အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အခန်း(၃၃)
ယဲ့ယီ၏ သားလေး
ကုစဲ့သည် ယဲ့ယီအတွက် ရှင်းပြရန် ကြိုးစားရင်း သူ့လက်မောင်းပေါ်က ဒဏ်ရာကို မတော်တဆ ဖော်မိသွားသည်။
ယဲ့ယီ ကုစဲ့ ဒဏ်ရာရလာသည်ကို မြင်လိုက်ရသောအခါ ကုရှီချန်းကို လျစ်လျုရှုကာ ကုစဲ့ ရှေ့တွင် ထိုင်ချလိုက်၏။
ကုရှီချန်း ယဲ့ယီသည် ကုစဲ့ကို ဆက်လက်ခြိမ်းခြောက်ဦးမည်ဟု ထင်မှတ်ကာ အေးစက်စွာ ဆိုလိုက်သည်။
“မင်း ရှောင်စဲ့ကို မင်းအတွက် ကူပြောဖို့ ခြိမ်းခြောက်ချင်သေးတာလား။ ငါပြောမယ်၊ မင်းရဲ့ အဓိပ္ပာယ်မဲ့တဲ့ စကားတွေကို ငါ ဘယ်တော့မှ ထပ်မယုံတော့ဘူး”
ယဲ့ယီ ကုရှီချန်းကို လျစ်လျူရှုလိုက်ပြီး ကုစဲ့၏လက်ကို ကြည့်ကာမေးလိုက်သည်။
“ဒါ ဘယ်လိုဖြစ်တာလဲ”
[ဘယ်ယုတ်မာတဲ့လူက ငါ့အချစ်ဆုံးသားကို ထိခိုက်ရဲတာလဲ။ သူတို့ လုပ်ရဲတဲ့ သတ္တိရှိတယ်နော်]
ကုစဲ့သည် စကားမဆိုရဲပေ။ သူ ကျောင်းတွင် ရန်ဖြစ်ခဲ့ကြောင်း ယဲ့ယီနှင့် ကုရှီချန်း သိသွားလျှင် သူ့ကို အပြစ်တင်မည်ကို စိုးရိမ်နေသည်။ ဆရာမသည် လူကြီးများက ရန်ဖြစ်တတ်သည့် ကလေးများကို မနှစ်သက်ကြောင်း ပြောထားဖူးပြီး သူကလည်း သူ့မိဘများ မကြိုက်မည်ကို မလိုလားပေ။
ယဲ့ယီ ကြမ်းတမ်းသောလေသံဖြင့် ဟန်ဆောင်ကာ အော်လိုက်သည်။
“ဘာလဲ၊ ငါ့ကို အပုတ်ချဖို့ ကြိုးစားနေတာလား၊ ပြောချင်စိတ်မရှိဘူးလား”
[မေ့ချစ်သားရေ၊ မြန်မြန်ပြောပါ၊မေမေ မင်းဘက်ကနေ ရပ်တည်ပေးပါ့မယ်]
ကုစဲ့ ခဏတာ တုံ့ဆိုင်းနေပြီးနောက် နောက်ဆုံးတွင် အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။
ကုရှီချန်းနှင့် ယဲ့ယီတို့ နှစ်ဦးစလုံး တိတ်ဆိတ်သွားကြသည်။
ကုရှီချန်း ရှက်ကိုးရှက်ကန်းဖြစ်နေပြီး ယဲ့ယီမှာ စိတ်လှုပ်ရှားနေမိသည်။
[ငါ့ရဲ့အချစ်ဆုံးသားက အခု ငါ့ကို ကာကွယ်ပေးနေတာ။ ငါ သူ့ကို ကျစ်ကျစ်ပါအောင် ဖက်ထားချင်လိုက်တာ]
သို့သော် သူမ ပုံရိပ်ကို မပျက်စီးစေရန်အတွက် ယဲ့ယီသည် ထိုစိတ်အားထက်သန်မှုကို ချုပ်တည်းထားလိုက်ရသည်။
ကုစဲ့သည် ယဲ့ယီ ဒေါသမထွက်ကြောင်း သိရှိပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်သည်။
ယဲ့ယီသည် ကုရှီချန်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် ညည်းညူလိုက်သည်။
[ခေါင်းက ဒီလောက်ကြီးတာ ဘာလို့ ဦးနှောက် ပါမလာရတာလဲ]
ကုရှီချန်း အလွန်အမင်း ရှက်ကိုးရှက်ကန်းဖြစ်သွားသဖြင့် အကြောင်းပြချက်တစ်ခု ဖန်တီးကာ ထွက်သွားခဲ့သည်။
ယဲ့ယီ ဤအဖြစ်အပျက်ကို မကျေမနပ် ဖြစ်နေ၏။ လူတစ်ယောက်က အခြားတစ်ယောက်ကို မှားယွင်းစွာ စွပ်စွဲပြီးနောက် ဤသို့ ထွက်သွားရုံဖြင့် ကိစ္စပြီးနိုင်မည်လော။
