အခန်း (၁၀၁-၁၀၂)
Vol. 11 Ch. 101-102
အခန်း (၁၀၁)
ရွှီချင်းရှန်ကတော့ အိမ်မှာ အေးအေးဆေးဆေး ထိုင်နေတုန်း မမျှော်လင့်ဘဲ ဘေးဒုက္ခ ရောက်လာတာပဲ။
ခြေသံတွေ တဖြည်းဖြည်း မြန်လာပြီး သူ ဘာမှတောင် မစဉ်းစားရသေးခင်မှာပဲ လူတစ်စုက သူ့ရှေ့ကို ရောက်လာကြတယ်။ ခြံထဲမှာတော့ နျိုးနျိုးက လန့်ပြီး အော်ငိုနေသလို မုဆိုးမရွှီကလည်း သမီးကို ပွေ့ပြီး တစ်ကိုယ်လုံး တုန်နေတာပေါ့။
သူမက တစ်ခုခု မှားနေပြီဆိုတာ ရိပ်မိလို့ လူတွေ ရှုပ်နေတုန်း သမီးလေးကို ပွေ့ပြီး နောက်ဖေး ဟင်းရွက်ခင်းကနေ တိတ်တိတ်လေး ထွက်ပြေးသွားခဲ့တယ်။
"ဒါ ဘာဖြစ်ကြတာလဲ"
ရွှီချင်းရှန်က မျက်လုံးလေး မှေးပြီး လူတွေကို ကြည့်ရင်း ဘာမှန်းမသိ ဖြစ်နေတာလေ။
သူက တစ်ဖက်လူတွေကို ကြည့်နေတုန်း ရွာသားတွေကလည်း သူ့ကို ပြန်ကြည့်နေကြတယ်။ တချို့က ရွှီချင်းရှန်ကို မတွေ့တာ ကြာပြီဆိုတော့ အခုလို ဖြစ်သွားမယ်လို့ မထင်ထားခဲ့ကြဘူး။
အရင်ကတော့ ဝဝတုတ်တုတ်နဲ့ သန့်သန့်ပြန့်ပြန့် ရှိခဲ့တာလေ၊ ပညာတတ်ဆိုတော့ ရွာသားတွေနဲ့တောင် မတူသလိုပဲ။ အခုတော့ တစ်ကိုယ်လုံး ပိန်ချောင်ပြီး မျက်နှာကလည်း ဝါဖတ်နေတာပဲ။ မျက်နှာနဲ့ လည်ပင်းမှာ လက်သည်းခွံလောက်ရှိတဲ့ ခရမ်းရောင် အမာရွတ်တွေ အများကြီး ရှိနေတယ်။ အရင်က မှဲ့ခြောက်တွေလိုမျိုး ပေါက်ပြီး အခု အဲဒီအနာတွေ ကွာကျသွားလို့ ကျန်ခဲ့တဲ့ အမာရွတ်တွေနဲ့ တူနေတာပေါ့။
ဒါပေမဲ့ သူ့မျက်နှာပေါ်က တခြားနေရာတွေကို ကြည့်လိုက်ရင်တော့ ဒါဟာ ရိုးရိုးအနာ မဟုတ်မှန်း သိသာတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာတွေမှာ အနာစိမ်းတွေ ပေါက်နေပြီး အဲဒီအနာတွေက ခရမ်းရောင်သမ်းကာ ပြည်ပုပ်တွေ ထွက်နေတာကိုး၊ ကြည့်ရတာ တကယ့်ကို ရွံစရာကောင်းနေတာလေ။
ရွာသားတော်တော်များများက နှာခေါင်းကို အုပ်လိုက်ကြတယ်။ တစ်ယောက်က အုပ်လိုက်တော့ ကျန်တဲ့သူတွေလည်း အကုန်လိုက်အုပ်ကြတာပေါ့။ ရှေ့ဆုံးမှာရှိတဲ့ ရွာသူကြီးကျန့်နဲ့ ရွှီမျိုးနွယ်စုခေါင်းဆောင်တောင် နှာခေါင်းကို အုပ်ထားရတယ်။
ရွှီချင်းရှန်က မျိုးနွယ်စုကနေ အနှင်ခံထားရပေမဲ့ ရွှီမျိုးရိုးသွေး ပါနေသေးတာဆိုတော့ ရွာသူကြီးက လူတွေခေါ်မလာခင်မှာ မျိုးနွယ်စုခေါင်းဆောင်ကို အရင်အသိပေးခဲ့တာလေ။ ဒါပေမဲ့ အခု အခြေအနေကို ကြည့်လိုက်ရင်တော့ ရွှီမျိုးနွယ်စုဝင်တွေကိုယ်တိုင်က သူ့ကို ရွံနေကြပြီပေါ့။
"အစ်ကိုရွှီ... ကြည့်ရတာတော့ ဒါဟာ ကာလသားရောဂါနဲ့ တကယ်ကို တူနေပြီ"
မျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာက တောင့်တင်းနေတာပဲ။ "ဟုတ်မဟုတ်ဆိုတာတော့ ရုံးတော်ကလူတွေ လာရင် သိရမှာပေါ့။ တကယ်သာ ဟုတ်နေရင်တော့ ဥပဒေအတိုင်းပဲ လုပ်ရမှာပဲ။ သူက မျိုးနွယ်စုစာရင်းကနေ ပြတ်ပြီးသားပဲလေ။ စာရင်းမှာ ရှိနေရင်တောင် ငါတို့ ရွှီမျိုးနွယ်က ဘက်လိုက်မှာ မဟုတ်ဘူး"
ရွာသူကြီးကျန့်က ပြုံးလိုက်တယ်။ "အစ်ကိုရွှီက အဲဒီလို ပြောမှတော့ ငါ့အလုပ်ကလည်း မခက်တော့ပါဘူး" သူက လူတွေကို အမိန့်ပေးလိုက်တယ် "လူအချို့သွားပြီး တံခါးတွေ ပြတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ ရိုက်ပိတ်လိုက်ကြ။ ထမင်းကျွေးဖို့ နေရာလေးပဲ ချန်ထား။ ကျန်တာတော့ ရုံးတော်ကလူတွေ လာမှပဲ ဆက်လုပ်ကြတာပေါ့"
လူအုပ်ကြီးက ဒီလှိုင်းလိုပဲ ပြန်ထွက်သွားကြတယ်။ ရွှီချင်းရှန်ကတော့ ကြောင်အပြီး ကျန်ခဲ့တာပေါ့။ လူတွေက တံခါးတွေကို သစ်သားပြားတွေနဲ့ ဒုန်းဒုန်းဒုန်းဆိုပြီး ရိုက်ပိတ်နေတဲ့ အသံကြားမှ သူ ဘာဖြစ်နေလဲဆိုတာကို သတိဝင်လာတာလေ။
"ကာလသားရောဂါ"
သူ အိပ်ရာပေါ်ကနေ ဝုန်းခနဲ ပြုတ်ကျသွားပြီး နာတာကိုတောင် ဂရုမစိုက်ဘဲ တံခါးကို အတင်းပြေးတွန်းတာပေါ့။ "တံခါးဖွင့်ပေးကြပါဦး၊ ငါ့မှာ အဲဒီရောဂါ မရှိပါဘူး။ ငါက အနာစိမ်းတွေ ပေါက်နေရုံတင်ပါ၊ ငါ့ကို အပြင်လွှတ်ပေးကြပါဦး..."
