← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း ၁၁

အခြေခံအဆင့် စကေးကူးယူခြင်းစာရွက်နှစ်ခု...ဤအရာများမှာ အမှန်တကယ်ပင် အလွန်အသုံးဝင်လှသည်။

ရန်ရှောင်စုကိုယ်တိုင်လည်း အသိပညာကို ဆာလောင်မွတ်သိပ်သူတစ်ဦးဖြစ်ရာ သင်ယူခြင်းစာရွက်တစ်ခုသည် အခြားသူတစ်ဦး၏ အဆင်သင့်ရှိပြီးသား အတွေ့အကြုံများကို သင်ယူခွင့်ပေးထားသဖြင့် ရန်ရှောင်စုက ၎င်းတို့ကို ရတနာများကဲ့သို့ တန်ဖိုးထားပေသည်။

သင်ယူရမည့် ကျွမ်းကျင်မှုမှာ ကျပန်းဖြစ်ပြီး မည်သည့်အသုံးမဝင်သော ကျွမ်းကျင်မှုမျိုး ရလာမည်ကို မသိနိုင်သော်လည်း ရန်ရှောင်စုသည် ယခင်က အဆင့်မြင့် သေနတ်ပစ်ကျွမ်းကျင်မှုကို သင်ယူခဲ့စဉ်ကပင် ၎င်း၏အရသာကို ကောင်းကောင်းသိရှိသွားခဲ့ပြီးဖြစ်သည်။

သို့သော် ရန်ရှောင်စုကို နန်းတော်ဆီသို့ ပို၍ဆွဲဆောင်နေသောအရာမှာ ထိုသင်ယူခြင်းစာရွက်နှစ်ခုမဟုတ်ဘဲ နန်းတော်က နောက်ဆုံးတွင် ပြောသွားသည့်အရာ... အပိုမစ်ရှင်ပင် ဖြစ်သည်။

၎င်းမှာ အပိုမစ်ရှင်ဖြစ်သဖြင့် အရေးမကြီးသော အရံကိစ္စ သို့မဟုတ် ခဏတာမျှသာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုစဉ်က နန်းတော်က ပြောလိုက်သည်ကို ရန်ရှောင်စု ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်၏။ “သင့်မှာ လက်နက်မရှိတဲ့အတွက် အထူးသဖြင့်...” ဟု ဖြစ်သည်။

ထို့ကြောင့် ဤတာဝန်မှာ လက်နက်များနှင့် ပတ်သက်နေသည်မှာ သေချာသည် မဟုတ်ပါလော။

တောရိုင်းမြေပြင်တွင် နှစ်ပေါင်းများစွာ လှည့်လည်သွားလာခဲ့သူဖြစ်ရာ ရန်ရှောင်စုသည် ကောင်းမွန်သော လက်နက်တစ်ခု၏ အရေးပါပုံကို ကောင်းကောင်းကြီး နားလည်ထားပြီးဖြစ်သည်။

ယခင်က လောင်ဝမ်သည် သံမဏိဓားတစ်လက် ရရှိခဲ့ဖူးပြီး ရန်ရှောင်စုကို ရောင်းချချင်ခဲ့၏။ သို့သော် ရန်ရှောင်စုမှာ နှစ်ဝက်ခန့် ငွေစုခဲ့သော်လည်း ငွေမလောက်ခဲ့ပေ။

နောက်ဆုံးတွင် လောင်ဝမ်သည် ထိုဓားကို ဓာတုဗေဒစက်ရုံမှ မန်နေဂျာထံသို့သာ ရောင်းချလိုက်သည်။

စက်ရုံမန်နေဂျာဆိုသည်မှာ များသောအားဖြင့် ခံတပ်က ဒုက္ခသည်များထဲမှ ရွေးချယ်ထားသော ခေါင်းဆောင်များ ဖြစ်ကြသည်။ ခံတပ်က အသားစားချိန်တွင် သူတို့က ဟင်းရည်ကို သောက်ခွင့်ရသူများ ဖြစ်ကြသည်။

ထိုစဉ်က ရန်ရှောင်စုသည် တစ်နေ့နေ့တွင် ကောင်းမွန်သော လက်နက်တစ်ခုသာ ရှိခဲ့လျှင် မည်မျှကောင်းမည်နည်းဟု တွေးခဲ့ဖူးသည်။

သို့ဆိုလျှင် သူသည် စာကလေးတစ်ကောင်ကို နေ့တိုင်း တောထဲတွင် အိပ်စောင့်နေစရာ မလိုတော့ပေ။ စာကလေးကို စောင့်ရသည်မှာ ပို၍ပို၍ ခက်ခဲလာပြီး အလွန်ပင် ပင်ပန်းလှသည်။

ထိုအခါမှသာ ယုန်များ၊ လယ်ကြွက်များ၊ ဝါးကြွက်များ စသည့် အခြားသော တောရိုင်းတိရစ္ဆာန်များကို အပြည့်အဝ အမဲလိုက်နိုင်ပေလိမ့်မည်...။

ယခုခေတ်တွင် ယုန်များကိုပင် သားရဲများဟု သတ်မှတ်နေရပြီဖြစ်သည်။

တောထဲရှိ ယုန်များသည် လူကို အရင်စပြီး မတိုက်ခိုက်တတ်ကြသော်လည်း လူတစ်ယောက်၏ ခြေသလုံးခန့် မြင့်သောယုန်များမှာ အလွန်ပင် သန်မာလှသည်။

