← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း(၃၅)

ကျွန်မတို့ ကွာရှင်းကျရအောင်

သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို ခေါင်းစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီး အေးစက်သောအပြုံးတို့ဖြင့် မေးလိုက်သည်။

“မင်းကလား”

နန်ချင်ဝမ်သည် သူမ နာကျင်သွားသော ခံစားချက်ကို မြိုသိပ်ကာ ပြန်ဖြေလိုက်သည်။

“ရှင် မေ့သွားပြီလား၊ အရင်က ကျွန်မလည်း မန်နေဂျာ တစ်ယောက်ပဲလေ”

သွမ့်ဟွေကျိုက ဆက်လက်၍ သရော်၏။

“အဲဒါ အတိတ်က ဆိုတာ မင်းကိုယ်တိုင်ပြောခဲ့တာပဲ။ အခုမင်းမှာ ဘာအရည်အချင်းရှိသေးတယ် ထင်လို့လဲ။ ငါအကြံပေးချင်တာကတော့ အိမ်မှာပဲနေပြီး ကလေးကို စောင့်ရှောက်စမ်းပါ”

နန်ချင်ဝမ် တိုးညှင်းစွာ ခုခံပြောဆိုလိုက်သည်။

“ကျွန်မလုပ်နိုင်တယ်လို့ ထင်တယ်။ အရင်ကလည်း ကျွန်မ ရှင်နဲ့အတူ တစ်ဆင့်ချင်း အတူဖြတ်သန်းခဲ့တာပဲ မဟုတ်လား”

ထိုစကားသည် သွမ့်ဟွေကျိုး၏ အားနည်းချက်ကို ထိမှန်သွားသောကြောင့် ဒေါသတကြီးနှင့် အော်ပြောလိုက်သည်။

“မင်းဘာကိုဆိုလိုတာလဲ။ အရင်က မင်းကိုမှီခိုခဲ့တယ်လို့ ထင်နေတာလား။ ငါပြောမယ် နန်ချင်ဝမ်၊ မင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ငါသွမ့်ဟွေကျိုက ဒီနေရာကို ရောက်နေမှာပဲ။ အခု ငါ့ပိုင်ဆိုင်သမျှအားလုံးက ငါကိုယ်တိုင်ကြိုးစားရှာဖွေထားတာ၊ နန်ချင်ဝမ် မင်းဆီက ရထားတာ မဟုတ်ဘူး”

နန်ချင်ဝမ် အလျင်အမြန် ရှင်းပြရန် ကြိုးစားလိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မပြောချင်တာ အဲဒီအဓိပ္ပာယ် မဟုတ်ပါဘူး”

နန်ချင်ဝမ် သိ၏။ သွမ့်ဟွေကျိုသည် အတိတ်ကအကြောင်းများ ပြောခြင်းကို အလွန်မုန်းတီးသည်။ အကြောင်းမှာ ထိုအချိန်က သူရရှိခဲ့သော အရင်းအမြစ်အားလုံးကို နန်ချင်ဝမ် သူ့အတွက် စီစဉ်ပေးခဲ့သည်ကို သူ လက်မခံနိုင်သောကြောင့်ဖြစ်သည်။

သွမ့်ဟွေကျို ဆက်ပြောသည်။

“နန်ချင်ဝမ်၊ အရင်က မင်းငါ့ရဲ့မန်နေဂျာဖြစ်ခဲ့တာနဲ့ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဘဝင်မြင့်မနေနဲ့၊ ကိုယ့်ပုံစံကိုယ်ကြည့်စမ်းပါဦး၊ ဝက်လိုဝနေတယ်။ အဲဒီလို အဓိပ္ပာယ်မဲ့တာတွေ တွေးနေမဲ့အစား ကိုယ့်ဘာသာကို ဝိတ်ချလိုက်စမ်းပါ”

နန်ချင်ဝမ်က သူမ လက်မောင်းပေါ်ရှိ အသားပိုများကို ကြည့်ကာ နာကျင်စွာဖြင့် ပြောလိုက်သည်။

“ကျွန်မ အစားလျှော့စားနေပါတယ်။ ကလေးမွေးထားလို့ ဒီလိုဖြစ်နေတာပါ”

သွမ့်ဟွေကျို အေးတိအေးစက် ပြုံးလိုက်သည်။

“ဆင်ခြေတွေ ရှာမနေနဲ့။ ဖျော်ဖြေရေးလောကမှာ ကလေးမွေးတဲ့ မင်းသမီးတွေ အများကြီးပဲ။ ဘာလို့ မင်းတစ်ယောက်တည်းက ဒီလိုဖြစ်နေရတာလဲ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ငါအကြိမ်ကြိမ် ပြောခဲ့တယ်။ ပရိသတ်တွေ ငါ့အကြောင်း အခုဘာတွေပြောနေကြမှန်း မင်းသိလား။ တခြားအနုပညာရှင်တွေရဲ့ ဇနီးတွေက ဖြူဖွေးလှပပြီး ခြေတံရှည်တွေနဲ့။ ငါ့မိန်းမကျတော့ ဝဝတုတ်တုတ် ပုပုကွကွ နဲ့ ရုပ်ဆိုးတယ်တဲ့”

နန်ချင်ဝမ်၏ မျက်ရည်များသည် ချက်ချင်းဆိုသလို ကျဆင်းလာသည်။

နန်ချင်ဝမ်၏ မျက်ရည်များကို မြင်သောအခါ သွမ့်ဟွေကျိုသည် မသနားသည့်အပြင် ပို၍ပင် အန်ချင်လာသည်။

