြောနိုင်လိုက်ချိန်တွင် ရွှီပေါ်အန်းက ချက်ချင်းပင် ဖုန်းချလိုက်လေတော့သည်။

လိမ်လည်သူကို လှောင်ပြောင်လိုက်ရသဖြင့် ရွှီပေါ်အန်း၏ စိတ်အခြေအနေမှာ အလွန် ကောင်းမွန်သွား ခဲ့ပြီး သွက်လက်သော လှုပ်ရှားမှုဖြင့် ထထိုင်လိုက်လေ၏။

ကုတင်ပေါ်မှဆင်းကာ ဖိနပ်စီးရန် ပြင်လိုက်စဉ်မှာပင် ရွှီပေါ်အန်း ကြက်သေသေသွားခဲ့လေသည်။

*ငါ ခုလေးတင် ဘာလုပ်လိုက်တာလဲ...။*

*ငါးကြင်းတစ်ကောင်က သူ့အရေခွံထဲကနေ ခုန်ထွက်လာသလိုမျိုးလား...။*

*ဝိုး... *

*ငါ့မှာ ခါးဆစ်ရိုး ကျွံတဲ့ ရောဂါရှိတာပဲ...။ ငါ ဘယ်လိုလုပ်ပြီး ခါးကို မတ်မတ် ထားနိုင်မှာလဲ...။*

*အော်... ဟုတ်သားပဲ...။ မနေ့က ငါ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်အောင် လုပ်ခဲ့တယ်လေ...။*

*ဒါ မဟုတ်သေးဘူး...။*

*ငါ ခန္ဓာကိုယ်ကို သန်မာအောင် လုပ်ခဲ့တာ မှန်ပေမယ့် အဲဒီ လှုပ်ရှားမှုရဲ့ မှတ်ဉာဏ်က ငါ့ရဲ့ ကြွက်သား တွေထဲမှာ အချိန်အတော်ကြာ ကိန်းအောင်းနေခဲ့သလို ခံစားရတယ်...။*

ယင်းကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သူ၏ စိတ်ထဲတွင် ဗဟုသုတ အမြောက်အမြား ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။

ဤမှတ်ဉာဏ်များမှာ မယုံနိုင်လောက်အောင် ရှုပ်ထွေးလှသော်လည်း အထင်ရှားဆုံး အင်္ဂါရပ်မှာ ထူးဆန်းသော စာလုံးအချို့ပင် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ဤစာလုံးများကို မမှတ်မိပုံရသော်လည်း ၎င်းတို့၏ အဓိပ္ပာယ်ကိုမူ ရှင်းလင်းစွာ နားလည်နေခဲ့လေ၏။

*တောင်စောင့်သုံးဆယ့်ခြောက်တူ...။*

*ဟင်... *

*နာမည်က တော်တော်လေး အဆင့်မြင့်ပုံ ရတယ်နော်...။ ဒါက အံ့ဖွယ် ပညာရပ် တစ်မျိုးများလား...။*

*နတ်ဘုရားလက်နက် လား...။*

*ဝိုး... ဒါက ငါ့ကို တကယ်ပဲ စိတ်လှုပ်ရှားစေတယ်...။*

ရွှီပေါ်အန်းသည် ဆက်လက် ဖတ်ရှုလိုက်ရာ ၎င်း၏နောက်ကွယ်ရှိ အဓိပ္ပာယ်ကို တဖြည်းဖြည်း နားလည်လာခဲ့လေ၏။

တောင်စောင့်သုံးဆယ့်ခြောက်တူ...။ ၎င်းကို တောင်စောင့်သုံးဆယ့်ခြောက်နည်း ဟုလည်း ခေါ်ဆိုကြ လေသည်။

၎င်းသည် တောင်စောင့်နတ်မင်း၏ မှတ်ဉာဏ်မှတစ်ဆင့် လက်ဆင့်ကမ်းပေးသော ပထမဆုံး သိုင်းပညာရပ်များထဲမှ တစ်ခု ဖြစ်လေသည်။

