အခန်း (၂၇၃၉-၂၇၄၀)
Vol. 214 Ch. 2739-2740
အခန်း(၂၇၃၉)
အဘိုးအို၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်က ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ အမှန်တကယ် ရောက်ရှိနေသည် ဆိုလျှင် သူက ကျန်းချန်အပေါ် အကောင်းမြင်စိတ် သိပ်မရှိသေးပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင် အတွင်း စန်းယွင်ပြည်နယ်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိခဲ့သော ပါရမီရှင်များသည် အနည်းငယ်မျှပင် မဟုတ်ပေ။
ယခု စင်မြင့်ထက်တွင်ပင် လူသုံး၊လေးဦးခန့် ရှိနေကြပြီဖြစ်သည်။
သို့သော် တိုက်ခိုက်ရေးပိုင်းတွင်မူ ထိုခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ပါရမီရှင်များသည် ပကတိအင်မော်တယ် နဝမအဆင့် ဖြစ်သည့် ရှန်ချိုးထက် များစွာ နိမ့်ကျနေခဲ့သည်။
အကြောင်းရင်းမှာ ကျင့်ကြံခြင်းအဆင့်သည် တိုက်ခိုက်ရေးစွမ်းရည်နှင့် ထပ်တူ မကျသောကြောင့်ပင်။
ရှန်ချိုးသည် ပါရမီရှင် ဓားအင်မော်တယ် တစ်ပါး ဖြစ်ရုံသာမက တလော့အဆင့် ဓားသိုင်းကိုပါ တတ်မြောက်ထားပြီး တလော့ အင်မော်တယ်ဓားကိုပါ ကိုင်ဆောင်ထား၍ ရှန်ချိုး၏ အခြေခံအုတ်မြစ်သည် သာမန်လူများထက် များစွာ သာလွန်နေခဲ့၏။
ကျန်းချန်က ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ဖြစ်နေလျှင်ပင် ရှန်ချိုးနှင့် ယှဥ်ပြိုင်နိုင်ရန်မှာ မသေချာပေ။
“တလော့အဆင့် ဓားအင်မော်တယ်ကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ မိသားစုက ပါရမီရှင်လို့ မပြောရဘူး.. ဒီကောင့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့်တူအတွင်း ဆိုရင် ဝမ်ရှင်းဟန်ထက်တောင် ပိုသာနိုင်ခြေရှိတယ်”
ကျန်းချန်က ရှန်ချိုး၏ ဓားချက်ကို ကြည့်ကာ စိတ်ထဲကနေ တိတ်တဆိတ် ချီးကျူးလိုက်သည်။
သူက အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်ကို လှုံ့ဆော်လိုက်ပြီး သူ၏ လက်ထဲရှိ ထျန်းယွမ်အင်မော်တယ်ဓားဖြင့် ပြန်လည် ခုတ်ပိုင်းလိုက်သည်။
ကျန်းချန်၏ သာမန်ဟုသာ ထင်ရသောဓားချက်သည် ကောင်းကင်ယံကို ထိုးခွင်းလာသည့် ရှန်ချိုး၏ အပြာရောင်ဓားအလင်းကို လေထဲမှာပင် ရုတ်တရက် မှေးမှိန်သွားစေခဲ့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် အပြာရောင်ဓားအလင်း ပေါ်ရှိ ကြောက်မက်ဖွယ် ဓားစွမ်းအင်များသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် မြေပြင်တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းက စင်မြင့်ပေါ်မှ အခြေအနေကို မှင်တက်စွာ ကြည့်နေခဲ့ကြပြီး သူတို့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။
ရှန်ချိုး၏ ကမ္ဘာပျက်စီးမတတ် ပြင်းထန်သော ဓားချက်ကို ကျန်းချန်သည် ဤမျှ အလွယ်တကူ ချေဖျက်နိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။
“တကယ့်ကို ကြောက်စရာကောင်းတဲ့ အင်မော်တယ်ဘုရင်အဆင့် ဓားသိုင်းပါလား”
သူ့ရှေ့မှ မယုံကြည်နိုင်စရာ မြင်ကွင်းကို ကြည့်ကာ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ရေရွတ်လိုက်သည်။
ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မြင်နိုင်စွမ်းသည် သာမန်လူများထက် များစွာ သာလွန်သည်။
ကျန်းချန်၏ ရိုးရှင်းလှသော ဓားချက်ထဲတွင် အလွန်တရာ အစွမ်းထက်သည့် စွမ်းအားများ ပါဝင်နေသည်ကို သူရှင်းလင်းစွာ ခံစားမိခဲ့သည်။
ယင်းမှာ အင်မော်တယ် ဥပဒေသ စွမ်းအားပင် ဖြစ်သည်။
အင်မော်တယ် တစ်ပါးသည် တလော့အင်မော်တယ် အဆင့်ကို ရောက်မှသာ အင်မော်တယ် ဥပဒေသကို စတင် နားလည်သဘောပေါက်မည် ဖြစ်သည်။
သို့သော် တလော့အင်မော်တယ်များသည်ပင် အင်မော်တယ် ဥပဒေသစွမ်းအား ပါဝင်သည့် အင်မော်တယ်ဘုရင်အဆင့် သိုင်းကွက်များကို အလွယ်တကူ မဖန်တီးနိုင်ကြပေ။
အကြောင်းရင်းမှာ အင်မော်တယ်ဥပဒေသ ပါဝင်သည့် အင်မော်တယ်ဘုရင် အဆင့် သိုင်းကွက်ကို ဖန်တီးရန် အတွက် ပြီးပြည့်စုံသော အင်မော်တယ်ဥပဒေသ တစ်ခုကို ပိုင်နိုင်ရမည်ဖြစ်သောကြောင့်ပင်။
တလော့အင်မော်တယ်တစ်ပါးသည် ပြီးပြည့်စုံသော ဥပဒေသကို ပိုင်နိုင်မည် ဆိုလျှင် အင်မော်တယ်ဘုရင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
အဓိပ္ပာယ်မှာ ကျန်းချန် ယခုလေးတင် ထုတ်ဖော်လိုက်သည့် ဓားချက်သည် အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်တွင် ရှိနေခြင်းပင်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် လျှိုဝူချန်းက ကျန်းချန်အပေါ်တွင် အဘယ်ကြောင့် အကောင်းမြင်နေခဲ့မှန်း အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ထိုကောင်လေးထံတွင် အင်မော်တယ်ဘုရင်၏ အမွေအနှစ်ပင် အမှန်တကယ် ရှိနေခဲ့သည် မဟုတ်ပါလော။
“စန်းယွင်ပြည်နယ်မှာ ဒီလို မွန်းစတားဆန်တဲ့ ပါရမီရှင်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. တကယ်လို့ ဒီလူငယ်ရဲ့အကူအညီကိုသာ ရခဲ့မယ်ဆိုရင် ငါတို့ ဌာနခွဲရဲ့အခြေအနေကို ပြောင်းလဲပစ်နိုင်လိမ့်မယ်”
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
စင်မြင့်ပေါ်တွင် ရှန်ချိုးသည် တလော့အဆင့် ဓားသိုင်းကို အသုံးပြုခဲ့သော်လည်း ကျန်းချန်က အလွယ်တကူပင် ချေဖျက်သွားသည်အား မြင်လိုက်ရလျှင် သူ၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ပြည့်နှက်သွားခဲ့သည်။
ချင်းယွမ်မြို့ရှိ ရှန်မိသားစုသည် တလော့အဆင့် အင်အားစု မဟုတ်တော့သော်လည်း တလော့ အမွေအနှစ်ကို ပိုင်ဆိုင်ထား၏။
သူက ပါရမီ ထူးချွန်ပြီး ရှန်မိသားစု၏ အမွေအနှစ်ကို ဆက်ခံထားသူ ဖြစ်သည်။
စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး ဖြစ်သည့် တလော့အင်အားစု သုံးစုမှ ထိပ်တန်း ပါရမီရှင်များနှင့် ယှဥ်လျှင်ပင် ရှန်ချိုးသည် သူ့ကိုယ်သူ မနိမ့်ကျဟု ယုံကြည်ထားသူလည်း ဖြစ်သည်။
ယခုအခါတွင် ဘယ်ကမှန်းမသိ ပေါ်လာသည့် အမည်မသိ ဓားကျင့်ကြံသူ တစ်ဦးသည် သူ့ထက်ပင် ပိုမို အစွမ်းထက်နေသည် ဖြစ်ရာ ယင်းသည် ရှန်ချိုး အတွက် ကြီးမားသော ထိုးနှက်ချက် ဖြစ်လာခဲ့သည်။
“မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ဘယ်သူ့ကိုမဆို အနိုင်ယူဖို့ အခွင့်အရေးရှိတယ်.. ငါ့ကို စိန်မခေါ်သင့်ဘူး”
