← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉)

ဒါကို အချစ်ရူးလို့ ခေါ်တာလား

ဇာတ်ညွှန်း ပြီးသောအခါ နောက်တစ်ဆင့်မှာ သရုပ်ဆောင်များ ရှာဖွေရန် ဖြစ်သည်။

နောက်တစ်နေ့မနက် နံနက်စာစားပြီးနောက် ယဲ့ယီ နန်ချင်ဝမ်ကို ဆက်သွယ်လိုက်သည်။

နန်ချင်ဝမ်သည် လွန်ခဲ့သော နှစ်ရက်တာအတွင်း ယဲ့ယီအတွက် အလွန်စိုးရိမ်နေခဲ့သည်။ ယဲ့ယီ အတိုက်အခံများ၏ ဖိအားကို မခံနိုင်မှာ ကြောက်နေခဲ့၏။ ယဲ့ယီကို မြင်သည်နှင့် သူမသည် စိုးရိမ်တကြီး မေးလိုက်သည်။

“ရှောင်ယီ အဆင်ပြေရဲ့လား”

ယဲ့ယီ ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ ဒီလောက် ဖိအားလောက်ကိုတော့ ကျွန်မခံနိုင်ပါတယ်။ အဲဒါတင်မကသေးဘူး၊ ဒါက အခမဲ့ ကြော်ငြာပဲလေ ကျွန်မတော့ အရမ်းဝမ်းသာတယ်”

အွန်လိုင်းပေါ်မှ အခြေအနေကို တွေးမိသဖြင့် နန်ချင်ဝမ် သံသယဖြင့် ထပ်မေးလိုက်သည်။

“ရှောင်ယီ ညီမ တကယ်ပဲ သည်းထိတ်ရင်ဖို ရုပ်ရှင်ရိုက်ဖို့ စီစဉ်နေတာလား။ ကုမ္ပဏီအနေနဲ့ အနာဂတ်မှာ ရုပ်ရှင်တွေ ထုတ်ဖို့ သေချာပေမဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် ရိုက်ကူးရင် ခက်ခဲမှုက အလွန်မြင့်တယ်နော်။ ပထမဆုံး ပရောဂျက်အဖြစ် သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ရိုက်မယ်ဆိုရင်၊ အောင်မြင်သွားရင်တော့ အဆင်ပြေပေမယ့် ကျရှုံးသွားရင်တော့ ကုမ္ပဏီရဲ့ ဂုဏ်သတင်းအတွက် မကောင်းဘူး။ ပြီးတော့ အစ်မသိတဲ့ ဇာတ်ညွှန်းရေးဆရာတွေထဲမှာ သည်းထိတ်ရင်ဖို ဇာတ်ညွှန်း လက်ထဲမှာ ဘယ်သူမှ မရှိကြဘူး။ သည်းထိတ်ရင်ဖို ဇာတ်ညွှန်းဆိုတာ တကယ်ရှာရခက်တယ်”

ယဲ့ယီက ဇာတ်ညွှန်းကို နန်ချင်ဝမ်လက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီဇာတ်ညွှန်းကို ကြည့်လိုက်ပါ။ ရုပ်ရှင်ရိုက်ဖို့အကြောင်း စိတ်မပူနဲ့၊ ဒီဒရာမာက ထွက်တာနဲ့ သေချာပေါက် အောင်မြင်လိမ့်မယ်”

ယဲ့ယီ ဝင့်ကြွားနေခြင်းမဟုတ်ပေ။ ဘဝဟောင်းတုန်းက သူမသည် ဖျော်ဖြေရေးလောကတွင် နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသူဖြစ်သောကြောင့် ဘယ်လိုရုပ်ရှင်မျိုးကို ရိုက်လျှင် အောင်မြင်မည်၊ ဘယ်လိုရိုက်လျှင် မအောင်မြင်မည်ကို ဟိုးကတည်းက သိနေပြီသားဖြစ်သည်။

နန်ချင်ဝမ် ဇာတ်ညွှန်းကို သေချာစွာ ဖတ်ရှုလေသည်။ ပြီးသွားသောအခါ သူမ မျက်လုံးထဲက အံ့အားသင့်မှုများကို ဖုံးကွယ်မထားနိုင်တော့ဘဲ စိတ်လှုပ်ရှားစွာ ယဲ့ယီ၏ လက်ကို လှမ်းဆွဲပြီး ပြောလိုက်တော့သည်။

“ရှောင်ယီ၊မြန်မြန်ပြောပြစမ်း၊ ဒီဇာတ်ညွှန်းကို ဘယ်သူရေးတာလဲ။ သူ့ကို အစ်မတို့ကုမ္ပဏီအတွက် ခေါ်ထားနိုင်ရင်၊ အနာဂတ်မှာ ဇာတ်ညွှန်းမရှိလို့ စိတ်ပူစရာ မလိုတော့ဘူး။ ဒီဇာတ်ညွှန်းက အရမ်းကောင်းတယ်၊ ကောင်းကောင်းရိုက်နိုင်ရင် ဆုတွေ သိမ်းနိုင်တယ်”

ယဲ့ယီ ချောင်းတစ်ချက်ဟန့်လိုက်ပြီး နည်းနည်း ရှက်ရွံ့စွာဖြင့် ဖြေလိုက်သည်။

“ဒီဇာတ်ညွှန်းကို ကျွန်မကိုယ်တိုင် ရေးထားတာ”

နန်ချင်ဝမ် အစပိုင်းတွင် မတုံ့ပြန်နိုင်ခဲ့ပေ။

“ညီမရေးတာလား...”

