← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉) - ဒါဆို မင်း ဘာလို့ ပိုမြန်မြန် မပြေးတာလဲ

“ငါ့အမှားပါ... ငါ့အမှားပါ”

ရန်ရှောင်စုက ပြုံးရွှင်စွာဖြင့် ရှင်းပြလိုက်သည်။

“ငါတို့ရဲ့ သူနာပြုဆရာမလေးကလည်း ဒီနေ့မှ အလုပ်စဝင်တာဆိုတော့ လုပ်ငန်းစဉ်တွေကို သိပ်မကျွမ်းကျင်သေးလို့ပါ။ ကောင်း... ဆက်ချုပ်ကြတာပေါ့။ လာပါ...အစ်မရှောင်ယွီ အဝတ်ချုပ်နေတယ်လို့ပဲ သဘောထားလိုက်။”

ရှောင်ယွီသည် သွေး မြင်ရုံနှင့် ကြောက်တတ်သူမျိုး မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် ဤစျေးမြို့ရှိ လူတိုင်းသည် သေခြင်းနှင့် ရှင်ခြင်းကို ရိုးအီနေအောင် မြင်ဖူးကြသူများ ဖြစ်သည်။ ဒဏ်ရာအနည်းငယ်ကို ဘာလို့ ဂရုစိုက်နေပါမည်နည်း။

ထို့အပြင် သူမသည် ယခုအလုပ်ကို အမှန်တကယ်ပင် သဘောကျနေမိသည်။ သူမသည် သွေးများကို သဘောကျခြင်း မဟုတ်ဘဲ အသုံးဝင်သောလူတစ်ယောက် ဖြစ်လာရသည်ကို သဘောကျခြင်းဖြစ်သည်။

ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် လူတိုင်းသည် အသုံးဝင်သူများ ဖြစ်နေရပေမည်။ အသုံးမကျသူများသည် တစ်နေ့မဟုတ် တစ်နေ့ အစွန့်ပစ်ခံရမည်မှာ စျေးမြို့၏ အခြေခံအကျဆုံး အသိတရားပင်။ ဤသည်မှာ လူအချင်းချင်း ဆက်ဆံရာတွင် အရှင်းလင်းဆုံးသော ယုတ္တိဗေဒ ဖြစ်သည်။

ရှောင်ယွီသည် သူမ အသုံးမကျပါက ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့က သူမကို စွန့်ပစ်မည်လားဆိုသည်ကို မသေချာသော်လည်း သူမကိုယ်တိုင်ကမူ ပျင်းပျင်းရိရိနှင့် အလကားနေသူတစ်ဦး မဖြစ်ချင်ပေ။

အဝတ်ချုပ်သလိုသာ သဘောထားရန် ရန်ရှောင်စုက ပြောလိုက်သောအခါ သူမ ပို၍ ယုံကြည်မှု ရှိလာပြီး သူမ၏ လှုပ်ရှားမှုများမှာလည်း ပိုမို ချောမွေ့လာခဲ့သည်။

ထို့အပြင် ရန်ရှောင်စုက လူနာ၏ လက်မောင်းကို မလှုပ်နိုင်အောင် မြဲမြံစွာ ဖိထားပေးသဖြင့် သူမ အလုပ်လုပ်ရသည်မှာ ပို၍ပင် လွယ်ကူသွားခဲ့သည်။

ချုပ်ပြီးခါနီးတွင် ရှောင်ယွီက ရန်ရှောင်စုကို ပြောလိုက်သည်။

“ဒဏ်ရာကို ချုပ်တာက အဝတ်ချုပ်တာနဲ့ နည်းနည်းတော့ ကွာသေးတယ်။ အဝတ်ချုပ်ရင် ချည်မျှင်တွေကို အပြင်က မမြင်ရအောင် အတွင်းထဲက ထည့်ချုပ်ရတယ်။ ဒါပေမဲ့ ဒဏ်ရာကို ချုပ်တဲ့အခါကျတော့ ချည်မျှင်ကို အထဲမှာ ထားခဲ့လို့ မရဘူး။ ပြောင်းပြန် ပြန်ချုပ်ရတာဆိုတော့ ကြည့်ရတာတော့ သိပ်မလှဘူး။”

ထိုစကားကို ကြားသောအခါ လူနာသုံးယောက်စလုံး၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။ ရှောင်ယွီ စကားပြောလေလေ သူတို့ စိတ်ထဲ၌ ပို၍ ထိတ်လန့်လာလေလေပင်...။

ရှောင်ယွီ ချုပ်ပြီးသွားသောအခါ ရန်ရှောင်စုသည် ကြွေပုလင်းလေးကို ထုတ်ယူပြီး ပထမလူနာ၏ ဒဏ်ရာပေါ်သို့ ဆေးလိမ်းပေးလိုက်သည်။

“ငါ့ရဲ့ ဒီဆေးက ရတနာတစ်ခုနော်။ ငါ မင်းကို စျေးမတင်ပါဘူး။ ဆေးခန်းက စျေးအတိုင်း အသားတင် ၆၀၀ ပဲ ယူမယ်။ မင်း ဒီစျေးကို တတ်နိုင်မှာပါ။”