ကျန်းချန်က ထျန်းယွမ်အင်မော်တယ်ဓားကို ကိုင်စွဲကာ တည်ငြိမ်စွာ ရပ်နေရင်း ရှန်ချိုးကို ပြောလိုက်သည်။
“မင်း ထပ်တိုက်ချင်သေးလား”
“ကျန်းချန် မင်းက အရမ်းအစွမ်းထက်တယ် ဆိုတာ ငါဝန်ခံပါတယ်.. ဒါပေမဲ့ ငါရှန်ချိုးက မရှုံးနိမ့်သေးမှတော့ ဘာလို့ ဆက်မတိုက်ရမှာလဲ”
ရှန်ချိုးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ကျန်းချန်ကို စေ့စေ့ စိုက်ကြည့်လိုက်သည်။
“စန်းယွင်ပြည်နယ် တစ်ခုလုံးမှာ ငါ့ရဲ့ မျိုးဆက်ထဲက လူသုံးယောက်ပဲ ငါ့ရဲ့ အစွမ်းအထက်ဆုံး ဓားချက်ကို ထုတ်သုံးဖို့ ဖိအားပေးနိုင်လိမ့်မယ်လို့ ငါထင်ခဲ့တယ်.. ကြည့်ရတာ ဒီနေ့တော့ မင်းအပေါ်မှာ သုံးရတော့မဲ့ပုံပဲ”
“ဘာလို့ ဒီလောက်အထိ အပင်ပန်းခံနေရတာလဲ”
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မင်းရဲ့ဓားကွက်က ဘယ်လောက်အထိ အစွမ်းထက်လဲ ဆိုတာ ငါမသိပေမဲ့ မင်း အဲဒီဓားကွက်ကို ထုတ်သုံးရင် သေချာပေါက် အဖိုးအခ ကြီးကြီး ပြန်ပေးဆပ်ရလိမ့်မယ်.. ဒါ့အပြင် အဲဒီဓားကွက်ကို အသုံးပြုရင်တောင် မင်းငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
ရှန်ချိုး၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
“အနိုင်ယူနိုင်မလား ဆိုတာက မစမ်းကြည့်ရင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် စကား ဆက်မပြောတော့ဘဲ သူ၏ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ် အရှိန်အဝါကို ဖုံးကွယ်မနေတော့ဘဲ ထုတ်ပြလိုက်သည်။
ထို့နောက် သူက ရှန်ချိုးကို အေးစက်စက် ကြည့်ကာ ပြောလိုက်၏။
“ငါ ခုနက မင်းနဲ့အဆင့်တူချင်း တိုက်ခိုက်ဖို့ ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို တမင် ဖိနှိပ်ထားခဲ့တာပဲ.. အဲဒါတောင် မင်းက ငါ့ရဲ့ဓားချက်ကို မနည်း ကာကွယ်ခဲ့ရတယ်.. ဘယ်လိုလဲ အခုအခြေအနေအရဆို မင်းရဲ့ ဓားကွက်ကို ထုတ်သုံးရင်တောင် ငါ့ကို အနိုင်ရမယ်လို့ သေချာလား”
“ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်”
ကျန်းချန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အစွမ်းထက်အရှိန်အဝါကို ခံစားမိလျှင် ရှန်ချိုးသည် မှင်တက်ရာကနေ ပြန်လည် အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
သူက ကျန်းချန်ကို ကြည့်ကာ ခါးသီးစွာ ပြောလိုက်သည်။
“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ဒီတိုက်ပွဲမှာ ငါရှန်ချိုး ရှုံးသွားပါပြီ”
ကျန်းချန်၏ ပါရမီသည် သူ့ထက် လုံးဝ မနိမ့်ကျပေ။
အကယ်၍ ကျန်းချန်သာ သူနှင့် အဆင့်တူအတွင်း ဆိုလျှင် သူအားအကိုးရဆုံး ဓားကွက်ကို အသုံးပြုပြီး ကျန်းချန်ကို ယှဥ်ပြိုင်ရန် ယုံကြည်ချက်ရှိနေဦးမည် ဖြစ်သည်။
ယခုအခါတွင်မူ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရှိနေသည့် ကျန်းချန်ကို ရင်ဆိုင်ရမည်ဖြစ်ရာ သူမည်မျှပင် အစွမ်းကုန်ကြိုးစားပါစေ၊ ကျန်းချန်ကို ယှဥ်နိုင်တော့မည် မဟုတ်ပေ။
“ဒီလူငယ်က တကယ့်ကို မွန်းစတား တစ်ကောင်ပဲ”
