အခန်း (၁၄၅-၁၄၆)
Vol. 9 Ch. 145-146
အပိုင်း (၁၄၅) ပန်းရှန်းရပ်ကွက်၏ အပြောင်းအလဲ။
ထီလက်မှတ်မှ စဉ်ဆက်မပြတ် ဝင်ငွေများ ရရှိလာသောကြောင့် ဖန်ကျန်းရီကလည်း ပြုပြင်မွမ်းမံရေး အစီအစဉ်များကို လက်ဖွာဖွာဖြင့် စတင်တော့သည်။
တောက်ယွမ်ခရိုင်ကဲ့သို့ပင် ပန်းရှန်းရပ်ကွက်ရှိ လမ်းများအားလုံးကို ကျောက်ပြားလမ်းများအဖြစ် အစားထိုးလိုက်ပြီး ဤသို့လုပ်ရန် ဆင်းရဲသား အမြောက်အမြားကို အလုပ်ခန့်အပ်ခဲ့၏။ အခြေခံ အဆောက်အအုံများကိုလည်း နှစ်ဆတိုး၍ ပြီးပြည့်စုံအောင် လုပ်ဆောင်ခဲ့သည်။ လမ်းဘေးတွင် အမှိုက်ပုံးများ နှင့် ခရီးသွားများအတွက် ကျောက်ထိုင်ခုံများကိုလည်း စီစဉ်ပေးခဲ့၏။
ထို့အပြင် ရပ်ကွက်အတွင်းရှိ ရေမြောင်းအားလုံးကို အကြီးစား ပြုပြင်မွမ်းမံခဲ့ပြီး မြို့ပြင်ရှိ ကျုံးပတ်လည်ကိုပင် အစီအစဉ်တကျ ပြုပြင်ပေးခဲ့သည်။
မိုးရာသီ ရောက်လာပြီ ဖြစ်ရာ မိုးရေများ တဖြည်းဖြည်း များပြားလာသည်။
ဖန်ကျန်းရီက ယခင်နှစ်များ၏ မိုးရွာသွန်းမှု မှတ်တမ်းများကို စစ်ဆေးကြည့်ရာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံမှု အကြီးအသေး ဖြစ်ပေါ်လေ့ ရှိကြောင်း တွေ့ရှိခဲ့ရ၏။
ဤကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။ အပြင်မြို့တော်က နန်းတော်နှင့် မတူချေ။ နန်းတော်အတွင်းရှိ ရေမြောင်းစနစ်များမှာ ပြောစရာ မလိုအောင်ပင်။ မြေမျက်နှာပြင် မြင့်မားခြင်း၊ ထိန်းသိမ်းမှု ကောင်းမွန်ခြင်းနှင့် ပုံစံပိုင်း အလွန် ကောင်းမွန်ခြင်းတို့ကြောင့် ဖြစ်သည်။
အပြင်မြို့တော်ရှိ ဤရေမြောင်းများထဲတွင်မူ သစ်ရွက်ခြောက်များ၊ အမှိုက်များနှင့် ရွှံ့နွံများ စုပုံနေတတ်ရာ မကြာခဏ ရှင်းလင်းပေးခြင်း မရှိပါက ပြဿနာ ဖြစ်ပေါ်ရန် အလွန် လွယ်ကူလှ၏။
ကိစ္စအဝဝကို သေချာစွာ စီစဉ်ပြီးနောက် ဖန်ကျန်းရီလည်း သူ၏ အပန်းဖြေ ဘဝကို စတင်လိုက်သည်။ အခြားသော ကြီးငယ်မဟူကိစ္စ အားလုံးကို လီယွမ်ကျောက်ထံ လွှဲပြောင်းပေးလိုက်သည်။
လီယွမ်ကျောက် တစ်ယောက် ဂျင်လေးတစ်လုံးလို အလုပ်များနေသည်ကို နေ့စဉ် ကြည့်ရင်း ဖန်ကျန်းရီက ကပ်ဘေးမင်းသား၏ ခွန်အားများကို အားကျမိ၏။ လူငယ်များက သွက်လက်လွန်းလှသည်။
တတိယလ လောင်းကြေး ပြီးဆုံးမည့် အချိန်သို့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ ဖန်ကျန်းရီက အိမ်ခြံဝင်းထဲတွင် အေးအေးဆေးဆေး လှဲလျောင်းနေ၏။
ခေါင်းပေါ်တွင် သစ်ပင်ရိပ်က ကွယ်ကာပေးထားပြီး ငှက်အော်သံများ မကြာခဏ ထွက်ပေါ်နေသည်။ ဘေးတွင် စားပွဲငယ်လေး တစ်လုံး၊ လက်ဖက်ရည်ကြမ်း တစ်အိုးနှင့် မုန့်တစ်ပွဲကို တင်ထားသည်။
မုန့်က ရှောင်ထောင် ယခုလေးတင် ပေါင်းထားသော အချိုမုန့် ဖြစ်ပြီး ဖန်ကျန်းရီ စားထားသဖြင့် တစ်ခုသာ ကျန်တော့သော်လည်း မွှေးပျံ့သောအနံ့များ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်၏။
နောက်ဆုံး ကျန်နေသော အချိုမုန့်ကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်ချိန်မှာပင် တံခါးဝမှ လီယွမ်ကျောက်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
