← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 9 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 9 Ch. 147-148

အပိုင်း (၁၄၇) ရက်စက်ကြမ်းကြုတ်လွန်းသော အန္တရာယ်ကင်း ပုတီးစိပ်ခြင်း အခမ်းအနား။

နောက်တစ်နေ့ …။

လမ်းမပေါ်ရှိ ကြော်ငြာသင်ပုန်းများကို ထပ်မံ အသစ်လဲလှယ်လိုက်ပြန်၏။

ရှင်းပြသူက လူတစ်စုကို စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။ “အားလုံးပဲ … အားလုံးပဲ … မနေ့က ဖူယွင်ဘုရားကျောင်းရဲ့ အစီအစဉ်က အရမ်း အောင်မြင်လွန်းလို့ စိပ်ပုတီးတွေတောင် မလောက်တော့ဘူးတဲ့။

ဒါယကာ၊ ဒါယိကာမတွေရဲ့ ကျေးဇူးကို တုံ့ပြန်တဲ့အနေနဲ့ ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းတွေကို ယူလာပြီး ဆရာတော်တွေကို အန္တရာယ်ကင်း ပုတီးစိပ်ခိုင်းလို့ ရတယ်လို့ ဖူယွင်ဘုရားကျောင်းက ပြောပါတယ်။

ဒါအပြင် ဒီနေ့လာမယ့် ဘုရားဖူးတိုင်းကို ငွေပြား သုံးပြားစီ လက်ဆောင်ပေးအုံးမှာတဲ့။ မနေ့က သွားပြီးသား သူတွေကတော့ မရတော့ဘူးနော်။”

လူအုပ်ထဲမှ လူတစ်ယောက်က မကျေမနပ် ပြောလာ၏။ “ဘာလို့ မနေ့က သွားတဲ့သူတွေကျတော့ မရရတာလဲ။ ဖူယွင်ဘုရားကျောင်းက လူတွေကို လိမ်နေတာ မဟုတ်ဘူးလား။ စောစောသွားတဲ့သူက ဘာအကျိုးကျေးဇူးမှ မရဘဲ နောက်ကျမှ သွားတဲ့သူက ငွေပြား သုံးပြား ရတယ်တဲ့။ လောကကြီးမှာ ဒီလို မတရားမှုမျိုး ရှိလို့လား”

“ဟုတ်တယ်။ ဟုတ်တယ်။ ဒါ လူတွေကို လိမ်နေတာ မဟုတ်ဘူးလား”

ရှင်းပြသူက ရယ်မောလိုက်သည်။ “ဒါဆိုလည်း ရုပ်ဖျက်ပြီး ထပ်သွားလိုက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် လူတွေ အရမ်းများနေမှာဆိုတော့ ခင်ဗျား ဘယ်သူလဲ ဆိုတာ ဘယ်သူက သိမှာလဲ”

“ဟ.. ဟုတ်သားပဲ။ ဒါဆို ကျုပ် သွားပြီ”

...

စုံစမ်းကြည့်ပြီးချိန်မှာတော့ ကျောင်းထိုင်ဆရာတော် ဟုန်ချန် တစ်ယောက် ဘာတွေ ဖြစ်နေလဲ ဆိုတာကို သိရှိသွားပြီ ဖြစ်၏။

တကယ်တော့ သူက အစိုးရရုံး၏ ကစားခြင်းကို ခံလိုက်ရခြင်းပင်။ သို့သော်လည်း အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသောကြောင့် အလွယ်တကူ မလှုပ်ရှားရဲသေးချေ။ နောက်တစ်နေ့ ကျန်နေသော ဘုရားဖူးများကို ဖြေရှင်းပြီးမှ အစိုးရရုံးသို့သွားကာ လူရှာပြီး စကားပြောမည်ဟု ရင်ထဲတွင် တွေးထား လိုက်သည်။

တစ်နေကုန် အပြင်းအထန် စိပ်ပုတီး စိပ်ခဲ့ရသောကြောင့် ဆရာတော်များ၏ လက်များတွင် သွေးကြည်ဖုများ ပေါက်နေကြပြီ ဖြစ်၏။ အဆိုးရွားဆုံးမှာ ဆရာတော် ဟွေကျွဲ့ပင်။ လက်များက ဝက်ခွာလို ဖောင်းအစ်နေသည်။ ကြည့်ရတာ ပုံမှန်အချိန်တွေမှာ ပုတီးစိပ်တာ နည်းပုံရ၏။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အတင်းဖျောင်းဖျကာ အားလုံးကို နားချနိုင်ခဲ့ပြီး နောက်နေ့တွင် အချိန်တစ်ခု အထိ ဆက်လက် အန္တရာယ်ကင်း ပုတီးစိပ်ပေးရန် သဘောတူလိုက်ကြသည်။

နောက်တစ်နေ့ ဖူယွင်ဘုရားကျောင်း၏ တံခါးကြီးကို ထပ်မံ ဖွင့်လိုက်ချိန်မှာတော့ အရှေ့ရှိ မြင်ကွင်းကြောင့် မှင်သက်သွားခဲ့ရ၏။

ဤတစ်ကြိမ်မှာတော့ ဘုရားဖူးများက ရှုပ်ယှက်ခတ်နေသော ပစ္စည်းမျိုးစုံကို သယ်ဆောင်လျက် ဘုရားကျောင်း ထဲသို့ အလုအယက် ဝင်ရောက်လာကြ၏။ ပန်းကန်ကွဲ၊ ရေဇလုံအစုတ်များကို ယူလာသူများ ရှိသလို ထမ်းပိုးဖြင့် ရေပုံးများ ထမ်းလာသူများပင် ပါဝင်သည်။ အဆိုးဆုံးကတော့ ဆီးအိုး ယူလာသူပင်။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်မှာ လည်ပင်း အညှစ်ခံထားရသလို ခံစားလိုက်ရပြီး တုန်ယင်သော အသံဖြင့် မေးလိုက်သည်။ “ဒါယကာ၊ ဒါယိကာမတို့... ဒီနေ့ ဘာလို့ ပစ္စည်းတွေ ဒီလောက် အများကြီး ယူလာကြတာလဲ”

