← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 9 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 9 Ch. 143-144

အပိုင်း (၁၄၃) ရင်ပြင်ပေါ်မှ မဲဖောက်ပွဲကြီး။

ထီလက်မှတ် အရောင်းအဝယ်က အလွန် သွက်လက်နေပြီး ဖန်ကျန်းရီ မျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်နေ၏။

လဝက်အတွင်းမှာပဲ ငွေစ တစ်သောင်းကျော်ဖိုး ရောင်းရသည်။ လူတစ်ယောက်တည်းက လက်မှတ် ငါးစောင်၊ ခြောက်စောင်မှ ခုနစ်စောင်၊ ရှစ်စောင်အထိ ဝယ်ယူခြင်းသည် အလွန် အတွေ့ရများသော ကိစ္စ ဖြစ်သည်။

ပိုက်ဆံပေါသော သခင်လေး အများအပြားက ငွေတုံးတစ်တုံးကို ပစ်ပေးကာ အကုန်ဝယ်လေ့ရှိ၏။

သာမန်ပြည်သူများ၏စကားက တစ်ဆင့် စကား တစ်ဆင့်နားဖြင့် အလွန် လျင်မြန်စွာ ပျံ့နှံ့သွား၏။ ငွေပြား ငါးဆယ် သုံးရုံဖြင့် ငွေစ နှစ်ထောင်တန် ဆုကြီး ရနိုင်သည် မဟုတ်ပါလား။

အကယ်၍ တစ်ကြိမ်တည်းနှင့် အောင်မြင်သွားပါက သာမန်လူတစ်ယောက်အတွက် ဘဝတစ်သက်တာလုံး ကြိုးစား အားထုတ်စရာ မလိုတော့ဘဲ အိမ်မှာ အေးအေးဆေးဆေး နေရုံသာ ဖြစ်၏။

သို့ပေမည့် နှမြောစရာကောင်းသည်မှာ ဝယ်ယူရန် မျှော်မှန်းအားကျနေသူအများစုက ထိပ်တန်းစာမေးပွဲအောင် လက်မှတ် ဝယ်ယူခွင့် မရှိခြင်းပင်။

ဖန်ကျန်းရီ၏ တမင်သက်သက် ကန့်သတ်ထားမှုကြောင့် ထိပ်တန်းစာမေးပွဲအောင် လက်မှတ်က ပညာတတ်များ နှင့် သူဌေးများသာ ဝယ်ယူနိုင်သော ဆုမဲလက်မှတ် ဖြစ်လာကာ သာမန်ပြည်သူများကို အလွန် အားကျစေခဲ့သည်။

သို့ပေမည့် ပန်းရှန်းရပ်ကွက်နှင့် ၎င်း၏ ပတ်ဝန်းကျင်တွင် ထိပ်တန်းစာမေးပွဲအောင် လက်မှတ် အရောင်းဆိုင်များ ရှိနေသောကြောင့် အတွင်းမြို့တော်မှ အထက်တန်းလွှာ အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့၏။

တစ်ခဏအတွင်း ရပ်ကွက်ထဲတွင် လူအရေအတွက် အလွန် များပြားလာပြီး ဈေးသည် အများအပြားလည်း ဝင်ငွေ ပိုမို ရရှိခဲ့ကြသည်။

ယခုချိန်မှာတော့ ငွေများအားလုံးက ဖန်ကျန်းရီ၏ လက်ထဲသို့ စုစည်းရောက်ရှိနေပြီ ဖြစ်၏။

လဲလှယ်ရရှိလာသော ငွေတုံးဖြူဖြူများကို ကြည့်ကာ ဖန်ကျန်းရီလည်း ရင်ထဲတွင် အနည်းငယ် နာကျင်သွားရသည်။

အကယ်၍ ထီလက်မှတ် ဈေးနှုန်းကို လျှော့ချပြီး လူတိုင်း ဝယ်ယူနိုင်အောင် ဖွင့်ပေးလိုက်မည် ဆိုပါက ယခုရရှိသော ငွေမှာ တစ်သောင်းမျှသာ မကနိုင်ပေ။ အဆပေါင်းများစွာ တိုးလာမည်က မမှန်ပင်။

နှမြောစရာ ကောင်းသည်မှာ သူ … ဖန်ကျန်းရီ၏ ကိုယ်ကျင့်တရားက အလွန် ကောင်းမွန်နေခြင်းပင်။ သူ ရင်နာနာဖြင့် သက်ပြင်းချလိုက်မိ၏။

...

နောက်ဆုံးတော့ ထိုနေ့ ညနေခင်းသို့ ရောက်ရှိလာခဲ့သည်။

ပန်းရှန်းရပ်ကွက်ရှိ သာမန်ပြည်သူများ အနှစ်သက်ဆုံး မီးပုံပွဲ စတင်ပြီ ဖြစ်သော်လည်း ဤတစ်ကြိမ်မှာတော့ ယခင်နှင့် မတူညီတော့ချေ။ ရင်ပြင်ပေါ်တွင် လူအရေအတွက် အလွန် များပြားနေပြီး အများစုမှာ ပညာတတ် ပုံစံများ ဖြစ်ကာ လက်ထဲတွင် ယပ်တောင်ကို ကိုင်လျက် အဆက်မပြတ် ခတ်နေကြ၏။

ဖာထေးထားသော အဝတ်အစားများကို ဝတ်ဆင်ထားသည့် သာမန်ပြည်သူ အများအပြားမှာ မိမိကိုယ်ကိုယ် အဆင့်နိမ့်သည်ဟု ခံစားလာရသောကြောင့် လူအုပ်က တဖြည်းဖြည်း အုပ်စုနှစ်စု ကွဲသွားသည်။

တစ်ဖက်က အခြားတစ်ဖက်ထက် သိသိသာသာ ပို၍ ကောင်းမွန်စွာ ဝတ်ဆင်ထားသည်။ ထိုသို့ဆိုလျှင်တောင် ရင်ပြင် က ဤမျှလောက်သာ ကျယ်ဝန်းသောကြောင့် အချင်းချင်း တိုးဝှေ့နေရခြင်းကိုတော့ ရှောင်လွှဲ၍ မရပေ။

ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့က အနည်းငယ် နောက်ကျမှ ရောက်လာသောကြောင့် မတတ်သာဘဲ နောက်ဘက်တွင်သာ တိုးဝှေ့နေရ၏။

သို့ပေမဲ့ ကိစ္စမရှိပေ။ သူတို့က ပွဲလာကြည့်ရုံသာ ဖြစ်သောကြောင့် နောက်ပေါက်မှတစ်ဆင့် အရှေ့သို့ သွားရန် မလိုအပ်ချေ။ ရင်ပြင်ပေါ်တွင် လူ ဤမျှလောက် များပြားနေခြင်းကပင် ထိပ်တန်းစာမေးပွဲအောင် လက်မှတ်၏ လွှမ်းမိုးနိုင်စွမ်းကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ထို့အပြင် သူတို့နှစ်ယောက်လုံးက သာမန်လူများထက် အရပ်ပိုရှည်သောကြောင့် နောက်ဘက်တွင် ရပ်နေလျှင်တောင် စင်ပေါ်မှ အခြေအနေများကို မြင်တွေ့နိုင်စွမ်း ရှိ၏။

မဲဖောက်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေစဉ်မှာပဲ ဖန်ကျန်းရီက နားအနီးတွင် လူတစ်ယောက် ပြောနေသံကို တိုးတိုးလေး ကြားလိုက်ရ၏။ “ကျုပ် အရင်တစ်ခေါက်က မဲနှိုက်တုန်းက ငွေစ ငါးစ ရခဲ့တယ်။ ဒါကို ကြည့်ရင် ကံကောင်းတယ်လို့ ပြောလို့ ရတယ်။ ဒီတစ်ခေါက်က ငွေစ နှစ်ထောင်တောင်။ ဟဲဟဲ”

အသံကို ရင်းနှီးနေသည်ဟု ခံစားရသောကြောင့် ဖန်ကျန်းရီက ခေါင်းလှည့်ကြည့်လိုက်ရာ ချက်ချင်း ပြုံးလိုက်မိသည်။ ဒါ ငါ့ရဲ့ တတိယဦးလေး မဟုတ်ဘူးလား။

အဘိုးကြီး သုံးယောက်လည်း အထဲသို့ မတိုးဝင်နိုင်ဘဲ လည်ပင်းကို ဆန့်ကာ အတင်း ကြည့်နေကြ၏။

ဖန်ကျန်းရီက ခိုးကြောင်ခိုးဝှက်ဖြင့် လျှောက်သွားကာ ကျန်းတုန်ရှန်း၏ အနောက်သို့ ရောက်ချိန်မှာတော့ ပြုံးလျက် မေးလိုက်သည်။ “ဦးလေးကြီးသုံးယောက် မဲနှိုက်ဖို့ လာကြတာလား”

သူတို့သုံးယောက်က ဖန်ကျန်းရီကို မြင်သည်နှင့် မျက်နှာပျက်သွားကြပြီး ချက်ချင်း လှည့်ထွက်သွားကြ၏။

ဖန်ကျန်းရီက လူများကို အမြန် ဆွဲထားလိုက်သည်။ “အို … မသွားပါနဲ့။ ရောက်နေမှတော့ နေပါအုံး၊ အကြီးအကဲ သုံးယောက် လာရောက် အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”

ကျန်းတုန်ရှန်းက အင်္ကျီလက်ကို ခါပစ်လိုက်၏။ “ဟမ့် …. တစ်နေကုန် အလကား အလုပ်တွေချည်း လုပ်နေတာ။ ဘယ်လိုပုံစံ ပေါက်နေပြီလဲ”

ဖန်ကျန်းရီက ရယ်မောလိုက်သည်။ “အမတ်ကျန်း ပြောတာ မှန်ပါတယ်။ ဒီအရာတွေက ခွေးတွေတောင်... အဲ ,,,, ယန်ကော်အန်းတောင် မဝယ်ပါဘူး”

အဘိုးကြီး သုံးယောက်မှာ မျက်နှာများ ရဲတက်သွားကြပြီး ထိပ်တန်းစာမေးပွဲအောင် လက်မှတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျက် လက်ကို ကျောဘက်သို့ ပို့ထားလိုက်ကြ၏။

လီယန်စုန်က သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။ “ရှောင်ဖန် …. မင်းက ငယ်ပါသေးတယ်။ ယန်ကော်အန်းက အင်အားကြီးတယ်။ သူ့ကို အရမ်းကြီး သွားမစနဲ့။ တချို့လူတွေက မင်း ရန်စလို့ ရတဲ့သူတွေ မဟုတ်ဘူး”

“ကျွတ်ကျွတ်ကျွတ် … တကယ့် ကျုပ်ရဲ့ ဦးလေးအရင်းတွေပါပဲ”

“မင်း...”

လီယန်စုန်က မျက်လုံးပြူးကာ စိုက်ကြည့်လိုက်ပြီး ဖန်ကျန်းရီကို လက်ညှိုးထိုးလိုက်သည်။ ပြီးနောက် အားလျော့စွာ ပြန်ချလိုက်၏။

ဒီအရှက်မရှိတဲ့ ကောင်လေးက တကယ်ကို နေရာတိုင်း ဝင်ပါတာပဲ။ ရမ်းသမ်းပြီး တွေ့ရာလူ ဆွေမျိုး တော်ချင်နေသေးတယ်။ သူ့ကို ဘယ်သူများ သင်ပေးလိုက်တာလဲ။

သုံးယောက်လုံး စကားမပြောကြတော့ဘဲ ဖန်ကျန်းရီကို မလိုလားသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

