← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း ၁၅ - ဒေါင်လိုက် ပေါင်းစည်းခြင်း

ရန်ရှောင်စု ဒေါသတကြီးဖြင့် ထွက်ခွာလာခဲ့လိုက်သည်။ ထိုဆရာဝန်ကို ရိုက်နှက်ချင်စိတ် ပေါက်နေသော်လည်း သူ၏ အကြောင်းပြချက်မှာ အားနည်းနေသေးသည်။ အမှန်စင်စစ် သူ၏ ကနဦးရည်ရွယ်ချက်မှာလည်း တစ်ဖက်လူ၏ အသက်မွေးဝမ်းကျောင်းပညာကို ခိုးယူရန် မဟုတ်ပါလော။

သို့သော် သူသည် ဆရာဝန်ဖြစ်ရန်တော့ စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သည်။ ယန်လျို့ယွမ်၏ အမြင်ကို ရန်ရှောင်စု အပြည့်အဝ ထောက်ခံသည်။ ဆရာဝန်ဆိုသည်မှာ လူသားတို့၏ ကျေးဇူးတင်စကားကို ရရှိရန် အလွန်လွယ်ကူသော အလုပ်တစ်ခု ဖြစ်ပေသည်။

ဒါပေမဲ့ ဆေးပညာ တစ်စက်မှမတတ်ဘဲ သူ ဘယ်လို ဆရာဝန်လုပ်မှာလဲ။

စာသင်ကျောင်းသို့ ရောက်သောအခါ သူ အတွေးနက်နေခဲ့သည်။ ရုတ်တရက်ဆိုသလို မနေ့ညက အပေါင်ဆိုင်ရှေ့မှ မြင်ကွင်းကို သတိရသွားခဲ့သည်။

အမျိုးသမီးက ဆေးခန်းရှေ့တွင် ငိုယိုနေစဉ် အမျိုးသားမှာ သွေးများ အဆက်မပြတ်ထွက်ကာ နှလုံးရပ်သွားသည့်တိုင်အောင် ဖြစ်ခဲ့ရသည်။

ရန်ရှောင်စုသည် သူ၏ လက်မနှင့် လက်ညှိုးကြားရှိ အသားကို မတော်တဆ ကြည့်မိသွား၏။ အံ့သြစရာကောင်းသည်မှာ ပိုးဝင်နေခဲ့သော ဒဏ်ရာမှာ ယနေ့တွင် အနာဖေး တက်နေပြီဖြစ်သည်။

ဒါဆိုရင် ထိုအမည်းရောင် ဆေးက အရောင်ကျစေရုံတင်မကဘဲ ဒဏ်ရာတွေကိုပါ အလျင်အမြန် ကျက်စေတာပေါ့။

ရန်ရှောင်စုသည် ဒဏ်ရာရဖူးသူဖြစ်ရာ လူ့ခန္ဓာကိုယ်၏ ကိုယ်တိုင် ကုသနိုင်စွမ်းကို ကောင်းကောင်းကြီး နားလည်ထားပေသည်။ စာကလေး ဆိတ်သွားသည့် ဒဏ်ရာကဲ့သို့ နက်ရှိုင်းသော ဒဏ်ရာမျိုးမှာ အနည်းဆုံး ခုနစ်ရက်ခန့် ကြာမှသာ အနာဖေး စတက်နိုင်မည်ဖြစ်သည်။

နေဦး...။

ရန်ရှောင်စုသည် ဆရာဝန်လုပ်ရန် နည်းလမ်းကို ရှာတွေ့သွားပြီဟု ခံစားလိုက်ရ၏။ ထိုဆေးခန်းမှ ဆရာဝန်ပင်လျှင် လိမ်ညာခြင်းနှင့် ကြွားလုံးထုတ်ခြင်းတို့ဖြင့် အသက်မွေးနိုင်သေးလျှင် သူ ရန်ရှောင်စုတွင် ဤကဲ့သို့ နတ်ဆေးတစ်မျိုး ရှိနေမှတော့ ဘာကြောင့် ဆရာဝန် မလုပ်နိုင်ရမည်နည်း။

ဓားဒဏ်ရာများကို အထူးကုသပေးသည့် ဆေးခန်းတစ်ခု ဖွင့်လိုက်ရုံပင်။

လူနာရောက်လာရင် ဒဏ်ရာကို ချုပ်ပေးမယ်၊ ဆေးလိမ်းပေးမယ်။ ဒါဆိုရင် ပြီးပြီပေါ့။

ဆရာဝန်ကြီး ရှိစဉ်အခါက သူသည် ထိုကဲ့သို့သော ဒဏ်ရာချုပ်သည့် ခွဲစိတ်မှုများကို မလုပ်ဆောင်ခဲ့ကြောင်း ပြောဖူးသည်။ အကြောင်းမှာ ပိုးမွှားကင်းစင်သော ပတ်ဝန်းကျင်မရှိသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုဗက်တီးရီးယားများ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေပါက လူကို သေစေနိုင်သဖြင့် ဒဏ်ရာချုပ်ခြင်းမှာ အပိုအလုပ်သာ ဖြစ်ပေလိမ့်မည်။

ဆရာဝန်ကြီးက ထိုကိစ္စကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။

သို့သော် ယခု ရန်ရှောင်စုအတွက်မူ အခြေအနေက ကွာခြားသွားပြီဖြစ်ရာ ထိုအချက်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

