← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 9 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 9 Ch. 131-132

အပိုင်း (၁၃၁) ယန်ကော်အန်း ရပ်ကွက်ကို အုပ်ချုပ်ခြင်း

ကျင်းအရှင်မင်းကြီး ဆုံးဖြတ်ချက် ချပြီးသည်နှင့် ယန်ကော်အန်းသည် မကြာမီမှာပင် တုန်းကျင်းရပ်ကွက်သို့ ထွက်ခွာသွားလေ၏။

ယန်ကော်အန်း၏ နာမည်ကြီးမှုက မြို့တော်အတွင်း၌ ပြောစရာပင် မလိုချေ။ ထို့အပြင် သူက မိသားစုကြီးမှ ဆင်းသက်လာသူ ဖြစ်ပြီး နန်းတွင်း၏ နံပါတ်တစ် ပညာရှင်လည်း ဖြစ်သည်။

ပုံမှန်အားဖြင့် ပညာတတ်များနှင့် ဆက်ဆံရေး များပြား၏။ နိုင်ငံတော်၏ အရေးကြီး ကိစ္စများတွင် သူ၏ ပါဝင်ပတ်သက်မှု မနည်းလှပေ။

ထို့ကြောင့် သူက မည်သူ့ထက်မဆို ယုံကြည်မှု ရှိနေကာ သာမန် တုန်းကျင်းရပ်ကွက်လေး တစ်ခုကို ကောင်းစွာ အုပ်ချုပ်နိုင်ရန်မှာ ပြောနေစရာပင် မလိုချေ။

ချန်ရှီ ရာထူးမှ ဖယ်ရှားခံရသော်ငြား သူက ဟန်လင်ပညာရှင် ဖြစ်နေဆဲမို့ အနာဂတ်က အကန့်အသတ်မဲ့ ရှိနေဆဲပင်။

ဤတစ်ကြိမ် လောင်းကြေးထပ်ရခြင်းမှာ နာမည်ခံအားဖြင့် အိမ်ရှေ့စံအတွက်ဟု ဆိုသော်လည်း တကယ်တမ်း၌ ဖန်ကျန်းရီကို ဖိနှိပ်ရန်သာ ဖြစ်၏။

မဟုတ်လျှင် ယန်ကော်အန်းက ပညာရှင် တစ်ယောက်အနေဖြင့် ကင်းလှည့်သည့် အလုပ်မျိုးကို အဘယ်သို့ လုပ်မည်နည်း။

ဤတစ်ကြိမ်တွင် ဟန်လင်အကယ်ဒမီရှိ လူအများစုက သူ၏ဘက်၌ ရပ်တည်နေကြပြီး ပညာတတ် အသိုင်းအဝိုင်း ကလည်း သူ့ကို အထူး ချီးကျူးနေကြသည်။ ပညာတတ်များက သူနှင့် ရင်းနှီးရန် ဆန္ဒရှိကြ၏။

ဖန်ကျန်းရီကတော့ လုံးဝ ဆန့်ကျင်ဘက်ပင်။ ရွံရှာဖွယ်ကောင်းသော တောသား တစ်ယောက် ဖြစ်ပြီး ဖားယားတတ်သည်မှလွဲ၍ တကယ့် အရည်အချင်း ဘာမှ မရှိပေ။

ဤလောင်းကြေး၌ ဖန်ကျန်းရီကို ဖိနှိပ်နိုင်ရုံဖြင့် အနာဂတ်တွင် အိမ်ရှေ့စံ၏ဆရာ နေရာသို့ ပြန်လည် ရောက်ရှိနိုင်သည်။

ထို့အပြင် စစ်တပ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ကြ၏။ သတင်းထွက်လာသည်နှင့် ယန်ကော်အန်းအတွက် ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်သော အရာရှိ တစ်စုကို ချက်ချင်း လွှတ်ပေး၏။

ရွှန်းထျန်းရုံးတော်ဘက်ကပင် လူတစ်စု လွှတ်ပေးလိုက်သေးသည်။

ငွေကြေးနှင့် ရိက္ခာပိုင်းတွင်မူ သူ ကိုယ်တိုင် ပိုင်ဆိုင်ထားသည်ဖြစ်စေ၊ နောက်ကွယ်မှ ထောက်ပံ့မှုဖြစ်စေ ဖန်ကျန်းရီကို အသာစီးရနိုင်မည်ဟု သူ ယုံကြည်ထား၏။

တုန်းကျင်းရပ်ကွက်သို့ ရောက်ချိန်မှာတော့ ယန်ကော်အန်းသည် ရုံးတော်သို့ အရင် သွားလိုက်၏ အမိန့်ပေးရန် အောက်ခြေ အရာရှိများကို ထိုနေရာတွင် စုဝေးစေသည်။

လူစုံသလောက် ရှိသွားသည်ကို မြင်ချိန်မှာတော့ ယန်ကော်အန်းက အထက်စီးမှနေ၍ အောက်ရှိ လူစုကို ငုံ့ကာ အေးစက်သော မျက်နှာထားဖြင့် ကြည့်နေပြီး စကားပြောမည့် အရိပ်အယောင် မပြချေ။

မျက်မှောက်ရှိ လူများမှာ သူ၏ အမိန့်ကို နာခံရမည့် အရာရှိများ ဖြစ်သော်လည်း တကယ်တမ်းတွင် အဆင့်အတန်း နိမ့်ကျလှ၏။

လက်အောက်ငယ်သားများကို အုပ်ချုပ်ရာတွင် နည်းလမ်း ရှိရမည်။ မိမိထက် အဆင့်အတန်း အများကြီး နိမ့်ကျသူများကို ရင်ဆိုင်ရာတွင် သေချာပေါက် အာဏာစက်ကို ထိန်းသိမ်းထားရမည်။

