← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇)

သူမရဲ့ ဆံပင်တွေက နက်မှောင်နေပြီး အသားအရေကတော့ နှင်းလိုဖြူဖွေးနေတာပဲ။ မျက်လုံးတွေက ဝိုင်းစက်ပြီး နှုတ်ခမ်းနီနီလေးနဲ့ပေါ့။ ချည်သားအင်္ကျီနဲ့ စကတ်ကိုပဲ ဝတ်ထားပြီး ခေါင်းမှာ ပုဝါလေး စည်းထားပေမဲ့ သူမရဲ့ အလှကတော့ ဖုံးလို့မရပါဘူး။

ခါးလေးက သေးသေးလေးမို့ ရင်သားတွေက ပိုပြီး ထင်ရှားနေတာလေ။ ကျောက်ကျင်ရွေ့က သူမ အခန်းတစ်ခန်းရှေ့ကို သွားပြီး သော့ဖွင့်ဝင်သွားတာကို ငေးကြည့်နေမိတယ်။ ခဏနေတော့ သူမ တစ်ခုခုကို ကိုင်ပြီး ပြန်ထွက်လာတယ်၊ တံခါးကို ပြန်သော့ခတ်ပြီး ထွက်သွားတော့တာပဲ။ အစအဆုံး သူ့ကို တစ်ချက်တောင် လှည့်မကြည့်သွားဘူးလေ။

ကျောက်ကျင်ရွေ့ခမျာ မျက်စိတွေ ပြာဝေပြီး ငေးနေမိတာ၊ သူမ ထွက်သွားတော့မှပဲ သတိပြန်ဝင်လာတယ်။ အဲဒီအချိန်မှာ ရွှီစွေ့အယ်က အထဲက ထွက်လာတာနဲ့ သူက အလိုလို မေးလိုက်မိတယ်။ "အဲဒီလူက ဘယ်သူလဲ"

ရွှီစွေ့အယ်က သူကြည့်နေတဲ့ဘက်ကို လှည့်ကြည့်လိုက်တော့ လှပတဲ့ ကျောပြင်လေးတစ်ခု ပျောက်ကွယ်သွားတာကို မြင်လိုက်ရတယ်။ မျက်နှာကို မမြင်ရပေမဲ့ ဘယ်သူလဲဆိုတာ သူမ သိတယ်။

ဘယ်သူရှိဦးမှာလဲ၊ ဝမ်ကျောက်အာရဲ့ မုဆိုးမအစ်မပေါ့ တစ်နေကုန် ပြုပြင်မွမ်းမံနေပြီး လမ်းလျှောက်တာတောင် သာမန်လူတွေနဲ့ မတူဘူးလေ။

"အဲဒါ ဝမ်ကျောက်အာရဲ့ မုဆိုးမအစ်မလေ" ပြောပြီးတာနဲ့ သူမက စကာကို ကိုင်ပြီး ရေတွင်းနားကို သွားတော့တာပဲ။ သူမ တစ်ယောက်တည်း ထမင်းချက်နေရလို့ လက်မလည်အောင် ဖြစ်နေတာဆိုတော့ ခင်ပွန်းဖြစ်သူရဲ့ အကြည့်တွေကို သတိမထားမိဘူးလေ။

ကျောက်ကျင်ရွေ့က ဘာမှပြန်မပြောပေမဲ့ သူ့ရဲ့ မျက်လုံးတွေကတော့ တစ်ချက် ဝင်းလက်သွားခဲ့တယ်။

ဝမ်ကျောက်တိကတော့ အတော်လှမ်းလှမ်း ရောက်တော့မှ နောက်ကနေ လိုက်ကြည့်နေတဲ့ ကပ်စေးကပ် အကြည့်တွေကို ဖယ်ထုတ်နိုင်ခဲ့တယ်။ ရင်ထဲမှာတော့ အရမ်းကို ရွံရှာနေမိတယ်၊ အဲဒီလို အကြည့်မျိုးရဲ့ အဓိပ္ပာယ်ကို သူမက မစိမ်းတော့ဘူးလေ။

နဂိုက ကျောက်အာက အိမ်ကို ပစ္စည်းသွားယူခိုင်းတာ၊ သူမက ညီမလေး ဗိုက်ကြီးနဲ့ဆိုတော့ ကိုယ်တိုင်ပဲ သွားယူပေးမယ်ဆိုပြီး လာခဲ့တာလေ။ ရွှီမိသားစု အိမ်ကို သူမ ရောက်ဖူးတာ။ ဒါ ပထမဆုံး မဟုတ်ပေမဲ့ အခုလို လူမျိုးနဲ့ တွေ့လိမ့်မယ်လို့တော့ မထင်ထားဘူးပေါ့။

တောင်ကုန်းလေးပေါ် ပြန်ရောက်တော့ ကျောက်အာကို ပစ္စည်းပေးရင်းနဲ့ သူမက မေးလိုက်တယ်။ "ခုနက ငါ ရွှီအိမ်ကို သွားတော့ လူတစ်ယောက် ရောက်နေသလားလို့။ ခြံထဲမှာ ပညာတတ်ပုံစံနဲ့ လူတစ်ယောက် ရပ်နေတာ တွေ့ခဲ့တယ်၊ ရုပ်ရည်ကတော့ သန့်ပါတယ်၊ ဒါပေမဲ့ ကြည့်ရတာ တစ်မျိုးကြီးပဲ"

ကျောက်အာက 'ကြည့်ရတာ တစ်မျိုးကြီး' ဆိုတဲ့ စကားကို စဉ်းစားကြည့်ပြီးမှ ကျောက်ကျင်ရွေ့ ဖြစ်ရမယ်လို့ ရိပ်မိသွားတယ်။

"မမ... အဲဒါ ထင်းအာရဲ့အငယ်ဆုံးအဒေါ်ရဲ့ယောက်ျားလေ၊ ငါတို့က အဒေါ်လေးရဲ့ ယောက်ျားလို့ ခေါ်ရမှာပေါ့" သူမက ရယ်ရင်းနဲ့ ဆက်ပြောတယ်။ "ကျောက်ကျင်ရွေ့ ရောက်နေတာလား။ ကြည့်ရတာ အဒေါ်လေးကို လာခေါ်တာ ထင်တယ်"

ဘေးက အဒေါ်ကျိုးက ဝင်ပြောတယ်။ "ရောက်နေတာ နေမှာပါ။ မနေ့က နင့်အဘိုးက နင့်တတိယဦးလေးနဲ့ စတုတ္ထဦးလေးကို ကျောက်အိမ်ကို လွှတ်လိုက်သေးတယ်။ ပြန်လာတော့ နင့်တတိယဦးလေးက ပြောတယ်၊ အခြေအနေက ပိုပြီး တင်းမာလာသလိုပဲ။ နင့်အဒေါ်လေးကလည်း ဘာတွေ တွေးနေလဲ မသိပါဘူး၊ အေးအေးဆေးဆေး နေရမှာကို တစ်နေကုန် ပြဿနာတွေ ရှာနေတာပဲ။ ဒါပေမဲ့ အဲဒီ ကျောက်မိသားစုကလည်း တကယ်တော့ လူကောင်းတွေ မဟုတ်ပါဘူး၊ အဲဒီတုန်းက သူမကလည်း ဘာစိတ်ပေါက်လို့ အဲဒီလူကိုမှ..."

'အဲဒီလူကိုမှ' ရဲ့ နောက်ကွယ်က စကားကိုတော့ သူမ ဆက်မပြောတော့ဘူး၊ ဝမ်ကျောက်တိက အပြင်လူဆိုတော့ အိမ်တွင်းရေး အရှုပ်အထွေးတွေကို ထုတ်မပြောချင်တာလည်း ပါတယ်။

107 02

"သူတို့ကိစ္စ ငါတို့ ဝင်မပါတာ အကောင်းဆုံးပဲ၊ ဝင်ပါရင် ကိုယ့်ဆီပဲ အပြစ်တွေ ရောက်လာဦးမယ်။ သူတို့ ဘာသာ ဘယ်လိုဖြစ်ဖြစ် ထားလိုက်ပါတော့" ကျောက်အာကတော့ ရိပ်မိတယ်၊ အရင်က ရွှီစွေ့အယ်က သူမကို မကြိုက်ရင်တောင် မျက်နှာသာ ပေးသေးတယ်၊ အခုတော့ မျက်နှာတောင် မကြည့်တော့ဘဲ ရန်သူလိုမျိုး ဆက်ဆံနေတာလေ။ ဒါတွေကလည်း အစတုန်းက သူမကပဲ စေတနာနဲ့ ဝင်ပါခဲ့လို့ ဖြစ်ရတာ၊ အဲဒီတုန်းက သတို့သား ထွက်ပြေးသွားတာကိုပဲ ဒီအတိုင်း လွှတ်ထားလိုက်ရမှာ။

ဝေကောက ငိုလာပြန်ပြီ၊ ဗိုက်ဆာလို့နေမှာပေါ့။ ကလေးငယ်လေးတွေက ဗိုက်ဆာတာ မြန်တယ်လေ။ ကျောက်အာက တူလေးကို အစ်မဖြစ်သူရဲ့ လက်ထဲ အမြန်ထည့်ပေးလိုက်တော့ ဝမ်ကျောက်တိက ကျောပေးပြီး နို့တိုက်နေတော့တာပဲ။

အဒေါ်ကျိုးက ပြုံးပြီး ကြည့်လိုက်ကာ နေ့လယ်စာ သွားချက်တော့မယ်လို့ ပြောပြီး ထွက်သွားတယ်။ အခုဆိုရင် တတိယနဲ့ စတုတ္ထအိမ်ထောင်စုတွေက တောင်ပေါ်မှာပဲ စားကြတာလေ၊ ရွှီအိမ်ကိုတော့ အိပ်ဖို့ပဲ ပြန်ကြတာ။