ယဲ့ယီသည် ကုရှီချန်းနှင့် စကားများရန် ပျင်းရိလွန်းသောကြောင့် သူမ အချစ်ဆုံးသားကိုသာ ဦးစွာ ဂရုစိုက်ရန်ရွေးချယ်လိုက်သည်။
ယဲ့ယီသည် ရှေးဦးသူနာပြုသေတ္တာကို ထုတ်ယူကာ ကုစဲ့၏ဒဏ်ရာကို ရိုးရှင်းစွာ ပတ်တီးစည်းပေးလိုက်သည်။
ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် ယဲ့ယီ ကုစဲ့အား မေးလိုက်သည်။
“မင်း ဆရာမရဲ့ ဖုန်းနံပါတ်ကို သိလား”
ကုစဲ့ အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူမ ဆရာမကို မသင့်လျော်သောစကားများ ပြောရန် စီစဉ်ထားသလား။
ယဲ့ယီသည် ကုစဲ့၏ စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာကို ကြည့်ကာ ပြုံးလိုက်ပြီး ဆိုလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါ မင်းအတွက် အကာအကွယ်ပေးချင်တာပါ။ ငါ့သားက ဘယ်သူမဆို အနိုင်ကျင့်လို့ရတဲ့သူ မဟုတ်ဘူး”
သံသယရှိသော်လည်း ကုစဲ့ ယဲ့ယီကို အတန်းပိုင်ဆရာမ၏ ဖုန်းနံပါတ်ကို ပေးလိုက်သည်။
ယဲ့ယီ အတန်းပိုင်ဆရာမကို WeChat တွင် ထည့်သွင်းလိုက်ရာ ဆရာမက ချက်ချင်းဆိုသလို လက်ခံလိုက်သည်။ ထို့နောက် ယဲ့ယီက အတန်းပိုင်ဆရာမထံမှ ဝတုတ်ကောင်လေး၏ မိသားစု ဖုန်းနံပါတ်ကို တောင်းယူလိုက်သည်။
အတန်းပိုင်ဆရာမကလည်း ယဲ့ယီကို ဝတုတ်ကောင်လေး၏ မိသားစုအခြေအနေကို ကြင်နာစွာ ပြောပြခဲ့သည်။
ထိုဝဝတုတ်တုတ်ကောင်လေး၏ အမည်မှာ ဟူဟောင်ဖြစ်သည်။ သူ့မိသားစုတွင် ကုမ္ပဏီတစ်ခု ပိုင်ဆိုင်ပြီး သူ့အဒေါ်သည် ဖျော်ဖြေရေးလောကတွင် အလုပ်လုပ်သည်။ ကံဆိုးချင်တော့ သူမသည် ယခင်က ယဲ့ယီကို ဝေဖန်ရန် Weibo တွင် ပို့စ်တင်ခဲ့သူများထဲမှ တစ်ဦးဖြစ်နေသည်။
ယဲ့ယီသည် ယခုအခါ ဤဝဝတုတ်တုတ်ကောင်လေးသည် သူမကို အဘယ်ကြောင့် ဆဲဆိုနေကြောင်း နားလည်လိုက်သည်။ ယခင်မျိုးဆက်မှ အာဃာတများသည် နောက်မျိုးဆက်သို့ ကူးဆက်လာခြင်းဖြစ်သည်။
ယဲ့ယီသည် ဟူဟောင်၏ မိသားစုကို တိုက်ရိုက်ခေါ်ဆိုလိုက်သည်။
တစ်ဖက်မှ ခေါ်ဆိုမှုကို လျင်မြန်စွာ ကိုင်ယူလိုက်သည်။
“ဟယ်လို”
ယဲ့ယီက မိမိကိုယ်ကို တိုက်ရိုက် မိတ်ဆက်လိုက်သည်။
“ဟယ်လို၊ ကျွန်မက ရှင့်သားရဲ့ အတန်းဖော် ကုစဲ့အမေပါ”
ဖုန်းတစ်ဖက်မှ လူက ဇဝေဇဝါဖြစ်နေဟန်ဖြင့် မေးလိုက်သည်။
“ကုစဲ့ရဲ့အမေ၊ တစ်ခုခုဖြစ်လို့လား”
ဖုန်းတစ်ဖက်မှ လူသည် အတော်လေး ဖော်ရွေသောကြောင့် ယဲ့ယီ၏ လေသံသည် အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။
“ဒီလိုပါ၊ ရှင့်သား ဟူဟောင်က ကျွန်မသား ကုစဲ့နဲ့ ကျောင်းမှာ ရန်ဖြစ်ခဲ့တယ်၊ အဲ့တာ သိထားလား”
ဟူဟောင်၏အမေသည် ဖုန်းတစ်ဖက်တွင် ဂိမ်းကစားရန် အလုပ်များနေသော သူ့သားကို တစ်ချက်ကြည့်လိုက်ပြီး ရိုးသားစွာ ဖြေကြားလိုက်သည်။
“တောင်းပန်ပါတယ် ကုစဲ့အမေ၊ ဒီကိစ္စကို ကျွန်မ တကယ်မသိပါဘူး။ အသေးစိတ်ပြောပြပေးလို့ရမလား”
