အခန်း (၁၃၅-၁၃၆)
Vol. 9 Ch. 135-136
အပိုင်း (၁၃၅) ဖားယားဘုရင်၏ သဝဏ်လွှာ
ယန်ရှင်းနန်းဆောင်အတွင်း။
ကျင်းအရှင်မင်းကြီး၏ စားပွဲပေါ်တွင် စာလွှာများ နှစ်တန်းစီ စုပုံနေ၏။
ကော်ထျန်းယန်က ပုံမှန်အတိုင်း ဘေးတွင် ရပ်၍ ခစားနေသည်။ လက်ဖက်ရည် အေးသွားသည်ကို မြင်ချိန်မှာတော့ အပူဖြင့် အချိန်မီ လဲလှယ်ပေးလိုက်သည်။
အရှင်မင်းကြီးက အချိန်အကြာကြီး ဖတ်ရှုစစ်ဆေးနေခဲ့သည်။ လက်ဖက်ရည် သုံးခွက် လဲလှယ်ပြီးချိန်မှာတော့ စုတ်တံကို ချကာ အကြောအခြင်များကို လျှော့ချလိုက်၏။
ရုတ်တရက် တစ်ခုခုကို သတိရသွားသည့်အလား လက်လှမ်းကာ စာလွှာပုံထဲတွင် စတင် ရှာဖွေသည်။
တစ်အုပ်ပြီးတစ်အုပ် လှန်ကြည့်သော်လည်း သူ လိုချင်သည့် အုပ်ကို မတွေ့ရသောကြောင့် မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
ထို့နောက် မျက်ခုံးကြားကို ပွတ်သပ်ကာ တတွတ်တွတ် ရေရွတ်နေသည်။ "ဘာလို့ မရှိရတာလဲ... ဘယ်ရောက်သွားတာလဲ... မဖြစ်သင့်ဘူး..."
ကော်ထျန်းယန်က ထိုမြင်ကွင်းကို မြင်ချိန်မှာတော့ အရှင်မင်းကြီးအနားသို့ ကမန်းကတမ်း တိုးသွားရင်း ရိုသေစွာ ပြောလိုက်၏။ "အရှင်မင်းကြီး …. ဘာရှာနေတာလဲ။ ကျွန်တော်မျိုး ကူရှာပေးပါ့မယ်။"
အရှင်မင်းကြီးက လက်ကာပြလိုက်သည်။ "ကိစ္စမရှိဘူး... ဒါနဲ့ မကြာသေးခင်က ဖန်ကျန်းရီနဲ့ ယန်ကော်အန်းတို့ ဘက်က အခြေအနေ ဘယ်လိုရှိလဲ။ တိုးတက်မှု တစ်ခုခု ရှိလား။"
"မှန်လှပါ အရှင်မင်းကြီး။ အမတ်ကြီးယန်ဘက်က အခြေအနေ အားလုံး ကောင်းမွန်ပါတယ်။ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ အခု တုန်းကျင်းရပ်ကွက်က အမတ်ကြီးယန်ရဲ့ အုပ်ချုပ်မှုအောက်မှာ အားလုံး စည်းကမ်းတကျ ရှိနေပါတယ်။ လမ်းတွေလည်း သန့်ရှင်းနေပြီး အစီအစဉ်တကျ ရှိပါတယ်။
ပြီးတော့ ပညာတတ် အများအပြားကို စုဝေးပြီး လမ်းဘေး အဆောင်လေးတွေမှာ ကဗျာတွေ ရွတ်ဆို၊ တရားတွေ ဆွေးနွေးခိုင်းထားတယ်လို့ ကြားပါတယ်။ ဖြတ်သွားဖြတ်လာ ပြည်သူတွေ အကုန်လုံးလည်း ဗဟုသုတ အများကြီး ရနေကြပါတယ်။
စုံစမ်းရေးအဖွဲ့က အရာရှိငယ်တွေကို စုံစမ်းကြည့်တော့ ဒါကို တိတ်တဆိတ် ပညာပေးတာလို့ ခေါ်တယ်တဲ့။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူတွေလည်း အလိုအလျောက် ယဉ်ကျေးလာလိမ့်မယ်လို့ ဆိုပါတယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ပြည်သူတွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ပြီး ယဉ်ကျေးလာကြပါပြီ။ အရင်က လမ်းပေါ်မှာ အသံကျယ်ကြီးနဲ့ အော်ဟစ်နေကြတဲ့ ကုန်သည်တွေတောင် စကားပြောတာ ယဉ်ကျေး သိမ်မွေ့လာပြီး ဆူဆူညံညံ မလုပ်ကြတော့ပါဘူး။
ရပ်ကွက်ထဲက ပညာရှင်တွေ အများအပြားကလည်း အမတ်ကြီးယန်ရဲ့ အုပ်ချုပ်မှု စွမ်းရည်ကို အဆက်မပြတ် ချီးကျူးနေကြပါတယ်။ အချုပ်ပြောရရင်တော့ အရမ်း ကောင်းမွန်ပါတယ်။ ပြည်သူတွေ အားလုံးကလည်း ဝမ်းသာ ပျော်ရွှင်နေကြပါတယ်။"
