အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(၃၁)
ဝပ်နေသော နဂါးနှင့် ငယ်ရွယ်သော ဖီးနစ်ငှက်
ရက်အနည်းငယ် ရပ်နားပြီးနောက် ရှိုးပွဲသည် ပြန်လည်စတင်ကာ ထုတ်လွှင့်ခဲ့သည်။ သို့သော် ကလေးများက ကျောင်းသွားရသောကြောင့် ရှိုးပွဲလွင့်သော ရက်များ ကို စနေနှင့် တနင်္ဂနွေနေ့များသို့ ပြောင်းလဲလိုက်၏။
ကုစဲ့သည် ဤနှစ်မှသာ ပထမတန်းကို စတင် တတ်ရောက်ခဲ့သည်။ ဤသည်မှာ သူ၏ ပထမဆုံး အခြေခံကျောင်း စတက်သည့် နှစ်ဖြစ်သောကြောင့် မိဘများ သူ့ကို ကျောင်းပို့ပေးမည်ဟု မျှော်လင့်မိသည်။ ကုရှီချန်းသည် ကုစဲ့၏ တောင်းဆိုမှုများကို မည်သည့်အချိန်မျှ ငြင်းဆိုလေ့မရှိပေ။
ယဲ့ယီဘက်တွင် သူမ၏ အဖိုးတန် သားလေးကို ကျောင်းလိုက်ပို့ရန် အလွန်ပင်ပျော်မည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကွာရှင်းပြီးနောက် ကုစဲ့နှင့် ထပ်တွေ့နိုင်ချေ နည်းပါးသောကြောင့် ဖြစ်သည်။
တို့ကြောင့် ယဲ့ယီနှင့် ကုရှီချန်းတို့သည် ကုစဲ့ကို ကျောင်းအတူတူ လိုက်ပို့ပေးခဲ့သည်။ ဤအခါမှာတော့ ကုရှီချန်း သည် ကားမောင်းသူ ငှားမည့်အစား သူကိုယ်တိုင် မောင်းပြီး ယဲ့ယီနှင့် ကုစဲ့တို့ကတော့ နောက်ခုံတွင် ထိုင်သည်။
ကုစဲ့ ယဲ့ယီ၏လက်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ ယဲ့ယီသည် အပြင်ပိုင်းတွင် တည်တည်ကြည်ကြည် နေသော်လည်း စိတ်ထဲတွင် ပျော်ရွင်နေပါ၏။ ကုစဲ့သည် ကားမောင်းနေသော ကုရှီချန်းကို တစ်ချက်ကြည့်ပြီးနောက် သူဘေးတွင် ထိုင်နေသော ယဲ့ယီအား တစ်ချက်ပြန်ကြည့်လိုက်သည်။ သူ့မိသားစုသည် ဤသို့ တစ်သက်လုံး နေနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။
ကျောင်းသို့ရောက်ပြီးနောက် ကုရှီချန်းနှင့် ယဲ့ယီ တို့သည် ကုစဲ့ ၏ စာရင်းသွင်းခြင်း လုပ်ငန်းစဉ်များကို ပြီးစီးအောင်ဆောင်ရွက်ကာ ပြန်လာလိုက်ကြသည်။
ကားပေါ်တက်ပြီးနောက် ယဲ့ယီ ကုရှီချန်းကို ပြောလိုက်သည်။
“ ရှင် ကျွန်မကိုပေးလိုက်တဲ့ ကုမ္ပဏီကို လာကြည့်ပါလား။ ဒီဟာတွေ အကြောင်း ကျွန်မသိပ်မသိသေးဘူး။ ရှင်ဒီနေ့ အချိန်လည်း ရှိတာပဲကို”
ကုရှီချန်း ခေါင်းညိတ်လိုက်သည်။ ဝယ်ယူမှုအား သူ့လက်ထောက်က အစအဆုံး အပြီးအစီး ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ ထိုဖျော်ဖြေရေးကုမ္ပဏီအကြောင်းအား သူ အနည်းငယ်မျှပင် မသိပေ။
ကုရှီချန်း လက်ထောက်ထံမှ လိပ်စာကိုမေးယူကာ ယဲ့ယီအား ထိုဖျော်ဖြေရေးကုမ္ပဏီသို့ မောင်းပို့ပေးခဲ့သည်။
သူတို့နှစ်ဦး လက်ထောက်ပေးလိုက်သော လိပ်စာရှိ အဆောက်အအုံသို့ ရောက်ရှိသွားကြသည်။
ယဲ့ယီ ထိုအဆောက်အအုံအား မြင်သောအခါ စိတ်ထဲတွင် ပျော်ရွှင်သွား၏။ ၎င်းသည် အလွန်အဆင့်မြင့်ပြီး ဂုဏ်သိက္ခာရှိသောကြောင့် ဖြစ်သည်။
သို့သော် သူမ အဆောက်အအုံအတွင်းသို့ ဝင်တော့မည်အချိန်တွင် ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။