ငွေ ၆၀၀ ဆိုသည်မှာ အနွေးထည်အင်္ကျီတစ်ထည်၏ စျေးနှုန်းခန့် ရှိပြီး ဤအလုပ်သမားများ၏ တစ်လစာ လစာမှာ ၂၂၀၀ မှ ၂၈၀၀ ဝန်းကျင်သာ ရှိသည်။ ကုန်စျေးနှုန်းများမှာ အတော်အတန် မြင့်မားသော်လည်း ပစ္စည်းရှားပါးသောကြောင့် မတတ်နိုင်ပေ။ ခံတပ်အတွင်းရှိ လူကုံထံများသည် ဤလူများကို တစ်သက်လုံး ငွေမစုမိစေရန် ဆန္ဒရှိကြသည်။ သို့မှသာ သူတို့အတွက် တစိုက်မတ်မတ် အလုပ်လုပ်ပေးကြမည် မဟုတ်ပါလော။

ဤအလုပ်သမားများသည်လည်း တောရိုင်းထဲတွင် အသက်မရှင်နိုင်သဖြင့် ထွက်မသွားနိုင်ကြပေ။ ဤသည်မှာ လူကုံထံများက ဒုက္ခသည်များကို ခေါင်းပုံဖြတ်ရန် အသုံးချသည့် အားနည်းချက်ပင် ဖြစ်သည်။

လူကုံထံများ၏ အမြင်တွင် ဤဒုက္ခသည်များသည် ခွတပ်၏ အကာအကွယ်အောက်တွင် နေထိုင်နေရခြင်းဖြစ်ပြီး သူတို့ထံမှ အပိုဆောင်း အကာအကွယ်ပေးခများ မကောက်ခံသည်ကိုပင် ကျေးဇူးတင်စရာ ဖြစ်နေပြီဟု ယူဆထားကြသည်။ အကြောင်းမှာ အကာအကွယ်ပေးခ တိုက်ရိုက်ကောက်ခြင်းမှာ နိမ့်ကျသော နည်းလမ်းဟု သူတို့ ယူဆထားကြသောကြောင့်ပင်။

ရန်ရှောင်စုသည် ယခင်က ကျောက်မီးသွေးတွင်းသို့ အလုပ်သွားဆင်းရန် မလိုဘဲ ရပ်တည်နိုင်ခဲ့ခြင်းမှာ တစ်လလျှင် စာကလေး သုံးကောင်ခန့် ဖမ်းနိုင်ရုံဖြင့် အလုပ်သမားအများစုထက် ပိုမို ကောင်းမွန်စွာ နေထိုင်နိုင်သောကြောင့် ဖြစ်သည်။ သုံးကောင် မဖမ်းနိုင်လျှင်ပင် ခါးပတ်ကို တင်းတင်းစည်းပြီး ချွေတာခြင်းဖြင့် အသက်ရှင်နိုင်သေးသည်။

ဤသည်မှာ ပုံပျက်ပန်းပျက် ဖြစ်နေသော ရှင်သန်မှု ပတ်ဝန်းကျင်တစ်ခုပင်။ အစပိုင်းတွင် အချို့လူများက တော်လှန်ခဲ့ကြသော်လည်း မည်သည့်ရလဒ်မှ ထွက်မလာခဲ့ပေ။

...

ရန်ရှောင်စု တွက်ဆထားသည်မှာ မှန်ကန်ပါသည်။ လူသုံးယောက်စလုံး ဤငွေကို တတ်နိုင်ကြသည်။

ပထမဆုံး ကုသမှုခံယူသည့် လူမှာ ဆေးနက်လိမ်းလိုက်ပြီးနောက် နာကျင်မှုမှာ ချက်ချင်း သက်သာသွားခဲ့သည်။ သူသည် ငွေကို ကြည်ကြည်ဖြူဖြူပင် ထုတ်ပေးလိုက်၏။ အဘယ်ကြောင့်ဆိုသော် စျေးမြို့ဆေးခန်းတွင် ကုလျှင်လည်း ဤစျေးပင် ပေးရသောကြောင့်ပင်။

ကုသမှုပြီးသွားသော လူနာ ထွက်သွားတော့မည့်အချိန်တွင် ရန်ရှောင်စုက ကြင်နာစွာ ပြောလိုက်သည်။

“ဒဏ်ရာကို ကုသပေးပြီးပြီဆိုတော့ ကျေးဇူးတင်စကားလေး ဘာလေး ပြောသင့်တာပေါ့။”

ထိုလူမှာ တုန်လှုပ်သွားပြီး အလျင်အမြန် လှည့်ကြည့်ကာ “ကျေးဇူးတင်ပါတယ်။” ဟု ပြောလိုက်ရလေသည်။

ရန်ရှောင်စုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သော်လည်း သူ၏ နန်းတော်ထဲသို့ စစ်ဆေးကြည့်လိုက်သောအခါ အပိုဆောင်း ကျေးဇူးတင်ဒင်္ဂါး တစ်ပြားမှ တိုးမလာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

“အခုခေတ်မှာ ဆရာဝန်နဲ့ လူနာ ဆက်ဆံရေးက ဒီလောက်တောင် တင်းမာနေပြီလား။”

ရန်ရှောင်စု စဉ်းစားနေမိသည်။

ငါက မင်းရဲ့ရောဂါကို ကုပေးခဲ့တာတောင် မင်းက စစ်မှန်တဲ့ ကျေးဇူးတင်စကားလေး တစ်ခွန်းတောင် မပြောနိုင်ဘူးလား။

ထို့နောက် ချက်ချင်းပင် တာဝန်ပြီးမြောက်ကြောင်း အသိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“တာဝန်ပြီးမြောက်ပါသည်။ ဆုလာဘ်- ခွန်အား ၁.၀။”