ထို့အပြင် သူ၏အမြင်တွင် ဤလူများက ရိုင်းစိုင်းကာ အဝတ်အစား ဝတ်ဆင်ရာ၌လည်း သပ်ရပ်မှု မရှိဘဲ ကိုယ်အမူအရာများကလည်း အောက်တန်းကျ၏။ နံပါတ်တစ် ပညာရှင် တစ်ယောက် ဖြစ်ပြီး သူကောင်းမျိုးမှ ဆင်းသက်လာသူ တစ်ယောက်အနေဖြင့် အောက်ခြေရှိ ဤကဲ့သို့သော ယုတ်ညံ့သည့် အရာရှိများနှင့် အဘယ်သို့ ရင်းနှီးနိုင်မည်နည်း။

အောက်ရှိ အရာရှိငယ်များမှာလည်း တုန်တုန်ယင်ယင် ဖြစ်နေကြကာ တိုက်ရိုက်ပင် မကြည့်ရဲကြချေ။

ဤခေတ်တွင် အဆင့်အတန်း ခွဲခြားမှုက အရိုးထဲထိ စိမ့်ဝင်နေ၏။

အချိန်အတော်ကြာသည်အထိ ယန်ကော်အန်း စကားမပြောသည်ကို မြင်ချိန်မှာတော့ ခေါင်းဆောင်ဖြစ်သူ အရာရှိက သတိထား၍ ပြောလိုက်သည်။ “အမတ်ကြီးယန် ရောက်လာတာက တုန်းကျင်းရပ်ကွက်ရဲ့ ကံကောင်းမှုပါပဲ။ အမတ်ကြီးအတွက် အခု ရပ်ကွက်ထဲက အကြောင်းလေးတွေကို ကျွန်တော်မျိုး ရှင်းပြပေးရမလား။”

“လောလောဆယ် မလိုသေးဘူး။”

ထိုသူ၏ နိမ့်ကျသောပုံစံကို မြင်ချိန်မှာတော့ ယန်ကော်အန်း မနေနိုင်ဘဲ ရွံရှာသွားကာ ပြောလိုက်၏။ “ကျုပ်က ဟန်လင်ပညာရှင် တစ်ယောက် ဖြစ်ပေမဲ့ အခု ဒေသတစ်ခုကို အုပ်ချုပ်နေတဲ့ အရာရှိ ဖြစ်နေပြီ။ အခု တုန်းကျင်းရပ်ကွက်ကို လာတာက ဒီနေရာကို တိုးတက်အောင် လုပ်ပြီး ပြည်သူတွေကို ပညာပေးဖို့ပဲ။

ဒါပေမဲ့ ဒီနေရာကို ဖြတ်လာတဲ့ အချိန်မှာ လမ်းပေါ်မှာ လူတန်းစားမျိုးစုံ ရှိနေတာ တွေ့ခဲ့ရတယ်။ ကုန်သည်တွေက လမ်းတစ်လျှောက် အော်ဟစ်နေကြပြီး လမ်းသွားလမ်းလာ အကုန်လုံးကလည်း အဝတ်အစားတွေ စုတ်ပြတ်နေကြတယ်။

ပြည်သူတွေက အရင်တည်းက မိုက်မဲတဲ့အပြင် လမ်းပေါ်မှာ ကုန်သည်တွေနဲ့ အသံကျယ်ကြီးတွေနဲ့ ဈေးဆစ်နေကြတာကို ကြည့်ရင် လုံးဝကို အကျင့်စာရိတ္တ ပျက်ပြားစရာပဲ။

ပြည်သူတွေကို အုပ်ချုပ်တဲ့ နေရာမှာ ပညာပေးဖို့က အဓိကပဲ။ ကျုပ် အခု လာရတာက ပြည်သူတွေကို ပညာပေးပြီး အလေ့အထတွေကို ပြောင်းလဲပေးဖို့ပဲ။ ဒါကမှ ကြီးမြတ်တဲ့ အုပ်ချုပ်ရေး လမ်းစဉ်ပဲ။”

အောက်ရှိ အရာရှိငယ်တစ်စုက သူ၏ စကားကို နားထောင်ပြီးချိန်မှာတော့ မနေနိုင်ဘဲ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဝတ်စားဆင်ယင်မှုကို စတင် အကဲခတ်လာကြ၏။

နောက်ဆုံးတွင် အားလုံးက ပိတ်ကြမ်းများကိုသာ ဝတ်ဆင်ထားကြပြီး အလွန် တောကျနေသည်ကို တွေ့လိုက်ရသည်။

ယန်ကော်အန်းကို ကြည့်လိုက်ရာတွင်မူ တောက်ပသော အဝတ်အစားများဖြင့် အာဏာစက် အပြည့် ရှိနေ၏။

ဤကဲ့သို့သော လူမျိုးနှင့် အတူ ရပ်နေရသဖြင့် မနေနိုင်ဘဲ ကြောက်ရွံ့လာကြကာ သိမ်ငယ်စိတ်ပင် ဝင်လာကြသည်။

ထို့ကြောင့် လူအနည်းငယ်သာ သူ့ကို ခိုး၍ အကဲခတ်ရဲကြပြီး ကျန်လူများကတော့ ခေါင်းငုံ့ကာ ယန်ကော်အန်း၏ စကားများကိုသာ မရပ်မနား ထောက်ခံနေကြ၏။

ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ယန်ကော်အန်း၏ နှုတ်ခမ်းထောင့်တွင် မသိမသာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ဒီအောက်ခြေ အရာရှိတွေက ငါ နဲ့ အလုပ်အတူတူ လုပ်ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။

ထို့နောက် သူက ဆက်လက်၍ ခံစားချက် အပြည့်ဖြင့် ပြောလိုက်၏။ “ပြည်သူတွေရဲ့ မူလစရိုက်က နိမ့်ကျတယ်။ ပညာပေးမှုတစ်ခု မခံယူဘူးဆိုရင် လုံးဝ ပြောင်းလဲသွားနိုင်မှာ မဟုတ်ဘူး။

