အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း (၁၇၃) သေချင်သော်လည်း သေ၍မရခြင်း...ပြင်ပနယ်မြေမှ ပူးပေါင်းကြံစည်မှု
နန်းတော်မှ ထွက်ခွာလာပြီးနောက် ခုံးဝူတောက်သည် အချိန်လေဟာနယ် တားမြစ်နယ်မြေရှိ ချောက်နက်အကျဉ်းထောင်သို့ တိုက်ရိုက်သွားခဲ့သည်။
ချောက်နက်အကျဉ်းထောင်သည် မှောင်မည်းနေသော ဧရာမ နတ်ဘုရားကျွန်းတစ်ကျွန်းဖြစ်ပြီး ထိုကျွန်း၏နံဘေးပတ်လည်တွင် အနက်ရောင်လျှပ်စီးများ လှည့်ပတ်နေကာ ကြောက်မက်ဖွယ်ကောင်းပြီး ရင်တလှပ်လှပ်ဖြစ်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
ချောက်နက်အကျဉ်းထောင်၏ အနက်ရှိုင်းဆုံး နေရာမှ နာကျင်စွာ ညည်းတွားသံများသည် ငရဲကိုးထပ်မှ သရဲတစ္ဆေများအလား အခါအားလျော်စွာ ပဲ့တင်ထပ်နေပြီး လူအများကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေနိုင်သည်။
ဤသည်မှာ တားမြစ်နယ်မြေ၏ ရန်သူများကို အကျဉ်းချထားသော အထူးဧရိယာပင်။
မရေမတွက်နိုင်သော နှစ်များတလျှောက်တွင် သူတို့၏အချိန်လေဟာနယ် တားမြစ်နယ်မြေကို ဆန့်ကျင်ရန် ရဲတင်းသူများသည် တိုက်ရိုက် ကွပ်မျက်ခံရခြင်း သို့မဟုတ် ချောက်နက် အကျဉ်းထောင်တွင် အကျဉ်းချခံရခြင်းတို့ကို ခံယူကြရသည်။ ထိုနေရာတွင် သူတို့သည် ထာဝရကာလ တလျှောက်လုံး ကံကြမ္မာအတားအဆီး၏ လောင်ကျွမ်းနေသော မီးတောက်များကို ခံစားရကာ သေဆုံး၍ မရနိုင်တော့ချေ။
ချောက်နက် အကျဉ်းထောင်တွင် မရေမတွက်နိုင်သော ကျွမ်းကျင်သူကို ထိန်းသိမ်းထားပေ၏။
ထိုနေရာတွင် အကျဉ်းချခံရနိုင်သူများသည် အနည်းဆုံး ဧကရာဇ်နယ်ပယ်တွင် ရှိနေကြသည်။
ချောက်နက် အကျဉ်းထောင်ကို စောင့်ကြပ်ရန် တာဝန်ရှိသော အစောင့်များ၏ လမ်းပြမှုဖြင့် ခုံးဝူတောက်သည် ချိတ်ပိတ်ထားသော အခန်းတစ်ခန်းသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။
အခန်းထဲတွင် သွေးများစွန်းထင်းနေကာ ကျောချမ်းဖွယ်ကောင်းသော အရှိန်အဝါများ ပြည့်နှက်နေပြီး ကြေးဝါသံကြိုးများ၏ ကြည်လင်သောအသံများကို အခါအားလျော်စွာ ကြားနေရသည်။
"ဟဲဟဲ... စီနီယာက အရင်တုန်းက တော်တော်လေး မောက်မာပြီးတော့ ငါ့ကိုတောင် မင်းရဲ့ရှေ့မှာ ဒူးထောက်ပြီး ဦးညွှတ်ဖို့ တောင်းဆိုခဲ့တာလေ... အခုတော့ ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သနားစရာ ကောင်းသွားရတာလဲ..."
ခုံးဝူတောက်က ရတနာထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်လိုက်၏။
သူက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီးနောက် သူ၏ရှေ့တွင် ကြေးဝါသံကြိုးများဖြင့် ချည်နှောင်ကာ လေထဲတွင် တွဲလောင်းချိတ်ဆွဲထားခြင်း ခံထားရသော ပုံရိပ်ကို ခပ်ဖျော့ဖျော့အပြုံးဖြင့် မော့ကြည့်လိုက်သည်။
ဤလူသည် နေလနတ်ဘုရားအင်ပါယာတွင် ခုံးဝူတောက် ကြုံတွေ့ခဲ့ရသော သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်မှလွဲ၍ တခြားသူ မဟုတ်ချေ။
ခုံးဝူတောက်သည် အမြဲတစေ ရန်ငြိုးဖွဲ့တတ်သူတစ်ယောက်ပင်။
အစောပိုင်းက သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် သူ၏ရှေ့တွင် မယုံကြည်နိုင်လောက်အောင် မောက်မာထောင်လွှားခဲ့သည်။
သူ့ကို ခေါင်းငုံ့ပြီး တောင်းပန်ရန် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်က ခြိမ်းခြောက်ခဲ့သည်။ ထိုသို့မဟုတ်ပါက သူ သေရမည်ဟုပင် ပြောဆိုခဲ့၏။
ထိုကဲ့သို့ သတ္တိမျိုးရှိသည့် မဟာဧကရာဇ် တစ်ပါးအတွက် သူ့ကို အလွန်လွယ်ကူစွာ သေခွင့်ပေးလိုက်ခြင်းက သူ့အတွက် အလွန် အဆင်ပြေလွန်းရာ ကျပေလိမ့်မည်။
ထို့ကြောင့် သူက သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်ကို ချောက်နက်အကျဉ်းထောင်သို့ ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ပြီး သေချင်သော်လည်း မသေနိုင်သော နာကျင်မှုကို အပြည့်အဝ ခံစားခွင့် ပြုလိုက်သည်။
"နတ်ဘုရားသားတော်အရှင်..."
"အစောပိုင်းက မျက်ကန်းဖြစ်ခဲ့တာက ဒီအဖိုးအိုပါပဲ... ကျေးဇူးပြုပြီး ဒီအဖိုးအိုရဲ့အသက်ကို ချမ်းသာပေးပါ..."
သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် အလွန်အမင်း သနားစရာ ကောင်းနေပြီး သူ၏ အသံမှာ အားနည်းကာ တုန်ရီနေပေ၏။
ခုံးဝူတောက်သည် သူ ကောင်းကင်ဘုံတာအိုနယ်မြေတွင် ရှိနေစဉ် အချိန်အတွင်း၌ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်ကို သေချာဂရုစိုက်ထားရန် လက်အောက်ငယ်သားများကို သူ အထူးတလည် အမိန့်ပေးခဲ့သည်။
သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်သည် လုံးလုံးလျားလျား ကျိုးပဲ့နေပြီး သူ၏အပေါ်ပိုင်း တစ်ဝက်သာ ကျန်ရှိတော့သည်။ သူ၏ ဧကရာဇ်စိတ်ဆန္ဒနှင့် နတ်ဘုရားစိတ်ဝိညာဉ်မှ အစိတ်အပိုင်း အများစုသည်လည်း ခြေမွှဖျက်ဆီးခြင်းခံထားရကာ လေပြင်းကြားမှ ဖယောင်းတိုင် တစ်တိုင်ကဲ့သို့ အချိန်မရွေး ငြိမ်းသေသွားတော့မည့်အလားပင်။
ခုံးဝူတောက်က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
"ဒီနတ်ဘုရားသားတော်ဆီကို သနားညှာတာဖို့အတွက် တောင်းဆိုဖို့ မင်းဆီမှာ ခွန်အားရှိသေးတယ်ပေါ့..."
"ကြည့်ရတာတော့ မင်းတို့ရဲ့ဂရုစိုက်မှုက မလုံလောက်သေးဘူး ထင်တယ်..."
"မင်းတို့အားလုံး စီနီယာ သေမင်းတမန် စိတ်ဝိညာဉ်ကို သေချာဂရုစိုက်လိုက်ကြစမ်း... သူ့ကို အရမ်းလွယ်လွယ်ကူကူ သေခွင့်မပေးနဲ့..."
ဤစကားကို ကြားလိုက်ရသောအခါ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားတော့သည်။
သူသည် အစစ်အမှန် ဧကရာဇ် ခန္ဓာကိုယ်တစ်ခုကိုပင် မစုစည်းရသေးချေ။ အများဆုံးအနေဖြင့် သူသည် အတုအယောင်ဧကရာဇ် တစ်ပါးမျှသာ ဖြစ်ပေ၏။
ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်တစ်ယောက်ပင်လျှင် ဤချောက်နက် အကျဉ်းထောင်၏ ကြောက်မက်ဖွယ်ကောင်းသော နှိပ်စက်ညှဉ်းပန်းမှုကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။
သူ့ကဲ့သို့ အတုအယောင်ဧကရာဇ် တစ်ပါးသည် မည်ကဲ့သို့ ခံနိုင်ရည် ရှိမည်နည်း။
ထိုအဆုံးမဲ့နာကျင်မှုကို သူ ထပ်မံ၍ မခံစားချင်တော့ပေ။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်...အရှင့်ကို ကျွန်တော် ပြောပြနိုင်တဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခု ရှိတယ်... ကျွန်တော့်ရဲ့အသက်ကို ချမ်းသာပေးဖို့ပဲ ကျွန်တော် တောင်းဆိုပါတယ်..."
ဤစကားကို ကြားလိုက်ရသောအခါ အခန်းထဲမှ ထွက်သွားတော့မည့် ခုံးဝူတောက်သည် ရပ်တန့်သွားပြီး သူ၏ခေါင်းကို အနည်းငယ် တိမ်းစောင်းလိုက်၏။
ဤအချင်းအရာကို မြင်တွေ့ချိန်၌ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် သက်ပြင်းချလိုက်ပြီး တစ်ဖက်လူ စိတ်ဝင်စားသွားကြောင်း သူ သိလိုက်သည်။
မူလက သူသည် နောက်ထပ်အာမခံချက်တစ်ဆင့်ကို ထပ်ပေါင်းထည့်ချင်ခဲ့သည်။
ဤသတင်းအချက်အလက်များကို သူ ဖော်ထုတ်ပြီးနောက် တစ်ဖက်လူက သူ့ကို နောက်တစ်ကြိမ်သတ်ရန် မကြိုးစားတော့ဟု ခုံးဝူတောက်ကို တာအိုသစ္စာ ကျိန်ဆိုစေလိုသည်။
သို့သော် ခုံးဝူတောက်၏ အေးစက်ပြီး ဂရုမစိုက်သည့် မျက်နှာကို မြင်တွေ့ချိန်၌ သူ ပြောချင်သော တောင်းဆိုမှုများကို ချက်ချင်းပြန်မျိုသိပ်လိုက်၏။
အကယ်၍ သူသာ တောင်းဆိုမှုများကိုပြောရန် ရဲတင်းမည်ဆိုပါက သူသည် ပို၍သနားစရာကောင်းသော သေဆုံးမှုမျိုးဖြင့်သာ သေရလိမ့်မည်ဟု သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်က ကြိုတင်ခံစားနေရသည်။
"နတ်ဘုရားသားတော်အရှင်... ရိုးရိုးသားသား ပြောရရင် ကျွန်တော့်ရဲ့ကျိုးပဲ့နေတဲ့ခန္ဓာကိုယ်နဲ့ မဟာဧကရာဇ် နယ်ပယ်ထဲကို ကျွန်တော် အတင်းအကြပ် ဝင်ရောက်နိုင်ခဲ့တဲ့ အကြောင်းအရင်းက တစ်ယောက်ယောက်က ကျွန်တော့်ကို လျှို့ဝှက်ပြီး ကူညီပေးခဲ့လို့ပါ..."
"တစ်ယောက်ယောက်က မင်းကို လျှို့ဝှက်ပြီး ကူညီပေးခဲ့တာလား..."
