← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း ၁၃ - ဒါက လက်တွေ့ဘဝပဲ

ရန်ရှောင်စုသည် ထပ်ခါတလဲလဲ စဉ်းစားကြည့်ပြီးနောက် ကျောင်းဆရာလုပ်ခြင်းသည် ကျေးဇူးတင်စကားရရှိရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်လိမ့်မည်ဟု နောက်ဆုံးတွင် ခံစားခဲ့ရသည်။

သို့သော် သူသည် ပြဿနာတစ်ခုကို လျစ်လျူရှုခဲ့မိသည်။ သူကိုယ်တိုင်က ပညာသင်ယူရန် စိတ်အားထက်သန်ပြီး အသိပညာကို ဆာလောင်မွတ်သိပ်နေသည်မှာ မှန်သော်လည်း ၎င်းမှာ သူသည် ပုံမှန်မဟုတ်သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရခြင်းကြောင့်ဖြစ်ပြီး အသိပညာ ဆုံးရှုံးခဲ့ရခြင်းကသာ သူ့အား ပညာကို ပိုမိုတောင့်တစေခဲ့ခြင်း ဖြစ်သည်။

လူတစ်ယောက်သည် တစ်စုံတစ်ခုကို ချို့တဲ့လေလေ၊း ၎င်းကို ပို၍ တောင့်တလေလေပင်။

သို့သော် သူတောင့်တသောအရာကို အခြားကျောင်းသားများက တောင့်တချင်မှ တောင့်တကြပေလိမ့်မည်။ ဤခေတ်ကြီးတွင် စာသင်ကျောင်းသို့ တက်ရောက်နိုင်သော ဤကလေးများသည် အခြေခံအားဖြင့် မိသားစုအခြေအနေ ကောင်းမွန်ကြပြီး လူကြီးမိဘများ၏ စောင့်ရှောက်မှုကို ရရှိနိုင်သူများ ဖြစ်ကြသည်။

ဤကလေးများသည် ကျောင်းတက်နေရသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ သူတို့ အမုန်းဆုံးအရာမှာ စာသားများကို အလွတ်ရွတ်ခိုင်းပြီး အိမ်စာများ ပေးတတ်သော ကျောင်းဆရာများပင် ဖြစ်သည်။ သူတို့၏ ငယ်ရွယ်စဉ်ကာလတွင် ကျောင်းသားနှင့် ဆရာ၏ ဆက်ဆံရေးမှာ အများအားဖြင့် သဘာဝရန်သူများကဲ့သို့ပင် ဖြစ်နေတတ်သည်...။

ရန်ရှောင်စုသည် သူတို့အကြိုက်ဆုံး “အသက်ရှင်ရပ်တည်ရေး သင်ခန်းစာ” ကို သင်ကြားပေးနေသော်လည်း သူ့အပေါ်ထားရှိသော ကျောင်းသားများ၏ သဘောထားမှာ စစ်မှန်သော ကျေးဇူးတင်ရှိမှုဟု လုံးဝမခေါ်ဆိုနိုင်ပေ။

ရန်ရှောင်စုကမူ သူသာ အချိန်အနည်းငယ် ပိုကြာအောင် သင်ကြားပေးလိုက်လျှင် ကျောင်းသားများက ကျေးဇူးတင်လာကြလိမ့်မည်ဟု ထင်နေမိခြင်းဖြစ်သည်။

မူလက ဈေးမြို့ စာသင်ကျောင်းသည် ညနေ ၄ နာရီတွင် ကျောင်းဆင်းရမည်ဖြစ်သည်။ ခံတပ်အတွင်း၌ မနက် ၆ နာရီမှစ၍ နှစ်နာရီခြားတစ်ခါ ခေါင်းလောင်းတီးကာ အချိန်အချက်ပေးလေ့ရှိပြီး ပုံမှန်အခြေအနေတွင် ကျန်းကျင်းလင်သည် အချိန်ပို ဘယ်တော့မှ မသင်ကြားပေ။

သို့သော် ယနေ့တွင်မူ ကျောင်းသားများ၏ ကျေးဇူးတင်စကားကို ရရှိရန်အတွက် ရန်ရှောင်စုသည် သူ၏ တောရိုင်းမြေပြင် အသက်ရှင်ရပ်တည်ရေး အတွေ့အကြုံအားလုံးနီးပါးကို သင်ကြားပေးခဲ့ပြီး ညနေ ၅ နာရီအထိ စာသင်ခဲ့သည်...။

ယခုမှာ ဆောင်းဦးနှောင်းပိုင်းကာလ ဖြစ်သဖြင့် ညနေ ၅ နာရီဆိုလျှင် မိုးမှောင်စပြုနေပြီဖြစ်သည်။ ကျောင်းသားများသည် သူ့ကို မျှော်လင့်တောင့်တသော မျက်လုံးများဖြင့် ကြည့်နေကြပြီး စိတ်ထဲမှ “ဒီကောင် တော်တော်စကားပြောနိုင်တာပဲ” ဟု ကျိန်ဆဲနေကြ၏။

ဤအချိန်တွင် ကျန်းကျင်းလင်ပင်လျှင် ဆက်မစောင့်နိုင်တော့ဘဲ ဟင်းချက်ရန်အတွက် ခြံထဲရှိ ဂေါ်ဖီထုပ်တစ်ထုပ်ကို သွားခုတ်နေပြီဖြစ်သည်။

ကျောင်းသားတစ်ဦးက နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ပြောလိုက်သည်။

“ဆ... ဆရာကြီး... ဆရာ ကျောင်းမဆင်းရင် မိုးချုပ်တော့မယ်။ မြို့ထဲမှာက မလုံခြုံဘူးလေ။”

ဤကျောင်းသားမှာ ဈေးမြို့မှ နာမည်ကြီး လူကြမ်းတစ်ယောက်ဖြစ်သော ရန်ရှောင်စုကို အနည်းငယ် ကြောက်နေသဖြင့် သူ့ရှေ့တွင် ရိုင်းရိုင်းစိုင်းစိုင်း မပြောရဲပေ။

