← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁)

ပြည်နယ်အဆင့် စာမေးပွဲ ကျင်းပခါနီးအချိန်ဆိုတော့ မြို့တော်ဖြစ်တဲ့ထိုက်ယွမ်က လူတွေ တိုးမပေါက်အောင်ကို များနေခဲ့ပြီး တကယ်ကို စည်ကားနေတော့တယ်။

နေရာအနှံ့က ရှို့ချိုင်တွေ၊ ကျောင်းသားတွေ အကုန်စုပြုံရောက်လာကြတော့ တည်းခိုခန်းတိုင်းမှာ လူတွေက ပြည့်နှက်နေခဲ့တယ်။ တချို့တည်းခိုခန်းတွေဆိုရင် ငွေရချင်ဇောနဲ့ ထင်းသိုလှောင်တဲ့အခန်းတွေ၊ ဂိုဒေါင်တွေကိုပါ သန့်ရှင်းရေးလုပ်ပြီး ဧည့်သည်တွေကို ပေးနေခိုင်းတဲ့အထိပဲ။ အိမ်ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ မြို့သားအချို့ဆိုရင်လည်း သူတို့အိမ်က ပိုတဲ့အခန်းတွေကို ငှားစားနေကြသလို တချို့စာသင်သားတွေဆိုရင် ဘုရားကျောင်းတွေမှာတောင် ကပ်ပြီးတည်းခိုနေကြရတယ်။

ရွှီထင်းရှန်းတို့ တစ်သိုက်ကတော့ တစ်လခွဲလောက် စောရောက်နေတာဆိုတော့ နေစရာရွေးလို့ရသေးတယ်လေ။ စာမေးပွဲဖြေမယ့် ကုန်းယွမ်နဲ့နီးတဲ့ တည်းခိုခန်းတစ်ခုမှာပဲ ခြံဝန်းတစ်ခုလုံးကို အပိုင်ငှားပြီး နေလိုက်ကြတယ်။ အစတုန်းကတော့ ဒီအိမ်ငှားခတွေကို ကိုယ့်ဘာကိုယ် စိုက်ရမယ် ထင်နေတာ၊ ဒါပေမဲ့ ကျောင်းတော်ကပဲ အကုန်အကျခံခဲ့တယ်။

နောက်မှ မောက်ပါ့သိုကို မေးကြည့်မှ သိရတာက မြောက်ဘက်တောင်တန်း ကျောင်းတော်က ဒီအနားမှာတော့ နာမည်ကြီးတဲ့ မြေပိုင်ရှင်ကြီးပဲ။ တောင်ခြေက လယ်ကွင်းတွေ အကုန်လုံးက ကျောင်းပိုင်တွေချည်းပဲလေ။ နှစ်စဉ် လယ်သီးစားခ ရတာနဲ့တင် ကျောင်းတော်ရဲ့အသုံးစရိတ်တွေက ဖူလုံတဲ့အပြင် နန်းတော်က ထောက်ပံ့တာတွေလည်း ရှိသေးတာ။

ရွှီထင်းရှန်းတို့ ကျောင်းကို စရောက်ကတည်းက ဘယ်သူကမှ ကျောင်းလစာအကြောင်း မပြောတာဟာ ဒါကြောင့်ပဲလေ။ အစကတော့ သူက ကျောင်းအုပ်ကြီးရဲ့ တပည့်မြေးမို့လို့ သီးသန့် အခွင့်အရေး ရနေတယ် ထင်တာ၊ အခုမှပဲ အကုန်လုံးဆီက လစာမယူဘူးဆိုတာ သိလိုက်ရတော့တယ်။ မောက်ပါ့သိုကတော့ လူမှုရေးလည်း ကျွမ်းကျင်သလို သတင်းတွေကိုလည်း အရမ်းနှိုက်တတ်တော့ ကျောင်းတော်အကြောင်းကို အကုန်သိနေခဲ့တယ်။

နေရာချပြီးတာနဲ့ သူတို့တစ်ဖွဲ့လုံး လူစုခွဲပြီး အပြင်ထွက်လည်ကြတယ်။ ဒီတစ်ခေါက် လာတာက ဆရာလင်းမြောင်တင်မဟုတ်ဘဲ ဟိုလေး ဆိုတဲ့ တာဝန်ခံတစ်ယောက်လည်း ပါလာခဲ့တယ်။ သူက ကျောင်းတော်ရဲ့အပြင်ပိုင်းကိစ္စတွေကို တာဝန်ယူရတဲ့သူဆိုတော့ ဒီခရီးစဉ်မှာ ကိစ္စအဝဝကို ကူညီပေးခဲ့တယ်။

ကျောင်းတော်က ကျောင်းသားတွေကို သိပ်ပြီးတော့လည်း မချုပ်ချယ်ပါဘူး၊ နေမဝင်ခင် ပြန်လာရင် ရပြီ။ ဒါကလည်း ဒီလိုအချိန်မျိုးမှာ စာသင်သားတွေ တစ်ယောက်နဲ့တစ်ယောက် မိတ်ဖွဲ့တာမျိုး၊ ကဗျာရွတ်ပွဲတွေ၊ အရက်သောက်ပွဲတွေ လုပ်တတ်ကြတာကို သိနေလို့ ခွင့်ပြုထားတာ။ ဒါပေမဲ့ တစ်ယောက်တည်းဆိုရင် ကိစ္စမရှိပေမဲ့ အုပ်စုလိုက်ကြီးဆိုရင်တော့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာစိုးလို့ အပြင်လူတွေကိုတော့ မြောက်ဘက်တောင်တန်း ကျောင်းတော်က ကျောင်းသားတွေပါဆိုပြီး လုံးဝထုတ်မပြောဖို့ ဆရာလင်းမြောင်နဲ့ တာဝန်ခံ ဟိုလေးတို့က သေသေချာချာ မှာထားခဲ့တယ်။ ဘာလို့လဲဆိုတော့ စာမေးပွဲကြီး ကျင်းပမယ့်နှစ်ဆိုတာ ပြဿနာတွေ အများဆုံးဖြစ်တဲ့ အချိန်မို့လို့ပဲ။

ရွှီထင်းရှန်းလည်း မောက်ပါ့သိုတို့နဲ့အတူ အပြင်ထွက်ပြီး လည်ပတ်ခဲ့သလို ကဗျာရွတ်ပွဲ နှစ်ခုလောက်ကိုတောင် တက်ခဲ့သေးတယ်။ သူကတော့ ကဗျာရေးတဲ့ဘက်မှာ သိပ်မကျွမ်းကျင်တော့ အပျော်သဘောပဲ သွားခဲ့တယ်၊ ဒါပေမဲ့ တကယ့် ရည်ရွယ်ချက်ကတော့ အပြင်က သတင်းတွေကို သိချင်လို့ပဲ။ အရင်က ပြောခဲ့သလိုပဲ စာမေးပွဲနားနီးပြီဆိုရင် သတင်းတွေက အရမ်းအရေးကြီးတာကိုး။

အကျိုးကျေးဇူးကတော့ ရှိတာပေါ့၊ အခုတလော ဘယ်သူတွေက နာမည်ကြီးနေလဲ၊ သူတို့ရဲ့နောက်ခံက ဘယ်သူတွေလဲဆိုတာ သူ သိလိုက်ရတယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ လုအန်း ရှစ်ယောက်၊ တာ့ထုံ ခုနစ်ယောက်ဆိုပြီးတော့ အုပ်စုလိုက် နာမည်ပေးတာတွေလည်း ရှိနေတာ။ ရွှီထင်းရှန်းတို့ ၄ ယောက်ကိုတောင် 'ချင်းယွမ် သားတော် ၄ ယောက်' ဆိုပြီး ခေါ်နေကြတာလေ။

111 02

တကယ်တော့ နေရပ်နာမည်နဲ့ ပေးရမှာဆိုပေမဲ့ သူတို့က နောက်ကျမှ ရောက်လာတော့ သူတို့မတိုင်ခင်မှာ 'ဖျန်ယန် ငါးယောက်' ဆိုပြီး နာမည်ထွက်နေတာ ရှိနေပြီလေ။ မောက်ပါ့သိုကတော့ ဒေါသထွက်တာပေါ့၊ စာမေးပွဲမှာ ပထမရထားတဲ့သူတောင် မရောက်သေးဘဲနဲ့ ဘာလို့ နာမည်ပေးနေကြတာလဲ ဆိုပြီးတော့ပေါ့။ ဒါနဲ့ပဲ အရင်က ဖျင်ယန်မှာ ရှိခဲ့တဲ့ နာမည်အတိုင်း ချင်းယွမ် ၄ ယောက်ဆိုပြီး ပြန်သုံးလိုက်တာလေ။

လူတွေက ချင်းယွမ်ဆိုတာ ဘယ်နားကလဲလို့ လာမေးတိုင်း မောက်ပါ့သိုက စိတ်ရှည်လက်ရှည် ပြန်ဖြေတတ်တယ်။ အဲဒါက ကျောင်းတစ်ကျောင်းရဲ့နာမည်၊ ကျောင်းက နာမည်မကြီးလည်း ကျောင်းသားက နာမည်ကြီးရင် ရပြီ၊ မနှစ်က စာမေးပွဲမှာ ပထမရတဲ့သူက ငါတို့ကျောင်းကလေလို့ ကြွားတော့တယ်။ ဒါက ချင်းယွမ်ကျောင်းတော်အတွက် ကြော်ငြာဝင်ပေးသလို ဖြစ်သွားလို့ ဆရာလင်းမြောင် သိတော့လည်း ရယ်ရခက် ငိုရခက်ပဲ။

