အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း (၁၀၉)
အခြေအနေတွေက နည်းနည်းတော့ ရှုပ်ထွေးတယ်၊ အရင်က ကိစ္စတွေကနေ ပြန်ပြောရမှာပဲလေ။ ရွှီစွေ့အယ်ကို ပို့ပြီးတော့ အဘွားကျောက်က နှစ်ရက်လောက်တော့ စိတ်မကောင်းဖြစ်နေသေးပေမဲ့ နောက်ပိုင်းတော့ အဲဒီကိစ္စကို ဆက်မတွေးတော့ဘူး။ အားအင်ကလည်း သိပ်မရှိတော့တာလည်း ပါတယ်၊ နျိုးနျိုးက အခု အရမ်းဆော့တဲ့အရွယ် ရောက်နေပြီ။ သူကလည်း အသက်ကြီးပြီဆိုတော့ ကလေးတစ်ယောက်တည်း ထိန်းရတာ တော်တော်တော့ ပင်ပန်းတာ။
ကျေးလက်မှာ ကလေးထိန်းရင် သိပ်ပြီးတော့ အသေးစိတ် ဂရုမစိုက်နိုင်ကြဘူး၊ လူတိုင်းမှာ ကိုယ်စီအလုပ်တွေ ရှိနေကြတော့ ကလေးတစ်ယောက်တည်းကိုပဲ ဝိုင်းအုံကြည့်နေလို့ မရဘူး။ သေသေချာချာ ဂရုစိုက်တဲ့ အိမ်တွေကျတော့ ကလေးအတွက် သစ်သားဝေါယာဉ်လေး လုပ်ပေးထားကြတယ်။ အဲဒါက သစ်သားပြားကို အချောကိုင်ပြီး အလယ်မှာ အပေါက်ဖောက်ထားတာ၊ အောက်မှာတော့ ခြေနင်းပြားနဲ့ ထောက်တိုင်တွေ ပါတယ်။ ကလေးက အဲဒီထဲမှာ ထိုင်ချင်ရင် ထိုင်၊ ရပ်ချင်ရင် ရပ်လို့ ရသလို မှောက်ကျမှာလည်း ပူစရာမလိုတော့ အရမ်းကို အဆင်ပြေတာလေ။
သိပ်ဂရုမစိုက်တဲ့ အိမ်တွေကျတော့လည်း ကလေးကို အိပ်စင်ပေါ်တင်၊ ဘေးကနေ စောင်တွေနဲ့ ဝိုင်းထားခဲ့ပြီး အပြင်ထွက် အလုပ်လုပ်ကြတာပဲ၊ ခဏခဏ အိမ်ထဲဝင်ကြည့်ရုံပေါ့။ ရွှီမိသားစုမှာတော့ ဒုတိယသားက လက်သမားဆိုတော့ တကူးတက လူငှားလုပ်စရာ မလိုဘူးလေ။ အဲဒီ သစ်သားဝေါယာဉ်လေး တစ်ခုတည်းနဲ့ ရွှီမိသားစုရဲ့ မျိုးဆက် သုံးဆက်တောင် စီးခဲ့ရတာ။ ရွှီကျွင်းခိုင်ကနေ ရွှီထင်းရှန်း၊ ပြီးတော့ ရွှမ်းကျစ်နဲ့ မောက်ဒန်တို့အထိ စီးခဲ့ကြပြီး အခုတော့ နျိုးနျိုး အလှည့် ရောက်လာတယ်။
ရာသီဥတုအေးရင်တော့ အောက်မှာ အခင်းလေး ခင်းပေးတယ်၊ ပူရင်တော့ ဘာမှမခင်းတော့ဘူး၊ သစ်သားက အချောကိုင်ထားတာဆိုတော့ ချောမွတ်နေတာပဲလေ။ အညစ်အကြေး စွန့်လိုက်ရင်လည်း ရေနဲ့ ဆေးချ၊ သုတ်လိုက်ရင် ပြန်သုံးလို့ ရပြီ။ ဒါကြောင့် ပုံမှန်ဆိုရင် အဘွားကျောက်က အလုပ်လေးတွေ ရှိရင် ဝေါယာဉ်လေးကို အပြင်ထုတ်၊ နျိုးနျိုးကို အထဲထည့်ပြီး အိမ်ခေါင်မိုးအောက်မှာ ထားခဲ့တာပဲ။ သူမက ခြံထဲမှာ အလုပ်လုပ်ရင်း မော့ကြည့်လိုက်ရင် မြင်နေရတာကိုး။
နျိုးနျိုးကလည်း လိမ္မာတဲ့ ကလေးလေးလေ၊ ဗိုက်ဝနေရင် ဘယ်တော့မှ ဂျီမကျဘူး။ သစ်သားမြင်းရုပ်လေး ဒါမှမဟုတ် မြက်နဲ့လုပ်ထားတဲ့ ပုစဉ်းရင်ကွဲရုပ်လေး ပေးထားရင် သူ့ဘာသာသူ တစ်နေကုန် ဆော့နေတာ။ အိမ်ကို လာလည်တဲ့ ရွာသားတွေဆိုရင် နျိုးနျိုးက လိမ္မာလိုက်တာ၊ အဘွားကို ကူပြီး သက်သာအောင် လုပ်ပေးတယ်ဆိုပြီး ချီးကျူးကြတယ်။
သူမလည်း အသက်ကြီးလာလို့လား မသိဘူး၊ အဘွားကျောက်က နျိုးနျိုးကို အရမ်းချစ်တာ။ မြေးတွေထဲမှာဆိုရင် ရွှီကျွင်းခိုင်ပြီးရင် နျိုးနျိုးကို အချစ်ဆုံးပဲ ဖြစ်ရမယ်၊ လူတွေက နျိုးနျိုးကို ချီးကျူးရင် သူက ပြုံးပျော်နေတာပဲ။ အခုဆိုရင် ရွှီထင်းရှန်းက ရှို့ချိုင်အောင်ထားတော့ ရွာသားတွေကလည်း ရွှီမိသားစုကို အရင်ကထက် ပိုပြီးအထင်ကြီးလာကြတယ်၊ အိမ်ကို လာလည်တဲ့သူတွေလည်း ပိုများလာတယ်။ အခုလို ပူတဲ့ ရာသီမှာဆိုရင် နေ့လယ်ဘက် ဘယ်သူမှ အပြင်မထွက်ကြပေမဲ့ ညနေစောင်း နေဝင်သွားပြီဆိုရင်တော့ တိတ်ဆိတ်နေတဲ့ ရွာလေးက ပြန်ပြီး စည်ကားလာတာ။
ဒီအိမ်သွားလိုက် ဟိုအိမ်သွားလိုက်နဲ့ ဒါကပဲ နွေရာသီမှာ ရွာသားတွေအတွက် နားခိုစရာ အချိန်လေး ဖြစ်နေတယ်။
"ဒီသွားလေးတွေ ပေါက်လာတာ ကြည့်ရတာ မကြာခင် ထမင်းစားနိုင်တော့မှာပဲ"
အဘွားကျောက်နဲ့ သက်တူရွယ်တူ အဘွားကြီးတစ်ယောက်က ပြောလိုက်တယ်။
"ဟုတ်ပါ့၊ သူ ထမင်းစားနိုင်ပြီဆိုရင် ငါလည်း အများကြီး သက်သာသွားမှာပေါ့" အဘွားကျောက်က ဟင်းရွက်တွေ သင်ပြီး ရေတွင်းနားမှာ ထိုင်ဆေးနေရင်းနဲ့ ပြန်ပြောလိုက်တယ်။
အဲဒီအဘွားကြီးက နျိုးနျိုးနား ကပ်သွားပြီး ကျီစယ်နေတယ်။ "ဒီကောင်မလေး ထမင်းစားနိုင်ပြီဆိုရင် နင့်အဘွားက နှစ်ခါ အလုပ်မလုပ်ရတော့ဘူးပေါ့။ ကြည့်စမ်း... နင့်အဘွားက နင့်ကို ဘယ်လိုတောင် ကျွေးထားလဲ၊ ဝဝတုတ်တုတ်နဲ့ ပါးလေးတွေကလည်း ဖောင်းနေတာပဲ၊ ချစ်စရာ ပိန်တိန်မလေး"
109 02
ကျေးလက်ကလူတွေ ကလေးချော့ရင် ဒီလိုပဲ အဟုတ်မှတ်ပြီး စကားတွေ ပြောကြတာလေ၊ ဒါကလည်း ကလေးကို စကားသင်ပေးတာပဲ၊ နားထောင်တာ များလာရင် ကလေးက အလိုလို ပြောတတ်လာမှာကိုး။ နျိုးနျိုးကလည်း စကားပြောရတာ ဝါသနာပါပုံရတယ်၊ အခုထိတော့ မပြောတတ်သေးပေမဲ့ တစ်ယောက်ယောက်က လာပြောရင် သူက အရမ်းပျော်နေတာလေ။ လက်ထဲက သစ်သားမြင်းလေးကို ဝှေ့ယမ်းရင်း တအဲအဲနဲ့ ပြန်ဖြေနေသလိုမျိုးပေါ့။
"အမယ်လေး... လျူအဘွား ပြောတာကိုတောင် ပြန်ထူးနေပြီ၊ နောက်ရက်အနည်းငယ်ဆိုရင် ပြောတတ်တော့မှာလား။ မင်းကတော့ တကယ့် လူလည်မလေးပဲ၊ ကြီးလာရင်တော့ နင့်အဘွားကို သေသေချာချာ လုပ်ကျွေးရမှာနော်"
နျိုးနျိုးက နားလည်လား မသိဘူး၊ တခစ်ခစ်နဲ့ ရယ်နေတာ ကြည့်ရတာ တကယ့်ကို ချစ်စရာလေး။ "မင်းကတော့ ကံကောင်းပါတယ်၊ ဒီလောက် ချစ်စရာကောင်းတဲ့ မြေးမလေး ရထားတာ" လျူအဘွားကြီးက အဘွားကျောက်ကို ပြောလိုက်တယ်။
