အခန်း (၂၇၃၅-၂၇၃၆)
Vol. 214 Ch. 2735-2736
အခန်း(၂၇၃၅)
ယခု နံနက်ခင်းတွင် ကျန်းချန်သည် ကျင့်ကြံနေဆဲဖြစ်သော လော့ဝူကျိကို အနှောင့်အယှက် မပေးတော့ဘဲ အမည်မဲ့အင်မော်တယ် နန်းတော် အလယ်ဗဟိုရှိ ကြီးမားသော ရင်ပြင် ဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့သည်။
အမည်မဲ့အင်မော်တယ် ပြိုင်ပွဲကို ကျင်းပရန်အတွက် ရင်ပြင် အလယ်ဗဟိုတွင် ကြီးမားသော စင်မြင့်တစ်ခုကို တည်ဆောက်ထား၏။
စင်မြင့် ပတ်ပတ်လည်တွင် အစွမ်းထက်အစီအရင် တစ်ခု ရှိနေခဲ့ပြီး သာမန် ရွှေအင်မော်တယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် အလွယ်တကူ ဖျက်ဆီးရန် မဖြစ်နိုင်ပေ။
ယင်းအပြင် စင်မြင့်ပတ်ပတ်လည်ရှိ လေထုထဲတွင် ကျောက်သား ထိုင်ခုံများစွာ ရှိနေခဲ့သည်။
ထိုထိုင်ခုံများတွင် ထိုင်နေသောသူများသည် စန်းယွင်ပြည်နယ်ရှိ ထင်ရှားကျော်ကြားသော ကျင့်ကြံသူများ ဖြစ်ကြပြီး လူအများစုကမူ တိုက်ပွဲကို ကြည့်ရှုရန်အတွက် လေထဲတွင်သာ ရပ်နေခဲ့ကြသည်။
“ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲက အမည်မဲ့အင်မော်တယ်ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ အစည်ကားဆုံး ဖြစ်မယ်ထင်တယ်”
“အမှန်ပဲ.. အရင်တုန်းက အဓိကအင်အားစုတွေရဲ့ ပါရမီရှင်တပည့်တွေကို ပါဝင်ခွင့် ပိတ်ပင်ထားခဲ့ပြီး ဂိုဏ်းဂဏမရှိတဲ့ ကျင့်ကြံသူတွေကိုပဲ ပါဝင်ခွင့်ပေးခဲ့တယ်.. အခုတော့ အသက်တစ်ထောင်အောက် ပါရမီရှင်အားလုံးကို ပါဝင်ခွင့်ပေးလိုက်ပြီ.. စန်းယွင်အင်မော်တယ် နန်းတော်က ဝမ်ရှင်းဟန်၊ ယွိချန်အင်မော်တယ်ဂိုဏ်းက ယွိစစ်ချန်နဲ့ ရွှေအင်မော်တယ်အဆင့် အင်အားစုတွေက ကောင်းကင်အင်မော်တယ်အဆင့် ပါရမီရှင်တွေလည်း ပါဝင်ကြတယ်"
"ဒီတစ်ခေါက်ပြိုင်ပွဲမှာ ပါရမီရှင်အများအပြား ပါဝင်နေကြပြီလို့ ပြောလို့ရတယ်.. ပုံမှန်အားဖြင့်တော့ အမည်မဲ့အင်မော်တယ်နန်းတော် အနေနဲ့ ပြိုင်ပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ဂိုဏ်းရဏမရှိတဲ့ ကျင့်ကြံသူတွေကို ဆွဲဆောင်ဖို့အတွက်ပဲ.. ဒီတစ်ကြိမ်ကျမှ ဘာလို့ အဓိက အင်အားစုတွေက ပါရမီရှင်တွေကိုပါ ခွင့်ပြုခဲ့သလဲ မသိဘူး”
ကျန်းချန်က လူအုပ်ထဲတွင် ရှိနေခဲ့ပြီး ပတ်ဝန်းကျင်မှ ဆွေးနွေးမှုများကို နားထောင်ရင်း အခြေအနေကို အကဲခတ် ကြည့်ရှုနေခဲ့သည်။
စင်မြင့်ပတ်ပတ်လည်ရှိ ထိုင်ခုံများပေါ်တွင် ကျန်းချန်သည် သူနှင့် ရင်းနှီးသောသူများကို တွေ့ရှိခဲ့သည်။
အရှေ့ဘက်ရှိ အဓိက ထိုင်ခုံတွင် အမည်မဲ့အင်မော်တယ်နန်းတော်၏ အကြီးအကဲချုပ် ဖြစ်သူ လျှိုဝူချန်းသည် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးနှင့် ဘေးချင်းယှဥ်၍ ထိုင်နေခဲ့သည်။
မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ အရှိန်အဝါက အလွန်ပင် နက်ရှိုင်းပြီး လော့ရွှေကုန်သည်အဖွဲ့မှ လော့ချန်ချိုး ကဲ့သို့ ရွှေအင်မော်တယ်အဆင့် အစွမ်းထက် ကျင့်ကြံသူထက်ပင် ပိုမို သာလွန်နေခဲ့သည်။
ထိုအဘိုးအိုက အနည်းဆုံး ရွှေအင်မော်တယ် တတိယအဆင့် ဖြစ်နိုင်သည်ဟု သူခန့်မှန်းခဲ့သည်။