ပညာတတ်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် အထင်ကြီးဖို့ဆိုတာက ခက်ခဲလှတယ်။ ပညာဆိုရင် အဆင့် ၁ ဆိုတာပဲ ရှိရမယ်၊ အဆင့် ၂ ဆိုတာ မရှိဘူးလို့ ယူဆကြသလို လူငယ်တွေဆိုတော့လည်း မာန်မာနတွေက ရှိကြတာကိုး။ ဖျန်ယန်မြို့ထဲ လျှောက်သွားရင်တော့ ဘယ်သူက ဘယ်သူ့ထက် ကဗျာ ပိုကောင်းတယ်၊ ဘယ်သူ့ရဲ့ စာပေက ဘယ်သူ့ကို ကျော်သွားပြီဆိုတဲ့ စကားတွေကို ကြားနေရတာ။

သူတို့ ၄ ယောက်ထဲမှာတော့ ရွှီထင်းရှန်းက နာမည်အကြီးဆုံးပဲ၊ ချန်ကျန်းက ဒုတိယ၊ မောက်ပါ့သိုက တတိယနဲ့ လီတာ့ထျန်ကတော့ စတုတ္ထပေါ့။ မောက်ပါ့သိုက လီတာ့ထျန်ထက် နာမည်ကြီးနေတာဟာ သူက စာတော်လို့တော့ မဟုတ်ဘူး၊ တကယ်တမ်းကျတော့ သူက လီတာ့ထျန်လောက်တောင် မမီဘဲ အမြဲတမ်း အမြီးနားမှာ ကပ်နေတာ။ အခု စာမေးပွဲမှာဆိုရင်လည်း သူနဲ့ လီတာ့ထျန်ကတော့ ဝင်ခွင့်ဖြေပြီးမှ ဖြေခွင့်ရပေမဲ့ ရွှီထင်းရှန်းနဲ့ ချန်ကျန်းက အမှတ်ကောင်းလို့ တိုက်ရိုက် ဖြေခွင့်ရတယ်။

အဖွဲ့ထဲက ခေါင်းဆောင် နှစ်ယောက်က အရမ်းကို အေးအေးဆေးဆေး နေတတ်ကြတော့ ကျန်တဲ့နှစ်ယောက်ကလည်း အပြင်မှာ သိပ်ပြီး မကြွားရဲဘူးပေါ့။ မောက်ပါ့သိုကတော့ ရွှီထင်းရှန်းနဲ့ ချန်ကျန်းကို ခဏခဏ အပြစ်တင်တယ်၊ သူတို့သာ ထွက်ပြီး ပြိုင်လိုက်ရင် ဟို ၅ ယောက် ၇ ယောက်ဆိုတာတွေကို အေးဆေးကျော်သွားနိုင်တာကိုး။ ဒါပေမဲ့ သူတို့ နှစ်ယောက်ကတော့ ဘယ်သူနဲ့မှ မပြိုင်ချင်ဘူး၊ အပြင်သွားရင်လည်း လူတိုင်းကို ပြုံးပြုံးလေးပဲ ဆက်ဆံပြီး ကဗျာပြိုင်ဖို့ လာခေါ်ရင်လည်း အကြိမ်ကြိမ် ငြင်းတယ်။ ဒါကြောင့်လည်း သူတို့က နာမည်ရှိပြီး အရည်အချင်း မရှိဘူးလို့တောင် အပြောခံနေရတော့တယ်။

အချိန်တွေက မသိလိုက်မသိဖာသာ အကုန်မြန်ရင်း ၈ လပိုင်း ၆ ရက်နေ့ကို ရောက်လာခဲ့ပြီ။ ဒီနေ့မှာတော့ စာစစ်မှူးတွေ စာမေးပွဲခန်းထဲကို ဝင်တဲ့ အခမ်းအနား ရှိတယ်။ ဒီတစ်ခေါက် စာမေးပွဲမှာ စာစစ်မှူး ၁၅ ယောက် ပါတယ်၊ အဓိက စာစစ်မှူးကြီး နှစ်ယောက်နဲ့ တခြား စာစစ်မှူး ၁၀ ယောက်ပေါ့။ စာစစ်မှူးတွေက ကုန်းယွမ်ထဲကို ဝင်သွားပြီဆိုရင် တစ်ယောက်စီ အခန်းခွဲပြီး စာစစ်ကြရတဲ့အပြင် စာမေးပွဲကို ကြီးကြပ်တဲ့ အရာရှိတွေလည်း အများကြီး ပါတယ်။ နယ်စားမင်းကြီးတွေ၊ အရာရှိကြီးတွေ အကုန်ပါတာဆိုတော့ တကယ့်ကို အင်အားကြီးတဲ့ အဖွဲ့ကြီးပဲ။

စာစစ်မှူးတွေ ဝင်တဲ့အချိန်ဆိုရင် ကျောင်းသားတွေ အများကြီး သွားကြည့်ကြတယ်။ ရွှီထင်းရှန်းကတော့ မသွားချင်ပေမဲ့ မောက်ပါ့သိုက အတင်းဆွဲခေါ်လို့ ရောက်သွားရတယ်။ လူပေါင်း သောင်းနဲ့ချီပြီး တိုးဝှေ့နေကြတော့ ရွှီထင်းရှန်းလည်း အဝေးကြီးကနေပဲ လှမ်းကြည့်ရတော့တယ်။ အရာရှိဝတ်စုံ အသီးသီး ဝတ်ထားတဲ့လူတွေက တူရိယာသံတွေနဲ့အတူ ကုန်းယွမ်တံခါးကြီးထဲကို ခန့်ခန့်ညားညား ဝင်သွားကြတာကို မြင်လိုက်ရတယ်။

တံခါးကြီး ပွင့်လာပြီးတာနဲ့ ချက်ချင်း ပြန်ပိတ်သွားပြီး အပြင်မှာတော့ စစ်သည်တွေက တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေတယ်။ အဲဒီအချိန်ကစပြီး စာစစ်မှူးတွေက အပြင်ကို လုံးဝထွက်လို့မရတော့သလို စာမေးပွဲမေးခွန်းတွေကိုလည်း အဓိက စာစစ်မှူးက အထဲမှာတင် ချက်ချင်းထုတ်ပြီး ရိုက်နှိပ်ရတော့တယ်။ ဒီလောက်အထိ တင်းကျပ်နေရတာဟာ အရင်က ပြည်နယ်အဆင့် စာမေးပွဲတွေမှာ မသမာမှုတွေ ခဏခဏ ဖြစ်ခဲ့ဖူးလို့ပဲ။ ပြည်နယ်အဆင့်က ဘုရင်ကြီးရဲ့မျက်စိအောက်မှာ မဟုတ်တော့ မျက်နှာသာပေးတာတွေ လုပ်ဖို့ ပိုလွယ်တာကိုး။

111 03

ကုန်းယွမ် တံခါးကြီး ပိတ်သွားတော့မှ လူတွေလည်း လူစုခွဲသွားကြပြီး ၈ ရက်နေ့ ကျောင်းသားတွေ ဝင်ရမယ့် အချိန်ကျမှ ပြန်ဆုံကြတော့မှာ ဖြစ်တယ်။ တကယ်တော့ ကျောင်းသားတွေ ဒီလိုလာစုရုံးကြတာက အပျော်သက်သက်တော့ ဘယ်ဟုတ်ပါ့မလဲ၊ ဘယ်သူများ စာစစ်မှူး ဖြစ်လာမလဲဆိုတာကို သိချင်နေကြတာကိုး။ မသမာမှုတွေ မရှိရအောင် နန်းတော်ကလည်း အထူးသတိထားတာမို့ စာစစ်မှူးနာမည်တွေကို ကြိုတင်ထုတ်မပြောဘဲ နေရာရောက်မှပဲ အမိန့်စာက ထွက်လာတာလေ။

ဒီတစ်ခေါက် အဓိက စာစစ်မှူးကတော့ ဝန်ကြီးဟွမ်မင်ကျုံးတဲ့၊ ဒုတိယစာစစ်မှူးကတော့ ယဲ့ကျူလို့ ခေါ်တယ်။ နှစ်ယောက်လုံးက ကျင်းရှီဘွဲ့ ရထားတဲ့သူတွေပေါ့။ ကျန်တဲ့ စာစစ်မှူးတွေကိုတော့ ဒေသခံ အရာရှိတွေထဲကနေ ရွေးထားတာ။ အိမ်ပြန်လမ်းမှာတင် ရွှီထင်းရှန်း သိလိုက်ရတာက ဖျင်ယန်က ဝန်မင်း ကျိုးဟယ်ရှင်း နဲ့ စူးယိုကျန့်တို့လည်း စာစစ်မှူးတွေထဲမှာ ပါနေတာပဲ။

ရွှီထင်းရှန်းကတော့ တစ်လမ်းလုံး မျက်မှောင်ကြုတ်ပြီး စဉ်းစားနေတာကို ချန်ကျန်းက မြင်တော့ မေးလာတော့တယ်။ "ထင်းရှန်း... တစ်ခုခု ဖြစ်လို့လား၊ တစ်လမ်းလုံး စိတ်မအေးသလိုပဲ" ရွှီထင်းရှန်းက သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်တယ်။ "ဘာမှ မဟုတ်ပါဘူး၊ ရေးမယ့် ဆောင်းပါးတစ်ပုဒ်အကြောင်း စဉ်းစားနေလို့ပါ" ချန်ကျန်းကလည်း ခေါင်းညိတ်ပြီး ဘာမှ ထပ်မမေးတော့ဘူး။ မောက်ပါ့သိုကတော့ ရွှီထင်းရှန်းလို လူကတောင် ဆောင်းပါးအတွက် စိတ်ပူနေရသေးတယ်ဆိုပြီး နောက်ပြောင်နေခဲ့တယ်။

