← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 9 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 9 Ch. 149-150

အပိုင်း (၁၄၉) အားလုံးက သူ၏ ဦးလေးချည်းပင်။

ဖန်ကျန်းရီ၏အသံ ထွက်ပေါ်လာချိန်တွင် ဆရာတော်ဟွေကျွဲ့က မျက်လုံးကို ရုတ်တရက် ဖွင့်ကာ အသံလာရာဆီသို့ လှမ်းကြည့်လိုက်သည်။

ရင်းနှီးနေသော အသံ၊ ရင်းနှီးနေသော အပြုံး။ မိစ္ဆာကောင် ထပ်ရောက်လာပြန်ချေပြီ။

“ဆရာတော် …. ကျုပ်တို့ စကားပြောဖို့ နေရာတစ်ခု ရှာကြရအောင်။ ကျုပ် ဆရာတော့်ကို မေးစရာ မေးခွန်း ရှိတယ်”

ပြောပြီးနောက် ဖန်ကျန်းရီက လက်နှစ်ဖက်ကို နောက်ပိုက်ကာ ဘုရားကျောင်းမကြီးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။

ဆရာတော် ဟွေကျွဲ့မှာ အလောတကြီး ထကာ နောက်မှ လိုက်သွားသည်။

ဖရိုဖရဲ ဖြစ်နေသော ဘုရားကျောင်းမကြီးထဲသို့ ရောက်ချိန်တွင် ဆရာတော် ဟွေကျွဲ့က နေရာအနှံ့ကို တစ်ချက် အကဲခတ်လိုက်၏။ ထို့နောက် ဖန်ကျန်းရီကို မျက်နှာမူကာ အရိုအသေပေးလျက် ဖားယားသော အသံဖြင့် ပြောလိုက်သည်။ “အမတ်ဖန် …. မတွေ့ရတာ ကြာပြီနော်”

“ကောင်းတယ်။ ဟွမ်ရှန်းရုံ … ခင်ဗျား တကယ်ပဲ ဘုန်းကြီး ဝတ်တာကိုး။ ပိုက်ဆံ အများကြီး ရလား”

ဖန်ကျန်းရီက ဘုရားကျောင်းမကြီးထဲတွင် နေရာအနှံ့ လိုက်လံ ရှာဖွေနေသည်။ အထဲတွင် လျှို့ဝှက်ရတနာသိုက် ကဲ့သို့သော အရာများ ရှိသင့်သည်ဟု သူ ခံစားနေရ၏။

ဟွမ်ရှန်းရုံက ဖားယားစွာ ပြောလိုက်သည်။ “အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။ အရင်ကထက်တော့ သာတာပေါ့။ ပြီးတော့ ပိုပြီးလည်း သက်သောင့်သက်သာ ရှိတယ်။”

ဖန်ကျန်းရီက သွားဖြဲကာ ပြုံးလိုက်ပြီး ဘုရားဆင်းတုတော်အရှေ့ရှိ ပူဇော်ပွဲ စားပွဲပေါ်သို့ တက်ထိုင်လိုက်သည်။ “ခင်ဗျား သတ္တိမသေးဘူးပဲ။ ပန်းရှန်းရပ်ကွက်က ကျုပ်နယ်မြေဆိုတာ မသိဘူးလား။ ဘုန်းကြီး ဟန်ဆောင်ပြီး ဒီမှာ လာလိမ်စားနေတာ။ ခင်ဗျားကို ဘယ်သူ ခိုင်းလိုက်တာလဲ။”

ဟွမ်ရှန်းရုံက အလောတကြီး ခေါင်းယမ်းလိုက်၏။ “မသိပါဘူး”

ဖန်ကျန်းရီက ခေါင်းမော့ကာ သက်ပြင်းချလိုက်သည်။ “အစ်ကိုဟွမ် …. လူဆိုတာ ရိုးသားရမယ်လေ။ ခင်ဗျားရဲ့ မိန်းမနဲ့ ကလေးတွေကို ကျုပ်ကပဲ စောင့်ရှောက်ပေးထားတာနော်။ ကလေးတွေ အကြောင်း ပြောရရင် နေ့တိုင်း မနက် ငါးနာရီဆို စစ်တုရင် သင်တန်းတက်ရတယ်။ ခုနစ်နာရီဆို တယောထိုး သင်ရတယ်။ ကိုးနာရီဆို မြင်းစီး သင်ရတယ်၊ ညဆယ့်တစ်နာရီဆို လက်သမားပညာ သင်ရတယ်။ ကျုပ်က သူတို့ကို သားအရင်းတွေလို ပြုစုပျိုးထောင်ပေးနေတာ။ ကျောင်းလခတွေလည်း ကျုပ်ကပဲ စိုက်ပေးထားတာ။

ခင်ဗျားရဲ့ မိန်းမနဲ့ မယားငယ်ကိုလည်း ကျုပ်ကပဲ ဖြူဖြူဖွေးဖွေးနဲ့ ဝဝဖြိုးဖြိုး ဖြစ်အောင် ကျွေးမွေးထားတာ။ တစ်ယောက်ကို ပေါင်နှစ်ရာလောက် ရှိနေပြီ။ ကျေးဇူးသိတတ်ရမယ်လေ”

ဟွမ်ရှန်းရုံမှာ မူလက သူ၏ စိတ်ဓာတ်များ လုံလောက်စွာ ခိုင်မာနေပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဖန်ကျန်းရီနှင့် တွေ့ဆုံပြီး စကားအနည်းငယ်သာ ပြောရသေးသည်။ သူ၏ ခံနိုင်ရည်များ ထပ်မံ၍ ကျိုးပေါက်သွားခဲ့သည်။

ဖန်ကျန်းရီ စကားပြောပြီးသည်နှင့် ဟွမ်ရှန်းရုံက သူ၏ပေါင်ကို ဖက်ကာ အော်ဟစ်ငိုကြွေးလေတော့၏။

“အမတ်ဖန် … သခင်လေးဖန် …. သူတို့က ကလေးတွေပဲ ရှိပါသေးတယ်၊ ဒီလို ဆက်သင်နေရင် သေကုန်လိမ့်မယ်”

“ဒုက္ခထဲက ဒုက္ခကို ခံနိုင်မှ လူတကာထက် သာတဲ့သူ ဖြစ်လာမှာပေါ့။ ကျုပ်က ခင်ဗျားအပေါ် ဒီလောက် ကောင်းပေးတာကို ခင်ဗျားရဲ့ သားတွေကို နှိပ်စက်နေတယ်လို့ ထင်နေတာလား။ မယုံရင် အခုပဲ ခင်ဗျားအိမ်က မိန်းမတွေကို ခေါ်ပြီး မေးကြည့်လို့ ရတယ်”

“ရပါတယ် ,…. မလိုပါဘူး”

