အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း။ ၁၀၃
နွေဦးနေ့ရက်များသည် ကျင့်ကြံခြင်းဖြင့်သာ ကုန်လွန်သွားခဲ့ရာ တာဝန်ထုတ်ပြန်ပြီး သုံးရက်မြောက်နေ့ မွန်းတည့်ချိန်တွင် ဝမ်ပင်းသည် မသေမျိုးဂိုဏ်း၏ အမည်နာမကို လူအများကြား ပျံ့နှံ့သွားစေမည့် နည်းလမ်းကောင်းတစ်ခုကို ကြံဆမိသွားတော့သည်။
ဤရက်ပိုင်းအတွင်း သူ အကြိမ်ကြိမ် စဉ်းစားခဲ့ပြီးနောက် မနေ့ညက ရေချိုးနေစဉ်တွင်မှ သူ၏ဖခင် တစ်ချိန်က လုပ်ဆောင်ခဲ့ဖူးသော အမှုတစ်ခုကို ရုတ်တရက် အမှတ်ရမိသွားခြင်းပင်။
၎င်းမှာ သိုင်းပညာနှီးနှောဖလှယ်ပွဲပင်။
ထိုပွဲသည် သူ အလွန်ငယ်စဉ်က မြင်တွေ့ခဲ့ရသည့် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ဖြစ်သည်။
ထိုစဉ်က မသေမျိုးဂိုဏ်းသည် ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့်ရှိ တပည့်များနှင့် အကြီးအကဲ အများအပြားကို တောင်အောက်သို့ စေလွှတ်ကာ သိုင်းပညာရပ်များကို ရှင်းလင်းပြသပေးခဲ့သည်။
ထို့ပြင် ကျင့်ကြံသူတို့အတွက် လမ်းစပျောက်နေသည့် အခက်အခဲများကို လမ်းညွှန်ပေးရုံမျှမက တောက်ပသော ကျင့်ကြံခြင်းခရီးလမ်းကိုပင် မြော်မြင်နိုင်အောင် ကူညီပေးခဲ့ကြသည်။
ဤသည်မှာ အဖိုးတန်ဆုံးသော အချက်ပင်။ နာမည်ကျော် ဆရာသမားတစ်ဦးထံတွင် တပည့်ခံထားရခြင်း မရှိလျှင်သော်လည်းကောင်း၊ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့်တစ်ဆယ်အထက် ကျင့်ကြံသူများနှင့် မရင်းနှီးလျှင်သော်လည်းကောင်း မည်သူကမျှ လမ်းမှန်ကို ပြသပေးနိုင်မည် မဟုတ်ပေ။
သာမန်လူတစ်ယောက်အတွက်မူ ထိုကဲ့သို့သော ပညာရှင်များနှင့် ထိတွေ့ခွင့်ရဖို့မှာ အလှမ်းဝေးလွန်းလှသည်။
သို့ဖြစ်ရာ သိုင်းပညာနှီးနှောဖလှယ်ပွဲ၏ အခွင့်အရေးမှာ အလွန်တရာ အဖိုးတန်လှသဖြင့် ထိုစဉ်က လူပေါင်းတစ်သောင်းနီးပါးပင် လာရောက်စုရုံးခဲ့ကြသည်။
ထိုမြင်ကွင်းမှာ ယခုပြန်တွေးလျှင်ပင် မျက်စိထဲ၌ ထင်ထင်ရှားရှား ရှိနေဆဲပင်။
သူသည် ကွင်းပြင်အပြင်ဘက်တွင် ရပ်လျက် မိခင်ဝယ်ပေးထားသော ချိုချိုချဉ်ချဉ် မုန့်လုံးလေးများကို စားရင်း လူတစ်ထောင်ခန့်သာ ဆံ့သောနေရာတွင် လူပေါင်းများစွာ တိုးဝှေ့နေသည်ကို ငေးကြည့်နေခဲ့ဖူးသည်။
သုံးရက်တိုင်တိုင် ကျင်းပသော ထိုပွဲအတွင်း မသေမျိုးဂိုဏ်း၏ ပညာရှင်များထံမှ လမ်းညွှန်မှုရရန် လူပေါင်းတစ်သောင်းနီးပါး တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
အဆုံး၌ လူတစ်ထောင်ခန့်သာ လမ်းညွှန်မှု ရခဲ့သော်လည်း ထိုပွဲ၏ အရှိန်အဝါမှာမူ အံ့မခန်း ကြီးကျယ်ခဲ့သည်။
ဝမ်ပင်းသည် သိုင်းပညာနှီးနှောဖလှယ်ပွဲ ကျင်းပရန် လုပ်ငန်းစဉ်များကို စတင်ပြင်ဆင်ပါတော့သည်။ ရက်မည်မျှ ကျင်းပမည်ကိုမူ မဆုံးဖြတ်ရသေးပေ။
အကယ်၍ အခြေအနေကောင်းပါက အချိန်ပိုယူ၍ ကျင်းပရန် သူ ဆန္ဒရှိသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာသည် ပေးထားသော တာဝန်အတွက်ဖြစ်ရာ ပင်ပန်းရကျိုး နပ်မည်ဟု သူ ယူဆသည်။
ထိုည ညစာစားနေစဉ်တွင် ဝမ်ပင်းက ယွမ်လျောင်ကို လှမ်း၍ ပြောလိုက်သည်။
"အကြီးအကဲယွမ်... နောက်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် ယွန်းလန်တောင်ခြေမှာ သိုင်းပညာနှီးနှောဖလှယ်ပွဲတစ်ခု ကျင်းပဖို့ ရှိတယ်။ ဒါကြောင့် ဒီရက်ပိုင်းအတွင်း အနည်းငယ် ပြင်ဆင်ထားပေးပါဦး"