“ဖန်ကြီး .. ဖန်ကြီး … ခင်ဗျား အထဲမှာ ရှိလား”
ဖန်ကျန်းရီက ပြန်ထူးလိုက်ရာ လီယွမ်ကျောက်က လောလောလောလောဖြင့် ပြေးဝင်လာ၏။
စကားပြောရန် ပြင်လိုက်သော်လည်း လေထဲတွင် ပျံ့နှံ့နေသော ချိုမြိန်သည့် အနံ့ကို ရှူရှိုက်မိသွားပြီး သူ၏ မျက်လုံးများက ဖန်ကျန်းရီ လက်ထဲမှ အချိုမုန့်ဆီသို့ ရောက်သွားသည်။
“ဖန်ကြီး …. ဘာစားနေတာလဲ”
ဖန်ကျန်းရီက လက်ထဲမှ အချိုမုန့်ကို ကြည့်ကာ အနည်းငယ် တွေဝေသွားပြီးနောက် ပါးစပ်ထဲသို့ အရင် ထည့်ကာ တစ်ကိုက် ကိုက်လိုက်သည်။ အချိုမုန့်ကို အစာပိတ် အနည်းငယ် ကိုက်လိုက်ပြီးနောက် လီယွမ်ကျောက်ကို ပြောလိုက်၏။ “သာမန် မုန့်လေးပါ။ မင်းသား စားမလား”
လီယွမ်ကျောက်၏ နဖူးပေါ်တွင် မျဉ်းမည်းသုံးကြောင်း ပေါ်လာသည်။ မုန့်လေးတစ်ခုတောင် မသထာသလိုပင်။ ကပ်စေးနည်းလွန်းလှချေသည်။
“မစားဘူး။ ကျုပ် မစားဖူးတာ ဘာမုန့်ရှိလို့လဲ။ ခင်ဗျားဆီ လာတာ အရေးကြီး ကိစ္စ ရှိလို့”
ဖန်ကျန်းရီက လီယွမ်ကျောက် မစားဘူးဟု ပြောလိုက်သည်နှင့် အချိုမုန့်ကို ပါးစပ်ထဲသို့ ထိုးထည့်ကာ မပီမသ ပြောလိုက်၏။ “မင်းသား ရှိနေမှတော့ ဘာကိစ္စ ရှိနိုင်အုံးမှာလဲ။”
လီယွမ်ကျောက်က ခြံဝင်းထဲတွင် စိုးရိမ်တကြီး ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ပါးစပ်မှလည်း အလောတကြီး ရေရွတ်နေသည်။ “ကျုပ် ခဏ သတိလွတ်သွားတာ။ မကြာသေးခင်က ရပ်ကွက်ထဲက လမ်းပေါ်မှာ လူတွေ အတော်လေး နည်းသွားတာကို သတိမထားမိခဲ့ဘူး။ နောက်မှ ကျုပ်လက်အောက်က လူတွေ ပြောပြလို့ သိရတယ်။ အဲဒီသာမန်ပြည်သူတွေ အကုန်လုံး ဖူယွင်ဘုရားကျောင်းကို သွားနေကြတာတဲ့။
ကြားရသလောက်တော့ ဖူယွင်ဘုရားကျောင်းကို ဒီရက်ပိုင်းအတွင်း ရဟန်းတော် အတော်များများ ရောက်လာတယ်တဲ့။ အဲဒီထဲမှာ အကျော်ကြားဆုံးက ကျောင်းထိုင်ဆရာတော် ဟွေကျွဲ့ ဆိုတဲ့ ဘုန်းကြီး တစ်ပါးပဲ။ သာမန်ပြည်သူတွေ အကုန်လုံးက သူတို့ကို ငွေတွေ အပြိုင်အဆိုင် လှူနေကြတာတဲ့။
သွားတဲ့သူအများစုက ဆင်းရဲသားတွေချည်းပဲ။ မူလတည်းက ပိုက်ဆံ မရှိရတဲ့အထဲ အခု လှူသေးတယ်။
ဖန်ကြီး ခင်ဗျား သိလား။ ခမည်းတော်က အဲလိုဘုန်းကြီးတွေကို မနှစ်မြို့ဘူး။ သူတို့ကို အလုပ်မလုပ်ဘူးလို့ ယူဆပြီး အစောကြီးကတည်းက ဖြေရှင်းချင်နေတာ။ အကယ်၍ နောက်ရက်အနည်းငယ် အကြာမှာ ခမည်းတော်က ရပ်ကွက်ထဲကို စစ်ဆေးဖို့ လူလွှတ်လိုက်ပြီး ဒီမြင်ကွင်းကို မြင်သွားရင် ပြဿနာ မတက်နိုင်ဘူးလား။”
ဖန်ကျန်းရီက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်၏။ “သန့်ရှင်းရေးအဖွဲ့က လူဒီလောက် များတာတောင် ဘာလို့ အခုမှ သိရတာလဲ”
“ကျုပ်လက်အောက်က လူတွေက တစ်နေကုန် အလုပ်လုပ်ရလို့ ပင်ပန်းနေကြတာ။ အိမ်ပြန်ရောက်ရင် အိပ်ဖို့ပဲ သိတာလေ။ ဘယ်သူက ဒီကိစ္စတွေကို ဂရုစိုက်အားမှာလဲ။
ဒါတောင် ကျုပ်ကိုယ်တိုင် မေးကြည့်လို့ သိရတာ။ အကယ်၍ အဲဒီခေါင်းတုံးတွေကို ဆက်လုပ်ခွင့် ပေးထားရင် ရပ်ကွက်ရဲ့ စည်းကမ်းတွေ ပျက်စီးကုန်မှာပေါ့။ ချီးတဲ့မှ …. ဖန်ကြီး …. ခင်ဗျား ဘာလို့ နည်းနည်းလေးမှ မလောတာလဲ။”