ခုံးဝူတောက် ရုတ်တရက် အနည်းငယ် စိတ်ဝင်စားသွားသည်။
ရိုးရိုးသားသား ပြောရလျှင် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်ကဲ့သို့ ကောင်တစ်ကောင်က ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနိုင်ခြင်းမှာ သူ့အတွက် အလွန်အံ့အားသင့်စရာ ကောင်းနေသည်။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ သက်ရှိများ၏ နားလည်မှုအရ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန် ပထမဦးစွာ ဧကရာဇ်ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းရပေမည်။
သေချာသည်မှာ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ အစစ်အမှန်ခန္ဓာကိုယ်သည် အရိုးစုတစ်ခုမျှသာ ဖြစ်ပေ၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် အသွေးအသားအနည်းငယ် ရှိနေသော်လည်း ထိုအရာက မရှိသလောက်နီးပါးပင်။
သူသည် ဧကရာဇ်ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းရန် လိုအပ်ချက်များအား လုံးလုံးလျားလျား မပြည့်မီခဲ့ချေ။
သို့သော် တစ်ဖက်လူသည် ထူးဆန်းသော နည်းလမ်းတချို့ကို အားကိုး၍ သူ့ကိုယ်သူ အတုအယောင်ဧကရာဇ်တစ်ပါး ဖြစ်လာစေရန် အတင်းအကြပ် လုပ်ဆောင်ခဲ့သည်။
"နတ်ဘုရားသားတော်အရှင်... ဒီကိစ္စမှာ အရမ်း အရေးကြီးပြီးတော့ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခု ပါဝင်နေတယ်..."
"ဒီကိစ္စကို ဖော်ထုတ်ပြီးတဲ့နောက်မှာ နတ်ဘုရားသားတော်အရှင်က ကျွန်တော့်ရဲ့ အရင်က မလေးမစား လုပ်ခဲ့မှုတွေကို ခွင့်လွှတ်ပေးနိုင်မယ်လို့ ဒီအဖိုးအိုက မျှော်လင့်ပါတယ်..."
ထို့ထက်ပို၍ အရေးကြီးသည်မှာ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် ခုံးဝူတောက်နှင့် အချိန်လေဟာနယ်တားမြစ်နယ်မြေ၏ ခြိမ်းခြောက်နိုင်စွမ်းကို အသုံးပြု၍ နောက်ကွယ်မှပုဂ္ဂိုလ်က သူ့အပေါ် လှုပ်ရှားမှု မလုပ်နိုင်စေရန် တားဆီးချင်ခဲ့ခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ယခင်က ထိုအမည်မသိ တည်ရှိမှုနှင့် သူ ပြုလုပ်ခဲ့သော သဘောတူညီချက်သည် အပြန်အလှန် အကျိုးရှိစေသော သဘောတူညီချက် ဖြစ်ပေ၏။
ယခုအချိန်၌ သူသည် ခုံးဝူတောက်ကို သူ၏ အစီအစဉ်တစ်ခုလုံးအား ပြောပြမည်ဆိုပါက သဘောတူညီချက်ကို တစ်ဖက်သတ် ချိုးဖောက်နေခြင်းပင်။
အကယ်၍ တစ်ဖက်လူက နောက်ပိုင်းတွင် သိသွားမည်ဆိုပါက...
ကျောထောက်နောက်ခံ မရှိသော သူသည် သေချာပေါက် သင်္ဂြိုဟ်စရာ နေရာမရှိဘဲ သေရပေလိမ့်မည်။
"အချိန်ဆွဲမနေနဲ့တော့... မင်း မပြောရင်... သေရမယ်..."
ခုံးဝူတောက်၏ အေးစက်သော ခြိမ်းခြောက်မှုကို နောက်တစ်ကြိမ် ကြားလိုက်ရသောအခါ သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် နောက်ထပ် ဖုံးကွယ်မထားရဲတော့ချေ။
သူသည် သူ သိထားသမျှ သတင်းအချက်အလက်အားလုံးကို အကုန်အစင် ထုတ်ဖော်ပြောဆိုရန် ဟန်ပြင်လိုက်၏။
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... အရှင် မသိလောက်ပေမယ့် လျှို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးမားတဲ့ တည်ရှိမှုတစ်ခုက ကျွန်တော့်ကို လျှို့ဝှက်ပြီး ကူညီပေးခဲ့လို့သာ မဟာဧကရာဇ်နယ်ပယ်ကို ကျွန်တော် ရောက်ရှိနိုင်ခဲ့တာပါ..."
"နေလနတ်ဘုရားအင်ပါယာက အရှင့်ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေနဲ့ ပိုနီးကပ်တဲ့အတွက်... နေလ နတ်ဘုရားအင်ပါယာကို ကျွန်တော် ပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်မှာ အရှင့်ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို စောင့်ကြည့်ဖို့ အင်ပါယာရဲ့ စွမ်းအားကို ကျွန်တော် အသုံးပြုနိုင်မယ်လို့ အဲ့ဒီလူက မျှော်လင့်ထားခဲ့တယ်..."
"ဒီအဖိုးအိုရဲ့ တွက်ချက်မှုအရဆိုရင် အဲ့ဒီလူက သေချာပေါက်..."
သို့သော် သူ၏စကားမဆုံးမီမှာပင် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ အသံ ရုတ်တရက် ရပ်တန့်သွားပြီးနောက် အက်ကွဲပြီး နာကျင်စွာ ညည်းတွားသံတစ်သံက သူ၏လည်ချောင်း အနက်ရှိုင်းဆုံး နေရာမှ ထွက်ပေါ်လာခဲ့သည်။
ဝုန်း...
နောက်ထပ်အချိန်တစ်ခဏတွင် မြေအောက်ကမ္ဘာ၏ အနက်ရောင်မီးတောက်များသည် သူ၏ကျိုးပဲ့နေသော ခန္ဓာကိုယ်မှ တလိမ့်လိမ့်ထွက်ပေါ်လာခဲ့ပေ၏။
အရာအားလုံးကို ပြာကျစေနိုင်သော စွမ်းအားများကို သယ်ဆောင်လာသည့် ထိုမီးတောက်များသည် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ ကျန်ရှိနေသော ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားတော့သည်။
"နတ်ဘုရားသားတော်အရှင်... သတိထားပါ..."