ယဲ့ယီက ဟူဟောင်၏အမေအား အဖြစ်အပျက်တစ်ခုလုံးကို ပြောပြလိုက်သည်။
ဖုန်းတစ်ဖက်မှ အချိန်အတော်ကြာအောင် တုံ့ပြန်မှုမရှိပေ။
ယဲ့ယီ ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဟယ်လို၊ ရှိသေးလား”
သူမ ရရှိလိုက်သော တစ်ခုတည်းသော တုံ့ပြန်မှုမှာ ဖုန်းတစ်ဖက်မှ ဒေါသတကြီး ဟိန်းဟောက်သံဖြစ်သည်။
“အဘိုးကြီးဟူ၊ ရှင့်သားက သူများအမေကို စော်ကားပြီး ကျောင်းမှာ ရန်ဖြစ်ခဲ့တယ်တဲ့”
နောက်တစ်ဆက်တည်းတွင် ခါးပတ်ဆွဲထုတ်သံကို ကြားလိုက်ရပြီး ထို့နောက် ဖုန်းတစ်ဖက်မှ ဟူဟောင်၏ ညည်းတွားငိုကြွေးသံများ ထွက်ပေါ်လာခဲ့သည်။
ယဲ့ယီနှင့် ကုစဲ့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ယဲ့ယီသည် မူလက ဤမိသားစုမှာ ဆင်ခြင်တုံတရားမဲ့သူများဖြစ်ပါက သူတို့နှင့် အလေးအနက် ငြင်းခုံရန် တွေးထားခဲ့သော်လည်း ဤမိသားစုတွင် ခိုင်မာသော ကိုယ်ကျင့်တရားစံနှုန်းများ ရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဟူဟောင်၏အမေထံမှ ဖုန်းခေါ်ဆိုမှု မှာ မရပ်သေးပေ။
“စိတ်မပူပါနဲ့ ကုစဲ့အမေ၊ ကျွန်မ ယောက်ျားကို ဒီဆိုးသွမ်းတဲ့ကလေးကို မနက်ဖြန် ကျောင်းကိုခေါ်သွားပြီး ကုစဲ့ကို ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခိုင်းခိုင်းလိုက်ပါ့မယ်”
ဖုန်းချလိုက်ပြီးနောက် နှစ်ဦးစလုံး အနည်းငယ် အူကြောင်ကြောင်ဖြစ်နေဆဲ ဖြစ်သည်။ ဟူဟောင်၏ အော်သံများက အလွန်အမင်း သနားစရာကောင်းလွန်းသည်။
ကုစဲ့ သတိထားကာ မေးလိုက်သည်။
“သူ့ကို သူ့အဖေက ရိုက်လို့ မသေလောက်ပါဘူးနော်”
ယဲ့ယီက ခေါင်းခါလိုက်သည်။
“အဲလောက်တော့ မဆိုးပါဘူး၊ အများဆုံး အရေခွံတစ်လွှာလောက် ခွာခံရုံလောက်ပါပဲ”
ကုစဲ့မှာ ရုတ်တရက် ဟူဟောင်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ သူ့သနားစရာ ငိုသံများကို ကြားရုံဖြင့်ပင် သူ မည်မျှစိတ်ဆင်းရဲနေရမည်ကို စိတ်ကူးကြည့်မိသည်။
သို့သော် ယဲ့ယီသည် သူ့အတွက် တရားမျှတမှုကို တက်ကြွစွာ လုပ်ဆောင်ပေးလိမ့်မည်ဟူသော အတွေးက ကုစဲ့၏နှုတ်ခမ်းကို သူ့အလိုလို ကွေးညွှတ်သွားစေခဲ့ပြီး ကုစဲ့သည် ယဲ့ယီ လက်ကို လှမ်းဆွဲလိုက်သည်။
“ဒီည သားနဲ့အတူ အိပ်မှာလား”
ယဲ့ယီက ရွံရှာသောမျက်နှာဖြင့် ကြည့်လိုက်သည်။
“မင်း အသက်ဘယ်လောက်ရှိပြီလဲ၊ ငါနဲ့အတူ အိပ်ချင်သေးတယ်။ အေး အေး အေး၊ ထားပါတော့ ၊ငါ မင်းနဲ့အတူ အိပ်လိုက်ပါ့မယ်”
[အား... ငါ့ချစ်သားလေးနဲ့ ပြန်ဖက်အိပ်ရတော့မယ်၊ အရမ်းပျော်တယ်]
ကုစဲ့နှင့် ယဲ့ယီတို့သည် ထိုညတွင် အိပ်မောကျသွားကြသည်။