ရန်ရှောင်စု အနည်းငယ် မှင်တက်သွားခဲ့သည်။

ကျေးဇူးမတင်တာ ထားပါတော့။ မင်းက ဆရာ့ကို ကျောင်းဆင်းခိုင်းချင်တယ်တဲ့လား။

သို့သော် သူသည် အခြေအနေကို နားလည်သူဖြစ်ပြီး ဘေးကင်းလုံခြုံမှုမှာ ပထမဦးစားပေးဖြစ်ကြောင်း သိထားသဖြင့် ကောင်းကင်ကို တစ်ချက်ကြည့်ကာ လက်ကို အားမလိုအားမရ ဝှေ့ယမ်းလိုက်တော့သည်။

“ကျောင်းဆင်းပြီ။”

“ကျေးဇူးတင်ပါတယ် ဆရာ။”

“ကျေးဇူးတင်ပါတယ် ဆရာ။”

ကျောင်းသားများသည် စာသင်ကျောင်းထဲမှ အလုအယက် ထွက်ပြေးကြတော့သည်။ သူတို့ထဲမှ ကျောင်းသားနှစ်ဦးမှာ ရန်ရှောင်စု၏ “ကျောင်းဆင်းပြီ” ဆိုသည့် စကားအတွက် အမှန်တကယ်ပင် ကျေးဇူးတင်စကား ပြောခဲ့ကြသည်။ သူတို့ တကယ်ကို ကျေးဇူးတင်နေကြခြင်းဖြစ်သည်။ အကယ်၍ သူသာ ကျောင်းမဆင်းပေးလျှင် သူတို့ အန်ထွက်တော့မည် မဟုတ်ပါလော။

ရန်ရှောင်စုသည် သူ၏နန်းတော်အတွင်း၌ ကျေးဇူးတင်ခြင်း ဒင်္ဂါးပြားနှစ်ပြား ထပ်တိုးလာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားခဲ့တော့သည်။

ကျောင်းသားတွေ ဘာကြောင့် ကျေးဇူးတင်မှန်း သူ မသိဘဲဘယ်နေပါ့မလဲ။ သူစာသင်တာ ကောင်းလို့ပဲပေါ့။

ရန်ရှောင်စု စိတ်ထဲမှ တွေးလိုက်မိသည်။

သူ၏ပင်ပန်းဆင်းရဲခံကာ ကြိုးစားအားထုတ်မှုများက အလကားမဖြစ်ခဲ့ပေ။ ဤမျှကြာအောင် စာသင်ပေးခဲ့ပြီးနောက် ကျောင်းသားများက သူ့ကို အလွန်ပင် ကျေးဇူးတင်နေကြသေးသည်မဟုတ်ပါလော။

ယန်လျို့ယွမ်ကမူ ရှုံ့မဲ့နေသောမျက်နှာဖြင့် မေးလိုက်သည်။

“နောက်ကျရင် အချိန်ပိုတွေ မသင်လို့ မရဘူးလား။”

ရန်ရှောင်စု စကားပြန်မပြောမီမှာပင် ကျန်းကျင်းလင်သည် ထမင်းစားရင်း ဝင်လာကာ စကားလုံးကို ရွေးချယ်၍ ပြောလိုက်သည်။

“ရှောင်စု... မင်း ပညာရေးအပေါ် စိတ်အားထက်သန်တာကို ငါသိပါတယ်။ ဒါပေမဲ့ ဒီလောက်ကြီး အချိန်ပိုသင်တာက တကယ်မကောင်းဘူး။ နောက်ပြီး မင်း ပင်ပန်းသွားရင် ဘယ်လိုလုပ်မလဲ။”

ရန်ရှောင်စုကတော့ လက်မခံပေ။

ဒါက အချိန်ပိုသင်တာလား။ ဒါက ပိုက်ဆံအတွက်၊ ကျောင်းသားတွေရဲ့ စစ်မှန်တဲ့ ကျေးဇူးတင်စကားတွေအတွက် သင်နေတာလေ။

“မရဘူး။”

ရန်ရှောင်စုက တရားမျှတဟန်ဖြင့် ပြောလိုက်သည်။

“ကျုပ်ကတော့ ပညာရေးကဏ္ဍအတွက် ကျုပ်ရဲ့ဘဝကို မြှုပ်နှံထားချင်ပါတယ်။ နည်းနည်း ပိုသင်ရတာက ဘာမှမဖြစ်ပါဘူး။”

“အွတ်..”

ကျန်းကျင်းလင်သည် ရန်ရှောင်စု၏ စကားကြောင့် ထမင်းပင် သီးမတတ် ဖြစ်သွားခဲ့၏။ သို့သော် ရန်ရှောင်စု၏ ပုံစံကိုကြည့်ပြီး သူလည်း ဆက်မပြောချင်တော့ဘဲ “အေးလေ... ထားပါတော့” ဟုသာ ဆိုလိုက်တော့သည်။

ကျေးဇူးတင်စကား ပြောလိုက်မိသည့် ထိုကျောင်းသားနှစ်ဦးမှာမူ “ကျေးဇူးတင်ပါတယ် ဆရာ” ဟု ပြောလိုက်ခြင်းဖြင့် မိမိတို့ကိုယ်မိမိ မည်မျှကြီးမားသော ဘေးဒုက္ခဆိုးကြီးတစ်ခု ဖိတ်ခေါ်လိုက်မိသည်ကို မသိကြရှာပေ။

ဤဖြစ်ရပ်ကို ရှင်းပြနိုင်သည့် စကားပုံတစ်ခု ရှိပေသည်။ ၎င်းမှာ “အသံကြောင့်ဖားသေ” ဟူ၍ပင်...။

...

