← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃)

မောက်ပါ့သိုတို့ သုံးယောက်လုံးက အပြာရင့်ရောင် ပညာတတ်ဝတ်စုံတွေကို ဝတ်ထားကြတာကြောင့် လက်ပွကြီးတွေနဲ့ ကြည့်ရတာ ခန့်ညားနေတာပေါ့။

အပြင်ပန်းက ကြည့်ရင်တော့ အရင်အတိုင်းပဲ၊ ထူးခြားတာက မောက်ပါ့သိုက အရင်ကထက် နည်းနည်း ပိန်သွားတယ်။

"ပါ့သို... ကျောင်းက ထမင်းတွေက မကောင်းလို့လား၊ ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ"

မောက်ပါ့သိုက မဖြေရသေးခင်မှာပဲ လီသာ့ထျန်နဲ့ ချန်ကျန်းက သူ့ကိုကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းအောင့်ထားကြတာ။

"ဘာဖြစ်လို့လဲ" လို့ ရွှီထင်းရှန်းက သိချင်စိတ်နဲ့ မေးလိုက်တယ်။

မောက်ပါ့သိုက ဟိုနှစ်ယောက်ကို တွန်းထုတ်ပြီး ရွှီထင်းရှန်းရဲ့ အထုပ်တွေကို ကူသယ်ပေးတယ်။ "သွားမယ် သွားမယ်၊ ဒီနှစ်ယောက်ကို ဂရုမစိုက်နဲ့။ ငါ ပိန်သွားတော့ အရင်ကထက် ပိုပြီးကြည့်ကောင်းလာလို့ သူတို့က နေ့တိုင်း မနာလို ဖြစ်နေကြတာလေ"

လီသာ့ထျန်က ရယ်မောရင်းနဲ့ ဝင်ပြောတော့တယ်။ "မင်းပြောတာ မှန်တယ်၊ ငါနဲ့ အားကျန်းက တကယ်ပဲ မနာလိုဖြစ်နေတာ။ မင်းကတော့ တကယ့်ကို အချောဆုံး၊ အခန့်ဆုံး လူရည်ချောလေး ဖြစ်သွားတာပဲ၊ ဟုတ်ပြီလား"

မောက်ပါ့သိုက သူ့ကို တွန်းထုတ်ပြီး ရွှီထင်းရှန်းကို ဆွဲခေါ်သွားတယ်။ "ဒီလူကို ဂရုမစိုက်နဲ့"

သုံးယောက်သား ကျောင်းတော်ထဲကို အတူတူ ဝင်ခဲ့ကြတယ်။

ကျောင်းတော်ထဲက ရှုခင်းတွေကလည်း တကယ့်ကို ထူးခြားတယ်။ တခြားကျောင်းတွေလို စည်းကမ်းကြီးပြီး တင်းကျပ်တဲ့ ပုံစံမျိုး မဟုတ်ဘဲ ဝေ့ကျင့်ခေတ်က ပုံစံမျိုး အေးအေးလူလူ ရှိလှတယ်။ အဆောက်အဦးတွေက မြင့်မားကျယ်ဝန်းပြီး သစ်ပင်စိမ်းစိမ်းတွေကြားမှာ ပြန့်ကျဲနေတာ။ အခုခေတ်မှာ ခေတ်စားတဲ့ ခြံဝန်းတစ်ခုတည်းမှာ စုနေတဲ့ ပုံစံမျိုး မဟုတ်ဘဲ ခပ်ကျဲကျဲ ဆောက်ထားတာမျိုးအပြင် နေရာတိုင်းမှာ ကောင်းကင်ကို ထိလုမတတ် မြင့်တဲ့ သစ်ပင်ကြီးတွေနဲ့ နွယ်ပင်တွေ ရှိနေတော့ ကျောင်းထဲ ရောက်နေတာထက် တောင်ထဲ ရောက်နေသလိုပဲ။

တကယ်လည်း မြောက်ဘက်တောင်တန်း ကျောင်းတော်က တောင်လယ်မှာ ဆောက်ထားတာဆိုတော့ အဆောက်အဦးတွေက ပုံသေကားချပ် မဟုတ်ဘူးလေ။ ယွန်းကျုံးတောင်ရဲ့ အလှကို မပျက်စီးစေချင်လို့ တောင်ရဲ့ အနေအထားအတိုင်းပဲ လိုက်လျောညီထွေ ဆောက်ထားတာ။

အရင်တစ်ခေါက် လာတုန်းကလည်း ရွှီထင်းရှန်း ဒါတွေကို မြင်ဖူးတော့ သိပ်တော့မအံ့သြပါဘူး။ သူတို့နောက်ကနေ လိုက်သွားရင်း နာရီဝက်နီးပါး ကြာမှ အိမ်လေးတစ်လုံးရှေ့ ရောက်ခဲ့တယ်။

ရွှီထင်းရှန်း တွေးမိတာကတော့ ကျောင်းမှာ စာဖတ်တာကို ထားဦး၊ အခုလို နေ့တိုင်းလမ်းလျှောက်နေရတာနဲ့တင် ကျန်းမာရေးကတော့ ကောင်းမှာ သေချာတယ်ပေါ့။

အိမ်က သိပ်မကြီးဘဲ ခြံဝန်းတစ်ခုပဲ ရှိတယ်။

ဧည့်ခန်းထဲမှာတော့ ဆရာလင်းမြောင်က စောင့်နေခဲ့တယ်။

ဒီတစ်ခေါက် လာတာက တပည့်တွေတင် မဟုတ်ဘဲ ဇနီးနဲ့ သမီးကိုပါ ခေါ်လာခဲ့တာ။ ဆရာကတော် တောက်ရှီကို မြင်တော့ ရွှီထင်းရှန်း အံ့သြသွားပေမဲ့ ဘာမှမပြောဘဲ ရိုရိုသေသေပဲ နှုတ်ဆက်လိုက်တယ်။ ဆရာကတော်က ပြုံးပြီး ခေါင်းညိတ်ပြကာ အထဲဝင်သွားတာပေါ့။

ဆရာလင်းမြောင်က ရွှီထင်းရှန်းရဲ့အခြေအနေတွေကို မေးတယ်၊ အိမ်က ကိစ္စတွေရော အဆင်ပြေခဲ့ရဲ့လားပေါ့။

103 02

တကယ်တော့ သူတို့အားလုံးက ရွှီထင်းရှန်း အိမ်မှာ နောက်ကျမှ လာတာဟာ အိမ်မှာ ကိစ္စရှိလို့ဆိုတာထက် မင်္ဂလာဦးဇနီးမောင်နှံ ခွဲမရလို့လို့ပဲ ထင်နေကြတာ။ ဒါပေမဲ့ ဒါကို ဘယ်သူမှ မျက်နှာချင်းဆိုင် မပြောကြပါဘူး။ ဆရာကလည်း မောက်ပါ့သိုလို မဟုတ်တော့ အကျဉ်းရုံးပဲ မေးပြီး အနားယူဖို့ လွှတ်လိုက်တယ်။

မောက်ပါ့သိုတို့က ရွှီထင်းရှန်းကို အနားယူဖို့ ခေါ်သွားကြတယ်။ သူတို့က အရှေ့ဘက်ဆောင်မှာ နေကြတာလေ။

အခန်းက သိပ်မကြီးပေမဲ့ တစ်ယောက်တစ်ခန်းဆိုတော့ ရွှီထင်းရှန်းအတွက် စိတ်အေးသွားရတာပေါ့။ အရင်လို အိပ်စင်ကြီးပေါ်မှာ အားလုံးနဲ့ စုအိပ်စရာ မလိုတော့ဘူးလေ။

တကယ်တော့ ရွှီထင်းရှန်းတို့က မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ ကျောင်းသားတွေ မဟုတ်သေးဘူး၊ ဆရာလင်းမြောင်ရဲ့ တပည့်တွေအနေနဲ့ ခဏလာနေတာပဲ ရှိသေးတာ။

ဒီကျောင်းက ကျောင်းသားလက်ခံတာ အရမ်းတင်းကျပ်တယ်၊ သုံးနှစ်မှ တစ်ခါ လက်ခံပြီး တစ်ခါဆိုရင် ၁၀ ယောက်ကျော်ပဲ ယူတာလေ။ အခုထိတော့ လာတက်ချင်တဲ့သူတွေ အများကြီး ရှိပေမဲ့ ရွေးချယ်ခံရတာကတော့ အနည်းအကျဉ်းပဲ ရှိတာ။