“မင်း... သခင်လေးလီရော” ကျိန့်ချောင်က ရုတ်တရက် မေးလိုက်၏။

ဖန်ကျန်းရီက နောက်သို့ လှည့်ကြည့်လိုက်ရာ လီယွမ်ကျောက်က မလှမ်းမကမ်းတွင် သူတို့ ရန်ဖြစ်နေသည်ကို စိတ်ဝင်တစား ကြည့်နေသည်။ သူက အမှတ်တမဲ့ လက်ညှိုးထိုးပြလိုက်၏။ “ဟိုမှာ”

“ကောင်းပြီ... သခင်လေးလီ ဘေးကင်းရင် ရပါပြီ။ မင်း ထပ်ပြီး ပြဿနာ မရှာနဲ့တော့နော်”

သုံးယောက်လုံး သက်ပြင်းချလိုက်ကြသည်။ ယခင်တစ်ခေါက် မင်းသား ပြဿနာတက်တုန်းက သူတို့ သုံးယောက်လုံး အရမ်း လန့်ဖြန့်ခဲ့ရသည်။ တစ်နိင်ငံလုံးတွင် မင်းသားဆို၍ ဤမင်းသား တစ်ယောက်တည်းသာ ရှိသည် မဟုတ်ပါလား။ လူပုံစံ မပေါက်လျှင်တောင်မှ မင်းသားဆိုသည်မှာ နိုင်ငံတစ်နိင်ငံ အတွက် မရှိ၍ မဖြစ်ပေ။

“စိတ်ချပါ အစ်ကိုကြီးဦးလေး”

“ရှောင်ဖန်... အမတ်ဖန်။ ငါ့ကို အဲဒီလို မခေါ်ဖို့ တောင်းပန်ပါတယ်။ ငါ့ ဒီအိုမင်းနေတဲ့ ဂုဏ်သိက္ခာလေးကို အလိုရှိသေးတယ်” လီယန်စုန်က နာကျင်စွာဖြင့် မျက်စိမှိတ်ထားလိုက်၏။

ဖန်ကျန်းရီက နောက်ပြောင်လိုက်သည်။ “အာ …. အမတ်လီက တကယ့်ကို ကြီးကျယ်မြင့်မြတ်တာပဲ။ ကျုပ်ရဲ့ ဒုတိယဦးလေး၊ တတိယဦးလေးတို့နဲ့ အတူရှိနေရတာကို ရှက်နေတာလား”

အဘိုးကြီး သုံးယောက်က ကျောခိုင်းသွားကြပြီး စကားမပြောကြတော့ချေ။

ယခုချိန်မှာတော့ မဲဖောက်ပေးမည့် အချိန်သို့ နီးကပ်လာပြီ ဖြစ်ရာ စင်အောက်ရှိ လူအုပ်ကြီးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ အစီအစဉ် တင်ဆက်သူက စင်နောက်ဘက်မှ ခေါင်းပြူထွက်လာပြီး လူအုပ်ကြီးကို ခိုးကြည့်ကာ ရင်တုန်နေမိ၏။

ပုံမှန်ဆိုလျှင် မိမိက စင်ပေါ်တက်ရသည့် အတွေ့အကြုံ အလွန် များပြားနေပြီ ဖြစ်သည်။ သို့သော်ငြား ယခု လူအရေအတွက်က များပြားလွန်းသဖြင့် သူ၏ခံနိုင်ရည်ထက် ကျော်လွန်နေပြီ ဖြစ်၏။ အကယ်၍ ခဏနေ ပြဿနာ တစ်ခုခု ဖြစ်သွားလျှင် ... သူ နေရာမှာတင် သေသွားနိုင်သည် မဟုတ်ပါလား။

မဲဖောက်စက် စင်ပေါ်သို့ သယ်ဆောင်လာသည်ကို ကြည့်ကာ မဲဖောက်မည့်သူနှင့် လမ်းပေါ်မှ ခေါ်လာသော အသိသက်သေများ နေရာယူပြီးပြီ ဖြစ်သည်။

အစီအစဉ် တင်ဆက်သူက အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီး အကြိမ်အနည်းငယ်လောက် အသက်ပြင်းပြင်း ရှူသွင်းကာ အသံချဲ့စက်ကို ကိုင်လျက် စင်ပေါ်သို့ တက်သွား၏။

စင်ပေါ်သို့ ရောက်ပြီး နေရာမယူရသေးခင်မှာတင် လူအုပ်ကြီးထံမှ ဟစ်အော်သံများ ထွက်ပေါ်လာသည်။

“မဲဖောက်ပေး။ မဲဖောက်ပေး။ မဲဖောက်ပေး။”

ခွေးမသားတွေ။ အားအားယားယား လူတွေ အရမ်းများတာပဲ... ရင်းနှီးနေတဲ့ မျက်နှာတွေလည်း အများကြီးပဲ...

အစီအစဉ် တင်ဆက်သူက အတင်း ပြုံးပြလိုက်၏။ “အားလုံးပဲ မလောကြပါနဲ့။ အခုပဲ မဲဖောက်ပေးပါတော့မယ်။ ငွေစ နှစ်ထောင်တန် ဆုကြီးက ဘယ်သူ့ဆီကို ကျရောက်သွားမလဲ ဆိုတာကို...”