လူနာတစ်ဦးကို ကုသရမည့် ယခင်မစ်ရှင်မှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ နန်းတော်မှပေးသည့် ယခုတစ်ခေါက် ဆုလာဘ်သည်လည်း ခွန်အင် ၁.၀ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ယင်းမှာ ရန်ရှောင်စု လက်ရှိအလိုချင်ဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။ အကြောင်းမှာ ယခုခေတ်ကြီးတွင် လက်သီးအပြင်းဆုံးသူက စကားအပြောနိုင်ဆုံး ဖြစ်သောကြောင့်ပင်။

ထိုစဉ် နန်းတော်၏ အသံမှာ တစ်ဖန်ပြန်ထွက်ပေါ်လာခဲ့ပြန်သည်။

“မစ်ရှင်- လူနာ ၃ ဦးကို ကုသရန်။”

ဟင်...ဒီတစ်ခါ ဆက်တိုက်မစ်ရှင် ဖြစ်နေပါလား။ ပထမတစ်ခု ပြီးသွားတာနဲ့ ပိုခက်ခဲတဲ့ မစ်ရှင်တစ်ခု ချက်ချင်းပေါ်လာတာပဲ။

ဒါပေမဲ့ သူ့ရှေ့မှာတင် လူနာသုံးယောက် အဆင်သင့်ရှိနေတယ်မဟုတ်လား။

နောက်ထပ်ဆုလာဘ်ကလည်း ခွန်အင် ၁.၀ ထပ်ဖြစ်နေဦးမည်လော။

အဲ့ဒီလိုသာဆိုရင် သူကတော့ ကြွက်သားနဲ့လူကြီးတစ်ယောက် ဖြစ်သွားတော့မှာပဲ။

တကယ်တော့ ထိုအရာမှာ သိပ်မကောင်းလှပေ။ အကြောင်းမှာ ထိုကဲ့သို့ ခွန်အားတိုးလာခြင်းသည် သူ၏ လျှင်မြန်မှုကို စတေးပြီးမှ ရရှိလာခြင်းကြောင့်ပင်။ ကြွက်သားများအကြား ပွတ်တိုက်မှုကိန်း မြင့်မားလေလေ ထုတ်ဖော်နိုင်သည့် အလျင်နှုန်းမှာ နိမ့်ကျလေလေ ဖြစ်သည်။

အမြန်ဆုံးလူသားဆိုသည်မှာ ကြွက်သားများ စုစည်းညီညွတ်မှု အရှိဆုံးသူသာ ဖြစ်ရမည်။ ကာယဗလမောင်တစ်ဦး မဟုတ်ပေ။

ယခုအခါ ရန်ရှောင်စု၏ ခွန်အားမှာ သာမန်လူကြီးတစ်ယောက်ထက် သိသိသာသာ ပိုမိုမြင့်မားနေပြီဖြစ်သည်။ ရန်ရှောင်စု သေချာသတိထားကြည့်လိုက်ရာ ယခုတစ်ကြိမ်တွင် သူ၏ကြွက်သားများ ရောင်ရမ်းဖောင်းကြွလာသည်ကို မည်သူမျှ သတိမထားမိကြပေ။ အချိန်မှာ ဆောင်းဦးနှောင်းပိုင်းဖြစ်ရာ သူဝတ်ထားသော အဝတ်အစားများက ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ဖုံးကွယ်ထားပေးသည်။

ထိုအချိန်တွင် လူနာတစ်ဦးမှာ ရန်ရှောင်စု အာရုံလွှတ်နေခိုက်ကို အခွင့်ကောင်းယူကာ အပြင်သို့ ထွက်ပြေးတော့လေသည်။

“လူနာ ပြေးသွးပြီ။”

ရှောင်ယွီ ရန်ရှောင်စုကို သတိပေးလိုက်၏။ ရန်ရှောင်စုက ပြုံးလိုက်သည်။

“ရပါတယ်...သူက ဒဏ်ရာတွေနဲ့ဆိုတော့ သိပ်ဝေးဝေးမပြေးနိုင်ပါဘူး။ ငါ သွားဖမ်းပြီး ပြန်ခေါ်လာခဲ့မယ်။”

ရှောင်ယွီ - “...”

ကျန်ရှိနေသော လူနာ - “...”

ရန်ရှောင်စု ထွက်ပြေးသွားသော လူနာကို သွားဖမ်းနေစဉ် ရှောင်ယွီက ကျန်နေသောလူနာကို ကြည့်ပြီး ညင်သာစွာ ပြောလိုက်သည်။

“ရှင်ရော ထွက်ပြေးဦးမလို့လား။ တကယ်လို့ ရှင်ပါပြေးမယ်ဆိုရင် ခဏနေကျ ရှင့်ကို အသေသေချာချာ ချုပ်ပေးရလိမ့်မယ်။”

“မပြေးပါဘူး။”

ထိုလူနာက မျက်လုံးမှိတ်ကာ ခိုင်မာသော အမူအရာဖြင့် ပြောလိုက်သည်။

“ချုပ်သာချုပ်ပေးပါတော့။”

ယခုတစ်ကြိမ်တွင် လူနာကို ပြန်ထမ်းလာရသည်မှာ ရန်ရှောင်စုအတွက် မပင်ပန်းတော့ပေ။ သူက လက်တစ်ဖက်တည်းဖြင့်ပင် မလာနိုင်ခဲ့သည်။ လူနာမှာသာ အတော်လေး စိတ်ပျက်အားငယ်နေပုံရသည်။

ထို့နောက်ပိုင်း ကုသမှုများမှာတော့ အနှောင့်အယှက်မရှိတော့ပေ။ ရန်ရှောင်စုက လူနာများကို လက်တစ်ဖက်စီဖြင့် ဖိထားရာ မည်သူမျှ မလှုပ်နိုင်ကြတော့ပေ။