ဟွမ်ရှန်းရုံ၏ မျက်နှာမှာ ပျက်ယွင်းသွားသည်။ “မြို့ဝန်မင်း … ကျုပ် တကယ် မသိတာပါ။ အစတုန်းက ကျုပ် မသိတဲ့ သူစိမ်း အနည်းငယ် ရောက်လာပြီး ကျုပ်ကို ပန်းရှန်းရပ်ကွက် ဖူယွင်ဘုရားကျောင်းမှာ တစ်လလောက် သွားနေပေးဖို့ လာငှားပါတယ်။”

“မြို့ဝန်မင်း …. ရပ်ကွက်ထဲမှာ ရှိနေမှန်းသိရင် ကျုပ် ဘယ်လိုလုပ် လာရဲမှာလဲ။ သူတို့ ပေးတာက တကယ်ကို များလွန်းလို့ပါ။ပြီးတော့ ကျုပ်မလာရင်တောင် တခြား ဘုန်းကြီးတွေ လာကြမှာပါပဲ။ အားလုံး အတူတူပါပဲ”

ဖန်ကျန်းရီက ခေါင်းငုံ့ကာ စဉ်းစားလိုက်၏။ “တခြား ဘုန်းကြီးတွေက ခင်ဗျားနဲ့ ဘုရားကျောင်း တစ်ခုတည်းကနေ လာတာ မဟုတ်ဘူးလား”

ဟွမ်ရှန်းရုံက ခေါင်းယမ်းလိုက်သည်။ “မဟုတ်ပါဘူး။ ကျုပ်တို့ အချင်းချင်း မသိကြပါဘူး။ အဲဒီလူတွေက မတူညီတဲ့ ဘုရားကျောင်းတွေကနေ ပင့်လာတာ ဖြစ်ဖို့ များပါတယ်”

ထိုအခါမှ ဖန်ကျန်းရီမှာ ချက်ချင်း သဘောပေါက်သွားတော့၏။ ဤသို့ဆိုလျှင်တော့ ဟုတ်ပြီ။ ဤမျှများပြားလှသော ဆရာတော်များက အကြောင်းပြချက် မရှိဘဲ ပန်းရှန်းရပ်ကွက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ရာ ဤသည်က ယန်ကော်အန်း လွှတ်လိုက်ခြင်းသာ ဖြစ်ရပေမည်။

ထိုအဘိုးကြီးက တကယ်ကို အသုံးမကျချေ။ ဤမျှလောက်ပင် အောက်တန်းကျလှသည်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် သူ ထပ်မတွေးချင်တော့ချေ။ ဤကဲ့သို့ အားနည်းသော ပြိုင်ဘက်မျိုးက ဘာတန်ဖိုးမှ မရှိပေ။ ထို့နောက် သူက မေးလိုက်၏။ “ဝူမင်းသား ခင်ဗျားကို ဆက်သွယ်သေးလား”

ဟွမ်ရှန်းရုံက သက်ပြင်းချလိုက်သည်။ “မဆက်သွယ်ပါဘူး။ ကျုပ်ကို စွန့်ပစ်လိုက်ပြီ ထင်တယ်။ မြို့ဝန်မင်းဆီက ထွက်လာပြီးတည်းက ကျုပ်ကို ဘယ်သူမှ လာမရှာတော့ဘူး”

ထို့နောက် သူက ဒူးထောက်ချလိုက်ကာ ဆက်ပြောလိုက်၏။ “မြို့ဝန်မင်း … ကျုပ်ကို လွှတ်ပေးပါတော့။ ကျုပ်ကို ဘုန်းကြီးတောင် လုပ်ခွင့် မပေးတော့ဘူးလား။ ပြီးတော့ ကျုပ်ကလေးတွေကို မတရား စာတွေ သင်မပေးလို့ မရဘူးလား။”

“ကျုပ်က ဒီတစ်သက် ကလေးတွေအတွက်ပဲ အသက်ရှင်နေတာပါ။ သူတို့သာ ပင်ပန်းလို့ သေသွားရင် ကျုပ်လည်း ဆက်အသက်မရှင်တော့ဘူး”

ဖန်ကျန်းရီမှာ သူ့ကို ကြည့်ရင်း မည်သို့မှမနေနိုင်ဘဲ အံ့အားသင့် ချီးကျူးမိသည်။ ဟုတ်လှချည်လား။ လူတစ်ယောက်၏ ဆဲဆိုခြင်းကို ခံလိုက်ရပြီးသည်နှင့် လမ်းမှားမှ ပြန်လှည့်လာနိုင်ခဲ့ပေသည်။ အနည်းငယ်တော့ စွမ်းလှပေ၏။

“ကျွတ်ကျွတ်ကျွတ်၊ ဘုန်းကြီးဝတ်လိုက်တာနဲ့ အရင်နဲ့မတူတော့ဘူး။ အဆင့်အတန်းတောင် မြင့်လာပြီ။ ကောင်းပြီ။ ကျုပ်လည်း ခင်ဗျားကို ဒုက္ခမပေးတော့ပါဘူး။ နောက်ပိုင်း ပန်းရှန်းရပ်ကွက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ရှိလာရင် ကျုပ်ဆီကို လာသတင်းပို့ရမယ်။

“နောက်ကျရင် ကျောင်းလခနဲ့ စားစရိတ်တွေကိုရှင်းပြီး ခင်ဗျား မိန်းမတွေနဲ့ ကလေးတွေကို လာခေါ်သွားတော့။ ကျုပ် က ခင်ဗျားအစား မွေးထားပေးဖို့ ပျင်းနေပြီ”

ဟွမ်ရှန်းရုံက သွားဖြဲကာ ရယ်ပြလိုက်ပြီး လက်ကို ပွတ်သပ်လိုက်၏။ “ဟို …. မိန်းမတွေကတော့ မလိုတော့ပါဘူး။ ကျောင်းလခနဲ့ စားစရိတ်ကို နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”

“ထွက်သွားစမ်း”

………

နန်းတော်အတွင်း၌ ကျင်းဘုရင်သည် ခန်းမဆောင် တံခါးဝတွင် ရပ်နေကာ မှိုင်းညို့နေသော ရာသီဥတုကို ကြည့်ရင်း အဆက်မပြတ် သက်ပြင်းချနေသည်။

လတ်တလော ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်မှာ ရက်အတော်ကြာ ရှိနေခဲ့ပြီ ဖြစ်၏။

နှစ်စဉ်နှစ်တိုင်း မြို့တော်တွင် ရေကြီးရေလျှံမှု အကြီးအသေးများ ဖြစ်ပေါ်လေ့ ရှိသည်ကို တွေးမိချိန်တွင် ကျင်းဘုရင်သည် မည်သို့မှမနေနိုင်ဘဲ အနည်းငယ် ခေါင်းကိုက်လာရသည်။

ဘေးအန္တရာယ် မည်မျှလောက် ဖြစ်ပေါ်လာပြီး သာမန်ပြည်သူများ မည်မျှလောက် ထိခိုက်ခံစားရမည်ကို မသိနိုင်ချေ။