အခန်းထဲ ပြန်ရောက်တော့မှ ရွှီထင်းရှန်းက ငြိမ်ငြိမ်လေး ထိုင်ပြီး ခုနက ကိစ္စကို ပြန်စဉ်းစားနေတော့တယ်။ သူ မှတ်မိသလောက်ဆိုရင် အဓိက စာစစ်မှူး ဟွမ်မင်ကျုံးဟာ ဝူအမတ်ကြီးချုပ်ရဲ့ လူပဲလေ။ ဒုတိယစာစစ်မှူး ယဲ့ကျူကတော့ ရာထူး သိပ်မကြီးတော့ သူ့မှတ်ဉာဏ်ထဲမှာ မရှိဘူး ဖြစ်နေတယ်။ နောက်ကွယ်မှာ အင်အား ရှိမရှိတော့ သူ မသိဘူးပေါ့။ ဒါပေမဲ့ သေချာတာကတော့ သူက ဝူအမတ်ကြီးချုပ်နဲ့တော့ တစ်ဖွဲ့တည်း မဟုတ်လောက်ဘူး။

တကယ်တော့ စာစစ်မှူးတွေကြားက ကိစ္စက ကျောင်းသားတစ်ယောက်နဲ့ မဆိုင်ဘူးဆိုပေမဲ့၊ ရွှီထင်းရှန်းက စာမေးပွဲမှာ သုံးကြိမ်ဆက်တိုက် ပထမရထားတဲ့သူလေ။ အပြင်လူတွေရဲ့ မျက်စိထဲမှာတော့ သူ့ကို ရှန်မိသားစုနဲ့ ပတ်သက်နေတယ်လို့ပဲ မြင်ကြမှာပဲ။ ဝမ်ကျောက်တိရဲ့ကိစ္စကို လူတွေ မသိကြပေမဲ့ သူ့ကို ရှန်မိသားစုရဲ့လူလို့ပဲ သတ်မှတ်ထားကြတာကိုး။ အခု စာစစ်မှူးက ဝူအမတ်ကြီးချုပ်ရဲ့ လူဖြစ်နေတော့ ပြဿနာက ရှိလာပြီ။

ဝူအမတ်ကြီးချုပ်ရဲ့စရိုက်အရဆိုရင် ရှန်မိသားစုနဲ့ အခုလောလောဆယ် အဆင်ပြေနေတယ် ဆိုစေဦးတော့၊ ရှန်မိသားစုက ကိုယ်ပိုင် အင်အားစုတွေ မွေးထုတ်နေတာကိုတော့ သူ ကြည့်နေမှာ မဟုတ်ဘူး။ ဝူအမတ်ကြီးချုပ်က အပြင်ပန်းမှာတော့ လူကြီးလူကောင်း ပုံစံဖမ်းထားပေမဲ့ စိတ်ကတော့ အရမ်းကျဉ်းမြောင်းတာကို ရွှီထင်းရှန်း သိတာပေါ့။ အိပ်မက်ထဲမှာ သူ အဲဒီလူကို နှိမ်နင်းဖို့အတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲဆိုတာ သူပဲ သိတာကိုး။

သူက ရှန်မိသားစုကို ရှောင်လိုက်ရင် ဝူအမတ်ကြီးချုပ်ကိုလည်း ရှောင်နိုင်မယ်ထင်ခဲ့တာ၊ အခုတော့ လှည့်ပတ်ပြီး သူ့လက်ထဲ ပြန်ရောက်သွားသလိုပဲ။ ဒါဟာ 'နတ်ဘုရားတွေ တိုက်ပွဲဖြစ်ရင် လူသားတွေ မြေစာပင်ဖြစ်ရတယ်' ဆိုသလိုပါပဲ။ ရွှီထင်းရှန်းရဲ့ရည်မှန်းချက်က ဒီတစ်ခေါက် စာမေးပွဲမှာ ပထမ ရဖို့လေ၊ အခုတော့ ပထမကို ထားလိုက်ပါဦး၊ စာမေးပွဲကနေ ပယ်မခံရရင်ပဲ တော်လှန်လှပြီပေါ့။ ဒါပေမဲ့ သူက အပိုတွေ တွေးပြီး စိတ်ညစ်မယ့်သူ မဟုတ်တော့ ခဏနေတော့လည်း စိတ်ကို လျှော့လိုက်နိုင်ပါတယ်။ ဟွမ်မင်ကျုံးအနေနဲ့လည်း သူ့ရဲ့စာရွက်ကို အကြောင်းမဲ့ ပယ်ဖို့တော့ မရဲလောက်ပါဘူး၊ သူသာ ကောင်းကောင်း ဖြေနိုင်ရင်တော့ ကျူးရန် ဖြစ်ဖို့ကတော့ သေချာနေတာပဲလေ။

111 04

မကြာခင်မှာပဲ ၈ လပိုင်း ၈ ရက်နေ့ကို ရောက်လာခဲ့ပြီ။ အရင်စာမေးပွဲတွေလိုပဲ မိုးမလင်းခင်မှာတင် ကုန်းယွမ်ကို ထွက်လာခဲ့ကြတယ်။ ထူးခြားတာကတော့ ဒီတစ်ခါမှာ ခြင်းတောင်းလေးတင် မကဘဲ အထုတ်လိုက် အပိုးလိုက်နဲ့ လူတိုင်းက စာမေးပွဲ သေတ္တာတွေကိုယ်စီ ထမ်းလာကြတယ်။ ဆရာလင်းမြောင်တောင်မှ ကျောမှာ သေတ္တာတစ်လုံး၊ လက်မှာ အထုတ်ကြီးတစ်ထုတ်နဲ့ပေါ့။ ပြည်နယ်စာမေးပွဲက သုံးပွဲဖြေရမှာ၊ တစ်ပွဲကို သုံးရက်ဆိုတော့ အဲဒီသုံးရက်လုံး အထဲမှာပဲ စား၊ အိပ်၊ နေ အကုန်လုပ်ရမှာလေ။ ကျောင်းတော်က ဘာမှထောက်ပံ့မှာ မဟုတ်တော့ အကုန်လုံး ကိုယ့်ဘာကိုယ် ယူသွားရတာပေါ့။

"ဆရာ... ကျွန်တော် ကူသယ်ပေးပါ့မယ်" လီတာ့ထျန်က ကူညီဖို့ ပြင်တော့တယ်။ သူက အားရှိတယ်ဆိုတော့ အထုတ်တွေ အများကြီး သယ်နိုင်တာကိုး။ ဒါပေမဲ့ ဆရာက ငြင်းလိုက်တယ်။ "မလိုပါဘူး၊ ဆရာက ဒါလေးတောင် မသယ်နိုင်ရင်တော့ စာမေးပွဲခန်းထဲ ဝင်ဖို့ မလိုတော့ပါဘူး" တကယ်လည်း ဒီလို သုံးရက်ဆက်တိုက် ဖြေရတာက ကျန်းမာရေး မကောင်းတဲ့သူတွေအတွက်တော့ မလွယ်ဘူး။ ဆရာကလည်း အရင်က ဖြေဖူးတော့ အကုန်သိနေခဲ့တာ။

"အားလုံး စုံပြီလား၊ ဒါဆို သွားကြစမ်းစို့"

အားလုံးလည်း ကိုယ့်အထုတ်ကိုယ် ပြင်ပြီး စစ်မြေပြင်ကို သွားမယ့် စစ်သည်တွေလိုပဲ တက်ကြွစွာနဲ့ ထွက်လာခဲ့ကြတယ်။ "နေပါဦး... ပါ့သို ဘယ်ရောက်သွားလဲ" ရွှီထင်းရှန်းက လှမ်းမေးလိုက်တော့ အားလုံး ခြေလှမ်းတွေ ရပ်သွားကြတယ်။

"နေဦး... ငါ လာပြီ"

အဲဒီအချိန်မှာ နောက်ကနေ အော်ဟစ်ပြီး မောက်ပါ့သို ပြေးလာတာ မြင်လိုက်ရတော့တယ်။ သူက အထုတ်တွေ အများကြီးကို လက်မှာကိုင်ပြီး ပခုံးမှာတော့ ထမ်းပိုးကြီး တစ်ခုကို ထမ်းလာတာ။ သူက ကိုယ်လုံးကလည်း ကြီးတဲ့အပြင် ထမ်းပိုးကြီးနဲ့ဆိုတော့ ကြည့်ရတာ တကယ့်ကို လူသတ်လက်နက်ကြီး ကိုင်ထားသလိုဖြစ်နေတာကြောင့် လူတွေလည်း သူ့ကို ရှောင်ကြတော့တယ်။

"ပါ့သို... မင်း ဘာတွေ လုပ်နေတာလဲ"

"ငါ ဒီထမ်းပိုးကို တည်းခိုခန်းကလူဆီမှာ မနည်း အောက်ကျနောက်ကျခံပြီး ငှားလာရတာလေ။ ငွေတစ်ပြားတောင် ပေးလိုက်ရသေးတယ်၊ တကယ့်ကို ငွေမျက်နှာပဲ ကြည့်တဲ့လူပဲ" သူက ညည်းတွားနေသေးတယ်။ ဟိုဘက်က တည်းခိုခန်းကလူကတော့ အဝေးကနေ သူ့ကို စိုက်ကြည့်နေတာ၊ ရွှီထင်းရှန်း ကြည့်ရတာတော့ အဲဒီလူက သူ့ထမ်းပိုးကို လာလုတော့မယ့် ပုံစံမျိုးပဲ။

