← Chapters

အခန်း (၂၇၃၇-၂၇၃၈)

Vol. 214 Ch. 2737-2738

အခန်း (၂၇၃၇-၂၇၃၈)

Vol. 214 Ch. 2737-2738

အခန်း(၂၇၃၇)

“တစ်ယောက်ယောက်ကတော့ စိန်ခေါ်ဖို့ စင်ပေါ်ကို တက်သွားပြီ”

ထိုအခိုက်အတန့်တွင် ရင်ပြင်ထဲရှိ လူတိုင်း၏ အကြည့်သည် ကျန်းချန်ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။

“ဒီကောင်က ဘယ်သူလဲ.. သူ့ရဲ့ခွန်အားက သိပ်မကောင်းတဲ့ပုံပဲ.. ပကတိအင်မော်တယ်အဆင့် ကျင့်ကြံသူ သုံးယောက်ထဲမှာ သူ ဘယ်သူ့ကို စိန်ခေါ်မလဲ မသိဘူး”

“ဒီလူ့ကို အထင်မသေးနဲ့.. သူ့မှာ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်တဲ့ လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေလောက်တယ်.. နဲ့ဟယ်ယွမ်လိုပဲ သူလည်း လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ပြနိုင်မယ် ထင်တယ်”

“နဲ့ဟယ်ယွမ်က တလော့အင်မော်တယ်အရှင်ရဲ့ မျိုးဆက်လေ.. ဒီကောင်က နဲ့ဟယ်ယွမ်နဲ့ ဘယ်လိုလုပ်ပြီး ယှဥ်လို့ရမှာလဲ”

ရင်ပြင်ထဲရှိ လူအများအပြားသည် စင်မြင့်ပေါ်သို့ တက်လှမ်းသွားသည့် ကျန်းချန်ကို ကြည့်ကာ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။

“ဒီကောင်လေး နောက်ဆုံးတော့ စင်မြင့်ပေါ် တက်လာခဲ့ပြီပဲ”

စင်မြင့်ပေါ်သို့ တက်လှမ်းလာသည့် ကျန်းချန်ကို မြင်လျှင် လျှိုဝူချန်း၏ မျက်ဝန်းထဲတွင် အပြုံးရိပ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က အရှိန်အဝါကို ဖုံးကွယ်ရန် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုထားသောကြောင့် သူကိုယ်တိုင် ပင်လျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက် မမြင်နိုင်သော်လည်း ကျန်းချန်၏ ခွန်အားသည် သူနှင့် နောက်ဆုံးတွေ့ဆုံခဲ့သည့် အချိန်ကထက် များစွာ တိုးတက်လာသည်ကို သူ ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

“ဒီ‌ကောင်လေးက အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်ကို အသုံးပြုပြီး အဆင့်တက်သွားပုံပဲ”

လျှိုဝူချန်း၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။

အမည်မဲ့အင်မော်တယ် နှင်းရည်တစ်စက်သည် ဥာဏ်အလင်းပွင့်စေပြီး ကျင့်ကြံမှုတွေ များစွာ တိုးတက်စေရန် အထောက်အပံ့ ပြုသော်လည်း သာမန်လူများ အတွက်မူ ဥာဏ်အလင်းပွင့်စေရန် အတွက် အချိန်များစွာ လိုအပ်သည်။

ကျန်းချန်သည် နှစ်ပတ်အတွင်း ဥာဏ်အလင်းပွင့်ခြင်းသည် ဤကမ္ဘာပေါ်တွင် အလွန်တရာပင် ရှားပါး၏။

“ဗျိုင်းဖြူအင်မော်တယ်အရှင် နဲ့ယွိထျန်ရဲ့ မျိုးဆက်က အမည်မဲ့အင်မော်တယ် ပြိုင်ပွဲမှာ ပါဝင်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး.. ဒီတစ်ခေါက်ပြိုင်ပွဲမှာ ပါရမီရှင်တွေ အတော်လေး များတာပဲ”

ထိုအခိုက်အတန့်တွင် လျှိုဝူရှန်း၏ နံဘေးရှိ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုက ရေရွတ်လိုက်သည်။

“ကံမ‌ကောင်းစွာနဲ့ စန်းယွင်ပြည်နယ်က တလော့အမွေအနှစ် ဆက်ခံထားတဲ့ သူတွေ ရောက်မလာကြဘူး.. ဒါပေမဲ့ နဲ့ဟယ်ယွမ်ကလည်း မဆိုးပါဘူးလေ.. တလော့အင်မော်တယ် မျိုးဆက် ဖြစ်သောကြောင့် နဲ့ဟယ်ယွမ်မှာ ထူးခြားတဲ့ ပါရမီနဲ့ သွေးမျိုးဆက် ရှိပြီး သူ့ရဲ့နောက်ခံကို သာမန် ပါရမီရှင်တစ်‌ယောက်က ဘယ်လိုမှ ယှဥ်နိုင်မှာ မဟုတ်ဘူး"