ထိုအကြံကို ရရှိသွားပြီးနောက် ရန်ရှောင်စုသည် ရှောင်ယွီအတွက်ပါ မည်သို့ စီစဉ်ပေးရမည်ကို တွေးမိသွားခဲ့သည်။

ရှောင်ယွီ၏ အနာဂတ်အတွက် အစီအစဉ်မှာ အဝတ်အစားများ ဖာထေးပေးသည့်အလုပ်ဖြင့် အသက်မွေးရန် ဖြစ်သည်။ သို့သော် ရန်ရှောင်စုက ထိုအရာမှာ ခက်ခဲလိမ့်မည်ဟု ခံစားရသည်။ အကယ်၍ ခံတပ်အတွင်း၌သာဆိုလျှင် သူမကို အားကိုးမည့်သူ များပြားပေလိမ့်မည်။

သို့သော် ဤဈေးမြို့တွင်မူ လူတိုင်းမှာ ရုန်းကန်နေကြရသူများ ဖြစ်သည်။ လူတိုင်းက အိမ်မှာတင် ကိုယ့်ဘာသာ ဖာထေးကြသည်ဖြစ်ရာ မည်သူက ထိုအရာအတွက် ပိုက်ဆံအကုန်ခံပါမည်နည်း။

ရန်ရှောင်စု၏ လက်ရှိအတွေးမှာ သူမက အဝတ်အစား မဖာပေးနိုင်လျှင် ဒဏ်ရာများကိုတော့ ဖာပေးနိုင်သည်ဟူ၍ ဖြစ်သည်။ ရှောင်ယွီက သွေးမြင်လျှင် မူးလဲတတ်သလားဆိုသည်ကိုတော့ သူ မသိပေ...။ ထို့ကြောင့် ရန်ရှောင်စုသည် အသိပညာ ကြွယ်ဝသော ဆရာကြီးကျန်းကျင်းလင်ထံသို့ သွားရောက်တိုင်ပင်လိုက်လေသည်။

ကျန်းကျင်းလင်က ရန်ရှောင်စုကို အံ့သြတကြီး ကြည့်လိုက်သည်။

“မင်းက ဓားဒဏ်ရာ အထူးကုဆေးခန်း ဖွင့်ချင်တာလား။ မင်းမှာ ချုပ်ကြိုးတွေ ရှိလို့လား။”

ရန်ရှောင်စု အနည်းငယ် စဉ်းစားပြီး မေးလိုက်သည်။

“ချုပ်ကြိုးဆိုတာ ဘာလဲ။”

ကျန်းကျင်းလင်- “...ဒါဆို မင်းမှာ ထုံဆေးတွေရော ရှိလား။”

“ထုံဆေးဆိုတာ ဘာလဲ။”

ကျန်းကျင်းလင်- “...”

ဤအချိန်တွင် ကျန်းကျင်းလင်တစ်ယောက် ရန်ရှောင်စုသည် ဘာမှ ပြင်ဆင်ထားခြင်း မရှိသေးကြောင်း နားလည်လိုက်ပြီဖြစ်သည်...။

ကျန်းကျင်းလင်က စိတ်ရှည်စွာဖြင့် ပြောပြလိုက်သည်။

“ငါတို့ ဈေးမြို့လေးမှာ ဓားဒဏ်ရာရတဲ့သူတွေ ဒီလောက်များတာတောင် ဘာလို့ ဆေးခန်းက ဒီလိုအလုပ်မျိုးကို မလုပ်တာလဲ မင်းသိလား။ အဲ့ဒါက ဗက်တီးရီးယား ပိုးဝင်မှာ တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ထုံဆေးနဲ့ ချုပ်ကြိုးတွေ ရှားပါးလို့လည်း ပါတယ်။ အဲ့ဒီပစ္စည်းတွေက ခံတပ်ထဲမှာတောင် ရှားပါးတယ်လို့ ငါကြားဖူးတယ်။”

ကျန်းကျင်းလင်က ဆက်ပြောသည်။

“ထုံဆေးပေးတယ်ဆိုတာကလည်း အလွန်နုနယ်တဲ့ ကိစ္စတစ်ခုပဲ။ နည်းသွားရင် နာလိမ့်မယ်။ များသွားရင်လည်း နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားရတတ်တယ်။ ချုပ်ကြိုးကတော့ ပိုပြီး ရှုပ်ထွေးတယ်။ ကြိုးရဲ့ တင်းအားတင်မကဘဲ လူ့တစ်ရှူးတွေထဲက ဖြတ်သွားဖို့အတွက် သူ့ရဲ့ ပွတ်တိုက်မှုအားက သင့်တော်ရဲ့လားဆိုတာကိုပါ မင်းစဉ်းစားရလိမ့်မယ်။”

“သြော်... ဒါလား။”

ရန်ရှောင်စုက လက်ကာပြရင်း ပြောလိုက်သည်။

“ဒါတွေအားလုံးက ပြဿနာမဟုတ်ပါဘူး။ လူတစ်ယောက်က သေတော့မယ့်ဆဲဆဲမှာ နာမှာကို ဘယ်သူက ဂရုစိုက်နေမှာလဲ။ ကျုပ် သာမန်အပ်ချည်ကြိုးနဲ့ပဲ ချုပ်ပေးလိုက်မယ်။”

“ဒါဆို ပိုးသတ်ဖို့ကော ဘယ်လိုလုပ်မှာလဲ။”

ကျန်းကျင်းလင် ကြောင်အမ်းအမ်းဖြင့် မေးလိုက်သည်။

“ကျုပ်မှာ လျှို့ဝှက်ဖော်မြူလာ ရှိတယ်။”