"မင်းက ဘာလို့ ထမ်းပိုး ယူလာတာလဲ"

"တပည့်ပီပီ ဆရာ့အတွက် ကူညီရမှာပေါ့။ ဆရာ့ကို ဒီလောက် အလေးကြီးတွေ သယ်ခိုင်းထားဖို့ ငါ့ရင်ထဲမှာ မကောင်းဘူးလေ။ ဆရာ... ဆရာ့ရဲ့သေတ္တာကို အခုပဲ ဖြုတ်ပေးပါ၊ ကျွန်တော် နှစ်ဖက် မျှထမ်းသွားလိုက်မယ်" ပါ့သိုကပြောပြီး ဆရာ့လက်ထဲက အထုတ်တွေကို အတင်းလုယူတော့တာပဲ။ ဆရာလင်းမြောင်လည်း မငြင်းသာတော့ဘဲ သူ့ကို ပေးလိုက်ရတယ်။

မောက်ပါ့သိုက အထုတ်တွေကို သေသေချာချာ ချည်နှောင်ပြီး ထမ်းပိုးနဲ့ ထမ်းကာ "သွားကြစို့" လို့ အော်ပြီး ရှေ့ကနေ ဦးဆောင်သွားတော့ အားလုံးလည်း သူ့နောက်ကနေ လိုက်သွားကြရတော့တယ်။ မောက်ပါ့သို ဘေးမှာတော့ တာဝန်ခံ ဟိုလေးက မီးအိမ်နဲ့ လမ်းပြပေးနေတယ်။

မိုးက မှောင်နေတုန်းပဲဆိုပေမဲ့ ရှေ့က မီးအိမ်လေးရဲ့ အလင်းရောင်ကတော့ ရှိနေခဲ့တယ်။ လမ်းမှာ ပျင်းတာနဲ့ လီတာ့ထျန်က နောက်ပြောင်လိုက်တယ်။ "ပါ့သို... မင်းကတော့ ဘက်လိုက်တာပဲ၊ ငါတို့အတွက်ရော ထမ်းပိုး မရှာပေးဘူးလား"

"ဟုတ်ပါ့... ပါ့သိုဂျူနီယာ... မင်းကတော့ ခွဲခြားဆက်ဆံတာပဲ" တခြားသူတွေကလည်း လိုက်စကြတာပေါ့။ မောက်ပါ့သိုကတော့ "သွားကြစမ်းပါ၊ မင်းတို့က အိုမင်းမစွမ်းတွေမှ မဟုတ်တာ" လို့ ပြန်ပြောလိုက်ပြီးမှ ဆရာလင်းမြောင်က သူ့နောက်မှာ ရှိနေတာကို သတိရသွားပြီး ကမန်းကတန်း ပြန်တောင်းပန်ရတော့တယ်။ "ဆရာ... ကျွန်တော် ဆရာ့ကို ပြောတာ မဟုတ်ပါဘူးနော်"

111 05

လူတွေက ကပ်ပြီး လျှောက်နေကြတာဆိုတော့ သူ ရုတ်တရက် လှည့်လိုက်တဲ့အချိန်မှာ နောက်ကလူတွေလည်း ထမ်းပိုးနဲ့ တိုက်မှာစိုးလို့ အော်ဟစ်ပြီး နောက်ဆုတ်ကြရတယ်။ လီတာ့ထျန်က "ကဲ... တော်ပြီ၊ တော်ပြီ၊ မင်း ရှေ့ကနေပဲ ငြိမ်ငြိမ်လျှောက်စမ်းပါ၊ ပြဿနာ မရှာနဲ့တော့"

ခဏနေတော့ နောက်ကနေ တီးတို ပြောသံတွေ ကြားနေရပြန်ရော။ "မင်းတို့ ကြည့်ရတာ ပါ့သိုဂျူနီယာက ဆားဝူကျင့်နဲ့ မတူဘူးလား"

"ဆားဝူကျင့်နဲ့ ဘယ်တူမှာလဲ၊ ကြည့်ရတာ ဝက်ကလေး ကျူးပါကျဲနဲ့ ပိုတူတာပေါ့" တစ်ယောက်က ဝင်နောက်လိုက်တယ်။ မောက်ပါ့သိုကတော့ နောက်ကို လှည့်ချင်ပေမဲ့ လီတာ့ထျန်က သူ့ရဲ့ခြင်းတောင်းကို ဆွဲထားလို့ မရဘူးဖြစ်နေတာ၊ ဒါနဲ့ပဲ "မင်းတို့ စောင့်နေလိုက်ကြ" လို့ပဲ ကြိမ်းဝါးနိုင်တော့တယ်။

အားလုံးရဲ့ရယ်သံတွေကြားမှာပဲ ကုန်းယွမ်တံခါးကြီးကတော့ သူတို့ရှေ့မှာ ပေါ်လာပါတော့တယ်။

******

112 01

အခန်း (၁၁၂)

ကုန်းယွမ်(စာမေးပွဲခန်းမ)ကို အရှေ့ဘက်ကနေ ယဉ်ကျေးမှုတွေ ထွန်းကားလာပါစေဆိုတဲ့ အဓိပ္ပာယ်နဲ့ များသောအားဖြင့် မြို့ရဲ့အရှေ့ဘက်မှာပဲ တည်ထားတတ်ကြတယ်။

ကုန်းယွမ်တစ်ခုလုံးက မြောက်ဘက်မှာ အခြေစိုက်ပြီး တောင်ဘက်ကို မျက်နှာမူထားတာ၊ ကုန်းယွမ်လမ်းမကြီးပေါ်မှာ ခန့်ခန့်ညားညားရှိနေပြီး မြို့ရိုးပေါ်က ခွေရှင်းမျှော်စင်ကနေ လှမ်းကြည့်ရင် မြင်နေရတယ်။ တံခါးမကြီးက သုံးခန်းတွဲဖြစ်ပြီး အရှေ့မှာ တိုင်လေးတိုင်ပါတဲ့ ကျောက်သားမုခ်ဦးကြီး ရှိတယ်၊ အဲဒီပေါ်မှာ 'ကုန်းယွမ်' ဆိုတဲ့ စာလုံးနဲ့ 'ကိုင်ထျန်းဝမ်ယွန်း' (ပညာရေးကံတရား ပွင့်လန်းပါစေ) ဆိုတဲ့ စာသားတွေကို ရေးထွင်းထားတာ။

အခုအချိန်မှာ ကုန်းယွမ်ရှေ့က လမ်းမကြီးပေါ်မှာတော့ လူခေါင်းတွေချည်းပဲ စီနေတာကြောင့် ဘေးပတ်ဝန်းကျင်က မီးတုတ်တွေရဲ့ အလင်းရောင်အောက်မှာ ကြည့်ရတာ တစ်မျိုးကြီးပဲ။ လမ်းပေါ်မှာတော့ ဘာအသံမှ မကြားရဘဲ တိတ်ဆိတ်နေတယ်၊ အရှေ့ဘက်မှာတော့ တစ်ယောက်ယောက်က လမ်းညွှန်ချက်တွေ ပေးနေပုံရပေမဲ့ ရွှီထင်းရှန်း ရပ်နေတဲ့ နေရာကနေတော့ ဘာမှ မမြင်ရဘူး။

ရုတ်တရက် ဗုံသံ သုံးချက် မြည်လာပြီး ကုန်းယွမ်တံခါးမကြီးက ဖြည်းဖြည်းချင်း ပွင့်လာခဲ့တယ်။

တံခါးရှေ့မှာ ဝိုင်းနေတဲ့ ကျောင်းသားတွေကလည်း အလိုလို ဘေးကို ဖယ်ပေးလိုက်ကြတော့ အလယ်မှာ လမ်းတစ်ခု ပေါ်လာတော့တယ်။

လူအုပ်ကြားထဲက ရွှီထင်းရှန်း ကြည့်လိုက်တော့ လမ်းရဲ့အဆုံးမှာ အနက်ရောင် သစ်သားခြံစည်းရိုးတစ်ခု ရှိနေတာ မြင်ရတယ်၊ ခြံစည်းရိုးရဲ့ အထဲရော အပြင်ရောမှာ အနီရောင်ဝတ်စုံဝတ်ထားတဲ့ ရဲမက်တွေက မီးတုတ်တွေ ကိုင်ပြီး ကုန်းယွမ် တံခါးမကြီး တစ်ခုလုံးကို လင်းထိန်နေအောင် လုပ်ထားကြတယ်။

အနီရောင် ဝတ်စုံဝတ်ထားတဲ့ ရဲမက် နှစ်ဖွဲ့က ကုန်းယွမ်ထဲကနေ ထွက်လာခဲ့ကြတယ်။ အဲဒီအချိန်မှာ ကုန်းယွမ်ထဲက အမြင့်ဆုံး အဆောက်အဦးဖြစ်တဲ့ မင်ယွမ်မျှော်စင်ပေါ်ကနေ တစ်ယောက်ယောက်က ခရုသင်း မှုတ်လိုက်တော့တယ်။

ခရုသင်းသံက အရမ်းကို အေးစက်ပြီး ဆွေးမြည့်စရာ ကောင်းနေသလိုဖြစ်နေချိန်မှာ ရဲမက် နှစ်ဖွဲ့ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ တစ်ပြိုင်တည်း အော်ဟစ်လိုက်ကြတယ်။ "ရန်ကြွေးရှိရင် ရန်တုံ့ပြန်ကြ၊ အာဃာတရှိရင် လက်စားချေကြ ရန်ကြွေးရှိရင် ရန်တုံ့ပြန်ကြ၊ အာဃာတရှိရင် လက်စားချေကြ"