ရန်ရှောင်စုသည် တစ်ခါက နှစ်မီတာကျော်နက်သော ကျင်းဖြင့် ထောင်ချောက်တစ်ခု တူးခဲ့ဖူး၏။

ယုန်မှာ ကျင်းထဲသို့ ပြုတ်ကျသွားခဲ့သော်လည်း ရန်ရှောင်စု အနားသို့ ချဉ်းကပ်လိုက်သည်နှင့် ယုန်သည် ခြေထောက်ကို အားပြုကာ အပြင်သို့ ခုန်ထွက်သွားခဲ့သည်။

လေထဲတွင် ရှိနေစဉ်မှာပင် ၎င်းသည် ရန်ရှောင်စု၏ နဖူးတည့်တည့်ကို ကန်သွားခဲ့ရာ သူ၏ ဦးနှောက်ထဲ၌ သွေးယိုစိမ့်သွားမတတ်ပင် ခံစားခဲ့ရသည်...။

ရန်ရှောင်စု စာရိုက်စက်ပေါ်ရှိ သားရေစာရွက်ကို ကြည့်လိုက်၏။

“သင့်မှာ လက်နက်မရှိတဲ့အတွက် အကိုမစ်ရှင်တစ်ခုကို အထူးတလည် စတင်လိုက်ပါပြီ။ လက်နက်များကို ရယူနိုင်ရန် ‘စိတ်ရင်းမှန်သော ကျေးဇူးတင်စကား’ ၁၀၀ ကို စုဆောင်းပါ။ ကျေးဇူးတင်စကားများကို အသုံးချ၍ ပစ္စည်းများကိုလည်း လဲလှယ်နိုင်ပါသည်။”

ရန်ရှောင်စု၏ မျက်နှာပေးမှာ ထူးဆန်းသွားတော့သည်။

ဒီအပိုမစ်ရှင်က ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ...။

ကျေးဇူးတင်စကားတွေ စုဆောင်းရမယ်ဟုတ်လား။ ပြီးတော့ အဲဒါတွေကလည်း စိတ်ရင်းမှန်ရဦးမယ်တဲ့လား။

ကျေးဇူးတင်စကား ရဖို့ဆိုသည်မှာ လွယ်ကူနိုင်သော်လည်း စိတ်ရင်းမှန်ရမည်ဆိုသော အချက်ကတော့ ခက်ခဲပေသည်။

ပြီးတော့ ကျေးဇူးတင်စကားတွေကို ငွေကြေးလို သုံးလို့ရတယ် ဟုတ်လား။ အဓိကက အဲ့ဒါတွေနဲ့ ဘာဝယ်လို့ရမှာလဲ။

သူသည် သားရေစာရွက်ကို ဆက်ကြည့်နေစဉ် စာသားအချို့မှာ အခါအားလျော်စွာ အသစ်ပြန်ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

“လီရှောင်ယွီထံမှ ကျေးဇူးတင်စကား +၁”

ငါ ကျေးဇူးမသိတတ်တဲ့သူတစ်ယောက်ကို ကယ်လိုက်တာတော့ မဟုတ်ဘူးပဲ။

ရန်ရှောင်စု သက်ပြင်းချလိုက်မိသည်။ နန်းတော်၏ ဆုံးဖြတ်ချက်မှာ မှားစရာမရှိပေ။

ထိုစဉ် သားရေစာရွက်ပေါ်တွင် စာလုံးအသေးလေး တစ်ကြောင်း ထပ်ပေါ်လာခဲ့သည်။

လက်နက်ရယူရန်- ၁/၁၀၀။

ရန်ရှောင်စုသည် အနည်းငယ် နှမြောမိသွား၏။ အကယ်၍သာ အပျက်သဘောဆောင်သည့် ခံစားချက်များကို စုဆောင်း၍ရမည်ဆိုလျှင် သူသည် တစ်မြို့လုံးကလူများကို မိနစ်ပိုင်းအတွင်းမှာတင် စိတ်တိုအောင်လုပ်ပြီး အမှတ်များ။ အပြည့်အဝ ရယူနိုင်မည်မှာ သေချာသည်။

သို့သော် နန်းတော်က ပေးသမျှကို သူ အသုံးပြုရပေလိမ့်မည်။ ရန်ရှောင်စုသည် သူ၏ အနာဂတ်လက်နက်အတွက် စတင်မျှော်လင့်မိနေပြီဖြစ်သည်။

ဤလျှို့ဝှက်ဆန်းကြယ်သော နန်းတော်မှ ပေးသောအရာများသည် သေချာပေါက် ညံ့ဖျင်းမည့်အရာများ မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရန်ရှောင်စု ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ယန်လျိုယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“လျို့ယွမ်..ငါ့ကို ကျေးဇူးတင်တယ်လို့ ပြောစမ်း။”

ယန်လျို့ယွမ်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။

“အစ်ကို...အဲ့လိုကြီး မလုပ်ပါနဲ့လား။ ငါ နည်းနည်း ကြောက်လာပြီ။”

“ဘာကြောက်စရာ ရှိလို့လဲ။”

ရန်ရှောင်စုက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။

“ပြောဆိုရင် ပြောလိုက်စမ်းပါ။”

ယန်လျို့ယွမ်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ငါ့ကို အမြဲတမ်း ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

“ယန်လျို့ယွမ်ထံမှ ကျေးဇူးတင်စကား +၁။”

ရန်ရှောင်စုမှာ ဝမ်းသာအားရဖြင့် ပြုံးဖြဲဖြဲ ဖြစ်သွားခဲ့၏။

ဒီလောက်တောင် လွယ်တာလား။

“ဟုတ်ပြီ... နောက်ထပ် အခါနှစ်ဆယ်လောက် ထပ်ပြောပါဦး။”

ရန်ရှောင်စုက ပြောလိုက်သည်။ ယန်လျို့ယွမ်တစ်ယောက် ဆွံအသွားလေသည်။

“ကျေးဇူးတင်ပါတယ်...”