ကော်ထျန်းယန်က ခြုံထည်တစ်ထည်ကို ယူကာ ကျင်းဘုရင် အနီးသို့ လျှောက်သွားလိုက်၏။ “အရှင်မင်းကြီး ….. အခု လေနည်းနည်း တိုက်နေတယ်။ တံခါးပိတ်လိုက်တာ ပိုကောင်းပါလိမ့်မယ်”

ကျင်းဘုရင်က လက်ကာပြလိုက်သည်။ “မလိုပါဘူး၊ ကိုယ်တော်တို့ရဲ့ ကျင်းတိုင်းပြည်က တကယ်ကို ဘေးအန္တရာယ် များပြားတာပဲ။ ဒီနှစ် မိုးရွာတာက ဒီလောက်တောင် များနေတယ်။ နက္ခတ်ဗေဒင်ဌာနက တကယ်ကို အသုံးမကျတာပဲ”

ကော်ထျန်းယန်လည်း လိုက်၍ သက်ပြင်းချနေပြီး ရုတ်တရက် တစ်ခုခုကို တွေးမိသွားပုံဖြင့် ပြောလိုက်၏။ “အရှင်မင်းကြီး …. အိမ်ရှေ့စံမင်းသားနဲ့ အမတ်ယန်တို့ရဲ့ လောင်းကြေးက အချိန်ပြည့်တော့မယ်။ ကျွန်တော်မျိုး အခုပဲ လူလွှတ်ပြီး သွားစုံစမ်းခိုင်းလိုက်ရမလား”

ကျင်းဘုရင်က နောက်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်သည်။ “ဟမ့် …. ကိုယ်တော် ဒီကိစ္စကို မေ့နေတာပဲ။ လတ်တလော ကိစ္စတွေက တကယ်ကို များလွန်းနေတယ်။ လူလွှတ်စရာ မလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အခု မိုးလည်း တိတ်သွားပြီ။ ကိုယ်တော် နန်းတော်ပြင် မထွက်ရတာ ကြာပြီဆိုတော့ ကိုယ်တိုင် သွားကြည့်လိုက်တာ ပိုကောင်းမယ်။ ဝေါယာဉ် ပြင်ဆင်ထားလိုက်”

ကော်ထျန်းယန်က လှည့်ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် ကျင်းဘုရင်၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့၏။

“နေပါစေတော့။ နန်းတော်ပြင်မှာ သေချာပေါက် ရေကြီးနေမှာပဲ။ ဝေါယာဉ် မလိုတော့ဘူး။ ရထားလုံးပဲ ပြင်လိုက်”

ကော်ထျန်းယန်က ခေါင်းညိတ် သဘောတူလိုက်ပြီးနောက် ခန်းမဆောင် တံခါးဝမှ ခပ်သုတ်သုတ် ပြေးထွက်သွားသည်။

သိပ်မဝေးခင်မှာပဲ အလောတကြီး ရောက်လာသော လီယန်စုန်နှင့် ဆုံတွေ့လိုက်ရာ ကော်ထျန်းယန်က ပြုံးလျက် မေးလိုက်၏။ “အမတ်ကြီးလီ ….. အရှင်မင်းကြီးကို လာရှာတာလား”

လီယန်စုန်က ယဉ်ကျေးစွာ ပြုံးလိုက်သည်။ “ဟုတ်ပါတယ်။ မြို့တော်ထဲမှာ ရေကြီးနေလို့ ကျုပ် ကိုယ်တိုင် အရှင်မင်းကြီးဆီ သွားပြီး လျှောက်တင်ဖို့ တွေးနေတာပါ။”

“ဒါဆိုရင်တော့ ခင်ဗျား လာတာ အချိန်မကိုက်ဘူး။ အရှင်မင်းကြီးက အခုပဲ နန်းတော်ပြင်ထွက်ပြီး ကြည့်ရှုဖို့ ပြင်ဆင်နေတာ။ ကျုပ် အရှင်မင်းကြီးအတွက် ရထားလုံး သွားစီစဉ်ပေးလိုက်ဦးမယ်”

ပြောပြီးနောက် ကော်ထျန်းယန် ထွက်သွား၏။

လီယန်စုန်မှာ မှင်သက်သွားပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ဤကဲ့သို့ ဆိုးရွားလှသော ရာသီဥတုမျိုးတွင် နန်းတော်အပြင် ထွက်ခြင်းက ဘာအဓိပ္ပာယ် ရှိမည်နည်း။ ခဏနေလျှင် မိုးထပ်ရွာချင် ရွာလာနိုင်သေး၏။

ထို့နောက်တွင် သူ သဘောပေါက်သွားကာ အသံတိတ် ရယ်မောလိုက်မိ၏။ အိမ်ရှေ့စံ မင်းသားနှင့် ယန်ကော်အန်းတို့၏ လောင်းကြေး အချိန်ပြည့်တော့မည် ဖြစ်သဖြင့် မင်းသားကို စိတ်ပူနေခြင်း ဖြစ်ရပေမည်။

စဉ်းစားကြည့်ပြီး နားလည်သွားချိန်တွင် လီယန်စုန်လည်း ခြေလှမ်းရွှေ့ကာ ထိုနေရာမှ ထွက်ခွာလိုက်သည်။

မကြာမီမှာပင်။

ကျင်းဘုရင်သည် ကော်ထျန်းယန်နှင့် အတွင်းဝန်အဖွဲ့မှ အမတ်ကြီး သုံးယောက်ကို ခေါ်ဆောင်ကာ အတူတူ ထွက်ခွာလာခဲ့သည်။

အဘိုးကြီးသုံးယောက်မှာ ရထားလုံး တစ်စီးထဲတွင် တိုးဝှေ့နေရသဖြင့် အနည်းငယ် အနေခက်နေကြ၏။

ကျန်းတုန်ရှန်းက စကားစလိုက်သည်။ “အင်း …. အမတ်ကြီးလီ …. ခင်ဗျား ဘာလို့ အရှင်မင်းကြီးကို မတားတာလဲ။ ပြီးတော့ ဘာလို့ ကျုပ်တို့ နှစ်ယောက်ကိုပါ ဆွဲခေါ်လာရတာလဲ။ အခု နန်းတော်ပြင်မှာ ရေကြီးတာ ဆိုးရွားနေပြီ။ အကယ်၍ ခဏနေ မိုးထပ်ရွာရင် ပိုပြီး ပြဿနာ တက်လိမ့်မယ်”

ကျိန့်ချောင်က ပြောလိုက်၏။ “အရှင်မင်းကြီးက ဒီရက်ပိုင်းအတွင်း အိမ်ရှေ့စံမင်းသားရဲ့ အောင်မြင်မှုတွေကို မြင်တွေ့ချင်နေလို့ စိတ်လောနေတာပါ။ ကျုပ်တို့လည်း မသွားဖြစ်တာ ရက်အတော်ကြာပြီ မဟုတ်လား။ အတော်ပဲ သွားကြည့်ကြတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်သိပ်မကြာလောက်ပါဘူး။”

