← Chapters

မဟာကောင်းကင်သခင်၏ ဗျူဟာမြောက် နည်းလမ်းသုံးသွယ်

Vol. 12 Ch. 1111

မဟာကောင်းကင်သခင်၏ ဗျူဟာမြောက် နည်းလမ်းသုံးသွယ်

Vol. 12 Ch. 1111

ပိုင်ရှောင်ချန်းက ဘာမှမပြော။ သူသည် ပလ္လင်ပေါ်တွင်ထိုင်ကာ မျက်နှာပေါ်တွင် အသိအမှတ်ပြုသော အရိပ်အယောင်တပိုင်းတစပါဝင်သည့် အပြုံးဖြင့် မဟာကောင်းကင်သခင်ကို ကြည့်နေသည်။

ပိုင်ရှောင်ချန်းသည် ထိုကျွမ်းကျင်မှုကို တစ်ခါမှ ပိုင်ဆိုင်ထားခဲ့ခြင်း မဟုတ်ဘဲ သူတော်စင်ဧကရာဇ်ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်းသည် သင်လွယ်တတ်လွယ်သော လူတစ်ယောက်ဖြစ်၍ သူ၏ဘဝတွင် အကျိုးအမြတ်များစွာရစေခဲ့၏။ သူက တစ်နည်းနည်းဖြင့် သူ့ထက် ထူးချွန်နေသော လူတစ်ယောက်ကို ရင်ဆိုင်ရလျှင် သူတို့၏ စရိုက်ကိုသော်လည်းကောင်း အပြုအမူကိုသော်လည်းကောင်း အတုယူတတ်သည်။

တကယ်တော့ သူသည် သရဲကြီးဘုရင် သို့မဟုတ် သူနှင့်ရင်းနှီးသော အခြားသူများနှင့် ရင်ဆိုင်ရပါက ငြိမ်ငြိမ်ထိုင်၍ ပြုံးနေနိုင်မည်မဟုတ်ပေ။ သို့သော် ဤသည်မှာ ရည်မှန်းချက်ကြီးပြီး အကြင်နာတရားခေါင်းပါးသော နိုင်ငံရေးရာဆရာတစ်ဆူ ၊ မဟာကောင်းကင်သခင် ဖြစ်လေသည်။ သူက ပထမဦးစွာ ကူညီရန် လာရောက်ခဲ့သော်လည်း စွမ်းအားကြီးသော ကျင့်ကြံခြင်းအခြေခံတစ်ခုတည်းဖြင့် သူ့ကို ဆက်လက်သိမ်းသွင်းရန် လုံလောက်မည်မဟုတ်ကြောင်း ပိုင်ရှောင်ချန်း သိသည်။

ထို့ကြောင့် သူက နွေးနွေးထွေးထွေးနှင့် စိတ်အားတက်ကြွသောအသွင်ဖြင့် ပြုံး၍ သူတော်စင်ဧကရာဇ်ကို ဝိုးတိုးဝါးတားအတုခိုးနေခြင်း ဖြစ်သည်။

မဟာကောင်းကင်သခင်က ထိုသည်ကို မြင်သောအခါ သူလည်း ပြုံးလိုက်၏။ ၄င်းက စိတ်လှုပ်ရှားသောသက်ပြင်းတစ်ချက် ကပ်ပါလာသည့် အပြုံးတစ်စ ဖြစ်သည်။ အစောပိုင်းက သူသည် သူ၏အစီအစဥ်ကို အာမခံပြီးဖြစ်သော်လည်း ယခုတွင် မှန်ကန်သောလုပ်ရပ်ဖြစ်သည်ဟု သေချာပေါက်ယုံကြည်သွားသည်။ သရဲကြီးဘုရင်နည်းတူ သူသည်လည်း ပိုင်ရှောင်ချန်း ရင့်ကျက်လာခဲ့ပြီဟု အမှန်စင်စစ် ခံစားလိုက်ရ၏။

