မဟာကောင်းကင်သခင်နှင့် ပြန်လည်ဆုံဆည်းခြင်း
Vol. 12 Ch. 1110
နေ့ရက်များ ကုန်ဆုံးသွား၏။ မြို့စားကျစ်လင်နှင့် သရဲကြီးဘုရင်ကြားက ကိစ္စသည် မြို့တော်တွင် အငြင်းပွားဖွယ်ကြီးကြီးမားမားမဖြစ်လိုက်ပေ။ တကယ်တမ်းတွင် လူအနည်းစုသာ သရဲကြီးဘုရင်က သူ၏ဘွဲ့နှင့်ရာထူးအချခံခဲ့ရကြောင်း သိသည်။
မြို့စားကျစ်လင်အကြောင်း ကောလဟသမှာ လျင်မြန်စွာ ငြိမ်သက်သွား၏။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နှင့် ပိုင်ရှောင်ချန်းတို့နှစ်ယောက်လုံး၏ အသိအမှတ်ပြုဖြင့် ဒုတိယအင်မော်တယ်နယ်မြေ၏ စွမ်းအားနှင့် ရင်းမြစ်အားလုံးအား ကောလဟလများနှင့် ရှိခဲ့သည့် မကောင်းသော သက်ရောက်မှုများ ပပျောက်အောင် သုံးစွဲလိုက်ကြလေသည်။
မသိသည့်လူများအတွက် ဒုတိယအင်မော်တယ်နယ်မြေသည် အလွန်အေးချမ်းတည်ငြိမ်ပုံရ၏။ သို့သော် စီရင်စုအမျိုးမျိုးမှ ဆရာကြီးများနှင့်အတူ မြို့တော်ရှိ နတ်ဘုရားတစ်ပိုင်းကျင့်ကြံသူဆယ်ယောက်တို့အားလုံး မုန်တိုင်းတစ်ခု အစပျိုးနေပြီဖြစ်ကြောင်း သိလေသည်။
ထိုမုန်တိုင်း၏ အလယ်တွင်ကား ပိုင်ရှောင်ချန်းနှင့် ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် ရှိပေသည်။ သူတို့သည် အခြားလူများအားလုံးအတွက် တန်ခိုးရှင်များအလားဖြစ်လေရာ သူတို့တစ်ယောက်နှင့်တစ်ယောက် ရန်စောင်နေကြသည်ကို တွေးလိုက်ရုံနှင့် လူအများအား ကြောက်လန့်တုန်ရီသွားစေတော့သည်။
မည်သည့်အချိန် မုန်တိုင်းကျမည်ကို ဘယ်သူမှ မသိပေ။ မကြာခင်သော်လည်းကောင်း၊ အချိန်အတော်ကြာမှသော်လည်းကောင်း ဖြစ်နိုင်သည်။ သို့သော် အနှေးနှင့် အမြန်လာမည်ကို သူတို့အားလုံး သိကြ၏။
ဖိအားများမြင့်တက်လာပြီး ကောင်းကင်ဧကရာဇ်နှစ်ပါးအကြား တင်းမာမှုများအကြောင်းသိသော လူတိုင်း ကောင်းကင်ဧကရာဇ်တစ်ပါး စိတ်မကွက်အောင် ရှောင်ရှားရန် တတ်နိုင်သမျှလုပ်ဆောင်ကာ အရာအားလုံးနှင့်ပတ်သက်၍ အဆုံးစွန်ထိ သတိကြီကြီးဖြင့် ဆောင်ရွက်နေကြလေသည်။
ရန်ပွဲအကြောင်းသိသော လူများ၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ မြင့်တက်နေစဥ် မြို့တော်ရှိ အဘိုးကြီးတစ်ဦးသည် အရာအားလုံးကို အနီးကပ်စောင့်ကြည့်နေ၏။
သူသည် ပြောပလောက်စရာမရှိသော အစိမ်းရောင်ဝတ်ရုံတစ်ထည်ကို ပုံမှန်ဝတ်ဆင်ပြီး မြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်၏ ဒုတိယထက်တွင် ထိုင်သည်။ သူက မနက်ခင်းတွင်ရောက်လာပြီး ထိုနေရာတွင် အရက်ထိုင်သောက်ကာ ကောင်းကင်ကို စိုက်ကြည့်နေတတ်သည်။