"လက်ရှိမှာ သူက ပကတိအင်မော်တယ် အဋ္ဌမအဆင့်သာ ရှိသေးပေမဲ့ ပကတိအင်မော်တယ် နဝမအဆင့်နဲ့ ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ်အဆင့် ပါရမီရှင်တွေတောင် သူ့ရဲ့ပြိုင်ဘက် ဖြစ်ချင်မှ ဖြစ်လိမ့်မယ်.. မတော်တဆဖြစ်ရပ်တွေ မဖြစ်ခဲ့ဘူးဆိုရင် ဒီတစ်ကြိမ် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲရဲ့ ပထမနေရာက နဲ့ဟယ်ယွမ် အတွက် ဖြစ်မှာ သေချာသလောက်ပဲ”

“တလော့အင်မော်တယ် မျိုးဆက်တွေက တကယ်ကို ထူးခြားပါတယ်”

လျှိုဝူချန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ အမည်မဲ့အင်မော်တယ် ပြိုင်ပွဲရဲ့ ပထမနေရာကို ရချင်တယ် ဆိုရင်တော့ လိုအပ်သေးတယ်လို့ ငါထင်တယ်”

ထိုစကားကိုကြားလျှင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဒီနေ့ကျင်းပတဲ့ သိုင်းပြိုင်ပွဲမှာ ယွိချန်အင်မော်တယ်ဂိုဏ်းက ယွိစစ်ချန်နဲ့ စန်းယွင်အင်မော်တယ်နန်းတော်က ဝမ်ရှင်းဟန်တို့က လွဲရင် ကျန်တဲ့သူတွေက အများကြီး အားနည်းတယ်.. ကောင်းကင်အင်မော်တယ် ပထမအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတောင် သူတို့နှစ်ယောက်ထက် ပိုပြီးဆိုးရွားနိုင်တယ်.. နဲ့ဟယ်ယွမ်ရဲ့ကျင့်ကြံမှုက သူတို့နှစ်ယောက်ထက် အနည်းငယ် နိမ့်ကျပေမဲ့ တလော့အင်မော်တယ်ရဲ့မျိုးဆက် ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဆိုရင်တော့ သူ့ရဲ့နောက်ခံကို ယွိစစ်ချန်နဲ့ ဝမ်ရှင်းဟန် တို့က ဘယ်လိုမှ မယှဥ်နိုင်ဘူး.. အကြီးအကဲလျှိုရဲ့ အမြင်မှာ ဒီနှစ်ယောက်ထက် ပိုပြီး ထူးချွန်တဲ့ ပါရမီရှင် ရှိနေလို့လား”

လျှိုဝူချန်းနှင့် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုတို့ စကားပြောဆိုနေစဥ်မှာပင် ကျန်းချန်သည် မရေမတွက်နိုင်သော အကြည့်အောက်မှာပင် ရင်ပြင်အလယ်ဗဟိုရှိ စင်မြင့်ပေါ်ကို လှမ်းတက်လာခဲ့သည်။

သိပ်မကြာခင်မှာပင် လူတိုင်းအတွက် မယုံကြည်နိုင်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့၏။

လူတိုင်း မျှော်လင့်ထားသကဲ့သို့ ကျန်းချန်သည် ပကတိအင်မော်တယ် နဝမအဆင့် ပါရမီရှင် သုံးယောက်ကို စိန်မခေါ်ခဲ့ဘဲ ဝမ်ရှင်းဟန်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူ၏ မောက်မာသော စကားသံသည် ရင်ပြင်အထက်ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဝမ်ရှင်းဟန် စိတ်မကောင်းပါဘူး...မင်းရဲ့နေရာကို ငါ သဘောကျသွားပြီ.. မင်းဘာသာမင်း ဖယ်မလား ဒါမှမဟုတ် ငါကိုယ်တိုင် မင်းကို ဖယ်ထုတ်ရမလား”

ကျန်းချန်၏ စကားကိုကြားလျှင် ရင်ပြင် တစ်ခုလုံးသည် ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

“ချီး.. ဒီကောင်က စန်းယွင်အင်မော်တယ် နန်းတော်က ဝမ်ရှင်းဟန်ကို စိန်‌ခေါ်လိုက်တာလား.. ငါနားကြားမှားတာတော့ မဟုတ်ပါဘူးနော်”

ရင်ပြင်ထဲရှိ မရေမတွက်နိုင်သော လူများသည် ကျန်းချန်၏ မောက်မာသော စကားကို ကြားလျှင် အကြားအာရုံ ချို့ယွင်းနေသလားဟုပင် သူတို့ကိုယ် သူတို့ ထင်မိသွားကြသည်။