တစ်ချိန်တည်းတွင် ကုရှီချန်းသည် သူ့ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်နေဆဲဖြစ်သည်။ သူ ယဲ့ယီကို မှားယွင်းစွာ စွပ်စွဲမိကြောင်း သိသော်လည်း သူမကို တောင်းပန်ရန် မိမိကိုယ်ကို နှိမ့်ချ၍မရပေ။
သို့သော် တကယ်တမ်းတွင် သူ့အမှားသာဖြစ်သည်။ ထိုမိန်းမတွင် ယခင်က မှတ်တမ်းဆိုးမရှိခဲ့ပါက သူ သူမကို သံသယဝင်မိမည်မဟုတ်ပေ။
စိတ်ရှုပ်စရာပင်။
နောက်တစ်နေ့တွင် ယဲ့ယီ ကုစဲ့ကို ကျောင်းသို့ ကိုယ်တိုင်လိုက်ပို့ခဲ့သည်။ အခြားအကြောင်းရင်း မရှိပေ ။သူမ ဝတုတ်ဟူဟောင် မည်မျှဆိုးဆိုးရွားရွား အရိုက်ခံထားရသည်ကို ကြည့်ချင်ရုံသာဖြစ်သည်။
ယဲ့ယီနှင့် ကုစဲ့တို့ ကျောင်းတံခါးဝသို့ ရောက်သောအခါ ဟူဟောင်နှင့် သူ့မိဘများက ထိုနေရာတွင် ရပ်နေကြပြီး သူတို့ကို စောင့်ဆိုင်းနေပုံရ၏။
ယဲ့ယီနှင့် ကုစဲ့တို့ ကျောင်းတံခါးဝသို့ ရောက်သောအခါ ဟူဟောင်၏အမေက ယဲ့ယီကို ပြုံးပြကာဆိုလိုက်သည်။
“ကုစဲ့အမေ၊ တကယ့်ကို တောင်းပန်ပါတယ်။ ကျွန်မသားက သူ့အဒေါ်ဆီက မကောင်းတာတွေ သင်ယူမိခဲ့တယ်။ တကယ့်ကို စိတ်မကောင်းပါဘူး”
ဟူဟောင်၏အမေသည် အထူးသဖြင့် နူးညံ့သိမ်မွေ့ပုံရပြီး ဟူဟောင်၏အဖေမှာ အနည်းငယ် ဝလွန်းသော်လည်း နှစ်ဦးစလုံးသည် ပေါင်းသင်းရလွယ်ကူပုံရသည်။
ဟူဟောင်၏အဖေက ဟူဟောင်၏နဖူးကို လက်ဝါးဖြင့်ရိုက်ကာ ပြောလိုက်သည်။
“အခုပဲ တောင်းပန်လိုက်”
ဟူဟောင်သည် မလိုလားသောမျက်နှာဖြင့် ယဲ့ယီနှင့် ကုစဲ့ရှေ့သို့ လျှောက်လာပြီး ဦးညွှတ်လိုက်သည်။
“အန်တီ၊ ကုစဲ့ တောင်းပန်ပါတယ်”
ယဲ့ယီက ပြုံးကာပြန်ပြောလိုက်သည်။
“ရပါတယ်၊ ရပါတယ်။ မင်းတို့နှစ်ယောက် ကျောင်းမှာ သင့်သင့်မြတ်မြတ် နေကြနော်”
ဟူဟောင်၏အမေကလည်း ပြုံးကာပြန်ဆိုလိုက်၏။
“ကျွန်မရဲ့ ဟူဟောင်က အရမ်းရိုင်းတယ်။ နောင်မှာ ကုစဲ့ သူ့ကို လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
ယဲ့ယီ ပြုံးပြရုံသာ ပြုံးပြပြီး ပြန်မဖြေပေ။ ကုစဲ့သည် ကုအုပ်စုကြီး၏ ကျောထောက်နောက်ခံရှိသူဖြစ်ရာ သူတို့သည် ကုအုပ်စုကြီးကို မျှော်ကိုးနေသူများဟုတ် မဟုတ် မည်သူသိနိုင်မည်နည်း။
အတန်းစပြီးနောက် ထွက်ခွာချိန်အထိ မိနစ်အနည်းငယ်ခန့် စကားစမြည် ဆက်ပြောခဲ့ကြသည်။
ကျောင်းမှထွက်ပြီးနောက် ယဲ့ယီ ကုမ္ပဏီသို့ တန်းတန်းမတ်မတ် သွားခဲ့သည်။ နန်ချင်ဝမ်၏ အကြောင်းပြန်စာကို စောင့်ဆိုင်းနေစဉ် သူမသည် တစ်ဦးတည်းသော အေးဂျင့်ဖြစ်သူ ဖန်ကျူးအား အရည်အချင်းပြည့်ဝသော အေးဂျင့်တစ်ဦးဖြစ်လာစေရန် ဆက်လက်သင်ကြားပေးခဲ့သည်။
သို့သော် ဖန်ကျူးသည် အေးဂျင့်လုပ်ငန်းနှင့်ပတ်သက်၍ ဘာမျှမသိပေ။ ယဲ့ယီ သူမကြောင့် ရူးလုမတတ်ဖြစ်ခဲ့ရသည်။ သူဌေးတစ်ယောက်ဖြစ်ရသည်မှာ ခက်ခဲသော်လည်း လူသုံးယောက်သာရှိသော ကုမ္ပဏီ၏ သူဌေးဖြစ်ရသည်မှာ ပို၍ပင် ခက်ခဲသေးသည်။