“ဘာလို့ အစောင့်တစ်ယောက်မှ မရှိရတာလဲ”
အဆောက်အအုံအတွင်းသို့ ရောက်သွားသော်လည်း လူအနည်းငယ်သာ မြင်ရပြီး သူတို့ တစ်ဦးချင်းစီသည် ပစ္စည်းများကို သယ်ဆောင်နေကြသည်။ ဤအချက်သည် သူတို့ အလုပ်ထွက်သွားပြီဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။
ယဲ့ယီ ဆိုးရွားသောခံစားချက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။
သူတို့ ကုမ္ပဏီဝင်ပေါက်တွင် ခဏကြာရပ်နေခဲ့သော်လည်း မည်သူကမျှ သူတို့အား ဂရုမစိုက်သောကြောင့် ယဲ့ယီ လူတစ်ယောက်ကို ဆွဲကိုင်၍ မေးလိုက်သည်။
“ရှင်တို့ မန်နေဂျာ ဘယ်မှာလဲ”
ထိုလူက ယဲ့ယီအား တစ်ဖက်သို့ ညွှန်ပြလိုက်သည်။
ကျေးဇူးတင်ကြောင်းပြောပြီးနောက် ယဲ့ယီ ကုရှီချန်း အား ထိုလူညွှန်ပြရာ အရပ်သို့ ခေါ်သွားခဲ့သည်။
ယဲ့ယီ ရုံးခန်းတံခါးကို ခေါက်လိုက်သည်။
အမျိုးသမီးတစ်ဦး၏ အသံ ထွက်လာခဲ့သည်။
“ဝင်လာခဲ့ပါ”
ရုံးခန်းထဲသို့ ရောက်ရှိသောအခါ အရွယ်ရင့်ရင့်မျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝတ်စုံတစ်ခုအား ဝတ်ဆင်ထားပြီး အလွန်ကျွမ်းကျင်ပုံရသည်။
ထိုအမျိုးသမီးသည် သူတို့ကို ယဉ်ကျေးစွာ ပြုံးပြပြီး မေးမြန်းလိုက်သည်။
“ရှင်တို့ နှစ်ယောက် ဒီကို ဘာအကြောင်းရှိလို့ ရောက်လာကြတာလဲ”
ယဲ့ယီ စာချုပ်ကို သူမထံ တိုက်ရိုက် ပေးလိုက်သည်။ ထိုအမျိုးသမီးသည် စာချုပ်ကို ယူ၍ တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မတ်တက်ရပ်လိုက်သည်။
သူမ ပြုံးလျက် နှုတ်ဆက်လိုက်သည်။
“အဲ့တာဆို ရှင်က အသစ်ခန့်ထားတဲ့ အထွေထွေမန်နေဂျာယဲ့ ဖြစ်ရမယ်။ မင်္ဂလာပါ၊ ကျွန်မက ဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာနဲ့ ဒါရိုက်တာ လီခဲ့ ပါ”
ယဲ့ယီ ဤအမည်ကို တစ်နေရာရာတွင် ကြားဖူးသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် လီခဲ့ ကုရှီချန်ကို ရိုသေလေးစားစွာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။
“မစ္စတာ ကု၊ ဒီကို ရှင်ကိုယ်တိုင်လာမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး”
ကုရှီချန်း ယဉ်ယဉ်ကျေးကျေးပင် ခေါင်းညိတ်လိုက်သည်။
ယဲ့ယီ သူမ စိတ်ထဲမှ မေးခွန်းအား တန်းမေးလိုက်သည် ။
“အပြင်က ဝန်ထမ်းတွေကြည့်ရတာ ဘာလို့ အကုန်အလုပ်ထွက်သွားတဲ့ပုံပေါက်နေတာလဲ”
လီခဲ့ သက်ပြင်းချကာ ရှင်းပြလိုက်သည်။
“ကျွန်မတို့ကုမ္ပဏီရဲ့ အားအကိုးရဆုံး ဖြစ်တဲ့ လီယွီရှုး ပြိုင်ဘက်ကုမ္ပဏီဆီ ပါသွားကတည်းက ကျွန်မတို့စတော့တွေ ကျပြီး အနုပညာရှင်အများစု ထွက်သွားကြတယ်။ ဒေဝါလီခံလုနီးပါး တောင်ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ကုအုပ်စုက အခုအချိန်မှာ ကုမ္ပဏီကို ဝယ်ယူလိုက်တာ ကံကောင်းတာပဲ”
ယဲ့ယီ တုံ့ဆိုင်းဆိုင်းဖြင့် မေးလိုက်သည်။
“ဒါဆို ဒီကုမ္ပဏီက ဒေဝါလီခံလုနီးပါးဖြစ်နေပြီပေါ့”