ဒါဆို ပြည်သူတွေကို ဘယ်လို ပညာပေးရမလဲ။ တခြား မရှိဘူး။ ပြည်သူတွေကို ပညာရှိတွေရဲ့ စကားတွေကို ပိုနားထောင်ခိုင်းပြီး ကြီးမြတ်တဲ့ တရားသံတွေကို နားဆင်ခိုင်းရမယ်။ အချိန်ကြာလာတာနဲ့အမျှ အလေ့အထတွေ ပြောင်းလဲပြီး ပုံစံသစ် တစ်ခု ဖြစ်လာလိမ့်မယ်။

သုံးလပဲ အချိန်ရှိတယ် ဆိုပေမဲ့ သေချာ အုပ်ချုပ်နိုင်မယ် ဆိုရင် ပြည်သူတွေ သေချာပေါက် ကောင်းမွန်တဲ့ ဘက်ကို ပြောင်းလဲသွားလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ တုန်းကျင်းရပ်ကွက်က ညဘက် တံခါးမပိတ်ဘဲ အိပ်လို့ရပြီး လမ်းပေါ်မှာ ပစ္စည်းတွေ့ရင် ကောက်မယူတဲ့ အဆင့်အထိ ဖြစ်လာမယ်။ မြို့တော်တွင်း ရပ်ကွက်တွေရဲ့ စံပြ ဖြစ်လာလိမ့်မယ်။

မင်းတို့ နားထောင်ထား။

တုန်းကျင်းရပ်ကွက်ရဲ့ လမ်းတွေက အရမ်း ညစ်ပတ်ပြီး ရှုပ်ပွနေတယ်။ ဒီနေ့ကစပြီး လမ်းတွေကို နှစ်ဆ တိုးပြီး သန့်ရှင်းရေး လုပ်ဖို့ လူတွေကို အမိန့်ပေးလိုက်။ သေချာပေါက် သန့်ရှင်းသပ်ရပ်နေရမယ်။

ဒါ့အပြင် ရပ်ကွက်တွင်း လမ်းဘေးတွေမှာ စာကြည့်ဆောင်တွေ တည်ဆောက်ထားရမယ်။ ပညာသင်တွေ အချိန်မရွေး စာဖတ်ပြီး တရားဆွေးနွေးလို့ ရအောင်လို့။

ဒီလိုဆိုရင် နေရာတိုင်းမှာ စာဖတ်သံတွေကို ကြားနေရပြီး ပြည်သူတွေလည်း နေ့တိုင်း ပညာရှိတွေရဲ့ စကားတွေကို နားထောင်ရလိမ့်မယ်။ အချိန်ကြာလာတာနဲ့အမျှ အမြဲတမ်း ကြားနေ မြင်နေရတော့ အဲဒီ မိုက်မဲတဲ့ ယောက်ျား ၊ မိန်းမတွေလည်း ပညာရှိတွေရဲ့ လမ်းစဉ်ဆိုတာ ဘာလဲ သိလာကြလိမ့်မယ်။ ဒါကမှ ပညာပေးတာပဲ။”

ယန်ကော်အန်းက ခဏရပ်လိုက်ကာ ပန်းရှန်းရပ်ကွက်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို သေချာ ပြန်လည် စဉ်းစားလိုက်၏။

ဖန်ကျန်းရီက လုံးဝ အသုံးမကျတာတော့ မဟုတ်ဘူး။ ကောင်းတဲ့ နေရာတွေ ရှိရင် သေချာပေါက် သင်ယူရမယ်။ သူရဲ့ မကောင်းတဲ့ နေရာတွေကို ငါ ကိုယ်တိုင် ပြုပြင်ပြောင်းလဲရမယ်။

“နောက်တစ်ခုက ဒီနေ့ကစပြီး လမ်းဘေး ကုန်သည်တွေကို သေချာ စီစဉ်ထားရမယ်။ လမ်းပေါ်မှာ ရှုပ်ပွအောင် ချမထားရဘူး။ အသံကျယ်ကြီးနဲ့ မအော်ဟစ်ရဘူး။

ရပ်ကွက်တွင်း ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ထိန်းထားရမယ်။ တကယ်လို့ ရည်ရွယ်ချက်ရှိရှိ ဈေးတင်တဲ့သူ ရှိရင် ချက်ချင်း ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။

အမျိုးသားနဲ့ အမျိုးသမီးကြားမှာလည်း ကျင့်ဝတ်တွေကို လိုက်နာရမယ်။ လမ်းပေါ်မှာ မနမ်းရဘူး။ လိင်မဆက်ဆံရဘူး။ တွေ့ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်။

လမ်းပေါ်က ပစ္စည်း ကောက်ရပြီး ပြန်မပေးတဲ့ သူတွေကိုလည်း သေချာပေါက် ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။

ကျုပ်ရဲ့ နည်းလမ်းအတိုင်း တုန်းကျင်းရပ်ကွက်ကို အုပ်ချုပ်သွားမယ် ဆိုရင် သုံးလအတွင်း ဒီရပ်ကွက်ကို မျက်နှာသစ် တစ်ခု ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်။”

အရာရှိငယ်များစွာက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

အမတ်ကြီးယန် ပြောတာတွေက နားထောင်ရတာ အရမ်းကောင်းတယ်။ ဒါပေမဲ့ ဘာလို့ နည်းနည်း တစ်မျိုးကြီး ဖြစ်နေတယ်လို့ ခံစားရတာလဲ။ ပြောတာတွေက အကြောင်းပြချက် ခိုင်လုံပြီး စည်းကမ်းတကျ ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက ဒီလို နေထိုင်ကြတာ မဟုတ်ဘူးလေ။