လီယွမ်ကျောက်က ဖန်ကျန်းရီ၏ မျက်စိမှိတ်ကာ အိပ်ပျော်တော့မည့် ပုံစံကို ကြည့်ပြီး ချက်ချင်းပဲ ဒေါသထွက်လာ၏။
ဖန်ကျန်းရီက အားလျော့စွာ လက်ယမ်းပြလိုက်သည်။ “မင်းသား မလောပါနဲ့။ ကျုပ် စဉ်းစားနေပါတယ်... မင်းသားမှာရော ဘာအကြံအစည် ရှိလဲ”
လီယွမ်ကျောက်က မျက်မှောင်ကြုတ်ထား၏။ “ကျုပ်မှာ နည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အသုံးဝင်၊ မဝင် မသိဘူး”
“ပြောပြပါအုံး”
“ရပ်ကွက်ထဲက ကြော်ငြာသင်ပုန်းတွေမှာ သတိပေးစာတွေ ကပ်ပြီး ရှင်းပြပေးမယ့်သူတွေပါ ထားလိုက်မယ်။ လမ်းသွားလမ်းလာ ပြည်သူတွေကို ဗုဒ္ဓဘာသာ လေ့လာခြင်းရဲ့ အန္တရာယ်တွေ၊ အချိန်နဲ့ ငွေကြေး ကုန်ဆုံးမှု တွေအကြောင်း ဝါဒဖြန့်မယ်။ လက်အောက်က သန့်ရှင်းရေး အဖွဲ့က ညီအစ်ကို ထောင်ဂဏန်းလောက်ကိုလည်း အတူတူ ဝါဒဖြန့်ခိုင်းမယ်။
နောက်ဆုံးကျရင် လူမိုက်အဖွဲ့ကို ရှာပြီး ဖူယွင်ဘုရားကျောင်းကို မကြာခဏ သွားလည်ခိုင်းမယ်... ဒီသုံးမျိုးပေါင်း လုပ်လိုက်ရင် တစ်ဖက်လူတွေ မခံနိုင်လောက်ဘူး။ ခင်ဗျား ဘယ်လိုထင်လဲ”
ဖန်ကျန်းရီက နှုတ်ခမ်းကို သပ်လိုက်၏။ “သိပ်မကောင်းဘူး။ ဦးနှောက်ဆေးတဲ့နေရာမှာ ကျုပ်တို့ လူတွေက ဗုဒ္ဓဘာသာဝင်တွေကို ယှဉ်နိုင်ပါ့မလား။ သူတို့က ထိပ်တန်း ကစားသမားတွေပဲ။
ပြီးတော့ မင်းသားက လူမိုက်တွေကို ဘုရားကျောင်း သွားလည်ခိုင်းမယ် ဆိုတော့... အဲဒီလူဆိုးလေး အနည်းငယ်လောက်နဲ့ လူအုပ်ထဲ ရောက်သွားရင် အရိုက်မခံရတာကပဲ ကံကောင်းတယ်လို့ ပြောရမှာ။
မင်းသား … အဲဒီဘုရားကျောင်းက ဘုန်းကြီးတွေကို အပြင်ကို ဆွဲထုတ်ပြီး လမ်းမပေါ်မှာ အဝတ်အစားတွေ ချွတ်ပြီး ရိုက်နှက်လိုက်တာကမှ ပိုထိရောက်အုံးမယ်...”
လီယွမ်ကျောက်က သက်ပြင်းချလိုက်သည်။ “ဒါဆို ဘယ်လိုလုပ်ရမလဲ ပြောပြလေ။ အကြောင်းမဲ့ကြီး လူတွေကို အပြင်ဆွဲထုတ်ပြီး ရိုက်လို့တော့ မရဘူးလေ။ ဒါဆို အစိုးရရဲ့ ဩဇာအာဏာ ဘယ်မှာ ရှိတော့မှာလဲ။ သာမန်ပြည်သူတွေက မူလတည်းက အစိုးရကို ကြောက်နေကြတာ။ နောက်ပိုင်းကိစ္စတွေ လုပ်ဖို့ ပိုခက်သွားလိမ့်မယ်”
ဖန်ကျန်းရီက ခပ်ဖွဖွ ရယ်မောလိုက်၏။ “ဘုန်းကြီး အနည်းငယ်လောက်ပဲ မဟုတ်လား။ အရေးကြီး ကိစ္စကြီးလည်း မဟုတ်ပါဘူး။ မင်းသား စိတ်အေးအေး ထားပါ။
ဒီနေ့ ကျုပ် မင်းသားကို သင်ခန်းစာတစ်ခု ပေးမယ်။ ဒီဘုရားကျောင်းတွေက အယူသည်းမှုကို လမ်းညွှန်နေကြတာ။ မှော်ပညာကို အနိုင်ယူနိုင်တာ မှော်ပညာပဲ ရှိတယ်... အကျိုးအကြောင်း ရှင်းပြနေလို့ အသုံးမဝင်ဘူး။ အဲဒီသာမန်ပြည်သူတွေသာ ကိုယ်တိုင် စဉ်းစားနိုင်ပြီး သူများတားတာကို နားထောင်မယ် ဆိုရင် သူတို့ရဲ့ သနားစရာ ကြေးပြားလေး အနည်းငယ်ကို အတင်း လှူနေကြမှာ မဟုတ်ဘူး”
လီယွမ်ကျောက်က နားမလည်စွာဖြင့် မေးလိုက်သည်။ “မှော်ပညာ ဆိုတာ ဘာလဲ”
“မိစ္ဆာပညာပေါ့။ အရိုင်းအစိုင်းတွေရဲ့ မိစ္ဆာပညာကို မှော်ပညာလို့ ခေါ်တာ”