သို့သော် ထိုအတွေး သူ့ခေါင်းထဲ ဝင်လာစဥ်မှာပင် သူက မသင့်တော်ကြောင်း သဘောပေါက်လိုက်သည်။ သူနှင့် ပိုင်ရှောင်ချန်းတွင် တင်းကြပ်သော တရားဝင် နိုင်ငံရေးရာပတ်သက်မှုရှိသည် မဟုတ်သော်လည်း ကျင့်ဝတ်နှင့်အညီ ပြုမူရန် လိုအပ်သေးသည်။ သူက ပိုင်ရှောင်ချန်းကို ကြီးပြင်းလာခဲ့သော ကလေးတစ်ယောက်အဖြစ်တွေးလျှင် တစ်နေ့တွင် အဓိကကပ်ဘေးကြီးတစ်ခုကို ဦးတည်သွားနိုင်သည်။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများပိတ်၍ ပြန်ဖွင့်လိုက်သည်တွင် လေးနက်ရိုးသားသော လေးစားမှုများသာ ကျန်ရှိနေတော့သည်။ သူက လက်ယှက်၍ ပိုင်ရှောင်ချန်းကို ဦးညွှတ်အရိုအသေပေးပြီးနောက် လေးနက်စွာ ဆက်ပြောလေသည်။

" ကောင်းကင်ဧကရာဇ်အနေနဲ့ ပထမဆုံးပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းဖြစ်တဲ့ ခိုင်မာတဲ့အုတ်မြစ်တည်ထောင်ဖို့ သော့ချက်က တကယ်တမ်း အင်မတန် ရိုးစင်းပါတယ်။ လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်တာဖြစ်ဖြစ်၊ နိုင်ငံရေးရာအသာစီးရယူတာပဲ ဖြစ်ဖြစ် ကျုပ် အရှင့်ကို အလွယ်တကူ ကူညီနိုင်ပါတယ် "

မဟာကောင်းကင်သခင် စကားပြောသည့်ပုံနှင့် သူ၏မျက်လုံးများထဲရှိ အသိဉာဏ်ကြွယ်ဝသော အလင်းအရ သူသည် သူပြောခဲ့သည့်တိုင်း လုပ်နိုင်ရာတွင် ယုံကြည့်ချက်အပြည့် ရှိပုံပေါ်သည်။

" အရိုးရှင်းဆုံးနည်းလမ်းက အရှင့်ရဲ့ ကောင်းကင်ဧကရာဇ်အဖြစ် လုပ်ပိုင်ခွင့်အာဏာကို ဆင့်ခေါ်ပြီး အခြေခိုင်မာခြင်းအဆင့်ကနေ နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ဒုတိယအင်မော်တယ်နယ်မြေမှာရှိတဲ့ မင်းမှုထမ်းအားလုံး လခ နှစ်ဆရမယ်ဆိုတဲ့ အမိန့်ထုတ်ပြန်ဖို့ပဲ။ ပြီးရင် ကုန်ကျစရိတ်တွေကို မြို့တော်က ပေးရလိမ့်မယ် “

" သက်တော်ရှည်ဝိညာဥ် လက်မခံရင် အဲဒါက လူထုဒေါသကို လှုံ့ဆော်လိုက်လိမ့်မယ်။ သူ သဘောတူရင် အရှင့်ရဲ့ ဂုဏ်သတင်း တက်လာမယ်။ သူတော့ ဘာလုပ်ရမလဲဆုံးဖြတ်ဖို့ သေချာပေါက် အခက်ကြုံမှာပဲ။ ဘာပဲဖြစ်ဖြစ် ငွေတွေက တကယ်တမ်း အရှင်ပိုင်တာ မဟုတ်ဘူး၊ ဒီအတိုင်း လက်လွှဲပေးလိုက်ရုံလေးပဲ မဟုတ်လား "

ပိုင်ရှောင်ချန်းက ဤသည်ကို ကြားသောအခါ သူ၏မျက်လုံးများ တောက်ပသွားသည်။ ၄င်းမှာ သေချာပေါက် ညှာတာမှုကင်းသော အကွက်တစ်ကွက် ဖြစ်သည်။ သူက လူအများ၏နှလုံးသားကို သိမ်းပိုက်ရန် အခြားလူတစ်ယောက်၏ ငွေကြေးကို အသုံးပြုနိုင်ပြီး သူ၏ပြိုင်ဘက်ကို ဆုပ်လည်းဆူး၊ စားလည်းရူးဖြစ်သွားစေမည်။ ၄င်းမှာ သူ၏ စွပ်စွဲချက်တိုက်ပွဲကဲ့သို့ ရက်စက်သောအကြံအစည်တစ်ခု ဖြစ်ပေသည်။