စင်မြင့်ပေါ်မှ မြင်ကွင်းကိုကြည့်ကာ အမည်မဲ့အင်မော်တယ်နန်းတော်မှ မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် သူက စူးစမ်းစွာဖြင့် လျှိုဝူချန်းကို မေးလိုက်သည်။
“အကြီးအကဲချုပ်လျှို...ဒီကောင်လေးရဲ့ အထောက်အထားကိုသိလား”
ဤမျှငယ်ရွယ်သော အသက်အရွယ်ဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေပြီး အင်မော်တယ်ဘုရင်အဆင့် သိုင်းကွက်ကိုလည်း တတ်မြောက်နေသည် ဖြစ်ရာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်မှ ထိပ်တန်း ပါရမီရှင်များထက်ပင် နိမ့်ကျလိမ့်မည်မဟုတ်ပေ။
လျှိုဝူချန်းက ခပ်ယဲ့ယဲ့ပြုံး၍ ပြန်ဖြေလိုက်သည်။
“ဒီကောင်လေးက လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ် လောက်ကမှ အဆင့်နိမ့်စကြဝဠာကနေ တက်လာတာပဲ.. မထင်ထားဘူးမဟုတ်လား”
လျှိုဝူချန်း၏ စကားကိုကြားလျှင် မီးခိုးရောင်ဝတ်စုံဝတ်အဘိုးအိုသည် အသက်ရှူရပ်မတတ် အံ့အားသင့်သွားခဲ့သည်။
အင်မော်တယ်လောကသို့ ရောက်ရှိလာပြီး တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပင် ထိုကောင်လေးသည် အတုအယောင်အင်မော်တယ် အဆင့်ကနေ ကောင်းကင်အင်မော်တယ် အဆင့် အထိ ရောက်ရှိသွားခြင်း ဖြစ်သည်။
ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသည့် ကျင့်ကြံခြင်း အရှိန်အဟုန်ကို ပါရမီရှင် ဟူသော စကားလုံးဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။
သူက နှစ်ပေါင်း သန်းချီ အသက်ရှင်လာခဲ့ပြီး အင်မော်တယ်လောကရှိ မရေမတွက်နိုင်သော ပါရမီရှင်များကို မြင်တွေ့ဖူးသော်လည်း ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာသော ပါရမီရှင်ကို တစ်ခါမှမမြင်ဖူးပေ။
အကယ်၍ သူတို့သာ ထိုလူငယ်၏ အကူအညီကို ရရှိခဲ့လျှင် သူတို့ဌာနခွဲ၏ အကူအညီသည် သေချာပေါက် ပြောင်းလဲသွားပေလိမ့်မည်။
ရှန်ချိုးက သူ့ကိုသာ ရှုံးနိမ့်သွားကြောင်း ဝန်ခံခဲ့ကာ စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက်တွင် လျှိုဝူချန်းသည် တိုက်ပွဲ၏ ရလဒ်ကို ကြေညာလိုက်သည်။
ကျန်းချန်နှင့် ရှန်ချိုးတို့၏ တိုက်ပွဲအပြီးတွင် နောက်ဆက်တွဲဖြစ်ပွားသည့် နေရာလု တိုက်ပွဲများသည် လူစိတ်ဝင်စားမှု သိပ်မရတော့ပေ။
စိန်ခေါ်ရန်အတွက် စင်မြင့်ပေါ်တက်လာသူ ရှိခဲ့လျှင်ပင် ၎င်းတို့၏ ပစ်မှတ်မှာ ထိုင်ခုံဆယ်လုံး ထဲတွင် အားအနည်းဆုံး ဖြစ်သည့် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် သုံးဦးသာ ဖြစ်သည်။
ဤသို့ဖြင့်ပင် နှစ်နာရီ ဟူသော အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
အားနည်းချက်ကို အခွင့်ကောင်းယူနိုင်ခဲ့သည့် ပကတိအင်မော်တယ်နဝမအဆင့် ကျင့်ကြံသူတစ်ဦးမှ လွဲ၍ ကျန်သည့် နေရာများတွင် မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပေ။
လျှိုဝူချန်းက မတ်တတ် ထရပ်လိုက်ပြီး စင်မြင့်ပေါ်သို့ ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“နှစ်နာရီ ပြည့်သွားပြီ ဆိုတော့ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ပထမအဆင့် ပြီးဆုံးသွားပြီ.. အခု ဒုတိယအဆင့်ကို စတင်ပါတော့မယ်”