"သိုင်းပညာနှီးနှောဖလှယ်ပွဲ ဟုတ်လား"
ယွမ်လျောင်သည် ထိုနှီးနှောဖလှယ်ပွဲဆိုသည်မှာ ဘာကို ဆိုလိုမှန်း ကောင်းကောင်း နားမလည်သေးပေ။
ဝမ်ပင်းက ရှင်းပြသည်။
"သိုင်းပညာနှီးနှောဖလှယ်ပွဲဆိုတာ လာရောက်တိုင်ပင်တဲ့ ခန္ဓာကိုယ်လေ့ကျင့်သူတွေရဲ့ သံသယတွေကို ဖြေရှင်းပေးဖို့နဲ့ ကျင့်ကြံခြင်းအတွက် ရှင်းလင်းတဲ့ လမ်းစတစ်ခု ပြသပေးဖို့ပါ။ ဥပမာ တချို့လူတွေက လက်သီးပညာရပ်နဲ့ မကိုက်ညီပေမဲ့ သူတို့သင်ယူနေတဲ့ သိုင်းသင်တန်းကျောင်းက လက်သီးကိုပဲ ဇောက်ချသင်ပေးနေတာမျိုးဆိုရင် သူတို့အတွက် ထူးထူးခြားခြား အောင်မြင်မှုရမှာ မဟုတ်ဘူး။ အခု အကြီးအကဲရဲ့ အဆင့်အတန်းနဲ့ဆိုရင် အခြေခံသမားတွေကို လမ်းညွှန်ပေးဖို့ဆိုတာ အရမ်းလွယ်ကူတဲ့ ကိစ္စပါ"
ဝမ်ပင်း၏ ရှင်းပြချက်ကို ကြားသော် ယွမ်လျောင်သည် ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားပြီး စကားလုံးအချို့ကို စဉ်းစားနေမိသည်။ တကယ်တော့ သူ မေးသင့်မမေးသင့် မသေချာသော်လည်း မမေးရပြန်လျှင်လည်း ရင်ထဲတွင် မတင်မကျ ဖြစ်နေသည်။ ဝမ်ပင်းက သူ့ကို လှမ်းကြည့်လိုက်သည့်အခါမှသာ သူ မနေနိုင်ဘဲ ဖွင့်ပြောလိုက်တော့သည်။
"ဂိုဏ်းချုပ်... ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ဂိုဏ်းချုပ် ဘာကြောင့် ဒါကို လုပ်နေတာလဲဆိုတာ ကျွန်တော် နားမလည်လို့ပါ။ ကျွန်တော်တို့ဂိုဏ်းဝင် မဟုတ်တဲ့သူတွေက စိတ်ချင်းမှ မတူတာ သူတို့ကို ဘာလို့ လမ်းညွှန်ပေးနေမှာလဲ။ ဒါမှမဟုတ်... ဂိုဏ်းချုပ်က ဒီအခွင့်အရေးကနေ ပိုက်ဆံရှာဖို့ ကြံစည်နေတာလား"
စကားပြောနေရင်း တစ်ဝက်လောက်မှာပင် ယွမ်လျောင်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသလိုမျိုး ချက်ချင်းပင် လက်မထောင်ပြလိုက်တော့သည်။
"ထက်မြက်လိုက်တာ တကယ်ကို ထက်မြက်တဲ့ အကြံပဲ" ဟု ပြောပြီးနောက် "ဂိုဏ်းချုပ် စိတ်ချပါ။ ကျွန်တော် ဒီအလုပ်ကို အကောင်းဆုံးဖြစ်အောင် သေချာပေါက် လုပ်ပါ့မယ်" ဟု ဆက်ပြောသည်။
"မဟုတ်ဘူး"
ဝမ်ပင်းက ခေါင်းခါပြလိုက်သည်။
ဝမ်ပင်း ခေါင်းခါသည်ကို မြင်သော် ယွမ်လျောင်၏ အပြုံးမှာ ချက်ချင်းပင် အေးခဲသွားပြီး "ဂိုဏ်းချုပ်... ပိုက်ဆံအတွက် မဟုတ်ဘူးဆိုရင် ဘာအကြောင်းပြချက်မှမရှိဘဲ ဒီလူတွေကို ဘာလို့ လမ်းညွှန်ပေးနေမှာလဲ။ အပြင်လူတွေအတွက် ကျွန်တော်တို့ရဲ့ ကျင့်ကြံချိန်တွေကို ဖြုန်းတီးတာက အရှုံးပေါ်တာ မဟုတ်ဘူးလား"
"အရှုံးပေါ်တာ ဟုတ်လား"
ယွမ်လျောင်က ဝမ်ပင်း၏ မျက်နှာအမူအရာကို အကဲခတ်လိုက်သည့်အခါ အရင်အတိုင်း ပြုံးနေသည်ကို မြင်သဖြင့် ဆက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဒါက ကျွန်တော်တို့အတွက် ဘာမှ သိပ်ထူးမှာမဟုတ်ဘူးလို့ ကျွန်တော် ခံစားရတယ်"
ဝမ်ပင်းက ခပ်ပြုံးပြုံးဖြင့် "ငါ့ဇာတိမှာ ပညာရှိတစ်ယောက် ပြောခဲ့ဖူးတာ တစ်ခုရှိတယ်။ မင်းမှာ သူတစ်ပါးကို ကူညီနိုင်တဲ့ စွမ်းအားရှိတဲ့အခါ သူတို့ကို ကူညီကြည့်လိုက်ပါ။ အဲဒီအခါမှာ မင်းက ခွန်အားထက် ပိုပြီး အဖိုးတန်တဲ့ အရာတစ်ခုကို ရိတ်သိမ်းနိုင်လိမ့်မယ်။ စဉ်းစားကြည့်လေ... အနာဂတ်မှာ မင်း လမ်းလျှောက်သွားတဲ့အခါ မိန်းကလေးတွေက မင်းရဲ့ ရုပ်ရည်ကြောင့် မဟုတ်ဘဲ မင်းရဲ့ စိတ်ဓာတ်ကို လေးစားလို့ မင်းဆီကို လိုလိုလားလား ချဉ်းကပ်လာကြမယ်ဆိုရင် မင်း ဘယ်လိုခံစားရမလဲ"