ဒီလို အငွေ့အသက်မျိုးမှာ ဒီစကားတွေကို ကြားရတာက တကယ့်ကို ကျောချမ်းစရာပဲ။ သတ္တိနည်းတဲ့ ကျောင်းသားတွေဆိုရင်၊ ဒါမှမဟုတ် ပထမဆုံးအကြိမ် ဖြေဖူးတဲ့သူတွေဆိုရင် ခြေထောက်တွေတောင် တုန်နေကြတာ။ မောက်ပါ့သိုတို့ တစ်သိုက်လည်း မျက်လုံးတွေ ပြူးပြီး ကြည့်နေကြတယ်၊ ဒီလူတွေ ဘာတွေ လုပ်နေတာလဲဆိုပြီး တွေးနေကြတာ။

ရွှီထင်းရှန်းကတော့ မတုန်မလှုပ်ပါပဲ။ ဆရာလင်းမြောင်က သူ့တပည့်တွေ လန့်နေတာ မြင်တော့ တိုးတိုးလေး ပြောပြတယ်။ "မလန့်ကြနဲ့၊ ဒါက 'နဂါးတံခါး' ပွင့်တဲ့အချိန်မှာ လုပ်နေကျ ထုံးစံပဲလေ"

စကားပြောနေတုန်းမှာပဲ စာစစ်မှူးတွေက ကုန်းယွမ် တံခါးဝမှာ ပေါ်လာကြပြီ၊ ရှေ့ဆုံးကတော့ ဟွမ်မင်ကျုံး နဲ့ ယဲ့ကျူပေါ့။

ဟွမ်မင်ကျုံးက အနီရောင် အရာရှိဝတ်စုံကို ဝတ်ထားပြီး ထုံးစံအတိုင်း အားပေးစကားတွေ ပြောသလို၊ မသမာမှု မလုပ်ဖို့လည်း သတိပေးတယ်၊ အဲဒီနောက်မှ အမိန့်ပေးလိုက်တယ်။ "နာမည်ခေါ်ပြီး အထဲဝင်ကြစို့"

ခြံစည်းရိုးတွေကို ဖယ်လိုက်တော့ ကျောင်းသားတွေက လူအုပ်လိုက်ကြီး အထဲကို တိုးဝင်သွားကြတယ်။ ဆရာလင်းမြောင်ကတော့ မလှုပ်သေးဘဲ ရွှီထင်းရှန်းတို့ကို ခဏစောင့်ဦးလို့ ပြောလိုက်တယ်။ အခုဝင်လည်း ကိုယ့်အလှည့် မဟုတ်သေးဘူး၊ ဖျင်ယန် အလှည့်ရောက်ဖို့ဆိုရင် နေ့လယ်လောက်တောင် ဖြစ်သွားနိုင်တယ်။

ဆရာလင်းမြောင် ခန့်မှန်းတာက တကယ့်ကို မှန်တယ်။ နေ့လယ် ၁၂ နာရီနား နီးတော့မှ ရဲမက်တစ်ယောက်က အော်ပြောလိုက်တယ်။

112 02

"ဖျင်ယန်ကလူတွေ စစ်ဆေးဖို့ လာကြ"

နံရံနားမှာ ထိုင်နားနေတဲ့ ရွှီထင်းရှန်းတို့လည်း ကမန်းကတန်း ထရပ်ပြီး အထဲကို ဝင်ခဲ့ကြရတယ်။ အထဲရောက်တော့ နေရာတိုင်းမှာ လူတွေက တိုးဝှေ့နေတာကြောင့် ဘယ်သူက ဘယ်သူမှန်း မသိတော့ဘူး။

ရဲမက်တွေက ဟောက်နေကြတယ်။ "ခေါင်းမမော့နဲ့၊ ငါ့နောက်ကို လိုက်ခဲ့၊ မင်းတို့ ဟိုဘက်ကို သွား၊ ကိုယ့်ဘာကိုယ် ဆံပင်တွေ ဖြန့်၊ အဝတ်အစားတွေ ချွတ်၊ ဖိနပ်တွေ ချွတ်ထားကြ၊ ငါတို့ လက်ပါလာရင်တော့ မင်းတို့ပဲ အရှုံးပေါ်မယ်နော်"

ပြည်နယ်စာမေးပွဲက အရင်ပွဲတွေနဲ့ မတူဘူးလေ၊ အစိုးရက အရမ်းအလေးထားတာဆိုတော့ ရဲမက်တွေကလည်း လုံးဝကိုအားမနာပါဘူး။ အရင်ကဆိုရင် ရဲမက်တွေက ရိုင်းလွန်းလို့ဆိုပြီး ကန့်ကွက်တဲ့ ကျောင်းသားတွေကို ကျောင်းတော်ကို နှောင့်ယှက်တယ်ဆိုတဲ့အမိန့်နဲ့ အပြင်ကို ပစ်ထုတ်လိုက်တာမျိုးတွေတောင် ရှိခဲ့ဖူးတာ။ ရဲမက်တွေ ဘာဖြစ်သွားလဲတော့ မသိပေမဲ့ အဲဒီကျောင်းသားကတော့ နောက်ထပ် သုံးနှစ် ထပ်စောင့်ရမှာပေါ့။

ရွှီထင်းရှန်းက ဒါတွေကို သိနေတော့ အရမ်းကို လိမ္မာပါတယ်၊ ကိုယ့်ဘာကိုယ် ဆံပင်ကို ဖြန့်လိုက်တယ်၊ အပေါ်အင်္ကျီကို ချွတ်တယ်၊ ပြီးတော့ ခြေအိတ်နဲ့ ဖိနပ်တွေကိုပါ ချွတ်ပြီး မြေကြီးပေါ်မှာ ခြေဗလာနဲ့ ရပ်နေလိုက်တယ်။

ပြီးတော့ သူ ယူလာတဲ့ အထုတ်တွေနဲ့ သေတ္တာကို ဖွင့်ပြပြီး အထဲက ပစ္စည်းတွေကို တစ်ခုချင်း ဖြန့်ပြထားတာပေါ့။ သူ ယူလာတဲ့ ဆန်အိတ်လေးကိုတောင် ကြိုးကို ကိုယ်တိုင် ဖြေပြလိုက်တယ်။

ဒီကျောင်းသားက အလိုက်သိတာမြင်တော့ ရဲမက်နှစ်ယောက်က အနားကို လာပြီး ပြောလိုက်တယ်။ "လက်ကို မြှောက်ထား၊ ငြိမ်ငြိမ်ရပ်နေ။ မင်းက အလိုက်သိတော့ ငါတို့လည်း မြန်မြန်ဆန်ဆန်ပဲ လုပ်ပေးမယ်"

ရွှီထင်းရှန်းလည်း လက်နှစ်ဖက်ကို မြှောက်ထားလိုက်တယ်၊ ဒီရဲမက်က အတွေ့အကြုံ ရှိတဲ့သူ ထင်ပါရဲ့၊ သူက အဝတ်အစားပေါ်ကနေ တစ်ကိုယ်လုံးကို အမြန်ပဲ လိုက်စမ်းသွားတယ်။

အဲဒီနောက်မှာတော့ ယူလာတဲ့ ပစ္စည်းတွေကို စစ်တော့တယ်၊ မှင်ကျောက်ကို ယူပြီး ခေါက်ကြည့်တယ်၊ မှင်တုံးနဲ့ စုတ်တံတွေကိုလည်း သေသေချာချာ ကြည့်တယ်။ ဆန်အိတ်ထဲကိုတောင် လက်ကြီးနဲ့ နှိုက်ပြီး ဟိုဘက်ဒီဘက် မွှေကြည့်သေးတာ။ ရွှီထင်းရှန်းကတော့ မုန့်တွေ ဘာတွေမယူလာပါဘူး၊ ဘာလို့လဲဆိုတော့ ယူလာရင်လည်း ရဲမက်တွေက အထဲမှာ စာရွက်တွေ ဖွက်ထားလားဆိုပြီး အပိုင်းပိုင်း ဖြတ်ပစ်မှာကို သူ သိနေတာကိုး။

"ကဲ... ရပြီ၊ ပြန်သိမ်းတော့"

အဲဒီတော့မှ ရွှီထင်းရှန်းလည်း အဝတ်အစား ပြန်ဝတ်တယ်၊ ဖားလျားကျနေတဲ့ ဆံပင်တွေကိုတောင် ပြန်မပြင်နိုင်သေးဘဲ ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို အရင် သိမ်းရတော့တယ်။

ရွှီထင်းရှန်းကတော့ အေးအေးဆေးဆေး ပြီးသွားပေမဲ့ တခြားနေရာတွေမှာတော့ မဟုတ်ပါဘူး။

တချို့ကျောင်းသားတွေက ရဲမက်တွေက သူတို့ ပစ္စည်းတွေကို မွှေနေလို့ဆိုပြီး အော်ဟစ်နေကြတော့၊ ရဲမက်တွေ စိတ်တိုပြီး ပိုနှိပ်စက်တာပေါ့။ တစ်ယောက်ဆိုရင် ဖားလိုမျိုး ခုန်ခိုင်းပြီး အတွင်းခံထဲမှာ ဘာတွေ ဖွက်ထားလဲဆိုတာ စစ်ခံနေရတာ။

အဲဒီလူခမျာ အရှက်ရလွန်းလို့ မျက်နှာက ပြာနှမ်းနေတာပဲ။ မျက်လုံးတွေက နီမြန်းပြီး ရဲမက်တွေကို ဒေါသတကြီး စိုက်ကြည့်နေပေမဲ့၊ ရဲမက်တွေကတော့ သူ့ကို အဖတ်တောင် မလုပ်ဘဲ လှောင်ရယ်နေကြတယ်။