အခန်း(၂၇၃၉)ပြီး၏။
အခန်း(၂၇၄၀)
အမည်မဲ့အင်မော်တယ်ပြိုင်ပွဲ၏ ဒုတိယအဆင့်သည် ထိပ်ဆုံးဆယ်ဦး၏ အဆင့် သတ်မှတ်ချက်များကို ဆုံးဖြတ်ရန်ဖြစ်သည်။
ထိပ်ဆုံးဆယ်ဦး စာရင်းတွင် ပါဝင်သော လူငယ်ပါရမီရှင်တိုင်းသည် ဒုတိယအဆင့်တွင် ကျန်ရှိသော ကိုးဦးနှင့် တစ်ဦးချင်းစီ အပြန်အလှန် ယှဥ်ပြိုင်ရမည် ဖြစ်ပြီး အနိုင်ရရှိမှု တစ်ကြိမ်စီ အတွက် ရမှတ်တစ်မှတ် ရရှိမည် ဖြစ်ကာ နောက်ဆုံးအဆင့် သတ်မှတ်ချက်သည် စုစုပေါင်းရမှတ် အပေါ်တွင် အခြေခံမည် ဖြစ်သည်။
ရရှိသည့်အဆင့်က မြင့်လေလေ၊ ဆုလာဘ်က ပိုမိုကြီးမားလေလေ ဖြစ်၏။
သို့သော် ယခုတစ်ကြိမ် ကျင်းပသည့် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲ၏ စည်းကမ်းချက်များ ပြောင်းလဲသွားခြင်းကြောင့် ထိပ်ဆုံးဆယ်ဦး စာရင်းဝင် အနှောင်အဖွဲ့ မရှိသော ကျင့်ကြံသူများသည် မည်သည့် အင်အားစုတွင်မှ ပါဝင်ခြင်းမရှိသေးလျှင် အမည်မဲ့အင်မော်တယ် နန်းတော်သို့ ဝင်ရောက်ခွင့်ရရှိမည် ဖြစ်သည်။
ထို့အပြင် ယခုတစ်ကြိမ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပထမနေရာ ရရှိသူသည် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဧည့်အကြီးအကဲ အဖြစ် သတ်မှတ်ခံရမည် ဖြစ်ပြီး အကြီးအကဲအဆင့် အခွင့်အရေးများကို ခံစားခွင့်ရရှိမည့်အပြင် နှစ်စဥ်အင်မော်တယ် ကျောက်တုံးတစ်သောင်းနှင့် အမည်မဲ့အင်မော်တယ် နှင်းရည်သုံးစက်ကို ရရှိမည်ဖြစ်သည်။
လျှိုဝူချန်းက ဒုတိယအဆင့်ပြိုင်ပွဲ၏ စည်းမျဥ်းများနှင့် နောက်ဆုံးရရှိမည့် ဆုလာဘ်များကို မိတ်ဆက်ပေးလိုက်ရာ ရင်ပြင်အတွင်းရှိ လူများသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ် နန်းတော်သည် ပင်မနန်းတော်၏ ဌာနခွဲတစ်ခုမျှသာ ဖြစ်သည်။
သို့သော်လည်း ၎င်း၏ အင်အားသည် စန်းယွင်ပြည်နယ်ရှိ မည်သည့် တလော့အင်အားစုနှင့်မဆို ယှဥ်နိုင်စွမ်း ရှိသည်။
ဆိုရလျှင် အမည်မဲ့ အင်မော်တယ် နန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ် နယ်မြေရှိ အသန်မာဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
အမည်မဲ့အင်မော်တယ် နန်းတော်သည် အင်မော်တယ်ဘုရင်အဆင့်အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်နှင့် မနှိုင်းယှဥ်နိုင်လျှင်ပင် သိပ်ပြီး အင်အား ကွာခြားသည်တော့ မဟုတ်ပေ။
ယင်းကြောင့် အမည်မဲ့အင်မော်တယ် နန်းတော်၏ ဧည့်အကြီးအကဲ ဖြစ်လာခဲ့လျှင် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် လက်မထောင်နိုင်မည် ဖြစ်သည်။
ထိုထက်ပို၍ အရေးကြီးဆုံး အချက်မှာ အမည်မဲ့ အင်မော်တယ် နန်းတော်၏ အကြီးအကဲအဆင့် အခွင့်အရေးများကို ခံစားခွင့်ရရှိမည် ဖြစ်ပြီး နှစ်စဥ် အင်မော်တယ်ကျောက်တုံး တစ်သောင်းနှင့် အမည်မဲ့အင်မော်တယ် နှင်းရည်သုံးစက်ကို ရရှိမည် ဖြစ်သည်။
ဤမျှ ရက်ရောသော ခံစားခွင့်သည် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ များစွာ၏ ကြွယ်ဝမှုထက်ပင် သာလွန်နေခဲ့၏။