အောက်ဘက်ရှိ လူများက တဟားဟားဖြင့် ရယ်မောလိုက်ကြ၏။ “ခင်ဗျားတို့ရဲ့ စိပ်ပုတီးတွေ မလောက်တော့လို့ ကိုယ်ပိုင်ပစ္စည်းတွေကို အန္တရာယ်ကင်း ပုတီးစိပ်ပေးမယ်ဆို …. မဟုတ်ဘူးလား။ စိတ်ချပါ ကျောင်းထိုင်ဆရာတော်။ ကျုပ်တို့ အကုန် ယူလာခဲ့ပါတယ်။ ဆရာတော်တွေကို လုံးဝ စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ပြီးတော့ ငွေပြား သုံးပြားကို ဘယ်မှာ ထုတ်ရမှာလဲ။”

ကျောင်းထိုင်ဆရာတော် ဟုန်ချန်၏ အသံက ပို၍ တုန်ယင်လာသည်။ “ဘာ ငွေပြား သုံးပြားလဲ။”

“ဘုရားဖူး တစ်ယောက်ကို ငွေပြား သုံးပြား လက်ဆောင်ပေးမယ် ပြောထားတာ မဟုတ်ဘူးလား။ ဆရာတော်တို့ လိမ်ချင်နေတာလား”

“သောက်ကျိုးနည်း ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျုပ်တို့ ဖူယွင်ဘုရားကျောင်းက ကတိမတည်တဲ့ အလုပ်မျိုး လုပ်ပါ့မလား။ ဒါယကာတို့ အရင် အန္တရာယ်ကင်း ပုတီးစိပ်ကြပါ။ ပြီးသွားရင် တစ်ယောက်ချင်းစီ ငွေပြား သုံးပြား သွားထုတ်ကြပါ...”

လူတစ်ယောက်ကို သုံးပြားဆိုတော့... ပိုက်ဆံမည်မျှ ဖြစ်သွားမည်နည်း။ ယခင်ရက်က ရရှိထားသော အလှုငွေတွေ စုလျှင်တောင် ပေးဖို့ လောက်ပါမည်လား။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က လူအုပ်ကြီးကို စိုက်ကြည့်ရင်း ခေါင်းထဲတွင် အဆက်မပြတ် တွေးတော နေမိ၏။

သင်္ကန်းအောက်ရှိ လက်များက သွေးထွက်လာသည်အထိ တင်းကျပ်စွာ ဆုပ်ထားမိသည်။ သူ မည်သူ့ကို ရန်သွားစမိသနည်း။ အဘယ့်ကြောင့် အခုလို ဖူယွင်ဘုရားကျောင်းအား ပစ်မှတ်ထားရသနည်း။

သူ၏ နောက်ရှိ ဆရာတော်များမှာ ပို၍ပင် ဆိုးရွားနေကြပြီ ဖြစ်သည်။

မျက်နှာတွင် သွေးရောင်များ လုံးဝ ပျောက်ကွယ်နေပြီး ကြွက်သားများက တဆတ်ဆတ် တုန်ယင်နေကြသည်။ တစ်သက်လုံး ရွတ်ဖတ်လာခဲ့ရသော်လည်း ယခုကဲ့သို့ ဒုက္ခများ အဘယ့်ကြောင့် ခံရသနည်း။

အဆိုးဆုံးမှာ ဆရာတော် ဟွေကျွဲ့ပင်။ မိဘသေဆုံးသွားသကဲ့သို့ ယူကျုံးမရ ဖြစ်နေကာ ဝက်ခွာလို ဖောင်းအစ်နေသော လက်များက အနည်းငယ် တုန်ယင်နေပြီး ပါးစပ်မှလည်း အဆက်မပြတ် တတွတ်တွတ် ရွတ်ဆိုနေ၏။

ဖန်ကျန်းရီ... ဒါ သေချာပေါက် ဖန်ကျန်းရီ လုပ်တဲ့ ကိစ္စပဲ။

ငါ အပြင်ကနေ ပိုက်ဆံလေး နည်းနည်းရှာတာကို မင်းက ဒုက္ခပေးရတယ်ပေါ့။ အရင်ကလည်း တစ်ခါ ဒုက္ခပေးခံရပြီးပြီ။

သို့သော်ငြား ဆရာတော်များက အတင်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး ဖျာပေါ်တွင် ဒူးထောက်ထိုင်လျက် ပစ္စည်းများကို တစ်ခုချင်းစီ စတင် အန္တရာယ်ကင်း ပုတီးစိပ်ပေးလိုက်ကြသည်။

ယခုအခြေအနေတွင် ငြင်းဆန်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ ယမန်နေ့တည်းက ကျားကျောကို ခွစီးမိခဲ့ပြီ ဖြစ်သည်။ ယနေ့ လာရောက်ကြသူ အများစုမှာလည်း ယမန်နေ့ညတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသူများပင်။ အကယ်၍သာ အန္တရာယ်ကင်း ပုတီးများကို မစီရင်ပေးပါက ဖူယွင်ဘုရားကျောင်းတော်ကြီး ဖျက်ဆီးခံရရုံ သာမက သူတို့ကိုယ်တိုင်လည်း ဤဘေးအန္တရာယ်မှ လွတ်ကင်းနိုင်ကြမည် မဟုတ်ချေ။