ဝမ်ရှင်းဟန်ဆိုသည်မှာ တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ် နန်းတော်မှ ထိပ်တန်းပါရမီရှင် ဖြစ်ပြီး စန်းယွင်ပြည်နယ် တစ်ခုလုံးမှာပင် နာမည်ကျော်ကြားသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။

ဤအမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် သူနှင့် ယှဥ်နိုင်သည့် ပါရမီရှင် ဆို၍ ယွိချန်အင်မော်တယ်ဂိုဏ်းမှ ယွိစစ်ချန်နှင့် တလော့အင်မော်တယ် အရှင်၏ မျိုးဆက် ဖြစ်သည့် နဲ့ဟယ်ယွမ်တို့သာ ရှိသည်။

“ဒီကောင်က ဝမ်ရှင်းဟန်ကိုတောင် စိန်ခေါ်နေတာ ဆိုတော့ ဒီကောင့်ရဲ့ ခေါင်းက မြည်းအကန်ခံလိုက်ရတာပဲ ဖြစ်ရမယ်”

“စိတ်ဝင်စားစရာပဲ”

လျှိဝူချန်း၏ နံဘေးရှိ မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအိုသည် တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် လျှိုဝူချန်းကို ကြည့်လိုက်သည်။

ထိုလူငယ်က စန်းယွင်အင်မော်တယ် နန်းတော်မှ ဝမ်ရှင်းဟန်ကိုပင် စိန်ခေါ်ရဲ၍ ငတုံးတစ်ယောက် မဟုတ်ခဲ့လျှင် ထိုလူငယ်သည် သူ၏ကိုယ်ပိုင်စွမ်းရည် အပေါ်တွင် အကြွင်းမဲ့ယုံကြည်မှုရှိသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ဖို့များ၏။

အကယ်၍ သူ၏ ခန့်မှန်းချက်သာ မမှားလျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် လျှိုဝူချန်း ဆိုလိုသည့် နဲ့ဟယ်ယွမ်ထက်ပင် သာလွန်သည့်သူ ဖြစ်နိုင်ခြေ အလွန်များသည်။

စင်မြင့်ပေါ်ရှိ ဝမ်ရှင်းဟန်သည် ကျန်းချန်၏ စိန်ခေါ်ခြင်းကို ခံလိုက်ရလျှင် မျက်နှာတစ်ခုလုံး ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့သည်။

ကျန်းချန်နှင့် စတင် တွေ့ဆုံသည့် အချိန်ကစ၍ တလော့လျှို့ဝှက်နယ်မြေထဲတွင် ဖြစ်စေ၊ ကျန်းချန်ကို သတ်ဖြတ်ခဲ့ရန် ကြိုးစားခဲ့စဥ်က ဖြစ်စေ၊ သူက ကျန်းချန် ဆီကနေ မည်သို့မှ အသာစီး မရရှိခဲ့ပေ။

သူ့ဆရာ ပေးထားသည့် ဝှက်ဖဲကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်ကို အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

ယခု သူက ပကတိအင်မော်တယ် နဝမအဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီဖြစ်သော်လည်း သူ့ကို အမြဲတစေ ဖိနှိပ်နိုင်ခဲ့သည့် ကျန်းချန်နှင့် ရင်ဆိုင်ရာတွင် ယုံကြည်မှု မရှိပေ။

ယနေ့ကျင်းပသည့် အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ကျန်းချန်သည် သူ့ကို စိန်ခေါ်ရန် စင်မြင့်ပေါ်သို့ တက်လှမ်းလာခဲ့ပုံထောက်လျှင် သူ့ကို တမင်တကာ ပစ်မှတ်ထားရန် ရည်ရွယ်ထားသည်မှာ ထင်ရှားနေခဲ့သည်။

ယနေ့တွင် သူသာ ကျန်းချန်ကို ရှုံးနိမ့်သွားခဲ့လျှင် ကျန်းချန်သည် စင်မြင့်ထက်တွင် သူ့ကို အလွယ်တကူ အလွှတ်ပေးမည် မဟုတ်မှန်း ဝမ်ရှင်းဟန် ကောင်းစွာ သိနေခဲ့သည်။

“ဒါက ထိုင်ခုံလေးတစ်ခုံပါပဲ.. မင်းလိုချင်မှတော့ ငါမင်းကို ပေးလိုက်မယ်”

အဆုံးသတ်တွင် ဝမ်ရှင်းဟန်သည် တိုက်ပွဲကို ရှောင်ရှားရန် ရွေးချယ်ခဲ့ပြီး သူ၏ ထိုင်ခုံကနေ ဖယ်လိုက်ကာ စင်မြင့်ပေါ်ကနေ ဆင်းသွားခဲ့သည်။