၎င်းသည် တောင်တန်းများနှင့် သစ်တောများထဲရှိ တိရစ္ဆာန် (၃၆) မျိုး၏ အားသာချက်များနှင့် ကျွမ်းကျင် မှုများကို အခြေခံထားပြီး မြေပြိုခြင်း၊ မြေကြီးအက်ကွဲခြင်း၊ နေရောင်ခြည်နှင့် ပြင်းထန်သော လေတိုက် ခတ်ခြင်း ကဲ့သို့သော တောင်တန်းများနှင့် သစ်တောများရှိ သဘာဝ ဖြစ်စဉ်များနှင့် ပေါင်းစပ်ကာ အကျဉ်းချုံးပြီး သန့်စင်ထားသော သိုင်းပညာရပ်တစ်ခု ဖြစ်လေ၏။

ဤသိုင်းပညာကို ကျွမ်းကျင်ပြီးနောက် အံ့မခန်း တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်လာရုံသာမက မိမိ၏ လက်သီးများကို သံတူများကဲ့သို့ မာကျောလာစေရန်လည်း လေ့ကျင့်နိုင်သောကြောင့် တောင်စောင့် သုံးဆယ့်ခြောက်တူ ဟု အမည်တွင်ခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်းသည် မနေ့က ဝက်ဝံနှင့် ကျားတို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရပြီး ၎င်းက ဝက်ဝံနှင့် ကျားတို့၏ တိုက်ခိုက်ရေး ပညာရပ်များ လက်ဆင့်ကမ်းမှုအပေါ် သူ၏ အာရုံခံနိုင်စွမ်းကို နှိုးဆွပေးခဲ့လေ၏။

ထို့နောက် ထိုအမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား အနည်းငယ်ကို အသုံးပြုလိုက် ချိန်တွင် လန်တောင်တန်း၏ သုံးဆယ့်ခြောက်လက်သီးမှ ကျားပုံစံနှင့် ဝက်ဝံပုံစံတို့ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့လေသည်။

ကျားပုံစံ တိုက်ခိုက်ရေးဆိုသည်မှာ သားရဲတို့၏ ဘုရင်ဖြစ်သော တောတွင်းကျား၏ အင်အား၊ သူ၏ အမွေးများကို ခါရမ်းလိုက်သည့် စွမ်းအား၊ သူ၏ အမဲလိုက်နိုင်စွမ်းနှင့် တောင်စမ်းချောင်းများကို ဖြတ်ကျော်ခုန်နိုင်သော သူ၏ မွေးရာပါ စွမ်းရည်တို့ကို တောင်တန်းများ၊ သစ်တောများ၏ မြေမျက်နှာ သွင်ပြင်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်များနှင့် ပေါင်းစပ်ကာ လေ့လာခြင်းဖြင့် သန့်စင်ထားသော နည်းစနစ်တစ်ခု ဖြစ်လေသည်။

ဝက်ဝံပုံစံ တိုက်ခိုက်ရေးနည်းလမ်းဆိုသည်မှာ ဝက်ဝံများ၏ တိုက်ခိုက်ရေးနည်းလမ်းများနှင့် ကျွမ်းကျင် မှု အမျိုးမျိုးမှ ဆင်းသက်လာသော သိုင်းပညာရပ်များနှင့် ကျွမ်းကျင်သော အသုံးချနည်းလမ်းများ ဖြစ် ပြီး ၎င်းတို့၏ ခွန်အားနှင့် ကြီးကျယ်ခမ်းနားကာ လွှမ်းမိုးနိုင်သော အရှိန်အဝါတို့နှင့် ပေါင်းစပ်ထားလေ သည်။

သူ၏ စိတ်ထဲတွင် ရှင်းလင်းနေပြီးဖြစ်သော တောင်စောင့်သုံးဆယ့်ခြောက်တူမှ “ကျားပုံစံ” နှင့် “ဝက်ဝံ ပုံစံ” တို့၏ လှုပ်ရှားမှုများကို သေချာစွာ ကြည့်ရှုလိုက်သောအခါ ရွှီပေါ်အန်းသည် တစ်ခဏအတွင်းမှာ ပင် သဘောပေါက် နားလည်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် ရွှီပေါ်အန်းသည် ဧရာမ ဝက်ဝံကြီးတစ်ကောင်နှင့် ကြမ်းတမ်းသော ကျားတစ် ကောင်အဖြစ် အသွင်ပြောင်းသွားကာ တောင်များနှင့် သစ်တောများထဲတွင် ဟိန်းဟောက်နေသကဲ့သို့ ခံစားလိုက်ရလေသည်။