ဤသုံးယောက်စလုံး မှာ အားကိုး၍မရပေ။
နန်ချင်ဝမ်ထံမှ အကြောင်းပြန်ချက်မရလျှင် ကုမ္ပဏီသည် ဒေဝါလီခံရတော့မည်ဟု ယဲ့ယီ ခံစားနေရသည်။
အခန်း(၃၄)
ဂျက်နီစစ် မီဒီယာ
ရက်ပေါင်းများစွာ နေထိုင်ပြီးနောက် ကုရှီချန်း တစ်ယောက် နောက်ဆုံးတွင် ယဲ့ယီကို တောင်းပန်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ပြင် မကြာသေးမီက အာဖရိကမှ တူးဖော်ရရှိထားသော ပန်းရောင်ကျောက်မျက်ရတနာကိုပါ ယူဆောင်လာခဲ့သည်။
ယဲ့ယီ အိမ်သို့ ပြန်ရောက်သောအခါ ကုရှီချန်းသည် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။ သူမကို မှားယွင်းစွာ စွပ်စွဲခဲ့ပြီး တောင်းပန်ရန် ငြင်းဆန်ခဲ့သူကို မမြင်ချင်သောကြောင့် မည်သည့်အရာမှ ဂရုမစိုက်ဘဲ သူမ အခန်းထဲသို့ တန်းတန်းမတ်မတ် သွားရန် စီစဉ်လိုက်သည်။
သို့သော် ကုရှီချန်း သူမကို တားဆီးလိုက်သည်။
“ယဲ့ယီ၊ စကားပြောကြရအောင်”
ယဲ့ယီ ဆိုဖာသို့ လျှောက်သွားပြီး ထိုင်လိုက်ကာ ကုရှီချန်းကို သရော်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
“ဥက္ကဋ္ဌကု ကျွန်မ ဘာများလုပ်ပေးရမလဲရှင့်၊ ကျွန်မက ရှင့်သားကို အနိုင်ကျင့်တယ်လို့ ထပ်ပြောမလို့လား”
ကုရှီချန်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး အနည်းငယ်တွန့်ဆုတ်စွာ ပြောလိုက်သည်။
“အရင်တစ်ခေါက်က ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး မင်းကို ငါ မှားယွင်း မစွပ်စွဲခဲ့သင့်ဘူး”
ယဲ့ယီ မျက်နှာသေဖြင့် စကားလုံးတစ်လုံးတည်း ပြန်ဖြေလိုက်သည်။
”အော်”
ကုရှီချန်း ယဲ့ယီကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
“မင်းရဲ့ အရင်က မှတ်တမ်းသာ မရှိခဲ့ရင် ငါ မင်းကို သံသယဝင်မိမှာ မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံးတော့ ငါ မင်းကို မှားပြီးစွပ်စွဲမိခဲ့တယ်။ တောင်းပန်ပါတယ်”
ယဲ့ယီ မျက်နှာသေဖြင့် တစ်လုံးတည်းပဲ ပြန်ဖြေလိုက်သည်။
“အော်”
ကုရှီချန်း ယဲ့ယီ၏ သဘောထားကြောင့် အနည်းငယ် စိတ်တိုသွားသည်။
“ယဲ့ယီ၊ငါ မင်းကို တောင်းပန်နေတာလေ”
ယဲ့ယီ ခေါင်းညိတ်လိုက်သည်။
“ကျွန်မ သိပါတယ်”
“ငါ မင်းကို စိတ်ရင်းမှန်နဲ့ တောင်းပန်နေတာ၊ မင်း ဒီလိုလုပ်နေတာဘာကိုဆိုလိုတာလဲ”
ယဲ့ယီ ဒေါသဖြင့် ရယ်မောလိုက်သည်။
“လက်မခံဘူးဆိုရင်ရော၊ ရှင် တောင်းပန်လိုက်ရုံနဲ့ ကျွန်မ ရှင့်ကို ခွင့်လွှတ်ရမယ်လို့ ဘယ်ဥပဒေက ပြဌာန်းထားလို့လဲ”
ကုရှီချန်း ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဆက်ပြောသည်။
“ငါ မင်းကို မှားယွင်း စွပ်စွဲခဲ့တာကို သိပါတယ်၊ ဒါကြောင့် အခု ငါ မင်းကို စိတ်ရင်းမှန်နဲ့ တောင်းပန်နေတာပါ”
ယဲ့ယီ အေးဆေးစွာ ပြန်ဖြေလိုက်သည်။
