အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း။ ၁၀၁
ခေတ္တမျှ စဉ်းစားပြီးနောက် ဟွမ်းချိန်က "မသေမျိုးဂိုဏ်းရဲ့ ကိစ္စတွေကိုတော့ ခဏဘေးဖယ်ထားပြီး အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့။ လတ်တလောမှာ အနောက်ဘက်က လေဆုံးတောအုပ်ထဲမှာ မိစ္ဆာတွေနဲ့ သားရဲတိရစ္ဆာန်တွေရဲ့ သောင်းကျန်းမှု တချို့ရှိနေတယ်။ မင်းတို့နှစ်ယောက် အရင်ဆုံး အဲဒါကို သွားဖြေရှင်းလိုက်ကြဦး" ဟု ပြောလိုက်သည်။
သူတို့နှစ်ဦးစလုံးက ရှေ့ဆင့်နောက်ဆင့်ပင် ခေါင်းညိတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ဝမ်ပင်းသည် တိုက်ပွဲနယ်ပယ်အပြင်ဘက်သို့ ရောက်ရှိလာသည်။
ယွမ်လျောင်သည်လည်း မူလက တိုက်ပွဲနယ်ပယ်ထဲတွင် ကျင့်ကြံရန် ရည်ရွယ်ထားသော်လည်း ဂိုဏ်းချုပ်ဝမ်ပင်း အရင်ရောက်လာသည်ကို မြင်သောအခါ လမ်းဖယ်ပေးလိုက်ရပြီး ဆွဲအားစက်ကွင်းသို့သာ ပြန်သွားကာ ကျင့်ကြံမှုကို ဆက်လက်လုပ်ဆောင်နေတော့သည်။
တိုက်ပွဲနယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည့်အခါ ဝမ်ပင်းသည် ဤတစ်ကြိမ်တွင် မသေမျိုး လေညင်းဝတ်စုံ ဝတ်ဆင်ထားသဖြင့် သူ့ကိုယ်သူ ပို၍ လေးလံနေသလို ခံစားလိုက်ရသည်။ ဤဝတ်စုံသည် လှုပ်ရှားမှုအရှိန်ကို မြှင့်တင်ပေးနိုင်သော်လည်း လက်သီးထိုးချက်နှင့် တုံ့ပြန်မှုအရှိန်များကိုမူ ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်။
မှီခိုရာဂိုဏ်းမှ လူများနှင့် တိုက်ခိုက်စဉ်က ထိုခံစားချက်မှာ သိပ်မသိသာသော်လည်း ကိုယ့်ကိုယ်ပွါးနှင့် ရင်ဆိုင်ရသည့်အခါတွင်မူ ထိုခံစားချက်မှာ သိသိသာသာ ပြင်းထန်လာသည်။
သူ အားကုန်ရုန်းကန်၍ တိုက်ခိုက်နိုင်မည့် အဆင့်မှာ ရုတ်တရက်ပင် တစ်ဖက်သတ် အရေးနိမ့်သော တိုက်ပွဲအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော် ဤကျင့်ကြံမှုမှတစ်ဆင့် ဝမ်ပင်းသည် ကိုယ့်ကိုကိုယ် အခြေခံအဆင့်မှစ၍ သိသိသာသာ ပြောင်းလဲလာသည်ကို ခံစားမိသည်။
ကြယ်သုံးပွင့် အရည်အချင်းဖြင့် သစ်သားချီကို အသုံးပြု၍ ပြန်လည်ကုသရာတွင် မီတာတစ်ရာအတွင်းရှိ သစ်သားချီများမှာ ခဏချင်းပင် ကုန်ခမ်းလုနီးပါး ဖြစ်သွားရသည်။
တစ်နေ့တာ ကျင့်ကြံပြီးနောက် ထမင်းစားရန် မီးဖိုချောင်သို့ ပြန်လာသည့်အခါ ချင်မိုသည် သူ့ထံသို့ ရှက်ကိုးရှက်ကန်းဖြင့် ချဉ်းကပ်လာသည်။
သူသည် သူ၏နောက်မှ ရန်လီလီနှင့် အခြားသူများကို ခဏခဏ လှည့်ကြည့်နေပြီး ထိုသူများကလည်း သူ့ကို အားတက်သရော ခေါင်းညိတ်ပြနေကြသည်။
ဝမ်ပင်း လှမ်းကြည့်လိုက်သည့်အခါ အားလုံးက ချက်ချင်းပင် အလန့်တကြား ခေါင်းလွှဲသွားကြတော့သည်။
ထိုအရာကိုမြင်တော့ ချင်မိုသည် သူ့ကို တစ်ခုခု တောင်းဆိုချင်နေမှန်း ဝမ်ပင်း သိလိုက်သည်။
"ချင်မို... မင်း တစ်ခုခု ပြောစရာ ရှိလို့လား"
"ဂိုဏ်းချုပ်... ဟို... ဟိုလေ... လရောင်မုန့် လုပ်ဖို့ ကုန်ကြမ်းတွေ ပြင်ဆင်ထားရင် အားလုံးအတွက် ဝိညာဉ်အစားအစာ လုပ်ပေးနိုင်တယ်လို့ အကြီးအကဲယွမ် ပြောတာ ကြားမိလို့ပါ" ချင်မိုသည် စကားအစတွင် ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေသော်လည်း နောက်ပိုင်းတွင် အနည်းငယ် သတ္တိမွေးကာ အဆင်ပြေပြေ ပြောနိုင်သွားသည်။
သို့သော်လည်း သူကိုယ်တိုင်အတွက် ဝိညာဉ်အစားအစာကို တိုက်ရိုက်မတောင်းဆိုရဲဘဲ အားလုံးကိုယ်စားသာ ထည့်သွင်းပြောဆိုသွားခြင်းပင်။
ထိုအရာကို ကြားတော့ ဝမ်ပင်းက "အဲဒီနေ့က ပွဲတော်ရက် ဖြစ်နေလို့ အားလုံးစားဖို့ ငါ လုပ်ပေးခဲ့တာပါ။ အကယ်၍ မင်းတို့ လရောင်မုန့် စားချင်ရင်တော့ နောက်ပွဲတော်ရက်အထိ စောင့်ကြပေါ့။ ပြီးတော့ မင်းအတွက် အခုလောလောဆယ် လရောင်မုန့် မလိုသေးပါဘူး။ မင်းရဲ့ ပါရမီအရဆိုရင် ခန္ဓာကိုယ် သန့်စင်ခြင်း မလုပ်ရသေးရင်တောင် မင်းရဲ့ ခွန်အားက မြန်မြန်ဆန်ဆန် တိုးတက်လာမှာပါ" ဟု ပြောလိုက်သည်။
ချင်မိုက အလျင်အမြန်ပင် "ဂိုဏ်းချုပ်... ဘာတွေပဲ လိုအပ်ပါစေ ကျွန်တော် အကုန်ပြင်ဆင်ပေးနိုင်ပါတယ်။ ဘယ်လောက်ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး" ဟု ပြောလိုက်သည်။
သူ့ကဲ့သို့ ပျံလွှားငါးကျွန်း၏ သခင်လေးအတွက် ဝိညာဉ်အစားအစာအတွက် လိုအပ်သော ပစ္စည်းများကို ပြင်ဆင်ရန်မှာ အလွန်ပင် လွယ်ကူလှသည်။
ခက်ခဲခဲ့လျှင်တောင် သူ့တွင် သုံးမကုန်သော ငွေကြေးများ ရှိနေကာ ပျံလွှားငါးကျွန်းတွင် ငွေကလွဲ၍ အခြား ဘာမှ မရှားပေ။
"မုန့်စားဖို့ ပွဲတော်ရက်အထိ စောင့်လိုက်ပါ"
"ဒါပေမဲ့..."