ဤတစ်ကြိမ် ကျင်းပသည့် အမည်မဲ့အင်မော်တယ်ပြိုင်ပွဲသည် အနည်းငယ် ထူးခြားပြီး အကယ်၍ ပြိုင်ပွဲတွင် ပထမနေရာ ရနိုင်ခဲ့မည် ဆိုလျှင် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဧည့်အကြီးအကဲ ဖြစ်လာနိုင်ပြီး မမျှော်မှန်းနိုင်သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း ယွိချန်အင်မော်တယ်ဂိုဏ်းမှ ယွိစစ်ချန်နှင့် တလော့အင်မော်တယ်၏ မျိုးဆက် ဖြစ်သည့် နဲ့ဟယ်ယွမ်တို့ ပါဝင်နေသောကြောင့် သူ့အနေဖြင့် ပထမနေရာကို ရရှိရန်မှာ အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်သည်။

ထို့အပြင် ကျန်းချန်သည်လည်း အမည်မဲ့အင်မော်တယ် ပြိုင်ပွဲတွင် ပါဝင်ကာ သူ့ကို တိုက်ရိုက် စိန်ခေါ်နေခဲ့သည်။

ကျန်းချန်ထံတွင် ရည်ရွယ်ချက်ကောင်း မရှိမှန်း ထင်ရှားနေသည် ဖြစ်ရာ သူက အဘယ်ကြောင့် ကျန်းချန်နှင့် ယှဥ်ပြိုင်နေရပါမည်နည်း။

“ဒါက ဘယ်လိုဖြစ်ရတာလဲ”

ဝမ်ရှင်းဟန်က သူ၏နေရာကို စွန့်လွှတ်လိုက်သည်အား မြင်လျှင် ရင်ပြင် တစ်ခုလုံးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် သူတို့ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် ကိုယ်တိုင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

ဝမ်ရှင်းဟန် ဆိုသည်မှာ စန်းယွင်ပြည်နယ်ရှိ အင်အားအကြီးဆုံး တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော်၏ နာမည်ကျော် ပါရမီရှင်တစ်ဦး ဖြစ်သည်။

ထိုကဲ့သို့ ပါရမီရှင်သည် စန်းယွင်ပြည်နယ် တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ထိပ်ဆုံးဆယ်ယောက် စာရင်းထဲ၌ ပါဝင်ရန် လုံလောက်၏။

သို့သော်လည်း နာမည်မရှိသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးသည် ဝမ်ရှင်းဟန်ကို စကားတစ်ခွန်းတည်းဖြင့်ပင် နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့သည်။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

စင်မြင့်ပေါ်မှ ယွိစစ်ချန်နှင့် နဲ့ဟယ်ယွမ် တို့သည် ကျန်းချန်က ဝမ်ရှင်းဟန်ကို နေရာဖယ်ခိုင်းလိုက်သည်အား မြင်လျှင် တခဏမျှ မှင်တက်သွားခဲ့ပြီး ကျန်းချန်ကို စိုက်ကြည့်လိုက်ကြသည်။

စန်းယွင်အင်မော်တယ် နန်းတော်၏ နာမည်ကျော်ပါရမီရှင်တစ်ယောက် အနေဖြင့် ဝမ်ရှင်းဟန်သည် မာနကြီးသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

ကျန်းချန်၏ နေရာတွင် သူတို့နှစ်ယောက် ဆိုလျှင် ဝမ်ရှင်းဟန်ကို စကားတစ်ခွန်းတည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်ဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဝမ်ရှင်းဟန်ကို စကားတစ်ခွန်းတည်းဖြင့် မောင်းထုတ်နိုင်ခဲ့ပုံ ထောက်လျှင် ထိုလူငယ်၏ ခွန်အားသည် ဝမ်ရှင်းဟန်ထက် များစွာ သာလွန်နေမှန်း သက်သေပြရန် လုံလောက်နေခဲ့ပြီ မဟုတ်ပါလော။

အခန်း(၂၇၃၇)ပြီး၏။

အခန်း(၂၇၃၈)

လူတိုင်း၏ မျက်စိရှေ့တွင် စင်မြင့်ပေါ်မှ ဆင်းသွားပြီးနောက် ဝမ်ရှင်းဟန်သည် အခြားသူများကို ဆက်လက်စိန်ခေါ်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

သူက အမည်မဲ့ အင်မော်တယ်ပြိုင်ပွဲကို သိသိသာသာပင် စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ဝမ်ရှင်းဟန်ကို အမည်မဲ့အင်‌မော်တယ် ပြိုင်ပွဲအား စိတ်ဝင်စားစေသည့် တစ်ခုတည်းသောအရာမှာ ပြိုင်ပွဲ၏ ပထမနေရာသာ ဖြစ်သည်။