ဆရာတော်ဟွေကျွဲ့က အရှေ့ရှိ ပြုံးဖြီးဖြီးလုပ်နေသော လူဆိုးလေး လှမ်းပေးလာသည့် ဆီးအိုးကို လှမ်းယူလိုက်ပြီး လက်ထဲတွင် အဆက်မပြတ် ကိုင်တွယ် ကစားလိုက်သည်။

ပါးစပ်မှလည်း ရက်ပ်သီချင်းများကို ထပ်မံ ရွတ်ဆိုလိုက်ပြန်၏။

လူဆိုးလေးက စိတ်ဝင်တစား ကြည့်နေရင်းမှ ပြောလိုက်သည်။ “ဆရာတော်။ သေချာလေး လုပ်ပေးပါနော်။ ဒီဆီးအိုးက ကျုပ်တို့မိသားစု မျိုးဆက် သုံးဆက်တိုင်တိုင် လက်ဆင့်ကမ်းလာတဲ့ ရတနာပါ။ အဓိပ္ပာယ် အရမ်း ပြည့်ဝတယ်”

တောက် …. မျိုးဆက် သုံးဆက် ဆီးအိုးကြီးနှင့် မျက်နှာကို ထရိုက်လိုက်ရရင် …..

ဆရာတော် ဟွေကျွဲ့က ရင်ထဲမှ ဒေါသကို အတင်း မြိုသိပ်ကာ ပြုံးလျက် ပြောလိုက်၏။ “ဒါယကာ စိတ်ချပါ။ ဘုန်းဘုန်း သေချာပေါက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်...”

“ကျေးဇူးတင်ပါတယ် ဆရာတော်။ ဒါပေမဲ့... ဆရာတော့် လက်က ဘာလို့ ဖောင်းအစ်နေတာလဲ”

ချီးတဲ့မှ …. ဒီခွေး ….

...

တစ်နေကုန် ထပ်မံ ကြိုးစားရုန်းကန်ရပြန်သည်။ မူလတည်းက လက်တစ်ဖက်တွင် သွေးကြည်ဖုများ ပေါက်နေသော ဆရာတော်များမှာ ယခုအခါ လက်နှစ်ဖက်စလုံး သွေးထွက်လွန်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

စိပ်ပုတီးဆိုလျှင်တော့ တော်သေးသည်။ အလုံးလေးတွေမို့ ပွတ်တိုက်အား နည်းသည်။ သို့ပေမည့် ယခုက ဘာမှန်းမသိသော ရှုပ်ယှက်ခတ်နေသည့် ပစ္စည်းများ ပါဝင်လာသည်။ ခြင်းတောင်းတွေ ၊ ဆန်ကောလို စုတ်ပြတ်နေသော ပစ္စည်းများပင် ပါဝင်သေးသည်။ ထိုအရာများကို ပွတ်ရသည်မှာ တကယ်ပင် လက်ကို ရှစေသည်။

အကယ်၍ လက်ထဲမှာ ဟိုဘက်ဒီဘက် လှည့်ပတ် မကိုင်တွယ်ပေးလျှင် ဘုရားဖူးများက ချက်ချင်းပဲ ရက်စက်သည့် အကြည့်တွေနဲ့ လှမ်းကြည့်ကြသေးသည်။ စိတ်ပုတီးတောင် ကိုင်ပေးပြီး သူတို့ယူလာသော ပစ္စည်းများကျ ကိုင်မပေးဘူးဟု ဆိုတာ ငြူဆူရန်ဆောင်ကြသေး၏။

လူအများ၏ ခြိမ်းခြောက်မှုအောက်တွင် ဆရာတော်များမှာ ရှုံ့မဲ့နေသော မျက်နှာများဖြင့် ထိုရှုပ်ယှက်ခတ်နေသော ပစ္စည်းများကို ကိုင်တွယ်ပေးနေရသည်။

ဘုရားကျောင်းထဲရှိ လူဆိုးတစ်သိုက်က ဆရာတော်များ လက်မှ သွေးထွက်နေသည်ကို မြင်သော်ငြား နည်းနည်းလေးမှ သနားစိတ်မဝင်ဘဲ ပို၍ပင် စိတ်လှုပ်ရှားလာကြ၏။ ဆရာတော်များ၏ သွေးပါဝင်သော မိစ္ဆာ နှိမ်နင်းပြီးဖြစ်သည်ဟုပင် တွေးတောနေကြ၏။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က လူအရမ်းများလွန်းသည်ကို မြင်သောကြောင့် ကိုယ်တိုင်ကိုယ်ကျ ထိုရှုပ်ယှက်ခတ်နေသော ပစ္စည်းများကို ကိုင်တွယ်ပေးသည့် အဖွဲ့ထဲသို့ ဝင်ရောက်လာသည်။

သို့ပေမည့် အားလုံးက မိမိတို့ ရပ်ကွက်ထဲက ဘုန်းကြီးကို အထင်သေးပုံရပြီး အပြင်ရပ်ကွက်က ဆရာတော်များကို ပို၍ နှစ်သက်ကြသည်။ သူ့အရှေ့တွင် တန်းစီနေသူများက အခြား ဘုန်းကြီးများလောက် မများပြားချေ။

သို့သော်ငြား ကျောင်းထိုင်ဆရာတော် ဟုန်ချန်၏ လက်နှစ်ဖက်စလုံးတွင် သွေးကြည်ဖုများ ထွက်လာခဲ့ပြီ ဖြစ်၏။