101 02
ဘယ်သူမှ သူ့ကို အဖတ်မလုပ်ပါဘူး။ အခန်းထဲမှာ မှောင်အတိ ကျသွားပြီး အလင်းရောင်တွေ အကုန် ပျောက်ကွယ်သွားခဲ့တယ်။ အပြင်က လူတွေလည်း ထွက်သွားကြပြီဆိုတော့ ဒီနေရာက သင်္ချိုင်းတစ်ခုလိုပဲ ဖြစ်နေတာလေ။
ရွှီချင်းရှန်က တစ်သက်မှာ အခုလိုမျိုး တစ်ခါမှ မကြောက်ဖူးဘူး။ တံခါးကို အတင်းထုနေပေမဲ့လည်း ဘာမှ မထူးပါဘူး။
ခြံပြင်မှာတော့ လူတွေ ပြန်ဖို့ပြင်နေတုန်း အဘွားကျောက်က အဝေးကနေ ငိုပြီး ပြေးလာခဲ့တယ်။
"ငါ့သားကို မပိတ်ထားကြပါနဲ့။ သူက အနာစိမ်းပေါက်တာပါ၊ အဲဒီလို ညစ်ပတ်တဲ့ရောဂါ ဖြစ်တာ မဟုတ်ပါဘူး"
သူမက အထဲကို ဇွတ်ဝင်ဖို့ ကြိုးစားပေမဲ့ ရွာသားတွေက တားထားကြတယ်။ "အဒေါ်ကြီး... ဝင်ပြီး ရှုပ်မနေပါနဲ့တော့"
အဘွားကျောက်က အလျှော့မပေးပါဘူး "ငါ့သားကြီးက ဘယ်လိုလုပ် အဲဒီရောဂါ ဖြစ်မှာလဲ။ ငါ နေ့တိုင်း သူ့ဆီ လာနေတာပဲ၊ တကယ်သာ ဖြစ်နေရင် ငါ့ကိုလည်း ကူးနေမှာပေါ့"
ဘေးနားက အဘိုးရွှီခမျာ သူမရဲ့ပါးစပ်ကို ပိတ်ဖို့ ကြိုးစားပေမဲ့ မရပါဘူး၊ ချွေးတွေတောင် ပြန်နေရှာပြီ။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ တစ်ယောက်က မေးတယ်။ "အဒေါ်ကြီး... ဒါကို ဘာလို့ အစောကြီးကတည်းက မပြောတာလဲ"
"ဟုတ်တယ်လေ၊ တကယ်လို့ အဒေါ်ကြီးကနေတစ်ဆင့် ငါတို့အားလုံးကို ကူးကုန်ရင် ဘယ်လိုလုပ်မလဲ"
လူတွေက တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြပြီး ရွာသူကြီးကျန့်ကို လှမ်းခေါ်ကြတယ်။
ရွာသူကြီးကျန့်က မျိုးနွယ်စုခေါင်းဆောင်နဲ့ ရွာသားအချို့ကို စကားပြောနေတုန်း ဘာဖြစ်လဲဆိုတာ ကြားလိုက်ရတော့ ဟောက်လိုက်တယ်။ "ဘာတွေ အော်နေကြတာလဲ၊ အရင်ဆုံး လူတွေကို ပိတ်ထားဖို့ပဲ လုပ်ကြစမ်း"
မျိုးနွယ်စုခေါင်းဆောင်ရဲ့ မျက်နှာကလည်း ကြည့်မကောင်းတော့ပေမဲ့ ဘာမှတော့ ပြန်မပြောပါဘူး။
ရွာသားတစ်ယောက်က အဘွားကျောက်ကို အဝေးကနေ လှမ်းပြောတယ်။ "အဒေါ်ကြီး... လျှောက်မလုပ်ပါနဲ့တော့။ အရင်ဆုံး နေစရာ နေရာတစ်ခုရှာပြီး နေနေဦး၊ ရုံးတော်ကလူတွေ လာမှပဲ ဆက်ပြောကြတာပေါ့"
"အဘိုးရွှီ... အဘိုးရဲ့ ဇနီးကို သေသေချာချာ ထိန်းပါဦး၊ ဒါက နောက်စရာ ကိစ္စမဟုတ်ဘူး"
"ဟုတ်တယ် အဘိုးရွှီ၊ အဘွားကျောက်ကို အရင်ဆုံး သီးသန့်ခွဲထားဖို့ နေရာရှာပါဦး။ အရင်ကလည်း ရွာထဲမှာ လူတွေကို ခွဲထားခဲ့တာပဲ၊ ဒါက ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ဘူး။ အဘိုးက လူကြီးပဲ၊ အခြေအနေကို နားလည်ပေးပါ၊ ငါတို့ကို အလုပ်မရှုပ်ပါစေနဲ့"
စကားတွေက ဒီလောက်အထိ ဖြစ်ကုန်တော့ အဘိုးရွှီလည်း ဘာပြောနိုင်မှာလဲ၊ အဘွားကျောက်ကို အိမ်ပြန်ခေါ်ပြီး ပိတ်ထားပါ့မယ်လို့ပဲ အားနာနာနဲ့ ပြန်ပြောလိုက်ရတယ်။
"အဘွားကျောက်တင် မဟုတ်ဘူးနော်၊ အဘိုးတို့ အိမ်က လူကုန်ပါပဲ။ ဘယ်သူ့ဆီ ကူးနေပြီလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ" လူအုပ်ထဲက တစ်ယောက်က ထအော်လိုက်တယ်။
အားလုံး ပြန်ငြိမ်သွားပြီး ရွာသားတွေက အဘိုးရွှီကိုရော၊ မျိုးနွယ်စုခေါင်းဆောင်ကိုရော စိုက်ကြည့်နေကြတယ်။
101 03
အဘိုးရွှီရဲ့မျက်နှာက နီရဲနေပြီး ပြောလိုက်ရတယ်။ "ကောင်းပြီ... ငါတို့ အခုပဲ အိမ်ပြန်ပြီး အပြင်မထွက်ဘဲ နေပါ့မယ်"
မျိုးနွယ်စုခေါင်းဆောင်က လူအုပ်ထဲက ထွက်လာပြီး အဘိုးရွှီကို နှစ်သိမ့်စကား ပြောလိုက်တယ်။ "ဒါမှ ဟုတ်မှာပေါ့။ အဘိုးရွှီက အခြေအနေကို နားလည်ပေးတာပဲ။ အားလုံးကလည်း အဘိုးရွှီကို အတုယူကြ၊ အများအကျိုးကို ကြည့်ရမှာပဲ။ ကဲ... မြန်မြန် ပြန်ကြတော့၊ အစစ်က အတုမဖြစ်နိုင်သလို အတုကလည်း အစစ်မဖြစ်နိုင်ပါဘူး" နောက်ဆုံးစကားကတော့ အဘိုးရွှီကို သီးသန့်ပြောလိုက်တာပေါ့။
မျိုးနွယ်စုခေါင်းဆောင်က အဲဒီလို ပြောလိုက်တော့မှ ရွာသားတွေလည်း စိတ်သက်သာရာ ရသွားကြပြီး တစ်ယောက်ကလည်း ဝင်ပြောလာတယ်။
"ရက်အနည်းငယ်ပဲလေ၊ ရွာသားအားလုံးအတွက်ပဲ။ ရုံးတော်ကလူတွေ လာစစ်ပြီးလို့ ဘာမှမရှိရင်တော့ အဆင်ပြေသွားမှာပါ"
"ဟုတ်ပါ့၊ မျိုးနွယ်စုခေါင်းဆောင်ကတော့ တကယ်ကို စိတ်ထားပြည့်ဝတာပဲ၊ အလုပ်လုပ်ပုံကလည်း ပြောစရာ မရှိဘူး"
အားလုံးက ချီးကျူးနေကြပေမဲ့ ရွှီမျိုးနွယ်စုအတွက်ကတော့ အရှက်ရစရာ ဖြစ်ခဲ့တာပေါ့။
အဘိုးရွှီတို့ အဘွားကျောက်ကို ခေါ်ပြီး ပြန်သွားတဲ့အပြင် နောက်ထပ်လူတွေကလည်း မုဆိုးမရွှီနဲ့ ကကလေး ဘယ်ရောက်သွားလဲလို့ လိုက်မေးကြတယ်။ မုဆိုးမရွှီက ရွှီချင်းရှန်နဲ့ အတူနေတာဆိုတော့ သူမဆီမှာလည်း ရောဂါရှိနေမှာ သေချာသလောက်ပဲလေ။
ရွာသားတွေက အိမ်ရှေ့အိမ်နောက် လိုက်ရှာကြပေမဲ့ မုဆိုးမရွှီကို ရှာမတွေ့ပါဘူး။ အဲဒီအချိန်မှာ တစ်ယောက်က သတိရသွားပြီး ခုနက ဝင်လာတုန်းက သူမကို မြင်လိုက်သေးတယ်၊ သူမက အခြေအနေ မကောင်းတာ သိလို့ ထွက်ပြေးသွားတာလားလို့ ပြောကြတာပေါ့။ ဒါပေမဲ့ သူမက နို့စို့ကလေးတစ်ယောက်နဲ့ ဘယ်ကို ပြေးနိုင်မှာလဲ။
ရွာသူကြီးကျန့်က ဒီကိစ္စကို အလေးထားပြီး လူတွေကို ခွဲပြီး လိုက်ရှာခိုင်းလိုက်တယ်။ မုဆိုးမရွှီကို သေချာပေါက် ရှာတွေ့အောင် လုပ်ရမှာကိုး။
အဘိုးရွှီနဲ့ အဘွားကျောက်တင် မဟုတ်ဘဲ ရွှီမိသားစုရဲ့ တခြားအိမ်ထောင်စုတွေကိုလည်း အိမ်ပြန်ခေါ်လာကြတယ်။
ရွာသားတွေက အတိအလင်း မပြောပေမဲ့ အဘွားကျောက်နဲ့ အတူနေကြတာဆိုတော့ အကုန်လုံးကို သတိထားနေကြတော့တယ်။
ရွာသားတွေ ထွက်သွားတော့ အိမ်ထဲမှာ တိတ်ဆိတ်သွားခဲ့တယ်။
အဒေါ်စွန်းက မျက်နှာဖြူလျော်နေပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ရွှီချင်းဟွိုင်က သူမကို ဆွဲခေါ်သွားတာကြောင့် နှစ်ယောက်သား အခန်းထဲ ပြန်ဝင်သွားကြတယ်။
တခြားသူတွေလည်း အသီးသီး ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်သွားကြပြီး ရွှီမိသားစုတစ်ခုလုံးဟာ စိတ်မကောင်းစရာအရိပ်တွေအောက်မှာ ရောက်နေခဲ့တယ်။
ကျောက်အာလည်း ရင်ထဲမှာ မအေးမမြ ဖြစ်နေတယ်။ သူမက ပိုပြီး စဉ်းစားမိတယ်။ အဘွားကျောက်နဲ့ တစ်အိမ်တည်း နေတာတင်မကဘဲ အရင်က အဘွားကျောက်က တောင်ပေါ်ကို ခဏခဏ လာပြီး ထမင်းစားတတ်တာကိုး။ ကျေးလက်ကလူတွေက ထမင်းစားရင် ဇွန်းတွေ၊ တူတွေ သီးသန့် သုံးတာမှ မဟုတ်တာ၊ အကယ်၍ အဘွားကျောက်မှာ ရောဂါရှိနေရင် တခြားသူတွေလည်း လွတ်မှာ မဟုတ်ဘူးလေ။
ရွှီထင်းရှန်းက သူမ ဘာတွေးနေလဲ သိပုံရပြီး လက်ကို အသာအယာ ပုတ်ကာ နှစ်သိမ့်ပေးခဲ့တယ်။ "ကဲပါ... အများကြီး မတွေးပါနဲ့၊ ဘာမှ မဖြစ်စေရဘူး"
"နင်ကလည်း..."