ဝမ်ကျောက်တိက ညီမလေးကို ပြောပြတယ်။ "ငါ့အမြင်တော့ တတိယဦးလေးတို့က ထားလိုက်ပါဦး၊ နင်လည်း ငါနဲ့အတူ လာနေပါလား။ အဲဒီအိမ်မှာလည်း နင်က ညဘက်အိပ်ဖို့ပဲ ပြန်တာလေ၊ ဘာလို့ ဟိုဘက်ဒီဘက် သွားနေရမှာလဲ။ အရင်ကတော့ နေရာမရှိလို့ ထားလိုက်ပါတော့၊ အခုတော့ အိမ်ကလည်း ကျယ်နေပြီဆိုတော့ ငါတို့ နှစ်ယောက် အတူတူ နေလို့ ရတယ်"

အရင်က ကျောက်အာက အိမ်ဆောက်မယ်လို့ ပြောခဲ့ဖူးတယ်၊ ရွှီထင်းရှန်းကို ပို့ပြီးတော့မှ ဒီအလုပ်ကို စလုပ်တာလေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကောရှန်ကလည်း အိမ်ဆောက်ချင်တယ်ဆိုတာနဲ့ နှစ်အိမ်ပေါင်းပြီး တစ်ခါတည်း ဆောက်လိုက်တာ။

အိမ်ကတော့ 'စန်းဟယ်ယွမ်' (သုံးဖက်ပိတ် ခြံဝန်း) ပုံစံမျိုးပေါ့။ နေရာက သိပ်မကြီးပေမဲ့ အဆောင်မကြီးမှာ အခန်းသုံးခန်း၊ အရှေ့ဆောင်မှာ နှစ်ခန်း၊ နောက်ပြီး မီးဖိုချောင်နဲ့ ကုန်လှောင်ရုံတွေ ပါတယ်။ နှစ်အိမ်က နံရံချင်း ကပ်နေပေမဲ့ ခြံဝန်းကတော့ အတူတူ သုံးကြတာလေ။ တကယ်လို့ နောက်ကျလို့ သီးသန့်နေချင်ရင်လည်း ခြံစည်းရိုး ခတ်လိုက်ရုံပဲလေ။

ကျောက်အာက အစတုန်းက ဒီအိမ်ကို သူမ နေဖို့အတွက် စဉ်းစားခဲ့တာ မဟုတ်ဘူး၊ ဒုတိယအစ်မအတွက် အခြေချစရာ နေရာလေး တစ်ခု ပေးချင်လို့ ဆောက်ပေးခဲ့တာ။ အစ်မက တစ်ယောက်တည်း ဖြစ်နေသလို ကလေးလည်း ပါတာဆိုတော့ ကိုယ်ပိုင်အိမ် ရှိမှ စိတ်အေးရမှာကိုး။

အဲဒီလို မိသားစုကနေ လာခဲ့ကြတာဆိုတော့ အစ်မရဲ့စိတ်ကို ကျောက်အာ နားလည်တယ်။ အရင်တုန်းက သူမလည်း ကိုယ်ပိုင်အိမ်လေး တစ်လုံး ဆောက်ချင်လို့ အရမ်း ကြိုးစားခဲ့ရတာ မဟုတ်လား။

ဒါပေမဲ့ ဘယ်အချိန်ကစပြီး ဒီစိတ်ကူးတွေ ပျောက်သွားလဲ မသိပါဘူး။ ဘေးနားမှာ လူတွေ ပိုများလာလို့လား၊ ဒါမှမဟုတ် စီးပွားရေးတွေ ပိုကြီးလာလို့လား၊ လက်ထဲမှာ ငွေတွေ ပိုများလာလို့လားတော့ မသိဘူး၊ အခုတော့ အိမ်ကိစ္စက သိပ်မအရေးကြီးတော့ဘူးလို့ သူမ ခံစားရတယ်။

"ဒါကို နောက်မှ ပြောကြတယ်။ တကယ်တော့ အခု ငါ ဟိုမှာနေနေ ဒီမှာနေနေ ဘာမှ မထူးပါဘူး။ ဒါပေမဲ့ ထင်းအာက အိမ်မှာ မရှိဘူးလေ၊ ငါသာ အခုလိုမျိုး အိတ်သွန်ဖာမှောက် ပြောင်းလာရင် သူများတွေ အထင်လွဲကုန်မှာ စိုးလို့။ ပြီးတော့ အဘိုးကိုလည်း ပြောရဆိုရ ခက်လိမ့်မယ်"

ဝမ်ကျောက်တိက နှာခေါင်းရှုံ့လိုက်တယ်။ "အဲဒီအဘိုးကြီးကတော့လေ... အိမ်ခွဲပေးပြီးသားကို လူတွေကို ဘာလို့ တစ်စုတစ်စည်းတည်း ထားချင်နေမှန်း မသိဘူး။ အိမ်မှာ ပြဿနာတွေ အများကြီး ဖြစ်နေတာ လူများလို့ ဖြစ်တာလေ"

ကျောက်အာ ခဏ ကြောင်သွားပြီး စဉ်းစားကြည့်တော့လည်း ဟုတ်နေတာပဲ။

ဝမ်ကျောက်တိက အရင်က ကြုံခဲ့ရတဲ့ ကိစ္စလေးကို ကျောက်အာကို မပြောပြခဲ့ပါဘူး။

ပထမအချက်က ကျောက်အာက ကိုယ်ဝန်နဲ့မို့လို့၊ ဒုတိယအချက်က သူမလည်း အဲဒါကို သိပ်အရေးမကြီးဘူးလို့ ထင်လို့လေ။ ကျောက်ကျင်ရွေ့က ရွှီစွေ့အယ်ရဲ့ ယောက်ျားပဲ၊ ဒီလို ကိစ္စမျိုးကို အပြင်လူကို ပြောပြရင် နှစ်မျိုးပဲ ရှိမှာပေါ့။ တစ်မျိုးက ကိုယ်က အပိုတွေ တွေးနေတယ်လို့ ထင်ကြမှာ၊ နောက်တစ်မျိုးကတော့ ကိုယ်ကပဲ ပြဿနာရှာနေတယ်လို့ ထင်ကြမှာလေ။

107 03

ဒါပေမဲ့ မကြာခင်မှာပဲ သူမရဲ့အတွေးတွေ မှားသွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီလူ နှစ်ယောက်က တောင်ကုန်းလေးပေါ်အထိ ရောက်လာကြလို့ပဲ။

ကျောက်ကျင်ရွေ့ကတော့ ကျောက်အာက တောင်ပေါ်မှာ ဟင်းရွက်စိုက်နေတယ်လို့ ကြားဖူးပေမဲ့ တစ်ခါမှ မမြင်ဖူးလို့ လာကြည့်တာပါလို့ ဆင်ခြေပေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးတွေပဲဆိုတော့ နှင်ထုတ်လို့ မရဘူးလေ၊ ဒါနဲ့ပဲ လိုက်ကြည့်ခိုင်းလိုက်ပြီး တောင်ပေါ်မှာပဲ ထမင်းတစ်နပ် ကျွေးလိုက်ရတယ်။

ဒီထမင်းတစ်နပ်ကတော့ ဘယ်သူမှ စိတ်မချမ်းသာဘဲ စားခဲ့ကြရတာလေ။ သူတို့လည်း ဒီတစ်ခါပဲ လာတာဆိုတော့ ဘယ်သူမှ ဂရုမစိုက်ခဲ့ကြဘူး။

ဒါပေမဲ့ ရက်အနည်းငယ် ကြာတော့ ကျောက်ကျင်ရွေ့က ထပ်ရောက်လာပြန်ရော။ တောင်ပေါ်က လေကောင်းလေသန့် ရလို့ လာတာပါတဲ့လေ။

ဝမ်ကျောက်တိက ကျောက်အာကို ဘေးဆွဲခေါ်ပြီး မေးတယ်။ "ဒီလူက ဘာလို့ အခုထိ မပြန်သေးတာလဲ၊ မိန်းမလာခေါ်တာ မဟုတ်ဘူးလား၊ ခေါ်ပြီးရင် မြန်မြန် ပြန်ရမှာပေါ့"

တကယ်တော့ ကျောက်အာလည်း ရွှီစွေ့အယ်နဲ့ ကျောက်ကျင်ရွေ့တို့ ဘာလို့ အိမ်မှာ ဒီလောက်ကြာကြာ နေနေကြတာလဲဆိုတာ သိချင်နေတာ။ အရင်ကတော့ သူမ ဂရုမစိုက်ခဲ့ပေမဲ့ အစ်မက မေးလာတော့မှ အဒေါ်ကျိုးကို သွားမေးကြည့်ရတယ်။ အဲဒီတော့မှ သိရတာက ရွှီစွေ့အယ်က အိမ်မှာ ဘယ်လိုတွေ ပြောလိုက်လဲ မသိဘူး၊ အဘွားကျောက်က သူတို့ကို ပေးနေခိုင်းလိုက်တာ။

ဒီကိစ္စကို အဒေါ်ကျိုး မသိပေမဲ့ အဒေါ်စွန်းကတော့ သိတယ်လေ။ သူမ ပြောပြချက်အရဆိုရင် အဘွားကျောက်က သမီးဖြစ်သူ ယောက္ခမအိမ် ပြန်သွားမှာကို စိတ်မချလို့၊ ကျောက်ကျင်ရွေ့ရဲ့ အမူအရာကို စောင့်ကြည့်ချင်လို့ ပေးနေခိုင်းတာ။ ဘာပဲဖြစ်ဖြစ် သမက်နဲ့ သမီးက ယောက္ခမအိမ်မှာ ရက်အနည်းငယ် လာနေတာက သဘာဝပဲဆိုတော့ ဒီအတိုင်း ရှိနေကြတယ်။