"ဪ …"
အရှင်မင်းကြီးက ပြုံးကာ လက်ဖက်ရည်ခွက်ကို ယူ၍ တစ်ငုံ သောက်လိုက်၏။ "အမတ်ယန်ရဲ့ အရည်အချင်းကို ကိုယ်တော် သေချာပေါက် သံသယဝင်စရာ မလိုပါဘူး။ ကောင်းကောင်း လုပ်နိုင်တာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာပဲ။ ဒါပေမဲ့ ရက်တိုတိုလေးအတွင်းမှာ ဒီလောက် ကောင်းအောင် လုပ်နိုင်လိမ့်မယ်လို့ မထင်ထားမိဘူး။
ဟူး... နှမြောစရာက အိမ်ရှေ့စံနဲ့ သူ့ရဲ့ စရိုက်က သိပ်မတူဘူး ဖြစ်နေတာပဲ။ သူ ပြောတာတွေကို နားမဝင်ဘူး။ မဟုတ်ရင် သူ့ရဲ့ဗဟုသုတ ကြွယ်ဝမှုနဲ့ဆိုရင် အိမ်ရှေ့စံကို သွန်သင်ပြသပေးဖို့ လုံလောက်တာထက်တောင် ပိုနေသေးတယ်။
ဖန်ကျန်းရီ လုပ်တာကလည်း မဆိုးဘူး ဆိုပေမဲ့ သူ့စရိုက်က တကယ်ကို လွတ်လပ်ပေါ့ပါးလွန်းတယ်။ တည်ငြိမ်မှု မရှိဘူး။ ကိုယ်တော် စိတ်မချသလို ခံစားရတယ်။"
ကော်ထျန်းယန်က ဘာမှ ဝင်မပြောပေ။
မည်သို့ပင်ဆိုစေကာမူ သူ ကောင်းစွာ သင်ခန်းစာရသွားခဲ့ပြီ ဖြစ်သည်။ ဖန်ကျန်းရီနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ထပ်မံစုံစမ်းတော့မည် မဟုတ်သလို အသံတစ်ချက်ပင် ထွက်ဝံ့တော့မည် မဟုတ်ချေ။ သွားရောက် မစော်ကားရဲလျှင်တောင်မှ ရှောင်ဖယ်နေ၍ ရသည်မဟုတ်ပါလား။
စကားတစ်ခွန်း မှားယွင်းသွားသည်နှင့် အရှင်မင်းကြီး၏ အပြစ်တင်ကြိမ်းမောင်းမှုကို ခံရဦးမည်။ ဆဲရေးတိုင်းထွာ၍ မရသကဲ့သို့ မျက်နှာချိုသွေး မြှောက်ပင့်ရာတွင်လည်း ထိုသူ့ကို ယှဉ်နိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍ ဤအတိုင်းပင် ငြိမ်သက်စွာ နေလိုက်တော့မည်ဟုသာ သူ ဆုံးဖြတ်လိုက်တော့သည်။
ကောင်းကင်ဘုံသည် ကော်ထျန်းယန်ကို မွေးဖွားပေးခဲ့ပြီးမှ အဘယ်ကြောင့် ဖန်ကျန်းရီကို ထပ်မံ မွေးဖွားလာ စေရသနည်း။
"ဒါနဲ့ ဖန်ကျန်းရီဘက်ကရော ဘယ်လိုရှိလဲ။" အရှင်မင်းကြီးက မေးလိုက်၏။
ကော်ထျန်းယန်က အထစ်ထစ်အငေါ့ငေါ့ ဖြစ်လာသည်။ ဖန်ကျန်းရီ၏ အခြေအနေက တကယ်ကို ပြောရခက်သည်။ နည်းနည်းလည်း ရှုပ်ထွေးနေသည်။
"ဟင် ….. ဘာလို့ စကားမပြောတာလဲ။"
"အာ... မှန်လှပါ …. အရှင်မင်းကြီး။ ပန်းရှန်းရပ်ကွက်ဘက်က အခြေအနေက နည်းနည်း ထူးဆန်းနေပါတယ်။ တခြား ပြောင်းလဲမှုတွေတော့ မရှိပါဘူး။ ဒါပေမဲ့ သန့်ရှင်းရေးကိုတော့ အရမ်းကောင်းအောင် လုပ်ထားတယ်လို့ ကြားပါတယ်။
ဒါပေမဲ့... စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ... လူတစ်ချို့က တံတွေးထွေးပြီး နေရာတကာ အိမ်သာတက်လို့ လမ်းပေါ်က အရာရှိငယ်တွေ ဖမ်းသွားတယ်လို့ ဆိုပါတယ်။ ပြည်သူတွေက ဒါနဲ့ ပတ်သက်ပြီး တော်တော်လေး မကျေမနပ် ဖြစ်နေကြပါတယ်။”
အရှင်မင်းကြီးက ဟားဟားဟား ရယ်မောလိုက်၏။ "ဒီဖန်ကျန်းရီကတော့... ကိုယ်တော် သိသားပဲ။ ပန်းရှန်းရပ်ကွက်မှာ တောက်ယွမ်ခရိုင်ထက်တောင် ပိုဆိုးနေသေးတယ်။
