← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း။ ၁၀၇

ဟွမ်းရှန်း ထွက်ခွာသွားပြီးနောက် ရွှေရောင်မျက်နှာဖုံးစွပ် သံချပ်ကာဝတ် မြင်းစီးသူတစ်ဦးသည် ယွန်းလန်တောင်ဆီသို့ တန်းတန်းမတ်မတ် ဒုန်းစိုင်းနှင်တော့သည်။

သူ၏နောက်တွင်လည်း ထိုကဲ့သို့ပင် ဝတ်ဆင်ထားသော မြင်းစီးသူ သုံးဦးနှင့် ကြက်သွေးရောင်ရင့်ရင့် မြင်းကောင်ရေ တစ်ဆယ်ကျော်တို့သည် လမ်းမများနှင့် လမ်းကြားများတစ်လျှောက် ဟိန်းဟောက်သံပေးကာ လိုက်ပါလာကြသည်။

ဆည်းဆာရိပ်အောက်တွင် မြင်းခွာသံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေပြီး မီတာအနည်းငယ်အကွာရှိ လမ်းသွားလမ်းလာများမှာ ထိုအသံကို ကြားသည်နှင့် အလျင်အမြန်ပင် ဖယ်ပေးကြရသည်။

လမ်းဘေးဝဲယာရှိ လူများမှာလည်း ရပ်တန့်ကာ အံ့အားသင့်စွာ ငေးကြည့်နေကြတော့သည်။ ရွှေရောင်မျက်နှာဖုံးစွပ် မြင်းစီးသူ လေးဦး လမ်းမပေါ်တွင် ဒုန်းစိုင်းနှင်နေသည့် မြင်ကွင်းမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းသည်။

နောက်ဆုံးတွင် မြင်းများမှာ ယွန်းလန်တောင်ခြေ၌ ရပ်တန့်သွားပြီး ဟွမ်းချိန်နှင့် အခြားလူတစ်ဆယ်ကျော်တို့သည် တောင်ထိပ်သို့ လှမ်းတက်ခဲ့ကြသည်။

ဤအချိန်တွင် ညမှောင်လာပြီး ကောင်းကင်ယံ၌ ကြယ်များ စတင်လင်းလက်နေပြီဖြစ်သည်။ မှောင်မည်းနေသော လှေကားထစ်များပေါ်တွင် မီးတောက်တစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

ဟန်ကျိယုသည် မီးတုတ်ကို ကိုင်လျက် ကျောက်လှေကားထစ်များအတိုင်း လျင်မြန်စွာ ပြေးတက်နေသည်။

လေပြင်းများက သူ၏နားစည်ကို ဖြတ်၍ တိုးဝှေ့နေသော်လည်း သူပြေးလေလေ သူ၏မျက်နှာမှာ ပို၍ပျက်လေလေ ဖြစ်လာသည်။ အကြောင်းမှာ ဤကျောက်လှေကားထစ်များမှာ အဆုံးရှိပုံမရသောကြောင့်ပင်။

အပေါ်ကို တက်လျှင်လည်း အဆုံးမရှိသလို အောက်ကို ဆင်းလျှင်လည်း အဆုံးမရှိပေ။

သူသည် ကျောက်လှေကားထစ်များမှ လွဲ၍ ဘေးရှိ ထူထပ်သော တောအုပ်ထဲသို့ ဝင်ရန် ကြိုးစားသော်လည်း တောအုပ်ထဲသို့ သွားသောလမ်းမှာလည်း အဆုံးမရှိ ဖြစ်နေပြန်သည်။

ကြည့်ရသည်မှာ ငါးလှမ်း၊ ခြောက်လှမ်းခန့်သာ ဝေးသော်လည်း သူ မည်မျှပင် အားကုန်ပြေးပါစေ ထိုအကွာအဝေးမှာပင် ရှိနေဆဲပင်။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ သူပြေးလေလေ အကွာအဝေးမှာ ပို၍ ကျယ်ပြန့်လာလေလေ ဖြစ်နေခြင်းပင်။

ထိုစဉ် ဟန်ကျိယုသည် သူ၏နောက်မှ ခြေသံများကို ကြားလိုက်ရသဖြင့် သူ၏မျက်နှာတွင် ဝမ်းသာရိပ်တစ်ခု ပေါ်လာသည်။

ဟွမ်းချိန်သည် ဟန်ကျိယုနှင့် သူ၏အဖော်နှစ်ဦးကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် သတိထားလိုက်သည်။ အထူးသဖြင့် ထိုသူနှစ်ဦးမှာ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ တွင် ရှိနေပြီး ကျန်တစ်ဦးမှာ ခန့်မှန်းရခက်သော အခြေအနေတွင် ရှိနေသည်ကို အာရုံခံမိသဖြင့် သူ၏လက်မှာ ခါးရှိ ဓားဆီသို့ အလိုအလျောက် ရောက်သွားတော့သည်။

သူသည် လီကျန်းကို တစ်ချက်ကြည့်လိုက်ရာ လီကျန်းကလည်း နားလည်သည့်အလား ခေါင်းညိတ်ပြသည်။

