← Chapters

အခန်း (၂၇၃၁-၂၇၃၂)

Vol. 214 Ch. 2731-2732

အခန်း (၂၇၃၁-၂၇၃၂)

Vol. 214 Ch. 2731-2732

အခန်း(၂၇၃၁)

အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်အားဖြင့် နန်းတော် တစ်ခုမျှသာ ဖြစ်သော်လည်း ၎င်း၏ အတိုင်းအတာကမူ စန်းယွင်ပြည်နယ်ရှိ အကြီးဆုံး အင်မော်တယ်မြို့တော်နှင့်ပင် နှိုင်းယှဥ်နိုင်သည်။

ဤနေရာသည် အင်မော်တယ်အဆီအနှစ်နှင့် အရင်းအမြစ်များ ကြွယ်ဝသဖြင့် အတွေ့အကြုံယူ လေ့ကျင့်ရန်အတွက် အလွန်ကောင်းမွန်သော နေရာတစ်ခု ဖြစ်၏။

စန်းယွင်ပြည်နယ်ရှိ ရွှေအင်မော်တယ်အဆင့်နှင့် တလော့အင်အားစုများမှ ပါရမီရှင်တပည့်များပင် အမည်မဲ့အင်မော်တယ်နန်းတော်သို့ အတွေ့အကြုံယူရန် လာရောက်ကြသည်။

ထိုအကြောင်းကြောင့်ပင် အမည်မဲ့အင်မော်တယ်နန်းတော်အတွင်း အစွမ်းထက် ကျင့်ကြံသူများသည် တိမ်တိုက်ကဲ့သို့ များပြားပြီး ပါရမီရှင်များမှာလည်း မိုးစက်များကဲ့သို့ ပေါများ၏။

သို့သော် အမည်မဲ့အင်မော်တယ်နန်းတော်သည် စနစ်တကျရှိမှုကို ထိန်းသိမ်းရန်အတွက် ကိုယ်ရေးကိုယ်တာ တိုက်ခိုက်မှုများကို တားမြစ်ထားသည့် စည်းကမ်းအား ချမှတ်ထားရာ မည်သူကမှ အမည်မဲ့အင်မော်တယ်နန်းတော်တွင် ပြဿနာမရှာရဲကြပေ။

အဆုံးသတ်တွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ အင်အားသည် လျှို့ဝှက်နက်နဲပြီး ခန့်မှန်းရခက်ကာ တလော့ အင်အားစု၏ စွမ်းအားအောက် မနိမ့်ကျပေ။

စန်းယွင်ပြည်နယ်ကို တာဝန်ယူထားသည့် စန်းယွင်အင်မော်တယ်နန်းတော် ပင်လျှင် အမည်မဲ့အင်မော်တယ်နန်းတော်ကို ရိုင်းစိုင်းရန် မဝံ့ရဲချေ။

လော့ဝူကျိသည် အမည်မဲ့အင်မော်တယ် နန်းတော်တွင် အချိန်အတော်ကြာ လေ့ကျင့်ခဲ့ဖူးသဖြင့် ဤနေရာနှင့် အလွန်ရင်းနှီးနေသည်မှာ ထင်ရှားနေခဲ့၏။

မကြာမီမှာပင် လော့ဝူကျိသည် ကျန်းချန်ကို အမည်မဲ့အင်မော်တယ်နန်းတော်၏ ကုန်သွယ်ရေး စျေးကွက်သို့ ခေါ်ဆောင်လာခဲ့သည်။

ဤနေရာသည် အမည်မဲ့အင်မော်တယ်နန်းတော်၏ လူအစည်ကားဆုံးနေရာများထဲမှ တစ်ခုလည်း ဖြစ်သည်။

အမည်မဲ့အင်မော်တယ်နန်းတော်သို့ အတွေ့အကြုံယူရန် လာရောက်ကြသော မရေမတွက်နိုင်သည့် ပါရမီရှင်များသည် ၎င်းတို့လိုအပ်သည့် ပစ္စည်းများကို ကုန်သွယ်ရေးစျေးကွက်တွင် လာရောက် ရှာဖွေကြလေ့ ရှိသည်။

ကျန်းချန်တို့ နှစ်ယောက်က ကုန်သွယ်ရေးစျေးကွက် အတွင်း တစ်ခဏမျှ လှည့်လည် ကြည့်ရှုခဲ့သော်လည်း သူတို့အတွက် အသုံးဝင်သည့် အရင်းအမြစ်များကို မတွေ့ရှိခဲ့ကြပေ။

“ညီနောင်ကျန်းချန်.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ကုန်သွယ်ရေးခန်းမကို သွားကြစို့.. အဲဒီနေရာမှာ အပြင်လောကမှာ ရှာရခက်တဲ့ အဖိုးတန်အရင်းအမြစ်တွေ ရှိတယ်.. အထူးသဖြင့် အမည်မဲ့အင်မော်တယ် နန်းတော်မှာပဲ ရနိုင်တဲ့ အမည်မဲ့အင်မော်တယ်နှင်းရည်ပဲ.. အဲဒါက တကယ့်ကို အဖိုးတန်တဲ့ ရတနာတစ်ပါးပဲ.. မင်းသာ အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်လောက် ရမယ်ဆိုရင် ကောင်းကင်အင်မော်တယ် အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ အနီးရှိ လော့ဝူကျိသည် အမည်မဲ့အင်မော်တယ် နှင်းရည်နှင့် ပတ်သက်၍ ကျန်းချန်ကို ရှင်းပြလိုက်သည်။