“ရှင့်ရဲ့ တောင်းပန်မှုကို ကျွန်မ လက်မခံနိုင်ဘူး။ အဲဒီတုန်းက ရှင် မတောင်းပန်ခဲ့ဘူး၊ အခုကျမှ ဘာလို့ ဒီလိုလုပ်နေတာလဲ။ ဥက္ကဋ္ဌကုက အတော်လေး ကြောင်သူတော်လုပ်တယ်နော်”
ကုရှီချန်း မည်သို့ချေပရမည်ကို မသိဖြစ်သွားသည်။ သူသည် ချက်ချင်း မတောင်းပန်ခဲ့ခြင်းမှာ ဝန်ခံရန် မာနအနည်းငယ် ကြီးလွန်းနေသောကြောင့်ဖြစ်သည်။
ယဲ့ယီ ဆိုဖာမှ ထလိုက်ပြီး ကုရှီချန်းကို ပြောလိုက်သည်။
“ရှင့်ရဲ့ ဒီတောင်းပန်မှုကြီးကို ကျွန်မ လက်မခံဘူး။ ရှင်က ကျွန်မကို အကြောင်းမဲ့ ဆဲဆိုခဲ့တယ်၊ အခု ‘တောင်းပန်ပါတယ်’ ဆိုတဲ့ ရိုးရှင်းတဲ့ စကားလုံးနဲ့ ဒီကိစ္စကို ဖြေရှင်းချင်တယ်ပေါ့။ ရှင်ရဲ့ တောင်းပန်မှုကို ကျွန်မ လုံးဝလက်မခံနိုင်ဘူး”
ထိုသို့ပြောပြီးနောက် သူမ အခန်းထဲသို့ တန်းတန်းမတ်မတ် ပြန်သွားရန် ဟန်ပြင်လိုက်သည်။
ကုရှီချန်း မတ်တတ်ရပ်ကာ သူမ လက်ကို လှမ်းဆွဲလိုက်သည်။
ယဲ့ယီကး ကုရှီချန်းကို ဇဝေဇဝါဖြင့် ကြည့်ပြီး မေးလိုက်သည်။
“ရှင် ဒေါသထွက်ပြီး ကျွန်မကို ရိုက်မလို့မဟုတ်ပါဘူးနော်”
ကုရှီချန်း ဤမိန်းမ၏ တွေးခေါ်ပုံကြောင့် တစ်ဖန် ဆွံ့အသွားသည်။
ကုရှီချန်း စားပွဲပေါ်ရှိ သေတ္တာကို ယဲ့ယီအား ကမ်းပေးလိုက်သည်။
“ဒါ တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ပါ”
ယဲ့ယီ သေတ္တာကို ယူလိုက်ပြီး ဖွင့်လိုက်ကာ မကျေမနပ်သောအသံဖြင့် ညည်းညူလိုက်သည်။
“သေးသေးဖွဲဖွဲလေး လက်ဆောင်လေးပေးရုံနဲ့ ကျွန်မကို ဝယ်လို့ရတယ်လို့ မထင်….. ဟင်”
ယဲ့ယီသည် သေတ္တာထဲမှ တောက်ပြောင်နေသော ပန်းရောင်စိန်ကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည်။ သူမ အတိတ်ဘဝနှင့် လက်ရှိဘဝနှစ်ခုစလုံးတွင် ဤမျှကြီးမားသော ပန်းရောင်စိန်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
ဤအရာကို ရောင်းချပါက အနည်းဆုံး သန်းတစ်ရာလောက် ရနိုင်မည်ဖြစ်သည်။
ယဲ့ယီ ပန်းရောင်စိန်ကို ကောက်ယူလိုက်ပြီး မသေချာမရေရာစွာဖြင့် ထပ်ခါတလဲလဲ ကြည့်ရှုကာ နောက်ဆုံးတွင် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
ယဲ့ယီ ကုရှီချန်းကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။
“ကျွန်မအတွက်လား”
ကုရှီချန်းက ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍ အလေးအနက်ပြောကြားလိုက်သည်။
“ဒါ တောင်းပန်လက်ဆောင်ပါ”
ယဲ့ယီသည် ချောင်းအနည်းငယ်ဟန့်လိုက်ပြီး ရှက်နေဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။
“ရှင်က ဒီလောက် စိတ်ရင်းမှန်နဲ့ဆိုတော့ ကျွန်မ ကရုဏာသက်ပြီး ရှင်ရဲ့ တောင်းပန်မှုကို လက်မခံချင်ပေမဲ့လည်းလက်ခံလိုက်ပါ့မယ်”
ကုရှီချန်း “....”