အဘွားကျောက်ကတော့ ဝမ်းသာလွန်းလို့ မျက်နှာက ဝင်းပနေပေမဲ့ ဟန်ဆောင်ပြီးတော့ ပြန်ပြောတယ်။
"ကဲပါ... အဲဒီလောက်လည်း မမြှောက်ပါနဲ့ဦး၊ နင့်မှာရော မြေးတွေ အများကြီး မဟုတ်လား"
"အများကြီး ရှိပေမဲ့ နင့်ရဲ့နျိုးနျိုးလောက်တော့ ဘယ်ချစ်စရာကောင်းပါ့မလဲ၊ ငါ့မှာသာ ဒီလိုမြေးမလေး ရှိရင် အိပ်မက်ထဲတောင် ပြုံးနေမိမှာ"
"ဒီစကားကိုတော့ တယင်းဇီကို အသိမခံနဲ့ဦး၊ မဟုတ်ရင်တော့ နင့်ကို ရန်တွေ့လိမ့်မယ်"
တယင်းဇီဆိုတာ လျူအဘွားကြီးရဲ့ ချွေးမလေ၊ သူမ အချစ်ဆုံး ချွေးမလည်း ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ တယင်းဇီက သူမအတွက် မြေးယောက်ျားလေး နှစ်ယောက် မွေးပေးထားတာကိုး။ ဒါပေမဲ့ ဒီတစ်ခါတော့ တယင်းဇီက သမီးလေး မွေးလိုက်လို့ လျူအဘွားကြီးနဲ့ နည်းနည်း အဆင်မပြေဖြစ်နေကြတာလေ။ လျူအဘွားကြီးက သူများမြေးမလေးကိုတော့ ချစ်ပြနေပေမဲ့ ကိုယ့်အိမ်ကျရင်တော့ မြေးယောက်ျားလေးပဲ လိုချင်တာကိုး။ ကိုယ့်အိမ်က မြေးမလေးကိုကျတော့ ဂရုမစိုက်ဘဲ သူများကလေးကိုမှ သွားပြီး အသားပေးနေတာ မြင်ရင်တော့ ချွေးမက ဘယ်ကျေနပ်ပါ့မလဲ။
"သူက ငါ့ကို ဘာလို့ ရန်တွေ့ရမှာလဲ။ ဘယ်မိန်းမကမှ ကလေးမမွေးဘဲ နေလို့လား၊ သူ သားမွေးပေးတာက ငါ့အတွက် မဟုတ်ဘူး၊ သူ့အတွက်သူ မွေးတာလေ"
လျူအဘွားကြီးက ပြန်ပြောတယ်။
အဘွားကျောက်က ရယ်ရင်းနဲ့ ဆိုလိုက်တယ်။
"မင်းကတော့ ပါးစပ်ကသာ တင်းနေတာ၊ နောက်ကျရင် သိမှာပါ"
လျူအဘွားကြီးက ပြုံးလိုက်ပြီးမှ သက်ပြင်းချတယ်။ "ဒါပေမဲ့ ငါ့ချွေးမ တယင်းဇီကတော့ မဆိုးပါဘူး၊ ရှေ့က နှစ်ယောက်လုံး သားတွေ မွေးပေးထားတာလေ၊ ဒီတစ်ယောက်ပဲ သမီး ဖြစ်သွားတာ။ တကယ်တော့ ငါ့ရင်ထဲမှာလည်း ပျော်ပါတယ်၊ ဒါပေမဲ့ အကြီးဆုံးနဲ့ တတိယသားတို့ အိမ်ကို ပြရတယ်၊ မဟုတ်ရင်တော့ ငါက ဒုတိယသားအိမ်ကိုပဲ ဘက်လိုက်တယ်လို့ အပြောခံနေရဦးမှာ"
သားသမီးတွေ များလာပြီး အိမ်ထောင်တွေ အသီးသီး ကျသွားတဲ့အခါ ပြဿနာတွေကလည်း များလာတာပဲလေ၊ လွှတ်ထားလို့လည်း မရ၊ တင်းထားလို့လည်း မရဘူး။ လူကြီးတွေက စကားတစ်ခွန်း ပြောရင်တောင်၊ အလုပ်တစ်ခု လုပ်ရင်တောင် အောက်ကလူတွေ စိတ်ကောက်မှာ စိုးလို့ အမြဲ တွေးတောနေရတာ။
"မိဘက မွေးထားတာပဲ၊ ဘက်လိုက်လိုက် မလိုက်လိုက် ဘာဖြစ်လဲ၊ ကောင်းကင်ကြီး ပြိုကျသွားမှာ မဟုတ်ပါဘူး”
109 03
လျူအဘွားကြီးကတော့ အဘွားကျောက်ရဲ့ စကားကို သဘောမတူပေမဲ့ ထုတ်မပြောပါဘူး၊ ဒါနဲ့ပဲ စကားလမ်းကြောင်း လွှဲလိုက်တယ်။ "နင် မသိဘူး၊ ငါ့အဘိုးကြီးကလည်း နျိုးနျိုးကို အရမ်းချစ်တာ။ သူနဲ့ တူတယ်လို့တောင် ပြောနေသေးတာလေ။ စဉ်းစားကြည့်ဦး... ကလေးက အခုမှ လူလားမြောက်ခါစကို ဘယ်သူနဲ့ တူမှန်း ဘယ်သူ သိမှာလဲ။ သူကတော့ သူ့ရဲ့ အိုမင်းနေတဲ့ ရုပ်နဲ့ ဒီနို့စို့ကလေးနဲ့ တူတယ်လို့ ပြောနေတာလေ၊ အံ့ပါ့"
လူတွေက ကိုယ့်မြေးမလေးကို ချီးကျူးနေမှတော့ ကိုယ်ကလည်း ပြန်ပြီး မျက်နှာလုပ်ပေးရမှာပေါ့။ အဘွားကျောက်လည်း လိုက်ရယ်ပြီး လျူအဘွားကြီးရဲ့ မြေးမလေးကို ပြန်ပြီး ချီးကျူးစကား ပြောလိုက်တယ်။
လျူအဘွားကြီးက ပြုံးပြုံးလေးနဲ့ "ဒါပေမဲ့ ငါ့အမြင်တော့ နျိုးနျိုးက သူ့အဖေနဲ့ ပိုတူတယ်၊ မိန်းကလေးက အဖေနဲ့တူရင် ဘုန်းကံကြီးတယ်လေ"
"ဟုတ်ပါ့၊ ငါလည်း သူ့အဖေနဲ့ပဲ တူတယ်လို့ ထင်တာပဲ"
အဘွားကြီး နှစ်ယောက် စကားပြောနေတုန်းမှာပဲ အဘိုးရွှီ အပြင်က ပြန်လာတာ မြင်တော့ လျူအဘွားကြီးလည်း နှုတ်ဆက်ပြီး ပြန်သွားတော့တယ်။ အချိန်လည်း နည်းနည်း လင့်နေပြီဆိုတော့ အိမ်ပြန် ထမင်းချက်ရမှာကိုး။ အဘွားကျောက်ကလည်း အားတဲ့အခါ လာလည်ဦးလို့ မှာလိုက်သေးတယ်။
အဲဒီဘက်မှာတော့ အဘိုးရွှီက ပေါက်ပြားကို နံရံမှာ မှီထားလိုက်ပြီး ရေတွင်းက ရေနဲ့ ခြေထောက်ကို စင်အောင် ဆေးကာ အခန်းထဲက အိပ်စင်ပေါ်ကို သွားလဲနေလိုက်တယ်။ အသက်အရွယ်က စကားပြောလာပြီလေ၊ အရင်ကဆို တစ်နေကုန် လုပ်လည်း မမောပေမဲ့ အခုတော့ ညနေစောင်း လယ်ထဲ ခဏသွားတာတောင် တော်တော်လေး ပင်ပန်းနေပြီလေ။
အဘွားကျောက်က ထမင်းအိုး တည်ပြီးတော့ အပြင်မှာ မှောင်စပြုလာတာ မြင်တာနဲ့ အဒေါ်ယန်ကို ခေါ်ပြီး ဟင်းချက်ခိုင်းလိုက်တယ်၊ သူမကတော့ နျိုးနျိုးကို အထဲကို သယ်သွားတယ်။ အဲဒီ သစ်သားဝေါယာဉ်က တကယ့်ကို လေးတာ၊ သူမ လက်နှစ်ဖက်နဲ့ မနည်း သယ်ရတယ်။ မြေးအဘွား နှစ်ယောက် မျက်နှာချင်းဆိုင်လိုက်တော့ နျိုးနျိုးက ပြုံးပြပြန်ရော၊ အဲဒီတော့မှ အဘွားကျောက်ရဲ့ စိတ်ထဲမှာ သူ့အဖေနဲ့ တူတယ်ဆိုတဲ့ စကားက ပြန်ပေါ်လာတယ်။
သူမ သေသေချာချာ အကဲခတ်ကြည့်ပေမဲ့ ဘယ်သူနဲ့ တူမှန်း ရှာမတွေ့ဘူး ဖြစ်နေတာ။ ညစာ စားတဲ့အချိန်ကျတော့ သူမက အဘိုးအိုကို မေးကြည့်တယ်၊ နျိုးနျိုးက ဘယ်သူနဲ့ တူလဲလို့ပေါ့။ အဒေါ်ယန်ကလည်း စားပွဲပေါ်မှာ ရှိနေတာဆိုတော့ ဒီစကား ကြားလိုက်ရတာနဲ့ မျက်နှာက ချက်ချင်း ပျက်သွားတယ်။
သူမ ဘာမှတော့ ပြန်မပြောပါဘူး၊ စားလို့ ဝပြီလို့ ပြောပြီး ပန်းကန်တွေကို သိမ်းကာ မီးဖိုချောင်ထဲ ဝင်သွားတော့တာပဲ။ အမေဖြစ်သူ ထွက်သွားတာ မြင်တော့ ရွှီယို့ခိုင်လည်း မစားတော့ဘဲ နောက်ကနေ လိုက်သွားခဲ့တယ်။