“ငိုတာပဲ သိတယ် ငို ငို ငို။ တစ်နေ့လုံး ငိုနေတာပဲ။ ငိုတာကလွဲလို့ ဘာတတ်သေးလို့လဲ။ ကိုယ့်ခန္ဓာကိုယ်တောင် မထိန်းနိုင်ဘူး။ ကလေးကိုလည်း ကောင်းကောင်း မစောင့်ရှောက်နိုင်ဘူး။ ကျားကျားက ဘယ်လောက်တောင်ဝလာလဲဆိုတာ ကြည့်စမ်းပါဦး”

သမီးအကြောင်း ထည့်ပြောလိုက်သောအခါ နန်ချင်ဝမ်သည် အောင့်အည်းသည်းမခံနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။

“ကျားကျားက နည်းနည်းပဲဝတာပါ။ သူ့အသက်အရွယ်အတွက် သူ့အလေးချိန်က ပုံမှန်ပါပဲ”

သွမ့်ဟွေကျို၏ ဒေါသက တစ်ဖန်ပြန်ထလာသည်။

“ပုံမှန်ဖြစ်ရုံနဲ့ ဘာထူးလို့လဲ။ ဖျော်ဖြေရေးလောကကို ကြည့်စမ်းပါဦး၊ ဘယ်သူ့သမီးက မင်းကလေးလောက် ဝလဲ။ ဘယ်အိမ်ကသမီးက ဂီတ၊ စစ်တုရင်၊ လက်ရေး၊ ပန်းချီ စတဲ့ အတတ်ပညာတွေ မတတ်တာရှိလို့လဲ။ မင်းကလေးက ဘာတတ်လဲ”

နန်ချင်ဝမ်သည် မိမိကလေးကို ကောင်းမွန်သော ကလေးဘဝတစ်ခု အမြဲပေးချင်သူဖြစ်သည်။ ထို့ကြောင့် သွမ့်ကျားကျားကို မည်သည့်အထူးပညာရပ်ကိုမျှ အတင်းအကျပ် သင်ယူခိုင်းခြင်းမရှိခဲ့ပေ။ သွမ့်ကျားကျား သဘောကျရာကိုသာ ရွေးချယ်ခွင့်ပေးခဲ့သော်လည်း သူမသည် ပန်းချီဆွဲခြင်းကိုသာ သဘောကျသည်။

ကလေးနှင့်ပတ်သက်လာလျှင် နန်ချင်ဝမ်သည် နောက်မဆုတ်တတ်ပေ။ သူမကိုယ်တိုင် နစ်နာခံနိုင်သော်လည်း သူမ သမီးကိုမူ နစ်နာခွင့်မပြုနိုင်ပေ။

“ကျားကျားရဲ့ အဆင့်တွေက အရမ်းကောင်းတယ်။ ဆရာမကလည်း သူပန်းချီမှာ ပါရမီရှိတယ်လို့ ပြောတယ်”

သွမ့်ဟွေကျို ရှုံ့မဲ့စွာ ပြုံးလိုက်သည်။

“စာတော်ရုံနဲ့ ဘာထူးလို့လဲ။ နောက်ကျရင် သူဘယ်လောက် ငွေရှာနိုင်မှာလဲ။ သူ့ကို အကသင်တန်းပို့ဖို့ ငါအကြိမ်ကြိမ်ပြောတယ်၊ မင်းက သူ့ကိုအလိုလိုက်နေတာ။ မင်းကြောင့် သူပျက်စီးနေတာ”

နန်ချင်ဝမ် မျက်ရည်သုတ်ရင်း ပြောလိုက်သည်။

“ကျားကျားက အက မကြိုက်ဘူး။ ဘာလို့ အတင်းသင်ခိုင်းနေတာလဲ”

သွမ့်ဟွေကျို နန်ချင်ဝမ်ကို အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။

“မင်း ဘာသိလို့လဲ။ ဘယ်မင်းသမီးက အက အခြေခံ မရှိတာရှိလို့လဲ။ ငါက သူ့ရဲ့အနာဂတ်အတွက် လမ်းခင်းပေးနေတာ”

နန်ချင်ဝမ်သည် သွမ့်ဟွေကျို၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားပြီး မေးခွန်းထုတ်လိုက်သည်။

“ရှင်က ကျားကျားကို ဖျော်ဖြေရေးလောကထဲ ဝင်ခိုင်းချင်တာလား”

သွမ့်ဟွေကျိုသည် နန်ချင်ဝမ်က သူ့ကို မေးခွန်းထုတ်သည့်လေသံဖြင့် ပြောဆိုသည်ကို အလွန်မနှစ်မြို့ချေ။

“ပြဿနာရှိလို့လား။ သူက ငါ့သမီးပဲ။ ဖျော်ဖြေရေးလောကထဲဝင်တာက ကျော်ကြားမှုကို ယူဆောင်လာတာနဲ့ အတူတူပဲ”

နန်ချင်ဝမ် တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

“ကျွန်မ သဘောမတူဘူး။ ကျားကျား ဖျော်ဖြေရေးလောကထဲ လုံးဝမဝင်ရဘူး”

ဖျော်ဖြေရေးလောက၏ မန်နေဂျာဟောင်းတစ်ဦးအနေဖြင့် နန်ချင်ဝမ်သည် ထိုလောက၏ နောက်ကွယ်ရှိ အနိဌာရုံများကို ကောင်းစွာသိရှိသူဖြစ်သည်။ သူမသမီးအား ထိုကဲ့သို့သော ပုပ်သိုးနေသည့် ပတ်ဝန်းကျင်ထဲသို့ လုံးဝ ဝင်ရောက်ခွင့်မပြုနိုင်ပေ။