“ကျုပ် အမြင်တော့ ဖန်ကျန်းရီနဲ့ မင်းသားက သေချာပေါက် ရှုံးပြီ။ မြို့တော်ထဲက သတင်းတွေကို ခင်ဗျားတို့လည်း မကြားဘဲ နေမှာ မဟုတ်ပါဘူး။ ယန်ကော်အန်း ဘက်မှာတော့ ပညာတတ် အများအပြားက သူ့ရဲ့ အုပ်ချုပ်မှု စွမ်းရည်ကို ချီးမွမ်းနေကြတာပဲ”

“ဖန်ကျန်းရီ ဘက်မှာရော ဘယ်လိုလဲ။ ပ ပန်းရှန်းရပ်ကွက်ကို ဂုဏ်သိက္ခာကျဆင်းပြီး ကုန်သည်တွေ နေရာအနှံ့ ရှိနေတယ်။ မိစ္ဆာတွေ သောင်းကျန်းနေတယ်လို့ ဘယ်ပညာတတ်က မပြောဘဲ နေမှာလဲ။

ကျုပ်တို့ အရင်တစ်ခေါက် သွားကြည့်တုန်းက ကောင်းတယ်ဆိုပေမဲ့ အဲဒါက မြည်းချေးခဲ အပြင်ပန်း လှနေရုံ သတ်သတ်ပဲ။ ပညာပေးတဲ့ အပိုင်းမှာတော့ ဘာအောင်မြင်မှုမှ မရှိဘူး။ ကျုပ် ကြည့်ရတာတော့ ဖန်ကျန်းရီနဲ့ မင်းသားတော့ ခက်ပြီ”

ပြောပြီးနောက် ကျန်းတုန်ရှန်းက ခေါင်းယမ်းလိုက်သေးသည်။

ကျိန့်ချောင်က နောက်ပြောင်လိုက်၏။ “အမတ်ကျန်း၊ ခင်ဗျားက ခင်ဗျားရဲ့ တူဆီကနေ ငွေစ နှစ်ထောင် ရထားပြီးပြီနော်။ ဒီလိုကြီး သူ့ကို အထင်သေးတာ မသင့်တယ်ဘူး။”

ကျန်းတုန်ရှန်းက မျက်လုံးပြူးကာ ကြည့်လိုက်သည်။ “အဲဒါ ခင်ဗျားရဲ့တူ။ ငွေက ကျုပ် ကံနဲ့ ရထားတာလေ။ သူ ပေးတာမှ မဟုတ်တာ။ ဒီလိုပြောတာ ဟာသပဲ”

လီယန်စုန်မှာ ရင်ဘတ်ကို ဖိကာ နေရခက်သွားရ၏။

ဤလူနှစ်ယောက်က တကယ်ပင် ဖန်ကျန်းရီ၏ ဦးလေး ဖြစ်ချင်နေကြသည်လား။

အပိုင်း (၁၅၀) ခင်ဗျားက ဘယ်ကလာတဲ့ ကောင်လဲ။

ရထားလုံးနှစ်စီးသည် အပြင်မြို့တော်ဘက်သို့ ဖြည်းညင်းစွာ မောင်းနှင်သွားကာ အတွင်းမြို့တော်၏ အစွန်အဖျားသို့ ရောက်လုနီးပါး ဖြစ်နေသည်။

ကော်ထျန်းယန်မှာ ရထားလုံး ပြတင်းပေါက်မှ တစ်ဆင့် ကြည့်ရင်း မျက်မှောင်ကြုတ်ထား၏။

ရက်အနည်းငယ်ကြာ သည်းထန်စွာ ရွာသွန်းခဲ့သော မိုးကြောင့် ရပ်ကွက် အသီးသီးတွင် ရေအနည်းနှင့်အများ တင်နေတတ်ပြီး အတွင်းမြို့တော်၏ အစွန်အဖျားမှာ တကယ်တမ်း၌ အုပ်ချုပ်မှု အားနည်းနေပြီ ဖြစ်ရာ ရေများ စတင် နက်လာလောက်ပေသည်။

အကယ်၍သာ အပြင်မြို့တော်သို့ ရောက်ရှိသွားပါက အခြေအနေများ ပိုဆိုးသွားမည်ကို စိုးရိမ်ရ၏။

သို့သော်လည်း အပြင်မြို့တော်သို့ မဝင်ရသေးခင်မှာပင် ပို၍ ဆိုးရွားသော ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်မှ မိုးပေါက်များ ကျဲတဲတဲ စတင် ကျဆင်းလာခဲ့သည်။

ကော်ထျန်းယန်မှာ အနည်းငယ် ကံကောင်းသည်ဟု ခံစားလိုက်ရပေသည်။ ထီးအတော်များများ အပို ယူဆောင်လာခဲ့၍သာ တော်တော့၏။

ခဏနေလျှင် အရှင်မင်းကြီးသည် သေချာပေါက် ရထားလုံးပေါ်မှ ဆင်းရပေမည်။ ထိုအချိန်ကျလို့ စိုရွှဲသွားလျှင် မကောင်းချေ။

ကျင်းဘုရင်ကလည်း ရထားလုံးခေါင်မိုးပေါ်သို့ မိုးပေါက်များ ကျဆင်းလာသည့် အသံကို ကြားလိုက်သည်။ ပြတင်းပေါက်မှ အပြင်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ကာ မျက်လုံးထဲတွင် စိုးရိမ်မှု အနည်းငယ် ဖြတ်ပြေးသွား၏။ ပြီးနောက် မျက်လုံးကိုမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

အပြင်မြို့တော်သို့ ရောက်ရှိပြီးနောက်တွင် ကော်ထျန်းယန် စိုးရိမ်နေသော ကိစ္စရပ်မှာ နောက်ဆုံး၌ ဖြစ်ပေါ်လာခဲ့၏။

ကောင်းကင်ယံမှ မိုးခြိမ်းသံများ ကြီးကျယ်စွာ ထွက်ပေါ်လာပြီး မိုးအရှိန်က တဖြည်းဖြည်း ပို၍ သည်းထန် လာခဲ့သည်။

အပြင်မြို့တော်၏ ရေကြီးမှု အခြေအနေ ဆိုးရွားပုံမှာ သဝဏ်လွှာထဲတွင် ဖော်ပြထားသကဲ့သို့ ပေါ့ပေါ့တန်တန် လုံးဝ မဟုတ်ခဲ့ချေ။