"ကဲ... ဟင်းတွေ သွားချပြီး ထမင်းစားဖို့ ပြင်ကြတော့"
ဝမ်ပင်းက ဤသို့ပြောလိုက်သဖြင့် ချင်မိုမှာ အားမလိုအားမရဖြင့် လှေကားပေါ်မှ ဆင်းသွားရတော့သည်။ သို့သော် ရန်လီလီဘေးမှ ဖြတ်သွားသည့်အခါ သူ့ကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်သွားခဲ့သည်။
သူ့ရင်ထဲတွင်မူ "ငါ့မှာ ရန်လီလီဆိုတဲ့ စီနီယာအစ်ကိုမျိုး မရှိဘူး" ဟု တွေးနေတော့သည်။
ညစာ စားပြီးနောက် အားလုံးသည် ပုံမှန်အတိုင်း ဆက်လက်ကျင့်ကြံနေကြပြီး ဝမ်ပင်းမှာမူ ညမှောင်ရီတွင် အလွှာတစ်ထောင် ကျောက်လှေကားခြေရင်းသို့ ရောက်ရှိလာသည်။
လူသူကင်းမဲ့၍ တိတ်ဆိတ်နေသော ယွန်းလန်တောင်ခြေကို တစ်ချက်ကြည့်ပြီးနောက် ငရဲမုဒ်ကို အသက်သွင်းကာ လှေကားထစ်များပေါ်သို့ စတင်တက်လှမ်းတော့သည်။
ဝမ်ပင်းအတွက်မူ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုကို မရှိဘူးဟု မှတ်ယူနိုင်လျှင်ပင် ဤကျောက်လှေကားများကို တက်ရသည့် နာကျင်မှုမှာမူ သူ၏ ဘဝတွင် နောက်တစ်ကြိမ် ထပ်မံ မခံစားချင်တော့သော အရာပင်။
ရှင်းပြ၍မရသော ဝမ်းနည်းမှု၊ ဝမ်းသာမှုနှင့် အခြားသော စိတ်ခံစားချက်များက သူ့ကို လွှမ်းမိုးထားသည်။
နာမည်ကျော် ရုပ်ရှင်မင်းသား တစ်ယောက်ပင်လျှင် သူ၏ တစ်သက်တာ သရုပ်ဆောင်မှုတွင် ဤမျှလောက်များပြားသော စိတ်ခံစားမှုများကို ပြသနိုင်လိမ့်မည် မဟုတ်ဟု သူ ယုံကြည်မိသည်။
သူ့ကို နှောင့်ယှက်နေသော လောကီအာရုံ ခုနစ်ပါးအပြင် ကိလေသာ ခြောက်ပါးကိုလည်း သူ မခံစားနိုင်လောက်အောင် ဖြစ်နေရသည်။
မျက်စိဖြင့် မြင်သမျှ၊ နားဖြင့် ကြားသမျှ၊ နှာခေါင်းဖြင့် နံသမျှ အစရှိသည့် အာရုံကို နှောင့်ယှက်မည့် သွေးဆောင်မှုများမှာ တစ်ခုပြီးတစ်ခု ရောက်ရှိလာပြီး သူ၏ မတည်ငြိမ်သော နှလုံးသားကို အေးချမ်းမှု မရနိုင်အောင် ပြုလုပ်နေတော့သည်။
ညတာသည် ကမ္ဘာမြေကို တိတ်ဆိတ်စွာ ပွေ့ဖက်ထားပြီး လောကကြီးကို ဝတ်စုံသစ်တစ်ထည် ဆင်မြန်းပေးထားသကဲ့သို့ ရှိနေသည်။
မှောင်မည်းသော ကောင်းကင်အောက်တွင် လင်းနို့တစ်ကောင်သည် လရောင်အောက်၌ လျှို့ဝှက်ဆန်းကြယ်စွာ ရံဖန်ရံခါ ပျံသန်းသွားတတ်သည်။
သူတို့သည် ရုတ်တရက် ပေါ်လာတတ်သလို ရုတ်တရက်လည်း ပြန်လည်ပျောက်ကွယ်သွားတတ်ကြသည်။
