← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇) - ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး

“အစ်ကို...”

ယန်လျို့ယွမ်က ရှောင်စုကို မေးလိုက်သည်။

“အစ်ကို နေ့လယ်က တကယ်ပဲ လူတစ်ယောက်ကို အလကား ကုသပေးလိုက်တာလား။ ဒါ တကယ်ပဲ အစ်ကိုရော ဟုတ်ရဲ့လား။”

“ဘာမှမမေးနဲ့... မေးရင် ငါ ကိုယ့်ကိုယ်ကိုယ် သတ်သေပစ်လိုက်မယ်။”

ရှောင်စုတစ်ယောက် အလွန်အမင်း ဝမ်းနည်းပူဆွေးနေသည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင် သူသည် ဆေးနက်ကို ကြော်ငြာချင်ဇော အလွန်ကြီးနေခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ဤဆေးသည် သူတစ်ပါးထံမှ ကျေးဇူးတင်မှုကို ရယူရန်အတွက် အကြီးမားဆုံး အားကိုးရာဖြစ်သလို မကြာမီကာလအတွင်း သူ၏ ငွေရှာမည့် အစီအစဉ်၏ အဓိက အနှစ်သာရလည်း ဖြစ်သည်။

ထို့ကြောင့် ‘အစပြုခြင်းသည် အမြဲတမ်း အခက်ခဲဆုံးဖြစ်သည်’၊ ‘ကြီးပွားမည့်သူသည် အသေးအဖွဲကိစ္စများကို ဂရုမစိုက်ရ’ နှင့် ‘သဘောထားကြီးရမည်’ ဟူသော အတွေးများဖြင့် ရှောင်စုသည် မိမိကိုယ်ကိုယ် နှစ်သိမ့်နေရခြင်းဖြစ်သည်။

ရှောင်စုသည် ရိုးရိုးတန်းတန်း တွန့်တိုနေခြင်း မဟုတ်ပေ။ သူသည် မည်သည့်အချိန်တွင် ဘာလုပ်သင့်သည်ကို အတိအကျ သိရှိသူဖြစ်သည်။ သူက နှမြောတသဖြစ်နေရုံသာ...။

ရှောင်ယွီက ပြုံးပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့...ဒါက ကျိန်းသေ အောင်မြင်မှာပါ။”

ထိုသို့ပြောပြီးနောက် ရှောင်ယွီသည် အိပ်စက်ရန် သူမ၏ ကိုယ်ပိုင်တဲအိမ်သို့ ပြန်သွားတော့သည်။ အရင်တုန်းကဆိုလျှင် သူမသည် ညဘက်တွင် စိတ်အေးလက်အေး မအိပ်နိုင်ခဲ့သော်လည်း ယခု ဤနေရာသို့ ပြောင်းလာပြီးနောက်တွင်မူ နေ့တိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့ပြီဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ခံတပ်အတွင်းရှိ ခေါင်းလောင်းသံများ ရုတ်တရက် မြည်ဟီးလာခဲ့သည်။ ၎င်းမှာ လူတိုင်း စက်ရုံများသို့ အလုပ်သွားရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်းပင်။

ရှောင်စုသည် ယနေ့အတွက် သတ်မှတ်ထားသော ရေပမာဏကို သွားရောက်ခက်ယူလိုက်သည်။ ဆေးနက်လိမ်းပြီးနောက် အနာဖေးတက်ရန် ၁၂ နာရီခန့် ကြာလိမ့်မည်ဟု သူတွက်ဆထားသဖြင့် စျေးမြို့ရှိ လူများ၏ တုံ့ပြန်မှုကို သိရန် သူ အလောမကြီးသေးပေ။

ဆေးက တကယ်ထိရောက်မှန်း လူတိုင်း သိသွားကြသည်နှင့် လူတွေက သူ့တံခါးကို အလိုလို လာခေါက်ကြပေလိမ့်မည်။

သို့သော် ရှောင်စု အံ့သြသွားရသည်မှာ သူ ရေပုံးကိုသယ်ပြီး ပြန်လာသောအခါ ဝမ်ဖူကွေ့မှာ သူ့တဲအိမ်ရှေ့တွင် ပြုံးရွှင်သောမျက်နှာဖြင့် စောင့်နေသည်ကို တွေ့လိုက်ရခြင်းဖြစ်သည်။

“လောင်ဝမ် ချင်ဗျား ဘာလို့ ဒီလောက်အစောကြီး ရောက်နေတာလဲ။ ကျုပ် အခုတလော စာကလေးတွေ သွားမဖမ်းဖြစ်သေးဘူးနော်။”

ရှောင်စုက ရေပုံးကို မြေကြီးပေါ်ချရင်း အေးအေးလူလူ ပြောလိုက်သည်။ သူ တဲထဲသို့ လှမ်းကြည့်လိုက်သောအခါ ပါးနပ်သော ကောင်လေး လျူ့ယွမ်က အရိုးဓားကိုကိုင်ပြီး လောင်ဝမ်ကို သတိကြီးစွာ စောင့်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ ရှောင်စု ပြန်လာသည်ကို မြင်မှသာ သူက အရိုးဓားကို ချလိုက်တော့သည်။

ဝမ်ဖူကွေ့သည် ရှောင်စုကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွား၏။

“အို... ရှောင်စု မင်း ပြန်လာပြီပဲ။ ငါ မင်းကို တွေ့ဖို့ ဒီမနက်စောစောကတည်းက ပြေးလာခဲ့တာ။”

