အခန်း (၂၇၃၃-၂၇၃၄)
Vol. 214 Ch. 2733-2734
အခန်း(၂၇၃၃)
သိပ်မကြာခင်မှာပင် ဒုတိယမြောက် အမည်မဲ့အင်မော်တယ်နှင်းရည်စက်အတွက် လေလံပွဲစတင်ခဲ့သည်။
အကြိတ်အနယ် ယှဥ်ပြိုင်ပြီးနောက်တွင် လော့ဝူကျိသည် အင်မော်တယ်ကျောက်တုံး ငါးထောင့်သုံးရာဖြင့် ဒုတိယမြောက်အမည်မဲ့အင်မော်တယ် နှင်းရည်စက်ကို ရယူနိုင်ခဲ့သည်။
တတိယမြောက် အမည်မဲ့အင်မော်တယ်နှင်းရည်စက် အတွက် ယှဥ်ပြိုင်မှုသည်လည်း အတော်ပင် ပြင်းထန်ခဲ့သည်။
နောက်ဆုံး လေလံအောင်သွားသည့် စျေးနှုန်းသည် လော့ဝူကျိ ဝယ်ယူခဲ့သည့် စျေးနှုန်းထက်ပင် အင်မော်တယ်ကျောက်တုံး တစ်ရာ ပိုများခဲ့သည်။
လေလံပွဲ ပြီးဆုံးသွားပြီဖြစ်၍ ကျန်းချန်တို့နှစ်ဦး ထွက်ခွာရန် ပြင်ဆင်နေစဥ်မှာပင် သူတို့ ရှိနေသည့်အခန်း ထဲ၌ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။
ထိုသူမှာ ဆံပင်များ ဖြူဖွေးနေသည့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦး ဖြစ်သည်။
အဘိုးအို၏ ရုပ်သွင်က အလွန်ပင် သာမန်ဆန်ပြီး သာမန်အဘိုးအို တစ်ဦးနှင့် မခြားနားဘဲ မည်သည့် အရှိန်အဝါမျှလည်း ရှိမနေခဲ့ပေ။
ကျန်းချန်တို့ နှစ်ဦးက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို မြင်လျှင် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤအနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက အခန်းထဲကို မည်ကဲ့သို့ ပေါ်လာမှန်း သူတို့ လုံးဝ သတိမထားမိခဲ့ကြပေ။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ ခွန်အားသည် သူတို့နှစ်ဦးထက် များစွာ သာလွန်နေသည်မှာ ထင်ရှားနေခဲ့၏။
“မထိတ်လန့်ပါနဲ့.. ငါ လျှိုဝူချန်းက မင်းတို့နှစ်ယောက် အပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက သတိကြီးစွာ ထားနေသော ကျန်းချန်တို့ နှစ်ဦးကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
“စီနီယာက အကြီးအကဲချုပ် လျှိုဝူချန်းလား”
လော့ဝူကျိ ရုတ်တရက် အံ့အားသင့်သွားခဲ့သည်။
လျှိုဝူချန်းသည် အမည်မဲ့အင်မော်တယ်နန်းတော်၏ အကြီးအကဲချုပ် ဖြစ်ပြီး အလွန်တရာပင် နာမည်ကျော်ကြားသူတစ်ဦး ဖြစ်သည်။
ထိုသူသည် စန်းယွင်ပြည်နယ်ရှိ နာမည်ကျော် ရွှေအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူ ဖြစ်ပြီး တလော့အင်မော်တယ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်၏။
စန်းယွင်ပြည်နယ်ရှိ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများထဲတွင် သူ၏ ခွန်အားသည် ထိပ်ဆုံးသုံးဦး စာရင်းဝင်ရန် လုံလောက်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်မှ ထိုကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် သူတို့ရှေ့တွင် ရုတ်တရက် ပေါ်လာလိမ့်မည်ဟု လော့ဝူကျိ လုံးဝ ထင်မထားခဲ့ပေ။
“ဟုတ်တယ်.. ငါက အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ အကြီးအကဲချုပ် လျှိုဝူချန်းပဲ”
လျှိုဝူချန်းက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူ၏ အကြည့်က ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကာ ပြုံး၍ ပြောလိုက်သည်။