ရန်ရှောင်စုက ဆိုသည်။

အမှန်စင်စစ် ရန်ရှောင်စု သံသယရှိခဲ့သကဲ့သို့ပင် ကျန်းကျင်းလင်သည် အရာအားလုံးကို သိသည်မဟုတ်ပေ။ သူ့မှာ ကျွမ်းကျင်သည့် ဘာသာရပ်နယ်ပယ်များ ရှိသော်လည်း အခြားအရာများအတွက်မူ အပေါ်ယံမျှသာ သိထားခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းကျင်းလင်သည် ရန်ရှောင်စု၏ စကားကို မည်သို့ချေပရမည်နည်းဟု ရုတ်တရက် ဝေခွဲမရဖြစ်သွားခဲ့လေသည်။ နောက်ဆုံးတွင် သူက လက်ယမ်းပြကာ လွှတ်လိုက်တော့သည်။

“မင်းအတန်းသွားတက်တော့။ နောက်တစ်ချိန်က အသက်ရှင်ရပ်တည်ရေး သင်ခန်းစာပဲ။”

ပထမဆုံးနေ့တွင် အောင်မြင်မှုအရသာကို မြည်းစမ်းခဲ့ရသဖြင့် ရန်ရှောင်စုသည် ဒုတိယနေ့တွင်လည်း ကျောင်းဆင်းချိန်ကို မှောင်သည်အထိ တိုးမြှင့်လိုက်ပြန်သည်...။ ထိုအချိန်တွင် အချို့ကျောင်းသားများမှာ သူတို့ မည်သို့သော ဘဝမျိုးကို စတင်ဖြတ်သန်းရတော့မည်နည်းဆိုသည်ကို သတိမထားမိကြသေးပေ။

ကျောင်းဆင်း၍ ကျောင်းသားများ ပြန်ကြတော့မည့်အချိန်တွင် ယနေ့ တစ်ဦးတစ်ယောက်မျှ ကျေးဇူးတင်စကား မပြောကြသည်ကို ရန်ရှောင်စု သတိပြုမိသွားခဲ့သည်။ သူက မနေနိုင်ဘဲ ဦးအောင် မေးလိုက်သည်။

“မင်းတို့ ဆရာတွေကို ကျေးဇူးမတင်ကြတော့ဘူးလား။”

ကျောင်းသားများမှာ လန့်သွားကြပြီး ချက်ချင်းပင် တစ်ဖွဲ့လုံး လှည့်လာကာ “ကျေးဇူးတင်ပါတယ် ဆရာ” ဟု ပြောလိုက်ကြ၏။

သို့သော် ရန်ရှောင်စု အလွန်စိတ်ပျက်သွားရသည်မှာ သူ၏နန်းတော်အတွင်း၌ ကျေးဇူးတင်ခြင်း ဒင်္ဂါးပြား တစ်ပြားမှ ရှိမနေခြင်းပင်...။ ကျောင်းသားများက ဆရာ့ကို နားမလည်ကြခြင်းမှာ သဘာဝကျကြောင်း ကျန်းကျင်းလင် ယခင်က ပြောခဲ့ဖူးသည်။ ရန်ရှောင်စုသည် လျှောက်လှမ်းရန် လမ်းခရီး အဝေးကြီး လိုနေသေးသည်ဟု ခံစားလိုက်ရသည်။

ထိုညနေတွင် အိမ်ပြန်ရောက်သောအခါ ရန်ရှောင်စုသည် သူ၏တဲစုတ်လေးအတွင်းမှ အလင်းရောင်တစ်ခုကို အဝေးမှ လှမ်းမြင်လိုက်ရသည်။ သူ တံခါးလိုက်ကာကို အမြန်မကာ ဝင်လိုက်ရာ ရှောင်ယွီသည် သူတို့၏ ပျက်စီးနေသော ကုလားထိုင်ပေါ်တွင် ထိုင်ကာ ညီအစ်ကိုနှစ်ဦးအတွက် အဝတ်အစားများ ဖာထေးပေးနေသည်ကို မြင်လိုက်ရလေသည်။ သူမ၏ ဘေးတွင် ချက်ပြုတ်ထားသော ပြောင်းဖူးဆန်ပြုတ်နှင့် တောဟင်းသီးဟင်းရွက် ပန်းကန်များလည်း ရှိနေသည်။

အဝတ်အစားများကို ခိုးသူနည်းပါးသဖြင့် များသောအားဖြင့် တဲထဲတွင်ပင် ဒီအတိုင်း ထားလေ့ရှိကြသည်။

အကယ်၍ ခိုးသွားခဲ့လျှင်ပင် နောက်ဆုံးတွင် ထိုအဝတ်ကို ဝတ်ပြီး အပြင်ထွက်ရမည်ဖြစ်ရာ မြင်သည်နှင့် မှတ်မိကြပေလိမ့်မည်။ ထိုအချိန်ကျလျှင် ရန်ရှောင်စုက ထိုသူခိုးကို အသေမရိုက်ဘဲ ထားမည်လားဆိုသည်မှာ စဉ်းစားစရာပင်။

ရှောင်ယွီသည် သူတို့ပြန်လာသည်ကို မြင်သောအခါ ပြုံးလိုက်၏။

“အစ်မ ခွင့်မတောင်းဘဲ ဝင်လာမိပြီ။ အစ်မက မင်းတို့ အဝတ်တွေ စုတ်နေလို့ ဖာပေးနေတာပါ။ လာ... ထမင်းစားကြတော့။”