သွမ့်ဟွေကျိုသည် နန်ချင်ဝမ်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“တစ်ခါတစ်လေ မင်းက ကျားကျားရဲ့ မိခင်အရင်း ဟုတ်ရဲ့လားလို့တောင် သံသယဝင်မိတယ်။ သမီး ကောင်းစားတာကို မကြည့်ရက်ဘူးလား”

နန်ချင်ဝမ် အော်ဟစ်ကာ ချေပလိုက်သည်။

“ဖျော်ဖြေရေးလောက က ဘယ်လောက်ကောင်းလို့လဲ။ ပြောင်လက်လှပနေတဲ့ နောက်ကွယ်မှာ ဘယ်လောက်မှောင်မိုက်တယ်ဆိုတာ ရှင်သိရဲ့လား။ ကျားကျားကို ဖျော်ဖြေရေးလောကထဲ ကျွန်မဘယ်တော့မှ ဝင်ခွင့်ပြုမှာမဟုတ်ဘူး”

သွမ့်ဟွေကျိုက တုံးတိပင် ပြန်ပြောလိုက်သည်။

“သူ့အတွက် ဆုံးဖြတ်ပိုင်ခွင့် မင်းမှာ ရှိလို့လား”

ထို့နောက် အိမ်အပေါ်ထပ်သို့ တန်းတက်သွားလေသည်။

နန်ချင်ဝမ်သိနေသည်။ သွမ့်ဟွေကျို၏ စရိုက်အရ သူသည် သွမ့်ကျားကျားကို ဖျော်ဖြေရေးလောကထဲသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းတော့မည် ဖြစ်သည်။

နန်ချင်ဝမ်သည် ဖျော်ဖြေရေးလောကမှ ညစ်ပတ်သောလှည့်ကွက်များကို တွေးမိသွားတိုင်း သူမကျောရိုးတစ်လျှောက်လုံး အေးစက်သွား၏။

သွမ့်ဟွေကျို ဖျော်ဖြေရေးလောကကို လွယ်ကူသည်ဟု ထင်နေခြင်းမှာ ထိုအချိန်က နန်ချင်ဝမ်သည် သူ့အတွက် အရာအားလုံးကို စီစဉ်ဆောင်ရွက်ပေးခဲ့သောကြောင့် ဖြစ်ပြီး သူနာမည်ကြီးလာသောအခါတွင်လည်း မည်သူမျှ သူ့ကို လာရောက်စွက်ဖက်ခြင်း မရှိတော့ပေ။

သို့သော် နန်ချင်ဝမ်သည် ထိုမှောင်မိုက်သောအရာများကို အမှန်တကယ် ကြုံတွေ့ခဲ့ရသူဖြစ်သည်။ သူမ သမီး ထိခိုက်နစ်နာမည့်အဖြစ်ကို လုံးဝခွင့်မပြုနိုင်ပေ။

ယခုအခါ သွမ့်ဟွေကျိုကို တားဆီးရန် တစ်ခုတည်းသောနည်းလမ်းမှာ ကွာရှင်းရန်သာဖြစ်ပြီး သွမ့်ကျားကျားကို အုပ်ထိန်းခွင့်လည်း ရယူနိုင်ရမည်ဖြစ်သည်။

သို့သော် သူမသည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသဖြင့် တရားရုံးက သွမ့်ကျားကျား၏ အုပ်ထိန်းသူအဖြစ် သွမ့်ဟွေကျိုကို သေချာပေါက် ဦးစားပေးလိမ့်မည်။

နန်ချင်ဝမ်သည် အလွန်အမင်း စိတ်ပျက်အားငယ်မိသည်။ သူမ သမီးသည် သွမ့်ဟွေကျို၏ လက်ထဲတွင် ဖျက်ဆီးခံရမည့်အရေးကို လက်ပိုက်ကြည့်ရမည်လော။

‘မဟုတ်ဘူး။ဒါလုံးဝ မဖြစ်ရဘူး’

နန်ချင်ဝမ်၏စိတ်ထဲတွင် ရုတ်တရက် ဆုံးဖြတ်ချက်တစ်ခု ခိုင်မြဲသွားပြီး ယဲ့ယီထံသို့ ဖုန်းခေါ်လိုက်သည်။

“ရှောင်ယီ၊ မင်းတို့ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ဖို့ အစ်မသဘောတူတယ်”

…

စာချုပ်ကို ပြီးခဲ့သည့်အခေါက်က စားသောက်ဆိုင်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယဲ့ယီက စာချုပ်ကို နန်ချင်ဝမ်ထံ ကမ်းပေးရင်း ပြုံးကာ ဆိုလိုက်သည်။

“ချင်ဝမ်၊ ဂျီနီဆစ်မီဒီယာမှ ကြိုဆိုပါတယ်”

နန်ချင်ဝမ် ပြုံးရင်းပြန်ပြောလိုက်သည်။

“ဒီလိုအခွင့်အရေးပေးတဲ့အတွက် အစ်မကကျေးဇူးတင်ရမှာပါ။ မဟုတ်ရင် အစ်မဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူး”

ယဲ့ယီသည် နန်ချင်ဝမ်၏ စကားထဲမှ လျှို့ဝှက်သောအဓိပ္ပာယ်ကို သတိပြုမိလိုက်သည်။

“ချင်ဝမ် မကြာသေးခင်က တစ်ခုခုဖြစ်သွားလို့လား”

