← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း။ ၁၀၅

ထိုစဉ် ဟန်ကျိယုသည် သူ၏ရင်ဘတ်ထဲမှ အရာတစ်ခုကို ထုတ်ယူလိုက်ရာ လက်မအရွယ်ခန့်ရှိသော အနီရောင်ကျောက်တုံးနှစ်တုံး ဖြစ်နေသည်။

ထိုကျောက်တုံးများသည် ကျောက်စိမ်းကဲ့သို့ ကြည်လင်နေသော်လည်း လှပခြင်းတော့မရှိပေ။ အကြောင်းမှာ ကျောက်တုံးပေါ်တွင် သိပ်သည်းစွာ ရစ်ပတ်နေသော ကိန်းဂဏန်းပုံစံ အစင်းကြောင်းများမှာ ပုရွက်ဆိတ် ထောင်သောင်းချီ၍ တွားသွားနေသည့်အလား ကြည့်ရသည်မှာ ရွံရှာဖွယ်ကောင်းလှသောကြောင့်ပင်။

ဟန်ကျိယုက တစ်တုံးကို ယူ၍ ကမ်းပေးလိုက်ပြီး "ဒါတွေက အာရုံခံကျောက်တုံးတွေပဲ။ တစ်ခုခုဖြစ်ရင် တစ်တုံးကို ခွဲလိုက် ငါ ချက်ချင်း ရောက်လာခဲ့မယ်" ဟု မှာကြားလိုက်သည်။

တစ်ဦးက ထိုလက်မအရွယ် အာရုံခံကျောက်တုံးကို ဟန်ကျိယုလက်ထဲမှ ယူကာ ရင်ဘတ်ထဲသို့ ထည့်လိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် လှည့်ထွက်သွားတော့သည်။

ကျန်တစ်ဦးဖြစ်သူ လီကျန်းကမူ "စတုတ္ထဦးလေး စိတ်ချပါ။ ကျွန်တော် လီကျန်းကတော့ သူတို့ကို ကြက်တွေ ဝက်တွေလိုပဲ သွေးချောင်းစီးအောင် သတ်ဖြတ်ပြီး မသေမျိုးဂိုဏ်းရဲ့ နောက်ကွယ်ကလူ ထွက်လာအောင် အစွမ်းကုန် ရက်စက်ပြပါ့မယ်" ဟု တုံ့ပြန်လိုက်သည်။

ထိုသို့ပြောပြီးနောက် လီကျန်းသည် သူ၏ညီဖြစ်သူ လီဟဲနှင့်အတူ လမ်းကြားထဲမှ ထွက်လာကာ ဓားကျောက်စာတိုင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး ကျောက်လှေကား၏ ပထမဆုံးအထစ်ကို စတင်နင်းလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် တင်းယွီဆောင်၌ ထိုင်နေသော ဝမ်ပင်း၏ နားထဲသို့ မိစ္ဆာဝိညာဉ်ဓား၏ အသံ တိုးဝင်လာသည်။

နားမလည်နိုင်သော စကားသံများထဲတွင် ခံစားချက်အချို့ ပါဝင်နေသည်။

တောင့်တမှု၊ ဆာလောင်မှုနှင့် စိတ်လှုပ်ရှားမှု အနည်းငယ်ပင်။

စနစ်က ချက်ချင်းပင် ဘာသာပြန်ပေးလိုက်သည်။

"သခင်... ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူနှစ်ယောက် တောင်ပေါ်ကို တက်လာနေပါပြီ။ သူတို့က ရန်လိုတဲ့ စိတ်ဓာတ်တွေနဲ့ လာနေကြတာပါ။ သူတို့ရဲ့ ယုတ်မာတဲ့ ဝိညာဉ်တွေကို မြင်ရတာ ကျွန်တော့်ကို သွားရည်ကျစေပါတယ်"

"နောက်ထပ်လူတွေ ရောက်လာပြန်ပြီပေါ့"

ဝမ်ပင်းသည် သူ၏ ခွက်ထဲမှ လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး လက်ဖက်ရည်ခွက်ကို စားပွဲဝိုင်း၏ အလယ်တွင် ပြန်ချထားလိုက်သည်။

ထို့နောက် သူသည် မတ်တတ်ရပ်ကာ ရှေ့တွင်ရှိသော သိုင်းပညာနှီးနှောဖလှယ်ပွဲ အစီအစဉ်မြေပုံပေါ်သို့ မှင်ကျောက်တုံးဖြင့် ဖိထားလိုက်သည်။

သူသည် မူလက လက်ဖက်ရည်သောက်ရင်း အစီအစဉ်၏ အားနည်းချက်များကို ရှာဖွေရန် ရည်ရွယ်ထားသော်လည်း ယခုမူ ထိုအစီအစဉ်ကို ခေတ္တရပ်နားထားရတော့မည် ဖြစ်သည်။

ထို့နောက် သူက စနစ်ကို ပြောလိုက်သည်။

"သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ငါ သိချင်တယ်"

ချက်ချင်းဆိုသလိုပင် သတင်းအချက်အလက်ပြကွက် ပေါ်လာတော့သည်။

ဝမ်ပင်းသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် စိတ်ဝင်စားသွားမိသည်။

အစွန်းရောက်တောင်မှ ရောက်လာသော ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိ ကျင့်ကြံသူနှစ်ဦးမှာ အလွန်ပင် ယုတ်မာရက်စက်သူများ ဖြစ်ကြသည်။