“ယုပေါင်က အမည်မဲ့အင်မော်တယ်နန်းတော်ကို ထူးချွန်တဲ့ပါရမီရှင် တစ်ယောက် ရောက်လာတယ်လို့ ပြောတာနဲ့ ငါ ဒီကို ရောက်လာတာပါ”
ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် လျှိုဝူချန်းကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“စီနီယာ ကျွန်တော့်ကို လာရှာတာ ဘာကိစ္စရှိလို့လဲ ဆိုတာ သိပါရစေ”
လျှိုဝူချန်းက လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။
“ကောင်လေး မင်းက စန်းယွင်ပြည်နယ်က မဟုတ်ဘူးမလား”
စန်းယွင်ပြည်နယ်၏ အခြေအနေနှင့် ပတ်သက်၍ အမည်မဲ့အင်မော်တယ်နန်းတော်သည် ကောင်းစွာ သိရှိထားခဲ့သည်။
သူ့ရှေ့မှ ကောင်လေး၏ ပါရမီနှင့် အလားအလာမျိုးသည် စန်းယွင်ပြည်နယ်ရှိ တလော့အင်အားစုများ ထဲတွင်ပင် အလွန်တရာ ရှားပါးသည်။
ထိုကောင်လေး၏ ပါရမီသည် သူ့တစ်သက်တာ မြင်ဖူးသမျှ ပါရမီရှင်များထဲ၌ အကောင်းဆုံး ဖြစ်သည်။
အကယ်၍ ထိုကောင်လေးသာ စန်းယွင်ပြည်နယ်မှ ဆိုလျှင် နာမည်ကျော်ကြားနေလောက်ပြီ ဖြစ်ရာ ယခုကဲ့သို့ နာမည်မရှိသည့် အညတရ မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ကျန်းချန်က ခေါင်းညိတ်၍ ပြောလိုက်သည်။
“တကယ်တော့ ကျွန်တော်က အင်မော်တယ်လောကက လူမဟုတ်ပါဘူး.. လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ အဆင့်နိမ့်စကြဝဠာကနေ ရောက်လာခဲ့တာပါ”
“လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကမှ အဆင့်နိမ့်စကြဝဠာကနေ အင်မော်တယ်လောကကို ရောက်လာခဲ့တာလား”
ကျန်းချန်၏ စကားကို ကြားလျှင် လျှိုဝူချန်းသည် မှင်တက်သွားခဲ့ပြီး သတိဝင်လာရန် အချိန်အတော်ယူခဲ့ရသည်။
လျှိုဝူချန်းသည် အဆင့်နိမ့်စကြဝဠာကနေ တက်လှမ်းလာသူများနှင့် ပတ်သက်၍ အနည်းငယ် နားလည်ထားခဲ့သည်။
ယေဘုယျအားဖြင့် အဆင့်နိမ့် စကြဝဠာကနေ အင်မော်တယ်လောကသို့ အသစ် ရောက်ရှိလာသူများသည် သူတို့၏ စွမ်းအင်ကို အင်မော်တယ်အဆီအနှစ် လုံးဝ မပြောင်းလဲနိုင်ကြသေးဘဲ အတုအယောင် အင်မော်တယ်အဆင့်တွင်သာ ရှိကြသည်။
ထိုအတုအယောင် အင်မော်တယ်များသည် ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်အဆီအနှစ်ကို ပြောင်းလဲပြီး ပကတိအင်မော်တယ် အဆင့်ကို ရောက်ရှိရန် အချိန်များစွာ ယူရလေ့ ရှိသည်။
နှစ်ဝက်အတွင်း အင်မော်တယ်အဆီအနှစ် အသွင်ပြောင်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပြီး ပကတိအင်မော်တယ် ပထမအဆင့်သို့ တက်လှမ်းနိုင်လျှင်ပင် အလွန်ထူးချွန်သည်ဟု ယူဆနိုင်၏။
လျှိုဝူချန်းသည် သူ၏ တစ်သက်တာတွင် အဆင့်နိမ့် စကြဝဠာကနေ တက်လှမ်းလာသည့် အထူးချွန်ဆုံးသူကို မြင်ဖူးခဲ့ပြီး ထိုသူမှာ အင်မော်တယ်လောကသို့ ရောက်ရှိပြီး တစ်နှစ်အကြာမှာပင် ပကတိအင်မော်တယ် စတုတ္ထ အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ထိုကျင့်ကြံသူသည် စန်းယွင်ပြည်နယ်ရှိ တလော့အဆင့်အင်အားစုမှ ထိပ်တန်း ပါရမီရှင် တစ်ဦးထက် မနိမ့်ကျပေ။