နန်ချင်ဝမ် ခေါင်းညိတ်ပြီးပြောလိုက်သည်။

“အစ်မ သွမ့်ဟွေကျိုနဲ့ ကွာရှင်းချင်တယ်”

ယဲ့ယီသည် နန်ချင်ဝမ်၏ စကားကိုကြားသောအခါ အတန်ငယ် အံ့အားသင့်သွားသည်။ နန်ချင်ဝမ်သည် အချစ်ကိစ္စတွင် မျက်ကန်းတစ်ယောက် ဖြစ်သည်ကို သူမ သိထားသည်။ အကယ်၍ ကွာရှင်းဖြစ်ခဲ့လျှင်လည်း သွမ့်ဟွေကျို စတင်ပြောဆိုလာလိမ့်မည်ဟုသာ ထင်ထားခဲ့သည်။

နန်ချင်ဝမ် ဆက်ပြောသည်။

“သူက ကျားကျားကို ဖျော်ဖြေရေးလောကထဲ ဝင်ခိုင်းချင်နေတာ”

ယဲ့ယီအတွက်တော့ ထိုကိစ္စသည် ထူးဆန်းသည်တော့ မဟုတ်ပေ။ ယခုခေတ်တွင် အနုပညာရှင် ဒုတိယမျိုးဆက်များ အတော်များများ ရှိနေကြသည်။

ယဲ့ယီ စူးစမ်းသောလေသံဖြင့်မေးလိုက်သည်။

“အစ်မက ကျားကျားကို ဖျော်ဖြေရေးလောကထဲ မဝင်စေချင်ဘူးပေါ့”

နန်ချင်ဝမ် ခေါင်းညိတ်လိုက်သည်။

“ဖျော်ဖြေရေးလောက ဘယ်လောက် နောက်ကျိညစ်ပတ်မှန်း ညီမအသိဆုံးပဲ။ ပြီးတော့ ကျားကျားရဲ့အိပ်မက်က ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာလေ။ သူ ကျားကျားကို ဖျော်ဖြေရေးလောကထဲ သေချာပေါက် ပို့မှာပဲ။ အခု သူ့ကိုတားဆီးဖို့ တစ်ခုတည်းသောနည်းလမ်းက ကွာရှင်းဖို့ပဲ။ ဒါပေမဲ့ ကျားကျားရဲ့ အုပ်ထိန်းခွင့် ရမရကိုတော့ စိတ်ပူနေမိတယ်”

ယဲ့ယီသည် သက်ပြင်းတစ်ချက် နက်နက်ရှိုင်းရှိုင်း ချလိုက်သည်။ နန်ချင်ဝမ်သည် အချစ်ကိစ္စတွင် မျက်ကန်းသကဲ့သို့ ဖြစ်နေသော်လည်း ကလေးကိစ္စနှင့်ပတ်သက်လာလျှင် အလွန်အလေးအနက်ထားသူ ဖြစ်သည်။ သွမ့်ဟွေကျိုကဲ့သို့ အရည်အချင်းမရှိသောသူနှင့် ဆုံခဲ့ရသည်မှာ တကယ့် ကံဆိုးခြင်းတစ်ခုပင်။

ယဲ့ယီ နန်ချင်ဝမ်၏ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။

“ဆက်ပြီးကြိုးစားပါ အစ်မ၊ အစ်မသေချာပေါက် ရနိုင်ပါတယ်။ အကူအညီလိုရင် ကျွန်မကိုပြောနော်”

နန်ချင်ဝမ် မျက်ရည်များကို သုတ်ကာ ယဲ့ယီကို အကြိမ်ကြိမ် ကျေးဇူးတင်နေမိသည်။

“ကျေးဇူးပါ ရှောင်ယီ၊ ဒီအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အစ်မသေချာပေါက် အကောင်းဆုံးကြိုးစားပါ့မယ်”

ယဲ့ယီ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ အစ်မကို ယုံပါတယ်”

အခန်း (၃၆)

သည်းထိတ်ရင်ဖိုရုပ်ရှင်များ

လန်ရွှယ် ကုရှီချန်းက ယဲ့ယီအတွက် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဝယ်ပေးလိုက်ကြောင်း သိရသောအခါ မနာလိုစိတ်ဖြင့် ရူးမတတ်ဖြစ်ခဲ့ရသည်။ ထိုမိန်းမယုတ် ယဲ့ယီ သည် အဘယ်ကြောင့် ဤမျှကံကောင်းနေသည်ကို သူမ နားမလည်နိုင်အောင်ဖြစ်နေ၏။

ကွာရှင်းရန်နီးကပ်နေသည့်တိုင် ကုရှီချန်းသည် ထိုမိန်းမအတွက် ငွေကုန်ကြေးကျခံပေးနေဆဲပင်။

ထိုသတင်းကို ကြားသိပြီးနောက် ချန်ထျန်မင်း စဉ်းစားတွေးတောကာ ပြောလိုက်သည်။

“ကုအုပ်စုက ဖျော်ဖြေရေးလုပ်ငန်းထဲကို ဝင်ဖို့ကြံနေတာလား”

လန်ရွှယ် သူ့ကို စိတ်ချစေရန် ပြန်ဖြေလိုက်၏။

“ယောကျ်ားစိတ်မပူပါနဲ့။ ယဲ့ယီက ဟိုင်ထျန်ဖျော်ဖြေရေးနဲ့ယှဉ်ရင် ဘာမှဟုတ်တာမဟုတ်ဘူး”