ထိုစဉ် လရောင်အောက်တွင် အထင်အရှား မြင်တွေ့နေရသော အဖြူရောင် လင်းယုန်ငှက်တစ်ကောင်သည် ကောင်းကင်ယံတွင် ရုတ်တရက် ဝဲပျံလာခဲ့သည်။ ၎င်းသည် ဆန်းဝူမြို့အထက်တွင် တစ်ပတ်ဝဲပြီးနောက် ညအမှောင်ထဲတွင် မီးလင်းနေသော အိမ်တစ်အိမ်၏ ပြတင်းပေါက်သို့ ထိုးဆင်းနားလိုက်သည်။
သို့သော် ၎င်းသည် လင်းယုန်ငှက်သက်သက် မဟုတ်ပေ။
ဖြူဖွေးသော အမွှေးအတောင်များသည် ဝတ်စုံဖြူတစ်ထည်အဖြစ် ပြောင်းလဲသွားပြီး ထိုအဝတ်အစားများအောက်တွင် ခါးကုန်းကုန်း အဖိုးအိုတစ်ဦး ပေါ်ထွက်လာသည်။
အတွင်းခန်းထဲတွင် ဖယောင်းတိုင်မီးက ငြိမ်းတော့မည့်အလား တုန်ယင်နေသည်။ ဖယောင်းတိုင်ဘေးတွင် လှပပျိုမြစ်သော မိန်းကလေးတစ်ဦးသည် စောစီးစွာကတည်းက ဒူးထောက်စောင့်ကြိုနေပြီး အဖိုးအို ဝင်လာသည်နှင့် "သခင်ကြီးကို ကြိုဆိုပါတယ်" ဟု ချက်ချင်း ပြောလိုက်သည်။
အဖိုးအိုက ခြောက်ကပ်ရှတသော အသံဖြင့် "မြောင်ယင်း... ထပါ သခင်လေး အခြေအနေ ဘယ်လိုလဲ" ဟု ပြန်ထူးလိုက်သည်။
"သိပ်မကောင်းဘူးရှင့်"
"သိပ်မကောင်းဘူး ဟုတ်လား"
အဖိုးအို၏ မျက်လုံးများက ရုတ်တရက် အေးစက်သွားပြီး အခုမှ မတ်တပ်ရပ်လိုက်သော မြောင်ယင်းကို စိုက်ကြည့်လိုက်သည်။
မြောင်ယင်းမှာ ထိတ်လန့်သွားကာ ခေါင်းကို အမြန်ခါယမ်း၍ "သခင်လေး ဒဏ်ရာရတာ မဟုတ်ပါဘူး။ သူ ဂိုဏ်းတစ်ခုထဲကို ဝင်သွားလို့ပါ" ဟု အလျင်အမြန် ရှင်းပြလိုက်ရသည်။
"ဂိုဏ်းထဲဝင်တယ် ဟုတ်လား"
မြောင်ယင်း၏ ရှင်းပြချက်ကြောင့် အဖိုးအို၏ ဓားကဲ့သို့ စူးရှသော အကြည့်များမှာ တဖြည်းဖြည်း လျော့ပါးသွားသည်။
သူက သက်ပြင်းတစ်ချက်ချကာ "အဲဒီဂိုဏ်းက အရင်က ကြယ်နှစ်ပွင့်အဆင့်ရှိခဲ့ပေမဲ့ ပြဿနာတချို့ကြောင့် လူတွေအကုန် ထွက်သွားကြပြီ။ အခုတော့ ကြယ်မဲ့ဂိုဏ်း ဖြစ်နေပြီ။ ဒါပေမဲ့ အဲဒီဂိုဏ်းက လူလိမ်ဂိုဏ်းလို့ ပြောကြတယ်။ ဂိုဏ်းဝင်ဖို့တင် ရွှေပြားတစ်ထောင် ပေးရတယ်တဲ့" ဟု ဆက်ပြောသည်။
အဖိုးအိုက မျက်မှောင်ကြုတ်ကာ "သခင်လေး ဘာတွေ ကစားနေတာလဲ။ မြောင်ယင်း... အဲဒီဂိုဏ်းချုပ်ကို သွားသတ်လိုက်စမ်း။ ပျံလွှားငါးကျွန်းရဲ့ ငွေကို အလွယ်တကူ ယူလို့မရဘူးဆိုတာ သိအောင် လုပ်လိုက်" ဟု ရေရွတ်လိုက်သည်။
"သခင်ကြီး... အဲဒီဂိုဏ်းက ကြယ်မဲ့ဂိုဏ်းဆိုပေမဲ့ ဒဏ်ရာကုသနေတဲ့ နက်နဲသောနယ်ပယ်ကျင့်ကြံသူတစ်ဦး ရှိနေတယ်ရှင့်။ ယွီမိုလို့ အမည်ရတဲ့ လေလွင့်ကျင့်ကြံသူလို့ ကြားရပါတယ်။ ကျွန်မတို့ တဇွတ်ထိုး လုပ်လိုက်ရင် အဲဒီလူရဲ့ တုံ့ပြန်မှုကို ခံရမှာ စိုးရိမ်ရပါတယ်..."