ဒါပေမဲ့ နေရင်လည်း ကိုယ့်အိမ်မှာကိုယ် နေပေါ့၊ သူများ နေရာကို ဘာလို့ လာနေတာလဲ။

ကျောက်ကျင်ရွေ့က နှစ်ရက်ဆက်တိုက် ရောက်လာခဲ့တယ်။ အဒေါ်စွန်းက လူကွယ်ရာမှာ ကျောက်အာကို ခေါ်ပြောတယ်။ "နင့်အစ်မကို သတိထားဖို့ ပြောလိုက်ဦး၊ ငါ ကြည့်ရတာ အဲဒီ ကျောက်ကျင်ရွေ့ရဲ့ အကြည့်တွေက တစ်မျိုးကြီးပဲ"

အဒေါ်စွန်းတင် မဟုတ်ဘဲ အဒေါ်ကျိုးလည်း ရိပ်မိတယ်။ အဒေါ်ကောင်းတောင်မှ ကျောက်အာကို စကားပါးခဲ့သေးတယ်။ သူမက အပြင်လူဆိုတော့ ရွှီမိသားစုရဲ့ ကိစ္စမှာ တိုက်ရိုက်ပြောလို့ မကောင်းတာကြောင့် သွယ်ဝိုက်ပြီး သတိပေးတာလေ။

ကျောက်အာကလည်း မအပါဘူး၊ ဘာကို ဆိုလိုတာလဲဆိုတာ သူမ ကောင်းကောင်း နားလည်တယ်။

သူမက အဒေါ်စွန်း၊ အဒေါ်ကျိုးနဲ့ အဒေါ်ကောင်းတို့ကို စိတ်အေးဖို့ ပြောလိုက်ပြီးမှ ဒီကိစ္စကို ဘယ်လို ကိုင်တွယ်ရမလဲလို့ စဉ်းစားနေခဲ့တယ်။

ကိစ္စက အထင်အရှား ဖြစ်မလာသေးတော့ တစ်ဖက်လူက ကိုယ့်ကို နှစ်ချက်လောက် လိုက်ကြည့်ရုံနဲ့ တစ်ခုခု ကြံစည်နေတယ်လို့ သွားစွပ်စွဲလို့လည်း မရဘူးလေ။ အဲဒီလို သွားပြောရင်လည်း ကိုယ်ကပဲ ရူးနေတယ်လို့ အပြောခံရမှာပေါ့။

ဝေကောက အခုလေးတင် သေးပေါက်လိုက်လို့ ဝမ်ကျောက်တိက အနှီးလဲပေးနေတုန်းပဲ။ ညီမလေးက မျက်နှာမကောင်းဘဲ စကားပြောဖို့ တုံ့ဆိုင်းနေတာကို မြင်တော့ သူမက မနေနိုင်တော့ဘဲ ပြောလိုက်တယ်။

"ဘာတွေ ဖြစ်နေတာလဲ၊ ငါ့ကို ဘာလို့ ဖုံးထားကြတာလဲ။ ဟိုလူရှုပ်က စိတ်မကောင်း ကြံနေတာမလား၊ အဲဒီလို ကောင်မျိုးတွေကို ငါ အများကြီး တွေ့ဖူးပါတယ်"

107 04

ပြောပြီးမှ သူမ ပါးစပ်က ပါသွားမှန်း သိလိုက်ရတယ်။ ကျောက်အာက အတင်းမေးတော့မှ သူမ အမှန်အတိုင်း ပြောပြတော့တာပဲ။ သူမ ရှန်အိမ်တော်ကို စရောက်တုန်းက အသက် ၁၃ နှစ်ပဲ ရှိသေးတယ်၊ အဲဒီတုန်းက သူမက ညီအစ်မတွေထဲမှာ အလှဆုံးပဲလေ။ လူကုန်ကူးသူက တတိယညီမကို မဝယ်ဘဲ သူမကို ဝယ်ခဲ့တာကလည်း သူမရဲ့ ရုပ်ရည်ကြောင့်ပဲ။

သူမ စရောက်ခါစမှာ ရှန်အိမ်တော်က အရမ်းကြီးတာလေ၊ ခြံထဲမှာ အဘွားအိုကြီးနဲ့ အိမ်ထောင်စုတွေတင် မကဘဲ တခြား အမျိုးတွေလည်း အများကြီး ရှိနေတာ။ သခင်တွေ များသလို အစေခံတွေလည်း အများကြီးပေါ့။ မိန်းမ၊ ယောက်ျား၊ အို၊ ပျို အစုံရှိနေတော့ စိတ်မကောင်းတဲ့ ယောက်ျားတွေက သူမကို အနိုင်ကျင့်ဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါပေမဲ့ သူမကတော့ အမြဲတမ်း ရှောင်နိုင်ခဲ့တာလေ။ နောက်ပိုင်းမှ ဆဋ္ဌမသခင်လေး အနားကို ရောက်သွားတော့မှ ဘယ်သူမှ မတို့ရဲတော့တာ။

"ဒါဆို အဲဒီတုန်းက မမကို ကယ်ခဲ့တဲ့လူက ဘယ်သူလဲ" ကျောက်အာက အရင်တစ်ခါ ဝမ်ကျောက်တိ အလုပ်သမားတစ်ယောက်ရဲ့ ဆွဲခေါ်တာ ခံရတုန်းက ကိစ္စကို မေးလိုက်တာလေ။

အဲဒီစကားကို ကြားတော့ ဝမ်ကျောက်တိရဲ့ မျက်လုံးတွေက တစ်ချက် ဝင်းလက်သွားပြီး ပြန်ပြောတယ်။

"ကြာလှပြီပဲ၊ ဘယ်သူ မှတ်မိတော့မှာလဲ"

"အဲဒါ အစ်ကိုရှန် မဟုတ်လား"

ဝမ်ကျောက်တိက ဝေကောရဲ့ လက်လေးကို ကိုင်ထားရင်း ခဏ ငြိမ်သွားပြီးမှ ငေါ့လိုက်တာလေ။ "အဲဒီ ရှန် ဆိုတဲ့လူတွေအကြောင်း ငါ့ရှေ့မှာ လာမပြောနဲ့၊ ကြားရတာတင် စိတ်ပျက်တယ်"

သူမရဲ့ လေသံက သိပ်မကောင်းတာကို သိသွားလို့လား မသိဘူး၊ သူမက ပြန်ပြောတယ် "ငါ အဲဒီနေရာက ထွက်လာကတည်းက အဲဒီက လူတွေကို နောက်ထပ် မတွေ့ချင်တော့ဘူး၊ နင်လည်း နောက်ဆိုရင် မပြောတာ အကောင်းဆုံးပဲ"

"မမ... ငါ သိပါပြီ"

ဝေကောက အနှီးလဲပြီးတော့မှ နေလို့ကောင်းသွားလို့လား မသိဘူး၊ တအဲအဲနဲ့ လူကြီးတွေ နားမလည်တဲ့ စကားတွေ ပြောနေတယ်။

ညီအစ်မ နှစ်ယောက်သား ကလေးနဲ့ ဆော့နေရင်း အခြေအနေတွေက ပြေလည်သွားခဲ့တယ်။

အဲဒီတော့မှ ဝမ်ကျောက်တိက ပြောတယ်။ "ဒီကိစ္စက တကယ်တော့ လွယ်ပါတယ်၊ ကျားကို သတ်မယ်ဆိုရင် မသေမချင်း သတ်ရမယ်၊ မဟုတ်ရင် ကိုယ့်ကို ပြန်ကိုက်မှာပေါ့။ နင် ငါပြောတာ နားထောင်ဦး..."

နေ့လယ်ဘက်မှာ ကျောက်ကျင်ရွေ့က တောင်ပေါ်ကို တစ်ခေါက် ထပ်လာခဲ့တယ်။ အဲဒီတော့မှ ကောင်းရှန်က ဒီနေ့ ပြန်မလာဘူးဆိုတာ၊ အဒေါ်ကောင်းကလည်း နေမကောင်းတဲ့ မြေးကို သွားပြုစုဖို့ ဂေါမိသားစုဆီမှာ တစ်ည သွားအိပ်မယ်ဆိုတာကို သူ သိလိုက်ရတယ်။

တတိယနဲ့ စတုတ္ထအိမ်ထောင်စုကလူတွေကလည်း ညဘက်ဆိုရင် ရွှီအိမ်ကို ပြန်ကြတာလေ။ ကျောက်အာကတော့ အစ်မဖြစ်သူကို အဖော်လုပ်ပေးမယ်လို့ ပြောပေမဲ့ ဝမ်ကျောက်တိက သူမ ဗိုက်ကြီးနဲ့ဆိုတော့ ဝေကောက ညဘက် ဆူညံရင် အိပ်ရေးပျက်မှာ စိုးလို့ အိမ်ပြန်ခိုင်းလိုက်တာလေ။

ဆိုလိုတာကတော့ ဒီည တောင်ပေါ်မှာ ဝမ်ကျောက်တိ တစ်ယောက်တည်း ကလေးနဲ့ ရှိနေမှာပေါ့။

ကျောက်ကျင်ရွေ့ကတော့ ဘာစိတ်ပေါက်နေလဲ မသိဘူး၊ အဲဒီလူကိုပဲ တစ်ချိန်လုံး စွဲလမ်းနေတာလေ။ သူမက သူ့ကို ဂရုမစိုက်လေလေ၊ သူက ပိုပြီး သတိရလေလေပဲ။ ရွှီအိမ်မှာ ဆက်နေနိုင်ဖို့အတွက် သူက ရွှီမိသားစုဝင်တွေကို မျက်နှာချိုသွေးရုံတင်မကဘဲ ရွှီစွေ့အယ်ကိုတောင် ချော့နေခဲ့တာ၊ ဒါတွေအားလုံးက သူမအတွက်ပဲလေ။

