အခန်း (၁၃၉-၁၄၀)
Vol. 9 Ch. 139-140
အပိုင်း (၁၃၉) ပြဇာတ်သစ်၏ လွှမ်းမိုးမှု ပျံ့နှံ့ခြင်း။
ဖန်ကျင်းမှာ ရူးသွပ်သွားပြီး စင်ပေါ်တွင် ကြိုတင် ပြင်ဆင်ထားသော ရွှံ့ဗွက်ထဲသို့ ရုပ်ပျက်ဆင်းပျက် လဲကျသွား၏။ ထပြီးနောက်တွင်လည်း ကိုယ်တိုင် စာမေးပွဲ အောင်သွားပြီဟု ပါးစပ်မှ မရပ်မနား ရေရွတ်နေသေးသည်။
ပြည်သူများက ဤရယ်စရာကောင်းသော မြင်ကွင်းကို မြင်ချိန်မှာတော့ မည်သို့မှမနေနိုင်ဘဲ အားပါးတရ ရယ်မောလိုက်ကြ၏။
နေရာတွင် ရှိနေသော ပညာတတ် အများအပြားမှာမူ မျက်နှာ အနည်းငယ် ပျက်ယွင်းနေကြသည်။
ဤဖန်ကျင်းက ပညာတတ်များကို အလွန်စော်ကားလွန်းနေသည်။ ကောင်းမွန်သည့် အမူအကျင့် ကိုယ်ဟန် အမူအရာမျိုး မရှိပေ။ တုံးအပြီး ဆင်းရဲမွဲတေ သေး၏။
သို့ပေမည့် စာမေးပွဲ အကြိမ်ကြိမ် ကျခဲ့ဖူးသည့် အတွေ့အကြုံကို ပြန်တွေးမိပြီး မျက်ရည်များကို အင်္ကျီလက်ဖြင့် တိတ်တဆိတ် သုတ်နေရသော ပညာရှင် အချို့လည်း ရှိနေသည်။
စင်ပေါ်မှ လူတွေ၏ စိတ်ဓာတ်က သူတို့၏ လက်တွေ့ဘဝကို ထင်ဟပ်နေသည် မဟုတ်ပါလား။ ဘေးမှကြည့်လျှင် သူတို့၏ ဖြစ်အင်များက တကယ်ပင် ရှက်ရွံ့စရာကောင်းနေလေ၏။
သေချာသည်မှာ ပြည်သူများကလည်း တစ်စုံတစ်ခုကို စဉ်းစားမိသွားကြ၏။ ဝက်သတ်သမား ဟူ နှင့် အခြား ဇာတ်ပို့များ၏ ဖားယားတတ်သော အပြုအမူများက လူတစ်ချို့ကို အနည်းငယ် နေရခက်သွားစေသည်။
ဒီလိုဖြစ်နေတဲ့ စာမေးပွဲအောင် ပညာတတ်ကို ငါတို့ သွားဖားရအုံးမှာလား။ ဒါက အရှက်ရစရာ ကောင်းတယ်။
ဝက်သတ်သမား ဟူ က ဖန်ကျင်းကို ပါးတစ်ချက် ရိုက်ပြီး သတိဝင်လာစေသည့် အချိန်သို့ ရောက်ချိန်မှာတော့ ပြည်သူများ၏ ခံစားချက်က အထွတ်အထိပ်သို့ ရောက်ရှိသွား၏။
အားလုံးက အနီးအနားရှိ ပညာတတ်ဝတ်စုံ ဝတ်ဆင်ထားသူများကို အဓိပ္ပာယ်ပါသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
စာမေးပွဲအောင် ပညာတတ်ဆိုတာလည်း ဒီလောက်ပါပဲ... သာမန်ပါပဲ။
ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့သည် လူအုပ်ထဲတွင် လျှောက်သွားနေကြကာ လူတိုင်း၏ တုံ့ပြန်မှုကို အကဲခတ်ရင်း ရင်ထဲတွင် အလွန် ကျေနပ်နေကြ၏။
သမိုင်းရေစီးကြောင်းထဲမှ ရှင်သန်ကျန်ရစ်ခဲ့သော လက်ရာမြောက် သင်ခန်းစာ တစ်ခုဖြစ်တာ တကယ် ထိုက်တန်သည်။ တခြားလောကတစ်ခုသို့ ရောက်လာလျှင်တောင် ထိုပြဇာတ်၏ တောက်ပမှုကို ဖုံးကွယ် ထား၍ မရပေ။
ဇာတ်သိမ်းပိုင်းတွင် ဖန်ကျင်းသည် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိသွား၏။ ချောမောလှပသော ဇနီးမယားများ ဝိုင်းရံနေကာ ငွေကြေးနှင့် ရိက္ခာပိုင်းမှာလည်း ပြောစရာပင် မလိုတော့ချေ... ဘဝက တကယ်ကို ပျော်ရွှင်စရာ ကောင်းနေသည်။