အပြန်လမ်းတွင် ယန်လျို့ယွမ်မှာ စိတ်ကောက်နေပြီး ရန်ရှောင်စုကို စကားမပြောပေ။ မူလက ကျောင်းဆင်းလျှင် ရန်ရှောင်စုနှင့်အတူ ဈေးမြို့ထဲတွင် လျှောက်ကြည့်ရန် စိတ်ကူးထားသော်လည်း အားလုံးမှာ ပျက်စီးသွားရပြီ မဟုတ်ပါလော။

မြို့ပေါက်ဝရှိ အပေါင်ဆိုင်နားမှ ဖြတ်သွားစဉ် ယန်လျို့ယွမ်က ရန်ရှောင်စု၏ အင်္ကျီလက်ကို ရုတ်တရက် ဆွဲလိုက်၏။ သူက အပေါင်ဆိုင်ဘက်သို့ ညွှန်ပြလိုက်ရာ ရန်ရှောင်စုမှာ ဆိုင်အတွင်း၌ အစ်မရှောင်ယွီကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

သူမက ဆိုင်ရှင်ကို တစ်ခုခု ပြောနေပုံပင်။

ရန်ရှောင်စုသည် ယန်လျို့ယွမ်ကို ခေါ်၍ အနားသို့ ချဉ်းကပ်လိုက်သောအခါ ရှောင်ယွီက ဆိုင်ရှင်ကို ပြောနေသည့် အသံကို ကြားလိုက်ရသည်။

“ကျွန်မရဲ့ ဒီနားကပ်တွေက အရမ်းတန်ဖိုးရှိတယ်။ နည်းနည်းလောက် ပိုမပေးနိုင်ဘူးလား။”

ဆိုင်ရှင်က ရှောင်ယွီကို ကြည့်ရင်း ရိုးရိုးမသား ပြုံးလိုက်သည်။

“တကယ်တော့ မင်း ဒီပစ္စည်းတွေ ပေါင်နေစရာ မလိုပါဘူး။ ဘာလို့ ဒုက္ခခံနေမှာလဲ...။”

သူ့စကားမဆုံးခင်မှာပင် ရန်ရှောင်စု ဆိုင်ဘက်သို့ လျှောက်လာသည်ကို မြင်လိုက်ရသဖြင့် ပါးစပ်ပိတ်သွားတော့သည်။ မနေ့ညက ဖြစ်ရပ်မှာ တစ်မြို့လုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်ရာ လီရှောင်ယွီနှင့် ရန်ရှောင်စုတို့ နီးစပ်သော ဆက်ဆံရေးရှိနေသည်ကို လူတိုင်း သိထားကြပြီဖြစ်သည်။

အားကြီးသူသာ အသက်ရှင်နိုင်သည့် ခေတ်ဖြစ်သော်လည်း လူတိုင်းက ကြမ်းတမ်းခက်ထန်လာကြသည်တော့ မဟုတ်ပေ။ အမှန်စင်စစ် မည်သည့်ခေတ်တွင်မဆို သူရဲဘောကြောင်သူနှင့် လူစွမ်းကောင်းများ ရှိစမြဲဖြစ်ပြီး လူစွမ်းကောင်းများမှာ များသောအားဖြင့် အဆင်ပြေပြေ နေထိုင်နိုင်ကြသည်။

ဆိုင်ရှင်မှာ သူရဲဘောကြောင်သူဖြစ်ပြီး ထိုသို့သောသူမျိုးမှာ အားနည်းသူကိုသာ အနိုင်ကျင့်ရဲကြ၏။ ရန်ရှောင်စု မနေ့ညက သတ်လိုက်သည့်သူမှာ ဈေးမြို့တွင် နာမည်ကြီး လူကြမ်းတစ်ယောက် ဖြစ်သဖြင့် ယခုအခါ ရန်ရှောင်စုမှာ လူကြမ်းများထက်ပင် ပို၍ ကြောက်စရာကောင်းသည့်သူ ဖြစ်နေခဲ့ချေပြီ...။

ဆိုင်ရှင်သည် မျက်လုံးကစားလိုက်ပြီး ရေကို ဟန်ဆောင်သောက်နေလိုက်၏။ ရန်ရှောင်စု စောစောက သူပြောသည်ကို ကြားသွား၊ မကြားသွား သူ မသေချာပေ။

ရန်ရှောင်စုသည် သူ၏အိတ်ကပ်ထဲမှ ငွေ ၆၂၀ ကို ထုတ်ယူကာ ရှောင်ယွီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။

“နင် ဘာမှ ရောင်းစရာမလိုဘူး။ ဒါက မနေ့ညက အရောင်ကျဆေး သုံးလုံးအတွက် ပေးတဲ့ငွေပဲ။”

လီရှောင်ယုယွီမှာ ယခုအခါ မည်သည့်ဝင်ငွေမှ မရှိတော့သဖြင့် သူမစုဆောင်းထားသည်များကိုသာ သုံးစွဲနေရခြင်းဖြစ်ရာ ရန်ရှောင်စုအနေဖြင့် သူမ ဤမျှထိ ဒုက္ခရောက်နေသည်ကို ကြည့်မနေနိုင်တော့ပေ။

လီရှောင်ယွီက ထိုငွေကို ရန်ရှောင်စုထံ ပြန်ပေးရန် ကြိုးစားသော်လည်း ရန်ရှောင်စုက ငြင်းပယ်လိုက်သည်။

“ကျုပ်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဆေးဝယ်ဖို့ စီစဉ်ထားတာပဲဆိုတော့ ဒါကို လက်ခံလိုက်ပါ။ ကျုပ် အစ်မရဲ့ စေတနာကို လက်မခံချင်လို့ မဟုတ်ပါဘူး။ ပြီးတော့ နောင်ကျရင် ကျုပ်တို့ကြားမှာ ဒီလောက်ကြီး အားနာစရာ မလိုတော့ဘူး။”

လီရှောင်ယွီမှာ အတန်ကြာ မှင်တက်သွားခဲ့သည်။

“ဒါက ဘာကို ဆိုလိုတာလဲ...”