ချန်ထျန်မင်းသည် ဟိုင်ထျန်ဖျော်ဖြေရေးတွင် ရှယ်ယာအချို့ကို ပိုင်ဆိုင်ထားသည်။ သူသည် ဟိုင်ထျန်ဖျော်ဖြေရေး၏ ရှယ်ယာရှင်တစ်ဦးဖြစ်သောကြောင့်သာလျှင် လန်ရွှယ်သည် ဖျော်ဖြေရေးလောကတွင် ဤမျှ ချောမွေ့လွယ်ကူသော အလုပ်အကိုင်အခွင့်အလမ်းများကို ရရှိနိုင်ခြင်း ဖြစ်၏။

ချန်ထျန်မင်းသည် အနည်းငယ်စိုးရိမ်နေဆဲပင်။ ယဲ့ယီ တစ်ယောက်တည်းဆိုလျှင် ဘာပြဿနာမှကြီးကြီးကျယ်ကျယ် ဖြစ်လာနိုင်စရာမရှိပေ။ သို့သော် သူမ နောက်တွင် ကုရှီချန်း ရှိနေ၏။ အကယ်၍ ကုအုပ်စုသာ ဖျော်ဖြေရေးလုပ်ငန်းထဲသို့ အမှန်တကယ် ဝင်ရောက်လာပါက ဟိုင်ထျန်ဖျော်ဖြေရေးအတွက် အပြင်းထန်ဆုံးသော ပြိုင်ဘက်ဖြစ်လာမည်မှာ သေချာသည်။

ကုအုပ်စု၏ ဖိနှိပ်ခြင်းကို အမြဲတစေခံနေရသည့် ကုမ္ပဏီတစ်ခုအနေဖြင့် ချန်ထျန်မင်းသည် ကုအုပ်စု၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထား၏။

ချန်ထျန်မင်း လန်ရွှယ်ကိုကြည့်ကာ လေးနက်သောလေသံဖြင့် မေးလိုက်သည်။

“ယဲ့ယီနဲ့ ကုရှီချန်းတကယ်ပဲ ကွာရှင်းမှာ သေချာလား”

လန်ရွှယ် ပြုံးပြလျက် ပြန်ဖြေလိုက်၏။

“စိတ်မပူပါနဲ့။ အရင်က ယဲ့ယီ ကုစဲ့ကို လုပ်ခဲ့တဲ့ကိစ္စတွေကိုကြည့်ရင် ကုရှီချန်းက ကုစဲ့အတွက် သူ့နဲ့သေချာပေါက် ကွာရှင်းမှာပါ”

ချန်ထျန်မင်းက လန်ရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။

“မင်း နောက်ဆုံးအခေါက်ကလည်း ငါ့ကို ဒီလိုကတိပေးခဲ့တာပဲ။ အဲဒီတုန်းကလည်း ဘာဖြစ်ခဲ့လဲ”

ဖြစ်ခဲ့ပြီးသောအရာများကို ပြန်တွေးမိသောအခါ ချန်ထျန်မင်း၏ ရင်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်လာသည်။ စီးပွားရေးလောကတွင် ကုရှီချန်းနှင့် မယှဉ်နိုင်သည်မှာ တစ်ကြောင်း၊ မိမိအချစ်ဆုံးသားသည်ပင် ကုရှီချန်း၏သားကို အရှုံးပေးခဲ့ရသည်မှာ အတော်လေး အရှက်ရစရာကောင်းပေသည်။

လန်ရွှယ် ရှေ့တိုးလျက် ချန်ထျန်မင်း၏ ပခုံးများကို နှိပ်နယ်ပေးရင်း ပြောလိုက်သည်။

“ယောကျ်ားရယ်၊ စိတ်မပူပါနဲ့။သူတို့နှစ်မိသားစုကြားက ဆက်စပ်မှုသာမရှိခဲ့ရင် ကုရှီချန်းက ယဲ့ယီကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး။ သူတို့ သေချာပေါက်ကွာရှင်းမှာပါ။ မကွာရှင်းရင်တောင် အခုမှတည်ထောင်ထားတဲ့ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုက ဖျော်ဖြေရေးလုပ်ငန်းကို ဦးဆောင်နေတဲ့ ကုမ္ပဏီတွေနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”

ချန်ထျန်မင်းမှာ အနည်းငယ် စိုးရိမ်နေဆဲပင်။

“မင်း လျုံရုံဆီသွားပြီး ယဲ့ယီရဲ့ ကုမ္ပဏီသစ်ကို ကြော်ငြာပေးဖို့ ကူညီလိုက်။ အရင်ဆုံး သူ့ကို မတင်လိုက်ပြီးမှ အောက်ခြေကို ထိုးချပစ်ရအောင်”

လန်ရွှယ်က ခေါင်းညိတ်ပြပြီး ချက်ချင်းပင် wechat မှတစ်ဆင့် လျုံရုံထံ တိုက်ရိုက် ဆက်သွယ်လိုက်သည်။

ထိုအချိန်က သူမတို့၏ ညီအစ်မသဖွယ် ခိုင်မြဲသောသံယောဇဉ်ကို ပြသရန်အတွက် လန်ရွှယ်နှင့် ယဲ့ယီသည် လျုံရုံ၏ အေဂျင်စီတွင် အတူတူ စာချုပ်ချုပ်ခဲ့ကြသည်။ ယဲ့ယီရရှိသော အရင်းအမြစ်များအားလုံးသည် လန်ရွှယ်ရွေးပြီးကျန်သည့် အကြွင်းအကျန်များသာ ဖြစ်သည်။