"ဒီရောဂါက အလွယ်တကူ ကူးတာမှ မဟုတ်တာ။ ပြီးတော့ အရင်ကလည်း အဘွားကျောက် လာရင် သူမအတွက် သီးသန့် လုပ်ပေးတာပဲလေ၊ သူမ စားပြီးသွားမှ ငါတို့က အသစ်ပြန်ခတ်ပြီး စားကြတာ မဟုတ်ဘူးလား"
101 04
ဒါကတော့ အမှန်ပဲ။ အဘွားကျောက်က စားရင် အသားဟင်းတွေကိုပဲ ရွေးစားတတ်တာလေ။
ရွှီမိသားစုဝင်တွေတင် မဟုတ်ဘဲ ဝမ်ကျောက်တိနဲ့ ကောင်းရှန်တို့ သားအမိတွေလည်း ရှိနေတာဆိုတော့ အမြဲတမ်း ဒီလို အလုပ်ခံလို့ ဘယ်ဖြစ်ပါ့မလဲ။ ကျောက်အာကလည်း ဟင်းဖိုးကို နှမြောတဲ့သူ မဟုတ်တာကြောင့် အမြဲတမ်း နှစ်ပုံပုံပြီး ချက်ခိုင်းထားတာလေ။ အဘွားကျောက် စားပြီးသွားတော့မှ တခြားသူတွေက နောက်တစ်ပုံကို ထုတ်စားကြတာပေါ့။
ရွှီထင်းရှန်းရဲ့ နှစ်သိမ့်မှုကို ကြားရတော့မှ ကျောက်အာလည်း နည်းနည်း စိတ်အေးသွားခဲ့တယ်။
အိမ်ထဲမှာ အရမ်းတိတ်ဆိတ်နေတယ်လို့ ခံစားရတာကြောင့် သူမက တစ်ခုခု လုပ်ဖို့ စဉ်းစားပြီး အဝတ်အစားတွေ သွားလျှော်တာပေါ့။ ရွှီထင်းရှန်းကိုလည်း စာအုပ်တွေ ထုတ်ပေးပြီး စာဖတ်ခိုင်းထားခဲ့တယ်။ သူလည်း အလုပ်မရှိရင် အတွေးတွေ များနေမှာ စိုးလို့လေ။
ကျောက်အာ အပြင်ထွက်သွားတော့ အခန်းထဲမှာ ရွှီထင်းရှန်း တစ်ယောက်တည်း ကျန်ခဲ့တယ်။
သူ့လက်ထဲမှာ စာအုပ်ရှိနေပေမဲ့ မျက်လုံးတွေကတော့ မှောင်ကျနေတယ်။
အိပ်မက်ထဲမှာလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ လက်တွေ့ထက်စာရင် နည်းနည်းတော့ နောက်ကျခဲ့တယ်။ ရှဟယ်ရွာက ကူးစက်ရောဂါကနေ စပြီး ရွှီချင်းရှန်ဆီမှာ အဆုံးသတ်ခဲ့တာ အတူတူပါပဲ။
တကယ်တော့ ရွှီချင်းရှန်ဆီမှာ လက္ခဏာတွေ ရှိနေတာ ကြာပါပြီ။ အစတုန်းကတော့ အနာစိမ်းပေါက်တာလို့ပဲ အားလုံးက ထင်ခဲ့ကြတာပေါ့။ အဘွားကျောက်ကလည်း သမားတော်နဲ့ ပြဖူးတယ်လို့ ပြောပေမဲ့ ဘာမှ မထူးခြားခဲ့ဘူးလေ။ ရွှီချင်းရှန်ရဲ့ ကိုယ်ပေါ်က အနာတွေက ပျောက်လိုက်၊ ပြန်ပေါက်လိုက် ဖြစ်နေပေမဲ့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။
အဲဒီတုန်းက အိမ်ခွဲမနေကြသေးဘဲ အိုးတစ်လုံးတည်းနဲ့ စားနေကြတာ၊ ဒုတိယအိမ်ထောင်စု တစ်ခုပဲ သီးသန့် ခွဲစားတာပေါ့။ အကြီးဆုံးအိမ်ထောင်စုနဲ့ အဆင်မပြေတာကြောင့် ကျောက်အာကလည်း အနှိမ်မခံချင်တော့ ဒုတိယအိမ်ထောင်စုက သီးသန့်ပဲ ချက်စားခဲ့တာ။
အဲဒီအချိန်က သူနဲ့ ကျောက်အာကလည်း တစ်ယောက်က ကျောင်းမှာ၊ တစ်ယောက်က အပြင်က စီးပွားရေးတွေနဲ့ အလုပ်ရှုပ်နေကြတာ။ ဒါတောင်မှ သူတို့နှစ်ယောက်ပါ ဒီရောဂါ ကူးဖို့ နီးစပ်ခဲ့တာပေါ့။
ဒီကိစ္စ ဖြစ်တဲ့အချိန်မှာ သူက ချင်းဟယ်ကျောင်းတော်မှာ ရှိနေလို့ ဘာမှမသိခဲ့ဘူး။ သတင်းရလို့ ပြန်လာတဲ့အချိန်မှာတော့ နောက်ကျသွားပြီ။
ရွှီချင်းရှန်တင် မကဘဲ အဘွားကျောက်၊ အဒေါ်ယန်၊ ရွှီကျွင်းခိုင်၊ ပြီးတော့ တတိယအိမ်ထောင်စုက ရွှမ်းကျစ်နဲ့ မောက်ဒန်တို့ပါ ဒီရောဂါ ကူးကုန်ကြတာပေါ့။ လူကြီးအချို့ပဲ ကံကောင်းလို့ လွတ်ခဲ့တာလေ။
ဒီကိစ္စက ရွှီမိသားစုအတွက်တော့ တကယ့်ကို ဘေးဒုက္ခကြီးတစ်ခုပဲ။
ရွာသားတွေရဲ့ နှိမ်တဲ့အကြည့်တွေကို ထားလိုက်ပါဦး၊ မိသားစုဝင်တွေကြားမှာတင် ဘယ်သူမှ မခံစားနိုင်ကြတော့ဘူး။
နောက်ဆုံးမှာတော့ အဘိုးရွှီက မီးတစ်ဟုန်းဟုန်းနဲ့ပဲ ဒီဘေးဒုက္ခကို အဆုံးသတ်ခဲ့တာပေါ့။ အဲဒီနောက်မှာတော့ ရွှီကျွင်းခိုင်က ပျောက်ခြင်းမလှ ပျောက်သွားခဲ့သလို စတုတ္ထဦးလေးကလည်း အဒေါ်စွန်းကို ခေါ်ပြီး တခြားအရပ်ကို ပြေးသွားခဲ့တယ်။ တတိယဦးလေးတို့ ဇနီးမောင်နှံကတော့ ထောက်အာက အနီးအနားမှာပဲ အိမ်ထောင်ကျနေလို့ ယွီချင်းရွာမှာ ဆက်နေခဲ့တာလေ။
ဒါကြောင့် ရွှီချင်းရှန်ဆိုတဲ့လူက သေတာတောင် မနှမြောစရာပါဘူး၊ သူ လုပ်ခဲ့တဲ့ အကုသိုလ်တွေက အရမ်းများလွန်းလို့လေ။
101 05
ကျန်းဝူနဲ့ ကောင်းရှန်တို့က ရွှီမိသားစုရဲ့ အခြေအနေကို သိတော့ အပြင်က အလုပ်တွေကို သူတို့ပဲ တာဝန်ယူလိုက်ကြတယ်။
ကျောက်အာတို့ အပြင်မထွက်နိုင်လို့ အစားအသောက် အဝတ်အစား ဒုက္ခရောက်မှာစိုးတာနဲ့ အဒေါ်ကောင်းနဲ့ ဝမ်ကျောက်တိတို့က နေ့တိုင်း ထမင်းဟင်းတွေ ချက်ပြီး လာပို့ပေးကြတယ်။
ဒီလိုနဲ့ နှစ်ရက်လောက် ကြာတော့ ရုံးတော်ကလူတွေ ရောက်လာခဲ့တယ်။
ရဲမက်တွေတင် မဟုတ်ဘဲ ဝန်မင်းရွှီကိုယ်တိုင် လာခဲ့တာလေ၊ ဆရာဝန်အချို့လည်း ပါလာတာပေါ့။
သူတို့ အရင်ဆုံး ရွှီချင်းရှန်ကို သွားကြည့်ကြတယ်။ ဆရာဝန်တွေ စစ်ဆေးကြည့်တော့ ရွှီချင်းရှန်မှာ ကာလသားရောဂါ ရှိနေတာ အမှန်ပဲ။ အဲဒီနောက်မှာ ရွှီမိသားစုဝင်တွေကို လိုက်စစ်ဆေးကြတယ်။ ကံကောင်းတာက ရွှီမိသားစုဝင်တွေထဲမှာ ဘယ်သူမှ ရောဂါမကူးသေးတာကို ရှာတွေ့ခဲ့တယ်။
"မင်းနဲ့ ပတ်သက်နေတယ်ဆိုလို့ ငါလည်း အမြန် လိုက်လာခဲ့တာ။ မင်းရဲ့ အကြီးဆုံးဦးလေးကတော့ တကယ်ပဲ..."