ထို့ကြောင့်ပင် မိစ္ဆာဝိညာဉ်ဓားမှာ ယခင်ကမရှိခဲ့ဖူးသော ဆာလောင်မွတ်သိပ်သည့် ခံစားချက်မျိုး ဖြစ်ပေါ်နေခြင်းပင်။

ရောက်လာသူများမှာ သေချာပေါက် မကောင်းသော ရည်ရွယ်ချက်များဖြင့် လာကြခြင်းပင်။ ဝမ်ပင်းသည် အစပိုင်းတွင် မိစ္ဆာဝိညာဉ်ဓားကို ထိုဝိညာဉ်များကို တိုက်ရိုက် ဝါးမြိုခိုင်းရန် စဉ်းစားခဲ့သော်လည်း ရုတ်တရက် အကြံတစ်ခု ရလာပြန်သည်။

"သူတို့ ရောက်နေမှတော့ မလောပါနဲ့ဦး။ အရင်ဆုံး လှေကားထစ်တွေကို တက်ခိုင်းလိုက်ပါဦး"

ထိုသို့ဆိုကာ ဝမ်ပင်းသည် ပြန်လည်ထိုင်လိုက်ပြီး မှင်ကျောက်တုံးကို ဖယ်ကာ အစီအစဉ်မြေပုံပေါ်တွင် ပြုံးလျက် ဆက်ရေးဆွဲနေတော့သည်။

ထိုစဉ် တောင်ပေါ်သို့ တက်လာသော လူနှစ်ဦးမှာ ဟန်ကျိယု၏ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

လီကျန်းသည် လက်မောင်းတစ်ဝက်ခန့် ရှည်သော ဓားတိုနှစ်လက်ကို ကိုင်ဆောင်ထားသည်။ ညီဖြစ်သူ လီဟဲမှာမူ ကျောပေါ်မှ သံတုတ်အချို့ကို ထုတ်ယူကာ လျင်မြန်စွာ ဆက်လိုက်ပြီး လှံရှည်တစ်စင်းအဖြစ် ဖန်တီးလိုက်သည်။

သူတို့ လျှောက်လှမ်းလိုက်တိုင်း လှံရှည်နှင့် မြေပြင်ထိတွေ့မှုကြောင့် မီးပွားများ ထွက်ပေါ်နေသလို သတ္တုချင်း ပွတ်တိုက်သံမှာလည်း နားမခံသာအောင် ထွက်ပေါ်နေတော့သည်။

အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ လှေကားထစ်များမှာ သူတို့၏နောက်တွင် ရှည်လျားစွာ ကျန်ရစ်ခဲ့ပြီး ဆန်းဝူမြို့ကြီးမှာလည်း တဖြည်းဖြည်း သေးငယ်သွားတော့သည်။ အစက လက်မအရွယ်ခန့် ရှိသော အရာများမှာ ယခုမူ ပဲစေ့အရွယ်ခန့်သာ ရှိတော့သည်။

လီကျန်းက လက်တစ်ကမ်းအကွာတွင် ရှိနေသော တောင်ထိပ်ကို မော့ကြည့်ကာ "မြန်မြန်

တက်ကြစို့။ စတုတ္ထဦးလေးကို တောင်အောက်မှာ စိတ်မရှည်အောင် မစောင့်ခိုင်းပါနဲ့" ဟု ပြောလိုက်သည်။

လီဟဲက ခေါင်းညိတ်ပြကာ အရှိန်မြှင့်လိုက်ပြီး ခြေလှမ်းတစ်လှမ်းလျှင် လှေကားထစ် လေးငါးထစ်ခန့် ကျော်၍ တက်လာသည်။

လမ်းလျှောက်နေရင်း လီဟဲက ရုတ်တရက် မေးလိုက်သည်။

"အစ်ကို... ငါတို့ သခင်လေးအတွက် သစ်သားစီးဆင်းသဲကို ယူပေးနိုင်ရင် စတုတ္ထဦးလေးက ငါတို့ကို ဘာဆုချမယ် ထင်သလဲ"

"သေချာပေါက်တော့ နည်းမှာမဟုတ်ဘူး"

"ငါတို့က စတုတ္ထဦးလေးဆီကနေ သွေးကြောပညာရပ်တောင်းရင် သူပေးမှာလား"

လီကျန်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် "ဒါကတော့ သေချာတာပေါ့။ စတုတ္ထဦးလေးက အခု နက်နဲသောအဆင့်ကို ရောက်သွားပြီဆိုတော့ သွေးကြောပညာရပ်တွေကို စိတ်ကြိုက် လေ့လာခွင့်ရှိသွားပြီ။ ငါတို့နှစ်ယောက်က သူ့ရဲ့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းတွေဖြစ်သလို အခုလည်း အများကြီး ကူညီပေးထားတာဆိုတော့ သူက သေချာပေါက် ကွက်အချို့ သင်ပေးမှာပါ" ဟု ပြောလိုက်သည်။

"သေချာတာပေါ့ ဟားဟား"

"ကဲ... ဆုလာဘ်တွေအတွက် ငါ မစိုးရိမ်တော့ဘူး။ အခု ငါစဉ်းစားနေတာက ဘယ်သူက အရင်ရောက်ပြီး ဘယ်သူက အလုပ်ကို အပြောင်မြောက်ဆုံး လုပ်နိုင်မလဲဆိုတာပဲ။ အလုပ်