"မင်းက သေမှာကြောက်လို့လား ဒါဆိုရင် ပျံလွှားငါးကျွန်းကို ဘာလို့ ဝင်ခဲ့တာလဲ"
"သေမှာကြောက်တာ မဟုတ်ပါဘူး သခင်ကြီး သခင်လေးကို ထိခိုက်မှာ စိုးရိမ်လို့ပါ။ သခင်လေးက အခု အဲဒီတောင်ပေါ်မှာ ရှိနေတော့ အဲဒီလေလွင့်ကျင့်ကြံသူ ယွီမိုဆီက ပညာသင်နေတာလည်း ဖြစ်နိုင်ပါတယ်"
"အဲဒါလည်း ဖြစ်နိုင်တာပဲ။ သခင်လေးက စိတ်ဓာတ်ပြင်းထန်သူဆိုတော့ အဲဒီစစ်ဆေးမှုမှာ ရှုံးနိမ့်ပြီးနောက်ပိုင်း ပိုပြီး အစွမ်းထက်ချင်နေမှာပဲ"
အဖိုးအိုက သူ၏ မုတ်ဆိတ်ကို သပ်ရင်း ခဏမျှ တန့်သွားသည်။
ထို့နောက် "အရင်က ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းဖြစ်ခဲ့ဖူးတာဆိုတော့ ဖုံးကွယ်ထားတဲ့ ရတနာတွေ ရှိကောင်းရှိနိုင်တယ်။ ငါ့ကို အဲဒီဂိုဏ်းချုပ်ဆီ ခေါ်သွားစမ်း။ သခင်လေးက သူ့ဂိုဏ်းထဲ ရောက်နေပြီဆိုတော့ သူက အကောင်းဆုံးအရာတွေကို ကမ်းလှမ်းရမယ်။ ပြီးတော့ သူ့ကို သတိပေးချက်တစ်ခုလည်း ပေးရမယ်။ မဟုတ်ရင် သူက အကာအကွယ်အဆောင်လက်ဖွဲ့တစ်ခု ရထားတယ်လို့ တကယ်ကြီး ထင်နေလိမ့်မယ်"
"သခင်ကြီး... ကျွန်မနောက်ကို လိုက်ခဲ့ပါ"
မြောင်ယင်းက ပြတင်းပေါက်ကို အမြန်ပိတ်ကာ တံခါးဖွင့်၍ နောက်ဖေးခြံထဲတွင် အသင့်ပြင်ထားသော မြင်းနှစ်ကောင်ကို သွားဖြုတ်လိုက်သည်။
ထို့နောက် သူတို့နှစ်ဦးသည် မြင်းများကို စီး၍ ညအမှောင်ထဲတွင် ဒုန်းစိုင်းနှင်လာခဲ့ကြရာ မသေမျိုးဂိုဏ်း တောင်ခြေသို့ ရောက်ရှိလာတော့သည်။
ထိုအချိန်တွင် ဝမ်ပင်းသည် အနားယူရန် ပြန်တော့မည့်ဆဲဆဲမှာပင် စနစ်မှတစ်ဆင့် ပေးပို့လာသော မိစ္ဆာဝိညာဉ်ဓား၏ မေးမြန်းသံကို ကြားလိုက်ရသည်။
"မသေမျိုးဂိုဏ်းဆီကို မိစ္ဆာတွေ ချဉ်းကပ်လာနေတယ်။ တစ်ကောင်က မိစ္ဆာကြီးပဲ။ သခင်... ကျွန်တော် စားလို့ရပြီလား"
"နေဦး အဲဒါ ဘယ်သူတွေလဲဆိုတာ ငါအရင်ကြည့်ပါရစေဦး"
ဝမ်ပင်းသည် ကျောက်လှေကားများပေါ်သို့ ခြေချလိုက်ပြီး တစ်လက်မမြေကမ္ဘာပညာရပ်ကို အသုံးပြုကာ ခြေတစ်လှမ်းတည်းနှင့် ယွန်းလန်တောင်ခြေသို့ ရောက်သွားသည်။
သူက မျက်နှာပေါ်မှ ချွေးများကို သုတ်လိုက်ပြီး ညဥ့်အပူရှိန်ကြောင့် အိပ်မပျော်၍ လာရောက်အေးမြမှု ရှာဖွေနေသည့်အလား ဓားကျောက်စာတိုင်ရှေ့တွင် ထိုင်နေလိုက်သည်။
နီးကပ်လာသော မြင်းခွာသံများကို နားထောင်ရင်း ဝမ်ပင်းက စဉ်းစားနေမိသည်။
မိစ္ဆာကြီးတစ်ကောင် ဤအချိန်၌ ရောက်လာခြင်းမှာ ဘယ်လိုကြည့်ကြည့် ပြဿနာတစ်ခုပင်။
မြင်းများ နီးကပ်လာသောအခါ ဝမ်ပင်းက စနစ်ကို ပြောလိုက်သည်။
"စနစ်... အဲဒီမိစ္ဆာကြီးရဲ့ အချက်အလက်တွေကို ငါသိချင်တယ်"
ချက်ချင်းပင် အပြာရောင် ဘောင်တစ်ခု ပေါ်လာတော့သည်။
[ချင်ရှန်း]
[လိင်:ကျား]
[အသက်:၁၂၀]
[နယ်ပယ်:အောက်ဆင့် နက်နဲသောနယ်ပယ်]
[ပျံလွှားငါးကျွန်းမှ မိစ္ဆာကြီး တိမ်လင်းယုန်]
အခန်း။ ၁၀၂
ဝမ်ပင်းက ဒုတိယမြောက်လူ၏ ကိုယ်ရေးအချက်အလက်ကို ကြည့်ရန် ပြင်ဆင်နေစဉ်မှာပင် ထိုသူနှစ်ဦးသည် သူ၏ရှေ့မှောက်သို့ ရောက်ရှိလာကြပြီဖြစ်သည်။
မြောင်ယင်းက ဝမ်ပင်းကို ပထမဆုံး စတင်မေးလိုက်သည်။
"ဟေ့ကောင်လေး... ညကြီးမင်းကြီး မအိပ်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ"
"ခင်ဗျားတို့ကို စောင့်နေတာလေ"
ဝမ်ပင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။
"ကျွန်မတို့ကို စောင့်နေတာ ဟုတ်လား"
ထိုသို့ပြောပြီးနောက် အမျိုးသမီးမှာ သတိထားရမည့် အမူအရာ ပေါ်လာပြီး သူမ၏ ခါးရှိ ဓားကိုပင် ကိုင်လိုက်သော်လည်း ဘေးမှ ချင်ရှန်းက သူမကို ပြန်ဆွဲထားလိုက်သည်။