လီယွမ်ကျောက် မျက်နှာမဲ့သွား၏။ “ဒါဆို... ခင်ဗျားဆိုလိုတာက ငါတို့လည်း ဘုရားကျောင်း တစ်ခု ဖွင့်ရမယ်ပေါ့။ အချိန်မမီလောက်တော့ဘူး ထင်တယ်။ အဲဒါဆို ခမည်းတော်က ပိုပြီး သဘောမကျ ဖြစ်သွားမှာပေါ့”
ဖန်ကျန်းရီက လီယွမ်ကျောက်ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။ “မဟုတ်ဘူး … မဟုတ်ဘူး။ မင်းသား … လက်ဖက်ရည်လေး တစ်ငုံသောက်ပြီး ခဏလောက် အနားယူလိုက်ပါအုံး”
“ဒီကမ္ဘာပေါ်မှာ အထက်မြက်ဆုံးဓားက ဘာလဲဆိုတာ မင်းသား သိလား”
“ဓား … အဲဒါက သေချာပေါက် ခမည်းတော်ရဲ့ ရွှေဓားပေါ့”
“မဟုတ်ဘူး။ ကျုပ် ပြောတာက ပုံသဏ္ဌာန်မဲ့ဓားကို ပြောတာ။ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံးဓားက အမွှမ်းတင်ပြီး ချောက်ချခြင်းပဲ။
ဖူယွင်ဘုရားကျောင်းက ဒီလောက်တောင် ကောင်းကောင်း တိုးတက်နေမှတော့ ကျုပ်တို့က သူ့ကို မီးထိုး ပေးသင့်တာပေါ့။ မဟုတ်ရင် မင်းသားက သာမန်ပြည်သူတွေကို မယုံကြည်ဖို့ တားလေလေ သူတို့က ပိုယုံကြည်လေလေပဲ ဖြစ်နေမှာ။
“လူတွေကို တိုက်ရိုက် စဉ်းစားတတ်အောင် မသင်ပေးနဲ့။ လူဆိုတာ အကန်းယုံ ယုံတတ်တဲ့ သတ္တဝါတွေပဲ။ အသုံးမဝင်ဘူး”
လီယွမ်ကျောက်မှာ ကြောင်အသွား၏။ “ကျုပ် နားမလည်ဘူး။ ဖန်ကြီး … ခင်ဗျား ဘာကို ဆိုလိုတာလဲ။ သူ့ကို ဘယ်လို မီးထိုးပေးရမှာလဲ”
“ကျုပ် ဆိုလိုတာက ရှင်းပါတယ်။ သာမန်ပြည်သူတွေကို ဖူယွင်ဘုရားကျောင်း သွားဖို့ အားပေးရမယ်”
“ဒါပေမဲ့ ဒီကိစ္စက သေချာပေါက် နည်းလမ်းကျဖို့ လိုတယ်။ ဘယ်လို အားပေးမလဲ ဆိုတာက သော့ချက်ပဲ။ အဲဒီဘုန်းကြီးတွေက မိုက်မဲမှုကို အသုံးချပြီး ငွေရှာနေကြတာ။ ကျုပ်တို့က လောဘကို သုံးပြီး ပြန်တိုက်ခိုက်မယ်။ ဒါကို မှော်ပညာနဲ့ မှော်ပညာကို အနိုင်ယူတယ်လို့ ခေါ်တာ”
လီယွမ်ကျောက်၏ မျက်နှာက တင်းမာသွားသည်။ “ကျုပ် နားလည်ပြီ။ အဲဒီဘုန်းကြီးတွေက လိမ်တတ်တယ် မဟုတ်လား... ကျုပ်တို့က အချိန်တစ်ခု သတ်မှတ်ပေးလိုက်မယ်။ ပြီးရင် ဘုရားကျောင်းထဲ တရားဝင် ဝင်ရောက် လုယက်ခွင့် ပြုလိုက်မယ်။ အစိုးရက လုံးဝ ဝင်ပြီး မစွက်ဖက်ဘူး။ ဒါဆိုရင် ဘုရားကျောင်းကို ဘယ်သူ ဖွင့်ရဲသေးလဲ ကြည့်ကြတာပေါ့။”
“အမ်...” ဖန်ကျန်းရီမှာ ဆွံ့အသွား၏။ မင်းသား၏ လုပ်ရပ် က တလောကလုံးရှိ ဘုန်းကြီးတွေကို မျိုးတုံးအောင် လုပ်တော့မည့် ပုံပင်။ ထို့အပြင် ဗုဒ္ဓဘာသာဆိုသည်မှာ အမျိုးမျိုးရှိသည်။ ဥပမာအားဖြင့် ယခု ဘုန်းကြီးများသည် မဟာယန ဘုန်းကြီးများ ဖြစ်၏။
“ဒီလိုလုပ်ဖို့ မလိုဘူး။ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝက အတော်လေး ခက်ခဲနေပြီ။ ဘုရားကျောင်း တစ်ခုလောက် ရှိပြီး အပန်းဖြေခွင့်ရတာလည်း ကောင်းပါတယ်။ မင်းသား ဒီလို လုပ်တာက အရမ်း အပြုသဘော မဆောင်လွန်းဘူး။ တစ်ယောက်ယောက်က အခွင့်ကောင်းယူပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။ လူဆိုးတစ်သိုက်ကို မွေးမြူမိသလို ဖြစ်သွားပြီး ဒီနေ့ ဘုရားကျောင်းကို လုရဲရင် မနက်ဖြန် သူဌေးအိမ်ကို လုရဲမယ်။ သန်ဘက်ခါကျရင် ပုန်ကန်ရဲသွားလိမ့်မယ်။
လာလာလာ။ ကျုပ်ရဲ့ နည်းလမ်းကို ပြောပြမယ်... ဒီလို... ဒီလိုလုပ်ရမှာ...”