လော့ဝူကျိ၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ခုံးက အနည်းငယ် မြင့်တက်သွားခဲ့၏။

“အစ်ကိုဝူကျိ ပြောတဲ့အတိုင်းဆိုရင် ဒီ အမည်မဲ့အင်မော်တယ်နှင်းရည်က တကယ်ကို ထူးခြားတာပဲ”

လော့ဝူကျိက ခေါင်းညိတ်လိုက်သည်။

“ဒီအမည်မဲ့အင်မော်တယ်နှင်းရည်က အမည်မဲ့အင်မော်တယ်နန်းတော်မှာပဲ ထွက်တဲ့ ထူးခြားတဲ့ အင်မော်တယ်နှင်းရည်ပဲ သူ့ရဲ့ မူလအစက အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး တစ်စက်ချင်းစီက အဖိုးဖြတ်လို့မရဘူး.. ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတစ်ယောက် အတွက်တောင် ဒီ အမည်မဲ့အင်မော်တယ်နှင်းရည် တစ်စက်က နှစ်ပေါင်းရာချီ ဒါမှမဟုတ် ထောင်ချီ ကျင့်ကြံခြင်းနဲ့ ညီမျှတယ်”

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်သည်။

“ဒါဆို ဒီ အမည်မဲ့အင်မော်တယ်နှင်းရည်ကို ရဖို့ သိပ်မလွယ်ဘူးထင်တယ်”

“သေချာတာပေါ့.. အမည်မဲ့အင်မော်တယ်နှင်းရည်ရဲ့ စျေးနှုန်းက တစ်စက်ကို အင်မော်တယ်ကျောက်တုံး နှစ်ထောင်ရှိတယ်.. သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူတွေတောင် သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးနဲ့ လဲရင် တစ်စက်နှစ်စက်လောက်ပဲ လဲနိုင်လိမ့်မယ်.. ဒီအမည်မဲ့အင်မော်တယ် နှင်းရည်ကို အင်မော်တယ်ကျောက်တုံး အပြင် ပစ္စည်းချင်းလည်း လဲလှယ်ပြီး ဝယ်လို့ရတယ်.. အမည်မဲ့အင်မော်တယ်နန်းတော်ကို စိတ်လှုပ်ရှားစေနိုင်တဲ့ ရတနာတွေသာ ထုတ်ပေးနိုင်မယ် ဆိုရင် အမည်မဲ့အင်မော်တယ်နှင်းရည်နဲ့ လဲလှယ်နိုင်တယ်”

လော့ဝူကျိက သူသိထားသမျှကို ရှင်းပြလိုက်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက အင်‌မော်တယ်လောကသို့ ရောက်ရှိလာသည်မှာ မကြာသေးဘဲ ဤအချိန်အတောအတွင်း သူ၏ စွမ်းအားကို တိုးတက်ရန်သာ အပတ်တကုတ် ကြိုးစားနေခဲ့သဖြင့် အင်မော်တယ်ကျောက်တုံးများ ရှာဖွေရန် အချိန်မရှိခဲ့ပေ။

သူ့တွင် ရှိသမျှ အင်မော်တယ်ကျောက်တုံးများမှာ တလော့စစ်ဆေးမှုကနေ ရရှိခဲ့ခြင်း ဖြစ်၏။

ထို့အပြင် အင်မော်တယ်ကျောက်တုံး ထက်ဝက်ခန့်ကို ကျင့်ကြံရာတွင် သုံးစွဲခဲ့ပြီးပြီ ဖြစ်ရာ ယခုအခါ သူ့တွင် အင်မော်တယ်ကျောက်တုံး ခုနစ်ရာ၊ ရှစ်ရာခန့်သာ ကျန်ရှိတော့သည်။

သူ၏ ငွေကြေး အရင်းအမြစ်ဖြင့်သာ ဆိုလျှင် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ပင် ဝယ်နိုင်မည် မဟုတ်ချေ။

ပစ္စည်းချင်း လဲလှယ်ရန်အတွက်လည်း အမည်မဲ့အင်မော်တယ်နှင်းရည်နှင့် လဲလှယ်နိုင်မည့်အရာ သူ့တွင် သိပ်မရှိမှန်း ကျန်းချန် သတိပြုမိလိုက်သည်။

အင်မော်တယ်ကျောက်တိုင်၊ အချိန်မျှော်စင်နှင့် တလော့အင်မော်တယ်ဓားတို့မှ လွဲ၍ သူပိုင်ဆိုင်သည့် ကျန်အရာများသည် အဆင့်နိမ့် စကြဝဠာမှ ဖြစ်၍ အသုံးမဝင်ချေ။

အင်‌မော်တယ်ကျောက်တိုင်နှင့် အချိန်မျှော်စင် တို့သည် အင်မော်တယ်လောက၏ အထွတ်အမြတ် ရတနာများ ဖြစ်ကြသည်။