ယခုတစ်ခါတွင်မူ ရန်ရှောင်စု စိတ်ပျက်သွားရ၏။ ဒီအတိုင်း ထပ်ခါတလဲလဲ ပြောရုံနှင့် ရပုံအရပေ။ အဓိကသော့ချက်မှာ “စိတ်ရင်းမှန်” ရမည်ဟူသော အချက်ပင်။

သူက ယန်လျို့ယွမ်ကို မကျေနပ်သလို ကြည့်လိုက်၏။

“မင်းဟာက စိတ်ထဲကမပါဘူး။”

“မှားနေပြီ...မှားနေပြီ...။ မင်းရဲ့ ခံစားချက်က မမှန်ဘူး။ ပြန်လုပ်ရအောင်။”

“မမှန်သေးဘူး။ မင်း ခံစားချက်ကို အရင် မွေးမြူရမယ်။ လာ... လာ... ဟုတ်ပြီ... ဟုတ်ပြီ။ အဲ့ဒီ မျက်နှာပေးမျိုးပဲ။”

“ထပ်ကြိုးစားကြည့်ပါဦး...စိတ်ရင်းမှန်ရင် အောင်မြင်မှာပါ...။”

“ထပ်လုပ်ကြည့်စမ်း...ဒီတစ်ခါ အသံထဲမှာ ခံစားချက် ပိုထည့်လိုက်...။”

ယန်လျို့ယွမ်မှာ ထိုနေရာတွင်တင် စိတ်ဓာတ်ကျလုနီးပါး ဖြစ်သွားရသည်။ သူက ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။

“အစ်ကို... ဒါက အစ်ကို့ရဲ့ စွမ်းရည်လား။ အစ်ကို့စွမ်းရည်က အသံပြာအောင်လုပ်တဲ့ စွမ်းရည်ထင်တယ်...။”

ထိုညတွင် ရန်ရှောင်စုသည် ယန်လျို့ယွမ်နှင့်အတူ ညဉ့်နက်သည်အထိ လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျေးဇူးတင်စကား တစ်ခုသာ ထပ်မံရရှိခဲ့သည်။

ထို့နောက် ထိုကျေးဇူးတင်စကားမှာ ဒင်္ဂါးပြားနှစ်ပြား ဖြစ်သွားခဲ့‌လေသည်။

ဒင်္ဂါးပြားများ၏ အရှေ့ဘက်တွင် နှလုံးသားပုံ ထွင်းထုထားပြီး အနောက်ဘက်တွင်မူ စာသားလေးတစ်ခု ပါရှိသည်။

“ကျေးဇူးသိတတ်သော နှလုံးသားတစ်စုံ... ဒီမှာရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဘဝတစ်လျှောက်လုံး ငါနဲ့အတူ ရှိနေပေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ သတ္တိတွေ ပေးခဲ့တယ်။”

“ကျေးဇူးသိတတ်သော နှလုံးသားတစ်စုံ... ကံကြမ္မာကို ကျေးဇူးတင်ပါတယ်။ ပန်းတွေပွင့်သည်ဖြစ်စေ၊ ကြွေသည်ဖြစ်စေ၊ ငါ အမြဲတမ်း တန်ဖိုးထားနေမှာပါ။”

ရန်ရှောင်စုက နှုတ်ခမ်း သပ်လိုက်မိသည်။ တော်တော်လေးကို ချိုမြိန်လွန်းသည့် စာသားများပင်။

ထိုခဏ၌ နန်းတော်အတွင်းရှိ အမည်းရောင် မြူခိုးများ ဖုံးလွှမ်းနေသော ပြကွက်ဗီဒိုများမှာ ပြောင်းလဲသွားခဲ့သည်။

နောက်ဆုံးတွင် စာရိုက်စက်၏ ဘယ်ဘက်တည့်တည့်ရှိ ဗီဒိုတစ်ခုမှ မြူခိုးများမှာ ကင်းစင်သွားပြီး... အထဲတွင် အလိုအလျောက် အရောင်းစက်တစ်ခု ပေါ်လာခဲ့လေသည်။

ရန်ရှောင်စုမှာ ထိုအရာက ဘာအတွက် သုံးရမှန်းမသိဘဲ အတော်ကြာအောင် မှင်တက်နေမိသည်။

သူ ဤအရာကို မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုခေတ် အပြင်လောကတွင် ထိုကဲ့သို့သော အရာမျိုး မရှိတော့ပေ။

သို့သော် ထိုအရောင်းစက်ပေါ်မှ စာသားကိုမူ သူနားလည်ပေသည်။

“ဒင်္ဂါးထည့်ရန် အပေါက်”။

အခြား ရွေးချယ်စရာများ မရှိဘဲ ဒင်္ဂါးထည့်ရမည့် နေရာတစ်ခုသာ ရှိသဖြင့် သူသည် အခြားဘာမျှ စဉ်းစားမနေတော့ဘဲ ဒင်္ဂါးကို ထည့်ကြည့်လိုက်တော့သည်။