နောက်တစ်ခဏတွင် သူမကြားလိုက်ရသည့်စကားကို သိရှိသွားပြီး အော်ပြောလိုက်သည်။

“ဟင်..ညီမရေးတာလား”

ယဲ့ယီ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ မနေ့ညက တစ်ညလုံး ရေးထားတာ”

နန်ချင်ဝမ် မျက်လုံးပြူးသွားသည်။

“ညီမပြောတာက ဒီဇာတ်ညွှန်းကို တစ်ညထဲနဲ့ ရေးပြီးတာလား”

နန်ချင်ဝမ်မှာ သူမ နားကြားလွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

‘ဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းကို တစ်ညထဲနဲ့ ရေးပြီးတာလား’

နန်ချင်ဝမ် ယဲ့ယီကိုကြည့်ပြီး အလေးအနက် ပြောလိုက်သည်။

“ရှောင်ယီ အမှန်အတိုင်းပြော၊ ညီမအရင်က ဇာတ်ညွှန်းရေးဆရာအဖြစ် လျှို့ဝှက်လုပ်ဖူးလား”

ယဲ့ယီ ရိုးသားစွာ ဖြေလိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မအမြဲတမ်း သရုပ်ဆောင်ပညာကို လေ့လာခဲ့တယ်လေ”

နန်ချင်ဝမ် အလွန်အမင်း စိတ်ဓာတ်ကျသွားသည်။

‘ပရော်ဖက်ရှင်နယ်မဟုတ်သူရေးတဲ့ ဇာတ်ညွှန်းက ပရော်ဖက်ရှင်နယ်တစ်ယောက်ရေးတာထက် ပိုကောင်းနေတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်ပါ့မလဲ’

အမှန်တကယ်တွင် ယဲ့ယီ ဇာတ်ညွှန်းရေးနိုင်ရခြင်း၏ အဓိကအကြောင်းရင်းမှာ သူမ ဘဝဟောင်းတွင် ဇာတ်ညွှန်းများစွာကို ကြည့်ခဲ့ရခြင်းကြောင့် ဖြစ်သည်။ ဤမျှများပြားစွာ ကြည့်ခဲ့ရသူဖြစ်သောကြောင့် မည်သို့ရေးရမည်ကို သူ့အလိုလိုသိရှိနေခြင်း ဖြစ်သည်။

ယခုအခါ နန်ချင်ဝမ် အွန်လိုင်းတွင် ယဲ့ယီအပေါ် ဝေဖန်နေကြသည့် အချစ်ရူးဆိုသည့် စကားမှာ လုံးဝအဓိပ္ပာယ်မဲ့သည်ဟု ခံစားမိလာသည်။ သူမသည် ဖျော်ဖြေရေးလောက၏ အလှပန်းအိုး၊ စိတ်တိုတတ်သူ၊ ဝါရင့်များကို မရိုမသေပြုသူ စသည့် စွပ်စွဲချက်များသည် အတော်လေး ယုတ္တိမဲ့သည်ဟု ထင်မြင်မိသည်။ သူမ သရုပ်ဆောင်စွမ်းရည်ကို မသိရသေးသော်လည်း ကောလဟာလများမှာ အမှားများသာ ဖြစ်သည်။

နန်ချင်ဝမ် ဤတစ်ကြိမ်တွင် သူမ အမှန်တကယ် လူရွေးမမှားကြောင်း ခံစားလိုက်ရသည်။ သို့သော် ယခု ဇာတ်ညွှန်းရှိပြီဆိုသော်လည်း သရုပ်ဆောင်များနှင့် ထောက်ပံ့ကူညီသူများမှာ ရှားပါးနေဆဲပင်။

“ရှောင်ယီ၊ အခု သရုပ်ဆောင်တွေရှာဖို့ မလွယ်ဘူး။ ဟိုင်ထျန်ဖျော်ဖြေရေးက ဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်မဲ့ ဘယ်သရုပ်ဆောင်မဆို သူတို့ကို ဆန့်ကျင်တယ်လို့ သီးသန့်ကြေငြာထားတယ်။ ထောက်ပံ့ကူညီသူတွေရှာဖို့လည်း မလွယ်ဘူးလို့ ထင်တယ်”

ယဲ့ယီ ဤအချက်များအတွက် မအံ့ဩပေ။ ဟိုင်ထျန်ဖျော်ဖြေရေးက သူမကို ချောက်ထဲမချမှသာ ထူးဆန်းစရာ ကောင်းလိမ့်မည်။ သူမ နှစ်သိမ့်ကာ ပြန်ပြောလိုက်သည်။

“သရုပ်ဆောင်တွေအတွက် စိတ်မပူပါနဲ့၊ ကျွန်မမှာ ဧည့်သည်အဖြစ် သရုပ်ဆောင်ဖို့ လူနှစ်ယောက် ရှာပြီးပြီ။ ခေါင်းဆောင်မင်းသားအတွက်ဆိုရင် ကျွန်မတို့ကုမ္ပဏီမှာ ရှိပြီးသားမဟုတ်လား”