အစောင့်တချို့သည် ခုံးဝူတောက်ကို သူတို့၏ နောက်တွင်ထားကာ အလျင်အမြန် ကာကွယ်ပေးလိုက်ကြ၏။
သူတို့၏ လှုပ်ရှားမှုများသည်လည်း မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှပြီး သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်ရှိ ထူးဆန်းသော မီးတောက်များကို ငြိမ်းသတ်ရန်အတွက် နတ်ဘုရားစွမ်းရည်ကို အသုံးပြုရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် မီးတောက်များသည် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်၏ နတ်ဘုရားစိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှ လောင်ကျွမ်းနေပုံရပြီး ထိတွေ့၍မရသလို ငြိမ်းသတ်၍လည်း မရနိုင်ချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်သည် ပြာပုံ တစ်ပုံအဖြစ် လောင်ကျွမ်းသွားတော့သည်။
ခုံးဝူတောက်၏မျက်လုံးများ တည်ကြည်လေးနက်သွားပြီး ပြာပုံထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
"ကြည့်ရတာတော့ တစ်ယောက်ယောက်က ဒီကောင်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ အထူး တားမြစ်ချက်တစ်ခုကို ချမှတ်ထားခဲ့တာပဲ..."
"သူက လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ရဲတင်းသရွေ့... သူ့ရဲ့ နတ်ဘုရားစိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာမှာ ပုန်းကွယ်နေတဲ့ တားမြစ်ချက်က အသက်ဝင်လာပြီး လျှို့ဝှက်ချက် ပေါက်ကြားမသွားအောင် တားဆီးပေးလိမ့်မယ်..."
ဤမြင်ကွင်းက ခုံးဝူတောက်ကို အမှန်တကယ် အံ့အားသင့်သွားစေသည်။
တိုက်ဆိုင်စွာဖြင့် မျှော်လင့်မထားသော ထိုးထွင်းသိမြင်မှုတချို့ကို သူ ရရှိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်ဖြစ်သော ထိုအသုံးမကျသည့် ကောင်စုတ်သည် နောက်ဆုံး အခိုက်အတန့်တွင် အဓိက သတင်းအချက်အလက်များကို အောင်မြင်စွာ ဖော်ထုတ်ရန် ပျက်ကွက်ခဲ့သော်လည်း ခုံးဝူတောက်ထံတွင် အကြမ်းဖျင်းခန့်မှန်းချက် ရှိနှင့်ပြီးဖြစ်ပေ၏။
ထိုပြင်ပနယ်မြေမှ ကောင်များမှလွဲ၍ တခြား မည်သူက ထိုကဲ့သို့ ထူးဆန်းသော နည်းလမ်းများကို ပိုင်ဆိုင်နိုင်ပြီး သူ၏အချိန်လေဟာနယ် တားမြစ်နယ်မြေနှင့် မဝေးလှသော နေလနတ်ဘုရားအင်ပါယာသို့ တိတ်တဆိတ် စိမ့်ဝင်နိုင်မည်နည်း...
ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို သူ၏ဖခင်နှင့် ဘိုးဘေးများထံသို့ ပြန်လည်သတင်းပို့ရန် တစ်စုံတစ်ယောက်ကို အမိန့်ပေးပြီးနောက် ခုံးဝူတောက်သည် ပြင်ပနယ်မြေ တည်ရှိရာ အဝေးရှိ ကြယ်တာရာ ကောင်းကင်ယံသို့ ကြည့်လိုက်ပြီး ခပ်သဲ့သဲ့ အကွေးလေးတစ်ခုက သူ၏ နှုတ်ခမ်းထောင့်တွင် ထွက်ပေါ်လာသည်။
"ပြင်ပနယ်မြေ... ဟုတ်လား..."
ဤအကြောင်းကိုပြောရမည်ဆိုလျှင် ပျက်စီးခြင်းခေတ်တွင် ပြင်ပနယ်မြေနှင့် သူ အဆက်အသွယ် အနည်းငယ် ရှိခဲ့ဖူးသည်။
ထို့ပြင် သူသည် ပြင်ပနယ်မြေမှ လူငယ် ပါရမီရှင် တစ်ယောက်နှင့်ပင် တိုက်ခိုက်ဖူးပေ၏။
ထိုလူငယ်၏စွမ်းအားသည် ထူးကဲလှပြီး နန်ကုန်းရှင်းယွဲ့ လောက် သန်မာအားကောင်းခြင်းမရှိသော်လည်း သိပ်မကွာလှပေ။
"အဲ့ဒီကောင်လည်း သူ့ကိုယ်သူ ချိတ်ပိတ်ထားတယ်လို့ ငါ ကြားတယ်... သူ ဒီခေတ်မှာ ပြန်လည်နိုးထလာပြီလား မသိဘူး..."
ဤဘဝတွင် ဖြစ်နိုင်ပါက ပြင်ပနယ်မြေသို့လည်း သူ သွားရောက်လည်ပတ်လိုသည်။
ပြင်ပနယ်မြေတွင် ကောင်းကင်ကံကြမ္မာပိုင်ရှင်များ သို့မဟုတ် ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်များ ရှိမလား ဆိုသည်ကိုလည်း သူ သိချင်ပေ၏။
အခန်း (၁၇၄) ရှေးဟောင်း ဖီးနစ်မျိုးနွယ်ကို စီစဉ်ပြီး ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းသို့ ဆင်းသက်ခြင်း
တစ်ချိန်တည်းမှာပင် ပြင်ပနယ်မြေတွင်...
အနက်ရောင်တိမ်တိုက်များ တလိမ့်လိမ့်ထနေပြီး ဧရာမတောင်တန်းကြီးများ အဆုံးမဲ့ သွယ်တန်းနေသည်။
ကောင်းကင်တိုင်အောင် မြင့်မားသော မည်းနက်သည့် နတ်ဘုရားတောင်တစ်လုံး၏ အထက်တွင်...
လူးလွန့်နေသည့် အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ပြင်ပနယ်မြေ၏ ကျယ်ပြောလှသော မြင်ကွင်းကို ငုံ့ကြည့်ရင်း တောင်ထိပ်တွင် မတ်တတ်ရပ်နေသည်။
ညင်သာသော လေပြေလေးက သူမ၏ဝတ်စုံအစွန်းကို လွင့်ဝဲစေပြီး ဆွဲဆောင်မှုရှိကာလောကီနှင့် ကင်းကွာနေသော သိုးဆီဆီကဲ့သို့ ဖြူဖွေးသည့် သူမ၏ ကျောက်စိမ်းရောင် ခြေတံရှည်များကို လှစ်ဟပြနေသည်။
အမျိုးသမီးသည် တခြားသူများကို အဝေးတွင် နေရန် သတိပေးနေသည့်အလား အထီးကျန်ဆန်မှုကို ထုတ်လွှတ်နေပေ၏။
အထူးသဖြင့် မင်ထက် ပို၍မည်းနက်သော သူမ၏မျက်လုံးများသည် လောကရှိ နတ်ဘုရားစိတ်ဝိညာဉ်အားလုံးကို ဝါးမြိုနိုင်စွမ်းရှိသည့် ငရဲကမ်းခြေတစ်ဖက်ရှိ ပန်းများအလားပင်။
"ဘယ်လောက်တောင် အသုံးမကျတဲ့ အမှိုက်လဲ..."