ဝမ်းသာပျော်ရွှင်မှုများကြားတွင် သရုပ်ဆောင်များက ဖြည်းဖြည်းချင်း နောက်ဆုတ်သွားကြ၏။
စင်အောက်တွင် အနည်းငယ် တိတ်ဆိတ်နေကာ လူအတော်များများက အရသာကို ခံစားနေကြဆဲ ဖြစ်သည်။
ဤပြဇာတ်က ပြင်းထန်သော ဇာတ်လမ်းဇာတ်ကွက်တွေ၊ အတက်အကျတွေ မရှိသော်လည်း ကြည့်ရတာ တမျိုးကြီး ဖြစ်သည်။
သည်းမခံနိုင်သော ပညာတတ် အချို့က မျက်နှာကို အုပ်ကာ ထွက်ခွာသွားကြပြီ ဖြစ်၏။
အချိန်အတန်ကြာမှသာ ပြည်သူများက သဘောပေါက်သွားကြသည်။
မဟုတ်သေးပါဘူး။ ဒီနေ့က စိတ်လှုပ်ရှားစရာ ပြဇာတ်ကြီး လာကြည့်တာလေ။
လူ့ကျင့်ဝတ်တွေကရော ၊ အိမ်ပါသမက်တွေကရော ၊ ဒီပြဇာတ်က ခံစားမှု ရှိပေမဲ့ သိပ်ပြီး မကောင်းသေးဘူး။ ငါတို့က ကောင်းတာကို လိုချင်တာ။
လူတစ်ချို့က အလိမ်ခံလိုက်ရသည်ဟု ခံစားရသဖြင့် မနေနိုင်ဘဲ အော်ဟစ်လိုက်ကြ၏။ "သောက်ကျိုးနည်း … ပိုက်ဆံ ပြန်ပေး။"
"အော်မနေနဲ့တော့။ အလကား ကြည့်ရတာကို ဘာပိုက်ဆံ ပြန်ပေးရမှာလဲ။ ပြဇာတ် ထပ်ကပေး။ နောက်တစ်ပုဒ် ထပ်ကြည့်ချင်သေးတယ်။"
အစီအစဉ် တင်ဆက်သူက အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည်ကို မြင်လိုက်သည်။ ထို့ကြောင့် စင်ပေါ်သို့ ကမန်းကတမ်း ခုန်တက်သွားပြီး အသံကျယ်ကြီးဖြင့် အော်လိုက်သည်။ "အားလုံး မလောကြပါနဲ့။ မလောကြပါနဲ့။ ဇာတ်လမ်းကောင်းတွေ အနောက်မှာ ရှိပါသေးတယ်။ အခု တောက်ယွမ်ခရိုင်က အသစ် ရေးဆွဲထားတဲ့ သိပ္ပံပြဇာတ် ….. တရားရုံး သုံးခုက ဂယ်လီလီယို စစ်ဆေးခြင်း ကို ကြည့်ရှုလိုက်ကြပါစို့။"
ဒေါင်ဒေါင်ဒေါင်ဒေါင်။
သရုပ်ဆောင် အသစ် တစ်သုတ်က စင်ပေါ်သို့ စတင် တက်ရောက်လာကြ၏။
ဇာတ်ကြောင်းပြောသူက စတင် ရွတ်ဆိုသည်။ "အရက်နဲ့ မိန်းမကို ရူးသွပ်နေတဲ့ ဂယ်လီလီယို... ဘုရားသခင်ကို မယုံကြည်ဘဲ သိပ္ပံပညာကို ယုံကြည်တယ်... အသက် တစ်ဆယ့်ခြောက်နှစ် အရွယ် မာရီယာက ပီဆာ မျှော်စင်ကနေ လက်ဖွဲ့ တစ်ခုပစ်ချတယ်..."
မကြာမီမှာပဲ ပြည်သူများက နောက်ထပ် ပြဇာတ်ကြီး တစ်ခုထဲသို့ ဝင်ရောက်သွားကြပြန်၏။
နောက်ရက်အနည်းငယ်တွင် ဖန်ကျန်းရီက တုရှီနန် ရတနာသေတ္တာကို ရေထဲ ပစ်ချခြင်း နှင့် ခုံးရိကျီ ဟူသော ပြဇာတ် နှစ်ပုဒ်ကို ထပ်မံ ရေးသားခဲ့သည်။
အကြိုက်အများဆုံးကတော့ တုရှီနန် ပင် ဖြစ်၏။ နောက်ဆုံးတော့ သရုပ်ဆောင်များ၏ ရုပ်ရည်က ချောမော လှပကြသည်။ သရော်မှု ရသ အထွတ်အထိပ်သို့ ရောက်ရှိစေရန် ဖန်ကျန်းရီက အခြား ပြဇာတ်နှစ်ပုဒ်တွင် ဇာတ်လိုက် သရုပ်ဆောင်များ၏ ရုပ်ရည်ကို ရုပ်ဆိုးဆိုးများသာ ရွေးချယ်ထားခဲ့၏။
ပြဇာတ် သုံးပုဒ်က ပန်းရှန်းကွင်းပြင်တွင် အလှည့်ကျ ကပြနေကြကာ တခြား နေရာများမှ လာရောက် ကြည့်ရှုသော ပြည်သူများလည်း ပိုပိုများလာပြီး လူထု ထင်မြင်ချက်များက မသိမသာဖြင့် ပျံ့နှံ့သွားသည်။
......