“ဘာကိစ္စလဲ။”

ရှောင်စု တစ်ခုခု ထူးခြားနေသည်ဟု ခံစားလိုက်ရသည်။ လောင်ဝမ်ကို ဤမျှ ပျော်ရွှင်အောင် ဘာကိစ္စက လုပ်နိုင်သနည်း။ သူ လောင်ဝမ်ကို သေချာ စေ့စေ့ကြည့်လိုက်သည်။

“ခင်ဗျား အရက်အတုတွေ သောက်ထားတာလား။”

ဝမ်ဖူကွေ့၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

“ဘာကို သောက်ရမှာလဲကွ။ အခု အရက်ကို ပိတ်ပင်ထားတာ မင်းမသိဘူးလား။ လူတွေက စားဖို့တောင် မလောက်မငှဖြစ်နေတာကို...ဘယ်သူက သောက်ရဲမှာလဲ။”

“ပြီးခဲ့တဲ့တစ်ခါက ခင်ဗျားဆီမှာ အနံ့ရသလိုပဲ...။”

ဤအကြောင်းကို ရှောင်စု ပြောသည်ကို ကြားသောအခါ ဝမ်ဖူကွေ့၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး အလျင်အမြန်ပင် စကားဖြတ်ပြောလိုက်သည်။

“လျှောက်ပြီး အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့။”

“ကောင်းပြီ၊ ကောင်းပြီ၊ ကျုပ် မပြောတော့ဘူး။ ဒါနဲ့ ခင်ဗျား ကျုပ်ကို ဘာလို့လာရှာတာလဲ။”

ရှောင်စုက မေးလိုက်သည်။

“မနေ့က မင်း စျေးမြို့ အရှေ့ဘက်အစွန်က ထျဲ့ထိုကို ဆေးကုပေးခဲ့တယ် မဟုတ်လား။”

ဝမ်ဖူကွေ့က အဓိပ္ပာယ်ပါပါဖြင့် မျက်စိမှိတ်ပြကာ မေးလိုက်သည်။

“ဪ... သူ့နာမည်က ထျဲ့ထို (သံခေါင်း) တဲ့လား... သူ့ခေါင်းက အဲဒီလောက်လည်း မမာပါဘူး။ ဘာလို့ ဒီလိုနာမည်ပေးထားတာလဲ မသိဘူး။”

ရှောင်စုက အသံထွက်ပြီး စဉ်းစားနေမိသည်။

“ငါ့ကို စကားလမ်းကြောင်းလွှဲမနေနဲ့။”

ဝမ်ဖူကွေ့က မေးလိုက်သည်။

“မင်း ကုပေးလိုက်တာ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာပဲ ပြော။”

“ဟုတ်တယ်လေ။”

ရှောင်စု၏ စိတ်ထဲတွင်မူ ဝမ်းသာလုံးများ ဆို့တက်လာပြီဖြစ်သည်။

ဝမ်ဖူကွေ့ကဲ့သို့ အကျိုးမရှိလျှင် မလာတတ်သောသူမျိုးက သူ့ကို လာရှာသည်ဆိုကတည်းက ဆေးနက်၏ အစွမ်းက သူ့ကို ဆွဲဆောင်လိုက်ခြင်းပင် ဖြစ်ရမည်။ သူသည် ယင်းထဲတွင် အမြတ်အစွန်းတစ်ခုခုကို မြင်တွေ့ထားရမည်။ မဟုတ်လျှင် သူက ဘာလို့ ဒီလောက် အားတက်သရော ဖြစ်နေပါမည်နည်း။

ဤသည်မှာ သူ၏ ဆေးနက်စျေးကွက် ပွင့်တော့မည်ဖြစ်ကြောင်း သက်သေပင်။

ရှောင်စု ဝန်ခံလိုက်သည်ကို ကြားသောအခါ ဝမ်ဖူကွေ့က ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“အဲဒီဆေး... မင်းဆီမှာ ကျန်သေးလား။ ငါ့ဆီမှာ ထားခဲ့လိုက်။ ငါ မင်းကို ရောင်းပေးမယ်။”

“ခင်ဗျားက ကျုပ်ကို ကူရောင်းပေးမယ် ဟုတ်လား။ မဖြစ်နိုင်ဘူး။”

ရှောင်စုက ခေါင်းခါလိုက်သည်။

“ကျုပ် ကြားခံလူကို အမြတ်ဝေမပေးနိုင်ဘူး...။ ပြီးတော့ စျေးမြို့က ကျဉ်းကျဉ်းလေးပဲ။ ကျုပ်က ဘာလို့ ကိုယ်တိုင်မရောင်းဘဲ နေရမှာလဲ။ ကျုပ်က ခံတပ်နယ်မြေပေါင်း တစ်ရာကျော်ကို ပစ္စည်းဖြန့်နေတာမှ မဟုတ်တာ။ တကယ်လို့ ကျုပ်လုပ်ငန်းက အဲ့ဒီလောက်ကြီးသွားရင်တောင် ခင်ဗျား ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။”

ဝမ်ဖူကွေ့သည် ရှောင်စု၏ စကားကြောင့် အနည်းငယ် မှင်သက်သွားခဲ့သည်။

ဟုတ်တော့လည်း ဟုတ်ပါသည်။

စျေးမြို့သည် ကျဉ်းကျဉ်းလေးဖြစ်ရာ ရှောင်စုက ဘာအကြောင်းကြောင့် သူ့ကို ကိုယ်စားလှယ်ပေးရောင်းခိုင်းပါမည်နည်း။ သို့သော် ဝမ်ဖူကွေ့က ဆက်ပြောလိုက်သည်