"ငါက နင့်ကို ဒီလောက် အကြာကြီး ပြုစုပျိုးထောင်ပေးခဲ့တာကို... ဒါက နင် ငါ့ကို ကျေးဇူးဆပ်တဲ့ နည်းလမ်းလား..."
အမျိုးသမီးက ဖြည်းညှင်းစွာ ပြောလိုက်ပြီး သူမ၏လေသံတွင် အေးစက်မှု အနည်းငယ် ပါဝင်နေသည်။
ဤအမျိုးသမီး၏ အမည်မှာ ဟွမ်ရွှီယွဲ့ ဖြစ်ပြီး ပြင်ပနယ်မြေမှ ရှေးဟောင်းပါရမီရှင်တစ်ဦးပင်။
ယခင် ပျက်စီးခြင်းခေတ်တွင် သူမကို ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ ပါရမီရှင်များက ပြင်ပနယ်မြေ နတ်မိစ္ဆာမဟု ခေါ်ဆိုခဲ့ကြသည်။
သူမ၏ပါရမီနှင့် ခွန်အားသည် ပြင်ပနယ်မြေရှိ ပမရေမတွက်နိုင်သော ပါရမီရှင်များကို ထိတ်လန့်သွားစေခဲ့ရုံသာမက...
ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများပင်လျှင် သူမ၏ ပြိုင်ဘက်ဖြစ်လာရန် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြရသည်။
"သခင်မလေး... သေမင်းတမန် စိတ်ဝိညာဉ် မဟာဧကရာဇ်ရဲ့ အစီအစဉ် ကျရှုံးသွားပါပြီ..."
ဤအခိုက်အတန့်တွင် ဟင်းလင်းပြင် ဖြည်းညှင်းစွာ တွန့်လိမ်သွားခဲ့သည်။
စွမ်းအားကြီးမားသော ပုံရိပ်တစ်ခုက ထိုအထဲမှ ထွက်ပေါ်လာပြီး ဟွမ်ရွှီယွဲ့ကို အရိုအသေပြုကာ မေးလိုက်သည်။
"နေလနတ်ဘုရားအင်ပါယာထဲကို စိမ့်ဝင်ဖို့အတွက် လူတွေကို ငါတို့ လွှတ်ဖို့ လိုသေးလား..."
"မလိုတော့ဘူး..."
ဟွမ်ရွှီယွဲ့က သူမ၏ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
ပုံမှန်အားဖြင့် စိတ်ခံစားမှု ကင်းမဲ့နေသော သူမ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု အမှန်တကယ် ထင်ဟပ်လာသည်။
"ငါတို့ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရပြီးပြီ..."
"တကယ်လို့ တခြား ဘိုးဘေးတွေက ပါဝင်ချင်တယ်ဆိုရင်... သူတို့ဘာသာသူတို့ ပါဝင်ခိုင်းလိုက်..."
"ငါတို့ရဲ့ မြေအောက်ကမ္ဘာနိုင်ငံက သူတို့နဲ့ အတူ လိုက်သွားမှာ မဟုတ်ဘူး..."
ထိုသို့ပြောဆိုပြီးနောက် ဟွမ်ရွှီယွဲ့သည် ပြင်ပနယ်မြေ၏အဆုံးသို့ နောက်တစ်ကြိမ် ကြည့်လိုက်၏။
"ခုံးဝူတောက်... တကယ်လို့ ဒီဘဝမှာ နောက်တစ်ကြိမ် ပြန်တွေ့ဖို့ အခွင့်အရေး ရှိခဲ့ရင်..."
"ငါ နင့်ကို သေချာပေါက် ထပ်ရှုံးမှာ မဟုတ်ဘူး..."
.........
အချိန်လေဟာနယ် တားမြစ်နယ်မြေ..
ခုံးဝူတောက်သည် ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရပြီး သူ မျက်မှောင်အနည်းငယ် မကြုတ်ဘဲ မနေနိုင်တော့ချေ။
"တစ်ခုခု မှားနေလို့လား... နတ်ဘုရားသားတော်အရှင်..."
သူ၏နံဘေးတွင် ရှိနေသော မုချင်းလီသည် ပုံမှန်မဟုတ်သည့် အခြေအနေကို သတိပြုမိသွားပုံရပြီး စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ဘာမှမဖြစ်ပါဘူး..."
ခုံးဝူတောက်က ခေါင်းယမ်းလိုက်ပြီး သူ၏စိတ်ထဲတွင် တလိမ့်လိမ့်ထလာသော ရှင်းပြ၍မရနိုင်သည့် အတွေးများကို လျှင်မြန်စွာ ဖယ်ရှားလိုက်သည်။
"အစောပိုင်းက ဒီနတ်ဘုရားသားတော် မင်းကို ပေးအပ်ခဲ့တာတွေကို ရှင်းရှင်းလင်းလင်း မှတ်မိရဲ့လား..."
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်... စိတ်ချပါ... ချင်းလီက အရှင့်ကို သေချာပေါက် စိတ်မပျက်စေရပါဘူး..."
မုချင်းလီက ရိုသေလေးစားစွာ တုံ့ပြန်အဖြေပေးသည်။
အချိန်ကို နာရီအနည်းငယ် နောက်သို့ပြန်ရစ်ကြည့်မည်ဆိုလျှင်....
ခုံးဝူတောက်သည် ချောက်နက်အကျဉ်းထောင်မှ ထွက်လာပြီးနောက် သူသည် မုချင်းလီကို အထူးတလည် ရှာဖွေခဲ့ပြီး သူမကို တာဝန်တစ်ခု ပေးခဲ့သည်။
ရှေးဟောင်း ဖီးနစ်မျိုးနွယ်တွင် သူမ အဆင့်မြင့် လေ့လာမှုများ ပြုလုပ်နေစဉ် ကာလအတွင်း....