လီခဲ့ ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ အရင်ပိုင်ရှင်က ဒေဝါလီခံဖို့ တောင်စဉ်းစားနေရတဲ့ အချိန်မှာဘဲ ကုအုပ်စုက ကုမ္ပဏီကို ရုတ်တရက် ဝယ်ယူချင်တယ်လို့ ပြောလာတာပါ”
ယဲ့ယီ ထပ်မေးလိုက်၏။
“ဒါဆို အခုလက်ရှိ ကုမ္ပဏီမှာ လူဘယ်နှစ်ယောက် ကျန်သေးလဲ”
လီခဲ့ ခဏတာ တိတ်ဆိတ်သွားပြီး လက်သုံးချောင်းကို ဖြည်းညှင်းစွာ ထောင်ပြလိုက်သည်။
ယဲ့ယီ စိတ်ပေါ့ပါးသွားကာ သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်သည်။
“လူ ၃၀၀ ကျန်သေးတယ်ဆိုတော့ အဆင်ပြေပါသေးတယ်”
လီခဲ့ ခေါင်းခါလိုက်သည်။
ယဲ့ယီ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် မေးလိုက်သည်။
“၃၀ လား”
လီခဲ့ သည် ထပ်မံ၍ ခေါင်းခါပြန်သည်။
ယဲ့ယီ မျက်လုံးများ ပြူးကျယ်သွားကာ ထိတ်လန့်စွာ မေးလိုက်သည်။
“၃...၃ ယောက်လား”
လီခဲ့ ဤတစ်ခါတော့ ခေါင်းညိတ်လိုက်သည်။
ယဲ့ယီ သွေးအန်တော့မည့်အလား ဖြစ်သွားသည်။
‘ အို ဘုရားရေ၊ ငါပ စစ်သည်မရှိတဲ့ တပ်မှူးနဲ့ ဘာကွာမှာတုန်း’
ယဲ့ယီ ကုရှီချန်းကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောသေးပေ။
ကုရှီချန်း အနည်းငယ် ကသိကအောက်ဖြင့် ပြောလိုက်သည်။
“ဒီဝယ်ယူရေးကိစ္စကို ငါ့လက်ထောက်ကို လွှဲထားခဲ့တာ။ ဘာတွေဖြစ်နေလဲ သူ့ကို မေးကြည့်ပါရစေဦး”
ကုရှီချန်း စကားဆုံးသည်နှင့် ချက်ချင်းပင် ဖုန်းထုတ်ကာ သူ့လက်ထောက်ဆီသို့ ဖုန်းခေါ်လိုက်သည်။
လက်ထောက်က ဖုန်းကို ချက်ချင်း ကိုင်လိုက်သည်။
“ဉက္ကဠ ရောက်ပြီလား။ ဒီကုမ္ပဏီကို ဘယ်လိုထင်လဲ။ ဈေးအနိမ့်ဆုံးနဲ့ ဝယ်ထားတာဆိုတော့ အရှုံးမပေါ်ဘူးဆိုတာ ကျွန်တော်အာမခံတယ်”
ကုရှီချန်းက ဒေါသကို ထိန်းကာမေးလိုက်သည်။
“ဒီကုမ္ပဏီကို ဘယ်လောက်ပေးပြီး ဝယ်ခဲ့တာလဲ”
ဖုန်းတစ်ဖက်မှလူ မည်မျှ ဂုဏ်ယူနေသည်ကို ဖုန်းမှတစ်ဆင့်ပင် ခံစားမိနိုင်သည်။
“၃ သန်းပါ ဥက္ကဋ္ဌ။ ကျွန်တော်ပြောအုံးမယ်၊ သူတို့ကုမ္ပဏီမှာ ဆုရသရုပ်ဆောင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ကြားတယ်။ နာမည်က လီ... တစ်ခုခုပဲ။ ဒီကုမ္ပဏီရဲ့ အနာဂတ်ကတော့ အတိုင်းအဆမရှိ တောက်ပနေတာဘဲ ဆရာရေ”
ဤကုမ္ပဏီသည် ရုပ်ရှင်မင်းသားတစ်ယောက် မွေးထုတ်ပေးခဲ့သည်မှာ မှန်သော်လည်း အကုန်လုံးကို တခြားက ခေါ်ယူသွားခဲ့ပြီ ဖြစ်သည်။
ဖုန်းတစ်ဖက်မှလူက ဆက်ပြောသည်။
“ဉက္ကဠ၊ ကျွန်တော့်ကို ချီးကျူးဖို့မလိုပါဘူး။ ဒါ ကျွန်တော်လုပ်သင့်လုပ်ထိုက်တာပါ။ တကယ်လို့ ကျေးဇူးတင်တာကို ပြချင်ရင်တော့ လစာနည်းနည်းလေး တိုးပေးလိုက်ရုံပါပဲ”
ကုရှီချန်းက အားရပါးရပင် ရယ်လိုက်သည်။
“လူသုံးယောက်ပဲရှိတဲ့ ကုမ္ပဏီတစ်ခုအတွက် သူ့ဆီကို သုံးသန်းပေးဝယ်ပြီးတော့ မင်းက လစာ တိုးတောင်းချင်သေးတယ်ပေါ့”
ကုရှီချန်း အေးစက်စွာ ပြောလိုက်သည်။
“မင်းရဲ့ နှစ်ကုန်ဆုကြေး ပျက်သွားပြီ”
ဖုန်းတစ်ဖက်မှလူ ဘာမှဆက်မပြောနိုင်မီ ကုရှီချန်းက ဖုန်းချပစ်လိုက်သည်။
“မဟုတ်….”