ရွှီထင်းရှန်းရဲ့ နားထဲမှာ သက်ပြင်းချသံတစ်ခု ကြားလိုက်ရလို့ လှည့်ကြည့်တော့ ဆရာလင်းမြောင် ဖြစ်နေတယ်။

ဒါပေမဲ့ ဆရာကလည်း ဘာမှမပြောသလို ရွှီထင်းရှန်းကလည်း ငြိမ်နေလိုက်ရတာလေ။ ကုန်းယွမ်ထဲ ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့ မရဘူး။ အဲဒါအပြင် စကားပြောမိရင်တော့ အပြင်ကို အလွှတ်ခံရမှာပဲ။

112 03

ဟိုဘက်မှာတော့ တစ်ယောက်ယောက်ဆီက တစ်ခုခု ရှာတွေ့သွားပုံရတယ်၊ ရဲမက်အချို့က ကျောင်းသားတစ်ယောက်ကို မပြီးတော့ အပြင်ကို ဆွဲထုတ်သွားကြတယ်။ အဲဒီလူခမျာ သိက္ခာကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ သူ မှားသွားပါပြီ၊ အခွင့်အရေး တစ်ခါလောက် ထပ်ပေးပါဆိုပြီး ငိုယို တောင်းပန်နေပေမဲ့ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။

ဒါကို မြင်တော့မှ စစ်ဆေးဖို့ ကျန်သေးတဲ့ ကျောင်းသားတွေလည်း ငြိမ်ကုပ်သွားကြပြီး ခိုင်းသမျှကို အကုန်လုပ်ပေးကြတော့တယ်။

အခုတော့ ရွှီထင်းရှန်းလည်း နဂါးတံခါးကို ကျော်ပြီး စာမေးပွဲခန်းထဲကို ရောက်သွားခဲ့ပြီ။

ကုန်းယွမ်တစ်ခုလုံးကို အရှေ့နဲ့အနောက် နှစ်ပိုင်း ခွဲထားတယ်၊ အလယ်တည့်တည့်မှာတော့ မင်ယွမ်မျှော်စင်ရှိပြီး ထောင့်လေးထောင့်မှာတော့ ကင်းမျှော်စင်တွေ ရှိတယ်။ အနောက်ဘက်မှာတော့ ရုံးခန်းတွေ ရှိပြီး အရှေ့နဲ့ အနောက် နှစ်ဖက်လုံးမှာတော့ စာမေးပွဲဖြေမယ့် အခန်းလေးပေါင်း ထောင်နဲ့ချီပြီး ရှိနေတယ်။

ဒီအခန်းလေးတွေက လမ်းဘေး တစ်ဖက်တစ်ချက်မှာ အစီအရီ ရှိနေပြီး အရမ်းကို ကျဉ်းပြီး နိမ့်တယ်။ အခန်းတိုင်းမှာ နံပါတ်တွေ တပ်ထားပြီး 'ချန်းကျန့်ဝမ်' (စာလုံးတစ်ထောင်ကဗျာ) စဉ်အတိုင်း ပေးထားတာလေ။ (စာလုံးတစ်ထောင်ကဗျာမှာ စာလုံးပေါင်း ၁,၀၀၀ ပါဝင်ပြီး တစ်လုံးနဲ့တစ်လုံး လုံးဝမထပ်ပါဘူး။ ရှေးခေတ်က ၁၊ ၂၊ ၃ အစား ဒီကဗျာရဲ့ ပထမဆုံးစာလုံးတွေဖြစ်တဲ့ 'ထျန်း' (မိုး)၊ 'တိ' (မြေ)၊ 'ရွှမ်' (နက်မှောင်သော)၊ 'ဟွမ်' (ဝါသော) စတဲ့ အစဉ်လိုက်အတိုင်း စာဖြေခန်း နံပါတ်တွေကို သတ်မှတ်တာ ဖြစ်ပါတယ်။ "ထျန်း(မိုး-စာလုံး) အခန်း" ဆိုရင် နံပါတ် (၁) အခန်းလို့ ဆိုလိုတာမျိုးပါ။)

ရွှီထင်းရှန်းက ခုနက ရလာတဲ့ နံပါတ်ပြားလေးကို ကိုင်ပြီး သူ့အခန်းကို လိုက်ရှာတယ်။ သူ့ရဲ့ကံကတော့ မဆိုးပါဘူး၊ ရတဲ့အခန်းက အလယ်အလတ်တန်းစားပဲ။ မင်ယွမ်မျှော်စင်နားက အခန်းတွေလောက် မကောင်းပေမဲ့ မဆိုးဘူးလို့ ပြောရမယ်။

အနည်းဆုံးတော့…

ရွှီထင်းရှန်း ရပ်ကြည့်လိုက်တော့ အခန်းက အရမ်းမနိမ့်လို့ သူ မတ်တတ်ရပ်ရင် ခေါင်းမတိုက်ဘူး။

မိုးယိုမယိုတော့ မသိဘူးပေါ့။ တကယ်လို့ လမ်းရဲ့အဆုံး၊ အိမ်သာနားက အခန်းသာ ရရင်တော့ ဒါဟာ အဆိုးဆုံးပဲ။ အခုလို ပူတဲ့ ရာသီမှာ အခန်းပေါင်း ၇၀၊ ၈၀ က လူတွေ အကုန်လုံးက အဲဒီနေရာမှာပဲ အညစ်အကြေး စွန့်ကြမှာဆိုတော့ အနံ့ကတော့ ပြောမနေနဲ့တော့၊ အသက်မထွက်ရင်ဘဲ ကံကောင်းတယ်လို့ ဆိုရမယ်။

ရွှီထင်းရှန်း တွက်ကြည့်လိုက်တော့ သူ့နေရာက အလယ်လောက်မှာဆိုတော့ အဆင်ပြေမှာပါ။

အဲဒီလို တွေးရင်းနဲ့ပဲ လမ်းဝမှာ စောင့်နေတဲ့ ရဲမက်တွေကို သူ့ရဲ့နံပါတ်ပြား ပြလိုက်တော့မှ သူတို့က လမ်းဖွင့်ပေးတယ်။ သူက လမ်းအတိုင်း လျှောက်သွားရင်း အခန်းတွေပေါ်က နံပါတ်တွေကို လိုက်ကြည့်တော့ အလယ်နားမှာတင် သူ့နေရာကို ရှာတွေ့ခဲ့တယ်။

ဒီအခန်းလေးက တကယ်ကို ကျဉ်းတာ၊ သုံးဖက်က နံရံဖြစ်ပြီး အရှေ့ကတော့ လမ်းဘက်ကို ပွင့်နေတယ်။ နံရံ နှစ်ဖက်မှာတော့ အုတ်ခုံလေးတွေ လုပ်ထားပြီး အဲဒီပေါ်မှာ သစ်သားပြားတွေ တင်ထားတယ်။ အဲဒါကပဲ စားပွဲရော ထိုင်ခုံရော ဖြစ်နေတာ။ ညဘက်အိပ်ရင်တော့ အဲဒီပြားတွေကို ဖြုတ်ပြီး ခင်းလိုက်ရင် သစ်သားခုတင် ဖြစ်သွားတယ်။

လူတစ်ယောက် စောင်းပြီး လှဲနေရုံပဲ ရတာကြောင့် သက်သောင့်သက်သာ အိပ်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

ရွှီထင်းရှန်းက သူ့အထုတ်တွေကို မြေကြီးပေါ် ချလိုက်တယ်။ အရင်ဆုံး အပြာရင့်ရောင် ပုဝါစကြီး တစ်ခုကို ထုတ်ပြီးတော့ သေတ္တာထဲက သံနှစ်ချောင်းနဲ့ သံတူလေးကို ယူပြီး ဒုန်းဒုန်းဒုန်းနဲ့ အခန်းဝမှာ ရိုက်လိုက်တာကြောင့် အခန်းဝမှာ အကာလေး တစ်ခု ဖြစ်သွားတယ်။

112 04

လိုရင် ချထား၊ မလိုရင် လိပ်တင်ထားလို့ ရတော့ အရမ်းအဆင်ပြေတယ်။

အဲဒီနောက်မှ သူ အထဲဝင်ပြီး ဆီမီးအိမ်နဲ့ စာအုပ်သေတ္တာတွေကို နေရာချလိုက်တယ်။ အကုန်လုံး ပြီးသွားတော့မှ အပြင်ထွက်ပြီး ကိုယ်လက်ဆန့်သလိုလိုနဲ့ ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တယ်။

ခဏကြည့်ပြီးတော့ သူ ပျင်းလာတာနဲ့ ပြန်ဝင်ခဲ့တယ်။ ကောင်းကင်ကို ကြည့်လိုက်တော့ ညနေ ၃ နာရီကျော်နေပြီ၊ ဗိုက်ဆာတာလည်း မဆန်းပါဘူး။ မနက် ၄ နာရီလောက်ကတည်းက အခုထိဆိုတော့ ၁၀ နာရီလောက် ရှိပြီ၊ သူက အိမ်က ထွက်ခါနီးမှ တစ်နပ်ပဲ စားခဲ့တာကိုး။

သူ အခန်းထဲဝင်ပြီး သေတ္တာထဲက ကြေးအိုးလေး တစ်လုံးနဲ့ မီးဖိုလေးကို ထုတ်လိုက်တယ်။ ထင်းနဲ့မီးသွေးကလည်း ယူလာတာ။ အရင်ဆုံး ထင်းနဲ့ မီးစွဲအောင် လုပ်ပြီးမှ မီးသွေးကောင်းကောင်းလေးတွေ ထည့်လိုက်တယ်။ မီးသွေးညံ့ရင်တော့ ဒီလို ကျဉ်းတဲ့ နေရာမှာ အခိုးအထွက်တွေများပြီး ဒုက္ခရောက်မှာကြောင့် ဒီမီးသွေးကိုလည်း ရွှီထင်းရှန်းက သေသေချာချာ ရွေးလာတာ။