ပြောဆိုသည်များက အမှန်ဟုတ်မဟုတ်ကို မသိရသော်လည်း သူ၏ဟန်ပန်မှာ အတော်လေး ကြီးကျယ်နေကာ ရာထူးအဆင့်အတန်းကလည်း မြင့်မားလှသည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ရုံးတော်အတွက် အမှုထမ်းကြသည် ဆိုသော်လည်း တကယ်တမ်းတွင် သာမန်ပြည်သူများထက် များစွာ ပိုမိုသာလွန်နေခြင်း မရှိချေ။

ထို့ကြောင့် ရင်ထဲတွင် အမတ်ကြီးယန် ပြောတာ မှန်သည်ဟုသာ တိတ်တဆိတ် မှတ်ယူလိုက်ကြသည်။

ယန်ကော်အန်းက သူ့ကိုယ်သူ အလွန် ကောင်းမွန်နေသည်ဟု ခံစားရကာ တိတ်တဆိတ် အလွန် ကျေနပ်သွားပြီး အသံကျယ်ကြီးဖြင့် ဆက်ပြောလိုက်၏။ “မင်းတို့ကို လုပ်ခိုင်းစရာ အရေးကြီးဆုံး ကိစ္စ တစ်ခု ရှိသေးတယ်။

ရပ်ကွက်ထဲက ပညာတတ်တွေ အားလုံးကို ဖိတ်လာခဲ့။ ကျုပ်က ရပ်ကွက်ထဲက ပညာတတ်တွေနဲ့ အတူတူ သောက်စားပြီး စကားတွေ အများကြီး ပြောချင်တယ်။

တုန်းကျင်းရပ်ကွက်ကို ကျုပ်က အုပ်ချုပ်နေတာ မှန်ပေမဲ့ တကယ်တမ်းကျတော့ သူတို့ကမှ ရပ်ကွက်ရဲ့ အဓိက အချက်အချာတွေပဲ။ ဒါ့အပြင် ကျုပ် ခုနက ပြောခဲ့တာတွေကို ကြေညာစာအဖြစ် ရေးပြီး အပြင်မှာ ကပ်ထားလိုက်။ ရပ်ကွက်ထဲက ပြည်သူတွေ သေချာ ကြည့်ရှုနိုင်အောင်လို့။

“မင်းတို့ သွားကြတော့။ ထွက်သွားပြီးရင် ကျုပ် ပြောခဲ့တဲ့ စကားတွေကို သေချာပေါက် ရင်ထဲမှာ မှတ်ထားကြ။”

ပြောပြီးနောက် ယန်ကော်အန်းက လှည့်ထွက်သွားလေရာ မည်သို့လုပ်ရမှန်း မသိဘဲ နေရာ၌ပင် ရပ်နေသော အရာရှိငယ် တစ်စုသာ ကျန်ရစ်ခဲ့၏။

……

“မရဘူး။ သန့်ရှင်းရေးအဖွဲ့ရဲ့ လစဉ် လစာကို လုံးဝ ဖြတ်လို့ မရဘူး။”

ပန်းရှန်းရပ်ကွက်အတွင်းတွင် လီယွမ်ကျောက်၏ မျက်နှာက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်ကာ မျက်နှာ တစ်ပြင်လုံး နီရဲနေ၏။

ဖန်ကျန်းရီက လက်ဖက်ရည် တစ်ငုံ သောက်ကာ ဖြည်းဖြည်းမှန်မှန် ပြောလိုက်သည်။ “အိမ်ရှေ့စံမှာ တခြား နည်းလမ်း မရှိရင် ကျုပ်တို့ ဒီလိုလုပ်ရတော့မှာပဲ။ ယန်ကော်အန်းနဲ့လည်း လောင်းကြေး ရှိသေးတယ်။ သန့်ရှင်းရေး အဖွဲ့ရဲ့ ကုန်ကျစရိတ်က အရမ်း ကြီးလွန်းတယ်။ အိမ်ရှေ့စံ နန်းတော် ပြန်မသွားချင်ဘူး မဟုတ်လား။”

လီယွမ်ကျောက်က ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အခုက ကျုပ် နန်းတော် ပြန်သွားရမလား မသွားရဘူးလား ဆိုတဲ့ ကိစ္စ မဟုတ်ဘူး။ ကျုပ်က အဲဒီ ညီအစ်ကိုတွေကို ကောင်းကောင်းမွန်မွန် နေရမယ်လို့ ကတိပေးထားပြီး လစာတောင် တိုးပေးအုံးမယ်လို့ ပြောထားတာ။ ပြောပြီးသားစကားက သွန်ချလိုက်တဲ့ ရေလိုပဲ။ ဒါဆို ကျုပ်က ကြွားလုံးထုတ်တဲ့ လူ ဖြစ်မသွားဘူးလား။

အစတုန်းက ခင်ဗျား သတ်မှတ်ခဲ့တဲ့ တစ်လကို ငွေငါးမူး ဆိုတာက ရက်ပိုင်းလေးပဲ ရှိသေးတာကို ချက်ချင်း ပြောင်းလဲတော့မလို့လား။ ဘယ်လိုလုပ် လွယ်လွယ်လေးနဲ့ လူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးရက်တာလဲ။

ဖန်ကြီး … ကျုပ်အတွက် နည်းလမ်း တစ်ခုလောက် စဉ်းစားပေးစမ်းပါ။”

ဖန်ကျန်းရီက ခိုင်လုံသော အကြောင်းပြချက်ဖြင့် ပြောလိုက်၏။ “ကျုပ်က လူတွေရဲ့ ယုံကြည်မှုကို ဖျက်ဆီးတယ်လို့ ဘယ်သူ ပြောလဲ။ အိမ်ရှေ့စံ … အခု အခြေအနေက ပြောင်းလဲသွားပြီ။ အဲဒီလူတွေရဲ့ လစဉ် လစာကို သတ်မှတ်ထားတာက တကယ်ပဲ အကြောင်းမသင့်ဘူး။ ပြီးတော့ ကျုပ်တို့က ကိုယ့်အတွက်ပဲ စဉ်းစားနေလို့ မရဘူးလေ။ ဟုတ်တယ်မလား။