သို့သော် ယခု သူ့ရှေ့မှ လူငယ်ကမူ တစ်နှစ်အတွင်းမှာပင် အဆင့်နိမ့် စကြဝဠာက တက်လှမ်းလာသည့် အတုအယောင် အင်မော်တယ်အဆင့်ကနေ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ပင် ရောက်ရှိနေခဲ့ချေပြီ။
ထိုကဲ့သို့သော ပါရမီရှင်သည် အင်မော်တယ်ဘုရင် အဆင့် အင်အားစုမှ အထွတ်အထိပ် ပါရမီရှင်ထက်ပင် မနိမ့်ကျပေ။
“ကောင်လေး.. မင်း ငါတို့ အမည်မဲ့အင်မော်တယ် နန်းတော်ကို ဝင်ချင်စိတ်ရှိလား.. ဒီအဘိုးကြီးက မင်းကို အမည်မဲ့အင်မော်တယ် နန်းတော်ရဲ့ သခင်လေး ဖြစ်လာဖို့ ထောက်ခံပေးမယ်.. နောင်မှာ အမည်မဲ့ အင်မော်တယ်နန်းတော်သခင် ရာထူးကို ဆက်ခံဖို့ပေ့ါ”
လျှိုဝူချန်း၏ အိုမင်းရင့်ရော်သော မျက်ဝန်းထဲတွင် တောက်ပသော အကြည့်များ ပေါ်လာခဲ့သည်။
ကြီးကြပ်ရေးမှူး ယုပေါင်၏ အမြင်သည် အလွန်တရာ စူးရှသည်ဟု ဆိုရမည်။
အကြောင်းရင်းမှာ သူ့ရှေ့တွင် ရှိနေသော လူငယ်၏ ပါရမီသည် အင်မော်တယ်လောက တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် လူအနည်းငယ်လောက်သာ ယှဥ်နိုင်မည့် ပါရမီရှင် ဖြစ်နေသောကြောင့်ပင်။
အကယ်၍ ထိုကောင်လေးသာ အမည်မဲ့အင်မော်တယ်နန်းတော်သို့ ဝင်ရောက်နိုင်လျှင် လက်ရှိ သူတို့ ကြုံတွေ့နေရသော အခက်အခဲများကို ကူညီပေးနိုင်ရုံသာမက အမည်မဲ့အင်မော်တယ်နန်းတော်၏ နံပါတ်တစ် ဌာနခွဲ ဖြစ်လာရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“စိတ်မကောင်းပါဘူး စီနီယာ.. စီနီယာရဲ့စေတနာကို ကျွန်တော် ရင်ထဲမှာပဲ သိမ်းထားပါရစေ”
ကျန်းချန်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“ကျွန်တော်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ တစ်သက်လုံး နေမှာ မဟုတ်တဲ့ အတွက် အမည်မဲ့အင်မော်တယ်နန်းတော်ထဲကို မဝင်နိုင်တာပါ”
အမည်မဲ့အင်မော်တယ်နန်းတော်သည် မြောက်ပိုင်းအေးစက်သော နယ်မြေရှိ အင်မော်တယ်ဘုရင်အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ပင် အလေးထားရသည့် လျှို့ဝှက်ဆန်းကြယ်သော အင်အားစု ဖြစ်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်သည် အင်မော်တယ်ဘုရင်အဆင့် အင်အားစု မဟုတ်လျှင်ပင် ထိုအဆင့်နှင့် သိပ်မဝေးပေ။
အကယ်၍ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင်သာ ဆက်လက်နေထိုင်မည် ဆိုလျှင် အမည်မဲ့အင်မော်တယ်နန်းတော်သို့ ဝင်ရောက်ခြင်းမှာ သူ့အတွက် အလွန် ကောင်းမွန်သော အရာ ဖြစ်သည်။
သို့သော်လည်း ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် အခြေချနေထိုင်မည် မဟုတ်သောကြောင့် အမည်မဲ့အင်မော်တယ် နန်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်မည် မဟုတ်ပေ။
“ဒါဆိုရင်လည်း ဒီအဘိုးကြီးက မင်းကို အတင်းအကျပ် မတောင်းဆိုတော့ပါဘူး”
လျှိုဝူချန်းက အနည်းငယ် စဥ်းစားပြီးမှ ပြောလိုက်သည်။
“ဒါပေမဲ့ ဒီအဘိုးကြီးမှာ တောင်းဆိုစရာ တစ်ခုရှိတယ်.. မိတ်ဆွေလေးအနေနဲ့ သဘောတူနိုင်မယ်လို့ မျှော်လင့်ပါတယ်”
“စီနီယာပြောပါ.. ကျွန်တော် လုပ်ဆောင်နိုင်သရွေ့ မငြင်းပါဘူး”
ယခု တစ်ကြိမ်တွင်မူ ကျန်းချန်သည် မငြင်းဆိုခဲ့ပေ။