ကုရှီချန်းက ယဲ့ယီကို ပြန်ပြောလိုက်သည်။
“နောက်တစ်ခု ဒီနေ့ပဲ မင်းအတွက် ဝယ်ပေးမယ်”
ယဲ့ယီက အလျင်အမြန် ခေါင်းခါလိုက်သည်။
“နေပါစေတော့၊ ဝယ်ပြီးသွားပြီပဲ”
ကုရှီချန်း ဇွတ်အတင်းမလုပ်တော့ဘဲ ယဲ့ယီထံသို့ ငွေပမာဏတစ်ခု တိုက်ရိုက်လွှဲပေးလိုက်သည်။
“ဒီပိုက်ဆံကို ငါ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလို့ သဘောထား၊ မင်းလုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်”
ယဲ့ယီ ဖုန်းဖွင့်ကြည့်လိုက်သောအခါ ကုရှီချန်းက သူမထံသို့ ယွမ်ဆယ်သန်း တိုက်ရိုက်လွှဲပေးလိုက်သည်ကို တွေ့လိုက်ရသည်။
ဩဇာအာဏာရှိသော ဉက္ကဌဆိုသည့်အတိုင်း အတော်လေး ရက်ရောလှပေသည်။
လူသုံးယောက်သာရှိသော်လည်း ကုမ္ပဏီအကြီးအကဲအနေဖြင့် ယဲ့ယီသည် ကျန်ရှိနေသော ဝန်ထမ်းများနှင့် မိတ်ဆက်ရန် စီစဉ်လိုက်သည်။
ကုရှီချန်းသည် ကုမ္ပဏီတွင် အခြားကိစ္စများရှိသောကြောင့် ဦးစွာထွက်ခွာသွားခဲ့သည်။
ထို့နောက် ယဲ့ယီသည် လီခဲ့ကို အခြားဝန်ထမ်းနှစ်ဦးကို လိုက်လံပြသရန် ပြောဆိုခဲ့သည်။
ထိုလူသုံးဦးအကြောင်း အသေးစိတ်သိရှိပြီးနောက် ယဲ့ယီတစ်ယောက် ခေါင်းမူးဝေသွားသလို ခံစားလိုက်ရသည်။
လီခဲ့သည် အထွေထွေမန်နေဂျာနှင့် ဒါရိုက်တာဖြစ်ပြီး ကုမ္ပဏီအတွက် ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များနှင့် အမျိုးမျိုးသော အစီအစဉ်များ ဒါဇင်ပေါင်းများစွာ ထုတ်လုပ်ပေးခဲ့သည်။ သူမသည် အတော်လေး အံ့ဩစရာကောင်းသည်ဟု ထင်ရပေသည်။ သို့သော် ထင်သည့်အတိုင်းမဟုတ်ပေ။
ဤမိန်းကလေးသည် အလွန်ပင် ကံဆိုးလှသည်။သူမ ဒါရိုက်တာလုပ်သမျှ ရုပ်ရှင် အားလုံး အရှုံးပေါ်သည်။သူမ သည် ရုပ်ရှင် အများကြီး ထုတ်လုပ်ခဲ့သော်လည်း အဆင့်သတ်မှတ်ချက် ၄ နှင့် အထက်ရသည့်ရုပ်ရှင် တစ်ကားမှမရှိပေ။
ဖန်ကျူးသည် ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော အေးဂျင့်ဖြစ်ပြီး ကုမ္ပဏီ၏ တစ်ဦးတည်းသော အနုပညာရှင်မှာ သူမ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိသည်။ သို့သော် ဤအမျိုးသမီးသည် အေးဂျင့်တစ်ယောက်အနေဖြင့် ဘာမှမသိပေ။ သူမ အေးဂျင့်လိုင်စင်စာမေးပွဲကို မည်သို့အောင်ခဲ့သည်ကိုပင် ဘယ်သူမှမသိကြပေ။
ကျီချန်ဖန် သည် ကုမ္ပဏီတွင် ကျန်ရစ်ခဲ့သော တစ်ဦးတည်းသော အနုပညာရှင်ဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်အကယ်ဒမီမှ ဘွဲ့ရရှိထားသူဖြစ်သည်။ ရုပ်ရည်ကောင်းမွန်ပြီး သရုပ်ဆောင်စွမ်းရည်လည်းရှိသည်။ သို့သော် သူက ပျင်းရိတတ်သည်။ ယဲ့ယီကဲ့သို့ပင် သူကလည်း အလုပ်မလုပ်ချင်သူ ဖြစ်ပေသည်။
ထို့အပြင် ယဲ့ယီမှာ ကုမ္ပဏီ၏ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်နေကြောင်းကို ခံစားမိလိုက်သည်။
“အိပ်နေတဲ့ နဂါးနဲ့ ဖီးနစ်ငှက်တို့ စုဝေးမိကြပြီပဲ”