အပိုင်း (၁၄၆) ရူးသွပ်ဖွယ်ရာ အန္တရာယ်ကင်း ပုတီးစိပ်ခြင်း။
နောက်တစ်နေ့တွင် ပန်းရှန်းရပ်ကွက်၏ လမ်းမများထက်၌ အံ့ဖွယ် ပြောင်းလဲမှု အချို့ ထွက်ပေါ်လာခဲ့သည်။
လမ်းပေါ်တွင် စိုက်ထူထားသော ကြော်ငြာသင်ပုန်းအချို့တွင် လူအုပ်ကြီးက ဝိုင်းအုံနေကြပြီး သာမန်ပြည်သူ အများအပြားက ကြော်ငြာစာများကို လက်ညှိုးထိုးကာ ပြောဆိုနေကြ၏။
နောက်မှရောက်လာပြီး အကြောင်းစုံ မသိသူများက သိချင်စိတ် ပြင်းပြစွာဖြင့် ရှင်းပြပေးသူကို မေးမြန်းကြသည်။
“ဟင် … ဒီအပေါ်မှာ ရေးထားတာ ဘာလဲ။ ရှင်းပြပေးလို့ ရမလား”
ရှင်းပြပေးသူက ပြုံးရွှင်လျက် ရှိသည်။ ယနေ့ ဤအလုပ်အတွက် အစိုးရရုံးမှ အပိုဆုကြေး ပေးထားသောကြောင့် ရှင်းပြရာတွင်လည်း အလွန် ကြိုးစားပမ်းစား ရှိလှသည်။ သူ့၌ စိတ်မရှည်ခြင်း အလျဉ်းမရှိပေ။
မနက်စောစောတည်းက အကြိမ်ပေါင်းများစွာ ရှင်းပြခဲ့ပြီးပြီ ဖြစ်ကာ ရေလည်း နှစ်အိုးတောင် သောက်ပြီးသွားပြီ ဖြစ်၏။ သို့ပေမည့် သူ မမှုချေ။
မေးမြန်းသူ ထပ်ရောက်လာသည်ကို မြင်ချိန်မှာတော့ တက်တက်ကြွကြွ ရှင်းပြလိုက်သည်။ “သတင်းကောင်း။ ဒါ သတင်းကောင်းပဲ။
ပန်းရှန်းရပ်ကွက် ဖူယွင်ဘုရားကျောင်းမှာ တရားရ ရဟန်းတော် အချို့ ဝင်ရောက် သီတင်းသုံးနေပါတယ်။ ဒီနေ့တော့ ရပ်ကွက်ထဲက သာမန်ပြည်သူတွေရဲ့ အမွှေးတိုင် အလှူငွေတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဘုရားကျောင်းထဲက ဆရာတော်တွေက ဘုရားဖူးလာတဲ့ သူတိုင်းကို စိပ်ပုတီး တစ်ကုံးစီ လက်ဆောင်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါတင်မကသေးဘူး။ ဆရာတော်တွေက လူကိုယ်တိုင် စိပ်ပုတီးကို ကိုင်ပြီး အန္တရာယ်ကင်း ပုတီးစိပ်ပေးအုံးမှာတဲ့။ အရမ်းကို အစွမ်းထက်တယ်တဲ့”
“အာ... ကျုပ်သာ အလုပ်မများရင် သွားလိုက်ချင်သေးတယ်”
ပြောပြီးနောက် ရှင်းပြသူက နှမြောတသစွာဖြင့် ခေါင်းယမ်းလိုက်သေး၏။
မေးမြန်းသူမှာ ဝမ်းသာသွားသည်။ “တကယ်လား။ ဒီလို ကောင်းတဲ့ ကိစ္စမျိုး ရှိတာလား”
“ဒါပေါ့ … တကယ်ပေါ့။ ဘုရားကျောင်းကိစ္စကို နည်းနည်းလေးတောင် လိမ်လို့ ရမလား။ ပြီးတော့ ဒါက အစိုးရရုံးရဲ့ ကြော်ငြာသင်ပုန်းလေ။ ဘယ်လိုလုပ် ရမ်းပြောလို့ ရမှာလဲ။ အမြန်သွားတော့ … ကြာရင် တန်းစီလို့ မမီဘဲ နေလိမ့်မယ်”
“ကျေးဇူးပဲ။”
ထိုလူက ပြောစကားကို ကြားသည်နှင့် တစ်ချိုးတည်း ပြေးထွက်သွားရာ ပတ်ဝန်းကျင်မှ ကြားလိုက်ရသူများလည်း ဖူယွင်ဘုရားကျောင်းဘက်သို့ တုံ့ဆိုင်းမနေဘဲ ပြေးသွားကြ၏။
“ဟင်။ ဒီအပေါ်မှာ ရေးထားတာ ဘာလဲ။ ရှင်းပြပေးလို့ ရမလား”
ထိုသူတစ်သိုက် ထွက်သွားသည်နှင့် နောက်တစ်သိုက် ထပ်ရောက်လာရာ ရှင်းပြသူက ထပ်မံ ကြိုဆိုကာ ရှင်းပြလိုက်ပြန်သည်။
...