ထိုအခိုက်တွင် အဖိခံထားရသော လူနှစ်ဦးမှာလည်း ရန်ရှောင်စု၏လက်အောက်တွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ချုပ်ကိုင်ခံထားရသည့်အတွက် စိတ်ထဲတွင် တအံ့တဩ ဖြစ်နေခဲ့ကြလေသည်။

ဤသို့ဖြစ်ရန် ခွန်အားမည်မျှ ရှိရမည်နည်း။ သူတို့ ဒဏ်ရာရထားသည်ဆိုစေဦးတော့ ဤမျှအထိတော့ အားမနည်းသင့်ပေ။ ခုနတင်ကမှ သူတို့ အားချင်းယှဉ်ပြီး ရုန်းကန်နိုင်သေးသည် မဟုတ်ပါလော။

အရေးကြီးဆုံးအချက်မှာ နောင်တွင် ရန်ရှောင်စုသာ တစ်စုံတစ်ဦးကို ကုသပေးချင်ပါက မည်သူကမှ ပြေးလွတ်နိုင်တော့မည် မဟုတ်ပေ...။

“မစ်ရှင်အောင်မြင်ပါသည်၊ ဆုလာဘ်- လျင်မြန်ဖြတ်လတ်မှု ၁.၀။”

“မစ်ရှင်- လူနာ ၁၀ ဦးကို ကုသရန်။”

ရန်ရှောင်စုသည် ထိုအသံကို ကြားလိုက်ရချိန်တွင် မှင်တက်သွား၏။ အကြောင်းမှာ ခုနက ဖောင်းကြွလာသော ကြွက်သားများမှာ ရုတ်တရက် သိသိသာသာ ပြန်လည်ပိန်ကျသွားသည်ကို ခံစားလိုက်ရသောကြောင့်ပင်။

ဤ လျင်မြန်ဖြတ်လတ်မှု ဆိုသည်မှာ ကြွက်သားမျှင်များ၏ သန်မာမှုကို မြှင့်တင်ခြင်းဖြင့် ခွန်အားကို မလျော့စေဘဲ ကြွက်သားထုထည်ကို လျှော့ချသည့် နည်းလမ်းကို အသုံးပြုထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် ရန်ရှောင်စုအနေဖြင့် ကာယဗလမောင် ဖြစ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

အကယ်၍ ရန်ရှောင်စု၏ ယခင်ကြွက်သားမျှင်များမှာ သစ်သားချောင်းနှင့် တူခဲ့လျှင် ယခုကြွက်သားမျှင်များမှာ သံချောင်းနှင့် တူနေပြီဖြစ်သည်။

မှန်ပါသည်။ ဤသည်မှာ အကျိုးသင့် အကြောင်းသင့် အရှိဆုံး နည်းလမ်းပင်။ အရေအတွက်ထက် အရည်အသွေးကို မြှင့်တင်ခြင်းကသာ မှန်ကန်သော လမ်းစဉ်ဖြစ်သည်။

ထို့ပြင် သူ၏ ဒဏ်ခံနိုင်စွမ်းမှာလည်း အတူတကွ တိုးတက်လာလိမ့်မည် မဟုတ်ပါလော။

ရန်ရှောင်စုက ထွက်ပြေးရန် ကြိုးစားခဲ့သော လူနာကို ကြည့်ကာ ပြောလိုက်သည်။

“အခု ဆေးထည့်ပြီးပြီဆိုတော့ ဆေးရဲ့အာနိသင်ကို နားလည်သွားပြီမလား။ နာကျင်တာလည်း ချက်ချင်းပျောက်တယ်၊ နောက်လည်း ရောင်ရမ်းလာမှာ မဟုတ်ဘူး။ ငါ စဉ်းစားလို့မရတာက မင်းက ဘာလို့ ထွက်ပြေးရတာလဲ။”

လူနာက အတော်ကြာမှ ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။

“ငါ့မှာ ပိုက်ဆံအလုံအလောက် မရှိလို့ပါ...”

ထိုစကားကြောင့် ရန်ရှောင်စုမှာ သွားကိုက်သလို ဝေဒနာ ခံစားလိုက်ရ၏။ သူက နှမြောတသစွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင်လည်း မင်း ဘာလို့ ဒီထက်မြန်မြန် မပြေးခဲ့တာလဲ။”

အခန်း ၂၀ - ဝံပုလွေအုပ်

လူနာဖြစ်သူသည် သူဘာလို့ ဒီထက်ပိုမြန်မြန်မပြေးနိုင်ရသလဲဟု ရန်ရှောင်စု၏ ငြိုငြင်မှုကို ကြားလိုက်ရသောအခါ အတော်လေး စိတ်မကောင်းဖြစ်သွားခဲ့၏။

“ငါလည်း အစွမ်းကုန်ပြေးခဲ့တာပဲ။ မင်းကသာ ပုံမှန်မဟုတ်အောင် မြန်လွန်းနေတာ။”

ရန်ရှောင်စုက သူ့နှုတ်ခမ်းကို သပ်ရင်း ပြောလိုက်သည်။

“တခြားလူတွေကတော့ ပိုက်ဆံပေးပြီး ပြန်ကုန်ကြပြီ။ ခင်ဗျားကိစ္စကို ဘယ်လိုလုပ်ရမလဲ ပြောဦး။ ဒါက ဆေးခန်းပဲ၊ ပရဟိတဂေဟာ မဟုတ်ဘူး။”