ပထမနေရာကို မရနိုင်လျှင် ပြိုင်ပွဲတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးတော့ပေ။

“ဒီကောင်လေးက ဘယ်သူလဲ”

“စန်းယွင်အင်မော်တယ် နန်းတော်က ဝမ်ရှင်းဟန်ကတောင် သူ့ကို ဖယ်ပေးရလောက်တဲ့ အထိ သူက အရမ်းအစွမ်းထက်နေလို့လား"

"ငါ့အမြင်တော့ ဒီကောင်က အဲဒီလောက်အထိ အစွမ်းထက်မဲ့ပုံလည်း မပေါ်ဘူး.. ဒီကောင်က ဝမ်ရှင်းဟန်နဲ့ အသိတွေ ဖြစ်နိုင်တယ်.. ဒါကြောင့် ဝမ်ရှင်းဟန်က သူ့ကို မျက်နှာသာပေးလိုက်တာပဲ ဖြစ်ဖို့များတယ်"

"အဲဒါဆိုရင်လည်း စိန်ခေါ်ကြည့်လိုက်လေ.. အဖြေကို သိရမှာပေါ့"

"ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းဟန်ကို သူ့နေရာကနေ စွန့်လွှတ်အောင် လုပ်နိုင်ပုံထောက်ရင် သာမန်လူ မဟုတ်တာတော့ သေချာတယ်”

ရင်ပြင်ရှိ လူအုပ်ကြီးသည် ထပ်မံ၍ ဆွေးနွေးငြင်းခုန်နေခဲ့ကြသည်။

စင်မြင့်ပေါ်ရှိ ထိုင်ခုံများအတွက် ယှဥ်ပြိုင်တော့မည့် လူငယ် ပါရမီရှင်များသည် စင်မြင့်ပေါ်ရှိ ကျန်းချန်ကို ကြည့်ရင်း အတွေးကိုယ်စီ ရှိနေကြသည်။

အဆုံးသတ်တွင် လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး ကျန်းချန်ကို တိုက်ရိုက်ပင် စိန်ခေါ်လိုက်သည်။

ထိုသူမှာ ဓားကဲ့သို့မျက်ခုံးနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများ ရှိသည့် အပြာရောင်ဝတ်စုံဝတ် ဓားသမားတစ်ဦး ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။

သူက ကျန်းချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။

“ငါက ချင်းယွမ်အင်မော်တယ်မြို့မှာ အခြေစိုက်တဲ့ ရှန်မိသားစုက ရှန်ချိုးပါ ကျေးဇူးပြုပြီး သင်ပြပေးပါဦး”

“ရှန်မိသားစုက ရှန်ချိုးလား”

သူ့ကိုသူ မိတ်ဆက်လိုက်သော ရှန်ချိုး၏ စကားကိုကြားလျှင် လူအများအပြား အံ့အားသင့်သွားခဲ့ကြသည်။

ချင်းယွမ်အင်မော်တယ်မြို့သည် စန်းယွင်ပြည်နယ်ရှိ အင်မော်တယ် မြို့ကြီးကိုးမြို့တွင် တတိယနေရာ၌ ရှိပြီး ရှန်ချိုး၏ ရှန်မိသားစုသည် ချင်းယွမ်အင်မော်တယ်မြို့၏ နံပါတ်တစ် ရွှေအင်မော်တယ်အဆင့် အင်အားစုဖြစ်ကာ စန်းယွင်ပြည်နယ် တစ်ခုလုံးတွင် ကျော်ကြားသော ဓားအင်မော်တယ် မိသားစုလည်း ဖြစ်သည်။

ရှန်မိသားစု၏ အထွတ်အထိပ်ကာလတွင် တလော့အဆင့် ဓားအင်မော်တယ် တစ်ပါးပင် ရှိခဲ့ဖူးသည်။

နောက်ပိုင်းတွင် ရှန်မိသားစုမှ တလော့အင်မော်တယ် အဆင့် ဓားအင်မော်တယ်သည် အကြောင်းပြချက်မရှိဘဲ ပျောက်ဆုံးသွားခဲ့ရာ ရှန်မိသားစု၏ အင်အားကို များစွာ ဆုတ်ယုတ်သွားစေခဲ့သည်။

သို့သော်လည်း ပိန်သွားသော ကုလားအုပ်သည် မြင်းထက်ကြီးမားနေဆဲပင်။

ယနေ့ခေတ်တွင် ရှန်မိသားစုသည် စန်းယွင်ပြည်နယ်ရှိ အားအကောင်းဆုံး ရွှေအင်မော်တယ် အင်အားစုများထဲမှ တစ်ခု ဖြစ်နေဆဲဖြစ်ကာ စန်းယွင်ပြည်နယ်၏ နံပါတ်တစ် ဓားကျင့်ကြံသူ မိသားစုလည်း ဖြစ်ပြီး တလော့အဆင့် အင်အားစုကြီး သုံးစု ပြီးလျှင် အင်အားအကောင်းဆုံး မိသားစု ဖြစ်သည်။