မနှစ်က ရန်ရှောင်စုသည် ဝံပုလွေအုပ်၏ ပါးစပ်တွင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာခဲ့ဖူးသည်။ သူ မည်သို့လွတ်မြောက်ခဲ့ကြောင်း မည်သူ့ကိုမျှ မပြောပြခဲ့သော်လည်း ပြန်ရောက်လာပြီးနောက် လီရှောင်ယွီ ပေးခဲ့သည့် ဆေးများကြောင့်သာ သူ အသက်ရှင်ခဲ့ရခြင်း ဖြစ်သည်။ ထိုပိုးသတ်ဆေးနှင့် အရောင်ကျဆေးများသာ မရှိပါက သူသည် လွန်ခဲ့သော အချိန်ကတည်းက ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် သူသည် လီရှောင်ယွီထံမှ ဆေးအနည်းငယ်ကိုသာ ကြွေးတင်နေခြင်းမဟုတ်ဘဲ အသက်တစ်ချောင်းလုံး အကြွေးတင်နေခြင်း ဖြစ်သည်။

ရန်ရှောင်စုက ရှောင်ယွီကို အလေးအနက် ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ နောင်ကျရင် ကျုပ်မှာ အသားတစ်လုပ် စားစရာရှိရင် အစ်မမှာ ဟင်းရည်တစ်ငုံ သောက်စရာ ရှိစေရမယ်။”

“အစ်ကို... အစ်ကိုပြောတာကြီးက မဟုတ်သေးဘူးလေ။”

ယန်လျို့ယွမ်က တိုးတိုးလေး ကပ်ပြောသည်။

အသားကို အတူတူစားရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အစ်ကို့နောက်လိုက်ပြီး ဟင်းရည်ပဲ သောက်ရမှာလဲ။

“နောက်ပြီး အခု ငါတို့ အိမ်မှာ အသားလည်း မရှိဘူးလေ...။”

“သြော်...။”

ရန်ရှောင်စု ခေါင်းညိတ်လိုက်ပြီး အစ်မရှောင်ယွီအတွက် စကားကို ပြန်ပြင်ပြောလိုက်သည်။

“နောင်ကျရင် ကျုပ်မှာ ဟင်းရည်တစ်ငုံ သောက်စရာရှိရင် မမမှာ ဆေးစရာ ပန်းကန်တစ်လုံး ရှိစေရမယ်။”

ယန်လျို့ယွမ် - “???”

“အဟွတ်...”

သူတို့ဘေးတွင် ရေသောက်နေသော ဆိုင်ရှင်မှာ ရေများပင် ပန်းထွက်ကုန်တော့သည်။

သို့သော် လီရှောင်ယွီကမူ စိတ်မဆိုးသည့်အပြင်...

“ကောင်းပြီ...။ ဒါဆိုရင် နောင်ကျရင် ငါ မင်းရဲ့ ပန်းကန်တွေကို ဆေးပေးပြီး အဝတ်အစားတွေလည်း လျှော်ပေးမယ်။” ဟု ပြန်ပြောလိုက်သည်။

သူမသည် ဤစကားကို ပြောလိုက်စဉ်တွင် ရေလုံလောက်မှု ရှိ၊ မရှိကိုပင် ထည့်မစဉ်းစားတော့ဘဲ အရင်ဆုံး သဘောတူလိုက်ခြင်း ဖြစ်သည်။

ဆိုင်ရှင်မှာ ထိုသုံးဦး ထွက်ခွာသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းကို သပ်လိုက်မိသည်။ သူက နောက်လှည့်လိုက်ပြီး ဆိုင်အကူကို ပြောလိုက်၏။

“သူ့ကို သွားမစနဲ့... ကြားလား။”

ရန်ရှောင်စုနှင့် အခြားသူများ တံခါးအပြင်သို့ ထွက်လာကြစဉ်မှာပင် ရုတ်တရက် အော်ဟစ်သံတစ်ခုကို ကြားလိုက်ရသည်။

“ဆရာဝန်ကြီး... ကယ်ပါဦး။ ကျွန်မယောက်ျားကို ကယ်ပေးပါဦး။ ကျွန်မတို့မိသားစုမှာ သူသာမရှိတော့ရင် ရှေ့ဆက်ပြီး အသက်ရှင်ဖို့ တကယ်မလွယ်တော့လို့ပါ။”

ဆေးခန်းတံခါးဝတွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး မြေပြင်ပေါ်၌ ဒူးထောက်ကာ မြို့ပေါ်ရှိ တစ်ဦးတည်းသော ဆရာဝန်ကို ဦးချတောင်းပန်နေသည်ကို သူတို့ မြင်လိုက်ကြရသည်။ သို့သော် ဆရာဝန်ကမူ နှာခေါင်းရှုံ့လိုက်၏။

“ပိုက်ဆံမရှိဘဲနဲ့ ဘာလို့ ဆရာဝန်လာပြနေတာလဲ။”

“ရှင်သာ သူ့ကို ကယ်ပေးမယ်ဆိုရင် ကျွန်မတို့မိသားစုတစ်စုလုံး ရှင့်ရဲ့ကျေးဇူးကို တစ်သက်လုံး အောက်မေ့နေမှာပါ။”

အမျိုးသမီးက ငိုယိုရင်း ပြောလိုက်သည်။

“ဆရာဝန်ကြီးရဲ့ အဖေရှိတုန်းကလည်း အရမ်းစေတနာကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။ ရှင်က သူ့ရဲ့သားပဲ၊ ရှင်လည်း စိတ်ရင်းကောင်းမှာ သေချာပါတယ်။”

“ငါ့အဖေ စိတ်ကောင်းရှိတာက သူ့အလုပ်လေ။”

ဆရာဝန်သည် ထိုသို့ပြောပြီးနောက် လှည့်ထွက်သွားပြီး ဆေးခန်းတံခါးကို ပိတ်လိုက်သည်။ ဝမ်းဗိုက်တွင် သွေးများ ထွက်နေသော အမျိုးသားတစ်ဦးမှာ ထိုအမျိုးသမီး၏ ဘေးတွင် လဲလျောင်းနေဆဲပင်။

