← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း(၃၇)

သူကိုမမြင်တာလား

လန်ရွှယ် လူမှုကွန်ရက်စာမျက်နှာပေါ်၌ တင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ ပရိသတ်များက အော်ဟစ်ပျော်ရွှင်လျက် ရူးသွပ်ကုန်ကြ၏။

ရွှယ်ကိုပဲချစ်တယ်:”အသည်းကျော်လေးရဲ့ အနုပညာအသစ်ကို စောင့်မျှော်နေပါတယ်။ ဟိုယဲ့ဆိုတဲ့တစ်ယောက်ကို သေချာပေါက် ချေမှုန်းပစ်မှာပဲ”

ရွှယ်ရဲ့ နံပါတ်၁ဖန်:”နှိုင်းယှဉ်မှုမရှိရင် ထိခိုက်မှုမရှိဘူးတဲ့၊ဒီတစ်ခါတော့ ဟိုတစ်ယောက် အဆုံးစွန်းထိ အရှက်ကွဲတော့မယ်”

ဝိန်ရွှယ်ရှင်းဒုန်:”ငါ့ကလေးလေးရဲ့ သရုပ်ဆောင်မှုက ဟိုတစ်ယောက်ထက် အဆပေါင်းများစွာသာပြီးသားနော်”

သို့သော် သရုပ်ဆောင်မှုအကြောင်း ပြောဆိုကြသည့်အခါတွင် တစ်စုံတစ်ယောက်က အကြောင်းအရာတစ်ခုကို ပြန်လည်ဆွဲထုတ်လာခဲ့သည်။ ယခင်က ရသစုံအစီအစဉ်တစ်ခုတွင် ယဲ့ယီသရုပ်ဆောင်ခဲ့ဖူးသော အပိုင်းတစ်ခုကို တူးဖော်လာကြခြင်းဖြစ်ပြီး ထိုအပိုင်းကို မြင်ဖူးသူအတော်များများက ယဲ့ယီ၏သရုပ်ဆောင်ချက်မှာ အတော်လေး ကောင်းမွန်လာကြောင်း လက်ခံလာကြသည်။

မမာတဲ့ဖရုံသီး:”ဘယ်သူကဘယ်သူ့ကို ချေမှုန်းနေမှန်း သိပ်မသေချာဘူး၊ ဟုတ်ပြီလား။ အရင်တစ်ခေါက်တုန်းက ယဲ့ယီသရုပ်ဆောင်တဲ့အပိုင်းက လန်ရွှယ်ထက် အများကြီး ပိုသာနေတာ ထင်းနေတာပဲကိုး”

မက်ကာပါကာ:”ကျွန်တော်က ဒီတိုင်း ဘေးကြည့်ပရိသတ်ပါ ဒါပေမဲ့ ယဲ့ယီရဲ့ အဲ့အပိုင်းသရုပ်ဆောင်ချက်က လန်ရွှယ်ထက် တော်တော်လေးပိုကောင်းတယ်”

ယဲ့ယီ ရသစုံအစီအစဉ်တွင် ပါဝင်ပြီးသည့်နောက် ပရိသတ်အနည်းငယ်မျှသာ ရရှိခဲ့သည်။ ယခုအခါ ထိုပရိသတ်များက သူတို့၏အနုပညာရှင်ဘက်နေ ပြန်လည် ခုခံပြောဆိုပေးနေကြသည်။

ပရိသတ်အုပ်စုနှစ်စု အချင်းချင်း ပြင်းထန်စွာ ငြင်းခုံကြသော်လည်း ယဲ့ယီ ၏ ဂုဏ်သတင်းမှာ ယခင်က သိပ်မကောင်းခဲ့သည့်အပြင် ပရိသတ်ဦးရေမှာလည်း လန်ရွှယ်ထက် နည်းပါးသဖြင့် လန်ရွှယ်၏ ပရိသတ်များနှင့် ယှဉ်ပြိုင်ရန် နည်းလမ်းမရှိပေ။

သို့ရာတွင် ယဲ့ယီတွင် ပရိသတ်ဦးရေ နည်းပါးသော်လည်း ယနေ့တိုင် ဆက်လက်အားပေးနိုင်သူများမှာ စစ်မှန်သော သံမဏိပရိသတ်များ ဖြစ်ကြသည်။ သူတို့ လန်ရွှယ်၏ ပရိသတ်၁၀ယောက်ကို သူတို့၁ယောက်နှုန်းနှင့် တန်ပြန်တိုက်ခိုက်ကြ၏။

နောက်ဆုံးတွင် ပရိသတ်အုပ်စုနှစ်ဖွဲ့စလုံးက ထိပ်တန်းစာရင်းသို့ ဝင်ရောက်ရန် ငွေအကုန်ခံကြပြန်သည်။ ထိပ်တန်းစာရင်းတွင် ယဲ့ယီ၏နာမည်က တတ်သွားလိုက်၊ နောက်တစ်ချိန်တွင် လန်ရွှယ်၏ နာမည်ကျော်တတ်လိုက်ဖြင့် သူမသာကိုယ်မသာ ပြိုင်ဆိုင် နေကြသည်။

ယဲ့ယီအတွက် လူအများက ခုခံပြောပေးနေသည်ကို မြင်သောအခါ လန်ရွှယ်သည် ငွေအမြောက်အမြား သုံးစွဲ၍ အွန်လိုင်းရေတပ်အုပ်စုများကို ငှါးရမ်းကာ ခုခံပြောဆိုသူများကို လိမ်လည်လှည့်စားတော့၏။

ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ကာ နောက်ခံစနစ်သည်ပင် အကြိမ်ကြိမ် ပြိုလဲခဲ့ရသည်။

သို့သော် ပရိသတ်ဖြစ်စေ၊ ဖြတ်သွားဖြတ်လာဖြစ်စေ၊ အမုန်းပွားသူဖြစ်စေ လူတိုင်းလူတိုင်းက ယဲ့ယီ၏ ရုပ်ရှင်ထွက်ရှိမှုကို စောင့်မျှော်နေကြသည်။

ကုရှီချန်းသည် အွန်လိုင်းပေါ်ရှိ မှတ်ချက်များကို စောင့်ကြည့်ရင်း ယဲ့ယီ ထိခိုက်မှု ရှိမရှိကို စိုးရိမ်နေ၏။ အကြောင်းမူကား ယဲ့ယီနှင့် သူ ကွာရှင်းပြတ်စဲခြင်း မရှိသေးသောကြောင့် ကျိုးကြောင်းသဘောအရရော စိတ်ဆန္ဒအရပါ သူမကို ဂရုစိုက်သင့်ပေသည်။

ထိုသို့ တွေးရင်း ကုရှီချန်း ကုမ္ပဏီမှ အိမ်သို့ ပြန်ရောက်သောအခါ ယဲ့ယီ၏ အခြေအနေကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

အိမ်သို့ရောက်သောအခါ ယဲ့ယီ ပုံမှန်အတိုင်း ဧည့်ခန်းတွင် တီဗီကြည့်နေခြင်းမရှိသောကြောင့် သူမသည် အခန်းထဲတွင် တစ်ယောက်တည်း ဝမ်းနည်းပူဆွေးလျက် ငိုနေမည်ဟု ထင်လာမိသည်။

ကုရှီချန်းက သူ့ကိုယ်သူ ပြန်ပြောလိုက်၏။

“ငါ သူ့ကို စိုးရိမ်လို့ မဟုတ်ဘူး။ ယဲ့ယီက ကုစဲ့ကို ကယ်တင်ခဲ့တဲ့ ကျေးဇူးကို ပြန်ဆပ်ချင်တာ၊ဟုတ်တယ်”

နောက်ဆုံးတွင် ထိုသို့စိတ်ကူးရင်း ယဲ့ယီ၏ တံခါးကို ခေါက်လိုက်သည်။

“ခဏစောင့်ပါဦး”

ခဏအကြာတွင် ယဲ့ယီ တံခါးဖွင့်ပေး၏။ သူမသည် မျက်နှာတွင် မျက်နှာကပ်ခွာကို ကပ်ထားဆဲဖြစ်ပြီး၊ ကုရှီချန်းကို မြင်သောအခါ အနည်းငယ် တုန်လှုပ်သွားသည်။

သူမက ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

ကုရှီချန်းက ချောင်းဟန့်လိုက်ပြီး အမိန့်ပေးလိုက်သည်။

“မင်းအဝတ်အရင်လဲလိုက်ဦး။ ငါစာကြည့်ခန်းထဲမှာ စောင့်နေမယ်”

ထို့နောက် စာကြည့်ခန်းထဲသို့ တည့်တည့်မတ်မတ် လျှောက်သွားသည်။

ယဲ့ယီ မိမိဝတ်ဆင်ထားသော ညအိပ်ဝတ်စုံကို ငုံ့ကြည့်မိ၏။ လက်တိုအင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထား၏။

‘ငါဝတ်ထားတာ အဆင်ပြေတယ်မဟုတ်ဘူးလား’

သို့ရာတွင် သူမ စာကြည့်ခန်းထဲမှ ကုရှီချန်းထံ မသွားမီ အဝတ်အစား လဲလိုက်သည်။

ယဲ့ယီ ကုလားထိုင်တစ်လုံးပေါ် ထိုင်လျက် နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“ရှင်တစ်ခုခုများ လိုလို့လား”

ယုတ္တိကျကျဆ်ိုရလျှင်ဖြင့် ကိစ္စတစ်စုံတစ်ရာ မရှိလျှင် ကုရှီချန်းသည် သူမထံ လာရောက်လေ့ မရှိပေ။

ကုရှီချန်း ညင်သာစွာဖြင့် ပြောလိုက်သည်။

“မင်းအွန်လိုင်းပေါ်က မှတ်ချက်တွေအတွက် စိတ်ပူနေစရာ မလိုဘူး။ မင်းမကြည့်ချင်ဘူးဆိုရင် ငါတစ်ယောက်ယောက်ကို ရှင်းခိုင်းလိုက်မယ်”

ယဲ့ယီ ကုရှီချန်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကျွန်မ အဆင်ပြေပါတယ်။ ပြီးတော့ ကြော်ငြာဖိုးတောင် မကုန်တော့ဘူးလေ”