ရှန်မိသားစု၏ ပါရမီရှင်တစ်ဦးအနေဖြင့် ရှန်ချိုးသည် တလော့အဆင့် ဓားနည်းစနစ်များကို ကျင့်ကြံထား၍ ရှန်ချိုး၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန်မဟုတ်ပေ။

ယင်းကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ပကတိအင်မော်တယ် နဝမအဆင့်ရှိ ဝမ်ချင်းဟန်ကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်း အပြည့်ရှိသည်။

သို့သော်လည်း ရှန်ချိုးသည် အမြဲတစေ သိုသိုသိပ်သိပ် နေထိုင်လေ့ရှိပြီး စန်းယွင်ပြည်နယ်တွင် လှုပ်ရှားမှု သိပ်မရှိသဖြင့် စန်းယွင်ပြည်နယ်၏ ထိပ်တန်းပါရမီရှင် ဖြစ်သော ဝမ်ရှင်းဟန်လောက် ကျော်ကြားမှု မရှိပေ။

ဤအခိုက်အတန့်တွင် ကျင့်ကြံသူများစွာသည် ကျန်းချန်အတွက် ရင်တထိတ်ထိတ် ဖြစ်နေခဲ့ကြသည်။

အကယ်၍ ကျန်းချန်သာ ဝမ်ရှင်းဟန်နှင့် တန်းတူခွန်အား မရှိခဲ့လျှင် ရှန်ချိုးကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဖြစ်၏။

ကျန်းချန်က သူ၏ ထိုင်ခုံကနေ အသာအယာ ထလိုက်ပြီး လက်တစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရှန်ချိုးကို အေးစက်စက် ကြည့်လိုက်သည်။

“မင်းရဲ့ခွန်အားက ဘယ်ဆိုးလို့လဲ.. ဒီစင်မြင့်ပေါ်မှာ မင်းကို အနိုင်ယူနိုင်တဲ့သူ သိပ်မရှိဘူး.. တကယ်လို့ မင်းသာ တခြားသူကို ပြောင်းလဲ စိန်ခေါ်မယ်ဆိုရင် ဒီထိုင်ခုံဆယ်လုံးထဲမှာ မင်းအတွက် နေရာတစ်နေရာ ရှိမှာ သေချာသလောက်ပဲ.. ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ မင်းက ငါ့ကို ရွေးချယ်မိခဲ့တယ်”

“ငါရှန်ချိုးက အမည်မဲ့အင်‌မော်တယ်ပြိုင်ပွဲကို စိတ်ထဲ သိပ်မထားဘူး.. ငါ စင်ပေါ်တက်လာပြီး စိန်ခေါ်ရတဲ့ အကြောင်းရင်းက မင်းဆီကနေ ဓားအရှိန်အဝါကို ခံစားမိလိုက်လို့ပဲ”

ထိုစကားကို ပြောရင်း ရှန်ချိုး၏ နောက်ကျောတွင် လွယ်ပိုးထားသည့် အပြာရောင်ဓားရှည်သည် ရုတ်တရက် ရှန်ချိုး၏ လက်ဖဝါး ထဲသို့ ရောက်ရှိလာခဲ့သည်။

ရှန်ချိုးက ဓားကို ကိုင်စွဲ၍ ရပ်နေခဲ့ပြီး ကျန်းချန်ကို စေ့စေ့စိုက်ကြည့်လိုက်သည်။

“တိုက်ကွက်ထုတ်လိုက်ပါ.. ဝမ်ရှင်းဟန်ကို စကားတစ်ခွန်းတည်းနဲ့ နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့ ဓားလမ်းစဥ်ပါရမီရှင်က ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ ငါသိချင်တယ်”

ထိုစကားကိုကြားလျှင် ကျန်းချန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက ဓားအင်မော်တယ် တစ်ပါး ဖြစ်နေသောကြောင့် ရှန်ချိုးက သူ့ကို စိန်‌ခေါ်ခြင်းဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျန်းချန်က ရုတ်တရက် ဆွံ့အသွားခဲ့သည်။

အဆင့်နိမ့်စကြဝဠာတွင်ဖြစ်စေ၊ အင်မော်တယ်လောကတွင်ဖြစ်စေ ဓားလမ်းစဥ်ကို ကျင့်ကြံသူများသည် အလွန်ပင် တိုက်ခိုက်လိုစိတ် ပြင်းထန်သော သိုင်းရူးများသာ ဖြစ်ပုံရသည်။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် ထျန်းရှန်းအင်မော်တယ်ဓားသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