" ပြောခဲ့သလိုပဲ ကောင်းကင်ဧကရာဇ် ဒီနေရာမှာ အုတ်မြစ်ချတာက တကယ်တမ်း တန်ဖိုးမရှိဘူးလို့ ကျုပ် ခံစားရတယ်။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်နဲ့ အရမ်းနီးကပ်နေတော့ အရှင် ဘယ်လောက်အခွင့်အရေးရရ သက်တော်ရှည်ဝိညာဥ်က ဥပဒေကို လျစ်လျူရှူပြီး အရှင့်ကို တိုက်ရိုက် တိုက်ခိုက်ဖို့ နည်းလမ်း အမြဲရှာနိုင်တယ် “

" ကံကောင်းထောက်မတာက အရှင့်ရဲ့ ကျင့်ကြံခြင်းအခြေခံကြောင့် အသေးအဖွဲ့အကြံအစည်၊ မသမာမှုတွေကနေ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ဒါက အရှင့်ရဲ့ အကြီးမားဆုံး အားသာချက်တွေလည်း ဖြစ်တယ် “

" ဒါကြောင့် အရှင် ဘာလုပ်ချင်တယ်ဆိုတာနဲ့ပတ်သက်ပြီး သေသေချာချာ တွေးဖို့ ကျုပ် တောင်းဆိုချင်တယ်။ ကျုပ်တို့ရဲ့ ပန်းတိုင်အစစ်က ဒီမှာ အုတ်မြစ်ချဖို့တင် မဟုတ်ဘူး။ ကျုပ်တို့ အရှင့်ရဲ့နေရာကို အခွင့်ကောင်းယူပြီး အနာဂတ်အတွက် အစီအစဥ်တွေ ချရမှာ။ ကျုပ်တို့ အကျိုးအမြတ်ရှိတဲ့တစ်ခုခုကို သေချာဆုပ်ကိုင်ထားရမယ်။ ဥပမာ ... အခု သူတော်စင်ဧကရာဇ်နိုင်ငံတော်နဲ့ မသက်ဆိုင်တော့တဲ့ ဒီအင်မော်တယ်နယ်မြေရဲ့ မြောက်ပိုင်း ... "

ဤအချိန်တွင် သူက ပိုင်ရှောင်ချန်းကို အဓိပ္ပါယ်ပါပါကြည့်လိုက်လေသည်။

ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ် ယခုလေးတင် ပြောခဲ့သော ဝိုးတိုးဝါးတားစကားလုံးများအကြောင်း တွေးကြည့်သော်လည်း အပြည့်အဝ နားမလည်သေးပေ။ သို့သော် သူသည် သူတို့၏ ပန်းတိုင်အစစ်အမှန်က ... မြောက်ပိုင်းဖြစ်သင့်သည့်အချက်ကိုတော့ သဘောပေါက်လေသည်။

" အမည်ခံအာဏထက် ပိုရအောင်ယူရမယ် "

သူက ပြောသည်။

မဟာကောင်းကင်သခင်က ပြုံးပြီး ပိုင်ရှောင်ချန်းကို ထပ်မံဦးညွှတ်ပြန်သည်။

" အသေးစိတ်ထပ်မခွဲခြမ်းခင် ကျုပ်ကို စောစောက ပြောခဲ့တဲ့ ဒုတိယပြဿနာကို တင်ပြခွင့်ပေးပါအရှင်။ အင်ပါယာနိုင်ငံတော်နှစ်နိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကြောင့် ကောင်းကင်တံတားသားတွေ သဟဇယတမဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းတစ်ခုတည်းပဲရှိတယ်။ အဲဒါက ... လွတ်လပ်ရေးရရှိဖို့ပဲ “

" ကျုပ်တို့ လိုအပ်သမျှက အဲဒါပဲ ။ ကျုပ်တို့ တခြားနိုင်ငံနှစ်နိုင်ငံက ထာဝရနယ်မြေတွေကို အညီအမျှခွဲစရာလဲ မလိုဘူး။ ကျုပ်တို့က ကောင်းကင်တံတားသားတွေ စုဝေးဖို့ နေရာတစ်နေရာလေးပဲလိုတာ “