“ဒါဆိုရင်လည်း မင်း ငါ့ကို နည်းနည်းလောက် ရောင်းပေးပါလား။”

“အမ်...။”

ရှောင်စုက ဝမ်ဖူကွေ့ကို အထက်အောက် စုန်ဆန်ကြည့်လိုက်သည်။

“ခင်ဗျားမှာ ဘာဒဏ်ရာမှ မရှိပါဘူး။ ဒီပစ္စည်းကို ဘာလုပ်ဖို့လဲ။”

ဝမ်ဖူကွေ့က လျှို့ဝှက်ဆန်းကြယ်စွာ ရယ်မောလိုက်၏။

“မင်း ဒါကို မသိသေးဘူး မဟုတ်လား။ မနေ့က အဲဒီထျဲ့ထိုက အိမ်ပြန်ရောက်သွားတော့ စဉ်းစားလေလေ ပိုသိချင်လေလေ ဖြစ်လာတယ်လေ။ မင်း သူ့ကို ဘာတွေလိမ်းပေးလိုက်တာလဲ သိချင်လို့ အရင်ဆုံး အနံ့ခံကြည့်တယ်၊ ဒါပေမဲ့ သူ မခွဲခြားနိုင်ဘူး။ နောက်တော့ သူက အမြည်းသဘောနဲ့ လျှာနဲ့ နည်းနည်း တို့ကြည့်လိုက်တယ်။

သူက ဆေးထဲမှာ ဘာတွေပါလဲ သိချင်ရုံတင်ပါ။ ဒါပေမဲ့ ဘာဖြစ်သွားတယ် ထင်လဲ။”

ရှောင်စုမှာ လုံးဝကို ကြောင်အသွား၏။

လျှာနဲ့ တို့ကြည့်ရတယ်လို့...ဒါ ဘယ်လို အကျင့်ကြီးလဲ။

ဆေးနက်၏ အစွမ်းမှာ ပြောစရာမလိုအောင် ထက်မြက်သည်မှာ အမှန်ပင်။ ထိုညက ဒဏ်ရာကို စစ်ဆေးကြည့်ပြီးနောက် ထျဲ့ထိုသည် ရှောင်စု သူ့ကို မလိမ်ခဲ့ကြောင်းနှင့် ၎င်းမှာ အမှန်တကယ် ဆေးကောင်းတစ်လက်ဖြစ်ကြောင်း သိသွားခဲ့သည်။ သိချင်စိတ် ပြင်းပြနေသဖြင့် ထိုဆေးမြစ်ဖော်စပ်နည်းကို သူ သိလိုခဲ့ခြင်းဖြစ်သည်။

ဝမ်ဖူကွေ့က ဆက်ပြောလိုက်သည်။

“ဘာဖြစ်သွားလဲဆိုတော့ သူက သူ့မိန်းမကို မနေ့ညကတည်းက ဒီမနက်အထိ အလုပ်ရှုပ်အောင် လုပ်ခဲ့တော့တာပဲ။ မင်းရဲ့ ဒီဆေးက တကယ်အစွမ်းထက်လွန်းတယ်ကွ။”

ရှောင်စု တုန်လှုပ်သွား၏။

တဲအိမ်ထဲရှိ ယန်လျို့ယွမ်လည်း တုန်လှုပ်သွားခဲ့သည်။

ထိုဆေးနက်ကို သောက်သုံး၍ ရ၊ မရ ရှောင်စု အရင်က တွေးခဲ့ဖူးသည်။ အစာအိမ်ထဲ ရောက်သွားလျှင်ကော အာနိသင် ရှိမည်လော။ ဖြစ်နိုင်သည်ဟု သူ ထင်ခဲ့သော်လည်း ကိုယ်တိုင် စမ်းသပ်ရန်မူ မဝံ့ရဲခဲ့ပေ။

သို့သော် ယခုမှပင် ၎င်းကို သောက်သုံးလိုက်ပါက ဤကဲ့သို့ အာနိသင်မျိုး ရှိသည်ကို သူ သိလိုက်ရပြီဖြစ်သည်။

‘မနက်အထိ အလုပ်ရှုပ်အောင်လုပ်တယ်’ ဆိုတာက ဘာသဘောကြီးလဲ...။ ဒါက ဘာဆေးလဲ...။

ရှောင်စုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားတော့သည်။

“ဒါဆို ခင်ဗျားက ဘာလို့ ဒီဆေးကို ဝယ်ချင်ရတာလဲ။”

သူ ဤသို့ မေးရခြင်းမှာ ဝမ်ဖူကွေ့၏ ဇနီးမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကပင် ရောဂါဖြင့် ဆုံးပါးသွားခဲ့သည်ကို သူ သိထားသောကြောင့် ဖြစ်သည်။ ဝမ်ဖူကွေ့အတွက် ဤဆေးက မလိုအပ်သင့်ပေ။

ဝမ်ဖူကွေ့ စိတ်တိုသွား၏။

“ငါ့မှာ ‘ဒုတိယနွေဦး’ လိုမျိုး မရှိနိုင်ဘူးလို့ ဘယ်သူပြောလဲ။ ငါ့ခန္ဓာကိုယ်က အရင်လို သိပ်မလိုက်နိုင်တော့လို့ပေါ့...။”

“အို...ခင်ဗျားက အသစ်တွေ့နေပြီပေါ့။”