တလော့အင်မော်တယ်လက်နက် ဖြစ်သည့် ထျန်းရှန်းအင်မော်တယ်ဓားကိုလည်း ကျန်းချန်သည် လက်ရှိတွင် အဆင်ပြေစွာ အသုံးပြုနေခဲ့သည်။

ထို့ကြောင့် ကျန်းချန်သည် သဘာဝကျစွာပင် ထိုသုံးမျိုးနှင့် အမည်မဲ့အင်မော်တယ်နှင်းရည်ကို လဲလှယ်မည် မဟုတ်ပေ။

“ညီနောင်ကျန်းချန်.. ငါ့ဆီမှာ အင်မော်တယ်ကျောက်တုံးတွေ အများကြီးရှိပါတယ်.. အမည်မဲ့အင်မော်တယ်နှင်းရည် သုံး၊ လေးစက် ဝယ်ဖို့လောက်တော့ လုံလောက်မှာပါ”

ကျန်းချန် ဘာတွေးနေသည်ကို သိနေသည့်အလား လော့ဝူကျိက ပြုံး၍ ပြောလိုက်သည်။

လော့ဝူကျိသည် ဤနှစ်များအတွင်း လှည့်လည်သွားလာခဲ့ပြီး သူ၏ စွမ်းအားတိုးတက်လာသည်နှင့်အမျှ အရင်းအမြစ် တချို့ကို စုဆောင်းနိုင်ခဲ့သည်။

ထို့အပြင် သူ၏ နောက်ကွယ်တွင် ငွေကြေးအင်အားတောင့်တင်းသည့် လော့ရွှေကုန်သည် အဖွဲ့လည်း ရှိနေသဖြင့် သူ၏ ပိုင်ဆိုင်မှုသည် သာမန် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူ များစွာထက် ပိုမို၍ သာလွန်၏။

သူတို့နှစ်ဦးက စကား တပြောပြောဖြင့် လျှောက်လာရင်း သိပ်မကြာမီမှာပင် ကုန်သွယ်ရေးခန်းမ ဆီသို့ ရောက်ရှိလာခဲ့ကြသည်။

“ဧည့်သည်တော်နှစ်ဦး ဘာအလိုရှိပါသလဲ”

ကုန်သွယ်ရေး ခန်းမ အတွင်းသို့ ဝင်လိုက်သည်နှင့် ဖော်ရွှေသော အစေခံမိန်းကလေး တစ်ဦးသည် ကျန်းချန်တို့ကို လာရောက် ကြိုဆိုကာ မေးလိုက်သည်။

လော့ဝူကျိက အပိုစကားများ ပြောမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

“ငါ အမည်မဲ့အင်မော်တယ်နှင်းရည် အစက် အနည်းငယ်လောက် ဝယ်ချင်လို့ပါ”

“ဧည့်သည်တော်နှစ်ဦး.. ကျွန်မ နောက်ကနေ လိုက်ခဲ့ပေးပါ”

အစေခံ မိန်းကလေးက ကျန်းချန်တို့ နှစ်ဦးကို အလျင်အမြန်ပင် ဖိတ်ခေါ်လိုက်သည်။

အမည်မဲ့အင်မော်တယ်နှင်းရည်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ထူးခြားဆန်းကြယ်သော နှင်းရည် ဖြစ်ပြီး တစ်စက်ကို အင်မော်တယ်ကျောက်တုံး နှစ်ထောင်စျေးနှုန်း ရှိရာ ၎င်းကို ဝယ်ယူနိုင်သူများသည် အင်အားကြီးမားသော ပုဂ္ဂိုလ်များ သို့မဟုတ် နောက်ခံကောင်းသူများသာ ဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်များကို သာမန် အစေခံတစ်ဦးသည် မည်ကဲ့သို့ ပေါ့ပေါ့တန်တန် ဆက်ဆံဝံ့ပါမည်နည်း။

မကြာမီမှာပင် အစေခံမိန်းကလေးသည် ကျန်းချန်တို့နှစ်ဦးကို အခန်းတစ်ခန်း အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုအခန်းထဲတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ဦး ထိုင်နေခဲ့၏။

ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူ၏ အရှိန်အဝါသည် အလွန်တရာ အားကောင်းပြီး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်ဖြစ်သည်။

“ငါက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ကုန်သွယ်ရေးခန်းမကို တာဝန်ယူထားတဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ယုပေါင်ပါ.. လူကြီးမင်းတို့ နှစ်ဦး ဘာပစ္စည်းဝယ်ယူဖို့ လိုအပ်ပါသလဲ”

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူက ကျန်းချန်တို့ကို ယဥ်ကျေးစွာ ပြောလိုက်သည်။

ကုန်သွယ်ရေးခန်းမတွင် ကုန်ပစ္စည်း အမျိုးအစား များစွာရှိပြီး အမျိုးအစား တစ်ခုချင်းစီကို ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် ကြီးကြပ်ရေးမှူး တစ်ဦးစီက တာဝန်ယူထားသည်။