"ဒါပေမဲ့ အရှင်က အဲဒီပန်းတိုင်ရဲ့ အရိပ်အမြွက်နည်းနည်းလေးပဲ ပြရင်တောင်မှ သေချာပေါက် ကပ်ဘေးဆိုက်လိမ့်မယ်။ ဝမ်းနည်းဖို့ကောင်းတာက ကျုပ်တို့ လွတ်လပ်ရေးမရတဲ့နေ့ရက်တွေ ကုန်လွန်လာလေလေ ကျုပ်တို့နေရာ ပိုအားနည်းလာလေလေပဲ “

" ဒါကြောင့် ပထမပြဿနာအကြောင်း ပြန်သွားကြည့်မယ်။ အဲဒီတစ်ခုကို အရှင် ဖြေရှင်းနိုင်ရင် ကျုပ်တို့ ကြီးကြီးမားမားတိုးတက်မယ်။ အဲဒီအချိန်ကျရင် ကျုပ်တို့ လွပ်လပ်ရေးဆုပ်ကိုင်နိုင်ဖို့ တစ်ခုခုကို အလွယ်တကူလုပ်နိုင်တယ် “

" ဒါ့အပြင် သူတော်စင်ဧကရာဇ်ရဲ့ သံသယတွေ နိုးကြားလာတာကို ရှောင်ရှားဖို့ ကျုပ်တို့ နိုင်ငံလွတ်လပ်ရေးတင်မဟုတ်ဘဲ ဘဏ္ဍာလွတ်လပ်ရေးကိုလဲ ကြိုးပမ်းသင့်တယ်လို့ ယုံကြည်တယ် “

" သူတော်စင်ဧကရာဇ်က စီရင်စုတစ်စု ပါသွားရင်တောင် ဘယ်လိုမှစိတ်ထဲထားမှာ မဟုတ်ဘူး "

မဟာကောင်းကင်သခင်၏ မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသော ခပ်ယဲ့ယဲ့အပြုံးတစ်စကို မြင်နိုင်လေသည်။ သူ့အတွက် ၄င်းမှာ သူတစ်ယောက်တည်း ကမ္ဘာကြီးကို လှုပ်ရမ်းပစ်ခဲ့သည့် ဗဟိုဧကရာဇ်နိုင်ငံတော်က နေ့ရက်များအလား ဖြစ်နေတော့သည်။

" ကျုပ်ပြောခဲ့တဲ့ တတိယပြဿနာအရတော့ ကျုပ်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာ လေးစားမှုက အရေးကြီးတယ်။ တစ်နေ့ အရှင်သာ လောကနတ်ဘုရားတစ်ပါးဖြစ်လာနိုင်ရင် ကျုပ်တို့ ပြဿနာတွေက ဖြေရှင်းရ ပိုလွယ်သွားလိမ့်မယ်။ ဒါကြောင့် ကျုပ်တို့ အကွက်ရွှေ့ဖို့ အဲဒီနေ့ကို စောင့်ဖို့ မျှော်လင့်ပါတယ်။ အရှင် လောကနတ်ဘုရားတစ်ပါး ဖြစ်တာနဲ့ အရှင် အောင်မြင်ဖို့ လိုအပ်တဲ့ အာဏာကို ရလိမ့်မယ် "

ထို့နောက် မဟာကောင်းကင်သခင်က နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ လက်ယှက်ကာ ဦးညွှတ်လိုက်သည်။

" ကောင်းကင်ဧကရာဇ် ခင်ဗျား ကျုပ်အစီအစဥ်ကို အသိအမှတ်ပြုရင် ကျုပ်ကို ကျစ်လန်စီရင်စုမှာ လက်ထောက်ဆရာကြီးအဖြစ် ခန့်အပ်ပေးပါ။ သူတော်စင်ဧကရာဇ်နိုင်ငံ ထိန်းချုပ်တဲ့ စီရင်စု ဆယ့်တစ်စုလုံးမှာ ကျစ်လန်စီရင်စုက မြောက်ပိုင်းနဲ့အနီးဆုံးဖြစ်တာကြောင့် နှစ်နိုင်ငံကြားမှာ ကြားခံနယ်မြေတစ်ခုအဖြစ် ဆောင်ရွက်ဖို့ အသင့်တော်ဆုံးစီရင်စုလဲ ဖြစ်ပါတယ် “