ဂလောက်ကနဲ အသံနှင့်အတူ နှလုံးသားပုံပါသော ဒင်္ဂါးပြားမှာ စက်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ထို့နောက် စက်အတွင်းမှ စက်သံများ မြည်လာပြီး လည်ပတ်သွားကာ လက်ဖဝါးထက်ပင် သေးငယ်သော ပုလင်းလေးတစ်လုံး လိမ့်ဆင်းလာသည်။

ရန်ရှောင်စု ၎င်းကို ထုတ်ယူကြည့်လိုက်ရာ ပုလင်းပေါ်တွင် ‘ဆေး’ ဟူသော စာလုံးတစ်လုံးတည်းသာ ရှိသည်။

“မဟုတ်သေးဘူးလေ။ အနည်းဆုံးတော့ ဒါက ဘာရောဂါအတွက်လဲဆိုတာ ပြောပြသင့်တာပေါ့။”

ရန်ရှောင်စု အနည်းငယ် ကြက်သေသေသွားခဲ့လေသည်။

သူ မျက်လုံးဖွင့်လိုက်ပြီးနောက် စိတ်ကူးလိုက်သည်နှင့် ထိုဆေးပုလင်းလေးမှာ သူ့လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

နောက်ထပ် စိတ်ကူးလိုက်ပြန်သောအခါ ဆေးပုလင်းမှာ ပြန်လည်ပျောက်ကွယ်သွားပြန်သည်။

ထိုမြင်ကွင်းကြောင့် ယန်လျို့ယွမ်မှာ အံ့သြသွားရသည်။

“အစ်ကို... အစ်ကို မျက်လှည့်ပြနေတာလား။”

ရန်ရှောင်စုက သူ့ကို ဂရုမစိုက်ဘဲ သူ့ဒဏ်ရာကို ပတ်ထားသော အဝတ်စကို ပြတ်ပြတ်သားသား ဆွဲခွာလိုက်ရာ အတွင်းမှ ပိုးဝင်နေသော ဒဏ်ရာမှာ ပေါ်ထွက်လာတော့သည်။

ဒဏ်ရာတစ်ဝိုက်မှာ အတန်ကြာအောင် ညိုမည်းနေပြီး အသားနုအရည်များမှာလည်း အဆက်မပြတ် စိမ့်ထွက်နေခဲ့သည်။

အကယ်၍ ဆေးကို အချိန်မီ မသုံးစွဲပါက ဖျားနာခြင်းနှင့် အနာရင်းခြင်းတို့မှာ ရှောင်လွှဲ၍မရကြောင်း ရန်ရှောင်စု ကောင်းကောင်း သိပေသည်။

၎င်းကို မြင်လိုက်ရသောအခါ ယန်လျို့ယွမ်သည် ချက်ချင်းထကာ အပြင်သို့ ထွက်ရန် ပြင်လိုက်၏။

ရန်ရှောင်စုက သူ့ကို ဆွဲထားလိုက်သည်။

“မင်း ဘာလုပ်မလို့လဲ။”

“အစ်ကို့အတွက် ဆေးသွားဝယ်မလို့။”

ယန်လျို့ယွမ်က ခေါင်းမာစွာ ပြောလိုက်သည်။

“မလိုဘူး...။”

ရန်ရှောင်စုက ဆေးပုလင်းကို ကောက်ကိုင်လိုက်ပြီး လက်ညှိုးဖြင့် အတွင်းမှ ဆေးဆီအနည်းငယ်ကို ကော်ထုတ်ကာ သူ၏ဒဏ်ရာပေါ်သို့ ဂရုတစိုက် သုတ်လိမ်းလိုက်သည်။

ဆေးပုလင်းမှာ သိပ်မကြီးဘဲ တိမ်တိမ်လေးသာဖြစ်ရာ အလွန်ဆုံး သုံးကြိမ်စာခန့်သာ ရှိပေလိမ့်မည်။

ဆေးလိမ်းပြီးနောက် ရန်ရှောင်စု အနည်းငယ် နောင်တရသွားမိ၏။

ပုလင်းပေါ်မှာ “ဆေး” လို့ပဲ ရေးထားခြင်းဖြစ်၏။ အကယ်၍ ဒါက အဆိပ်သာဆိုရင်...

သို့သော် သူစိုးရိမ်သကဲ့သို့ ဖြစ်မလာခဲ့ပေ။

ဆေးဆီကို ဒဏ်ရာပေါ် သုတ်လိမ်းလိုက်ပြီးသည်နှင့် ဒဏ်ရာမှ မူလက ခံစားနေရသော ပူစပ်ပူလောင် နာကျင်မှုများ ချက်ချင်း ပျောက်ကွယ်သွားသည်ကို ရန်ရှောင်စု ခံစားလိုက်ရသည်။

အစ်မရှောင်ယွီ ပေးထားသော အရောင်ကျဆေးများကိုတော့ ချန်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

ရန်ရှောင်စု အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်၏။ အကယ်၍ ဤဆေးပုလင်းကို အရောင်ကျဆေးအဖြစ် အသုံးပြုမည်ဆိုလျှင် အရောင်ကျဆေးကို သုံးရက်ဆက်တိုက် သောက်ရသော်လည်း ဤဆေးဆီမှာမူ တစ်ကြိမ်တည်းနှင့်ပင် ထိရောက်မှုရှိသည်။