“လစာကို ဒီလောက် အများကြီး သတ်မှတ်ထားရင် အရှေ့၊ တောင်၊ အနောက် မြို့တွေက လူတွေ ဘယ်လို လုပ်စားကြတော့မလဲ။ သူတို့ရဲ့ လက်အောက်ငယ်သားတွေ ပုန်ကန်ကြတော့မှာပေါ့။ ပြဿနာတွေ ဖြစ်လာရင် လူဘယ်လောက်များများ ထမင်းမစားရဘဲ ဖြစ်သွားမလဲ။

ပြီးတော့ မနေ့က ကျုပ်က ဒီနေ့ ကျုပ်မှ မဟုတ်တာ။ မနေ့က ကျုပ် သေသွားပြီ။ သေသွားတဲ့ လူရဲ့ စကားကို အတည်ယူလို့ ရပါ့မလား။ အိမ်ရှေ့စံ။ ဒါက စစ်တုရင်ပွဲကြီး တစ်ပွဲပဲ... သေချာ စဉ်းစားရမယ်...”

အပိုင်း (၁၃၂) ဧည့်သည်တော် ရောက်လာပြီလား။

“ခင်ဗျားကို လည်ပင်းညှစ်သတ်ပစ်မယ်။”

လီယွမ်ကျောက်က ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အောက်တန်းကျသော အပြုံးကို မြင်ချိန်မှာတော့ မည်သို့မှ သည်းမခံနိုင်တော့ဘဲ ခုန်အုပ်ကာ ဖန်ကျန်းရီ၏ လည်ပင်းကို ညှစ်ရန် ပြင်လိုက်သည်။

ထို့နောက် တန်ဖိုးကြီး ငွေလက်မှတ် တစ်ရွက်က သူ၏ နဖူးပေါ်သို့ ကပ်သွားကာ တစ်ကိုယ်လုံး ထိုနေရာ၌ပင် ရပ်တန့်သွား၏။

လီယွမ်ကျောက်က ငွေလက်မှတ်ကို မကျေမနပ်ဖြင့် ခွာယူကာ အင်္ကျီလက်ထဲသို့ ထည့်လိုက်ပြီး မှုန်ကုပ်ကုပ်ဖြင့် ပြောလိုက်သည်။ “ကြည့်စမ်း။ ခင်ဗျားမှာ ပိုက်ဆံ ရှိနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ သန့်ရှင်းရေးအဖွဲ့ရဲ့ ပိုက်ဆံလေးကို နှမြောနေရတာလဲ။”

ဖန်ကျန်းရီက ကပ်ဘေးမင်းသား၏ အင်္ကျီလက်ထဲသို့ လက်နှိုက်ကာ ငွေလက်မှတ်ကို ပြန်ဆွဲထုတ်လိုက်၏။

လီယွမ်ကျောက် ချက်ချင်း မာန်ဖီကာ ထပ်မံ ခုန်အုပ်ရန် ပြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီက အမြန် ပြောလိုက်သည်။ “ရပါပြီ။ ရပြီ။”

ဒီပုံစံအရဆိုရင် အိမ်ရှေ့စံက ဘာနည်းလမ်းမှ စဉ်းစားလို့ မရတော့ဘူး ထင်တယ်။ ထပ်ပြီး ရစ်နေရင် ငါ့လက်ထဲက ငွေလေးတွေတောင် လောက်တော့မှာ မဟုတ်ဘူး။

“ကျုပ် တွက်ကြည့်ပြီးပြီ။ နောက်ထပ် ရပ်ကွက် ငါးခုစာ အလုပ်ပမာဏ ထပ်တိုးလိုက်ရင် မျှတသွားနိုင်တယ်။ အိမ်ရှေ့စံရဲ့ လက်အောက်က လူတွေကို ကြည့်ကြည့်လိုက်။ ဘယ်လို လှည်းတွေ သုံးနေတာလဲ။ ဘယ်လို မြင်းတွေနဲ့ ကိရိယာတွေ သုံးနေတာလဲ။ အလုပ်ချိန်ကို ဘယ်လို စီစဉ်ထားလဲ။

ပြီးတော့ မိလ္လာ သိမ်းတဲ့သူတွေနဲ့ အရောင်းအဝယ် လုပ်တဲ့ အချိန်မှာ ဈေးကို နည်းနည်း ထပ်တင်လို့ ရမလား နည်းလမ်း ရှာကြည့်ပါ။

အိမ်ရှေ့စံ … ကျုပ်တို့ အလုပ်လုပ်တာ ဒီလိုပဲလေ။ အောက်ခြေကနေ စပြီး ပြောင်းလဲရမယ်။ အလုပ်လုပ်တဲ့ လုပ်ငန်းစဉ်ကို ပိုကောင်းအောင် နည်းလမ်း ရှာရမယ်... တူညီတဲ့ ခွန်အားနဲ့ ပိုများတဲ့ အလုပ်တွေကို လုပ်နိုင်ရမယ်။

ကောင်းပြီ။ ကျုပ် ဒီလောက်ပဲ ပြောမယ်။ ကျန်တာ အိမ်ရှေ့စံကိုယ်တိုင် လူတွေ ခေါ်ပြီး သွားလုပ်လိုက်တော့။”

လီယွမ်ကျောက်သည် ဤစကားကို ကြားချိန်မှာတော့ တည်ငြိမ်သွားကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့် အရိပ်အယောင် ထွက်ပေါ်လာ၏။ တစ်ခုခုကို ဆုပ်ကိုင်မိသွားသလို ခံစားရသော်လည်း သိပ်မရှင်းလင်းသေးပေ။