"ကျွန်တော် အရမ်းပျော်မိမှာပါ"
ယွမ်လျောင်က စိတ်လှုပ်ရှားစွာဖြင့် ခဏမျှ စဉ်းစားပြီးနောက် ချိုသာသော အပြုံးလေးတစ်ခု ပြုံးလိုက်မိသည်။
ထိုအးာကိုမြင်သော် ဝမ်ပင်းက ရင်ထဲတွင် ကျိတ်ရယ်မိပြီး ဆက်ပြောလိုက်သည်။
"ဟုတ်တယ် အဲဒါက သူတစ်ပါးကို ကူညီခြင်းကနေ မင်းရရှိမယ့် အကျိုးကျေးဇူးပဲ။ ခွန်အားက မင်းကို လေးစားမှု ရစေနိုင်သလို ရန်သူတွေကိုလည်း ကြောက်လန့်စေနိုင်တယ်။ ဒါပေမဲ့ သူတစ်ပါးကို ကူညီခြင်းကသာ သူတို့ကို မင်းအပေါ် ကြည်ညိုလေးစားလာအောင် လုပ်နိုင်တာ။ ဒါက ခွန်အားတစ်ခုတည်းနဲ့ မရနိုင်တဲ့ အရာပဲ"
အဆုံးအထိ နားထောင်ပြီးနောက် ယွမ်လျောင်သည် ခေါင်းညိတ်လိုက်တော့သည်။
သူ့ရင်ထဲတွင် ဝမ်ပင်းအပေါ် လေးစားမှုများ ရုတ်တရက် တိုးလာမိသည်။
"ဒီဘက်ခေတ်မှာ ကိုယ့်ကိစ္စကိုယ်တောင် မနည်းအာရုံစိုက်နေရတာ... ဘယ်သူက သူများရဲ့ အခက်အခဲတွေကို ဂရုစိုက်နေပါ့မလဲ။ သွေးသားရင်းချာကလွဲရင် မင်း ဗိုက်ဆာလား၊ မဆာလားဆိုတာကို စိတ်ပူပေးမယ့်သူဆိုတာ တကယ့်ကို ရှားတယ်။
အော်... ဒါပေမဲ့ ဂရုစိုက်မယ့်သူတစ်မျိုးတော့ ရှိသားပဲ။ အဲဒါကတော့ တည်းခိုခန်းပိုင်ရှင်ပေါ့။ ဘာလို့လဲဆိုတော့ မင်းက သူ့အတွက် အမြတ်အစွန်းကို သယ်ဆောင်လာပေးမယ့်သူ ဖြစ်နေလို့လေ"
ဂိုဏ်းချုပ်ကဲ့သို့သော စိတ်ထားမျိုးမှာ ဤလောကတွင် အလွန်ပင် ရှားပါးသည်။
"ဂိုဏ်းချုပ် စိတ်ချပါ။ သိုင်းပညာနှီးနှောဖလှယ်ပွဲကိစ္စကို ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော် သေချာပေါက် အကောင်းဆုံး ပြင်ဆင်ထားပါ့မယ်"
ယွမ်လျောင်က ရင်ဘတ်ကို ပုတ်၍ ချက်ချင်းပင် ကတိပေးလိုက်သည်။ ထို့နောက် ရန်လီလီနှင့် အခြားသူများကလည်း အားတက်သရော တုံ့ပြန်ကြရာ သူတို့၏ မျက်နှာများမှာ ဝမ်ပင်း၏ စကားများကြောင့် အလွန်ပင် စိတ်လှုပ်ရှားနေပုံပင်။
တစ်ယောက်ချင်းစီက ဝမ်ပင်းကို ကြည့်နေသော မျက်လုံးများတွင် လေးစားကြည်ညိုမှုများ အပြည့်ရှိနေတော့သည်။
ဤမြင်ကွင်းကို မြင်သော် ဝမ်ပင်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
သူ၏ရင်ထဲတွင်မူ လူတစ်သိန်းဆိုတဲ့ ပန်းတိုင်ကိုလည်း နီးကပ်သွားစေသလို တစ်ဖက်ကလည်း မေတ္တာနဲ့ မျှော်လင့်ချက်တွေကို ဖြန့်ဝေပေးနိုင်ခဲ့ပြီဟု တွေးနေမိသည်။
ထိုနေ့ညနေတွင် ဝမ်ပင်းသည် ယွန်းလန်တောင်ခြေသို့ ဆင်းလာခဲ့ပြီး ကြေညာချက်များ ကပ်ရန် နေရာရှာဖွေရင်း လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။
ဝမ်ပင်းက ပထမဆုံး ကြေညာချက်ကို တည်းခိုခန်း နံရံတစ်ခုတွင် စတင်ကပ်လိုက်သည့်အခါ ဧည့်သည်ကြိုဆိုရန် ထွက်လာသော စားပွဲထိုးက "ဟေ့ကောင်... ဘာလုပ်နေတာလဲ။ ဒီနေရာက မင်း ပေါက်ကရတွေ လာကပ်ရမယ့်နေရာလား။ သေချင်လို့လား" ဟု ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။
ဝမ်ပင်းက ခေါင်းလှည့်၍ အေးစက်စက် တစ်ချက် စိုက်ကြည့်လိုက်သည်။
စားပွဲထိုးမှာ သာမန်လူတစ်ယောက်မျှသာ ဖြစ်သဖြင့် ဤကဲ့သို့ အစိုက်ခံရသောအခါ ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားပြီး တံခါးကို အမှီပြု၍ ကိုယ့်ကိုကိုယ် ထိန်းလိုက်ရသည်။
"မင်း... မင်းက..."