အပြောင်မြောက်ဆုံး လုပ်နိုင်တဲ့သူကို စတုတ္ထဦးလေးကဖြစ်ဖြစ် သခင်လေးကဖြစ်ဖြစ် အထူးဆု ချချင်ချမှာလေ"

ထိုသို့ပြောပြီးသည်နှင့် လီကျန်းသည် အရှိန်ကို အဟုန်မြှင့်တင်လိုက်ရာ လှံကိုင်ထားသော ညီဖြစ်သူမှာ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကျန်ရစ်ခဲ့တော့သည်။ လီကျန်းမှာ ရှေ့မှဦးအောင် ပြေးတက်သွား၏။

"ဒီကောင်... ကလိမ်ကကျစ်နဲ့ ဦးအောင်ပြေးတာပဲ"

လီဟဲသည် မကျိန်ဆဲဘဲ မနေနိုင်တော့ဘဲ နောက်မှ အပြေးလိုက်ရတော့သည်။

လေပြင်းများက သူတို့ဘေးမှ တိုးဝှေ့ဖြတ်သန်းသွားပြီး ဝတ်ရုံစများနှင့် ဆံပင်ရှည်များကို နောက်သို့ လွင့်ခါသွားစေသည်။

သူတို့ရှေ့မှ မြင်ကွင်းများမှာလည်း တရွေ့ရွေ့ ပြောင်းလဲနေပြီး အဆုံးမရှိသော သစ်ပင်တောအုပ်များမှာ နောက်တွင် လျင်မြန်စွာ ကျန်ရစ်ခဲ့သည်။

မူလကမူ သူတို့သည် လမ်းတစ်လျှောက် တွေ့သမျှလူကို သတ်ဖြတ်ကာ တက်လှမ်းရန် ကြံရွယ်ထားသော်လည်း အတော်အတန် လျှောက်လာသည်အထိ လူသူအရိပ်အယောင်မျှပင် မတွေ့ရသဖြင့် အစောပိုင်းက တက်ကြွနေသော စိတ်အရှိန်အဝါများမှာ တဖြည်းဖြည်း မှေးမှိန်လာတော့သည်။

အမှန်စင်စစ် လူသူမတွေ့ရရုံမျှဖြင့် ဤမျှအထိ စိတ်ပျက်စရာ မရှိပေ။

သို့သော်လည်း လူသူကင်းမဲ့နေသည့်အပြင် ရယ်စရာကောင်းလောက်အောင် ရှည်လျားလွန်းသော ကျောက်လှေကားထစ်များကို တက်နေရခြင်းက သူတို့၏ ဒေါသကို ပို၍ လောင်မြိုက်စေပြီး တောင်ပေါ်သို့ ရောက်သည့်အခါ လူများများပိုသတ်ချင်သည့် စိတ်ကိုသာ ပိုမိုပြင်းပြလာစေသည်။

လီဟဲက ခြေလှမ်းကို ရပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ထူထပ်သော တောအုပ်ကို တစ်ချက်ကြည့်ကာ မြေပြင်ပေါ်သို့ မကျေမနပ်ဖြင့် တံထွေးတစ်ချက် ထွေးထုတ်လိုက်ရင်း ကျိန်ဆဲလိုက်သည်။

"ဒီလှေကားထစ်တွေက ဘာလို့ ဒီလောက်တောင် ရှည်နေရတာလဲ။ ငါတို့ အစွန်းရောက်

နယ်ပယ်တောင်ရဲ့ ပင်မခန်းမဆောင်ကတောင် လှေကားထစ် သုံးရာပဲ ရှိတာ။ အခု ငါ ဒီမှာ အထစ်ပေါင်း ထောင်ချီ ပြေးတက်လာတာတောင် တောင်ထိပ်ကို မရောက်သေးဘူး"

ညည်းညူပြီးနောက် သူသည် တောင်ပေါ်သို့ ဆက်လက်ပြေးတက်ရုံမှတစ်ပါး အခြားမရှိပေ။

အမွှေးတိုင်တစ်တိုင်၏ လေးပုံတစ်ပုံခန့် အချိန်ကုန်လွန်သွားသည်။

သူတို့သည် အရှိန်အဟုန်ဖြင့် ပြေးနေဆဲပင်။

အမွှေးတိုင်တစ်တိုင် ထွန်းညှိထားသော အချိန်ကာလတစ်ခုလုံး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

သူတို့နှစ်ဦးစလုံး တောင်ထိပ်ဘက်သို့ မော့ကြည့်လိုက်ကြရာ တောင်ထိပ်မှာ လက်တစ်ကမ်းအကွာတွင် ရှိနေသယောင် ထင်ရသော်လည်း အမှန်တကယ်တွင်မူ လွန်ခဲ့သော တစ်နာရီကအတိုင်းပင် ဝေးကွာနေဆဲပင်။

ဤသည်ကို မြင်သော် လီကျန်းက ရပ်လိုက်ပြီး နဖူးမှ ချွေးများကို လက်ဖြင့် သုတ်ကာ တစ်ဦးတည်း ရေရွတ်လိုက်သည်။

"ဒါက ဘာတွေလဲ... ဘယ်လောက်အထိ ဆက်သွားနေရဦးမှာလဲ"

"အစ်ကို... ပင်ပန်းနေပြီလား"