ထို့နောက်တွင် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲ၏ ဒုတိယအဆင့်ကို စတင်ခဲ့သည်။
ပထမဆုံး ယှဥ်ပြိုင်သူမှာ ကျန်းချန် ဖြစ်သည်။
သူ၏ ပြိုင်ဘက်မှာ အတော်အသင့် အစွမ်းထက်သည့် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူ ဖြစ်သည်။
သို့သော်လည်း ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူသည် သူ၏ ပြိုင်ဘက်က ကျန်းချန် ဖြစ်မှန်းသိသည်နှင့် အရှုံးပေးရန် ပြတ်ပြတ်သားသားပင် ရွေးချယ်ခဲ့သည်။
သူက ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ရှန်ချိုးထက် များစွာ နိမ့်ကျနေခဲ့၏။
တလော့အမွေအနှစ်ကို ဆက်ခံထားသည့် ရှန်ချိုးနှင့် အခြား ပါရမီရှင်များပင် ကျန်းချန်၏ ပြိုင်ဘက် မဟုတ်ကြရာ သူ့အနေဖြင့် ကျန်းချန်ကို အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
ကျန်းချန်နှင့် တိုက်ခိုက်၍ အချိန်ဖြုန်းနေမည့် အစား သူ၏ ခွန်အားကို ထိန်းသိမ်းထားပြီး ကျန်တိုက်ပွဲများတွင် အနိုင်ယူကာ ပိုမို ကောင်းမွန်သော အဆင့်တစ်ခု ရရှိရန် ကြိုးစားခြင်းသည် ပို၍ ကောင်းမွန်လိမ့်မည် မဟုတ်ပါလား။
နောက်ထပ် တိုက်ပွဲများတွင် လူတိုင်းသည် အလွန်ပင် သတိကြီးစွာ ထားလာခဲ့ကြသည်။
နဲ့ဟယ်ယွမ်နှင့် ယွိစစ်ချန် ကဲ့သို့ ပါရမီရှင်များနှင့် တွေ့ဆုံသည့်အခါဝယ် အများစုသည် သူတို့၏ ခွန်အားကို ထိန်းသိမ်းရန်အတွက် အရှုံးပေးရန်သာ ရွေးချယ်ခဲ့ကြသည်။
ထို့ကြောင့် ပထမဆုံးကိုးပွဲ ဆက်တိုက် ယှဥ်ပြိုင်မှုတွင် အမှန်တကယ် တိုက်ခိုက်ရသည့် တိုက်ပွဲ အရေအတွက်သည် ထက်ဝက်ကျော်ခန့်သာ ရှိခဲ့သည်။
ဒုတိယ အလှည့်တွင် ကျန်းချန်၏ ပြိုင်ဘက်သည် စင်မြင့်ပေါ်ရှိ လူငယ်ပါရမီရှင် ကိုးဦးထဲတွင် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေသည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်သည်။
ထိုလူငယ် ပါရမီရှင်၏ အမည်မှာ ကောင်းရှုံး ဖြစ်ပြီး စန်းယွင်ပြည်နယ်၏ တလော့အင်အားစုတစ်ခု ဖြစ်သော ခွေကန်းအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင် တစ်ဦး ဖြစ်သည်။
သို့သော်လည်း ကောင်းရှုံးသည် ပါရမီအလွန်အမင်း ထူးချွန်သူတော့ မဟုတ်ပေ။
သူ့အနေဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေခြင်းမှာ အသက်ရှစ်ရာ ကျော်နေပြီ ဖြစ်သောကြောင့်ပင်။
ဤစင်မြင့်ပေါ်ရှိ အခြားသော လူငယ်ပါရမီရှင်များသည် အသက်ငါးရာထက် မပိုကြပေ။
ကောင်းရှုံးက သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ လက်သီးဆုပ်၍ ဂါဝရပြုလိုက်သည်။
“ခွေကန်းအင်မော်တယ်ဂိုဏ်းက ကောင်းရှုံးပါ.. သင်ပြပေးပါဦး”
ထိုစကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“မင်းက ကောင်းကင်အင်မော်တယ် ပထမအဆင့် ဆိုပေမဲ့ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး.. ငါနဲ့တကယ်ပဲ တိုက်ချင်တာလား”
စင်မြင့်ပေါ်ရှိ လူငယ်ပါရမီရှင် ဆယ်ဦးထဲတွင် သူမှ လွဲ၍ နဲ့ဟယ်ယွမ်နှင့် ယွိစစ်ချန် တို့သာ ကောင်းရှုံးကို အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