သူ ထပ်မံပြောရန် ကြိုးစားသော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင်ပင် တစ်နေတော့သည်။
တည်းခိုခန်းအတွင်း လမ်းလျှောက်နေသော ဆိုင်ရှင်မှာ အခြေအနေကို မြင်သော် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ရာ အပြင်တွင် မည်သူရှိနေသည်ကို မြင်သည်နှင့် ထိတ်လန့်တကြား ဖြစ်သွားတော့သည်။
သူသည် ပြာပြာသလဲဖြင့် ဘောင်းဘီပင် မနည်းဆွဲတင်ကာ အပြေးအလွှား ထွက်လာခဲ့သည်။
တည်းခိုခန်းပိုင်ရှင်မှာ ဝဖြိုးသော လူလတ်ပိုင်းတစ်ဦးဖြစ်ပြီး လမ်းလျှောက်ရန် ခက်ခဲနေသော်လည်း ဝမ်ပင်း၏ ရှေ့မှောက်သို့ ခဏချင်းပင် ရောက်ရှိလာသည်။
အကြောင်းမှာ ဝမ်ပင်းသည် မသေမျိုးဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်နေပြီး သူ၏ နားမလည်သော လက်အောက်ငယ်သားက ရဲရဲတင်းတင်း ဆဲဆိုရဲသောကြောင့်ပင်။
မသေမျိုးဂိုဏ်းမှာ ကျဆင်းနေသည်ဆိုစေဦးတော့ ဝမ်ပင်းမှာ သူကဲ့သို့လူမျိုး ပြစ်မှားနိုင်သူ မဟုတ်ပေ။
ထို့ပြင် လွန်ခဲ့သော ရက်အနည်းငယ်က မိသားစုမျိုးနွယ်စု ခေါင်းဆောင်များ အရှက်တကွဲ ဆုတ်ခွာသွားရပုံနှင့် ထိုသူများ ဖြန့်ဝေခဲ့သော သတင်းများကို ကြားသိရပြီးနောက် ဒေသခံများမှာ မသေမျိုးဂိုဏ်းသည် အမှန်တကယ်ပင် ပြန်လည်နိုးထလာပြီဟု အတည်ပြုထားကြသည်။ ထိုသို့သော အချိန်တွင် ဝမ်ပင်းမှာ ပို၍ပင် မထိရဲ မတို့ရဲစရာ ပုဂ္ဂိုလ်ဖြစ်နေတော့သည်။
"ဂိုဏ်းချုပ်ဝမ်... လာရောက်တာ ဂုဏ်ယူမိပါတယ်ခင်ဗျာ။ စောစောစီးစီး မကြိုဆိုနိုင်တာ ခွင့်လွှတ်ပေးပါ။ ဒီကောင်က လူမိုက်ဆိုတော့ ဂိုဏ်းချုပ်မှန်း မသိလို့ပါ။ သူ့အပေါ် စိတ်မရှိပါနဲ့လို့ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်။ ကြွပါခင်ဗျာ... ကြိုက်တာအမိန့်ရှိပါ။ ကျွန်တော့်ဘက်က တည်ခင်းပါရစေ"
ဝဖြိုးသော ဆိုင်ရှင်က ဝမ်ပင်းဘေးတွင် ပြုံးဖြီးဖြီးဖြင့် ရပ်လျက် အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။
ဝမ်ပင်းက "စားဖို့မလိုပါဘူး။ ခင်ဗျားရဲ့ နံရံကို ခဏလောက် ငှားချင်လို့ပါ" ဟု ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ်... စိတ်ကြိုက်သာ သုံးပါခင်ဗျာ..."
ထိုသို့ပြောပြီးနောက် ဝဖြိုးသော ဆိုင်ရှင်က သူ၏နောက်မှ စားပွဲထိုးကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
သူ၏မျက်လုံးများမှ ဒေါသလျှံထွက်တော့မည့်အလား ဖြစ်နေပြီး သူ၏ရင်ထဲတွင်မူ “ဒီကောင်ကို အလုပ်ထုတ်ပစ်မှ ဖြစ်မယ်။ မဟုတ်လို့ ဝမ်ပင်းက စိတ်နာသွားရင် ငါပါ ဒုက္ခရောက်
ကုန်မယ်”ဟု ဆုံးဖြတ်လိုက်သည်။
ထိုအကြည့်အောက်တွင် စားပွဲထိုးမှာလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး ဘုန်းခနဲ ဒူးထောက်ချလိုက်တော့သည်။
"ဂိုဏ်းချုပ်ဝမ်... ကျွန်တော် မျက်လုံးမပါလို့ပါ။ ကျွန်တော့်ကို စိတ်မရှိပါနဲ့။ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ"
သူ၏ ပြောဆိုသံများက ပတ်ဝန်းကျင်ရှိ လူများ၏ အာရုံကို ဆွဲဆောင်သွားသော်လည်း ဝမ်ပင်းမှန်း သိလိုက်ကြသည့်အခါ အားလုံးက မျက်နှာလွှဲသွားကြသည်။
အကြောင်းမှာ သူတို့သည်လည်း မသေမျိုးဂိုဏ်းကို မပြစ်မှားရဲကြသောကြောင့်ပင်။
အမှတ်မထင် လှမ်းကြည့်မိလိုက်လို့ အရိုက်ခံရရင် မိအေးနှစ်ခါနာဖြစ်နေဦးမယ်။
အခန်း။ ၁၀၄