ကိုယ်တော် ကြည့်ရသလောက် သူက သန့်ရှင်းရေးကို အရမ်းစွဲလမ်းတဲ့ရောဂါ နည်းနည်း ရှိနေပုံပဲ။ အရင်က ကိုယ်တော်တို့ တောက်ယွမ်ခရိုင်ကိုသွားတုန်းက မင်းတောင် ကြေးပြား အနည်းငယ် ဒဏ်ရိုက်ခံခဲ့ရသေးတယ် မဟုတ်လား။
ဒါပေမဲ့ နေရာတကာ တံတွေးထွေးရုံလေးနဲ့ ဖမ်းသွားတယ်ဆိုတာကတော့ တကယ်ကို နည်းနည်း လွန်လွန်းပါတယ်။"
ကော်ထျန်းယန်က ရှက်ကိုးရှက်ကန်း ရယ်လိုက်သည်။ "ဟုတ်ပါတယ်။ အမတ်ဖန်က သန့်ရှင်းရေး လုပ်တဲ့ နေရာမှာ တော်ပါတယ်။
ပြီးတော့ ပန်းရှန်းရပ်ကွက်က နံရံတွေပေါ်မှာလည်း ကြော်ငြာစာတွေ ကပ်ထားတယ်။ ပြည်သူတွေကို သန့်ရှင်းရေး ဂရုစိုက်ဖို့၊ နေရာတကာ အိမ်သာ မတက်ဖို့။ ဒီလောက်တင် မကဘူး။ အမတ်ဖန်က အိမ်သာတက်ပြီး မဲဖောက်တာတောင် လုပ်သေးတယ်။
"အဲတာက ဘယ်လိုလဲ။" အရှင်မင်းကြီးက ကော်ထျန်းယန်ကို သံသယဖြင့် ကြည့်လိုက်၏။ ဤစကားလုံးကို အရင် တစ်ခေါက်က ကြားဖူးသလို ရှိသော်လည်း သေချာ ဂရုမစိုက်မိခဲ့ပေ။ ယခု ကော်ထျန်းယန် ပြန်ပြောမှသာ ရုတ်တရက် သတိရသွား၏။
သို့သော်လည်း အိမ်သာတက်ရင်း မဲဖောက်သည်ဆိုသည်မှာ မည်သို့သော ကိစ္စရပ်မျိုး ဖြစ်သနည်း။ အလွန်တရာ ထူးဆန်းလွန်းနေသည် မဟုတ်ပါလော။ အိမ်သာတက်ခြင်းနှင့် မဲဖောက်ခြင်းဟူသည့် ကိစ္စရပ်နှစ်ခုကို ဆက်စပ်၍ ရနိုင်မည်မှ မဟုတ်တာ။
ကော်ထျန်းယန်က ရှင်းပြလိုက်သည်။ "ပြည်သူတွေကို အများသုံး အိမ်သာ သုံးအောင် တိုက်တွန်းတာပါ။ အများသုံး အိမ်သာကို သွားပြီး ကိစ္စရှင်းရင် မဲဖောက်တဲ့ အစီအစဉ်မှာ ပါဝင်လို့ ရပါတယ်။ အမြင့်ဆုံး ဆုကြေးက ငွေငါးတုံးပါ။
ဒါပေမဲ့... ဒီကိစ္စကြောင့် ပန်းရှန်းရပ်ကွက်က ပြည်သူတွေက အကြီးအကျယ် ညည်းညူနေကြပါတယ်။ ရုံးတော်က လူတွေကို လိမ်တယ်လို့ ပြောနေကြတယ်။ လူတွေကို အိမ်သာဆီ လိမ်ခေါ်သွားပြီး ပိုက်ဆံ မပေးဘူးတဲ့။"
အရှင်မင်းကြီး၏ မျက်နှာထားက စတင် ပျက်ယွင်းလာသည်။
ဤသည်က မည်သို့သော စကားမျိုးနည်း။ အိမ်သာသို့ သွားခိုင်းသည်မှာ ဘာတွေများ နစ်နာသွားသနည်း။ အလကားရရှိမည့် မဲဖောက်ခွင့်လေး တစ်ခုအပေါ် ပြဿနာက ဤမျှလောက်တောင် များပြားနေရသည်လား။
"ပွဲအချို့လုပ်ပြီးချိန်မှာတော့ မဲမပေါက်တဲ့ ပန်းရှန်းရပ်ကွက်က ပြည်သူတွေက နောက်ဆိုရင် ပန်းရှန်းရပ်ကွက်မှာ ... အိမ်သာ လုံးဝ မတက်တော့ဘူးလို့ အော်ဟစ်နေကြပါတယ်။ ငွေပေးရင်တောင် မလာဘူးတဲ့။"
"…….."
အရှင်မင်းကြီးမှာ ရုတ်တရက် လက်ထဲရှိ လက်ဖက်ရည်ကိုပင် မမွှေးတော့သလို ခံစားလိုက်ရသည်။ အနည်းငယ် အော့အန်ချင်လာသဖြင့် လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ချလိုက်၏။ "လွန်လွန်းတယ်။ ဖန်ကျန်းရီက တကယ်ကို လွန်လွန်းတယ်။ ဒါတွေကလွဲပြီး သူ တခြား ဘာမှ မလုပ်ဘူးလား။"
အရှင်မင်းကြီးက အနည်းငယ် မယုံနိုင်ဖြစ်နေကာ စုံစမ်းရေးအဖွဲ့၏ သတင်းများ ပြဿနာ ရှိနေသည်ဟုပင် ထင်လိုက်မိသည်။
တောက်ယွမ်ခရိုင်ကို သူ မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ ဖန်ကျန်းရီက လုံးဝ မလုပ်နိုင်စရာမရှိပေ။
"မလုပ်တော့ပါဘူး..."