နန်ချင်ဝမ် ယဲ့ယီ ကိုကြည့်လိုက်သည်။

“ညီမပြောတာ ကျီချန်ဖန်ကိုလား”

ကျီချန်ဖန် တစ်ချိန်က အကောင်းဆုံးမင်းသားဆုကို ရရှိခဲ့ဖူးသည်။ ယခု သိပ်ပြီး လူကြိုက်မများရခြင်းမှာ အဓိကအားဖြင့် သူသည် အလွန်ပျင်းရိခြင်းကြောင့်ဖြစ်သည်။ အကောင်းဆုံးမင်းသားဆုရပြီးနောက် သူ အငြိမ်းစားဘဝမျိုး စတင်နေထိုင်ခဲ့ပြီး မိမိကိုယ်ကို မြှင့်တင်နည်းကို လုံးဝမသိခဲ့ပေ။

ကျီချန်ဖန် အနေဖြင့် ဤအရာကို လက်ခံလိမ့်မည်ဟု သူမ မထင်ပေ။

“ရှောင်ယီ မင်းသားကျီက လက်ခံမယ်လို့ အစ်မ မထင်ဘူး”

ယဲ့ယီ အရင်းရှင်တစ်ယောက်၏ အပြုံးမျိုးဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်သည်။

“အဲဒါ သူ့အလိုမဟုတ်ပါဘူး။ ကုမ္ပဏီဝန်ထမ်းတစ်ယောက်အနေနဲ့ ကုမ္ပဏီအတွက် သူ လုပ်ပေးရမှာပဲလေ”

နန်ချင်ဝမ် ယဲ့ယီကို စိတ်ပျက်အောင် မလုပ်ချင်သောကြောင့် အကြောင်းအရာကို ပြောင်းလိုက်သည်။

“ဒါဆို ညီမပြောခဲ့တဲ့ ဧည့်သည်သရုပ်ဆောင်တွေက ဘယ်သူတွေလဲ”

ယဲ့ယီ ရေတစ်ကျိုက်သောက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

“ကုရှီချန်းနဲ့ ကုစဲ့”

နန်ချင်ဝမ်သည် နောက်တစ်ကြိမ် ထိတ်လန့်သွားပြန်သည်။

“ညီမပြောတာ ကုဉက္ကဌလား ဧည့်သည်အဖြစ် သရုပ်ဆောင်မှာက”

ယဲ့ယီ ပြဿနာမှမရှိဟု မြင်သည်။

“ဟုတ်တယ်လေ”

နန်ချင်ဝမ် ယနေ့တွင် ယဲ့ယီကြောင့် အကြိမ်ကြိမ် ထိတ်လန့်သွားခဲ့ရသည်။ ဂုဏ်သိက္ခာကြီးမားလှသော ကုကော်ပိုရေးရှင်း၏ ဥက္ကဌကြီးသည် သူတို့ရုပ်ရှင်တွင် ဧည့်သည်အဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။ ဤသတင်းသာ ပြန့်သွားမည်ဆိုပါက ရုပ်ရှင်လောက၏ အတွင်းရောအပြင်လူများပါမကျန် လန့်ဖျပ်သွားကြလိမ်မည်။

ယဲ့ယီ ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။

“ထောက်ပံ့ကူညီသူအတွက်လည်း အစ်မ စိတ်ပူစရာမလိုဘူးနော်။ ကုရှီချန်းက ဆယ်သန်း ကူညီပြီးပြီ၊ အဲဒါ ကျွန်မတို့ရုပ်ရှင်ရိုက်ဖို့ လုံလောက်တယ်မလား။ မလုံလောက်ရင် နောက်မှ ကျွန်မနည်းလမ်းရှာမယ်”

နန်ချင်ဝမ်သည် ယဲ့ယီကို အားကျစွာ ကြည့်လိုက်ရင်း ဆိုလိုက်သည်။

“ရှောင်ယီ၊ စီအီးအို ကု က ညီမအပေါ်တကယ်ကောင်းတယ်နော်”

သွမ့်ဟွေကျိုကိုလည်း သူမအပေါ် ဤသို့ကောင်းစေချင်သည်။

ယဲ့ယီ အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။

‘ကုရှီချန်းက ငါ့အပေါ် ကောင်းတာလား။ ဘာအဓိပ္ပာယ်မဲ့စကားလဲ။ ဒါတွေအားလုံးက ရထိုက်တဲ့အရာတွေပဲလေ။ ကုရှီချန်းကဖြင့် နေ့တိုင်း ကွာရှင်းချင်လို့ သေတော့မယ်။ ငါ့အပေါ် ကောင်းနေတာက ငါ ကုစဲ့ကို ကယ်တင်ခဲ့လို့သာ၊ ဒီထက်ပိုပြီး ဘာမှမရှိဘူး’

သို့သော် နောက်ဆုံးတွင် သူတို့နှစ်ဦး တရားဝင် ကွာရှင်းခြင်း မရှိသေးပေ။ ယဲ့ယီလည်း သူမ မကြာခင် ကွာရှင်းတော့မည့်အကြောင်းကို အခြားသူများအား မသိစေချင်သေးပေ။

ကွာရှင်းရေးအကြောင်း တွေးမိရင်း ယဲ့ယီက တည့်တည့်မေးလိုက်သည်။

“အစ်မ ချင်ဝမ်၊ အစ်မနဲ့ သွမ့်ဟွေကျိုရဲ့ ဆက်ဆံရေးက အခု ဘယ်လိုရှိလဲ...”