ရေများသည် ရထားလုံးဘီး၏ တစ်ဝက်နီးပါးအထိပင် စတင် လွှမ်းမိုးလာခဲ့ပြီ ဖြစ်၏။

အပြင်မြို့တော်ကို အလောတကြီး တည်ဆောက်ထားခြင်း ဖြစ်ပြီး ရေမြောင်းစနစ်ကိုလည်း သေချာစွာ ပုံစံဆွဲထားခဲ့ခြင်း မရှိပေ။ ထို့အပြင် ပုံမှန်အားဖြင့် ထိန်းသိမ်းမှု အားနည်းသောကြောင့် လုပ်ဆောင်နိုင်စွမ်းမှာ တစ်ဝက်ကျော် ပျက်စီးနေပြီဖြစ်ရာ ဤကဲ့သို့ သည်းထန်သော မိုးရှေ့တွင် ရေမြောင်းများသည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အတူတူပင် ဖြစ်နေတော့သည်။

ယခု ပို၍ ကြောက်မက်ဖွယ် ကောင်းသည်မှာ ရေပေါ်တွင် နေ့စဉ်သုံး အမှိုက်များ ကျဲတဲတဲ မျောပါနေပြီး လူနှင့် တိရစ္ဆာန်များ၏ စွန့်ပစ်ပစ္စည်းများပင် ပါဝင်နေကာ တစ်ခဏအတွင်း အလွန် ဆိုးရွားသော အနံ့အသက်များက တားမနိုင်ဆီးမနိုင် ပေါ်ပေါက်လာ၏။

ကျင်းဘုရင်မှာ မိုးခြိမ်းသံကို ကြားချိန်တွင် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်ပြီး ရထားလုံး အပြင်ဘက်ကို ကြည့်လိုက်သည်။ ပြီးနောက် မှင်သက်သွားသည်။

မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ရေလွှမ်းမိုးနေသော နေရာကြီးတစ်ခု ဖြစ်နေ၏။ အမှိုက်များ အပြင် သစ်သားပြားများ၊ ထိုင်ခုံများ စသည့် အရာများပင် ရေပေါ်တွင် မျောပါနေ၏။

ကျင်းဘုရင်က ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်ရာ မိုးရေများကြားမှ တစ်ဆင့် အဝေးတွင် လူတစ်စုကို ဝေဝါးစွာ မြင်တွေ့လိုက်ရသည်။ နားထဲတွင်လည်း ငိုကြွေးအော်ဟစ်သံများကို သဲ့သဲ့လေး ကြားနေရသောကြောင့် လှမ်းကာ အမိန့်ပေးလိုက်သည်။ “အဲဒါ ဘာလဲဆိုတာ သွားကြည့်ခိုင်းလိုက်စမ်း။”

ရထားလုံး အပြင်ဘက်တွင် ထိုင်နေသော အစောင့်ရဲမက်မှာ အမိန့်ကို လက်ခံရရှိပြီးနောက် ရထားလုံးပေါ်မှ ခုန်ဆင်းကာ ရေထဲ ဖြတ်လျှောက်လျက် ထိုနေရာသို့ သွားရောက်၏။

မကြာမီ အစောင့်ရဲမက် ပြန်ရောက်လာပြီး မျက်နှာတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လျက် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး …. မိုးသည်းထန်လွန်းလို့ အိမ်ဟောင်း တစ်တန်း ပြိုကျသွားပြီး လူတချို့ ပျောက်ဆုံးနေပါတယ်။ အသက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ရှာနေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အိမ်နီးချင်းတွေက ဝိုင်းရှာပေးနေတာ နာရီဝက်လောက် ရှိနေပါပြီ။ ကြည့်ရတာ...”

ကောင်းကင်ယံမှ မိုးခြိမ်းသံများ အဆက်မပြတ် ထွက်ပေါ်နေပြီး ကျင်းဘုရင်မှာ မိမိကိုယ်တိုင် မိုးကြိုးပစ်ခံ လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ ဤသို့နှင့် ရေနစ်သေဆုံးသွားခဲ့ကြရပြီလား။

ကော်ထျန်းယန်လည်း လည်ပင်းတွင် အရိုးစူးနေသလို ခံစားလိုက်ရ၏။ နန်းတော်ထဲတွင် သူထက် ကျင်းဘုရင်ကို ပို၍ နားလည်သူ မရှိတော့ချေ။

ဤနှစ်များအတွင်း အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ အရှင်မင်းကြီး၏ စိတ်နှလုံးက တဖြည်းဖြည်း ပိုမိုနူးညံ့လာခဲ့သည်။ အထူးသဖြင့် ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်တွေ့ရချိန်တွင် ရင်ထဲ၌ မည်မျှလောက် နေရခက်နေမည်ဖြစ်ကြောင်း မသိနိုင်ချေ။

အနောက်ဘက် ရထားလုံးမှ အမတ်ကြီး သုံးယောက်သည် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကြည့်ရာ အဝေးရှိ လူတစ်စု အလုပ်များနေသော ပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

အားလုံး တိတ်ဆိတ်သွားကြ၏။ တိုင်းပြည်က ငြိမ်းချမ်းနေပြီ ဖြစ်သော်လည်း ဤကဲ့သို့သော အဖြစ်ဆိုးကြီးက မြို့တော်အတွင်း၌ ပေါ်ပေါ်ထင်ထင် ဖြစ်ပေါ်နေသည်။ သုံးယောက်လုံး ရထားလုံးထဲတွင် သက်ပြင်းရှည်ကြီးများ အဆက်မပြတ် ချနေကြ၏။

“ကျုပ်လည်း သဝဏ်လွှာတွေထဲမှာ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေနစ်သေဆုံးတဲ့ အခြေအနေတွေကို မကြာခဏ တွေ့ဖူးပါတယ်။ ဒီနေ့ ကိုယ်တိုင် မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ တကယ်ပဲ”

ကျန်းတုန်ရှန်းမှာ ပြောရင်းပြောရင်း ဆက်မပြောနိုင်တော့ချေ။

အလွန် ရက်စက်ကြမ်းကြုတ်လွန်းသည် ဆိုသော စကားလုံးများက လည်ပင်းတွင် တင်းကြပ်စွာ နင်နေ၏။

ကျိန့်ချောင်က သက်ပြင်းချလိုက်သည်။ “သဘာဝဘေးအန္တရာယ်က လူတွေ သတ်မှတ်လို့ မရဘူး၊ အသက်ရှင်ခြင်း နဲ့ သေဆုံးခြင်းကို ကောင်းကင်ဘုံက ဖန်တီးတာ။ ဒါက ကံတရားပဲပေါ့”

ကျန်းတုန်ရှန်း၏မျက်နှာမှာ ရုတ်တရက် နီရဲလာပြီး စိတ်ခံစားချက်တို့ အနည်းငယ် လှုပ်ခတ်သွား၏။ “ဒါ သဘာဝဘေးအန္တရာယ် မဟုတ်ဘူး။ တကယ်တော့ အစိုးရ အရာရှိတွေရဲ့ ပေါ့ဆမှုပဲ။ နန်းတော်တွင်းနဲ့ အနီးအနားက အပြင်မြို့တော်တွေမှာ ရေမကြီးနိုင်ဘဲနဲ့ ဒီနေရာမှာကျတော့ ဘာလို့ ရေကြီးရတာလဲ”