အကယ်၍ ကောင်းရှုံးသာ သူနှင့် မတိုက်ဘဲ အင်အားကို ထိန်းသိမ်းထားရန် ဆန္ဒရှိလျှင် စတုတ္ထနေရာကို ရယူရန် မည်သည့် ပြဿနာမှ ရှိမည်မဟုတ်ပေ။
“ငါ ကောင်းရှုံးရဲ့ ပါရမီက သာမန်ပါပဲ.. ဒီနေ့လို အောင်မြင်မှုရခဲ့တာက သေရေးရှင်ရေး တိုက်ပွဲတွေကြောင့်ပဲ”
ကောင်းရှုံးက ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ အကြည့်တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့၏။
“မင်းက အရမ်း အစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်.. အဲဒါက ငါ့ရဲ့ခံယူချက်ကို ပြောင်းလဲစေမှာ မဟုတ်ဘူး”
“ဒီလူကလည်း သိုင်းရူးတစ်ယောက်ပဲ ထင်တယ်”
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ကောင်းရှုံးကို ပေါ့ပေါ့ပါးပါးပင် ကြည့်လိုက်သည်။
“မင်းတိုက်ချင်တယ် ဆိုတော့လည်း တိုက်ကြတာပေါ့”
“သင်ပြပေးပါ”
စကားဆုံးသည်နှင့် ကောင်းရှုံးက ချက်ချင်းပင် ရှေ့သို့ လှမ်းထွက်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့် အတူ ကောင်းရှုံး၏ ခန္ဓာကိုယ်သည် ရုတ်တရက် အရွယ်အစား နှစ်ဆခန့် ကြီးမားလာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင်သွန်းလောင်းထားသကဲ့သို့ ဖြစ်သွားခဲ့ကာ ကြွက်သားတိုင်းတွင် ပေါက်ကွဲအား အပြည့်အဝ ပါဝင်နေခဲ့သည်။
သူ၏ မျက်လုံးများက မီးအိမ်များကဲ့သို့ အလွန်တရာပင် တောက်ပသွားခဲ့၏။
စန်းယွင်ပြည်နယ်ရှိ ခွေကန်းအင်မော်တယ်ဂိုဏ်းသည် ခွန်အားကြောင့် ကျော်ကြားသော တလော့အဆင့် အင်အားစု ဖြစ်သည်။
ခွေကန်းအင်မော်တယ်ဂိုဏ်း၏ ကျင့်စဥ်များသည် ခွန်အားကို အဓိက အလေးပေး၍ ကျင့်ကြံခြင်း ဖြစ်ပြီး ခွန်အားဖြင့်သာ နိယာမ အားလုံးကို ချေဖျက်သည့် အဆင့်သို့ရောက်ရှိရန် ဖြစ်သည်။
“ထျန်းခွေလက်သီးသိုင်း.. ပထမတိုက်ကွက်”
ကောင်းရှုံးက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ ပုံရိပ်က ချက်ချင်းဆိုသလို ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့ပြီး လေထုထဲတွင် ရွှေရောင်သက်တန့် တစ်ခုအလား အလင်းထက်ပင် မြန်ဆန်သော အရှိန်အဟုန်ဖြင့် ကျန်းချန်ထံသို့ ပျံသန်းကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
ကောင်းရှုံး၏ ကမ္ဘာမြေ တုန်ဟည်းမတတ် လက်သီးချက်ကို မြင်လျှင် ကျန်းချန်သည် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။
အဖြူရောင် တောက်ပသော ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ဟင်းလင်းပြင်တွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့ပြီး ရွှေတောင်ကြီး တစ်တောင် အလား ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်၏ ကောင်းကင်ဖွင့်လှစ်စည်းတံဆိပ် ရှေ့တွင် ကောင်းရှုံးသည် ဘယ်လိုမှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
ကောင်းရှုံး၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် လက်ကိုင်ရိုးရှည်တပ် တူကြီးဖြင့် ထုနှက်ခံလိုက်ရသလို ဖြစ်သွားခဲ့ကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီး လေထဲမှာပင် လွင့်စင်သွားခဲ့သည်။
