အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃)
ရွှီထင်းရှန်းက မိုးစင်စင်လင်းတဲ့အထိ အိပ်နေခဲ့တာ။ အိပ်ရာကနေ ထထိုင်လိုက်ပြီး တစ်ညလုံး သူ့အောက်မှာ ဖိအိပ်ခဲ့တဲ့ မေးခွန်းအိတ်ကို ယူလိုက်ပြီးမှ အိပ်ရာတွေကို သိမ်းလိုက်တယ်။
စောင်တွေကို သေသေချာချာ ခေါက်ပြီး အခန်းထောင့်က မြေကြီးပေါ်မှာ အဝတ်စလေး ခံပြီး တင်ထားလိုက်တယ်။ ပြီးတော့ မေးခွန်းအိတ်ကို စာအိတ်ထဲ ထည့်၊ အင်္ကျီအရှေ့မှာ ချိတ်ပြီးတော့မှ မျက်နှာသစ်ဇလုံ၊ ရေခွက်နဲ့ ပုဝါကို ကိုင်ကာ ရေအိုးတွေရှိတဲ့နေရာကို သွားပြီး သန့်ရှင်းရေး လုပ်ခဲ့တယ်။
လမ်းတစ်လျှောက် လျှောက်လာတော့ အခန်းတော်တော်များများမှာ ဖယောင်းတိုင်တွေ ထွန်းထားတုန်းပဲ၊ ကျောင်းသားတွေကတော့ ခေါင်းမဖော်တမ်း စာရေးနေကြတယ်။ ရုတ်တရက် ခြေသံကြားလို့ လှည့်ကြည့်တဲ့အခါ၊ မနေ့ကမှ တက်ကြွနေတဲ့ ကျောင်းသားတွေဟာ အခုတော့ တစ်ယောက်စီ ပင်ပန်းနွမ်းနယ်နေကြပြီ။ တချို့က ဆံပင်တွေ ဖားလျားနဲ့၊ တချို့ဆို မျက်ချေးတွေတောင် ထွက်နေကြတာ။
ဒီလိုအချိန်မှာ မျက်နှာသစ်ဇလုံကို ကိုင်ပြီး ရေခပ်ဖို့ ထွက်လာတဲ့ ရွှီထင်းရှန်းကို ကြည့်ရတာတော့ တကယ့်ကို ထူးဆန်းတဲ့သူ တစ်ယောက်လိုပဲ။ စာမေးပွဲခန်းမရဲ့ ပင်ပန်းဆင်းရဲတဲ့ အငွေ့အသက်တွေနဲ့ လုံးဝကို မလိုက်ဖက်ဘူးလေ။
ကျောင်းသားတွေတင် သူ့ကို ကြည့်နေတာ မဟုတ်ပါဘူး၊ တစ်ညလုံး စောင့်ခဲ့ရတဲ့ ရဲမက်တွေကလည်း သူ့ကို ကြည့်ပြီးတော့- ဒီလူက တကယ်ပဲ ကျူးရန်ဖြစ်ဖို့ လာဖြေတာလား၊ ဒါမှမဟုတ် ဟန်ပြ လာတာလားလို့ တွေးနေကြတာ။
ရွှီထင်းရှန်းက လမ်းအဆုံးက ရေအိုးဆီကို ကျောပေးပြီး သွားနေတဲ့အချိန်မှာပဲ၊ သူ့အနားက ရဲမက်တစ်ယောက်က လှုပ်ရှားလိုက်တယ်။ ဒီလမ်းထဲမှာ ကင်းလှည့်နေတဲ့သူတွေအပြင် ကျောင်းသားတွေ ဘာလုပ်နေလဲဆိုတာကို ခဏခဏ လမ်းလျှောက်ကြည့်နေရဖို့ အခန်း ၁၀ ခန်းကို ရဲမက်တစ်ယောက်နှုန်းနဲ့ စောင့်ကြည့်နေတယ်။