ကုရှီချန်း ယဲ့ယီ ခေါင်းမာနေသည်ဟုသာ ထင်မိသည်။

သို့သော် ယဲ့ယီသည် အမှန်ပင် ဂရုမစိုက်ပေ။ သူမ၏ ဘဝဟောင်းတွင် ကြုံတွေ့ခဲ့ရသည်များနှင့် နှိုင်းယှဉ်ပါက ဤအရာမှာ ဘာမှမဟုတ်ပေ။ ဘဝဟောင်းတွင် အကောင်းဆုံး မင်းသမီးမဖြစ်မီ ပြိုင်ဘက်များ၏ ထိပ်တန်းစာရင်းဝယ်ယူမှုများဖြင့် အသရေဖျက်ခံရခြင်းကို မကြာခဏ ကြုံဖူးခဲ့သည်။ ဤအရာမျိုးနှင့် သူမ ကျင့်သားရနေပြီ ဖြစ်သည်။

ကုရှီချန်း သူ၏ ရှုပ်ထွေးမှုကို မမျိုသိပ်နိုင်တော့ပဲ မေးလိုက်၏။

“ဒါဆိုရင် ဒီနေဘာလို့ တီဗွီမကြည့်တာလဲ”

ယဲ့ယီက ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ကျွန်မက အခန်းထဲမှာ ဇာတ်ညွှန်းရေးနေတာပါ။ ဉက္ကဠကု က ကျွန်မကို ဘာလို့ ဂရုစိုက်နေရတာလဲ”

ကုရှီချန်း၏ နားရွက်များသည် တစ်ခဏအတွင်း နီရဲလာပြီး ရှက်ကိုးရှက်ကန်းနှင့် ဆိုလိုက်သည်။

“မင်း အတွေးလွန်နေပြီ”

ကုရှီချန်း အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလဲလိုက်သည်။

“မင်း ဆိုရှယ်မီဒီယာပေါ်မှာတင်ခဲ့တဲ့ပို့စ်တွေက သူတို့ကို စိန်ခေါ်ချင်လို့မလား”

ယဲ့ယီ ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ကျွန်မ တကယ် သည်းထိပ်ရင်ဖိုရုပ်ရှင်တစ်ကား ရိုက်ချင်တာ။ ဇာတ်ညွှန်းလည်း အတော်များများ စိတ်ကူးပြီးပြီ။”

ထိုအချိန်တွင် စာကြည့်ခန်းတံခါးပွင့်လာကာ ကုစဲ့၏ ခေါင်းငယ်လေးသည် တံခါးပေါက်မှ ထွက်ပေါ်လာသည်။

ကုစဲ့ကို မြင်သောအခါ ကုရှီချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“သား ဘာလို့မအိပ်သေးတာလဲ”

ကုစဲ့ ယဲ့ယီ အနားသို့ လျှောက်သွားကာ ထိုင်လျက် ပြောလိုက်သည်။

“သားအိပ်မပျော်လို့၊ စာကြည့်ခန်းမီးလင််းနေတာ တွေ့လို့ ဝင်လာခဲ့တာ”

အမှန်မှာ ကုစဲ့ သည် ယဲ့ယီကို ရှာနေခြင်းသာ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ကျောင်းပြီးလျှင် ယဲ့ယီ က ကျောင်း၌ ဖြစ်ပျက်သည်များကို သူမအား လာရောက်ပြောပြရန် မှာထားခဲ့သည်။ ယခင်က ဖြစ်ခဲ့သကဲ့သို့ ထပ်မံမဖြစ်ပွားစေရန်ဟု ဆိုသည်။

ယဲ့ယီ ကုစဲ့ကိုမြင်သောအခါ စိတ်ကူးတစ်ခု ရသွားသည်။ ကုစဲ့ အတွက် အထူးသင့်တော်မည့် ဇာတ်ကောင်ရှိသည်ဟု သူမထင်မိ၏။ ထို့ကြောင့် ကုစဲ့အား မေးလိုက်သည်။

“မင်း သရုပ်ဆောင်ချင်လား”

ကုစဲ့ ယဲ့ယီကို ရှုပ်ထွေးစွာ ကြည့်ရင်းပြန်ဖြေ၏။

“သရုပ်မဆောင်တတ်ဘူး”

ယဲ့ယီ ကုစဲ့ ၏ ပါးလေးကို ညှစ်လိုက်ပြီး ဖြေလိုက်သည်။

“မတတ်သေးရင် သင်လို့ရတယ်လေ။ မင်း စိတ်ဝင်စားရင် ငါ့ရုပ်ရှင်ရုပ်ထဲမှာ မင်းအတွက် အထူးသင့်တော်တဲ့ ဇာတ်ကောင်တစ်ခု ရှိတယ်။ ဧည့်သည် သရုပ်ဆောင်လုပ်လို့ရတယ်နော်။”

ကုစဲ့ တွန့်ဆွတ်စွာဖြင့် မေးလေသည်။

“သား ကောင်းကောင်း သရုပ်မဆောင်နိုင်ရင်ရော… အဲဒီအခါ သားကို မကြိုက်တော့မှာလား”

ယဲ့ယီ ကုစဲ့ကို ဆန့်ကျင်ဘက် စိတ်ပညာဖြင့် တမင်တကာနှိုးဆော်လိုက်သည်။

“ဘာလဲ၊ ကိုယ့်ကိုယ်ကို ဒီလောက် ယုံကြည်မှုတောင် မရှိဘူးလား။ ဒါဆိုရင် တစ်ခြားသူတစ်ယောက်ကို စဉ်းစားလိုက်တော့မယ်”