107 05

ညကတော့ တော်တော်လေး နက်နေပြီ၊ အရင်က နှစ်ယောက်သား အိပ်ရာပေါ် ရောက်တော့ ရွှီစွေ့အယ်က သူ့ကို လာကပ်နေတာလေ၊ ကျောက်ကျင်ရွေ့လည်း သူမ ဘာလိုချင်လဲ သိတာကြောင့် လိုက်လျောလိုက်ရတယ်။

အခုတော့ သူမ အိပ်ပျော်သွားပြီ၊ ကျောက်ကျင်ရွေ့ကတော့ အိပ်ရာပေါ်မှာ လဲနေရင်းနဲ့ ဘယ်လိုမှ အိပ်လို့ မရဘူးလေ။

သူ ဟိုဘက်လှည့် ဒီဘက်လှည့် လုပ်နေရင်းနဲ့ ရွှီစွေ့အယ် နိုးမလာတာကို မြင်တော့မှ တစ္ဆေဝင်ပူးသလိုပဲ အိပ်ရာက ထလိုက်တယ်။ သူတို့က အနောက်ဘက်ဆောင်မှာ နေတာလေ၊ အဘွားကျောက်က နျိုးနျိုးနဲ့ အရှေ့ဆောင်မှာ နေပြီး၊ အဘိုးရွှီကတော့ ဧည့်ခန်းထဲက အိပ်စင်ပေါ်မှာ အိပ်တာ။

"ကျင်ရွေ့... ဘယ်သွားမလို့လဲ"

တံခါးဖွင့်လိုက်တဲ့ အချိန်မှာတင် အဘိုးရွှီရဲ့ အသံက ထွက်လာခဲ့တယ်။

"အဖေ... ကျွန်တော် ဗိုက်ထဲက မကောင်းလို့၊ အိမ်သာ သွားမလို့ပါ" သူက ကြိုတင်စဉ်းစားထားတဲ့ ဆင်ခြေကို ပေးလိုက်တော့ အဘိုးရွှီက "အင်း" လို့ပဲ ပြန်ပြောပြီး သူလည်း အပြင်ကို ထွက်လာခဲ့တယ်။

ညက အရမ်းနက်နေပြီ၊ ပတ်ဝန်းကျင်တစ်ခုလုံးက ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေပြီး တစ်ခါတလေမှ ခွေးဟောင်သံ သဲ့သဲ့ ကြားရတာလေ။

ကျောက်ကျင်ရွေ့က အိမ်သာကို ခဏသွားပြီး အိမ်ထဲ ပြန်မဝင်ဘဲ အပြင်မှာ ငိုင်နေမိသေးတယ်။

ခဏလောက် စဉ်းစားပြီးမှ သူ အံကြိတ်ပြီး နောက်ဖေး ဟင်းရွက်ခင်းကနေ တိတ်တိတ်လေး ထွက်လာခဲ့တယ်။

လမ်းတစ်လျှောက်မှာ ကျောက်ကျင်ရွေ့က ရင်တုန်ပန်းတုန် ဖြစ်နေတာ၊ ငါ ဘာလို့ ဒီလောက်အထိ ရူးနေရတာလဲလို့တောင် နောင်တရမိသေးတယ်။ ဒါပေမဲ့ တောင်ပေါ်ကို ရောက်လို့ လရောင်အောက်မှာ ဝေးဝေးက လင်းနေတဲ့ မီးရောင်လေးကို မြင်လိုက်ရတော့ ရင်ထဲမှာ စိတ်လှုပ်ရှားသွားပြီး ဘာကိုမှ ဂရုမစိုက်တော့ဘူးလေ။

ကလေးရှိနေတော့ ဝမ်ကျောက်တိက ညဘက်ဆိုရင် မီးမမှိတ်ဘဲ အိပ်တာလေ။ သူမ အခုထိ မအိပ်သေးပါဘူး၊ ဝေကောကို နို့တိုက်ပြီးမှ ပြန်ချော့သိပ်ထားတာလေ။

သူမ ရေဆာလို့ ထပြီး ရေသောက်ဖို့ ပြင်တုန်း ပြတင်းပေါက်နားကနေ အသံတစ်ခု ကြားလိုက်ရတယ်။ သူမကတော့ မျက်တောင်တောင် မခတ်ဘဲ ရေကို ဆက်သောက်နေတာလေ။ အဲဒီအချိန်မှာ ပြတင်းပေါက်က အပြင်ကနေ ပွင့်လာပြီး လူတစ်ယောက် အထဲကို ခိုးဝင်လာတယ်။

"ကျောက်တိ……"

"ဘယ်သူလဲ" ဝမ်ကျောက်တိက အရမ်းကို စိုးရိမ်နေတဲ့ ပုံစံမျိုးနဲ့ စားပွဲကို ကျောပေးပြီး ဝင်လာတဲ့လူကို စိုက်ကြည့်နေတယ်။ "ကျောက်ကျင်ရွေ့... ရှင် ဘာလုပ်ချင်တာလဲ ဒီလောက် ညကြီးမင်းကြီး ရှင် ဘာလာလုပ်တာလဲ"

"ကျောက်တိ... ငါကလေ..." ကျောက်ကျင်ရွေ့က စိတ်လှုပ်ရှားလွန်းလို့ မျက်နှာတွေ နီမြန်းပြီး အသံတွေတောင် တုန်နေတာ "ကျောက်တိ... ငါ မင့်ကို မြင်ကတည်းက ထမင်းတောင် မေ့ ဟင်းတောင် မေ့နဲ့ သတိရနေတာ..."

ဝမ်ကျောက်တိရဲ့ မျက်နှာက ချက်ချင်းပဲ အေးစက်သွားပြီး သူမရဲ့ မျက်ခုံးတွေက ဓားတစ်စင်းလိုပဲ ထက်မြက်လာခဲ့တယ်။ "ဟေးကျစ်... ကိုက်စမ်း၊ သေအောင်တော့ မကိုက်နဲ့ဦး"

စားပွဲအောက်မှာ အသံတိတ် ဝပ်နေတဲ့ ဟေးကျစ်က ဝုန်းခနဲ ဆိုပြီး ခုန်အုပ်လိုက်တာပဲ။

အဲဒီအချိန်မှာတင် အခန်းတံခါးက ပွင့်လာပြီး ရွှီထောက်အာက မျက်လုံးလေး ပွတ်ရင်း ရပ်နေတယ် "မမကျောက်တိ... ဘာဖြစ်တာလဲ။ ဟင်... အဒေါ်လေးရဲ့ ယောက်ျား၊ ရှင်က ဘာလို့ ဒီမှာ ရှိနေတာလဲ"

ဒါပေမဲ့ ကျောက်ကျင်ရွေ့ကတော့ အခု ဟေးကျစ်ရဲ့ အကိုက်ကို ခံနေရပြီး အော်ဟစ်နေရတာဆိုတော့ ဘယ်မှာ ပြန်ဖြေနိုင်ပါ့မလဲ။

******

108 01

အခန်း (၁၀၈)

ညသန်းခေါင်ယံအချိန်ကြီးမှာပဲ ရွှီမိသားစုဝင်တွေ အကုန်လုံး အိပ်ရာက နိုးလာကြရတယ်။

အဆောင်မကြီးထဲမှာတော့ အဘိုးရွှီက မျက်နှာပျက်ပျက်နဲ့ အိပ်စင်ပေါ်မှာ ထိုင်နေပြီး အဘွားကျောက်ကတော့ အိပ်စင်အစွန်းမှာ ထိုင်နေတယ်လေ၊ သူမဘေးမှာတော့ ရွှီစွေ့အယ်က တရှုံ့ရှုံ့နဲ့ ငိုနေတယ်။

အောက်မှာတော့ လူတွေ အများကြီး ဝိုင်းရပ်နေကြပြီး ကျောက်ကျင်ရွေ့ကတော့ ဖုန်တောထဲမှာ လူးထားသလိုမျိုး၊ အဝတ်အစားတွေလည်း စုတ်ပြတ်သတ်လို့ မြေကြီးပေါ်မှာ ဒူးထောက်နေရတယ်၊ ကြည့်ရတာ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ။

ကျောက်အာကတော့ ဒေါသတွေ ထွက်နေပြီး အော်ပြောနေခဲ့တာ။ "ဒါဟာ အဆင့်အတန်းအရ ကြည့်ရင် လူကြီးလို့ ပြောရမှာပေါ့၊ ဒါမျိုး လူကြီးတော့ တစ်ခါမှ မတွေ့ဖူးဘူး ညကြီးမင်းကြီး ငါ့အစ်မအိမ်က ပြတင်းပေါက်ကို လာတွယ်တက်တယ်ဆိုတာလေ၊ တကယ်လို့ တတိယအဒေါ်ကသာ ငါ့အစ်မမှာ ကလေးနဲ့ တစ်ယောက်တည်းမို့လို့ တစ်ခုခုဖြစ်ရင် မလွယ်ဘူးဆိုပြီး ထောက်အာကို အဲဒီမှာ သွားအိပ်ခိုင်းလို့သာပေါ့၊ တိုက်တိုက်ဆိုင်ဆိုင် ကောင်းရှန်လည်း ပြန်ရောက်လာလို့သာပေါ့၊ မဟုတ်ရင် ဘာတွေ ဆက်ဖြစ်သွားမလဲ မသိနိုင်ဘူး"

"ဘာဖြစ်သွားမှာလဲ၊ အခုလည်း ဘာမှ မဖြစ်သွားတာပဲ မဟုတ်လား"