ဟွမ်းချိန်သည် သူ၏ဓားကို ဖြည်းညင်းစွာ ထုတ်လိုက်ပြီး ခြေလှမ်းများကို လျှော့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင်ရှိနေသူများမှာ အစွန်းရောက်တောင်မှ လူများဖြစ်နေသောကြောင့်ပင်။

ဟွမ်းချိန်က "အစွန်းရောက်တောင်က မိတ်ဆွေတွေလား" ဟု မေးလိုက်သည်။

ဟန်ကျိယုက ပြန်မဖြေဘဲ "မင်းက ဘယ်သူလဲ" ဟု ပြန်မေးသည်။

"ကျွန်တော်က ဆန်းဝူမြို့ရဲ့ မြို့စားမင်း ဟွမ်းချိန်ပါ။ မိတ်ဆွေရဲ့ အမည်ကို သိခွင့်ရမလား"

ဟန်ကျိယုက ခပ်တိုးတိုး ရယ်လိုက်ပြီး သူ၏မျက်နှာတွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာသည်။

ထို့နောက် "နာမည်မရှိသလို မျိုးရိုးလည်းမရှိပါဘူး။ မြို့စားမင်းဟွမ်က တောင်ပေါ်တက်ဖို့ အလောတကြီး ဖြစ်နေတယ်ဆိုရင်လည်း လမ်းဖယ်ပေးနိုင်ပါတယ်" ဟု ပြောလိုက်သည်။

ထိုသို့ပြောပြီး ဟန်ကျိယုက လီကျန်းနှင့် အခြားတစ်ဦးကို အချက်ပြလိုက်ရာ သူတို့သည် ချက်ချင်းပင် ဘေးသို့ကပ်၍ လမ်းအလယ်ကို ဖယ်ပေးလိုက်ကြသည်။

ဟွမ်းချိန်သည် ထိုစကားကို ကြားသော်လည်း မလှုပ်မယှက် ရပ်နေမြဲဖြစ်ပြီး သူ၏ဓားကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

ခဏမျှ တိတ်ဆိတ်စွာ ရပ်နေပြီးနောက် ဟန်ကျိယုမှာ ပြုံးလျက် ဖိတ်ခေါ်သော အမူအရာဖြင့်သာ ရပ်နေသဖြင့် ဟွမ်းချိန်သည် ခေတ္တမျှ စဉ်းစားပြီးမှ ရှေ့သို့ လှမ်းတက်ခဲ့သည်။

"တက်မယ်"

သူသည် သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်ပြီး သတိထားရန်လည်း မျက်ရိပ်ပြလိုက်သည်။

ဟွမ်းချိန်သည် ရှေ့တွင်ရှိသော လူများက တစ်ခုခု လုပ်ကြံလိမ့်မည်ဟု ထင်ထားသော်လည်း သူတို့ဘေးမှ ဖြတ်သွားချိန်အထိ ဘာမှမဖြစ်ခဲ့ပေ။ သံသယများဖြင့် သူသည် အနည်းငယ် ထပ်မံလျှောက်လှမ်းကြည့်သော်လည်း ဘာမှ ထူးခြားမလာပေ။

သို့သော် သူ့ကို စကားပြောခဲ့သူ၏ အပြုံးကို ပြန်လည်အမှတ်ရမိသည့်အခါ ဟွမ်းချိန် စိတ်မအေးနိုင်ဘဲ ယွန်းလန်တောင်ထိပ်သို့ အလျင်အမြန် ဦးတည်လိုက်တော့သည်။

ဤနေရာတွင် ဟွမ်းချိန်သည် မည်သည့် အနှောင့်အယှက်မျှမရှိဘဲ တောင်ပေါ်သို့ တက်သွားသည်ကို မြင်လိုက်ရသည့်အခါ ဟန်ကျိယုက ရယ်မောလျက် လီကျန်းနှင့် အခြားတစ်ဦးကို ပြောလိုက်သည်။

"လှေကားထစ်တွေက ပုံမှန်ပြန်ဖြစ်သွားပြီ။ မြန်မြန် လိုက်ခဲ့ကြ"

လီကျန်း ညီအစ်ကိုနှစ်ဦးမှာ အလွန်ဝမ်းသာသွားပြီးနောက် တောင်ထိပ်သို့ အပြေးလိုက်ကြသည်။ သူတို့သည် တစ်လှမ်းလျှင် လှေကားထစ် ခြောက်ထစ်ခန့် ကျော်ကာ အရှိန်အဟုန်ဖြင့် ပြေးတက်ကြတော့သည်။

"မြန်မြန်လုပ်"

"တောင်ထိပ်က နီးလာပြီဟေ့"

ဤသည်ကို မြင်ရသဖြင့် ထိုသူနှစ်ဦးမှာ ဝမ်းသာအားရ ဖြစ်နေကြသလို ဟန်ကျိယုလည်း စိတ်သက်သာရာ ရသွားသည်။

သို့သော် ခဏအကြာတွင် သူတို့၏ အမူအရာများမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။ အကြောင်းမှာ ရှေ့မှ ဟွမ်းချိန်တို့အဖွဲ့၏ အရိပ်အယောင်များမှာ ပျောက်ကွယ်သွားသည့်အလား ဖြစ်သွားသောကြောင့်ပင်။