ခဏမျှ စဉ်းစားပြီးနောက် စိတ်ရှုပ်လာကာ ဖန်ကျန်းရီကို ထပ်မံ မေးလိုက်သည်။ “ကျုပ် နားလည်ပြီ။ ဒါဆို... ယန်ကော်အန်းနဲ့ လောင်းကြေး ကိစ္စရော ဘယ်လို အကြံအစည် ရှိလဲ။”

“ရှိတယ်။ ကျုပ်တို့မှာ သုံးလပဲ အချိန် ရှိတာ။ ပန်းရှန်းရပ်ကွက်ကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်စေချင်ရင် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံမှပဲ ဖြစ်နိုင်မယ်။ ကျုပ်မှာ အမြန် ငွေရှာနိုင်တဲ့ အကြံတစ်ခု ရှိတယ်။ ဒါပေမဲ့ အချိန် နည်းနည်းတော့ လိုသေးတယ်။

လောလောဆယ် ကျုပ်တို့ လုပ်ရမယ့် အတိုင်း ဆက်လုပ်သွားမယ်။ သန့်ရှင်းရေး အပိုင်းမှာတော့ တစ်စိတ်တစ်ပိုင်း ဖြေရှင်းပြီးသွားပြီ။ ပန်းရှန်းရပ်ကွက်ရဲ့ ရာဇဝတ်မှု အရေအတွက်လည်း လျော့နည်းသွားပြီ။

ဒုတိယ အဆင့်အနေနဲ့ ဆက်ပြီး နက်နက်ရှိုင်းရှိုင်း လုပ်ရမယ်။ ရာဇဝတ်မှု ပြဿနာကို အပြီးတိုင် ဖြေရှင်းရမယ်။ ပြည်သူတွေ လုံခြုံတဲ့ နေထိုင်မှု ပတ်ဝန်းကျင် ရှိမှ နောက်ပိုင်းကိစ္စတွေကို လုပ်ရတာ လွယ်ကူလိမ့်မယ်။”

ရာဇဝတ်မှု ပြဿနာက ဖန်ကျန်းရီ၏ အစီအစဉ်ထဲတွင် စောစောတည်းက ပါဝင်နေခဲ့၏။

ပန်းရှန်းရပ်ကွက်၏ ပတ်ဝန်းကျင် ကောင်းမွန်လာပြီးနောက် ရာဇဝတ်မှုနှုန်း သိသိသာသာ ကျဆင်းသွားခဲ့သော်လည်း အဓိက လျော့ကျသွားသည်မှာ ခါးပိုက်နှိုက်များနှင့် သူခိုးသေးသေးမွှားမွှားများသာ ဖြစ်သည်။ ဤမျှ သေးငယ်သော ပြောင်းလဲမှုလေးကို ဖန်ကျန်းရီ သေချာပေါက် ကျေနပ်နိုင်မည် မဟုတ်ပေ။

ပန်းရှန်းရပ်ကွက် ကဲ့သို့သော ပတ်ဝန်းကျင်တွင် မြေအောက်၌ အသေးစား လူမိုက်ဂိုဏ်းများစွာ ရှိနေပြီး ပြည်သူများ၏ ဆိုင်များထံမှ ဆက်ကြေး ကောက်ခံနေမည်မှာ သေချာ၏ ဤကဲ့သို့သော အဖွဲ့အစည်းမျိုးက မည်သည့်နေရာမှာမဆို ရှိနေတတ်သည်။

ကွာခြားချက်က ကျောထောက်နောက်ခံ ရှိခြင်းနှင့် မရှိခြင်းသာ ဖြစ်၏။

မြို့တော် ဗဟိုနှင့် ပိုနီးလေလေ ကျောထောက်နောက်ခံက ပိုမို ခိုင်မာလေလေ ဖြစ်ကာ မိသားစုကြီးများ၏ လူမိုက်များပင် ဖြစ်နိုင်ချေ ရှိသည်။ ကံကောင်းသည်မှာ ပန်းရှန်းရပ်ကွက်က ဆင်းရဲလွန်းသဖြင့် ကျောထောက်နောက်ခံ ရှိသူများမှာ ဤနေရာတွင် အကျိုးအမြတ် မရှာနိုင်ကြချေ။

သို့ပေမည့် ဆင်းရဲလွန်းသောကြောင့် ဤနေရာတွင် စီးပွားရေး လုပ်ရန် မလွယ်ကူပေ။ ရလာသော ငွေလေး အနည်းငယ်ကပင် အမြတ်ထုတ်ခံနေရသဖြင့် ဘဝက ပို၍ ခက်ခဲလှသည်။

မူလက မြို့တော်စောင့်တပ်မှ အရာရှိငယ်များကိုယ်တိုင် ကုန်သည်များအပေါ် ခေါင်းပုံဖြတ်မှုများ ရှိခဲ့သော်လည်း ဖန်ကျန်းရီ၏ တင်းကျပ်သော အုပ်ချုပ်မှုအောက်တွင် အများကြီး လျော့နည်းသွားခဲ့ပြီ ဖြစ်၏။

မည်သို့ပင်ဆိုစေ .. ထို ရာဇဝတ်ဂိုဏ်းသားများမှာ ပုန်းအောင်းနေရုံသာရှိကြသည်။ သေချာသည်က ဤလူတစ်စုသည် အနှေးနှင့်အမြန် တစ်နေ့နေ့တွင် ပြန်လည် ထွက်ပေါ်လာမည်သာ ဖြစ်သည်။

ယခု တာဝန်မှာ ပန်းရှန်းရပ်ကွက်အတွင်းရှိ ဟိုကွဲဒီကွဲ အဖွဲ့ငယ်လေးများကို နှိမ်နင်းပြီး ပြည်သူများအတွက် တည်ငြိမ်သော နေထိုင်မှု ပတ်ဝန်းကျင် ဖန်တီးပေးရန် ဖြစ်၏။