အဘွားကျောက်က တိုးတိုးလေး ရေရွတ်လိုက်တယ်။

"ပါးစပ်ပိတ်ထားစမ်း"

အဘိုးရွှီက ဟောက်လိုက်တော့မှ သူမလည်း မကျေမနပ်နဲ့ ငြိမ်သွားတော့တာပဲ။

ရွှီချင်းဟွိုင်ကလည်း ဝင်ပြောတယ်။

"အမေ... စကားကို အဲဒီလို ပြောလို့ ဘယ်ရပါ့မလဲ၊ ဝမ်ကျောက်တိက ကျောက်အာရဲ့အစ်မအရင်းလေ၊ အဲဒီမိန်းကလေးခမျာလည်း ဘဝက ပင်ပန်းလှပါပြီ၊ ဒီအတိုင်း အနိုင်ကျင့်ခံလို့ ဘယ်ဖြစ်မလဲ။ ဒါက ဘာမှ မဖြစ်သွားလို့သာပေါ့၊ တစ်ခုခုသာ ဖြစ်သွားရင် ငါတို့ ရွှီမိသားစုရဲ့ သိက္ခာတွေ မြေစာပင် ဖြစ်ကုန်မှာ"

"ဟုတ်ပါ့ ဒီကျောက်မိသားစုကလည်း သားကို ဘယ်လိုများ ဆုံးမထားလဲ မသိဘူး၊ ညသန်းခေါင်ယံမှာ သူများပြတင်းပေါက်ကို လာတွယ်တက်တယ်ဆိုတော့ ဘာလုပ်ချင်လို့လဲ"

အဒေါ်စွန်းကလည်း ထပ်ပြောတယ်။

"ဒီကိစ္စ ကျောက်မိသားစုက ငါ့ကို သေချာပေါက် ဖြေရှင်းပေးရမယ်၊ မဟုတ်ရင်တော့ ငါ လုံးဝ အလျော့ပေးမှာ မဟုတ်ဘူး"

ကျောက်အာက ပြောလိုက်တယ်။

"ဘာဖြေရှင်းချက်လဲ၊ မင်းက ဘာလိုချင်နေတာလဲ။ ငါ ဒီမှာ ရှိနေတာပဲ၊ ငါ့ကိုပဲ အပြင်ဆွဲထုတ်ပြီး သတ်ပစ်လိုက်ကြတော့။ ကျင်ရွေ့ကိုလည်း ဟေးကျစ်က ကိုက်ထားလို့ ဒီလောက် ဖြစ်နေပြီ၊ ဝမ်ကျောက်တိလည်း ဘာမှမဖြစ်ဘူးလေ၊ နင်က ဘာကို ထပ်ပြီး ဖြေရှင်းခိုင်းနေတာလဲ။ နင့်အဒေါ်လေးတောင် ဒီလို ဖြစ်နေပြီကို၊ နင်က ဘာလိုချင်သေးတာလဲ" အဘွားကျောက်က ခေါင်းမာမာနဲ့ အော်ဟစ်နေတော့တယ်၊ မျက်နှာကလည်း နီမြန်းနေပြီး စိတ်လှုပ်ရှားလွန်းလို့ တံတွေးတွေတောင် စင်နေတာလေ။ "ဒါမှမဟုတ်ရင်လည်း ငါ့ကိုပဲ အပြင်ဆွဲထုတ်ပြီး သတ်လိုက်ကြ၊ ငါကလည်း မျိုးရိုးက ကျောက် ပဲလေ၊ ငါ့ကိုပဲ သတ်ပစ်လိုက်ကြတော့"

108 02

"အဘွား... အဘွားပြောတာတွေက လုံးဝ ယုတ္တိမရှိဘူးနော်"

"ငါက ဘယ်လို ထပ်ပြီး ယုတ္တိရှိအောင် ပြောရဦးမှာလဲ……"

ရုတ်တရက် "ဒုန်း" ဆိုတဲ့ အသံကြီးနဲ့အတူ အဘိုးရွှီက အိပ်စင်ပေါ်က စားပွဲကို အားနဲ့ ထုလိုက်တယ်။ "အကုန်လုံး ပါးစပ်ပိတ်ကြစမ်း" သူက ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တုန်နေပြီး တဟွတ်ဟွတ်နဲ့ ချောင်းတွေလည်း ဆိုးလာတယ်။ "ဟွတ်... မင်းတို့... အကုန်လုံး... ဟွတ်ဟွတ်... ပါးစပ်ပိတ်ကြစမ်း..."

"အဖေ... နေကောင်းရဲ့လား" ရွှီချင်းပိုင်က အမြန်ပြေးသွားပြီး အဘိုးရွှီရဲ့ ကျောကို ပုတ်ပေးကာ ရေနွေးအိုးကို ယူပြီး ရေတိုက်ပေးတော့မှ အသက်ရှူ နည်းနည်း ပြန်မှန်လာတယ်။

အတော်ကြာမှ အဘိုးရွှီ စိတ်ပြန်အေးသွားပြီး ကျောက်အာကို ကြည့်လိုက်တယ်။ "ကျောက်အာ... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ပါတော့"

"အဘိုး"

အဘိုးရွှီရဲ့နှုတ်ခမ်းတွေ တုန်နေတုန်းပဲ၊ သူက ရွှီချင်းပိုင်ကို တွန်းထုတ်ပြီး ဆေးတံအိတ်ကို စမ်းလိုက်တယ်။ "ကျောက်ကျင်ရွေ့က ဒီနေ့ ဒီလောက်အထိ အထိနာသွားပြီဆိုတော့ နောက်ဆိုရင် သူ လုပ်ရဲတော့မှာ မဟုတ်ပါဘူး။ မင်း ဘယ်သူ့မျက်နှာမှ မထောက်ရင်တောင် နင့်အဒေါ်လေး မျက်နှာကိုတော့ ထောက်ဦးလေ"

"အဘိုး... သူက တကယ်ကို လွန်လွန်းလို့လေ……"

"အဘိုး သိပါတယ် သူလွန်သွားတာကို။ ဒါပေမဲ့ နင့်အဘွားက ကျောက်မျိုးရိုး ဖြစ်နေတာကို ထောက်ဦး၊ သူက နင့်အဒေါ်လေးရဲ့ ယောက်ျား ဖြစ်နေတာကိုလည်း ကြည့်ဦးလေ။ ဒီကိစ္စသာ ကြီးကျယ်သွားရင် နင့်အဒေါ်လေးရော၊ ကျောက်မိသားစုတင် မကဘူး၊ ငါတို့ ရွှီမိသားစုလည်း လူတောတိုးရဲတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဝမ်ကျောက်တိကလည်း မိန်းမသားတစ်ယောက်လေ၊ မုဆိုးမလည်း ဖြစ်နေတော့ ကိစ္စတွေ ပြန့်သွားရင် သူမရဲ့ သိက္ခာအတွက်လည်း မကောင်းဘူးပေါ့"

အခန်းထဲမှာ တိတ်ဆိတ်သွားခဲ့တယ်၊ ရွှီစွေ့အယ်တောင် ငိုတာ ရပ်သွားတော့တာပဲ။

ရွှီချင်းပိုင်က အဘိုးရွှီကို တစ်ချက်ကြည့်ပြီး ကျောက်အာကို ပြန်ကြည့်တယ်။ "ကျောက်အာ... မင်း ဘယ်လို ထင်လဲ……"

"နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ လူလွှတ်ပြီး ရုံးတော်ကို ပို့ပစ်မယ်၊ နောက်ဆိုရင် ငါနဲ့ ငါ့အစ်မရှေ့မှာ လုံးဝပေါ်မလာနဲ့တော့" ပြောပြီးတာနဲ့ ကျောက်အာက စိတ်ဆိုးမာန်ဆိုးနဲ့ လှည့်ထွက်သွားတော့တယ်။ ကျန်ခဲ့တဲ့ တတိယနဲ့စတုတ္ထအိမ်ထောင်စုကလူတွေလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အဘိုးရွှီကို နှုတ်ဆက်ကာ ကိုယ့်အခန်းကိုယ် ပြန်သွားကြတယ်။

အခန်းထဲမှာ ထပ်ပြီး တိတ်ဆိတ်သွားပြန်ရော၊ အဘိုးရွှီက ကျောက်ကျင်ရွေ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ "မနက်ဖြန်ကျရင် မင်းတို့ နှစ်ယောက်လုံး ကျောက်မိသားစုဆီ အမြန် ပြန်ကြတော့၊ နောက်ဆိုရင် ကိစ္စမရှိဘဲ လုံးဝ မလာကြနဲ့တော့"

"အဖေ" ရွှီစွေ့အယ်က ထိတ်လန့်တကြား အော်လိုက်တယ်။

"ထွက်သွားကြစမ်း"

အဘွားကျောက်က သူမကို မျက်စိမှိတ်ပြလိုက်တော့မှ ရွှီစွေ့အယ်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ထရပ်ပြီး ကျောက်ကျင်ရွေ့ကို တွဲကာ အနောက်ဘက်ဆောင်ကို ခေါ်သွားတော့တယ်။

အဲဒီနောက်မှာတော့ အနောက်ဘက်ဆောင်ကနေ ရှိုက်ငိုသံ သဲ့သဲ့လေးတွေ ထွက်လာနေခဲ့တယ်၊ အဘွားကျောက်လည်း မျက်ရည်တွေ သုတ်နေတုန်းပဲ၊ အဘိုးရွှီကတော့ ဒါတွေကို ကြားနေရပေမဲ့ သက်ပြင်းကိုပဲ အကြိမ်ကြိမ် ချနေမိတော့တယ်။