အရောင်ကျဆေး တစ်လုံးလျှင် ၂၀၀ တန်သည်ဖြစ်ရာ ဤဆေးဆီတစ်ပုလင်း၏ တန်ဖိုးမှာ... မိနစ်ပိုင်းအတွင်းမှာတင် အဝိုင်းချတွက်လိုက်လျှင် သန်းတစ်ရာလောက်ပင် တန်ပေသည်။

ရန်ရှောင်စု ရုတ်တရက် ခေါင်းလှည့်ကာ ယန်လျို့ယွမ်ကို ပြတ်ပြတ်သားသား မေးလိုက်သည််။

“ငါ့ကို စဉ်းစားပေးစမ်းပါ...။ တခြားသူတွေဆီက ကျေးဇူးတင်စကား မြန်မြန်ရဖို့ ငါ ဘာလုပ်ရမလဲ။”

အခန်း ၁၂ - ကျေးဇူးသိတတ်သော နှလုံးသား၊ မင်းရှိနေပေးလို့ ကျေးဇူးတင်ပါတယ်

ရန်ရှောင်စုသည် ကျေးဇူးတင်စကားများကို အလျင်အမြန် ရရှိနိုင်ရန် သူဘာလုပ်နိုင်သနည်းဆိုသည်ကို ယန်လျို့ယွမ်နှင့် အလေးအနက် ဆွေးနွေးလိုက်သည်။ သူသည် အလွန်ရိုးသားဖြူစင်သောလူတစ်ယောက်ဖြစ်ရာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကားတစ်ခွန်းသည် မည်မျှတန်ဖိုးရှိကြောင်း သိရှိသွားချိန်တွင် ထိုကျေးဇူးတင်စကားများကို သူလိုအပ်နေပြီဖြစ်ကြောင်း နားလည်သွားခဲ့သည်။

သို့သော် ယန်လျို့ယွမ်ကမူ ရန်ရှောင်စုသည် ‘ရိုးသားဖြူစင်သော’ ဟူသည့် စကားလုံးကို သုံးနှုန်းပုံ မှားနေသည်ဟု ခံစားနေရသည်။

“အစ်ကို... ငါထင်တာတော့ အစ်ကို အပြင်ထွက်ပြီး ကောင်းမှုကုသိုလ်တွေ လုပ်သင့်တယ်။”

ယန်လျို့ယွမ်က ပြောလိုက်သည်။

“ဒါက စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကားရဖို့ ဖြတ်လမ်းနည်းပဲမလား။ ဥပမာ- ဗိုက်ဆာနေတဲ့သူကို အစားအစာပေးတာ၊ ရေငတ်နေတဲ့သူကို ရေတိုက်တာမျိုးပေါ့။”

ရန်ရှောင်စုက သူ့ကို စိုက်ကြည့်လိုက်သည်။

“ငါက အဲ့ဒီလိုလူစားမျိုးလား။ ငါက ငါ့ရဲ့ အစားအစာနဲ့ ရေကို သူတို့ကို ပေးလိုက်ရင် ငါဘာစားပြီး ဘာသောက်ရမှာလဲ။ မင်းကော ဘာစားပြီး ဘာသောက်မှာလဲ။”

ယန်လျို့ယွမ်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွား၏။

“ဒါဆိုရင် အစ်ကို... စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကားရဖို့ကို အစွဲအလမ်း အကြီးကြီး ထားမနေနဲ့တော့။”

“မရဘူး...။”

ရန်ရှောင်စုက ယန်လျို့ယွမ်၏ အကြံပြုချက်ကို ပယ်ချလိုက်သည်။

“တခြားနည်းလမ်းတွေ ရှိရမယ်။”

လွန်ခဲ့သော အချိန်များစွာကတည်းက ရန်ရှောင်စုသည် ဤခေတ်ကြီးသည် လူသားများအပေါ် စေတနာမရှိခြင်း သို့မဟုတ် လူသားအချင်းချင်း စစ်မှန်သော စေတနာထားရန် ခဲယဉ်းကြောင်း သင်ယူခဲ့ရသည်။

တစ်ခါက ဈေးမြို့တွင် သူတောင်းစားတစ်ဦး ရှိခဲ့ဖူးပြီး ကြင်နာတတ်သော မိန်းကလေးတစ်ဦးက သူ့ကို နေ့တိုင်း အစားအစာ သွားပေးလေ့ရှိသည်။

သို့သော် နောက်ပိုင်းတွင် ထိုမိန်းကလေး အိမ်ထောင်ကျသွားပြီး အစားအစာ ပို့ပေးခြင်းကို ရပ်တန့်လိုက်ရ၏။

ထိုသူတောင်းစားသည် သူမအိမ်အထိ လိုက်သွားပြီး “ဘာလို့ ငါ့ကို အစားအစာ မပို့တော့တာလဲ” ဟု မေးမြန်းခဲ့သည်။ ရလဒ်အနေဖြင့် သူသည် အိမ်ပြင်သို့ ကန်ထုတ်ခြင်း ခံလိုက်ရ၏။ အကြောင်းမှာ ထိုမိန်းကလေး၏ ခင်ပွန်းမှာ စိတ်ထားမကောင်းသောကြောင့်ပင်။

လူတိုင်းက ဤကိစ္စသည် ဤတွင်ပင် ပြီးဆုံးသွားပြီဟု ထင်ခဲ့ကြပြီး ဈေးမြို့မှ လူများကပင် ထိုသူတောင်းစားအား မည်သည့်အချိန်တွင် ငတ်သေမည်နည်းဟု လှောင်ပြောင်ရန် စောင့်ဆိုင်းနေခဲ့ကြလေသည်။ သို့သော် ထိုညမှာပင် သူတောင်းစားသည် မိန်းကလေး၏ အိမ်ထဲသို့ ခိုးဝင်ကာ ထိုဇနီးမောင်နှံကို သတ်ပစ်လိုက်တော့သည်။

ရန်ရှောင်စုသည် ဤအကြောင်းအရာထဲတွင် နက်နဲသော သင်ခန်းစာတစ်ခု ရှိနေသည်ဟု အမြဲခံစားရသော်လည်း ထိုစဉ်က သူသည် ငယ်ရွယ်သေးသဖြင့် ညဘက်အိပ်လျှင် သတိထားရမည် ဖြစ်ကြောင်းကိုသာ ဝေဝေဝါးဝါး နားလည်ခဲ့သည်...။

...