ယန်လျို့ယွမ်က ဆန်ပြုတ်ကို ယူရန် လက်လှမ်းလိုက်၏။ ဤအစားအစာမှာ ဈေးမြို့တွင် အလွန်ကောင်းမွန်သော အစားအစာဟု သတ်မှတ်နိုင်ပေသည်။ များသောအားဖြင့် သူတို့မှာ ပေါင်မုန့်နက် သို့မဟုတ် အာလူးများကိုသာ စားကြရပေသည်။ သို့သော် ယန်လျို့ယွမ်သည် ချက်ချင်းပင် ရန်ရှောင်စု၏ ရိုက်ချခြင်းကို ခံလိုက်ရ၏။

“အစ်မရှောင်ယွီကို ကျေးဇူးတင်စကား ပြောပြီးပြီလား။”

ယန်လျို့ယွမ်သည် ရန်ရှောင်စု၏ ရှေ့တွင် အလွန်ပင် လိမ်မာသူဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အစ်မရှောင်ယွီ။”

ထိုအခါ ရှောင်ယွီက အမြန်ပြောလိုက်သည်။

“လျို့ယွမ်ကို ခဏခဏ မရိုက်ပါနဲ့။”

“ငါ သူ့ကို အလိုလိုက်ထားလို့ ရပေမဲ့ အပြင်လောကက သူ့ကို အလိုလိုက်မှာ မဟုတ်ဘူး။”

ရန်ရှောင်စုက ရှင်းပြပြီးနောက် အလေးအနက် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်မရှောင်ယွီ။”

“မလိုပါဘူး။”

ရှောင်ယုယွီက ပြုံးလိုက်သည်။

“မင်းတို့ ညီအစ်ကိုနှစ်ယောက် ညစာကို ဘာစားရတာကြိုက်လဲ။”

“ကျွန်တော်တို့ များသောအားဖြင့် ညစာ မစားကြဘူး။”

ယန်လျို့ယွမ်က ဆိုသည်။

“ဒါတော့ မဖြစ်ဘူးလေ။ မင်းတို့က ကြီးထွားနေဆဲ အရွယ်တွေပဲရှိသေးတယ်။”

ရှောင်ယွီက ပြောလိုက်သည်။

အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ရန်ရှောင်စုသည် ရှောင်ယွီမှာ သူတို့၏ အစ်မရင်း တစ်ယောက်ဖြစ်သင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ယခင်က မည်သူတစ်ဦးတစ်ယောက်မျှ သူတို့ကို ကြီးထွားနေဆဲ အရွယ်ဖြစ်ကြောင်း ပြောဖူးခြင်း မရှိခဲ့ပေ။

“အစ်မရှောင်ယွီ အစ်မရဲ့ အပ်ချုပ်ပညာက တကယ်တော်တာပဲ။ ငါတို့ရဲ့ ဓားဒဏ်ရာ အထူးကုဆေးခန်း ဖွင့်တဲ့အခါကျရင် မမ လာကူညီပေးမလား။”

ရန်ရှောင်စုက မေးလိုက်သည်။

“ဓားဒဏ်ရာ အထူးကုဆေးခန်းလား။”

ရှောင်ယွီ မှင်တက်သွား၏။

“ဘာလို့ ရုတ်တရက်ကြီး ဆေးခန်းဖွင့်ဖို့ တွေးရတာလဲ။”

“ဘာလို့လဲဆိုတော့ ငါ့မှာ ဓားဒဏ်ရာတွေအတွက် လျှို့ဝှက် ဆေးဖော်မြူလာ ရှိလို့လေ။ အဲ့ဒါက အရောင်ကျစေသလို ဒဏ်ရာကိုလည်း အမြန်ကျက်စေတယ်။”

ရန်ရှောင်စု စကားဆုံးသည်နှင့် သူ၏ လက်မပေါ်မှ အမာရွတ်ကို ထုတ်ပြလိုက်သည်။ ရှောင်ယွီ ကြည့်လိုက်သောအခါ ဒဏ်ရာမှာ အမှန်တကယ်ပင် အနာဖေးတက်ကာ ကျက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။

ရှောင်ယွီ အနည်းငယ် စဉ်းစားလိုက်၏။

“ဒါပေမဲ့ အခု ဈေးမြို့မှာ ရန်ပွဲတွေက အရင်ထက်စာရင် အများကြီး နည်းသွားပြီလေ။ အရင်ကဆို တစ်နေ့ကို ဆယ်ယောက်လောက် ဒဏ်ရာရတတ်ပေမဲ့ အခုတော့ ရက်အနည်းငယ်မှ တစ်ယောက်လောက်ပဲ ရှိတော့တယ်။”

၎င်းမှာ အမှန်ပင်ဖြစ်သည်။ ရန်ရှောင်စု သတ်လိုက်သည့်လူနှင့် မနေ့က ဆေးခန်းရှေ့မှ အမျိုးသားတို့မှလွဲလျှင် တကယ်တမ်း ရန်ပွဲများမှာ များများစားစား မရှိလှပေ။

ညဘက် အိမ်ဖောက်ထွင်းခံရမှုများကိုတော့ ထည့်မတွက်ထားပေ။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော အခြေအနေများတွင် အသက်ရှင်ကျန်ရစ်သူဟူ၍ မရှိသလောက် ရှားသောကြောင့်ပင်။