ရန်ရှောင်စုသည် ရှေ့တက်မသွားသလို၊ လူကောင်းတစ်ယောက်အဖြစ်လည်း သွားရောက်ဟန်မဆောင်ခဲ့ပေ။ အမှန်စင်စစ် ထိုအမျိုးသားမှာ အသက်ရှူရပ်သွားပြီဖြစ်ကြောင်း သူ သိထားပြီးဖြစ်သည်။

သူသည် ဤမြင်ကွင်းကို ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“လျို့ယွမ်... မင်းမျက်စိရှေ့မှာ မြင်နေရတဲ့ အရာအားလုံးကို မှတ်ထားလိုက်။ ဒါကမှ လက်တွေ့ဘဝပဲ။”

အခန်း ၁၄ - လှည့်စားခြင်း

ကောင်းကင်ယံမှာ လုံးဝမှောင်မိုက်မသွားသေးသော်လည်း အဝေးတစ်နေရာတွင် မည်းမှောင်သော တိမ်တိုက်များက ကောင်းကင်အနှံ့ လွင့်မျောလာနေပြီဖြစ်သည်။

“အက်ဆစ်မိုး ရွာတော့မယ်။ အိမ်ကို အမြန်ပြန်ကြစို့။”

ရန်ရှောင်စုက မည်သည့်ခံစားချက်မျှမပါသော မျက်နှာဖြင့် ပြောလိုက်သည်။ ထိုအမျိုးသမီးမှာ အော်ဟစ်ငိုယိုနေဆဲဖြစ်သော်လည်း မည်သူမျှ သူမကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထိုအမျိုးသား၏ ဒဏ်ရာမှာ မတော်တဆဖြစ်ပုံမရဘဲ ဓားဒဏ်ရာဖြစ်ကြောင်း ရန်ရှောင်စု လွယ်လွယ်နှင့် သိနိုင်သည်။ ထို့ကြောင့် ၎င်းမှာ စက်ရုံမှ မတော်တဆ ထိခိုက်မှုမဟုတ်ဘဲ ရန်ပွဲအတွင်း အသတ်ခံရခြင်းသာ ဖြစ်ပေလိမ့်မည်။

သူတို့၏ တဲစုတ်လေးသို့ ပြန်ရောက်သောအခါ အက်ဆစ်မိုးမှာ ခဏချင်းပင် ရွာချပြီး ပြန်တိတ်သွားခဲ့သည်။

ယန်လျို့ယွမ်က ခုတင်ပေါ်တွင် ထိုင်နေရင်း ရုတ်တရက် ပြောလိုက်သည်။

“အစ်ကို... အစ်ကို လူတွေဆီက စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်စကား လိုချင်တာ မဟုတ်လား။ ဆရာဝန်တွေဆိုရင် ကျေးဇူးတင်စကားရဖို့ တော်တော်လွယ်လိမ့်မယ်။ ဆရာဝန်ကြီးရှိတုန်းက လူတိုင်းက သူ့ကို အရမ်းကျေးဇူးတင်ကြတာလေ။ ဒါပေမဲ့ အစ်ကို့ကိုတော့ ဆရာဝန်လုပ်ဖို့ အကြံမပေးချင်ဘူး။ ပထမအချက်က ဆရာဝန်တွေက ဒုက္ခရောက်ဖို့ လွယ်တယ်။ ဒုတိယအချက်က အစ်ကိုက ဆေးပညာလည်း ဘာမှမတတ်ဘူးလေ...။”

ရန်ရှောင်စုက ယန်လျို့ယွမ်ဘက်သို့ လှည့်ကာ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာဖြင့် ကြည့်လိုက်သည်။

“ဒါဆိုရင် မင်းက ဘာတွေ လာလျှောက်ပြောနေတာလဲ။”

နေဦး...။

ရန်ရှောင်စုသည် တစ်စုံတစ်ခုကို လွတ်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် ဆေးပညာ မတတ်သော်လည်း သင်ယူနိုင်သည် မဟုတ်ပါလော။

သူ့စိတ်ထဲရှိ နန်းတော်မှ ဆုလာဘ်အဖြစ် ရရှိထားသော သင်ယူခြင်းစာရွက် နှစ်ခုကို သူ မသုံးရသေးပေ။ တစ်ခုကိုသုံးပြီး တစ်ဖက်လူ၏ ဆေးပညာကျွမ်းကျင်မှုကို သင်ယူလိုက်ရုံပင် မဟုတ်ပါလော။

ထိုအခါမှသာ သူသည် လူများကို ကုသပေးနိုင်လိမ့်မည်ဖြစ်ပြီး တစ်ဆင့်ပြန်တွေးကြည့်လျှင် သူကိုယ်တိုင်ဖြစ်စေ၊ ယန်လျို့ယွမ်ဖြစ်စေ ဖျားနာနာကျင်မှု တစ်ခုခုဖြစ်ခဲ့ပါက သူကိုယ်တိုင် ကုသပေးနိုင်မည်ဖြစ်သည်။

ဆရာဝန်ကြီး ရှိစဉ်အခါက သူသည် ဆေးဘက်ဝင်အပင်များ ရှာဖွေရန် အမြဲတမ်း အပြင်ထွက်လေ့ရှိသည်။ ဆရာဝန်ကြီးက ပြုံးရယ်ကာ သားရဲတိရစ္ဆာန်များ ပိုမိုသန်မာလာသကဲ့သို့ပင် ဆေးဘက်ဝင်အပင်များ၏ အာနိသင်မှာလည်း ပိုမိုကောင်းမွန်လာသည်ဟု လူများကို ပြောပြလေ့ရှိသည်။