108 03

နောက်တစ်နေ့ မိုးမလင်းခင်မှာတင် ကျောက်ကျင်ရွေ့က ရွှီစွေ့အယ်ကို ခေါ်ပြီး ကမန်းကတန်း ထွက်သွားခဲ့တယ်။

ကျောက်အာ နိုးလာတော့ အဒေါ်ကျိုးက ဒီအကြောင်း ပြောပြတာနဲ့ သူမလည်း စိတ်မကောင်း ဖြစ်သွားရတယ်၊ တကယ်တော့ အစကတည်းက သူတို့က ကျောက်ကျင်ရွေ့ကို ဘာမှလုပ်ဖို့ စိတ်မကူးခဲ့ပါဘူး။

ကျောက်ကျင်ရွေ့က ဘယ်လောက်ပဲ ရွံစရာကောင်းပါစေ၊ အဘွားကျောက်နဲ့ ရွှီစွေ့အယ်တို့နဲ့ ပတ်သက်နေတာကိုး၊ ပြီးတော့ ကိစ္စသာ ကြီးသွားရင် ဝမ်ကျောက်တိရဲ့ နာမည်အတွက်လည်း မကောင်းဘူးလေ။ သူမနဲ့ အစ်မဖြစ်သူက အခုလို ပွဲဖန်တီးလိုက်တာက နောက်ဆိုရင် သူက ဆွေမျိုးဆိုတဲ့ ဆင်ခြေနဲ့ ဝမ်ကျောက်တိရှေ့မှာ ထပ်ပေါ်မလာရဲအောင်၊ သူ့ရဲ့ ယုတ်မာတဲ့ စိတ်တွေကို တစ်ခါတည်းနဲ့ အပြတ်ရှင်းချင်လို့ပဲလေ။

ဒီတစ်ခါပြီးရင်တော့ ကျောက်မိသားစုရဲ့ ကိစ္စမှန်သမျှဟာ ဒုတိယအိမ်ထောင်စုနဲ့ လုံးဝ မသက်ဆိုင်တော့ဘူးပေါ့၊ လူမှုရေးအရ လုပ်ပေးစရာ ရှိတာတွေကိုလည်း လုပ်ပေးချင်မှ လုပ်ပေးတော့မယ်။ ကျောက်အာ စိတ်မကောင်းဖြစ်တာကတော့ ဒီလိုကိစ္စမျိုး ဖြစ်သွားတာတောင် အဘိုးရွှီက သမီးဖြစ်သူကို ကျောက်မိသားစုဆီ ပြန်လွှတ်လိုက်တာရယ်၊ အဘွားကျောက်ကလည်း မိခင်ရင်း ဖြစ်ပါလျက်နဲ့ ဘာမှ ဝင်မပြောတာရယ်ကြောင့်ပဲပေါ့။

ဒါပေမဲ့လည်း ဘာပြောနိုင်မှာလဲ။ ကျောက်ကျင်ရွေ့ကို သတ်ပစ်လို့မှ မရတာ၊ အမြဲတမ်း ပြတ်ပြတ်သားသား ဖြေရှင်းချင်ရင်တော့ လင်မယားကွာရှင်းမှ ရမှာလေ။ ဒါပေမဲ့ ကွာရှင်းဖို့ဆိုတာကတော့ ရွှီစွေ့အယ်ရော၊ အဘိုးအိုတို့ ဇနီးမောင်နှံပါ တစ်ခါမှ စိတ်ကူးမယဉ်ဖူးတဲ့ ကိစ္စပဲလေ။

ကျောက်အာဟာ ပထမဆုံးအကြိမ် မိန်းကလေးတစ်ယောက်အနေနဲ့ ဒီခေတ်ကြီးမှာ နေထိုင်ရတာ ဘယ်လောက်တောင် မတရားတာလဲဆိုတာကို နက်နက်နဲနဲ စဉ်းစားမိသွားခဲ့တယ်လေ။ သူမ ဗိုက်ထဲမှာ ကလေးရှိနေတော့ ပိုပြီးတော့တောင် တွေးမိသေးတယ်၊ တကယ်လို့ သူမက သမီးလေး မွေးလာရင်၊ သမီးလေး ကြီးလာတဲ့အခါ ဒီလို ကိစ္စမျိုး ကြုံရရင် ဘယ်လိုလုပ်မလဲပေါ့။

သူမ တစ်နေ့လုံး စဉ်းစားပြီးတော့ ရလဒ်တစ်ခုပဲ ထွက်လာတယ်၊ အဲဒါကတော့ ကွာရှင်းမယ်၊ အိမ်ပြန်ခေါ်လာမယ်၊ သမီးကို သူမပဲ ကျွေးမယ်ပေါ့၊ အဲဒီလို လုပ်နိုင်ဖို့ဆိုရင်တော့ ငွေတွေ အများကြီး အများကြီး ရှိမှ ဖြစ်မယ်။

ကျောက်ကျင်ရွေ့က ကျောက်မိသားစုဆီ ပြန်ရောက်တော့ သူ့ရဲ့ပုံစံကြောင့် တစ်အိမ်လုံး တုန်လှုပ်သွားကြတယ်။

ဟုန်အဒေါ်ကြီးကတော့ မျက်လုံးတွေ နီရဲအောင် ငိုနေသလို၊ ဦးလေးကြီးကလည်း မျက်မှောင်တွေ ကြုတ်နေတယ်။

သမားတော်ပင့်ပြီး ဒဏ်ရာတွေကို ဆေးထည့်၊ ဆေးပေးတယ်၊ ရေမထိဖို့နဲ့ စပ်တာတွေ မစားဖို့လည်း မှာတယ်။ တကယ်တော့ ကျောက်ကျင်ရွေ့ရဲ့ ဒဏ်ရာက သိပ်မပြင်းပါဘူး၊ လက်မောင်းမှာ ဟေးကျစ် ကိုက်ထားလို့ အသားနည်းနည်း လန်သွားတာရယ်၊ တခြားနေရာမှာ ဒဏ်ရာ အနည်းအကျဉ်း ရှိတာရယ်ပဲလေ။

ကျောက်ကျင်ရွေ့က အိမ်ကလူတွေကို ဘယ်လိုဖြစ်တာလဲဆိုတာ အမှန်အတိုင်း မပြောပါဘူး၊ ရွှီမိသားစု ဒုတိယအိမ်ထောင်စုက ခွေးကိုက်တာလို့ပဲ ပြောလိုက်တာလေ။ ရွှီစွေ့အယ်ကိုလည်း ပါးစပ်ပိတ်ထားဖို့ သေသေချာချာ မှာထားခဲ့တယ်လေ။

ဒါပေမဲ့ စိတ်ဝမ်းကွဲမှုကတော့ စခဲ့ပြီပေါ့၊ ကျောက်ကျင်ရွေ့ကို ခွေးကိုက်တာတောင် ရွှီမိသားစုက ဘာမှ မပြောဘူး၊ ဆေးဖိုးလေးတောင် လာမမေးဘူးဆိုပြီး ဟုန်အဒေါ်ကြီးက ရွှီအိမ်ကို သွားပြီး ပြဿနာရှာမယ်လို့ လုပ်နေတာကို ဦးလေးကြီးက မနည်း တားထားရတာလေ။ ကျောက်ကျင်ရွေ့ကိုယ်တိုင်လည်း ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ပါတော့လို့ ပြန်ပြောခဲ့ရတယ်။

ဟုန်အဒေါ်ကြီး ရင်ထဲမှာတော့ မကျေနပ်မှုတွေ ပြည့်နေတာလေ၊ သူမရဲ့ ယောက်ျားနဲ့ သားက ဘာကို စိုးရိမ်နေလဲဆိုတာ သူမ သိတယ်၊ ဒါတွေက အဘွားကျောက်ကြောင့်၊ ရွှီစွေ့အယ်ကြောင့် ဖြစ်ရတာလေ။

108 04

အဘွားကျောက်ကတော့ ဝေးလံတဲ့ ရွှီအိမ်မှာ ရှိနေလို့ သူမ ဘာမှမလုပ်နိုင်ပေမဲ့၊ ရွှီစွေ့အယ်ကိုတော့ သူမ တတ်နိုင်တယ်

ဟုန်အဒေါ်ကြီးက သူမရဲ့ ဒေါသတွေ အကုန်လုံးကို ရွှီစွေ့အယ်အပေါ်မှာပဲ ပုံချလိုက်တော့တာပဲ။ သူမက လူရှေ့မှာတော့ ချွေးမကို နှိပ်စက်တယ်လို့ အပြောမခံချင်တော့ နည်းလမ်းအမျိုးမျိုးနဲ့ ဒုက္ခပေးတာလေ။

မိုးမလင်းခင်မှာတင် ကျောက်ကျင်ရွေ့က ပဲပြားစားချင်တယ်ဆိုပြီး ပဲတွေကို ထုတ်ပေးကာ ရွှီစွေ့အယ်ကို ပဲပြားကြိတ်ခိုင်းတော့တာပဲ။

ပဲပြားကြိတ်တဲ့အလုပ်က အရမ်းပင်ပန်းတာလေ၊ သာမန်မိသားစုတွေကတော့ ကိုယ်တိုင် မလုပ်ကြပါဘူး။ ပင်ပန်းရုံတင်မကဘဲ နည်းနည်းလုပ်ရင် မကိုက်ဘူး၊ အများကြီးလုပ်ရင်လည်း စားမကုန်ဘူးလေ။ ပဲပြားက အကြာကြီး ထားလို့ မရတော့ တစ်ရက်ကျော်ရင် သိုးသွားမှာဆိုတော့ များသောအားဖြင့် ဝယ်စားကြတာပဲလေ။

ရွှီစွေ့အယ်ခမျာ မနက်စောစောစီးစီး အတင်းနှိုးခိုင်းပြီး ပဲပြားကြိတ်နေရတော့ ရင်ထဲမှာတော့ မချိမဆန့်ပါပဲ။