ဤမိန်းမ ပိုက်ဆံမက်လွန်း၍ စဉ်းစားဉာဏ်မရှိတော့ပေ။
ယဲ့ယီ ပန်းရောင်စိန်ကို သေတ္တာထဲသို့ ပြန်ထည့်လိုက်ပြီး ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ထို့နောက် ကုရှီချန်းကို ပြောလိုက်သည်။
“နောက်တစ်ခါ အဖြစ်မှန်ကို မသိဘဲနဲ့ ကျွန်မကို အပုတ်ချဖို့ မကြိုးစားနဲ့”
ကုရှီချန်း မျက်မှောင်ကြုတ်ကာ ပြန်ချေပလိုက်သည်။
“မင်းသာ အရင်က ဒီလိုမျိုး မလုပ်ခဲ့ရင် ငါ မင်းကို သံသယဝင်စရာအကြောင်းမရှိဘူး။”
ယဲ့ယီ ကုရှီချန်းကို သူမ ပြောင်းလဲသွားပြီဖြစ်ကြောင်း ရှင်းပြရန် လိုအပ်သည်ဟု ခံစားမိသည်။ သို့မဟုတ်ပါက နောင်တွင် ကုစဲ့တွင် ပြဿနာတစ်စုံတစ်ရာရှိပါက သူမအပေါ်တွင် ဆက်လက်သံသယဝင်နေဦးမည် ဖြစ်သည်။
ယဲ့ယီ ဆိုဖာပေါ်သို့ ပြန်ထိုင်လိုက်ပြီး ကုရှီချန်းကို ဆိုလိုက်သည်။
“ကျွန်မတို့ တကယ်ပဲ စကားကောင်းကောင်းပြောသင့်တယ်လို့ ထင်တယ်”
ကုရှီချန်းသည် ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ သူတို့ နှစ်ယောက် အမှန်တကယ်ပင် စကားကောင်းကောင်းပြောသင့်သည်ဟု သူလည်း ခံစားမိသည်။
ယဲ့ယီ သက်ပြင်းချကာ စတင် စကားဆိုလိုက်၏။
“ကျွန်မကို အရင်ကအမြင်တွေနဲ့ မကြည့်ပါနဲ့လား။ ကျွန်မ အခု တကယ်ပဲ ပြောင်းလဲသွားပါပြီ၊ ဟုတ်ပြီလား”
ကုရှီချန်း မျက်နှာသေဖြင့်ပြန်ပြောလိုက်သည်။
“မင်း ဟန်ဆောင်တာလား မဟန်ဆောင်ဘူးလား ဆိုတာဘယ်သူကသိမှာလဲ”
ယဲ့ယီ ဒေါသထွက်သွားသည်။ သူမက ဘာအတွက်ဖြင့် ဟန်ဆောင်နေရမည်နည်း။
“ကျွန်မ ရှင့်ကို ကျိန်ပြောရဲတယ်၊ ကုစဲ့ကို ထိခိုက်အောင်လုပ်မဲ့ အရာမှန်သမျှ ကျွန်မ ဘယ်တော့မှ ထပ်မလုပ်တော့ဘူး”
ကုရှီချန်းသည် ယဲ့ယီ တစ်ယောက် အမှန်တရားကို ပြောနေခြင်းရှိမရှိ သေချာစေရန် သူမကို ဂရုတစိုက် ကြည့်လိုက်သည်။
ယဲ့ယီ ဆက်ပြောသည်။
“နောင်တစ်ချိန်မှာ ရှင်က ကျွန်မကို ရှုထောင့်အသစ်ကနေ ကြည့်ပေးနိုင်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ အခု ကျွန်မ ဟန်ဆောင်နေတယ်ဆိုရင် နောက်ဆုံးမှာ ပေါ်လာမှာပဲလေ။ ဒါပေမဲ့ ကျွန်မ တကယ်ပဲ ပြောင်းလဲသွားတယ်ဆိုရင်တော့ ရှင်အပြစ်အားလုံးကို ကျွန်မအပေါ် ပုံချလို့မရဘူးလေနော်”
ကုရှီချန်း ခေါင်းညိတ်လိုက်သည်။
“ငါ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”
ခဏရပ်နားပြီးနောက် ကုရှီချန်း ဆက်ပြောသည်။
“ဒါပေမယ့် မင်း ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ၊ ဒီကွာရှင်းမှုကတော့ ရှောင်လွှဲလို့မရဘူး”
ယဲ့ယီ တိတ်ဆိတ်သွားသည်။
[ထွက်သွား၊ ထွက်သွား၊ ထွက်သွား၊ ထွက်သွား။ မထွက်သွားတဲ့သူက ခွေးပဲ၊ ဟုတ်ပြီလား]
ဤသို့နှယ် သူတို့စကားဝိုင်းလေး ပြီးဆုံးသွားလေ၏။
သူမ အခန်းသို့ ပြန်ရောက်ပြီးနောက် ယဲ့ယီသည် ပန်းရောင်စိန်ကို ထုတ်ယူကာ ထပ်ခါတလဲလဲ ကြည့်ရှုလိုက်ပြီး ၎င်းကို ရောင်းချ၍ ငွေရှာသင့်မသင့် စဉ်းစားနေမိသည်။
စဉ်းစားပြီးနောက် ယခုသိမ်းထားပြီး နောင်တွင် ငွေလိုအပ်ချိန်မှ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