ရန်ရှောင်စုတစ်ယောက် စဉ်းစားခန်းဝင်သွားခဲ့လေသည်။

“ဒါဆိုရင်... ငါကိုယ်တိုင် သွားခုတ်လိုက်ရမလား။”

ယန်လျို့ယွမ်မှာ လန့်ဖြန့်သွား၏။

“အစ်ကို... မင်းက တကယ် ရက်စက်တာပဲ။ ဒါက ဘာလဲ... လုပ်ငန်းစဉ်တစ်ခုလုံးကို လက်ဝါးကြီးအုပ်မယ့် ဒေါင်လိုက်ပေါင်းစည်းခြင်းလား။”

ရန်ရှောင်စုသည် စကားဆုံးသည်နှင့် ခေါင်းကို အမြန်ခါယမ်းလိုက်သည်။

“မဟုတ်တာ... မဟုတ်တာ။ ငါ အဲ့ဒီလို မလုပ်ပါဘူး။ အမြတ်အစွန်းကြောင့် ငါ့ရဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းကိုတော့ အပျောက်မခံနိုင်ဘူး။”

အခန်း (၁၆) - ငါ မင်းကို နည်းနည်း လျှော့ပေးမယ်

ညဥ့်နက်ချိန်တွင် ရန်ရှောင်စုသည် သူရရှိထားသည့် အကျိုးအမြတ်များကို စစ်ဆေးကြည့်လိုက်၏။ မနေ့က ရှောင်ယွီက ကျေးဇူးတင်ဒင်္ဂါး တစ်ပြား၊ ယန်လျူ့ယွမ်က တစ်ပြားနှင့် ကျောင်းသားနှစ်ယောက်က နှစ်ပြား ပေးခဲ့သဖြင့် သူ စုစုပေါင်း လေးပြား ရရှိထားသည်။

သို့သော် သူက တစ်ပြား အသုံးပြုလိုက်ပြီးဖြစ်ရာ ယခုအခါ သူ့တွင် ကျေးဇူးတင်ဒင်္ဂါး ၃ ပြားနှင့် နှစ်ကြိမ်သုံး၍ရသော ဆေးပုလင်းလေး တစ်လုံးသာ ကျန်ရှိတော့လေသည်။ ရန်ရှောင်စုသည် ရိုးရှင်းပြီး မှတ်ရလွယ်ကူစေရန်အတွက် ဤဆေးကို ဆေးနက်ဟု အမည်ပေးရန် ဆုံးဖြတ်လိုက်လေသည်။ ရန်ရှောင်စု၏ စိတ်ထဲတွင် ကျေးဇူးတင်ဒင်္ဂါး တစ်ပြားလျှင် ဆေးနက်တစ်ပုလင်း လဲလှယ်နိုင်ပြီး ဆေးနက်တစ်ပုလင်းလျှင် လူ ၃ ဦးကို ကုသပေးနိုင်သည်။ ဤကဲ့သို့ ၁ ဆ ၃ ဆ အချိုးဖြင့် လဲလှယ်ခြင်းက အမြဲတမ်း အမြတ်ထွက်နေမည်ဖြစ်သည်။

ကျေးဇူးတင်ဒင်္ဂါးများကို လက်နက်များအဖြစ် မလဲလှယ်ဘဲ ဆေးနက်အဖြစ် လဲလှယ်ရောင်းချခြင်းသည် လက်နက်များ ရရှိနိုင်မည့် တိုးတက်မှုကို နှေးကွေးသွားစေနိုင်သည်ဟု ထင်ရသော်လည်း သူ ဆေးနက်များများ လဲလှယ်လေ ကျေးဇူးတင်ဒင်္ဂါးများ ပိုမိုရရှိလာလေ မဟုတ်ပါလော။ ဤသည်မှာ အဆမတန် တိုးတက်မှုဖြစ်ပြီး သူသည် လက်နက်များကို ပို၍ပင် မြန်မြန်ဆန်ဆန် ရရှိနိုင်ပေလိမ့်မည်။

ထို့အပြင် လျူ့ယွမ်တွင် လက်ရှိအသုံးပြုရန် အရိုးဓားတစ်ချောင်း ရှိနေသေးသည်။ သူသည် အချိန်တိုအတွင်း တောထဲသို့ အမဲလိုက်ရန် မလိုအပ်သေးသောကြောင့် မိသားစုကို ထောက်ပံ့ရန် ငွေရှာခြင်းက ပထမဦးစားပေး ဖြစ်လာခဲ့တော့သည်။

သူ အရင်ဆုံး ငွေရှာရမည်။

ထိုညတွင် ရန်ရှောင်စု အိမ်မက်တစ်ခု မက်ခဲ့၏။ သူသည် တောရိုင်းထဲတွင် ရပ်နေပြီး ညအမှောင်ကဲ့သို့ နက်မှောင်နက်နဲသည့် ဓားနက်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်ဟု အိမ်မက်မက်ခဲ့ခြင်းဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ရန်ရှောင်စု အပြင်သို့ ထွက်လာခဲ့၏။ ယနေ့တွင် သူသည် သံဒယ်အိုးကြီးကို သယ်မလာဘဲ ယန်လျူ့ယွမ်၏ အရိုးဓားကိုသာ ယူလာခဲ့သည်။