သူမသည် ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးကို အောင်မြင်စွာ နိုးထလာရန်သာမက သူမ၏ ကျင့်ကြံခြင်းသည်လည်း ဤကာလအတွင်း နတ်ဘုရားဘုရင် သို့မဟုတ် သူတော်စင်နယ်ပယ်သို့ပင် ချိုးဖျက်ဝင်ရောက်ရန် ကြိုးစားရပေမည်။
မုချင်းလီသည် ရှေးဟောင်းဗာမီလီယန်ငှက် သွေးကြောနှင့် ရှားပါးသော ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးကို ပိုင်ဆိုင်ထားသည်။
သို့သော် ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးကို အောင်မြင်စွာ နိုးထရန်အတွက် ဗာမီလီယန်ငှက် မျိုးနွယ်စု၏အကူအညီသည် မရှိမဖြစ် လိုအပ်ပေ၏။
ထို့ပြင် ခုံးဝူတောက်သည် ရှေးဟောင်းဖီးနစ်မျိုးနွယ်ကို ကြံစည်ရန် ရည်ရွယ်ထားပြီးဖြစ်သည်။
သူသည် သူ၏အစီအစဉ်ကို အောင်မြင်ရန်အတွက် မုချင်းလီကို ဝင်ပေါက်တစ်ခုအဖြစ် အသုံးပြုချင်ခဲ့သည်။
ခုံးဝူတောက်က မုချင်းလီကို အချိန်လေဟာနယ် တားမြစ်နယ်မြေ အပြင်ဘက်ရှိ ကြယ်တာရာ ကောင်းကင်ယံသို့ ခေါ်ဆောင်လာစဉ်မှာပင်...
ကျီ...
ရုတ်တရက် ကြည်လင်သော ဖီးနစ်ငှက်အော်သံတစ်သံ မိုးကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ နတ်ဘုရား မီးတောက်များ တလိမ့်လိမ့်ထလာပြီး မိုးကုတ်စက်ဝိုင်းတစ်ခွင် လွင့်မျောလာကာ ဟင်းလင်းပြင်၏ ကျယ်ပြန့်သော အစိတ်အပိုင်းများသည် လျင်မြန်စွာ ပြိုကျပျက်စီးသွားတော့သည်။
အတောင်ပံများ ဖြန့်ကာ ပျံသန်းနေပြီး ဆူပွက်နေသော မီးတောက်များဖြင့် ဝန်းရံထားသည့် ကြက်သွေးရောင် ဖီးနစ်ငှက်တစ်ကောင်သည် အက်ကွဲနေသော ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
ဤဖီးနစ်ငှက်သည် ခုံးဝူတောက်နှင့် မုချင်းလီထံသို့ ရောက်ရှိလာချိန်၌...
ဖီးနစ်ငှက်၏အတောင်ပံများကို ဝန်းရံနေသော နတ်ဘုရားမီးတောက်များ တွန့်လိမ်သွားသည်။
ထိုအရာသည် ကျင့်ကြံခြင်း အထွတ်အထိပ်နယ်ပယ်သို့ ရောက်ရှိနေပြီး မီးတောက်ကဲ့သို့ နီရဲသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးတစ်ဦးအဖြစ် လျှင်မြန်စွာ အသွင်ပြောင်းသွားပေ၏။
ထိုအမျိုးသမီးက ခုံးဝူတောက်ထံသို့ ဦးတည်ပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"ရှေးဟောင်း ဖီးနစ်မျိုးနွယ်က ဖုန်းရွှမ်ယီက နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ကို နှုတ်ခွန်းဆက်သပါတယ်..."
လွန်ခဲ့သော အချိန်တခဏက....
ခုံးဝူတောက်သည် နတ်ဘုရား မီးတောက် တာအိုနယ်မြေ၏ ရှေးဟောင်း ဖီးနစ်မျိုးနွယ်နှင့် ဆက်သွယ်ရန်အတွက် အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွင်းရှိ သူ၏ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုခဲ့သည်။
ခုံးဝူတောက်သည် မကြာသေးမီက နာမည်ကျော်ကြားလာခဲ့ပေ၏။
ဤသည်ကို အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နတ်ဘုရားသားတော်အရှင်ဖြစ်သော သူ၏ အလွန်မြင့်မြတ်သော အထောက်အထားနှင့် ပေါင်းစပ်လိုက်ချိန်၌...
ရှေးဟောင်းဖီးနစ်မျိုးနွယ်ကို သူ၏အစေခံအား လေ့ကျင့်ပေးရန် ခုံးဝူတောက်က အဆိုပြုသောအခါ ရှေးဟောင်း ဖီးနစ်မျိုးနွယ်သည် တခဏမျှသာ စဉ်းစားပြီး တိုက်ရိုက်သဘောတူခဲ့သည်။
ခုံးဝူတောက် အမှန်တကယ် ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို သူတို့ မသိသော်လည်း...
သူတို့၏ ရှေးဟောင်းဗာမီလီယန်ငှက် သွေးကြောကို နိုးထနိုင်စွမ်းရှိသော လူသားမျိုးနွယ် အမျိုးသမီးတစ်ဦး...
ထို့ပြင် သူမသည် ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးကိုလည်း ပိုင်ဆိုင်ထားခြင်းက သူတို့ကို အလွန်စိတ်ဝင်စားသွားစေခဲ့သည်။
"နှုတ်ခွန်းဆက်သပါတယ်... စီနီယာ..."
ခုံးဝူတောက်၏ အရိပ်အမြွက်ပြသမှုအောက်တွင် မုချင်းလီသည် ဖုန်းရွှမ်ယီထံသို့ ဦးတည်၍ အလွန်လိမ္မာရို့ကျိုးစွာ ဦးညွှတ်လိုက်၏။
"ချင်းလီ... ရှေးဟောင်းဖီးနစ်မျိုးနွယ်မှာ ရှိနေတဲ့ အချိန်အတွင်းမှာ မင်းက ကြိုးကြိုးစားစား ကျင့်ကြံပြီး မင်းရဲ့ပါရမီနဲ့ အလားအလာတွေကို အပြည့်အဝ ထုတ်ဖော်နိုင်ဖို့ ကြိုးစားရမယ်..."