နောက်တစ်လဆိုရင် ကျောင်းသားအသစ်တွေ ခေါ်မယ့်နေ့ဆိုတော့ လာတဲ့သူတွေ အများကြီး ဖြစ်မှာပဲ။ ကျောင်းတော်ရဲ့ စည်းကမ်းအရ ဝင်ခွင့်စာမေးပွဲ အောင်မှ ဝင်ခွင့်ရမှာလေ။ ဆရာလင်းမြောင်ရဲ့ အစီအစဉ်က သူ့တပည့်တွေကိုလည်း ဒီကျောင်းထဲ ဝင်စေချင်တာ၊ ပြီးတော့ ၈ လပိုင်းမှာ ဖြေရမယ့် ပြည်နယ်စာမေးပွဲအတွက်လည်း ပြင်ဆင်ပေးချင်လို့ အရင် ခေါ်လာခဲ့တာပေါ့။

ဒါပေမဲ့ ဆရာက တစ်အိမ်လုံး ခေါ်လာတာဆိုတော့ ဟူယန်းကို ပြန်ဖို့ စိတ်ကူးမရှိတော့ဘူး ထင်တယ်။ မောက်ပါ့သိုတို့ကို မေးကြည့်မှ ဆရာ့အိမ်မှာ ပြဿနာတက်ခဲ့မှန်း သိရတာ။

အဲဒါက လင်းယန့်ရန်ရဲ့ ကိစ္စလေ။

လင်းယန့်ရန်က အစောကြီးကတည်းက စေ့စပ်ထားပြီးသား။ ဆရာလင်းမြောင်ရဲ့အဖေက သတ်မှတ်ပေးခဲ့တာဖြစ်တဲ့အပြင် တစ်ဖက်ကလည်း ဆရာ့အဖေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ လီမိသားစု။

လီမိသားစုကလည်း ပညာတတ် မိသားစုပဲ၊ ဒါပေမဲ့ သူတို့က လယ်ဧက ရာနဲ့ချီ ပိုင်တဲ့ သူဌေးတွေလေ။

ဒီမင်္ဂလာပွဲက ငယ်ငယ်ကတည်းက စေ့စပ်ခဲ့တာ။ ချင်းယွမ်ကျောင်းတော် နာမည်ကြီးနေတဲ့ အချိန်တုန်းက နှစ်ဖက်မိသားစု ရေစက်ဆုံခဲ့ကြတာပေါ့။

ဒါပေမဲ့ နောက်ပိုင်းမှာ လင်းမိသားစုက အခြေအနေ နည်းနည်း ကျဆင်းလာတယ်၊ ဆရာ့အဖေလည်း ဆုံးသွားရော။ လီမိသားစုက ဝမ်ခရိုင်ကို ပြောင်းသွားတော့ နှစ်ဖက် ဆက်ဆံရေးက အေးစက်သွားတာပေါ့။ ဒါပေမဲ့ ဆရာလင်းမြောင်ကတော့ ကတိတည်တဲ့သူဆိုတော့ ဒီကိစ္စကို အမြဲ မှတ်ထားခဲ့တာ။

လင်းယန့်ရန် အသက် ၁၅ နှစ်ကတည်းက လီမိသားစု လာတောင်းမှာကို သူ စောင့်နေခဲ့တာ။

ဒါပေမဲ့ ရောက်မလာခဲ့ဘူး။

နောက်တစ်နှစ်မှာ သူ စာရေးပြီး မေးကြည့်တော့ အိမ်မှာ အလုပ်များနေလို့ပါ၊ ပြီးရင် လာခဲ့ပါ့မယ်လို့ပဲ ပြန်ဖြေခဲ့တယ်။

နောက်ထပ် နှစ်နှစ်လောက် ထပ်စောင့်ရပြန်ရော၊ လင်းယန့်ရန် ၁၇ နှစ် ရောက်တဲ့အထိ ဘာမှမထူးသေးဘူး။ ဆရာက ထပ်ပြီး စာရေးပြီး မေးခွန်းထုတ်တော့ သားဖြစ်သူက စာမေးပွဲဖြေဖို့ အရေးကြီးနေလို့ပါ၊ အားလုံးပြီးမှ လာတောင်းပါ့မယ်လို့ ဆိုပြန်တယ်။

103 03

တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ လင်းယန့်ရန်နဲ့ စေ့စပ်ထားတဲ့သူရဲ့ အဖေက အခုမှ ကျူးရန် ဖြစ်သွားတာလေ။ အဲဒီလို အောင်ဖို့က ကောင်းကင်ကို တက်တာထက်တောင် ခက်တာလေ။ အဆင့်အတန်း မြင့်သွားတော့ သူ့သားအတွက် လင်းမိသားစုက သမီးဆိုတာ နိမ့်လွန်းတယ်လို့ သူတို့ ထင်သွားကြတာပေါ့။

မနှစ်က နှစ်ကုန်ခါနီးမှာ ဆရာက ထပ်ပြီး မေးခွန်းထုတ်တော့မှ၊ သဘောမတူရင်လည်း ဖျက်လိုက်ပါ၊ အခုလို ဆွဲမထားပါနဲ့လို့ ပြောတော့မှ သူတို့က အမှန်အတိုင်း ပြောတာလေ။ သူတို့သားက တခြားတစ်ယောက်နဲ့ စေ့စပ်လိုက်ပြီတဲ့၊ စေ့စပ်ထားတဲ့ ပစ္စည်းတွေကိုလည်း ပြန်ပို့လိုက်တာပေါ့။

ဆရာလင်းမြောင်လည်း အရမ်းဒေါသထွက်ခဲ့သလို၊ ဆရာကတော်လည်း နေ့တိုင်း ငိုနေရတာ။ လင်းယန့်ရန်ကတော့ စိတ်မပူဖို့ ပြောနေပေမဲ့ နှစ်ပတ်အတွင်းမှာတင် တော်တော်လေး ပိန်သွားရှာတယ်။

ငယ်ငယ်ကတည်းက စေ့စပ်ထားတော့ သူ့ရဲ့အနာဂတ်က အဲဒီလူပဲလို့ ထင်ထားတာကို အခုမှ ဖျက်ခံလိုက်ရတာဆိုတော့ ဘယ်မိန်းကလေးမဆို ဒီလိုကိစ္စကို ခံစားရမှာပဲလေ။

ဒီနှစ်သစ်ကူးက လင်းမိသားစုအတွက်တော့ တကယ့်ကို မသာယာခဲ့ဘူး။ ရွှီထင်းရှန်းကတော့ မင်္ဂလာကိစ္စနဲ့ အလုပ်ရှုပ်နေတာရယ်၊ ဆောင်းတွင်းကြီးဆိုတော့ မြို့ကို သွားဖို့ ခက်တာရယ်ကြောင့် မသိခဲ့တာ။

၂ လပိုင်းမှာ ရွှီထင်းရှန်းရဲ့မင်္ဂလာပွဲပြီးတော့မှ ဆရာလင်းမြောင်က သူ့မိသားစုနဲ့ တပည့်တွေကို ခေါ်ပြီး မြောက်ဘက်တောင်တန်း ကျောင်းတော်ကို ပြောင်းလာခဲ့တယ်။ ချင်းယွမ်ကျောင်းတော်ကိုတော့ ဆရာမော့ဆီမှာ အပ်ခဲ့တာပေါ့။ ဆရာ့ရဲ့စိတ်က တကယ်ပဲ တင်းမာခဲ့ပေမဲ့ အခုတော့ သမီးရဲ့ အနာဂတ်တောင် ပျက်သွားပြီဆိုတော့ ဆက်ပြီးနေဖို့လည်း စိတ်မပါတော့ဘူး။

ဒါတွေကို ကြားတော့ ရွှီထင်းရှန်းက ဘာမှ မပြောရသေးခင်မှာပဲ မောက်ပါ့သိုက ဒေါသတကြီးနဲ့ အော်ပြောတာပေါ့။

"အဲဒီလူတွေက တကယ့်ကို မျက်နှာကြီး ရလာတော့ မျက်လုံးက အပေါ်ရောက်သွားတာပဲ။ တစ်နေ့ကျရင် ငါတို့ရဲ့ အစွမ်းကို ပြလိုက်မယ်"