နန်ချင်ဝမ် ခါးသီးစွာ ပြုံးလိုက်သည်။

“ညီမနဲ့အတူ အလုပ်လုပ်မယ်ဆိုတာ သူသိသွားတော့ သူ အစ်မနဲ့ နောက်တစ်ခါ ရန်ဖြစ်တယ်။ အခုတော့ အိမ်ကိုတောင် ပြန်မလာတော့ဘူး”

ယဲ့ယီ နန်ချင်ဝမ် ကို စာနာစွာ ကြည့်လိုက်ပြီး သတိထား၍ မေးလိုက်သည်။

“ဒါဆို အစ်မရဲ့ ကွာရှင်းဖို့ ဆုံးဖြတ်ချက်က ခိုင်မာနေသေးလား”

နန်ချင်ဝမ်သည် ပြီးခဲ့သည့်အကြိမ်က ကွာရှင်းရန် စီစဉ်ထားကြောင်း ပြောခဲ့သော်လည်း ယဲ့ယီ၏ စိတ်တွင် သံသယအနည်းငယ် ကျန်ရှိနေသေးသည်။ နန်ချင်ဝမ်၏ အချစ်အပေါ် ရူးသွပ်ခြင်းသည် အနည်းငယ် ပြင်းထန်လွန်းသည်ဟု ဆိုရမည်။

နန်ချင်ဝမ် ခေါင်းညိတ်လိုက်သည်။

“ရသစုံအစီအစဉ်ပြီးသွားရင် ကွာရှင်းမယ်။ ဒီလိုနှစ်ပေါင်းများစွာ ချုပ်နှောင်ခံနေရတာ အစ်မပင်ပန်းပြီ။ ဒါတင်မကသေးဘူး၊ ကျားကျားရဲ့ အနာဂတ်ကိုလည်း အစ်မလောင်းကစား မလုပ်ရဲဘူး။ တကယ်တော့ အစကတည်းက သူ ကွာရှင်းဖို့ ပြောတုန်းက အစ်မလက်ခံလိုက်ရမှာ။ ဒါဆိုရင် သူနဲ့ လန်ရွှယ်တို့ တစ်ယောက်နဲ့တစ်ယောက် လက်လွတ်သွားမှာလည်း မဟုတ်ဘူးလေ”

ယဲ့ယီ စကားမပြောနိုင်တော့ပေ။ နန်ချင်ဝမ်သည် ဤအချိန်ထိတိုင် သွမ့်ဟွေကျိုကို စဉ်းစားနေသေး၏။

‘ဒါက အချစ်ရူးသွပ်ခြင်းရဲ့ အမြင့်ဆုံးအဆင့်လား’

ယဲ့ယီ နားမလည်နိုင်ပေ။ အစကတည်းက သူတို့တကယ် ကွာရှင်းခဲ့ကြလျှင် လန်ရွှယ်၏ စိတ်ထားအရ သူမ သွမ့်ဟွေကျိုနှင့် အတူနေမည် မဟုတ်ပေ။ အလွန်ဆုံး သွမ့်ဟွေကျိုသည် လန်ရွှယ်အတွက် ဘီးအပိုတစ်ခုမျှသာ ဖြစ်သည်။

ယဲ့ယီ နန်ချင်ဝမ် ကို သူမ၏ အချစ်ရူးအခြေအနေမှ ကယ်တင်ရန် ကြိုးစားကြည့်ချင်သေးသည်။

“အစ်မချင်ဝမ်၊သွမ့်ဟွေကျိုကို အရာရာတိုင်းမှာ စဉ်းစားမနေနဲ့။ အစ်မ အပေါ် အမှားလုပ်ခဲ့တာကသူပဲ၊ အစ်မက သူ့အပေါ် မှားခဲ့တာမဟုတ်ဘူး။ အစ်မအတွက် အစ်မ ပိုစဉ်းစားဖို့လိုတယ်။ ယောကျ်ားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို အမြဲဖိနှိပ်နေရတာ မတန်ဘူး”

နန်ချင်ဝမ် သက်ပြင်းချလိုက်သည်။

“ညီမက အစ်မကို အချစ်အပေါ် ရူးတယ်လို့ ထင်မှာသိပေမဲ့ သူက အရင်တုန်းက အစ်မအပေါ် တကယ်ကောင်းခဲ့တယ်။အစ်မ အခုချိန်ထိ မမေ့နိုင်အောင် ကောင်းခဲ့တာ။ အခု သူက အစ်မ ကို ဆိုးဆိုးရွားရွား ဆက်ဆံနေပေမဲ့ အတိတ်ကို ပြန်တွေးမိရင် သူ့ကို စွန့်ခွာဖို့ အစ်မမရဲဘူး။ အစ်မလိုချင်တာက သူနဲ့အတူ ကိုယ်ပိုင်အိမ်လေးတစ်လုံးထဲမှာ ကျားကျားနဲ့အတူ ကောင်းကောင်းနေရဖို့ပဲ”

ယဲ့ယီ မျှော်လင့်ချက်မဲ့စွာ ခေါင်းခါလိုက်သည်။ အချစ်ဆိုသည့် အရာကို မည်သူမျှ တကယ် နားမလည်နိုင်ပေ။