သုံးဦးစလုံး တောင်ထိပ်ဘက်သို့ မော့ကြည့်လိုက်ကြရာ အစောပိုင်းက ဟွမ်းချိန်တို့ကို လိုက်စဉ်ကကဲ့သို့ပင် အလွန်နီးကပ်နေသယောင် ရှိနေဆဲပင်။

ဆိုလိုသည်မှာ သူတို့သည် တစ်နေရာတည်းတွင် ထပ်မံ၍ ပိတ်မိနေပြန်ပြီဖြစ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လီကျန်းမှာ ချက်ချင်းပင် အားလျော့သွားတော့သည်။

"ပြန်ဖြစ်ပြန်ပြီ"

အတော်အတန် လျှောက်လာပြီးနောက် ဟွမ်းချိန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ အစွန်းရောက်တောင်မှ လူသုံးဦး၏ အရိပ်အယောင်ကို မတွေ့ရသဖြင့် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူ စဉ်းစားနေစဉ်မှာပင် ယွန်းလန်တောင်ထိပ်သို့ ရောက်ရှိသွားပြီး ရင်ပြင်၏ အစွန်းတွင် ရပ်လိုက်မိသည်။

ယွန်းလန်တောင်ထိပ်မှာ ငြိမ်သက်တိတ်ဆိတ်နေပြီး ပိုးကောင်လေးများ၏ မြည်သံနှင့် လေတိုးသံကြောင့် သစ်ရွက်များ လှုပ်ခတ်သံသာ ရှိနေသည်။ ဤနေရာတွင် ဘာမှမဖြစ်ပျက်ခဲ့သည့်အလားပင်။

တောင်စောင့်ခွေးလေးမှာ အပြေးအလွှား ရောက်လာပြီး သူ့ကို ပတ်ချာလည် ပြေးနေသည်။ ထို့နောက် တောင်စောင့်ခွေး၏ နောက်ကွယ်တွင် ရပ်နေသော ဝမ်ပင်းကို သူ မြင်လိုက်ရသည်။

ဤမြင်ကွင်းကို မြင်မှသာ ဟွမ်းချိန်သည် စိတ်အေးသွားပြီး သူ၏ဓားကို အိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်သည်။

ထို့နောက် ဝမ်ပင်းထံသို့ လျှောက်သွားကာ ဖခင်တစ်ဦးကဲ့သို့ ကြင်နာစွာ မေးလိုက်သည်။

"ငါ့တူ... မင်း ဘာမှမဖြစ်ဘူး မဟုတ်လား"

ဝမ်ပင်းက "ဦးလေး... ဘာလို့ ဒီကို ရောက်လာတာလဲ။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။ ညစာစားပြီး ဗိုက်လေးလို့ လမ်းလျှောက်နေတာ။ အခုပဲ ပြန်အိပ်တော့မလို့ပါ" ဟု ပြန်ဖြေလိုက်တော့သည်။

ဝမ်ပင်း၏ စကားကို ကြားလိုက်ရသည့်အခါ ဟွမ်းချိန်မှာ ရင်ထဲတွင် အားမလိုအားမရဖြစ်ကာ ပြုံးလိုက်မိပြီး “ဒီကောင်လေးကတော့ အရင်အတိုင်းပဲ ဘာကိုမှ ပူပန်မှုမရှိဘူး” ဟု တွေးနေမိသည်။

အစွန်းရောက်တောင်က လူတွေအထိ ရောက်နေတာတောင် သူက ညဘက် လမ်းလျှောက်ထွက်ဖို့ စိတ်ကူးရှိသေးတယ်။ ဒီလူတွေက တကယ်ပဲ လူမသတ်ရဲဘူးလို့ သူ ထင်နေတာလား။

သို့သော် ဝမ်ပင်းက ဘာမှမသိသလို ဖြစ်နေသည်ကို မြင်ရသဖြင့် သူကလည်း အမှန်အတိုင်း ထုတ်မပြောတော့ဘဲ ထပ်မံ၍သာ မေးလိုက်သည်။

"မင်းဆီမှာ ဘာမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူးပေါ့ ဟုတ်လား"

"မဖြစ်ပါဘူး"

"ဒါဆိုလည်း တော်သေးတာပေါ့"

ဟွမ်းချိန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီးနောက် သူ၏နောက်မှ လက်အောက်ငယ်သားများကိုလည်း ဓားများ ပြန်သိမ်းရန် အချက်ပြလိုက်သည်။ ထို့နောက် သူ၏ အကြည့်များမှာ လီကျန်းထံသို့ ရောက်သွားသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော သုံးလေးနာရီကတည်းက အဆင့် ၁၃ ကျင့်ကြံသူနှစ်ဦး တက်သွားခဲ့ပြီး နာရီဝက်ခန့်ကလည်း ခန့်မှန်းရခက်သော ကျွမ်းကျင်သူတစ်ဦး တက်သွားသည်ဟု သူ့ကို သတင်းပို့ခဲ့သူမှာ လီကျန်း ဖြစ်နေသောကြောင့်ပင်။

စူးစိုက်ကြည့်ခြင်း ခံလိုက်ရသည့်အခါ လီကျန်းမှာ အနေရခက်စွာ ပြုံးလိုက်မိပြီး ရှင်းပြချင်သော်လည်း မည်သို့ပြောရမည်ကို မသိတော့ပေ။