ကော်ထျန်းယန်၏ မျက်နှာလည်း အနည်းငယ် ပျက်ယွင်းနေ၏။
ဖန်ကျန်းရီက မျှော်လင့်ချက် မရှိဘူးပဲ။ ငါက ဘာလုပ်နိုင်မှာလဲ။ ငါကပဲ အရှင်မင်းကြီးဘေးမှာ သူ့အကြောင်း တမင်တကာ မကောင်းပြောနေသလို ဖြစ်နေပြီ။
အရှင်မင်းကြီး၏ မျက်နှာ မှုန်ကုပ်သွားသည်။ "ဒါဆို အိမ်ရှေ့စံရော ….. အိမ်ရှေ့စံ ဘာလုပ်နေလဲ။"
"အိမ်ရှေ့စံက... ဖန်ကျန်းရီက သူ့အတွက် လူထောင်ချီရှိတဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့ပေးထားပါတယ်။ နာမည်က သန့်ရှင်းရေးအဖွဲ့တဲ့။ အိမ်ရှေ့စံကို အုပ်ချုပ်ခိုင်းထားပြီး ရပ်ကွက်တွင်း သန့်ရှင်းရေးကို သီးသန့် တာဝန် ယူခိုင်းထားပါတယ်။ ဘေးနားက ရပ်ကွက်တွေရဲ့ သန့်ရှင်းရေးကိုတောင် တာဝန်ယူထားပြီး အားလုံး စနစ်တကျ လုပ်ဆောင်နေပါတယ်။"
အရှင်မင်းကြီးသည် ဤစကားကို ကြားချိန်မှာတော့ မျက်နှာ အနည်းငယ် ကြည်လင်သွားသည်။
အိမ်ရှေ့စံက သန့်ရှင်းရေးအဖွဲ့ကို ဦးစီးအုပ်ချုပ်နေခြင်းနှင့် ပတ်သက်၍ သိပ်ပြီး အရေးတယူ မရှိလှပေ။ မည်သို့ပင်ဆိုစေ သူကိုယ်တိုင်သည်လည်း ယခင်က စစ်တပ်အတွင်း၌ စစ်သည်ရဲမက်များနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးသူ ဖြစ်သည်။ လူပေါင်းထောင်ချီအား ကွပ်ကဲအုပ်ချုပ်ရခြင်းဆိုသည်မှာ ကြီးမားကျယ်ပြန့်လှသော ပညာရပ်တစ်ခုပင် ဖြစ်၏။ အပေါ်ယံ ရှုမြင်ရသလောက် လွယ်ကူသည့် ကိစ္စရပ်မျိုး လုံးဝ မဟုတ်ချေ။
အိမ်ရှေ့စံအနေဖြင့် ဤသို့ လေ့ကျင့်သင်ယူခွင့် ရရှိသွားခြင်းမှာ အကောင်းဆုံးပင် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ ဖန်ကျန်းရီအပေါ် သူ အလွန်အမင်း ကျေနပ်သဘောကျမိ၏။
"အိမ်ရှေ့စံက နေ့တိုင်း လမ်းပေါ်ထွက်ပြီး အလုပ်တွေကို ကြီးကြပ်ပါတယ်။ ပြည်သူတွေကို အနှောင့်အယှက် မပေးလို့ ရပ်ကွက်ထဲမှာ နာမည်ကောင်းလည်း တော်တော်လေး ရနေပါတယ်။"
အရှင်မင်းကြီးက အပြုံး ပြန်လည်ဖြစ်တည်လာကာ ချီးကျူးလိုက်သည်။ "ကောင်းတယ်။ တခြားဟာတွေ မပြောနဲ့အုံး။ ဖန်ကျန်းရီက လူတွေကို သင်ပေးတဲ့ နေရာမှာတော့ တော်တာပဲ။ ဒါပေမဲ့... ဒီလိုပဲ သန့်ရှင်းရေး အမြဲ လုပ်နေရင်တော့ နည်းနည်း မသင့်တော်ဘူး။
အရှင်မင်းကြီး … ဖန်ကျန်းရီကို အပြောင်းအလဲလုပ်ဖို့ အမိန့်တော် ထုတ်ပြီး ဆူပူလိုက်ရမလား။ ဒီအတိုင်း ဆက်သွားရင် အမတ်ကြီးယန်ကို မီမှာ မဟုတ်ဘူးလို့ စိုးရိမ်ရပါတယ်။"
အရှင်မင်းကြီးက လက်ဖက်ရည်ကို ပြန်ယူကာ တစ်ငုံ သောက်လိုက်ပြီး ခပ်အေးအေးပင် ပြောလိုက်၏။ "မလိုပါဘူး။ ရွှေစစ်ရင် မီးကို မကြောက်ဘူး။ တကယ်လို့ တကယ့် အရည်အချင်း ရှိရင် ကိုယ်တော် ပြောတာနဲ့ မပြောတာက ဘာကွာခြားလို့လဲ။ အချိန် နှစ်လကျော် ကျန်သေးတယ်။ သူတို့ နှစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကိုပဲ ဆက်ကြည့်ကြတာပေါ့။”
“အရှင်မင်းကြီးကို လျှောက်တင်ပါတယ်။ မြို့ဝန်ဖန်က အရေးပေါ် သဝဏ်လွှာ တင်လာပါတယ်။" စကားပြောနေစဉ်မှာပဲ မိန်းမစိုးငယ် တစ်ယောက်က သဝဏ်လွှာကို ကိုင်ကာ ခန်းမဆောင်ထဲသို့ ဝင်ရောက် လျှောက်တင်၏။