‘အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာပဲ’

အခန်း(၄၀)

ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ပြီ

“ထားပါတော့ သူ့အကြောင်းပြောရုံနဲ့တင် ကံဆိုးချင်နေပြီ”

ယဲ့ယီ အကြောင်းအရာကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

“အစ်မ ချင်ဝမ်မှာ ကျီချန်ဖန်ရဲ့ လိပ်စာ ရှိလား”

နန်ချင်ဝမ် ခေါင်းညိတ်လိုက်သည်။ လွန်ခဲ့သော နှစ်ရက်တာအတွင်း သူမသည် ကုမ္ပဏီဝန်ထမ်းသုံးဦး၏ အချက်အလက်အားလုံးနီးပါးကို တူးဖော်ပြီး ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့သော ကိစ္စငယ်များကို သူမ သိနေသည်မှာ မဆန်းပေ။

ယဲ့ယီ နန်ချင်ဝမ်ကို ကျီချန်ဖန်၏ လိပ်စာ သူမထံ ပေးပို့ရန် တောင်းဆိုလိုက်ပြီး အချိန်ရသောအခါ ထိုမင်းသားထံ သွားရောက်ရန် စီစဉ်လိုက်သည်။

သူဌေးတစ်ယောက်အနေဖြင့် သူမ ဝန်ထမ်းတိုင်းကို အသုံးချတတ်ရန် သင်ယူရမည်။

‘အနားယူဖို့လား။ သူ ဒီလောက် ငယ်သေးတာကို ဘာလို့ အနားယူကြောင်း ပြောရမှာလဲ။ သူ့ကို စောင့်မျှော်နေတဲ့ ပရိသတ်တွေ ရှိနေသေးတယ်လေ’

သူမ ဤအလုပ်ကို ငွေရှာရန် လုပ်နေခြင်း မဟုတ်ပေ။အဓိကအားဖြင့် သူမ၏ ပရိသတ်များမှ အကျိုးခံစားခွင့်များကို ရယူလိုခြင်းကြောင့်သာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လန်ရွှယ်သည်လည်း ရုပ်ရှင်အတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

ပြင်ဆင်မှုများ လုပ်ဆောင်နေစဉ်အတွင်း လန်ရွှယ်သည် ယဲ့ယီ၏ အခြေအနေကို စုံစမ်းရန် လူများကို စေလွှတ်နေခဲ့သည်။ ဖျော်ဖြေရေးလောကတွင် မည်သူမျှ ယဲ့ယီ ကို ကူညီရဲခြင်း မရှိကြောင်း အတည်ပြုပြီးမှသာ သက်ပြင်းချနိုင်သည်။

လန်ရွှယ် ယခင်က ယဲ့ယီ ကို အလေးအနက် မထားခဲ့ပေ။ သို့သော် မကြာသေးမီက မမျှော်လင့်သော အဖြစ်အပျက်များက သူမကို ပို၍ သတိထားလာစေခဲ့သည်။

လျုံရုံသည် လက်ရှိတွင် လန်ရွှယ်နှင့်အတူ ဇာတ်ညွှန်းများကို ရွေးချယ်နေသည်။ ယဲ့ယီလို ကိုယ်တိုင်ဇာတ်ညွှန်းရေးရန် မလိုအပ်ဘဲ၊ လန်ရွှယ်တွင် သည်းထိတ်ရင်ဖို ဇာတ်ညွှန်းတစ်ခု ရှိပြီးသား ဖြစ်သည်။ သို့သော် လန်ရွှယ် မကျေနပ်သောကြောင့် သည်းထိတ်ရင်ဖို ဇာတ်ညွှန်းများကို ထပ်မံ ရှာဖွေနေခဲ့သည်။

သည်းထိတ်ရင်ဖို ဇာတ်ညွှန်းများကို ရှာဖွေရခက်သော်လည်း ဟိုင်ထျန်ဖျော်ဖြေရေးအတွက် ဤအရာများသည် သေးငယ်သော ကိစ္စများသာ ဖြစ်သည်။ ဟိုင်ထျန်ဖျော်ဖြေရေးတွင် ၎င်း၏ ကိုယ်ပိုင် အယ်ဒီတာများရှိသကဲ့သို့ ရေရှည်ပူးပေါင်းဆောင်ရွက်နေသော အခြားအယ်ဒီတာများစွာလည်း ရှိသည်။

လန်ရွှယ်၏ အဆင့်အတန်းအရ ချန်ထျန်မင်း၏ စကားတစ်ခွန်းဖြင့် သူမ အလိုရှိသော ဇာတ်ညွှန်းမှန်သမျှကို ရရှိနိုင်သည်။

ချန်ထျန်မင်းနှင့် လက်ထပ်ပြီးနောက်တွင် လန်ရွှယ်သည် ဖျော်ဖြေရေးလောကတွင် ချောမွေ့စွာ လျှောက်လှမ်းနိုင်ခဲ့ပြီး အလွန်ကောင်းမွန်သော အခွင့်အလမ်းများစွာကိုလည်း ရရှိခဲ့သည်။