ဘယ်သူမှ သူ့နာမည်မသိသော်လည်း သူက အေးချမ်းတည်ငြိမ်နေရာ သူ၏ကျင့်ကြံခြင်းအခြေခံသည် သာမန်ထက်ထူးကဲကြောင်း ထင်ရှားနေစေတော့သည်။
သူ၏မျက်လုံးများထဲ တည်ရှိသည့် စူးရှထက်မြက်သောအလင်းကြောင့် သူ့ကို စစ်ဆေးပြီး ပြဿနာတစ်ခုခုရှာရန် တွေးခဲ့သော မည်သူမဆို ထိုအတွေးများအား ချက်ချင်းလက်လျှော့လိုက်မည်ဖြစ်သည်။ သူ၏တည်ငြိမ်သောအကြည့်အတွင်း နက်နဲသိမ်မွေ့စွာ ပြတ်သားသောအရာတစ်ခုလည်း ရှိနေသည် မဟုတ်ပါလော။
သူနှင့်ပတ်သက်သောအရာတစ်ခုက သာမန်ကျင့်ကြံသူများထက် သာလွန်နေသည်။ သိသာစွာပင် သူသည် တစ်ခါက မယုံကြည်နိုင်ဖွယ်ကောင်းသော တန်ခိုးအာဏာကို ကိုင်ဆောင်ခဲ့ဖူးခြင်း ဖြစ်မည်။ ထိုသည်က သူ့အတွက် သာမန်ထက်ထူးကဲသောအခြင်းအရာကို ပိုင်ဆိုင်နိုင်လောက်သည့် တစ်ခုတည်းသော အဖြေ ဖြစ်လေသည်။
သူကား မဟာကောင်းကင်းသခင်က လွဲ၍ တခြားမဟုတ်ပေ။
သူသည် အစက သရဲကြီးဘုရင်ကို လိုက်ရှာနေခဲ့သော်လည်း တာကျန်းစီရင်စုကို ရောက်ပြီးနောက် ဆရာကြီးအသစ်ဖြစ်နေသည်ကို တွေ့ရလေသည်။ ထို့ကြောင့် သူက မြို့တော်ကို ရောက်လာခဲ့၏။ သူသည် ပိုင်ရှောင်ချန်း၏ တန်ပြန်တိုက်ကွက်ကို ကိုယ်တိုင်ကိုယ်ကျမမြင်ခဲ့သော်လည်း သဲလွန်စများ၊ အရိပ်အမြွက်များအား ဆက်စပ်နိုင်လေသည်။ ပထမ ထူးဆန်းသော ကောလဟလများ။ ထို့နောက် သရဲကြီးဘုရင်၏ရာထူး ပြန်ရသွားပြီးနောက် မြို့စားကျစ်လင် ခိုကိုးရာမဲ့သွားပုံရသည်။ ထိုအရာမှအစပြု၍ သူသည် ဖြစ်ပျက်ခဲ့သည့်အရာအများစုကို ခန့်မှန်းနိုင်လိုက်သည်။
သူက ပိုင်ရှောင်ချန်း၏နည်းလမ်းများကြောင့် ရယ်ရမည်လား ငိုရမည်လား မသိတော့သော်လည်း အတန်ငယ် သက်ပြင်းများချလိုက်ရသည်။ ပိုင်ရှောင်ချန်းသည် သဘာဝအတိုင်းမွေးဖွားလာသော လူလိမ်ဖြစ်ပြီး ထိုတစ်ချက်နှင့်ပင် ချီးကျူးခံရထိုက်ပေသည်။
အကြောင်းကိစ္စများကား တည်ငြိမ်အေးချမ်းပုံပေါ်သော်လည်း မဟာကောင်းကင်းသခင်က ဗဟိုဧကရာဇ်မြို့တော်တွင် ကြုံတွေ့ခဲ့ရသည့်အရာအားလုံးကြောင့် မုန်တိုင်းတစ်ခု အစပျိုးနေသည်ကို သူ မည်ကဲ့သို့ မသိဘဲရှိမည်နည်း။ ထို့ကြောင့် သူက အစီအစဥ်များ ပြောင်းလိုက်သည်။ သရဲကြီးဘုရင်ကို သွားရှာမည့်အစား သူသည် ပိုင်ရှောင်ချန်းကို မျက်စိဒေါက်ထောက်ကြည့်ရန်နှင့် ဒုတိယအင်မော်တယ်နယ်မြေ၏ အာဏာဗဟိုချက်ဖြစ်သော သူ့ပတ်လည်က မြို့တော်ကိုလည်း အကဲခတ်ရန်အတွက် မြို့တော်တွင် နေအိမ်တစ်လုံးဝယ်လိုက်သည်။
တစ်ခုသော နေ့လည်ခင်း၊ စားသောက်ဆိုင်ထဲတွင် ထိုင်နေချိန် မဟာကောင်းကင်သခင်က အရက်ခွက်ကို ချလိုက်ပြီး သူ၏မျက်လုံးများမှာ တောက်ပစွာ ဝင်းလက်လာတော့သည်။
" အချိန်ကျခါနီးပြီပဲ... "