ကောင်းကင်က မှောင်မိုက်လာပြီ ဖြစ်သည်။ ခြံဝင်းထဲရှိ ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးကို ကြည့်ရင်း ကျောင်းထိုင်ဆရာတော် ဟုန်ချန်၏ ရင်ထဲတွင် အေးစက်သွားသည်။

အလှူငွေပုံးထဲရှိ အလှူငွေများ အားလုံး ကုန်စင်သွားပြီ ဖြစ်သော်လည်း အနောက်ဘက်တွင် အန္တရာယ်ကင်း ပုတီးစိပ်ပြီး ပိုက်ဆံထုတ်ရန် စောင့်နေသူ မည်မျှ ရှိသေးသနည်း မသိနိုင်ပေ။ ယနေ့ ကျော်ဖြတ်သွားနိုင်သည် ဆိုလျှင်တောင် မနက်ဖြန်ကျ မည်သို့ လုပ်မည်နည်း။

တစ်ခဏအတွင်း ကျောင်းထိုင်ဆရာတော် ဟုန်ချန်မှာ စိတ်ရှုပ်ထွေးသွားရသည်။

အချိန်အတော်ကြာ မှင်သက်နေပြီးနောက် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ မတ်တတ်ရပ်ကာ အော်ဟစ်လိုက်၏။ “အားလုံးပဲ … အားလုံးပဲ …. ဒီမှာတင် ပြီးဆုံးပါပြီ။ အန္တရာယ်ကင်း လုပ်ပေးတာ ပြီးပါပြီ။ ကျောင်းတော်ကြီးမှာလည်း ပိုက်ဆံ မရှိတော့ပါဘူး။ အားလုံးပဲ ပြန်ကြပါတော့”

သူ၏အော်ဟစ်သံကြောင့် အောက်ဘက်တွင် ချက်ချင်းပင် ပွက်လောရိုက်သွား၏။

“ဘာ … ကျုပ် တန်းစီနေတာ နှစ်ရက်ရှိပြီ။ ခင်ဗျားတို့ လူတွေကို လှည့်စားနေတာလား”

“လူလိမ်တွေ .. လူလိမ်တွေ ….”

“အခု အန္တရာယ်ကင်းလည်း မလုပ်ပေးဘူး။ ပိုက်ဆံလည်း မပေးဘူး။ ဒါဆို ကျုပ်တို့ကို လျော်ကြေးပေး။”

“ဟုတ်တယ်။ ဘယ်လို လျော်ကြေးပေးမလဲ”

အောက်ဘက်ရှိ လူဆိုးတစ်သိုက်က အလွန် စိတ်အားထက်သန်စွာ အော်ဟစ်နေကြသည်။ မိမိတို့ အကျိုးအမြတ် မရလိုက်မည်ကို အလွန် ကြောက်ရွံ့နေကြ၏။

ယခုအချိန်တွင် လူ့သဘာဝ၏ ဆိုးရွားမှုများ အပြည့်အဝ ပေါ်လွင်နေပြီး မြတ်စွာဘုရား ကိုယ်တိုင် ကြွလာမှသာ ပြေလည်နိုင်မည့် အခြေအနေ ဖြစ်နေလေသည်။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ “အဲဒါတွေ တကယ် မရှိတော့ပါဘူး။ အားလုံး ကျေနပ်အောင် ဘုန်းဘုန်း ဘယ်လို လုပ်ပေးရမလဲ”

“ဒီအစီအစဉ်ကို ကျောင်းတော်ကြီးက လုပ်တာ မဟုတ်ပါဘူး”

“လိမ်နေတာပဲ။ ဒါဆို ဘာလို့ အစောကြီးတည်းက မပြောတာလဲ”

“...”

ယခုအခါ ဟုန်ချန်မှာ ဆေးခါးစားမိသလို ဖြစ်နေပြီး နာကျင်မှုများကို ဖွင့်ပြော၍ မရနိုင်တော့ချေ။

“အန္တရာယ်ကင်း လုပ်တာကို ကျုပ်တို့ မလိုတော့ဘူး။ ဒီမှာစောင့်နေတာ တစ်နေကုန် နေပြီ။ ငွေပြား သုံးပြားတော့ ပေးသင့်တာပေါ့”

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ဝမ်းနည်းဒေါသထွက်စွာဖြင့် ပြောလိုက်၏။ “ပိုက်ဆံ မရှိတော့ပါဘူး။ ကျောင်းတော်ကြီးလို နေရာသေးသေးလေးမှာ ဒီလောက် ပိုက်ဆံ အများကြီး ဘယ်က ရှိမှာလဲ”

“ဘုရားဖူးတွေ ဒီလောက် အများကြီး လာတာကို ပိုက်ဆံ မရှိဘူးလို့ ပြောရက်တယ်ပေါ့”

“လူလိမ်တွေ .. လူလိမ်တွေ ….”

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ထုံပေပေဖြင့် ရှုပ်ယှက်ခတ်နေသော ပစ္စည်းများကို ကိုင်တွယ်ပေးနေဆဲ ဖြစ်သည့် ဆရာတော်များကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ လက်နှစ်ဖက်စလုံးမှာ ပွန်းပဲ့ကာ သွေးထွက်သံယို ဖြစ်နေပြီ ဖြစ်ပြီး ပါးစပ်မှလည်း ရသမျှ ဂါထာများကို ရွတ်ဆိုနေဆဲပင်။

“ဒါဆို... ခင်ဗျားတို့ သဘောပဲလေ။ လုပ်ချင်ရာ လုပ်ကြတော့”

သူ ဤသို့ ပြောလိုက်သည်ကို ကြားချိန်မှာတော့ ဆရာတော်များက လက်လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြပြီး ကောင်းကင်ကို မော့ကြည့်ကာ သက်ပြင်းချလိုက်ကြ၏။ ပခုံးထက်မှ ဝန်ကြီးတစ်ခု ကျသွားသလို ခံစားလိုက်ရသည်။