သူသည် တောင်ခြေတွင် နှစ်နာရီကြာ ချောင်းမြောင်းခဲ့ပြီး မြို့စားစံအိမ်သို့ အသွားအပြန်မှာလည်း နာရီဝက်ခန့် ကြာခဲ့သည်။ ဤအချိန်အတောအတွင်း တစ်ခုခုတော့ သေချာပေါက် ဖြစ်

ပျက်ခဲ့ရမည်ပင်။

သို့သော် ယခုမူ ယွန်းလန်တောင်မှာ အေးချမ်းသာယာလွန်းနေသည်။

ထိုအစား အစွန်းရောက်တောင်မှ ထိုလူသုံးဦးမှာ ကျောက်လှေကားထစ်များပေါ်တွင် ဘာတွေလုပ်နေကြသည် မသိရပေ။

ထို့ကြောင့် လီကျန်းက ဝမ်ပင်းကို အလျင်အမြန် မေးလိုက်သည်။

"ဂိုဏ်းချုပ်ဝမ်... ယွန်းလန်တောင်ပေါ်ကို သူစိမ်းတွေ ဘာတွေ ရောက်မလာဘူးလား"

ဝမ်ပင်းက စိတ်ထဲမှ နောက်ဆုံးတော့ မေးသင့်တဲ့မေးခွန်းကို မေးပြီပဲဟု တွေးလိုက်မိသည်။

ခေတ္တမျှ စဉ်းစားဟန်ပြုပြီးနောက် ဝမ်ပင်းက ဟန်ကျိယုအပါအဝင် လူသုံးဦးအကြောင်းကို ထုတ်ပြောလိုက်သော်လည်း ဇာတ်လမ်းကိုမူ တစ်မျိုးတစ်ဖုံ ပြောင်းလဲလိုက်သည်။

"ဪ... အဘိုးကြီး သုံးယောက်တော့ ရောက်လာသေးတယ်။ သူတို့က ကျွန်တော်တို့ မသေမျိုးဂိုဏ်းရဲ့ လှေကားထစ်တွေမှာ ပြေးလွှားပြီး ခြေထောက်ကြွက်သား လေ့ကျင့်ချင်လို့ပါဆိုပြီး ခွင့်တောင်းကြတယ်။ ပြီးတော့ ကျွန်တော့်ကို ရွှေဒင်္ဂါး ရာဂဏန်းတောင် ပေးသွားကြသေးတယ်။ သူတို့ ပြန်မသွားကြသေးဘူး ထင်တယ်။ ဦးလေးတို့ တက်လာတုန်းက သူတို့ကို မတွေ့ခဲ့ဘူးလား"

"ခြေထောက်ကြွက်သား လေ့ကျင့်ဖို့ ဟုတ်လား"

"ဟုတ်တယ်လေ။ တကယ်တော့ အဲဒီအဘိုးကြီး သုံးယောက်ကို ကြည့်ပြီး ကျွန်တော်တောင် အကြံရသွားတယ်။ ဒီလှေကားထစ်တွေမှာ အတက်အဆင်း ပြေးတာကလည်း ကျင့်ကြံခြင်းအတွက် ကောင်းတဲ့နည်းလမ်းပဲလို့ ထင်မိသွားတယ်"

ထိုသို့ပြောပြီးနောက် ဝမ်ပင်းက အပြစ်ကင်းစင်သော အပြုံးတစ်ခု ပြုံးပြလိုက်သည်။

ဝမ်ပင်း၏ ရှင်းပြချက်ကို ကြားလိုက်ရသည့်အခါ လီကျန်း၏ မျက်နှာမှာ ရှုံ့မဲ့သွားပြီး အလွန်ပင် အရှက်ရသွားတော့သည်။

သူ၏ စကားတစ်ခွန်းကြောင့် မြို့စားစံအိမ်မှ အရာရှိကြီးများအားလုံး ဤနေရာသို့ ရောက်လာခဲ့ကြသော်လည်း အဆုံးသတ်တွင်မူ နားလည်မှုလွဲခြင်းသာ ဖြစ်သွားခဲ့သည်။

လီကျန်းသည် အခြားဘာမှ မစဉ်းစားတော့ဘဲ ဟွမ်းချိန်၏ ရှေ့မှောက်တွင် ဒူးတစ်ဖက် ထောက်လိုက်ကာ ခေါင်းငုံ့လျက် "အရှင်... ကျွန်တော် အမှားကို ဝန်ခံပါတယ်" ဟု ပြောလိုက်သည်။

ဟွမ်းချိန်က "ထတော့ ဒါက မင်းအမှားမဟုတ်ပါဘူး။ နောက်တစ်ခါကျရင်တော့ သေချာ စုံစမ်းစစ်ဆေးပြီးမှ သတင်းပို့ပါ။ ဒီလောက်အထိ အလောတကြီး မဖြစ်ပါနဲ့။ နောက်တစ်ကြိမ် ဒီလိုမျိုး ထပ်ဖြစ်ရင်တော့ မင်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးရလိမ့်မယ်" ဟု ပြောလိုက်သည်။