*ရှေ့နောက်၊ မင်းက တိုက်ခိုက်ပြီး ငါက ပြန်တိုက်ခိုက်တယ်...။ လက်နှစ်ဖက်စလုံးကို တစ်ပြိုင်နက် တည်း သုံးပြီး တိုက်ခိုက်နေသလိုပဲ...။ အပြန်အလှန် ရှုထောင့်ကနေ ကျားနဲ့ ဝက်ဝံတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ တိုက်ကွက်တွေကို ငါ့ရဲ့ စိတ်ထဲမှာ ခိုင်ခိုင်မာမာ ရိုက်နှိပ်ထားတယ်...။*

“ကျားတစ်ကောင်...၊ သူ့ရဲ့ သားကောင်ကို အမဲလိုက်နေသလိုပဲ...။”

ရွှီပေါ်အန်းသည် သူ၏ စိတ်ထဲတွင် ကျား၏ လှုပ်ရှားမှုများကို အတုယူကာ ခြေနှစ်ဖက်ဖြင့် နောက်သို့ ကန်လိုက်လေသည်။ နောက်တစ်ခဏတွင် သူ လေထဲသို့ ပျံတက်သွားသကဲ့သို့ ခံစားလိုက်ရလေ၏။

သူ ပြန်လည် ဆင်းသက်လာသောအခါ ရှစ်မီတာအကွာရှိ အိပ်ခန်း လသာဆောင်တွင် ရောက်ရှိနေ ကြောင်း သူ တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်းသည် အင်အား အနည်းငယ်သာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ထိုသို့မဟုတ်ပါက ပြတင်း ပေါက်ကို ဝင်တိုက်မိမည် ဖြစ်လေသည်။

ထို့အပြင် အကယ်၍ ဗီလာကိုသာ အမြင့်သို့ မြှင့်တင်မထားပါက သူ လေထဲသို့ ပျံတက်သွားချိန်တွင် ခေါင်မိုးကို ဝင်တိုက်မိမည် ဖြစ်လေသည်။

ရွှီပေါ်အန်း မျက်တောင်ခတ်လိုက်ပြီး သူ ယခုလေးတင် ခုန်တက်ခဲ့သော နေရာကို စူးစိုက်ကြည့်ကာ မယုံနိုင်စရာ ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

အမျိုးသား အလျားခုန်ပြိုင်ပွဲ၏ လက်ရှိ ကမ္ဘာ့စံချိန်မှာ ကိုးမီတာထက် မပိုကြောင်း မှတ်သားထား သင့်ပေသည်။ ယင်းမှာပင် အပြေးအဟုန်ဖြင့် ခုန်ရခြင်း ဖြစ်လေ၏။

*ပြီးတော့ ငါက မတ်တတ်ရပ်ပြီး အလျားခုန်ရုံနဲ့ ကမ္ဘာ့စံချိန်ကို ချိုးတော့မလို့ ဖြစ်သွားခဲ့တာပဲ...။*

*ဘာပဲဖြစ်ဖြစ် ဒီအရာက တကယ့်ကို... မယုံနိုင်စရာပဲ...။*

ထိုစဉ် ရွှီပေါ်အန်း၏ ဖုန်းမြည်လာခဲ့လေသည်။

“ဒုက္ခပါပဲ အင်ဂျင်နီယာချုပ်ရွှီ... ပြဿနာကြီးတစ်ခု ဖြစ်နေပြီ...။ မြို့ဟောင်း စက်ရုံလမ်း စီမံကိန်း နေရာမှာ သမိုင်းဝင် အမွေအနှစ်တွေ တူးဖော်တွေ့ရှိခဲ့ရတယ်...။ ကျွန်တော်တို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကို ရပ်နားရလိမ့်မယ် ထင်တယ်...။”

All Chapters