ဝမ်ပင်းသည် ကြေညာချက်၏ ထောင့်စွန်းများကို သေချာစွာ ဖိကပ်လိုက်သည်။ အခြေအနေမှာ ဤမျှအထိ ဖြစ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားသဖြင့် ရင်ထဲတွင် အနည်းငယ် အားမလိုအားမရ ဖြစ်သွားမိသည်။
သူသည် ကြေညာချက် လာကပ်ရုံမျှသာ ရည်ရွယ်ခဲ့ခြင်းပင်။
"ထတော့... တကယ်ပဲ တောင်းပန်ချင်တယ်ဆိုရင် ဒီကြေညာချက်တွေကို တခြားလမ်းတွေမှာပါ လိုက်ကပ်ပေးစမ်း။ လူအများ မြင်သာမယ့်နေရာမျိုးမှာ သေချာကပ်ပေးရမယ်"
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ဝမ် ခွင့်လွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အခုချက်ချင်း သွားလိုက်ပါ့မယ်"
ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ပြင်လုံး ဖြူဖတ်ဖြူရော် ဖြစ်နေသော အစေခံလေးသည် အလျင်အမြန်ပင် ထရပ်လိုက်သည်။
ထို့နောက် ဝမ်ပင်း၏လက်ထဲမှ ကြေညာချက်များကို ယူကာ အပြေးအလွှား ထွက်သွားတော့သည်။
ဝမ်ပင်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်၍လား သို့မဟုတ် ထိုနေရာတွင် ဆက်မနေရဲတော့၍လား မသိနိုင်ပေ။
ဝဖြိုးသော ဆိုင်ရှင်သည် အစေခံလေး၏ ကျောပြင်ကို ကြည့်ကာ ဘာမှမပြောတော့ပေ။
ဤကိစ္စကြောင့် သူ ဒုက္ခမရောက်လျှင်ပင် တော်လှပြီဖြစ်သည်။ သို့သော် ဝမ်ပင်းကို စကားအချိုသတ်ရန် ကြိုးစားလိုက်စဉ်မှာပင် နံရံပေါ်ရှိ ကြေညာချက်ကို သူ၏မျက်လုံးများက အမှတ်မထင် မြင်သွားခဲ့သည်။
မသိလျှင် ဘာမှမဖြစ်သော်လည်း သိလိုက်ရသည့်အခါမှာမူ သူ အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
သိုင်းပညာနှီးနှောဖလှယ်ပွဲ…..
ဤစကားလုံး လေးလုံးကို မြင်လိုက်သည်နှင့် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က သုံးရက်တာ အချိန်ကာလကို သူ ချက်ချင်းပင် ပြန်လည်အမှတ်ရမိသွားသည်။
ထိုစဉ်က သူသည် အသက်နှစ်ဆယ်အရွယ် လူငယ်လေးတစ်ဦးဖြစ်ပြီး ကျင့်ကြံခြင်းကို အိပ်မက်မက်ခဲ့သော်လည်း ဆရာသမားမရှိသလို ဂိုဏ်းတစ်ခုခုသို့ ဝင်ရောက်ရန်လည်း အရည်အချင်း မပြည့်မီခဲ့ပေ။
ထိုသိုင်းပညာနှီးနှောဖလှယ်ပွဲသည် သူ၏အိပ်မက်အတွက် ဖြတ်လမ်းတစ်ခုသဖွယ် ပေါ်လာသဖြင့် သူ အလွန်ပင် စိတ်လှုပ်ရှားခဲ့ရသည်။
သို့သော်လည်း လူအုပ်ကြီးလွန်းလှသဖြင့် ခန္ဓာကိုယ်လေ့ကျင့်ခြင်း ဒုတိယအဆင့်၊ တတိယအဆင့်ရှိသော ကျင့်ကြံသူများကို သူ မယှဉ်နိုင်ခဲ့ပေ။
အဆုံး၌ သူသည် မသေမျိုးဂိုဏ်း၏ စီနီယာများထံမှ လမ်းညွှန်မှုကို မရရှိခဲ့ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းခွင့် ဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူ၏ တည်းခိုခန်းကိုသာ ဆက်ခံခဲ့ရခြင်းပင်။
ယခုအခါ သိုင်းပညာနှီးနှောဖလှယ်ပွဲဟူသော စကားလုံးကို ထပ်မံမြင်တွေ့လိုက်ရသည့်အခါ သူ၏ရင်ခုန်သံများ မြန်လာပြီး ဝမ်ပင်းကို အံ့အားသင့်စွာ စိုက်ကြည့်လျက် မေးလိုက်မိသည်။
"ဂိုဏ်းချုပ်ဝမ်... တကယ်ပဲ သိုင်းပညာနှီးနှောဖလှယ်ပွဲကို ပြန်ကျင်းပမှာလား"
"ဒါပေါ့"
ဝဖြိုးသော ဆိုင်ရှင်၏ နှုတ်ခမ်းထောင့်တွင် ဝမ်းသာအားရသည့် အပြုံးရိပ်တစ်ခု ပေါ်လာသည်။ ထို့နောက် ကြေညာချက်ထဲရှိ စာသားများကို တစ်လုံးချင်း ဖတ်ပါတော့သည်။
"ငါးရက်ကြာပြီးနောက် ယွန်းလန်တောင်ခြေတွင် ကျင်းပမည် ဖြစ်သည်။ ကျင့်ကြံလိုစိတ်ရှိသူ မည်သူမဆို လာရောက်နိုင်သည်..."