လီယန်စုန်က မျက်လုံးကိုမှိတ်ကာ အိပ်ချင်ယောင် ဆောင်နေလိုက်ပြီး ခေါင်းထဲတွင် အဆက်မပြတ် စဉ်းစားနေသည်။

အဖြစ်ဆိုးက ဖြစ်ပေါ်ခဲ့ပေပြီ။ ယခုအချိန်တွင် ဤအရာများကို ငြင်းခုန်နေခြင်းက ဘာအဓိပ္ပာယ်မှ မရှိတော့ချေ။ မည်သည့်နည်းလမ်းဖြင့် ဖြေရှင်းရမည်နည်း ဆိုသည်ကို စဉ်းစားခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။

ယခုအချိန် လမ်းပေါ်တွင် တကယ်တမ်း၌ လူအချို့ ရှိနေသေး၏။ လူအချို့က ကလေးကို ချီထားပြီး အချို့က အထုပ်အပိုးများကို လွယ်ထားကြသည်။ ဖြစ်နိုင်သည်မှာ ဤလူများ၏ အိမ်များလည်း ပြိုကျသွားသဖြင့် ထွက်ပေါက် ရှာရန် နည်းလမ်း စဉ်းစားနေကြခြင်း ဖြစ်ပေမည်။

ရထားလုံးသည် အပြင်မြို့တော်ဘက်သို့ မောင်းနှင်လေလေ ပို၍ ခက်ခဲလာလေလေ ဖြစ်ပြီး ယခုအခါ လိပ်ကဲ့သို့ နှေးကွေးသော အရှိန် ဖြစ်နေသည်။

ရထားထိန်းမှာ အရှိန်မတင်ရဲချေ။ အကယ်၍ အောက်ဘက်တွင် ကျောက်တုံးကြီး သို့မဟုတ် တွင်းကြီး တစ်ခု ရှိနေပါက ရထားလုံး တစ်စီးလုံး မှောက်သွားမည်ကို စိုးရိမ်ရ၏။

ကျင်းဘုရင်မှာ စိတ်အေးသက်သာစွာ ထိုင်မရတော့ဘဲ မေးလိုက်သည်။ “တုန်းကျင်းရပ်ကွက်ရောက်ဖို့ ဘယ်လောက် လိုသေးလဲ”

ကော်ထျန်းယန်က အလောတကြီး ပြန်ဖြေလိုက်၏။ “ရောက်ပါပြီ။ အရှေ့မှာပဲ။ အရှင်မင်းကြီး … အရှေ့က အခြေအနေက ပိုပြီး စိုးလောက်တယ်။ ဒီမှာ ခဏလောက် စောင့်နေတော်မူပါ။ ကျွန်တော်မျိုး ရပ်ကွက်ထဲ အရင်သွားပြီး ကြိုဆိုမယ့်သူ ရှိမရှိ ကြည့်လိုက်ပါအုံးမယ်။”

ကျင်းဘုရင်က အပြင်ဘက် အခြေအနေကို ကြည့်လိုက်ပြီး ခြေရင်းရှိ ရထားလုံး အခန်းထဲတွင်လည်း ရေများ ပါးပါးလေး စိမ့်ဝင်နေပြီ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ ထို့ကြောင့် မတတ်သာဘဲ ခေါင်းညိတ်လိုက်သည်။

ကော်ထျန်းယန်က ခေါင်းပြူထွက်ကြည့်လိုက်သည်။ ပြီးနောက် ရုတ်တရက် အံ့အားသင့် ဝမ်းသာစွာဖြင့် အော်ပြောလိုက်၏။ “အာ … အရှင်မင်းကြီး ….. ဟိုဘက်မှာ လှေငယ်လေး တစ်စင်း လာနေတယ်။ ဒါပေမဲ့ ပြဿနာ နည်းနည်း တက်နေပုံရတယ်”

“ရထားလုံးကို အဲဒီဘက် မောင်းသွားလိုက်။ သူတို့ကို ကူညီပေးလို့ ရမလား ကြည့်ရအောင်။”

မလှမ်းမကမ်းတွင် လှေငယ်လေး တစ်စင်း ရှိနေပြီး ထိုနေရာ၌ ညပ်နေကာ မလှုပ်နိုင် မရှားနိုင် ဖြစ်နေ၏။ လှေပေါ်တွင် ပိုးသားအင်္ကျီများ ဝတ်ဆင်ထားသော သခင်လေးတစ်ချို့ ထိုင်နေကြပြီး ဘေးတွင် အိမ်စေများက ထီးမိုးပေးထားကြသည်။

လှေအောက်ဘက်တွင် အစောင့်ပုံစံပေါက်သော လူနှစ်ယောက်က ရေထဲ ဖြတ်လျှောက်လျက် လှေငယ်ကို အားကုန် တွန်းနေကြ၏။

ရထားလုံးမှာ လှေငယ် ရှိရာဘက်သို့ အားကုန် မောင်းနှင်သွားကာ နောက်ဆုံးတွင် လှေငယ် အနီးသို့ ရောက်ရှိသွားသည်။ ကျင်းဘုရင်က အဝတ်ခန်းဆီးကို လှန်ကြည့်လိုက်ရာ ချက်ချင်း မှင်သက်သွားသည်။

လှေအောက်ဘက်ရှိ အစောင့်များက အားကုန် တွန်းနေကြသော်ငြား သခင်လေးအချို့မှာ လှေပေါ်တွင် ရယ်ရယ်မောမောဖြင့် ကဗျာနှင့် စာပေအကြောင်း ဆွေးနွေးနေကြပုံပေါ်၏။

မလှမ်းမကမ်းတွင် သာမန်ပြည်သူ အချို့ ရပ်နေကြပြီး မိုးရေထဲတွင် စိုရွှဲနေကြသည်။

သက်ကြီးရွယ်အိုများ ပါဝင်သလို ကလေးချီထားသော အမျိုးသမီးများလည်း ပါဝင်ပြီး ခန္ဓာကိုယ် အားနည်းသူများ မှာ ချမ်းအေးလွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေကြ၏။

ကျင်းဘုရင်က ရထားလုံးထဲမှ ထွက်လာပြီး လှေပေါ်သို့ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ “ဘာဖြစ်တာလဲ။ အကူအညီ လိုသေးလား”

လှေပေါ်ရှိ သခင်လေးတစ်ယောက်မှာ လူတစ်ယောက် လာကူညီသည်ကို မြင်တွေ့ချိန်တွင် မျက်လုံးများ ချက်ချင်း အရောင်လက်သွားသည်။ ထို့ကြောင့် လက်သီးဆုပ်ကာ ပြောလိုက်၏။ “လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ရဲ့ လှေက ညပ်နေလို့ပါ။ အကူအညီ လိုနေတယ်။ လူကြီးမင်းရဲ့ အိမ်စေတွေကို အကူအညီ ပေးဖို့ ခိုင်းပေးနိုင်မလား မသိဘူး။ ကျုပ်တို့ သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်”