အရှင်မင်းကြီး ချက်ချင်း လန်းဆန်းသွားသည်။ "ဆက်သစမ်း။"
ကော်ထျန်းယန်က ကမန်းကတမ်း ဆင်းသွားကာ စာလွှာကို ယူ၍ ဆက်သလိုက်ပြီး ရင်ထဲတွင် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။
အရှင်မင်းကြီး၏ တုံ့ပြန်ပုံမှာ အနည်းငယ် ပုံမှန်မဟုတ်ချေ။ စောစောက စာလွှာပုံများထဲတွင် ရှာဖွေနေခဲ့သည်မှာ ဖန်ကျန်းရီ၏ စာလွှာများ ဖြစ်နေမည်လား။
အရှင်မင်းကြီးက စာလွှာကို လှမ်းယူကာ ဖွင့်ဖတ်ကြည့်လိုက်သည်။
ကော်ထျန်းယန်က သိချင်စိတ်ဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။
သောက်ကျိုးနည်း။
စာလွှာပေါ်ရှိ စာလုံးများက ယိုင်နဲ့နဲ့ ဖြစ်နေကာ အလောတကြီး ရေးထားကြောင်း တစ်ချက် ကြည့်ရုံဖြင့် ရှင်းလင်းစွာ မြင်နိုင်သည်။
အပေါ်တွင် ရေးထားသည်ကို သူ မြင်လိုက်ရသည်။ "ကျွန်တော်မျိုး အချစ်ရဆုံးနဲ့ အမြတ်နိုးရဆုံး အရှင်မင်းကြီး …. ထမင်းစားပြီးပြီလား။ အရှင်မင်းကြီးဆီ သဝဏ်လွှာ မတင်တာ နှစ်ရက် ရှိသွားပြီ။ မနေ့ညက အပူချိန် အရမ်း ကျသွားတယ်။ အရှင်မင်းကြီး အဝတ် ပိုဝတ်ဖို့ သတိထားပါ..."
အရှင်မင်းကြီးက လျင်မြန်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် စာလွှာကို ပိတ်ကာ ဘေးသို့ ပစ်ချလိုက်၏။ ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။ စာကိုမမြင်ရသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်သောကြောင့် တစ်ခုခု လိုအပ်သလို အမြဲ ခံစားနေခဲ့ရသည်။ ယခုမှ နေလို့ထိုင်လို့ တကယ် အဆင်ပြေသွားခဲ့၏။
အပိုင်း (၁၃၆) အကြီးအကျယ် လောဘကြီးခြင်း။
ငါးရက် အချိန် ကုန်လွန်သွားပြီ ဖြစ်၏။
တောက်ယွမ်ခရိုင်မှ အထူကြီး ဖြစ်နေသော ကြော်ငြာစာရွက်များ ရောက်ရှိလာကာ စုစုပေါင်း ရွက်ရေ ထောင်ချီ ရှိသည်။
အပေါ်တွင် ရေးဆွဲထားသည်မှာ သက်ဝင်လှုပ်ရှားနေသော ဆိုင်ရှင်ချန်၏ ပုံဖြစ်ပြီး ရိုးသားသော မျက်နှာထားဖြင့် လက်မထောင်ပြနေကာ အခြားလက်တစ်ဖက်က မုန့်တစ်တုံးကို ကိုင်ထားသည်။ အပေါ်တွင် ကြော်ငြာ စာသားများ ရေးထား၏။
"ချန်ကုန်စုံဆိုင်။ ဖူယွင်ဘုရားကျောင်းက ကျောင်းထိုင်ဆရာတော် ကိုယ်တိုင် ဆိုင်တစ်ဆိုင်လုံးကို ကံအလင်းဖွင့်ပေးထားပါတယ်။ စောစောဝယ်ရင် အသက်ရှည်မယ်။ နောက်ကျမှဝယ်ရင်တော့ လျှော့ဈေး ရှိတယ်။"
အောက်ဘက်တွင် ဆန်စေ့အရွယ်အစားရှိသော စာကြောင်းတစ်ကြောင်းကို ရေးထားသေးသည်။ "ကြော်ငြာသည် ရည်ညွှန်းချက်သာ ဖြစ်ပြီး လက်တွေ့ကိုသာ အဓိကထားပါ။"
ဤကဲ့သို့သော ကြော်ငြာစာသားမျိုး သတ်မှတ်လိုက်ခြင်းက ဖန်ကျန်းရီကို တကယ်ကို တုန်လှုပ်သွားစေခဲ့၏။
ယခင်က ပန်းချီဆရာကို လွှတ်ပြီး ချန်ကုန်စုံဆိုင်အတွက် ပန်းချီတစ်ချပ် အရင် ဆွဲပေးရန် ပြင်ဆင်ထားခဲ့သည်။ ထိုဆိုင်ရှင်ချန်က သူ၏ မျက်နှာအိုကြီးကို ရေးဆွဲခိုင်းလိမ့်မည်ဟု မည်သူ ထင်မည်နည်း။