နောက်တစ်နေ့ မနက်တွင် လမ်းမပေါ်၌ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ရန်ရှောင်စု ထကာ လိုက်ကာကို ဆွဲဖွင့်ကြည့်လိုက်ရာ တီးဝိုင်းအဖွဲ့သည် ဈေးမြို့ အပြင်ဘက်သို့ လျှောက်သွားကြသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။ သူတို့နှင့်အတူ သူသိသော အသိတစ်ဦးလည်း ပါသွားခဲ့လေသည်။

ထိုသူမှာ ဈေးမြို့မှ ကျွမ်းကျင်မှုရှိသော မုဆိုးဟောင်းတစ်ဦး ဖြစ်သည်။ သူသည် တီးဝိုင်းဝန်ထမ်းများနှင့်အတူ လမ်းလျှောက်နေရင်း အလွန်ပျော်ရွှင်နေပုံရသည်။ နောက်ဆုံးတွင် ခံတပ် အတွင်းမှ လူကုံထံများနှင့် ဆုံတွေ့ခွင့်ရသည့် အခွင့်အရေးကို ရရှိခဲ့သကဲ့သို့ပင်။

အမှန်စင်စစ် ဈေးမြို့ရှိ လူအများအပြားမှာ ဤသို့ပင် ဘဝကို စတင်ခဲ့ကြခြင်း ဖြစ်သည်။ ခံတပ်အတွင်းရှိ လူကုံထံများ၏ လက်ကြားမှ ထွက်ကျလာသော အစအနလေးများပင်လျှင် သူတို့ကို ချမ်းသာကြွယ်ဝစေနိုင်သည်ဟု ထင်မှတ်နေခဲ့ကြလေသည်။

ထိုသို့သော ချမ်းသာကြွယ်ဝမှုဆိုသည်မှာ ဝမ်ဖူကွေ့ကဲ့သို့ ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်နိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ရန်ရှောင်စုသည် ယခင်က ခံတပ်ထဲမှ လူများထွက်လာတိုင်း ဘာကြောင့် ဤမျှအထိ မြှောက်ပင့်ဖားနားနေရသနည်းဟု ဝမ်ဖူကွေ့ကို မေးကြည့်ခဲ့ဖူးသည်။ ခံတပ်အတွင်းရှိ လူတိုင်းမှာ လူကုံထံများ မဟုတ်နိုင်သည်မှာ သေချာသည် မဟုတ်ပါလော။

ထိုစဉ်က ဝမ်ဖူကွေ့က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း ပြန်ပြောခဲ့၏။

“ခံတပ်ထဲမှာ ဆင်းရဲသားရော၊ လူကုံထံရော တကယ်ပဲ ရှိကြပါတယ်။ ဒါပေမဲ့ ခံတပ်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တဲ့သူတွေကတော့ သေချာပေါက် လူကုံထံတွေပဲ ဖြစ်ရမှာပေါ့။”

ဝမ်ဖူကွေ့၏ အဆိုအရ ခံတပ်အတွင်းရှိ ဆင်းရဲသားများအတွက် အပြင်သို့ထွက်ရန်မှာ အလွန်ခက်ခဲလှသည်။

ထိုမြင့်မားလှသော တံတိုင်းကြီးမှာ အပြင်ဘက်ကလူများကိုသာ တားဆီးထားခြင်းမဟုတ်ဘဲ အတွင်းဘက်က လူများကိုပါ ပိတ်လှောင်ထားခြင်းပင်။

ယခုအချိန်တွင် ဝမ်ဖူကွေ့သည်လည်း တီးဝိုင်းဝန်ထမ်းများ နောက်သို့ လိုက်ပါသွားခဲ့သည်။ သူသည် ရန်ရှောင်စု၏ တဲရှေ့မှ ဖြတ်သွားသောအခါ သူ့ကို စိုက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် အသံတိုးတိုးဖြင့် ပြောသွားခဲ့သေးသည်။

“မင်းကတော့ တကယ် ကျေးဇူးမသိတဲ့ ကောင်ပဲ။ မင်းဦးလေးဝမ်က မင်းအတွက် ဒီလောက်ကောင်းတဲ့ အလုပ်ကို ညွှန်းပေးတာကို မင်းက မယူဘူး။ မင်းသိလား... အဲ့ဒီဝန်ထမ်းတွေ ပြောတာတော့ သူတို့က ဈေးမြို့က လမ်းပြကောင်းတစ်ယောက်ကို ရှာပြီး တံတိုင်းထဲကို ခေါ်သွားချင်တာတဲ့။ နောင်ကျရင် သူတို့က အသုံးဝင်မှာမို့လို့တဲ့။”