ထိုနှစ်ဦး၏ နောက်တွင်မူ ယုပေါင် အပါအတင် အမည်မဲ့အင်မော်တယ် နန်းတော်မှ အဆင့်မြင့် ပုဂ္ဂိုလ်များ ရှိနေကြ၏။
ကျန်းချန်သည် လျှိုဝူချန်းတို့ အပြင် စန်းယွင်အင်မော်တယ်နန်းတော်မှ ဝမ်ရှင်းဟန်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ဝမ်ရှင်းဟန်၏ ကျင့်ကြံခြင်းအဆင့်သည်လည်း များစွာတိုးတက်လာခဲ့ပြီး ပကတိအင်မော်တယ် နဝမအဆင့်သို့ပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဝမ်ရှင်းဟန်၏ နံဘေးတွင် ကျင့်ကြံသူနှစ်ဦး ရှိနေခဲ့သည်။
ထိုအထဲမှ တစ်ဦးမှာ ကောင်းကင်အင်မော်တယ် နဝမအဆင့် ဖြစ်သည့် ချိုးတင် ဖြစ်ပြီး နောက်တစ်ဦးကမူ ငွေရောင်ဆံပင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
ငွေရောင်ဆံပင်နှင့် အမျိုးသား၏ အရှိန်အဝါသည် ကောင်းကင်အင်မော်တယ် နဝမအဆင့်ကျင့်ကြံသူ ဖြစ်သည့် ချိုးတင်ထက်ပင် ပိုမို၍ အားကောင်းနေခဲ့၏။
ထိုသူသည် အနည်းဆုံး ခြေလှမ်းတစ်ဝက် ရွှေအင်မော်တယ် အဆင့် သို့မဟုတ် ရွှေအင်မော်တယ် ပထမအဆင့်ပင် ဖြစ်နိုင်သည်ဟု ကျန်းချန် မှန်းဆခဲ့သည်။
“ကြည့်ရတာ ဝမ်ရှင်းဟန်က စန်းယွင်အင်မော်တယ် နန်းတော်က အစွမ်းထက် ကျင့်ကြံသူကို ဖိတ်ခေါ်ခဲ့တဲ့ပုံပဲ”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အမည်မဲ့အင်မော်တယ် နန်းတော်က ကိုယ်ရေးကိုယ်တာတိုက်ခိုက်မှုများကို တားမြစ်ထား၍ ဝမ်ရှင်းဟန်သည် သူ့ကို ပေါ်ပေါ်ထင်ထင် တစ်စုံတစ်ရာ လုပ်ရန် မဝံ့ရဲပေ။
သို့သော်လည်း ဝမ်ရှင်းဟန်သည် စန်းယွင်အင်မော်တယ်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူ ခေါ်လာခဲ့သည် ဖြစ်ရာ သူ့ကို ကိုင်တွယ်ရန် အစီအစဥ် သေချာပေါက် ရှိရပေမည်။
ထို့ကြောင့် ဝမ်ရှင်းဟန်ကို ပို၍ သတိထားရန် ကျန်းချန် ဆုံးဖြတ်လိုက်သည်။
ဝမ်ရှင်းဟန်တို့ လူစုမှ အကြည့်ကို လွှဲလိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် ဝမ်ရှင်းဟန်နှင့် မလှမ်းမကမ်းရှိ အဖြူရောင်ဝတ်စုံဝတ် လူငယ်တစ်ဦး ထံသို့ ကျရောက်သွားခဲ့သည်။
ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ဝမ်ရှင်းဟန်နှင့် သက်တူရွယ်တူ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်ကမူ ဝမ်ရှင်းဟန် ထက်ပင် ပိုမို သာလွန်နေခဲ့ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် ထိုအဖြူရောင်ဝတ်စုံဝတ် လူငယ်သည် ယွိစစ်ချန် ဖြစ်နိုင်ဖွယ် ရှိသည်။
စန်းယွင်ပြည်နယ်၏ အင်အားအကြီးမားဆုံး တလော့ အင်အားစု သုံးစုထဲမှ တစ်စုဖြစ်သော ယွိချန်အင်မော်တယ်ဂိုဏ်းသည် စန်းယွင်အင်မော်တယ် နန်းတော်ထက် များစွာ နိမ့်ကျခြင်း မရှိပေ။
ဤယွိစစ်ချန်သည် ယွိချန်အင်မော်တယ်ဂိုဏ်း၏ ပါရမီရှင်များထဲမှ အသန်မာဆုံး ပါရမီရှင် ဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ်ပင် ထိုက်တန်၏။