သူမရဲ့ယောက်ျားက သူများမိန်းမကို သွားကြံလို့ ဒဏ်ရာရလာတာကို မိသားစုက သူမကိုပဲ အပြစ်တင်ကြတယ်၊ ယောက္ခမအိမ်ကလူတွေကလည်း သူမကိုပဲ မကျေနပ်ကြဘူးလေ။ သူမကလည်း အမှန်အတိုင်း မပြောရဲတော့ အပြစ်မရှိဘဲနဲ့ အပြောအဆို ခံနေရတယ်။ ကျောက်ကျင်ရွေ့ကသာ သူမကို သနားရင် တော်သေးတယ်၊ အခုတော့ ရွှီအိမ်က ပြန်လာကတည်းက သူမကို စကားတောင် မပြောတော့ဘူး၊ မျက်စိထဲမှာ သူမကို မရှိသလိုမျိုး ဆက်ဆံနေတာလေ။

ရွှီစွေ့အယ်ခမျာ ရင်ထဲမှာတော့ ခါးလွန်းလို့ ဘာနဲ့မှ မလဲနိုင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း အရမ်းကို မတရားဘူးလို့ ခံစားနေရတာလေ။ ဒါပေမဲ့ သူမလို စိတ်ဓာတ်မျိုးကတော့ အမြဲတမ်း သူတစ်ပါးကိုပဲ အပြစ်တင်တတ်တယ်။

သူမက ကျောက်မိသားစုကို မမုန်းဘဲနဲ့ ဒီကိစ္စတွေကို စတင်ခဲ့တဲ့ ကျောက်အာတို့ ညီအစ်မ နှစ်ယောက်ကိုပဲ အစိမ်းလိုက် ဝါးစားမတတ် မုန်းနေခဲ့တာ။

ဝမ်ကျောက်အာကသာ အလုပ်မရှိ အလုပ်ရှာ ဝင်မပါခဲ့ရင်၊ သူမ ဝမ်းကွဲအစ်ကိုက သူမကို ဒီလောက်အထိ စိတ်နာမှာ မဟုတ်ဘူး၊ ယောက္ခမကလည်း သူမကို ဒုက္ခပေးမှာ မဟုတ်ဘူးလို့ ထင်နေတာ။ ဝမ်ကျောက်တိကသာ မြူဆွယ်တဲ့ မြေခွေးမ မဟုတ်ရင်လည်း၊ ဝမ်းကွဲအစ်ကိုက သူမကြောင့်နဲ့ ခွေးကိုက်ခံရမှာ မဟုတ်ဘူး၊ အဖေနဲ့အမေကလည်း သူမကို စိတ်ပျက်မှာ မဟုတ်ဘူးပေါ့။

ဒါကြောင့် ဒါတွေအားလုံးက အဲဒီ ညီအစ်မ နှစ်ယောက်ရဲ့ အမှားတွေပဲ။

နောက်တစ်ခါမှာတော့ ဟုန်အဒေါ်ကြီးက ကျောက်ကျင်ရွေ့က တောင်ပေါ်က ဟင်းရွက်တွေ စားချင်တယ်ဆိုပြီး ရွှီစွေ့အယ်ကို မနက်စောစောစီးစီး တောင်ပေါ်ကို ဟင်းရွက်သွားခူးခိုင်းပြန်ရော၊ သူမ လမ်းကို သေသေချာချာ မမြင်ဘဲ ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ သူမ စိတ်တွေ ပေါက်ကွဲသွားခဲ့တယ်၊ ပေါက်ပြားကို ပစ်ချ၊ ခြင်းတောင်းကို ရိုက်ခွဲပြီး တောင်ပေါ်ကနေ ပြေးဆင်းကာ ကျောက်မိသားစုရွာကနေ တိတ်တိတ်လေး ထွက်ပြေးသွားတော့တယ်။

တစ်ဖက်မှာတော့ ရွှီထင်းရှန်းက အိမ်ကို စာပို့ပြီးတဲ့နောက်မှာ စိတ်ကို အေးအေးထားပြီး စာဖတ်တဲ့ဘက်ကိုပဲ အာရုံစိုက်လိုက်တာလေ။

နေ့တိုင်း သူက ဆောင်းပါး နှစ်ပုဒ် ရေးတယ်၊ ပြီးတော့ သူ့ရဲ့ ဆဋ္ဌမမြောက် ဆရာဦးလေး ဝူမင်ကျိဆီမှာ 'ချွန်းချိုး' နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို သွားမေးတယ်။ ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့် သူဟာ ချွန်းချိုးရဲ့ အနှစ်သာရကို ပိုပြီး သိမြင်လာသလို၊ ကိုယ်ပိုင် အမြင်သစ်တွေကိုပါ တင်ပြနိုင်လာခဲ့တာလေ။ 'ချွန်းချိုး' ကို နှစ်ပေါင်းများစွာ လေ့လာလာတဲ့ ဝူမင်ကျိတောင်မှ အရမ်းကို ဝမ်းသာသွားပြီး သူ့ရဲ့ တပည့်က ဆရာ့ထက်တောင် တော်နေပြီလို့ ချီးကျူးခဲ့တယ်။

အားလပ်တဲ့ အချိန်တွေမှာလည်း သူက ပြည်နယ်စာမေးပွဲနဲ့ နန်းတွင်းစာမေးပွဲတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ စာအုပ်တွေကို ရှာဖတ်နေခဲ့တယ်။ ဒါတွေက စာမေးပွဲဖြေမယ့်သူတွေအတွက် အထောက်အကူပြုတဲ့ စာအုပ်တွေပေါ့။

ဒီစာအုပ်တွေကတော့ စာမေးပွဲရဲ့ နောက်ပိုင်းအပိုင်းတွေကို အဓိကထားတာလေ၊ အရပ်ထဲမှာတော့ 'ကျုယဲ့ယုံရှူး' (အောင်မြင်ရေး စာအုပ်များ) လို့ ခေါ်ကြတယ်။ စာမေးပွဲ နီးလာပြီဆိုရင် ဈေးကွက်မှာ ဒီစာအုပ်တွေက အရမ်းကို ခေတ်စားတာ။

108 05

ရွှီထင်းရှန်းကတော့ မြောက်ဘက်တောင်တန်း ကျောင်းတော်လို နေရာမျိုးမှာ ဒီလို အောင်မြင်ရေးကိုပဲ ဦးတည်တဲ့ စာအုပ်မျိုး ရှိလိမ့်မယ်လို့ မထင်ထားဘူး၊ ဒါပေမဲ့ စာကြည့်တိုက်ထဲမှာ သူ အံ့သြစွာပဲ ရှာတွေ့ခဲ့တယ်။ တွေ့တာတင် မဟုတ်ဘဲ အသစ်ရော အဟောင်းရော အစုံရှိတယ်၊ အသစ်ဆုံး စာအုပ်ဆိုရင် လွန်ခဲ့တဲ့ နှစ်လလောက်ကမှ ထုတ်ထားတာ။

အဟောင်းတွေဆိုရင်တော့ စုန့်မင်ခေတ်ကတည်းက စာအုပ်တွေတောင် ပါသေးတယ်။

ရွှီထင်းရှန်းက ဒီစာကြည့်တယင်းဇီ(ကျောင်းတော်ပိုင်စာအုပ်တံဆိပ်)ကို ဝေ့ကြည့်လိုက်တယ်၊ ဒီနေရာက အရမ်းကို ကျယ်ပြန့်ပြီး ကျောင်းတော်ရဲ့အလယ်ဗဟိုမှာ ရှိတာလေ။ တကယ်လည်း ဒီစာကြည့်ဆောင်က ဒီလိုနေရာမျိုးနဲ့ ထိုက်တန်လှပါတယ်။

မြောက်ဘက်တောင်တန်း ကျောင်းတော်က နာမည်ကြီးတာဟာ ကျောင်းအုပ်ကြီး လုဟွမ်ချင်းကြောင့်တင် မကဘူး၊ နန်းတွင်းမှာ ရှိတဲ့ ထူးခြားတဲ့ အဆင့်အတန်းကြောင့်တင် မကဘဲ၊ နာမည်ကျော်တဲ့ ဒီစာကြည့်တယင်းဇီကြောင့်လည်း ပါတယ်။

ဒီစာကြည့်တိုက်ထဲမှာ ရှိတဲ့ စာအုပ်တွေက မပါတာ မရှိပါဘူး၊ စစ်ပွဲတွေကြောင့် ပျောက်ကွယ်သွားခဲ့တဲ့ အဖိုးတန် ကျမ်းစာတွေလည်း အများကြီး ရှိနေတာလေ။ လူတွေ အများကြီးက ဒီကျောင်းကို လာတက်ချင်ကြတာ၊ ဆရာတွေကို လာမေးချင်ကြတာကလည်း ဒီစာအုပ်တွေကြောင့်လည်း ပါတယ်။

ဒါဟာ ကျောင်းတော်ရဲ့အသက်သွေးကြောပဲလို့ ကျောင်းအုပ်ကြီး လုဟွမ်ချင်း ကိုယ်တိုင်လည်း ပြောခဲ့ဖူးတာ။

ရွှီထင်းရှန်း စရောက်ခါစတုန်းက ဒီစာကြည့်တိုက်ကို မြင်ပြီး ရတနာသိုက်ကြီး တွေ့လိုက်ရသလိုမျိုး အရမ်းဝမ်းသာခဲ့တာ။ အိပ်မက်ထဲမှာ သူက စာဖတ်တာ ဝါသနာပါသူ ဖြစ်ပေမဲ့ တစ်သက်လုံး သူ စုဆောင်းခဲ့တဲ့ စာအုပ်တွေဟာ ဒီနေရာက စာအုပ်တွေရဲ့ ရာခိုင်နှုန်း အနည်းငယ်လောက်တောင် မရှိခဲ့ဘူး။ အခုတော့ အဲဒီ ခံစားချက်က ပိုပြီးတော့တောင် ပြင်းထန်နေသေးတယ်။