ခုံးဝူတောက်က ညွှန်ကြားချက်များ ပေးပြီးနောက် ဖုန်းရွှမ်ယီသည် မုချင်းလီနှင့်အတူ လျင်မြန်စွာ ထွက်ခွာသွားသည်။
သူတို့ ထွက်ခွာသွားသည့် ဦးတည်ရာကို ကြည့်ရင်း....
ခုံးဝူတောက်၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားသည်။
ဤအစီအစဉ်၏ ပထမခြေလှမ်း နောက်ဆုံး၌ စတင်ခဲ့လေပြီ။
မုချင်းလီ၏ပါရမီသည် အလွန် အားကောင်းပေ၏ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများအားလုံးကို ကြည့်မည်ဆိုပါက သူမသည် ထိပ်တန်းအဆင့်တွင် သေချာပေါက် ရှိနေသည်။
ရှေးဟောင်းဖီးနစ်မျိုးနွယ်သည် သူမ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ သူတို့လည်း စိတ်လှုပ်ရှားသွားပြီး အကြံအစည် အသေးအမွှားလေးများပင် ရှိလာလိမ့်မည်ဟု သူ ယုံကြည်သည်။
သို့သော် ဤသည်က သူ အတိအကျ လိုချင်သည့် အရာပင်။
မုချင်းလီသည် ရှေးဟောင်းဖီးနစ်မျိုးနွယ် အတွင်းတွင် အရေးပါသော ရာထူးတစ်ခုကို ရရှိနိုင်သရွေ့...
ရှေးဟောင်း ဖီးနစ်မျိုးနွယ်ဟူသော ဤအင်အားစုကြီးက သူ၏လက်ထဲသို့ တစ်ဝက်ခန့် ရောက်ရှိလာပေမည်။
သူ၏အကြည့်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် ခုံးဝူတောက်က တီးတိုးရေရွတ်လိုက်သည်။
"နောက်တစ်ခုက... ပြန်လည်ဝင်စားသူ ဖြစ်ပုံရတဲ့ ပြန်လည်ဝင်စားခြင်းဧကရီနဲ့ တွေ့ရမယ့် အချိန်ပဲ..."
ဆုံးဖြတ်ချက် ချပြီးနောက် ခုံးဝူတောက်သည် ပြန်လည်ဝင်စားခြင်း တာအိုနယ်မြေသို့ ဦးတည်သွားရန် ဟန်ပြင်လိုက်၏။
ပြန်လည်ဝင်စားခြင်း ဧကရီ ပိုင်ဆိုင်ထားသော ကောင်းကင်ကံကြမ္မာရမှတ်များသည် ပုံမှန်မဟုတ်သော ကောင်းကင်ကံကြမ္မာပိုင်ရှင်ဖြစ်သည့် တုန်လှုပ်ချောက်ချား အင်မော်တယ်ထက် များစွာပိုများနိုင်သောကြောင့် သူ ကောင်းစွာ ပြင်ဆင်ထားရပေမည်။
.........
တခြားတစ်ဖက်တွင်....
ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း....
တောက်ပသောအလင်းရောင်များ တလိမ့်လိမ့်ထနေပြီး တာအို စည်းချက်များ ပျံ့နှံ့နေပေ၏။
ခမ်းနားကြီးကျယ်သော ခန်းမကြီး၏ အနက်ရှိုင်းဆုံး နေရာရှိ ကြာပန်းပလ္လင်တစ်ခုပေါ်တွင်....
ပြန်လည်ဝင်စားခြင်း ဧကရီ ချူးယွန်ရှီးသည် ပျင်းရိစွာဖြင့် သူမ၏မေးစေ့ကို ထောက်ထားပြီး သူမ၏အရေပြားသည် သိုးဆီကဲ့သို့ ဖြူဖွေးနူးညံ့နေသည်။
ထိုင်နေသော အနေအထားတွင်ပင် သူမ၏ တိမ်းစောင်းနေသော ခန္ဓာကိုယ်ကောက်ကြောင်းများသည် အလွန်ကျော့ရှင်းပြီး အသက်ရှူမှားလောက်အောင် လုံးဝန်းကာ ပြည့်ဖြိုးနေပေ၏။
ဤအချိန်အခိုက်အတန့်တွင် သူမသည် မျက်လုံးများကိုမှိတ်ကာ အနားယူနေပုံရသည်။
သို့သော် သူမ၏ တုန်ယင်နေသော မျက်တောင်များက သူမ အိပ်မက်ဆိုး တစ်ခု မက်နေကြောင်း ညွှန်ပြနေသည်။
"ရှေးဟောင်းဘိုးဘေး ယွန်ရှီး..."
"နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က ငါတို့ရဲ့ ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်းကို လာလည်ချင်တယ်လို့ ခုလေးတင် သတင်းပို့ပါတယ်..."
ရုတ်တရက် ကြည်လင်ပြတ်သားသော အသံတစ်သံ ပဲ့တင်ထပ်လာသည်။
ချူးယွန်ရှီး၏ မျက်တောင်များ အနည်းငယ် တုန်ယင်သွားပြီး သူမ၏ လှပသော မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ကာ ခန်းမ အပြင်ဘက်မှ သတင်းပို့ရန် လာသော အစေခံကို ကြည့်လိုက်၏။
"ငါ သိတယ်... နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်ရဲ့ ရောက်ရှိလာမှုကို အမြင့်ဆုံး အခမ်းအနားတွေနဲ့ ကြိုဆိုဖို့အတွက် ငါတို့ ဂိုဏ်းက လူတိုင်းကို ပြင်ဆင်ဖို့ အမိန့်ပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ..."
ထိုအစေခံ ထွက်သွားပြီးနောက် ခန်းမကြီးတစ်ခုလုံး လျှင်မြန်စွာ တိတ်ဆိတ်သွားသည်။
ခုံးဝူတောက်ကို သူမ နောက်ဆုံးတစ်ကြိမ် တွေ့ဆုံပြီးစဥ်ကတည်းက...