လီကျန်းကလည်း "နောက်နောင် ဒီလိုမျိုး မဖြစ်စေရပါဘူး" ဟု ပြန်ဖြေလိုက်တော့သည်။

အခန်း။ ၁၀၈

ဟွမ်းချိန်သည် စကားနှစ်ခွန်းမျှ ပြောပြီးနောက် ဝမ်ပင်းကို ပြန်လည်စိုက်ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေသည့်အလား ခေတ္တတိတ်ဆိတ်သွားသည်။

အတော်ကြာမှ သူက နောက်ကွယ်မှ လက်အောက်ငယ်သားများကို "ဒီမှာပဲ စောင့်နေကြ" ဟု မိန့်ကြားလိုက်သည်။

"ဟုတ်ကဲ့"

အားလုံးက တညီတညွတ်တည်း ပြန်ဖြေကြသည်။

ဟွမ်းချိန်သည် ခါးရှိဓားကို ဖြုတ်၍ လင်ပိုင်ထံ ကမ်းပေးလိုက်ပြီးနောက် မသေမျိုးဂိုဏ်း ရင်ပြင်၏ အခြားတစ်ဖက်ရှိ တောအုပ်လမ်းကလေးဘက်သို့ လျှောက်လှမ်းသွားရင်း "မင်း... ငါ့နောက် ခဏလိုက်ခဲ့ဦး ပြောစရာရှိတယ်" ဟု ပြောလိုက်သည်။

ဝမ်ပင်းကလည်း ထိုအပြစ်ကင်းစင်သော အပြုံးကို ဆင်မြန်းလျက် နောက်မှ လိုက်ပါသွားပြီး "ဦးလေး... တစ်ခုခု အဆင်မပြေလို့လား" ဟု မေးလိုက်သည်။

သို့သော် ဟွမ်းချိန်က ပြန်မဖြေချေ။ မီတာတစ်ရာခန့် လျှောက်လှမ်းပြီးနောက် မှောင်ရိပ်ကျနေသော တောလမ်းလေးထဲတွင် ရပ်တန့်လိုက်ကာ ဝမ်ပင်း၏ လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ်တော့မည့်အလား ဝမ်ပင်း၏ မျက်လုံးများကို စူးစိုက်ကြည့်နေတော့သည်။

"ကောင်လေး... ကလေးကလား စကားတွေနဲ့ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့။ ခန္ဓာကိုယ်လေ့ကျင့်ခြင်း အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူ သုံးယောက်က မင်းဆီကို ပြေးခုန်ပစ် လေ့ကျင့်ဖို့ လာတယ် ဟုတ်လား။ သူတို့က အဲဒီလောက်တောင် အားနေကြတာလား"

ဝမ်ပင်းက ထိုစကားကို ကြားသောအခါ အားမလိုအားမရ ပြုံးလိုက်ပြီး "ဦးလေး... ကျွန်တော်

လည်း ဇဝေဇဝါ ဖြစ်နေတာပါပဲ။ ဒါပေမဲ့ ဒါက တကယ့်အရှိန်အဝါပဲလေ" ဟု ပြန်ပြောသည်။

"တော်စမ်းပါ... ပြီးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ မင်းက အဆင့် ၁၃ ရှိတဲ့ ကျင့်ကြံသူတွေကို စည်းရုံးနိုင်ခဲ့တယ်။ ဟွမ်ကုန်းရဲ့ မွေးစားသမီးကိုတောင် ဂိုဏ်းထဲ သွင်းနိုင်ခဲ့သေးတယ်။ ပြီးတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကတင် ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့ရဲ့ အိမ်ကို အပေါက်ဖြစ်အောင် လုပ်ခဲ့တာတောင် ဘယ်သူမှ မင်းကို လာမနှောင့်ယှက်ရဲကြဘူး။ အခုထိလည်း သူတို့က ခြေထောက်လေ့ကျင့်ခန်း လုပ်ဖို့ လာတာပါလို့ မင်းက ဇွတ်ငြင်းနေဦးမှာလား"

ဟွမ်းချိန်က ပြောပြီးနောက် ဝမ်ပင်းကို စူးစိုက်ကြည့်လိုက်သည်။ အရင်ကဆိုလျှင် ဝမ်ပင်းသည် သူ၏ အကြည့်တစ်ချက်အောက်မှာတင် အနေရခက်ကာ ရှက်ကိုးရှက်ကန်း ဖြစ်သွားတတ်စမြဲပင်။

သို့သော် ယခုမူ မတူတော့ချေ။ ဟွမ်းချိန်၏ အကြည့်အောက်တွင် ဝမ်ပင်းသည် ပြုံးလျက်သာ ရှိနေပြီး သူ၏မျက်လုံးများတွင်လည်း မည်သည့်အပြောင်းအလဲမျှ မရှိပေ။

ဤသည်မှာ ဝမ်ပင်း တစ်ယောက် လုံးဝ ပြောင်းလဲသွားသကဲ့သို့ ဟွမ်းချိန်ကို ခံစားရစေပြီး ဝမ်

ဖင်ကို သူ ဖောက်ထွင်း၍ မမြင်နိုင်တော့ချေ။

ထိုစဉ် ဝမ်ပင်းက ပြန်ဖြေလိုက်သည်။

"ဦးလေးက မယုံဘူးဆိုရင်လည်း ကျွန်တော် ဘာမှ မတတ်နိုင်ဘူးလေ။ ကျွန်တော်က မသေမျိုးဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ဆိုပေမဲ့ လေ့ကျင့်ခန်းလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ အဘိုးကြီး သုံးယောက်ကိုတော့ မတားနိုင်ဘူး မဟုတ်လား"

"မင်း... ဒီကောင်လေးကတော့..."