ယဲ့ယီ ထိုအချိန်က စဉ်းစားဉာဏ်ကင်းမဲ့ပြီး အရာရာတွင် လျုံရုံ၏ စကားကိုသာ နားထောင်သောကြောင့် လန်ရွှယ်၏ ကြင်နာတတ်မှုကို ပိုမိုပေါ်လွင်စေခဲ့သည်။

လန်ရွှယ်သည် လျုံရုံကို ကုရှီချန်းက ယဲ့ယီအတွက် ကုမ္ပဏီတစ်ခုဝယ်ပေးခဲ့ကြောင်းနှင့် ယဲ့ယီ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်တော့မည်ဖြစ်ကြောင်း တမင်တကာ သတင်းဖြန့်ခိုင်းခဲ့ပြီး စျေးကွက်ရှာဖွေရေးအကောင့်အချို့ကို လာဘ်ထိုးရန် တိုက်ရိုက်ညွှန်ကြားခဲ့သည်။

ထိုနေ့တွင်ပင် #ယဲ့ယီရုပ်ရှင်လောကထဲဝင်မည် #ကုအုပ်စုဖျော်ဖြေရေးလုပ်ငန်းထဲဝင်မည် #ယဲ့ယီထွန်းတောက်လာခြင်း #ယဲ့ယီအနာဂတ် အပြည်ပြည်ဆိုင်ရာရုပ်ရှင်ဘုရင်မ ဟူသော ဟက်ရှ်တက်ဂ်များသည် ချက်ချင်းပင် ခေတ်စားနေသော အကြောင်းအရာများ ဖြစ်လာခဲ့သည်။

စျေးကွက်ရှာဖွေရေးအကောင့်အချို့က ယဲ့ယီသည် ကိုယ်ပိုင်အချိန်တွင် သရုပ်ဆောင်မှုကို တိတ်တဆိတ်လေ့ကျင့်နေခဲ့ပြီး ယခုအခါ ထူးထူးခြားခြား တိုးတက်လာကာ သူမ၏သရုပ်ဆောင်မှုသည် အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်များနှင့် နှိုင်းယှဉ်နိုင်ပြီဖြစ်ကြောင်း၊ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်း ဗီဒီယိုများ တိုက်ရိုက် တင်ခဲ့ကြသည်။

အခြားသော စျေးကွက်ရှာဖွေရေး အကောင့်များကလည်း ယဲ့ယီကို နည်းလမ်းမျိုးစုံဖြင့် ချီးကျူးကာ သူမ၏အောင်မြင်မှုများကို ချဲ့ကားပြောဆိုခဲ့ကြသည်။

အချို့သော အင်တာနက်အသုံးပြုသူများက ယဲ့ယီ၏ weiboစာမျက်နှာပေါ်သို့ မကျေနပ်ချက်များကို တိုက်ရိုက် ပြောဆိုကြသည်။

ငါကဘယ်သူ့ထက်မဆို ပိုကောင်းအောင် သရုပ်ဆောင်နိုင်တယ်: “ငါ ဒါကို ရိုင်းရိုင်းစိုင်းစိုင်းပြောချင်တာမဟုတ်ပေမဲ့ အစ်မကို ရုပ်ရှင်လောကထဲဝင်ဖို့ ဘယ်သူက သတ္တိတွေ ပေးခဲ့တာလဲ။ စူးစူးဝါးဝါးကြည့်နေရုံပဲတတ်တဲ့ အစ်မရဲ့သရုပ်ဆောင်မှုနဲ့ ရုပ်ရှင်လောကထဲ ဝင်ရဲတယ်ပေါ့”

အပြည်ပြည်ဆိုင်ရာ လူလိမ်: “ကုမ္ပဏီအသစ်တောင် စဖွင့်လိုက်ပြီလား။ ငါကတော့ သိပ်မကြာခင်မှာ သူတို့ ဒေဝါလီခံရမယ်လို့လောင်းရဲတယ်။”

အမြဲတမ်း ယဲ့ယီကိုပစ်မှတ်ထားသူ : “ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတာ ထားပါတော့၊ ဒါပေမဲ့ ယုံကြည်မှုလွန်ကဲသွားရင်လည်း မကောင်းဘူး။ အစွမ်းအစမရှိရင်လည်း ကြွားဝါနေတာတွေ ရပ်လိုက်ပါတော့”

တောနက်ထဲက တောဝက်လေး : “ပြောစရာစကားပျောက်ဆုံးသွားပြီ။ ယဲ့ယီရေ ကျေးဇူးပြုပြီး ဖျော်ဖြေရေးလောကကို ဖျက်ဆီးတာ ရပ်ပေးလို့ရမလား”

အွန်လိုင်းပေါ်တွင် မှတ်ချက်များ ပိုမိုများပြားစွာ ပျံ့နှံ့လာပြီး လူတိုင်းက ယဲ့ယီကိုယ်တိုင် စျေးကွက်ရှာဖွေရေးအကောင့်များကို ငွေပေးကာ မိမိကိုယ်ကို ကြော်ငြာခိုင်းသည်ဟု ယုံကြည်လာကြသည်။

မုန်းတီးသူများသည် ယဲ့ယီကို စွမ်းရည်မရှိဘဲ မိမိကိုယ်ကို အထင်ကြီးလွန်းပြီး ဟန်ဆောင်ကောင်းသည်ဟု လှောင်ပြောင်သော ပို့စ်များကို weiboတွင် တင်ခဲ့ကြသည်။