အဘိုးရွှီက အဘွားကျောက်ကို မျက်စောင်းထိုးပြီး ဆူလိုက်တယ်။ "မင်းကတော့ အလုပ်မရှိ အလုပ်ရှာ လုပ်နေပြန်ပြီ၊ အစားတွေ အရမ်းစားပြီး ဦးနှောက်တွေ ထုံကုန်ပြီလား၊ ရွှီကျွင်းခိုင်ရဲ့ အမေရှေ့မှာ ဒီလိုကိစ္စမျိုး သွားမေးရတယ်လို့"
အဘွားကျောက်ကတော့ သူမကိုယ်သူမ အရမ်းကို မတရားဘူးလို့ ခံစားရတယ်၊ သူမက မေးရုံလေး မေးတာကိုလေ။ ဒါပေမဲ့ အဒေါ်ယန်ရဲ့ရှေ့မှာ နျိုးနျိုး ဘယ်သူနဲ့ တူလဲဆိုတာ သွားမေးတာကတော့ အနာပေါ် ဆားနဲ့ ပက်သလို ဖြစ်နေတာကိုး။ နျိုးနျိုးက မုဆိုးမရွှီနဲ့ ရွှီချင်းရှန်ရဲ့ ကလေးလေ၊ ဘယ်သူနဲ့ တူတူ... အဖေနဲ့ မတူရင် အမေနဲ့ တူမှာပေါ့။
အခုတော့ အဘွားကျောက်လည်း သတိဝင်လာပြီ၊ ဒါပေမဲ့ သူမကတော့ အမှားလုပ်မိတယ်လို့ မထင်ပါဘူး၊ စကားတစ်ခွန်းပဲ ပြောတာကို ဘာဖြစ်လို့လဲပေါ့။
ညဘက်မှာတော့ နျိုးနျိုး အိပ်ပျော်သွားပြီ၊ အဘွားကျောက်လည်း အိပ်စင်ပေါ်မှာ လဲနေလိုက်တယ်။ အဘိုးရွှီက မျက်လုံးမှိတ်ထားပေမဲ့ အသက်ရှူသံအရတော့ မအိပ်သေးဘူးဆိုတာ သိသာတယ်။ အဘွားကျောက်က ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ဖြစ်နေတယ်။
"အဘိုးကြီး... ရှင့်အမြင်တော့ သားကြီး အခု ဘယ်လိုနေမလဲ မသိဘူးနော်" အဘွားကျောက်က အောင့်ထားရင်းနဲ့ နောက်ဆုံးတော့ မနေနိုင်ဘဲ မေးလိုက်တယ်။ "သူ... သူ မရှိတော့ဘူးလား မသိဘူးနော်။ အဲဒီ အရာရှိတွေကလည်း ဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ၊ ဘာမှ မပြောမဆိုနဲ့ လူကို ဖမ်းခေါ်သွားပြီး အဲဒီ အနာကြီးရောဂါသည်တွေ ထားတဲ့နေရာမှာ သွားပိတ်ထားတာလေ။ အဲဒီနေရာက လူနေလို့ရတဲ့ နေရာမှ မဟုတ်တာ။ သေလား ရှင်လားဆိုတာ အပြင်လူတွေလည်း ဘာမှ မသိရဘူးလေ"
109 04
အဘိုးရွှီရဲ့ အသက်ရှူသံက ရုတ်တရက် တိတ်သွားပြီး အခန်းထဲမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတယ်။
"ဒါမှမဟုတ်ရင်... ငါတို့ အားတဲ့အချိန် တစ်ခေါက်လောက် သွားကြည့်ရအောင်လား၊ သူ ဘယ်လိုနေလဲဆိုတာတော့ သိချင်တယ်လေ"
အတော်ကြာမှ အဘိုးရွှီက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်တယ် "အိပ်တော့... အဲဒီကိစ္စတွေကို ထပ်မစဉ်းစားနဲ့တော့"
အဘွားကျောက်လည်း ဘာမှ ထပ်မပြောတော့ပါဘူး၊ ဒါပေမဲ့ သူမရဲ့ တိုးတိုးလေး ရှိုက်ငိုသံကတော့ ညသန်းခေါင်အထိ ကြားနေရတယ်။
မိုးလေး တစ်ဖြောက်လောက် ရွာသွားတော့ လေထုက အရမ်းကို လန်းဆန်းသွားတယ်။ နေရာတိုင်းမှာ စိမ်းစိုနေပြီး နေပူလွန်းလို့ ညှိုးနွမ်းနေတဲ့ သစ်ကိုင်း သစ်ရွက်လေးတွေကလည်း ရုတ်တရက် ပြန်ပြီးလန်းဆန်းလာတယ်။
အဒေါ်ကျိုးက ခြေဖျားလေး ထောက်ပြီး တံခါးဝကို ရောက်လာခဲ့တယ်၊ အရင်ဆုံး ခြေထောက်က ရွှံ့တွေကို ခါထုတ်လိုက်ပြီးမှ အထဲဝင်လာတယ်။ အခန်းထဲမှာတော့ ကျောက်အာ၊ ဝမ်ကျောက်တိနဲ့ ဝေကောတို့ ရှိနေကြတယ်။
"မိုးရွာတာကလည်း ကောင်းတော့ ကောင်းပါတယ်၊ အေးသွားတယ်။ ဒါပေမဲ့ လမ်းလျှောက်ရင်တော့ ရွှံ့တွေနဲ့ဆိုတော့ စိတ်ပျက်စရာပဲ"
သူမက ပြောလိုက်တယ်။
ကျောက်အာက ပြုံးပြီး ပြန်ဖြေတယ်။ "မနက်ဖြန် နေပြန်ပူလာရင်တော့ မြေကြီးက ခြောက်သွားမှာပါ၊ ဒီလို ရာသီဥတုမှာ အကြာကြီး စိုမနေပါဘူး"
အဒေါ်ကျိုးက ခေါင်းညိတ်ပြလိုက်ရင်း ဝမ်ကျောက်တိက ဝေကောကို သန့်ရှင်းရေး လုပ်ပေးနေတာ မြင်တော့ ရေတွေကို ယူပြီး အပြင်မှာ သွားသွန်ပေးလိုက်တယ်။ သူမ ပြန်ဝင်လာတော့ ပြောပြတယ်။ "နင်တို့အဘွားကလည်း ထူးဆန်းလိုက်တာ၊ ဒီနေ့ ငါ့ကို လာမေးနေသေးတယ်၊ နျိုးနျိုးက ဘယ်သူနဲ့ တူလဲတဲ့"
ဝမ်ကျောက်တိကတော့ အစတည်းက အဘွားကျောက်ကို မုန်းတာဆိုတော့ နှာခေါင်းရှုံ့လိုက်တယ်။ "အလုပ်မရှိလို့ လျှောက်မေးနေတာ နေမှာပေါ့"
ကျောက်အာ ရှင်းပြမှ အဒေါ်ကျိုး သိလိုက်ရတာက အဘွားကျောက်က သူမ တစ်ယောက်တည်းကို မေးတာ မဟုတ်ဘဲ အဒေါ်စွန်းနဲ့ ကျောက်အာကိုပါ လိုက်မေးနေတာ။ ကျောက်အာလည်း အဒေါ်စွန်း ပြောပြလို့ သိရတယ်။ ဒါဟာ မရိုးသားဘူးလေ၊ အလုပ်မရှိဘဲ လူတိုင်းကို လိုက်မေးနေရအောင် နျိုးနျိုးက ဘယ်သူနဲ့ တူနေလို့လဲ။
"တတိယအဒေါ်... အဒေါ်ကောင်း ဘယ်လို ပြန်ဖြေလိုက်လဲ" ကျောက်အာက မေးတယ်။
အဒေါ်ကျိုးက ခဏ ကြောင်သွားပြီးမှ "ငါလည်း အတည်ကြီးတော့ မဖြေပါဘူး၊ သူက ရုတ်တရက်ကြီး လာမေးတော့ ဘာပြောရမှာလဲ၊ ရွှီချင်းရှန်နဲ့ တူတယ်လို့ပဲ ပြောလိုက်ရတယ်။ တကယ်လို့ ငါက မုဆိုးမရွှီနဲ့ တူတယ်လို့ ပြောလိုက်ရင် နင့်အကြီးဆုံးအဒေါ် ကြားသွားတဲ့အခါ ဘယ်လို ထင်မလဲ" ပြောပြီးမှ သူမက ပြန်မေးတယ်။ "ကျောက်အာ... မင်းက ဒါကို ဘာလို့ မေးတာလဲ"
ကျောက်အာက မျက်တောင်လေး ခတ်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြောတယ်။ "ကျွန်မလည်း အဲဒီလိုပဲ ပြောလိုက်တာလေ။ အစကတော့ မတွေးမိဘူး၊ အခု ပြန်စဉ်းစားကြည့်တော့... ကျွန်မအမြင်မှာတော့ နျိုးနျိုးက အဲဒီလူနဲ့ မတူသလိုပဲ"
အဲဒီလူဆိုတာကတော့ ရွှီချင်းရှန်ပေါ့။
109 05
တကယ်တော့ အဒေါ်ကျိုးလည်း သတိထားမိပါတယ်၊ ဒါပေမဲ့ ခုနက ပြောသလိုပဲ မုဆိုးမရွှီနဲ့ တူတယ်လို့လည်း ပြောလို့ မကောင်းဘူးလေ။ အခု ပြန်စဉ်းစားကြည့်တော့ နျိုးနျိုးက ရွှီချင်းရှန်နဲ့လည်း မတူသလို မုဆိုးမရွှီနဲ့လည်း သိပ်မတူဘူးလေ။ ဘယ်လို ပြောရမလဲ……