ရှောင်စုက ပျော်ပျော်ပါးပါး နောက်ပြောင်လိုက်၏။

“မတွေ့သေးပါဘူးကွာ...။”

လောင်ဝမ်က ပြောလိုက်သည်။

“ဒါပေမဲ့ အသုံးမကျတဲ့ ယောင်္ကျားတစ်ယောက်ကို ဘယ်သူမှ လက်ထပ်ချင်မှာ မဟုတ်ဘူးလို့ ငါတွေးမိတယ်။ အဲ့ဒါကြောင့် မင်းရဲ့ဆေးကို ဆောင်ထားချင်ရုံပါ။”

ရှောင်စု သဘောကျသွားခဲ့လေသည်။

“ကောင်းပြီလေ ဝမ်ဖူကွေ့ ခင်ဗျားကတော့ အသက်သာကြီးတယ်။ ဇွဲကတော့ မလျှော့ဘူးပဲ။ ခင်ဗျား ဘယ်လို မိန်းမမျိုးကို ရှာနေတာလဲ။”

“ငါ့ကို သဘောကျပေးနိုင်တဲ့သူဆိုရင် ရပါပြီ။”

ဝမ်ဖူကွေ့က နှိမ့်ချကာ ပြောလိုက်သည်။

ရှောင်စုက ပြန်စဉ်းစားကြည့်လိုက်သည်။

“...ခင်ဗျားရဲ့ သတ်မှတ်ချက်က တော်တော်လေး မြင့်တာပဲ။”

ဝမ်ဖူကွေ့: “???”

“မင်း ဘယ်သူ့ကို ပြောနေတာလဲကွ။”

ဝမ်ဖူကွေ့က ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြောလိုက်သည်။

“ငါက ငါတို့စျေးမြို့မှာ အချမ်းသာဆုံး လူတွေထဲက တစ်ယောက်ပဲ။ ငါ့ကို ဘာလို့ သဘောမကျဘဲ နေမှာလဲ။”

“ဟူး...”

ရှောင်စုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

“ကျုပ်တို့စျေးမြို့ရဲ့ အချမ်းသာဆုံးလူက ကုန်စုံဆိုင်ပိုင်ရှင် ဖြစ်နေတယ်ဆိုတာ ကြားရတာ နည်းနည်းတော့ သနားစရာကောင်းတယ်...။”

“မင်းက ဘယ်သူ့ကို နှိမ်ချင်နေတာလဲ။ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့။ ရောင်းမှာလား၊ မရောင်းဘူးလား။”

“ရောင်းမယ်။”

ရှောင်စု အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

“‌လူရင်းဈေးနဲ့ ခြောက်ရာပဲပေး။”

“မင်း ငါ့ကို ဓားပြပဲ တိုက်လိုက်ပါတော့လား။”

ဝမ်ဖူကွေ့တစ်ယောက် ပြာပြာသလဲ ဖြစ်သွားခဲ့သည်။

ရှောင်စုတွင် တစ်ကြိမ်စာ ကုသရန် ဆေးနက်အနည်းငယ်သာ ကျန်တော့သည်။ သို့သော် လောင်ဝမ် ပြောသလို လျှာဖြင့် တို့ရုံမျှဖြင့် ထိရောက်သည်ဆိုပါက ဤကျန်ရှိနေသော ပမာဏမှာ အကြိမ်ပေါင်းများစွာ တို့စား၍ ရနိုင်သည်...။ သို့သော် ၎င်းမှာ မဖြစ်မနေ လိုအပ်သောအရာ မဟုတ်သဖြင့် စျေးကို အလွန်အကျွံ မသတ်မှတ်ရဲပေ။

“ဝယ်မှာလား၊ မဝယ်ဘူးလား။”

ရှောင်စုက ဝမ်ဖူကွေ့ကို ကြည့်ရင်း မေးလိုက်သည်။

“ဝယ်မယ်။”

ဝမ်ဖူကွေ့က စျေးပင် မဆစ်တော့ဘဲ ရှောင်စုအတွက် ငွေခြောက်ရာကို ချက်ချင်း ရေတွက်ပေးလိုက်သည်။

သူ့ဆေးနက်က ဤနည်းဖြင့် စျေးကွက်ပွင့်လာလိမ့်မည်ဟု ရှောင်စု တစ်ခါမျှ မတွေးမိခဲ့ပေ...။ သူသည် မူလက ‘လောကကြီးကို ကယ်တင်မည့်’ ဆရာဝန်တစ်ဦး ဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း အဆုံးတွင်မူ လူကြီးသုံး ပစ္စည်းများ ထောက်ပံ့သူတစ်ဦး ဖြစ်သွားခဲ့ရသည်...။

ဝမ်ဖူကွေ့က ရုတ်တရက် ရှောင်စုဘက်သို့ လှည့်ကြည့်ကာ ပြောလာခဲ့၏။

“ဒါအတွက် ကျေးဇူးတင်ပါတယ်။”

“ဝမ်ဖူကွေ့ထံမှ ကျေးဇူးတင်မှု ရရှိသည်၊ +၁။”

ရှောင်စု: “...”