ကျန်းချန်က ရင်ပြင်ထဲမှ ပါရမီရှင်များကို အကဲခတ်နေစဥ်မှာပင် အဓိက ထိုင်ခုံတွင် ထိုင်နေသော လျှိုဝူချန်းသည် သူ၏ ထိုင်ခုံကနေ ဖြည်းညင်းစွာ ထရပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် မူလက ဆူညံနေသော ရင်ပြင် တစ်ခုလုံးက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။
လူတိုင်း၏ အကြည့်က လျှိုဝူချန်းထံသို့ တစ်ညီတည်း ကျရောက်သွားခဲ့သည်။
“အချိန်ကျပြီ.. အခုကနေစပြီး အမည်မဲ့အင်မော်တယ်ပြိုင်ပွဲကို တရားဝင် စတင်ကြောင်း ကြေညာပါတယ်”
လျှိုဝူချန်းက ရင်ပြင်ကို အနည်းငယ် ဝေ့ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
သူ၏ တည်ငြိမ်သော စကားသံသည် အင်မော်တယ်စွမ်းအားများနှင့်အတူ ရင်ပြင်အထက်တွင် ပဲ့တင်ထပ်သွားခဲ့၏။
လျှိုဝူချန်း၏ ကြေညာချက်ကို ကြားလျှင် ရင်ပြင်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
လူတိုင်း၏ အကြည့်အောက်မှာပင် လျှိုဝူချန်းက သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသည့် သစ်သားထိုင်ခုံ ဆယ်လုံးသည် ရင်ပြင်အလယ်ရှိ စင်မြင့်ပေါ်တွင် ချက်ချင်းဆိုသလို တန်းစီ၍ ပေါ်လာခဲ့၏။
“ထုံးစံအတိုင်း အမည်မဲ့အင်မော်တယ်ပြိုင်ပွဲကို နှစ်ဆင့်ခွဲထားတယ်.. ပထမဆုံးအဆင့်ကတော့ ထိပ်ဆုံးဆယ်ဦး စာရင်းအတွက် ယှဥ်ပြိုင်မှုပဲ.. အခုရှေ့မှာ ရှိနေတဲ့ စင်မြင့်ပေါ်မှာ ထိုင်ခုံဆယ်လုံး ရှိတယ်.. ထိုင်ခုံ တစ်လုံးချင်းစီက ထိပ်ဆုံးဆယ်နေရာရဲ့ တစ်နေရာစီကို ကိုယ်စားပြုတယ်.. တကယ်လို့ ထိုင်ခုံတစ်လုံးကို ရရှိပြီး အဆုံးအထိ ထိန်းထားနိုင်မယ် ဆိုရင် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ထိပ်ဆုံးဆယ်ဦး စာရင်းထဲ ပါဝင်နိုင်မှာဖြစ်တယ်.. အမည်မဲ့အင်မော်တယ် ပြိုင်ပွဲမှာ ပါဝင်ချင်တဲ့ အသက်တစ်ထောင်အောက် လူငယ်အားလုံး စင်မြင့်ပေါ်တက်ပြီး ထိုင်ခုံတွေကို ရယူနိုင်ပါပြီ”
လျှိုဝူချန်းက ကြေညာချက် ပြီးဆုံးသည်နှင့် သူ၏ ထိုင်ခုံသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့သည်။
လျှိုဝူချန်း၏ စကားကိုကြားလျှင် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲတွင် ကျင့်ကြံသူများသည် တစ်ဦးကို တစ်ဦး ကြည့်လိုက်ကြသည်။
စင်မြင့်ပေါ်ရှိ ထိုင်ခုံတစ်နေရာကို အလွယ်တကူ ယူရန် မည်သူမှ မဝံ့ရဲခဲ့ကြပေ။
ဆိုရလျှင် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ပထမအဆင့်သည် စည်းမျဥ်းများ မရှိသလောက်ပင်။
သင့်အနေဖြင့် စင်မြင့်ပေါ်တက်ပြီး ထိုင်ခုံနေရာ တစ်ခုကို ရယူလိုက်သည်နှင့် ပြိုင်ပွဲဝင် အားလုံး၏ စိန်ခေါ်မှုများကို လက်ခံရမည်ဟု အဓိပ္ပာယ် ရနေခဲ့သည်။
ဤနည်းအားဖြင့် ပထမဦးဆုံး စင်မြင့်ပေါ် တက်ကာ ထိုင်ခုံနေရာယူသူများသည် စိန်ခေါ်မှုများကို ပိုမိုလက်ခံရမည် ဖြစ်ပြီး အလှည့်ကျ တိုက်ခိုက်ခံရမည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်ရမည် ဖြစ်သည်။
ထို့ကြောင့် လျှိုဝူချန်းက သူ၏ ထိုင်ခုံသို့ ပြန်သွားပြီးသည့်တိုင် မည်သည့် ပြိုင်ပွဲဝင်ကမှ စင်မြင့်ပေါ်သို့ အလွယ်တကူ မတက်ခဲ့ကြပေ။
သို့ရာတွင် ဤအခြေအနေက ကြာရှည်မခံခဲ့ပေ။