ယခုအခါ ရှောင်ယွီက တဲအိမ်နှစ်လုံးကို စောင့်ကြပ်ပေးနေပြီဖြစ်ရာ နေ့ခင်းဘက်တွင် ပစ္စည်းများ အခိုးခံရနိုင်ခြေ နည်းသွားပြီဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင် စျေးမြို့ထဲတွင် မကောင်းသော ရည်ရွယ်ချက်ရှိသူများသည် အားနည်းသူများကိုသာ ရွေး၍ နှိပ်စက်တတ်ကြ၏။ ရက်စက်တတ်သော ရန်ရှောင်စုဆီမှ မည်သူက ခိုးရဲပါမည်နည်း။

အပြင်ထွက်သည့်အခါ သံဒယ်အိုးကြီးကို သယ်မသွားရသည်မှာ အလွန်ကောင်းလှသည်...။ မဟုတ်ပါက အလားအလာရှိသော လူငယ်တစ်ဦးဖြစ်သည့် ရန်ရှောင်စုအတွက် တစ်နေကုန် သံဒယ်အိုးကြီးပိုးပြီး ဟိုပြေးဒီပြေး လုပ်နေရသည်မှာ ကြည့်မကောင်းလှပေ။ ယနေ့တွင် သူသည် တောထဲသို့ အမဲလိုက်ရန် သွားခြင်းမဟုတ်ဘဲ ဆေးမြစ်များ ရှာဖွေဟန်ဆောင်ရန် သွားခြင်းဖြစ်သည်။

ရန်ရှောင်စုက အလွန်သတိကြီးသူတစ်ဦးပင်။

သူက သူ့တွင် လျှို့ဝှက်ဆေးဖော်စပ်နည်း ရှိသည်ဟု အခိုင်အမာ ပြောဆိုထားသဖြင့် သံသယများ မဖြစ်စေရန် ဆေးမြစ်များ သွားရောက်ရှာဖွေသည့် လုပ်ငန်းစဉ်ကို အရင်လုပ်ပြရမည်ဖြစ်သည်။

အထူးစွမ်းအားရှင်များကို တစ်စုံတစ်ယောက်က ပစ်မှတ်ထားနေသည်ဟု ရန်ရှောင်စု မကြားဖူးသေးသော်လည်း သူသည် မူတစ်ခုကိုတော့ ကောင်းစွာ နားလည်ထားသည်။ ရောထွေးနေသော လူအုပ်ကြားတွင် မိမိကိုယ်ကိုယ် အကာအကွယ်ချင်ပါက အခြားသူများကဲ့သို့ပင် ဟန်ဆောင်နေထိုင်ရန် ဖြစ်သည်။

“ခေါင်းပြူထွက်လာတဲ့ ငှက်က အပစ်ခံရတတ်တယ်”၊ “အပင်မြင့်ရင် လေတိုက်တယ်” နှင့် “ချမ်းသာမှုကို မကြွားဝါသင့်ဘူး” စသည့် ရှေးဟောင်းပုံပြင်များက လူတစ်ဦးကို မလိုအပ်ဘဲ လူလုံးမပြရန် မည်မျှ သတိပေးခဲ့ကြသနည်း။

သူ စျေးမြို့သို့ ပြန်ရောက်လာသည့်အခါ နေ့လယ်ပင် ရှိသေးသည်။ ရန်ရှောင်စုသည် ဆေးမြစ်ပုံကြီးကို သယ်ဆောင်ပြီး ပြန်လာသောအခါ သူ့ကို သိသူတစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ရန်ရှောင်စု မင်း ဘာလို့ ဒီပေါင်းပင်ပုံကြီးကို သယ်လာတာလဲ။”

“ဒါတွေက ပေါင်းပင်တွေဟုတ်လား။”

ရန်ရှောင်စုက မျက်မှောင်ကြုတ်လိုက်၏။

“ဒါတွေက ဆေးမြစ်တွေကွ။”

ဆေးမြစ်တွေလား။

မေးခွန်းမေးသူမှာ ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။ စျေးမြို့တွင် မွေးဖွားကြီးပြင်းလာသူ တစ်ဦးအနေဖြင့် ဤအပင်များက ဘာတွေလဲဆိုသည်ကို သူ မသိဘဲ နေပါမည်လော။ ယခင်က မည်သူမျှ ဤအပင်များကို ဆေးမြစ်ဟု မယူဆခဲ့ကြဖူးချေ။

ရန်ရှောင်စုက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောလိုက်သည်။

“အချိုးအစားသာ ကွဲပြားသွားရင် ဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ ဆေးရည်တွေ ဖြစ်လာနိုင်တယ်။ မဟုတ်ရင် ငါ့ရဲ့ အရင်က ဒဏ်ရာတွေ ဘယ်လိုပျောက်သွားတယ်လို့ မင်းထင်လို့လဲ။”

မေးခွန်းမေးသူမှာ အကြာကြီး စဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။

“...မင်း အောင့်ခံပြီး ပျောက်သွားတာ မဟုတ်ဘူးလား။”

“သွားစမ်း မင်း...။”

ရန်ရှောင်စုက လခြေလှမ်းများကိုမရပ်ဘဲ သူ့တဲအိမ်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။

ထိုအချိန်တွင် ရှောင်ယွီသည် ရန်ရှောင်စုနှင့် ယန်လျူ့ယွမ်တို့အတွက် အဝတ်အစားများ ဖာထေးပေးနေဆဲဖြစ်သည်။ ရန်ရှောင်စု ဆေးမြစ်ပုံကြီးကို သယ်လာသည်ကို သူမ မြင်သောအခါ လက်ထဲမှ အပ်ချုပ်ပစ္စည်းများကို ချလိုက်ပြီး မေးလိုက်သည်။