သူ့ရှေ့မှ လူသည် အမည်မဲ့အင်မော်တယ် နန်းတော်၏ အကြီးအကဲချုပ် ဖြစ်ရုံသာမက သူ့ထက် အဆပေါင်းများစွာ အစွမ်းထက်ပြီး အဆင့်မြင့်မားသူလည်း ဖြစ်သည်။
ထိုသူ၏ ရှေ့တွင် စန်းယွင်အင်မော်တယ် နန်းတော်မှ လူများသည်ပင် ဂရုတစိုက် နေထိုင်ရလိမ့်မည် ဖြစ်သည်။
အကယ်၍ သူသာ လျှိုဝူချန်းနှင့် မိတ်ဆွေဖွဲ့နိုင်လျှင် ဝမ်ရှင်းဟန်နှင့် ၎င်း၏ နောက်ကွယ်မှ စန်းယွင်အင်မော်တယ် နန်းတော်ကို စိုးရိမ်နေစရာ မလိုတော့ပေ။
“နောက်ထပ် လဝက်ဆိုရင် ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော်မှာ နှစ်စဥ်ကျင်းပမြဲ ဖြစ်တဲ့ အမည်မဲ့အင်မော်တယ်ပြိုင်ပွဲကို ကျင်းပတော့မယ်.. အဲဒီပြိုင်ပွဲမှာ မိတ်ဆွေလေး အနေနဲ့ ပထမဆုကို ရအောင်ယူပေးပါ.. အဲဒီအချိန်ကျရင် ဒီအဘိုးကြီးက အသေးစိတ် ဖော်ပြပါ့မယ်”
ထိုစကားကို ပြောပြီးနောက်တွင် လျှိုဝူရှန်းက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အမည်မဲ့ အင်မော်တယ် နှင်းရည် ပါဝင်သော ကျောက်စိမ်းပုလင်းလေး တစ်ခုသည် ကျန်းချန် ထံသို့ တိုက်ရိုက်ပင် ပျံသန်းသွားခဲ့သည်။
“ဒါက အမည်မဲ့ အင်မော်တယ်နှင်းရည် တစ်စက်ပါ.. ဒါက ဒီအဘိုးကြီးက မိတ်ဆွေလေး အတွက် ပေးတဲ့ လက်ဆောင်ပါ.. မိတ်ဆွေလေး အနေနဲ့ ဒီအဘိုးကြီးကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”
ထိုစကားကို ပြောပြီးသည်နှင့် လျှိုဝူချန်းသည် ကျန်းချန်ကို စကားပြောခွင့်ပင် မပေးတော့ဘဲ ကျန်းချန်တို့ နှစ်ဦး ရှေ့ကနေ ဖျတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
“ညီနောင်ဝူကျိ.. အမည်မဲ့အင်မော်တယ် ပြိုင်ပွဲအကြောင်းကို သိလား”
ကျန်းချန်က လျှိုဝူချန်း ထွက်ခွာသွားသောဘက်သို့ တစ်ခဏမျှ ငေးကြည့်ပြီးနောက်တွင် နံဘေးရှိ လော့ဝူကျိကို မေးလိုက်သည်။
“နည်းနည်းပါးပါးတော့ သိပါတယ်”
လော့ဝူကျိက ခေါင်းညိတ်၍ ပြောလိုက်သည်။
“ဒီအမည်မဲ့အင်မော်တယ်ပြိုင်ပွဲက အမည်မဲ့အင်မော်တယ် နန်းတော်မှာ နှစ်စဥ်ကျင်းပလေ့ ရှိတဲ့ ပြိုင်ပွဲတစ်ခုပဲ.. ထိပ်ဆုံးဆယ်ဦး စာရင်းဝင်တဲ့ သူတွေက ဆုလာဘ်တွေ အများကြီးရနိုင်တယ်လို့ ပြောကြတယ်.. ထိပ်ဆုံးသုံးဦး စာရင်းဝင်ရင်တော့ အမည်မဲ့အင်မော်တယ် နန်းတော်ကိုတောင် ဝင်ရောက်ခွင့်ရနိုင်တယ်”
လော့ဝူကျိ၏ ရှင်းပြမှုကို ကြားလျှင် ကျန်းချန် ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက လက်ဖဝါးထဲမှ ကျောက်စိမ်းပုလင်းကို သိမ်းဆည်းလိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“ကျွန်တော်တို့ လဝက်လောက် ကျင့်ကြံဖို့ နေရာတစ်ခု ရှာကြစို့.. ပြီးမှပဲ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲမှာ ပါဝင်ဖို့ စီစဥ်ကျတာပေါ့”
လဝက် ဆိုသည်မှာ အချိန်မျှော်စင် အတွင်း ငါးလနှင့် ညီမျှသည်။
ဤအမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ဖြင့် ဆိုလျှင် သူ့အနေဖြင့် ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ပေလိမ့်မည်။