တုန်းကျင်းရပ်ကွက် ရွှမ်မင် အဆောင်ငယ်အတွင်း။
ပညာတတ် သုံးယောက် လေးယောက်ခန့်သည် အဆောင်ငယ်ထဲတွင် လက်ဖက်ရည်သောက်ကာ ကဗျာရွတ်ဆိုနေကြပြီး အလွန် အေးချမ်းသော လေထုလေး ဖြစ်နေ၏။
ဘေးပတ်လည်တွင် ဖြတ်သွားဖြတ်လာ ပြည်သူ အနည်းငယ်က အဆောင်ငယ်ထဲသို့ လှမ်းကြည့်နေကြသည်။
တောက်ပသော အဝတ်အစား ဝတ်ဆင်ထားသည့် သခင်လေး တစ်ယောက်က ဖြတ်သွားသော ပြည်သူများကို ကြည့်ကာ ဘေးနားရှိ အခြား ပညာတတ်တစ်ယောက်ကို ပြောလိုက်၏။ "အစ်ကိုရှန် … မကြာသေးခင်က ပြည်သူတွေ နည်းနည်း ပြောင်းလဲသွားသလိုပဲ။ သတိထားမိလား။
အရင်ကဆိုရင် သူတို့က ကွေ့ရှောင်ပြီး ကျုပ်တို့နဲ့ အဝေးကြီးမှာ နေကြတာ။ အခုကျတော့ ကျုပ်တို့ဆီကို ခဏခဏ လှမ်းကြည့်နေကြတယ်။ ကျုပ်တို့ကိုတောင် တည့်တည့် ကြည့်ရဲတဲ့သူ ရှိလာပြီ။ ဟိုမှာ ကြည့်စမ်း။ ဟိုမှာ ကြည့်နေတဲ့သူ တစ်ယောက် ရှိတယ်။"
ရှန်ယီက ခေါင်းမော့မကြည့်ဘဲ လက်ထဲရှိ စာအုပ်ကိုသာ လှန်လှော ကြည့်နေသည်။ "အစ်ကိုစု မသိသေးဘူးပဲ။ မြို့ထဲမှာ မကြာသေးခင်က ပြဇာတ်သစ် တစ်ခု ပေါ်လာတယ်။ ပြည်သူ တော်တော်များများ သွားကြည့်ကြတယ်။ ပညာတတ်တွေကို သီးသန့် သရော်ထားတာလေ။
ဒီရက်ပိုင်း တုန်းကျင်းရပ်ကွက်က ပြည်သူ တော်တော်များများ ကြည့်ဖူးပြီးလောက်ပြီ ထင်တယ်။ ဒါကြောင့် ကျုပ်တို့ကို ကြည့်ရတာ အဲဒီလောက် မကြောက်တော့တာ ဖြစ်မယ်။"
စုရုန်ရွှမ်း မျက်မှောင်ကြုတ်သွားသည်။ "တကယ်ပဲ ဒီလို ကိစ္စ ရှိတာလား။ ကျုပ်တော့ မကြားဖူးဘူး။ ဒါပေမဲ့ ဒီပြည်သူတွေ စည်းကမ်း မရှိတာပဲ... ကျုပ်တို့ကို တည့်တည့် ကြည့်ရဲတယ်ပေါ့လေ။ အဲဒီပြဇာတ်ထဲမှာ ဘာတွေ ကပြထားလဲ။"
"ဘာမှတော့ မဟုတ်ပါဘူး။ စာမေးပွဲ ကျနေတဲ့ ပညာတတ် တစ်ယောက်က စာမေးပွဲ အောင်သွားတော့ အားလုံးက ဝိုင်းပြီး ဖားယားကြတဲ့ အကြောင်းပဲ။" ရှန်ယီက စာအုပ်ကို ပိတ်ကာ သက်ပြင်းချလိုက်၏။
"အရိုးထဲထိ သရော်ထားတာ။ တကယ်ကို ထိရောက်တယ်။ ကျုပ် ကြည့်ပြီးတော့လည်း တော်တော်လေး ခံစားရတယ်။ ပြီးတော့ ကျုပ်တို့ရပ်ကွက်ထဲက ပညာတတ် တော်တော်များများလည်း နာမည်ကြားပြီး ပန်းရှန်းရပ်ကွက်ကို အဲဒီပြဇာတ် သွားကြည့်ကြတယ်။”
"အစ်ကိုစုကို ပြောပြရမှာ မရှက်ပါဘူး။ ကျုပ်လည်း ဆင်းရဲတဲ့ မိသားစုက လာတာပါ။ နှစ်ခေါက် ဖြေမှ စာမေးပွဲ အောင်တာ။ တကယ်လို့များ ပြဇာတ်ထဲက လူလို အကြိမ်ကြိမ် စာမေးပွဲကျခဲ့မယ် ဆိုရင် သူ့ထက် အများကြီး သာမှာ မဟုတ်ပါဘူး။"
စုရုန်ရွှမ်းက ယပ်တောင်ကို ဖြန့်ကာ ခတ်ရင်း ရယ်လိုက်၏။ "အစ်ကိုရှန်က ဘာလို့ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေရတာလဲ။ ပြဇာတ်ထဲက အရာတွေကို ဘယ်လိုလုပ် အတည်ယူလို့ ရမှာလဲ။ ပြီးတော့ အခုက စာမေးပွဲ အောင်သွားပြီလေ … မဟုတ်ဘူးလား။"
ရှန်ယီက ထပ်မံ သက်ပြင်းချလိုက်ပြန်သည်။ "စာမေးပွဲတော့ အောင်သွားပါပြီ။ ဒါပေမဲ့ ပြဇာတ် ကြည့်ပြီးမှပဲ အရင်တုန်းက ဘာအတွက် စာဖတ်ခဲ့တာလဲ ဆိုတာကို ပြန်စဉ်းစားမိတယ်။ အခု ကျုပ်တို့က နေ့ဘက်ဆိုရင် ကဗျာတွေ ရွတ်ပြီး ညဘက်ဆိုရင် အမတ်ကြီးယန်နဲ့ အရက်သောက်နေကြတယ်။ ဘာမှ အလုပ်မဖြစ်သလိုပဲ... ပြဇာတ်ထဲက လူနဲ့ ဘာမှ မကွာခြားဘူး။
ကျုပ်တို့ ပညာတတ်တွေက ပြည်သူတွေအတွက် ကိုယ်တိုင် လက်တွေ့ လုပ်ဆောင်ရမှာ။ နေ့တိုင်း အဓိပ္ပာယ် မရှိတာတွေ လျှောက်ပြောနေတာက တကယ့်ကို …..."