သို့သော် သူမ၏ ကိုယ်ပိုင်အမည်အောက်က ကုမ္ပဏီတစ်ခုဖြစ်သွားပြီဖြစ်၍ မည်သည့် အကြောင်းအရာပင်ရှိရှိ စီမံခန့်ခွဲရမည်သာ ဖြစ်သည်။
သို့သော် လူလေးယောက်သာရှိသောကြောင့် ဤကုမ္ပဏီကို မည်သို့ကယ်တင်ရမည့် အချက်သည် တကယ့်ပြဿနာဖြစ်နေပြီး ယဲ့ယီ ခေါင်းပင်ကိုက်သွား၏။
အခန်း (၃၂)
နားလည်မှုလွဲခြင်း
အိမ်ပြန်ရောက်ပြီးနောက် ယဲ့ယီ ဒေဝါလီခံတော့မည့်အခြေအနေသို့ ရောက်ရှိနေသော ကုမ္ပဏီကို မည်သို့ကယ်တင်ရမည်ကို အလေးအနက် စဉ်းစားနေ၏။
ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအတွက် အရေးကြီးဆုံးအရာမှာ အနုပညာရှင်များ ဖြစ်သည်။ အနုပညာရှင်များကို တဖြည်းဖြည်း ရှာဖွေနိုင်သော်လည်း ၎င်းတို့ကို စီမံခန့်ခွဲရန် လူတစ်ဦး လိုအပ်သည်။
လက်ရှိကုမ္ပဏီရှိ အေးဂျင့်မှာ လုံးဝမကောင်းပေ။သူသည် ဘာမှမသိ၊ အားကိုး၍လည်းမရပေ။
ယဲ့ယီသည် သူမ သိသော လူအားလုံးကို စိတ်ထဲတွင် ပြန်စဉ်းစားကြည့်ရာ နောက်ဆုံးတွင် သင့်တော်မည့်သူတစ်ဦးကို တွေ့ရှိခဲ့သည်။
နန်ချင်ဝမ်သည် ယခင်က မန်နေဂျာတစ်ဦး ဖြစ်ခဲ့ဖူးသည်။ အခြားအရာများကို ဘေးဖယ်ထားလျှင် သွမ့်ဟွေကျို ဟူသည့် ရွှံ့စေးတုံးကို နံရံပေါ်သို့ ကပ်တင်နိုင်ခဲ့သည့်အချက်ကြောင့် သူမ၏ စွမ်းရည်မှာ ထိပ်တန်းအဆင့်ရှိကြောင်း ပြသနေသည်။
နန်ချင်ဝမ်သည် လက်ရှိတွင် အလုပ်လက်မဲ့ ဖြစ်နေသည်။ သူမကို အနုပညာရှင် အေဂျင်စီဌာနကို စီမံခန့်ခွဲရန် ဖိတ်ခေါ်ပြီး လူသစ်အနည်းငယ် ခေါ်ယူနိုင်ပါက ကုမ္ပဏီသည် အရှိန်အဟုန်ဖြင့် တိုးတက်သွားမည်ဖြစ်သည်။
မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ ယဲ့ယီ နောက်တစ်နေ့တွင်ပင် နန်ချင်ဝမ်ကို ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။
ယဲ့ယီသည် လုံခြုံရေးကောင်းမွန်သော အဆင့်မြင့် စားသောက်ဆိုင်တစ်ခုကို ကြိုတင်ဘိုကင်ယူထားပြီး နန်ချင်ဝမ်ကို စောင့်ဆိုင်းရန် သီးသန့်အခန်းသို့ စောစော ရောက်ရှိနေခဲ့သည်။
သို့သော် ကြာကြာမစောင့်လိုက်ရဘဲ နန်ချင်ဝမ် နေရာသို့ ရောက်ရှိလာသည်။
နန်ချင်သည် သီးသန့်အခန်းသို့ ရောက်လာပြီးနောက် ယဲ့ယီကို ပြုံးပြကာ တောင်းပန်စကားဆိုလိုက်သည်။
“တောင်းပန်ပါတယ်၊ လမ်းမှာ ကားကြပ်နေလို့ နည်းနည်းနောက်ကျသွားတယ်”
ယဲ့ယီ သူမကို မီနူးစာရင်းပေးကာ ပြောလိုက်သည်။
“ကြည့်လိုက်ပါဦး၊ စားချင်တာလေး မှာလိုက်။ ဒီဆိုင်က အစားအသောက်တွေ တော်တော်ကောင်းတယ်”
နန်ချင်ဝမ်သည် တုံ့ဆိုင်းမနေဘဲ မီနူးကို ယူကာ ဟင်းတစ်ခွက်နှစ်ခွက်ကို ပေါ့ပေါ့ပါးပါးပင် မှာလိုက်သည်။
စားပွဲထိုးက မီနူးကို ယူသွားပြီးနောက် ယဲ့ယီ လိုရင်းကိစ္စကို ပြောလိုက်သည်။ “အစ်မချင်ဝမ်၊ ဒီနေ့ အစ်မကို ခေါ်ထုတ်လာရတဲ့ အဓိကအကြောင်းရင်းက အစ်မနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်လို့ပါ”
နန်ချင်ဝမ်သည် သူမ၏ ခပ်ဖျော့ဖျော့ အပြုံးကို ထိန်းသိမ်းထားပြီး ညင်သာစွာမေးမြန်းလိုက်သည်။