ယခု လျှိုဝူချန်း ထံမှ ကြီးမားသော လက်ဆောင်ကို လက်ခံရရှိခဲ့ပြီ ဖြစ်ရာ ကျန်းချန်သည် အမည်မဲ့အင်မော်တယ် နန်းတော်မှ မထွက်ခွာမီ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် သဘာဝကျစွာ ပါဝင်ရတော့မည် ဖြစ်သည်။
ထို့အပြင် လျှိုဝူချန်း၏ အဆင့်အတန်းအရ သူတို့ကို အမည်မဲ့အင်မော်တယ် နန်းတော်ကနေ ထွက်ခွာရန် မလိုလားလျှင် သူတို့အနေဖြင့် ထွက်ခွာရန်မှာ မဖြစ်နိုင်သလောက်ပင် မဟုတ်ပါလော။
အခန်း(၂၇၃၃)ပြီး၏။
အခန်း(၂၇၃၄)
ကုန်သွယ်ရေးစျေးထဲကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်တို့နှစ်ယောက်သည် တည်းခိုခန်း တစ်ခုကို ရှာဖွေခဲ့ကြသည်။
ထို့နောက်တွင် သူတို့သည် ကျင့်ကြံရန်အတွက် အခန်းတစ်ခန်းစီ နေထိုင်ခဲ့ကြ၏။
တိတ်ဆိတ်သော အခန်းတစ်ခု အတွင်းတွင် ကျန်းချန်သည် အခန်း ပတ်ပတ်လည်၌ အစီအရင်အတားအဆီး အချို့ကို ပြုလုပ်ပြီးနောက် အချိန်မျှော်စင်ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။
သူက လက်ဖဝါးကို လှုပ်ရှားလိုက်ပြီး လျှိုဝူချန်း သူ့ကို ပေးခဲ့သည့် အမည်မဲ့အင်မော်တယ်နှင်းရည်တစ်စက်ကို ချက်ချင်းပင် ထုတ်ယူလိုက်သည်။
အမည်မဲ့အင်မော်တယ်နှင်းရည်သည် အမည်မဲ့အင်မော်တယ်နန်းတော်၏ ထူးခြားသော အင်မော်တယ်နှင်းရည် ဖြစ်သည်။
ဤအရာသည် တလော့အင်မော်တယ် နယ်မြေတွင် သူရရှိခဲ့သည့် ပကတိ အင်မော်တယ်သစ်သီး ထက်ပင် များစွာ ပို၍ တန်ဖိုးရှိသည်။
ဆိုရလျှင် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်သည် သူ့ကို ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်ကနေ ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ တက်လှမ်းရန် လုံလောက်စေမည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းချန်သည် တွေဝေခြင်း မရှိတော့ဘဲ ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်ကာ ပုလင်းထဲရှိ အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို မျိုချလိုက်သည်။
သူ၏ လည်ချောင်းထဲသို့ အမည်မဲ့အင်မော်တယ် နှင်းရည် ရောက်သွားသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော စီးဆင်းမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးများ အနှံ့ ပျံ့နှံ့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက အလွန်တရာငြိမ်းချမ်းသည့် နယ်မြေထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရပြီးကျင့်ကြံခြင်းအရှိန်အဟုန်သည် အဆပေါင်းတစ်ရာကျော် တိုးတက်လာသကဲ့သို့ ခံစားလိုက်ရကာ စွမ်းအားများ ပြောင်းလဲသွားခဲ့သည်။
အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ပကတိအင်မော်တယ်စွမ်းအားများသည် ကောင်းကင်အင်မော်တယ် စွမ်းအားများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ခန္ဓာကိုယ် အတွင်းရှိ ပကတိအင်မော်တယ်စွမ်းအားများက ကောင်းကင်အင်မော်တယ် စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီးနောက်မှာပင် ထိုဆန်းကြယ်သောအခြေအနေသည် ပြီးဆုံးမသွားသေးဘဲ သူ၏ ကျင့်ကြံမှုက ဆက်လက် တိုးတက်နေခဲ့သည်။