"ငါးရက်အကြာမှာလား"
ကြေညာချက်ကို ဖတ်ပြီးနောက် သူ၏ အတွေးကမ္ဘာထဲတွင် ခဏမျှ နစ်မျောသွားပြီးမှ ဆိုင်ရှင်သည် အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်သည်။
ထို့နောက် ဝမ်ပင်းကို ကြည့်ကာ "ဂိုဏ်းချုပ်ဝမ်... ခင်ဗျားက တကယ်ပဲ လူကောင်းတစ်ယောက်ပဲ" ဟု ပြောလိုက်သည်။
"လူကောင်းတစ်ယောက် ဟုတ်လား"
ဝမ်ပင်းက ကိုယ့်ကြိကိုယ် လှောင်ပြုံး ပြုံးလိုက်မိသည်။ သူသည် လူကောင်းတစ်ယောက် ဟုတ်မဟုတ်ဆိုသည်မှာ သူကိုယ်တိုင်ပင် မသိနိုင်ပေ။
ဝဖြိုးသော ဆိုင်ရှင်က ဆက်ပြောသည်။
"ဂိုဏ်းချုပ်ဝမ်က သိုင်းပညာနှီးနှောဖလှယ်ပွဲကို ပြန်ကျင်းပပေးတာက တကယ်ပဲ လူကောင်းလုပ်ရပ်ပါပဲ။ အရင်က ခင်ဗျားရဲ့ အဖေလုပ်ခဲ့သလိုပဲ။ ဒါက ဆန်းဝူမြို့က လူတွေအတွက် လုပ်ပေးတာပဲလေ။ မသေမျိုးဂိုဏ်းကလွဲလို့ တခြားဘယ်ဂိုဏ်းကမှ ဒီလိုမျိုး လုပ်ပေးခဲ့တာ မရှိဘူး"
ဝမ်ပင်းက ပြန်လည် တုံ့ပြန်လိုက်သည်။
"နားလည်ပါပြီ၊ ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်ပြီဆိုရင် လူတိုင်းက အချိန်မလောက်ဘူးလို့ ခံစားကြရတာပဲ။ အခြားသူတွေအတွက် အချိန်ဖြုန်းပေးဖို့ဆိုတာ အရမ်းရှားပါတယ်။ ဒါနဲ့... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ မမေးရသေးဘူး"
ဆိုင်ရှင်မှာ ဝမ်ပင်းက သူ၏အမည်ကို မေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ပြာပြာသလဲ ပြန်ဖြေသည်။
"ကျွန်တော့်မျိုးရိုးက လုံပါ၊ နာမည်ကယီပါ။ ဂိုဏ်းချုပ်ဝမ်က ကျွန်တော့်ကို ဝတုတ်လုံလို့ပဲ ခေါ်နိုင်ပါတယ်"
ဝမ်ပင်းက ခေါင်းညိတ်လျက် "လုံယီ... ဟုတ်ပြီ ငါ မှတ်ထားလိုက်မယ်။ ဒါနဲ့ သိုင်းပညာနှီးနှောဖလှယ်ပွဲအကြောင်းကိုလည်း လူများများသိအောင် ကူပြီး ပြောပေးပါဦး။ လူသိများလေ ပိုကောင်းလေပဲ"
"ဒါပေါ့ ဒါပေါ့"
ဝမ်ပင်းက သူ့ကို တာဝန်တစ်ခု ပေးအပ်လိုက်ခြင်းဖြစ်သလို သိုင်းပညာနှီးနှောဖလှယ်ပွဲအတွက်လည်း ဖြစ်သဖြင့် လုံယီသည် အလွန်ပင် တက်ကြွစွာဖြင့် ခေါင်းကို အဆက်မပြတ် ညိတ်လိုက်တော့သည်။
ခေတ္တအကြာတွင် သူက ထပ်မံ ပြောကြားသည်။
"ဂိုဏ်းချုပ်ဝမ် စိတ်ချပါ၊ ကျွန်တော့်ညီက အနီးအနားက သိုင်းသင်တန်းကျောင်းတစ်ခုရဲ့ ကျောင်းအုပ်ပါ။ သူသာ သိုင်းသင်တန်းကျောင်း မဟာမိတ်အဖွဲ့ကို စကားတစ်ခွန်းလောက် ပါးလိုက်ရင် ဒီတစ်ဝိုက်က တပည့်တွေအားလုံး သေချာပေါက် လာကြပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သိုင်းပညာနှီးနှောဖလှယ်ပွဲဆိုတာ ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲလေ။ ဘယ်သူကမှ မလာဘဲ မနေပါဘူး"
ဝမ်ပင်းက "အင်း... ဒါဆိုရင် ဒီကိစ္စကို ခင်ဗျားကိုပဲ လွှဲထားလိုက်မယ်" ဟု ပြန်ဖြေလိုက်တော့သည်။
လုံယီက ရိုသေစွာဖြင့် ခေါင်းညိတ်ဝန်ခံလိုက်သည်။
သို့သော် သူ၏ စိတ်ကူးများမှာမူ ဝေဟင်သို့ ပျံသန်းရောက်ရှိနေပြီ ဖြစ်ကောင်းဖြစ်နိုင်သလို သူ၏ညီဖြစ်သူပိုင်ဆိုင်သော သိုင်းသင်တန်းကျောင်းရှေ့တွင် ရပ်နေခြင်း သို့မဟုတ် လမ်းတစ်လျှောက် အော်ဟစ်အသိပေးနေခြင်းမျိုးလည်း ဖြစ်နိုင်သည်။