နေ့တစ်ဝက်ပင် မကြာလိုက်ချေ။ ဖူယွင်ဘုရားကျောင်းမှ ဆရာတော်များက စိပ်ပုတီးများကို အခမဲ့ ပေးဝေကာ နေရာတွင်ပင် အန္တရာယ်ကင်း ပုတီးစိပ်ပေးမည့် အစီအစဉ်က ရပ်ကွက်တစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ ရပ်ကွက် အတော်များများသို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်၏။
မရေမတွက်နိုင်သော သာမန်ပြည်သူများက ဖူယွင်ဘုရားကျောင်းသို့ သွားရောက်ကာ အခမဲ့ အန္တရာယ်ကင်း စိပ်ပုတီးများကို အလုအယက် တောင်းယူကြသည်။
ပစ္စည်းကောင်းပဲ။ အလကားရတာ ဘာလို့ မယူရမှာလဲ။
ဖူယွင်ဘုရားကျောင်းမှ ကျောင်းထိုင်ဆရာတော် ဟုန်ချန်ကတော့ ဘာတွေဖြစ်နေမှန်း လုံးဝ မသိချေ။
လတ်တလော ရက်ပိုင်းအတွင်း သူ၏စိတ်ခံစားချက်က အလွန် ပျော်ရွှင်နေသည်။ လူအချို့က သူ့ထံ ငွေလာပေးကာ ဘုရားကျောင်းထဲသို့ တရားရ ရဟန်းတော်များ စေလွှတ်ပေးရန် တောင်းဆိုကြ၏။ ဤသို့ ကောင်းမွန်သော ကိစ္စမျိုး ရှိနေမှတော့ သူကလည်း သေချာပေါက် သဘောတူခဲ့သည်။
သူ မျှော်လင့်ထားသည့်အတိုင်းပင် ရဟန်းတော်များ ဖူယွင်ဘုရားကျောင်းသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ဘုရားကျောင်းအတွက် များပြားလှသော အလှူငွေများ ရရှိလာ၏။
တစ်ခဏအတွင်း ဖူယွင်ဘုရားကျောင်း၏ တံခါးခုံပင် ကျိုးပေါက်မတတ် ဖြစ်သွားကာ အလှူငွေပုံးများကို ရှင်းလင်းရလွန်း၍ မပြီးနိုင်တော့ချေ။
သို့သော်ငြား ယနေ့နံနက်ပိုင်းတွင် ဖူယွင်ဘုရားကျောင်း တံခါးကြီးဖွင့်ကာ ဧည့်သည်များကို ကြိုဆိုချိန်မှာတော့ အပြင်ဘက်တွင် ပိတ်ဆို့နေသော မရေမတွက်နိုင်သည့် သာမန်ပြည်သူများက အလုအယက် တိုးဝင်လာကြ၏။
အစပိုင်းတွင် ကျောင်းထိုင်ဆရာတော် ဟုန်ချန်က လူအုပ်ကြီးကို ကြည့်ကာ ပြုံးဖြီးနေသော်လည်း မကြာမီမှာပဲ တွေဝေသွားရသည်။
ကြိတ်ကြိတ်တိုးနေသော လူအုပ်ကြီးက သူ့ကို ကြည့်ကာ ကို နေရာတွင်ပင် အန္တရာယ်ကင်း ပုတီးစိပ်ပေးရန် တစ်သံတည်း တောင်းဆိုနေကြ၏။
ကျောင်းထိုင်ဆရာတော် ဟုန်ချန်မှာ ခေါင်းရှုပ်သွားရသည်။ ဤသို့ ပုတီးစိပ်ပေးမည်ဟု သူ တစ်ခါမှ မပြောဖူးပေ။ မည်သည့်နေရာက ထွက်လာသည့် ကောလဟာလ ဖြစ်သနည်း။
သူက ရှင်းပြရန် ပြင်လိုက်သော်လည်း ရူးသွပ်နေသော လူအုပ်ကြီးကို ကြည့်ပြီးနောက် တိတ်ဆိတ်စွာ တံတွေး မြိုချလိုက်မိ၏။
အကယ်၍ မလုပ်ပေးနိုင်ဘူးဟု ပြောလျှင် ပြဿနာကြီး တက်ပေလိမ့်မည်။ မည်သူက အားအားယားယား ဤသို့သော သတင်းကို ဖြန့်ဝေရသနည်း။
ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အားတင်း ပြုံးပြလိုက်သည်။ “ဒါယကာ၊ ဒါယိကာမတွေ အားလုံး ရောက်လာကြမှတော့ ဘုန်းဘုန်းက သေချာပေါက် စိပ်ပုတီး ပေးရမှာပေါ့... ခဏနေရင် ဆရာတော်တွေ ထွက်လာပါလိမ့်မယ်။ အားလုံးပဲ တန်းစီပေးကြပါ”
လူအုပ်ကြီးက ထိုစကားကိုကြားလိုက်ရသဖြင့် ဝမ်းသာအားရဖြင့် တန်းစီလိုက်ကြ၏။ သို့သော်ငြား ဖူယွင်ဘုရားကျောင်းထဲတွင် လူအရေအတွက်က အရမ်း များပြားလွန်းသဖြင့် ဘယ်လိုပဲ တန်းစီစီ ကြိတ်ကြိတ်တိုးနေဆဲပင်။
နောက်ဘက်တွင် အချို့လူများက တိုးဝှေ့မှုများကြောင့် အချင်းချင်း စတင် ရိုက်နှက်ကြသည်အထိ ဖြစ်လာ၏။
ကံကောင်းစွာဖြင့် ကျောင်းထိုင်ဆရာတော်၏ ရန်ပွဲတားဆီးရေး စွမ်းရည်က အဆင့်လွန်ဖြစ်နေသဖြင့် ခပ်လှမ်းလှမ်းမှနေ၍ ခိုက်ရန်ဖြစ်ပွားမှုကို တားဆီးနိုင်ခဲ့သည်။
ထို့နောက် ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ချွေးသီးချွေးပေါက်များ ကျဆင်းလျက် ဘုရားကျောင်းမကြီးထဲသို့ ပြေးဝင်သွားကာ ရဟန်းတော်များကို စုရုံးလိုက်၏။
“ဒီနေ့ ဘုရားကျောင်းထဲမှာ အရေးကြီး ကိစ္စကြီး တစ်ခု ဖြစ်နေတယ်။ အကယ်၍ သေချာ မဖြေရှင်းနိုင်ရင် ဖူယွင်ဘုရားကျောင်းမှာ... ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။
ဆရာတော်တွေကို အလုပ်တစ်ခု ပေးချင်ပါတယ်။ ဘုရားကျောင်းလာတဲ့ ဘုရားဖူးတိုင်းကို စိပ်ပုတီး တစ်ကုံးစီ ပေးပြီးတော့ အဲဒီစိပ်ပုတီး တစ်ကုံးစီတိုင်းကို အန္တရာယ်ကင်း ပုတီးစိပ်ပေးပါ... ဆရာတော်တွေကို အလုပ်ရှုပ် စေမိပြီ။ ဘုန်းဘုန်းမှာလည်း တခြား နည်းလမ်း မရှိတော့လို့ပါ။ ရှက်စရာပါပဲ...”