“မင်းမေနိုး …. မြန်မြန် ဖောက်စမ်းပါ။ စကားများမနေနဲ့”

“ခွေးသား … စကားအရမ်းများတယ်။ မင်းကို ခုတ်ပစ်ချင်နေတာ ကြာပြီ”

ခွပ်ခနဲ အသံနှင့်အတူ ခဲတစ်လုံးက အစီအစဉ် တင်ဆက်သူ၏ ခြေရင်းသို့ ကျလာ၏။

အစီအစဉ် တင်ဆက်သူ၏ မျက်ထောင့်များက တဆတ်ဆတ် တုန်ခါသွားပြီးနောက် တုံ့ဆိုင်းမနေဘဲ မဲဖောက်မည့်သူကို ခြေထောက်ဖြင့် ကန်ထုတ်ကာ မဲဖောက်စက်ကို ကိုယ်တိုင် လှည့်ပတ်လိုက်သည်။ ထို့အပြင် ပါးစပ်မှလည်း အော်ဟစ်လိုက်သည်။ “မဲဖောက်ပါပြီ။ မဲဖောက်ပါပြီ။ အခုပဲ ဖောက်ပါပြီ။ အနီရောင် ဘောလုံးကို အရင် ဖောက်ပါမယ်”

အောက်ဘက်ရှိ လူဆိုးတစ်သိုက်မှာ ကျေနပ်သွားကြ၏။

မဲဖောက်စက်က အဆက်မပြတ် လည်ပတ်နေသည်နှင့်အမျှ ပထမဆုံး ဘောလုံးက လျှောလမ်းကြောင်းထဲမှ ထွက်လာသည်။

အစီအစဉ် တင်ဆက်သူက တစ်ချက် လှမ်းကြည့်ပြီး အော်ဟစ်လိုက်၏။ “ပထမ ဂဏန်း …. ရှစ်။”

ပါးစပ်မှ အော်နေသော်လည်း လက်မှ လှုပ်ရှားမှုကလည်း မရပ်တန့်ပေ။ အောက်ဘက်ရှိ လူများ သေချာ မကြည့်ရသေးခင် အစီအစဉ် တင်ဆက်သူက ဒုတိယ အသံကို ဟစ်အော်လိုက်သည်။

“ဒုတိယ ဂဏန်း … ဆယ့်ခုနစ်။”

စင်ပေါ်တွင် ကြီးမားသော သစ်သားသင်ပုန်းကြီး တစ်ခု ရှိပြီး ဂဏန်းဘောလုံး တစ်လုံး ထွက်လာတိုင်း လူအများ ကြည့်ရှုနိုင်ရန် ဂဏန်းများကို သင်ပုန်းပေါ်တွင် ရေးမှတ်ပေးနေသူ တစ်ယောက် ရှိ၏။

“ဟေ့ကောင် ဖြည်းဖြည်း လုပ်စမ်းပါ။ မင်း မိန်းမ လင်ငယ်နေ,နေလို့ ဒီလောက် အမြန်လုပ်ချင်နေတာလား။”

ဖန်ကျန်းရီက နောက်ဆုံးတော့ မနေနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။ သူက ဒေါသကြောင့် သွေးကြောများပင် ထောင်ထလာ၏။

ခွေးကောင် ... ဒီအစီအစဉ် တင်ဆက်သူက ဘာလို့ ပရော်ဖက်ရှင်နယ် ပီသမှု တစ်စက်မှ မရှိရတာလဲ။ အားလုံး သိချင်နေတဲ့ အချိန်မှာ အချိန်ကို ခဏဆွဲထားရမှာပေါ့။ ပေါကြောင်ကြောင် နဲ့ နေမျိုးအောင်လို့ ထအော်တဲ့ကောင်ကိုများ အားကျနေတာလား။

အခု ကြည့်စမ်း။ တက်လာတာနဲ့ ချက်ချင်း မဲဖောက်တယ်။ တခြား စကား တစ်ခွန်းတောင် မပြောဘူး။ အစီအစဉ်ရဲ့ ရသတွေ အကုန် ပျက်စီးသွားပြီ။

ခွေးရူးတစ်ကောင်လို မဲဖောက်စက်ကို လှည့်နေသော အစီအစဉ် တင်ဆက်သူကို ကြည့်ရင်း ဖန်ကျန်းရီသည် လူအုပ်နောက်မှ အဆက်မပြတ် ဆဲဆိုနေမိသည်။

အဘိုးကြီး သုံးယောက်သည် အယုတ္တ၊ အနတ္တတွေ ဆဲဆိုနေသော ဖန်ကျန်းရီကို ကြည့်ရင်း နားများကိုပင် အုပ်ထားလိုက်မိသည်။ တကယ့်စရိုက်ပင်။ ဤသို့သော သူမျိုးက အဘယ့်ကြောင့် အမတ်ဖြစ်လာရသနည်း။

မကြာမီမှာပဲ အနီရောင် ဘောလုံးများ ထည့်ထားသော မဲဖောက်စက်မှ ဘောလုံး ခြောက်လုံးကို ရွေးချယ်ပြီးသွားပြီ ဖြစ်သည်။

အောက်ဘက်တွင် ဂဏန်းများကို ငုံ့ကြည့်နေသော လူအုပ်ကြီးကို ကြည့်ကာ အစီအစဉ် တင်ဆက်သူက သက်ပြင်းချလိုက်၏။

ယခုချိန်မှ အရှိန် အနည်းငယ် မြန်လွန်းနေသည်ကို သတိပြုမိသွားကာ အခြေအနေကို အမြန် ထိန်းသိမ်း လိုက်သည်။ “ကောင်းပါပြီ။ အားလုံးပဲ ဂဏန်းတွေကို အရင် နှိုင်းယှဉ် စစ်ဆေး ကြည့်ကြပါအုံး..။”

“ကျုပ်တို့ နောက်ဆုံး ဂဏန်း မဲဖောက်မှုကို ဆက်လုပ်ပါတော့မယ်”

ထို့နောက် အပြာရောင် ဘောလုံးများ ထည့်ထားသော မဲဖောက်စက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားကာ ဖြည်းဖြည်းချင်း လှည့်လိုက်၏။

ဘောလုံးငယ်များက မဲဖောက်စက်ထဲတွင် ခုန်ပေါက်နေကြပြီး လူများ၏ စိတ်ခံစားချက်ကို ဆွပေးနေသည်။

လူတိုင်းက မဲဖောက်စက်ကို အသက်အောင့်ကာ စိုက်ကြည့်နေကြ၏။

အစီအစဉ် တင်ဆက်သူက အချိန်ကျပြီဟု ယူဆကာ မဲဖောက်စက်အောက်ရှိ ခလုတ်ကို ညင်သာစွာ နင်းလိုက်သည်။ တံခါး ပွင့်သွားပြီး လျှောလမ်းကြောင်း အပြာရောင် ဘောလုံးငယ် တစ်လုံး ဖြည်းညင်းစွာ လိမ့်ထွက်လာ၏။