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူသည် စားသောက်ဆိုင်မှ ထွက်ခွာပြီး ပိုင်ရှောင်ချန်း၏ စံအိမ်ကို ဦးတည်လိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ အပြင်လောကကို အာရုံထားမနေပေ။ သူသည် ယပ်တောင်အစုတ်ကြီး၏ အမိန့်ပေးလည်ဆွဲအပေါ်တွင်သာ လုံးလုံးလျားလျား အာရုံစိုက်ထား၏။လည်ဆွဲထဲရှိ စွမ်းအင်မှာ တဖြေးဖြေး ကုန်ခမ်းလာနေပြီဖြစ်သည့်အတွက် ခပ်ပျော့ပျော့ ဆွဲအားတစ်ခု ပေါ်ပေါက်လာသည်။
၄င်းက ပတ်လည်ရှိ မည်သည့်ရုပ်ဝတ္ထုပစ္စည်းတစ်ခုတလေကိုပင် သက်ရောက်စေရန် စွမ်းအားမလုံလောက်သော်လည်း ပိုင်ရှောင်ချန်း၏ စူးရှသော နတ်ဘုရားအာရုံက ၄င်းကို သတိထားမိလေသည်။ သူက တုန်လှုပ်သွားကာ အမိန့်ပေးလည်ဆွဲသည် ယပ်တောင်ကြီးကို ရယူရန် အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခုဖြစ်လောက်ကြောင်း သဘောပေါက်လိုက်သည်။
အမိန့်ပေးလည်ဆွဲကို လေ့လာနေသည့်ခုလတ်တွင် ရုတ်တရက် သူ၏စံအိမ်အပြင်မှ ရင်းနှီးသောအရှိန်အဝါတစ်ခုကို အာရုံရလိုက်၏။
သူ ၄င်းကို သတိထားမိသည်နှင့်တစ်ပြိုင်နက် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားလေသည်။
" မဟာကောင်းကင်သခင် "
သူ့အပေါ် နက်ရှိူင်းသော ခံစားချက်များ ချန်ရစ်ခဲ့သည် ကောင်းကင်တံတားဒေသမှ လူအနည်းငယ်ရှိ၏။ တစ်ယောက်က သီးခြားနေတတ်သော သချိုင်းစောင့်ကြီးဖြစ်ပြီး နောက်တစ်ယောက်က ရက်စက်ပြီး အကြင်နာတရားခေါင်းပါးသော ကောင်းကင်တံတားတာအိုပင်။ ထို့နောက် ရည်မှန်းချက်၊ အကြင်နာမဲ့ခြင်းနှင့်ပတ်သက်လျှင် ကောင်းကင်တံတားတာအိုပြီးပါက ဒုတိယလိုက်သော မဟာကောင်းကင်သခင်။
သူသည် ဗဟိုဧကရာဇ်ကို နယ်ရုပ်လေးတစ်ရုပ်အဖြစ် ပြောင်းလဲပစ်ခဲ့ပြီး ကောင်းကင်ဘုရင်လေးပါးကို သူနှင့် အဝေးမှာ ရောက်နေသည့်တိုင် ထိန်းချုပ်ထားခဲ့သည်။
မြေရိုင်းဒေသ၏ ခေါင်းဆောင်အစစ် အားနည်းနေချိန် သူက အပြည့်အဝစည်းလုံးနေအောင် ထိန်းသိမ်းထားခဲ့သည်။ ကောင်းကင်တံတားတာအိုက သူ၏ အဓိကစစ်တပ်လေးတပ်လုံးကို မြေရိုင်းဒေသကို မလွှတ်ခဲ့သည့်အထိသာ ခံခဲ့သည်။ ထို့နောက်တွင် သူတို့သည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ မဟာကောင်းကင်သခင်၏ အောင်မြင်မှုအချို့က သချိုင်းစောင့်ကြီး၏တည်ရှိမှုနှင့် ပတ်သက်သော်လည်း များများစားစားတော့ မဟုတ်ပေ။
သူကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးကို ကောင်းကင်တံတားဒေသမှ လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ထာဝရအင်မော်တယ်နယ်မြေများမှာပင် သာမန်ထက်ထူးကဲသည်ဟု သတ်မှတ်နိုင်၏။ သူက သူတော်စင်ဧကရာဇ်ထံ ဆိုးတူကောင်းဖက် သဘောထား၍ ခြေစုံပစ်ဝင်လျှင် ပိုင်ရှောင်ချန်းကဲ့သို့ အရေးပါခြင်းဖြင့် အဆုံးသတ်မည် မဟုတ်သော်လည်း အံ့သြစရာကောင်းလောက်အောင် တန်ဖိုးရှိဦးမည်ဖြစ်သည်။
သူသာ အမှန်တကယ် သစ္စာဖောက်လိုလျှင် နိုင်ငံတစ်နိုင်ငံမဟုတ် တစ်နိုင်ငံတွင် အဓိက လှိုင်းဂယက်များ ဖြစ်ပွားစေနိုင်သည်။
သို့သော် ယခု သူက ပိုင်ရှောင်ချန်း၏စံအိမ်အပြင်တွင် ရှိသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ဖြစ်နေသေးသော်လည်း ထာဝရအင်မော်တယ်နယ်မြေများတွင် မထင်မှတ်ဘဲ ကြုံခဲ့ရသော ကံကြမ္မာကောင်း တစ်ချို့ကြောင့် သူ့ကို တက်တက်ကြွကြွစစ်ဆေးနေသည့် ကောင်းကင်ဧကရာဇ်တစ်ပါးကသာ သူ့အဆင့်ကို ပြောနိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းသည် အံ့ဩသွားလျက် အမိန့်ပေးလည်ဆွဲကို သိမ်းပြီး ပျောက်သွားကာ သူ့စံအိမ်၏ အပြင်ဘက်တွင် ပြန်ပေါ်လာလေသည်။
သူ ပထမဆုံးမြင်ရသည်က အမြော်အမြင်ရှိပြီး ထိုးထွင်သိမြင်နိုင်သောဉာဏ်ရှိကာ တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ မားမားမတ်မတ်ရပ်နေသော မဟာကောင်းကင်သခင်ဖြစ်သည်။
သူသည် ယခင်ထက်ပို၍ အတော်လေးအိုမင်းသွားသော်လည်း သာမန်အဘိုးအိုတစ်ဦးအလားပင်။ ပိုင်ရှောင်ချန်းက သူ့ရှေ့တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူက ပြုံးလိုက်၏။
" ကောင်းကင်ဧကရာဇ်အား ဂါဝရပြုပါတယ်"
ဤသည်မှာ မြေရိုင်းဒေသမှာတုန်းက သူပြုမူခဲ့သည့်ပုံမဟုတ်သော်လည်း ပိုင်ရှောင်ချန်းကို ဤနည်းဖြင့် အရိုအသေပေးရန်မှာ သူ့အတွက် နည်းနည်းလေးမှ မခက်ခဲပေ။ အမှန်တွင် ဗဟိုဧကရာဇ်မြို့တော်၌ ပိုင်ရှောင်ချန်း ဗဟိုဘိုးဘေးကြီးဖြစ်လာခဲ့တုန်းက မဟာကောင်းကင်းသခင်သည် ကြီးကျယ်သောအကြံအစည်ကြီးတွင် သူ့နေရာသူ သဘောပေါက်ခဲ့သည်။ ယခု သူက ပိုင်ရှောင်ချန်းက ကောင်းကင်ဧကရာဇ် ဖြစ်နေသော ထာဝရအင်မော်တယ်နယ်မြေတွင် ရှိနေ၏။ ထို့ကြောင့် မဟာကောင်းကင်သခင်သည် သူ့ကို မည်သည့်ဆက်ဆံသင့်ကြောင်း ကောင်းကောင်းသိလေသည်။
" မဟာကောင်းကင်သခင် "
ပိုင်ရှောင်ချန်းက ဝမ်းမြောက်သောအပြုံးဖြင့် ပြောလိုက်သည်။
မဟာကောင်းကင်းသခင်က ခေါင်းကိုခါယမ်းပြီး သက်ပြင်းချလိုက်သည်။
" အို ကျုပ်ရဲ့ အရင်အခေါ်အဝေါ်ကို မသုံးဝံ့ပါဘူး ... စီတုလို့ပဲ ခေါ်ပါ "
ပိုင်ရှောင်ချန်းက အားပါးတရရယ်မောလိုက်သည်။
" အာ… အဲဒါတွေက အရေးမကြီးပါဘူးဗျာ။ လာ ဝင် မဟာကောင်းကင်သခင် "