ယုပေါင်သည် ကုန်သွယ်ရေးခန်းမရှိ ရတနာများ ရောင်းချခြင်းကို တာဝန်ယူထားသူ ဖြစ်သည်။

သို့သော် ကုန်သွယ်ရေးခန်းမရှိ သာမန် ရတနာများကို ခန်းမအတွင်းရှိ အစေခံများက ရောင်းချနိုင်သဖြင့် သူကိုယ်တိုင် ပါဝင်ရန် မလိုအပ်ပေ။

ယခု သူ့ထံသို့ ‌ခေါ်ဆောင်လာခြင်းကပင် သူ့ရှေ့မှ ပုဂ္ဂိုလ်နှစ်ဦးက ယူမည့်ရတနာမှာ သာမန် အရာမဟုတ်ကြောင်း သက်သေပြနေခဲ့ပြီး ယင်းမှာ သာမန် အစေခံတစ်ဦးက ဆုံးဖြတ်နိုင်သည့်အရာ မဖြစ်နိုင်ချေ။

‌လော့ဝူကျိက လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်သည်။

“ကြီးကျပ်ရေးမှုးယု.. ကျွန်တော်က အမည်မဲ့အင်မော်တယ်နှင်းရည်ကို ဝယ်ဖို့ လာခဲ့တာပါ”

“ခင်ဗျားက အမည်မဲ့အင်မော်တယ် နှင်းရည်ကို ဝယ်ချင်တာလား”

ယုပေါင်က အနည်းငယ် အံ့အားသင့်သွားပြီးမှ ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ခင်ဗျားတို့နှစ်ယောက် အမည်မဲ့အင်မော်တယ် နန်းတော်ကို မလာတာကြာပြီထင်တယ်.. စိတ်မကောင်းပါဘူး.. အမည်မဲ့အင်မော်တယ်နန်းတော်က အမည်မဲ့အင်မော်တယ်နှင်းရည်ကို မရောင်းချတာ ကြာပါပြီ”

“ဟုတ်လား ဘာကြောင့်လဲ”

ဝူကျိ၏ မျက်နှာထက်တွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“အမည်မဲ့အင်မော်တယ်နှင်းရည်က အရမ်းကို ရှားပါးလာတဲ့အတွက် ဆက်မရောင်းတော့တာပါ.. ဒါပေမဲ့ အမည်မဲ့အင်မော်တယ်နန်းတော်ကနေ လစဥ်ကျင်းပပြုလုပ်တဲ့ လေလံပွဲမှာတော့ အမည်မဲ့အင်မော်တယ် နှင်းရည်သုံးစက်ကို လေလံတင်လေ့ရှိပါတယ်.. ဒီညက လေလံပွဲကျင်းပတဲ့နေ့ပါ”

ယုပေါင်က ပြုံး၍ ရှင်းပြလိုက်ပြီး တံဆိပ်ပြား တစ်ခုကို ထုတ်ကာ လော့ဝူကျိထံ ကမ်းပေးလိုက်သည်။

“ဒါက လေလံပွဲအတွက် အထူးဧည့်သည်တော် ဖိတ်စာပဲ ခင်ဗျားတို့ အမည်မဲ့အင်မော်တယ်နှင်းရည်ကို လိုချင်ရင် ဒီညလေလံပွဲကို သွားနိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှုးယု”

လော့ဝူကျိက တံဆိပ်ပြားကို လက်ခံလိုက်ပြီး ချက်ချင်းပင် ကျေးဇူးတင်စကားဆိုကာ ကျန်းချန်နှင့်အတူ ခန်းမထဲကနေ ထွက်ခွာလာခဲ့သည်။

“ဒီလူငယ်နှစ်ယောက်က ပါရမီတော်‌တော်လေး ကောင်းပုံရတယ်.. အထူးသဖြင့် အနက်ရောင်ဝတ်စုံနဲ့ တစ်ယောက်ပဲ.. ငါမြင်ဖူးသမျှ ပါရမီရှင်တွေထဲမှာ သူနဲ့ ယှဥ်နိုင်တဲ့သူ သိပ်မရှိလောက်ဘူး”

ယုပေါင်က ထွက်ခွာသွားသည့် ကျန်းချန်တို့ နှစ်ဦး၏ ကျောပြင်ကို ကြည့်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ယုပေါင်သည် အင်အားမကြီးသော်လည်း အမြင်စူးရှသူဖြစ်သည်။

အမည်မဲ့အင်မော်တယ်နန်းတော်၏ ဆယ့်ရှစ်ခုမြောက် ဌာနခွဲ အနာဂတ်က ထိုလူငယ်လေး အပေါ်တွင် မူတည်နေနိုင်သည်ဟု သူခံစားလိုက်ရ၏။

အခန်း(၂၇၃၁)ပြီး၏။

အခန်း(၂၇၃၂)

ကုန်သွယ်ရေးစျေးကွက်ထဲတွင် ခဏမျှ လှည့်လည်ကြည့်ရှုပြီးနောက် ကျန်းချန်တို့သည် လေလံပွဲ စတင်သည်ကို စောင့်ဆိုင်းရန် လေလံခန်းမဆီသို့ စောစောစီးစီး ရောက်ရှိလာခဲ့ကြသည်။