ဟွမ်းချိန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ဆက်မေးရန် စိတ်မပါတော့ချေ။

"ထားလိုက်တော့... မင်းနဲ့ ငါ ပြောလို့ ပြီးမှာမဟုတ်တော့ဘူး"

ထိုသို့ဆိုကာ ဟွမ်းချိန်မှာ လှည့်ထွက်သွားတော့သည်။

ဝမ်ပင်းက "ဦးလေး... ကောင်းကောင်းသွားပါဦး။ အားတဲ့အခါကျရင်လည်း လာလည်ဦးနော်" ဟု အလျင်အမြန် နှုတ်ဆက်လိုက်သည်။

ဟွမ်းချိန်တို့ကို လှေကားထစ်များအတိုင်း ပြန်လည်ပို့ဆောင်ပေးပြီးနောက် ဝမ်ပင်းသည် သူ၏ စိတ်စွမ်းအားကို အသုံးပြု၍ ဟွမ်းချိန်တို့အဖွဲ့အား ဟန်ကျိယုတို့ ရှိနေသော နေရာကို ကျော်ဖြတ်၍ သွားနိုင်ရန် တိုက်ရိုက် စီစဉ်ပေးလိုက်သည်။

တောင်အောက်သို့ ဆင်းလာချိန်တွင် အစွန်းရောက်တောင်မှ လူများနှင့် မဆုံတွေ့ခဲ့သဖြင့် ဟွမ်းချိန်မှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ဝမ်ပင်းတွင် လျှို့ဝှက်ချက်များစွာ ရှိနေသည်ကို သတိရကာ သူ၏ ဘေးရှိ လူကို ချက်ချင်း မှာကြားလိုက်သည်။

"လီရှန်း... မြန်မြန်ပြန်သွားပြီး နတ်ဘုရားဗျူဟာစခန်းကို တားလိုက်တော့။ သူတို့ကို ဒီကို လာစရာမလိုတော့ဘူးလို့ ပြောလိုက်"

"ဟုတ်ကဲ့"

ဟွမ်းချိန်၏ လက်အောက်ငယ်သား တစ်ဦးသည် ချက်ချင်းပင် မြင်းပေါ်သို့ ခုန်တက်ကာ လာခဲ့သော လမ်းအတိုင်း ဒုန်းစိုင်းနှင်၍ ပြန်သွားတော့သည်။

ဟွမ်းချိန်က ဆက်လက်၍ "လင်ပိုင်... မင်း ဒီမှာပဲ နေပြီး စောင့်ကြည့်နေပါ။ ယွန်းလန်တောင်ပေါ်မှာ တစ်ခုခုဖြစ်ရင် ငါ့ဆီ ချက်ချင်း လာသတင်းပို့။ အစွန်းရောက်တောင်ကလူတွေက ငတုံးတွေ ဖြစ်နိုင်ပေမဲ့ သူတို့လူ သေတာကိုတော့ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး။ ဒီနေ့ သူတို့ မသေမျိုးဂိုဏ်းကို လာတာက သေချာပေါက် အခြေအနေကို စုံစမ်းဖို့ပဲ။ နောက်မှ တစ်ခုခု လုပ်ဖို့ ကြံစည်ကြလိမ့်မယ်" ဟု ပြောလိုက်သည်။

အစွန်းရောက်တောင်သည် သူတို့၏ အဆင့် ၁၃ ကျင့်ကြံသူတစ်ဦးကို မသေမျိုးဂိုဏ်းလက်ထဲတွင် ဆုံးရှုံးခဲ့ရသဖြင့် သေချာပေါက် လက်စားချေလိမ့်မည် ဖြစ်သည်။

လင်ပိုင်ကလည်း ဤအချက်ကို နားလည်သဖြင့် ခေါင်းညိတ်ပြကာ ယွန်းလန်တောင်ခြေမှ ထွက်ခွာသွားသော ဟွမ်းချိန်ကို ကြည့်ရင်း နှုတ်ဆက်လိုက်သည်။

ထို့နောက် သူသည် တောင်ခြေရှိ နေအိမ်တစ်ခုသို့ ပြန်လာခဲ့ပြီး ပြတင်းပေါက်တွင် ထိုင်လျက် မှောင်မည်းနေသော ယွန်းလန်တောင်တန်းကြီးကို စောင့်ကြည့်နေတော့သည်။

ဟွမ်းချိန်တို့အဖွဲ့ တောင်အောက်သို့ ဆင်းသွားပြီးနောက် ဝမ်ပင်း၏ မျက်နှာထက်မှ အပြုံးများမှာ ပျောက်ကွယ်သွားတော့သည်။

သူသည် ကျောက်လှေကားထစ်များအတိုင်း ဖြည်းညင်းစွာ ဆင်းလာခဲ့ပြီး ဟန်ကျိယု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