“ဒါဆို မင်းက ဘယ်လိုလုပ်စေချင်လို့လဲ။”

ထိုလူမှာ ငိုတော့မည့်အတိုင်းပင်။ ရန်ရှောင်စုကိုလည်း မယှဉ်နိုင်၊ ပိုက်ဆံလည်း အလုံအလောက်မရှိသဖြင့် ဒီနေ့ ဒီနေရာမှာတင် အသက်ပါ ပေးလိုက်ရတော့မည်လားဟု တွေးမိနေသည်။

“ဒီလိုလုပ်လေ...။”

ရန်ရှောင်စုက ကြင်နာတတ်သည့် လေသံဖြင့် ပြောလိုက်သည်။

“ခင်ဗျား သေချာ စဉ်းစားကြည့်ကြည့်...။အိမ်မှာ ဝှက်ထားတဲ့ ပိုက်ဆံတွေ ဘာတွေ မရှိဘူးလား။”

“မရှိပါဘူး...။ ဒီခေတ်ကြီးမှာ ဘယ်သူက အိမ်မှာ ပိုက်ဆံဝှက်ရဲမှာလဲ။ ကိုယ့်မိန်းမကိုယ်တောင် မယုံရတဲ့ဟာကို။”

ထိုလူက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ရန်ရှောင်စုလည်း စိတ်မရှည်တော့ချေ။

“အပိုတွေ ပြောမနေနဲ့၊ ခင်ဗျားဆီမှာ ပိုက်ဆံ ဘယ်လောက်ကျန်သေးလဲဆိုတာသာ ပြောစမ်း။”

“လစာထုတ်ဖို့ ၄-၅ ရက် လိုသေးတယ်လေ။ လကုန်ရက်ဆိုတော့ ငါတို့လို အလုပ်သမားတွေမှာ ပိုက်ဆံက အပိုမရှိဘူး...။”

“ခင်ဗျားဆီမှာ ဘယ်လောက်ကျန်လဲလို့ ကျုပ်မေးနေတယ်။”

ရန်ရှောင်စုက အော်ငေါက်လိုက်၏။

“၄၃၂ ယွမ်ပါ...”

ထိုလူ ငိုသံပါဖြင့် ပြန်ဖြေလိုက်လေသည်။

သူ့ကို အကြွေးစာချုပ်၌ လက်မှတ်ထိုးခိုင်း၍ မဖြစ်နိုင်ပေ။ ယနေ့ခေတ်တွင် ယနေ့ အကြွေးစာချုပ်၌ လက်မှတ်ထိုးထားလျှင်ပင် မနက်ဖြန်တွင် ထိုလူ ရှိချင်မှ ရှိတော့မည် မဟုတ်ပါလော။ ရန်ရှောင်စုသည် ထိုလူ့ထံတွင် တန်ဖိုးရှိသည့်အရာ တစ်ခုခု ပါမလားဟု လိုက်ကြည့်လိုက်သည်။

ရုတ်တရက် ရန်ရှောင်စု တစ်စုံတစ်ခုကို သတိရသွားပြီး မျက်လုံးများ တောက်ပသွားကာ ပြောလိုက်သည်။

“ဒီလိုလုပ်...ခင်ဗျား အခက်အခဲဖြစ်နေတာကို မြင်ရတာ စိတ်မကောင်းလို့ ကျန်တဲ့ ပိုက်ဆံတွေကို လျှော့ပေးလိုက်မယ်။ ခင်ဗျားအိတ်ထဲက ပိုက်ဆံတွေပဲ ပေးတော့။ ပြီးတော့ ထမင်းစားဖို့ ၃၂ ယွမ် ချန်ထား... အာ... မဟုတ်သေးဘူး ၂ ယွမ် ချန်လိုက်။”

ထိုစကားကို ကြားသောအခါ လူနာဖြစ်သူမှာ ကျေးဇူးတင်လွန်းသဖြင့် ငိုမတတ် ဖြစ်သွားကာ “ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်!” ဟု ထပ်ခါတလဲလဲ ပြောတော့သည်။

“တုန့်မင်ရွှိုက်ထံမှ ကျေးဇူးတင်ရှိမှု +၁။”

ရန်ရှောင်စု အလွန်ဝမ်းသာသွားခဲ့သည်။ ကျေးဇူးတင်မှု ရယူနိုင်မည့် နည်းလမ်းကို သူ နောက်ဆုံးတော့ ရှာတွေ့သွားခဲ့ချေပြီ။

ပထမအချက်အနေဖြင့် စျေးနှုန်းသတ်မှတ်မှုက ကျိုးကြောင်းဆီလျော်ရမည်။ တခြားဆေးခန်းက ၆၀၀ ယူလျှင် သူကလည်း ၆၀၀ သာ ယူရမည်။ သို့မှသာ လူအများက သူ့ကို ဓားပြတိုက်နေသည်ဟု မထင်ကြမည်ဖြစ်သည်။ ဒုတိယအချက်မှာ သရုပ်ဆောင်ရမည်။ ပိုက်ဆံ အနည်းငယ် လျော့ရစေဦးတော့ ကျေးဇူးတင်မှု ရအောင် ယူရမည်။

ပိုက်ဆံရဖို့က အရေးမကြီးချေ။ ကျေးဇူးတင်မှုရဖို့ကသာ အရေးကြီးပေသည်။ ကျေးဇူးတင်မှု ရှိမှသာ ပိုက်ဆံကလည်း လိုက်ပါလာမည်ဖြစ်သည်။