ဒီအရွယ် ကလေးတွေက ဝဝတုတ်တုတ် ဖြစ်နေကြတာ မှန်ပေမဲ့ မျက်နှာပေါက်ကတော့ ပေါ်နေပြီလေ၊ ဘယ်သူနဲ့ တူလဲဆိုတာ သိသာတယ်။ နျိုးနျိုးက ရုပ်သိပ်မချောဘူး၊ အသားက နည်းနည်းညိုပြီး မျက်လုံးကလည်း မှေးမှေးလေး။
မျက်လုံးမှေးတယ်ဆိုတာက ကျေးလက်မှာတော့ မျက်လုံးက သေးလွန်းလို့ မျဉ်းကြောင်းလေး တစ်ကြောင်းလိုပဲ ဖြစ်နေတာကို ပြောတာလေ။
ဒါပေမဲ့ ရွှီချင်းရှန်က မျက်လုံးအိမ်ကြီးပြီး နှစ်ထပ်မျက်တောင်နဲ့လေ၊ မုဆိုးမရွှီကလည်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပဲ။ နှစ်ယောက်လုံးက အသားဖြူကြတယ်။ ဒါပေမဲ့ ကလေးကကျတော့ မျက်လုံးမှေးမှေးနဲ့ အသားကလည်း ညိုနေတာ။ ဟုတ်ပါတယ်၊ နျိုးနျိုးက ဝလွန်းလို့ မျက်လုံးတွေ ပျောက်နေတာ၊ နေပူထဲ အထွက်များလို့ အသားညိုသွားတာလို့လည်း ပြောလို့ ရတယ်။
ဒါပေမဲ့ အရင်က မပြောဖြစ်လို့ ထားလိုက်ပါတော့၊ အခု လူတိုင်းက သတိထားမိလာပြီဆိုတော့ သံသယ ဝင်စရာ ဖြစ်လာတယ်။
အဒေါ်ကျိုးနဲ့ ကျောက်အာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ မုဆိုးမရွှီက အရင်ကတည်းက နာမည်ပျက်ရှိတဲ့သူလေ၊ ရွာထဲက ယောက်ျား တော်တော်များများနဲ့ ပတ်သက်ခဲ့ဖူးတာဆိုတော့... ဒါဆိုရင်…
"ဒါဆိုရင်…" အဒေါ်ကျိုးက ချက်ချင်းပဲ ပါးစပ်ကို ပိတ်လိုက်တယ်။ "ငါတို့ ဒီကိစ္စကို ဝင်မပါတာ အကောင်းဆုံးပဲ၊ သူ ဘယ်သူနဲ့ပဲ တူတူ ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး"
ကျောက်အာလည်း ခေါင်းညိတ်လိုက်တယ်။ "ကျွန်မလည်း အဲဒီလိုပဲ တွေးတာ"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြတယ်၊ ဝမ်ကျောက်တိကတော့ ဘေးကနေ ခေါင်းပဲ ခါနေတော့တယ်။
အဲဒီအချိန်မှာ အပြင်ကနေ အသံတစ်ခု ကြားလိုက်ရတယ်။ "နေပါဦး... ဝမ်ကျောက်အာနဲ့ ဝမ်ကျောက်တိတို့ ဒီမှာ ရှိပါသလား"
အဒေါ်ကောင်းက ခြံထဲမှာ ရေတွေကို လိုက်လှည်းနေတုန်း လူနှစ်ယောက် ဝင်လာတာကို မြင်လိုက်ရတာလေ။ အသက်လတ်ပိုင်း ဇနီးမောင်နှံ တစ်စုံပဲ။ ကြည့်ရတာ အခြေအနေ သိပ်မကောင်းဘူး၊ အဝတ်အစားတွေကလည်း ဟောင်းနွမ်းနေပြီး အဖာတွေကလည်း အထပ်ထပ်ပဲ။ လူတောမတိုးဖူးတဲ့ ပုံစံမျိုးနဲ့ ကြောက်ကြောက်လန့်လန့် ဖြစ်နေကြတာလေ။
"ရှင်တို့က ဘယ်သူတွေလဲ" အဒေါ်ကောင်းက မေးလိုက်တယ်။
အဲဒီအချိန်မှာ ကျောက်အာလည်း အသံကြားလို့ အပြင်ကို ထွက်လာခဲ့တယ်၊ အဲဒီလူ နှစ်ယောက်ကို မြင်လိုက်တာနဲ့ သူမရဲ့ မျက်နှာက ချက်ချင်း ပြောင်းလဲသွားတော့တာပဲ။
******
110 01
အခန်း (၁၁၀)
ခဏလေးအတွင်းမှာပဲ ကျောက်အာ့ခေါင်းထဲကို အတိတ်က ပုံရိပ်တွေ အများကြီး ဖြတ်ပြေးသွားခဲ့တယ်။ ဒါတွေက သူမ တစ်သက်လုံး ပြန်မတွေးချင်တဲ့ အမှတ်တရတွေပဲလေ။ ကျောက်အာ့မှတ်ဉာဏ်ထဲမှာတော့ သူက ငယ်ငယ်ကတည်းက အနှိမ်ခံပြီး ကြီးပြင်းလာခဲ့ရတာ။ အိမ်က ဆင်းရဲတယ်၊ အေးအေးဆေးဆေး ရှိရင်တော့ တော်သေးတယ်၊ ဒါပေမဲ့ ဆင်းရဲတဲ့အပြင် အမြဲတမ်းလည်း ဆူညံနေတာ။ ကျေးလက်မှာဆိုရင် သူ့အမေကို ဥမအုတဲ့ ကြက်မလို့ ပြောကြတာလေ၊ သမီးလေးယောက်တောင် မွေးထားပေမဲ့ ဘယ်သူ့ရှေ့မှာမှ ခေါင်းမမော့နိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ အဲဒီလေးယောက်လုံးက မိန်းကလေးတွေ ဖြစ်နေလို့ပဲ။
အစ်မကြီးကတော့ ပထမဆုံးဆိုတော့ အဖေနဲ့အဘွားက နည်းနည်း စိတ်ပျက်ပေမဲ့ ဒုတိယတစ်ယောက်ကျရင်တော့ သားလေးဖြစ်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ လိုင်တိ (သားလာပါစေ) လို့ အမည်ပေးခဲ့တာ။ ဒုတိယအစ်မ အလှည့်ကျတော့ သားလေးလို့ ထင်ခဲ့ပေမဲ့ မိန်းကလေးပဲ ဖြစ်နေပြန်ရော၊ အဲဒါကြောင့် ဝမ်ကျောက်တိ (သားခေါ်ပါစေ) လို့ နာမည်ပေးလိုက်ပြန်တယ်။ တတိယအစ်မ ရောက်လာတော့ အမေလည်း အိမ်မှာ ခေါင်းမမော့နိုင်တော့ဘူး။ တတိယအစ်မကို ကိုယ်ဝန်ရှိတုန်းက သားလေးပဲ လိုချင်ခဲ့တာ။ နည်းလမ်းမျိုးစုံ သုံးခဲ့တယ်၊ ဘုရားလည်း တိုင်တည်ခဲ့ပေမဲ့ မိန်းကလေးပဲ ဖြစ်နေတုန်းပဲ။ ဒါကြောင့် ဖန့်တိ (သားလေးကို မျှော်နေတယ်) လို့ နာမည်ပေးခဲ့တယ်။
ဒါပေမဲ့ မောင်လေး ရောက်မလာဘဲ သူမပဲ ရောက်လာခဲ့တာလေ။ မွေးကာစက သူမမှာ နာမည်တောင် မရှိဘူး။ အဘိုးအဘွားနဲ့ အဖေတင်မကဘူး၊ အမေကိုယ်တိုင်ကလည်း သူမကို နှိမ်ခဲ့တာ။ အဲဒီတုန်းက အမေကလည်း စိတ်တွေ လေနေပြီလေ။ အထူးသဖြင့် မီးတွင်းမှာ ကောင်းကောင်း အနားမရဘဲ ယောက္ခမနဲ့ ယောက်ျားက အမြဲဆူနေကြတော့၊ အမေက သူမကို အကြိမ်ကြိမ် ပစ်သတ်ဖို့ ကြံခဲ့ပေမဲ့ အစ်မကြီးနဲ့ ဒုတိယအစ်မကပဲ လုယူထားခဲ့ကြတာ။
လေးနှစ်အရွယ်လောက်ကျမှ နာမည် ရလာခဲ့တာ၊ အဲဒါကလည်း သူ့ဦးလေးကြီးက ပေးလိုက်တာလေ။ အဲဒီတုန်းက သူမ စာစသိနေပြီ၊ ဦးလေးကြီးက သူမခေါင်းကို ပွတ်ရင်းနဲ့ 'နောက်ဆိုရင် နင့်ကို ကျောက်အာ လို့ ခေါ်မယ်၊ အိမ်ကို မောင်လေးတစ်ယောက် အမြန်ခေါ်လာပေး၊ အဲဒါမှ မင်းလည်း နေလို့ကောင်းမှာ' လို့ ပြောခဲ့တာကို အခုထိ မှတ်မိနေတုန်းပဲ။ ဟုတ်တယ်၊ ကျောက်အာ ဆိုတာ သာမန် ချစ်စနိုးခေါ်တဲ့ အမည်မျိုး မဟုတ်ဘဲ သားခေါ်ပါစေ ဆိုတဲ့ အဓိပ္ပာယ်ပဲလေ။