ရန်ရှောင်စု မှင်တက်သွားခဲ့သည်။ ဤသည်မှာ ကြီးမားသော အခွင့်အရေးတစ်ခု ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အကယ်၍ သူသာ ဤအချက်ကို စောစောစီးစီး သိခဲ့လျှင်... သူ ငြင်းဆန်ဦးမည်လော။

သေချာပေါက် ငြင်းဆန်ဦးမည်ပင်...။

အဘယ်ကြောင့်ဆိုသော် သူ ခံတပ်အတွင်းသို့ ဝင်သွားခဲ့ပါက ယန်လျို့ယွမ်မှာ သေချာပေါက် လိုက်ပါနိုင်မည်မဟုတ်ချေ။ ယန်လျို့ယွမ်ကို အပြင်ဘက်တွင် တစ်ဦးတည်း မည်သို့ထားရစ်ခဲ့နိုင်ပါမည်နည်း။

ယန်လျို့ယွမ်က တိုးတိုးလေး ပြောလိုက်သည်။

“အစ်ကို... တီးဝိုင်းအဖွဲ့က လူတွေကို နောက်တစ်ခါ သွားစကားပြောကြည့်ပါလား။ အစ်ကိုက ဟို အဘိုးကြီးလျူထက် အများကြီး ပိုတော်တယ်လေ။ အဘိုးကြီးလျူက အမြဲတမ်း ဘာသားကောင်မှမရဘဲ လက်ဗလာနဲ့ ပြန်လာတတ်တာ။ ပြီးတော့ သူက ဈေးမြို့နဲ့ အရမ်းဝေးတဲ့နေရာအထိလည်း မသွားရဲဘူး။”

“လျှောက်မပြောနဲ့။”

ရန်ရှောင်စု မျက်မှောင်ကြုတ်လိုက်သည်။ နှမြောတသဖြစ်ခြင်း သို့မဟုတ် စိတ်လှုပ်ရှားမိခြင်းတို့ မရှိဘဲမနေသော်လည်း သူ၏ ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဖြစ်သည်။

“သွားကြစို့...ငါ မင်းကို စာသင်ကျောင်း လိုက်ပို့ပေးမယ်။”

ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့ စာသင်ခန်းသို့ ရောက်သောအခါ ကျန်းကျင်းလင်မှာ ကျောက်သင်ပုန်းကို ဖျက်နေပြီဖြစ်သည်။ သူလှည့်ကြည့်လိုက်သောအခါ ရန်ရှောင်စုနှင့် ယန်လျို့ယွမ်တို့၏ မျက်လုံးအောက်တွင် ညိုမည်းနေပြီး သရဲတစ်ကောင်လို ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် လန့်သွားတော့မတတ်ပင်...။

“မင်းတို့နှစ်ယောက် ဘာဖြစ်လာတာလဲ...။”

ကျန်းကျင်းလင်က တွေဝေစွာဖြင့် မေးလိုက်သည်။

“အစ်ကိုကပေါ့...”

ယန်လျို့ယွမ်က ရှင်းပြရန် ပြင်လိုက်၏။ သို့သော် ယန်လျို့ယွမ်၏ စကားမဆုံးမီမှာပင် ရန်ရှောင်စုက သူ၏နောက်စေ့ကို ရိုက်ကာ စကားဖြတ်လိုက်သည်။

“ဘာမှမဟုတ်ပါဘူး။ အိပ်ရေးမဝလို့ပါ။”

“သြော်...။”

ကျန်းကျင်းလင်သည် ရန်ရှောင်စု၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဆက်လက်စုံစမ်းရန် စိတ်မပါတော့ပေ။ ထိုအစား။သူက မေးလိုက်သည်။

“ဒီနေ့ ဘာသင်မလဲဆိုတာ ဆုံးဖြတ်ပြီးပြီလား။ ဒီနေ့က မင်း အစားထိုးဆရာလုပ်ရမယ့် ပထမဆုံးနေ့နော်။”

“ပြီးပါပြီ။”

ရန်ရှောင်စု ခေါင်းညိတ်ပြလိုက်သည်။

နေ့ဘက်တွင် သူသည် စာသင်ခန်းထဲ၌ ကျောင်းသားတစ်ဦးအဖြစ် ထိုင်နေခဲ့ပြီး ညနေခင်း နောက်ဆုံးအချိန်တွင်မူ စာသင်ကျောင်း၏ အသက်ရှင်ရပ်တည်ရေး သင်ခန်းစာအတွက် အစားထိုးဆရာ ဖြစ်လာခဲ့သည်။

နောက်ဆုံးအချိန် ရောက်သောအခါ ကျန်းကျင်းလင်သည် ရန်ရှောင်စုအတွက် စိုးရိမ်မိပြီး သူသည် သင်ကြားရေး အတွေ့အကြုံ မရှိမည်ကို ကြောက်သဖြင့် ရန်ရှောင်စုအတွက် စည်းကမ်းထိန်းသိမ်းပေးရန် စာသင်ခန်း၏ နောက်ဆုံးတန်းတွင် ဝင်ထိုင်နေခဲ့သည်။

ရန်ရှောင်စု စင်မြင့်ပေါ်သို့ လျှောက်သွားသောအခါ အတန်းခေါင်းဆောင်က ချက်ချင်းပင် အော်လိုက်သည်။

“မတ်တပ်ရပ်...။”

ထို့နောက် ကျောင်းသားအားလုံးက အသံကျယ်ကျယ်ဖြင့် “မင်္ဂလာပါ ဆရာ...” ဟု နှုတ်ဆက်လိုက်ကြသည်။