အခု အဲဒီရဲမက်က လှုပ်ရှားလိုက်တာကိုမြင်တဲ့ ကျောင်းသားတွေကလည်း ကင်းလှည့်နေတာပဲလို့ထင်ပြီး ဂရုမစိုက်ကြပါဘူး။ ဒါပေမဲ့ အဲဒီရဲမက်က အခန်းတစ်ခုထဲကို ခဏဝင်သွားပြီး ချက်ချင်း ပြန်ထွက်လာတာ၊ မျက်နှာမှာတော့ နားမလည်နိုင်တဲ့ အမူအရာနဲ့ပေါ့။ ဒါကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။
ရွှီထင်းရှန်းက မျက်နှာသစ်၊ ဆားနဲ့ သွားတွေကို သေသေချာချာ တိုက်ပြီးတော့မှ ဇလုံကို ကိုင်ပြီး ပြန်လာခဲ့တယ်။
သူ့အခန်းနား ရောက်ခါနီးတော့ သူတို့ကို စောင့်ကြည့်နေတဲ့ ရဲမက်က နေရာရွှေ့သွားတာ မြင်လိုက်ရတယ်။ အစက အခန်း အမှတ် ၄ ရှေ့မှာ ရပ်နေတာ၊ အခုတော့ အခန်း အမှတ် ၈ ရှေ့ကို ရောက်သွားတယ်။ ရွှီထင်းရှန်းကတော့ အမှတ် ၇မှာ နေတာ။ သူကတော့ ဒါကို ဂရုမစိုက်ပါဘူး၊ ရဲမက်တွေက နေရာရွှေ့နေတာပဲလေ၊ တစ်နေရာတည်းမှာပဲ ရပ်နေရမယ်လို့ စည်းကမ်းမှ မရှိတာ၊ မဟုတ်ရင် ကျောင်းသားတွေကို ဘယ်လို စောင့်ကြည့်လို့ ရပါ့မလဲ။
သူက ရဲမက်ကို ကြည့်လိုက်တော့ ဟိုဘက်ကလည်း သူ့ကို ပြန်ကြည့်တယ်လေ။ အဲဒီနောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ဖြတ်ကျော်သွားပြီး ရွှီထင်းရှန်းလည်း အခန်းထဲ ဝင်ခဲ့တာပေါ့။
သူက ဇလုံကို ထောင့်မှာ ချလိုက်ပြီး မနက်စာချက်ဖို့ ကြေးအိုးကို ယူဖို့ လုပ်တော့မှ သူ့ပစ္စည်းတွေကို တစ်ယောက်ယောက် လာကိုင်ထားမှန်း သတိထားမိလိုက်တယ်။
113 02
ရွှီထင်းရှန်းမှာ အကျင့်တစ်ခု ရှိတယ်၊ အဲဒါက ကျောက်အာဆီကနေ ငယ်ငယ်ကတည်းက သင်ထားရတဲ့ အကျင့်ပေါ့။ ဘာပဲသုံးသုံး မူလနေရာမှာပဲ ပြန်ထားရမယ်ဆိုတဲ့ အကျင့်လေ။ ပစ္စည်းတွေကို ဟိုနားဒီနား လျှောက်မချဘဲ အရင်ထားတဲ့နေရာမှာပဲ ပြန်ထားရင် နောက်တစ်ခါ ရှာရတာ လွယ်တာကိုး။