စုရုန်ရွှမ်းက အထင်သေးစွာ ရယ်လိုက်၏။ "ရပြီ။ အများကြီး တွေးနေပြီး ဘာလုပ်မလို့လဲ။ အမတ်ကြီးယန်နဲ့ အတူတူ သောက်စား ပျော်ပါးမနေဘဲ အောက်က တောသားတွေနဲ့ သွားပြီး ရောနှောနေမလို့လား။
အစ်ကိုရှန်။ ဒါက အရာရှိ လောကပဲ။ ဒါတွေက အနာဂတ် နန်းတွင်းထဲ ဝင်ဖို့ အဆက်အသွယ်တွေလေ။ ဒီလို အခွင့်အရေးက ဘယ်လောက်တောင် တန်ဖိုးရှိလဲ။ ခင်ဗျား သေချာ တန်ဖိုးမထားဘူးပဲ။
နောက်ပိုင်း အမတ်ကြီးယန်ရဲ့ အရှိန်အဝါကို အသုံးချပြီး အာဏာလည်း ရမယ်။ မိန်းမလှလေးတွေလည်း ရမယ်။ မကောင်းဘူးလား။
လူငယ် ဘဝမှာ ဘယ်သူကများ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေ မရှိခဲ့ဘူးလို့လဲ။ ဘယ်သူကများ ရဲရင့်တဲ့ စကားတွေ မပြောခဲ့ဖူးလို့လဲ။ အားလုံးက ဟာသတွေချည်းပဲ။ အခုချိန်ထိ အဲဒီ စကားတွေကို အတည်ယူနေသေးတာက အရမ်း ကလေးဆန်လွန်းနေပြီ။ အခု ခင်ဗျား ရင့်ကျက်သင့်ပြီ။"
"ဒါကို ရင့်ကျက်တယ် လို့ ခေါ်တာလား။ ဒါဆို ဘာကို အခြေအနေ အရ ပြောင်းလဲတတ်တာလို့ မခေါ်လဲ။"
"ခင်ဗျား.." စုရုန်ရွှမ်း စကားမပြောနိုင်တော့ဘဲ မျက်လုံးပြူးကာ ယပ်တောင်ဖြင့် ရှန်ယီကို ညွှန်လိုက်၏။
ဒီကောင်က လွန်ခဲ့တဲ့ နှစ်ရက်က အကောင်းကြီး ရှိသေးတယ်။ အခု ဘာလို့ ပြဇာတ် ကြည့်ပြီးတာနဲ့ ကန့်လန့်တိုက်တတ်တဲ့ ကောင် ဖြစ်သွားတာလဲ။
"ရပါပြီ။ အစ်ကိုစုတို့ ဆက်စကားပြောနေကြပါ။ ကျုပ် ပန်းရှန်းရပ်ကွက်ကို သွားလိုက်အုံးမယ်။ ဒီည နောက်တစ်ပွဲ ထပ်ကအုံးမယ်လို့ ကြားတယ်။ ကျုပ် သွားကြည့်လိုက်အုံးမယ်။ မရှင်းလင်းသေးတဲ့ ပြဿနာ တချို့ ရှိသေးတယ်။"
ပြောပြီးနောက် ရှန်ယီက စာအုပ်ကို လိပ်ကာ အဆောင်ငယ်ထဲမှ ထွက်ခွာသွား၏။
အခြားသူများက သူ ထွက်သွားသည်ကို မြင်ချိန်မှာတော့ စုရုန်ရွှမ်းအနားသို့ တိုးလာကာ ရယ်မောလိုက်ကြသည်။ "လမ်းစဉ်မတူရင် အတူတူ အလုပ်မလုပ်နိုင်ဘူးဆိုတာ ဒါမျိုးပဲ။ ခင်ဗျားက သူ့ကို သွားပြောနေသေးတယ်။ ဆင်းရဲသား အသိုင်းအဝိုင်းက လာတာ ဒီလိုပါပဲ။ ကျီးကန်းက သစ်ကိုင်းပေါ် တက်သွားလည်း ချိုးငှက် မဖြစ်လာနိုင်ပါဘူး။"
စုရုန်ရွှမ်းက အံ့သြစွာ ရယ်လိုက်၏။ "ဟုတ်တယ်။ တကယ်ကို ခွေးက ချေးစားတဲ့ အကျင့်ကို ဖျောက်လို့ မရဘူး။ ကျုပ်တို့ သူ့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ဒီလို လူမျိုးက ဘာအနာဂတ် ရှိနိုင်မှာလဲ။ လာလာလာ … အစ်ကိုကျန်း .. .ခင်ဗျားရဲ့ လက်ရာသစ်ကို ကြည့်ကြည့်မယ်။"
အပိုင်း (၁၄၀) ပါရမီရှင် ဝူမင်းသား။
ဝူမင်းသားအိမ်တော်။
ဝူမင်းသားသည် စာတစ်စောင်ကို ကိုင်ကာ အသေးစိတ် ဖတ်ရှုနေ၏။ ဘေးတွင် လော့နင်ရှင်းက ပန်ဒါမျက်လုံး နှစ်ဖက်ဖြင့် ရပ်နေကာ စိတ်ဓာတ် အနည်းငယ် ကျနေပုံ ပေါက်နေသည်။