နောက်ရက်များတွင် ရုပ်သံလွှင့်ခြင်းအစီအစဉ် မစတင်မီ ယဲ့ယီသည် ကုမ္ပဏီသို့ နေ့စဉ် သွားရောက်ခဲ့သည်။
ကုမ္ပဏီကို မူလက ဘရီလီယင့် ဖျော်ဖြေရေးဟု ခေါ်တွင်ခဲ့သော်လည်း ယဲ့ယီက ကံဆိုးလွန်းသည်ဟု ထင်မြင်သဖြင့် ဂျက်နီစစ် မီဒီယာဟု အမည်ပြောင်းလဲခဲ့သည်။
“ဖန်တီးခြင်း၊ ဖန်တီးခြင်း၊ သင်တို့ပိုင်သော ကျက်သရေရှိသော ကမ္ဘာတစ်ခုကို ဖန်တီးလိုက်ပါ”
ယဲ့ယီ ဤရက်ပိုင်းအတွင်း နန်ချင်ဝမ်ကို ထပ်မံဆက်သွယ်ခဲ့ပြီး သူမ အဖြေကို မကြာမီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
နန်ချင်ဝမ်က ယဲ့ယီကို အဖြေမပေးချင်၍ မဟုတ်ပေ။အဓိကအားဖြင့် သူမသည် ဤကိစ္စကို သွမ့်ဟွေကျိုနှင့် ဆွေးနွေးသင့်သည်ဟု ခံစားမိသောကြောင့်ဖြစ်သည်။
သို့သော် နှစ်ဦးသား နောက်ဆုံးအကြိမ် ငြင်းခုံပြီးကတည်းက သွမ့်ဟွေကျိုသည် အိမ်သို့ ပြန်မလာတော့ပေ။ သူသည် နန်ချင်ဝမ်၏ ဖုန်းနံပါတ်ကို ဘလော့ခ်လုပ်ထားပြီး သူမ မက်ဆေ့ဂျ်များကိုလည်း ပြန်မဖြေခဲ့ပေ။
နန်ချင်ဝမ်အနေဖြင့် စောင့်ဆိုင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။
ကံကောင်းထောက်မစွာ နောက်ဆုံးတော့ သွမ့်ဟွေကျိုသည် ရုပ်သံအစီအစဉ် စတင်ရိုက်ကူးရန် စီစဉ်ထားသည့်ရက်မတိုင်မီ နှစ်ရက်အလိုတွင် အိမ်ပြန်ရောက်လာခဲ့သည်။
သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို မမြင်သကဲ့သို့ လျစ်လျူရှုကာ အပေါ်ထပ်သို့ တက်သွားခဲ့သည်။
“ဟွေကျို”
သူ အပေါ်ထပ်သို့ တက်တော့မည်အချိန်တွင် နန်ချင်ဝမ် သူ့ကို ပြန်ခေါ်လိုက်သည်။
သွမ့်ဟွေကျိုက နန်ချင်ဝမ်ကို စိတ်မရှည်စွာဖြင့် ကြည့်လိုက်သည်။
“ဘာလဲ”
နန်ချင်ဝမ်က ညင်သာစွာပြောလိုက်သည်။
“ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိတယ်။ ဆိုဖာပေါ်မှာ ထိုင်ပြီး စကားပြောလို့ရမလား”
သွမ့်ဟွေကျို မျက်မှောင်ကြုတ်လိုက်သော်လည်း ဆိုဖာသို့ လျှောက်သွားပြီး ထိုင်လိုက်သည်။ ထိုင်ပြီးနောက် အေးစက်စွာပြောလိုက်သည်။
“ပြောစရာရှိတာ ပြော။ ငါ့မှာ မင်းနဲ့ ဒီမှာ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး”
နန်ချင်ဝမ်သည် သူမ နှလုံးသားကို ဓားဖြင့်ထိုးခံလိုက်ရသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သွမ့်ဟွေကျိုက သူမကို ဤနည်းဖြင့် ပထမဆုံးအကြိမ် ဆက်ဆံခြင်းမဟုတ်သော်လည်း သူမ မျက်လုံးထဲတွင် မျက်ရည်များက အကြောင်းမဲ့ ပြည့်လျှံလာသည်။
နန်ချင်ဝမ်က သွမ့်ဟွေကျိုကို ကြည့်ကာ အားတင်ပြုံးပြလိုက်ပြီး ပြော၏။
“ရှောင်ယီက ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဝယ်လိုက်ပြီ။ သူက ကျွန်မကို အနုပညာရှင်အေဂျင်စီဌာနကို စီမံခန့်ခွဲဖို့ ကူညီစေချင်တယ်။ ရှင်ရော ဘယ်လိုသဘောရလဲ”
နန်ချင်ဝမ်က သွမ့်ဟွေကျိုကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ သူမ အလွန်အမင်း နာကျင်ခံစားနေရသော်လည်း သူ့ထောက်ခံချက်ကို ဆက်ပြီး လိုချင်နေမိသည်။