ကျေးဇူးတင်ဒင်္ဂါး ရရှိပုံမှာ သူ စိတ်ကူးထားသည်နှင့် အနည်းငယ် ကွဲပြားနေသော်လည်း နောက်ဆုံးတွင်တော့ ဒင်္ဂါးအရေအတွက်မှာ လေးပြားသို့ ပြန်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အခန်း (၁၈) - အတော်လေးကို ရိုးရှင်းပါတယ်

“အစ်ကို... ဒါက ဆိုးတော့မဆိုးပါဘူး။”

လျို့ယွမ်က ပြုံးကာ ပြောလိုက်သည်။

“အာနိသင်က ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငွေရတာပဲလေ။”

ရန်ရှောင်စုကတော့ စိတ်မကျေမချမ်း ဖြစ်နေခဲ့လေသည်။ သူက အသံကိုနှိမ့်ပြီး ပြောလိုက်၏။

“ဒါက ငွေရဖို့သက်သက်တင်လား။ ဒီနည်းနဲ့ဆိုရင် ငါ စစ်မှန်တဲ့ ကျေးဇူးတင်စကား ဘယ်နှစ်ခွန်းလောက် သိမ်းဆည်းနိုင်မှာလဲ။”

ရန်ရှောင်စုက ဤအချက်ကို သေသေချာချာ နားလည်ထားသည်။ ဆေး၏ ဤကဲ့သို့သော ဘေးထွက်အာနိသင်အပေါ် အမှီပြုပြီး ရောင်းချခြင်းက ဖျားနာသူကို ကုသပေးခြင်းထက် စစ်မှန်သော ကျေးဇူးတင်မှုကို ရရှိနိုင်ခြေ ပိုနည်းသည်။ ဒုတိယနွေဦးကို တမ်းတနေသည့် လောင်ဝမ်ကဲ့သို့သော အပင်ခြောက်ကြီးမျိုးမှသာ ကျေးဇူးတင်စကား ပြောလာပေလိမ့်မည်။

ထို့အပြင် သူ၏ ပန်းတိုင်က ငွေရှာရန် သက်သက်လော။ မဟုတ်ပေ...သူ့အတွက် ကျေးဇူးတင်မှုလည်း လိုအပ်သည်။ ကျေးဇူးတင်မှု မရှိလျှင် ဆေးနက်လည်း ရှိလာမည်မဟုတ်ချေ။

ရန်ရှောင်စုက ဒေါသသံ အနည်းငယ်ဖြင့် ပြောလိုက်သည်။

“ငါက ဖျားနာသူတွေကို ကုပေးမယ်ဆိုရင် စျေးမြို့ကလူတွေက ငါ့ကို လေးလေးစားစား ဆက်ဆံကြလိမ့်မယ်။ ဆေးခန်းက ဟိုကောင်လေးကို ကြည့်လိုက်...။ သူ လူဘယ်နှစ်ယောက်ကို သတ်ခဲ့ပြီးပြီလဲ။ ဒါတောင် ဘယ်သူမှ သူ့ကို ဘာမှမလုပ်ရဲကြဘူး။ ဒါက ဘာလို့လဲ...။ ဘာလို့လဲဆိုတော့ သူက စျေးမြို့မှာ တစ်ဦးတည်းသော ဆရာဝန်ဖြစ်နေလို့ပဲ။”

“အစ်ကို ပြောတာ မှန်ပါတယ်။”

လျို့ယွမ်က ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ အမှန်တော့ သူက အဲ့ဒီလောက်ကြီး ဂရုမစိုက်ပါချေ။ သူသိထားသည်မှာ... သူတို့ တဖြည်းဖြည်း ချမ်းသာလာတော့မည် ဆိုသည်ကိုပင်။

“ပြီးတော့ အရေးကြီးဆုံးက...”

ရန်ရှောင်စုက ဆက်ပြောလိုက်သည်။

“ငါသာ ဖျားနာသူတွေကို ကုပေးမယ်ဆိုရင် လူတွေက ငါ့ကိုမြင်ရင် ဆရာဝန်ရန်လို့ ခေါ်ကြလိမ့်မယ်။ ဒါပေမဲ့ ငါက ဒါမျိုးတွေပဲ ရောင်းနေမယ်ဆိုရင် ကွယ်ရာမှာ ငါ့ကို ဘယ်လိုခေါ်ကြမလဲ။ ‘ဟေ့... ဟိုဆေးရောင်းတဲ့ကောင်’ လို့ပဲ ခေါ်ကြမှာပေါ့...”

ဒါက လူမှုရေးအဆင့်အတန်း သိသိသာသာ ကွာခြားသွားတာပဲ မဟုတ်ဘူးလား။

လျို့ယွမ်မှာ နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ တဲအိမ်ထဲတွင် ရှေ့တိုးနောက်ငင်ဖြစ်အောင် အားရပါးရ ရယ်မောတော့လေသည်။

“အစ်ကို... အစ်ကို့မှာ ကိုယ့်ဘာကိုယ် ပြန်ပြောနေတဲ့ စကားတွေ အများကြီးရှိတာပဲ။”

သို့သော် ရန်ရှောင်စု မသိခဲ့သော အချက်တစ်ခုမှာ လောင်ဝမ်သည် သူဝယ်သွားခဲ့သော ဆေးကို ကိုယ်တိုင် မသုံးခဲ့ခြင်းပင်။ အမှန်တော့ လောင်ဝမ်က အချစ်သစ် မတွေ့သေးပါချေ...။

ဆေးနက်ထည့်ထားသော ပုလင်းမှာလည်း ထူးထူးခြားခြား မဟုတ်ဘဲ စျေးမြို့မှ ရိုးရိုးကြွေပုလင်းလေးသာ ဖြစ်သည်။ ဆေးနက်၏ မူလပုလင်းမှာ ဖန်သားဖြင့် ပြုလုပ်ထားပြီး လက်ရာအလွန် ကောင်းမွန်လွန်းလှသည်။ စျေးမြို့တွင် ထိုကဲ့သို့သော ပုလင်းမျိုး ရောင်းသည့်သူ မရှိသောကြောင့် ရန်ရှောင်စုက သံသယဖြစ်မည်ကို စိုးရိမ်သဖြင့် ပုလင်းချင်း လဲထားခဲ့ခြင်း ဖြစ်သည်။