အချိန်အတန်ကြာပြီးနောက် ဝူမင်းသားက စာဖတ်ပြီးသည်နှင့် အံ့သြစွာ ရယ်လိုက်သည်။ ပြီးနောက် စာကို စားပွဲပေါ်သို့ ပေါ့ပေါ့ပါးပါး ချလိုက်၏။
"နင်ရှင်း … ဖန်ကျန်းရီနဲ့ မင်းရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေပြီလဲ။"
လော့နင်ရှင်း ကြောင်အမ်းအမ်း ဖြစ်သွားကာ မျက်နှာပေါ်တွင် တွေဝေမှုများ ထွက်ပေါ်လာ၏။
ဖန်ကျန်းရီက ဤရက်ပိုင်းအတွင်း အကြိမ်အနည်းငယ် ရောက်လာခဲ့သည်။ ကိုယ်တိုင်လည်း အမြဲတမ်း တံခါးပိတ်ပြီး အတွေ့မခံဘဲ နေလို့မှ မရချေ။
သို့ပေမည့် အတွေ့မခံတိုင်း ဖန်ကျန်းရီက သူမထံ စာရေးလေ့ရှိပြီး ဖန်ကျန်းရီ၏စာများကို သူမက မဖတ်ဘဲ နေ၍လည်း မရချေ။ ဖတ်ပြီးတိုင်းလည်း ရွံရှာလွန်းသဖြင့် ရက်အတော်ကြာ အိပ်မပျော်နိုင်အောင် ဖြစ်ရသည်။
ယခု သူမ မျက်လုံးမှိတ်လိုက်သည်နှင့် ဖန်ကျန်းရီက သူမ၏မေးစေ့ကို ဆွဲကိုင်ကာ အဆီယိုနေသော မျက်နှာထားဖြင့် ရွံစရာကောင်းသော စကားများ ပြောနေသည်ကိုသာ မြင်ယောင်နေမိ၏။
"နွားနို့ထဲမှာ နွား မပါဘူး။ ဟုတ်တယ်မလား။ သလင်းကျောက်ထဲမှာလည်း ရေမပါဘူး...။ ကျုပ်အချစ်ထဲမှာလည်း မဟုတ်တမ်းတရားတွေ မပါဘူး။"
လော့နင်ရှင်းက အားတင်းပြုံးကာ ပြောလိုက်သည်။ "မင်းသား... နင်ရှင်းနဲ့ မြို့ဝန်ဖန်ရဲ့ ဆက်ဆံရေးက အခု... မဆိုးပါဘူး..."
ဝူမင်းသားက သူမ၏ ထူးဆန်းသော မျက်နှာထားကို ဂရုမစိုက်ဘဲ ခပ်အေးအေး ပြောလိုက်၏။ "ဒါဆိုလည်း ကောင်းတာပေါ့... ဒီလူက ငါ့အတွက် အရမ်း အသုံးဝင်တယ်။ သေချာ ဂရုစိုက်ရမယ်။"
"ဟုတ်ကဲ့။"
သူတို့ နှစ်ယောက် စကားပြောနေစဉ်မှာပဲ အိမ်တော်ထိန်းက ဝင်ရောက်လာသည်။ လော့နင်ရှင်း ရှိနေသည်ကို မြင်သည်နှင့် ဝူမင်းသားထံ တိုးတိုးလေး လျှောက်တင်လိုက်၏။
ဝူမင်းသားက ခေါင်းတဆက်ဆက် ညိတ်လိုက်သည်။ "ကောင်းပြီ။ ငါ သိပြီ။ ဒီတစ်ခေါက် သင်္ဘောအဖွဲ့ကို ပေးရမယ့် တာဝန် နောက်တစ်ခု ရှိသေးတယ်။
ပင်လယ်ရပ်ခြားကို သွားပြီး ဂယ်လီလီယို လို့ ခေါ်တဲ့ လူတစ်ယောက်ကို ရှာပေးဖို့ ငါ အမိန့်ပေးတယ်။ ဒီလူက နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို နားလည်တယ်။ လုံးဝ အမှားမခံနဲ့နော်။"
အိမ်တော်ထိန်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ ပြီးနောက် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "မင်းသား … မင်းသား ပြောတဲ့ ဂယ်လီလီယို ဆိုတာ... မကြာသေးခင်က မြို့ထဲမှာ ကနေတဲ့ တရားရုံးသုံးခုက စစ်ဆေးခြင်း ပြဇာတ်ထဲက ဂယ်လီလီယိုလား..."
"အမှန်ပဲ။"
အိမ်တော်ထိန်း၏ မျက်နှာက ပို၍ ကြောင်အမ်းအမ်း ဖြစ်သွားသည်။ "ဒါပေမဲ့... အဲဒါက ပြဇာတ်ထဲမှာ ကထားတာ မဟုတ်ဘူးလား..."