လက်ရှိ အခြေအနေအရ ကိုယ်ပိုင် ပိုင်ဆိုင်မှုရှိသော ပြည်သူများက အနည်းစု ရှိနေပြီ ဖြစ်၏။ အကယ်၍ ဤလူများ၏ ရိုးရှင်းသော ပိုင်ဆိုင်မှု လုံခြုံရေးကိုပင် အာမခံချက် မပေးနိုင်လျှင် သူတို့ အလုပ်လုပ်စရာ မလိုတော့ပေ။

အကယ်၍ ပန်းရှန်းရပ်ကွက်မှာ မဖြစ်မနေ လူမိုက်ဂိုဏ်း တစ်ခု ရှိရမည်ဆိုလျှင် ထိုလူမိုက်ဂိုဏ်းခေါင်းဆောင်က သူ .. ဖန်ကျန်းရီသာ ဖြစ်ရမည်။

လီယွမ်ကျောက် ခေါင်းကုတ်လိုက်၏။ “ရာဇဝတ်မှု ပြဿနာ ဟုတ်လား။ အဲဒါကို ဘယ်လို ဖြေရှင်းမလဲ။ ဘယ်သူ ရာဇဝတ်မှု ကျူးလွန်ထားလဲ ဆိုတာ ကျုပ်တို့ ဘယ်လို သိမှာလဲ။”

ဖန်ကျန်းရီ ဖွဖွ ပြုံးလိုက်သည်။ “လူတစ်ယောက်ကို ရှာပြီး မေးကြည့်လိုက်ရင် သိရပြီ မဟုတ်ဘူးလား။”

……

ထို့နောက် သူတို့ နှစ်ယောက် လမ်းပေါ်သို့ ထွက်လာခဲ့ကာ အနေတော် အရွယ်အစား ရှိသော ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်ကြ၏။

ဆိုင်က ကုန်စုံရောင်းသော ဆိုင်ဖြစ်ပြီး အရောင်းအဝယ် သိပ်မကောင်းပေ။ အလုပ်သမား အနည်းငယ်က တံခါးဝတွင် မှီကာ အချင်းချင်း စကားပြောနေကြပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ပုရွက်ဆိတ် ရေတွက်နေသူများပင် ရှိသေးသည်။

ဖန်ကျန်းရီ ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ ခေါင်းတခါခါ ဖြစ်သွားရ၏။

ဒါကြောင့် ဆင်းရဲနေတာကိုး။ ဟမ့် ..။

အလုပ်သမား အနည်းငယ်က လူလာသည်ကို မြင်ချိန်မှာတော့ ချက်ချင်း ထရပ်ကာ ဆိုင်ထဲသို့ ပြေးဝင်သွားကြသည်။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့လည်း ဆိုင်ထဲသို့ ဝင်လိုက်ကြ၏။

ဆိုင်ရှင်ကလည်း ဆိုင်ထဲတွင် ရှိနေသည်။ သူတို့နှစ်ယောက်ကို မြင်သည်နှင့် ချက်ချင်း အံ့အားသင့် ဝမ်းသာ သွားသည်။ “ဪ … ဆရာစိုက်နဲ့ သခင်လေးလီ ရောက်လာတာပဲ။ တကယ့် ဧည့်သည်တော်တွေပဲ။ ဧည့်သည်တော်တွေပဲ။ ဧည့်သည်တော် နှစ်ယောက် ဘာတွေများ လိုအပ်လို့ပါလဲ။”

ပန်းရှန်းရပ်ကွက်တွင် နေထိုင်စဉ် ကာလအတွင်း လူအတော်များများက ဖန်ကျန်းရီနှင့် အိမ်ရှေ့စံ နှစ်ယောက်ကို သိနေကြပြီ ဖြစ်၏။ သူတို့ နှစ်ယောက်၏ အဆင့်အတန်းကို အားလုံး မသိကြသော်ငြား... ဆရာစိုက် နှင့် သခင်လေးလီကိုတော့ ကောင်းကောင်းသိနေကြ၏။

ရပ်ကွက်တွင်းရှိ အရာရှိအားလုံးက သူတို့နှစ်ယောက်၏ အုပ်ချုပ်မှုကို ခံယူနေရသည်ကို ကြည့်ရုံဖြင့် အနည်းဆုံးတော့ အရာရှိကြီးများ ဖြစ်မည်ကို အားလုံးက ရိပ်မိကြသည်။

အထူးသဖြင့် သခင်လေးလီ ဖြစ်၏။ နေ့စဉ် လူတစ်စုကို ခေါ်ကာ လမ်းပေါ်တွင် လျှောက်သွားနေပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် နေရာအနှံ့ လိုက်လံ ကြီးကြပ်နေသည်။ လူကြမ်းသလောက် စကားလည်း များ၏။ သို့ပေမည့ ကံကောင်းသည်မှာ စိတ်ထားကောင်းပြီး ပြည်သူများအပေါ် ဘယ်သောအခါမှ ဒေါသမထွက်သလို ပြည်သူများကို အနိုင်ကျင့်သည့် ကိစ္စမျိုးလည်း တစ်ခါမှ မကြားဖူးချေ။

ထို့ကြောင့် လီယွမ်ကျောက်ကို သြဇာအာဏာ ရှိသူဟု ဆိုနိုင်၏။

ဖန်ကျန်းရီက ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး။ ဆိုင်ရှင်ကို လာပြီး စုံစမ်းကြည့်တာပါ။ မကြာသေးခင်က ဝင်ငွေ ဘယ်လို ရှိလဲ။”