ညသန်းခေါင်ယံအချိန်တွင် သူစိမ်းတစ်ယောက်က သူတို့ကို စောင့်နေသည်ဟု ရုတ်တရက် ပြောလာခြင်းမှာ အလွန်ပင် ကျောချမ်းစရာ ကောင်းလွန်းသည်။
သို့သော် ချင်ရှန်းကမူ ဘာမှမဖြစ်သလိုပင် ပြုံးလျက် တုံ့ပြန်လိုက်သည်။
"လူငယ်လေး... စကားကို အမှတ်မထင် မပြောသင့်ဘူးကွ။ နောက်ပြောင်တာက တစ်ခါတလေ ဘေးဒုက္ခကို ခေါ်ဆောင်လာတတ်တယ်"
သူ ပြောလိုက်သော လေယူလေသိမ်းမှာ သတိပေးချက်တစ်ခု ပါဝင်နေပြီး သူ၏ အမူအရာမှာလည်း လုံးဝ ပြောင်းလဲသွားသည်။
ညအမှောင်ထဲတွင် ထိုရှတတအသံမှာ ထူးဆန်းသော ခံစားချက်ကို ပေးစွမ်းနေပြီး သူ၏မျက်နှာကို ကြည့်လိုက်လျှင် ကျောရိုးထဲအထိ စိမ့်တက်သွားစေသည်။
အမှန်စင်စစ် ချင်ရှန်းမှာ ရုပ်ဆိုးသူမဟုတ်ပေ။ သာမန်အဖိုးအိုများထက်ပင် ရုပ်ရည်သန့်ပြန့်သူ ဖြစ်ကာ သူ၏ တစ်ကိုယ်လုံးမှာ တက်ကြွမှုများ ရှိနေပြီး အားအင်ပြည့်ဝသော အဖိုးအိုတစ်ဦး ဖြစ်သော်လည်း သူ၏ မျက်လုံးများမှာ လင်းယုန်ငှက်ကဲ့သို့ စူးရှလွန်းလှသဖြင့် တစ်ချက်ကြည့်ရုံနှင့် မည်သူ့ကိုမဆို ချမ်းစိမ့်သွားစေနိုင်သည်။
ချင်ရှန်း၏ လေးနက်လွန်းသော စကားများရှေ့တွင် ဝမ်ပင်းက အားမလိုအားမရ ပြုံးရုံသာ တတ်နိုင်တော့သည်။
ထို့နောက် အခြေအနေကို ပေါ့ပါးသွားစေရန် တစ်ခုခု စဉ်းစားကာ ပြောလိုက်သည် "တကယ်တော့ ကျွန်တော်က ဒီမှာ လာပြီး အေးမြမှု ရှာနေတာပါ။ ရာသီဥတုက အရမ်းပူလို့"
ပြောရင်းနှင့် ဝမ်ပင်းက သူ၏မျက်နှာပေါ်မှ ချွေးများကို လက်ဖြင့် သုတ်လိုက်သည်။
"အေးမြမှု ရှာတာ ဟုတ်လား"
မြောင်ယင်းက ဝမ်ပင်း၏ မျက်နှာပေါ်မှ ချွေးများကို ကြည့်ရင်း ပြောလိုက်သည်။
သူမသည် ဝမ်ပင်း၏စကားကို ယုံကြည်သွားသည်။ အကြောင်းမှာ ဤလောကတွင် ပုံမှန်မဟုတ်သော လူများစွာ ရှိနေသောကြောင့်ပင်။
ပတ်ဝန်းကျင်ကလည်း လူသူပြတ်လပ်နေသည် မဟုတ်သဖြင့် ညဉ့်နက်သန်းခေါင် တောင်ခြေမှာ လာပြီး အေးမြမှုရှာနေခြင်းမှာ အလွန်အကျွံတော့ ထူးဆန်းမနေပေ။
သို့သော် သူမရှေ့မှ ကောင်လေးမှာ စကားကို စည်းမဲ့ကမ်းမဲ့ ပြောဆိုတတ်သဖြင့် အနေအထိုင် မတတ်သူတစ်ဦးဟု သူမ သတ်မှတ်လိုက်သည်။ ပုံမှန်ဆိုလျှင် သူမသည် ဤကဲ့သို့သော လူမျိုးကို လှည့်ကြည့်မည်ပင် မဟုတ်ချေ။
မြောင်ယင်းက မေးလိုက်သည်။
"ကောင်လေး... မင်းက မသေမျိုးဂိုဏ်းကလား"
"ဟုတ်တယ်"
ဝမ်ပင်းက ခေါင်းညိတ်ပြလိုက်သည်။
ထိုအရာကို ကြားတော့ မြောင်ယင်းက အလျင်အမြန်ပင် ဆက်ပြောသည်။
"ဒါဆိုရင် မင်းတို့ ဂိုဏ်းချုပ်ကို ငါတို့ကို ကြိုဆိုဖို့ အောက်ဆင်းလာခိုင်းလိုက်စမ်း"
မြောင်ယင်း၏ အမိန့်ပေးသံကို ကြားရသည့်အခါ ဝမ်ပင်း၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။
သူသည် ဆက်လက်နောက်ပြောင်နေရန် ပျင်းရိသွားသဖြင့် သူမ၏ စကားကို မကြားချင်ယောင်ဆောင်ကာ ထွက်ခွာရန် ပြင်လိုက်သည်။ မြောင်ယင်းမှာ ဝမ်ပင်းကို ကြည့်ရင်း ဒေါသအရိပ်အယောင်များဖြင့် အော်ဟစ်လိုက်တော့သည်။
သူမသည် ပျံလွှားငါးကျွန်းမှ လာသူဖြစ်သော်လည်း ဆန်းဝူမြို့မှ လူငယ်လေးတစ်ယောက်က သူမကို လျစ်လျူရှုနေခြင်းပင်။
သူမက ကျယ်လောင်စွာ နှစ်ကြိမ်တိုင်တိုင် အော်ဟစ်ပြီးနောက်မှ ဝမ်ပင်းက ပြန်ဖြေသည်။
"ကျွန်တော်တို့ ဂိုဏ်းချုပ်က အလုပ်တွေ အရမ်းများနေတာ။ အောက်ဆင်းလာဖို့ အချိန်မရှိဘူး။ ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ပဲ သွားကြတော့"