“ဘာကိစ္စလဲ”
“အစ်မချင်ဝမ် သိပြီးသား ဖြစ်မှာပါ၊ ကျွန်မ ဟိုင်ထျန်း ဖျော်ဖြေရေးနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုတာ”
နန်ချင်က ခေါင်းညိတ်ပြသည်။ ယဲ့ယီ၏ လုပ်ရပ်မှာ အလွန်မှန်ကန်သည်ဟု သူမထင်သည်။ ဤကဲ့သို့သော အေဂျင်စီမျိုးကို အမှန်တကယ် ပြောင်းလဲသင့်သည်။
ယဲ့ယီ ဆက်ပြောသည်။
“ကျွန်မမှာ လက်ရှိ ဖျော်ဖြေရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် ဝန်ထမ်းအလုံအလောက် မရှိသေးဘူး။ ဒါကြောင့် အစ်မချင်ဝမ်ကို အနုပညာရှင် အေဂျင်စီဌာနကို စီမံခန့်ခွဲဖို့ ကူညီပေးဖို့ တောင်းဆိုချင်ပါတယ်”
ယဲ့ယီ စကားဆုံးပြီးနောက် နန်ချင်ဝမ်ကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
ခဏတာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် နန်ချင်ဝမ်က ပြောလာသည်။
“ဒါပေမယ့် ကျွန်မ ဖျော်ဖြေရေးလောကထဲကို မရောက်ဖြစ်တာ ဆယ်နှစ်နီးပါး ရှိပြီ။ အရင်က ရှိခဲ့တဲ့ အဆက်အသွယ်တွေက အခု အသုံးမဝင်နိုင်လောက်ဘူး”
ယဲ့ယီ နန်ချင်ဝမ်အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးပြီး သူမကို အလွန် အလေးအနက်ထား ကြည့်ကာ ပြောလိုက်သည်။
“အစ်မမှာ အစွမ်းအစရှိတယ်လို့ ကျွန်မ ယုံကြည်တယ်”
နန်ချင်ဝမ်သည် တိတ်ဆိတ်နေခဲ့ပြီး သူမတွင် အမှန်တကယ် ထိုအစွမ်းအစရှိမရှိကို စတင်တွေးတောမိလာသည်။
အတိတ်ကာလတွင် သူမတွင် ထိုအစွမ်းအစသေချာပေါက်ရှိခဲ့သော်လည်း ယခုတွင် သူမသည် သာမန် အိမ်ရှင်မတစ်ဦးမျှသာ ဖြစ်နေသည်။
ယဲ့ယီ နန်ချင်ဝမ်ကို အနှောင့်အယှက်မပေးဘဲ သူမ၏ လက်ဖက်ရည်ကို ဆက်သောက်ရင်း နန်ချင်ဝမ် အား တွေးတောချိန်ပေးခဲ့သည်။
နန်ချင်ဝမ်သည် အချိန်အတော်ကြာ စဉ်းစားခဲ့သော်လည်း ဆုံးဖြတ်ချက်မချနိုင်သေးပေ။
“ရှောင်ယီ၊ ကျွန်မ အခု ညီမကို အဖြေမပေးနိုင်သေးဘူး။ နည်းနည်းလောက် ထပ်စဉ်းစားကြည့်ပါဦးမယ်”
ယဲ့ယီက ပြုံး၍ ပြန်ဖြေလိုက်သည်။
“ရပါတယ်၊ အလျင်မလိုပါဘူး။ အစ်မချင်ဝမ် ဖြည်းဖြည်းချင်း စဉ်းစားပါ။ ဆုံးဖြတ်ချက်ချပြီးတဲ့အခါမှ အဖြေပြန်ပေးပါ”
ထို့နောက် ထမင်းစားချိန်တစ်လျှောက်လုံး နှစ်ယောက်သား ထိုကိစ္စကို ထပ်မပြောကြတော့ဘဲ အသေးအဖွဲကိစ္စများကိုသာ စကားစမြည် ပြောဆိုကြသည်။
မူလတန်းကျောင်းတွင်။
မူလတန်းကျောင်း စတက်ကတည်းက ကုစဲ့သည် သူ၏ ရုပ်ရည်ချောမောမှုကြောင့် ဆရာများ၏ အထူးဂရုစိုက်မှုများကို ခံခဲ့ရသည်။ မိန်းကလေးများကလည်း သူနှင့် ကစားရန် အလွန်နှစ်သက်ကြပြီး သူသွားလေရာတိုင်း မိန်းကလေးအုပ်စု၏ ဝန်းရံံခြင်းခံထားရသည်။
ကုစဲ့မှာ ဤကိစ္စအတွက် အလွန် စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ မိန်းကလေးများကိုလည်း မပြောရဲပေ။ ပြောလျှင်လည်း ငိုကြမည်ဖြစ်၍ သူ့အနေဖြင့် တတ်နိုင်သမျှ ရှောင်ကွင်းနေလိုက်သည်။