လီဟဲမှာလည်း ချွေးများဖြင့် ရွှဲနစ်နေသော်လည်း ဂရုမစိုက်သည့်အလား သူ၏အစ်ကိုကို လှောင်ပြုံးတစ်ချက် ပြုံးပြလိုက်ပြီး နောက်သို့ပင် ပြန်မကြည့်တော့ဘဲ တောင်ပေါ်သို့ ဆက်ပြီး ပြေးတက်သွားသည်။

သူက အစောပိုင်းက ဦးအောင်ပြေးခဲ့သော လီကျန်းကို ပြန်လည် လက်စားချေလိုက်ခြင်းပင်။

ထွက်ခွာသွားသော လီဟဲကို ကြည့်ကာ ဓားတိုနှစ်လက်ကို ကိုင်ထားသော လီကျန်းက အကျယ်ကြီး ဆဲဆိုလိုက်တော့သည်။

"ဒီငတုံးက အခုထိ ပြဿနာကို သတိမထားမိသေးဘူးလား။ ယွန်းလန်တောင်က အမြင့် မီတာရာဂဏန်းပဲ ရှိတာ။ လှေကားထစ် အရှည်ဆုံးဆိုရင်တောင် နှစ်ထောင်လောက်ပဲ ရှိရမှာ။ ဒါပေမဲ့ ငါ အခု အမွှေးတိုင်တစ်တိုင်စာလောက် ပြေးနေတာ။ ဆန်းဝူမြို့ တစ်ပတ်ပတ်လို့တောင် ရနေပြီ"

သူ သံသယဝင်နေသော်လည်း ညီဖြစ်သူနောက်သို့ ဆက်လက် လိုက်ပါသွားခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားရာ တောင်အောက်တွင် စောင့်နေသော ဟန်ကျိယုမှာ စိတ်မရှည်နိုင်တော့ဘဲ သူ၏ရင်ဘတ်ထဲမှ အာရုံခံကျောက်တုံးကို ဆယ်ကြိမ်မက ထုတ်ကြည့်နေမိသည်။

အကယ်၍ ဟိုဘက်မှ အာရုံခံကျောက်တုံး ကွဲအက်သွားသည်နှင့် သူ၏ကျောက်တုံးထဲမှ လျှို့ဝှက်အစင်းကြောင်းများက လိပ်တက်လာမည်ဖြစ်ပြီး သူ တောင်ပေါ်သို့ တက်နိုင်မည်ဖြစ်သည်။

သို့သော် ကျောက်တုံးမှာ မည်သည့်ထူးခြားမှုမျှ မရှိသည်ကို မြင်ရသဖြင့် သူသည် စိတ်တိုတိုဖြင့် ရင်ဘတ်ထဲသို့ ပြန်ထည့်လိုက်သည်။

"နာရီဝက်တောင် ကြာသွားပြီ။ ဒီကောင်နှစ်ယောက် ဘာလို့ အခုထိ ဘာမှမလုပ်ကြသေးတာလဲ။ ဒါမှမဟုတ် မသေမျိုးဂိုဏ်း နောက်ကွယ်ကလူက အခုထိ ထွက်မလာသေးတာလား"

ထိုအချိန်တွင် ဟန်ကျိယုသာ စိတ်လှုပ်ရှားနေသည်မဟုတ်ဘဲ နာရီဝက်တိုင်တိုင် ကျောက်လှေကားပေါ်တွင် ရူးရူးမူးမူး ပြေးတက်နေကြသော ညီအစ်ကိုနှစ်ဦးမှာလည်း အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြပြီ ဖြစ်သည်။

ထိုသို့ စိတ်လှုပ်ရှားမှုနှင့်အတူ သူတို့၏ ရင်ထဲတွင်လည်း မကောင်းသော အငွေ့အသက်များ တပြိုင်နက်တည်း ပေါ်ပေါက်လာတော့သည်။

ထိုခံစားချက်မှာ ရင်ဘတ်ကို အပ်ဖြင့် ထိုးလိုက်သကဲ့သို့ပင်။

နာကျင်သော်လည်း ရှောင်လွှဲ၍ မရနိုင်ပေ။

လှံကိုင်ထားသော လီဟဲသည် ဆက်မပြေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကျောက်လှေကားထစ်ပေါ်တွင် ရပ်တန့်လျက် တောင်ထိပ်ဘက်သို့ ငေးကြည့်လိုက်ရာ မေးစေ့မှ ချွေးများ တစက်စက် ကျနေတော့သည်။

သူသည် လီကျန်းကို နောင်တရစွာ ကြည့်လျက် မေးလိုက်သည်။

"အစ်ကို... ငါတို့ ထောင်ချောက်ထဲ ရောက်နေပြီလား။ ဒီလှေကားထစ်တွေက ဘယ်တော့မှ ဆုံးမှာမဟုတ်သလိုပဲ"

လီကျန်းက သူ၏ငတုံးညီလေးကို မျက်စောင်းထိုးလိုက်ပြီး စိတ်ထဲမှ "မင်း အခုမှ သိတာလား" ဟု တွေးနေမိသည်။

"ငါတို့ ထောင်ချောက်ထဲ ပိတ်မိနေပြီထင်တယ်"

"ဒါဆို အခု ငါတို့ ဘာဆက်လုပ်ကြမလဲ"

"အပေါ်ကို တက်လို့မရရင် အောက်ကို ပြန်ဆင်းကြမယ်။ စတုတ္ထဦးလေးနဲ့ ပြန်တိုင်ပင်တာပေါ့"

"ကောင်းပြီ"