လျုံရုံ ဇာတ်ညွှန်းတစ်စောင်ကို လန်ရွှယ်ထံ ကမ်းပေးလျက် မေးလိုက်သည်။

“ဒီဇာတ်ညွှန်းက အတော်လေး ကောင်းတယ်လို့ အစ်မထင်တယ်။ ညီမလေးရော ဘယ်လိုထင်လဲ”

လျုံရုံ လန်ရွှယ်ကို အလွန်ရိုသေစွာ ပြောဆိုလိုက်သည်။ သူမသည် လန်ရွှယ်၏ မန်နေဂျာဖြစ်သော်လည်း လန်ရွှယ်တွင် ချန်ထျန်မင်း၏ ကျောထောက်နောက်ခံ ရှိနေသည်။

လန်ရွှယ် လျုံရုံပေးလိုက်သော ဇာတ်ညွှန်းကို ယူကာ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

“ဒါ ဘယ်လို ဇာတ်ညွှန်းမျိုးလဲ၊ ဒီလိုဇာတ်ညွှန်းမျိုးနဲ့ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ”

“ဟုတ်ကဲ့ ဟုတ်ကဲ့၊ ဒါဆိုရင် တခြားဟာတွေ ကြည့်လိုက်ပါဦး”

လျုံရုံသည် လုံးဝ ရန်မဖြစ်ရဲဘဲ နာခံစွာ ဇာတ်ညွှန်းကို ပြန်သိမ်းလိုက်သည်။

လန်ရွှယ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက စိတ်ဆိုးဒေါသ ထွက်နေခဲ့သည်။ ထို့ကြောင့် သူမကို အစစအရာရာ လုပ်ကိုင်ပေးနေသော အိမ်စေများမှာလည်း အလုပ်လုပ်ကိုင်ရာတွင် ခက်ခဲမှုများ ကြုံတွေ့ရ၏။

လန်ရွှယ် စိတ်ဆိုးနေရသည့် အကြောင်းရင်းမှာ ချန်ထျန်မင်း ဇနီးဟောင်း၏ အထက်တန်းကျောင်းဖော်ဟု မိတ်ဆက်ထားသော မန်ရှင်းသည် ချန်ဟောင်ယုကို ကြည့်ရှုစစ်ဆေးရန် လာရောက်နေခြင်းကြောင့် ဖြစ်ပြီး ချန်ဟောင်ယုကလည်း သူမကို အထူးနှစ်သက်နေသည်။

ဤအချက်က လန်ရွှယ်ကို အလွန်ဒေါသထွက်စေသည်။ သူမ မိသားစုထဲသို့ ရောက်သည့်နေ့မှစ၍ ချန်ဟောင်ယုနှင့် သင့်မြတ်အောင်နေရန်ကြိုးစားခဲ့သော်လည်း ချန်ဟောင်ယုက သူမကို အမြဲတမ်း လျစ်လျူရှုခဲ့သည်။ ယခုမူ သူသည် မန်ရှင်းကို မိခင်ကဲ့သို့ပင် ဆက်ဆံနေ၏။

လန်ရွှယ် ချန်ထျန်မင်းနှင့် သီးသန့် စကားဆိုကာ မန်ရှင်းကို အိမ်မလာရန် အကြိမ်ကြိမ်ပြောခိုင်းသော်လည်း ချန်ထျန်မင်း ဘာမှမပြောဘဲ သူမကို စိတ်ကောင်းမရှိဟု ဆိုကာ ဆူပူသည်။

လန်ရွှယ်သည် စဉ်းစားမိရုံဖြင့် ဒေါသထွက်လာပြီး စားပွဲပေါ်ရှိ ဇာတ်ညွှန်းအားလုံးကို လွှင့်ပစ်လိုက်သည်။

လျုံရုံသည် လန်ရွှယ်၏ ကျိုးကြောင်းမဆီလျော်သော အပြုအမူကြောင့် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း ပြုံးပြုံးလေးဖြင့်သာ မြေကြီးပေါ်မှ ဇာတ်ညွှန်းကို ကောက်ယူရလေသည်။

လန်ရွှယ် ဒေါသအနည်းငယ် ဖြေဖျောက်ပြီးနောက် ဇာတ်ညွှန်းများကို စတင်ဖတ်ရှုပြန်သည်။ သေချာစွာ ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် အတော်အသင့် ကောင်းမွန်သည့် ဇာတ်ညွှန်းတစ်ခုကို ရွေးချယ်လိုက်သည်။

ဤဇာတ်ညွှန်း၏ အယ်ဒီတာမှာ အတွေ့အကြုံရင့် အယ်ဒီတာတစ်ဦးဖြစ်သည်။ သူမ ရေးသော ဇာတ်ညွှန်းအားလုံးနီးပါးသည် အောင်မြင်မှု ရရှိသည်။ ဤသည်မှာ သူမ အတွက် သည်းထိတ်ရင်ဖို ဇာတ်ညွှန်း ပထမဆုံးအကြိမ် ရေးသားခြင်းလည်း ဖြစ်သည်။ မူလက ဤဇာတ်ညွှန်းမှာ အနုပညာရှင်တစ်ဦးအတွက် အံဝင်ခွင်ကျ ရေးသားပေးခဲ့ခြင်း ဖြစ်သော်လည်း လျုံရုံက ၎င်းကို လန်ရွှယ်ထံ ပြသရန် ယူလာသည်။