တစ်နေ့တည်းနှင့်တင် ရန်ရှောင်စုသည် ၂၂၃၀ ယွမ် ရှာဖွေနိုင်ခဲ့ပြီဖြစ်သည်။ ၎င်းမှာ စာကလေးဖမ်းသည်ထက် ပိုမြန်သည့်အပြင် အန္တရာယ်လည်း လုံးဝမရှိပေ။

ယခုအခါ ရန်ရှောင်စု၏ ကျေးဇူးတင်ဒင်္ဂါးပြားမှာ ၄ ပြားအထိ ပြန်တိုးလာခဲ့ချေပြီ။ များများစားစား မဟုတ်သော်လည်း အရေးကြီးဆုံးမှာ စမ်းသပ်မှုများမှတစ်ဆင့် နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့သွားခြင်း ဖြစ်သည်။

ရန်ရှောင်စုသည် ပျော်ရွှင်စွာဖြင့် ယန့်လျို့ယွမ် းအတွက် နောက်ထပ် အနွေးထည် တစ်စုံ ဝယ်ပေးနိုင်တော့မည်ဟု တွေးနေမိသည်။ ထို့နောက် ရှောင်ယွီကို လှည့်ကြည့်လိုက်၏။

အင်း အစ်မရှောင်ယွီ အတွက်လည်း ဆောင်းတွင်းစာ အနွေးထည်အင်္ကျီ တစ်ထည်လောက် ဝယ်ပေးရမယ်။

ရှောင်ယွီသည်လည်း သူနာပြုတစ်ယောက်အဖြစ် အသားကျနေပြီ ဖြစ်ရာ သူ့ကို အလကား ခိုင်းထား၍ မဖြစ်ပေ။ သို့သော်လည်း အလျင်မလိုသေးပါချေ။ တစ်လအတွင်း ဘယ်လောက်ရှာနိုင်မလဲဆိုသည်ကို အရင်ကြည့်ပြီးမှ ရှောင်ယွီကို လစာ ဘယ်လောက်ပေးရမလဲဆိုသည်အား ဆုံးဖြတ်ရပေမည်။

...

စက်ရုံ ဘွိုင်လာအိုး ပေါက်ကွဲမှု သတင်းမှာ စျေးမြို့သို့ ရောက်ရှိသွားပြီး အမျိုးသမီး အများအပြားမှာ မိမိတို့၏ အမျိုးသားများ မတော်တဆမှု ဖြစ်မည်ကို စိုးရိမ်ပူပန်နေကြသည်။

ရန်ရှောင်စုသည် လူနာများကို ထမ်းလာရန် စောင့်ဆိုင်းရင်း တဲအိမ်လေးထဲတွင် တစ်နေကုန် ထိုင်နေခဲ့သော်လည်း မည်သူ့ကိုမျှ မတွေ့ရပေ။

အဆိုးရွားဆုံး ခံစားနေရသူမှာ စျေးမြို့ရှိ ဆေးခန်းမှ ဆရာဝန်အတုပင် ဖြစ်သည်။ သူသည် ဘွိုင်လာအိုး ပေါက်ကွဲမှု သတင်းကို ကြားကြားချင်း လူနာများ လာကြတော့မည်ဟု ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သော်လည်း ညနေစောင်းသည်အထိ ဆေးကုရန် လူနာတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ပေ။

ထိုဆရာဝန်လေးမှာ အခြေအနေကို စုံစမ်းရန် အပြင်ထွက်လာခဲ့လိုက်သည်။ ညနေပိုင်းက ဒဏ်ရာရထားသော လူ ၃ ဦး ပြန်ရောက်လာသည်ဟု သူသေချာပေါက် ကြားထားခဲ့သော်လည်း သူတို့ထဲက တစ်ယောက်မှ ဆေးလာထည့်ခြင်း မရှိခဲ့သည်မှာ ဘာကြောင့်နည်း။

သို့သော်လည်း သူ စုံစမ်းကြည့်ပြီးသည်နှင့် ခေါင်းကိုက်သွားတော့သည်။ တစ်ယောက်ယောက်က သူ့ထက် စျေးလျှော့ပြီး ဖောက်သည်လုသွားခဲ့ခြင်းပင်။

“ဘယ်သူက ငါ့ထက် ဈေးလျှော့ပြီး ကုရဲတာလဲကွ”။

သူက တွေးလိုက်မိ၏။ နောက်ထပ် ထပ်မံစုံစမ်းကြည့်လိုက်သည့်အခါ ထိုသူမှာ ရန်ရှောင်စု ဖြစ်နေကြောင်း သိလိုက်ရလေတော့သည်။

ဆရာဝန်လေးမှာ အတော်ကြာအောင် ဝေခွဲမရဖြစ်နေပြီးနောက် အံကြိတ်ကာ ဆုံးဖြတ်ချက်ချလိုက်၏။

ရန်ရှောင်စု ဖြစ်တော့ရော ဘာဖြစ်သလဲ။ ရန်ရှောင်စုဆိုတိုင်း သူတပါးရဲ့ ဝမ်းစာရေးကို ဝင်နှောက်ယှက်လို့ ရမလား။

သို့သော် ဆရာဝန်လေးသည် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရသည်။

ရန်ရှောင်စုက ဒဏ်ရာကုသပြီး လူကယ်တဲ့ပညာကို ဘယ်တုန်းက ရုတ်တရက် တတ်သွားတာလဲ။

အရင်က ဆေးနက်အကြောင်း ကြားတုန်းကတော့ ရန်ရှောင်စု လျှောက်စပ်ထားသည်ြ ဆေးမြီးတိုဟုသာ ထင်ခဲ့ပြီး သူ တကယ်မယုံခဲ့ချေ။ ယခုမူ သူ မယုံ၍ မရတော့ပေ။