သူတို့နှစ်ဦးစလုံး ခေါင်းညိတ်လိုက်ကြပြီး အောက်သို့ အလျင်အမြန် ပြန်လည်ပြေးဆင်းကြတော့သည်။

အခန်း။ ၁၀၆

သို့သော်လည်း လီကျန်းသည် အမွှေးတိုင်တစ်တိုင်စာခန့် အချိန်အထိ ကျောက်လှေကားထစ်များပေါ်တွင် ပြေးလွှားနေပြီးနောက် တောင်ထိပ်ဘက်သို့ တစ်ချက်ပြန်ကြည့်လိုက်ရာ တစ်ကိုယ်လုံး ထုံကျင်သွားသလို ခံစားလိုက်ရသည်။

အကြောင်းမှာ ဤမျှကြာအောင် ပြေးလွှားခဲ့သော်လည်း သူသည် တစ်လက်မမျှပင် ရွေ့လျားခဲ့ခြင်း မရှိသလို ခံစားနေရသောကြောင့်ပင်။

တောင်ထိပ်မှာ အမြဲတမ်း လက်တစ်ကမ်းအကွာမှာသာ ရှိနေသည်။

တောင်ခြေမှာလည်း အမြဲတမ်း အလှမ်းဝေးရာမှာသာ ရှိနေမြဲဖြစ်သည်။

အခြေအနေကို နောက်ကျမှ သဘောပေါက်သွားသော လီဟဲသည် သူ၏ချွေးများကို သုတ်ရင်း လီကျန်းဘေးတွင် ရပ်လိုက်သည်။

သူ၏မျက်နှာတွင် ကြောက်ရွံ့မှုများ တစ်စတစ်စ ထင်ဟပ်လာပြီး "အစ်ကို... ငါတို့ ဘာလုပ်ကြမလဲ" ဟု မေးလိုက်သည်။

"အာရုံခံကျောက်တုံးကို ခွဲလိုက်တော့။ စတုတ္ထဦးလေးကို လာကယ်ခိုင်းရမယ်။ ဒီမသေမျိုးဂိုဏ်းက သိပ်ကို ယုတ်မာလွန်းတယ်။ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး"

သုံးနာရီကြာအောင် ပြေးနေသော်လည်း ထွက်ပေါက်မတွေ့သည့်အခါ လီကျန်းမှာ အမှန်တကယ်ပင် ကြောက်လန့်နေပြီဖြစ်သည်။

စကားဆုံးသည်နှင့် သူသည် ရင်ဘတ်ထဲမှ အာရုံခံကျောက်တုံးကို ထုတ်ယူကာ အားကုန်သုံး၍ ချေမွလိုက်တော့သည်။

ထို့နောက် အားအင်ကုန်ခမ်းသွားသည့်အလား လှေကားထစ်ပေါ်တွင် ထိုင်ချလိုက်ရာ သူ၏မျက်လုံးများမှာ သွေးကြောများထင်လာပြီး တဖြည်းဖြည်း နီရဲလာတော့သည်။

တောင်ခြေတွင်မူ နေဝင်ရိုးရီ အချိန်ရောက်လာပြီး ဆည်းဆာရိပ်များမှာလည်း ပျောက်ကွယ်

လုနီးပါး ဖြစ်နေသည်။

ဟန်ကျိယုသည် သူ၏ အားမကိုးရသော တူနှစ်ယောက်ကို စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲနေမိသည်။ သူကိုယ်တိုင် တောင်ပေါ်သို့ တက်ရန် ပြင်လိုက်စဉ်မှာပင် ရင်ဘတ်ထဲရှိ အာရုံခံကျောက်တုံးမှာ ရုတ်တရက် တုန်ခါလာသည်ကို ခံစားလိုက်ရသည်။

ထုတ်ကြည့်လိုက်သည့်အခါ ကျောက်တုံးပေါ်ရှိ မည်းနက်သိပ်သည်းသော အစင်းကြောင်းများမှာ အလုံးလိုက် လိပ်တက်နေသည်ကို မြင်လိုက်ရသည်။

ဤသည်ကို မြင်သော် ဟန်ကျိယုက အလိုကျသည့်အလား ပြုံးလိုက်သည်။

အာရုံခံကျောက်တုံးကို ပြန်ထည့်ပြီးနောက် ဟန်ကျိယုသည် ယွန်းလန်တောင်ပေါ်သို့ လျင်မြန်စွာ တက်လှမ်းလိုက်ရာ လေပြင်းတစ်ချက် ဖြတ်သန်းသွားသကဲ့သို့ပင် မြန်ဆန်လှသည်။

သို့သော် ကျောက်လှေကားထစ်များအတိုင်း သိပ်မဝေးလှသော နေရာသို့ ရောက်သောအခါ ဟန်ကျိယု ရုတ်တရက် ရပ်တန့်သွားသည်။

သူသည် မီတာအနည်းငယ်အကွာတွင် ရှိနေသော လီကျန်းနှင့် လီဟဲတို့ကို သံသယဖြင့် ကြည့်လိုက်မိသည်။ သူတို့နှစ်ဦးမှာ ကျောချင်းကပ်လျက် ရပ်နေကြပြီး ကြောက်လန့်တကြားဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေကြခြင်းပင်။

"ဒါက ဘာဖြစ်နေတာလဲ"

ဤမြင်ကွင်းမှာ သူစိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေသည်။

"ငါ အာရုံခံကျောက်တုံးကို ခွဲလိုက်တာက မသေမျိုးဂိုဏ်းနောက်ကွယ်မှာ ပုန်းနေတဲ့သူကို ဆွဲထုတ်ချင်လို့ပဲ။