ထိုကြွေပုလင်းလေးမှာ ဝမ်ဖူကွေ့၏ လက်မှတစ်ဆင့် ခံတပ်အတွင်းမှ ထွက်လာသည့် စျေးမြို့ အုပ်ချုပ်ရေးမှူးများ၏ လက်ထဲသို့ ရောက်ရှိသွားခဲ့သည်။

ရန်ရှောင်စုက ဤပစ္စည်း၏ တန်ဖိုးကို နားမလည်သော်လည်း သူကတော့ နားလည်သည်ဟု ဝမ်ဖူကွေ့က တွေးနေခဲ့သည်။

ဤဆေးနက်၏ သောက်သုံးနိုင်သော အာနိသင်ကို မည်သည့်နေရာတွင် အလိုအပ်ဆုံးဖြစ်မည်နည်း။ စျေးမြို့မှ အမျိုးသားများကြားတွင်လော...မဟုတ်ချေ။

စျေးမြို့မှ အမျိုးသားများသည် စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး အချို့မှာ ပိန်ချောင်နေသော်လည်း ပြဿနာမှာ လူတိုင်းက နေ့စဉ် အလုပ်လုပ်နေကြရခြင်း ဖြစ်သည်။ ပိန်သော်လည်း သူတို့၏ ခန္ဓာကိုယ်မှာ ကျန်းမာကြသည်။

သူတို့က လေ့ကျင့်ခန်း ပိုလုပ်ပြီး ဇီဝကမ္မဖြစ်စဉ်နှင့် အင်္ဂါအစိတ်အပိုင်း လုပ်ဆောင်ချက်များကို ထိန်းသိမ်းထားနိုင်သရွေ့ အဆင်ပြေနေသောကြောင့် စျေးမြို့သားများအတွက် ဤဆေးမှာ အမှန်တကယ် မလိုအပ်ပေ။

ဤအရာကို အလိုအပ်ဆုံးသူများမှာ ခံတပ်အတွင်းရှိ လူကုံထံများသာ ဖြစ်သည်။

အလွန်မျက်စိလျင်သော ဝမ်ဖူကွေ့သည် ဆေးနက်ကို ခံတပ်မှ စေလွှတ်ထားသော အုပ်ချုပ်ရေးမှူးများထံ ပေးအပ်လိုက်၏။ ထိုအုပ်ချုပ်ရေးမှူးများမှာလည်း အခြေအနေကို ကောင်းစွာ သိရှိကြသူများ ဖြစ်သည်။

သူတို့၏ နေ့စဉ်အလုပ်မှာ စျေးမြို့အတွင်းရှိ ထူးခြားသော လှုပ်ရှားမှုများကို စောင့်ကြည့်ရန်ဖြစ်သဖြင့် မနေ့ညက ထျဲ့ထို ဆေးကို လျှာဖြင့် တို့ကြည့်ခဲ့သည့် အကြောင်းကို သူတို့လည်း သိထားကြပြီးဖြစ်သည်။

သို့သော် အုပ်ချုပ်ရေးမှူးကလည်း ဆေးကို ကိုယ်တိုင် မသုံးခဲ့ပေ။ ထိုအစား ထိုညမှာပင် သူ၏ အထက်လူကြီးကို လက်ဆောင်အဖြစ် ပေးလိုက်သည်။

နောက်ဆုံးတွင် ထိုဆေးနက် ကြွေပုလင်းလေး မည်သည့်နေရာသို့ ရောက်သွားသည်ကို မည်သူမျှ မသိတော့ပေ။

ရန်ရှောင်စုမှာမူ ထိုအကြောင်းများကို လုံးဝ မသိရှိဘဲ ကျေးဇူးတင်ဒင်္ဂါးများကို ဆေးနက်တစ်ပုလင်းနှင့် ထပ်မံ လဲလှယ်လိုက်သည်။ ထို့နောက် ရှောင်ယွီကို စျေးမြို့သို့ သွားခိုင်းပြီး ပိတ်ဖြူစတစ်စ ဝယ်ခိုင်းလိုက်၏။ ထိုပိတ်စပေါ်တွင် အမည်းရောင်အပ်ချည်ဖြင့် “ဆေးခန်း” ဟူသော စာလုံးကြီးနှစ်လုံးကို ထိုးခိုင်းပြီး ၎င်းအောက်တွင် “ဓားဒဏ်ရာအထူးကု၊ ဆရာဝန်၏ မေတ္တာနှလုံးသား” ဟူသော စာလုံးသေး ရှစ်လုံးကိုပါ ထိုးခိုင်းလိုက်လေသည်။

ဤသို့ဖြင့် သူ၏ဆေးခန်းလေးကို ဖွင့်လှစ်လိုက်တော့သည်။

ပန်းထိုးနေစဉ်အတွင်း ရှောင်ယွီသည် “နတ်ဆေးသမားတော်၏ လက်သည် နွေဦးကို ဆောင်ကြဉ်းပေးသည်” ဟူသော စာလုံးများကို ထိုးပေးရမလားဟု မေးလာခဲ့၏။ ရန်ရှောင်စုက ချက်ချင်းပင် ငြင်းဆိုလိုက်သည်။ သူသည် ယခုအခါ “နွေဦး” ဆိုသည့် စကားလုံးကို အလွန် အာရုံခံစားလွယ်နေသည်...။