ယဲ့ယီ တစ်ခြားသူရှာမည်ဟု ပြောလာသဖြင့် ကုစဲ့ စိတ်တိုသွားသည်။

“သားယုံကြည်မှုမရှိဘူးလို့ ဘယ်သူပြောလဲ။ သေချာပေါက် ကောင်းအောင် သရုပ်ဆောင်နိုင်တယ်”

ယဲ့ယီ ရယ်မောလျက် ဆိုလိုက်သည်။

“ဒါဆိုရင် မျှော်လင့်နေမယ်”

“ဒီဇာတ်ကောင်အကြောင်း မင်းကို အကျဉ်းချုပ် ပြောပြမယ်”

ယဲ့ယီ ကုစဲ့ ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည့် ဇာတ်ကောင်အကြောင်းကို စတင်ရှင်းပြလေသည်။ သူတို့နှစ်ဦး သည် အလွန်အလေးအနက် ဆွေးနွေးကြရာ ဘေးတွင် ရပ်နေဆဲ ကုရှီချန်းကို လုံးဝ မေ့လျော့သွား၏။

ကုရှီချန်း ယဲ့ယီသည် ကုစဲ့ကို ပြောသောကြောင့် သူ့လည်း သေချာပေါက် ပြောမည်ဟု ထင်မှတ်ကာ မာနကြီးစွာ ယဲ့ယီ လာမေးမည်ကို စောင့်နေ၏။

သို့သော် အချိန်အတော်ကြာသော်လည်း ယဲ့ယီ သူ့ကို လုံးဝ ဂရုမစိုက်ဘဲ ကုစဲ့ နှင့်သာ သရုပ်ဆောင်ခြင်းအကြောင်း ဆွေးနွေးနေသည်ကို မြင်လိုက်ရသည်။

ကုရှီချန်း တမင်တကာ ချောင်းဟန့်ကာ ယဲ့ယီကို သတိပေးလိုက်သည်။ သူ့ကို ဧည့်သည်သရုပ်ဆောင်အဖြစ် ဖိတ်လိုလျှင် ယခု ပြောနိုင်သည်ဟု အချက်ပြနေသော်လည်း ယဲ့ယီ သူ့ကို တစ်ချက်မျှ ပြန်မကြည့်ချေ။

ထိုအခါမှ ကုရှီချန်း နားလည်သွားသည်။ ယဲ့ယီ သူ့ကို ဖိတ်ကြားရန် ရည်ရွယ်ထားခြင်းမရှိပေ။

ကုရှီချန်း နားမလည်နိုင်သောအချက်မှာ ယဲ့ယီ သူ့ကို ခေါ်မည့်အစား ကုစဲ့ကို အဘယ်ကြောင့် ဧည့်သည်သရုပ်ဆောင်အဖြစ် ရွေးချယ်ရသနည်း။ ကုစဲ့ကဲ့သို့ ကလေးတစ်ယောက်က ကောင်းစွာ သရုပ်ဆောင်နိုင်မည်လော။

ကုရှီချန်း စိတ်ထဲတွင် ဖော်မပြနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ မည်သို့ဆိုစေ အလွန်ပင် မသက်မသာ ဖြစ်မိ၏။

အဘယ်ကြောင့် ယဲ့ယီ ကုစဲ့ကိုသာ ကြိုက်နှစ်သက်ပြီး သူ့ကို မုန်းတီးပုံရသနည်း။ ယခင်က ဆိုလျှင် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်မှာ ထင်ရှား၏။

မိန်းမတစ်ယောက်၏ စိတ်အပြောင်းအလဲ သည် မြန်ဆန်လှပေသည်။ ယခင်က ကွာရှင်းရန်ငြင်းဆန်နေခဲ့သူက ယခု သူ့ကို လုံးဝ လျစ်လျူရှုထားလေသည်။

ယဲ့ယီနှင့် ကုစဲ့ တို့၏ မျက်နှာပေါ်ရှိ အပြုံးများကို ကြည့်ရင်း ကုရှီချန်းအနည်းငယ် စိတ်တိုလာသည်။ ဤမျှကြီးမားသော လူကြီးတစ်ယောက် ဤနေရာ၌ ရပ်နေသည်ကို သူတို့နှစ်ယောက် မမြင်လေသလော။

ကုရှီချန်း၏ စိတ်အခြေအနေ မှာ အလွန်ဆိုးဝါးလာသည်။ သူ ထလိုက်ပြီး ဧည့်ခန်းသို့ သွား၍ ရေတစ်ခွက် ကိုယ်တိုင်ဖြည့်ကာ၊ ထိုရေခွက်ကို ကိုင်လျက် ယဲ့ယီနှင့် ကုစဲ့တို့ရှေ့တွင် အထပ်ထပ် လမ်းလျှောက်ပြလိုက်သည်။

ယဲ့ယီ ကုရှီချန်း၏ ဦးနှောက်တွင် တစ်စုံတစ်ရာ ချို့ယွင်းနေပြီဟု ကောက်ချက်ချလိုက်သည်။

‘ စာကြည့်ခန်းထဲမှာလဲ ရေရှိသားနဲ့။ အဲ့တာကို အပြင်ထွက်ပြီးတော့ သွားယူတယ်။ ပြီးတော့ ငါတို့ရှေ့မှာလဲ ခွက်ကြီးကိုင်ပြီး ရစ်သီရစ်သီနဲ့ လမ်းလျှောက်နေသေးတယ်’