ထိုအထဲမှ ဆရာတော်တစ်ပါးက လက်ထဲတွင် တစ်ဝက်တစ်ပျက် ကိုင်တွယ်ထားသော ပေါက်ပြားကို အသံတိတ် ချထားလိုက်သည်။

အရှေ့ရှိ ဘုရားဖူးက ချက်ချင်း လောလိုက်၏။ “ဆရာတော်။ သူတို့ပြောတာကို နားမထောင်နဲ့။ ဆက်လုပ်ပေးပါအုံး။ ပေါက်တူးကို သွေးအပြည့် မလူးရသေးဘူး။ တစ်ဝက်ပဲ ရှိသေးတယ်”

ဖြောင်းခနဲ အသံနှင့်အတူ ကြီးမားလှသော သွေးစွန်းနေသည့် လက်ဝါးရာကြီး တစ်ခုက ထိုသူ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။

“မင်းအမေကို သွားလုပ် …”

အပိုင်း (၁၄၈) ဖူယွင်ဘုရားကျောင်း၏ ဘေးအန္တရာယ်

ဘုရားဖူးမှာ ပြင်းထန်သော ရိုက်ချက်တစ်ခု ခံလိုက်ရပြီး မျက်နှာကိုအုပ်ကာ မိမိအရှေ့ရှိ ဆရာတော်ကို မှင်သက်စွာ ကြည့်နေမိသည်။ သူသည် တစ်ခဏတာ တုံ့ပြန်နိုင်စွမ်း မရှိတော့ချေ။

ထို့နောက် ဆရာတော်၏မျက်လုံးများ နီရဲနေပြီး အဆက်မပြတ် အမောတကော အသက်ရှူနေသည်ကို မြင်လိုက်ရချိန်မှာတော့ ရင်ထဲတွင် တုန်လှုပ်သွားကာ ချက်ချင်း အော်ဟစ်လိုက်၏။ “ဘုန်းကြီး လူရိုက်တယ်။ ဘုန်းကြီး မိစ္ဆာဝင်နေပြီ”

အနီးဆုံးရှိ လူအုပ်ကြီးမှာ ချက်ချင်းပဲ ပွက်လောရိုက်သွားသည်။

သူတို့သည် ရိုးရိုးသားသားဖြင့် တစ်နေကုန် တန်းစီနေခဲ့ကြသူများ ဖြစ်သည်။ ရလဒ်အနေဖြင့် သတို့ အလှည့်ရောက်ခါနီးမှ အန္တရာယ်ကင်း မလုပ်ပေးတော့ဘူးဟု ပြောလာပြီး ပိုက်ဆံလည်း မရတော့ရာ သူတို့၏ ဒေါသက အခြားသူများထက် အများကြီး ပိုမို ပြင်းထန်နေ၏။

လူအုပ်ထဲမှ တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ညီအစ်ကိုတို့ …. ဘုန်းကြီးက လူရိုက်တယ်။ ကြည့်ရတာ ဒါ ဘုန်းကြီးအတုတွေပဲ ဖြစ်ရမယ်။ သူတို့က ကတိမတည်ဘူး။ ရိုက်ကြ”

ဤတစ်ကြိမ်မှာတော့ ယမ်းအိုးကြီး မီးကူးသလို ဖြစ်သွားပြီး ဘေးနားရှိ ကျန်လူများကလည်း ချက်ချင်းပင် လိုက်လံ ဆဲဆိုလာကြ၏။

“ငါ သိသားပဲ။ ဒီဘုန်းကြီးတွေ တတွတ်တွတ် ရွတ်နေတာက ဗုဒ္ဓတရားတော်တွေ လုံးဝ မဟုတ်ဘူး”

ဘုန်းကြီး တစ်သိုက်မှာ အလွန်အမင်း ထိတ်လန့်သွားကြသည်။ လူအုပ်ကြီး၏ လက်သီးများ မရောက်လာခင် တံတွေးများက အရင် လွင့်စင်လာ၏။

မူလတည်းက တဆတ်ဆတ် တုန်ယင်နေသော ဆရာတော် ဟွေကျွဲ့မှာ ဘာလုပ်ရမှန်း မသိတော့ပေ။

ရုတ်တရက် တံတွေးတစ်ချက်က မျက်နှာပေါ်သို့ ကျလာရာ ချက်ချင်းပဲ လုပ်မိလုပ်ရာ လက်အုပ်ချီ၍ ဘုရားစာ တစ်ပုဒ်ကို ရွတ်ဆိုတော့သည်။ “အောမီတောဘော …. သတ်ချင်သတ် … ရိုက်ချင်ရိုက်ပါတော့။”

သူ့အနီးဆုံးရှိ တစ်ယောက်က လက်သီးကို ဝှေ့ယမ်းလာခဲ့ပြီ ဖြစ်သော်လည်း သူ့အရှေ့သို့ ရောက်ချိန်မှာတော့ ရုတ်တရက် ရပ်တန့်သွား၏။

ထိုလူက ဆရာတော်ဟွေကျွဲ့၏ မျက်နှာပေါ်ရှိ ကြီးမြတ်သန့်စင်သော အမူအရာကို မြင်လိုက်ရချိန်မှာတော့ မှင်သက်သွားသည်။

ခေါင်းလှည့်ကာ လူအုပ်ကြီးကို အော်ဟစ်လိုက်၏။ “ဒါက တကယ့် ဆရာတော် အစစ်ပဲ။ သူ့ကို မရိုက်ကြနဲ့။ တခြားလူတွေကို ရိုက်ကြ”

ထို့နောက် အင်္ကျီလက်ဖြင့် ဆရာတော် ဟွေကျွဲ့၏ မျက်နှာပေါ်ရှိ တံတွေးများကို ညင်သာစွာ သုတ်ပေးလိုက်ပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ “ဆရာတော် … တပည့်တော် ရိုင်းစိုင်းသွားပါတယ်။ ခွင့်လွှတ်ပေးတော်မူပါ...”