အခုတော့ သူ့ရဲ့အိုးတွေကို တစ်ယောက်ယောက် လာကိုင်ထားတာလေ။ ကြေးအိုး နှစ်လုံးက သေတ္တာပေါ်မှာ ရှိနေရမှာကို၊ အခုတော့ သေတ္တာဘေးက မြေကြီးပေါ် ရောက်နေတာ။ သာမန်လူဆိုရင်တော့ ဒါကို သတိထားမိမှာ မဟုတ်ဘူး၊ ကိုယ့်ဘာကိုယ်ပဲ မေ့ပြီး ချထားမိတာ ဖြစ်မှာပါလို့ ထင်မှာပေါ့။ ဒါပေမဲ့ ရွှီထင်းရှန်းကတော့ မဟုတ်ဘူး၊ သူ ထွက်သွားတုန်းက တစ်ယောက်ယောက် သူ့အခန်းထဲ ဝင်ပြီး ပစ္စည်းတွေကို လာမွှေသွားတယ်ဆိုတာ သူ သေချာပေါက် သိနေတယ်။
သူကတော့ သေတ္တာကို သွားမစစ်ပါဘူး၊ ဘာမှ မသိသလိုမျိုးပဲ သေတ္တာအပေါ်ကနေ ခေါက်ဆွဲတွေကို ထုတ်လိုက်တယ်။
ဒီခေါက်ဆွဲတွေက အစောကြီးကတည်းက လူလွှတ်ပြီး လုပ်ခိုင်းထားတာလေ၊ အမျှင်လေးတွေ လုပ်ပြီးတော့မှ အရိပ်ထဲမှာ အခြောက်လှန်းထားတာ။ ဒီလို ခေါက်ဆွဲမျိုးက တစ်လလောက် ထားလည်း မပျက်စီးဘူးလေ။ ပုံမှန်ဆိုရင်တော့ ဒီလောက်အပင်ပန်းခံပြီး ဘယ်သူမှ မလုပ်ကြဘူး၊ လတ်လတ်ဆတ်ဆတ်ပဲ လုပ်စားကြတာကိုး။ ဒါပေမဲ့ စာမေးပွဲခန်းမထဲမှာတော့ ဒီခေါက်ဆွဲရှိရင် အရမ်း အဆင်ပြေတာ၊ တစ်ခါပြုတ်လိုက်ရုံနဲ့ စားလို့ရပြီဆိုတော့ ဗိုက်လည်းဝသလို အစာအိမ်အတွက်လည်း ကောင်းတာပေါ့။
ရွှီထင်းရှန်းက ကိုယ့်ဘာကိုယ် ကြက်ဥခေါက်ဆွဲ တစ်ပန်းကန် ချက်လိုက်ပြီး အချဉ်လေးနဲ့ မြိန်မြိန်ယှက်ယှက် စားလိုက်တယ်။
ဒီတစ်ခါတော့ သူ အများကြီး မစားပါဘူး၊ ဗိုက် ရှစ်ပုံလောက် ပြည့်တာနဲ့ ရပ်လိုက်တယ်။ အိုးခွက်တွေကို သွားဆေး၊ ပြီးတော့ မျက်နှာသစ် လက်ဆေးပြီးတော့မှ စာပွဲရှေ့မှာ ထိုင်ကာ အင်္ကျီမှာ ချိတ်ထားတဲ့ အိတ်ထဲကနေ စာမေးပွဲစာရွက်တွေကို ထုတ်လိုက်တယ်။
ပြည်နယ်အဆင့် စာမေးပွဲစာရွက်တွေက ပုံစံတူတွေချည်းပဲ၊ အလျား တစ်ပေ၊ အနံ လေးလက်မရှိတဲ့ အနီရောင် ကွက်စိပ်စာရွက်တွေပေါ့။ စာမျက်နှာ တစ်မျက်နှာမှာ ၁၂ တန်း ပါပြီး၊ တစ်တန်းမှာ စာလုံး ၂၅ လုံး ရေးလို့ ရတာ။ မေးခွန်း တစ်ခုအတွက် စာရွက် သုံးရွက်ပေးထားပြီး နံပါတ်တွေလည်း ပါတာပေါ့။ ပထမစာမျက်နှာရဲ့ အပေါ်ပိုင်းမှာတော့ မေးခွန်းကို ရေးထားပြီး၊ အောက်မှာတော့ ဆောင်းပါး ရေးရမှာ။