"မင်းက ဘာလို့ ယောက်ျားလေး မဟုတ်ရတာလဲ၊ သားလေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ" အဲဒီတုန်းက အမေက စိတ်ကောင်းဝင်ရင် သူမကို ဖက်ပြီး အဲဒီလို ပြောတတ်ပေမဲ့ စိတ်မကြည်ရင်တော့ ဘာလို့ မိန်းကလေး ဖြစ်ရတာလဲဆိုပြီး ပါးကို ရိုက်တော့တာပဲ။ ညီအစ်မ လေးယောက်ထဲမှာ သူမက အရိုက်ခံရဆုံးပဲ၊ အစ်မကြီးနဲ့ ဒုတိယအစ်မသာ မကာကွယ်ပေးရင် သူမ အခုလောက်ဆို ရှိတော့မှာ မဟုတ်ဘူး။ နာမည်ရတဲ့ အဲဒီနှစ်မှာပဲ အမေ ကိုယ်ဝန် ထပ်ရှိလာပြီး နှင်းတွေ ကျနေတဲ့အချိန်မှာ မောင်လေးတစ်ယောက် မွေးလာခဲ့တယ်လေ။ တစ်အိမ်လုံး ပျော်ကြတယ်၊ သူမလည်း ပျော်ခဲ့တာ။ အခြေအနေတွေ ကောင်းလာတော့မယ်လို့ ထင်ခဲ့ပေမဲ့ ဒါဟာ အစပဲ ရှိသေးတယ်ဆိုတာ သူမ မသိခဲ့ဘူး။
"ကျောက်အာ... မင်း သူတို့ကို သိလို့လား"
အဲဒီ အသက်လတ်ပိုင်း ဇနီးမောင်နှံက ကျောက်အာလို့ ခေါ်လိုက်တာကို ကြားတော့ ရင်ထဲမှာ အရမ်းစိတ်လှုပ်ရှားသွားကြတယ်။ ပိန်ပိန်ပါးပါးနဲ့ အမျိုးသမီးက တုန်ရီနေတဲ့ လက်တွေနဲ့ အရှေ့ကို တိုးလာပြီး အသံတုန်တုန်နဲ့ ပြောလိုက်တယ်။ "မင်း ကျောက်အာ မဟုတ်လား။ ငါက နင့်အမေလေ၊ နင့်အမေပါ"
ဘေးက ပိန်ခြောက်နေတဲ့ အမျိုးသားကလည်း ဆိုတယ်။ "ငါက နင့်အဖေပါ"
ကျောက်အာက အတွေးထဲကနေ ချက်ချင်း နိုးလာပြီး အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ "ရှင်တို့က ဘယ်သူတွေလဲ၊ ကျွန်မ မသိဘူး"
အဲဒီလူတွေက ကျောက်အာ ဒီလို တုံ့ပြန်လိမ့်မယ်လို့ မထင်ထားဘူးလေ။ "နင် ဘယ်လိုလုပ် အဖေနဲ့အမေကို မမှတ်မိတာလဲ။ နင် အိမ်က ထွက်သွားတုန်းက ရှစ်နှစ်တောင် ရှိနေပြီပဲ၊ မှတ်မိရမှာပေါ့"
အဲဒီအချိန်မှာ ဝမ်ကျောက်တိက အသံကြားလို့ အထဲက ထွက်လာတာ၊ ကျောက်အာက သူမကို မြင်တော့ အထဲကို ပြန်ဝင်ခိုင်းလိုက်တယ်။ ကျောက်အာက ခေါင်းတောင် မလှည့်ဘဲ ပြောလိုက်တယ်။ "မသိဘူးလို့ ပြောနေတယ်လေ၊ အမြန် ထွက်သွားကြပါ"
110 02
အဲဒီအမျိုးသမီးက ဝမ်ကျောက်တိကို မြင်တော့ ပိုပြီး စိတ်လှုပ်ရှားသွားတယ်။ "နင် ဝမ်ကျောက်တိ မဟုတ်လား၊ သေချာပါတယ်။ နင်က ပုံစံမပြောင်းသေးဘူး၊ ငါ့ရဲ့ကျောက်တိလေးပဲ" သူမက ငိုရင်းပြောနေတာ၊ ဒါက ဝမ်းသာလို့ ကျတဲ့ မျက်ရည်လား ဘယ်သူ သိမှာလဲ။ အမျိုးသားကလည်း မျက်ရည်တွေ ဝဲနေတယ်။
ကျောက်အာ့မျက်လုံးထဲမှာ စိတ်မရှည်တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားပြီး တစ်ခုခု ပြောဖို့ ပြင်လိုက်စဉ်မှာပဲ ဝမ်ကျောက်တိက သူမကို ဘေးကို ဆွဲထုတ်လိုက်တယ်။ ဝမ်ကျောက်တိက အဲဒီလူတွေကို မဲ့ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"ငါက ဝမ်ကျောက်တိ ဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ ရှင်တို့ရဲ့ ဝမ်ကျောက်တိ မဟုတ်သလို ရှင်တို့ ရှာနေတဲ့သူလည်း မဟုတ်ဘူး။ အမြန် ထွက်သွားကြ၊ ဒီတောင်ကုန်းက ကိုယ်ပိုင်နေရာလေ၊ နောက်တစ်ခါ ထပ်လာရင်တော့ ရုံးတော်ကို ပို့ပစ်မယ်"
အမေဖြစ်သူက အနားကို တိုးလာဖို့ ပြင်ပေမဲ့ အဒေါ်ကောင်းက ကြားကနေ တားထားရတယ်။ မောက်ရှီက လက်ကို ကမ်းပြီး ငိုနေတယ်။ "ငါက အမေလေ... ငါက နင်တို့အမေပါ၊ ဘယ်လိုဖြစ်လို့ အမေကိုတောင် မမှတ်မိကြတာလဲ..."
ဝမ်တာ့ကျစ်ကလည်း ဆူပူလိုက်တယ်။
"မင်းတို့ကလေးတွေက ဘာလို့ ဒီလောက်တောင် အသိတရား မရှိကြတာလဲ၊ မိဘကိုတောင် မသိဘူးလို့ ပြောရသလား။ ငါတို့က ခက်ခက်ခဲခဲနဲ့ ဒီကို ရောက်အောင် လာခဲ့ရတာနော်"
"ခက်ခက်ခဲခဲ လာခဲ့ရတယ်ဆိုတော့ ဘာလုပ်ချင်လို့လဲ။ အမျိုးလာဆက်တာလား။ ငါသာ မှတ်တာမမှားရင် ဒုတိယအစ်မကိုလည်း ရှင်တို့ ရောင်းစားခဲ့တာပဲ၊ ငါ့ကိုလည်း ရောင်းစားခဲ့တာပဲ မဟုတ်လား"
"ကျောက်အာ... နင်က ကျောက်အာဆိုတာ ဝန်ခံလိုက်ပြီပေါ့၊ သူကလည်း ဝမ်ကျောက်တိပဲလေ၊ နင်တို့က ငါ့သမီးတွေပဲ၊ သနားစရာကောင်းတဲ့ ငါ့သမီးလေးတွေရယ်" မောက်ရှီက အကျယ်ကြီး အော်ငိုတော့တာပဲ။
ကျောက်အာက မျက်လုံးမှိတ်ပြီး အသက်ကို ဝဝရှူလိုက်တယ်။ "ပထမဆုံးအနေနဲ့ ငါက ဝမ်ကျောက်အာ ဆိုတာကို တစ်ခါမှ မငြင်းခဲ့ဘူး။ ဒုတိယအချက်ကတော့ ငါက ရှင်တို့သမီး မဟုတ်ဘူး။ ရှင်တို့သမီးကို ရှင်တို့ကိုယ်တိုင်ပဲ ငါးပြားနဲ့ ရောင်းစားခဲ့တာလေ။ အဲဒီတုန်းက လူကုန်ကူးသူနဲ့ သေစာချုပ် ချုပ်ခဲ့ကြတာ မဟုတ်လား၊ ဝေးဝေးကိုသာ ရောင်းပစ်ပါလို့ မှာခဲ့ကြတာလေ။ အခုမှ ဘာလာပြီး အမျိုးဆက်နေတာလဲ"
"ကျောက်အာ"
မောက်ရှီခမျာ ရေနွေးပူနဲ့ အလောင်းခံရသလိုမျိုး တုန်သွားပြီး ငိုတာတောင် ရပ်သွားတယ်၊ ကြောင်အပြီး ကြည့်နေမိတာ။ သူမ မျက်နှာမှာ နောင်တတွေ၊ ဝမ်းနည်းမှုတွေ အများကြီး ရှိနေပေမဲ့ နောက်ဆုံးတော့ စကားတစ်ခွန်းပဲ ပြောနိုင်တယ်။ "မင်းတို့က မိဘတွေကို အခုထိ စိတ်နာနေတုန်းလား၊ အဲဒီတုန်းက ငါတို့လည်း မတတ်သာလို့ပါ"
ကျောက်အာက လှောင်ပြုံး ပြုံးလိုက်တယ်။ "ဘာကို မတတ်သာတာလဲ။ ကိုယ့်သားအရင်းကို ဆေးကုဖို့အတွက် သမီးတွေကို ရောင်းစားတာက မတတ်သာလို့လား။ အစ်မနဲ့ ငါ့ကို ရောင်းတုန်းကတော့ ရှင်တို့မှာ ဘာမှ တုံ့ဆိုင်းနေတာ မရှိပါဘူး၊ ငွေယူတုန်းကလည်း အရမ်းလောနေခဲ့တာပဲလေ။ အခု အပေးအယူ ပြီးသွားပြီဆိုမှ ဘာလာလုပ်တာလဲ။ သေစာချုပ်ဆိုတာ ဘာလဲ သိရဲ့လား၊ အဲဒါက နောက်ဆိုရင် အသက်ရှင်နေရင်လည်း မဆိုင်တော့ဘူး၊ သေရင်လည်း မပတ်သက်တော့ဘူးလို့ ဆိုလိုတာ"