ကျင်းဘုရင်က မျက်စိပြလိုက်ရာ အစောင့်ရဲမက်က ချက်ချင်းပဲ ရေထဲ ဆင်းကာ လှေကို တွန်းပေးသည်။

နှစ်ဖက်စလုံး အတူတူ အားသုံးလိုက်ကြသော်လည်း ထိုလှေမှာ အနည်းငယ်မှ မလှုပ်ရှားခဲ့ချေ။

လှေပေါ်ရှိ သခင်လေးများမှာ လောနေကြသည်။ လှေက အဘယ်ကြောင့် မလှုပ်သေးသနည်း။ ဤနေရာတွင် အမြဲတမ်း ပိတ်မိနေ၍တော့ မဖြစ်နိုင်ပေ။

စဉ်းစားရင်း အကြည့်က မလှမ်းမကမ်းရှိ သာမန်ပြည်သူများဆီသို့ ရောက်သွားသည်။ သို့နှင့် အော်ဟစ်လိုက်၏။ “ဟိုဘက်က လူတွေ … ဒီကို လာပြီး ဒီသခင်လေးရဲ့ လှေကို တွန်းပေးကြ။ အကယ်၍ တွန်းထုတ်နိုင်ရင် ဆုကြေး အများကြီး ပေးမယ်”

သခင်လေးက စကားပြောလာသောကြောင့် အဝတ်အစား စုတ်ပြတ်နေသော ထိုရိုးသားသည့် သာမန်ပြည်သူများ က ဘယ်လိုလုပ် မနာခံဘဲ နေရဲမည်နည်း။

ကြောက်ရွံ့တုန်လှုပ်စွာဖြင့် လာရောက်ကာ လှေကို တွန်းပေးကြသည်။

သို့သော်ငြား ခန္ဓာကိုယ် အားနည်းနေကြသောကြောင့် အားများများ မထည့်နိုင်ခဲ့ကြချေ။ အထူးသဖြင့် ရင်ဘတ်တွင် ကလေးကို ချီထားသော အမျိုးသမီးပင် ပါဝင်နေသေး၏။

ကျင်းဘုရင်၏ ရင်ထဲတွင် အနည်းငယ် ဒေါသထွက်သွားသည်။ ထို့ကြောင့် အသံကျယ်ကျယ်ဖြင့် မေးခွန်းထုတ်လိုက်သည်။ “ဒီလူတွေက ရေထဲမှာ ရပ်နေရတာ ခွန်အား မရှိတော့ဘူး။ သူတို့ကို လှေပေါ်တက်ပြီး အနားယူခိုင်းလိုက်ပါ”

ကျင်းဘုရင်က ထိုသို့ ပြောလိုက်သည်ကို ကြားချိန်တွင် သခင်လေး အချို့မှာ အနည်းငယ် အံ့ဩသွားကြ၏။

အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး မျက်လုံးထဲတွင် ရယ်စရာ အမူအရာများ ထပ်တိုးလာသည်။

သူတို့ စကားမပြောရသေးခင်မှာပဲ ဘေးနားမှ ထီးမိုးပေးနေသော အိမ်စေက မကျေမနပ် ပြောလိုက်၏။ “ဒီလှေကို အမတ်ယန်ကော်အန်းက ကယ်ဆယ်ရေး လုပ်ဖို့ လွှတ်လိုက်တာ။ အောက်တန်းစားတွေ တက်လို့ ရပါ့မလား။ သူတို့ လှေတွန်းပေးရင် ကျုပ်တို့ သေချာပေါက် ဆုပေးမှာပဲ။ စကားလာမများနဲ့”

ရေထဲတွင် ရပ်နေသော အမျိုးသမီးသည် ခေါင်းကို အတင်း ငုံ့ထားကာ လက်နှစ်ဖက်ဖြင့် လှေငယ်ကို အားကုန် တွန်းနေပြီး တစ်ချိန်တည်းမှာပဲ ရင်ခွင်ထဲရှိ ကလေး မိုးရေစိုသွားမည်ကို အလွန် ကြောက်ရွံ့နေသည်။

သို့ပေမည့် အဘယ်သို့ ကာကွယ်နိုင်မည်နည်း။ သူမရော ကလေးပါ စိုရွှဲသွားခဲ့၏။

ကလေးမှာ အမျိုးသမီး၏ရင်ခွင်ထဲတွင် အော်ဟစ်ငိုကြွေးနေပြီး အမျိုးသမီးမှာ မျက်ရည်များ ကျဆင်းလျက် တိုးတိုးလေး အဆက်မပြတ် နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။

ကျင်းဘုရင်၏ ရင်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်လာပြီး ရထားလုံးပေါ်မှ ရုတ်တရက် ခုန်ဆင်းလိုက်၏။

အမတ်ကြီး သုံးယောက်မှာ ထိုမြင်ကွင်းကို မြင်ချိန်တွင် အလွန်အမင်း ထိတ်လန့်သွားကြသည်။ ရထားလုံးပေါ်မှ ရေထဲသို့ အလောတကြီး ဆင်းကာ ကျင်းဘုရင်၏ အနောက်သို့ လိုက်ပါသွားကြသည်။

ကော်ထျန်းယန်မှာ တစ်ခဏတာ သတိလွတ်သွားပြီးနောက် ရထားလုံးထဲမှ ထီးနှစ်ချောင်းကို အရင် ယူလိုက်ကာ ရေထဲသို့ ခုန်ဆင်းလိုက်၏။

တစ်ချောင်းကို ကျင်းဘုရင်အတွက် ဆောင်းပေးလိုက်ပြီး နောက်တစ်ချောင်းကို အမျိုးသမီးထံသို့ ကမ်းပေးလိုက်သည်။

ကျင်းဘုရင်သည် ဒေါသအပြည့်ဖြင့် လှေငယ် အနီးသို့ လျှောက်သွား၏။

စကားပြောရန် အချိန်မရသေးခင်မှာပဲ အစောပိုင်းက အိမ်စေက ခေါင်းပြူထွက်လာ၏။ ပြီးနောက် အထက်စီးမှ ကြည့်ကာ နောက်ပြောင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ကျုပ်က ဘယ်လို လူကောင်းလဲလို့။ ခင်ဗျားလည်း လှေစီးချင်နေတာ မဟုတ်လား”

ကျင်းဘုရင်က ဒေါသအပြည့်ဖြင့် စကားပြောရန် ပြင်လိုက်ချိန်မှာပဲ ရုတ်တရက် ဖြောင်းခနဲ ပြတ်သားသော အသံကို ကြားလိုက်ရ၏။

ထိုအိမ်စေမှာ သူ့ကို ရိုက်နှက်လိုက်သော သခင်လေးကို အံ့အားတကြီးဖြင့်ကြည့်လိုက်သည်။

သခင်လေးက ဆဲဆိုလိုက်၏။ “ခွေးကောင် …. သူတို့က ငါတို့ကို လာကူညီတာ။ မင်း စကားကောင်းကောင်း မပြောတတ်ဘူးလား။”