သို့သော် မိန်းကလေးတိုင်းက ကုစဲ့နှင့် ကစားရန် နှစ်သက်ကြသောကြောင့် အခြားယောက်ျားလေးများ စိတ်ဆိုးကြပြီး ဆရာမထံ တိုင်ကြသည်။
သို့သော် ဆရာမလည်း ဘာမျှမတတ်နိုင်ပေ။ မိန်းကလေးငယ်များက ကုစဲ့နှင့် ကစားရခြင်းကို နှစ်သက်ကြသည်။ ဆရာမများကပင် သူတို့ အတူကစားခြင်းကို တားမြစ်၍မရပေ။
ယနေ့တွင် ဝဝတုတ်တုတ် ကောင်လေးတစ်ဦးနှင့် ယောက်ျားလေးအုပ်စုတစ်စုသည် အတန်းချိန်ပြီးသည့်နောက် စာသင်ခန်းထဲတွင် ကုစဲ့ကို ပိတ်ဆို့ထားခဲ့ကြသည်။
ကုစဲ့ အေးစက်စွာ ပြောလိုက်သည်။
“လမ်းဖယ်”
ဝဝတုတ်တုတ်ကောင်လေးက ကုစဲ့ကို လမ်းဖယ်မပေးရုံသာမက သူ့အနားသို့ တမင်တကာ ပိုကပ်လာခဲ့သည်။
ကုစဲ့ မျက်မှောင်ကြုတ်လိုက်ပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ ထိုဝဝတုတ်တုတ်ကောင်လေးနှင့် တိုက်မိရန် သူမလိုလားပေ။
ကုစဲ့ ရှောင်ထွက်သွားသောအခါ ဝဝတုတ်တုတ်ကောင်လေးက သူ့အနားသို့ ဇွတ်တရွတ်ကပ်လာပြီး ရန်လိုသောအသံနှင့် တမင်ပြောဆိုလိုက်သည်။
“မင်းက မိန်းကလေးတွေနဲ့ပဲ ကစားတတ်တယ်၊ မင်းမှာ ယောက်ျားပီသမှု လုံးဝမရှိဘူး”
ကုစဲ့က အေးဆေးစွာပြန်ပြောသည်။
“မင်းက သူတို့နဲ့ ကစားချင်တာ၊ ဒါပေမဲ့ သူတို့က မင်းနဲ့ မကစားချင်ကြဘူးလေ”
အနာပေါ် တုတ်ကျမိသွားသော ဝဝတုတ်တုတ်ကောင်လေး ဒေါသတကြီး ပြန်အော်လိုက်သည်။
“မင်းက အမေရင်းမရှိတဲ့ကလေး၊ ပြီးတော့ မင်း မိထွေးကလည်း လူကောင်းမဟုတ်ဘူး”
ကုစဲ့ ဝဝတုတ်တုတ်ကောင်လေးကို တွန်းထုတ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
“ထပ်ပြောရဲပြောကြည့်စမ်း”
ဝတုတ်လေးသည် ကုစဲ့၏ တွန်းချက်ကြောင့် လဲလုမတတ်ဖြစ်သွားပြီး တမင်တကာ ဆက်ပြောနေခဲ့သည်။
“ငါပြောတယ်၊ ငါပြောတယ်၊ မင်းမှာ အမေရင်းမရှိဘူး၊ မင်းမိထွေးလည်း လူကောင်းမဟုတ်ဘူး။ မင်းမိထွေးက သရုပ်ဆောင်သက်သက်ပဲ”
ဒေါသထွက်နေသော ကုစဲ့သည် ဝဝတုတ်တုတ်ကောင်လေး၏ မျက်နှာကို လက်သီးနှင့် တစ်ချက်ထိုးလိုက်သည်။ ဝဝတုတ်တုတ်ကောင်လေးကလည်း အလျှော့မပေးဘဲ ပြန်ခုခံတိုက်ခိုက်ခဲ့ပြီး အခြားကလေးများက အနားတွင် ကြည့်ရှုနေကြသည်။
နောက်ဆုံးတွင် ဆရာမ ရောက်လာ၍ ရန်ပွဲမှာ ပြီးဆုံးသွားသည်။ ကုစဲ့နှင့် ဝဝတုတ်တုတ်ကောင်လေး နှစ်ဦးစလုံးတွင် ဒဏ်ရာအနာတရအချို့ ရရှိသွားခဲ့သည်။
ကုစဲ့ အိမ်ပြန်ရောက်သောအခါ ကုရှီချန်းလည်း အိမ်တွင် ရှိနေခဲ့သည်။ ကုရှီချန်းသည် သူ့ဒဏ်ရာကို မြင်သွားမည်ကို စိုးရိမ်သဖြင့် ကုစဲ့ ကုရှီချန်းကို နှုတ်ဆက်ပြီး အပေါ်ထပ်သို့ တက်ရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက်တွင် ကုရှီချန်း သူ့ကိုခေါ်လိုက်သည်။
“ရှောင်စဲ့၊ ဖေဖေ ကြည့်လို့ရအောင် သားရဲ့ အိမ်စာတွေ ယူလာခဲ့”
အခြားနည်းလမ်းမရှိတော့သဖြင့် ကုစဲ့သည် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားရန် အတင်းအကျပ် ကြိုးစားရင်း ကုရှီချန်း၏ အနားသို့ လျှောက်သွားခဲ့သည်။