" အဲဒါက စစ်တပ်တွေ လိုအပ်ရင် မြောက်ဘက်ချီတက်နိုင်တဲ့ စီရင်စုတစ်စု၊ ရန်သူ့နယ်မြေထဲက ခံတပ်လိုပဲ။ ကျုပ် အဲဒီမှာ အုပ်ချုပ်တဲ့ နတ်အဆင့်ကျင့်ကြံသူတွေကို သေသေချာချာ လေ့လာပြီးသွားပြီ။ သူတို့နဲ့ အတူတူအလုပ်လုပ်ဖို့ ယုံကြည်ချက်ရှိတယ်။ သုံးလအတွင်း အဲဒီစီရင်စု သူတော်စင်ဧကရာဇ်နိုင်ငံတော်နဲ့ အမည်အရပဲ သက်ဆိုင်စေရမယ်။ ကျုပ်တို့က အဲဒါကို တကယ် ထိန်းချုပ်တဲ့ လူတွေဖြစ်လိမ့်မယ် "

မဟာကောင်းကင်သခင်သည် သူ၏အစီစဥ်အတွက် ယုံကြည်ချက်ရှိပုံပေါ်၏။

ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခုပေါ်လာသည်။ မဟာကောင်းကင်သခင် ပြောခဲ့သမျှအားလုံးနီးပါးက ကျိုးကြောင်းညီညွတ်သော်လည်း နောက်ဆုံးအပိုင်းက ယုံကြည်စိတ်အချရဆုံးပုံပေါ်သည်။ ရုပ်သေးရုပ် အုပ်ချုပ်သူတစ်ယောက်ကို ကြိုးကိုင်ခြယ်လှယ်ခြင်းအရာတွင် မဟာကောင်းကင်သခင်သည် ထာဝရအင်မော်တယ်နယ်မြေများထဲ၌ ဒုတိယအကောင်းဆုံးဟုခေါ်ခံရလျှင် ပထမနေရာကို မည်သူမှ သိမ်းပိုက်နိုင်မည်မဟုတ်တော့ပေ။

ခဏကြာတွေးပြီးနောက် ပိုင်ရှောင်ချန်းက ခေါင်းညိတ်ပြီးပြောသည်။

" လုပ်ကြတာပေါ့"

သူ ထိုသို့ပြောလိုက်သည်တွင် မဟာကောင်းကင်သခင်က ပြုံးပြီး ဦးညွှတ်ရာမှ ပြန်မော့လိုက်သည်။ တစ်ဆက်တည်းမှာပင် ပိုင်ရှောင်ချန်းက မဟာကောင်းကင်သခင်အတွက် လိုအပ်သောပြင်ဆင်မှုများပြုလုပ်ရန် ကောင်းကင်ဧကရာဇ်အဖြစ် သူ၏လုပ်ပိုင်ခွင့်အာဏာကို အသုံးချလိုက်လေသည်။ ယခင်က ၄င်းသည် သိပ်လွယ်ကူမည်မဟုတ်သော်လည်း ယခုတွင် မြို့တော်ရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူအပေါင်းက ပိုင်ရှောင်ချန်းကို ကြောက်ကြပြီး သူ စိတ်ကွက်အောင် လုပ်မိမည်ကို စိုးရွံ့လေသည်။ ထို့ကြောင့် သူ၏တောင်းဆိုမှုများအားလုံး လျင်မြန်စွာ ဖြည့်ဆည်းခံလိုက်ရလေသည်။

အံ့အားသင့်ဖွယ်ကောင်းစွာ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်ကလည်း ဝင်ရောက်မစွက်ဖက်ပေ။ ကြည့်ရသရွေ့ သူသည် သူ၏အလှဲသိပ်လက်သီးချက် ထိုးနှက်ရန် အချိန်ကောင်း စောင့်နေပုံရသည်။

ရက်အနည်းငယ်ကြာသော် မဟာကောင်းကင်သခင်သည် သူ၏တရားဝင်ရာထူးခန့်အပ်ခြင်း ရရှိသွားပြီး ကျစ်လန် စီရင်စုအတွက် ထွက်ခွာသွားသည်။ မထွက်ခွာခင် သူက ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် လုပ်မည့်အရာများနှင့် ပတ်သက်သော သူ၏ခန်မှန်းချက်များအပေါ် အခြေခံ၍ ပိုင်ရှောင်ချန်းကို အကြံအချို့ လျှောက်လဲသွား၏။