ရွှီထင်းရှန်းလည်း သူ့ကိုကြည့်ပြီး ရယ်လိုက်မိတယ်။

လီသာ့ထျန်ကလည်း ရယ်နေရင်းနဲ့ ရွှီထင်းရှန်းကို မျက်စိမှိတ်ပြတာလေ။

ဘာကိုဆိုလိုတာလဲဆိုတာ ရွှီထင်းရှန်းတောင် ချက်ချင်းနားမလည်ဘူး။ ချန်ကျန်းကလည်း ပြုံးပြီး မောက်ပါ့သိုကို ကြည့်နေတာ မြင်မှ သူ ရိပ်မိသွားတာပေါ့။

သူက မောက်ပါ့သိုကို တစ်ချက်ပုတ်ပြီး မေးလိုက်တယ်။

"ကြည့်စမ်း... မင်းနဲ့လည်း မဆိုင်ဘဲ ဘာလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ"

"ဘာလို့ မဆိုင်ရမှာလဲ။ ဆရာ့ကိစ္စက တပည့်ရဲ့ ကိစ္စပဲလေ"

"တခြား အကြောင်းကြောင့် မဟုတ်ဘူးပေါ့"

"ဘာတခြားအကြောင်းလဲ၊ မင်း ဘာတွေ ပြောနေတာလဲ ငါ နားမလည်ဘူး"မောက်ပါ့သိုက မျက်နှာပျက်သွားပြီး ပြောရင်းနဲ့ စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ဒါနဲ့... မင်းအခန်းထဲမှာ ပစ္စည်းတွေ မစုံသေးဘူး၊ ငါ ဆရာကတော်ဆီ သွားပြီး မျက်နှာသစ်ဇလုံ သွားယူပေးမယ်"

ပြောပြီးတာနဲ့ သူ မြန်မြန် ထွက်ပြေးသွားတာပေါ့။

ကျန်ခဲ့တဲ့ သုံးယောက်ထဲမှာ လီသာ့ထျန်က ရှင်းပြတယ်၊ မောက်ပါ့သိုက ဆရာ့သမီးကို တိတ်တိတ်လေး သဘောကျနေတာတဲ့။ ဒါပေမဲ့ မပြောရဲတော့ မိန်းကလေးတွေက ဘယ်လိုယောက်ျားမျိုးကို သဘောကျလဲလို့ လှည့်ပတ်မေးလိုက်တယ်။

လင်းယန့်ရန်ကလည်း သူ မေးလွန်းလို့ စိတ်ပျက်ပြီး ယဉ်ကျေးတဲ့သူ၊ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ လူမျိုးကို သဘောကျတယ်လို့ ပြောလိုက်တာ။

103 04

အဲဒီမှာတင် ပြဿနာက စတာပဲ။ မောက်ပါ့သိုက အရပ်ကလွဲရင် ကျန်တာ တစ်ခုမှ မကိုက်ညီဘူးလေ။ အဲဒီညကစပြီး သူ အစာငတ်ခံပြီး ပိန်အောင် လုပ်တော့တာပဲ၊ သူက ယဉ်ကျေးတဲ့ လူချောလေး ဖြစ်ချင်တာကိုး။

ရွှီထင်းရှန်းက ဒီလိုနဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်မှာ နေသားကျလာခဲ့တယ်။

ဒီနေရာက အရမ်းအေးချမ်းပြီး ငှက်သံလေးတွေနဲ့ တကယ့်ကို စာဖတ်ဖို့ ကောင်းတဲ့ နေရာလေးပဲ။

ရက်အနည်းငယ် ကြာတဲ့အထိ ဘယ်သူမှ သူ့ဆီ လာမတွေ့ကြသလို လူစိမ်းလည်း မမြင်ရဘူး။ မေးကြည့်မှ သူတို့နေတဲ့ နေရာက ကျောင်းသားတွေရဲ့ မိသားစုတွေ နေတဲ့ နေရာဖြစ်နေတာကိုး။

ပြီးတော့ ဆရာလင်းမြောင်က ဒီကျောင်းမှာ ဝါရင့်တဲ့သူ မဟုတ်သလို ရှားခရိုင်မှာ နေတာ ကြာပြီဆိုတော့ ဒီမှာ ရင်းနှီးတဲ့သူ သိပ်မရှိဘူးလေ။

ဒီကျောင်းက တခြားကျောင်းတွေနဲ့ မတူတာက ဆရာအနည်းငယ်က ကျောင်းသားအများကြီးကို သင်ပေးတာမျိုး မဟုတ်ဘဲ ဆရာတစ်ယောက်ချင်းစီမှာ ကိုယ့်တပည့်နဲ့ကိုယ် ရှိတာလေ။ အဲဒီတပည့်ကနေလည်း တပည့်တွေ ထပ်ရှိတာပေါ့။

ကျောင်းထဲမှာ ရန်၊ ရိ၊ လီ၊ ကျစ်၊ ဖျင့် ဆိုပြီး အဖွဲ့ကြီး ၆ ဖွဲ့ ရှိတယ်။

ဒါက အဖွဲ့ကွဲနေတာ မဟုတ်ဘဲ ကျောင်းတော်ရဲ့ ရှေးရိုးစဉ်လာ ဓလေ့တစ်ခုပဲ။ အရင်မင်းဆက်တုန်းက စာသင်ဝိုင်းတွေက အရမ်းခေတ်စားခဲ့တာ။ နောက်ပိုင်းမှာ အစိုးရက ဒါတွေကို တားမြစ်လိုက်တော့မှ ဒီစာသင်ဝိုင်းတွေက ကျောင်းတော်ရဲ့အဖွဲ့ခွဲတွေ ဖြစ်သွားတာ။

စိတ်တူကိုယ်တူတွေ စုပြီး ပညာရပ်တွေကို ဆွေးနွေးကြတယ်။ ကျောင်းထဲဝင်တဲ့ ကျောင်းသားတွေက ကိုယ်ကြိုက်တဲ့ ဆရာဆီမှာ တပည့်ခံရုံပဲ။

ဆရာလင်းမြောင်က 'ရန်' အဖွဲ့ကပေါ့။ 'ရန်' အဖွဲ့ရဲ့ ခေါင်းဆောင်ကတော့ ကျောင်းအုပ်ကြီး လုဟွမ်ချင်းပဲ၊ ဆရာလင်းမြောင်ရဲ့ဆရာပေါ့။

လုဟွမ်ချင်းမှာ တပည့် ၇ ယောက် ရှိပြီး ဆရာလင်းမြောင်က အငယ်ဆုံးပဲ။ အဲဒီ တပည့် ၇ ယောက်ကလည်း တပည့်တွေ အများကြီး ထပ်မွေးထားကြတာဆိုတော့ သူတို့အားလုံးက 'ရန်' အဖွဲ့ဝင်တွေပေါ့။

ဒါကြောင့် ရွှီထင်းရှန်း ကျောင်းထဲဝင်ရင်လည်း 'ရန်' အဖွဲ့ဝင်ပဲ ဖြစ်ရမှာပေါ့။

ရွှီထင်းရှန်း နားထောင်ပြီးတော့မှ တစ်ခုပဲ သိလိုက်ရတာက သူ့ရဲ့ ဆရာဘိုးဘိုးက ကျောင်းအုပ်ကြီး ဖြစ်နေတာပဲ။

ဒါကို သူ အစောကြီးကတည်းက သိပေမဲ့ အရင်တစ်ခေါက် လာတုန်းကတော့ မတွေ့လိုက်ရဘူး။ အခုတော့ ကျောင်းအုပ်ကြီးက သူ့ရဲ့ဆရာဘိုးဘိုးဆိုမှတော့ တပည့်မြေး တစ်ယောက်အနေနဲ့ အကျိုးကျေးဇူးတွေ ရှိမှာသေချာတယ်၊ အဲဒါက ဘာဖြစ်မလဲဆိုတာတော့ သူ မသိသေးဘူးပေါ့။

ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီ အကျိုးကျေးဇူးက ဘာလဲဆိုတာ သူ သိလိုက်ရတော့တာပဲ။

******

104 01

အခန်း (၁၀၄)

ဒီကျောင်းတော်ရဲ့ အကျိုးကျေးဇူးကတော့ ဆရာသမား အကြီးအကဲတွေ အရမ်းများတာပဲ။ ရွှီထင်းရှန်းရဲ့ဦးနှောက်နဲ့တောင် အားလုံးကို မှတ်မိဖို့ မနည်းကြိုးစားလိုက်ရတယ်။