ထိုအချိန်တွင် ဟန်ကျိယုမှာ ရူးသွပ်မတတ် ဖြစ်နေပြီး သူ၏ဓားဖြင့် ကျောက်လှေကားထစ်များကို အစွမ်းကုန် ခုတ်ပိုင်းနေကာ "တောက်... ဒီအသုံးမကျတဲ့ လှေကားထစ်တွေ" ဟု ဒေါသတကြီး အော်ဟစ်နေတော့သည်။

အဆုံးမရှိသော ဤလှေကားထစ်များက သူ့ကို ရူးသွပ်သွားစေသည်မှာ သိသာသည်။ သူ၏မျက်လုံးများမှာ သွေးတက်သကဲ့သို့ နီရဲနေ၏။ သူ မည်မျှပင် အားစိုက်၍ ခုတ်ပိုင်းပါစေ ကျောက်လှေကားထစ်များမှာ မီးပွားများ ထွက်လာသည်မှအပ မည်သည့် ပျက်စီးမှုမျှ မရှိပေ။ လက်သည်းခွံအရွယ်အစားမျှပင် ကွဲထွက်မသွားသည်ကို မြင်ရသောအခါ သူ အံ့အားသင့်သွားမိသည်။

ထိုစဉ် အမှောင်ရိပ်ထဲမှ တောင်ပေါ်မှ ဆင်းလာသူတစ်ဦးကို သူ မြင်လိုက်ရသည်။ အနီးသို့ ရောက်လာသောအခါ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦး ဖြစ်နေသဖြင့် သူက ဒေါသတကြီး လှမ်းမေးလိုက်သည်။

"ကောင်လေး... မင်းက မသေမျိုးဂိုဏ်းကလား"

ဝမ်ပင်းက ဘာမှမပြောဘဲ ပြုံး၍သာ ကြည့်နေသည်။

ဝမ်ပင်းမှာ ဤလှေကားထစ်များ၏ အကျိုးသက်ရောက်မှုကို မခံရဘဲ လွတ်လပ်စွာ သွားလာနေသည်ကို မြင်သောအခါ ဟန်ကျိယုသည် ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်လိုက်ရသကဲ့သို့ ဖြစ်သွားပြီး "ငါ့ကို ဒီကနေ အပြင်ရောက်အောင် ပို့ပေးစမ်း။ မင်းကို ရွှေဒင်္ဂါး တစ်သောင်း... မဟုတ်ဘူး နှစ်သောင်း ပေးမယ်" ဟု လောဘတက်စွာ ပြောလိုက်သည်။

ဝမ်ပင်းက ပြုံးလိုက်ပြီး "မင်းတို့ကို ဒီထဲမှာ ပိတ်ထားတာ ကျွန်တော်ကိုယ်တိုင်ပဲလေ။ အပြင်ကို ပြန်လွှတ်ပေးလိမ့်မယ်လို့ ထင်နေတာလား" ဟု ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသည့်အခါ ဟန်ကျိယု၏ မျက်နှာမှာ ချက်ချင်း တောင့်ခဲသွားပြီး "ဒါဆို ဒါတွေအားလုံးက မင်းလုပ်တာပေါ့ ဟုတ်လား။ ငါ အကြံပေးပါရစေ ကောင်လေး... မင်းကိုယ်မင်း ဒုက္ခမရှာစမ်းနဲ့။ ငါ့ကို အခုချက်ချင်း လွှတ်ပေး။ ငါ ဘယ်သူလဲဆိုတာ မင်း သိရဲ့လား" ဟု ခြိမ်းခြောက်လိုက်တော့သည်။

ဝမ်ပင်းက ခပ်တိုးတိုး ရယ်လိုက်သည်။ ကမ္ဘာပေါ်တွင် အတားဆီးဆုံး ဟာသတစ်ခုကို ကြားလိုက်ရသည့်အလားပင်။

သူသည် ဟန်ကျိယုကို သနားစဖွယ် ကြည့်လိုက်မိသည်။ အကြောင်းမှာ သူသာဆိုလျှင် သူ၏ အသက်ကို လက်ဝါးထဲတွင် ဆုပ်ကိုင်ထားသော ရန်သူကို မည်မျှပင် အင်အားကြီးသော နောက်ခံရှိပါစေ ဤကဲ့သို့ မိုက်မိုက်ကန်းကန်း ခြိမ်းခြောက်နေမည် မဟုတ်သောကြောင့်ပင်။

ဝမ်ပင်းက အေးစက်စက်ဖြင့် ပြောလိုက်သည်။

"ဆယ်စုနှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီးမှ ဘာလို့ ဒီလောက်တောင် ကလေးဆန်တဲ့ စကားတွေ ပြောနေရတာလဲ။ ပြောစမ်း... ငါ့ရဲ့ မသေမျိုးဂိုဏ်းဆီကို လာရတဲ့ မင်းတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ မင်းရဲ့ အဖြေက ငါ့ကို ကျေနပ်စေတယ်ဆိုရင်တော့ မင်းကို သက်တောင့်သက်သာ သေခွင့်ပေးဖို့ ငါ ရွေးချယ်နိုင်တယ်"

သိသာသည်မှာ ဟန်ကျိယုသည် စကားနှစ်ခွန်းမျှဖြင့် ကြောက်ရွံ့သွားမည့်သူ မဟုတ်ပေ။ သူက ဝမ်ပင်းကို ဆက်လက် အငြင်းပွါးနေဆဲပင်။