ရန်ရှောင်စု၏ ဘဝမှာ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခဲ့သည်။ နံနက်ခင်းတွင် ဆေးမြစ်ရှာသည်၊ နေ့ခင်းဘက်တွင် တဲအိမ်၌ ဆေးခန်းဖွင့်သည်၊ ညနေပိုင်းတွင် အသက်ရှင်ရပ်တည်ရေး သင်ခန်းစာများ ပို့ချပြီးနောက် လျို့ယွမ်၏ မှတ်စုများဖြင့် သူ၏ စာသင်ခန်း သင်ခန်းစာများကို ပြန်လည် လေ့လာလေသည်။

သူ့ဆေးခန်းတွင် လူနာမလာသော်လည်း ပြဿနာမှာ သူက ထိုနေရာတွင် ထိုင်မနေဘဲ မနေနိုင်ခြင်းဖြစ်သည်။ အကယ်၍ လူနာရောက်လာပြီး ရှောင်ယွီတစ်ယောက်တည်း မကိုင်တွယ်နိုင်လျှင် ဘယ်လိုလုပ်မည်နည်း။

သူသည်လည်း လျို့ယွမ်ကဲ့သို့ပင် ကျယ်ဝန်းပြီး လင်းထိန်သော စာသင်ကျောင်းဆောင်ကြီးထဲတွင် စာသင်ချင်လှသည်။ သို့သော် သူသာ စာသွားသင်နေလျှင် လျို့ယွမ်နှင့် ရှောင်ယွီတို့ ဘယ်လိုလုပ်ကြမည်နည်း။

ဤမိသားစုတွင်...တစ်စုံတစ်ယောက်ကတော့ သူ့ဆန္ဒကို အမြဲတမ်း စတေးရစမြဲပင်။

နောက်တစ်နေ့တွင် ရန်ရှောင်စုသည် တဲတံခါးလိုက်ကာကို လှန်ထားပြီး မျက်စိမှိတ်ကာ အနားယူနေလိုက်သည်။ ရှောင်ယွီသည်မူ သူ့နောက်တွင် အဝတ်အစားများ ဖာထေးပေးနေသည်။

ရှောင်ယွီ တစ်ခါတစ်ရံ သက်ပြင်းချမိ၏။ ညီအစ်ကိုနှစ်ယောက်၏ အဝတ်အစားများမှာ အရင်က တစ်ခါမှ ဖာထေးထားခြင်း မရှိခဲ့ဘဲ အပေါက်များ ဘယ်လိုများ ဒီလောက်တောင် များနေရတာလဲဟု တွေးနေမိသည်။ ထိုစဉ် မြေနီလမ်းတစ်ဖက်မှ လူတစ်ယောက် အပြင်းအထန် ပြေးလာ၏။ ထိုလူ၏ လက်မောင်းတစ်ဖက်မှလည်း သွေးများ စီးထွက်နေခဲ့သည်။

ရန်ရှောင်စု၏ မျက်လုံးများ အရောင်တောက်သွားတော့သည်။

“ဒီဒဏ်ရာကို မကုရင် မင်းသေသွားနိုင်တယ်နော်။”

သို့သော် ထိုလူက ရန်ရှောင်စုကို လှည့်ပင်မကြည့်ပေ။ ထိုအချိန်မျိုးတွင် လူတိုင်းက ဒဏ်ရာရလျှင် ဆေးခန်းသို့သာ သဘာဝအလျောက် သွားတတ်ကြ၏။ အကြောင်းမှာ ထိုနေရာက ပို၍ ခိုင်လုံသည်ဟု ထင်ကြသောကြောင့်ဖြစ်သည်။

ထို့အပြင် လူတိုင်း၏ စိတ်ထဲတွင် ရန်ရှောင်စုအပေါ် အမြင်မှာ “ဓားဒဏ်ရာ ကုပေးနိုင်သူ” ထက် “ဟိုဆေးရောင်းတဲ့သူ” ဟူ၍သာ ရှိနေသေးသည်။

ထိုအခိုက်အတန့်တွင် မကြားရသည်မှာ ကြာပြီဖြစ်သော နန်းတော်၏ အသံမှာ သူ့စိတ်ထဲတွင် ဟိန်းထွက်လာခဲ့သည်။

“တာဝန်- လူနာ ၁ ဦးကို ကုသပေးရန်။”

ရန်ရှောင်စု မတ်တပ်ရပ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“စိတ်မရှိပါနဲ့...။”

သူပြောပြီးသည်နှင့် ရှောင်ယွီမှာ ရန်ရှောင်စု အပြင်သို့ ဝုန်းခနဲ ပြေးထွက်သွားသည်ကိုသာ တွေ့လိုက်ရလေသည်။ တစ်မိနစ်ပင်မပြည့်မီ ရန်ရှောင်စု ပြန်ရောက်လာခဲ့သည်။ သူက ထိုလူကို ထမ်းလာခြင်းဖြစ်သည်...။

ရန်ရှောင်စုက လူနာကို ကြင်နာစွာ ပြောလိုက်သည်။

“ဟိုဆေးခန်းက ဆရာဝန်က လူသတ်သမားပဲ။ ငါက မင်းကို ကယ်ဖို့ ဒီကို ထမ်းလာတာ။ မင်း နားလည်ရဲ့လား။”