ကျောက်အာက တစ်လုံးချင်း ပြောလိုက်တာလေ။ အားမပါပေမဲ့ အဲဒီစကားတွေက မောက်ရှီရဲ့ ရင်ကို တူနဲ့ ထုလိုက်သလိုပဲ၊ သူမခမျာ နောက်ကို တစ်လှမ်းချင်း ဆုတ်သွားပြီး လဲကျတော့မယ့်အချိန်မှာ ဝမ်တာ့ကျစ်က ဖမ်းထိန်းပေးလိုက်ရတယ်။
"မင်းတို့က ဘယ်လို စကားပြောနေတာလဲ၊ မိဘကို ရိုသေရမယ်ဆိုတဲ့ ကျင့်ဝတ်ကိုရော သိရဲ့လား"
"ဟင်း" ဝမ်ကျောက်တိက လှောင်ပြုံးပြုံးလိုက်တယ်။ "အခုကျမှ ကျင့်ဝတ်တွေ လာပြောနေတာလား။ ခုနက ပြောတာ မကြားဘူးလား၊ ရောင်းတုန်းကတော့ သေစာချုပ်နဲ့ ရောင်းခဲ့တာလေ၊ ငါတို့ရဲ့ အသက်က ရှင်တို့နဲ့ မဆိုင်တော့ဘူးလို့ ပြောခဲ့တာ။ ကျင့်ဝတ်တွေ ပြောချင်ရင်တော့ ရှင်တို့ရဲ့ သားအရင်းဆီမှာပဲ သွားပြောလေ"
မောက်ရှီကတော့ မျက်ရည်တွေနဲ့ ငိုပြောနေတယ်။
"မင်းတို့က မိဘရဲ့ အမှားကို ခွင့်မလွှတ်နိုင်ကြဘူးပေါ့"
110 03
"ခွင့်လွှတ်ရမယ်" ဝမ်ကျောက်တိက အသက်ကို ဝဝရှူပြီး အေးစက်စွာ ပြောလိုက်တယ်။ "ငါကတော့ တစ်သက်လုံး ရှင်တို့ကို ခွင့်မလွှတ်နိုင်ဘူး။ ငါ့ကို ပြည့်တန်ဆာအိမ်လို ညစ်ပတ်တဲ့နေရာကို ရောင်းဖို့ ကြံခဲ့ကြတုန်းက၊ ငါ အကြိမ်ကြိမ် သေလုမျောပါး ဖြစ်ခဲ့တုန်းက၊ ငါ့ကိုယ်ငါ အဲဒီလိုပဲ သစ္စာဆိုခဲ့တာ"
"ဝမ်ကျောက်တိ အဲဒီတုန်းက မိဘတွေ တကယ်ပဲ မတတ်သာလို့ပါ..."
ဝမ်ကျောက်တိက ထပ်ပြောမှာစိုးလို့ ကျောက်အာက သူမရဲ့ လက်မောင်းကို ညှစ်လိုက်ပြီး ခေါင်းခါပြလိုက်တယ်။ "စကားတွေကတော့ ရှင်းနေပြီပဲ၊ အမြန် ထွက်သွားကြပါတော့"
"မင်း..."
"မသွားရင်တော့ ခွေးနဲ့ ကိုက်ခိုင်းမယ်"
ဟေးကျစ်က အချိန်ကိုက်ပဲ ထွက်လာပြီး သွားတွေ ပေါ်အောင် ဟိန်းပြတာလေ။ သူက တကယ့် ခွေးဆိုးကြီးတစ်ကောင်လိုပဲ။ လည်ချောင်းထဲကနေ အသံတွေ ထွက်လာပြီး ခုန်အုပ်တော့မယ့် ပုံစံပြတော့မှ ဝမ်မိသားစု ဇနီးမောင်နှံလည်း ဘာမှမပြောရဲတော့ဘဲ တစ်ယောက်ကိုတစ်ယောက် တွဲပြီး ထွက်ပြေးသွားကြတော့တယ်။
ဝေးဝေးရောက်တော့မှ မောက်ရှီက တတွတ်တွတ် ပြောနေတာကို ကြားလိုက်ရတယ်။
"မဟုတ်ဘူးလေ၊ ဒါမျိုး မဖြစ်သင့်ဘူး၊ ဟို ရွှီမိသားစုက မိန်းကလေး ပြောတာတော့ ဒီလို မဟုတ်ပါဘူး၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ..."
ရွှီမိသားစု ဝမ်ကျောက်တိက မျက်လုံးတွေ မှေးလိုက်တယ်။ "ရွှီစွေ့အယ်"
သူမ ချက်ချင်းပဲ အပြင်ကို ပြေးထွက်သွားတော့ ကျောက်အာလည်း မတားနိုင်တော့ဘူး။ ဝမ်ကျောက်တိက ဟိုလူတွေ သွားတဲ့လမ်းက မသွားဘဲ တခြားလမ်းကနေ ပတ်သွားတယ်။ ကျောက်အာကတော့ ဗိုက်ကြီးနဲ့ဆိုတော့ မပြေးရဲဘူး၊ နောက်ကနေပဲ လိုက်သွားရတယ်။ အဒေါ်ကောင်းနဲ့ အဒေါ်ကျိုးတို့လည်း တစ်ခုခု ဖြစ်မှာစိုးလို့ နောက်ကနေ အပြေးအလွှား လိုက်သွားကြတယ်။
ရွှီအိမ်ကို ရောက်တော့ တံခါးထဲ မဝင်ရသေးခင်မှာတင် ရွှီစွေ့အယ်က အဘွားကျောက်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေတာ ကြားရတယ်၊ တစ်ခုခုကို ကျေနပ်နေတဲ့ ပုံစံမျိုးပေါ့။ "အမေ... သမီး ဘာမှ မပြောတော့ဘူး၊ အပြင်ကို ခဏ သွားဦးမယ်"
ရွှီစွေ့အယ် လှည့်ထွက်လာတုန်းမှာပဲ ဒေါသထွက်နေတဲ့ ဝမ်ကျောက်တိနဲ့ ထိပ်တိုက်တိုးတာပဲ။ သူမက ပြုံးဖို့ ပြင်လိုက်သေးတယ်၊ ဒါပေမဲ့ မပြုံးရသေးခင်မှာတင် ပါးကို နှစ်ချက် ဆင့်ရိုက်ခံလိုက်ရတယ်။
" နင်က ရွှီမျိုးရိုးမို့လို့ ငါက ဘာမှ မလုပ်နိုင်ဘူး ထင်နေလား။ နင်ကလည်း အဲဒီ ကျောက်မျိုးရိုးတွေနဲ့ အတူတူပဲ၊ တကယ့်ကို အိုးနဲ့ဆန် လိုက်ဖက်တဲ့လူတွေပဲ"
ရွှီစွေ့အယ်ကတော့ နာတာပဲ သိတယ်၊ ဘာဖြစ်လဲ မသိသေးခင်မှာတင် အဘွားကျောက်က အော်ဟစ်လိုက်တယ်။ "ဝမ်ကျောက်တိ နင် ဘာလုပ်တာလဲ" နျိုးနျိုးကလည်း ခြံထဲမှာ ရှိနေတော့ လန့်ပြီး အော်ငိုတယ်။
ကျောက်အာက ခြံထဲဝင်လာတော့ အဘွားကျောက်က သူမအစ်မကို ရိုက်ဖို့ ပြင်နေတာ တွေ့တာနဲ့ အရှေ့ကို အမြန်တိုးသွားပြီး အဘွားကျောက်ကို ဆွဲထားလိုက်တယ်။ အားပါသွားတော့ အဘွားကျောက်က မြေကြီးပေါ်ကို မှောက်လျက် လဲကျသွားတယ်။ ကျောက်အာက အဘွားကျောက်ထက် ပိုမြန်တယ်၊ ခါးကို ကိုင်ပြီး အော်တော့တာပဲ။ "အား... ဗိုက်ထဲက နာလာပြီ"
ဝမ်ကျောက်တိလည်း ဒေါသတွေ ပျောက်သွားပြီး ညီမလေးကို အမြန် လာတွဲရတယ်။ ကျောက်အာက သူမကို မျက်စိမှိတ်ပြပြီး အော်နေတော့တယ်။ "အဘွား... ဘာလို့ ကျွန်မကို လာတိုက်ရတာလဲ၊ ဗိုက်ထဲက အရမ်းနာနေပြီ"
အဲဒီအချိန်မှာ အဒေါ်ကျိုးနဲ့ အဒေါ်ကောင်းတို့လည်း ရောက်လာကြပြီ၊ ကျောက်အာ ဗိုက်နာတယ်ဆိုတာ ကြားတော့ အကုန်လုံး လန့်သွားကြတယ်။ "အမေ... အမေ ဘာတွေ လုပ်နေတာလဲ၊ ဘယ်လောက်ပဲ ကိစ္စကြီးကြီး ကျောက်အာက ကိုယ်ဝန်နဲ့လေ၊ အမေ နည်းနည်းလောက်တော့ သည်းခံပေးသင့်တယ်"
110 04
အဘွားကျောက်မှာတော့ အရမ်းကို မတရားသလို ခံစားရတယ်၊ သူမကသာ ကျောက်အာရဲ့ တွန်းထုတ်တာကို ခံရတာလေ၊ အခုတော့ သူမကပဲ လူဆိုး ဖြစ်သွားရတာကိုး။ ကျောက်အာကတော့ ဟန်ဆောင်ပြီး ငိုနေတယ်။ "ဒီနေ့ ဒီကိစ္စကို အဖြေမပေးရင်တော့ ငါ့ဘိုးဘိုး ဆီမှာ သွားတိုင်မယ်။ ရှင်တို့က ငါ့ယောက်ျား အိမ်မှာ မရှိတာကို အခွင့်ကောင်းယူပြီး ငါတို့ သားအမိကို အနိုင်ကျင့်နေကြတာပဲ။ လူကြီးဖြစ်ပြီးတော့ လူငယ်တွေကို ဒီလောက်အထိ နှိပ်စက်ရသလား..."