မကြာသေးမီကစ၍ သူမ အနားယူချိန်တိုင်း သူမ၏ ယခင်ဘဝက ကိစ္စများကို အမြဲတစေ အိပ်မက်မက်လေ့ရှိသည်။
အထူးသဖြင့် ခုံးဝူတောက်က လက်ချောင်းတစ်ချောင်းတည်းဖြင့် သူမကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းသည် သူမ၏စိတ်ထဲတွင် အဆက်မပြတ် မြင်ယောင်နေမိပေ၏။
သူမ၏ ယခင်ဘဝက ခုံးဝူတောက်ကို ရန်စခြင်းဖြင့် သူမကိုယ်တိုင် ပြဿနာရှာခဲ့ပြီး ထိုအရာက သူမ၏ကြေကွဲဖွယ်သေဆုံးမှုကို ဖြစ်ပေါ်စေခဲ့သော်လည်း...
ခုံးဝူတောက်သည် အမြဲတစေ ထူးဆန်းပြီး သူ၏ စိတ်ခံစားမှုများကို ရှားရှားပါးပါး ဖော်ပြလေ့ရှိကာ သူ့ကို နားလည်ရန် ခက်ခဲစေသည်။
သူမ၏ ယခင်ဘဝက စိတ်ဒဏ်ရာနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုအရာက သူမကို ခုံးဝူတောက်နှင့် ပတ်သက်ပြီး ရှင်းပြ၍မရနိုင်သော အရိပ်တစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။
ချူးယွန်ရှီးက သူမ၏ စိတ်ထဲရှိ ဖရိုဖရဲ အတွေးများကို ဖယ်ရှားပြီး ခေါင်းခါယမ်းလိုက်၏။
"လက်ရှိအချိန်မှာ ခုံးဝူတောက်ရဲ့ကျင့်ကြံခြင်းက သူတော်စင်နယ်ပယ်ကိုတောင် မရောက်သေးဘူး... ဂုဏ်သိက္ခာရှိတဲ့ မဟာဧကရာဇ် တစ်ပါးဖြစ်တဲ့ ငါက ဘာလို့ ဒီလို လူငယ်လေးတစ်ယောက်ကို ဒီလောက်တောင် ကြောက်နေရမှာလဲ..."
"ဒါ့ပြင်... အခု ငါ့မှာ ငါ့ရဲ့အရင်ဘဝက မှတ်ဉာဏ်တချို့ ရှိနေပြီလေ... ငါက အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီး ခုံးဝူတောက်ကို ရန်မစသရွေ့... ငါ့ရဲ့အရင်ဘဝကထက် ပိုပြီးကြီးမားတဲ့ အကျိုးအမြတ်တွေကို ငါ သေချာပေါက် ရနိုင်မှာပဲ..."
.........
သိပ်မကြာမီမှာပင်...
ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ ဧရာမ အဖြူရောင်ကွင်းပြင်ကြီး အထက်တွင်..
ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်း၏ အကြီးအကဲများအားလုံးနှင့်ဂိုဏ်းချုပ်အပြင် ဘိုးဘေးများပင်လျှင် ဤနေရာတွင် စုဝေးနေကြ၏။
အဖြူရောင်ကွင်းပြင်၏ အပြင်ဘက်တွင် ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းမှ အဖွဲ့ဝင် အများအပြားရှိနေကာ ဤနေရာကို ဝိုင်းရံထားပြီး ထိုးဖောက်၍မရနိုင်အောင် ဖြစ်စေခဲ့သည်။
တောက်ပသော အကြေးခွံများနှင့် နတ်ဘုရား အလင်းတန်းများပါရှိသည့် ဧရာမ ကောင်းကင်အလင်းမိုးပြာနဂါးတစ်ကောင်သည် ဟင်းလင်းပြင်ကို သိမ်မွေ့စွာ တွန့်လိမ်သွားစေသည့် ခမ်းနားကြီးကျယ်သော နဂါး အရှိန်အဝါကို ထုတ်လွှတ်ထားသည်။
ခုံးဝူတောက် ကောင်းကင်ဘုံ တာအိုနယ်မြေသို့ သွားရောက်ခဲ့စဉ် ကာလအတွင်း...
ကောင်းကင်အလင်းမိုးပြာနဂါးသည် ခုံးဝူတောက်၏ပြုတ်စားခြင်းကို ရှောင်ရှားနိုင်ရန် သူ၏ရှေ့အလားအလာအားလုံးကို ထုတ်ဖော်ခဲ့ပြီး သူတော်စင်နယ်ပယ် အဆင့်ခုနစ်သို့ တိုက်ရိုက်ချိုးဖျက်ဝင်ရောက်သွားပေ၏။
သူ၏နဂါးခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ချီစွမ်းအား အနည်းငယ်မျှကပင် ပြန်လည်ဝင်စားခြင်းတာအိုဂိုဏ်း၏ အဖွဲ့ဝင်များကို ကြောက်ရွံ့မှု လှိုင်းတံပိုးတစ်ခုအား ခံစားရစေခဲ့သည်။
သူတို့၏အကြီးအကဲများအနက် အများစု၏ ကျင့်ကြံခြင်းသည် သူတော်စင်နယ်ပယ် အဆင့်ငါးတွင်သာ ရှိနေသည်။
သို့သော် ယခုအချိန်၌ ခုံးဝူတောက် ပိုင်ဆိုင်ထားသော သားရဲ၏ကျင့်ကြံခြင်းသည် သူတို့ထက် ပို၍မြင့်မားနေပေ၏။
ခုံးဝူတောက်၏ ကြီးမားသော နာမည်ဂုဏ်သတင်း အကြောင်းကို သူတို့ ကြားဖူးသော်လည်း...
ထိုကဲ့သို့သော အမြင့်မြတ်ဆုံး ထိပ်သီးပါရမီရှင်ကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းက လူတိုင်းကို ကြောက်ရွံ့မှုနှင့် စိတ်မသက်မသာဖြစ်မှုများကြောင့် တုန်ယင်သွားစေခဲ့သည်။
ဒဏ္ဍာရီလာ နတ်ဘုရားသားတော်အရှင် ခုံးဝူတောက်က သူတို့၏ ပြန်လည်ဝင်စားခြင်း တာအိုဂိုဏ်းဆီသို့ ရုတ်တရက် ဆင်းသက်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။