အရင်က လုဟွမ်ချင်း ခရီးသွားနေတာကြောင့် မနေ့ကမှ ပြန်ရောက်လာခဲ့တာလေ။ ဒါနဲ့ပဲ ဆရာလင်းမြောင်က သူ့ရဲ့ တပည့်တွေကိုခေါ်ပြီး ဆရာဖြစ်သူကို သွားနှုတ်ဆက်ကြတာပေါ့။ မောက်ပါ့သိုတို့ကတော့ အရင်က တွေ့ဖူးပြီးသားဆိုပေမဲ့ ရွှီထင်းရှန်းအတွက်ကတော့ ဒါ ပထမဆုံးအကြိမ်ပဲ။ ဒါကြောင့် လူမှုရေးအရ လုပ်စရာရှိတာတွေကို အကုန်လုပ်ရတာပေါ့။

လုဟွမ်ချင်းက ကြည့်ရတာ အရမ်းကို သာမန်ဆန်တဲ့ အဘိုးအိုတစ်ယောက်ပါပဲ။ ရုပ်ရည်ကလည်း ဘာမှထူးထူးခြားခြား မရှိဘူးလေ။ လက်ပွအင်္ကျီနဲ့ ပညာတတ်ဝတ်စုံကို ဝတ်ထားပြီး ခန္ဓာကိုယ်ကတော့ ပိန်ပိန်ပါးပါးပါပဲ၊ မျက်နှာမှာတော့ အမြဲတမ်း ပြုံးနေတတ်တာ။ ဒါပေမဲ့ ရွှီထင်းရှန်းကတော့ သူ့ကို လုံးဝလျှော့မတွက်ရဲဘူး။ အိပ်မက်ထဲမှာ သူ ဝန်ကြီးချုပ်အဆင့်အထိ ရောက်ခဲ့တုန်းကတောင် လုဟွမ်ချင်းရဲ့ ဂုဏ်သတင်းက ပညာတတ်လောကမှာ တုန်လှုပ်လို့ မရနိုင်တဲ့အထိ ကြီးမားခဲ့တာလေ။ အဲဒီတုန်းက သူနဲ့ တွေ့ခွင့်ရဖို့တောင် မလွယ်ခဲ့ဘူး။

အခုတော့ အဲဒီလူကြီးက သူ့ရဲ့ ဆရာအဘိုး ဖြစ်နေပြီပေါ့။

သူက ရိုရိုသေသေပဲ အရိုအသေပေးပြီးတော့မှ တစ်ဖက်မှာ သွားရပ်နေလိုက်တယ်။

အဲဒီနောက်မှာတော့ သူ့အတွက် လုပ်စရာ သိပ်မရှိတော့ဘူး။ လုဟွမ်ချင်း ခရီးထွက်သွားတာ ကြာပြီဆိုတော့ ကျောင်းအုပ်ကြီး ပြန်လာပြီဆိုတဲ့ သတင်းကြောင့် နေရာအနှံ့ကလူတွေ ရောက်လာကြတာလေ။ လူတွေက ရုတ်တရက်ကြီး ပေါ်လာသလိုပဲလို့ ရွှီထင်းရှန်း ခံစားလိုက်ရတယ်။ အရင်က ဒီနေရာမှာ တိတ်ဆိတ်နေတာဆိုတော့ အခုလို လူတွေ အများကြီး မြင်ရတာကို သူ အကျွမ်းတဝင် မဖြစ်နေတာပေါ့။

လုဟွမ်ချင်းက 'ရန်' အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်သလို အဖွဲ့ကြီး ၅ ဖွဲ့ရဲ့ ထိပ်သီးနဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်တယ်။

သူက ငယ်ငယ်ကတည်းက နာမည်ကြီးခဲ့တာ။ အသက် ၂၄ နှစ်မှာတင် စာမေးပွဲမှာ ပထမစွဲပြီး အောင်မြင်ခဲ့တာ။ အဲဒီနောက် ဟန်လင်းကျောင်းမှာ ရာထူးတွေ အဆင့်ဆင့် တက်ခဲ့သလို အရင်ဘုရင်ကြီးကိုလည်း စာသင်ပေးဖူးတဲ့အပြင် အခုဘုရင်ရဲ့ဆရာလည်း ဖြစ်ခဲ့ဖူးတယ်။

သူ အသက် ၄၆ နှစ် အရွယ်မှာတော့ စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရလို့ ရာထူးကနေ နုတ်ထွက်ပြီး အိမ်ပြန်လာခဲ့တာ။ အဲဒီနောက်မှာတော့ နေရာအနှံ့ကို လှည့်လည်ပြီး ကျောင်းတော်တွေမှာ စာသင်ပေးခဲ့တယ်။ သူ သွားလေရာမှာ လူတွေက တိုးမပေါက်အောင် လာနားထောင်ကြတဲ့အပြင် သူ့ရဲ့ ကဗျာတွေနဲ့ စာပေတွေကလည်း နေရာအနှံ့ ပြန့်နှံ့နေတာဆိုတော့ ခေတ်တစ်ခေတ်ရဲ့ စာပေပညာရှင်ကြီးလို့တောင် ခေါ်လို့ရတယ်။

တခြား အဖွဲ့ခွဲတွေရဲ့ ခေါင်းဆောင်တွေကလည်း သူ့ရဲ့တပည့်ရင်းတွေချည်းပဲလေ။ ဒါကြောင့် ရွှီထင်းရှန်းမှာ ဦးလေးတော်စပ်တဲ့ ဆရာတွေ (ရှီးပေါ်) အများကြီး ရှိလာတာပေါ့။ အဲဒီ ဆရာဦးလေးတွေကလည်း တပည့်တွေ အများကြီး မွေးထားကြပြန်တော့ သူ့မှာ အစ်ကိုတော်စပ်တဲ့ ကျောင်းသားတွေလည်း အများကြီး တိုးလာတာပေါ့။

104 02

သူ့ရဲ့ ဆရာလင်းမြောင်မှာတင် စီနီယာ အစ်ကို ၆ ယောက် ရှိတာလေ။ တချို့ကတော့ အပြင်မှာ အရာရှိ လုပ်နေကြပေမဲ့ စတုတ္ထနဲ့ ဆဋ္ဌမမြောက် အစ်ကိုတွေကတော့ ကျောင်းတော်မှာပဲ ရှိနေကြတာ။ အဲဒီ ဆရာဦးလေး နှစ်ယောက်မှာလည်း တပည့်တွေ အများကြီး ရှိတာပေါ့။

အဆင့်အတန်းနဲ့ အသက်အရွယ်အရ ကြည့်ရင်တော့ သူက အငယ်ဆုံးပဲလေ။ တစ်အိမ်လုံး လိုက်နှုတ်ဆက်ရတာ ရွှီထင်းရှန်းခမျာ မျက်နှာတောင် ပြုံးရလွန်းလို့ တောင့်သွားတဲ့အထိပဲ။

အဲဒီလူတွေရဲ့ စရိုက်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ အခုလောလောဆယ်တော့ အကုန်လုံး မပြောပြတော့ဘူးပေါ့။ အဲဒီနောက်မှာ ရွှီထင်းရှန်း၊ မောက်ပါ့သို၊ ချန်ကျန်းနဲ့ လီသာ့ထျန်တို့ဟာ ကျောင်းအုပ်ကြီးရဲ့ ခြံဝန်းထဲကနေ ပြန်ထွက်လာခဲ့ကြတယ်။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရွှီထင်းရှန်းက သက်ပြင်းချရင်း မေးလိုက်တယ်။ "ဒီလောက် လူအများကြီးကို မင်းတို့ တစ်ယောက်ချင်းစီ မှတ်မိကြရဲ့လား"

ချန်ကျန်းကတော့ ရိုးရိုးသားသားပဲ ခေါင်းခါပြတယ်လေ။ လီသာ့ထျန်လည်း အတူတူပါပဲ။ မောက်ပါ့သိုကတော့ ရယ်ကျဲကျဲနဲ့ ပြန်ဖြေတာပေါ့။ "အခုတော့ မမှတ်မိသေးဘူးပေါ့၊ နောက်ကျရင် ခဏခဏ တွေ့နေရမှာဆိုတော့ မှတ်မိသွားမှာပါ"