ယွိချန်အင်မော်တယ်ဂိုဏ်းမှ ယွိစစ်ချန်သည် လူအုပ်ထဲကနေ ပျံသန်း၍ ထွက်လာခဲ့ပြီး စင်မြင့်ပေါ်ရှိ ထိုင်ခုံဆယ်လုံး ထဲမှ တစ်လုံး ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်သည်။
ယွိချန်အင်မော်တယ်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင် လူငယ်တစ်ဦး အနေဖြင့် ယွိစစ်ချန်၏ ကျင့်ကြံခြင်းအဆင့်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီး တိုက်ခိုက်ရေးစွမ်းအားကမူ ကောင်းကင်အင်မော်တယ်စတုတ္ထ အဆင့်နှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။
အကယ်၍ ဝှက်ဖဲအားလုံးကို ထုတ်သုံးမည် ဆိုလျှင် ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် ကျင့်ကြံသူနှင့်ယှဥ်ပြိုင်ရန် လုံလောက်၏။
ပါရမီနှင့် ခွန်အားအရ ယွိစစ်ချန်သည် စန်းယွင်ပြည်နယ် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် လက်ချိုးရေတွက်၍ ရသည့် ပါရမီရှင် တစ်ဦး ဖြစ်သည်။
ထို့ကြောင့် သူ့အတွက် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ထိုင်ခုံတစ်ခု ရယူရန်မှာ လွယ်ကူသော အလုပ်တစ်ခုပင်။
ယွိစစ်ချန် ပထမဆုံး ထွက်လာပြီးနောက်တွင် ဝမ်ရှင်းဟန်နှင့် အခြားသော ပြိုင်ပွဲဝင်များသည်လည်း လှုပ်ရှားလာခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် စင်မြင့်ပေါ်ရှိ ထိုင်ခုံဆယ်လုံး စလုံးသည် လူပြည့်သွားခဲ့သည်။
ထိုင်ခုံ ဆယ်လုံးတွင် ယွိစစ်ချန်နှင့် ဝမ်ရှင်းဟန်တို့ ပါဝင်သလို ကျန်ရှိသော ရှစ်ဦးသည်လည်း အားမနည်းကြပေ။
ထိုအထဲမှ သုံးဦးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိနေကြပြီး တစ်ဦးကမူ ကောင်းကင်အင်မော်တယ် ပထမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယမန်နေ့က ဧည့်ခန်းမထဲတွင် သူ တွေ့ရှိခဲ့သော လော့မျိုးရိုးအမည်ရှိ လူငယ်သည်လည်း ထိုင်ခုံနေရာ တစ်နေရာကို ယူထားမှန်း ကျန်းချန် တွေ့ရှိခဲ့သည်။
စင်မြင့်ပေါ်ရှိ ပါရမီရှင်လူငယ် ဆယ်ဦးထဲတွင် ထိုလူ၏ စွမ်းရည်သည် အားအနည်းဆုံး ဖြစ်ပုံရ၏။
လူငယ်ပါရမီရှင် ဆယ်ဦးက စင်မြင့်ပေါ်ရှိ ထိုင်ခုံများတွင် နေရာယူထားကြ၍ အခြားသူများ အနေဖြင့် ထိုင်ခုံတွင် နေရာယူလိုလျှင် ထိုဆယ်ဦးထဲမှ တစ်ဦးဦးကို စိန်ခေါ်ရလိမ့်မည် ဖြစ်သည်။
ထိုဆယ်ဦးထဲမှ တစ်ဦးကို အနိုင်ယူနိုင်မှသာ ထိုသူ၏ နေရာတွင် အစားထိုးပြီး ထိုင်ခုံကို ရယူနိုင်မည် မဟုတ်ပါလော။
ထိုကဲ့သို့သော အခြေအနေသည် ပထမဆုံး စိန်ခေါ်ရမည့်သူကို များစွာ ဒုက္ခရောက်စေမည် ဖြစ်သည်။
ထို့ကြောင့် စင်မြင့်ပေါ်ရှိ ထိုင်ခုံဆယ်ခုံစလုံး နေရာယူပြီးသွားသည့်နောက်တွင် တော်ရုံ စိန်ခေါ်ရန် မည်သူမျှ မဝံ့ရဲကြပေ။
ဤသို့ဖြင့် ရင်ပြင်အတွင်းရှိ အခြေအနေသည် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားခဲ့၏။
အခန်း(၂၇၃၅)ပြီး၏။
အခန်း(၂၇၃၆)