ထို့ကြောင့် ဆေးဘက်ဝင်အပင်များကို ခွဲခြားသိမြင်နိုင်သည့် ကျွမ်းကျင်မှုနှင့် ခိုင်မာသော ဆေးပညာအတွေ့အကြုံတို့ကြောင့် ဆရာဝန်ကြီးသည် လူအများအပြားကို ကုသပေးနိုင်ခဲ့ပြီး သူရှာဖွေလာသော ဆေးပင်များကိုလည်း အလွန်ဈေးပေါပေါဖြင့် ရောင်းချပေးခဲ့သည်။

ရန်ရှောင်စုက သူတော်စင်တစ်ယောက်တော့ မဟုတ်ပေ။ သူသည် ထိုကဲ့သို့သော ဆေးပညာကို တတ်ကျွမ်းထားပါက နောင်အနာဂတ်တွင် အရေးပေါ်အခြေအနေများကို ကိုင်တွယ်နိုင်လိမ့်မည်ဟုသာ ခံစားရခြင်းဖြစ်သည်။ ပြီးတော့ သူ ပိုက်ဆံလည်း ရှာနိုင်လိမ့်မည်။

အဓိကအားဖြင့် ယန်လျို့ယွမ် ဆုတောင်းပြီးတိုင်း ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများမှာ များသောအားဖြင့် အအေးမိခြင်း၊ ဖျားနာခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းများသာ ဖြစ်သည်။ သူသည် ယန်လျို့ယွမ်ကို ဆုတောင်းခြင်း၏ ဒဏ်ပြန်ချက်များကို မခံစားစေချင်သော်လည်း အခြေအနေအရ အတင်းအကျပ် လုပ်ဆောင်ရသည့်အခါမျိုးတွင် မည်သို့လုပ်မည်နည်း။

“ငါ ဆရာဝန် ဖြစ်ချင်တယ်။”

ရန်ရှောင်စုက သူ၏မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များဖြင့် ပြောလိုက်သည်။

“အစ်ကို... အစ်ကို နေကောင်းရဲ့လား။”

ယန်လျို့ယွမ်တစ်ယောက် မှင်တက်သွားခဲ့သည်။

“အစ်ကိုက ဆေးပညာလည်း မတတ်ဘဲနဲ့ လူတွေကို သွားမသတ်ပါနဲ့။ ငါတို့က လူတွေကို မကယ်နိုင်ရင်တောင် ဒုက္ခတော့ မပေးသင့်ဘူးလေ...။”

ရန်ရှောင်စုက ယန်လျို့ယွမ်၏ နောက်စေ့ကို ခပ်ဖွဖွ ရိုက်လိုက်သည်။

“မင်းက တော်တော်စကားများတာပဲ။ ငါက ဘယ်တုန်းက လူတွေကို တစ်ဖက်သတ် ဒုက္ခပေးဖူးလို့လဲ။”

ဤအချိန်တွင် ရန်ရှောင်စုမှာ တွက်ချက်နေပြီဖြစ်သည်။ သူသာ ဆရာဝန်ဖြစ်လာပါက သေချာပေါက် ပိုက်ဆံရှာနိုင်မည်ဖြစ်ပြီး ၎င်းမှာ တည်ငြိမ်သော ဝင်ငွေတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤဈေးမြို့ရှိ လူများသည် မကြာခဏ ဒဏ်ရာရတတ်ကြသဖြင့် ဖျားနာမှုနှင့် ဒဏ်ရာများကို ကုသပေးခြင်းမှာ အခြေခံလိုအပ်ချက်တစ်ခုပင် ဖြစ်သည်။

သူသည် တွေးမိသည်နှင့် ချက်ချင်းပင် လုပ်ဆောင်တော့လေသည်။

နောက်တစ်နေ့တွင် ရန်ရှောင်စုသည် နိုးနိုးချင်း စာသင်ကျောင်းသို့ မသွားဘဲ ပေါင်မုန့်နက် အနည်းငယ်ကို ပါးစပ်ထဲ အမြန်ထည့်ကာ ဆေးခန်းတံခါးဝတွင် ဆောင့်ကြောင့်ထိုင်၍ ဆေးခန်းဖွင့်မည့်အချိန်ကို စောင့်နေလိုက်သည်။

အခြေအနေမှာ ဆေးခန်းက တော်တော်လေး အားကိုးမရသည်ကို ပြသနေခဲ့သည်။ ရန်ရှောင်စုသည် မွန်းတည့်ချိန်အထိ စောင့်နေသော်လည်း ဆေးခန်းမှာ ဖွင့်လှစ်ခြင်း မရှိသေးပေ...။

မွန်းလွဲပိုင်းတွင် ခံတပ်အတွင်းရှိ ခေါင်းလောင်းသံ နှစ်ချက်တီးချိန် ရောက်မှသာ ဆရာဝန်လေးသည် တံခါးကို ဖြည်းညင်းစွာဖွင့်ကာ အကြောဆန့်ရင်း နေပူစာလှုံရန် ထွက်လာခဲ့သည်။ သို့သော် သူ၏ အကြောဆန့်၍ မပြီးသေးခင်မှာပင် တံခါးဝ၌ ဆောင့်ကြောင့်ထိုင်နေသော ရန်ရှောင်စုကို မြင်လိုက်ရကာ လန့်ဖျန့်သွားတော့သည်။

“မင်းက ဆေးလာပြတာလား။ ပိုက်ဆံပါလား။”

ဆရာဝန်က မေးလိုက်သည်။

ဤဆရာဝန်သည် ရန်ရှောင်စု၌ ဘာဖြစ်နေသနည်းဟု လုံးဝမမေးမြန်းဘဲ ငွေကိုသာ ဂရုစိုက်လေသည်။

ရန်ရှောင်စုက ပြုံးကာ ပြောလိုက်သည်။

“ငါ ဆေးလာပြတာ မဟုတ်ပါဘူး။ ဆရာ... ဆရာ့အလုပ်သာ ဆက်လုပ်ပါ။”