"အင်း... ပြဇာတ်ထဲက ပြောတဲ့ ကိစ္စတွေက အားလုံး အခြေအမြစ် မရှိတာတော့ မဟုတ်နိုင်ဘူး။ စီစဉ်လိုက်ပါ။"
အိမ်တော်ထိန်းက စကားမများတော့ဘဲ ခေါင်းထဲ ဝေခွဲမရစွာဖြင့် ထွက်သွား၏။
လော့နင်ရှင်းလည်း ဤစကားကို ကြားချိန်မှာတော့ ချက်ချင်း လန်းဆန်းသွားသည်။ ဤပြဇာတ်ကို သူမ အခြားသူများ ပြောသည်ကို ပြည့်တန်ဆာအိမ်တွင် ကြားဖူးသည်။
ဘာတဲ့ … ပင်လယ်ရပ်ခြားက အရိုင်းအစိုင်း ဂယ်လီလီယိုက လပေါ်မှာ တွင်းကြီးတွေ ရှိတယ်လို့ မြင်တယ်။ မာရီယာက သံလက်ဖွဲ့ပစ်ချလို့ လူသေတယ် ဆိုတာတွေလေ။ မင်းသားက ဒါကို ယုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
ခဏမျှ တုံ့ဆိုင်းပြီးနောက် သူမက မေးလိုက်၏။ "မင်းသား …. ပြဇာတ်ထဲကလူတွေနဲ့ ကိစ္စတွေက တကယ် အစစ်တွေလား။"
ဝူမင်းသားက လက်နှစ်ဖက် နောက်ပစ်ကာ ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်၏။ ခြံဝင်းထဲရှိ မြေပြင်ပေါ်တွင် ကျင်းနှစ်ကျင်း ရှိနေသည်။ ထို့နောက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "မှန်တယ်။ ပြဇာတ်ထဲက အကြောင်းအရာ အများစုက တကယ် ဖြစ်နိုင်ချေ များတယ်။ လုံးဝ အခြေအမြစ် မရှိတာ မဖြစ်နိုင်ဘူး... ငါကိုယ်တိုင် သွားကြည့်ခဲ့ပြီး ပြန်လာတော့ သံလုံး နှစ်လုံးကို အမြင့်ကနေ တစ်ပြိုင်နက်တည်း ပစ်ချကြည့်ခဲ့တယ်။
အကြီးတစ်လုံး ၊ အသေးတစ်လုံးက တစ်ပြိုင်နက်တည်း မြေကျနိုင်လိမ့်မယ်လို့ မထင်ထားဘူး။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။" လော့နင်ရှင်းက အလိုအလျောက် ပြောလိုက်မိ၏။
"ဟားဟား … လူတွေက မိုက်မဲကြတယ်။ ဒီအတိုင်း စိတ်ကူးယဉ်ကြည့်ရုံနဲ့ သေချာပေါက် မဖြစ်နိုင်ဘူးလို့ ထင်ကြတာပေါ့။ စမ်းကြည့်လိုက်တာနဲ့ သိသွားမှာပဲ။ ဒါပေမဲ့ ဘယ်သူကမှ သွားမစမ်းကြည့်ချင်ကြဘူး။
ပြီးတော့ လပေါ်မှာ တွင်းကြီးတွေ ရှိတယ် ဆိုတာကလည်း တကယ် ဖြစ်နိုင်ခြေများတယ်။ လပေါ်က အဲဒီ အမည်းရောင် နေရာတွေက တွင်းတွေ ဖြစ်နိုင်တယ်။ ငါ အကောင်းစား သလင်းကျောက်တွေကို သွားရှာပြီး ခရီးမိုင်ထောင်ချီ မြင်နိုင်တဲ့ မှန်ပြောင်းကို အသစ် ပြန်လုပ်ဖို့ အမိန့်ပေးထားပြီးပြီ။ လပေါ်ကို တစ်ချက်တည်းနဲ့ မြင်ရနိုင်လောက်တယ်။... အဲဒီအချိန်ကျလို့ ကြည့်လိုက်ရင် သိသွားမှာပဲ။"
လော့နင်ရှင်းက ရှက်ကိုးရှက်ကန်း ပြုံးလိုက်၏။ "လပေါ်မှာ နတ်နန်းဆောင် ရှိရမှာ မဟုတ်ဘူးလား..."
ဝူမင်းသားက အထင်သေးစွာ ရယ်လိုက်သည်။ "အရူးမ … သရဲတစ္ဆေ ကိစ္စတွေက တန်ဖိုးမရှိဘူး။ သရဲတစ္ဆေ ကောလာဟလဆိုတာ အမြဲတမ်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတတ်တယ်။ ငါ လူလွှတ်ပြီး စုံစမ်းခိုင်းဖူးတယ်။ အပြင်မြို့ သရဲတွေက အတွင်းမြို့ထက် ပိုများတယ်။ ဒါပေမဲ့ အပြင်မြို့က လူတွေက အတွင်းမြို့ထက် ပိုနည်းတယ်။
သေချာတာက အပြင်မြို့မှာနေတဲ့ မိုက်မဲသူတွေက ဒီသရဲတစ္ဆေ ကိစ္စတွေကို ပိုယုံကြည်ကြလို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားတာပဲ..."