မျက်နှာပေါ်ရှိ စေးကပ်ကပ် ခံစားချက်ကြီး ပျောက်ကွယ်သွားချိန်မှာတော့ ဆရာတော် ဟွေကျွဲ့မှာ ထပ်မံ၍ မတည်ငြိမ်နိုင်တော့ချေ။ ရင်ထဲတွင် တဒုတ်ဒုတ် ခုန်လာရပြန်သည်။ ရင်ထဲတွင် အတွေးတစ်ခုတည်းသာ ရှိတော့၏။

မဖြစ်ဘူး။ အခုချိန်မှာ လုံးဝ စကားမပြောရဘူး။ စကားတစ်ခွန်း ပြောလိုက်တာနဲ့ သေချာပေါက် သေရလိမ့်မယ်။

ထို့ကြောင့် မျက်လုံးများကို တင်းကြပ်စွာ မှိတ်ထားလိုက်ပြီး ပါးစပ်မှ ဗုဒ္ဓတရားတော်များကိုသာ ဆက်တိုက် ရွတ်ဆိုနေကာ အခြား ဘာမှ မပြောတော့ချေ...

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်နေသည်။ အနောက်ဘက်ရှိ ကိုရင်လေးကို အလောတကြီး အော်ဟစ်လိုက်၏။ “မြန်မြန် … အစိုးရရုံးကို အမြန် သွားတိုင်။ ဖူယွင်ဘုရားကျောင်းမှာ လူသတ်နေပြီလို့ ပြောလိုက်”

ကိုရင်လေးမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို အလောတကြီး ပြေးထွက်သွားသည်။

ဒေါသထွက်နေသော သာမန်ပြည်သူများက အလုအယက် တိုးဝင်လာကြပြီး မကြာမီမှာပဲ ဘုရားကျောင်းထဲရှိ ဘုန်းကြီးများကို ဖရိုဖရဲ ဖြစ်အောင် ရိုက်နှက်လိုက်ကြ၏။

ဆရာတော် ဟွေကျွဲ့ တစ်ပါးတည်းသာ ဘေးအန္တရာယ်မှ လွတ်ကင်းသွားခဲ့သည်။ လူအုပ်ကြီးက သူ၏ ဘေးပတ်လည်တွင် ကွင်းပြင် တစ်ခုကို ဖန်တီးထားပေးကြပြီး သူက အလယ်တွင် ထိုင်လျက် တရားတော်များကို အဆက်မပြတ် ရွတ်ဆိုနေသည်။

အားလုံး၏ ရင်ထဲတွင် လေးစားကြည်ညိုစိတ်များ ဖြစ်ပေါ်နေကြ၏။

ဘုန်းကြီး အားလုံး လဲကျသွားသော်လည်း သာမန်ပြည်သူများမှာ ဒေါသ မပြေသေးဘဲ ဘုရားကျောင်းမကြီးထဲသို့ ပြေးဝင်သွားကာ ရှာဖွေနိုင်သမျှ ပစ္စည်းများကို စတင် လုယက်ကြတော့သည်။

အမွှေးတိုင်၊ ဆီမီး၊ လှူဖွယ်ပစ္စည်းများ၊ သစ်သားငါးရုပ်၊ ဖျာ စသည့် ပစ္စည်းအားလုံး ပြောင်သလင်းခါသွားပြီး ဘုရားဆင်းတုတော်ပေါ်ရှိ ရွှေမှုန့်များကိုပင် ခြစ်ယူသူများ ရှိလာကြ၏။

နောက်ဆုံးမှ ရောက်ရှိလာသူများမှာ ဆရာတော်များ၏ လက်မှ စီးကျလာသော သွေးများကို အနည်းငယ် တို့ယူကာ မိမိတို့ ယူဆောင်လာသော ပစ္စည်းများပေါ်တွင် သေချာစွာ သုတ်လိမ်းလိုက်ကြရုံသာ တတ်နိုင်တော့သည်။

ဆရာတော်များက အန္တရာယ်ကင်း မလုပ်ပေးဘူးဆိုသောကြောင့် သူတို့ဘာသာ လုပ်ရပေတော့မည်။

သို့သော်ငြား ထိုသွေးအနည်းငယ်က ပစ္စည်းများစွာကို လူးရန် မလုံလောက်သည်မှာ သေချာ၏။ သာမန်ပြည်သူများက သတိမေ့မြောသွားသော ဆရာတော်များ၏ သွေးကို ရယူရန် ရိုက်နှက်ကြရာ အခြေအနေက ပို၍ပင် ရှုပ်ထွေးသွားလေတော့သည်။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က လူအုပ်ထဲတွင် ရပ်နေ၏။ ခန္ဓာကိုယ်ပေါ်ရှိ သင်္ကန်းမှာ ဆွဲဆုတ်ခံထားရသဖြင့် ဖရိုဖရဲ ဖြစ်နေပြီး နောက်မှ ရောက်လာသူများက သူ့ကို မကြာခဏဆိုသလို ပါးရိုက် သွားကြသေး၏။

ဤကဲ့သို့ မိစ္ဆာများ သောင်းကျန်းနေသည့် မြင်ကွင်းကို ရင်ဆိုင်ရချိန်မှာတော့ သူ၏ မျက်ရည်များက နောက်ဆုံးတွင် ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ ပေါက်ကွဲထွက်လာတော့သည်။ သို့သော်လာည်’ ပါးစပ်မှမူ စကားတစ်ခွန်းမှ ထွက်မလာနိုင်တော့ချေ။

...