မြောင်ယင်းက "ဟွန့်" ခနဲ တစ်ချက် နှာခေါင်းရှုံ့လိုက်ပြီး ဝမ်ပင်းကို သင်ခန်းစာပေးရန် ပြင်လိုက်သော်လည်း ဘေးမှ ချင်ရှန်းက တားဆီးလိုက်ပြန်သည်။
ချင်ရှန်းသည် သူ၏ခါးမှ လေထဲသို့ ပျံတက်နေသော ငါးကြင်းရုပ်ပုံ ထွင်းထုထားသည့် သံအနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ကြည့်ရသည်မှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း အရှေ့အိုင်တစ်ဝိုက်တွင်မူ လူတိုင်း သိကြသည့် အရာပင်။
အရှေ့အိုင်တွင် ဤတံဆိပ်ကို မသိသူ တစ်ဦးတစ်ယောက်မျှ မရှိဘူးဟု ချင်ရှန်းက ယုံကြည်ထားသည်။
ဤကဲ့သို့သော လူမျိုးနှင့် စကားများနေမည့်အစား သူတို့၏ မည်သူမည်ဝါဖြစ်ကြောင်းကို ပြသလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"သိတယ် မဟုတ်လား"
ဝမ်ပင်းက ထိုတံဆိပ်ကို တစ်ချက်ကြည့်ကာ "ပျံလွှားငါးကျွန်းပေါ့" ဟု ပြန်ဖြေလိုက်သည်။
"သိရင် တော်သေးတာပေါ့။ ဒါကိုယူပြီး မင်းတို့ ဂိုဏ်းချုပ်ကို သွားပေးလိုက်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မသိစေနဲ့။ ငါတို့ ပျံလွှားငါးကျွန်းက သခင်လေး ကျင့်ကြံဖို့အတွက် ကောင်းမွန်တဲ့ ပညာတွေကိုပဲ သင်ပေးဖို့ လိုမယ်။ ပြီးတော့ ငါတို့ သခင်လေး ဂိုဏ်းထဲဝင်တာကို အကာအကွယ်အဆောင်လက်ဖွဲ့တစ်ခု ရလိုက်ပြီလို့ မင်းတို့ ဂိုဏ်းချုပ် မထင်စေနဲ့ဦး။ သေချာ မသင်ပေးနိုင်ရင် အဲဒါက အကာအကွယ် ရလိုက်တာ မဟုတ်ဘဲ အသက်ဆုံးရှုံးစေမယ့် အဆောင်လက်ဖွဲ့ ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သခင်လေးက ပညာကောင်းကောင်း သင်ယူနိုင်မယ်ဆိုရင်တော့ မသေမျိုးဂိုဏ်းကို ပျံလွှားငါးကျွန်းရဲ့ လက်အောက်ခံ ဂိုဏ်းခွဲတစ်ခု ဖြစ်လာဖို့ ငါ စဉ်းစားပေးဦးမယ်။ ဒီသတင်းစကားကို ပါးလိုက်ပါ"
ထိုသို့ပြောပြီးနောက် ချင်ရှန်းက တံဆိပ်ပြားကို လှမ်းပစ်ပေးလိုက်သည်။
ဝမ်ပင်းက ၎င်းကို လက်တစ်ဖက်တည်းဖြင့် ဖမ်းယူလိုက်ပြီး တံဆိပ်ပြားကို စိုက်ကြည့်နေမိသည်။
ဝမ်ပင်းက မလှုပ်မယှက် စိုက်ကြည့်နေသဖြင့် ချင်ရှန်းက ရုတ်တရက် ပြုံးလိုက်ကာ "ကောင်လေး... အံ့ဩလွန်းလို့ ကြောင်သွားတာလား" ဟု မေးလိုက်သည်။
ဝမ်ပင်းက ဘာမှ ပြန်မပြောဘဲ တိတ်ဆိတ်နေဆဲပင်။
မြောင်ယင်းကလည်း ဝမ်ပင်းမှာ တကယ်ပင် ကြောက်လန့်သွားသည်ဟု ထင်မှတ်ကာ ထပ်မံ သတိပေးလိုက်ပြန်သည်။
"မှတ်ထားဦး... အကယ်၍ မင်းတို့ မသေမျိုးဂိုဏ်းချုပ်က ပိုက်ဆံလိမ်ဖို့ပဲ စဉ်းစားနေမယ်ဆိုရင် မသေမျိုးဂိုဏ်းက ငါတို့ရဲ့ ဒေါသကို ခံရလိမ့်မယ်။ အကယ်၍ စောစောက စကားက သိမ်မွေ့လွန်းလို့ ရှင်းရှင်းလင်းလင်း မရှိဘူးလို့ ထင်ရင် ဒါကိုပဲ ပြန်ပြောလိုက်... ပျံလွှားငါးကျွန်းက ဖျက်ဆီးချင်တဲ့ အင်အားစုကို ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တောင် တားရဲမှာ မဟုတ်ဘူး"
မြောင်ယင်းသည် သူမရှေ့မှလူက အလျင်အမြန် ခေါင်းညိတ်ပြပြီး ကြောက်လန့်တုန်လှုပ်သွားလိမ့်မည်ဟု ထင်နေစဉ်မှာပင် ရုတ်တရက် စကားလေးခွန်းကို ကြားလိုက်ရသည်။
"ကောင်းကောင်းသွားကြပါဦး ခင်ဗျာ"
ထိုသို့ပြောပြီးနောက် ဝမ်ပင်းသည် ပျံလွှားငါးကျွန်း၏ တံဆိပ်ပြားကို ပေါ့ပေါ့ပါးပါးပင် အိတ်ထဲသို့ ထည့်လိုက်သည်။
ထိုအပြုအမူမှာ အရေးကြီးသော အရာတစ်ခုကို သိမ်းဆည်းလိုက်ခြင်းမျိုးမဟုတ်ဘဲ သကြားလုံးတစ်လုံးကို အိတ်ထဲထည့်လိုက်သကဲ့သို့သာ ဖြစ်နေသည်။ မည်သည့် အရေးတယူရှိမှုမျိုးကိုမျှ မတွေ့ရပေ။
"နင်..."