ယဲ့ယီ အပေါ် အနည်းငယ်သဘောကျသူများပင်လျှင် ချက်ချင်းဆိုသလို သူမကို ဆန့်ကျင်သွားကြလေသည်။

Weibo ပို့စ်ကို မြင်ပြီးနောက် ကုရှီချန်းသည် ယဲ့ယီထံ တိုက်ရိုက်သွားကာ မေးလိုက်သည်။

“မင်းအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ပေးဖို့ လိုလား”

‘ရိုးရိုးသားသားပြောရရင် ဒီမိန်းမက လူမုန်းချင်စရာ တော်တော်ကောင်းတာကိုး’

ယဲ့ယီ ခေါင်းခါလိုက်ပြီး ပြန်ဖြေလိုက်၏။

“မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မက ရုပ်ရှင်လောကထဲကို ဝင်ဖို့ ရည်ရွယ်ထားတာပါပဲ”

ယဲ့ယီ၏ တုံ့ပြန်မှုကို မြင်သောအခါ ကုရှီချန်း ဘာမှ ထပ်မပြောတော့ပေ။

ယဲ့ယီ သည် weibo တွင် ပို့စ်တစ်ခုကို တိုက်ရိုက် တင်လိုက်၏။

ယဲ့ယီ V : “နောက်လာမဲ့အချိန်မှာ ကျွန်မ ရုပ်ရှင်လောကထဲကို တကယ်ပဲ ဝင်ဖို့ စီစဉ်ထားပါတယ်။ ဂျက်နီစစ် မီဒီယာ က သည်းထိတ်ရင်ဖို ရုပ်ရှင်တစ်ကားကို စတင်ရိုက်ကူးတော့မှာဖြစ်ပြီး အားလုံးကို သရုပ်ဆောင်ရွေးချယ်ရေးမှာ ပါဝင်ဖို့ ကြိုဆိုပါတယ်”

ယဲ့ယီသည် weiboတွင် ပို့စ်တင်ပြီးနောက် ပလက်ဖောင်းသည် တစ်ဖန်ပြန်လည် အသက်ဝင်လာပြီး အင်တာနက်အသုံးပြုသူများသည် သူမ၏ weibo စာမျက်နှာပေါ်သို့ ချက်ချင်းပင် ရောက်ရှိလာကာ လှောင်ပြောင်သရော်ကြလေသည်။

အင်တာနက်က လူကြီးလူကောင်း : “ဟုတ်လား ဟုတ်လား၊ ရုပ်ရှင်လောကထဲကို ဝင်မယ်ပေါ့။ သိပ်ကိုစိတ်လှုပ်ရှားမိပါတယ်”

ဖြောင့်မတ်သူတစ်ယောက်က စကားဝှက်တွေမပြောတတ်ဘူး : “မေးပါရစေ၊ ဘယ်သူက မင်းကို ဒီလိုသတ္တိပေးခဲ့တာလဲ။ ဖစ်ရ်လီယွန်းလား။”

ရုပ်ဆိုးတာကို အဝတ်အစားကို အပြစ်တင်လို့မရဘူး : “၃.၅ အောက်အဆင့်ရမဲ့ နောက်ထပ်ရုပ်ရှင်တစ်ကား ထွက်ပေါ်လာတော့မယ်”

ကိုက်ရဲရင်ကိုက်လိုက်စမ်းပါ : “ဒီရုပ်ရှင်မှာ ဘယ်သူများ ပါဝင်သရုပ်ဆောင်ချင်ကြမလဲလို့ပဲ တွေးမိတယ််”

စာနာမှုမရှိ၊ စကားများသူ : “ကိုက်ရဲရင်ကိုက်လိုက်စမ်းပါရေ ဦးနှောက်ရှိသူမှန်သမျှ အဲဒီကိုသွားမှာ မဟုတ်ဘူး။တခြားအရာတွေအားလုံးကို ဘေးဖယ်ထားရင်တောင် ဒီကုမ္ပဏီရဲ့ပိုင်ရှင်က ယဲ့ယီဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့တင် သူတို့ဆီကနေ ကောင်းတဲ့အရာ ဘယ်တော့မှ ထွက်လာမှာမဟုတ်ဘူး”

ရှောင်မိန် : “မျက်နှာလှလှလေးနဲ့ ကိုယ့်ဘာသာ အေးဆေးနေလို့မရဘူးလား။ ဘာလို့ ပြဿနာရှာချင်နေရတာလဲ”

ယဲ့ယီ အပေါ် မည်သူတစ်ဦးတစ်ယောက်မျှ ကောင်းမွန်သော အထင်အမြင်မရှိခဲ့ကြပေ။ အားလုံးက သူမ ပွဲရှာနေခြင်းသာဖြစ်သည်ဟု ထင်ကြသည်။

အမှန်တကယ်မှာလည်း ယဲ့ယီ၏ သရုပ်ဆောင်မှုသည် ယခင်က မကောင်းပေ။ ဖျော်ဖြေရေးလောက၏ “အလှပန်းအိုး” ဟူသော ဂုဏ်ပုဒ်သည်လည်း ချဲ့ကားပြောဆိုခဲ့ခြင်း မဟုတ်ပေ။

ယဲ့ယီ၏ weibo ပို့စ်ကိုမြင်ပြီးနောက် လန်ရွှယ် ရယ်မောလိုက်မိလေသည်။ ယဲ့ယီသည် အမှန်တကယ်ပင် လက်ခံလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