အထူးဧည့်သည်တော် ဖိတ်စာကြောင့် ကျန်းချန်တို့ နှစ်ဦးသည် လေလံပွဲမှ အစေခံ မိန်းကလေး၏ လမ်းညွှန်မှုဖြင့် လေလံခန်းမ၏ ဒုတိယထပ်ရှိ သီးသန့်အခန်းငယ် တစ်ခု ဆီသို့ ရောက်ရှိခဲ့ကြသည်။

အချိန်ကြာလာသည်နှင့်အမျှ လေလံခန်းမ အတွင်းရှိ လူအရေအတွက်သည် ပိုမို၍ များပြားလာခဲ့ပြီး မကြာမီမှာပင် လူများဖြင့် ပြည့်နှက်သွားခဲ့သည်။

ညရှစ်နာရီတွင် လေလံပွဲသည် အချိန်ကိုက် စတင်ခဲ့၏။

သို့သော် လေလံပွဲ၏ အစပိုင်းတွင် လေလံတင်ရောင်းချသည့် ပစ္စည်းများမှာ အဆင့်နိမ့် အင်မော်တယ်ဆေးဝါးများနှင့် အင်မော်တယ်ရတနာများသာ ဖြစ်၍ ကျန်းချန်၏ မျက်စိထဲသို့ လုံးဝ မဝင်ခဲ့ပေ။

“ညီနောင်ဝူကျိ.. အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို အသုံးပြုနိုင်ဖို့ ဘယ်လောက်အထိ စောင့်ရဦးမလဲ မသိဘူး.. ကျွန်တော်တို့က တစ်ရက်စာ အတွက်ပဲ အခကြေးငွေ ပေးထားတာ ဆိုတော့ နောက်ထပ် အင်မော်တယ်ကျောက်တုံး တချို့ ထပ်ပေးရဦးမယ် ထင်တယ်”

ကျန်းချန်က လေလံပွဲ၏ အခြေအနေကို လုံးဝ လျစ်လျူရှုထားခဲ့ပြီး နံဘေးရှိ လော့ဝူကျိကို ပြောလိုက်သည်။

“ဒီအတွက် စိတ်ပူမနေပါနဲ့”

လော့ဝူကျိက ပြုံး၍ ပြောလိုက်သည်။

“အမည်မဲ့အင်မော်တယ်နန်းတော်ထဲကို ဝင်တုန်းက ငါတို့ရခဲ့တဲ့တံဆိပ်ပြားမှာ ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော်မှာ နေခဲ့တဲ့အချိန်ကို မှတ်တမ်းတင်ထားတယ်.. ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော်ထဲကနေ ထွက်တာနဲ့ အမည်မဲ့အင်မော်တယ်နန်းတော်က အဲဒီတံဆိပ်ပြားကို ပြန်သိမ်းလိမ့်မယ်.. အဲဒီအချိန်ကျမှ လိုအပ်တဲ့ အင်မော်တယ်ကျောက်တုံးကို ပေးဆောင်လိုက်ရုံပါပဲ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီးနောက်တွင် စူးစမ်းသော အမူအရာဖြင့် မေးလိုက်သည်။

“ဒီအမည်မဲ့အင်မော်တယ်နန်းတော်က သာမန် လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစု မဟုတ်လောက်ဘူး.. ဒီအမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ ဇစ်မြစ်ကို ညီနောင်ဝူကျိ သိလား”

“အမည်မဲ့အင်မော်တယ်နန်းတော်က လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်တယ်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ ဒီအင်အားစု ဘယ်လိုပေါ်လာသလဲ ဆိုတာကို သိတဲ့သူ မရှိသလောက်ပဲ”

လော့ဝူကျိက ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ဒါ့အပြင် အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ အင်အားက အရမ်း နက်ရှိုင်းတယ်.. သူတို့ရဲ့ တကယ့်အင်အားက ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာ ဘယ်သူမှ မသိကြဘူး.. ဒါပေမဲ့ ငါကြားဖူးသလောက်တော့ အမည်မဲ့အင်မော်တယ်နန်းတော်မှာ ပင်မနန်းတော် တစ်ခုနဲ့ ဌာနခွဲ ဆယ့်ရှစ်ခုရှိတယ်.. ဌာနခွဲတစ်ခုစီရဲ့ အင်အားက တလော့အင်အားစု တစ်ခုထက် မနိမ့်ကျဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

ပင်မဌာနတစ်ခုနှင့် ဌာနခွဲ ဆယ့်ရှစ်ခု၊ ထို့အပြင် ဌာနတစ်ခုစီက တလော့အင်အားစု တစ်ခုစီနှင့် ညီမျှသည်။

ဆိုလိုသည်မှာ အမည်မဲ့အင်မော်တယ်နန်းတော်သည် တလော့အင်အားစု ဆယ့်ကိုးခု စုစည်းထားခြင်းနှင့် တူညီနေခဲ့၏။

ဤမျှ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသော အင်အားစုမျိုးကို မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကို အုပ်စိုးသည့် အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သော မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ပင်လျှင် အလေးထားရသည်မှာ မထူးဆန်းတော့ပေ။