ထို့နောက် သူကိုယ်တိုင် ဤကြော်ငြာစာသားကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဤမျှ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သော်လည်း ကြယ်ပွင့်တစ်ပွင့် ဖြစ်လာလိုသည့် အိပ်မက်များ ရှိနေသေးသော ဤအဘိုးအိုအား ဖန်ကျန်းရီအနေဖြင့် မလေးစားဘဲ မနေနိုင်ခဲ့ပေ။ ထို့ပြင် ချမ်းသာကြွယ်ဝလိုစိတ် ပြင်းပြလွန်းလှသဖြင့် ဖူယွင်ဘုရားကျောင်း တစ်ခုလုံးကိုပင် ရေထဲသို့ ဆွဲချဝံ့သေး၏။ အတော်လေး သတ္တိကောင်းသည်ဟု ဆိုရမည်။
လေးစားမှုကို ပြသရန် ဖန်ကျန်းရီက သူ၏ အစီအစဉ်အတိုင်း လုပ်ခွင့်ပေးလိုက်သည်။ ပန်းချီဆရာ ဆွဲပြီးသည်နှင့် ပုံကို တောက်ယွမ်ခရိုင်သို့ ပို့ကာ ပုံနှိပ်ဘလောက် ထွင်းပြီး ကူးယူစေ၏။ သူ၏ ပိုင်နက်ဖြစ်သောကြောင့် အရာအားလုံးကို အရင်းဈေးဖြင့် ပြုလုပ်နိုင်သည်။
ထို့နောက် သန့်ရှင်းရေး အဖွဲ့သားများ၏ ကျောဘက်တွင် ရိုးသားသော ဆိုင်ရှင်ချန်၏ပုံကို ကပ်ထားပြီး တစ်ချိန်တည်းမှာပဲ ကြော်ငြာစာသားများကို မရပ်မနား ရွတ်ဆိုစေ၏။
သန့်ရှင်းရေးအဖွဲ့သားများ လမ်းပေါ်သို့ထွက်ကာ တစ်ယောက်ပြီးတစ်ယောက် ကြော်ငြာနေချိန်မှာပဲ ဖန်ကျန်းရီဘက်မှလည်း လူမိုက်ဂိုဏ်းများကို စုံစမ်းခဲ့သည်။ သဲလွန်စ အနည်းငယ် အစရှာတွေ့နေပြီ ဖြစ်သည်။
စုံစမ်းရေးသမားများ၏ သတင်းပေးပို့ချက်အရ ရပ်ကွက်အတွင်းရှိ အဖွဲ့ငယ်လေးများမှာ ယခုအခါ အင်အားအကြီးဆုံးဖြစ်သော ဂျီအာ့ယဲ့၏ ရှင်းလင်းမှုကြောင့် အကြီးအကျယ် ပြိုကွဲသွားကြပြီ ဖြစ်၏။
အသေးအမွှားလေးတွေကလွဲလျှင် သိပ်မကြာခင် အားလုံး ပေါင်းစည်းသွားတော့မည်ဟု ထင်ရသည်။
သေချာပေါက် ဤရလဒ်က ဖန်ကျန်းရီ၏ မှန်းဆချက်မှ သွေဖည်မသွားပေ။ ထို့အပြင် ပြဿနာ တော်တော်များများကိုလည်း သက်သာသွားစေ၏။
အမှန်စင်စစ် ပြည့်တန်ဆာအိမ်နှင့် လောင်းကစားရုံဟူသည် မည်သည့်နေရာ၌မဆို အကျိုးအမြတ် အများဆုံး ရရှိနိုင်သော နေရာများ ဖြစ်သည်။ ဤဂျီအာ့ယဲ့အနေဖြင့် ထိုအဆီအနှစ်လုပ်ငန်းကြီး နှစ်ခုအား သိမ်းပိုက်နိုင်ခဲ့သည် ဖြစ်ရာ သူ၏ အရည်အချင်းမှာ သေချာပေါက် ညံ့ဖျင်းနေမည် မဟုတ်ချေ။
ဂျီအာ့ယဲ့၏ ပုန်းအောင်းရာနေရာကို သေချာ သိရှိပြီးနောက် ဖန်ကျန်းရီသည် အရာရှိငယ် တစ်စုအပြင် လီယွမ်ကျောက်၊ ကျန်းပြောင်တို့နှင့်အတူ ထွက်ခွာလာခဲ့၏။
ဌာနချုပ်ကလည်း အလွန် ထင်ပေါ်လွန်းသည်။ ပြည့်တန်ဆာအိမ် တစ်ခုထဲတွင် ဖွင့်ထားခြင်း ဖြစ်သည်။
ကိုယ်တိုင်ဖွင့်လှစ်ထားသော ပြည့်တန်ဆာအိမ်လား သို့မဟုတ် တခြားသူဆီမှ အတင်းလုယူထားသည်လား မသိပေ။ သို့ပေမည့် အရေးမကြီးပေ။ လုပ်စရာရှိတာ လုပ်ရပေမည်။
အရာရှိငယ် အများအပြားကလည်း စိတ်အားထက်သန်စွာဖြင့် စမ်းသပ်ချင်နေကြ၏။
ဆရာစိုက်နဲ့ သခင်လေးလီတို့ နှစ်ယောက်ကသာ မြို့မြောက်ပိုင်း စစ်တပ်တွင် အာဏာအရှိဆုံးသူတွေ ဖြစ်ကြောင်း အားလုံး သိထားကြသည်။ လက်ရှိ အခွင့်အရေးကို အသုံးချပြီး မြန်မြန် စွမ်းဆောင်ရည် ပြသရမည်။
သို့သော်ငြား တံခါးပေါက်သို့ ရောက်ချိန်မှာတော့ အားလုံး စိတ်ပျက်သွားကြ၏။ ဖန်ကျန်းရီက သူတို့ကို ပြည့်တန်ဆာအိမ်ကို ဝိုင်းထားရန်သာ အမိန့်ပေးခဲ့သည်။ ပြီးနောက် လီယွမ်ကျောက်နှင့် ကျန်းပြောင်ကိုသာ ခေါ်၍ အထဲသို့ ဝင်သွားသည်။