ဆရာဝန်မှာ ကြောင်တောင်တောင် ဖြစ်သွား၏။

အကယ်၍ မင်းက ဆေးလာပြတာ မဟုတ်ရင် ငါ့တံခါးဝမှာ ဘာလို့ လာပြီး ဆောင့်ကြောင့်ထိုင်နေတာလဲ။

သို့သော် ထိုခဏ၌ ရန်ရှောင်စုသည် သူ၏စိတ်ထဲရှိ နန်းတော်မှ ပထမဆုံးသော သင်ယူခြင်းစာရွက်ကို တိတ်တဆိတ် အသုံးပြုလိုက်ပြီဖြစ်သည်။

သားရေစာရွက်နှင့်တူသော သင်ယူခြင်းစာရွက်မှာ နန်းတော်အတွင်း၌ မီးမရှိဘဲ လောင်ကျွမ်းသွားပြီး ခဏချင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူမြင်လိုက်ရသည်။

“ပစ်မှတ်၏ ကျွမ်းကျင်မှုကို ကျပန်းသင်ယူပါမည်။”

“ပစ်မှတ်၏ ‘ကြွားလုံးထုတ်ခြင်း’ ကျွမ်းကျင်မှုကို ကျပန်းထုတ်ယူရရှိပါသည်။ သင်ယူလိုပါသလား။”

ရန်ရှောင်စု မှင်တက်သွား၏။

ဘာလို့ ငါက ကြွားလုံးထုတ်တတ်အောင် သင်ရမှာလဲ။

ဤသင်ယူခြင်းစာရွက်သည် ပစ်မှတ်၏ ကျွမ်းကျင်မှုများကို ကျပန်းထုတ်ယူခြင်းသာဖြစ်ပြီး မိမိလိုချင်ရာကို ရွေးချယ်သင်ယူ၍ မရကြောင်း သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။

ဒါပေမဲ့ ပြဿနာက ဒီကောင်မှာ ဘာလို့ ကြွားလုံးထုတ်တဲ့ ကျွမ်းကျင်မှု ရှိနေရတာလဲ။ ဒါက ကျွမ်းကျင်မှုလို့တောင် သတ်မှတ်လို့ ရလို့လား။ မင်းက တကယ် အသုံးမကျတဲ့ကောင်ပဲ။

ရန်ရှောင်စုသည် ဆရာဝန်ကို မလိုတမာစိတ်ဖြင့် စိုက်ကြည့်လိုက်၏။

ဒီကောင်က တကယ်ကို ရွံစရာကောင်းတာပဲ။

သို့သော် သူသည် တစ်ဖက်လူ၏ အသက်မွေးဝမ်းကျောင်းပညာကို ခိုးယူရန် ရောက်လာခြင်းဖြစ်ရာ အလုပ်ကို လုယူပြီးနောက် ထိုလူကိုပါ ရိုက်နှက်နေမည်ဆိုပါက လူကျင့်ဝတ်နှင့် မညီသကဲ့သို့ ဖြစ်ပေလိမ့်မည်။

ဆရာဝန်မှာ စိုက်ကြည့်ခံရသဖြင့် အနည်းငယ် နေရခက်လာခဲ့လေသည်။ တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ရန်ရှောင်စုက မည်သူဖြစ်ကြောင်း သူ ရုတ်တရက် သတိရသွားခဲ့သည်။

ရန်ရှောင်စုသည် သူ့ထံ ဆေးလာပြဖူးခြင်း မရှိသော်လည်း အမှန်စင်စစ် နှစ်ဖက်လုံးမှာ တစ်ဦးအကြောင်းတစ်ဦး ကြားဖူးနားဝတော့ ရှိကြသည်။ တစ်ယောက်က ဈေးမြို့၏ တစ်ဦးတည်းသော ဆရာဝန်ဖြစ်ပြီး နောက်တစ်ယောက်က ဈေးမြို့၏ နာမည်ကြီး လူကြမ်းဖြစ်သည်။ သူတို့တစ်ဦးအကြောင်းတစ်ဦး သိနေကြသည်မှာ သဘာဝကျပေသည်။

ထို့ကြောင့် ဆရာဝန်လေးမှာ ထိုနေရာတင်တင်ပင် သတ္တိကြောင်သွားတော့သည်...။

“မင်း... မင်း ဘာလိုချင်လို့လဲ။”

ဆရာဝန်က အသံတုန်တုန်ဖြင့် မေးလိုက်သည်။

“မင်းက အားနေရင် အမြဲတမ်း ကြွားလုံးထုတ်နေတာလား။”

ရန်ရှောင်စုက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။

ဆရာဝန်လေး မှင်တက်သွား၏။

“မင်း ဘာတွေ လာပြောနေတာလဲ။”

ရန်ရှောင်စုက သူ့ကို စကားအပိုများ ဆက်မပြောတော့ပေ။

ဒီ ‘ကြွားလုံးထုတ်ခြင်း’ ကျွမ်းကျင်မှုကိုတော့ သေချာပေါက် သင်ယူလို့မရဘူး။ အသုံးမဝင်ဘူးကွ။

သင်ယူခြင်းစာရွက် တစ်ခုတော့ အလကားဖြစ်သွားပြီဟုသာ သူ မှတ်ယူလိုက်ရတော့သည်။

သူသည် ဒုတိယမြောက် သင်ယူခြင်းစာရွက်ကို ထပ်မံအသုံးပြုလိုက်ပြန်သည်။

“ပစ်မှတ်၏ ကျွမ်းကျင်မှုကို ကျပန်းသင်ယူပါမည်။”

“ပစ်မှတ်၏ ‘လှည့်စားခြင်း’ ကျွမ်းကျင်မှုကို ကျပန်းထုတ်ယူရရှိပါသည်။ သင်ယူလိုပါသလား။”

သင်ယူရမှာလား။ ဘာတွေလဲကွာ။

ရန်ရှောင်စုသည် ဆရာဝန်လေးကို စိုက်ကြည့်လိုက်၏။

“မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ အသုံးမကျတဲ့ ကျွမ်းကျင်မှုတွေတော့ တော်တော်များသားပဲ...။”