ယခင်က ဖြစ်ပျက်ခဲ့သည့် အရာများအပြီးတွင် ယဲ့ယီ အမှန်တကယ်ပင် ဉာဏ်ကောင်းသွားပြီဟု သူမ ထင်ခဲ့မိသော်လည်း ယခုကြည့်လျှင် သူမသည် ငတုံးမတစ်ယောက်အဖြစ်သာ ရှိနေသေး၏။

‘သူ့ကိုယ်သူ တကယ်အစွမ်းအစရှိတယ်လို့ ထင်နေတာလား မသိပါဘူး’

‘ရုပ်ရှင်လောကမှာ အောင်မြင်မှုရရှိဖို့ တကယ်ကြီး အိပ်မက်မက်ရဲတယ်ပေါ့လေ’

ယဲ့ယီ၏ ကုမ္ပဏီက ရိုက်ကူးလိုသော ရုပ်ရှင်နှင့်ပတ်သက်၍ လန်ရွှယ်က အေးစက်စွာ ပြုံးလိုက်သည်။

“နင် သရုပ်ဆောင်တောင် မရှာနိုင်အောင် ငါလုပ်ပြမယ်”

လန်ရွှယ်သည် လုပ်ငန်းခွင်တွင် သူမ သိကျွမ်းသောလူတိုင်းထံသို့ မက်ဆေ့ချ်များပေးပို့ကာ ယဲ့ယီ ရုပ်ရှင်များတွင် ပါဝင်ခြင်းမပြုကြရန် ပြောဆိုခဲ့သည်။

သို့ရာတွင် လန်ရွှယ် ဘာမှမပြောရင်တောင် အရည်အချင်းစစ်ပွဲသို့ သွားမည့်သူမှာ အလွန်ပင် နည်းပါး၏။ အကြောင်းရင်းတစ်ခုမှာ ယဲ့ယီ၏ဂုဏ်သတင်းကြောင့်ဖြစ်ပြီး နောက်တစ်ခုမှာ ယဲ့ယီသည် ယခင်က ဟိုင်ထျန်ဖျော်ဖြေရေးအတွက် အလုပ်လုပ်ခဲ့သောကြောင့် ဖြစ်သည်။ အကယ်၍ မည်သူမဆို ဤရုပ်ရှင်တွင် ပါဝင်ပါက ဟိုင်ထျန်ဖျော်ဖြေရေးကို ဆန့်ကျင်သည့် ပြတ်သားသောလုပ်ရပ်တစ်ခု ဖြစ်သွားပေတော့မည်။

ဟိုင်ထျန်ဖျော်ဖြေရေးသည် ဖျော်ဖြေရေးလုပ်ငန်းတွင် ဦးဆောင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ မည်သည့်အနုပညာရှင်မျှ ဟိုင်ထျန်ဖျော်ဖြေရေးကို စော်ကားရဲမည် မဟုတ်ပေ။ သို့မဟုတ်ပါက အမည်ပျက်စာရင်းသွင်းခံရသည်ကိုပင် သိလိုက်ရမည် မဟုတ်ချေ။

လန်ရွှယ် သူမ သိကျွမ်းသော ဒါရိုက်တာအများအပြားကိုလည်း ဆက်သွယ်ခဲ့သည်။ ယဲ့ယီ၏ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦးတည်းသာရှိကြောင်းနှင့် ထိုဒါရိုက်တာသည် အရှုံးပေါ်မည့် ရုပ်ရှင်များကိုသာ ရိုက်ကူးသောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း သူမ သိထားသည်။ သရုပ်ဆောင်များလည်းမရှိပေ။ ဒါရိုက်တာလည်းမရှိဘဲ လန်ရွှယ် ယဲ့ယီ တစ်ယောက် ဤရုပ်ရှင်ကို မည်သို့ဖန်တီးမည်ကို သိချင်နေသည်။

မကြာသေးမီက သူမ လက်ခံရိုက်ကူးခဲ့သော ရုပ်ရှင်ကို စဉ်းစားမိသောအခါ ဘုရားသခင်ကပင် ယဲ့ယီကို ဖျော်ဖြေရေးလောကတွင် ဆက်လက်ရှင်သန်စေလိုခြင်းမရှိဟု သူမ ယူဆမိသည်။ သူမလက်ခံရိုက်ကူးမည့် ရုပ်ရှင်သည် ယဲ့ယီ ရိုက်ကူးမည့် ရုပ်ရှင်နှင့် အမျိုးအစားတူသော သည်းထိတ်ရင်ဖိုဇာတ်ကားပင် ဖြစ်သည်။

ယဲ့ယီသည် ဤရုပ်ရှင်ကို ချောချောမွေ့မွေ့ ရိုက်ကူးနိုင်ရင်တောင် သူမကို ခြေထောက်နှင့်ဖိချေကာ ဘယ်သောအခါမှ ပြန်လည်နလံမထူနိုင်အောင် လုပ်နိုင်ဆဲပင်။

လန်ရွှယ်သည် weiboတွင် ပို့စ်တစ်ခုကို တိုက်ရိုက် တင်လိုက်၏။

လန်ရွှယ် V : “ကျွန်မ မကြာခင်မှာ ရုပ်ရှင်အဖွဲ့သစ်တစ်ခုနဲ့ ပူးပေါင်းတော့မှာပါ။ ဒီအကြောင်းကို ကျွန်မတို့ပဲ သိပါစေနော်။ ဘာလို့လဲဆိုတော့ ကျွန်မ သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ကားမှာ ပါဝင်သရုပ်ဆောင်သွားမှာပါ။ အားလုံးရဲ့ အားပေးထောက်ခံမှုကို ရရှိဖို့ မျှော်လင့်ပါတယ်”

All Chapters