လူတိုင်းက ကောင်းရှုံးကို ကြည့်လိုက်သောအခါ ကောင်းရှုံး၏ ကြီးမားသော ရွှေရောင်ခန္ဓာကိုယ်ရှိ ရင်ဘတ်သည် ချိုင့်ဝင်သွားခဲ့ပြီး နံရိုးများစွာ ကျိုးပဲ့နေသည်ကို မြင်လိုက်ရသည်။
အကယ်၍ သူသာ ခွန်အားအလေးပေးသည့် ကျင့်စဥ်ကို မတတ်မြောက်ထားဘဲ သူ၏ ခန္ဓာကိုယ်က သာမန် ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူများထက် ပိုမို မသန်မာခဲ့လျှင် ကျန်းချန်၏ ထိုစည်းတံဆိပ်သည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားရန် လုံလောက်လိမ့်မည် ဖြစ်သည်။
“မင်းရဲ့ခွန်အားက ငါထင်ထားတာထက်ကို အများကြီး ကျော်လွန်နေတာပဲ.. ငါအရှုံးပေးပါတယ်”
ကောင်းရှုံးက သူ၏ ခန္ဓာကိုယ်အတွင်းမှ ဒဏ်ရာကို ဖိနှိပ်ထားရင်း ကျန်းချန်ကို ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
သူက ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ကျန်းချန်၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း ကောင်းရှုံး၏ စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိထားခဲ့သည်။
သို့သော်လည်း သူက ခွန်အားကို အလေးပေးသည့် ကျင့်စဥ်ဖြင့် ခန္ဓာကိုယ်ကို အပြင်းအထန် ကျင့်ကြံထားသူ ဖြစ်သည်။
သူ့အနေဖြင့် ကျန်းချန်နှင့် သုံးလေးကွက်လောက် ယှဥ်နိုင်မည်ဟု ထင်ခဲ့သော်လည်း တစ်ကွက်တည်းကိုပင် ခံနိုင်ရည်မရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့ရှေ့မှ လူသည် သူတို့ ခွေကန်းအင်မော်တယ်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။
“အစ်ကိုနဲ့.. ဒီကျန်းချန်ရဲ့ ခွန်အားက အရမ်းကို ကြီးမားလွန်းတယ်.. ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ပထမနေရာက သူပဲ ဖြစ်သွားလိမ့်မယ်”
ယွိစစ်ချန်သည် တစ်ကွက်တည်းဖြင့် အရေးနိမ့်သွားသော ကောင်းရှုံးကို ကြည့်ရင်း သူ၏ နံဘေးမှ နဲ့ဟယ်ယွမ်ကို ပြောလိုက်သည်။
နဲ့ဟယ်ယွမ်က ယွိစစ်ချန်ကို ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“အမည်မဲ့ အင်မော်တယ် နန်းတော်ရဲ့ ပထမနေရာကို တကယ် အစွမ်းအစ ရှိတဲ့သူပဲ ရမှာပေါ့.. ဘာလဲ.. မင်းက ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ပုဂ္ဂိုလ်တွေ ရှေ့မှာ လှည့်စားလို့ရမယ် ထင်နေတာလား”
“ငါ့မှာ နည်းလမ်းတစ်ခု ရှိတယ်.. ငါတို့ နှစ်ယောက်ထဲက ကျန်းချန်နဲ့ အရင်တိုက်တဲ့လူက ကျန်းချန်ရဲ့ခွန်အားတွေကို ကုန်ဆုံးအောင် လုပ်လိုက်မယ် ဆိုရင် နောက်မှ တိုက်မဲ့လူက ကျန်းချန်ကို အနိုင်ယူဖို့ မခက်ခဲတော့ဘူး”
ယွိစစ်ချန်က ပြုံး၍ ပြောလိုက်သည်။
“ဒီတစ်ကြိမ် အမည်မဲ့ အင်မော်တယ် ပြိုင်ပွဲမှာ ပထမနေရာရရင် အမည်မဲ့ အင်မော်တယ် နန်းတော်ရဲ့ ဧည့်အကြီးအကဲ ဖြစ်လာလိမ့်မယ်.. ဒါ့အပြင် အကြီးအကဲ ခံစားခွင့်ကိုလည်း ရရှိပြီး နှစ်စဥ်နှစ်တိုင်း အင်မော်တယ်ကျောက်တုံး တစ်သောင်းနဲ့ အမည်မဲ့ အင်မော်တယ် နှင်းရည် သုံးစက်ကိုလည်း ရရှိမယ်.. ညီနောင်နဲ့ စိတ်မဝင်စားဘူးလား”
အခန်း(၂၇၄၀)ပြီး၏။