ခုနက ဝမ်ကျောက်တိတို့ ညီအစ်မနှစ်ယောက် ရွာထဲကို လေလို ပြေးဝင်လာတာကို လူတွေ မြင်ကြတော့ ဘာဖြစ်လဲ သိချင်လို့ နောက်က လိုက်လာကြရင်းနဲ့ အခုလို ငိုသံတွေ ကြားတော့ လူတွေ စုလာတယ်။ "အမယ်လေး... ဘာဖြစ်ကြတာလဲ၊ ကျောက်အာက ဘာလို့ ဒီလောက်တောင် ငိုနေရတာလဲ၊ ငါတို့ရဲ့ ရှို့ချိုင်ကတော်ကို ဘယ်သူက အနိုင်ကျင့်လိုက်တာလဲ..."
လူတွေက တစ်ယောက်တစ်ပေါက် ပြောနေကြတုန်း တစ်ယောက်က မျိုးနွယ်စုခေါင်းဆောင်ဆီကို ပြေးတိုင်တယ်။ ခဏနေတော့ မျိုးနွယ်စုခေါင်းဆောင်တင် မဟုတ်ဘူး၊ အဘိုးရွှီလည်း လယ်ထဲကနေ ပြန်ရောက်လာခဲ့တယ်။
မျိုးနွယ်စုခေါင်းဆောင်က ရောက်တာနဲ့ ဘာဖြစ်တာလဲလို့ မေးတယ်။ ကျောက်အာကတော့ မျက်လုံးလေး အုပ်ပြီး ငိုနေရုံပဲ၊ ဘာမှ မပြောဘူး။ ဝမ်ကျောက်တိကပဲ အစ်မပီပီ အကျိုးအကြောင်းတွေကို ရှင်းပြလိုက်တယ်။ ရွှီစွေ့အယ်ကို ပါးရိုက်တဲ့ ကိစ္စကိုတော့ ချန်ထားခဲ့ပြီး၊ သူမက အကျိုးအကြောင်း လာပြောတာကို အဘွားကျောက်တို့ သားအမိက ဝိုင်းရိုက်ဖို့ လုပ်ကြတယ်လို့ ပြောလိုက်တာလေ။ ကျောက်အာကတော့ သူမကို ကူညီဖို့ လာရင်းနဲ့မှ အဘွားကျောက်ရဲ့ တိုက်မိတာကို ခံလိုက်ရပြီး ဗိုက်နာသွားတယ်။
"ဒါဟာ တကယ့်ကို ရူးကြောင်ကြောင် လုပ်ရပ်ပဲ၊ မင်းတို့တွေ ဘာတွေ လုပ်နေကြတာလဲ" မျိုးနွယ်စုခေါင်းဆောင်က ဒေါသတကြီး ဆူပူလိုက်တယ်။
ကျောက်အာက ဘေးကနေ ငိုပြီး "ဒါက တမင် လုပ်တာပဲ၊ ကျွန်မရဲ့ ကိုယ်ဝန် ပျက်သွားအောင် လုပ်နေကြတာ။ သနားစရာကောင်းတဲ့ ငါ့ကလေးလေးရေ... ငါတို့ အခုပဲ နင့်အဖေဆီကို သွားကြရအောင်၊ ဒီအိမ်မှာ ငါတို့ နေလို့ မရတော့ဘူး..."
အဘိုးရွှီကို မျိုးနွယ်စုခေါင်းဆောင်က မျက်စောင်းထိုးပြီး ကျောက်အာကို ချော့ရတယ်။ "ထင်းကျစ်ရဲ့ မိန်းမ... အဲဒီလို လျှောက်မပြောပါနဲ့ဦး၊ ဒီအိမ်ကနေ ဘယ်သူပဲ ထွက်သွားထွက်သွား၊ မင်းနဲ့ ထင်းကျစ်ကတော့ ထွက်သွားလို့ မရဘူး။ ဒါက ထင်းကျစ် ငယ်ငယ်ကတည်းက ကြီးပြင်းလာတဲ့ နေရာလေ၊ သူ့ရဲ့ အမြစ်ပဲ။ ပြီးတော့ ထင်းကျစ်က အခု အရေးကြီးတဲ့ အချိန်ကို ရောက်နေတာလေ၊ မင်းက သူ့ဆီ သွားမယ်ဆိုရင် သူ့ရဲ့ အလုပ်တွေကို ထိခိုက်ကုန်မှာ ပူစရာ မလိုဘူးလား"
"ဘိုးဘိုး... ကျွန်မလည်း မတတ်သာလို့ပါ။ အခု ကျွန်မရဲ့မိဘတွေက ရောက်လာပြီး ကျွန်မနဲ့အစ်မကို ထပ်ပြီး ရောင်းစားဖို့ လုပ်နေကြတယ်၊ ကျွန်မကတော့..."
"လောကမှာ ဥပဒေဆိုတာ မရှိတော့ဘူးလား မင်း မစိုးရိမ်နဲ့၊ ငါ အခုပဲ ရွာထဲမှာ အမိန့်ထုတ်လိုက်မယ်၊ နောက်ဆိုရင် လူစိမ်းလာရင် သေသေချာချာ စစ်ဆေးရမယ်၊ ဝမ်မိသားစုကလူတွေ ထပ်လာရင်တော့ အပြင်ကိုပဲ မောင်းထုတ်လိုက်ကြ..."
တစ်ဖက်မှာတော့ အဘိုးရွှီက သမီးဖြစ်သူကို ဒေါသတကြီး ကြည့်နေတယ်။ "ရွှီစွေ့အယ်... ဒါ နင့်လက်ချက်လား"
"အဖေ... သမီးက..." ရွှီစွေ့အယ်လည်း ဒီလောက်အထိ ဖြစ်သွားမယ်လို့ မထင်ထားတော့ ကြောက်နေတယ်။
အဘိုးရွှီက ပါးကို တစ်ချက် ရိုက်လိုက်တယ်၊ ဒါက ဝမ်ကျောက်တိ ရိုက်တာနဲ့ မတူဘူးလေ၊ သူက လယ်လုပ်တဲ့သူဆိုတော့ အင်အားက ကြီးတယ်။ ရွှီစွေ့အယ်ရဲ့ ပါးက ချက်ချင်း ဖောင်းတက်သွားပြီး နှုတ်ခမ်းကနေ သွေးတွေတောင် ထွက်လာတယ်။
"အဘိုးကြီး"
110 05
"မင်း ပါးစပ်ပိတ်ထား၊ မင်းကသာ သမီးကို ကောင်းကောင်း မဆုံးမခဲ့ရင် သူက ဒီလို အလုပ်မျိုး လုပ်ရဲပါ့မလား။ အခုချက်ချင်း အခန်းထဲကို ပြန်ဝင်သွားကြစမ်း၊ မဟုတ်ရင်တော့ မင့်ကို ကျောက်မိသားစုဆီ အခုပဲ ပြန်ပို့ပစ်မယ်"
"ကဲ... တော်လောက်ပြီ၊ အကုန်လုံး ပြန်ကြတော့၊ ဒါက အိမ်တွင်းရေးပဲလေ" ဘေးက ရွှီမိသားစုဝင်တွေကလည်း ပြောပြီး လူတွေကို လူစုခွဲလိုက်တယ်။ မျိုးနွယ်စုခေါင်းဆောင်ကလည်း လူတွေကို ပြန်ခိုင်းလိုက်တယ်။
"ရွှီလျန်ရှင်း... ငါ မင့်ကို ဘယ်လို ပြောရဦးမှာလဲ၊ မင်းအိမ်က မိန်းမတွေကို သေသေချာချာ ထိန်းစမ်းပါ။ ပြီးတော့ ရွှီမိသားစုဝင် မဟုတ်တော့တဲ့သူတွေကိုလည်း ကိစ္စမရှိရင် အိမ်ကို ပေးမလာနဲ့ဦး" ပြောပြီးတာနဲ့ သူလည်း လှည့်ထွက်သွားတော့တာပဲ။ ဒီ 'ရွှီမိသားစုဝင် မဟုတ်တော့တဲ့သူ' ဆိုတာက ရွှီစွေ့အယ်ကို ပြောတာလေ။
ရွှီစွေ့အယ်ရဲ့ မျက်နှာက ဖြူလျော်သွားခဲ့တယ်၊ သူမ ကြောက်နေတုန်းမှာပဲ အဘိုးရွှီက သူမကို ကြည့်လိုက်ပြီး ပြောလိုက်တယ်။
"မင်းလည်း ပြန်တော့၊ နောက်ဆိုရင် ကိစ္စမရှိဘဲ လုံးဝ ပြန်မလာနဲ့"
"အဖေ"
"ထွက်သွား"
ရွှီစွေ့အယ်က မျက်ရည်တွေနဲ့ ဘာမှ မပြောရဲတော့ဘဲ မျက်နှာကို အုပ်ပြီး ထွက်ပြေးသွားတော့တယ်။
ဒီလိုနဲ့ ပြဿနာကြီးကတော့ ပြီးသွားခဲ့တယ်။ ညဘက်မှာတော့ ကျောက်အာက ရွှီအိမ်ကို မပြန်တော့ဘဲ တောင်ကုန်းပေါ်မှာပဲ အစ်မနဲ့အတူ ဝေကောကို ကြားညှပ်ပြီး အိပ်ကြတယ်။ ဝေကောကတော့ အိပ်ပျော်နေပြီ၊ ဒီညီအစ်မ နှစ်ယောက်ကတော့ မျက်စိက ကြောင်နေတုန်းပဲ။
"မမ... ဟိုလူတွေ ထပ်လာဦးမလား မသိဘူးနော်" ဒီ 'ဟိုလူတွေ' ဆိုတာကတော့ ဝမ်မိသားစု ဇနီးမောင်နှံပေါ့။