ကျန်းချန်တို့ နှစ်ယောက် စကားပြောဆိုနေကြစဥ်မှာပင် လေလံပွဲသည် စနစ်တကျ ဆက်လက် ကျင်းပနေခဲ့သည်။

ဤသို့ဖြင့်ပင် လေလံပွဲ၏ အထွတ်အထိပ် အခြေအနေသို့‌ ရောက်ရှိလာခဲ့ပြီး ရွှေအင်မော်တယ်အဆင့် ပုဂ္ဂိုလ်များကိုပင် ဆွဲဆောင်နိုင်သည့် အင်မော်တယ်ပစ္စည်းများနှင့် ရတနာများကို တစ်ခုပြီးတစ်ခု စတင် လေလံတင်ခဲ့သည်။

ထိုအထဲတွင် ရွှေအင်မော်တယ်အဆင့် အင်မော်တယ်လက်နက် တစ်ခုပင် ပါဝင်ခဲ့ပြီး ၎င်းကို ရွှေအင်မော်တယ် တစ်ဦးသည် အင်မော်တယ်ကျောက်တုံး တစ်ထောင့်ခြောက်ရာဖြင့် စျေးကြီးပေးကာ လေလံအောင်သွားခဲ့သည်။

“လူကြီးမင်းတို့ခင်ဗျာ.. နောက်ထပ် လေလံတင်မဲ့ ပစ္စည်းကတော့ ဒီလေလံပွဲရဲ့ နောက်ဆုံးလေလံတင်မဲ့ပစ္စည်းပဲ ဖြစ်ပါတယ်.. ဒါကတော့ အများသိထားကြတဲ့အတိုင်း ကျွန်တော်တို့ အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ တစ်ဦးတည်း မူပိုင်ပစ္စည်း ဖြစ်တဲ့ အမည်မဲ့အင်မော်တယ် နှင်းရည်ပဲ ဖြစ်ပါတယ်”

လေလံပွဲတင်ဆက်သူ၏ စကားသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် မူလက ဆူညံနေသော ခန်းမသည် ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း၏ အကြည့်သည် လေလံစင်မြင့်ပေါ်သို့ စုပြုံ၍ ရောက်ရှိသွားကြသည်။

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်မဲ့အင်မော်တယ်နှင်းရည် ရောင်းချခြင်းကို ရပ်ဆိုင်းလိုက်သည်။

ထိုအချိန်ကစ၍ လစဥ် ကျင်းပသည့် လေလံပွဲတွင်သာ အမည်မဲ့အင်မော်တယ် နှင်းရည်သည် နောက်ဆုံး ပစ္စည်းအဖြစ် ပါဝင်လာခဲ့သည်။

အမည်မဲ့အင်မော်တယ် နှင်းရည်သည် အင်မော်တယ်လောကတွင် အလွန်ရှားပါးသော အင်မော်တယ်နှင်းရည် ဖြစ်ပြီး ၎င်း၏ အာနိသင်သည် လူအများကို စိတ်ပျံ့လွင့်စေခြင်း မရှိဘဲ တည်ငြိမ်သော အခြေအနေသို့ ရောက်ရှိစေကာ အင်အားကို အဆမတန် မြှင့်တင်ပေးနိုင်ခြင်း ဖြစ်သည်။

အမည်မဲ့အင်မော်တယ်နှင်းရည် တစ်စက်သည် နှစ်ပေါင်းရာချီ သို့မဟုတ် ထောင်ချီခန့် ကျင့်ကြံမှုနှင့် ညီမျှ၏။

ထို့အပြင် ပါရမီပိုရှိလေ အမည်မဲ့အင်မော်တယ် နှင်းရည်ကို သောက်သုံးခြင်း၏ အကျိုးသက်ရောက်မှုက ပိုမို ကြီးမားလေ ဖြစ်သည်။

ထူးခြားသောပါရမီ ရှိသည့် ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများသည် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို သောက်သုံးရုံမျှဖြင့် အဆင့် တစ်ဆင့်ကို တိုက်ရိုက်ပင် တက်လှမ်းနိုင်ကြသည်။

လော့ဝူကျိ၏ ပါရမီနှင့် ခွန်အားအရ ဆိုလျှင် လော့ဝူကျိသည် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို ရရှိခဲ့လျှင် ကောင်းကင်အင်မော်တယ် နဝမအဆင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ပြီး နဝမအဆင့်ကို ကျော်လွန်ကာ ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ်အဆင့် သို့မဟုတ် ရွှေအင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနိုင်ရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

သို့သော်လည်း အမည်မဲ့အင်မော်တယ်နှင်းရည်၏ စျေးနှုန်းက အလွန်တရာပင် ကြီးမားသည်။

တစ်စက်ကို အင်မော်တယ်ကျောက်တုံး နှစ်ထောင် လိုအပ်သဖြင့် ထိုပမာဏသည် သာမန် ကျင့်ကြံသူများ မတတ်နိုင်သော ပမာဏ ဖြစ်၏။

နောက်ဆုံးအကြိမ်က လော့ဝူကျိ အမည်မဲ့အင်မော်တယ်နန်းတော်သို့ ရောက်ရှိစဥ်တွင် ကောင်းကင်အင်မော်တယ်အဆင့်သို့ စတင် တက်လှမ်းကာစသာ ဖြစ်၍ အမည်မဲ့အင်မော်တယ်နှင်းရည်ကို ဝယ်ယူရန် အင်မော်တယ်ကျောက်တုံး နှစ်ထောင်ကို မတတ်နိုင်ခဲ့ပေ။

အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်မဲ့အင်မော်တယ်နှင်းရည်ကို နေ့စဥ်ပမာဏ ကန့်သတ်ချက်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က လော့ဝူကျိ၏ အင်အားအရ အင်မော်တယ်ကျောက်တုံး အလုံအလောက် ရှိနေလျှင်ပင် အမည်မဲ့အင်မော်တယ်နှင်းရည်ကို ရရှိရန် မလွယ်ကူပေ။

ယခုတစ်ကြိမ်တွင် လော့ဝူကျိသည် လုံလောက်သော အင်အားနှင့်‌ ငွေကြေးအရင်းအမြစ်များ ရှိသော်လည်း အမည်မဲ့အင်မော်တယ်နန်းတော်သည် အမည်မဲ့အင်မော်တယ် နှင်းရည်ကို မရောင်းချတော့ပေ။

ထိုအစား တစ်လလျှင် အမည်မဲ့အင်မော်တယ် နှင်းရည်သုံးစက်သာ ထုတ်ပေးပြီး ထိုအမည်မဲ့အင်မော်တယ် နှင်းရည်ကိုပင် လေလံပွဲတွင် လေလံဆွဲ၍ အနိုင်ရမှသာ ရရှိနိုင်မည် ဖြစ်သည်။

ရှားပါးသောအရာက ပို၍ တန်ဖိုးရှိသည်ဟူသော ဆိုရိုးစကားအတိုင်းပင်။

အမည်မဲ့အင်မော်တယ်နန်းတော်က အမည်မဲ့အင်မော်တယ်နှင်းရည်ကို အမှန်တကယ် ပြတ်လပ်နေခြင်းကြောင့်လား သို့မဟုတ် တမင်တကာ လုပ်ဆောင်နေခြင်းလား မသိရသော်လည်း ယင်းသည် အမည်မဲ့အင်မော်တယ် နှင်းရည်၏ တန်ဖိုးကို ပိုမို မြင့်မားသွားစေသည်မှာ အမှန်တရားပင်။

“အခု ပထမဆုံး အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို ကြမ်းခင်းစျေး အင်မော်တယ်ကျောက်တုံး နှစ်ထောင်နဲ့ စတင်လေလံတင်ပါမယ်”

လေလံပွဲ ကြီးကြပ်သူက ပြုံး၍ ကြေညာလိုက်သည်။

“ဒီအမည်မဲ့အင်မော်တယ်နန်းတော်က အတော်လေး စီးပွား‌ရေး အကွက်မြင်တာပဲ.. အရင်က တစ်စက်ကို အင်မော်တယ်ကျောက်တုံး နှစ်ထောင် စျေးသတ်မှတ်ထားတဲ့ အမည်မဲ့အင်မော်တယ်နှင်းရည်က အခု လေလံပွဲမှာ ကြမ်းခင်းစျေးကတောင် အင်မော်တယ်ကျောက်တုံး နှစ်ထောင် ဖြစ်သွားခဲ့ပြီ”

ကျန်းချန်သည် ခေါင်းခါရမ်းကာ ရေရွတ်လိုက်၏။

ဤအခြေအနေအတိုင်းသာဆိုလျှင် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်သည် အင်မော်တယ်ကျောက်တုံး ငါးထောင် ဟူသည့် မိုးထိအောင် မြင့်မားသော စျေးနှုန်းအထိ မြင့်မားသွားနိုင်ပေသည်။

"အင်မော်တယ်ကျောက်တုံး နှစ်ထောင့်တစ်ရာ"

လေလံပွဲကျင်းပသူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုက်နက် တစ်စုံတစ်ဦးက စတင်၍ လေလံဆွဲလိုက်သည်။

အမည်မဲ့အင်မော်တယ် နှင်းရည်သည် လူအများကိုဥာဏ်အလင်းပွင့်စေပြီး အင်အားကို အဆမတန် မြှင့်တင်ပေးနိုင်သည့် အတုမဲ့ အင်မော်တယ်နှင်းရည် ဖြစ်သည်။

ယင်းမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်ကူးအိပ်မက်ထဲမှ အင်မော်တယ်ဆေးဝါး ဖြစ်ပြီး ၎င်း၏တန်ဖိုးကို အင်မော်တယ်ကျောက်တုံးများဖြင့် တိုင်းတာ၍ မရနိုင်ပေ။

အမည်မဲ့အင်‌မော်တယ် နှင်းရည်၏ စျေးနှုန်းသည် လေလံပွဲရှိ လူအများစုကို တွ့န်ဆုတ်သွားစေရန် လုံလောက်သော်လည်း လေလံဆွဲရန် အတွက် ငွေကြေးအရင်းအမြစ် ကြွယ်ဝသူများစွာ လေလံပွဲထဲတွင် ရှိနေသေးသည်။