အထဲသို့ ဝင်သွားသည်နှင့် ဤပြည့်တန်ဆာအိမ် ဆိုင်းဘုတ် ချိတ်ထားသောနေရာမှာ တကယ်တမ်း အခွံလွတ်ကြီး ဖြစ်နေပြီမှန်း သိလိုက်ရသည်။ အထဲတွင် လူမရှိပေ။ ဝင်သွားချိန်တွင် မိတ်ကပ် အထူကြီး လိမ်းထားသော သက်လတ်ပိုင်း အမျိုးသမီး တစ်ယောက်သာ ကြိုဆိုရန် ထွက်လာခဲ့၏။
လူသုံးယောက်၏ ပုံစံက အနည်းငယ် ထူးဆန်းနေသည်ကို မြင်ချိန်မှာတော့ အထင်သေးစွာ ပြောလိုက်သည်။ "ရှင်တို့သုံးယောက် ဘာလာလုပ်တာလဲ။"
ဖန်ကျန်းရီက ဂရုမစိုက်ဘဲ ခပ်အေးအေး ပြောလိုက်၏။ "ဒုက္ခပေးပါရစေ။ ဂျီအာ့ယဲ့နဲ့ တွေ့ချင်လို့ပါ။"
အသက်လတ်ပိုင်း အမျိုးသမီးက လှောင်ရယ်လိုက်သည်။ "ဂျီအာ့ယဲ့က မင်း တွေ့ချင်တိုင်း တွေ့လို့ ရမယ် ထင်နေတာလား။ တွေ့ချင်ရင်လည်း ရပါတယ်။ မင်းဘေးက ကောင်လေးကို အစ်မနဲ့ အတူတူ လာ ကစားခိုင်းလိုက်လေ။"
လီယွမ်ကျောက်က ဖန်ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ့ကိုယ်သူ အံ့သြစွာ လက်ညှိုးထိုးလိုက်၏။ "ကျုပ်လား။"
"ဟုတ်တယ်။ မင်းပဲ။ အဖွားကြီး …. ငါက နုနုနယ်နယ်လေးတွေကိုပဲ ကြိုက်တာ။"
ဖန်ကျန်းရီ ဤစကားကို ကြားချိန်မှာတော့ မျက်ခွံများပင် တဆက်ဆက် ခုန်သွားသည်။ တော်လိုက်တဲ့မိန်းမ …. သူ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာတည်းက တွေ့ဖူးခဲ့သမျှထဲတွင် အရိုင်းစိုင်းဆုံး မိန်းမ ဖြစ်သည်။ လူမိုက်လောကထဲ ကျင်လည်နေသည်မှာ ထိုက်တန်လွန်းလှသည်။
လီယွမ်ကျောက်မှာ တစ်ခဏချင်း မျက်နှာ နီရဲသွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် စကားပင် မပြောနိုင်တော့ချေ။
"ရပြီ။ ရပြီ။ ဒီမှာလာပြီး ရမ္မက်ကြွမနေနဲ့တော့။ ဂျီအာ့ယဲ့ကို မြန်မြန် ထွက်တွေ့ခိုင်းလိုက်။" ဖန်ကျန်းရီက စိတ်မရှည်စွာ ပြောလိုက်၏။
သက်လတ်ပိုင်း အမျိုးသမီးက ဒေါသထွက်စွာဖြင့် ရယ်လိုက်သည်။ "မင်းတို့က ဘာကောင်တွေမို့လို့လဲ။ ဒုတိယသခင်ကိုတောင် ဆင်းလာတွေ့ခိုင်းရဲတယ်ပေါ့။"
"မြန်မြန် သွားအကြောင်းကြားလိုက်။ ကျုပ်က သူ့တစ်မိသားစုလုံးကို လာသတ်တာလို့ ပြောလိုက်။"
သက်လတ်ပိုင်း အမျိုးသမီးသည် ဤစကားကို ကြားချိန်မှာတော့ မျက်နှာ ပျက်သွား၏။ ရက်ရက်စက်စက် ပြန်ဆဲရန် ပြင်လိုက်ချိန်မှာပဲ ကျန်းပြောင်က လက်တစ်ကမ်းရှိ စားပွဲကို လက်သီးဖြင့် ထိုးဖောက်လိုက်ပြီး ခံစားချက် ကင်းမဲ့သော မျက်နှာထားဖြင့် လက်သီးကို ပြန်ဆွဲထုတ်လိုက်၏။
သက်လတ်ပိုင်း အမျိုးသမီးမှာ အံ့သြမှင်သက်သွားပြီးနောက် သတိထား၍ ဒုတိယထပ်သို့ ပြေးတက်သွားသည်။
သိပ်မကြာခင်မှာပဲ ဒေါသထွက်နေသော လူတစ်ယောက်က လှေကားထိပ်တွင် ပေါ်လာပြီး ဘေးတွင် ခန္ဓာကိုယ် တောင့်တင်းသော တပည့် အနည်းငယ် ပါလာ၏။
ဖန်ကျန်းရီ တစ်ချက် ကြည့်လိုက်ရာ ရောက်လာသူမှာ နှုတ်ခမ်းမွေးကွေးကွေးဖြင့် ပိန်ပိန်ပါးပါး လူလတ်ပိုင်း တစ်ယောက် ဖြစ်နေသည်။