သူက အိုးထဲကို ဆန်တစ်ဆုပ် ထည့်လိုက်ပြီး လမ်းထဲက ရေအိုးတွေဆီ သွားဆေးကာ ရေထည့်လာခဲ့တယ်။ ဒီဆန်ကလည်း အထူးစီမံထားတာ၊ အိမ်က မထွက်ခင်ကတည်းက ရေနဲ့ နာရီပေါင်းများစွာ စိမ်ထားတာ။ ခုနက စစ်ဆေးတုန်းက ရဲမက်တွေ ဆန်အိတ်ထဲ လက်နှိုက်ကြည့်တာကလည်း ဒီဆန်တွေက တခြားနဲ့မတူဘဲ စိုထိုင်းနေလို့ပဲ။

ရွှီထင်းရှန်းက ဆန်ကို စိမ်ပြီး ယူလာတာကတော့ ဆန်ပြုတ်ချက်ရင် မြန်အောင်လို့ပါပဲ။ ဒါက ကျောက်အာ သူ့ကို သင်ပေးထားတာလေ၊ ဆန်ကို အစောကြီးကတည်းက စိမ်ထားရင် ပုံမှန်ဆို တစ်နာရီလောက် ချက်မှ ကျက်မယ့် ဆန်ပြုတ်က အခုဆို နာရီဝက်လောက်နဲ့တင် အိနေပြီလေ။

ဆရာလင်းမြောင်နဲ့ မောက်ပါ့သိုတို့လည်း သူ အကြံပေးတဲ့အတိုင်းပဲ ဆန်တွေကို စိမ်ပြီး ယူလာကြတာ။ တခြားလူတွေကတော့ တချို့လည်း လုပ်ကြတယ်၊ တချို့လည်း မလုပ်ကြဘူး၊ သူကတော့ အကြံပေးပြီးပြီဆိုတော့ ကျန်တာ သူတို့ သဘောပေါ့။

အိုးထဲက ဆန်ပြုတ်က တဗွက်ဗွက်နဲ့ ဆူနေပြီး ကြည့်ရတာ အိနေပြီလေ။ ရွှီထင်းရှန်းက ဗိုက်အရမ်းဆာနေတော့ ဆန်ပြုတ်နံ့လေးကို ရှူရင်း ကျောက်အာကို သတိရနေမိတော့တယ်။

သူမ အခု ဘယ်လိုနေမလဲ မသိဘူး၊ ဗိုက်ကလေးရော သိသာလာပြီလား၊ ကလေးကရော လိမ္မာရဲ့လား။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာကို ရွှီထင်းရှန်းလည်း နောက်ပိုင်း အကြာကြီးကျမှ သိခဲ့ရတာ၊ ဒါပေမဲ့ အရင်ဘဝတုန်းကတော့ သူ စာမေးပွဲအောင်လို့ ပြန်လာတဲ့ အချိန်မှာ ကလေးက မွေးနေပြီလေ။

သူက သစ်သားဇွန်းလေးနဲ့ ဆန်ပြုတ်ကို တစ်ချက်မွှေပြီးတော့မှ အိုးကို ချလိုက်တယ်။ ပြီးတော့ နောက်ထပ် ကြေးအိုးတစ်လုံးကို မီးဖိုပေါ်တင်၊ ဆီအိုးလေးကို ထုတ်လိုက်တယ်။ ဆီကတော့ နည်းနည်းပဲ ပါတယ်၊ ဒါပေမဲ့ သူ သုံးဖို့တော့ လောက်ပါတယ်၊ ဆီတွေ အများကြီး ယူလာရင်လည်း အထဲ ပေးမဝင်ဘူးလေ။ ခုနက စစ်ဆေးတုန်းက ရဲမက်က ဒီဆီအိုးကို မြင်တော့ အထဲမှာ ဘာမှဖွက်ထားတာ မရှိဘူးဆိုတာ သိလို့ လွှတ်ပေးလိုက်တာ။

ရွှီထင်းရှန်းက ဆီလေး နည်းနည်း ထည့်လိုက်ပြီး၊ သေတ္တာထဲက ကြက်ဥ နှစ်လုံးကို ထုတ်လိုက်တယ်။ သူက ကြက်ဥ ၆ လုံးပဲ ယူလာတာဆိုတော့ ချွေတာပြီး စားရမှာပေါ့။ ဒီနေ့သာ ဗိုက်အရမ်းမဆာရင် သူ ဒီကြက်ဥကို မနက်ဖြန်မှ စားမှာ။

"ဖောက်" ဆိုတဲ့ အသံနဲ့အတူ ကြက်ဥကို ဖောက်ထည့်လိုက်တော့ မွှေးကြိုင်တဲ့ အနံ့လေးက ထွက်လာတော့တယ်။ အဲဒီအချိန်က လူတွေ သွားလာနေတဲ့ အချိန်ဆိုတော့ လမ်းလျှောက်နေတဲ့ ကျောင်းသားတွေက သူ့ကို ကြည့်ပြီး အံ့သြနေကြတာ။

မကြာခင်မှာပဲ ကြက်ဥကြော်လေးက ကျက်သွားတယ်။

ရွှီထင်းရှန်းက ကြက်ဥကို ဆယ်လိုက်ပြီး မီးဖိုကို ငြှိမ်းလိုက်တယ်၊ ပြီးတော့ အချဉ်ထုပ်လေး တစ်ထုပ်ကို ထုတ်လိုက်တယ်။ ကျောက်အာက ဒီအချဉ်ကို စာနဲ့အတူ မြောက်ဘက်တောင်တန်း ကျောင်းတော်ကို ပို့ပေးခဲ့တာ၊ သူက ဒီနေ့အတွက်ပဲ သေသေချာချာ ချန်ထားခဲ့တာ။

112 05

ဆန်ပြုတ်ပူပူလေးရယ်၊ အချဉ်လေးရယ်၊ ကြက်ဥကြော်လေးရယ်ဆိုတော့ သူ့အတွက်တော့ နတ်သုဒ္ဓါလိုပါပဲ။

ရွှီထင်းရှန်းက အိုးထဲက ဆန်ပြုတ်တွေကို ကုန်အောင် စားလိုက်တော့မှ ဗိုက်က အရမ်းတင်းသွားတယ်။ သူ အပြင်ထွက်ပြီး အိုးခွက်တွေကို သွားဆေးတော့ လမ်းရဲ့အဆုံးမှာ အော်ဟစ် ညည်းတွားနေတဲ့ အသံတွေကို ကြားရတယ်၊ ကြည့်ရတာ အဲဒီလူက အိမ်သာနားက အခန်းကို ရသွားလို့ ဖြစ်ရမယ်။

သူက အဲဒီလူအတွက် စိတ်မကောင်းဖြစ်ပေးရင်းနဲ့ပဲ အခန်းထဲ ပြန်ဝင်လာခဲ့တော့တယ်။

ဒီလမ်းထဲမှာ လူတွေ ပိုများလာပြီး ခြေသံတွေကလည်း ဆူညံလာတယ်။ တချို့ကလည်း ဆဲနေကြတယ်၊ တချို့ကလည်း ညည်းတွားနေကြတယ်။ ရဲမက်တွေ လာပြီး တိတ်တိတ်နေဖို့ ဟောက်လိုက်တော့မှ အသံတွေ ငြိမ်သွားတော့တယ်။

ရွှီထင်းရှန်းက သစ်သားပြားတွေကို ခုတင်ပုံစံ ပြင်လိုက်ပြီး၊ ယူလာတဲ့ အခင်းလေးတွေကို ခင်းကာ အိပ်ဖို့ ပြင်တော့တယ်။ ဒီနေ့ကတော့ အထဲဝင်ရုံပဲလေ၊ တကယ့် စာမေးပွဲက မနက်ဖြန်မှစတာ။ မေးခွန်းကတော့ ဒီည သန်းခေါင်ယံမှာ ပေးမှာဆိုတော့ သူ အရင်ဆုံး အိပ်ရေးဝအောင် အိပ်ထားဖို့ ဆုံးဖြတ်လိုက်တာ၊ မဟုတ်ရင် မနက်ဖြန်ကျရင် အင်အား ရှိမှာ မဟုတ်ဘူးလေ။

ညသန်းခေါင်လောက်မှာတော့ ဗုံသံ သဲ့သဲ့လေး ထွက်လာတယ်။

ဒီဗုံသံက လူကို တစ်မျိုးကြီး ခံစားရစေတာကြောင့် အိပ်ပျော်နေတဲ့ ကျောင်းသားတွေရော၊ မအိပ်သေးတဲ့သူတွေရော အကုန်ထလာကြတယ်။ ရွှီထင်းရှန်းလည်း အိပ်ရာက ထပြီး အခန်းဝကို သွားကြည့်တော့ အဝေးကနေ စကားပြောသံတွေ ကြားနေရတယ်၊ ဘာပြောလဲတော့ မသိဘူးပေါ့။ ခဏနေတော့ စာမေးပွဲ မေးခွန်းစာရွက်တွေ ကိုင်ထားတဲ့ ရဲမက်တစ်ဖွဲ့ ရောက်လာတယ်။