"ကောင်လေး... ဒီလို စကားတွေ ပြောနေတာ လျှာမကိုက်မိဘူးလား။ မင်းရဲ့ နောက်ကွယ်က နက်နဲသောအဆင့် ကျွမ်းကျင်သူကိုပဲ ထွက်လာခဲ့ဖို့ ပြောလိုက်စမ်း။ မင်းလိုကောင်က... ငါနဲ့ စကားပြောဖို့ အရည်အချင်းမရှိဘူး"

ဝမ်ပင်းမှာ စိတ်ရှည်တတ်သူ မဟုတ်ပေ။ အထူးသဖြင့် ရန်သူများနှင့် ဆိုလျှင် ပို၍ပင်။ သူသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ပြီး ဘေးတွင် ရပ်နေသော မိစ္ဆာဝိညာဉ်ဓားကို အမိန့်ပေးလိုက်သည်။

"နောက်က နှစ်ယောက်ကို အရင် ကိုင်တွယ်လိုက် တစ်ယောက်ချင်းစီပေါ့"

ဂျိန်း….ဂျိန်း….

မိစ္ဆာဝိညာဉ်ဓားသည် သူ ဝါးမြိုခွင့်ရတော့မည်ကို သိသည်နှင့် တပြိုင်နက် ယုတ်မာလှသော ရယ်မောသံကို ထုတ်ဖော်လိုက်တော့သည်။

ထိုရယ်သံကို ကြားလိုက်ရသည့်အခါ ဟန်ကျိယု၏ မျက်နှာမှာ ပျက်သွားတော့သည်။ သူ တစ်စုံတစ်ခု ပြောရန် ကြံရွယ်စဉ်မှာပင် ဝမ်ပင်း၏ ဘေးမှ အနီရောင် သံကြိုးတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာသဖြင့် သူ အလိုအလျောက် ရှောင်တိမ်းလိုက်ရသည်။

သံကြိုးကို ရှောင်လိုက်နိုင်သဖြင့် သူက "ဒီလောက်ပဲလား" ဟု ပြောရန် ပြင်လိုက်သော်လည်း နောက်ကွယ်မှ ထွက်ပေါ်လာသော အော်ဟစ်သံကြောင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားတော့သည်။

သူ လှည့်ကြည့်လိုက်သည့်အခါ ထိတ်လန့်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။

သံကြိုးမှာ သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း အခုမှ သူ သဘောပေါက်သွားသည်။

"စတုတ္ထဦးလေး... ကျွန်တော့်ကို ကယ်ပါဦး"

ထိုအသံက လီကျန်း၏ အကူအညီတောင်းသံ ဖြစ်သည်။

လီကျန်းသည် သူ၏ ပုခုံးကို ထွင်းဖောက်ထားသော သံကြိုးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဟန်ကျိယုထံသို့ လှမ်း၍ အကူအညီ တောင်းနေခြင်းပင်။

ဂျိန်း…ဂျိန်း…

ရယ်မောသံမှာ ထပ်မံ ပဲ့တင်ထပ်လာသည်။

လီဟဲနှင့် ဟန်ကျိယုတို့က ကြားဖြတ်ကူညီရန် ကြံရွယ်သော်လည်း အပြာရောင်နှင့် အဖြူရောင် ရောယှက်နေသော ပုံရိပ်တစ်ခုက သူတို့ကို ပိတ်ဆို့ထားလိုက်သည်။

သူတို့ သေချာကြည့်လိုက်သည့်အခါ မိစ္ဆာဝိညာဉ်ဓား၏ တကယ့်ပုံသဏ္ဌာန်ကို မြင်

လိုက်ရသဖြင့် ကြောက်လန့်တကြားဖြင့် နောက်သို့ ယိုင်လဲသွားကြတော့သည်။

မိစ္ဆာဝိညာဉ်ဓားက လီကျန်း၏ ဝိညာဉ်ကို စတင်ဝါးမြိုလိုက်သည့်အခါ လီဟဲမှာလည်း ထိတ်လန့်တကြား အော်ဟစ်နေတော့သည်။

"ကယ်..."

လီကျန်း၏ နောက်ဆုံးစကားလုံးမှာ မပြီးဆုံးလိုက်ဘဲ လက်နှစ်ဖက်မှာ ပျော့ခွေကျသွားတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဟန်ကျိယုသည် သူကိုင်ထားသော မီးတုတ်ကို မည်

သည့်နေရာတွင် ချပစ်လိုက်သည်ပင် မသိတော့ပေ။

သို့သော် မိစ္ဆာဝိညာဉ်ဓား၏ အပြာရောင်မီးတောက်အောက်တွင် သူ၏ အလွန် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာကို ထင်ရှားစွာ မြင်တွေ့နေရဆဲပင်။

ထိုအချိန်တွင် ဝမ်ပင်း၏ အသံမှာ ထပ်မံ ထွက်ပေါ်လာသည်။

"အခုကော... ငါ့ရဲ့ မသေမျိုးဂိုဏ်းဆီ လာရတဲ့ မင်းရဲ့ ရည်ရွယ်ချက်ကို ပြောပြနိုင်ပြီလား"

All Chapters