တစ်ခဏအတွင်းမှာပင် အမည်မဲ့အင်မော်တယ် နှင်းရည်၏ စျေးနှုန်းသည် နှစ်ဆခန့် မြင့်တက်သွားခဲ့ပြီး အင်မော်တယ်ကျောက်တုံး လေးထောင်ကို ကျော်ဖြတ်သွားခဲ့သည်။

အဆုံးသတ်တွင် အမည်မဲ့အင်‌မော်တယ် နှင်းရည်တစ်စက်ကို ငါးထောင့်တစ်ရာ ဟူသော မိုးထိအောင်မြင့်မားသည့် စျေးနှုန်းဖြင့် လေလံတင် ရောင်းချနိုင်ခဲ့၏။

ထိုကဲ့သို့ စျေးနှုန်းဖြင့်ဆိုလျှင် ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ကျင့်ကြံသူ အများအပြားသည် သူတို့၏ တစ်သက်တာ စုဆောင်းသမျှကို ထုတ်သုံးရလိမ့်မည် ဖြစ်သည်။

“အမည်မဲ့အင်‌မော်တယ် နှင်းရည်က အင်မော်တယ်ကျောက်တုံး ငါးထောင် အထိ စျေးပေါက်သွားလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

အမည်မဲ့ အင်‌မော်တယ်နှင်းရည်၏ လေလံအောင်သွားသော စျေးနှုန်းကိုမြင်လျှင် လော့ဝူကျိက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

သူ့တွင် အင်မော်တယ်ကျောက်တုံး လေးထောင် ရှိ၏။

ယခုတစ်ကြိမ် လော့ရွှေကုန်သည်အဖွဲ့ကနေ ထွက်ခွာလာစဥ် လော့ချန်ချိုးက သူ့ကို အင်မော်တယ်ကျောက်တုံး ငါး‌ထောင် ထပ်မံ ပေးအပ်သဖြင့် အမည်မဲ့အင်‌မော်တယ်နှင်းရည် အစက် အနည်းငယ်ကို ဝယ်ယူရန် လုံလောက်ခဲ့သည်။

သို့သော် လက်ရှိ ယခု အခြေအနေအရ ဆိုလျှင် သူ့အနေဖြင့် အမည်မဲ့ အင်‌မော်တယ်နှင်းရည် တစ်စက်ကိုသာ ဝယ်ယူနိုင်တော့မည် ဖြစ်၏။

“ညီနောင်ဝူကျိ.. အမည်မဲ့အင်‌မော်တယ် နှင်းရည်တစ်စက်ကို ဝယ်ပြီး အမြန်ဆုံး အဆင့်တက်လိုက်ပါ.. ကျွန်တော့်အတွက် ပူမနေပါနဲ့”

လော့ဝူကျိ မည်သို့ တွေးတောနေသည်ကို နားလည်သဖြင့် ကျန်းချန် ပြုံး၍ ပြောလိုက်သည်။

ဝမ်ရှင်းဟန် ယခုတစ်ကြိမ် အမည်မဲ့အင်‌မော်တယ် နန်းတော်သို့ ရောက်လာခြင်းသည် သူတို့နှစ်ဦးကို တမင်တကာ ပစ်မှတ်ထားနေမှန်း သိသာနေခဲ့သည်။

ဝမ်ရှင်းဟန်တွင် မည်ကဲ့သို့သော လှည့်ကွက်မျိုး ရှိသည်ကို သူ မသိသော်လည်း လော့ဝူကျိ၏ အင်အား တိုးတက်လာသရွေ့ သူတို့ ပို၍ ဘေးကင်းလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် သူ့တွင် အဆ ၁၀၀ စနစ် ရှိသဖြင့် သူ၏ အဆင့်တက်လှမ်းခြင်းသည် သာမန်လူများထက် များစွာပို၍ လျင်မြန်နေခဲ့သည် ဖြစ်ရာ အမည်မဲ့အင်‌မော်တယ် နှင်းရည်ပေါ်တွင် အမှီပြုရန် မလိုအပ်ခဲ့ပေ။

အစောပိုင်းက အမည်မဲ့အင်‌မော်တယ် နှင်းရည်တစ်စက်ကို အင်မော်တယ်ကျောက်တုံး ငါးထောင့်တစ်ရာဖြင့် ရောင်းချခဲ့ရ၍ ကျန်ရှိသော အမည်မဲ့အင်‌မော်တယ် နှင်းရည်နှစ်စက်သည်လည်း ထိုစျေးနှုန်းဝန်းကျင်သာ ဖြစ်နိုင်ဖွယ် ရှိသည်။

သူသာ အင်မော်တယ်ကျောက်တုံး ငါးထောင်ကို ပိုင်ဆိုင်လျှင် ထိုအင်မော်တယ်ကျောက်တုံးများကို တိုက်ရိုက် စုပ်ယူ၍ ဖြစ်စေ သို့မဟုတ် အခြားသော ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်၍ ဖြစ်စေ၊ အသုံးပြုခဲ့လျှင် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှုသည် အမည်မဲ့ အင်‌မော်တယ် နှင်းရည် တစ်စက်ကို စုပ်ယူသည်ထက် ဆိုးရွားမည် မဟုတ်ပေ။

အခန်း(၂၇၃၂)ပြီး၏။

All Chapters