လန်ရွှယ်သည် ဤဇာတ်ညွှန်းကို သဘောကျသွားပါက ဤဇာတ်ကားသည် လန်ရွှယ် အပိုင်သာ ဖြစ်ရမည်။

အယ်ဒီတာမှာ လန်ရွှယ် ဇာတ်လမ်းကို လုယူသွားကြောင်း သိသည်နှင့် သူမထံ ချက်ချင်း ရောက်ရှိလာသည်။

အယ်ဒီတာမှာ မိန်းကလေးငယ်လေး ဖြစ်ကာ မျက်မှန်တပ်ထားပြီး အနေအေးဆေးပုံရသည်။

လန်ရွှယ်ကို တွေ့ပြီးနောက် အယ်ဒီတာက တည့်တည့် ပြောလိုက်သည်။

“အစ်မရွှယ် ဒီဇာတ်ကားက အစ်မအတွက် တကယ် မသင့်တော်ဘူး။ နောက်တစ်ခါ အစ်မအတွက် အံဝင်ခွင်ကျ ဇာတ်ညွှန်းတစ်ခုကို ရေးပေးမယ်လေ”

လန်ရွှယ် မျက်မှောင်ကြုတ်သွားသည်။

“ရုပ်ရှင်က မရိုက်ရသေးဘူး။ ငါနဲ့ မသင့်တော်မှန်း ဘယ်လိုသိတာလဲ”

အယ်ဒီတာ လန်ရွှယ်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

သူမကိုယ်တိုင် ရေးသားထားသော ဇာတ်ညွှန်းကို သူမ မသိပဲနေမည်လော။

သို့သော် လန်ရွှယ်၏ အဆင့်အတန်းကို ထောက်ထားပြီး အယ်ဒီတာ ဒေါသကို ချုပ်တည်းကာ အေးဆေးစွာ ပြောလိုက်သည်။

“အစ်မရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီဇာတ်ရုပ်အတွက် မမီဘူး။ တခြား ဇာတ်ညွှန်းကို ရွေးဖို့ ကျွန်မအကြံပေးချင်တယ်”

လန်ရွှယ် အယ်ဒီတာ၏ စကားကို ကြားသောအခါ ချက်ချင်း မကျေမနပ် ဖြစ်သွားသည်။

“နင် ဘာကိုဆိုလိုတာလဲ၊ ငါ့သရုပ်ဆောင်တာမကောင်းဘူးလို့ ပြောနေတာလား”

အယ်ဒီတာ နှုတ်ပိတ်နေခြင်းကား သူမ ပြောသည်မှာ ဟုတ်မှန်ကြောင်း ဖော်ပြနေ၏။

လန်ရွှယ်၏ သရုပ်ဆောင်စွမ်းရည်သည် ထူးချွန်လှသည် မဟုတ်ပေ။ သူမတွင် အရင်းအမြစ်ကောင်းများ ရှိနေသောကြောင့်သာ ယခုလို အောင်မြင်နေခြင်း ဖြစ်သည်။ဤသည်းထိတ်ရင်ဖို ဇာတ်ကားသည် ခေါင်းဆောင်မင်းသမီး၏ သရုပ်ဆောင်စွမ်းရည်အတွက် လိုအပ်ချက်များ မြင့်မားသည်။ လန်ရွှယ်သည် ဤဇာတ်လမ်းကို ယူပါက ကျရှုံးနိုင်ခြေ အများဆုံးရှိသည်။

လန်ရွှယ် အယ်ဒီတာ၏ သဘောထားကို မြင်သောအခါ ဇာတ်ညွှန်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ဆဲဆိုလိုက်သည်။

“နျင်ရှ နင်က အယ်ဒီတာတစ်ယောက်သက်သက်ပဲ။ နင့်ဇာတ်ညွှန်းကို ငါ ကြိုက်တာက ဂုဏ်ယူသင့်တယ်။ နင်က ကျေးဇူးမသိတတ်လိုက်တာ”

လန်ရွှယ် ဒေါသထွက်နေသည်ကို မြင်သောအခါ လျုံရုံ ချက်ချင်း နှစ်သိမ့်လိုက်သည်။

“စိတ်အေးအေးထားပါ။သူနဲ့က အဆင့်အတန်းချင်းမှ မတူတာ။ သူက အပြင်လူသက်သက်ပဲ။ သရုပ်ဆောင်တဲ့ အကြောင်း ဘာများသိလို့လဲ။”

နျင်ရှမှာ မိမိ ပင်ပင်ပန်းပန်း ရေးသားထားသော ဇာတ်ညွှန်းသည် မြေကြီးပေါ် သို့ ပစ်ချခံလိုက်ရသည်ကို မြင်လိုက်ရချိန်တွင် အလွန်ဒေါသထွက်သွားသော်လည်း ဝန်ထမ််းတစ်ယောက်အနေဖြင့် ဒေါသကို ချုပ်တည်းလိုက်ရ၏။

လန်ရွှယ်သည် မူလက ဤဇာတ်ညွှန်းနှင့် အခြားဇာတ်ညွှန်း တစ်စောင်ကြားတွင် ဝေခွဲမရဖြစ်နေသော်လည်း ယခု နျင်ရှက ပြောလာသောကြောင့် ဤဇာတ်ကားကို ရိုက်ရန် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။