ထို့ကြောင့် သူက လှေကားထိပ်ဆီသို့ အသံကျယ်ကြီးဖြင့် အော်မေးလိုက်၏။ "ရောက်လာတာ ဂျီအာ့ယဲ့လား။"
ဂျီအာ့ယဲ့ ကြောင်အမ်းအမ်း ဖြစ်သွားကာ အောက်ရှိ လူသုံးယောက်ကို သေချာ အကဲခတ်လိုက်၏။ သို့သော်ငြား သူ၏အကြည့်က ကျန်းပြောင်ဆီ ရောက်ချိန်မှာတော့ ချက်ချင်းပဲ လေးနက်သွားသည်။ သိုင်းပညာရှင်... ဒါ တကယ့် သိုင်းပညာရှင် အစစ်ပဲ။
"ဟုတ်ပါတယ်။ မိတ်ဆွေတို့က ဘာကိစ္စ ရှိလို့ လာကြတာလဲ မသိဘူး။"
လီယွမ်ကျောက် အနည်းငယ် စိတ်လှုပ်ရှားနေကာ ခြေတစ်ဖက်ကို စားပွဲပေါ်တင်လိုက်ပြီး ရဲရင့်စွာ ပြောလိုက်၏။ "သေချာပေါက် လူဆိုးတွေကို နှိမ်နင်းပြီး လူကောင်းတွေကို ကယ်တင်ဖို့ပေါ့။ ဂျီမျိုးရိုး …. မင်းက အပြစ်တွေ အရမ်း များတယ်။ ဒီနေ့ ငါ မင်းကို ပညာလာပေးတာပဲ။"
ဂျီအာ့ယဲ့သည် ဤစကားကို ကြားပြီးနောက် ဒေါသထွက်စွာဖြင့် ရယ်လိုက်သည်။ "ခွေးကောင်လေး။ ဘယ်သူက မင်းကို ဒီလောက် သတ္တိတွေ ပေးလိုက်တာလဲ။ လူတွေ … လာကြစမ်း။ ဒီသုံးယောက်ကို ကြိုးတုပ်လိုက်။"
"နေအုံး … ကျုပ်မျိုးရိုးက စိုက်ပါ။ ရပ်ကွက်ထဲက ပြည်သူတွေ အကုန်လုံးက ကျုပ်ကို ဆရာစိုက်လို့ ခေါ်ကြတယ်။ ကျုပ် ဘေးက တစ်ယောက်က သခင်လေးလီပဲ။ ဂျီအာ့ယဲ့ သူ့ကို သခင်လေးလီလို့ ခေါ်ရင် ရပါပြီ။"
"..."
ဆရာစိုက် ဟုတ်လား။ သခင်လေးလီ ဟုတ်လား။ ဒီနှစ်ယောက်က စော်ကားလို့ မရတဲ့ လူတွေပဲ။ ဒါပေမဲ့ သူတို့ ဘာလာလုပ်တာလဲ။ ငါ မကြာသေးခင်က စော်ကားလို့မရတဲ့ လူတွေကိုများ သွားစော်ကားမိလို့လား။
ဂျီအာ့ယဲ့က သူ၏ခေါင်းထဲတွင် မရပ်မနား ပြန်လည် စဉ်းစားနေသော်ငြား မကြာသေးမီက မည်သူ့ကို သွားစော်ကားမိခဲ့ကြောင်း ဘယ်လိုမှ စဉ်းစား၍ မရချေ ထို့ကြောင့် မျက်လုံး ကလည်ကလည် လုပ်လိုက်ကာ ဖားယား၍ ပြောလိုက်၏။ "ဆရာစိုက်နဲ့ သခင်လေးလီတို့ကိုး။ ကျုပ် အမြင်အာရုံ မကောင်းတာကို ခွင့်လွှတ်ပေးပါ။ တကယ်ကို တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။"
ထို့နောက် ဘေးနားရှိ လူများကို မျက်ရိပ်ပြလိုက်သည်။
တပည့်များက ချက်ချင်း သဘောပေါက်သွားကာ ငွေတစ်ထုပ်ကို အလျင်အမြန် ယူလာခဲ့ကြ၏။ ထို့နောက် ဂျီအာ့ယဲ့က ငွေကိုကိုင်ကာ ဖန်ကျန်းရီ၏ စားပွဲဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး ငွေများကို ချကာ ပြောလိုက်၏။ "ဆရာစိုက် …. ကျုပ် ဆရာ့ကို အထင်ကြီးနေတာ ကြာပါပြီ။ ဆရာနဲ့ သခင်လေးလီက တကယ့်ကို လူငယ် သူရဲကောင်းတွေပါပဲ။ ဒီတစ်ခေါက် လာတာ ဘာများ လမ်းညွှန်စရာ ရှိလို့လဲ မသိဘူး။"
ဖန်ကျန်းရီက ငွေများကို လျစ်လျူရှုလိုက်ကာ လမ်းလျှောက်ရင်း ပြောလိုက်သည်။ "ကလေး တစ်ယောက်က ကျုပ်ကို မေးဖူးတယ်။ လူဆိုတာ လောဘကြီးသင့်သလားတဲ့။ ကျုပ်က မကြီးသင့်ဘူးလို့ ဖြေလိုက်တယ်။
ကလေးတွေနဲ့ သူတောင်းစားတွေဆီက ကြေးပြား နည်းနည်းလေးကို လောဘကြီးပြီး ဘာလုပ်မလို့လဲ။ လောဘကြီးချင်ရင် သေချာပေါက် အကြီးအကျယ် လောဘကြီးရမယ်။ ဒါနဲ့ ဂျီအာ့ယဲ့ … ခင်ဗျား ယူလာတဲ့ ဒီငွေနည်းနည်းလေးက သူတောင်းစားကို နှင်လွှတ်နေတာလား။"
"…….."