"လာချင်လည်း လာ၊ မလာချင်လည်း နေပေါ့၊ ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး"
တကယ်တော့ ဝမ်ကျောက်တိက တစ်နေ့မှာ မိဘတွေ ပြန်လာရှာရင် ဘယ်လိုလုပ်မလဲဆိုတာ အစောကြီးကတည်းက စဉ်းစားထားခဲ့တာ။ အခုလို ဖြစ်လာတော့လည်း သူမ ထင်ထားတဲ့အတိုင်းပါပဲ။ သူမက ညီမလေး စိတ်ပျော့သွားမှာကိုပဲ စိုးရိမ်နေခဲ့တာ၊ ကျောက်အာက အခုလို ပြတ်သားတာ မြင်တော့မှပဲ စိတ်အေးသွားရတယ်။
"ရန်ဟော်ရွာက ဒီနားမှာပဲ ရှိတာလေ။ တစ်နေ့နေ့တော့ ငါတို့ ဒီမှာ ရှိနေမှန်း သူတို့ သိသွားမှာပဲလို့ ငါ တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ နှစ်တွေ ဒီလောက်ကြာသွားပြီဆိုတော့ ကိစ္စမရှိတော့ဘူးလို့ ထင်နေတာ၊ ရွှီစွေ့အယ်က အဲဒီအထိ သွားရှာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ" ကျောက်အာက သက်ပြင်းချရင်း ပြောလိုက်တော့တယ်။ သူမကလည်း ရန်ဟော်ရွာကို ခဏခဏ ဖြတ်သွားခဲ့ဖူးပေမဲ့ သူတို့ကို မတွေ့ချင်လို့ မသိချင်ယောင် ဆောင်ခဲ့တာလေ။ ဘေးပတ်ဝန်းကျင်က ရွာတွေအကုန်လုံးကို သူမ ရောက်ဖူးပေမဲ့ ရန်ဟော်ရွာ တစ်ခုပဲ သူမ ခြေမချခဲ့တာ။
"ဒါနဲ့... သူမက ဘယ်လိုလုပ် သိသွားတာလဲ" ဝမ်ကျောက်တိက မေးတယ်။
ကျောက်အာက ခဏ စဉ်းစားပြီးမှ ပြောပြတာလေ။ "ဒါက ရွှီမိသားစုထဲမှာတော့ လျှို့ဝှက်ချက်မှ မဟုတ်တာ။ အဖေနဲ့အမေက ငါ့ကို တွေ့တုန်းက ငါက လူကုန်ကူးသူရဲ့ လှည်းပေါ်က ခုန်ချလို့ ခြေထောက်ကျိုးနေတာလေ။ အဲဒီတုန်းက ငါ အရမ်းကြောက်နေပြီး မမကို လိုက်ရှာဖို့ ထွက်ပြေးလာခဲ့တာ၊ ဒါပေမဲ့ မမျှော်လင့်ဘဲ အဖေနဲ့အမေ၊ ပြီးတော့ ထင်းအာနဲ့ တွေ့ခဲ့တာလေ။ သူတို့က ငါ့ကို သနားကြတယ်၊ ဒါပေမဲ့ ခိုးလာတာ ဖြစ်မှာစိုးလို့ လူကုန်ကူးသူဆီကနေ ငါ့ရဲ့ စာချုပ်နဲ့ နေရပ်ကို မေးခဲ့တယ်။ အစတုန်းက အဖေတို့က ငါ့ကို ဝယ်ပြီး အိမ်ကို ပြန်ပို့ပေးဖို့ စိတ်ကူးခဲ့တာလေ၊ ငါကိုယ်တိုင်ကပဲ သူတို့ဆီ ပြန်မသွားချင်တော့လို့၊ ထပ်ပြီး အရောင်းမခံချင်တော့လို့ ငြင်းခဲ့တာ။ တော်သေးတာက ငါ့ခြေထောက်က ကျိုးနေတော့ လူကုန်ကူးသူကလည်း ငါ့ကို ဈေးပေါပေါနဲ့ ရောင်းလိုက်တယ်"
110 06
"နင့်ယောက္ခမတွေက စိတ်ထားကောင်းကြပါတယ်၊ ဒါပေမဲ့ အသက်တိုသွားတာပဲ နှမြောဖို့ ကောင်းတယ်" ဒီ 'အသက်တိုတယ်' ဆိုတဲ့ စကားကြောင့် နှစ်ယောက်သား ခဏလောက် တိတ်ဆိတ်သွားခဲ့ကြတယ်။
"သူတို့က တစ်ခါလာပြီးပြီဆိုတော့ ဒီအတိုင်းတော့ လက်လျှော့မှာ မဟုတ်ဘူး၊ နင် စိတ်အေးအေးထားပါ။ သူတို့ရဲ့ သားအရင်းက ဆေးဖိုးလိုနေလို့ ငါတို့ကို ထပ်ပြီး ရောင်းစားဖို့ ကြံနေကြတာလည်း ဖြစ်နိုင်တာပဲ"
"မနက်ဖြန်ကျရင် ကောင်းရှန်တို့ကို သွားစုံစမ်းခိုင်းလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစတည်းက ငါ မပြန်ခဲ့ဘူးဆိုတော့ အခုလည်း သူတို့ကို အသိအမှတ် မပြုနိုင်ဘူး။ တစ်ခါပဲ အလုပ်ခံမယ်"
နောက်တစ်နေ့မှာတော့ ကျောက်အာက ရွှီချောင် တို့ကို သွားစုံစမ်းခိုင်းလိုက်တယ်။ တခြားကိစ္စဆိုရင်တော့ ခက်ရင်ခက်မယ်၊ ဒါပေမဲ့ ဒီအနီးအနားက သတင်းတွေကို စုံစမ်းဖို့ဆိုရင်တော့ ဝမ်ကျိ ဟင်းရွက်အရောင်းအဝယ် ကလူတွေကို ဘယ်သူမှ မမီပါဘူး။
ညနေစောင်းတော့ သတင်း ရောက်လာခဲ့တယ်။
ဝမ်မိသားစုက အရင်ကထက် ပိုပြီး ဆင်းရဲနေတယ်လေ။ အိမ်ထောင်စု နှစ်ခု ရှိနေတုန်းပဲ၊ ဝမ်တာ့ကျစ်တို့က ဒုတိယအိမ်ထောင်စုပေါ့။ သူတို့မှာ အခု အသက် ၁၄ နှစ်ရှိတဲ့ သားလေး တစ်ယောက် ရှိသလို၊ သမီးနှစ်ယောက်ကတော့ အိမ်ထောင်ကျပြီး တခြားရွာတွေကို ရောက်နေကြပြီ။ အဲဒီ သားလေး နာမည်က ဝမ်ပေါင်ကန်း အခုတော့ ကြီးလာပြီဆိုတော့ ငယ်ငယ်ကလို ဆေးနဲ့ မကင်းတာမျိုး မဟုတ်တော့ပေမဲ့ ခန္ဓာကိုယ်ကတော့ အားနည်းနေတုန်းပဲ၊ အလုပ်ကြမ်း မလုပ်နိုင်ဘူး။
အခု ဝမ်မိသားစုမှာ အခက်အခဲ တစ်ခု ကြုံနေရတာက ဝမ်ပေါင်ကန်းက ရွာထဲက မိန်းကလေးတစ်ယောက်ကို သဘောကျနေတာ။ ဝမ်တာ့ကျစ်တို့က သွားတောင်းပေမဲ့ ဟိုဘက်က ဝမ်မိသားစုက ဆင်းရဲလွန်းလို့ဆိုပြီး ငွေ ၁၀ ပြား တောင်းနေတာလေ။ ကျောက်အာက ဒါတွေကို စုံစမ်းခိုင်းတာက သူတို့ရဲ့ အခြေအနေကို သိထားချင်လို့ပါပဲ။ ဒါ့အပြင် သူမ ထွက်လာပြီးနောက် ကျန်ခဲ့တဲ့ အစ်မနှစ်ယောက်ရဲ့ အခြေအနေကိုလည်း သူမ သိချင်နေခဲ့တယ်။
အချိန်တွေက ကုန်တာ အရမ်းမြန်လို့ ၈ လပိုင်း ၉ ရက်နေ့ကို ရောက်လာခဲ့ပြီ။
ကျောက်အာကတော့ ကိုယ်တိုင် လိုက်သွားချင်ပေမဲ့ ဗိုက်ကြီးနဲ့ဆိုတော့ မရဘူးလေ။ ဒါကြောင့် သူမက ဒီနေ့ကို သေသေချာချာ မှတ်ထားပြီး မနက်စောစောစီးစီး အလှူအတန်းတွေ လုပ်၊ ဘုရားတွေ တိုင်တည်သလို ကွယ်လွန်သွားတဲ့ ယောက္ခမ နှစ်ယောက်ကိုလည်း ကန်တော့ပြီး ရွှီထင်းရှန်း စာမေးပွဲမှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးခဲ့တယ်။ သူမ မသိတာကတော့ ရွှီထင်းရှန်းဟာ ၈ လပိုင်း ၆ ရက်နေ့ကတည်းက စာမေးပွဲခန်းထဲကို ရောက်နေခဲ့ပြီဆိုတာပါပဲ။
******