“နောက်ဆုံး ဂဏန်း … သုံး။”

“မဲဖောက်ခြင်း အစီအစဉ် ဒီနေရာမှာတင် ပြီးဆုံးပါပြီ။ ဆုပေါက်တဲ့ မိတ်ဆွေများ အားလုံး သုံးရက်အတွင်း ရင်ပြင်မှာ ရှိတဲ့ ဆုထုတ်ယူရေး နေရာကို လာရောက် ထုတ်ယူနိုင်ပါတယ်။ အချိန်ကျော်လွန်ရင် လက်ခံမှာ မဟုတ်ပါဘူး”

အပိုင်း (၁၄၄) ရဟန်းတော်က ဒုက္ခပေးရန် ရောက်လာခြင်း။

ဂဏန်းများ အားလုံး ထွက်ပေါ်လာချိန်မှာတော့ ရင်ပြင်ပေါ်တွင် ကြီးမားလှသော စိတ်ပျက်ဝမ်းနည်းသံများ ထွက်ပေါ်လာ၏။

မရေမတွက်နိုင်သော ထိပ်တန်းစာမေးပွဲအောင် လက်မှတ်များ လေထဲသို့ လွှင့်ပစ်ခံရကာ ခဏတာ ဆီးနှင်းမြင်ကွင်းကို ဖန်တီးပေးလိုက်သည်။

တတိယဆု ပေါက်သွားသည့် လူအနည်းငယ်သာ လူအုပ်ထဲတွင် ထိပ်တန်းစာမေးပွဲအောင် လက်မှတ်ကို မြှောက်ကာ မိတ်ဆွေများကို ဝမ်းသာအားရ အော်ခေါ်၍ အောင်ပွဲခံနေကြ၏။ ပိုက်ဆံ အနည်းငယ်သာ ရရှိသော်ငြား ဆုပေါက်ခြင်းက လူကို ပျော်ရွှင်စေရန် လုံလောက်သော ကိစ္စ ဖြစ်၏။

ကျန်းတုန်ရှန်းက စင်ပေါ်ရှိ သစ်သားသင်ပုန်းမှ ဂဏန်းများကို ငေးမောကြည့်နေရင်း မျက်လုံးကို ပွတ်သပ် လိုက်၏။ ထို့နောက် လက်ထဲမှ ထိပ်တန်းစာမေးပွဲအောင် လက်မှတ်ကို ဖြည်းညင်းစွာ ထုတ်ကာ တစ်ခုချင်းစီ နှိုင်းယှဉ်ကြည့်လိုက်သည်။

ဘေးရှိ လီယန်စုန်တို့ နှစ်ယောက်ကလည်း ဖန်ကျန်းရီကို မရှောင်ကြဉ်တော့ပေ။ မည်သို့ပင်ဆိုစေ ဤကောင်လေးရှေ့တွင် ဂုဏ်သိက္ခာမှန်သမျှ ကြွေပျက်ပြီး ဖြစ်သည်မို့ ပေါ်ပေါ်တင်တင် ဂဏန်းတိုက်ရန်သာ ရွေးချယ်လိုက်၏။

အကြမ်းဖျင်း ကြည့်ရှုလိုက်ပြီးနောက် သူတို့နှစ်ယောက်က မဲလက်မှတ်ကို လွှင့်ပစ်လိုက်ကာ လူအုပ်ကြီးကို ကြည့်လိုက်ကြသည်။

“ဒီထိပ်တန်းစာမေးပွဲအောင် လက်မှတ်က ဆုပေါက်ဖို့ ထင်ထားတာထက် အများကြီး ပိုခက်ခဲပုံရတယ်...”

“ကျုပ်... ဆုပေါက်သွားသလိုပဲ...”

လီယန်စုန်နှင့် ကျိန့်ချောင်တို့မှာ ချက်ချင်းပင် လန်းဆန်းသွားကြပြီး ကျန်းတုန်ရှန်း အနီးသို့ ဝိုင်းအုံလာကြသည်။

“ပေါက်တယ်လား။ ကျုပ်တို့ကို အမြန် ပြစမ်းပါအုံး။ ဘာဆုလဲ”

“ပထမဆု...”

ဖန်ကျန်းရီကလည်း တိုးကပ်လာကာ မဲလက်မှတ်ကို ကြည့်ရင်း အကြိမ်ကြိမ် နှိုင်းယှဉ်ကြည့်ပြီးနောက် မျက်နှာပျက်သွား၏။

ဒီအဘိုးကြီး ကံကောင်းလှချည်လား။

ကျန်းတုန်ရှန်းဘက်သို့ လှည့်ကာ မေးလိုက်သည်။ “တတိယဦးလေး။ ဒီတစ်ခေါက်ရော... လှူအုံးမှာလား”

ကျန်းတုန်ရှန်းက ပင်ကိုယ်အသိစိတ်ဖြင့် ခေါင်းယမ်းလိုက်၏။ နောက်နေတာလား။ ငွေစ နှစ်ထောင်လေ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် နည်းတဲ့ ပမာဏ မဟုတ်ဘူး။

ဖန်ကျန်းရီက အထင်သေးစွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် ကျန်းတုန်ရှန်း၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ “သွားမယ် … ကျုပ်နဲ့အတူ စင်ပေါ်တက်ပြီး ဆုသွားယူမယ်”

အစောပိုင်းက ကျန်းတုန်ရှန်းမှာ တိမ်တွေပေါ် ရောက်နေသလို ခံစားနေရသော်ငြား ယခုလို ဆွဲလိုက်ချိန်မှာတော့ ရုတ်တရက် သတိဝင်လာကာ အင်္ကျီလက်ကို အတင်း ပြန်ဆွဲရင်း အလောတကြီး ပြောလိုက်၏။ “ငါ မသွားဘူး။ လက်လွှတ်စမ်း။ သုံးရက်အတွင်း ရတယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ မနက်ဖြန်မှ လာထုတ်မယ်”