"ဘယ်သူမှ ဆူညံတာ မလုပ်နဲ့၊ တစ်ယောက်နဲ့တစ်ယောက် စကားမပြောနဲ့၊ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့၊ အခန်းထဲကနေ လုံးဝ ထွက်မလာနဲ့။ မလောကြနဲ့ဦး၊ လူတိုင်းအတွက် တစ်စောင်စီ ရမှာပါ" အရာရှိက လမ်းလျှောက်ရင်း အမိန့်ပေးနေတယ်။ ကျောင်းသားတွေလည်း အခန်းထဲကနေ ခေါင်းလေးတွေပဲ ထွက်ပြီး ကြည့်နေကြတယ်။

မေးခွန်းစာရွက်တွေကို လမ်းထိပ်ကနေ စဝေလာလိုက်တာ ရွှီထင်းရှန်းရဲ့ လက်ထဲကိုလည်း ရောက်လာခဲ့ပြီ၊ အထူကြီးဆိုပေမဲ့ ကြည့်ရတာတော့ ပေါ့ပေါ့လေးပါပဲ၊ ဒါပေမဲ့ တစ်ရွက်လောက် စုတ်သွားရင် ဒါမှမဟုတ် ညစ်ပတ်သွားရင်တော့ ဒီတစ်ပွဲက အလိုလို ရှုံးသွားပြီး အိမ်ပဲ တန်းပြန်ရုံပဲ။

တချို့ကျောင်းသားတွေကတော့ စာရွက်ရတာနဲ့ မစောင့်နိုင်တော့ဘဲ ဖယောင်းတိုင် ထွန်းပြီး မေးခွန်းကို ကြည့်ကြတယ်၊ ရွှီထင်းရှန်းကတော့ အေးအေးဆေးဆေးပါပဲ။ မေးခွန်းဝေတဲ့ ရဲမက်တွေကလည်း မထွက်သွားသေးဘဲ နှစ်ယောက်တစ်ဖွဲ့ခွဲပြီး လမ်းထဲမှာ လှည့်ကင်း စောင့်နေကြတယ်။

ဒီလိုနဲ့ အေးစက်နေတဲ့ ညရဲ့အမှောင်ထဲရှိ ကျဉ်းမြောင်းလှတဲ့ အခန်းလေးထဲမှာ ရဲမက်တွေရဲ့ မျက်စိအောက် ပထမဆုံးပွဲကတော့ စတင်ခဲ့ပြီ။

ရွှီထင်းရှန်းလည်း ဖယောင်းတိုင် ထွန်းလိုက်တယ်၊ တစ်တိုင်တည်း မဟုတ်ဘဲ အများကြီး ထွန်းတာ၊ ပြီးတော့မှ အဝေးကနေ မေးခွန်းတွေကို ကြည့်လိုက်တယ်။

ပြည်နယ်စာမေးပွဲရဲ့ ပထမဆုံးပွဲက မေးခွန်း ၇ ခု ရှိတယ်၊ 'ကျမ်းကြီး ၄ စောင်' က ၃ ခုနဲ့ 'ကျမ်းကြီး ၅ စောင်' က ၄ ခု ပေါ့။ စာမေးပွဲ မဖြေခင်ကတည်းက ဘယ်ကျမ်းကို ဖြေမယ်ဆိုတာ သတ်မှတ်ထားပြီးသားမို့လို့ ရွှီထင်းရှန်း ဖြေရမယ့် မေးခွန်းတွေက စာရွက်ပေါ်မှာ အသင့်ပါပြီးသားလေ။ သူ့ရဲ့နာမည်၊ အသက်၊ နေရပ်လိပ်စာ စတာတွေကိုလည်း စာရွက်ပေါ်မှာ ကြိုတင် ရိုက်နှိပ်ထားတယ်။

ရွှီထင်းရှန်းက တစ်ခုချင်းစီကို သေသေချာချာ စစ်ဆေးတယ်၊ မေးခွန်းကိုတင် မကဘူး၊ စာလုံး တစ်လုံးချင်းစီ မှားနေတာ ရှိမရှိကိုပါ ကြည့်တယ်။ ဘာမှမမှားဘူးဆိုတာ သေချာတော့မှ မေးခွန်း ၇ ခုလုံးကို တစ်ခေါက် ပြန်ဖတ်ပြီး၊ စာရွက်တွေကို အိတ်ထဲ ပြန်ထည့်ကာ ဖယောင်းတိုင်ကို ငြှိမ်းလိုက်တာပေါ့။

112 06

သူက အမှောင်ထဲမှာ စာရေးဖို့ စိတ်မကူးပါဘူး၊ ပထမအချက်က မျက်စိညောင်းတာရယ်၊ ဒုတိယအချက်ကတော့ ရေးမယ့် ဆောင်းပါးကို ခေါင်းထဲမှာ အရင်စီစဉ်ထားချင်လို့ပဲ။

၈ လပိုင်းရဲ့ ညကတော့ နည်းနည်းတော့ အေးတာပေါ့၊ ရွှီထင်းရှန်းက စောင်ထဲ ပြန်ဝင်ပြီး မေးခွန်းတွေကို တိတ်တိတ်လေး စဉ်းစားနေခဲ့တယ်။

တခြားသူတွေကတော့ သူ့လိုမဟုတ်ပါဘူး။ မင်ယွမ်မျှော်စင်ပေါ်ကနေ ကြည့်လိုက်ရင်တော့ အခန်းတွေထဲမှာ လင်းနေတဲ့ ဖယောင်းတိုင် မီးရောင်လေးတွေက အစီအရီ ရှိနေတာ မြင်ရတာပေါ့။ ဒီလို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးတဲ့သူဆိုရင်တော့ ပိုးစုန်းကြူးလေးတွေလို့ ထင်မိမှာပဲ။ ဒါပေမဲ့ ဒီမီးရောင်လေးတွေကနေ တကယ့် မီးတောက်ကြီးတွေ ဖြစ်လာမလားဆိုတာတော့ ဘယ်သူမှ မသိနိုင်ဘူးလေ။

ဟွမ်မင်ကျုံးက ဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရတယ်။

သူက ခေါင်းကို ခါလိုက်ပြီး တွေးမိလိုက်တယ်။

"ငါလည်း ဒီရက်ပိုင်း စိတ်လှုပ်ရှားလွန်းလို့ ထင်တာပဲ"

အဓိက စာစစ်မှူးဆိုတာ အပြင်ပန်းမှာတော့ ဂုဏ်ရှိပေမဲ့၊ စာမေးပွဲပြီးသွားရင် သူ့မှာ တပည့်တွေ အများကြီး ရှိလာမှာပေါ့။ ဒါပေမဲ့ အဲဒီဂုဏ်တွေရဲ့နောက်ကွယ်မှာတော့ မမြင်ရတဲ့ အန္တရာယ်တွေ အများကြီး ရှိနေတာ။ တစ်ခုမှားတာနဲ့ အကုန်လုံး ဆုံးရှုံးသွားနိုင်တယ်။

သူ ဒီအခွင့်အရေးကို သေသေချာချာ ဆုပ်ကိုင်ထားရမယ်၊ ဒါဟာ အမတ်ကြီးချုပ်က သူ့အတွက် ခက်ခက်ခဲခဲ ရအောင် လုပ်ပေးထားတာ။ ဒီပွဲသာ အေးအေးဆေးဆေး ပြီးသွားရင်တော့ သူ့ရဲ့ဂုဏ်သတင်းက ပိုပြီးကြီးထွားလာမှာပေါ့။ ဝန်ကြီးချုပ် တန်လျန်ကလည်း အိုနေပြီဆိုတော့ မကြာခင် ရာထူးက နုတ်ထွက်တော့မှာ၊ အဲဒီအချိန်ကျရင် သူက အဲဒီနေရာကို တက်လှမ်းရမှာပေါ့။

"အမတ်မင်း... ညလေက အရမ်းအေးတယ်နော်……"

သူ့နောက်မှာ ရပ်နေတဲ့လူက အဲဒီစကားတစ်ခွန်းပဲ ပြောပြီး ငြိမ်သွားတယ်။ အရာရှိလောကမှာတော့ စကားကို အကုန်မပြောဘဲ တဝက်ပဲ ပြောရတာ ထုံးစံပဲ၊ အကုန်ပြောလိုက်ရင် လူကြီးကို သင်ပေးသလို ဖြစ်နေမှာကိုး။

ဟွမ်မင်ကျုံးက ဟိုမီးရောင်လေးတွေကို နောက်တစ်ခါ ထပ်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့တယ်။ သူ့ကို စကားပြောတဲ့သူကတော့ ကြီးကြပ်ရေးအရာရှိ ဆူကျစ် ပဲ၊ သူက အခု ရှန်းရှီးပြည်နယ်ရဲ့ နယ်စားမင်းကြီးဖြစ်သလို စာမေးပွဲခန်းမရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူရတာ၊ သူကလည်း ဟွမ်မင်ကျုံးရဲ့ လူပဲပေါ့။

သူက အမတ်ကြီးချုပ် မှာထားတဲ့ ကိစ္စကို သတိရသွားပြီး အပြင်ကို လမ်းလျှောက်ထွက်ရင်း အသံကို နှိမ့်ပြီး မေးလိုက်တယ်။ "ဟိုလူတွေကို စောင့်ကြည့်ခိုင်းထားတယ် မဟုတ်လား။ တခြားသူတွေကတော့ ထားလိုက်ပါဦး၊ အဲဒီ ရွှီ ဆိုတဲ့ တစ်ယောက်ကိုတော့……"

သူ့ရဲ့အသံက လေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်၊ အပြင်ကို ရောက်တော့ နှစ်ယောက်လုံးက မျက်နှာကို ပြန်ပြင်ပြီး ကိုယ့်နေရာကိုယ် ပြန်သွားကြတော့တယ်။

******

113 01

All Chapters