ကျမ်းကြီး ၅ စောင်နဲ့ ပတ်သက်တဲ့ စာပေတွေဆိုရင်တော့ သူက ကျွမ်းကျင်နေပြီဆိုပေမဲ့ နောက်ပိုင်း အပိုင်းတွေကတော့ သူ လိုအပ်နေသေးတာလေ။

အိပ်မက်ထဲမှာတုန်းကလည်း သူက ပြည်နယ်စာမေးပွဲနဲ့ နန်းတွင်းစာမေးပွဲတွေမှာ အဆင့်က အလယ်အလတ်လောက်ပဲ ရှိခဲ့တာ၊ အဲဒါကလည်း နောက်ပိုင်းအပိုင်းတွေမှာ သူ အားနည်းခဲ့လို့ပဲလေ။

ဒါကြောင့် ဒီစာအုပ်တွေက ရွှီထင်းရှန်းအတွက်တော့ အရမ်းကို အရေးကြီးနေတယ်၊ ကိုယ့်ရဲ့ အားနည်းချက်တွေကို ရှာတွေ့နိုင်သလို ရှေးလူကြီးတွေရဲ့အတွေ့အကြုံတွေဆီကနေလည်း သင်ယူလို့ ရတာကိုး။

ဒါပေမဲ့ ဒီစာအုပ်တွေကို ကြိုးကြိုးစားစား ဖတ်နေရင်းနဲ့ ရွှီထင်းရှန်းရဲ့ ရင်ထဲမှာ သံသယတစ်ခုလည်း ရှိနေခဲ့တယ်။

မြောက်ဘက်တောင်တန်း ကျောင်းတော်က ဘွဲ့ထူးဂုဏ်ထူးတွေကို အလေးမထားဘူးလို့ နာမည်ကြီးတာလေ။ တစ်ကျောင်းလုံးကို သူ လေ့လာကြည့်တော့ အောင်မြင်ထားတဲ့သူတွေ အများကြီး ရှိပေမဲ့ အကုန်လုံးက ပညာရပ်ပိုင်းကိုပဲ အာရုံစိုက်နေကြတာလေ။ ပညာရပ်အကြောင်း ပြောရင်တော့ တစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ အမြင်တွေ ရှိကြပေမဲ့၊ အရာရှိလုပ်တာတို့၊ နိုင်ငံအုပ်ချုပ်တာတို့အကြောင်း ပြောရင်တော့ ဦးလေးဆရာတွေရော၊ အစ်ကိုတွေရော ဘာမှမသိတဲ့သူတွေလိုပဲ ဖြစ်နေတာ။

အပြင်လူတွေ မြင်တာလည်း အဲဒီလိုပဲ၊ ပညာရပ်ကိုပဲ ရူးရူးမူးမူး လေ့လာနေကြတဲ့သူတွေပေါ့။ နန်းတွင်းမှာအရာရှိ လုပ်နေတဲ့သူတွေ ရှိပေမဲ့ အရမ်းနည်းသလို၊ ရာထူးကြီးပေမဲ့ အာဏာတော့ မရှိကြဘူး။

ပြောရရင်တော့ ဂုဏ်သရေရှိတဲ့ ရာထူးတွေပဲ ယူထားကြတာ၊ အာဏာကိုတော့ မကိုင်ကြဘူး။ ရွှီထင်းရှန်း စဉ်းစားကြည့်တော့ ဒါဟာ မြောက်ဘက်တောင်တန်း ကျောင်းတော်က ဘာလို့ ဘက်မလိုက်ဘဲ ကြားနေနိုင်လဲဆိုတဲ့ အကြောင်းရင်းပဲ ဖြစ်ရမယ်။ အရေးကြီးတဲ့ နေရာတွေကို မယူမှဘဲ လောကကနေ ဖဲခွာနိုင်မှာ မဟုတ်လား။

108 06

ဒါဆို ဘာလို့ စာကြည့်တိုက်ထဲမှာ ဒီလို အောင်မြင်ရေး စာအုပ်တွေ ရှိနေရတာလဲ။ ကျောင်းတော်က အရာရာ ပြည့်စုံရမယ်ဆိုတဲ့ နာမည်ကောင်းကို ယူချင်လို့ပဲ မကြာသေးခင်က ထုတ်ထားတဲ့ စာအုပ်တွေအထိ အစုံအလင် ထားထားတာလား။

ဒီကိစ္စကိုတော့ သူ ခဏ ဘေးဖယ်ထားလိုက်ရတယ်၊ အချိန်တွေက ကုန်တာ အရမ်းမြန်တဲ့အပြင် ပြည်နယ်စာမေးပွဲဖြေဖို့က နှစ်ပတ်လောက်ပဲ ကျန်တော့တာကိုး။

ဒီနေ့မှာတော့ ချန်ကျန်းက ရွှီထင်းရှန်းဆီကို လာပြီး ဆရာလင်းမြောင်က သူ့ကို ခေါ်နေတယ်လို့ ပြောလာတယ်။

နှစ်ယောက်သား ဆရာလင်းမြောင်ရဲ့ နေရာကို သွားကြတယ်၊ မောက်ပါ့သိုနဲ့ လီတာ့ထျန်တို့လည်း အတူတူ ရောက်လာကြတာလေ။ အဲဒီနောက်မှာ ဆရာက သူတို့ကို ကျောင်းအုပ်ကြီးရဲ့ 'ဝူမင်ကျိုင်း' (နာမည်မရှိသော အဆောင်) ဆီကို ခေါ်သွားခဲ့တယ်လေ။

ဒီအဆောင်က နာမည်မရှိလို့ပဲ 'နာမည်မရှိသော အဆောင်' လို့ ခေါ်ကြတာ၊ ဒါဟာ လုဟွမ်ချင်း ကျောင်းမှာ နေထိုင်တဲ့ နေရာပေါ့။

သူတို့ ၄ ယောက်တင် မကဘဲ တခြား ကျောင်းသားတွေလည်း အများကြီး ရောက်နေကြတယ်၊ သူတို့အားလုံးက ဒီတစ်ခေါက် ပြည်နယ်စာမေးပွဲ ဝင်ဖြေကြမယ့်သူတွေချည်းပဲ။

လုဟွမ်ချင်းက သူတို့ကို အားပေးစကားတွေ ပြောခဲ့တယ်၊ အဓိကကတော့ ရလဒ်ကို အရမ်းကြီး အလေးမထားဘဲ အတွေ့အကြုံ ယူဖို့ပဲပေါ့။

တပည့်တွေ၊ မြေးတပည့်တွေ အကုန်လုံးက ခေါင်းညိတ်လက်ခံကြပြီး အရိုအသေပေးကာ ပြန်ထွက်လာခဲ့ကြတယ်။

လုဟွမ်ချင်းက ဆရာလင်းမြောင်ကိုတော့ စကားပြောဖို့ ချန်ထားခဲ့တယ်။

တခြားသူတွေနဲ့ မတူဘဲ လုဟွမ်ချင်းက လင်းမြောင်ကို ကြည့်တဲ့အခါမှာတော့ အရမ်းကို နွေးထွေးပြီး ဂရုစိုက်တဲ့ အမူအရာမျိုး ရှိနေတာလေ။ "မင်းလည်း ရလဒ်ကို အရမ်းကြီး စိတ်မပူပါနဲ့၊ လူတစ်ယောက်ရဲ့ ပညာဆိုတာ အပြင်ပန်းက အရာတွေနဲ့ သက်သေပြစရာ မလိုဘူးလို့ ဆရာ အမြဲ ပြောခဲ့သားပဲ။ မြောက်ဘက်တောင်တန်း ကျောင်းတော်က တခြားနေရာတွေနဲ့ မတူဘူး၊ တစ်နိုင်ငံလုံးမှာ လူတွေက ဘွဲ့ထူးဂုဏ်ထူးတွေကိုပဲ အဓိကထားပြီး လောဘတွေနောက် လိုက်နေကြပေမဲ့... သူတို့ မသိတာကတော့……"

အဲဒီ 'သူတို့ မသိတာကတော့' ဆိုတဲ့ စကားနောက်မှာတော့ သက်ပြင်းရှည်ကြီး တစ်ချက်ပဲ ကျန်ခဲ့တယ်။

တခြားသူတွေ မသိပေမဲ့ ဆရာလင်းမြောင်ကတော့ ဘာလို့လဲဆိုတာ သိနေသလိုပါပဲ၊ ဒါပေမဲ့ သူလည်း ဘာမှ ထုတ်မပြောပါဘူး။

အတော်ကြာမှ လုဟွမ်ချင်းက လင်းမြောင်ကို ကြည့်ပြီး ပြောလိုက်တယ်။

"ကဲ... သွားကြတော့"

"ဟုတ်ကဲ့ပါ ဆရာ"

နောက်တစ်နေ့မှာတော့ ဆရာလင်းမြောင် ဦးဆောင်တဲ့ မြောက်ဘက်တောင်တန်း ကျောင်းသားတစ်သိုက်ဟာ ကျောင်းကနေ ထွက်ခွာပြီး ထိုက်ယွမ်မြို့ကို ထွက်လာခဲ့ကြပါတော့တယ်။

အဲဒီအချိန်မှာပဲ ရွှီမိသားစု အိမ်မှာတော့ ပြဿနာတစ်ခု ထပ်ပြီး ဖြစ်နေခဲ့တယ်။

******

All Chapters