ခဏမျှ ကြောင်တောင်တောင် ရပ်နေပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ ဆန်းဝူမြို့က ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူတွေဆီကနေ လမ်းညွှန်မှု ပြန်လည်ရရှိဖို့ ကံကောင်းလာခဲ့ပြီပဲ"
လုံယီတစ်ယောက် ကိုယ့်ကိုကိုယ် မေ့လျော့သည်အထိ အတိုင်းမသိ ဝမ်းသာနေသည်ကို မြင်
ရသဖြင့် ဝမ်ပင်းလည်း ရင်ထဲ၌ ကျေနပ်မိသွားသည်။
သိုင်းပညာနှီးနှောဖလှယ်ပွဲ နည်းလမ်းမှာ ဤမျှအထိ အောင်မြင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အကယ်၍ ဤသတင်းသာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားပါက ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကို အသုံးချ၍ လူသိအောင်လုပ်ရန်ပင် လိုအပ်တော့မည် မဟုတ်ချေ။
ယင်းသို့ဖြစ်လာရန်မှာ သူ့တွင် လူအင်အား လုံလောက်ရန်လည်း လိုအပ်သည်။
ယခုအခါ မသေမျိုးဂိုဏ်းတွင် သိုင်းပညာနှီးနှောဖလှယ်ပွဲ၌ လမ်းညွှန်စကား ပြောကြားနိုင်သူမှာ သူနှင့် ယွမ်လျောင် နှစ်ဦးတည်းသာ ရှိသေးသည်။ အကယ်၍ သတင်းများသာ အလွန်အမင်း ပျံ့နှံ့သွားပါက သူတို့နှစ်ဦးတည်းဖြင့် ကိုင်တွယ်နိုင်ရန်မှာ မလွယ်ကူလှပေ။
လုံယီကို နှုတ်ဆက်ပြီးနောက် ဝမ်ပင်းသည် သူလာခဲ့သော လမ်းအတိုင်းပင် ပြန်လည်ခြေဦးလှည့်ခဲ့သည်။
သို့သော် ဝမ်ပင်း မသိခဲ့သည်မှာ သူ ထွက်ခွာသွားသည်နှင့် ပတ်ဝန်းကျင်ရှိ လူအများမှာ ဝဖြိုးသော ဆိုင်ရှင်၏ စကားများကြောင့် တစ်စတစ်စ ဆွဲဆောင်ခြင်းခံလိုက်ရပြီး ရွေ့လျားနေသော ပုရွက်ဆိတ်အုပ်ကြီးကဲ့သို့ပင် အလုံးအရင်းနှင့် စုရုံးလာကြခြင်းပင်။
ကြေညာချက်ကို ကြည့်ရင်း သူတို့သည် အံ့အားသင့်ဝမ်းသာဖြစ်ကာ အချို့မှာမူ ဝမ်းသာလွန်း၍ ခုန်ပေါက်နေကြတော့သည်။
"မသေမျိုးဂိုဏ်းက တကယ်ပဲ သိုင်းပညာနှီးနှောဖလှယ်ပွဲကို ပြန်ဖွင့်လိုက်ပြီဟေ့"
"ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးတဲ့နောက်မှာ သိုင်းပညာနှီးနှောဖလှယ်ပွဲ ပြန်ပေါ်လာပြီပေါ့"
"ငါ့သားကို အမြန်သွားပြောရမယ်။ ဒါက တစ်သက်မှာ တစ်ခါပဲ ကြုံရမယ့် အခွင့်အရေးပဲ။ သိုင်းသင်တန်းကျောင်းမှာ နှစ်ပေါင်းများစွာ လေ့ကျင့်နေတာက ဂိုဏ်းကျင့်ကြံသူတစ်ယောက်ရဲ့ တစ်ခွန်းတည်းသော လမ်းညွှန်မှုလောက် မထိရောက်ဘူး"
"ငါလည်း ငါ့သားကို သွားပြောဦးမယ်"
...
ခေတ္တမျှအတွင်းမှာပင် တစ်ခုသော ချင်းရွှေလမ်းမကြီးတစ်ခုလုံးမှာ ပျော်ရွှင်မှု အတိုင်းအဆမဲ့သည့် ပွဲတော်တစ်ခုသဖွယ် ဖြစ်သွားတော့သည်။
ဝမ်ပင်းသည် ယွန်းလန်တောင်ခြေသို့ ပြန်လည်ရောက်ရှိချိန်၌ သူ၏မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာသော ကိန်းဂဏန်းများကြောင့် ဝမ်းသာသွားမိသည် ၁၅၅၂ / ၁၀၀၀၀၀။ ကြေညာချက်ကို ကပ်ပြီးသည်မှာ မကြာသေးသော်လည်း ခဏအတွင်းမှာပင် လူပေါင်း ၅၀၀ ကျော် တိုးလာခဲ့ပြီဖြစ်သည်။
"ဒီသိုင်းပညာနှီးနှောဖလှယ်ပွဲ လုပ်တာက မှန်ကန်တဲ့ ခြေလှမ်းပဲ"
...