ထို့နောက် ဝူမင်းသားက လက်ကာပြလိုက်၏။ "ထားလိုက်ပါ။ ပြောပြလည်း မင်း နားလည်မှာ မဟုတ်ပါဘူး။"
ထို့နောက် တတွတ်တွတ် ရေရွတ်လိုက်သည်။ "ကြည့်ရတာ ငါ ဖန်ကျန်းရီနဲ့ပဲ အံ့ဖွယ် ကိစ္စတွေကို ဆွေးနွေးလို့ ရတော့မယ် ထင်တယ်။ ဒါပေမဲ့ သူက ပင်လယ်ရပ်ခြားက ကိစ္စတွေကို ဘယ်လို သိနေတာလဲ... တကယ်ပဲ မွေးရာပါ အသိပညာ ပါလာတဲ့ လူတွေ ရှိနေတာများလား။"
ဝူမင်းသား စကားမပြောသည်ကို မြင်ချိန်မှာတော့ လော့နင်ရှင်းက တိုးတိုးလေး ပြောလိုက်၏။ "မင်းသား .. ဘာကိစ္စမှ မရှိတော့ဘူးဆိုရင် နင်ရှင်း အရင် ပြန်သွားခွင့်ပြုပါ။"
"ခဏနေအုံး ….. မကြာသေးခင်က ဖန်ကျန်းရီနဲ့ ယန်ကော်အန်းတို့ လောင်းကြေး ထပ်ထားကြတယ်။ တကယ်လို့ ဖန်ကျန်းရီက မင်းကို အကူအညီ တောင်းလာရင် သေချာပေါက် အစွမ်းကုန် ကူညီပေးလိုက်။ နားလည်လား။"
"နားလည်ပါပြီ။"
လော့နင်ရှင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အနည်းငယ် သံသယ ဝင်သွားပုံ ပေါ်၏။
နားလည်ပြီလို့ ပြောပေမဲ့ တကယ်တမ်းတော့ သူမ သိပ်နားမလည်ပေ။ မင်းသားက အဘယ့်ကြောင့် ဖန်ကျန်းရီကို ဤမျှ သဘောကျရသနည်းကို သူမ လုံးဝ နားမလည်နိုင်ပေ။ စိတ်ရောဂါ ဆရာဝန်က လူနာကို ပြန်တွေ့သလိုပင်။
"မင်းသား။ ဖန်ကျန်းရီ ရှုံးသွားမယ်လို့ ထင်လား။"
ဝူမင်းသားက လှောင်ပြုံး ပြုံးလိုက်၏။ "ရှုံးမယ် ဟုတ်လား။ ယန်ကော်အန်းက ဖန်ကျန်းရီရဲ့ ဖိနပ်ကိုတောင် သယ်ပေးဖို့ မတန်ဘူး။ ဘာနဲ့ သွားယှဉ်မှာလဲ။
အလကား စကားတွေက တိုင်းပြည်ကို ဒုက္ခပေးတယ်။ ထိုင်ပြီး စကားတွေပဲ ပြောနေတဲ့ ငတုံး တစ်သိုက်က ဘာအလုပ် ဖြစ်အောင် လုပ်နိုင်မှာလဲ... တကယ်ကို နားမလည်နိုင်ဘူး။ တောက်ယွမ်ခရိုင်ကို သွားဖူးပြီးသားတောင်မှ ဒီလို မိုက်မဲတဲ့ လောင်းကြေးကို အဆိုပြုရဲသေးတယ်။"
လော့နင်ရှင်းက တုံ့ဆိုင်းစွာ မေးလိုက်သည်။ "ဒါဆို မင်းသားက ဖန်ကျန်းရီ သေချာပေါက် နိုင်မယ်လို့ ယုံကြည်ထားမှတော့ ဘာလို့ နင်ရှင်းကို..."
"ဖန်ကျန်းရီ ဂရုစိုက်တာက ယန်ကော်အန်း မဟုတ်ဘူး။ သူ ဂရုစိုက်တာက ပန်းရှန်းရပ်ကွက်ပဲ။ သူ့ရဲ့ စရိုက်အရ အသုံးချလို့ရတဲ့ အရာ အားလုံးကို အသုံးချလိမ့်မယ်။ အနှေးနဲ့အမြန် မင်းကို အသုံးချလာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းက အတတ်နိုင်ဆုံး ပူးပေါင်းပေးလိုက်ရုံပဲ။ တခြားဟာတွေကို အများကြီး မေးစရာ မလိုဘူး။ ဒီလူကို... သေချာပေါက် ငါ အသုံးချရမယ်။"
......
တုန်းကျင်းရပ်ကွက် ရုံးတော်အတွင်း ...။
ယန်ကော်အန်းက အောက်ရှိ တောက်ပသော အဝတ်အစား ဝတ်ဆင်ထားသည့် ပညာတတ် တစ်စုကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်နေ၏။
လူစုံသွားပြီကို မြင်ချိန်မှာတော့ အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ "အားလုံးပဲ …. ရပ်ကွက်ထဲမှာ မကြာသေးခင်က ပျံ့နှံ့နေတဲ့ ပန်းရှန်းရပ်ကွက်ရဲ့ ပြဇာတ်သစ်ကို ကြားဖူးကြမှာပါ။ ဒီပြဇာတ်က ဓလေ့ထုံးစံတွေကို ပျက်စီးစေတယ်။ ပညာတတ်တွေကို အကြောင်းမဲ့ စွပ်စွဲ ပုတ်ခတ်တယ်။ အခု ရပ်ကွက်ထဲက လုပ်ဖော်ကိုင်ဖက် တော်တော်များများက ပန်းရှန်းရပ်ကွက်ကို ပြောင်းသွားကြပြီ။ အားလုံးပဲ ဘာအစီအစဉ် ရှိလဲ ပြောပြကြပါအုံး …။"
အောက်မှ လူတစ်ယောက်က လက်ထောင်ကာ ပြောလိုက်၏။ "ကျုပ်တို့လည်း ပြဇာတ်အဖွဲ့ တစ်ဖွဲ့ စီစဉ်ပြီး ပြဇာတ် ကခိုင်းရင်ရော..."