ဖန်ကျန်းရီက နောက်ပြောင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ “ဪ .. ဒါမျိုးကျတော့ ရှက်တတ်သေးတယ်ပေါ့။ ပြီးတော့ လောဘကလည်း ကြီးသေး။”

“အာ။ လက်လွှတ်စမ်းပါ။ ငါ့ဘာသာ ကြီးကြီး၊ မကြီးကြီး။” ကျန်းတုန်ရှန်း၏ အိုမင်းနေသော မျက်နှာကြီး ရဲတက်သွားကာ ခုနက စကားလွန်သွားသည်ကို နောင်တရမိသွား၏။

“တော်ပါတော့ တော်ပါတော့။ ဖန်ကျန်းရီ။ မင်း တော်သင့်ပြီ။ သက်ကြီးရွယ်အိုတွေကို လေးစားရမယ် ကလေးတွေကို ချစ်ခင်ရမယ် ဆိုတာ နည်းနည်းလေးမှ နားမလည်ဘူးလား” လီယန်စုန်က ရင်ဘတ်ကို ထုလျက် ပြောလိုက်သည်။

သူတို့သုံးယောက်က အသက်ကြီးနေပြီ ဖြစ်ရာ လူငယ်လေး တစ်ယောက်၏ ထိုသို့ ကစားခြင်းကို... တကယ်ကို မခံနိုင်တော့ပေ။

ဖန်ကျန်းရီက အခြေအနေကို ကြည့်ကာ ဆက်မစတော့ချေ။

“ကောင်းပြီ။ ဒါဆို တတိယဦးလေးကို ဂုဏ်ပြုပါတယ်။ မနက်ဖြန် ရင်ပြင်ကို ဆုလာထုတ်ဖို့ မမေ့နဲ့နော်။ ကျုပ်ဘက်က လူလွှတ်ပြီး သေချာပေါက် ကြိုဆိုခိုင်းလိုက်မယ်”

ကျန်းတုန်ရှန်းက အနေခက်စွာဖြင့် အဝတ်အစားများကို သပ်ရပ်စွာ ပြင်ဆင်လိုက်ပြီးနောက် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်။ သို့နှင့် မျက်နှာကို တည်ထားလိုက်၏။ “အဟမ်း... သိပြီ”

...

တုန်းကျင်းရပ်ကွက်အတွင်း။

ယန်ကော်အန်းက မျက်နှာထား တင်းတင်းဖြင့် သူ့ရှေ့ရှိ လူတစ်စုကို ကြည့်နေသည်။ လွန်ခဲ့သော လဝက်ခန့်ကနှင့် နှိုင်းယှဉ်လျှင် ယခု စုရုံးလာသော ပညာတတ်များမှာ တစ်စိတ်တစ်ပိုင်း လျော့နည်းသွားပြီ ဖြစ်၏။

အခြားသူများထံမှ ကြားသိရသည်မှာ ပန်းရှန်းရပ်ကွက်ရှိ ပြဇာတ်ဝေဖန်ရေး အခန်းကဏ္ဍက အလွန် စိတ်ဝင်စားစရာ ကောင်းသဖြင့် လူအများအပြားက တစ်ခေါက် ရောက်သွားသည်နှင့် သူ၏ နေရာသို့ ပြန်လာရန် ရှက်ရွံ့နေကြခြင်း ဖြစ်သည်။

ယခု ကျန်ရစ်သူများမှာ စိတ်ဓာတ်ခိုင်မာသူများဟု ဆိုနိုင်ပြီး ယနေ့တိုင် ပန်းရှန်းရပ်ကွက်သို့ သွားရောက်ကာ ထိုရှုပ်ပွနေသော အရာများကို မကြည့်ဖူးကြပေ။ လတ်တလော ပန်းရှန်းရပ်ကွက်တွင် ကပြနေသော ထိုရှုပ်ပွနေသည့် ပြဇာတ်များကို တွေးမိချိန်တိုင်း ယန်ကော်အန်း၏ ရင်ထဲတွင် မည်သို့မှမနေနိုင်ဘဲ ဒေါသများ ထွက်ပေါ်လာ၏။

အကယ်၍ လောင်းကြေးမှာ ထပ်မံရှုံးသွားပါက တကယ်ကို လူလုံးပြစရာ မျက်နှာ မရှိတော့ချေ။

“အားလုံးပဲ … လတ်တလော ပန်းရှန်းရပ်ကွက်ရဲ့ တိုးတက်မှုက ကျုပ်တို့ရဲ့ တုန်းကျင်းရပ်ကွက်ထက် မနိမ့်ကျဘူး။ အားလုံးမှာ ဘာအမြင်တွေများ ရှိကြလဲ”

လူအုပ်ကြီးက အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ ဘာအမြင်လဲ။ ကျုပ်တို့ နေ့တိုင်း ရွှမ်မင် နန်းဆောင်ထဲမှာ စာဖတ်နေရတာ ကောင်းတယ်။ ဘာအကြံအစည်မှ မရှိပါဘူး။ ပန်းရှန်းရပ်ကွက် ဆိုတာကိုလည်း ကျုပ်တို့ မသွားဖူးဘူးလေ။

စုရုံရွှမ်းက လူအုပ်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ရာ မနေနိုင်ဘဲ အနည်းငယ် ဝင့်ကြွားသွားမိ၏။ လူအ တစ်သိုက်။ မြို့ဝန်ယန်က မင်းတို့ကို စာဖတ်ခိုင်းတာနဲ့ နန်းဆောင်ထဲမှာ စာပဲ ဖတ်နေကြတာလား။ အထက်လူကြီးအတွက် တက်တက်ကြွကြွနဲ့ ပူပန်မှုတွေကို မျှဝေပေးရမယ် ဆိုတာ မသိတာလား။ တကယ့်ကို မိုက်မဲလွန်းတာပဲ။