ကျန်းချန်၏ ကျင့်ကြံခြင်း အဆင့်က ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသည့် အချိန်မှသာ ထိုဆန်းကြယ်သော အခြေအနေကနေ နိုးထလာခဲ့သည်။
ယင်းအခိုက်အတန့်တွင် ကျန်းချန်သည် စိတ်ထဲရှိ စနစ်ကနေ သာယာကြည်နူးဖွယ် အသံကို ကြားလိုက်ရသည်။
“ဒင်.. သင်က အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို မျိုချပြီး အဆ ၁၀၀ ထိုးထွင်းသိမြင်မှု အခြေအနေသို့ ရောက်ရှိသွားသောကြောင့် ကျင့်ကြံမှုအခြေခံ တိုးတက်လာခဲ့ပါတယ်”
“ဒင်.. သင်၏ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပါပြီ”
အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်သည် သူ့ကို ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိစေရုံသာမက ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်ကိုပါ တစ်ထိုင်တည်း ရောက်ရှိစေခဲ့သည်။
“ဒီအမည်မဲ့အင်မော်တယ် နှင်းရည်က တကယ်ကို ရှားပါးတဲ့ အနှိုင်းမဲ့ အင်မော်တယ်ဆေးဝါးပဲ”
ကျန်းချန်က မှိတ်ထားသော မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အံ့ဩသော အရိပ်အယောင်များ ရှိနေခဲ့သည်။
အကယ်၍ သူသာ အမည်မဲ့အင်မော်တယ် နှင်းရည်ဆယ်စက်ခန့် ရရှိမည် ဆိုလျှင် ရွှေအင်မော်တယ် အဆင့်သို့ပင် အလွယ်တကူ တက်လှမ်းနိုင်မည်ဟု တွေးမိခဲ့သည်။
သို့သော်လည်း ကျန်းချန် တွေးရုံသာ တွေးနိုင်ခဲ့သည်။
အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်၏ စျေးနှုန်းသည် လက်ရှိတွင် အင်မော်တယ်ကျောက်တုံး ငါးထောင် ဖြစ်ရာ သူ၏ လက်ရှိ ငွေကြေးအရင်းအမြစ်ဖြင့်သာ ဆိုလျှင် အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကိုပင် ဝယ်ရန် မတတ်နိုင်ပေ။
ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ရန်အတွက် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ရန် အင်မော်တယ်ကျောက်တုံးများကို ထုတ်ယူဖို့ ပြင်ဆင်လိုက်သည်။
“ကောင်လေး.. မနက်ဖြန်က အမည်မဲ့အင်မော်တယ်ပြိုင်ပွဲကျင်းပမဲ့နေ့ပဲ.. အမည်မဲ့အင်မော်တယ်နန်းတော်က အကြီးအကဲချုပ်ရဲ့ ငြိုငြင်တာကို မခံချင်ဘူး ဆိုရင် ဆက်မကျင့်ကြံနဲ့တော့”
ထိုအခိုက်အတန့်တွင် အင်မော်တယ် ကျောက်တိုင်၏ စကားသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ဘယ်လို”
အင်မော်တယ်ကျောက်တိုင်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။
သူက အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို မျိုချပြီး ထိုးထွင်းသိမြင်မှု အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့သည်ကို နာရီဝက်ခန့်သာ ကြာမြင့်သည်ဟု ခံစားခဲ့ရသည်။
တကယ်တမ်းတွင်မူ သူက အချိန်မျှော်စင်ထဲတွင် ငါးလခန့် ကြာမြင့်ခဲ့ပြီး ယင်းမှာ ပြင်ပလောကတွင် လဝက်နှင့် ညီမျှ၏။
ကျန်းချန်က စိတ်ထဲရှိ အံ့ဩထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီး အချိန်မျှော်စင်ထဲကနေ အလျင်အမြန် ထွက်လာခဲ့သည်။