သူသည် ဒေါသတကြီးဖြင့် အမှန်တရားကို သွားရောက်ပြောဆိုရန် ရန်ရှောင်စု၏ တဲအိမ်ဆီသို့ ပြေးသွားတော့လေသည်။

ရန်ရှောင်စု၏ တဲအိမ်ရှေ့သို့ သူရောက်သွားချိန်တွင် ရန်ရှောင်စုမှာ အရိုးဓားတစ်ချောင်းဖြင့် အာလူးနွှာနေ၏။ အရိုးဓားက အာလူးကို တစ်ဖက်မှ တစ်ဖက်သို့ ဖောက်ထွက်သွားသည်အထိ စိုက်ဝင်သွားသည်ကို သူမြင်လိုက်ရ၏။

သူ့ကိုတွေ့သောအခါ ရန်ရှောင်စုက အေးအေးဆေးဆေးပင် မေးလိုက်သည်။

“မင်း ငါ့ကို ရှာနေတာလား။”

“ဘာမှမဟုတ်ပါဘူး။ ခင်ဗျား ထမင်းစားပြီးပြီလားလို့ လာမေးတာပါ။”

ဆရာဝန်လေးက ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်သည်။ ရန်ရှောင်စုက သူ့ကို တစ်ချက်ကြည့်လိုက်၏။

“ယွီထုံ မင်းလည်း အသက်မငယ်တော့ဘူး။ မင်းရဲ့အဖေ ဆရာဝန်ကြီး ချန်ထားခဲ့တဲ့ ဂုဏ်သိက္ခာတွေလည်း မင်းလက်ထဲမှာ ကုန်သလောက်ရှိနေပြီ။ ငါ အကြံပေးချင်တာကတော့ နောက်ပိုင်းမှာ သေက္ခာမပျက်ရလေအောင် အခုကတည်းက ဆရာဝန်ကြီးရဲ့ ဆေးကျမ်းတွေကို ပြန်လှန်ဖတ်ထားတာ ကောင်းလိမ့်မယ်။”

“မင်း... မင်း ဘာတွေပြောနေတာလဲ။”

ယွီထုံက အပြစ်ရှိသလို ခံစားချက်ဖြင့် တုံ့ပြန်လိုက်သည်။

“ငါ နေ့တိုင်း ဆေးကျမ်းဖတ်ပါတယ်။”

“အင်း... ဒါဆိုလည်း ပြီးတာပဲ။”

ရန်ရှောင်စုက ခေါင်းငုံ့ကာ သူ့ကို ဂရုမစိုက်တော့ဘဲ အာလူးကိုသာ ဆက်နွှာနေလိုက်သည်။

အမှန်အတိုင်း ပြောရလျှင် ယခင်က ရန်ရှောင်စုတို့သည် အာလူးနွှာလေ့မရှိဘဲ သည်အတိုင်း စားကြခြင်းဖြစ်သည်။ အကြောင်းမှာ အခွံနွှာလိုက်လျှင် စားရမည့် ပမာဏ အတော်များများ လျော့နည်းသွားသောကြောင့်ပင်။ သို့သော် ယခုမူ မတူတော့ပေ။ ရန်ရှောင်စုတွင် ပိုက်ဆံရှိလာပြီဖြစ်ရာ သူ သုံးနိုင်ဖြုန်းနိုင်လာပြီ ဖြစ်သည်။

ထိုအချိန်မှာပင် လူအတော်များများ စျေးမြို့ထဲသို့ အလန့်တကြား ပြေးဝင်လာပြီး အော်ဟစ်ကြတော့သည်။

“ဒုက္ခရောက်ပြီ... ဒုက္ခရောက်ကုန်ပြီ။”

ရန်ရှောင်စု မျက်မှောင်ကြုတ်သွား၏။ သူက ပြေးလာသူတစ်ဦးကို ဖမ်းဆွဲပြီး မေးလိုက်သည်။

“ဘာဖြစ်တာလဲ...”

“စက်ရုံက ဘွိုင်လာအိုး ပေါက်ကွဲတဲ့ သွေးနံ့က ဝံပုလွေအုပ်ကြီးကို ဆွဲဆောင်လိုက်ပြီ။”

ထိုလူက ထိတ်လန့်တကြား ပြောလိုက်သည်။

“အဲဒီ ဝံပုလွေတွေ ဘယ်က ရောက်လာမှန်းမသိဘူး။ အများကြီးပဲ။”

“အများကြီးဆိုတာ ဘယ်လောက်လဲ။”

ရန်ရှောင်စုက မေးလိုက်သည်။

“အနည်းဆုံးတော့ တစ်ရာကျော်လောက် ရှိမယ်ထင်တယ်။”

ဒါက တကယ့်ကို ပြဿနာကြီးပဲ။

စက်ရုံ၌ ကျန်နေခဲ့သော အလုပ်သမားများမှာ အသက်ဘေးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ဝံပုလွေအုပ် မပေါ်လာသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ ထိုကာလအတွင်း လူတိုင်းက ဝံပုလွေအုပ်၏ အန္တရာယ်ကို မေ့လျော့သလောက် ရှိနေခဲ့ကြသည်။ သူတို့ ဘယ်အရပ်ကို ပျောက်ကွယ်သွားမှန်း မည်သူမျှ မသိခဲ့ကြသော်လည်း ယခု ပြန်ပေါ်လာချိန်တွင် သူတို့၏ အရေအတွက်မှာ အရင်ကထက် အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။