“အားလုံးကို သတိပေးချင်တာက အမည်မဲ့အင်မော်တယ်ပြိုင်ပွဲရဲ့ ပထမအဆင့်ကို နှစ်နာရီပဲ ကန့်သတ်ထားမှာဖြစ်တယ်.. နှစ်နာရီ ကြာပြီးရင်တော့ စင်မြင့်ပေါ်မှာ ရှိတဲ့ ထိုင်ခုံဆယ်လုံးမှာ နေရာယူထားနိုင်တဲ့ သူတွေက အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ထိပ်ဆုံးဆယ်ဦး ဖြစ်လာမှာ ဖြစ်ပြီး တစ်ယောက်ချင်းစီမှာ စိန်ခေါ်ခွင့် အများဆုံး နှစ်ကြိမ်စီ ရှိမယ်”
လူတိုင်းက လှုပ်ရှားမှု မရှိသည်ကိုမြင်လျှင် လျှိုဝူချန်း၏ စကားသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
လျှိုဝူချန်း၏ စကားကိုကြားသည်နှင့် လူငယ်ပါရမီရှင်များ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားကြသည်။
နှစ်နာရီ ဟူသောအချိန်သည် မတိုသော်လည်း ရှည်လျားသည်တော့ မဟုတ်ပေ။
အကယ်၍ သူတို့က အမည်မဲ့အင်မော်တယ် နန်းတော်၏ ထိပ်ဆုံးဆယ်ဦး စာရင်းဝင်လိုလျှင် သတ်မှတ်ထားသော အချိန်အတွင်း စင်မြင့်ပေါ်ရှိ ထိုင်ခုံတစ်နေရာကို နေရာယူထားရမည်ဖြစ်၏။
“ဒီက ညီနောင်.. ခင်ဗျားရဲ့နေရာကို စိန်ခေါ်ပါရစေ”
ထိုအချိန်မှာပင် ပကတိအင်မော်တယ် နဝမအဆင့် ပိန်ပါးပါး လူငယ်လေး တစ်ဦးသည် စင်မြင့်ပေါ်သို့ တက်လာခဲ့သည်။
သူ စိန်ခေါ်လိုက်သည့်သူမှာ လော့မျိုးရိုး အမည်ရှိ လူငယ် ဖြစ်သည်။
စင်မြင့်ပေါ်ရှိ ထိုင်ခုံဆယ်လုံးတွင် နေရာယူထားကြသော ယွိစစ်ချန်နှင့် ဝမ်ရှင်းဟန် ဟူသည့် ပါရမီရှင်နှစ်ဦးကိုမူ မည်သူမှ မတို့ထိရဲကြပေ။
ကျန်ရှိသော ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ပါရမီရှင်သုံးဦး တို့သည်လည်း အနိုင်ယူရန် အလွန်တရာ ခက်ခဲမည် ဖြစ်ရာ အများစုသည် ထိုလေးဦးကို စိန်ခေါ်ရန် ရွေးချယ်ကြမည် မဟုတ်ပေ။
ထို့ကြောင့် ကျန်ရှိသော ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် လေးဦးသည် လူတိုင်း၏ စိန်ခေါ်ရာ ပစ်မှတ်များ ဖြစ်လာခဲ့ကြသည်။
လော့မျိုးရိုးလူငယ်သည် ထိုလေးဦးထဲမှ တစ်ဦး ဖြစ်၏။
“ဟမ့်.. ငါ လော့ရင်ကို အလွယ်တကူ အနိုင်ယူလို့ရမယ်များ ထင်နေလား.. ငါ့နေရာကို လုယူဖို့ အရည်အချင်း မင်းမှာမရှိသေးဘူး”
လော့ရင်က သူ့ရှေ့ရှိ ပိန်ပါးပါး လူငယ်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး ထိုင်ခုံကနေ ထလာခဲ့သည်။
စင်မြင့်ပေါ်ရှိ လူဆယ်ဦးထဲတွင် သူက ပထမဆုံး စိန်ခေါ်ခံရသူ ဖြစ်သည်။
ယင်းမှာ ပိန်ပါးပါး လူငယ်၏ အမြင်တွင် သူက ဆယ်ယောက်ထဲတွင် အားအနည်းဆုံးဟု ဆိုလိုရာ ရောက်နေ၍ လော့ရင် အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။
“ငါ့မှာ အဲဒီ အရည်အချင်းရှိ မရှိ ဆိုတာ စမ်းကြည့်ရင် သိရမှာပေါ့”
စကားဆုံးသည်နှင့် ပိန်ပါးပါး လူငယ်သည် ပုဆိန်တစ်လက်ကို ထုတ်ယူလိုက်သည်။
ထို့နောက်တွင် အားနည်းပုံရသော သူ၏ ပိန်ပါးပါး ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်ဖော်ကာ ပုဆိန်ခုတ်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
တောင်တစ်လုံး ကဲ့သို့ ကြီးမားသည့် ဖိအားသည် လော့ရင်ကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့ပြီး ကြောက်မက်ဖွယ်ရာကောင်းသော ပုဆိန်ခုတ်ချက်သည် မျက်စိတစ်မှိတ် အတွင်းမှာပင် လော့ရင်၏ ဦးခေါင်းအထက်တွင် ပေါ်လာခဲ့သည်။
“ရွှစ်..”