ယဲ့ယီ ကုရှီချန်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကို တိုက်ရိုက် လျစ်လျူရှုကာ ကုစဲ့ နှင့် သရုပ်ဆောင်ခြင်းအကြောင်းကိုသာ ဆက်လက် ဆွေးနွေး၏။

ကုရှီချန်း ယဲ့ယီ သူ့ကို ကြည့်သည်ကို မြင်သောအခါ သူမက သူနှင့် စကားပြောတော့မည်ဟု ထင်မှတ်ကာ တမင်တကာ သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။

သို့သော် အဆုံး၌ ယဲ့ယီသည် သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်သည်ကို တွေ့လိုက်ရ၏

အခန်း (၃၈)

ဇာတ်ညွှန်း

ကုရှီချန်း၏ စိတ်အခြေအနေမှာ ပို၍ ဆိုးရွားလာသည်။ထို့ကြောင့် သူ စားပွဲသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ စာရွက်စာတမ်းတို့ကိုသာ လုပ်ဆောင်လိုက်တော့သည်။

လက်မှတ်ထိုးရာတွင် ဆူညံအောင် တမင်လုပ်သလို ကွန်ပျူတာအသုံးပြုရာတွင်လည်း ကီးဘုတ်ကို ကျယ်ကျယ်နှိပ်ပြလေ၏။

ယဲ့ယီမှာ မျက်မှောင်ကြုတ်သွားသည်။ ကုစဲ့ကိုခေါ်ကာ ထွက်သွားချင်စိတ်ပင် ဖြစ်မိသည်။

ထိုအချိန်တွင် ကုစဲ့က ကုရှီချန်းကို ရုတ်တရက်ပြောလိုက်သည်။

“ဖေဖေရာ… ကျေးဇူးပြုပြီး အလုပ်ကို တိတ်တိတ်လေးလုပ်ပေးပါလား။ သားတို့ကို အနှောင့်အယှက်ဖြစ်တယ်”

ကုရှီချန်း တစ်ယောက် ဒေါသဖြင့် ရယ်မိလိိုက်သည်။

‘သူတို့နှစ်ယောက် သူ့အလုပ်ကို အနှောင့်အယှက်ပေးတုန်းကကြတော့ သူ မပြောရဘူး။ ခုကြ သူ့ကို လာပြောနေပြီပေါ့’

ကုရှီချန်းသည် ပြန်ပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း စဉ်းစားပြီးနောက် မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ သူတို့နှင့်အတူ အဆင့်တူအောင် သူ မလုပ်ချင်ပေ။

သို့သော်လည်း သူ့ဆူညံသံများမှာ ရပ်တန့်သွားခဲ့သည်။

သို့သာ် ကုရှီချန်းသည် စာရွက်စာတမ်းများကို ဆက်လက် မလုပ်ဆောင်တော့ချေ။

သူသည် သူတို့နှစ်ဦးထံ လျှောက်သွားကာ မျက်နှာထားမပြောင်းလဲဘဲ မေးလိုက်သည်။

“မင်းတို့နှစ်ယောက် အသီးစားချင်ကြလား”

ယဲ့ယီ ခေါင်းခါသည်။ ကုစဲ့ ကလည်း ခေါင်းခါသည်။

ကုရှီချန်း သည် မိမိနေရာသို့ ပြန်သွားကာ ပြန်ထိုင်ရုံသာ ရှိတော့သည်။

ဆယ်မိနစ်ခန့် ကြာသောအခါ ကုရှီချန်း ယဲ့ယီနှင့် ကုစဲ့တို့ထံ ထပ်မံလျှောက်လာကာ ထပ်မေးပြန်သည်။

“မင်းတို့နှစ်ယောက် အခု အသီးစားချင်ကြပြီလား”

နှစ်ယောက်စလုံး ဆက်လက်၍ ခေါင်းခါကြသည်။

နောက်ထပ် ဆယ်မိနစ်ခန့် ကြာပြန်သော် ကုရှီချန်းသည် သူတို့နှစ်ဦးထံ ထပ်မံရောက်ရှိလာပြီး မေးပြန်သည်။

“အခု အသီးစားချင်ကြပြီလား”

ယဲ့ယီ သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။

“ရှင် ဘာဖြစ်ချင်နေတာလဲ”

ကုရှီချန်း ချောင်းဟန့်လိုက်သည်။ အနည်းငယ် နေရခက်သွားသည့်ဟန်ဖြင့် ပြောလိုက်သည်။

“တကယ်တော့ ငါ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း တော်တော်ကောင်းပါတယ်”

“ရှင် သရုပ်ဆောင်ကောင်းမကောင်း ကျွန်မနဲ့ ဘာဆိုင်လို့လဲ”

ယဲ့ယီသည် ထိုသို့ပြောလိုက်သော်လည်း ရုတ်တရက် တစ်ခုခုမှားယွင်းနေကြောင်းကို သူမ သတိထားလိုက်မိသည်။

နောက်တစ်ခဏတွင် ယဲ့ယီ တစ်ယောက် ရယ်လိုက်မိသည်။

“အော် ရှင်လည်း ဧည့်သည်သရုပ်ဆောင် ဖြစ်ချင်နေတာကိုး”