ကျင်းဘုရင်က ထိုမြင်ကွင်းကို မြင်ချိန်တွင် မျက်နှာထား အနည်းငယ် ကြည်လင်သွားသည်။

ဤလူများက စေတနာ သိပ်မရှိလှဘူး ဆိုသော်လည်း အနည်းဆုံးတော့ အကြောင်းအကျိုးကို နားလည်သေးပေသည်။

သူ ထိုသို့ တွေးနေချိန်မှာပဲ သခင်လေးက လှေတွန်းနေသော သာမန်ပြည်သူများကို လက်ညှိုးထိုးကာ မေးလိုက်၏။ “ဒီလူကြီးမင်း၊ ခင်ဗျားက သူတို့ကို လှေပေါ် တက်ခိုင်းချင်တာ မဟုတ်လား။ မရတာတော့ မဟုတ်ဘူး။ ခင်ဗျားပါ ဝင်ကူပြီး လှေတွန်းပေးမလား။ လှေထွက်သွားရင် သူတို့ကိုပါ ခေါ်သွားပေးမယ်။ ဘယ်လိုလဲ”

အမတ်ကြီး သုံးယောက်မှာ ချက်ချင်းပဲ ဒေါသတကြီး စိုက်ကြည့်လိုက်ကြသည်။

ကော်ထျန်းယန်၏ ရင်ဘတ်က အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး နောက်ဆုံးတွင် မည်သို့မှ မနေနိုင်တော့ဘဲ စူးရှသောအသံဖြင့် အရှေ့သို့ ပြေးထွက်ကာ ဆဲဆိုလိုက်၏။ “မင်း .. ခွေးကောင်၊ ငါ့ရဲ့ သခင်ကြီးကိုများ... အား”

သူ စကားမဆုံးသေးခင်မှာပဲ အစောပိုင်းက အရိုက်ခံရသော အိမ်စေက ခြေဖြင့်တစ်ချက် ကန်လိုက်ရာ ကော်ထျန်းယန် ရေထဲသို့ လဲကျသွားသည်။

တစ်ကိုယ်လုံး ရေထဲသို့ တိုက်ရိုက် ပြုတ်ကျသွားပြီး ဂလုဂလု အသံနှင့်အတူ ရေပူဖောင်း အနည်းငယ် ထွက်လာသည်။ ခဏအကြာမှာတော့ ကော်ထျန်းယန်သည် လူတစ်ယောက်၏ ဆွဲတင်ခြင်းကို ခံလိုက်ရ၏။

သို့သော်ငြား ပါးစပ်ထဲသို့ ညစ်ပတ်သော ရေများ ဝင်သွားသဖြင့် တစ်ခဏအတွင်း စကားမပြောနိုင်တော့ဘဲ ထိုနေရာတွင်သာ အဆက်မပြတ် ချောင်းဆိုးနေသည်။

လီယန်စုန်မှာ မြင်သည်နှင့် အလောတကြီးဖြင့် ကော်ထျန်းယန်၏ ကျောကို ပုတ်ပေးလိုက်၏။

အိမ်စေ၏ သစ္စာရှိ ခွေးစရိုက်က နိုးကြားလာပြီး ထပ်မံ ဆဲဆိုလိုက်သည်။ “အဘိုးကြီး … ခင်ဗျားကို မျက်နှာသာ ပေးထားတာနော်။ ဒီမှာ ခင်ဗျား စကားပြောဖို့ အခွင့်အရေး ရှိလို့လား။ အလိုက်မသိရင် ခင်ဗျားရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်”

သခင်လေးက ယခုအချိန်တွင် အိမ်စေကို ထပ်မံ ဆဲဆိုခြင်း မပြုတော့ဘဲ မျက်နှာတွင် အထင်သေးသော အပြုံးကိုသာ ဆင်မြန်းထားပေသည်။ ပြီးနောက် နောက်ပြောင်သော အသံဖြင့် ပြောလိုက်၏။ “အာယားယား၊ ဘယ်လိုဖြစ်ပြီး ဒီလိုတွေ ဆူညံသွားတာလဲ။ ခင်ဗျား စဉ်းစားပြီးပြီလား။ ဒီလှေကို ခင်ဗျား တွန်းမှာလား မတွန်းဘူးလား”

ဤမျှ ရိုင်းစိုင်းနေသည်ကို မြင်ချိန်တွင် ကျန်းတုန်ရှန်း၏ ဒေါသများက မီးဟုန်းဟုန်း တောက်လာတော့သည်။ ထို့ကြောင့် အင်္ကျီလက်ကို ပင့်တင်ကာ အရှေ့သို့ သွား၍ ရန်တွေ့ရန် ပြင်လိုက်သည်။

ကော်ထျန်းယန်က သူ့ကို အသေအလဲ ဆွဲထားလိုက်၏။ ယခု အပေါ်တက်သွားခြင်းက အရိုက်ခံရန် သွားခြင်းပင် ဖြစ်၏။ စောစောက ခွေးကောင်သည် ခွန်အား အလွန်ကြီးလှသည်။ ထို့အပြင် အထက်စီးကလည်း ဖြစ်နေသေး၏။

မကြာမီ အရှင်မင်းကြီးက အမိန့်ပေးတော့မည်။ ထိုအချိန်ကျလျှင် အတွင်းရှိလူများ တစ်ယောက်မှ ထွက်ပြေးလို့ မရတော့ပေ။

ကျင်းဘုရင်က မိုးရေထဲတွင် လှေကို အားကုန် တွန်းနေဆဲ ဖြစ်သည့် သာမန်ပြည်သူများကို တစ်ချက် ကြည့်လိုက်ပြီးနောက် လှေငယ်ပေါ်သို့ လက်တင်ကာ ရေခဲတုံးကဲ့သို့ အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။ “တွန်းမယ်။ ဒါပေမဲ့ မင်း ကတိတည်တာ အကောင်းဆုံးပဲ”

ကျင်းဘုရင်၏ စကားသံ ဆုံးသည်နှင့် အိမ်စေက လက်ပိုက်ကာ လှောင်ပြောင်လိုက်ပြန်၏။ “အဘိုးကြီး …… သတ္တိမသေးဘူးပဲ။ ဒီအထဲမှာ ထိုင်နေတာ ကျုပ်ရဲ့ သခင်လေးလေ။ ရပ်ကွက်ထဲမှာ နာမည်ကြီးတဲ့ စုရုံရွှမ်း။ အမတ်ယန်ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ပဲ။ သူ စကားပြောရင် ပြောသမျှက အတည်ပေါ့။ ခင်ဗျားကများ သံသယ ဝင်ရဲသေးတာလား။ ခင်ဗျားက ဘယ်ကလာတဲ့ ကောင်လဲ”

All Chapters