ဆိုင်ရှင်က ပြုံးကာ မရပ်မနား အရိုအသေ ပေးလိုက်၏။ “ခင်ဗျားတို့နှစ်ယောက်ရဲ့ ကျေးဇူးကြောင့် မကြာသေးခင်က အရောင်းအဝယ် တော်တော်လေး ကောင်းပါတယ်။ အထူးသဖြင့် ညဘက်ဆို နေ့ဘက် ထက်တောင် နည်းနည်း ပိုကောင်းနေသေးတယ်။ တကယ်ကို ထူးဆန်းတာပဲ။ အခု တစ်လကို ဝင်ငွေ ငွေတုံး သုံးဆယ်လောက် ရှိတယ်။ အရင်တုန်းက ဒီလောက် မများပါဘူး။ တစ်ဝက်လောက်တောင် မရှိဘူး။”

ဖန်ကျန်းရီ ဆက်မေးလိုက်၏။ “အဲဒီ ငွေတုံး သုံးဆယ်မှာ ရှုပ်ရှုပ်ယှက်ယှက် စရိတ်တွေ နုတ်လိုက်ရင် ငွေဘယ်လောက် ကျန်သေးလဲ။”

ဆိုင်ရှင်က ဤစကားကို ကြားချိန်မှာတော့ ရုတ်တရက် ခါးသီးစွာ ရယ်လိုက်သည်။ “ငွေတုံး နှစ်ဆယ်တောင် မပြည့်ဘူး...”

“ဘာ။” လီယွမ်ကျောက် ချက်ချင်း အော်လိုက်၏။

ပုံမှန်ဆိုလျှင် ဤမျှလောက် မများပြားတတ်ပေ။ ငွေတုံး ဆယ့်ငါးတုံးဟုသာ တွက်ဆကြည့်လိုက်မည် ဆိုလျှင် လက်ထဲ၌ ငွေငါးတုံးသာ ကျန်ရစ်တော့မည် မဟုတ်ပါလား။ ဤမျှ များပြားလှသော အလုပ်သမားများကို ကျွေးမွေးထားရသည့်အပြင် မိသားစုကြီး တစ်ခုလုံးလည်း ရှိနေသေးသည်ဖြစ်ရာ တစ်လပတ်လုံးနေမှ ငွေငါးတုံးသာ မြတ်စွန်းမည်ဆိုပါက ဤမျှ ကြီးမားသော ဆိုင်ကြီးကို ဖွင့်လှစ်ထားရပြီး ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။

“အဖြတ်ခံလိုက်ရတဲ့ ငွေဆယ်တုံးက ဘယ်ရောက်သွားတာလဲ။”

ဆိုင်ရှင်က နေရာ၌ပင် ရပ်နေကာ စကားမပြောရဲချေ။

လီယွမ်ကျောက်၏ မျက်နှာက တင်းမာသွား၏။ “မြန်မြန်ပြော။”

လီယွမ်ကျောက်၏ မျက်နှာတင်းမာနေသည်ကို မြင်ချိန်မှာတော့ ဆိုင်ရှင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် စတင် ပြောလာသည်။ “ရုံးတော်က အခွန်လာကောက်တာက ငွေငါးတုံး ယူသွားတယ်... နောက်ထပ် ငွေငါးတုံးက... သူများကို ပေးလိုက်ရတယ်။”

“သူများကို ပေးလိုက်ရတယ် ဟုတ်လား။ ဘယ်သူ့ကို ပေးလိုက်တာလဲ။” လီယွမ်ကျောက် အနည်းငယ် သံသယ ဝင်သွား၏။

“အာ... သူငယ်ချင်း တစ်ယောက်ပါ...”

“သူငယ်ချင်း ဟုတ်လား။”

လီယွမ်ကျောက်က လှောင်ပြုံး ပြုံးလိုက်ပြီး ကောင်တာကို အားပါပါ ပုတ်လိုက်သည်။ “ဘယ်သူငယ်ချင်းကို လတိုင်း လတိုင်း ငွေငါးတုံး ပေးရတာလဲ။”

“အမှန်တိုင်း မပြောသေးဘူးလား။ မဟုတ်ရင် ကျုပ် လူခေါ်လာပြီး ခင်ဗျားဆိုင်ကို ရိုက်ခွဲပစ်မယ်။”

ဤစကားကို ကြားသည်နှင့် ဆိုင်ရှင်က ဒိုင်းခနဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွား၏။

ပြီးနောက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ “မဟုတ်ပါဘူး သခင်လေးလီရယ်။ တကယ် သူငယ်ချင်းကို ပေးတာပါ။ ကျုပ် သူငယ်ချင်းက နည်းနည်း ဆင်းရဲလို့ လတိုင်း ပေးနေရတာပါ...”

ဖန်ကျန်းရီ မျက်လုံးမှေး၍ ကြည့်နေရင်းမှ ခေါင်းထဲတွင် စဉ်းစားနေလိုက်၏။

လူမိုက်တစ်စုရဲ့ သတ္တိက ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ထားဘူး။ ရုံးတော်နဲ့ တန်းတူ ဆက်ကြေး ကောက်ရဲတာပဲ။ ကြည့်ရတာ ငါ ထင်ထားတာထက် ပိုဆိုးနေပုံပဲ။

တောက်ယွမ်ခရိုင်တွင် ဤကဲ့သို့သော ကိစ္စမျိုး မဖြစ်ဖူးသောကြောင့် ဖန်ကျန်းရီ၏ တွေးခေါ်မှုက တိကျမှု မရှိချေ။

တကယ်လို့များ တောက်ယွမ်ခရိုင်ထဲမှာ တစ်ယောက်ယောက်က ဆက်ကြေးကောက်ရဲတယ် ဆိုရင် အဲဒီလူကို ဖမ်းပြီး လမ်းပေါ်မှာတင် ခြေထောက် ရိုက်ချိုးခံရမှာ သေချာတယ်။ အဲဒါကို ဆက်ကြေးကောက်တယ်လို့ ခေါ်လို့ ရမလား။

အဲဒါ ငါ …. ဖန်ကျန်းရီရဲ့ ပိုက်ဆံကို လုနေတာပဲ။

All Chapters