စုရုံရွှမ်းက ရှေ့တစ်လှမ်း တိုးကာ ပြောလိုက်သည်။ “မြို့ဝန်မင်း …. ပန်းရှန်းရပ်ကွက်ရဲ့ သတင်းတွေကို ကျုပ် အနည်းငယ် သိထားပါတယ်။ လတ်တလော မြို့တော်မှာ ဆူညံနေတဲ့ ထိပ်တန်းစာမေးပွဲအောင် လက်မှတ်ကနေ သူတို့ ငွေအမြောက်အမြား ရထားလောက်မှာ သေချာတယ်၊

ကျုပ်တို့လည်း ဒီလို မဲဖောက်တဲ့ နည်းလမ်းမျိုးကို လုံးဝ လုပ်လို့ ရပါတယ်။ ဒါဆိုရင် ငွေလည်း ရလာပြီး တိုးတက်ဖို့အတွက် ဘာတွေ ပူစရာ လိုသေးလဲ”

ယန်ကော်အန်းက အေးစက်စက် ပြောလိုက်၏။ “မဲဖောက်တဲ့ နည်းလမ်းက တော်ဝင်အမိန့် အထူးခွင့်ပြုချက် ရထားတာ... တခြားသူတွေ သုံးခွင့် မရှိဘူး။ ဒီကိစ္စကို ထပ်မပြောနဲ့တော့။ အဲဒီခွေးကောင်က လောင်းကစားကိုတောင် မူပိုင်ခွင့် ယူထားတာ။”

ထိပ်တန်း စာမေးပွဲအောင်လက်မှတ်ကနေ ငွေအများကြီး ရနိုင်သည်ကို မြို့တော်ထဲတွင် မည်သူက မသိဘဲ နေမည်နည်း။

သို့ပေမည့် ဖန်ကျန်းရီ က အရမ်း လည်လွန်းလှသည်။ သူ့လို လိုက်လုပ်ချင်သူများ၏ လမ်းစကို ကြိုတင် ပိတ်ထားသည်။ ယခု သူတို့ လိုက်လုပ်ချင်လျှင်တောင် လုပ်၍မရပေ။ မဟုတ်ပါက သူ ယန်ကော်အန်း … ကျိန်းသေပေါက် လိုက်လုပ်သည်။

စုရုံရွှမ်းက စဉ်းစားဟန် ပြုကာ ဖြည်းညင်းစွာ လမ်းလျှောက်ရင်း စကားစလိုက်၏။ “မြို့ဝန်မင်းရဲ့ အုပ်ချုပ်မှု စွမ်းရည်ကို သာမန်ပြည်သူတွေအားလုံး မျက်မြင်ကိုယ်တွေ့ပါပဲ။ အခုချိန်မှာ အကောင်းဆုံး တိုးတက်နေပါပြီ။ ကာလတိုအတွင်းမှာ ထပ်ပြီး တိုးတက်ဖို့ ဆိုတာ တကယ်ကို ခက်ခဲပါတယ်။

ပန်းရှန်းရပ်ကွက်က လှည့်စားပြီး ပိုက်ဆံလိမ်ယူတဲ့ နည်းလမ်းကို သုံးလို့သာ တိုးတက်လာတာပါ။ ပြီးတော့ ရလာတဲ့ ငွေတွေကိုလည်း တံတားဆောက်၊ လမ်းခင်းတဲ့ နေရာတွေမှာပဲ သုံးထားတယ်။ ပညာပေးတဲ့ အပိုင်းမှာ အရမ်းအားနည်းပြီး လုံးဝ အကျိုးသက်ရောက်မှု မရှိဘူးလို့ ပြောလို့ ရပါတယ်။ သာမန်ပြည်သူတွေကလည်း ကြမ်းတမ်းပြီး မိုက်မဲနေဆဲ ဖြစ်ပါတယ်။ ဘာပြောင်းလဲမှုမှ မရှိပါဘူး။

ကျုပ်မှာ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်။ ကြားသိရသလောက် အခုလက်ရှိ အရှင်မင်းကြီးက ဗုဒ္ဓဘာသာကို သိပ်မကြိုက်ဘူးတဲ့။ အလုပ်မလုပ်ဘဲ အလကား စားနေတယ်လို့ ယူဆထားတယ်တဲံ့။ ယုဟူရပ်ကွက်ထဲမှာ မကြာသေးခင်ကမှ နာမည်ကြီးလာတဲ့ ရဟန်းတော်တစ်ပါး ရှိတယ်။ သူ့ကို လူအများအပြား က အားပေးနေကြတယ်။ အကယ်၍ ကျုပ်တို့က အဲဒီရဟန်းတော်ကို ပန်းရှန်းရပ်ကွက်မှာ ရှိတဲ့ ဖူယွင်ဘုရားကျောင်း ကို ပင့်ဆောင်လာပြီး သေချာ ကြေညာပေးလိုက်မယ် ဆိုရင်...

ပန်းရှန်းရပ်ကွက်က မိုက်မဲတဲ့ ပြည်သူတွေက ကာလတိုအတွင်းမှာ သေချာပေါက် အလုအယက် သွားကြမှာပဲ။ ဗုဒ္ဓဘာသာကို လူသိရှင်ကြား ကြေညာခြင်းက ဆင်းရဲသားတွေကို ပိုပြီး ဆင်းရဲသွားစေလိမ့်မယ်။ တစ်လတောင် မကြာခင် သေချာပေါက် အောင်မြင်မှု ရလာမှာပါ။

အဲဒီအချိန်ကျရင် မြို့ဝန်မင်းလည်း ညီလာခံမှာ ပြောစရာ စကား ရသွားပြီပေါ့”