အချိန်အတော်ကြာပြီးနောက် ....။

ကိုရင်လေး၏ သတင်းပေးချက်ကို လက်ခံရရှိပြီးနောက် ဖန်ကျန်းရီက အစောင့်ရဲမက် တစ်စုကို ခေါ်ဆောင်ကာ ဖူယွင်ဘုရားကျောင်းသို့ အေးအေးဆေးဆေး ရောက်ရှိလာခဲ့၏။

အခင်းဖြစ်ပွားရာနေရာသို့ ရောက်သည်နှင့် မှင်သက်သွားရသည်။ အဝင်ဝတွင်ပင် ပျက်စီးယိုယွင်းနေသော မြင်ကွင်းက ဆီးကြိုနေ၏။ နံရံ အင်္ဂတေများက အကွက်လိုက် ထုရိုက်ခံထားရပြီး ကြမ်းခင်း ကျောက်ပြားများပင် အတော်များများ ကော်ယူခံထားရသည်။

ဘုရားကျောင်းမကြီး၏ တံခါးများ ပွင့်ဟနေပြီး အထဲရှိ ဘုရားဆင်းတုတော်မှာလည်း အခြစ်ခံထားရသဖြင့် အကွက်လိုက် ဖြစ်နေ၏။

အရှေ့ရှိ အခြေအနေက မျှော်မှန်းထားသည်ထက် ကျော်လွန်နေ၏။ အနည်းငယ် ဆော့ကစားလွန်သွားပုံ ရသည်။ ဖူယွင်ဘုရားကျောင်း ဤမျှ အခြေအနေဆိုးလိမ့်မည်ဟု သူ ထင်မထားမိချေ။

ဘုန်းကြီး ဆယ်ပါးကျော်ခန့်က မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲကျနေကြသည်။

ဝတ်ဆင်ထားပုံအရ အဆင့်အနည်းငယ် ပိုမြင့်ပုံရသည့် ဘုန်းကြီး အချို့လည်း သွေးအိုင်ထဲတွင် လဲကျနေကာ မျက်လုံးများ မှိတ်ထားပြီး မျက်နှာတွင် သွေးရောင် မရှိတော့ချေ။

တစ်ပါးတည်းသော ပြဿနာမရှိပုံရသည့် သူမှာ ဘုရားကျောင်း တံခါးဝတွင် တရားထိုင်နေသော ဆရာတော် ဟွေကျွဲ့ပင် ဖြစ်၏။

ဖန်ကျန်းရီက သွေးထွက်လွန်နေသော ထိုဘုန်းကြီးများ အနီးသို့ အလောတကြီး ပြေးသွားပြီး ကြည့်ရှုလိုက်ရာ အသက်ရှူနေသေးကြောင်း တွေ့ရှိရသဖြင့် သက်ပြင်းချလိုက်မိသည်။

တစ်ချို့သောသူများ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစုပ်ခံထားရသလို အကွက်များပေါ်နေသည်။ ဖန်ကျန်းရီက လေအေးတစ်ချက် ရှူသွင်းလိုက်မိ၏။

လူအုပ်ထဲမှာ သွေးစုပ်ဖုတ်ကောင်တွေ ပါနေတာပဲ။ ဒါက သေချာပေါက် သွေးကို စုပ်ယူတာ။

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အစိုးရရုံးမှ လူများ ရောက်လာသည်ကို မြင်ချိန်မှာတော့ မူလက တိုင်ကို မှီကာ သေလုမျောပါး ဖြစ်နေရာမှ ဖန်ကျန်းရီ၏ ခြေရင်းသို့ ခုန်ပျံဝင်ရောက်လာပြီး ပေါင်ကို ဖက်ကာ မျက်ရည်များ ကျဆင်းလျက် စတင် ငိုကြွေး တိုင်တန်းလေတော့သည်။

“ဘုန်းဘုန်းက မတရား ခံရတာပါ။ မြို့ဝန်မင်း …. ဘာရန်ငြိုးရန်စမှ မရှိဘဲနဲ့ ဘာလို့ ဖူယွင်ဘုရားကျောင်းကို ဒီလို ဒုက္ခပေးရတာလဲ”

ဖန်ကျန်းရီက ကျောင်းထိုင်ဆရာတော် ဟုန်ချန်ကို တွဲထူလိုက်ပြီး တည်ကြည်စွာ ပြောလိုက်၏။ “ကျုပ် ရှိနေမှတော့ ဆရာတော် ထိတ်လန့်စရာ မလိုပါဘူး။ ဘာတွေ ဖြစ်ခဲ့တာလဲ။ ဘာလို့ ဒီလို ပြောရတာလဲ”

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ရှိုက်ငိုနေသည်။

“အစိုးရရုံးရဲ့ ကြော်ငြာသင်ပုန်းမှာ ကျုပ်တို့ ဖူယွင်ဘုရားကျောင်းက အခမဲ့ အန္တရာယ်ကင်း ပုတီးစိပ်ပေးပြီး စိပ်ပုတီးတွေ လက်ဆောင်ပေးမယ်လို့ ရေးထားတာ မြို့ဝန်မင်းရဲ့ အမိန့် မဟုတ်ဘူးလား”