ပြောပြီးနောက် ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အကြီးအကျယ် အရိုအသေ ပေးလိုက်သေး၏။
ရဟန်းတော်များက တုံ့ဆိုင်းမနေဘဲ တစ်ခွန်းတည်းနှင့် သဘောတူလိုက်ကြသော်လည်း ရင်ထဲတွင်မူ အနည်းငယ် ထူးဆန်းနေသလို ခံစားရသည်။
သို့ပေမည့် အန္တရာယ်ကင်း ပုတီးစိပ်ပေးရုံတင် မဟုတ်ပါလား။ ဤမျှသေးငယ်သော ကိစ္စလေးက ဘာတွေများ ခက်ခဲနေမည်နည်း။ ပုံမှန်လည်း ထိုအလုပ်ကို လုပ်နေကျပင်။ အနည်းငယ် အလုပ်ရှုပ်သွားရုံသာ ရှိသည်။ ယခင်က အစုလိုက်အပြုံလိုက် စု၍ ပုတီးစိပ်ပေးခြင်း ဖြစ်ပြီး ယနေ့ တစ်ခုစီ ပုတီးစိပ်ပေးရုံသာ ။ ကိစ္စမရှိပေ။
သို့သော်ငြား ပေါ့ပါးနေသော စိတ်အခြေအနေက ကြာကြာ မခံလိုက်ချေ။ ဘုရားကျောင်းမကြီးထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် ရဟန်းတော်များ၏ ခံနိုင်ရည် ကျိုးပေါက်သွားကာ မျက်နှာများ ချက်ချင်း ပျက်ယွင်းသွားသည်။ ရင်ထဲတွင်လည်း အသံတိတ် အော်ဟစ်လိုက်မိကြ၏။
ဒါ ဘာအခြေအနေလဲ။ ဘုရားကျောင်းထဲမှာ ခြေချစရာ နေရာတောင် မရှိတော့ဘူးလား။
ဘာလို့ လူဒီလောက် များနေတာလဲ။
အရှေ့မှ လူအရေအတွက်က ပုံမှန်ထက် အများကြီး ကျော်လွန်နေသည်။ အကယ်၍ တစ်ယောက်ချင်းစီကို တကယ် အန္တရာယ်ကင်း ပုတီးစိပ်ပေးရမယ် ဆိုရင် မြန်မာပြည်တွင် မီးပျက်သော အချိန်ထက် ပို၍ ကြာနေပေလိမ့်မည်။ ထိုအရာကို လူကို ဒုက္ခပေးခြင်း မဟုတ်ပါလား။
ဉာဏ်နီဉာဏ်နက် များသော ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ယခုချိန်တွင် ကိုရင်လေးများကို ဘုရားကျောင်း ထဲရှိ စိပ်ပုတီး အပိုအားလုံး ထုတ်ယူလာရန် အမိန့်ပေးထားပြီ ဖြစ်သည်။
ရဟန်းတော် တစ်ပါးစီ၏ အရှေ့တွင် သေတ္တာ တစ်လုံးစီ ချထားပေးလိုက်၏။
“အားလုံးပဲ မလောကြပါနဲ့။ အခုပဲ ဆရာတော်တွေက စိပ်ပုတီးတွေကို အန္တရာယ်ကင်း ပုတီးစိပ်ပေးပါမယ်။ တစ်ယောက်ချင်းစီ ရှေ့ကို တက်လာပါ။ လုံးဝ မရှုပ်စေနဲ့နော်”
ရဟန်းတော်အားလုံး၏ အိုမင်းနေသော မျက်နှာပေါ်ရှိ ကြွက်သားများက တစ်ချိန်တည်းမှာပဲ တဆတ်ဆတ် တုန်ခါသွားကြသည်။ ကျားကျောပေါ် ခွစီးမိလေပြီ။ မည်သို့လုပ်ရမည်နည်း။
တခြားနည်းလမ်းလည်း မရှိတော့ပေ။ မီးက မျက်ခုံးမွှေးကို လောင်နေလေပြီ။
ရဟန်းတော်များလည်း မတတ်သာဘဲ တည်ငြိမ်သည့်အပြုံးဖြင့် ဖျာပေါ်တွင် ဒူးထောက်ထိုင်လျက် စိပ်ပုတီး တစ်ကုံးကို ယူကာ မျက်စိမှိတ်ပြီး စတင် ရွတ်ဆိုလိုက်ကြတော့သည်။
အချိန်က တစ်စက္ကန့်ချင်းစီ ကုန်လွန်သွား၏။ ပုံမှန်အားဖြင့် ရင်းနှီးနေသော စိပ်ပုတီးနှင့်လက်တို့၏ ပွတ်တိုက်မှု ခံစားချက်က တဖြည်းဖြည်းနှင့် စူးရှနာကျင်မှု အဖြစ်သို့ ပြောင်းလဲလာသည်။ သို့သော်လည်း ရဟန်းတော်များက ကျင့်ကြံမှု နက်ရှိုင်းသူများ ဖြစ်ကြရာ တုန်လှုပ်ခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်သော မျက်နှာထားများကို ထိန်းသိမ်းထားလျက် စိပ်ပုတီးများကို အန္တရာယ်ကင်း ပုတီးစိပ်ပေးနေကြဆဲ ဖြစ်၏။
စိပ်ပုတီး ရသွားသော ပြည်သူများကတော့ သေချာပေါက် ကျေးဇူးတင်ကာ ဝမ်းသာအားရဖြင့် ထွက်ခွာသွား ကြသည်။
သို့ပေမည့် နေ့တစ်ဝက်ကျော်ကြာသွားသော်လည်း ဘုရားကျောင်းထဲသို့ စိပ်ပုတီး လာတောင်းသူများက အဆက်မပြတ် ရောက်ရှိနေဆဲပင်။
ရဟန်းတော်များမှာ မကြည့်ရဲတော့ချေ။ ပါးစပ်ထဲမှ ဗုဒ္ဓတရားတော်များက အဆက်မပြတ် အရှိန်မြှင့်လာကာ တဖြည်းဖြည်း ရက်ပ် သီချင်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
...