ရွှီထင်းရှန်းက ပြုံးပြီး ပြောလိုက်တယ်။ "သူက မိသားစုကနေ အနှင်ခံထားရတာ ကြာပြီဆိုတော့ ကျွန်တော့်ရဲ့ ဦးလေး မဟုတ်တော့ပါဘူး"
ဝန်မင်းရွှီက ရယ်ပြီး "ငါ စကားမှားသွားတာပဲ။ ကံကောင်းလို့ သူ့ကို အိမ်ကနေ နှင်ထုတ်ထားလို့ပေါ့၊ မဟုတ်ရင် ဘယ်လောက်တောင် ကူးကုန်ကြမလဲ မသိဘူး"
ရဲမက်တွေက အပြင်မှာ စောင့်နေကြသလို ရွှီမိသားစုဝင်တွေ၊ မျိုးနွယ်စုခေါင်းဆောင်၊ ရွာသူကြီးကျန့်နဲ့ ရွာကလူကြီးတွေလည်း အပြင်မှာပဲ ရှိနေကြတာလေ။
အထဲမှာတော့ ဝန်မင်းရွှီနဲ့ ရွှီထင်းရှန်းတို့က အေးအေးဆေးဆေး စကားပြောနေကြတာပေါ့။
"ဒီနှစ် ဆောင်းဦးမှာ ကျင်းပမယ့် ပြည်နယ်စာမေးပွဲကို လင်းကျောင်းအုပ်ကြီး ဖြေမယ်လို့ ကြားတယ်၊ ရွှီရှို့ချိုင်ရော ဝင်ဖြေဦးမှာလား။ အကယ်၍ ဖြေမယ်ဆိုရင် ဆရာနဲ့တပည့် တစ်ပြိုင်တည်း အောင်မြင်သွားတာက တကယ့်ကို ပြောစရာ အကြောင်းလေး တစ်ခု ဖြစ်မှာပဲ"
"ကျွန်တော်လည်း ဝင်ဖြေဖို့ စဉ်းစားထားပါတယ်။ ဝန်မင်းရဲ့ ဆုတောင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဆရာနဲ့ဝန်မင်းရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစားပါ့မယ်"
ဝန်မင်းရွှီက အလုပ်တွေ ရှိနေသေးလို့ မကြာခင်မှာပဲ ပြန်သွားခဲ့တယ်။
ရွှီချင်းရှန်ကိုလည်း အဲဒီနေရာမှာတင် ဖမ်းခေါ်သွားကြတယ်။ သူတို့ကို ခရိုင်ထဲက အနာကြီးရောဂါသည်တွေ ထားတဲ့မေဖုန်းစော်ကို ပို့မယ်လို့ ကြားရတာပဲ။
အဲဒီနေရာက လူသူမရှိတဲ့နေရာမှာ ဆောက်ထားတာဖြစ်ပြီး ပုံမှန်ဆိုရင် အနာကြီးရောဂါသည်တွေကိုပဲ ထားတာ။ အခုတလောတော့ အဲဒီရောဂါသည်တွေ မရှိတော့လို့ ဒီနေရာက ပစ်ထားတာ ကြာပါပြီ။
အခုတော့ ရောဂါကူးနေတဲ့ ရွာသားတွေနဲ့ ပြည့်သွားတာပေါ့၊ ရွှီချင်းရှန်လည်း အဲဒီထဲမှာ ပါသွားတယ်။
တစ်ခုရှိတာက ဒီရောဂါကို စတင်ခဲ့တဲ့ အမျိုးသမီးကတော့ ရဲမက်တွေ လားဖမ်းတဲ့အချိန်မှာတင် ကြိုးဆွဲချ သေဆုံးသွားခဲ့တာပဲ။ သူမရဲ့ ခင်ပွန်းလည်း အတူတူပါပဲ၊ ကြည့်ရတာ စိတ်မကောင်းစရာလည်း ကောင်းသလို အပြစ်လည်း တင်စရာပါပဲ။
ဒီနေရာကို ရောက်သွားတဲ့သူတွေရဲ့ အနာဂတ်ကတော့ သေဖို့ပဲ ရှိတာ။ တစ်လ ကြာမလား၊ တစ်နှစ် ကြာမလား မသိပေမဲ့ ဒီနေရာကို ရောက်ပြီး ပြန်ထွက်လာနိုင်တဲ့သူ တစ်ယောက်မှ မရှိခဲ့ဘူးလေ။
101 06
ရွှီချင်းရှန်ကတော့ ကြောက်ရွံ့တာတွေ၊ နာကျည်းတာတွေ၊ ဒေါသထွက်တာတွေနဲ့ မျှော်လင့်ချက်တွေ ကင်းမဲ့နေခဲ့တယ်။ သူ ဖမ်းခေါ်ခံရတဲ့ အချိန်မှာ ရွှီမိသားစုက ဘယ်သူမှ လာမတားခဲ့ကြဘူး။
အဘွားကျောက်လည်း အတူတူပါပဲ။
ဒီကိစ္စတွေ ပြီးသွားတော့ အဘွားကျောက်လည်း ဖျားသွားခဲ့တယ်။ ဟန်ဆောင်တာ မဟုတ်ဘဲ တကယ်ဖျားခဲ့တာ။ အဲဒီအချိန်မှာပဲ နောက်ထပ် ကိစ္စတစ်ခု ဖြစ်ခဲ့သေးတယ်။ အစက ရှာမတွေ့ခဲ့တဲ့ မုဆိုးမရွှီကို ပြန်တွေ့ခဲ့တာပဲ။
ဒါပေမဲ့ သူမက အသက်ရှိနေတာ မဟုတ်ဘဲ အလောင်းပဲ ကျန်တော့တယ်။
မုဆိုးမရွှီကို တောင်စောင်းတစ်ခုရဲ့အောက်မှာ တွေ့ခဲ့တာ။ သူမက တောင်ပေါ်မှာ ရက်အတော်ကြာ ပုန်းနေခဲ့ပုံရပြီး တစ်ကိုယ်လုံးလည်း ပေရေနေတာပဲ။ ကြည့်ရတာတော့ သူမက ခြေချော်ပြီး ပြုတ်ကျသွားပုံရတယ်၊ သူမ ပြုတ်ကျခဲ့တဲ့ နေရာနားမှာပဲ အနှီးလေးနဲ့ သေသေချာချာ ထုပ်ထားတဲ့ ကလေးလေးကို တွေ့ခဲ့ရတယ်။
ရွာသားတွေ သူမကို တွေ့ခဲ့တာကလည်း ကလေးငိုသံကို ကြားလို့ လိုက်ရှာရာကနေ တွေ့ခဲ့တာ။
ဒီကလေးကတော့ ရွှီချင်းရှန်ရဲ့ သမီးလေး နျိုးနျိုးပေါ့။
ဒီလိုကလေးမျိုးကတော့ လူတွေရဲ့အနှိမ်ကို ခံရမှာ သေချာသလောက်ပဲ။ မိဘတွေကလည်း တစ်ယောက်က သေ၊ တစ်ယောက်က သေခါနီးဖြစ်နေသလို ရောဂါကူးမကူး မသိရသေးတော့ ဘယ်သူမှ မွေးစားဖို့ မရဲကြဘူးလေ။
အဘွားကျောက်က ဒီသတင်းကို ကြားတော့ ဖျားနေတာတောင် အိပ်ရာပေါ်ကနေ အတင်းထပြီး အဲဒီကလေးကို ရွှီမိသားစုအိမ်ကို ပွေ့ခေါ်လာခဲ့တယ်။ သူမ ဘေးမှာပဲ ထားပြီး ပြုစုစောင့်ရှောက်ဖို့ ဆုံးဖြတ်လိုက်ပုံရတာပဲ။
ဒီကိစ္စနဲ့ ပတ်သက်ပြီး အဘိုးရွှီရော အဒေါ်ယန်ပါ ဘာမှ မပြောခဲ့ကြဘူး။
ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ယွီချင်းရွာလည်း အရင်လို ပြန်ပြီး ငြိမ်းချမ်းသွားခဲ့တယ်။
ဒီနေ့မှာတော့ ရွှီထင်းရှန်း တစ်ယောက်တည်း ရွှီမိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းကို သွားခဲ့တယ်။ သူ့ရဲ့မိဘနှစ်ပါးရဲ့ ဂူရှေ့မှာ ခဏလောက် နေခဲ့ပြီးနောက် အိမ်ပြန်ပြီး အထုပ်အပိုးတွေ ပြင်ဆင်တာပေါ့။ ယွီချင်းရွာကနေ ထွက်ခွာပြီး ဝေးလံတဲ့ ထိုက်ယွမ်မြို့က မြောက်ဘက်တောင်တန်း ကျောင်းတော်ကို သွားဖို့ ပြင်ဆင်နေခဲ့တယ်။
ဒါကတော့ အစောကြီးကတည်းက သဘောတူထားတဲ့ ကိစ္စပဲ။ ဆရာလင်းမြောင်က မောက်ပါ့သိုတို့နဲ့အတူ အရင်သွားနှင့်ကြပြီ၊ သူကတော့ ကိစ္စလေးတွေ ရှိနေလို့ ကျန်ရစ်ခဲ့တာလေ။
အခုတော့ ကိစ္စတွေ အကုန်ပြေလည်သွားပြီဆိုတော့ သူလည်း ထွက်ခွာရမယ့် အချိန်ရောက်ပြီပေါ့။
******
102 01
အခန်း (၁၀၂)
မြောက်ဘက်တောင်တန်း ကျောင်းတော်က ထိုက်ယွမ်ဖူး၊ ဖူထျန်ကျေးရွာက ယွန်းကျုံးတောင်မှာ ရှိတာလေ။ တောင်ကိုမှီ၊ ရေကိုအောက်ခံထားတာဆိုတော့ အလှအပကတော့ ပြောနေစရာတောင် မလိုဘူးပေါ့။
ကျောင်းတော်ရဲ့တံခါးမကြီးက တောင်ခြေမှာ ရှိတာ။ တံခါးမကြီးလို့သာ ဆိုရတာ၊ တကယ်တော့ လူသုံးရပ်လောက် မြင့်တဲ့ ထူးဆန်းတဲ့ ကျောက်တုံးကြီးတစ်ခုပဲ။ အဲဒီပေါ်မှာ 'မြောက်ဘက်တောင်တန်း ကျောင်းတော်' ဆိုတဲ့ စာလုံးကြီးတွေကို ရေးထွင်းထားတယ်။