ဖန်ကျန်းရီက ဖြောင့်မတ် မှန်ကန်စွာ ပြောလိုက်၏။ “သေချာပေါက် မဟုတ်ပါဘူး။ ကျုပ်က ဘာလို့ ဒီလို ကိစ္စမျိုး လုပ်ရမှာလဲ။ လွန်ခဲ့တဲ့ နှစ်ရက်က လူတစ်ယောက် အစိုးရရုံးကို လာပြီး ဒီကြော်ငြာစာကို ကပ်ပေးဖို့ အပ်သွားတာ။ ပြီးတော့ ငွေလည်း တစ်ထုပ် လှူသွားသေးတယ်။

ကျုပ်လည်း အများကြီး မတွေးမိပါဘူး။ ကျုပ်တို့ ရပ်ကွက်ထဲက ဘုရားကျောင်းက ကုသိုလ်ကောင်းမှု လုပ်ချင်တယ်လို့ပဲ ထင်ပြီး ကပ်ပေးလိုက်တာပါ။

“ဆရာတော် စဉ်းစားကြည့်ပါအုံး။ ကျုပ်နဲ့ ဖူယွင်ဘုရားကျောင်းကြားမှာ ဘာရန်ငြိုးရန်စ ရှိလို့လဲ။ ဒါ သေချာပေါက် တစ်ယောက်ယောက်က ဖူယွင်ဘုရားကျောင်းကို တိတ်တဆိတ် ချောက်ချတာပဲ။

ထင်မထားခဲ့ဘူး... ရပ်ကွက်ထဲမှာ ဒီလို ဆိုးရွားတဲ့ မတော်တဆမှုမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ဆရာတော် စိတ်ချပါ။ ကျုပ် သေချာပေါက် ဆရာတော့်အတွက် တရားမျှတမှု ရှာပေးပါ့မယ်”

ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ထိုစကားကို ကြားပြီးနောက် လေလျှော့သွားသော ဘောလုံးတစ်လုံးကဲ့သို့ ဖန်ကျန်းရီ၏ ပေါင်ကို ဖက်ထားသော လက်များလည်း တဖြည်းဖြည်း လျော့ရဲသွားကာ မြေပြင်ပေါ်သို့ ခွေကျသွားသည်။

ဟုတ်သားပဲ... ဒီကိစ္စက ဘယ်လိုပဲ ပြောပြော အစိုးရရုံးနဲ့ မဆိုင်လောက်ဘူး။ ဒါဆို သူက ရန်သူ ဘယ်သူလဲ ဆိုတာကိုတောင် မသိရပါလား။ ဘယ်သူက ဖူယွင်ဘုရားကျောင်းကို ဒုက္ခပေးချင်နေတာလဲ...

ပိုးသားအင်္ကျီ ဝတ်ဆင်ထားသော သခင်လေး တစ်ယောက်၏ ပုံရိပ်က ကျောင်းထိုင်ဆရာတော် ဟုန်ချန်၏ ခေါင်းထဲတွင် ရုတ်တရက် ပေါ်လာ၏။

သူ၏ မျက်လုံးထဲတွင် ရက်စက်မှု အနည်းငယ် ဖြတ်ပြေးသွားသည်။

မှန်ပေသည်။ သေချာပေါက် ထိုသူပင် ဖြစ်ရပေမည်။ ထိုသူသည် သူ့အား မည်သည့်အကြောင်းပြချက်မှမရှိဘဲ ငွေကြေးများလာပေးကာ ထိုဆရာတော်များအား ဖူယွင်ဘုရားကျောင်းအတွင်းသို့ ပင့်ဆောင်စေခဲ့ခြင်း ဖြစ်၏။ ထို့နောက်မှ အစိုးရရုံးတော်သို့ သွားရောက်ကာ ကြော်ငြာစာများ ကပ်ခိုင်းခဲ့သည်။ ယင်းနောက်တွင်မှ ယခုကဲ့သို့သော ကိစ္စရပ်များစွာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ရခြင်းပင်။

ဤသည်က သူတစ်ပါးဓားကိုငှား၍ လူသတ်ခြင်းပင် ဖြစ်တော့၏။ သေချာပေါက် ရောက်ရှိလာသော ဆရာတော်တို့သည် ထိုသူနှင့် ရန်ငြိုးရန်စ ရှိနေခဲ့ခြင်း ဖြစ်ရမည်။ မိမိအနေဖြင့် ထိုသူအား လုံးဝ သိကျွမ်းခဲ့ခြင်း မရှိပေ။ ဖူယွင်ဘုရားကျောင်းတော်မှာ မတော်တဆ ရွေးချယ်ခံလိုက်ရကာ မြေစာပင် ဖြစ်သွားခဲ့ရသည်။ ထိုအရာမှလွဲ၍ အခြား ရှင်းလင်းပြသနိုင်စရာ အကြောင်းပြချက် ရှိတော့မည် မဟုတ်ချေ။

“ဘုန်းဘုန်းကပဲ မြို့ဝန်မင်းကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်...”

“ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါတွေ အားလုံးက ကျုပ် လုပ်သင့်လုပ်ထိုက်တာတွေပါ”

ဘုန်းကြီးတွင် အခြား မေးခွန်းများ မရှိတော့သည်ကို မြင်သောကြောင့် ဖန်ကျန်းရီက အခြားသူများကို စတင် ကြည့်ရှုလိုက်၏။

အကြည့်က တစ်ကွင်းလုံးတွင် အထင်ရှားဆုံး ဖြစ်နေသော ဆရာတော် ဟွေကျွဲ့ဆီသို့ ရောက်သွားသည်။ ထိုသူက မျက်လုံးမှိတ်ကာ တတွတ်တွတ် ရွတ်ဆိုနေဆဲပင်။

ဖန်ကျန်းရီက ပြုံးလိုက်၏။ မိတ်ဆွေဟောင်းကြီး မဟုတ်ပါလား။

All Chapters