“ဒါတွေက ဘာတွေလဲ။”

“ဒါတွေက လျှို့ဝှက်နည်းလမ်းနဲ့ ဖော်စပ်ရမယ့် ဆေးမြစ်တွေပဲ။”

ရန်ရှောင်စုက ရှင်းပြလိုက်သည်။

ရန်ရှောင်စုသည် သံဒယ်အိုးကြီးကို တည်၊ မီးမွှေးပြီး ရေအနည်းငယ် ထည့်ကာ ဆေးမြစ်များကို ကျိုချက်ဟန်ဆောင်နေလိုက်သည်။ ဤဆေးကျိုသည့် ဖြစ်စဉ်တွင် ကုန်ကျစရိတ် အများဆုံးမှာ အမှန်စင်စစ် ရေပင် ဖြစ်သည်...။ ရေသည် ထင်းနှင့် ထိုတောရိုင်းမြက်ပင်များထက် များစွာ တန်ဖိုးရှိပေသည်။

စျေးမြို့မှ လူများ သူ ဘာလုပ်နေသည်ကို မြင်နိုင်စေရန် သူသည် တဲအိမ်၏ လိုက်ကာကိုပင် လှန်ထားလိုက်သေးသည်။

လူများစွာသည် ရန်ရှောင်စု ဆေးကျိုနေသည်ကို တွေ့ကြရသော်လည်း မည်သူမျှ ရှေ့သို့ထွက်ကာ လာမမေးရဲကြပေ။

ရန်ရှောင်စုသည် စိတ်မကျေမချမ်း ဖြစ်သွား၏။

သူသည် အခြားသူများ လာရောက်မေးမြန်းစေရန်နှင့် သူ၏ဆေးမြစ်များကို ကြော်ငြာရန်အတွက် တမင်တကာ တဲတံခါးလိုက်ကာကို ဖွင့်ထားခဲ့ခြင်း ဖြစ်သည်။

အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သူမျှ လာရောက်မေးမြန်းခြင်း မရှိပေ။

ရန်ရှောင်စုသည် တဲအပြင်ဘက်တွင် ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေသည့် ပိန်ပိန်ပါးပါး လူတစ်ယောက်ကို မျက်မှောင်ကြုတ်၍ ကြည့်ကာ လှမ်းခေါ်လိုက်သည်။

“ဟေ့လူ...။”

“ကျွန်တော့်ကို ခေါ်တာလား။”

ထိုပိန်လှီလှီလူက သူ့ကိုယ်သူ ပြန်၍လက်ညိုးထိုးကာ မေးလိုက်သည်။

“ဟုတ်တယ်... ဒီကိုလာခဲ့။”

ထိုလူက သတိကြီးစွာဖြင့် အနားသို့ ကပ်လာသောအခါ ရန်ရှောင်စုက ပြောလိုက်သည်။

“မြန်မြန်... ငါ ဘာလုပ်နေလဲဆိုတာ ငါ့ကို မေးစမ်း။”

ပိန်လှီလှီလူ: “...”

ရှောင်ယွီ: “...”

“မေးလေ...။”

ရန်ရှောင်စုက တိုက်တွန်းလိုက်၏။

“အာ...ညီအစ်ကို မင်း...ဘာလုပ်နေတာလဲ။”

ထိုလူက မေးလိုက်ရသည်။

သူ့ဆန္ဒပြည့်ဝသွားပြီးနောက် ရန်ရှောင်စုသည် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာထားဖြင့် ကြင်နာစွာ ပြောလိုက်၏။

“ငါ ဆေးမြစ်တွေ ကျိုနေတာလေ။ ငါ ဒဏ်ရာရတဲ့အခါတိုင်း ဒီဆေးမြစ်တွေကို ကျိုပြီး သုံးနေကျ။ ဒါက ရောင်ရမ်းတာနဲ့ နာကျင်တာကို သက်သာစေရုံတင်မကဘူး ဒဏ်ရာတွေကိုလည်း အမြန်ကျက်စေတယ်။ အရင်ကတော့ ဒီဆေးကို ငါလျှို့ဝှက်ထားခဲ့တယ်။ ဒါပေမဲ့ အခုတော့ ငါ့အမှားကို ငါသိမြင်သွားပြီး ဒီဆေးကို ဖော်စပ်ပြီး လူတိုင်းကို မျှဝေပေးဖို့ ဆုံးဖြတ်လိုက်ပြီ။ ဒီနေ့ကစပြီး ဓားဒဏ်ရာနဲ့ အခြားအနာတရတွေကို ကုသပေးမယ့် ဆေးခန်းတစ်ခုကို ငါ ဖွင့်လိုက်ပြီ။ ဒဏ်ရာရထားလို့ ကုချင်တဲ့သူ ရှိလား။”

ရန်ရှောင်စု၏ စကားကြောင့် အပြင်ဘက်ရှိ လူအားလုံး မှင်သက်သွားကြသည်။ သို့သော် သူတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လူစုခွဲသွားခဲ့ကြ၏။ မည်သူမျှ သူ့စကားကို အယုံအကြည် မရှိကြပေ။

လာနောက်နေတာလား။ ရန်ရှောင်စု မင်းက တကယ်ကို ကြောက်ဖို့ကောင်းတဲ့သူဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အခု ရုတ်တရက်ကြီး ရောဂါကုပေးနိုင်တယ်လို့ ပြောနေတာလား။ ဒါက အဓိပ္ပာယ်မရှိတာပဲ။ မင်း အရင်က ဒဏ်ရာရရင် အောင့်ခံနေကျဆိုတာ ဒီရပ်ကွက်ကလူတိုင်း သိနေတာပဲကို...။ အခုကျမှ ရုတ်တရက်ကြီး ဆေးမြစ်တွေရှိတယ်လို့ ပြောနေတာလား။ သရဲပဲ ယုံလိမ့်မယ်။