ယဲ့ယီ ဗိုက်နှိပ်ကာ ရယ်လိုက်ရသည်။ ဂုဏ်သိက္ခာကြီးမားလှသော ကုအဖွဲ့အစည်း၏ ဥက္ကဋ္ဌကြီးသည် ဤမျှလောက် မာနကြီးမည်ဟု သူမ တစ်ခါမျှ မထင်ခဲ့မိပေ။ သူ့အနေဖြင့် တည့်တည့်ပြောလိုက်ရုံနှင့် ရနိုင်သော်လည်း ထို့သို့မပြောပဲ သူမ အာရုံစိုက်မှုကိုသာ ရအောင် အမြဲကြိုးစားနေ၏။

ကုရှီချန်း၏ နားရွက်များ တစ်ဖန်ပြန်၍ နီရဲလာပြန်သည်။

ယဲ့ယီ ရယ်မောပြီးမှ ပြန်ပြောလိုက်သည်။

“ရှင့်ကိုလည်း ဧည့်သည်သရုပ်ဆောင်လုပ်ခိုင်းပါ့မယ်၊ ဟုတ်ပြီလား။”

ဂုဏ်သိက္ခာကြီးမားလှသော ကုအဖွဲ့အစည်း၏ ဥက္ကဋ္ဌကြီးသည် သူမ၏ရုပ်ရှင်အဖွဲ့တွင် ဧည့်သည်အဖြစ် သရုပ်ဆောင်ရန် ဂုဏ်သိက္ခာအကျခံလာသည်။ ဤသည်မှာ သူမအတွက်တော့ ဝမ်းသာစရာပင်။

ကုရှီချန်း၏ နှုတ်ခမ်းများသည် မတတ်သာဘဲ အပေါ်သို့ ကွေးညွှတ်သွားသော်လည်း သူ့ဟန်ကိုတော့ ဆက်ထိန်းကာပြောလိုက်သည်။

“အထင်ကြီးမနေနဲ့။ ရုပ်ရှင်ရိုက်ကွင်းမှာ ကုစဲ့အန္တရာယ် ကြုံမှာစိုးလို့ လုပ်ချင်တာ”

ယဲ့ယီ ရယ်သံကို ဖိနှိပ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ဟုတ်ကဲ့၊ ဟုတ်တာပေါ့ ရှင်က ကုစဲ့ အန္တရာယ်ရမှာပဲ စိုးရိမ်နေတာပါ၊ ကိုယ်တိုင် ရုပ်ရှင်ရိုက်ချင်လို့ မဟုတ်ဘူး။ ဟုတ်တယ်မလား”

ကုရှီချန်း မာနကြီးစွာ ဆိုလိုက်သည်။

“ငါ့သရုပ်ဆောင်စွမ်းရည်က မင်းငှားလိုက်တဲ့ သရုပ်ဆောင်တွေထက်မနိမ့်ပါဘူး။ ကုစဲ့ရိုက်ကွင်းမှာ လျောက်မလုပ်ဖို့သာ ဂရုစိုက်စမ်းပါ”

ကုစဲ့: “…”

ယဲ့ယီ တစ်ယောက် အူတတ်လွန်ကာ ကိုယ်ကိုယ့်ကိုယ် ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရသည်။ ဤမျှလောက် ချစ်စရာကောင်းသော ကုရှီချန်းကို သူမ တစ်ခါမျှ မမြင်ဖူးပေ။

ကုရှီချန်း ဧည့်သည်အဖြစ် သရုပ်ဆောင်ချင်သည်ဟု ဆိုလာသောကြောင့် ယဲ့ယီလည်း ဤသကြားဖေဖေကြီးကို ကောင်းစွာ အသုံးချသင့်သည်ဟု ထင်မိသည်။

ထို့ကြောင့် ယဲ့ယီ လေးနက်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။

“ကုမ္ပဏီက ခုမှတည်ထောင်တာဆိုတော့ ငွေအများကြီး သုံးစွဲဖို့လိုတယ်။ ဒီရုပ်ရှင်အတွက် ဘတ်ဂျက်က နည်းနည်းလေးပဲ ရှိတော့ စရိတ်စက မလုံလောက်မှာ ကြောက်တယ်။ ဒါပေမဲ့ စပွန်စာရှာဖို့ကလည်း ခက်ခဲလိုက်တာ”

ကုရှီချန်းသည် ယဲ့ယီ၏ ရည်ရွယ်ချက်ကို မသိဘဲနေမည်မဟုတ်။ ထို့ကြောင့် သူ ချက်ချင်းပင် ဖုန်းကိုထုတ်ကာ ယဲ့ယီထံသို့ ငွေ ယွမ်ဆယ်သန်း ကို လွှဲပြောင်းပေးလိုက်သည်။

ယဲ့ယီ မိမိဖုန်းရှိ ငွေပေးချေမှု အကြောင်းကြားချက်ကို ကြည့်ရင်း အပြုံးပန်းများ ဝေဆာလာတော့သည်။

ကုရှီချန်းသည် သူမ အကြံအဖန်ကို တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။ သူသည် မျက်နှာကို တမင် ခက်ထန်ထန်ထားကာ ဆက်ပြောလိုက်သည်။

“ဇာတ်ညွှန်းပြီးရင် ငါ့ကိုပြန်ပေး။ ငါ့ပိုက်ဆံကို ဒီအတိုင်း အလဟဿ မဖြစ်စေချင်ဘူး”