သူက ဘေးအခန်းမှ လော့ဝူကျိထံသွားရန် စိတ်ကူးခဲ့သော်လည်း လော့ဝူကျိသည် သူကဲ့သို့ပင် အမည်မဲ့အင်မော်တယ်နှင်းရည်ကို သောက်သုံးပြီး ထိုးထွင်းသိမြင်မှုအခြေအနေထဲ ရောက်ရှိနေနိုင်သဖြင့် အနှောင့်အယှက် မပေးတော့ဘဲ တည်းခိုခန်း၏ အစားအသောက်ခန်းမ ရှိရာသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။
ခန်းမထဲတွင် အစားအသောက်များ မှာစားနေကြသည့် ဧည့်သည်များစွာ ရှိနေခဲ့၏။
ကျန်းချန်က မည်သူမှ မထိုင်သည့် နေရာတစ်ခုကို ရှာ၍ ထိုင်လိုက်ပြီးနောက်တွင် ပကတိအင်မော်တယ်အဆင့်လှပသော စားပွဲထိုးမလေးတစ်ဦးသည် သူ့ကိုလာရောက်မေးမြန်းခဲ့သည်။
“လူကြီးမင်း ဘာအလိုရှိပါသလဲ”
ထိုစကားကို ပြောရင်း လှပသော စားပွဲထိုးမလေးသည် သူမ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကျန်းချန်၏ရှေ့တွင် အလင်းကန့်လန်ကာ တစ်ခု ပေါ်လာခဲ့သည်။
ထိုအလင်းကန့်လန့်ကာ ပေါ်တွင် ဝိုင်များနှင့် ဟင်းလျာများစွာ၏ စျေးနှုန်းများကို မှတ်သားထားသည်။
ကျန်းချန်က စျေးနှုန်းစာရင်းကို အကဲခတ်လိုက်ရာ စျေးမချိုကြောင်း တွေ့ရှိလိုက်ရသည်။
စျေးအသက်သာဆုံးမှာ အင်မော်တယ်ကျောက်တုံး ငါးခု လိုအပ်ပြီး စျေးအကြီးဆုံးမှာ ရာနှင့်ချီသော အင်မော်တယ်ကျောက်တုံးများ အထိ လိုအပ်သည်။
သာမန် ပကတိအင်မော်တယ်များသည် ဤနေရာတွင် သုံးစွဲနိုင်လိမ့်မည် မဟုတ်ဟု သူထင်မြင်မိ၏။
ကျန်းချန်က ဟင်းလျာနှစ်မျိုး၊ သုံးမျိုးခန့်ကို ရွေးချယ်မှာယူပြီးနောက်တွင် ဧည့်ခန်းမကို ဝေ့ကြည့်လိုက်သည်။
ဧည့်သည်များ၏ အရှေ့ရှိ အရသာရှိသော အစားအစာများကို မြင်လိုက်ရလျှင် ဤနေရာရှိ ဟင်းလျာများက အဘယ်ကြောင့် စျေးကြီးမှန်း နားလည်သွားခဲ့သည်။
ဟင်းလျာများ၏ ပါဝင်ပစ္စည်းများသည် ကောင်းကင်နှင့်မြေကြီး၏ ရှားပါးသော ပစ္စည်းများ ဖြစ်ပြီး အင်မော်တယ် သားရဲများ၏ အသားများကို အထူး နည်းစနစ်များဖြင့် ချက်ပြုတ်ထားရာ အင်မော်တယ်အများစု အတွက် အလွန် အကျိုးရှိသော ဟင်းလျာများ ဖြစ်သည်။
မကြာမီမှာပင် ကျန်းချန် မှာယူထားသည့် အစားအစာများ ရောက်လာခဲ့သည်။
ကျန်းချန်က သူ့ရှေ့ရှိ အစားအစာများကို စတင် မြည်းစမ်းကြည့်လိုက်သည်။
“ညီနောင်လော့ မနက်ဖြန်က အမည်မဲ့အင်မော်တယ် နန်းတော်မှာ နှစ်စဥ်ကျင်းပလေ့ရှိတဲ့ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ ကျင်းပမဲ့နေ့ပဲ.. ညီနောင်လော့ရော ပါဝင်မှာ မဟုတ်လား”
“ငါက ဘာလို့ မပါဝင်ရမှာလဲ.. အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ထိပ်ဆုံးဆယ်ဦး စာရင်းဝင်ရင် ဆုလာဘ်များစွာလည်း ရရှိမယ်.. ဒါ့အပြင် ထိပ်ဆုံးသုံးဦး စာရင်းဝင်ရင် အမည်မဲ့အင်မော်တယ် နန်းတော်ထဲကိုပါ ဝင်ရောက်ခွင့်ရရှိမယ်.. ဒါက ငါတို့လို ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေ အတွက် အခွင့်အရေးတစ်ခုပဲ”
“ဒါဆိုရင် ညီနောင်လော့ အတွက် ကြိုပြီး ဂုဏ်ပြုပါတယ်.. ညီနောင်လော့ရဲ့ ပါရမီနဲ့ခွန်အားအရ ဆိုရင် ထိပ်ဆုံးသုံးဦး စာရင်းထဲ ပါဝင်ဖို့ဆိုတာ လွယ်လွယ်လေးပဲ မဟုတ်လား”