ဒါပေမဲ့ ဆရာဦးလေးတွေနဲ့ အစ်ကိုတွေ အများကြီး ရှိတာက အကျိုးကျေးဇူးတော့ ရှိတာပေါ့။

ဒီကျောင်းကို ဝင်ခွင့်ရတဲ့သူတွေက သာမန်လူတွေ မဟုတ်ကြဘူးလေ။ ဒီကျောင်းတော်က ထွက်သွားတဲ့သူတွေ နန်းတွင်းမှာ အရာရှိ လုပ်နေတာတွေလည်း အများကြီးပဲ။ ပြီးတော့ အဲဒီ ဆရာဦးလေးတွေကလည်း အများစုက ကျူးရန်တွေ ဖြစ်ကြသလို ကျင်းရှီအောင်ထားတဲ့သူတွေတောင် ပါသေးတာ။ ဒါပေမဲ့ သူတို့က အေးအေးဆေးဆေး နေချင်ကြလို့ ရာထူးမယူဘဲ ကျောင်းတော်မှာပဲ စာသင်ပေးနေကြတာ။

ဒီလို အခွင့်အရေးမျိုးက သာမန်လူတွေ ဘယ်မှာ ရပါ့မလဲ။ ပြီးတော့ ဒီကျောင်းတော်က အဖွဲ့ဝင်တွေကြားမှာလည်း သံယောဇဉ်က အရမ်းကြီးတာ။ ဟုတ်တယ်၊ အဆင်မပြေတာလေးတွေလည်း ရှိတာပေါ့၊ ဒါတွေကိုတော့ အခု ထားလိုက်ပါဦး။

ရွှီထင်းရှန်းလည်း အခုမှပဲ ချင်းယွမ်ကျောင်းတော်ရဲ့ ပတ်ဝန်းကျင်က ဘာလို့ တခြားကျောင်းတွေနဲ့ မတူတာလဲဆိုတာ နားလည်သွားတာ။ အကုန်လုံးက မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ လွှမ်းမိုးမှုတွေကြောင့်ပဲကိုး။

တကယ်တော့ သူ သိလိုက်ရတာက တစ်ခုပဲ၊ အခုတော့ သူ့မှာ ကျောထောက်နောက်ခံ ရှိသွားပြီ။ ဒါတွေက သူ့ရဲ့လက်ရှိရော အနာဂတ်အတွက်ပါ အင်အားတွေပဲလေ။

အဲဒီနောက်ပိုင်း ရက်တွေမှာတော့ ရွှီထင်းရှန်းတို့ တစ်ဖွဲ့လုံး စာကြိုးစားတဲ့ဘက်ကိုပဲ အာရုံစိုက်လိုက်ကြတယ်။

ပြည်နယ်အဆင့် စာမေးပွဲကတော့ အရင်ဖြေခဲ့တဲ့ စာမေးပွဲတွေနဲ့ မတူဘူးလေ။ အရင်ပွဲတွေတုန်းက ရှစ်ကြောင်းဖွဲ့စာစီစာကုံးကိုပဲ အဓိကထားပေမဲ့ ပြည်နယ်အဆင့် ရောက်လာပြီဆိုရင်တော့ ဒါတင်မကတော့ဘူး။

ပြည်နယ်အဆင့် စာမေးပွဲက နန်းတွင်း စာမေးပွဲကြီးလိုပဲ အပိုင်းသုံးပိုင်း ခွဲဖြေရတာ။ ပထမပိုင်းက ရှစ်ကွက်စာ၊ 'ကျမ်းကြီး ၄ စောင်' က မေးခွန်း ၃ ခုနဲ့ 'ကျမ်းကြီး ၅ စောင်' က မေးခွန်း ၄ ခု ဖြေရတာလေ။ ဒုတိယပိုင်းကတော့ အုပ်ချုပ်ရေး၊ ဥပဒေနဲ့ အမိန့်ပြန်တမ်းတွေ ရေးရတာ။ တတိယပိုင်းကတော့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ဖြေရတာပေါ့။

ကျမ်းကြီး ၅ စောင်ထဲမှာဆိုရင်လည်း တာ့ချန်းရဲ့ ဓလေ့အရ တစ်စောင်တည်းကိုပဲ အပတ်တည်း လေ့လာရင် ရတာလေ။ ကျန်တဲ့ ၄ စောင်ကိုတော့ အကြမ်းဖျင်း သိရင် ရပြီ။ စာမေးပွဲဖြေရင် ကိုယ်ကျွမ်းကျင်တဲ့ကျမ်းကိုပဲ ရွေးဖြေရတာပေါ့။ အိပ်မက်ထဲမှာတုန်းက ရွှီထင်းရှန်းက 'ရှန့်ရှူး' (နန်းတွင်းမှတ်တမ်းကျမ်း) ကို လေ့လာခဲ့တာ။ အခု ဒီတစ်ခေါက် ကျမ်းရွေးတော့ သူ အကြိမ်ကြိမ် စဉ်းစားပြီးမှ 'ချွန်းချိုး' (နွေဦးနဲ့ ဆောင်းဦးကျမ်း) ကို ရွေးလိုက်တယ်။

104 03

ဒါက အိပ်မက်ထဲက အတွေ့အကြုံတွေ ရှိနေပေမဲ့ ရှန့်ရှူးကို နောက်တစ်ခါ ထပ်ပြီး မလေ့လာချင်တော့လို့သူ့ ကိုယ်သူ စိန်ခေါ်လိုက်တာပဲ။

အစတုန်းကတော့ ဆရာလင်းမြောင်က ဒါကို လုံးဝ သဘောမတူဘူး။ ပညာရပ်ဆိုတာ တစ်ခုတည်းကိုပဲ ကျွမ်းကျင်အောင် လုပ်ရတာလေ။ ဟန်မင်းဆက်တုန်းကဆိုရင် ကျမ်းတစ်စောင်ကို ဆရာတစ်ယောက်စီ သီးသန့်ရှိတာလေ။ အခုခေတ်မှာတော့ ကျမ်းအကုန်လုံးကို လေ့လာတဲ့သူတွေ များလာပေမဲ့ တပည့်တွေကို သင်ရင်တော့ တစ်စောင်တည်းကိုပဲ အရင်ရွေးခိုင်းတာပေါ့။

ဆရာလင်းမြောင်က 'ရှီးကျင်း' (ကဗျာကျမ်း) ကို ကျွမ်းကျင်တာဆိုတော့ ရွှီထင်းရှန်းသာ အဲဒါကို လေ့လာရင် ဆရာ့ဆီကနေ အများကြီး သင်ယူလို့ ရမှာ။ လီသာ့ထျန်ကတော့ အဲဒါကိုပဲ လေ့လာတာပေါ့။ တခြားကျမ်းတွေဆိုရင်တော့ ဆရာကလည်း သိပ်ပြီး မကူညီနိုင်ဘူးလေ။

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ သူ့စိတ်နဲ့သူပဲ။ သူတင်မကဘူး၊ ချန်ကျန်းက 'ရှန့်ရှူး' ကို ရွေးတယ်၊ မောက်ပါ့သိုတောင် 'ရှီးကျင်း' ကို မကြိုက်ဘဲ 'ကျိုးရိ' (ပြောင်းလဲခြင်းကျမ်း) ကို ရွေးလိုက်တာလေ။

ရွှီထင်းရှန်းကို ထားလိုက်ပါဦး၊ ချန်ကျန်းနဲ့ မောက်ပါ့သိုတို့ တခြားကျမ်းတွေကို ရွေးတာကတော့ ကုန်းဖူးဇီးရဲ့ စကားတစ်ခွန်းကြောင့်ပဲ။

ကုန်းဖူးဇီး(ကွန်ဖြူးရှပ်)က ပြောခဲ့ဖူးတယ်။ "ကျမ်းစာတစ်စောင်စီက လူတစ်ယောက်ရဲ့ စရိုက်ကို ပုံဖော်ပေးတယ်"

ကဗျာကျမ်းက လူကို နူးညံ့သိမ်မွေ့စေတယ်၊ ရှန့်ရှူးကတော့ လောကအကြောင်းကို သိမြင်စေတယ်၊ တေးဂီတကျမ်းက စိတ်နှလုံးကို ကျယ်ပြန့်စေတယ်၊ ကျိုးရိကတော့ သန့်ရှင်းတည်ငြိမ်ပြီး အသေးစိတ်ကို မြင်စေတယ်၊ လီကျိကတော့ ရိုသေကိုင်းရှိုင်းမှုကို သင်ပေးတယ်၊ ချွန်းချိုးကတော့ စကားပြောဆိုပုံနဲ့ အစီအစဉ်တကျ ရှိမှုကို သင်ပေးတယ်တဲ့။