“ငါ ဒီဇာတ်ကားကို သေချာပေါက် ရိုက်မယ်”

နျင်ရှ လန်ရွှယ်ကို အလေးအနက်ကြည့်လျက် ပြောလိုက်သည်။

“အစ်မနဲ့တကယ် မသင့်တော်ဘူး”

လန်ရွှယ်၏ ဒေါသသည် ပိုမိုပြင်းထန်လာသည်။

ဖြန်း

လန်ရွှယ် နျင်ရှကို ပါးရိုက်လိုက်သည်။

“နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေတာလဲ။ ငါ့စကားတစ်ခွန်းနဲ့ နင့် ဇာတ်ညွှန်းတွေကို ဘယ်သူမှ မလိုချင်တော့အောင် လုပ်နိုင်တယ်ဆိုတာ သိလား”

နျင်ရှ ယုံသည်။ သို့သော် သူမ ပင်ပင်ပန်းပန်း ရေးသားထားသော ဇာတ်ညွှန်းသည် ဤကဲ့သို့ ပျက်စီးသွားမည်ကိုတော့ သူမ လက်မခံနိုင်ပေ။

လျုံရုံ နျင်ရှကို တစ်ချက်ကြည့်လိုက်ပြီးနောက် လန်ရွှယ်ကို ပြောလိုက်သည်။

“ရှောင်ရွှယ်လေး လုံလောက်ပြီ။ သူက ကုမ္ပဏီအတွက် ဇာတ်ညွှန်း အများစုကို ရေးနေတာ။ သူထွက်သွားရင် ကုမ္ပဏီအတွက် အရမ်းဆိုးလိမ့်မယ်”

သို့သော် လန်ရွှယ်သည် ဒေါသတကြီး ဖြစ်နေကာ မည်သည်ကိုမျှ နားမထောင်တော့ဘဲ နျင်ရှအား ဆက်လက် ဆဲဆိုလိုက်သည်။

“နင်က အဆင့်အတန်းမရှိတဲ့ အလုပ်သမားတစ်ယောက်ပဲ။ ဇာတ်ညွှန်းညံ့ညံ့ တစ်စောင်နှစ်စောင်လောက် ရေးတတ်လို့ ကိုယ့်ကိုယ်ကိုယ် အကောင်ကြီးလို့ ထင်နေတာလား”

နျင်ရှ ဘာမှမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ဇာတ်ညွှန်းကို ကောက်ယူပြီးနောက် လန်ရွှယ်ကို ဂရုမစိုက်ဘဲ ထွက်သွားသည်။

နျင်ရှ ထွက်သွားပြီး ခဏအကြာတွင် လန်ရွှယ်သည် ပြန်သတိကပ်လာကာ လျုံရုံကို အော်ဟစ်လိုက်သည်။

“ရှင် ဒီမှာ ဘာရပ်လုပ်နေတာလဲ။ သူဇာတ်ညွှန်းကို ယူသွားပြီ။ မြန်မြန် လိုက်သွားပြီး ပြန်ယူလာခဲ့။ ဒီဇာတ်ကားကို ကျွန်မသေချာပေါက် ရိုက်မှာ”

လျုံရုံသည် နျင်ရှနောက်သို့ လိုက်ရင်း အလွန်ဒုက္ခရောက်ခဲ့ရသည်။

လန်ရွှယ်သည် ဒေါသမီးတောက်နေဆဲပင်။

ချန်ထျန်မင်း နှင့် လက်ထပ်ပြီးနောက် ကုမ္ပဏီအတွင်းရှိ လူတိုင်း သူမကို အလွန်ရိုသေစွာ ဆက်ဆံခဲ့ကြသည်။ တစ်စုံတစ်ယောက်က သူမ၏ မျက်နှာကို တည့်တည့်ကြည့်ကာ သရုပ်ဆောင်စွမ်းရည် မကောင်းကြောင်း ပြောလာခဲ့သည်မှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်သည်။

လန်ရွှယ်သည် စဉ်းစားလေလေ ဒေါသထွက်လေလေ ဖြစ်သည်။ နောက်ဆုံးတွင် ထိုည၌ ချန်ထျန်မင်းကို ပြောပြပြီး နျင်ရှကို အလုပ်မှ ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။ ထုတ်ပစ်၍ မရလျှင်လည်း နျင်ရှကို သင်ခန်းစာသေချာပေါက် ပေးရမည်ဟု ကြံစည်လိုက်သည်။

လျုံရုံသည် နျင်ရှနောက်သို့ လိုက်မည်ဟု ပြောခဲ့သော်လည်း တကယ်တမ်းတွင် လုံးဝ မလိုက်ခဲ့ပေ။ သူမသည် အရူးမဟုတ်ပေ။ နျင်ရှ သည် ကုမ္ပဏီ၏ ငွေကြေးထွက်ပေါက် ဖြစ်သည်။ သူမကို စိတ်မချမ်းသာအောင် မလုပ်ရဲပေ။

ဇာတ်ညွှန်းကို လန်ရွှယ်အား ပြခဲ့သည်မှာပင် အတော်လေး ကောင်းနေပြီ ဖြစ်၏။ လန်ရွှယ်အနေဖြင့် ထိုဇာတ်ညွှန်းကို ရယူလိုပါက သူမကိုယ်တိုင်သာ ယူရလိမ့်မည်။

All Chapters