ရန်ရှောင်စု စိတ်မရှည် ဖြစ်လာခဲ့လေသည်။ ယခု သူသည် ဤဆေး၏ အစွမ်းထက်ပုံကို လူတိုင်းသိအောင် လုပ်ရပေတော့မည်။

ထိုအရာမှာ ရိုးရှင်းပါသည်။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသောကြောင့်ပင်။ ဆေးလိမ်းလိုက်သည်နှင့် နာကျင်ခြင်းနှင့် ပူစပ်ပူလောင်ဖြစ်ခြင်းများ ပျောက်ကွယ်သွားပြီး နောက်တစ်နေ့တွင် ဒဏ်ရာမှာ အနာဖေးတက်သွားပေလိမ့်မည်။

သူ့ဆေးက ထိရောက်တယ်ဆိုတာကို လူတွေသိအောင် လုပ်နိုင်သရွေ့ သူ စျေးကွက်ရလာမှာ မဟုတ်ဘူးလား။

ရန်ရှောင်စုသည် ဆေးပုလင်းလေးကို ယူဆောင်ပြီး လူနာများကို ရှာဖွေရန် စျေးမြို့ထဲသို့ ထွက်လာခဲ့လိုက်သည်။

လူနာအများဆုံးရှိတဲ့နေရာက ဘယ်နေရာလဲ။ ဆေးခန်းပေါ့...။ ဒါက သိသာနေတာပဲကို။

ရန်ရှောင်စု ဆေးခန်းသို့ ရောက်သောအခါ လူနာတစ်ယောက်မှ မရှိသည်ကို တွေ့လိုက်ရလေသည်...။ ဆေးခန်းက ကုသခမှာ အလွန်များသဖြင့် မည်သူမျှ မတတ်နိုင်ကြခြင်း ဖြစ်သည်။

ရန်ရှောင်စုသည် ဆရာဝန်လေးကို စိုက်ကြည့်ကာ လှည့်ထွက်သွားခဲ့၏။ အေးအေးလူလူ လက်ဖက်ရည်သောက်နေသော ဆရာဝန်လေးမှာ အကြောင်းရင်းမရှိဘဲ ရန်ရှောင်စု၏ စူးရှသော အကြည့်ကြောင့် ရုတ်တရက် ထိတ်လန့်သွားရသည်။

မတတ်နိုင်တော့ချေ။

ရန်ရှောင်စုသည် စက်ရုံအသီးသီး ပိတ်ချိန်ဖြစ်သည့် မွန်းလွဲပိုင်းအထိ စျေးမြို့ထဲတွင် လူနာ လျှောက်ရှာနေခဲ့၏။ နောက်ဆုံးတွင် ရန်ရှောင်စုသည် လမ်းပေါ်တွင် လက်၌ ပြတ်ရှဒဏ်ရာတစ်ခုနှင့် ပိန်ပိန်ပါးပါး လူတစ်ယောက်ကို တွေ့လိုက်ရတော့သည်။

ရန်ရှောင်စု အလွန်ဝမ်းသာသွား၏။

“ညီအစ်ကို မင်း အလုပ်လုပ်ရင်း လက်ထိသွားတာလား။ ငါ့ဆီမှာ အထူးဆေးတစ်မျိုးရှိတယ်။ လိုချင်လား။”

ထိုပိန်လှီလှီလူက ရန်ရှောင်စု၏ လေသံမှာ တစ်ခုခု မူမမှန်သလို ခံစားရသဖြင့် သတိကြီးစွာ ကြည့်ပြီး “မလိုပါဘူး” ဟု ငြင်းလိုက်သည်။

“လာပါ...နည်းနည်းလောက်ပါပဲ။”

ရန်ရှောင်စုက ရှေ့တိုးသွားပြီး ထိုလူကို တိုက်ရိုက်ဖမ်းဆွဲလိုက်သည်။ ရန်ရှောင်စုသည် သူ၏ ဆေးနက်ကို ကြော်ငြာရန်အတွက် သူ၏ နောက်ဆုံး သိက္ခာတရားများကိုပင် စွန့်လွှတ်လိုက်ပုံရသည်။

“ငါ မင်းကို နည်းနည်း လျှော့ပေးပါ့မယ်။”

သို့သော် တစ်ဖက်လူက လက်မခံလိုသေးပေ။ ရန်ရှောင်စုလက်ထဲမှ မည်းနက်နေသောအရာက ကြည့်ရသည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။

ရန်ရှောင်စု အံကြိတ်လိုက်၏။

“ဒါကို ကြော်ငြာပေးတာလို့ပဲ သဘောထားလိုက်တော့။ ဒီတစ်ခါ အခမဲ့ ကုသပေးလိုက်မယ်။”

“ကောင်းပါပြီ၊ ကောင်းပါပြီ... အရင်ဆုံး အဲဒီဓားကြီးကို ဖယ်ပေးပါဦး...”

ရန်ရှောင်စုတစ်ယောက် လူနာလိုက်ရှာရန် အပြင်ထွက်လာစဉ်က သူ၏ အရိုးဓားကိုလည်း တစ်ပါတည်း ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။

All Chapters