ရွှီထင်းရှန်းက ကျမ်းအသစ်ကို ပြောင်းတာကတော့ သူ့ရဲ့ ဇွတ်တရွတ်နိုင်တဲ့ စိတ်ကြောင့်ပဲ။ အိပ်မက်က သူ့ရဲ့ အတိတ်ဘဝလို့ ခံစားရပေမဲ့ အဲဒီအတိတ်ကြောင့်ပဲ သူက ပြောင်းလဲချင်နေတာလေ။ သူ့ရဲ့ စိတ်ရင်းကတော့ ကြောက်စိတ်ကြောင့်ပဲ၊ အတိတ်က အဖြစ်အပျက်တွေ ထပ်ဖြစ်လာမှာကို သူ မလိုလားဘူး။ ဒါကြောင့် သေးသေးမွှားမွှား ကိစ္စလေးတွေကအစ အပြောင်းအလဲ လုပ်နေတာပေါ့။

'ချွန်းချိုး' ကို လေ့လာတာက သူ့အတွက်တော့ လမ်းနည်းနည်း ရှည်သွားတာ မှန်ပေမဲ့ မခက်ခဲပါဘူး။ ဘာလို့လဲဆိုတော့ အိပ်မက်ထဲမှာ သူ့ရဲ့ အဓိကကျမ်းက ရှန့်ရှူး ဖြစ်နေပေမဲ့ ချွန်းချိုးကိုလည်း သူ တော်တော်လေး သိထားတာကိုး။

သူ လိုအပ်တာကတော့ သူ့ရဲ့ အမြင်တွေကို ဖော်ပြဖို့အတွက် လမ်းညွှန်ပေးမယ့်သူပဲ။ မြောက်ဘက်တောင်တန်း ကျောင်းတော်မှာက လူတွေ အများကြီးဆိုတော့ ကျမ်းစာစုံနေတာပဲလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့ ဆဋ္ဌမမြောက် ဆရာဦးလေး ဝူမင်ကျိက ချွန်းချိုးကို ကျွမ်းကျင်တာဆိုတော့ သူ့ဆီမှာ သွားပြီး မေးမြန်းလို့ ရတာပေါ့။

ရွှီထင်းရှန်းတင် မဟုတ်ဘဲ မောက်ပါ့သိုနဲ့ ချန်ကျန်းတို့လည်း ကိုယ်လေ့လာမယ့် ကျမ်းအတွက် ဆရာတွေ အသီးသီး ရှာတွေ့သွားကြတာပေါ့။ အကုန်လုံးက ဆရာဦးလေးတွေဆိုတော့ အဆင်ပြေသွားတာလေ။

အစက ပြောခဲ့သလိုပဲ ပြည်နယ်စာမေးပွဲမှာ အပိုင်းသုံးပိုင်း ရှိတာလေ။ ပထမပိုင်းက ရှစ်ကွက်စာပဲ။ အရင် စာမေးပွဲတွေမှာ ဒါကိုပဲ အဓိကထားပေမဲ့ ပြည်နယ်စာမေးပွဲကစပြီး ဒုတိယနဲ့ တတိယပိုင်းတွေကလည်း အရေးကြီးလာပြီ။

ပထမပိုင်းက ကျမ်းစာတွေကို နားလည်မှုကို စစ်တာဆိုရင်၊ ဒုတိယနဲ့ တတိယပိုင်းကတော့ အရာရှိတစ်ယောက် လုပ်နိုင်မယ့် အရည်အချင်း ရှိမရှိကို စစ်တာ။

ဥပမာ ဒုတိယပိုင်းမှာ မေးတဲ့ ဥပဒေတွေ၊ အမိန့်စာ ရေးပုံတွေကတော့ အစိုးရရဲ့ အလုပ်လုပ်ပုံကို သိမသိ စစ်တာ။

တတိယပိုင်းကတော့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်သူ့အရေးတွေကို ဘယ်လိုမြင်လဲဆိုတာ စစ်တာ။ ဒါဟာ နိုင်ငံကို အုပ်ချုပ်နိုင်မယ့် အရည်အချင်းပဲလေ။

104 04

ဒီနောက်ဆုံး နှစ်ပိုင်းကတော့ စာအုပ်ထဲက စာတွေကို အလွတ်ကျက်နေလို့ မရတော့ဘူး၊ လက်တွေ့လောကကို သိဖို့ လိုပြီလေ။

လက်တွေ့ဆိုတာ ဘာလဲ။

ခရီးတွေ အများကြီး မထွက်နိုင်ရင်တော့ လူတွေပြောတာကို အများကြီး နားထောင်ရမှာပေါ့။ ပြည်သူတွေရဲ့အခြေအနေကို သိအောင် လုပ်ရမယ်၊ နန်းတွင်းက ကိစ္စကြီးငယ်တွေကို သိအောင် လုပ်ရမယ်။

မြောက်ဘက်တောင်တန်း ကျောင်းတော်မှာ အရာရှိဟောင်းတွေ အများကြီး ရှိတာဆိုတော့ သူတို့ဆီကနေ အတွေ့အကြုံတွေ ယူလို့ ရတယ်။ ပြီးတော့ ဒီကျောင်းမှာ တခြားကျောင်းတွေမှာ မရှိတဲ့ အရာတစ်ခု ရှိသေးတယ်၊ အဲဒါကတော့ နန်းတွင်းက ထွက်တဲ့ သတင်းစာတွေနဲ့ အတွင်းရေး သတင်းစာတွေပဲ။

နန်းတွင်း သတင်းစာဆိုတာ အစိုးရက ထုတ်တာလေ၊ အရာရှိတွေကြားမှာပဲ ဖတ်ရတာ။ အဲဒီထဲမှာ ဘုရင်ရဲ့ အမိန့်တွေ၊ အမတ်တွေ တင်ပြတဲ့ စာတွေနဲ့ နန်းတွင်းက အရေးကြီး သတင်းတွေ ပါတယ်။ ဒါက နယ်မှာရှိတဲ့ အရာရှိတွေအတွက် နန်းတွင်းရဲ့အခြေအနေကို သိနိုင်အောင် ကူညီပေးတာလေ။

အတွင်းရေး သတင်းစာကတော့ ပိုပြီးလျှို့ဝှက်တယ်၊ အရာရှိ အနည်းငယ်ကြားမှာပဲ ဖတ်ကြတာ။ အစိုးရက ထုတ်တာလည်း မဟုတ်ဘူး၊ လူထုကြားမှာလည်း မရှိဘူး၊ အရမ်းကို ရှားပါးတယ်။

မြောက်ဘက်တောင်တန်း ကျောင်းတော်မှာရှိတဲ့ သတင်းစာတွေကတော့ ဒီအဖွဲ့အစည်းကလူတွေ သိသင့်တဲ့ အသေးစိတ် အချက်အလက်တွေ ပါတယ်။ ဒါတွေကိုတော့ လူတိုင်း ဖတ်လို့ မရပါဘူး။

ဘယ်သူတွေ ဖတ်လို့ရလဲဆိုတာတော့ ထားလိုက်ပါဦး။ ဆရာလင်းမြောင်တောင်မှ အခုထိ ဒါတွေကို ဖတ်ဖို့ အဆင့်မမီသေးဘူးလေ၊ ရွှီထင်းရှန်းတို့ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။

ရက်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ကျောင်းသားသစ်တွေ ခေါ်မယ့်နေ့ကို ရောက်လာတော့တယ်။

သုံးနှစ်မှ တစ်ခါဆိုတော့ ကျောင်းတော်ကလည်း အလေးထားပြီး အစောကြီးကတည်းက ပြင်ဆင်ထားတယ်။

သူတို့ရဲ့ ပြင်ဆင်မှုဆိုတာကတော့ အဖွဲ့ခွဲတွေ တစ်ယောက်နဲ့တစ်ယောက် အလုပ်လွှဲနေကြတာပဲလေ။ ရွှီထင်းရှန်းတို့ကတော့ ဒီလို မြင်ကွင်းမျိုးကို ပထမဆုံး မြင်ဖူးတာဆိုတော့ ကြောင်အသွားတာပေါ့။

ပုံမှန်ဆိုရင် လူကြီးလူကောင်း ပုံစံနဲ့ နေတတ်ကြတဲ့ ဆရာဦးလေးတွေက အခုတော့ တစ်ယောက်နဲ့တစ်ယောက် ငြင်းခုံနေကြတာ၊ အပြင်လူဆိုရင် တစ်ခုခုကို လုနေကြတယ် ထင်မှာပဲ။ တကယ်တော့ ဘယ်သူမှ မလုပ်ချင်လို့ တစ်ဖက်လူကို တွန်းပို့နေကြတာလေ။