ကျောင်းသားများအတွက်မူ ရန်ရှောင်စုကိုယ်တိုင်က ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ရန်ရှောင်စုမှာ သူတို့၏ အတန်းဖော်ဖြစ်ပြီး အသက်အကြီးဆုံးလည်း ဖြစ်သည့်အပြင် ဈေးမြို့ရှိ နာမည်ကျော်တစ်ဦးလည်း ဖြစ်ရာ ရန်ရှောင်စုက သူတို့ကို စာသင်ပေးသည်မှာ အလွန်ပင် ထူးဆန်းသစ်လွင်နေခဲ့သည်။

ထိုစဉ် ရန်ရှောင်စုက ရုတ်တရက် ပြောလိုက်သည်။

“ဆရာကြီးကျန်းက ကျောင်းသားအားလုံးကို စာသင်ပေးရတာ ပင်ပန်းလိမ့်မယ်လို့ မင်းတို့ မထင်ကြဘူးလား။ မင်းတို့က ထိုင်ပြီး စာသင်လို့ရပေမဲ့ ဆရာကြီးကျန်းက တစ်နေကုန် မတ်တပ်ရပ်နေရတာလေ။”

ဤအခြေအနေမျိုးတွင် ကျောင်းသားများအနေဖြင့် မပင်ပန်းပါဟု မည်သို့ပြောနိုင်ပါမည်နည်း။ ကျန်းကျင်းလင်မှာလည်း ဤနေရာ၌ပင် ရှိနေသည်မဟုတ်ပါလော...။ ထို့ကြောင့် သူတို့က ပင်ပန်းပါသည်ဟုသာ ဆိုကြရတော့သည်။

ရန်ရှောင်စုက ဆက်ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့ ဆရာကြီးကျန်းကို ကျေးဇူးမတင်သင့်ဘူးလား။”

“တင်သင့်ပါတယ်။”

ကျောင်းသားများက တညီတညွတ်တည်း ဖြေကြသည်။

ယန်လျို့ယွမ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး စိတ်ထဲမှ အော်ဟစ်နေမိသည်။

“လာပြီ... လာပြီဟေ့။”

ရန်ရှောင်စုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒါဆိုရင် အခုကစပြီး အတန်းထဲမှာ ‘မင်္ဂလာပါ ဆရာ’ လို့ ပြောစရာမလိုတော့ဘူး။ ‘ကျေးဇူးတင်ပါတယ် ဆရာ’ လို့ပဲ ပြောကြတော့။”

ကျန်းကျင်းလင်မှာမူ ဤအဖြစ်အပျက်တစ်ခုလုံးကို ကြည့်ပြီး ရန်ရှောင်စု ဘာတွေလုပ်နေမှန်း မသိဘဲ လုံးဝ ကြောင်အသွားတော့သည်။

“ကောင်းပြီ... အားလုံး ပြန်ထိုင်ကြ။ တစ်ခါလောက် စမ်းကြည့်ရအောင်။”

ရန်ရှောင်စုက ပြုံးလျက် ပြောလိုက်သည်။

“မတ်တပ်ရပ်...”

“ကျေးဇူးတင်ပါတယ် ဆရာ။”

ကျောင်းသားများက တညီတညွတ်တည်း ထပ်မံအော်ပြောလိုက်ကြသည်။

ရလဒ်အနေဖြင့် ရန်ရှောင်စုသည် နန်းတော်ရှိ စာရိုက်စက်ကို စိတ်ထဲမှ လှမ်းကြည့်လိုက်သောအခါ နောင်တများဖြင့်သာ ပြည့်နှက်သွားရ၏...။ ဤကလေးများထဲမှ တစ်ဦးတစ်ယောက်မျှ ဆရာ့ကို စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်နေကြခြင်း မဟုတ်ပေ။

ဒီခေတ်ကြီးထဲမှာ လူတွေကို ပညာပေးပြီး ပြုစုပျိုးထောင်ပေးနေတဲ့ ဥယျာဉ်မှူးတွေကို စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ဖို့က ဒီလောက်တောင် ခက်ခဲနေတာလား။

မရဘူး...ငါ နောက်ထပ် နည်းလမ်းတစ်ခု စဉ်းစားရမယ်။ ပထမဆုံးအကြိမ် ကြိုးစားမှုကတော့ ကျရှုံးသွားပြီ။

သို့သော် ရန်ရှောင်စုအတွက်မူ ကျရှုံးခြင်းဆိုသည်မှာ ရှားပါးသောအရာ မဟုတ်ပေ။ ကျရှုံးမှုကို တည်တည်ငြိမ်ငြိမ် လက်ခံနိုင်ခြင်းမှာ သူ၏ အကြီးမားဆုံးသော အားသာချက်များထဲမှ တစ်ခုဖြစ်သည်။

ရန်ရှောင်စုသည် တစ်ခါက “လောကမှာ မကျေနပ်စရာတွေက ဆယ်ပုံပုံရင် ရှစ်ပုံ၊ ကိုးပုံလောက် ရှိတတ်တယ်။” ဟူသော စကားပုံတစ်ခုကို ကြားဖူးသည်။

၎င်းမှာ ဘဝတွင် အရာရာတိုင်းမှာ စိတ်တိုင်းကျ ဖြစ်မလာတတ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် အသက်မရှင်တော့ဘဲ နေနိုင်မည်လော။ မနေနိုင်ပါချေ။

All Chapters