“မင်းပဲ အရင်စလိုက်ပါ”

“ကောင်းပြီလေ ဒါဆို ငါပဲ အရင်စလိုက်မယ်.. ငါ့လက်ထဲက ဓားက ငါတို့ ရှန်မိသားစုရဲ့တစ်ခုတည်းသော တလော့အင်မော်တယ်အဆင့်ဓား ဖြစ်တဲ့ ချင်းလီ အင်မော်တယ်ဓားပဲ.. ငါ စတိုက်ပြီ”

စကားဆုံးသည်နှင့် ရှန်ချိုးသည် သူ၏ လက်ထဲရှိ ချင်းလီအင်မော်တယ်ဓားကို ကိုးကြိမ်ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။

ဓားချီကိုးခုသည် လေထုထဲတွင် အပြာရောင် ဓားအလင်းများ အဖြစ် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ လည်ချောင်း၊ နှလုံး၊ ဦးခေါင်းနှင့် မျက်လုံးများ အပါအဝင် အသက်အန္တရာယ်ရှိသော နေရာ ကိုးနေရာကို ဦးတည်၍ လာခဲ့သည်။

ချင်းယွမ်အင်‌မော်တယ်မြို့တော်ရှိ ရှန်မိသားစုမှ ပါရမီရှင်ဓားအင်မော်တယ် တစ်ဦး အနေဖြင့် ရှန်ချိုးသည် ထူးခြားသော ဓားသိုင်းကို တတ်မြောက်ထားသည့် အပြင် တလော့အင်မော်တယ်အဆင့် ဓားရတနာကိုပါ ကိုင်ဆောင်ထား၏။

စန်းယွင်အင်မော်တယ် နန်းတော်မှ ဝမ်ရှင်းဟန်နှင့် နှိုင်းယှဥ်လျှင်ပင် ရှန်ချိုး၏ ခွန်အားသည် နိမ့်ကျခြင်း မရှိပေ။

ရှန်ချိုး၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲခြင်း မရှိခဲ့ပေ။

သူက လက်ထဲရှိ ထျန်းရွမ် အင်မော်တယ်ဓားဖြင့် ဓားကွက်များကို ဆက်တိုက်ဆိုသလို ထုတ်ဖော်လိုက်သည်။

“ဝုန်း.ဝုန်း..ဝုန်း..”

လေထဲတွင် နှစ်ဦးစလုံး၏ ဓားချက်များသည် အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည်။

ရင်ပြင်ထဲရှိ လူအများစုသည် ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲနိုင်လောက်သည့် ပြင်းထန်သော ဓားချီများစွာ ပေါက်ကွဲထွက်လာခဲ့ပြီး လေထဲတွင် မတူညီသော ဓားအလင်းတန်း နှစ်ခု ထိပ်တိုက် ဆုံတွေ့နေသည်ကိုသာ ခပ်ရေးရေး မြင်နိုင်ခဲ့ကြသည်။

“တကယ်ကို မြန်ဆန်တဲ့ ဓားချက်တွေပဲ.. သူတို့ ဘယ်လိုတွေ လှုပ်ရှားနေလဲ ဆိုတာတောင် ငါ မမြင်နိုင်ဘူး”

စင်မြင့်ပေါ်ရှိ ထိုင်ခုံကိုကြည့်ရင်း လူအများအပြားသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ကြပေ။

သူတို့က မျက်လုံးများကို အတတ်နိုင်ဆုံး ပြူးကြည့်ကာ ကျန်းချန်တို့ နှစ်ဦး တိုက်ခိုက်မှုကို မြင်နိုင်ရန် ကြိုးစားနေခဲ့ကြသည်။

“စကားတစ်ခွန်းတည်းနဲ့ ဝမ်ရှင်းဟန်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်တဲ့သူက တကယ်ကို အံ့ဩစရာကောင်းတာပဲ.. တကယ်လို့ ငါသာသွားပြီး ကျန်းချန်ကို စိန်ခေါ်မယ်ဆိုရင် သူ့ရဲ့ ဓားချက်တစ်ချက်ကိုတောင် ခံနိုင်ရည်မရှိလောက်ဘူး ထင်တယ်”

ကျန်းချန်ကို စိန်ခေါ်ရန် အစီအစဥ်ရှိသော ကျင့်ကြံသူများသည် ဤအခိုက်အတန့်တွင် သူတို့ကိုယ် သူတို့ ကံကောင်းသည်ဟု ခံစားမိလိုက်ကြသည်။

လေထဲတွင် ကျန်းချန်တို့ နှစ်ဦးသည် ဆယ်ကွက်ထက် မနည်း အပြန်အလှန် တိုက်ခိုက်ကြပြီးနောက်တွင် ခြေလှမ်း အနည်းငယ် နောက်သို့ ဆုတ်သွားခဲ့ကြ၏။