ကျန်းချန်က သူ၏ နားထဲသို့ ဝင်ရောက်လာသော ဆွေးနွေးမှုများကို ကြားလိုက်ရလျှင် အသံလာရာ ဆီသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် လူငယ်လေး ငါးဦး ထိုင်နေပြီး လေသံတိုးတိုးဖြင့် စကားပြောဆိုရင်း အစားအစာများ သုံးဆောင်နေကြသည်ကို တွေ့လိုက်ရ၏။
ထိုလူငယ်များ၏ ပါရမီနှင့်ခွန်အားသည် မဆိုးပေ။
၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်သည် ပကတိအင်မော်တယ် သတ္တမအဆင့် သို့မဟုတ် ထိုထက်ပင် မြင့်မားကြသည်။
အထူးသဖြင့် လော့မျိုးရိုး အမည်ရှိ လူငယ်၏ ကျင့်ကြံခြင်း အဆင့်သည် ပကတိအင်မော်တယ် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ထျန်းရွှေအင်မော်တယ် မြို့တော်ရှိ လုမိသားစုမှ လုဟုန်ယွီထက်ပင် မနိမ့်ကျပေ။
“လဝက်က ဒီလောက်အထိ အလျင်အမြန် ကုန်ဆုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
ထိုလူငယ်များ၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန်က ခေါင်းကို ခါရမ်းလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ထိပ်ဆုံးသုံးဦး စာရင်းထဲဝင်ဖို့က ဒီတစ်ကြိမ် မလွယ်လောက်ဘူး.. တကယ်လို့ အရင်တုန်းကအတိုင်းသာ ဆိုရင် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးဦး စာရင်းထဲဝင်ဖို့ ငါ့မှာ ယုံကြည်ချက် ရှိတယ်”
လော့မျိုးရိုးအမည်ရှိ လူငယ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲမှာ အသက်တစ်ထောင်အောက် လူငယ်တွေအားလုံး ပါဝင်နိုင်တယ်လို့ သိရတယ်”
“အမှန်ပဲ အရင်တုန်းကဆိုရင် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲက ဂိုဏ်းဂဏမရှိတဲ့ ကျင့်ကြံသူတွေပဲ ပါဝင်ခွင့်ရခဲ့ကြတယ်.. အခုမှ ဘာလို့ ကန့်သတ်ချက် မရှိတော့တာလဲ မသိဘူး”
“ငါသိရသလောက်ဆိုရင် စန်းယွင်အင်မော်တယ်နန်းတော်ရဲ့ ပါရမီရှင်တပည့် ဝမ်ရှင်းဟန်ကလည်း အမည်မဲ့အင်မော်တယ်နန်းတော်မှာ ရောက်နေတယ်”
တခြားလူငယ် တစ်ဦးကလည်း ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် လော့မျိုးရိုး အမည်ရှိ လူငယ်က ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။
“စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန် အပြင် ယွိချန်အင်မော်တယ်ဂိုဏ်းက ယွိစစ်ချန်ကလည်း ပြိုင်ပွဲမှာ ပါဝင်မယ်လို့ သိရတယ်.. ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲက နဂါးတွေ ကျားတွေကြားက တိုက်ပွဲပဲ”
လူငယ်တချို့၏ ဆွေးနွေးမှုများကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ယှက်သန်းသွားခဲ့သည်။
အမည်မဲ့အင်မော်တယ်နန်းတော် အနေဖြင့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲကို ကျင်းပရခြင်းသည် ပါရမီရှင်များကို ဆွဲဆောင်ရန်ထက် မပိုပေ။
ထို့ကြောင့် စန်းယွင်ပြည်နယ်ရှိ အဓိက အင်အားစုများမှ ပါရမီရှင်များကို ပါဝင်ခွင့် ပိတ်ပင်ကာ ဂိုဏ်းဂဏမရှိသည့် ကျင့်ကြံသူများကိုသာ ပါဝင်ခွင့်ပေးခဲ့သည်။
သို့ဖြစ်၍ ယခုတစ်ကြိမ် ပြိုင်ပွဲတွင် အဓိက အင်အားစုများမှ ပါရမီရှင်များကို ပါဝင်ခွင့် မပိတ်ပင်တော့ခြင်းသည် တစ်စုံတစ်ရာသော အကြောင်းအရင်းများ ရှိနေမည်မှာ သေချာ၏။
အခန်း(၂၇၃၄)ပြီး၏။