ဒါပေမဲ့... ဘာလို့ သူတို့က သွေးစွန်းနေတဲ့ ဓားတွေ၊ အသင့်ပြင်ထားတဲ့ လှံတွေနဲ့ ထွက်မလာကြတာလဲ။ အခုတော့ သူတို့က လှေကားထစ်ပေါ်မှာ ဘာမှမလုပ်ဘဲ ဒီအတိုင်းကြီး ရပ်နေကြတာလား... ဘာဖြစ်လို့လဲ"

ဟန်ကျိယုက အေးစက်စက်ဖြင့် ငေါက်လိုက်သည်။

"လီကျန်း၊ လီဟဲ... မင်းတို့ ဘာတွေ ကပြနေကြတာလဲ"

ဟန်ကျိယု၏ အသံကို ကြားလိုက်ရသည်နှင့် လီကျန်းနှင့် လီဟဲတို့မှာ ပြိုင်တူ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ဟန်ကျိယုကို မြင်လိုက်ရခြင်းမှာ သူတို့အတွက် မှောင်မိုက်သော ညအမှောင်ထဲတွင် မီးရှူးတိုင်တစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။

သူတို့၏ ညှိုးငယ်နေသော မျက်နှာများမှာ ချက်ချင်းပင် လင်းလက်သွားပြီး အတင်းပင် ပြုံးပြလိုက်ကြတော့သည်။

"စတုတ္ထဦးလေး... ကျွန်တော်တို့ကို ကယ်ပါဦး"

"စတုတ္ထဦးလေး... ကူညီပါဦး"

သူတို့နှစ်ဦးစလုံး အော်ဟစ်လိုက်ကြသည်။

ဟန်ကျိယုသည် ခြေလှမ်းကျဲကြီးများဖြင့် သူတို့ထံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ သို့သော် သူတို့၏ သူရဲဘောကြောင်သော ပုံစံကို မြင်လိုက်ရသည့်အခါ ဒေါသမှာ ထိန်းမရအောင် ထွက်လာပြီး သူတို့ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်တော့သည်။

သို့သော် ယခုအချိန်တွင် လီကျန်းနှင့် လီဟဲတို့မှာ ဟန်ကျိယု၏ အကြည့်များကို ဂရုမစိုက်နိုင်လောက်အောင် ဝမ်းသာနေကြပြီဖြစ်သည်။ သာမန်အချိန်ဆိုလျှင် ဤကဲ့သို့ အစိုက်ခံရပါက စကားတစ်ခွန်းပင် ဟရဲကြမည် မဟုတ်ပေ။

ဟန်ကျိယုက ဒေါသကို ထိန်းကာ မေးလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ"

လီကျန်းက ပြာပြာသလဲ ပြန်ဖြေသည်။

"တောင်းပန်ပါတယ် စတုတ္ထဦးလေး။ ကျွန်တော်တို့ တမင်လုပ်တာ မဟုတ်ပါဘူး။ တောင်ပေါ်ကို တက်လို့မရလို့ပါ။ လီဟဲနဲ့ ကျွန်တော် ဒီလမ်းပေါ်မှာ ပြေးနေတာ နှစ်နာရီကျော်သွားပြီ။ ဒါပေမဲ့ တောင်ထိပ်ကို ဘယ်လိုမှ ရောက်မသွားဘူး။ အဝေးကြီးမှာပဲ ရှိနေတုန်းပဲ။ ဘယ်လောက်ပဲ ပြေးပြေး နေရာဟောင်းမှာပဲ ရှိနေသလိုမျိုး ခံစားနေရတာပါ"

ထိုစကားကို ကြားသော် ဟန်ကျိယုက ချက်ချင်း ကျိန်ဆဲလိုက်တော့သည်။

"ဆိုလိုတာက ငါက တောင်အောက်မှာ သုံးနာရီလောက် စောင့်နေရချိန်မှာ မင်းတို့က ဒီမှာ ပန်းတိုင်မရှိဘဲ ပြေးနေကြတာပေါ့ ဟုတ်လား။ လှေကားထစ်တွေမှာတင် ပိတ်မိနေတယ်ဆိုတာကော မင်းတို့က ဘာတွေ လာလုပ်ကြံနေတာလဲ"

ဟန်ကျိယု အထင်လွဲကာ အပြစ်ပေးမည်ကို စိုးရိမ်သဖြင့် လီကျန်းက အမြန်ပင် ရှင်းပြသည်။

"စတုတ္ထဦးလေး... ကျွန်တော်တို့ တကယ်ပြောတာပါ။ ကျွန်တော်တို့ရဲ့ ချွေးတွေကို ကြည့်ပါ။ ဒါတွေက အတုမဟုတ်ပါဘူး။ ကျိန်ရဲပါတယ် စတုတ္ထဦးလေး။ လီဟဲနဲ့ ကျွန်တော် ဒီလမ်းပေါ်မှာ နာရီပေါင်းများစွာ ပြေးခဲ့တာပါ။ ဒါပေမဲ့ ထွက်လို့မရခဲ့ဘူး"

ဟန်ကျိယုသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ ထိုသို့သော အဓိပ္ပာယ်မရှိသည့် စကားများကို လုံးဝမယုံကြည်သည့် ပုံစံမျိုး ပြသလိုက်သည်။

"ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ တောင်ရှိတဲ့ ကျင့်ကြံသူနှစ်ဦးကို ဒီကျောက်လှေကားထစ်တွေက ပိတ်မိအောင် လုပ်ထားနိုင်တယ် ဟုတ်လား။ ဒီလှေကားထစ်တွေက မိစ္ဆာတွေများ ဖြစ်ကုန်ကြလို့လား...။

နေပါဦး... ကျောက်တုံးတွေက မိစ္ဆာဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို ခဏထားလိုက်ဦး။ တကယ်လို့ ဖြစ်နိုင်တယ်ဆိုရင်တောင်မှ အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူနှစ်ယောက်ကို ဘယ်လိုများ ရင်ဆိုင်နိုင်မှာလဲ"

"အရည်အချင်းမရှိတဲ့ အသုံးမကျတဲ့ကောင်တွေ... ငါ့နောက်ကနေ တောင်ပေါ်ကို လိုက်ခဲ့စမ်း"

ထိုသို့ပြောကာ ဟန်ကျိယုသည် ယွန်းလန်တောင်ထိပ်သို့ ချက်ချင်းပင် လှမ်းတက်သွားတော့သည်။

လီကျန်းနှင့် လီဟဲတို့မှာ ခေတ္တမျှ ဝေခွဲမရဖြစ်ကာ တောင်ထိပ်သို့ မော့ကြည့်လိုက်ကြသည်။ ထို့နောက် တစ်ဦးကိုတစ်ဦး အချိန်အတော်ကြာ ကြည့်လိုက်ကြပြီးမှ ဟန်ကျိယု၏ အပြစ်တင်ကြိမ်းမောင်းမှုကို ကြောက်ရွံ့သဖြင့် နောက်မှ လိုက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

လမ်းလျှောက်နေရင်း ဟန်ကျိယုက လီကျန်းနှင့် လီဟဲတို့ကို ဆူပူနေတော့သည်။

"ဒီလို ကိစ္စလေးတစ်ခုကိုတောင် မင်းတို့ မကိုင်တွယ်နိုင်ဘဲ တာဝန်ကနေ ရှောင်လွှဲဖို့ ရယ်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ပေးနေကြတယ်။ ဒီကျောက်လှေကားမှာ သရဲတွေ ဘာတွေ ရှိနေလို့လား။ ငါကတော့ ခဏလေးအတွင်းမှာ ဒီအထိ ရောက်လာတာပဲ။ မင်းတို့ကတော့ နာရီပေါင်းများစွာ ဒီမှာပဲ ပတ်ချာလည်နေတယ်လို့ ပြောရဲသေးတယ်"

လီကျန်းနှင့် လီဟဲတို့မှာ တောင်ထိပ်သို့ မော့ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိကြသည်။

တောင်ထိပ်မှာ အခုထိ လက်တစ်ကမ်းအကွာမှာပဲ ရှိနေသေးတယ်။

အမှန်စင်စစ် ဟန်ကျိယုသည် ယွန်းလန်တောင်ပေါ်သို့ တက်သွားချိန်၌ သူ၏နောက်ကွယ်တွင် ဘာဖြစ်ပျက်နေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

သူ၏အာရုံမှာ မသေမျိုးဂိုဏ်းပေါ်၌သာ အပြည့်အဝ ရောက်ရှိနေသဖြင့် သူ ထွက်ခွာသွားပြီးနောက် အမိုးတစ်ခုပေါ်တွင် ရပ်နေသော ထွားကျိုင်းသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို သူ မမြင်လိုက်ခြင်း ဖြစ်နိုင်သည်။

ဟန်ကျိယု တောင်ပေါ်သို့ တက်သွားသော လမ်းကြောင်းကို ကြည့်ပြီးနောက် ထိုလူလတ်ပိုင်း အမျိုးသားမှာ အောက်သို့ ခုန်ဆင်းလိုက်ကာ လေပြင်းတစ်ချက်သဖွယ် ပျောက်ကွယ်သွားတော့သည်။

နာရီဝက်ခန့်အကြာတွင် သူသည် မြို့စားမင်း၏ စံအိမ်သို့ ရောက်ရှိသွားခဲ့သည်။

မြို့စားစံအိမ်၏ စာကြည့်ခန်းအတွင်း၌ သူသည် ဟွမ်းချိန်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက် ထောက်လိုက်သည်။ ဖယောင်းတိုင်မီးရောင်အောက်တွင် သူ၏ ခက်ထန်သော မျက်နှာမှာ ထင်ရှားပေါ်လွင်နေသည်။

ဟွမ်းချိန်သည် သူကိုင်ထားသော စာအုပ်ကို ချလိုက်ပြီး မေးလိုက်သည်။

"လင်ပိုင်... မင်းကို မသေမျိုးဂိုဏ်းကို စောင့်ကြည့်ခိုင်းထားတာ မဟုတ်ဘူးလား။ ဘာကိစ္စရှိလို့ ဒီလောက် အလောတကြီး ရောက်လာရတာလဲ ဘာတွေ ဖြစ်ခဲ့လို့လဲ"

လင်ပိုင်က သူ၏ ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ဖြေလိုက်သည်။

"အရှင်... ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ကတော့ ဘာမှမလှုပ်ရှားသေးပါဘူး။ ဒါပေမဲ့ အစွန်းရောက်တောင်က လူအချို့ မသေမျိုးဂိုဏ်းဆီကို ရောက်လာကြပါတယ်။ အခုလေးတင်ပဲ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ထက် သာလွန်တဲ့ ကျွမ်းကျင်သူတစ်ယောက် မသေမျိုးဂိုဏ်းထဲကို ဝင်သွားပါပြီ"

"နက်နဲသောအဆင့်လား"

ဟွမ်းချိန်သည် စားပွဲမှ ရုတ်တရက် ထရပ်လိုက်ပြီး သူ၏ မျက်နှာတွင် မထင်မှတ်ထားသော ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

ထို့နောက် ဟွမ်းချိန်က တစ်ဦးတည်း ရေရွတ်လိုက်သည်။

"နက်နဲသောအဆင့်က ဘာလို့ လာရတာလဲ..."