မေးခွန်း ၇ ခုအတွက် စုစုပေါင်း ၂၁ ရွက်ပေါ့၊ တစ်လုံးမှ မှားလို့ မရဘူး၊ မှားတာနဲ့ အဲဒီမေးခွန်းက ပျက်စီးသွားမှာ။
ကျောင်းတော်ကနေ နောက်ထပ် စက္ကူဖြူ ၁၀ ရွက်ကျော်ကိုလည်း မူကြမ်းရေးဖို့ ပေးထားတယ်။ များသောအားဖြင့်တော့ အဲဒီမှာ အရင်ရေး၊ ဘာမှ မမှားတော့ဘူးဆိုမှ စာမေးပွဲစာရွက်ပေါ်ကို ပြန်ကူးကြတာပေါ့။
ရွှီထင်းရှန်းကတော့ ပထမဆုံးအကြိမ် ဖြေတာဆိုတော့ ဘာကိုမြင်မြင် ထူးဆန်းနေတာ။ စာရွက်တွေကို လက်နဲ့ အကြိမ်ကြိမ် ပွတ်သပ်ကြည့်ပြီးမှ သေသေချာချာ ပြန်သိမ်း၊ မူကြမ်းစာရွက်ကို ထုတ်လိုက်တယ်။
မှင်တွေကို သေသေချာချာ သွေးပြီးတော့မှ၊ ပထမဆုံး မေးခွန်းကို မူကြမ်းစာရွက်ပေါ်မှာ ရေးလိုက်ပြီး၊ အဲဒီမေးခွန်းကိုပဲ ငေးကြည့်ပြီး စဉ်းစားနေတာ။
အပြင်မှာတော့ ခြေသံတွေနဲ့ တိုးတိုးလေး စကားပြောသံတွေ ကြားနေရတယ်၊ ရဲမက်တွေ ဂျာယင်လဲတဲ့ အချိန်ပေါ့။ ကျောင်းသားတွေကတော့ ညဘက်မှာ အိပ်လို့ ရပေမဲ့၊ ရဲမက်တွေကတော့ ကျောင်းသားတွေ အကုန်လုံးကို စောင့်ကြည့်နေရတာကြောင့် မျက်စိတစ်မှိတ်တောင် မှိတ်လို့ မရဘူး။
ရွှီထင်းရှန်းကတော့ ခေါင်းမမော့ဘဲ မေးခွန်းကိုပဲ အာရုံစိုက်နေတာ။ ဒါပေမဲ့ သူ့အပေါ်ကို အကြည့် ၄ ခု ကျရောက်လာပြီး ချက်ချင်းပဲ ပြန်လွဲသွားတာကိုတော့ သူ ခံစားမိလိုက်တယ်။
အခန်း အမှတ် ၈ ရှေ့က ရဲမက်ကတော့ လူသစ်ပဲ၊ ဒါပေမဲ့ သူက အရင်လူလောက်တော့ သတိမရှိဘူး။ ရွှီထင်းရှန်းကို အရမ်းစိတ်ဝင်စားနေပြီး သူ့ကို ခဏခဏ လှမ်းကြည့်နေတယ်။
113 03
ရွှီထင်းရှန်းကတော့ ဘာမှမသိသလိုမျိုးပဲ ပထမဆုံးစာလုံးကို စတင်ရေးလိုက်တော့တာတယ်။
ပထမဆုံး 'ကျမ်းကြီး ၄ စောင်' မေးခွန်းကတော့ "မင်းကြီးမှာ တရားရှိရင်၊ ယဉ်ကျေးမှု၊ တေးဂီတနဲ့ စစ်ရေးကိစ္စတွေဟာ မင်းကြီးဆီကနေပဲ ထွက်ပေါ်လာတယ်"