ကျောက်တုံးကြီးရဲ့ ညာဘက် နောက်နားလေးမှာတော့ အဆင့်ဆင့်တက်သွားတဲ့ ကျောက်ပြားလှေကားထစ်တွေ ရှိတယ်။ အဲဒီလမ်းအတိုင်း ကွေ့ကောက်တက်သွားရင် လမ်းဆုံးမှာ ကျောင်းတော်ရှိတယ်လို့ ဆိုကြတာပဲ။
ရွှီထင်းရှန်း လမ်းလျှောက်လာတာ နာရီဝက်နီးပါး ရှိနေပြီ၊ အခုထိတော့ လမ်းမဆုံးသေးဘူး။ တော်သေးတာက ဒီလမ်းဘေးတစ်လျှောက် ရှုခင်းတွေက အရမ်းလှနေတာမို့ လမ်းလျှောက်ရင်း ကြည့်သွားရတာ ပျင်းစရာတော့ မကောင်းဘူးပေါ့။
သူ ယွီချင်းရွာကနေ ထွက်မလာခင် ဖြစ်ခဲ့တဲ့ ကိစ္စလေးတွေကို ပြန်တွေးမိသွားတယ်။
တကယ်တော့ ဒီကိစ္စကို သူ အစောကြီးကတည်းက ကျောက်အာကို ပြောဖူးတယ်၊ အဲဒီအတွက် နှစ်ယောက်သား စိတ်ကောက်ခဲ့ကြသေးတာ။ ရွှီထင်းရှန်းရဲ့ ဆန္ဒကတော့ ကျောက်အာကို ထိုက်ယွမ်ကို တစ်ခါတည်း ခေါ်သွားချင်တာလေ၊ ဒါပေမဲ့ ကျောက်အာက မလိုက်ချင်ဘူးပေါ့။
တခြားကြောင့်တော့ မဟုတ်ပါဘူး၊ ပထမအချက်က အိမ်က စီးပွားရေးတွေကို ပစ်မထားနိုင်တာရယ်၊ ဒုတိယအချက်က ဒုတိယအစ်မကို စိတ်မချတာရယ်ကြောင့်ပဲ။
ဝမ်ကျောက်တိက အခု ကိုယ်ဝန်နဲ့ဆိုတော့ ကျန်းမာရေးက အခုမှ နည်းနည်း ပြန်ကောင်းလာတာလေ။ ကျောက်အာရဲ့စိတ်ထဲမှာတော့ တူလေး မွေးလာတာကို မြင်ရမှ စိတ်အေးရမှာကိုး။ အကြောင်းအမျိုးမျိုးကြောင့်ပဲ သူမက ရွှီထင်းရှန်းနောက်ကို ထိုက်ယွမ်အထိ မလိုက်နိုင်ဘူး ဖြစ်နေတာပေါ့။
ဒါပေမဲ့ ကျောက်အာက ရွှီထင်းရှန်းကို အတင်းအကျပ် ငြင်းတာမျိုးတော့ မဟုတ်ဘူး၊ အကျိုးအကြောင်းနဲ့ နားဝင်အောင် ပြောပြတာလေ။
သူမမှာ ရှိနေတဲ့ အခက်အခဲတွေကို တစ်ခုချင်း ရှင်းပြသလို၊ ရွှီထင်းရှန်းကလည်း အခု ၈ လပိုင်းမှာ ကျင်းပမယ့် ပြည်နယ်အဆင့် စာမေးပွဲအတွက် ပြင်ဆင်ရမှာဆိုတော့ အချိန်က လပိုင်းပဲ ကျန်တော့တာလေ။ သူ စာကြိုးစားဖို့တောင် အချိန်မလောက်ဖြစ်နေတာကို သူမက ဘယ်လိုလုပ် လိုက်ပြီး နှောင့်ယှက်လို့ ဖြစ်ပါ့မလဲတဲ့။
ဒါတင်မကသေးဘူး၊ သူမ လိုက်သွားရင်ရော ဘာလုပ်မှာလဲ။ ရွှီထင်းရှန်း စာဖတ်နေတာကို သူမက ဘေးကနေ ထိုင်ကြည့်နေမှာလား၊ ပြီးတော့ ကျောင်းတော်ထဲကိုလည်း အမျိုးသမီးတွေကို ပေးဝင်မှာမှ မဟုတ်တာလေ။
တကယ်တော့ ကျောက်အာ ပြောတာတွေက အမှန်တွေချည်းပဲ၊ ဒါပေမဲ့ ရွှီထင်းရှန်းအတွက်ကတော့ ခံစားချက်အရ လက်ခံဖို့ ခက်နေတာပေါ့။ သူမက သူ့ကို မခွဲနိုင်ဘူးလို့တောင် မဖြစ်ဘူးလား၊ သူကတော့ သူမအတွက် ဒီလောက်အထိ အားစိုက်ထားတာကို သူမကတော့ အခုထိ အေးဆေးနေတုန်းပဲလေ။
102 02
ရွှီထင်းရှန်းကတော့ ဒါဟာ အိပ်မက်ထဲမှာ သူ အကုသိုလ်တွေ အများကြီး လုပ်ခဲ့လို့ အခုလို ဖြစ်ရတာပဲလို့ တွေးမိတာပေါ့။ တစ်မနက်လုံး သူ ကျောက်အာကို စကားမပြောဘူး၊ စိတ်မဆိုးဘူးလို့သာ ပြောတာ၊ မျက်နှာကတော့ မည်းပုပ်နေတာပဲ။
ဒါကို မြင်တော့ ကျောက်အာလည်း စိတ်မကောင်းဖြစ်ပြီး ညဘက်ကျတော့ ဟင်းကောင်းတွေ အများကြီးချက်ပြီး သူ့ကို ချော့ဖို့ ပြင်တော့တယ်။
နှမြောစရာကောင်းတာက ရွှီထင်းရှန်းက အခု ကလေးမဟုတ်တော့ဘူးလေ၊ မုန့်လေး ဘာလေးနဲ့ ချော့လို့ရတဲ့ အရွယ်မှ မဟုတ်တာ၊ ဒါကြောင့် သိပ်တော့ မထူးခြားဘူးပေါ့။
ညစာ စားပြီးတော့ ကျောက်အာက ရွှီထင်းရှန်းရဲ့ အထုပ်အပိုးတွေကို စစ်ဆေးပေးတယ်။ ဒီတစ်ခေါက်က တခြားနဲ့မတူဘူး၊ သွားရင် လပေါင်းများစွာ ကြာမှာဆိုတော့ ပစ္စည်းတွေ အစုံအလင် ပါမှ ဖြစ်မှာလေ။
ကျောက်အာက အလုပ်ရှုပ်နေပေမဲ့ ရွှီထင်းရှန်းကတော့ မျက်နှာမကောင်းဘူး၊ နောက်ဆုံးတော့ ကျောက်အာလည်း မနေနိုင်တော့ဘဲ သူ့နားကို ကပ်သွားရတာပေါ့။
"စိတ်ကောက်နေတုန်းလား။ ရှို့ချိုင်ကြီး ဖြစ်နေပြီကို ဘာလို့ ဒီလောက်တောင် စိတ်ကောက်တတ်ရတာလဲ"
ရှို့ချိုင်ဖြစ်ရင် စိတ်မကောက်ရတော့ဘူးလား။
"လူကြီး စိတ်ကောက်... ရှက်စရာကြီး၊ မျက်နှာပေါ်မှာ အဖုကြီး ထွက်ပါစေ" ကျောက်အာက သူ့ကို ကြည့်ပြီး ပြောင်ပြလိုက်တယ်။
ဟေးကျစ်ကလည်း အိပ်ရာအောက်မှာ ထိုင်နေရင်းနဲ့ သူ့ရဲ့ မျက်လုံးဝိုင်းကြီးတွေနဲ့ ရွှီထင်းရှန်းကို ကြည့်နေတာပေါ့။
ဒီလူနဲ့ ဒီခွေးကို ကြည့်ပြီး ရွှီထင်းရှန်းလည်း ဘာပြောရမှန်းမသိတော့ဘူး။ သူက အံကြိတ်ပြီး ကျောက်အာကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ ခပ်နာနာလေး ဆိတ်လိုက်တယ်။ "မင်းကတော့ တကယ်ပဲ အသည်းနှလုံး မရှိတဲ့သူပဲ"
ကျောက်အာက အသံကို ရှင်းလိုက်ပြီး "ငါက မငယ်တော့ဘူးနော်၊ နင့်ထက်တောင် ကြီးသေးတယ်။ အသည်းနှလုံး မရှိတဲ့ လူကြီးလို့ ခေါ်ရမှာပေါ့" သူမက ပြုံးရင်း နောက်ပြောင်လိုက်တယ်။
ရွှီထင်းရှန်းက သူမရဲ့ နှုတ်ခမ်းကို တစ်ချက် ခပ်နာနာလေး ကိုက်လိုက်တယ်။ "လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ်... အသည်းနှလုံး မရှိတာတော့ အတူတူပဲ"
ကျောက်အာက သူ့ကို တွန်းထုတ်တယ် "တော်တော့၊ နင်က ဟေးကျစ်ရဲ့ မျိုးနွယ်လား၊ ဘာလို့ လူကို ခဏခဏ လာကိုက်နေတာလဲ"
ဟေးကျစ်က သူ့နာမည် ခေါ်သံကြားတော့ ခေါင်းကြီးကို အရှေ့ထုတ်ပြီး ရွှီထင်းရှန်းရဲ့ ခြေထောက်ကို နှာခေါင်းနဲ့ လာတို့တယ်။
"ငါက မင်းကို အပိုင်းပိုင်း ကိုက်စားပြီး ဗိုက်ထဲ ထည့်သွားချင်လို့ပေါ့" ရွှီထင်းရှန်းက ပြောရင်းနဲ့ ဟေးကျစ်ရဲ့ ခေါင်းကို လက်နဲ့ တွန်းထုတ်လိုက်တယ်။
ကျောက်အာက ပြန်ပြောတာပေါ့။
"ပြောလိုက်ရင် ကြောက်စရာကြီး"