အပြာရောင်အင်မော်တယ် အလင်းတန်း တစ်ခုသည် လော့ရင်၏ ခြေဖဝါးအောက်တွင် လက်ခနဲ ဖြစ်သွားခဲ့ပြီးနောက် လော့ရင်၏ ခန္ဓာကိုယ်သည် ပေဒါဇင်ပေါင်းများစွာ အကွာအဝေးသို့ ချက်ချင်းဆိုသလို ဆုတ်ခွာသွားခဲ့သည်။
ထို့နောက်တွင် လော့ရင်၏ လက်ထဲ၌ ငွေရောင် အင်မော်တယ်ဓားတစ်လက် ပေါ်လာခဲ့ပြီး ပိန်ပါးပါးလူငယ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
တစ်ခဏအတွင်းမှာပင် သူတို့သည် လေထဲတွင် တိုက်ကွက်ဆယ်ကွက်ကျော်ခန့် တိုက်ခိုက်ခဲ့ကြသည်။
တိုက်ပွဲက အလွန်ပင် ပြင်းထန်နေပြီး တစ်ခဏ အတွင်း၌ အရှုံး အနိုင်ကွဲပြားရန် မလွယ်ပေ။
ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင် လှိုင်းဂယက်များသည် စင်မြင့်ပေါ်သို့ ပျံ့နှံ့သွားသော်လည်း ထိုင်ခုံပေါ်ရှိ အခြား ကိုးဦးကိုမူ သက်ရောက်မှုမရှိခဲ့ပေ။
စင်မြင့်ပေါ်ရှိ ထိုင်ခုံဆယ်လုံးတွင် အကာအကွယ် အစီအရင်များ စီရင်ထားသောကြောင့် ထိုနှစ်ဦး ထိပ်တိုက် တွေ့ဆုံရာမှ ဖြစ်ပေါ်လာသော စွမ်းအင်လှိုင်းများသည် သက်ရောက်မှုမရှိခြင်း ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
အကွက်ပေါင်း တစ်ရာထက်မနည်း တိုက်ခိုက်ပြီးနောက်တွင် အဆုံးသတ်၌ လော့ရင်၏ ကြောက်မက်ဖွယ် ဓားစွမ်းအားသည် စင်မြင့်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ကာ ပိန်ပါးပါးလူငယ်ကို စင်မြင့်ပေါ်ကနေ အပြင်သို့ ထွက်သွားစေခဲ့သည်။
“လော့ရင် အနိုင်ရတယ်”
ထိုမြင်ကွင်းကို မြင်လျှင် လျှိုဝူချန်းသည် အနိုင်ရသူကို ချက်ချင်းပင် ကြေညာလိုက်သည်။
အမည်မဲ့အင်မော်တယ်ပြိုင်ပွဲ၏ ပထမအဆင့်တွင် အနိုင်ရရန် နည်းလမ်းနှစ်မျိုး ရှိသည်။
ယင်းမှာ ပြိုင်ဘက်ကို လုံးဝ အနိုင်ယူခြင်းနှင့် စင်မြင့်ပေါ်ကနေ ထွက်သွားအောင် တွန်းထုတ်ခြင်းတို့ ဖြစ်၏။
လော့ရင်က အောင်ပွဲ ရရှိပြီးနောက်တွင် သူ၏ ထိုင်ခုံသို့ ပြန်သွားခဲ့ပြီး အားဖြည့်ဆေးလုံးကို အလျင်အမြန် ထုတ်ယူ၍ မျိုချကာ အစောပိုင်းက တိုက်ပွဲတွင် ကုန်ဆုံးသွားသော စွမ်းအားများကို ပြန်လည် ဖြည့်တင်းလိုက်သည်။
ပကတိအင်မော်တယ် နဝမအဆင့် ပိန်ပါးပါးလူငယ် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ပြီးနောက်တွင် လူတိုင်းသည် လော့ရင်ကို အနည်းငယ် ရှိန်သွားခဲ့ကြသည်။
စင်မြင့်ပေါ်ရှိ နေရာတစ်ခုကို ယုံကြည်မှုရှိစွာ ရယူထားပြီး စိန်ခေါ်မှုကို လက်ခံနိုင်သူများသည် သာမန်လူများ မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
ဆိုရလျှင် စင်မြင့်ပေါ်ရှိ နေရာတစ်ခုကို ရယူရန်မှာ မည်သို့မျှ မလွယ်ကူပေ။
သို့သော်လည်း လူအများစုသည် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ဆုလာဘ်ကို အလွန်တရာ မက်မောနေကြဆဲ ဖြစ်သည်။