ယဲ့ယီ ကျေနပ်စွာ ပြုံးလျက်ပြန်ဖြေ၏။

“ကျွန်မ ကိုင်တွယ်တဲ့ ကိစ္စတွေဆိုရင် ရှင် စိတ်မပူပါနဲ့။ဥက္ကဋ္ဌကုရဲ့ ဂုဏ်မပျက်စီးအောင်လို့ ဒီရုပ်ရှင်က အနည်းဆုံး ဆု၂ဆု ကတော့ ရကို ရမှာ သေချာတယ်”

ကုရှီချန်းက ယဲ့ယီသည် ဝင့်ကြွားနေသည်ဟုသာ ခံစားမိသည်။

‘ဆုရဖို့ကို ဘေးဖယ်ထားဦး၊ အလွန်အကျွံ မရှုံးရင်တောင်မှ ကောင်းကင်ကပေးတဲ့ ကောင်းချီးတစ်ခုဖြစ်လိမ့်မယ်’

ကုရှီချန်း တမင် ကုစဲ့ ထံ လျှောက်သွားပြီး ပြောလိုက်၏။

“သား ရုပ်ရှင်ရိုက်တာ ကောင်းကောင်း လုပ်နိုင်ရမယ်။နောက်ဆုံးတော့ သားက ဝန်ထမ်းတစ်ယောက်သာသာပဲ၊ အဖေက ရင်းနှီးမြှုပ်နှံသူ။ သား အလုပ်ကောင်းကောင်းမလုပ်ရင် မင်းကို အချိန်မရွေး အစားထိုးနိုင်တယ်”

ကုစဲ့ ပြောစရာစကားများ ပျောက်ဆုံးသွား၏။

‘သူ့အဖေက ဘယ်ချိန်ကစပြီး ဒီလောက် ကလေးဆန်လာတာလဲ’

ယဲ့ယီ ကုရှီချန်း ယနေ့ညတွင် အထူးပင် ကလေးဆန်နေသည်ကို သတိပြုမိသည်။

‘ယောကျ်ားတွေက သေတဲ့အထိ ကလေးတွေပဲ’ ဤစကားသည် မှန်လှပေသည်။

သို့ရာတွင် ကုရှီချန်း၏ ရင်းနှီးမြှုပ်နှံမှုနှင့်အတူ ယဲ့ယီ ဤရုပ်ရှင်အတွက် ယုံကြည်မှု ပိုမိုရရှိသွားသည်။ သူမကို လှောင်ပြောင်နေသူများကို ပြင်းပြင်းထန်ထန် ပါးပြန်ရိုက်ရန် အခိုင်အမာ ဆုံးဖြတ်ထားလေသည်။

ရုပ်ရှင်ကို ကောင်းမွန်စွာ ရိုက်ကူးနိုင်လျှင် ဆုတစ်ဆုရရန် အခွင့်အလမ်းပင် ရှိသေး၏။ ဂျက်နီစစ် မီဒီယာ၏ ပထမဆုံးသော ရုပ်ရှင်သည် သေချာ‌ပေါက် အောင်မြင်ပေတော့မည်။

သုံး‌‌ယောက်သား ခဏကြာ စကားဆက်ပြောကြပြီး မောပန်းလာသောကြောင့် မိမိတို့၏ ကိုယ်ပိုင်အခန်းထဲသို့ ပြန်သွားကာ အနားယူူခဲ့ကြသည်။ သို့သော် ယဲ့ယီသည် အနားမယူဘဲ တစ်ညလုံး ဇာတ်ညွှန်းရေးနေသည်။

မနက်မိုးလင်းရောက်ချိန်တွင် ဧရာမ ပန်ဒါကြီးအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ဇာတ်ညွှန်းကိုတော့ နောက်ဆုံးတွင် ပြီးမြောက်ခဲ့သွားခဲ့၏။

မွန်းတည့်ချိန် ကုရှီချန်းအလုပ်မှ အိမ်ပြန်ရောက်သောအခါ ယဲ့ယီက ဇာတ်ညွှန်းကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။

ဇာတ်ညွှန်းကို လက်ခံယူပြီးနောက် ကုရှီချန်းသည် ချက်ချင်း မဖွင့်ဘဲ ယဲ့ယီ၏ မျက်နှာကို ကြည့်ကာမေးလိုက်သည်။

“မင်းမနေ့ညက မအိပ်ဘဲ ရေးထားတာလား”

ယဲ့ယီ သမ်းလျက် ပြန်ပြောလိုက်သည်။

“ကျွန်မပြောပါတယ် ကျွန်မကိုင်တွယ်ပြီဆိုရင် စိတ်ချပါလို့”

ကုရှီချန်း အေးဆေးစွာ ပြန်ပြောလိုက်သည်။

“ဒီလောက် ပင်ပန်းအောင် အလုပ်မလုပ်သင့်ဘူး။ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ အနားယူဖို့လိုတယ်လေ”

ခဏအကြာတွင် သူ ဆက်လက်၍ ပြောလိုက်သည်။

“မင်း က နာမည်ကြီးတစ်ယောက်ဆိုတာ မမေ့နဲ့။ မင်းရဲ့ ပုံရိပ်က အရမ်းအရေးကြီးတယ်”

ယဲ့ယီ ခေါင်းသာညိတ်လိုက်သော်လည်း ကုရှီချန်း ဘာပြောနေမှန်းမသိပေ။ သူမ မျက်ခွံများ လေးလံလာသည်။ သူမ အိပ်ချင်နေပြီ ဖြစ်သည်။