ရွှီထင်းရှန်းကတော့ သူမကို အဖတ်မလုပ်ဘဲ ကိုက်ရင်း ကိုက်ရင်းနဲ့ပဲ နမ်းလိုက်တော့တယ်။
အတော်ကြာမှ ကျောက်အာက သူ့ကို တွန်းထုတ်လိုက်နိုင်တယ်။
သူမက လက်ကို အားပြုပြီး ထထိုင်လိုက်တယ်။ "ကဲ... ဒါဆိုရင် ဒီလိုလုပ်ရအောင်လေ။ နင် စာမေးပွဲဖြေမယ့် အချိန်ကျရင် ငါ ထိုက်ယွမ်ကို လာရှာမယ်၊ ဘယ်လိုလဲ"
ရွှီထင်းရှန်းက နှာခေါင်းရှုံ့လိုက်တယ်။ "မင်းက ငါ့ကို လိမ်နေပြန်ပြီ။ ဒုတိယအစ်မက ၈ လပိုင်းမှာ မွေးမှာလေ၊ မင်း ဘယ်လိုလုပ် လာနိုင်မှာလဲ"
102 03
ကျောက်အာခမျာ မျက်နှာလေး ပျက်သွားတယ်၊ သူမ ဒါကို မစဉ်းစားမိဘူးလေ။ ဒါပေမဲ့ သူမက အရှုံးမပေးဘဲ ရဲရဲတင်းတင်း ပြောလိုက်တာပေါ့။ "မင်းက ၈ လပိုင်း ၉ ရက်နေ့ စဖြေမှာမလား၊ သုံးရက် တစ်ပွဲနဲ့ သုံးပွဲဖြေရမှာဆိုတော့ နောက်ဆုံးပွဲ ပြီးရင် ၁၈ ရက်နေ့ ရှိပြီလေ။ အဲဒီအချိန်ကျရင်တော့ ငါ သေချာပေါက် လာနိုင်မှာပေါ့"
"တကယ်လား"
"တကယ်ပေါ့"
ရွှီထင်းရှန်းက "ဟွန့်" လို့ လုပ်နေပေမဲ့ တကယ်လို့ သူမ မလာရင်တောင် သူက ဘာလုပ်နိုင်မှာလဲ၊ ပြန်လာပြီး အတင်းဖမ်းခေါ်လို့မှ မရတာ။ တကယ်တော့ သူက ဘာမှ ဖြစ်ချင်တာ မဟုတ်ပါဘူး၊ စိတ်ထဲမှာ မတင်မကျ ဖြစ်နေလို့ သူမက ချော့တာကို ခံချင်နေတာလေ။
"နင်က ငါ့ကို အမြဲချော့နေရတယ်လို့ ပြောနေတာ၊ ငါ့အမြင်တော့ ငါကသာ နင့်ကို ချော့နေရတာပဲ။ ငယ်ငယ်ကတည်းက ချော့လာလိုက်တာ၊ အခု လင်သားဖြစ်နေပြီ၊ အခုထိ ချော့နေရတုန်းပဲ"
ဒီစကားက ရွှီထင်းရှန်းကို မျက်နှာ နီမြန်းသွားစေတာပေါ့။
ဒါပေမဲ့ သူက အသားထူတဲ့သူဆိုတော့ ဘယ်သူမှ မရိပ်မိပါဘူး။ ကျောက်အာက အခု အားနာနေတာကို အခွင့်ကောင်းယူပြီး သူ့အတွက် အကျိုးအမြတ် တစ်ခုခု ရအောင် လုပ်ရမှာပေါ့။
"ဒါဆို မင်း အခု မလိုက်ရင်လည်း ရပါတယ်။ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်"
"ဘာလဲ"
"ဒီည ငါ ဘာခိုင်းခိုင်း မင်း လုပ်ရမယ်"
ကျောက်အာက အလိုလိုနေရင်း တစ်မျိုး တွေးမိသွားပေမဲ့ သူက မနက်ဖြန် သွားတော့မှာလေ။ သွားရင် လပေါင်းများစွာ ကြာမှာဆိုတော့ အပြင်မှာ ကောင်းကောင်း စားရရဲ့လား၊ နွေးနွေးထွေးထွေး နေရရဲ့လားလို့ စိတ်ပူတာနဲ့ပဲ သူမ စိတ်ပျော့သွားရတာပေါ့။
"ကောင်းပြီလေ၊ ဒါပေမဲ့ နင် အရမ်းလွန်ရင်တော့ ငါ လက်မခံဘူးနော်"
အဲဒီနောက်မှာတော့ ရွှီထင်းရှန်းက တကယ်ပဲ လွန်သွားခဲ့တာပေါ့။ ကျောက်အာ နောင်တရချိန်မှာတော့ နောက်ကျသွားပါပြီ။ သူက သူမကို အတင်းခေါ်ပြီး အရင်က ကျောက်အာ လုံးဝလက်မခံခဲ့တဲ့ ပုံစံမျိုးစုံကို တစ်လှည့်စီ စမ်းသပ်ခဲ့တယ်။
အဲဒါကြောင့် နောက်တစ်နေ့ မနက်မှာ ကျောက်အာက သူ့ကို တစ်ချိန်လုံး စကားမပြောတော့ဘူး။ သူ ထွက်ခွာခါနီးမှပဲ စကားအနည်းငယ် ပြန်ပြောဖြစ်တာပေါ့။
ရှားခရိုင်ကနေ ထိုက်ယွမ်ကို သွားရတဲ့လမ်းက သိပ်တော့ မခက်ပါဘူး။ အရင်ဆုံး လှည်းနဲ့ ကျန့်ကျိုးကို သွား၊ အဲဒီကနေ ဆိပ်ကမ်းမှာ သင်္ဘောစီးပြီး ဖန်မြစ် အတိုင်း ဆင်းသွားရင် ထိုက်ယွမ်ကို ရောက်တာပဲလေ။
ဒီလမ်းကို ရွှီထင်းရှန်းက အရင်က သွားဖူးတာဆိုတော့ အကျွမ်းတဝင် ရှိလှပါတယ်။ ဒါပေမဲ့ သူ တစ်ယောက်တည်း သွားရမှာဆိုတော့ လမ်းမှာ ဘေးကင်းဖို့အတွက် ကုန်သည်အဖွဲ့တွေနဲ့ လိုက်သွားတာ ဒါမှမဟုတ် သီးသန့် အစောင့်ငှားတာမျိုး လုပ်ရမှာပေါ့။
ဒီတစ်ခေါက်တော့ သူက ထိုက်ယွမ်ကို သွားမယ့် ကုန်သည်အဖွဲ့တစ်ခုနဲ့ လိုက်သွားဖို့ စီစဉ်ထားတယ်။ အဖွဲ့ကလည်း အစောကြီးကတည်းက ချိတ်ဆက်ထားတာဆိုတော့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ ကုန်သည်လှည်းတန်းက မြို့ပြင် ရောက်တာနဲ့ ရှန်မိသားစုက လူတွေကြောင့် အတားခံလိုက်ရတယ်။
ရှန်ဖူက ရွှီထင်းရှန်းကို လူလွှတ် ရှာခိုင်းလိုက်ပြီး သူ ဒီနေ့ မြို့က ထွက်မယ်ဆိုတာကို သိနေတော့ မြို့တံခါးဝမှာ စောင့်ခိုင်းထားတယ်။
102 04
ရှန်မိသားစုဆိုတာ ရှားခရိုင်မှာတင် မဟုတ်ဘဲ ဖျင်ယန်းတစ်ခုလုံးမှာ လူတိုင်းသိကြတာလေ။ လမ်းပိတ်ထားတဲ့ မြင်းလှည်းပေါ်မှာ ရှန်မိသားစုရဲ့ တံဆိပ် ပါနေတော့ ကုန်သည်အဖွဲ့လည်း ရှေ့ဆက်မတိုးရဲဘူးပေါ့။
"ရွှီသခင်လေး... ဒါက ကျွန်တော်တို့ သခင်လေးက သခင်လေးအတွက် အထူးပြင်ဆင်ပေးလိုက်တဲ့ လမ်းစရိတ်ပါ။ သခင်လေး လမ်းခရီး အဆင်ပြေပြီး နာမည်ကျော်ကြားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်"
အစေခံတစ်ယောက်က သေတ္တာလေးတစ်လုံးကို ကမ်းပေးတယ်။ ရွှီထင်းရှန်းလည်း ငြင်းမနေဘဲ လက်ခံလိုက်တယ်။ "မင်းတို့ သခင်လေးကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
အစေခံက အရိုအသေပေးပြီး လှည်းပေါ်ပြန်တက်ဖို့ ပြင်တော့တယ်။ သူ လှည်းပေါ် ရောက်ခါစမှာပဲ ရွှီထင်းရှန်းက လှမ်းခေါ်လိုက်လို့ ပြန်ဆင်းလာရတယ်။
"သခင်လေး ဘာများ မှာစရာ ရှိလို့လဲခင်ဗျာ"
ရွှီထင်းရှန်းက ဘာမှမပြောဘဲ အင်္ကျီလက်ထဲကနေ လိပ်ထားတဲ့ စက္ကူလေးတစ်စောင်ကို အစေခံကို ကမ်းပေးလိုက်တယ်။
"ဒါကို မင်းတို့ တတိယသခင်လေးကို ပေးလိုက်ပါ"
အစေခံကလည်း လည်တဲ့သူဆိုတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ အရိုအသေပေးပြီး ထွက်သွားတော့တယ်။
ရွှီထင်းရှန်းက ခေါင်းခါရင်းနဲ့ လှည်းတန်းက လူတွေကို ကြည့်လိုက်တယ်။ "ဘာလို့ မသွားကြသေးတာလဲ"
လှည်းတန်းက လူတွေလည်း မပေါ့ဆရဲတော့ဘဲ အချက်ပေးသံပေးပြီး လှည်းတွေကို စမောင်းခိုင်းတယ်။