လူအုပ်ထဲမှ လူငယ်အချို့သည် သူ၏စကားကို ကြားပြီးနောက် တိတ်ဆိတ်သွားကြသည်။ ရင်ထဲတွင် လုံးဝ သက်သောင့်သက်သာ မရှိတော့ချေ။ သာမန်ပြည်သူတွေကို ပညာပေးဖို့ ကူညီမည်ဟု ကြွေးကြော်ခဲ့သော်လည်း ဤလူ၏ လုပ်ရပ်က ဘေးအိမ်က ကလေးစာတော်သည်ကို ကြည့်ပြီး သေချာကြိုးစား ယှဉ်ပြိုင်ရမည့်အစား စာအုပ်ကို သွားဆုတ်ဖြဲလိုက်သည်နှင့် အတူတူပင်။ တကယ့်ကို အောက်တန်းကျလွန်းသည်။

လူအချို့က စဉ်းစားကြည့်ပြီးနောက် ဤသို့သောလူမျိုးနှင့် အတူရှိနေရသည်ကို ရှက်ရွံ့လာကာ အသံတိတ်၍ လှည့်ထွက်သွားကြ၏။ ယန်ကော်အန်းက မြင်သော်လည်း မျက်နှာသေဖြင့် တားဆီးခြင်း မပြုပေ။

“ဒီအကြံအစည်က အတော်လေး ကောင်းတယ်။ ဒါပေမဲ့ ဒီရဟန်းတော်အကြောင်းကို ကျုပ် တစ်ခါမှ မကြားဖူးဘူး”

လူအုပ်ထဲမှ တစ်ယောက်က လက်ထောင်ကာ ပြောလိုက်သည်။ “ကျုပ် သိတယ်။ ယုဟူရပ်ကွက်က ကျောင်းထိုင်ဆရာတော် ဟွေကျွဲ့ပါ။ အချိန်တိုအတွင်းမှာပဲ ကြယ်တံခွန် တစ်စင်းလို ထွက်ပေါ်လာခဲ့တာ။ တရားဟော၊ တရားဆွေးနွေးတဲ့ နေရာမှာ သူ့ကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး။ လူပေါင်းများစွာက သူ့ကို အန္တရာယ်ကင်း ပုတီးစိပ်ပေးဖို့ ရှာဖွေနေကြတယ်။ ကြားရသလောက်တော့ အခကြေးငွေလည်း မနည်းဘူးတဲ့”

ယန်ကော်အန်းက အထင်သေးစွာ ရယ်မောလိုက်၏။ အခကြေးငွေ ယူတယ်ပေါ့။ နာမည်ကောင်း လိုချင်တဲ့ လိမ်ညာသူ တစ်ယောက် ဖြစ်ပုံရတယ်။

“ဒီလူက ဗုဒ္ဓတရားတော်အပေါ် နားလည်မှု အလွန် နက်နဲတယ်။ အရင်က လူဆိုးတစ်ယောက်က သူ့ကို တံတွေးနဲ့ ထွေးခဲ့ဖူးတယ်။ ကျောင်းထိုင်ဆရာတော် ဟွေကျွဲ့က မျက်နှာပေါ်က တံတွေးကို အလိုအလျောက် ခြောက်သွားအောင် ထားလိုက်ပြီး ချက်ချင်းပဲ 'ရေကန်ငယ် မှတ်တမ်း' ဆိုတဲ့ တရားတစ်ပုဒ်ကို ဟောကြားခဲ့တယ်။ လူဆိုးက ရှက်ရွံ့ပြီး နောင်တရသွားတယ်။ အဲဒီနောက်ပိုင်း ဆရာတော်ကို လာဖူးတဲ့သူတွေ မရေမတွက်နိုင်အောင် များပြားလာတာပဲ။

ကြားရသလောက်တော့ ဆရာတော်က မျက်နှာမြင်လိုက်ရုံနဲ့ လူတွေရဲ့စိတ်ကို ငြိမ်းချမ်းသွားစေတယ်တဲ့။ ဆရာတော် ခံစားခဲ့ရတဲ့ ဒုက္ခတွေက အရမ်း များပြားတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ စော်ကားမှုတွေကလည်း သူ့ကို နည်းနည်းလေးမှ မတုန်လှုပ်စေနိုင်ဘူး။ ရလာတဲ့ ငွေတွေကိုလည်း ဘုရားကျောင်းတွေ ကျယ်ကျယ်ပြန့်ပြန့် တည်ဆောက်ဖို့အတွက်ပဲ သုံးတာတဲ့။

အခုချိန်မှာ ကျောင်းထိုင်ဆရာတော် ဟွေကျွဲ့ကို တစ်ခါလောက် ဖူးတွေ့ခွင့်ရဖို့ ဆိုတာ တကယ်ကို ခက်ခဲလွန်းတယ်”

ချီးတဲ့မှ ... လောကကြီးမှာ ဒီလောက် ကြီးမြတ်တဲ့ ပုဂ္ဂိုလ် ရှိနေတာလား။

ယန်ကော်အန်းကိုယ်တိုင်လည်း မနေနိုင်ဘဲ အနည်းငယ် လေးစားသွားမိ၏။ မိမိက လူယုတ်မာ စိတ်ထားဖြင့် သူတော်ကောင်းကို အကဲဖြတ်မိသွားပုံ ရသည်။

“ကောင်းပြီ။ စုရုံရွှမ်း … မင်းကို ငါ အများကြီး အသိအမှတ်ပြုတယ်။ ဒီကိစ္စကို မင်းဆီပဲ လွှဲပေးလိုက်မယ်။ ကျောင်းထိုင်ဆရာတော် ဟွေကျွဲ့ကို ဖူယွင်ဘုရားကျောင်းဆီ ပင့်ဆောင်ပေးနိုင်မလား”

စုရုံရွှမ်း၏ မျက်လုံးထဲတွင် အရူးအမူး ဝမ်းသာမှုများ ဖြတ်ပြေးသွား၏။ “ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း။ ကျုပ် မြို့ဝန်မင်းရဲ့ ယုံကြည်မှုကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး”

All Chapters