ပိုင်ရှောင်ချန်းက အကြံကို စဥ်းစားပြီး မဟာကောင်းကင်သခင် ထွက်ခွာသွားပြီးနောက် ငြိမ်ငြိမ်လေးထိုင်နေ၍ မဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူက လက်သီးဆုပ်၍ ပြော၏။

" ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ် အကွက်ရွှေ့မှာကို ထိုင်စောင့်နေလို့မဖြစ်ဘူး။ သူ အပေးအယူလုပ်အောင် ငါ ဖိအားပေးရမယ် "

သူက ဆုံးဖြတ်ချက်ချပြီးနောက် လှုပ်ရှားတော့သည်။ ပထမဆုံး သူလုပ်သည့်အရာမှာ မဟာကောင်းကင်သခင် ချမှတ်ခဲ့သော ရက်စက်သည့်အစီအစဥ်ကို လိုက်နာခြင်းပင်။

သူက ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ပြီး အမှန်တွင် သူ၏ကိုယ်ပိုင်အဖြစ် တိုက်ရိုက်လက်အောက်ငယ်သားတစ်ယောက်တလေမှ မရှိသော်လည်း သတင်းတစ်ခုခု ပျံ့နှံ့အောင်လုပ်ရန် မခက်ခဲပေ။ မကြာမီ ဒုတိယအင်မော်တယ်နယ်မြေရှိ လူတိုင်းသည် တူညီသော ကောလဟာလအား ပြောလာကြတော့သည်။

" မင်းကြားလား။ ကောင်းကင်တံတားဘုရင်က ဒုတိယအင်မော်တယ်နယ်မြေက ကျင့်ကြံသူတိုင်းရဲ့ လစာနှစ်ဆတိုးပေးဖို့ အကြံပြုခဲ့တယ်တဲ့ "

" မင်းမေဘ … ဒါဆို ဒုတိယအင်မော်တယ်နယ်မြေက ကုန်ကျစရိတ်တွေ တဟုန်ထိုးတက်သွားမှာပဲ။ ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်က ဘယ်နည်းနဲ့မှ သဘောမတူလောက်ဘူး ဟုတ်တယ်မလား "

" ဒါသာ တကယ်ဖြစ်လာရင် ကျုပ်တော့ ကောင်းကင်တံတားဘုရင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ကြောင်း လျှောက်တင်ဦးမှာ "

စကားများကာ လေမုန်တိုင်းအလား အလွန်လျင်မြန်စွာ ပျံ့နှံ့သွားသည်။ လူတချို့က ၄င်းကို နှိမ်နင်းရန်ကြိုးစားသော်လည်း မဖြစ်နိုင်ပေ။

ကောလဟာလများအား နှိမ်နင်းရန် ကြိုးစားသည့် မည်သူမဆို သံသယအဝင်ခံရမည်ဖြစ်၏။ ၄င်းမှာ လူတိုင်းအကျိုးအမြတ်များစေမည့် ကိစ္စတစ်ရပ်ဖြစ်သည် မဟုတ်ပါလော။

မြို့တော်ရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများမှာ အတော်လေးထိတ်လန့်သွား၏။ သို့သော် ဤသည်က မြို့စားကျစ်လင်ကိစ္စထက်ပင် ပို၍ ဗြောင်ကျသော အကွက်တစ်ကွက်ဖြစ်သောကြောက့် တစ်ယောက်မှ ဘာမှမပြောဝံ့ပေ။

ကောင်းကင်ဧကရာဇ်သက်တော်ရှည်ဝိညာဥ်က ထိုသတင်းကိုကြားသောအခါ ဒေါသများဆူပွက်လာပြီး ပေါက်ကွဲလုနီးပါးဖြစ်သွားတော့သည်။ မဟာကောင်းကင်သခင်ပြောခဲ့သည့်အတိုင်း သက်တော်ရှည်ဝိညာဥ်မှာ သဘောတူတူ၊ မတူတူ အရေးနိမ့်နေမည် ဖြစ်သည်။

" သောက်ခွေးကောင် ပိုင်ရှောင်ချန်း "

မြို့တော်ရှိ နောက်ထပ် တရားဝင်နိုင်ငံရေးရာ တွေ့ဆုံပွဲ အချိန်ကျရောက်လာသောအခါ ပိုင်ရှောင်ချန်းက ထိုကိစ္စကို အေးအေးဆေးဆေး ပေါ်တင်အဆိုပြုတော့သည်။

All Chapters