ယေဘုယျအားဖြင့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးဦးသာလျှင် အမည်မဲ့အင်မော်တယ် နန်းတော်သို့ ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ရပြီး အဖွဲ့ဝင် ဖြစ်လာနိုင်သည်။
သို့သော်လည်း ထိပ်ဆုံးဆယ်ဦး စာရင်းဝင်ပြီး သင်၏ စွမ်းဆောင်ရည်က ကောင်းမွန်နေလျှင်လည်း အမည်မဲ့အင်မော်တယ် နန်းတော်သို့ ဝင်ရောက်ခွင့် ရရှိနိုင်ပေသည်။
မကြာမီမှာပင် ချည်ထိုးဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် စိန်ခေါ်ရန် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး လော့ရင်၏ နံဘေးရှိ ပကတိအင်မော်တယ် နဝမအဆင့် လူငယ်တစ်ဦးကို စိန်ခေါ်လိုက်သည်။
ချည်ထိုးဝတ်စုံဝတ် လူငယ်မှာ ပကတိအင်မော်တယ် အဋ္ဌမအဆင့် ကျင့်ကြံသူသာ ဖြစ်သည်။
ထို့ကြောင့် လူအများစုသည် ချည်ထိုးဝတ်စုံဝတ် လူငယ်အပေါ်တွင် သိပ်အထင်မကြီးခဲ့ကြပေ။
စင်မြင့်ပေါ်သို့ တက်လာသော ချည်ထိုးဝတ်စုံဝတ် လူငယ်ကို အကဲခတ်ရင်း ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ချည်ထိုးဝတ်စုံဝတ် လူငယ်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသော်လည်း ခွန်အားကမူ ဝမ်ရှင်းဟန်ထက် မဆိုးဟု သူ ခံစားခဲ့ရသည်။
ချည်ထိုးဝတ်စုံဝတ် လူငယ် စိန်ခေါ်လိုက်သည့် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင်မှာ စန်းယွင်အင်မော်တယ်မြို့ရှိ ဟယ်မိသားစုမှ ဟယ်ချန်ရီထက် အနည်းငယ် နိမ့်ကျသည်။
ယင်းကြောင့် ထိုပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် သူ၏ နေရာကို ထိန်းထားနိုင်ရန် ခက်ခဲလိမ့်မည်ဟု ကျန်းချန် ယူဆခဲ့၏။
လက်တွေ့ အရှိတရားကလည်း ကျန်းချန် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။
တိုက်ကွက် သုံးကွက်အတွင်းမှာပင် ချည်ထိုးဝတ်စုံဝတ် လူငယ်သည် ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူကို စင်မြင့်ပေါ်ကနေ တွန်းထုတ်လိုက်ပြီး စင်မြင့်ပေါ်ရှိ ထိုကျင့်ကြံသူ၏ နေရာကို အစားထိုး ရယူလိုက်သည်။
“ပကတိအင်မော်တယ် အဋ္ဌမအဆင့်က ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းအား ရှိနေတယ်လား.. ဒီလူက ဘယ်သူလဲ”
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် မှင်တက်သွားခဲ့ကြပြီး တစ်ခဏမျှ သတိပြန်မဝင်လာနိုင် ဖြစ်နေခဲ့ကြသည်။
“ဒီတိုက်ပွဲမှာ နဲ့ဟယ်ယွမ် အနိုင်ရတယ်”
ထိုအချိန်တွင် လျှိုဝူချန်းသည် ရလဒ်ကို ကြေညာလိုက်သည်။
“နဲ့ဟယ်ယွမ်လား”
“သူဘယ်သူလဲဆိုတာ ငါသိပြီ.. ဒီလူက ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်ရဲ့ မျိုးဆက်ပဲ ဖြစ်ရမယ်”
လျှိုဝူချန်းက ချည်ထိုးဝတ်စုံဝတ် လူငယ်၏ အမည်အား ပြောလိုက်သည်ကို ကြားလျှင် ရင်ပြင်ရှိ ကျင့်ကြံသူ တစ်ယောက်သည် တစ်စုံတစ်ရာကို သတိရသွားခဲ့ပြီး တအံ့တဩ ရေရွတ်လိုက်သည်။
ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်၏ မျိုးဆက် ဟူသော စကားကို ကြားလျှင် ရင်ပြင်အတွင်းရှိ ကျင့်ကြံသူများ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ်လောကတွင် တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိသူများကိုသာ အင်မော်တယ်အရှင် ဟူသည့် ဘွဲ့အမည် ပေးပိုင်ခွင့် ရှိသည်။
ဆိုရလျှင် ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်သည် စန်းယွင်ပြည်နယ်တွင် နာမည်ကျော်ကြားသော တလော့အရှင် တစ်ပါး ဖြစ်၏။
စန်းယွင်ပြည်နယ်တွင် တလော့အင်မော်တယ်အရှင် အရေအတွက်သည် လက်ချိုးရေတွက်၍ပင် ရသည်။
တလော့အင်မော်တယ်အရှင်ကို ပိုင်ဆိုင်ထားသော တလော့အင်အားစု သုံးစုမှ လွဲ၍ အခြားသော တလော့အင်မော်တယ် အရှင်တစ်ဦးသာ ရှိပြီး ထိုသူမှာ ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်ပင် ဖြစ်သည်။
ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်သည် စန်းယွင်ပြည်နယ်တွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။
သူ၏ နောက်ခံနှင့်ပါရမီက သာမန်မျှသာ ဖြစ်ပြီး ဂိုဏ်းမရှိသော ကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။
အဆုံးသတ်တွင် နဲ့ယွိထျန်းသည် ကြီးကျယ်သော အခွင့်အလမ်းများကို ရရှိကာ တလော့အင်မော်တယ်အဆင့်အထိ ရောက်ရှိခဲ့သည်။
တလော့အင်မော်တယ်အရှင်၏ မျိုးဆက်တစ်ဦး အနေဖြင့် နဲ့ဟယ်ယွမ်၏ ပါရမီသည် သာမန် ပါရမီရှင်များထက် သိသိသာသာပင် သာလွန်နေခဲ့၏။
ပကတိအင်မော်တယ် နဝမအဆင့် ကျင့်ကြံသူသည် အလွန်တရာ အစွမ်းထက်သော်လည်း နဲ့ဟယ်ယွမ်၏ ရှေ့မှောက်တွင် မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
ယခု နဲ့ဟယ်ယွမ်က နေရာတစ်ခု ယူထားလိုက်သည်ကိုမြင်လျှင် လူငယ်ပါရမီရှင် အများအပြား၏ မျက်ဝန်းထဲတွင် အနည်းငယ် စိတ်ပျက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
နဲ့ဟယ်ယွမ်သည် ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်ကြံသူများထက် မနိမ့်ကျပေ။
ဆိုရလျှင် ထိုင်ခုံ ဆယ်နေရာတွင် သူတို့ စိန်ခေါ်နိုင်မည့် သူတစ်ဦး သိသိသာသာပင် လျော့နည်းသွားခဲ့ချေပြီ။
ထို့ကြောင့် ပါရမီရှင်များ၏ အာရုံစိုက်မှုသည် ကျန်ရှိသော ပကတိအင်မော်တယ် နဝမဆင့် ပါရမီရှင်သုံးဦး အပေါ်တွင်သာ စုပြုံ၍ ကျရောက်နေခဲ့သည်။
သူတို့အနေဖြင့် ထိုသုံးဦးကိုသာ စိန်ခေါ်ရန် ပစ်မှတ်အဖြစ် သတ်မှတ်ထားသည်မှာ ထင်ရှားနေခဲ့၏။
သို့ရာတွင် သူတို့သည် ကျန်ရှိသော ပကတိအင်မော်တယ် နဝမဆင့် ကျင့်ကြံသူ သုံးဦးကို ကြည့်နေကြသော်လည်း မည်သူမျှ အလွယ်တကူ မတိုက်ခိုက်ရဲကြပေ။
ထိုအချင်းအရာကို မြင်လျှင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လူအုပ်ထဲကနေ ထွက်လာပြီး စင်မြင့် ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။
အခန်း(၂၇၃၆)ပြီး၏။