ဆရာဝန်လေးမှာ ကြောက်လွန်း၍ ငိုမိတော့မတတ် ဖြစ်နေပြီဖြစ်သည်။

“မင်း ဘာတွေပြောနေတာလဲ။”

“မင်းက နေ့တိုင်း လူတွေကို လိမ်ညာလှည့်စားနေတာ မဟုတ်လားလို့ ငါမေးနေတာကွ။”

ရန်ရှောင်စုက မေးလိုက်သည်။

“မင်း ဘယ်သူတွေကို လိမ်ခဲ့လဲ။ ငါ့ကို ပြောစမ်း...။”

“မင်း စကားတွေကို လျှောက်မပြောနဲ့။ ငါက ဘယ်သူ့ကို လိမ်လို့လဲ...။”

ရန်ရှောင်စုသည် အလွန်ပင် ကျိုးကြောင်းဆင်ခြင်တတ်သူ ဖြစ်သည်။ ဤမျှ အရှုံးပေါ်သွားပြီးနောက် သူသည် လက်ရှိအခြေအနေကို သေချာစွာ ဆန်းစစ်ကြည့်လိုက်သည်။

သူသည် ဆေးပညာကို သေချာပေါက် သင်ယူရပေလိမ့်မည်။ နန်းတော်သည် နောင်တွင် သင်ယူခြင်းစာရွက်များ ထပ်ပေးဦးမည်မှာ သေချာသော်လည်း မည်သည့်အချိန်တွင် မစ်ရှင်များ ထပ်ပေးမည်ကိုမူ သူ မသိပေ။

ထို့ကြောင့် ရန်ရှောင်စု ယခု သိချင်နေသောအရာမှာ တစ်ဖက်လူ၏ ဆေးပညာမှာ အမှန်တကယ် မည်မျှအထိ ရှိသနည်း၊ သူ့ထံမှ ဆက်လက်သင်ယူရန် ကြိုးစားသင့်သလား ဆိုသည့်အချက်ပင်။

ထို့နောက် သူ စိတ်ထဲမှ မေးလိုက်သည်။

“ဒီဆရာဝန်ရဲ့ ဆေးပညာအဆင့်က ဘယ်လောက်လဲ။”

“ပစ်မှတ်ကို စစ်ဆေးပြီးပါပြီ။ အချက်အလက် ပေးနိုင်ပါသည်။”

“ပစ်မှတ်တွင် မည်သည့်ဆေးပညာ ကျွမ်းကျင်မှုမျှ မရှိပါ။”

ဘာကွ...။ ငါ့လခွမ်းထဲမှပဲ...။

ရန်ရှောင်စုသည် သူသယ်လာသော သံဒယ်အိုးကြီးကို နေရာတင်ပင် ရိုက်ခွဲပစ်ချင်စိတ် ပေါက်သွားခဲ့လေသည်။ သူသည် ထိုဒယ်အိုးကြီးကို ထိုနေ့မနက်ကတည်းက သယ်လာခဲ့ခြင်း ဖြစ်သည်...။

မင်းမှာ ‘လှည့်စားခြင်း’ ကျွမ်းကျင်မှု ရှိနေတာ မဆန်းတော့ဘူး။ မင်းက ဒီနှစ်တွေတစ်လျှောက်လုံး ဆေးပညာကို တစ်စက်ကလေးမှ နားမလည်ဘဲ ဒီမှာ လူတွေကို လိမ်စားနေတာကိုး။

ဆရာဝန်ကြီးက ဒီလို အသုံးမကျတဲ့ကောင်မျိုးကို ဘယ်လိုများ ပြုစုပျိုးထောင်ခဲ့ပါလိမ့်။

ဤကလေးသည် နှစ်များတစ်လျှောက်လုံး ဆရာဝန်ကြီး ချန်ထားရစ်ခဲ့သည့် အမွေအနှစ်များကိုသာ မှီခိုအားထားပြီး အသက်ရှင်နေခဲ့ခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဈေးမြို့တွင် ဒုတိယမြောက် ဆရာဝန်ဟူ၍ မရှိသောကြောင့် သူသည် စိတ်အေးလက်အေးဖြင့်ပင် လူများကို လိမ်ညာလှည့်စားနေခဲ့၏။ အသက်ရှင်နိုင်သည့် လူနာများမှာ အသက်ရှင်ကြပြီး မရှင်နိုင်သူများအတွက်မူ လူများမှာ သေခြင်းနှင့်ရှင်ခြင်းကို ရိုးအီနေကြပြီ ဖြစ်သည်။ ဆရာဝန်ကြီး ရှိစဉ်ကပင် သူ မကုသနိုင်သည့် လူများ ရှိခဲ့သည်မဟုတ်ပါလော။

ထို့အပြင် ဆရာဝန်ကြီး မကွယ်လွန်မီက ဤကလေးအတွက် ဆေးဘက်ဝင်အပင်များစွာကို ချန်ထားပေးခဲ့ပြီး မည်သည့်ရောဂါလက္ခဏာအတွက် မည်သည့်ဆေးကို သုံးရမည်ဟု အညွှန်းများ တပ်ပေးထားခဲ့သည်။ သူကတော့ မှန်းဆပြီး ဆေးပေးလိုက်ရုံပင်။

ရန်ရှောင်စုသည် ယနေ့တွင် သင်ခန်းစာတစ်ခု ရရှိသွားခဲ့ပြီဖြစ်သည်။ နောက်တစ်ကြိမ်တွင် ပထမဆုံးအကြိမ် ကျွမ်းကျင်မှု ထုတ်ယူခြင်း မအောင်မြင်ပါက တစ်ဖက်လူတွင် သူအမှန်တကယ် သူလိုချင်သည့် ကျွမ်းကျင်မှု ရှိ၊ မရှိကို အရင်ဆုံး သေချာအောင် လုပ်ရပေလိမ့်မည်...။

All Chapters