ဝမ်ပင်း တောင်ပေါ်သို့ တက်သွားချိန်တွင် တောင်အောက်ရှိ လမ်းကြားတစ်ခုထဲမှ လူသုံးဦး ထွက်လာကြသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ အပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော ဟန်ကျိယု ဖြစ်သည်။ သူ၏ဘေးတွင်မူ လေးထောင့်ကျကျ မျက်နှာပေါက်ရှိပြီး ရုပ်ကြမ်းသော လူလတ်ပိုင်း အမျိုးသားနှစ်ဦး ရှိနေသည်။
သူတို့၏ အမူအရာများမှာ အလွန်ပင် တည်တင်းနေပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။
ဟန်ကျိယုက နံရံကို မှီရပ်လျက် ချင်းရွှေလမ်းမကြီးကို အကဲခတ်ကြည့်ရင်း အေးစက်စက် ပြောလိုက်သည်။
"ဒီဆန်းဝူမြို့က ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့မှာ သတ္တိလေး ဘာလေး ရှိလိမ့်မယ်လို့ ငါ ထင်ထားတာ။ ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်တာပဲ။ သုံးရက်တောင် ကုန်သွားပြီ။ အခုထိ ဘာမှ မလှုပ်ရှားကြသေးဘူး။ အစကတော့ သူတို့လက်ကို သုံးပြီး မသေမျိုးဂိုဏ်းရဲ့ အောက်ခြေအခြေအနေတွေကို ဖော်ထုတ်ခိုင်းမလို့ပဲ။ ဒါပေမဲ့ ဒီကောင်တွေက ဒီလောက်အထိ သူရဲဘောကြောင်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး"
သူ၏ဘေးမှ လူလတ်ပိုင်း အမျိုးသားတစ်ဦးက မကျေမနပ်ဖြင့် တံထွေးတစ်ချက် ထွေးလိုက်ကာ "စတုတ္ထဦးလေး... သူတို့က အဲဒီ မိုယွီဆိုတဲ့ကောင် သေမယ့်အချိန်ကို စောင့်နေကြတာ ဖြစ်မှာပါ။ သူတို့လက်ကို သုံးမယ့် အစီအစဉ်ကတော့ သေချာပေါက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ အခု ငါတို့ ဘာလုပ်ကြမလဲ ဒီမှာပဲ ဒီအတိုင်း ငုတ်တုတ်ထိုင်စောင့်နေရမှာလား" ဟု မေးလိုက်သည်။
ဟန်ကျိယုက ခေါင်းခါပြလိုက်ပြီး "သခင်လေးက ရွှေလွန်းပျံသစ်ရွက်ကို ရရှိထားပြီဆိုတော့ ငါတို့မှာ အချိန်သိပ်မရှိတော့ဘူး။ ဒီနေ့ပဲ တောင်ပေါ်ကို တိုက်ရိုက် တက်ကြတာပေါ့" ဟု ပြောလိုက်သည်။
"တောင်ပေါ်တက်မယ်" ဟူသော စကားကို ကြားသောအခါ ထိုသူနှစ်ဦးက အလျင်အမြန်ပင် ပြောဆိုကြသည်။
"ဒါပေမဲ့ သခင်လေးက မသေမျိုးဂိုဏ်းရဲ့ အခြေအနေကို စုံစမ်းဖို့ပဲ ခိုင်းထားတာပါ။ တိုက်ခိုက်ဖို့ မညွှန်ကြားထားပါဘူး။ ပြီးတော့ လီခုန်းရှန်း မသေခင်က ပြောခဲ့တာ... အဲဒီဂိုဏ်းချုပ်ရဲ့ ခွန်အားက အရမ်းကြီးမားတယ်။ သူက တစ်ကွက်တည်းနဲ့တောင် မခံနိုင်ဘူးတဲ့ ပြီးတော့ သူ့နောက်ကွယ်မှာ..."
သူတို့စကား မဆုံးသေးခင်မှာပင် ဟန်ကျိယုက ဖြတ်ပြောလိုက်ပြီး သူတို့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်သည်။
"သူ့နောက်ကွယ်မှာ နက်နဲသောအဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေရင်တောင် ငါ မကြောက်ပါဘူး။ ဒီဘက်ခေတ်မှာ ဘယ်သူက နက်နဲသောအဆင့် မဟုတ်လို့လဲ"
"စတုတ္ထဦးလေး... ဦးလေး အဆင့်တက်သွားပြီလား"
"စတုတ္ထဦးလေး... ဒါက..."
ထိုသူနှစ်ဦးမှာ ဝမ်းသာအားရဖြင့် ရေရွတ်လိုက်ကြသည်။
ဟန်ကျိယုက ခပ်လှောင်လှောင် တစ်ချက် ပြုံးလိုက်ပြီး သူ၏ အကြည့်များမှာ ဓားကျောက်စာတိုင်ဆီသို့ ကျရောက်သွားသည်။
"မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်မှာ နက်နဲသောအဆင့် ပုဂ္ဂိုလ်တစ်ယောက် ရှိနေတာသာ အတည်ပြုနိုင်ရင် ပိုပြီးတော့တောင် ပြည့်စုံသွားဦးမယ်။ သခင်လေးအနေနဲ့ သစ်သားစီးဆင်းသဲကို လုယူဖို့ တခြားလူတွေကို ခေါ်လာစရာ မလိုတော့ဘူး။ ငါတို့ကပဲ အဲဒါကို တိုက်ရိုက် ယူသွားနိုင်ရင် သခင်လေး သေချာပေါက် သဘောကျလိမ့်မယ်"
"အကယ်၍ မရှိဘူးဆိုရင်ကော"
"မရှိရင်တော့... ငါ ကိုယ်တိုင် လုပ်စရာတောင် မလိုဘူး။ မင်းတို့နှစ်ယောက်ပဲ သတ်ပစ်လိုက်တော့။ အစွန်းရောက်တောင်က လူကို သတ်ရဲမှတော့ သူတို့ရဲ့ သွေးနဲ့ ပြန်
ပေးဆပ်ရမယ်"
ဟန်ကျိယုသည် ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် အဆင့်ဆင့်ရှိသော ကျောက်လှေကားထစ်များကို ညွှန်ပြကာ "မင်းတို့နှစ်ယောက် အပေါ်ကို တိုက်ရိုက် တက်သွားကြ။ တွေ့တဲ့လူမှန်သမျှကို အကုန်သတ်။ အဲဒီနောက်ကွယ်ကလူ ထွက်လာတဲ့အထိ သတ်ပစ်လိုက်ကြ" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့"
"ဟုတ်ကဲ့"
ထိုသူနှစ်ဦးက တစ်ပြိုင်တည်း ပြန်ဖြေလိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးများ ပေါ်လာတော့သည်။
သူတို့သည် သွေးနီရောင် လျှာများဖြင့် ခြောက်ကပ်နေသော နှုတ်ခမ်းများကို လျက်လိုက်ကြပြီးနောက် "တစ်လလောက် ဘယ်သူ့ကိုမှ မသတ်ရတာ တကယ်ပဲ မွန်းကျပ်နေပြီ" ဟု တစ်ပြိုင်တည်း ပြောဆိုလိုက်ကြတော့သည်။