ထိုလူမှာ သွေးထွက်လွန်နေသည်မှာ ကြာပြီဖြစ်သဖြင့် အားအင်မရှိတော့ဘဲ ရန်ရှောင်စု၏ လက်ထဲတွင် ပျော့ခွေနေတော့သည်။

ထိုစဉ် မြေနီလမ်းတစ်ဖက်မှ သွေးအလိမ်းလိမ်းနှင့် နောက်ထပ် လူနှစ်ယောက် ပြေးလာကြပြန်သည်။ ရန်ရှောင်စု မှင်သက်သွား၏။

“မင်းတို့တွေ အုပ်စုဖွဲ့ပြီး ရန်ဖြစ်လာကြတာလား။”

ထိုအခါ ချုပ်ကိုင်ခံထားရသော လူက ရှင်းပြလိုက်သည်။

“မဟုတ်ဘူး။ စက်ရုံက ဘွိုင်လာအိုး ပေါက်ကွဲသွားတာ။ ငါတို့က ဒဏ်ရာအနည်းငယ်ပဲ ရတာမို့လို့ ကိုယ့်ဘာသာ ပြန်ပြေးနိုင်သေးတယ်။ တချို့လူတွေဆိုရင် ပွဲချင်းပြီးတောင် သေသွားကြပြီ ထင်တယ်။”

ရန်ရှောင်စုက တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဤခေတ်ကာလတွင် စက်ရုံ၌ ဒဏ်ရာရလျှင် မည်သူကမျှ ကြင်ကြင်နာနာနှင့် ဆေးကုပေးရန် ခေါ်သွားမည်မဟုတ်ပေ။ သူတို့တွေးသည်မှာ “မင်းသေရင် မင်းပစ္စည်းတွေက ငါ့အပိုင်ပဲ” ဟူ၍သာ ဖြစ်သည်။

“လာခဲ့...အစ်မရှောင်ယွီ အပ်ကို အရင်ဆုံး ပိုးသတ်လိုက်ပါ။”

ရန်ရှောင်စုက ပြောလိုက်သည်။ သူ့အနေဖြင့် ပိုးဝင်မည်ကို စိုးရိမ်စရာ မလိုသော်လည်း လူနာတွေရှေ့မှာတော့ ဟန်ဆောင်ပြရမည် မဟုတ်ပါလော။ သူက ပြောရင်းနှင့် အပြင်သို့ တစ်ခေါက် ထပ်ထွက်သွားခဲ့ပြန်သည်။ ယခုတစ်ခေါက် ပြန်လာသောအခါ နောက်ထပ် လူနှစ်ယောက် ပါလာခဲ့သည်...။

ရန်ရှောင်စုသည် လူငါးယောက်စလုံးကို လက်နှစ်ဖက်၊ ခြေတစ်ဖက်တို့ဖြင့် ဖိထားလိုက်၏။ ထိုလူများမှာ အလွန်သနားစရာကောင်းလှသည်။ သူတို့သည် ဒဏ်ရာကြောင့် အမှန်တကယ် နာကျင်နေကြသဖြင့်သာ ရန်ရှောင်စု ဖိထားသည်ကို မရုန်းနိုင်ကြခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ရန်ရှောင်စု ဒဏ်ရာကုသပေးနိုင်မှန်း သူတို့သိကြသော်လည်း အကျင့်အရ ဆေးခန်းသို့သာ ပြေးမိကြခြင်းဖြစ်သည်။ ယခုတော့ သူတို့ မလှုပ်နိုင်တော့သဖြင့် ရုန်းကန်ခြင်းကို လက်လျှော့လိုက်ကြတော့လေသည်။

ထိုစဉ် ထိုလူများမှာ ရှောင်ယွီက သူမ၏ အပ်ချုပ်ပစ္စည်းများကို ချလိုက်ပြီး ခုနက အဝတ်ချုပ်ရာတွင် သုံးထားသည့်အပ်ကို မီးပေါ်တွင် တိုက်ရိုက်တင်၍ အပူပေးနေသည်ကို မြင်လိုက်ရသည်။ အပ်မှာ အတော်အတန် ရှည်လျားသဖြင့် အပ်အမြီးကို ကိုင်ထားလျှင် လက်မပူပေ။

“တိုက်ရိုက် ချုပ်ရမှာလား။”

ရှောင်ယွီက ကြောက်ကြောက်လန့်လန့်နှင့် မေးလိုက်သည်။

“ဟုတ်တယ်။ အဝတ်ချုပ်သလိုပဲ ချုပ်လိုက်။”

ရန်ရှောင်စုက အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

“ဒါက အတော်လေးကို ရိုးရှင်းပါတယ်။”

ရှောင်ယွီမှာ သတ္တိမွေးပြီး လူတစ်ယောက်၏ ဒဏ်ရာကို အပ်နှင့် ထိုးလိုက်သည်။ ထိုအခါ ရှဲခနဲ မြည်သံနှင့်အတူ လူ့အရေပြားမှ မီးလောင်နံ့တစ်ခု ထွက်ပေါ်လာခဲ့သည်...။ ထိုလူမှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး မေးလိုက်သည်။

“အပ်ကို မီးနဲ့ ပိုးသတ်တာကိုတော့ ကျုပ် နားလည်ပါတယ်။ ဒါပေမဲ့ အပ် အေးသွားအောင် ခဏလောက် စောင့်ပြီးမှ ချုပ်လို့ မရဘူးလား။”

All Chapters