ငြင်းလို့မရတဲ့အဆုံးမှာတော့ ဆရာဦးလေးတွေက သူတို့ရဲ့ တပည့်တွေဆီကို လွှဲပေးလိုက်ကြတာပေါ့။ အစ်ကိုတော်စပ်တဲ့ ကျောင်းသားတွေကလည်း အတူတူပါပဲ၊ တစ်ယောက်နဲ့တစ်ယောက် လွှဲနေကြတာ။ သူတို့ကတော့ ဆရာဦးလေးတွေလို သိက္ခာ ထိန်းနေစရာ မလိုဘူးလေ၊ ဘယ်လိုပဲဖြစ်ဖြစ် အဆင့်တူတွေပဲဆိုတော့ ရန်မဖြစ်ရုံတမ်း တွန်းပို့နေကြတာပေါ့။

နောက်ဆုံးတော့ အဲဒီ အစ်ကိုတွေ ဘယ်လို တိုင်ပင်လိုက်ကြလဲ မသိဘူး၊ ဒီအလုပ်က ရွှီထင်းရှန်းတို့ ၄ ယောက်ရဲ့ ခေါင်းပေါ်ကို ရောက်လာပါတော့တယ်။ ကျောင်းသားအသစ်တွေကို သူတို့ကပဲ လက်ခံရမယ်တဲ့လေ။

သူတို့ ပြောတာကတော့ "မင်းတို့လည်း ကျောင်းသားတွေပဲ၊ တစ်ယောက်ကဆိုရင် စာမေးပွဲမှာ ပထမတောင် ရထားတာပဲ။ လာတဲ့သူတွေကလည်း အများဆုံး ရှို့ချိုင်တွေပဲ ရှိမှာဆိုတော့ မင်းတို့က လက်ခံဖို့ အဆင့်မီပါတယ်"

ရွှီထင်းရှန်းတို့ကတော့ အငယ်ဆုံးတွေဆိုတော့ ဘယ်သူ့ဆီမှ လွှဲလို့ မရတော့ဘဲ စိတ်ပျက်လက်ပျက်နဲ့ပဲ လက်ခံလိုက်ရတယ်။

ဒါပေမဲ့ ဒါက သူတို့ ၄ ယောက်တည်းရဲ့ကိစ္စ မဟုတ်တော့ဘူး၊ ဆရာလင်းမြောင်ပါ ပါလာတာပေါ့။ ကျောင်းသားသစ် လက်ခံတဲ့ ကိစ္စကို ကျောင်းသားလေးတွေချည်းပဲ လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ၊ လူကြီးတစ်ယောက်တော့ ပါမှ ဖြစ်မှာလေ။

104 05

ဆရာနဲ့ တပည့်တွေ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတုန်း ဆရာလင်းမြောင်က မုတ်ဆိတ်ကို သပ်ရင်း ပြောလိုက်တယ်။ "ဒါဟာ မင်းတို့ရဲ့ လက်တွေ့ အလုပ်လုပ်နိုင်စွမ်းကို စမ်းသပ်တာပဲ။ သေးသေးလေးကနေ အကြီးကြီးကို မြင်တတ်အောင် လေ့ကျင့်ရမယ်။ မင်းတို့ အခုတလော ပြည်သူ့အရေးတွေ၊ အုပ်ချုပ်ရေးတွေကို စိတ်ပူနေကြတာမလား၊ ဒါဟာ အကောင်းဆုံး အခွင့်အရေးပဲလေ"

လီသာ့ထျန်ကတော့ ရိုးသားတဲ့သူပီပီ အမှန်အတိုင်း မေးလိုက်တယ်။ "ဆရာ... ကျောင်းသား လက်ခံတာနဲ့ ပြည်သူ့အရေးက ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့။ နောက်ကျရင် အရာရှိဖြစ်လာရင် ဒီလို ကိစ္စတွေကို မလုပ်ရဘူး ထင်နေလား။ အိမ်တစ်အိမ်၊ ရွာတစ်ရွာ၊ မြို့တစ်မြို့ကို အုပ်ချုပ်ဖို့ဆိုတာ အခုလို ကျောင်းတော်က ကိစ္စလေးတွေကို အရင် ကိုင်တွယ်နိုင်မှ ဖြစ်မှာပေါ့"

ပြောပြီးတာနဲ့ ဆရာလင်းမြောင်ကတော့ အေးအေးဆေးဆေးပဲ ထွက်သွားတာကြောင့် ကျန်ခဲ့တဲ့ ၄ ယောက်ခမျာ ကြောင်အပြီး ကျန်ရစ်ခဲ့တော့တယ်။

စကားတွေကတော့ အကောင်းတွေချည်းပဲ၊ တကယ်တော့ အလုပ်လွှဲတာပါပဲ။

လေးယောက်သား မတတ်နိုင်တော့ဘဲ စာအုပ်တွေကို ခဏချထားပြီး ဒီအလုပ်တွေကို စတင်လုပ်ကိုင်ပါတော့တယ်။

တော်သေးတာက အစ်ကိုတွေကတော့ အရမ်းမရက်စက်ကြပါဘူး။ ကျောင်းတော်မှာ အလုပ်ကြမ်းလုပ်တဲ့လူတွေ ရှိနေတာကြောင့် သူတို့ဆီကနေ အကူအညီ ယူလို့ ရတာပေါ့။

မြောက်ဘက်တောင်တန်း ကျောင်းတော်ကို လာတက်ချင်တဲ့သူတွေက အရမ်းများလွန်းလို့ လူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာကြောင့် သုံးနှစ်မှ တစ်ခါပဲ လက်ခံဖို့ စည်းကမ်း ထုတ်ထားတာလေ။

တစ်နှစ်ကနေ သုံးနှစ် ဖြစ်သွားတော့ အဲဒီနေ့မှာ ရောက်လာမယ့် လူဦးရေကိုတော့ ခန့်မှန်းလို့ ရတာပေါ့။ ကျောင်းထဲဝင်ဖို့က ဝင်ခွင့်စာမေးပွဲ ဖြေရမယ်။ ကျောင်းတော်ကလည်း တောင်ပေါ်မှာ၊ လူသူမရှိတဲ့ နေရာမှာဆိုတော့ ဝေးလံတဲ့ အရပ်ကနေ လာတဲ့ ကျောင်းသားတွေအတွက် တစ်ရက်တည်းနဲ့ မပြီးနိုင်ဘူးလေ။

အရင်တုန်းကတော့ ကျောင်းသားတွေက မိုးလင်းတာနဲ့ တောင်ပေါ်တက်၊ နေ့လယ်မှာ စာမေးပွဲဖြေ၊ ညနေမှ ပြီးတာဆိုတော့ ရလဒ်သိဖို့အတွက် တစ်ရက်၊ နှစ်ရက်လောက် ထပ်စောင့်ရတာလေ။ နေစရာ နေရာမရှိတော့ အပြင်မှာပဲ အိပ်ကြရသလို အစားအသောက် အညစ်အကြေး စွန့်တာတွေကလည်း ပြဿနာ ဖြစ်လာတယ်။

ဒါဟာ ပညာတတ်တွေအတွက်တော့ အရမ်းကို အရှက်ရစရာ ကောင်းတာမို့လို့ ကျောင်းတော်က ဧည့်သည်တွေ နားခိုဖို့ နေရာတစ်ခု သီးသန့် ဆောက်ပေးထားတယ်။

အခု ရွှီထင်းရှန်းတို့ရဲ့ အဓိကအလုပ်ကတော့ အဲဒီ ဧည့်သည်တွေကို နေရာချပေးဖို့၊ ကျောင်းတော်ရဲ့ သိက္ခာကို ထိန်းသိမ်းဖို့နဲ့ ဝင်ခွင့်စာမေးပွဲကို ကြီးကြပ်ဖို့ပဲ ဖြစ်ပါတယ်။

အဲဒီနေ့ ရောက်တော့ မိုးမလင်းခင်မှာတင် ပိတ်ထားတဲ့ ကျောင်းတံခါးကြီးကို ဖွင့်လိုက်တော့တယ်။

တံခါးအရှေ့နဲ့ လမ်းတစ်လျှောက်လုံးကို သန့်ရှင်းရေးတွေ လုပ်ထားသလို အလုပ်သမားတွေကလည်း သပ်သပ်ရပ်ရပ်နဲ့ စောင့်ကြိုနေကြတယ်။