နောက်ဆုံးတော့ ညဘက်သို့ ရောက်လာခဲ့ပြီ ဖြစ်သော်ငြား တန်းစီနေသူများက အဆက်မပြတ် ရှိနေဆဲပင်။
ကျောင်းထိုင်ဆရာတော် ဟုန်ချန်က ထိုအခြေအနေကို မြင်ချိန်မှာတော့ အလောတကြီး ခုန်ထွက်လာသည်။ “အားလုံးပဲ... ကျောင်းတော်ကြီးက ဒီညတော့ ပိတ်ပါပြီ။ အားလုံးပဲ ပြန်ကြပါတော့။ မိုးအရမ်းချုပ်သွားရင် လမ်းသွားရ ခက်လိမ့်မယ်”
လူအုပ်ထဲမှ မကျေနပ်သံများ ထွက်ပေါ်လာ၏။ “ဘာ .. ကျုပ်တို့ တန်းစီနေတာ တစ်နေကုန်နေပြီ။ အခု ပြန်လွှတ်မယ် ဟုတ်လား။ မရဘူး။”
“ဟုတ်တယ်။ ဟုတ်တယ်။ ကတိမတည်ဘူး။ ကိုယ့်ကိုယ်ကိုယ် ရဟန်းလို့တောင် ခေါ်ရဲသေးတာလား”
“မြန်မြန် လုပ်လို့ မရဘူးလား။ ကျုပ် တန်းစီနေတာ တစ်နေကုန်နေပြီ။ အကယ်၍ ဒီလို ဆက်လုပ်နေမယ် ဆိုရင် ခင်ဗျားတို့ ဘုရားကျောင်းကို ကျုပ် မလာတော့ဘူး။ အကုန်လုံးက ကတိမတည်တဲ့ လူယုတ်မာတွေချည်းပဲ။ အခု ကျုပ်တို့ မပြန်ဘူး။ ကျုပ်တို့ကို ကျေနပ်လောက်တဲ့ ရှင်းပြချက် တစ်ခု သေချာပေါက် ပေးရမယ်”
“…...”
အားလုံးက ဗုဒ္ဓဘာသာကို လေ့လာသူများ ဖြစ်ကြသော်လည်း အကျိုးစီးပွားနှင့် ယှဉ်လာချိန်မှာတော့ စိတ်ရှည်မှုနှင့် ယဉ်ကျေးမှုများက လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။
ရူးသွပ်စွာ အန္တရာယ်ကင်း ပုတီးစိပ်ပေးနေဆဲ ဖြစ်သော ဆရာတော်များမှာ ထိုသို့ ပြောဆိုနေကြသည်ကို ကြားလိုက်ရချိန်တွင် သွေးအန်ချင်စိတ်ပင် ပေါက်သွားကြ၏။
တစ်နေကုန် ရူးသွပ်စွာ ရွတ်ဖတ်ပြီး ပုတီးစိပ်ရမှုက သူတို့၏ ခန္ဓာကိုယ်တွေကို ယိမ်းယိုင်သွားစေခဲ့ပြီ ဖြစ်သည်။ မနက်စာ၊ နေ့လယ်စာ၊ ညစာတောင် မစားရသေးချေ။
နှုတ်ခမ်းတွေက ခြောက်သွေ့ကွဲအက်နေပြီး လက်တွေလည်း ပွန်းပဲ့ကုန်ပြီဖြစ်သည်။ တစ်နေကုန် ပင်ပန်းဆင်းရဲ ခံခဲ့ရသော်လည်း နောက်ဆုံးကျတော့ မည်သည့်ကောင်းကျိုးမှ မခံစားရချေ။
ကျောင်းထိုင်ဆရာတော် ဟုန်ချန်မှာ မတတ်သာဘဲ ပြောလိုက်ရသည်။ “အားလုံးပဲ မလောပါနဲ့။ မနက်ဖြန် … မနက်ဖြန် ပြန်လာကြပါ။ အားလုံး အစောကြီး ပြန်ပြီး အနားယူကြပါအုံး။”
“ဒါဆို မနက်ဖြန် ထပ်ပေးမှာလား” လူအုပ်ထဲမှ တစ်ယောက်က မေးလိုက်၏။
ကျောင်းထိုင်ဆရာတော် ဟုန်ချန်က အံကြိတ်ကာ ပြောလိုက်သည်။ “ပေးမယ်။ မနက်ဖြန် တစ်ရက် ထပ်ပေးမယ်။ ဒါပေမဲ့ တစ်ရက်ပဲနော်။ ဘုရားကျောင်းထဲမှာ စိပ်ပုတီးတွေက သိပ်မကျန်တော့ဘူး။ မနက်ဖြန် အရင်လာတဲ့သူ အရင်ရမယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ”
“………”
ကျောင်းထိုင်ဆရာတော်၏ သဘောထား ပြတ်သားနေသည်ကို မြင်ချိန်မှာတော့ လူအုပ်ကြီးလည်း မတတ်သာဘဲ မကျေနပ်ချက်များ အပြည့်ဖြင့် ဖူယွင်ဘုရားကျောင်းမှ ထွက်ခွာသွားကြလေတော့၏။