မြောင်ယင်းသည် နောက်တစ်ကြိမ် ဒေါသပေါက်ကွဲရန် ပြင်လိုက်သော်လည်း ပြန်လည်စဉ်းစားကြည့်ပြီးနောက် သူမ၏ဒေါသကို ထိန်းချုပ်လိုက်ကာ “ဒီလို ဘာမှမသိတဲ့ ကောင်လေးနဲ့ ဘာလို့ စကားများနေမှာလဲ။ ညဉ့်နက်သန်းခေါင် တောင်ခြေမှာ လာပြီး အေးမြမှုရှာနေကတည်းက သူက စိတ်မနှံ့တာ နေမှာပါ” ဟု တွေးလိုက်မိသည်။
မြောင်ယင်းက လှည့်ကြည့်ကာ "သခင်ကြီး... အခု ကျွန်မတို့ ဘယ်သွားကြမလဲ" ဟု မေးလိုက်သည်။
ချင်ရှန်းက ခေတ္တမျှ စဉ်းစားပြီးနောက် "ပြန်ကြတာပေါ့။ ငါတို့ သူ့နောက်ကို တောက်လျှောက် လိုက်လာမှန်း သခင်လေး သိသွားရင် ငါတို့ကို သေချာပေါက် ပြန်လွှတ်လိမ့်မယ်" ဟု ပြောလိုက်သည်။
"ကောင်းပါပြီ"
မြောင်ယင်းက ခေါင်းညိတ်လိုက်ပြီး သူမရှေ့မှလူကို လျစ်လျူရှုရန် နောက်သို့ လှည့်ကြည့်
လိုက်သည်။
သို့သော် နောက်ဆုံးအကြိမ်အဖြစ် သတိပေးစကား ပြောရန် မမေ့ဘဲ လှည့်ကြည့်လိုက်သည့်အခါ ဓားကျောက်စာတိုင်ရှေ့တွင် ရပ်နေသောသူမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ဒီလောက်တောင် မြန်မြန် ပြေးသွားတာလား"
"ပျံလွှားငါးကျွန်းက မသေမျိုးဂိုဏ်းကို ဖျက်ဆီးတော့မယ်ဆိုတဲ့ စကားကို ကြားလိုက်ရတော့ သူလည်း မြန်မြန်ပြေးမှာပေါ့"
ချင်ရှန်းကတော့ ဂရုမစိုက်ပေ။ ထိုကောင်လေးမှာ ဂိုဏ်းထဲသို့ သတင်းသွားပို့ရန် အတင်းပြေးသွားခြင်း ဖြစ်လိမ့်မည်ဟု သူ ထင်နေသည်။
ထိုအချိန်တွင် ဝမ်ပင်းမှာ တောင်ထိပ်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို သူ စိတ်မဝင်စားပေ။
သူသည် ကျင့်ကြံရန်အတွက် တင်းယွီဆောင်သို့ ပြန်ရောက်သည့်အခါ စနစ်မှာ ငြိမ်သက်မနေလိုပုံရဘဲ ရုတ်တရက် တာဝန်တစ်ခု ထုတ်ပြန်လိုက်သည်။
ဤတာဝန်မှာ စောစောက လူနှစ်ယောက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု သူ ခံစားလိုက်ရသည်။ အမှန်စင်စစ် စူပါဂိုဏ်းတော်စနစ်သည် သေးငယ်သော ပျံလွှားငါးကျွန်းက လာရောက်ကြွားဝါသွားသည်ကို ကြည့်ကာ မကျေမနပ် ဖြစ်သွားပုံပင်။
"စူပါဂိုဏ်းတော်တစ်ခုက တောင်ပေါ်မှာ သီးခြားနေနိုင်ပေမဲ့ လူမသိသူမသိတော့ မဖြစ်စေရဘူး။ ဒီနေ့ကစပြီး တစ်လအတွင်းမှာ လူပေါင်းတစ်သိန်းက သခင့်ကို သိစေရမယ်။ အောင်မြင်ရင် ကြီးမားတဲ့ ဆုလာဘ်တွေ ရရှိမှာဖြစ်ပြီး ကျရှုံးရင်တော့ ဂိုဏ်းအဆောက်အအုံတစ်ခုရဲ့ အဆင့်ကို လျှော့ချပစ်မယ်"
"ဒါက ဘယ်လို အပြစ်ပေးမှုမျိုးလဲ"
"အကယ်၍ တင်းယွီဆောင် ဖြစ်ခဲ့ရင် အဆင့်တစ်ဆင့် အတင်းအကျပ် လျှော့ချခံရမယ်။ မိစ္ဆာဝိညာဉ်ဓားရဲ့ ခွန်အားက ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ကို ပြန်ရောက်သွားမှာဖြစ်သလို။ ဂိုဏ်းဝတ်စုံ ဖန်တီးစက်နဲ့ လက်ရှိ မသေမျိုး လေညင်းဝတ်စုံရဲ့ အထူးစွမ်းရည်တွေကိုလည်း ပြန်သိမ်းပစ်မှာပါ"
"မဟုတ်ဘူးလေ... မင်းက စိတ်တိုနေတာကို ဘာလို့ ငါ့ကို အပြစ်ပေးတာလဲ"
ဝမ်ပင်းက စနစ်နှင့် အငြင်းပွားရန် ပြင်လိုက်စဉ်မှာပင် တာဝန်သတ်မှတ်ချက်များမှာ သူ၏ရှေ့တွင် ပေါ်လာတော့သည်။
[ပင်မတာဝန် - ကျော်ကြားမှု ရယူခြင်း]
[အစွမ်းထက်တဲ့ ဂိုဏ်းတစ်ခုဟာ လူအများရဲ့ ကြည်ညိုလေးစားမှုကို ခံရမှာဖြစ်သလို လူသိများလာတာကလည်း ပထမဆုံးခြေလှမ်းပဲ။ ရက်ပေါင်း ၃၀ အတွင်း လူပေါင်းတစ်သိန်းက သိစေရမယ်]
[ဆုလာဘ် - အထူးအဆောက်အအုံ တည်ဆောက်နိုင်စွမ်းဖြစ်တဲ့ ကောင်းကင်နဲ့ မြေပြင် အသွင်ပြောင်းခြင်းကို ရရှိမှာပါ]
[ကျရှုံးမှုအတွက် အပြစ်ဒဏ်: အဆောက်အအုံအဆင့် လျှော့ချခြင်း]
[လက်ရှိ သိရှိသူအရေအတွက်: ၁၀၃၃ / ၁၀၀၀၀၀]
အဆုံးသတ်ကို မြင်လိုက်ရသည့်အခါ ဝမ်ပင်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။