“ဟားဟား ပျော်စရာပဲ.. စန်းယွင်ပြည်နယ်မှာ ပါရမီရှင်အများအပြား ရှိပေမဲ့ မင်းကတော့ ငါနဲ့လက်ရည်တူ ယှဥ်နိုင်တဲ့ သက်တူရွယ်တူထဲက ပထမဆုံး ဓားအင်မော်တယ်ပဲ.. ငါတို့နောက်ထပ် တိုက်ခိုက်ကြရအောင်”

ရှန်ချိုးက အားပါးတရ ရယ်မောလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

“စန်းယွင်ကောင်းကင်ဖြိုခွင်းနည်းစနစ်”

ရှန်ချိုးက ခန္ဓာကိုယ်ထဲမှ အင်မော်တယ်စွမ်းအားများနှင့် ဓားစွမ်းအားများကို ပေါင်းစပ်ကာ ကောင်းကင်နှင့်မြေကြီးကိုပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေလောက်သည့် အပြာရောင်ဓားအလင်းတစ်ခု အဖြစ် ပြောင်းလဲ၍ ကျန်းချန်ကို ခုတ်ပိုင်းချလိုက်သည်။

ရှန်ချိုး၏ ဓားချက်ကို မြင်လျှင် ယွိစစ်ချန်နှင့် နဲ့ဟယ်ယွမ်တို့၏ မျက်ဝန်းထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့နှစ်ဦး၏ ခွန်အားဖြင့်ပင် ရှန်ချိုး၏ ဓားချက်ကို ရင်ဆိုင်ရန်မှာ မလွယ်ကူလောက်ပေ။

“စန်းယွင်ကောင်းကင်ဖြိုခွင်း နည်းစနစ်က တကယ်ကို အံ့မခန်းပဲ.. ဒါက ရှန်မိသားစုက တလော့အင်မော်တယ် တီထွင်ထားတဲ့ ဓားသိုင်းပဲ.. ဒီအတိုင်းဆို ရှန်ချိုး ဆိုတဲ့ကောင်လေးက ဘယ်ဆိုးလို့လဲ”

အဓိကထိုင်ခုံတွင် လျှိုဝူချန်းနှင့် ဘေးချင်း ကပ်ရပ် ထိုင်နေသည့် မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုသည် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

သူက ချက်ချင်းဆိုသလိုပင် လျှိုဝူချန်းကို ကြည့်ကာ ပြုံး၍ မေးလိုက်သည်။

“အကြီးအကဲချုပ်လျှို.. ဒီတိုက်ပွဲမှာ ဘယ်သူအနိုင်ရမယ်လို့ ထင်လဲ”

“တကယ်လို့ သူတို့နှစ်ဦးသာ ကျင့်ကြံခြင်းအဆင့် အတူတူပဲ ဆိုရင် ရှန်ချိုးမှာ အခွင့်အရေး ရှိချင်ရှိလိမ့်မယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ..”

လျှိုဝူချန်းက ခေါင်းခါရမ်းလိုက်ပြီး သူ၏ စကားကို တစ်ဝက်တစ်ပျက်ဖြင့် ရပ်တန့်လိုက်သည်။

ချင်းယွမ်အင်မော်တယ်မြို့ရှိ ရှန်မိသားစုမှ ပါရမီရှင်သည် အမှန်တကယ်ပင် အံ့ချီးလောက်ဖွယ် အစွမ်းထက်ပြီး သူ၏ ပါရမီသည် စန်းယွင်ပြည်နယ် တစ်ခုလုံးတွင်ပင် ထိပ်ဆုံးငါးဦး စာရင်းထဲဝင်ရန် လုံလောက်သည်။

သို့သော်လည်း ကျန်းချန်နှင့် နှိုင်းယှဥ်လျှင်မူ ရှန်ချိုးသည် အတော်ဝေးဝေးတွင် ပြတ်ကျန်နေခဲ့ပြီ ဖြစ်သည်။

လျှိုဝူချန်း၏ စကားကိုကြားလျှင် မီးခိုးရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

လျှိုဝူချန်း၏ စကားအရ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ပကတိအင်မော်တယ် နဝမအဆင့်ရှိ ရှန်ချိုးထက် မြင့်မားနေကြောင်း သိသိသာသာပင် ဖော်ပြနေခဲ့သည်။

ပကတိ အင်မော်တယ် နဝမအဆင့်ထက် သာလွန်သော အဆင့် ဆိုလျှင် အနည်းဆုံး ခြေလှမ်းတစ်ဝက် ကောင်းကင်အင်မော်တယ် အဆင့် ဖြစ်လောက်သည် မဟုတ်ပါလား။

အခန်း(၂၇၃၈)ပြီး၏။

All Chapters