ကုရှီချန်းက ကုစဲ့၏ အိမ်စာကို ယူကြည့်လိုက်သည်။ ရုတ်တရက် ကုစဲ့သည် သူ့ညာဘက်အင်္ကျီလက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်ကို သတိထားမိသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်သည်။
“သား အင်္ကျီလက်ကို ဘာလို့ ဆုပ်ထားတာလဲ”
ကုစဲ့ တွန့်ဆုတ်တွန့်ဆုတ် ပြောလိုက်သည်။
“ဘာ... ဘာမှမဟုတ်ပါဘူး”
ကုရှီချန်းသည် သူ့သားအကြောင်း ကောင်းကောင်း သိသည်။ ကုစဲ့ လိမ်ညာတိုင်း တွန့်ဆုတ်သွားတတ်သည်။
ကုရှီချန်း ကုစဲ့၏ ညာဘက်လက်ကို ဆွဲယူလိုက်ပြီး အင်္ကျီလက်ကို ဆွဲတင်လိုက်သည်။
ဆွဲတင်လိုက်သည်နှင့် ကုစဲ့၏ ညာဘက်လက်တွင် ခြစ်ရာတစ်ခုရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ကုရှီချန်း၏ မျက်နှာသည် ချက်ချင်း အေးစက်သွားခဲ့သည်။
“သူ လုပ်တာလား”
ကုစဲ့က ဗုံတီးသကဲ့သို့ ခေါင်းကို အပြင်းအထန်ခါကာ ပြောလိုက်သည်။
“ဒါ သား မတော်တဆ လုပ်မိတာပါ”
ကုရှီချန်းသည် ကုစဲ့၏ စကားကို မယုံပေ။ သူ မရှိစဉ်အတွင်း ယဲ့ယီက ကုစဲ့ကို ထပ်မံ အနိုင်ကျင့်ခဲ့သည်ဟု အခိုင်အမာ ယုံကြည်သွားခဲ့သည်။
ထိုမိန်းမသည် ပိုကောင်းလာပြီဟု သူ ထင်ထားခဲ့သော်လည်း ယခုတွင် ထိုအရာသည် ဟန်ဆောင်မှုသက်သက်သာ ဖြစ်နေသည်။ ထိုမိန်းမသည် ယခင်အတိုင်း ယုတ်မာနေဆဲပင်။
ထိုအခိုက်အတန့်တွင် ယဲ့ယီသည် အပြင်ဘက်မှ ဝင်လာခဲ့သည်။
ကုရှီချန်း ယဲ့ယီအား အေးစက်စွာပြောဆိုလိုက်သည်။
“ဘာလဲ၊ ရက်နည်းနည်းလောက် ဟန်ဆောင်ပြီးတာနဲ့ မင်းရဲ့ ပင်ကိုယ်စရိုက် ပေါ်လာပြီလား။ မင်း ဘယ်လိုလုပ် ဒီလောက် ယုတ်မာရက်စက်နိုင်တာလဲ”
ယဲ့ယီသည် ကုရှီချန်းဘာကြောင့် ဆူပူကြိမ်းမောင်းနေမှန်း မသိရှာပေ။
‘ဒီလူ ဘာဖြစ်နေတာတုန်း’
ကုရှီချန်း ဆက်လက် ခြိမ်းခြောက်လိုက်သည်။
“ယဲ့ယီ၊ ငါမင်းကို ဘာမှမလုပ်ရဲဘူးလို့ တကယ်ထင်နေတာလား။ ငါတို့ မိသားစုနှစ်ခုကြားက ဆက်ဆံရေးကြောင့် မင်းကို အကြိမ်ကြိမ် သည်းခံခဲ့တာ။ ဒါပေမဲ့ မင်းက ငါ့ကို အခွင့်ကောင်းယူပြီးတော့ လုပ်ချင်တိုင်းလုပ်နေတာလား။ ယဲ့မိသားစုက မင်းလို ယုတ်မာရက်စက်တဲ့ မိန်းမကို ဘယ်လိုလုပ်ပြီး မွေးဖွားလာခဲ့တာလဲ”
ကုရှီချန်းသည် ယဲ့ယီအပေါ် နားလည်မှုလွဲနေသည်ကို မြင်သော ကုစဲ့သည် ရှေ့သို့တိုးကာ ကုရှီချန်းကို လှမ်းဆွဲလိုက်ပြီး ပြောလိုက်သည်။
“ဖေဖေ၊ ဒါ မေမေ လုပ်တာ တကယ်မဟုတ်ပါဘူး”
သို့သော် ကုရှီချန်းက ကုစဲ့သည် ယဲ့ယီ၏ လှည့်စားမှုကို ခံထားရသည်ဟု ယုံကြည်နေခဲ့ပြီး ယဲ့ယီအပေါ် သူ့ ရွံရှာမုန်းတီးမှုသည် ပို၍ နက်ရှိုင်းသွားခဲ့သည်။
“မင်းကို ကွာရှင်းပြီးရင် ငါပေးမဲ့ လျော်ကြေးတွေ တစ်ပြားမကျန်ပေးမယ်လို့ ငါ ပြောထားတယ်လေ။ မင်း ဘာလို့ ကလေးတစ်ယောက်ကိုတောင် သည်းမခံနိုင်ရတာလဲ။ ဒီအချိန်အတွင်းမှာ မင်း တကယ်ပြောင်းလဲသွားပြီလို့ ငါထင်ခဲ့တာ။ မင်းအပေါ် ငါ အထင်ကြီးလွန်းခဲ့တာပဲ။ မင်းကတော့ အရင်အတိုင်းပါပဲလား”