မိုးလင်းလာတာနဲ့အမျှ ကျောင်းသားဝတ်စုံ ဝတ်ထားတဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြတယ်။ အများစုကတော့ ရှို့ချိုင်တွေပဲလေ၊ တချို့ကလည်း တန်ဖိုးကြီး အဝတ်အစားတွေနဲ့ဆိုတော့ အထက်တန်းလွှာက ဖြစ်မှာ သေချာတယ်။ မြောက်ဘက်တောင်တန်း ကျောင်းတော်က ရှို့ချိုင်မှ လက်ခံတာ မှန်ပေမဲ့ တကယ်လို့ အရည်အချင်း အရမ်းရှိရင်တော့ သာမန်ကျောင်းသားကိုလည်း လက်ခံတတ်တယ်။

104 06

ဒီပညာတတ်တွေက ပုံမှန်ဆိုရင် အလုပ်ကြမ်း မလုပ်ဖူးကြဘူး။ တောင်ခြေကနေ တောင်လယ်အထိ တက်လာရတာ သူတို့အတွက်တော့ တကယ့်ကို ပင်ပန်းလွန်းလှတယ်။ ကျောင်းတော်ကို လေးစားတဲ့အနေနဲ့ လမ်းလျှောက်တက်ကြရတာဆိုတော့ တချို့ဆိုရင် အစေခံတွေက မနည်းတွဲခေါ်လာရတာ၊ ကြည့်ရတာ တကယ့်ကို သနားစရာကောင်းပေမဲ့ ကျောင်းရှေ့ရောက်တော့လည်း အဝတ်အစားတွေကို ပြန်ပြင်ပြီး ပညာတတ် ပုံစံဖမ်းကြတော့တယ်။

တံခါးဝရောက်တော့ အစေခံတွေ လိုက်လာလို့ မရတော့ဘူး။ ကျောင်းတော်ရဲ့ စည်းကမ်းအရ အပြင်လူ ပေးမဝင်ဘူး။ ဒါဟာ ကျောင်းသားတွေကို လေ့ကျင့်ပေးတာလည်း ပါတယ်။ ကျောင်းမှာ ပညာသင်တာက ပင်ပန်းတယ်၊ အရာရာကို သူတစ်ပါး အကူအညီ ယူနေမယ်ဆိုရင်တော့ မလာတာ အကောင်းဆုံးပဲလေ။

မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့က အပြာရင့်ရောင် ဝတ်စုံကြီးတွေနဲ့ တံခါးဝမှာ ရပ်နေတာ မြင်လိုက်တာနဲ့ ဒါဟာ ကျောင်းတော်က တာဝန်ရှိသူတွေမှန်း သိသာတာပေါ့။

လာတဲ့ ကျောင်းသားတွေက သူတို့နှစ်ယောက်လုံး ငယ်သေးတာကို အံ့သြနေကြပေမဲ့ ကျောင်းထဲ ဝင်ချင်ရင်တော့ ရိုသေရမှာကြောင့် အားလုံးက အရိုအသေ ပေးကြတော့တယ်။ တချို့လည်တဲ့သူတွေက လာပြီးတော့တောင် မိတ်ဖွဲ့ကြသေးတယ်။

ဒါဟာ သူတို့အတွက်တော့ တစ်ခါမှ မရဖူးတဲ့ ဂုဏ်သိက္ခာပဲလေ။ လီသာ့ထျန်ကတော့ အေးဆေးပေမဲ့ မောက်ပါ့သိုကတော့ တက်ကြွနေတာပဲ။ အစတုန်းက ရွှီထင်းရှန်းနဲ့ ချန်ကျန်းတို့က လူလဲပေးဖို့ ပြောပေမဲ့ မောက်ပါ့သိုကပဲ အတင်းတောင်းဆိုလို့ သူ့ကိုပဲ ဒီတာဝန်ကို အပ်ထားလိုက်ရတယ်။

ဝင်ခွင့်စာမေးပွဲက စုစုပေါင်း ၅ ရက် ကြာမယ်။ ပထမဆုံးရက်က နေရာချပေးဖို့ပဲ။ ဒီနေ့ နေဝင်တဲ့အထိ ရောက်မလာတဲ့သူကတော့ နောက်ထပ် ၃ နှစ် ထပ်စောင့်ရမှာပေါ့။

ဒုတိယရက်ကတော့ စာမေးပွဲ ဖြေရမယ့်နေ့ဖြစ်ပြီးတော့ ကျန်တဲ့ ၃ ရက်ကတော့ ရလဒ်ကို စောင့်ရမှာဖြစ်တယ်။

အောင်တဲ့သူက ကျောင်းထဲဝင်၊ မအောင်တဲ့သူကတော့ အိမ်ပြန်ပေါ့။

ကြည့်စမ်း... ကျောင်းတော်က လူလက်ခံတာ ဒီလောက် တင်းကျပ်တာတောင် လာတဲ့သူတွေက အများကြီးပဲ။ အကုန်လုံးက နန်းတွင်းမှာ ဒီကျောင်းတော်ရဲ့ ဩဇာကို မက်မောကြလို့ပဲလေ။ တချို့ဆိုရင် ပညာသင်တာထက် တခြား ရည်ရွယ်ချက်တွေနဲ့ လာတဲ့သူတွေလည်း အများကြီးပဲ။ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာသိမှ နောက်ပိုင်းမှာ ကိုင်တွယ်ရတာ လွယ်မှာကြောင့် ပထမဆုံးရက်မှာ အရေးကြီးဆုံးအလုပ်ကတော့ လာတဲ့သူတွေက ဘယ်သူတွေလဲဆိုတာကို စုံစမ်းဖို့ပဲ။

ဥပမာ လာတဲ့ ကျောင်းသားက တစ်စုံတစ်ယောက်ရဲ့အုပ်စုက ဖြစ်နေရင်တော့ လုံးဝလက်ခံလို့ မရဘူးလေ။ မြောက်ဘက်တောင်တန်း ကျောင်းတော်က နန်းတွင်းမှာ ဘက်မလိုက်ဘဲ ကြားနေအနေနဲ့ ရှိနေလို့သာ အခုလို ဩဇာရှိနေတာလေ။ အုပ်စုတစ်ခုခုက လူပါလာရင်တော့ နောင်ကျရင် ဒုက္ခရောက်နိုင်တာကိုး။

ရွှီထင်းရှန်းတို့လည်း အခုမှပဲ မြောက်ဘက်တောင်တန်း ကျောင်းတော်ရဲ့ ကွယ်ရာက အလုပ်လုပ်ပုံတွေကို သိလာရတယ်။

ဒါဟာ ရွှီထင်းရှန်း ဘာလို့ တုံ့ဆိုင်းမနေဘဲ ဒီကျောင်းတော်မှာ တပည့်ခံခဲ့လဲဆိုတဲ့ အဓိက အကြောင်းရင်းပဲ။ အိပ်မက်ထဲမှာ သူဟာ အုပ်စုတိုက်ပွဲတွေကြားမှာ ပိတ်မိပြီး သူ့စိတ်နဲ့မတူတဲ့ အလုပ်တွေ အများကြီး လုပ်ခဲ့ရတာလေ။ ဝန်ကြီးချုပ် ဖြစ်လာတဲ့အထိ အဲဒီ အခြေအနေက မပြောင်းလဲခဲ့ပါဘူး။

ဒီတစ်ခါတော့ သူ အဲဒီလမ်းဟောင်းအတိုင်း ပြန်မလျှောက်တော့ဘူး။

ညဘက်ရောက်တော့ ရွှီထင်းရှန်း၊ ချန်ကျန်းနဲ့ လီသာ့ထျန်တို့ တစ်နေ့လုံး ပင်ပန်းထားလို့ အနားယူဖို့ ပြင်နေတုန်းမှာပဲ မောက်ပါ့သိုက စာရွက်တစ်ရွက်ကို ကိုင်ပြီး ပြေးဝင်လာတယ်။ "ဟေ့... ငါတို့ဆီက လင်းယန့်ရန်မမကို စိတ်နာအောင် လုပ်သွားတဲ့ကောင်၊ အခုတော့ ငါ့လက်ထဲကို ရောက်လာပြီဟေ့"

သုံးယောက်သား မေးကြည့်မှ သိရတာက... အဲဒီလူဟာ လင်းယန့်ရန်နဲ့ စေ့စပ်ထားပြီးမှ ဖျက်လိုက်တဲ့သူ ဖြစ်နေတာလေ။

******

All Chapters