"မဖြစ်နိုင်ဘူး။ ဘာကမှာလဲ။ ဘယ်သူ ကမှာလဲ။ အခုက ပြင်ဆင်မှုမရှိဘဲ ပြင်ဆင်ထားတဲ့ စစ်ပွဲကို တိုက်နေရတာ။ ထူးဆန်းတဲ့ နည်းလမ်းတွေ သုံးမှ နိုင်မှာ။"
"ဒါဆို လူကြီးမင်းမှာ ဘာအကြံဉာဏ် ကောင်းတွေ ရှိလဲ။"
"မရှိဘူး..."
စုရုန်ရွှမ်းက လူအုပ်ထဲမှနေ၍ မသိမသာ ပြုံးလိုက်ကာ ယပ်တောင်ကို ခတ်ရင်း ရှေ့ထွက်လာခဲ့၏။ "အမတ်ကြီးကို လျှောက်တင်ပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့က မခက်ပါဘူး။ မြို့တော်ထဲမှာ ဒီကိစ္စကို မကျေနပ်တဲ့ ပညာတတ်တွေ အများကြီး ရှိပါတယ်။ တခြား ပညာတတ်တွေနဲ့ ပူးပေါင်းပြီး ရုံးတော်က သတိထားမိအောင် အုံကြွလိုက်ရင် ရပြီ။
အမတ်ကြီးယန် ညီလာခံ တက်တဲ့အချိန် အရှင်မင်းကြီးကို လျှောက်တင်လိုက်ပါ။ သာမန် ပြဇာတ် တစ်ပုဒ်လောက်ကို ပိတ်ပင်ဖို့က သိပ်မခက်လောက်ပါဘူး။"
ယန်ကော်အန်းက ခံစားချက် ကင်းမဲ့စွာဖြင့် သူ့ကို ကြည့်လိုက်သည်။ "ဪ … ဒါဆို အဲဒီ မကျေနပ်တဲ့ ပညာတတ်တွေကို ဘယ်သူ သွားပူးပေါင်းမှာလဲ။"
စုရုန်ရွှမ်းက ဂုဏ်ယူစွာ ပြုံးလိုက်ကာ လက်သီးဆုပ်၍ ပြောလိုက်၏။ "ကျုပ်မှာ အဆက်အသွယ် အတော်များများ ရှိပါတယ်။ အမတ်ကြီးအတွက် ဆောင်ရွက်ပေးဖို့ ဆန္ဒရှိပါတယ်။"
ယန်ကော်အန်း ရယ်လိုက်သည်။ "ကောင်းပြီ။ ဒါဆို ဒီကိစ္စက..."
"ကျုပ် သဘောမတူဘူး။" ရှန်ယီက ဒေါသတကြီးဖြင့် ခုန်ထွက်လာသည်။
"ဒီပြဇာတ်က ဘာပြဿနာ ရှိလို့လဲ။ ကျုပ်တို့ ပညာတတ်တွေက နာကျင်ရတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်သင့်တယ်။ အမှားရှိရင် ပြင်ပြီး အမှားမရှိရင် ပိုကြိုးစားရမယ်။ ဘာအကြောင်းပြချက်မှ မရှိဘဲ ဒီပြဇာတ်ကို ပိတ်ပင်ရမယ် ဆိုတာက လုံးဝကို အပြစ်ရှာနေတာပဲ။
ခင်ဗျားတို့က မှားတယ်လို့ ထင်တဲ့အရာတွေကို ဖုံးကွယ်ပစ်ချင်နေတာပဲ။ ဒီအတိုင်းသာ ဆက်လုပ်သွားရင် နောင်လာနောက်သားတွေထဲမှာ အမှန်တရား ပြောရဲတဲ့သူ ရှိပါအုံးမလား။"
"အစ်ကိုစု …. ခင်ဗျားက ဒီလို လူမျိုး ဖြစ်မယ်လို့ ကျုပ် မထင်ထားဘူး..."
"အပြင်ကို ဆွဲထုတ်သွား။"
ရှန်ယီသည် စကားမဆုံးခင်မှာပင် လူဆွဲထုတ်သွားခံရ၏။ ဆက်ဆံရေး ကောင်းမွန်သော သူငယ်ချင်း အချို့လည်း မျက်နှာ ပျက်ယွင်းစွာဖြင့် လှည့်ကာ နောက်မှ လိုက်ထွက်သွားကြသည်။
ယန်ကော်အန်း၏ မျက်နှာက အနည်းငယ် ပျက်ယွင်းနေသော်လည်း ထွက်သွားသင့်သူများ ထွက်သွားကြောင်း မြင်ချိန်မှာတော့ စုရုန်ရွှမ်းကို စိုက်ကြည့်ကာ မေးလိုက်၏။ "မင်း နာမည်က..."
"ကျုပ် စုရုန်ရွှမ်းပါ။"
"ကောင်းပြီ။ အစွမ်းကုန် သွားလုပ်တော့..."