သို့သော် ဝံပုလွေအုပ်သည် စျေးမြို့အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် မဝံ့ရဲကြပေ။ အကြောင်းမှာ ဤနေရာတွင် မြင့်မားသော တံတိုင်းကြီးများ ရှိသလို တံတိုင်းပေါ်တွင်လည်း ခေတ်မီ လက်နက်ကြီးများ တပ်ဆင်ထားသောကြောင့်ပင်။

ဒါကလည်း ဒုက္ခသည်များ တံတိုင်းအပြင်ဘက်တွင် စုဝေးပြီး စျေးမြို့အဖြစ် တည်ဆောက်ခဲ့ကြသည့် အဓိက အကြောင်းရင်းပင်။

“ဘာကြည့်နေတာလဲ... စားလေ။”

ရန်ရှောင်စုက ယန်လျို့ယွမ်ကို ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက် သူကိုယ်တိုင်လည်း ထိုင်ပြီး ဆက်စားနေသည်။ ယန်လျို့ယွမ်က စားရင်းဖြင့် အပြင်ဘက်ကို စပ်စပ်စုစုကြည့်နေကာ မေးလိုက်သည်။

“အစ်ကို အဲ့ဒီတုန်းက မင်း ဘယ်လိုများ လွတ်အောင် ပြေးခဲ့တာလဲ။ အစ်ကို အဲ့ဒီအကြောင်း တစ်ခါမှ မပြောပြဖူးဘူးနော်။”

ရန်ရှောင်စုက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ ပြန်မဖြေခဲ့ချေ။ ဘေးနားရှိ ရှောင်ယွီကလည်း ရန်ရှောင်စုကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မမေးခဲ့ပေ။

ယန်လျို့ယွမ် အာလူးတစ်လုံး စားပြီးသွားသောအခါ ရန်ရှောင်စုက နောက်တစ်လုံး ထပ်ပေးလိုက်သည်။

“များများစား... ကိုယ်ခန္ဓာကြီးထွားမှ တခြားလူတွေထက် အသက်ရှင်နိုင်ခြေ ပိုများမှာ။”

“အစ်ကို ဝံပုလွေတွေ စျေးမြို့ထဲကို ရောက်လာမှာ စိုးရိမ်နေတာလား။”

ရန်ရှောင်စု၏ ကျုံ့နေသော မျက်မှောင်များကို ကြည့်ရင်း ယန်လျို့ယွမ်က မေးလိုက်သည်။

“သူတို့ မလာနိုင်ပါဘူး။”

ရန်ရှောင်စုက ခေါင်းခါကာ ပြောလိုက်သည်။

“သူတို့က မင်းထင်တာထက် ပိုပြီးဉာဏ်ကောင်းတယ်။ ဒီကိုလာပြီး စွန့်စားမှာ မဟုတ်ဘူး။ စက်ရုံမှာ ဘွိုင်လာအိုးပေါက်ကွဲပြီး လူသေဆုံးမှုတွေ မရှိခဲ့ရင် သူတို့ အဲ့ဒီကိုလည်း သွားမှာမဟုတ်ဘူး။ သူတို့က သွေးနံ့ကြောင့် ဆွဲဆောင်ခံရတာ မဟုတ်ဘူး။ သေခြင်းတရားကြောင့် ဆွဲဆောင်ခံလိုက်ရတာပဲ။”

“ဒါဆို အစ်ကိုက ဘာကို စိုးရိမ်နေတာလဲ။”

ယန်လျို့ယွမ်က စပ်စုလိုက်ပြန်သည်။ ရန်ရှောင်စုက အတော်ကြာအောင် စဉ်းစားနေပြီးမှ ပြောလိုက်သည်။

“တစ်နေ့ ဒီတံတိုင်းကြီး ပြိုကျသွားရင် ဘယ်လိုလုပ်မလဲ။”

ရှောင်ယွီ အံ့အားသင့်သွား၏။

“ဒီတံတိုင်းကြီးက ပြိုကျနိုင်လို့လား။”

“ငါလည်း မသိဘူး။”

ရန်ရှောင်စုက ထပ်မံခေါင်းခါလိုက်ပြန်သည်။

“ဒါပေမဲ့ ဒီလောကမှာ မပြောင်းလဲတဲ့အရာဆိုတာ မရှိဘူး။ ငါ ဝံပုလွေအုပ်ကို နှစ်ကြိမ် တွေ့ဖူးတယ်။ ပထမတစ်ကြိမ်က သူတို့နဲ့ အလှမ်းဝေးသေးလို့ ငါပြေးနိုင်ခဲ့တယ်။ ဒုတိယတစ်ကြိမ်မှာတော့ ငါ့ကံက သိပ်မကောင်းခဲ့ဘူး။ ဒါပေမဲ့ ငါအမြဲ ခံစားနေရတာကတော့... သူတို့က ပိုပိုပြီး သန်မာလာကြသလိုပဲ။”

အမှန်စင်စစ် ရန်ရှောင်စု တွေးနေမိသည်မှာ တကယ်၍ တစ်နေ့တွင် ခံတပ်တံတိုင်းကြီး ပြိုလဲသွားပါက ဤကမ္ဘာလောကကြီးသည် အဘယ်သို့သော အခြေအနေသို့ ရောက်ရှိသွားမည်နည်း ဟူ၍ပင်။

All Chapters