"ငါတို့ မသေမျိုးဂိုဏ်းက အရင်ကတည်းက လူသိများတာ မဟုတ်ဘူးလား။ ဆန်းဝူမြို့ တစ်မြို့လုံးက သိနေကြတာလေ။ ဘာလို့ တစ်ထောင်ကျော်ပဲ ရှိနေတာလဲ"
စနစ်က ရှင်းပြသည်မှာ "အရင်က လူသိများခဲ့တဲ့ မသေမျိုးဂိုဏ်းက ဆုတ်ယုတ်သွားပြီ။ လက်ရှိ မသေမျိုးဂိုဏ်းကတော့ လူမသိသူမသိ အခြေအနေပဲ။ ဆန်းဝူမြို့ထဲမှာ မသေမျိုးဂိုဏ်း ပြန်လည် နိုးထလာတဲ့အကြောင်း ပြောနေကြပေမဲ့ လူအများစုက ဒါကို ဟာသတစ်ခုလိုပဲ မှတ်ယူထားကြတာ။ ဒါကြောင့် ၁၀၃၃ ဆိုတဲ့ အရေအတွက်က လုံးဝ တိကျပါတယ်"
"ငါက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့နဲ့တောင် ပြဿနာတက်ထားတာကို တစ်ထောင်ပဲ ရှိသေးတာလား။ ဒီလိုမှန်းသိရင် ပိုပြီးတော့ ဟိတ်ဟန်ထုတ်ခဲ့ပါတယ်။ အခုတော့ တစ်လအတွင်းမှာ လူတစ်သိန်း သိအောင် လုပ်ဖို့ဆိုတာ အချိန်က အရမ်းတိုမနေဘူးလား"
"အခက်အခဲက ကြီးမားသလို ဆုလာဘ်ကလည်း ထိုက်တန်ပါတယ်။ အဆောက်အအုံတွေက ပေးအပ်တဲ့ တည်ဆောက်မှု စွမ်းရည်တွေက ဒီလောကမှာ ယှဉ်နိုင်သူ မရှိပါဘူး။ တစ်ခုခုသာ အပြင်ကို ပေါက်ကြားသွားရင် မရေမတွက်နိုင်တဲ့သူတွေက လောဘတကြီးနဲ့ လုယူဖို့ ကြိုးစားကြလိမ့်မယ်။ ကောင်းကင်နှင့် မြေပြင် အသွင်ပြောင်းခြင်းစွမ်းရည်က မသေမျိုးဂိုဏ်းရဲ့ တည်နေရာကို နတ်ဘုံနတ်နန်းသဖွယ် ပြောင်းလဲပစ်မှာလေ။ ဆောင်းတွင်းမှာ အအေးဒဏ် မရှိသလို နွေရာသီမှာလည်း အပူဒဏ် မရှိတော့ဘဲ တစ်နှစ်ပတ်လုံး နွေဦးရာသီလို သာယာနေစေမှာ ပါ"
ဆုလာဘ်အကြောင်းကို ကြားလိုက်ရသည့်အခါ ဝမ်ပင်း စိတ်ဝင်စားသွားမိသည်။ အဆောက်အအုံများကို အဆင့်မြှင့်တင်ခြင်းမှ ရရှိသော အထူးစွမ်းရည်များမှာ အလွန်ပင် အစွမ်းထက်လှသည်။
"တကယ်လို့... အထူးအဆောက်အအုံတစ်ခုတည်းကိုပဲ အစွမ်းကုန် အသုံးချပြီး တည်ဆောက်လိုက်မယ်ဆိုရင် ပိုပြီးတော့တောင် အစွမ်းထက်သွားဦးမှာ မဟုတ်ဘူးလား"
"ကောင်းကင်နဲ့ မြေပြင်ကိုသာ ငါအသွင်ပြောင်းလိုက်ရင် နွေဦးမြင်ကွင်းက တကယ့်ကို လှပနေတော့မှာ။ အထူးသဖြင့် ဆောင်းရာသီရောက်လို့ ဆန်းဝူမြို့တစ်မြို့လုံး နှင်းတွေဖုံးပြီး လူတိုင်း အနွေးထည်တွေ ထူထူထဲထဲ ဝတ်နေရတဲ့အချိန်မှာတောင် ငါ့ရဲ့ မသေမျိုးဂိုဏ်းမှာတော့ ထူးခြားဆန်းပြားတဲ့ နွေဦးမြင်ကွင်းက ရှိနေမှာပဲ"
"အဲဒီလို ဟိတ်ဟန်ကြီးပြီး ခန့်ညားလွန်းတဲ့ မြင်ကွင်းကပဲ လူတိုင်းကို ငါ့ဂိုဏ်းမှာ လာပြီး အခြေချချင်အောင် ဆွဲဆောင်နိုင်မှာ မဟုတ်ဘူးလား"
ထိုအခါကျလျှင် ဂိုဏ်းသားများကို လက်ခံရသည်မှာ အဆုံးရှိတော့မည် မဟုတ်ပေ။
"ဒါဆိုရင် လူတစ်သိန်းဆိုတဲ့ ပန်းတိုင်အတွက် အစွန်းရောက်တောင်နဲ့ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့တို့နဲ့ ဖြစ်နေတဲ့ ပဋိပက္ခက အချက်အချာကျတဲ့ အချက်ပဲ"
ခဏမျှ စဉ်းစားပြီးနောက် ဝမ်ပင်းသည် ထိုအချက်ကိုပင် ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်သည်။
အစွမ်းထက်သော အင်အားစုများကို ရင်ဆိုင်ကျော်လွှားပြခြင်းထက် ပို၍ လူအာရုံစိုက်ခံရမည့်အရာ မရှိပေ။
သို့သော်လည်း ပထမဆုံးအနေဖြင့် တစ်ဆင့်ချင်း ချဉ်းကပ်ရန် လိုအပ်သည်။ ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့နှင့် အစွန်းရောက်တောင်တို့က ချက်ချင်း ကျူးကျော်လာမည်မဟုတ်
သလို သူကလည်း အစပိုင်းမှာ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်၍ မရသေးပေ။
အရင်ဆုံး လူအများ စိတ်ဝင်စားလာစေရန် အခြားနည်းလမ်းများကို ကြိုးစားကြည့်ပြီးမှ တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းရပေလိမ့်မည်။