အရင်ကတော့ ဒီလူငယ်လေးက သူတို့နဲ့အတူ ထိုက်ယွမ်ကို လိုက်မယ်ဆိုလို့ ငွေပေးရင် ပြီးရောဆိုပြီး အလေးမထားခဲ့ကြဘူး။ အခုကြည့်ရတာတော့ ဒီလူငယ်လေးက မရိုးရှင်းဘူးပဲ။ ရှန်မိသားစုကလူတွေတောင် ရိုရိုသေသေ ဆက်ဆံနေရတာဆိုတော့ သာမန်လူတော့ မဟုတ်တာ သေချာပြီလေ။
အဲဒီလို အတွေးနဲ့ပဲ လမ်းတစ်လျှောက်မှာ ရွှီထင်းရှန်းကို အကောင်းဆုံးတွေ ကျွေးမွေးပြုစုလာခဲ့တော့တယ်။
……
တစ်ဖက်မှာတော့ ရှန်ဖူက ရွှီထင်းရှန်း ပေးလိုက်တဲ့ စက္ကူလေးကို ရလိုက်တယ်။
ဖြန့်ကြည့်လိုက်တော့ အဲဒီပေါ်မှာ စာလုံးကြီး နှစ်လုံးပဲ ရေးထားတာလေ။ 'ပင်လယ်ပိတ်ဆို့မှု'။
စာလုံးတွေကတော့ လှလှပပ ရေးထားတာပဲ၊ ဒါပေမဲ့ ဒီစာလုံးရဲ့ အဓိပ္ပာယ်ကိုတော့ ရှန်ဖူက အကြိမ်ကြိမ် စဉ်းစားနေရတယ်။
ရုတ်တရက် သူ့ရဲ့မျက်လုံးတွေ ဝင်းလက်သွားပေမဲ့ ချက်ချင်းပဲ ပြန်မှိန်သွားတယ်။
အကယ်၍ ရွှီထင်းရှန်း ပြောတာသာ မှန်ရင် ဒီ'ပင်လယ်ပိတ်ဆို့မှု' ဆိုတဲ့ စကားက တခြား အဓိပ္ပာယ် မရှိဘူး၊ သူ့ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ပဲလေ။
ရှန်ဖူက ရှန်မိသားစုဝင်ဆိုတော့ သာမန်လူတွေ မသိတဲ့ ကိစ္စတွေကို သိတာပေါ့။ အရင် ဘုရင်ကြီး(ထိုက်ကျူ)လက်ထက်ကတည်းက အရင်မင်းဆက်မှာ ပျောက်ကွယ်သွားခဲ့တဲ့ ပင်လယ်ဓားပြတွေက ပြန်ပြီးပေါ်လာခဲ့တာ။ အစိုးရက စစ်တပ်လွှတ်ပြီး နှိမ်နင်းခဲ့ပေမဲ့ အဲဒီပင်လယ်ဓားပြတွေက အရမ်းလည်တာကြောင့် သိပ်ပြီးထိရောက်မှု မရှိခဲ့ဘူး။ အစိုးရက အလေးထားရင် သူတို့က ပုန်းနေပြီး အခြေအနေ အေးသွားရင် ပြန်ထွက်လာပြီး ဒုက္ခပေးကြတာ။
တကယ်တော့ ဒါက အပေါ်ယံ မြင်ကွင်းပဲ။ ဒါဟာ ကျဲ့ကျန်းဘက်က သူဌေးကြီးတွေ တစ်ယောက်နဲ့တစ်ယောက် အားပြိုင်နေကြတဲ့ နည်းလမ်းဆိုတာ နန်းတွင်းမှာ အာဏာရှိတဲ့သူတွေကတော့ သိကြတယ်။
102 05
နိုင်ငံတော် တည်ထောင်ကတည်းက တာ့ချန်းဟာ ပင်လယ်ပိတ်ဆို့တဲ့ မူဝါဒကို သုံးခဲ့တာ။ အပြင်မှာတော့ ပိတ်ထားတယ်ဆိုပေမဲ့ ကွယ်ရာမှာတော့ မှောင်ခိုကုန်သွယ်မှုတွေက ရပ်လို့မရအောင် ဖြစ်နေခဲ့တယ်။
ဒီမှောင်ခိုအလုပ်ဆိုတာက အမှောင်ထဲမှာ လုပ်ရတဲ့အလုပ်လေ။ အစိုးရက တားမြစ်ထားတဲ့ကြားက ဒီလောက်အထိ အောင်မြင်နေတယ်ဆိုတာ နောက်ကွယ်မှာ အာဏာရှိတဲ့သူတွေ ပါနေလို့ပဲ ဖြစ်ရမယ်။ ပင်လယ်ကုန်သွယ်မှုက အရမ်းမြတ်တာကို ကမ်းရိုးတန်းက ကုန်သည်တွေ အကုန်သိကြတာပဲ။ အစိုးရက တားရင် အကုန်လုံး မလုပ်ကြဘူးဆိုရင်တော့ ထားလိုက်ပါ၊ အခုကတော့ တချို့ကို ပိတ်ထားပြီး တချို့ကတော့ အမြတ်တွေ အများကြီး ရနေကြတာဆိုတော့ ကျန်တဲ့သူတွေက ဘယ်ကျေနပ်ပါ့မလဲ။
ဒါကြောင့် ဒီပင်လယ်ဓားပြတွေဆိုတာ ကုန်သည်တွေက နိုင်ငံခြားသားတွေနဲ့ ပေါင်းပြီး အစိုးရကို ပင်လယ်ပြန်ဖွင့်ပေးအောင် ဖိအားပေးဖို့ သုံးတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါ့အပြင် ကိုယ့်ရဲ့မှောင်ခိုကုန်စည်တွေကို သယ်ဖို့အတွက်လည်း အကာအကွယ် လုပ်တာပေါ့။ ပင်လယ်ဓားပြတွေ သောင်းကျန်းနေတုန်းမှာပဲ ကုန်စည်တွေက တာ့ချန်းထဲကို စီးဝင်လာသလို၊ တာ့ချန်းကနေလည်း အပြင်ကို ထွက်သွားတာလေ။
ဒီကိစ္စတွေကို ဘုရင်ကြီးလည်း သိမှာပါ၊ ဒါပေမဲ့ ဂျင်လူမျိုးတွေက နယ်စပ်မှာ ခဏခဏ လာတိုက်နေတာဆိုတော့ နယ်စပ်မှာ စစ်ရေးက အမြဲတမ်း တင်းမာနေတာ။ အစိုးရမှာလည်း ငွေက သိပ်မရှိဘူး။ ဒါကြောင့် ဘုရင်ကြီးက ပင်လယ်ဖွင့်ချင်ပေမဲ့ အမတ်တွေက ကန့်ကွက်နေကြလို့ မရခဲ့တာပေါ့။
စဉ်းစားကြည့်လေ၊ ဘုရင်ကြီး နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့တာက အင်အားစုတွေ အများကြီး ပေါင်းထားလို့လေ။ အဲဒီအထဲမှာ တောင်ပိုင်းက သူဌေးကြီးတွေလည်း ပါတယ်။ တောင်ပိုင်းဒေသက ပညာရေးလည်း ကောင်းတော့ အရင်မင်းဆက်ကတည်းက တောင်ပိုင်းသား အရာရှိတွေက မြောက်ပိုင်းထက် အများကြီး ပိုများခဲ့တာ။ ဒါကြောင့် နန်းတွင်းရဲ့ရာထူး တစ်ဝက်လောက်ကို သူတို့ကပဲ ယူထားခဲ့တယ်။
တာ့ချန်းရောက်တော့လည်း ဒီအခြေအနေက ပိုတောင် ဆိုးလာသေးတယ်။
တကယ်လို့သာ ပင်လယ်ကုန်သွယ်မှုကို ဖွင့်ပေးလိုက်ရင် အဲဒီလူတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသလို ဖြစ်သွားမှာလေ။ အဲဒီသူဌေးကြီးတွေရဲ့ နောက်ကွယ်မှာလည်း အာဏာတွေက တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာဆိုတော့ ဘုရင်ကြီးတောင်မှ လွယ်လွယ်နဲ့ မလှုပ်ရဲဘူးပေါ့။
အဲဒီနောက်မှာ ဘုရင်ကြီး နတ်ရွာစံပြီး ကျားချန်ဧကရာဇ် နန်းတက်လာတယ်။ ဒီဘုရင်က သူ့အဖေရဲ့ ကြမ်းတမ်းတဲ့ ရုပ်ရည်ကို ဆက်ခံထားပေမဲ့ စိတ်ကတော့ အရမ်းနက်နဲတာလေ။ နန်းတက်တာနဲ့ မတူညီတဲ့ အုပ်ချုပ်ရေးပုံစံတွေကို သုံးပြီး အာဏာပြနေတဲ့ အမတ်တွေကို ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။
ဒါပေမဲ့ ဒါဟာ အပေါ်ယံပဲလေ။ တကယ်တမ်းကျတော့ ဘုရင်ကြီးက အရာရာကို ကိုယ်တိုင် မဆုံးဖြတ်နိုင်သေးတဲ့ အခြေအနေကတော့ မပြောင်းလဲသေးပါဘူး။
ကျားချန်ဧကရာဇ် နန်းတက်တာ ၆ နှစ်ပဲ ရှိသေးတယ်။ အခုထိတော့ ဝူအမတ်ကြီးချုပ်ကိုပဲ ယုံကြည်အားကိုးနေသလို၊ ပင်လယ်ဖွင့်ဖို့ ကိစ္စကိုလည်း ထပ်မပြောတော့ဘူး။ ဒါဆိုရင် အရှင်မင်းကြီးမှာလည်း ဒီလို စိတ်ကူးမျိုး ရှိနေတာလား။
တကယ်လို့သာ ဟုတ်နေရင်တော့ သူက ဝူအမတ်ကြီးချုပ်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေမှာပေါ့။