အမှန်မှာ ပိုင်ရှောင်ချန်းသည် အခေါ်အဝေါ်များအား တကယ်ပင် သိပ်ဂရုမစိုက်ပေ။ သူက မဟာကောင်းကင်းသခင်လက်မောင်းကို ဆွဲ၍ စံအိမ်ထဲ ခေါ်သွားတော့သည်။
လမ်းတစ်လျှောက် လှည့်ပတ်ကြည့်နေရင်း မဟာကောင်းကင်သခင်၏မျက်နှာတွင် အပြုံးတစ်စ ဖုံးလွှမ်းနေ၏။ နောက်ဆုံးတွင် သူတို့သည် တန်ဖိုးကြီးပြီး အလွန်ခမ်းနားသော ပင်မခန်းမဆောင်ထံ ရောက်သွားကြသည်။ ဤအချိန်တွင် မဟာကောင်းကင်သခင်မှာ ထပ်မံသက်ပြင်းမချမိဘဲ မနေတော့ပေ။ ကျင့်ကြံခြင်းအခြေခံအရဖြစ်စေ၊ စိတ်နေစိတ်ထားအရဖြစ်စေ ပိုင်ရှောင်ချန်းက များစွာပြောင်းလဲသွားခဲ့လေပြီ။ မဟာကောင်းကင်းသခင်မှာ သူ၏ရက်စက်သောအစီအစဥ်များအားလုံးနှင့် အတိတ်တုန်းက သတိရှိသော လူယုတ်မာလေးအကြောင်း ပြန်မတွေးမိဘဲ မနေနိုင်ပေ။ သို့သော် ယခု သူမြင်ရသည်မှာ ချီးကျူးထိုက်သောလူငယ်တစ်ဦးပင်။ အမှန်တကယ်ဆိုရလျှင် သူသည် မဟာကောင်းကင်သခင်က သူ၏အကျိုးအမြတ်များကိုပင် လိုလိုလားလားစွန့်လွှတ်ပေးကာ အကူအညီပေးနိုင်သည့် လူစားမျိုး ဖြစ်သည်။
ပိုင်ရှောင်ချန်းကို သူ၏အမြော်အမြင်ရှိသော မျက်လုံးများဖြင့် ကြည့်ကာ သူက ဖြေးညင်းစွာ ပြောသည်။
" ကောင်းကင်ဧကရာဇ် …အရှင့်ကို ကျုပ် ကူညီဖြေရှင်းပေးနိုင်တဲ့ အဓိကပြဿနာသုံးခုရှိတယ် "
လွန်ခဲ့သောအချိန်အနည်းငယ်က သူသည် သာမန်အဘိုးကြီးတစ်ယောက်ထက် မပိုခဲ့ပေ။ သို့သော် ယခုတွင် သူသည် ရုတ်တရက် မည်သည့်အရာကိုမဆို လုပ်နိုင်သည့်ပုံပေါ်နေလေသည်။ ယခု သူ့ကို မြင်သည့်မည်သူမဆို သေချာပေါက် သာမန်ထက်ထူးကဲသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သဘောပေါက်လိုက်မည်ဖြစ်သည်။
" ကျေးဇူးပြုပြီး ကျုပ်ကို အားလုံးပြောပြပါ "
ပိုင်ရှောင်ချန်းက မျှော်လင့်ချက်ကြီးစွာဖြင့် မျက်လုံးများလက်နေလျက် ပြောသည်။
" ပထမက အရှင်နဲ့ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ရဲ့ ပတ်သက်မှုက သိပ်အရေးမပါပေမယ့် ဒုတိယအင်မော်တယ်နယ်မြေမှာ သေချာပေါက် ခိုင်မာတောင့်တင်းတဲ့ အုတ်မြစ်တည်ဆောက်ဖို့ လိုတယ် “
" ဒုတိယက ထာဝရအင်မော်တယ်နယ်မြေတွေက ကြီးမားကျယ်ပြောပြီးတော့ ကောင်းကင်တံတားဒေသသားတွေ မပေါင်းစည်းနိုင်အောင် ဟန့်တားနေတဲ့ အတားအဆီးတွေ ရှိတယ်။ မကြာခင် မစုဝေးရင် တခြားနိုင်ငံတွေနဲ့ သဟဇာဖြစ်တော့မယ် “
" တတိယက အရှင်က ပန်းတိုင်တစ်ခုအတွက် ကြိုးစားနေပုံပေါ်ပေမယ့်လဲ တကယ်က တိကျတဲ့ဦးတည်ချက်မရှိဘူး "
ထိုအချက်သုံးချက်၏ တစ်ချက်စီဖြင့် သူ၏အသံသည် ခန်းမထဲတွင် တုံ့ပြန်လူးလာပဲ့တင်ထပ်နေသည့်တိုင်အောင် ကျယ်သထက်ကျယ်လာတော့သည်။
" ကောင်းကင်ဧကရာဇ် ကျုပ် ပြောတာ ဟုတ်ရဲ့လား "