ကုရှီချန်းလည်း ယဲ့ယီ တစ်ညလုံးရေးခဲ့သော ဇာတ်ညွှန်းမှာ မည်သို့ရှိသည်ကို အလွန်သိချင်နေပြီဖြစ်ရာ ဇာတ်ညွှန်းကို ဖွင့်၍ စတင်ဖတ်ရှုလိုက်သည်။

ဇာတ်လမ်းအကြောင်းကို မြင်သောအခါ ကုရှီချန်း အလွန်အံ့အားသင့်သွားသည်။ ယဲ့ယီ ဇာတ်ညွှန်းသည် အတော်လေး ကောင်းမွန်လိမ့်မည်ဟု သူ မထင်ခဲ့ပေ။

ဤရုပ်ရှင်သည် မွေးကတည်းက အမေဖြစ်သူ၏ စွန့်ပစ်ထားခြင်းခံခဲ့ရသော မောင်နှစ်မနှစ်ယောက်က သူတို့၏ မွေးစားအဖေနှင့် အတူနေထိုင်ပုံကို ပြောပြထားခြင်း ဖြစ်သည်။ တစ်နေ့တွင် စုံထောက်တစ်ဦး ရောက်လာပြီး သူတို့မိခင်မှာ သေဆုံးသွားပြီဟု ပြောလာသည်။ နောက်ပိုင်း စုံစမ်းစစ်ဆေးချက်များအရ ထိုမိခင်မှာ သူမ ချစ်သူ၏ လက်ချက်ဖြင့် သတ်ဖြတ်ခံခဲ့ရသော်လည်း ထိုချစ်သူသည်လည်း ထူးဆန်းသော အခြေအနေတွင် သေဆုံးသွားသည်ကို သိလိုက်ရသည်။ ရဲများက စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့သော်လည်း ရှုပ်ထွေးမှုများနှင့်သာ ပြည့်နှက်နေခဲ့သည်။ အမှန်တကယ် လူသတ်သမားကား မည်သူနည်း။ အဘယ်ကြောင့် ညီမဖြစ်သူ၏ အပြုံးသည် ဤမျှ ထိတ်လန့်စရာကောင်းရသနည်း။

ဇာတ်ကွက်တိုင်းသည် ဖမ်းစားနိုင်စွမ်းရှိလှသည်။ အမှန်တရား ပေါ်လာတော့မည့်အချိန်၌ပင် ထိုအမှန်တရားသည် အမှန်တရားစင်စစ် မဟုတ်ကြောင်း ပေါ်လာသည်။ အရာရာသည် ကျိုးကြောင်းဆီလျော်သလိုလိုနှင့် ကျိုးကြောင်းမဆီလျော်ပုံလည်း ရနေသည်။

ကုရှီချန်း ယဲ့ယီ၏ ဇာတ်ညွှန်းသည် အလွန်ကောင်းမွန်ကြောင်း ဝန်ခံရလိမ့်မည်။ သည်းထိတ်ရင်ဖို၏ အနှစ်သာရကို အလွန်ကောင်းမွန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။ ရုပ်ရှင်ရိုက်ကူးစဉ်တွင် ပြဿနာကြီးကြီးမားမား မရှိခဲ့လျှင် ဤရုပ်ရှင်သည် ဆုတစ်ဆု ရရှိနိုင်ဖွယ်ပင် ရှိသည်။

ကုရှီချန်း ဇာတ်ညွှန်းကို နောက်ထပ် အကြိမ်များစွာ သေချာစွာ ဖတ်ပြန်သည်။ ဖတ်လေလေ ကျေနပ်လေလေဖြစ်သည်။ ဤမိန်းမသည် အသုံးမဝင်သူ မဟုတ်ကြောင်း သို့မဟုတ် သူမသည် အခြားသူများကို လှည့်စားရန် အားနည်းယောင်ဆောင်နေခြင်း ဖြစ်နိုင်သည်။

ကုရှီချန်း ဇာတ်ညွှန်းကို ချထားပြီး ယဲ့ယီနှင့် ရုပ်ရှင်ရိုက်ကူးရေး ကိစ္စရပ်များကို ဆွေးနွေးရန် ဟန်ပြင်လိုက်စဉ် ယဲ့ယီသည် စားပွဲပေါ်၌ အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။

ယဲ့ယီ၏ ပန်ဒါမျက်လုံးကို မြင်တွေ့လိုက်ရချိန်တွင် ကုရှီချန်းမှာ မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် သူ ယဲ့ယီကို မချီကာ သူမ၏ အခန်းသို့ ပြန်ပို့ပေးလိုက်သည်။ သူမအတွက် စောင်ကိုပင် သေချာစွာ ခြုံပေးခဲ့သေးသည်။

ယဲ့ယီ ညစာစားချိန်အထိ ဆက်တိုက် အိပ်နေခဲ့သည်။ အိမ်အကူကသာ ညစာစားရန် မနိုးပေးလျှင် မနက်အထိ အိပ်ပျော်သွားနိုင်သည်။

သူမ အိပ်ရာပေါ်သို့ မည်သို့ ပြန်ရောက်သွားသည်ကိုမူ ယဲ့ယီ စဉ်းစားစရာပင် မလိုပေ။ မာနကြီးသော လူတစ်ယောက်၏ လက်ချက်သာ ဖြစ်ပေလိမ့်မည်။

All Chapters