ဝူအမတ်ကြီးချုပ်ရဲ့ ဩဇာက တဖြည်းဖြည်း ကြီးမားလာတော့ တောင်ပိုင်းဒေသရဲ့ အခြေအနေတွေလည်း ပြောင်းလဲကုန်ပြီလေ။ အရင်က ငြိမ်နေတဲ့ ဝူမိသားစုဟာ အခုတော့ အဲဒီဒေသမှာ အာဏာအရှိဆုံး ဖြစ်လာပြီ။ ဝူမိသားစုက မှောင်ခိုအလုပ်မှာ မပါဘဲ နေပါ့မလား။ ဒါဆိုရင် ဝူအမတ်ကြီးချုပ်ဟာ တစ်နေ့မှာ ကျားချန်ဧကရာဇ်နဲ့ ဆန့်ကျင်ဘက် ဖြစ်လာမှာ သေချာသလောက်ပဲ။ ပြီးတော့ အရှင်မင်းကြီးကလည်း ဒီလို အာဏာရှိတဲ့ အမတ်ကြီးကို နှိမ်နင်းဖို့အတွက် တခြားလူတစ်ယောက်ကို မြေတောင်မြှောက်ပေးရမှာပဲလေ။
အဲဒီလူက တောင်ပိုင်းသား အရာရှိတော့ မဖြစ်နိုင်ဘူး၊ မြောက်ပိုင်းသား ဒါမှမဟုတ် အနောက်ပိုင်းသား ဖြစ်ရမှာပေါ့။ ဘယ်ဒေသကပဲဖြစ်ဖြစ် တောင်ပိုင်းသားတော့ မဖြစ်စေရဘူး။ အဲဒီအချိန်မှာ ရှန်မိသားစုက ရှန်းရှီး (မြောက်ပိုင်း) က ဖြစ်နေသလို ဝူမိသားစုနဲ့လည်း ရန်ငြိုးရှိနေတာလေ။
102 06
ဒါဆိုရင် ရှန်မိသားစုကလွဲရင် ဘယ်သူ ရှိဦးမှာလဲ။
ဆိုလိုတာကတော့... ရွှီထင်းရှန်း ပြောတာသာ မှန်ရင် ရှန်မိသားစုက ဘာမှထူးထူးခြားခြား လုပ်နေစရာ မလိုဘူး၊ အေးအေးဆေးဆေးနဲ့ အမတ်ကြီးချုပ် ရာထူးရမှာကို စောင့်နေရုံပဲလေ။ ဝူအမတ်ကြီးချုပ် ဘယ်လောက်ပဲ အာဏာကြီးပါစေ၊ ဧကရာဇ်မင်းမြတ်က အမတ်တစ်ယောက်ကို ရာထူးပေးတာကတော့ မအောင်မြင်စရာ မရှိဘူးလေ။
ခဏချင်းမှာပဲ ရှန်ဖူခမျာ ချွေးတွေ ပြန်လာပြီး အဲဒီစက္ကူလေးကို ကိုင်ထားတဲ့ လက်တွေတောင် တုန်လာတယ်။ ရင်ထဲမှာလည်း အဆုံးအစမရှိတဲ့ ထိတ်လန့်မှုတွေနဲ့ ပြည့်နေခဲ့တယ်။
သူ့စိတ်ထဲမှာတော့ ရွှီထင်းရှန်းဆိုတာ ကျေးလက်သားလေး တစ်ယောက်ပဲလေ။ သူက ဘယ်လိုလုပ်ပြီး အရာရာကို ဒီလောက်အထိ နှံ့နှံ့စပ်စပ် သိနေရတာလဲ။
သူကိုယ်တိုင်တောင်မှ ရှန်မိသားစုရဲ့ နောက်မျိုးဆက် ခေါင်းဆောင်အဖြစ် ပြုစုပျိုးထောင်ခံခဲ့ရလို့သာ ရှန်မိသားစုက လူတိုင်းမသိတဲ့ လျှို့ဝှက်ချက်တွေကို သိနေတာလေ။
ဒီကောင်လေးက ဘယ်လိုလုပ် သိတာလဲ၊ သူက ကျေးလက်သားလေး တစ်ယောက်ပဲလေ၊ တစ်သက်လုံး ရှရှန်းကနေတောင် ထွက်ဖူးမှာ မဟုတ်ဘူး။
ရှန်ဖူက သူ့စိတ်ထဲမှာ ဘယ်လောက်ပဲ ငြင်းဆိုနေပါစေ၊ ရင်ထဲမှာတော့ ကြောက်စိတ်တွေက တိုးလာနေတာပဲ။ အသံသဲ့သဲ့လေးတစ်ခုက သူ့ကို သတိပေးနေသလိုပဲ၊ ရွှီထင်းရှန်း ပြောတာတွေက အမှန်တွေပဲတဲ့။
တကယ်လို့သာ အမှန်ဆိုရင်တော့ နည်းနည်း နောက်ကျသွားပြီပေါ့။ စူးလန်ကိုလည်း ဖြေရှင်းပြီးပြီ၊ ဝူမိသားစုနဲ့ လက်ထပ်ဖို့ကလည်း စီစဉ်ပြီးသား ဖြစ်နေပြီလေ။ အခုမှ မင်္ဂလာပွဲကို ဖျက်ရင်တောင်၊ အကယ်၍ ကျားချန်ဧကရာဇ်က တကယ်ပဲ ဒီလို စိတ်ကူးရှိနေတယ်ဆိုရင် သူက အကုန်လုံးကို စောင့်ကြည့်နေမှာပဲ။ ဆိုလိုတာက ရှန်မိသားစုက ဝူမိသားစုကို ခေါင်းငုံ့ဖို့ စဉ်းစားလိုက်ကတည်းက ကျားချန်ဧကရာဇ်ရဲ့ စာရင်းထဲမှာ ရှန်မိသားစု နာမည်က ပယ်ဖျက်ခံလိုက်ရပြီပေါ့။
အခုအချိန်မှာတော့ ရှန်ဖူက သူ့ရဲ့ သိချင်စိတ်ကြောင့် ရွှီထင်းရှန်းကို လမ်းစရိတ် သွားပို့ခိုင်းမိတာကို နောင်တရနေတာပေါ့။
ဒါဟာ သူ့ရဲ့ တစ်ကိုယ်ရေ သိချင်စိတ်ကြောင့် ဖြစ်ခဲ့တာလေ၊ ရွှီထင်းရှန်း ပြောမယ့် စကားက ဘာလဲဆိုတာကိုပေါ့။
တကယ်တော့ ရွှီထင်းရှန်း ဘာပဲပြောပြော ဘာမှပြောင်းလဲလို့ မရတော့ပါဘူး၊ ဖြစ်သင့်တာတွေက ဖြစ်ပြီးနေပြီလေ။ သူက သိချင်ရုံတင်မကဘဲ ရွှီထင်းရှန်းကိုလည်း ရှန်မိသားစုဘက်ကို ဆွဲဆောင်ချင်လို့ အဲဒီကိစ္စက ရှန်မိသားစုရဲ့ အမြင်ကို မပြောင်းလဲစေဘူးဆိုတာကို ပြချင်ခဲ့တာ။ ဘယ်သူက ထင်မှာလဲ၊ ဒီလို ရလဒ်မျိုး ထွက်လာလိမ့်မယ်လို့။
ရှန်ဖူက ဒီကိစ္စကို မြို့တော် (နန်းတော်) ကို စာပို့ရမလားလို့တောင် တွေးမိတာပေါ့။ တကယ်လို့ အကြီးဆုံးဦးလေးသာ သိသွားရင် ဘယ်လို တုံ့ပြန်မလဲ၊ ဒါမှမဟုတ် ရှန်မိသားစုက တခြားလူတွေ သိသွားရင်ကော...
သူက ရွှီထင်းရှန်းကိုလည်း သံသယဝင်မိသေးတယ်၊ သူက တမင်လုပ်တာလားလို့ပေါ့။ ဘာလို့အစောကြီးကတည်းက မပြောဘဲ ရှန်မိသားစုကလူတွေ လိုက်ရှာတော့မှ အခုလိုမျိုး လုပ်ရတာလဲ...
ဒါပေမဲ့ သူ ဘာပဲစဉ်းစားစဉ်းစား ဒါက သူ့ကိစ္စပဲလေ၊ ရွှီထင်းရှန်းနဲ့တော့ ဘာမှ မဆိုင်တော့ပါဘူး။
……
ဒီလိုနဲ့ ရွှီထင်းရှန်းလည်း လမ်းတစ်လျှောက် ရှုခင်းတွေ ကြည့်ရင်း၊ အတွေးတွေ များရင်းနဲ့ တောင်လယ်ကို ရောက်လာခဲ့တယ်။
သူ တော်တော်လေး မောနေပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က အားနည်းသေးတာကြောင့် တောင်ပေါ်ကို ခဏလေး တက်ရတာနဲ့တင် အသက်ရှူတွေ မမှန်တော့ဘူး။
102 07
သူ့ရှေ့မှာ အဆောက်အဦးတစ်ခု ပေါ်လာတယ်။ တံခါးဝကနေ ကြည့်ရင်တော့ တခြားကျောင်းတော်တွေနဲ့ သိပ်မကွာလှပါဘူး။ ထူးခြားတာကတော့ ဒီကျောင်းတော်က တောင်လယ်မှာ ရှိနေတာရယ်၊ တခြားကျောင်းတွေထက် အများကြီး ပိုကြီးတာရယ်ပါပဲ။
အနက်ရောင် တံခါးကြီးရဲ့ အပေါ်မှာ ဆိုင်းဘုတ်တစ်ခု ချိတ်ထားတယ်၊ အဲဒီပေါ်မှာ စာလုံးကြီးတွေနဲ့ ရေးထားတာကတော့ မြောက်ဘက်တောင်တန်း ကျောင်းတော် တဲ့။
နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့။
သူ သက်ပြင်းတစ်ချက်ကို အေးအေးဆေးဆေး ချလိုက်ပြီး အဝတ်အစားတွေကို ပြန်ပြင်ကာ ရှေ့ကို လှမ်းလိုက်တယ်။
အဲဒီအချိန်မှာပဲ ဘေးက တံခါးလေး ပွင့်လာပြီး လူအချို့ ထွက်လာကြတာပေါ့။
"ဟား... ထင်းရှန်း၊ နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ"
အဲဒါကတော့ မောက်ပါ့သိုတို့ သူငယ်ချင်း သုံးယောက်ပါပဲ။
******