လင်ပိုင်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "အရှင်... နက်နဲသောအဆင့် ဟုတ်ချင်မှလည်း ဟုတ်မှာပါ။ ကျွန်တော် သူ့ကို ချောင်းကြည့်နေတုန်းက အာရုံခံမှု နည်းနည်းလေးကိုတောမထုတ်လွှတ်ရဲခဲ့လို့ သူ့ရဲ့ ခွန်အားကို အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော် တွေ့ခဲ့ဖူးသမျှ ခန္ဓာကိုယ်လေ့ကျင့်ခြင်းအဆင့် ကျင့်ကြံသူတွေထက်တော့ သေချာပေါက် ပိုသန်မာပါတယ်" ဟု ပြောလိုက်သည်။

လင်ပိုင်၏ စကားကို ကြားရသော်လည်း ဟွမ်းချိန်၏ မျက်နှာမှာ တည်တင်းနေဆဲပင်။

သူက "သူ တစ်ယောက်တည်းလား" ဟု မေးလိုက်သည်။

"သုံးယောက်ပါ"

"အားလုံးက အဆင့် ၁၃ တွေပဲလား"

"ဟုတ်ကဲ့။ အဲဒီထဲက နှစ်ယောက်ကတော့ လွန်ခဲ့တဲ့ သုံးနာရီကတည်းက မသေမျိုးဂိုဏ်းထဲကို ဝင်သွားတာ။ အခု အခြေအနေ ဘယ်လိုရှိလဲတော့ မသိရသေးပါဘူး"

"ဒါဆို ဘာလို့ စောစောကတည်းက လာမသတင်းပို့တာလဲ"

"ကျွန်တော် ဇွတ်တရွတ် မလုပ်ရဲလို့ပါ အရှင်။ ကျွန်တော်က အဲဒီအစွန်းရောက်တောင်က ကျွမ်းကျင်သူရဲ့ နောက်ကွယ် မီတာအနည်းငယ်အကွာမှာပဲ ရှိနေတာပါ။ အကယ်၍ အနည်းငယ်မျှ လှုပ်ရှားမိရင်တောင် သူက ကျွန်တော် ပုန်းနေတဲ့နေရာကို ချက်ချင်း သိသွားမှာပါ"

စကားဆုံးသည်နှင့် လင်ပိုင်က သူ၏ခေါင်းကို ပြန်ငုံ့လိုက်သည်။

သူ၏ဘေးတွင်ရှိသော ဟွမ်းရှန်းက "အဖေ... ကျွန်တော်တို့ သွားကူသင့်သလား" ဟု မေးလိုက်သည်။

ဟွမ်းချိန်သည် သက်ပြင်းတစ်ချက်ကို မချင်မရဲ ချလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူ၏ စကားများတွင် အားကိုးရာမဲ့မှုများ ပါဝင်နေသည်။

"ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရော၊ အစွန်းရောက်တောင်ရော ပါဝင်ပတ်သက်နေပြီပဲ။ ဝမ်ပင်းက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ အင်အားကြီးတဲ့လူတွေကို ဆွဲဆောင်မိသွားရတာလဲ။ အခု ငါမျှော်လင့်တာကတော့ မသေမျိုးဂိုဏ်းဆီသွားတဲ့ လူတွေထဲမှာ နက်နဲသောအဆင့် မပါပါစေနဲ့လို့ပဲ။ မဟုတ်ရင်တော့ မြို့စားစံအိမ်ကတောင် သူ့ကို ကူညီနိုင်မှာ မဟုတ်ဘူး"

ဟွမ်းရှန်းက "အဖေ... ကျွန်တော် နတ်ဘုရားဗျူဟာစခန်းကို လှုပ်ရှားခိုင်းလိုက်ရမလား" ဟု မေးသည်။

ဟွမ်းချိန်က "ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူ သုံးယောက်ကို ရင်ဆိုင်ဖို့ဆိုရင် နတ်ဘုရားဗျူဟာစခန်းကို လှုပ်ရှားမှ ဖြစ်မယ်။ သွား... အဆင့် ၁၂ အထက်ရှိတဲ့လူတွေ အကုန်လုံးကို ခေါ်ထုတ်ခဲ့။ လင်ပိုင်နဲ့ ငါက အရင်ဆုံး မသေမျိုးဂိုဏ်းဆီသွားပြီး အခြေအနေကို ကြည့်လိုက်မယ်။ မင်းက နတ်ဘုရားဗျူဟာစခန်းနဲ့ အမြန်လိုက်ခဲ့" ဟု အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဟွမ်းရှန်းသည် ပြန်လည်ဖြေကြားပြီးနောက် စာကြည့်ခန်းထဲမှ အလျင်အမြန် ပြေးထွက်သွားတော့သည်။

All Chapters