ဒီမေးခွန်းက "လုန့်ယွီ" ထဲက "ကျီရှီ" အခန်းကနေ ယူထားတာလေ။ "ကုန်းဖူးဇီက ပြောတယ်... လောကမှာ တရားရှိရင်၊ ယဉ်ကျေးမှု၊ တေးဂီတနဲ့ စစ်ရေးစီမံခန့်ခွဲမှုတွေဟာ ဧကရာဇ်မင်းမြတ်ဆီကနေပဲ ထွက်လာရမယ်။ လောကမှာ တရားမရှိရင်တော့ ဒါတွေက နယ်စားတွေဆီကနေ ထွက်လာလိမ့်မယ်..." ဆိုပြီးတော့ပေါ့။
အဓိပ္ပာယ်ကတော့ နိုင်ငံတော်ရဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဟာ ဧကရာဇ် တစ်ယောက်တည်းရဲ့ လက်ထဲမှာပဲ ရှိရမယ်၊ အဲဒါမှ နိုင်ငံက တစ်သားတည်းဖြစ်ပြီး တည်ငြိမ်မှာပေါ့။ မဟုတ်ဘဲ နေရာအနှံ့ကနေ အမိန့်တွေ ထွက်နေမယ်၊ အမိန့်ကို မလိုက်နာဘူး၊ တားမြစ်တာကို မနာခံဘူးဆိုရင်တော့ လောကကြီးက ပရမ်းပတာ ဖြစ်ကုန်မှာ။
ရွှီထင်းရှန်းက မနေ့က ဒီမေးခွန်းကို မြင်ကတည်းက စိတ်ထဲမှာ တစ်မျိုး ဖြစ်နေခဲ့တာ။
ဘာလို့လဲဆိုတော့ ဒီမေးခွန်းက အရင်မင်းဆက်တုန်းက စာမေးပွဲတွေမှာ ခဏခဏ မေးဖူးတယ်။ အထူးသဖြင့် မင်မင်းဆက်ရဲ့ဟုန်းဝူနဲ့ ကျန့်ဝန် ခေတ်တွေတုန်းက နန်းတွင်းစာမေးပွဲတွေမှာ သုံးကြိမ်တောင် မေးခဲ့ဖူးတာ။ နန်းတွင်းစာမေးပွဲဆိုတာ ဘုရင်ကြီးရဲ့ရှေ့မှာ ဖြေရတာဆိုတော့၊ ဒီမေးခွန်းရဲ့ရည်ရွယ်ချက်က ရှင်းနေတာပဲ၊ ဘုရင်ကြီးရဲ့အာဏာကို အမွှမ်းတင်ဖို့နဲ့ နိုင်ငံကို တစ်သားတည်း ဖြစ်အောင် လုပ်ဖို့ပဲလေ။
အခုလို အချိန်မျိုးမှာ ဒီမေးခွန်းကို ထပ်မေးတယ်ဆိုတာကတော့ အခြေအနေနဲ့ မကိုက်ညီရင် ဒါဟာ ဘုရင်ကြီးကို ဖားဖို့ သက်သက်ပဲ ဖြစ်ရမှာပေါ့။
ရွှီထင်းရှန်းက ဘာလို့ဒီလိုတွေးမိလဲဆိုတော့၊ စာစစ်မှူး ဟွမ်မင်ကျုံးက အပြင်ပန်းမှာတော့ တော်တယ်လို့ ထင်ရပေမဲ့၊ တကယ်တမ်းကျတော့ ဘာမှမဟုတ်တဲ့သူလို့ သူ ထင်လို့ပဲ။ မင်းက ကိုယ့်ရဲ့ မျက်နှာပန်းလှဖို့အတွက် ဘုရင်ကြီးကို ဖားချင်တာက ထားလိုက်ပါဦး၊ ဒါပေမဲ့ မင်းရဲ့ ဆရာ (အမတ်ကြီးချုပ် ဝူ) ကို ဘယ်နေရာမှာ ထားမှာလဲ။
ဘုရင်ကြီးကပဲ အမိန့်တွေ ထုတ်နေမယ်ဆိုရင်၊ အမတ်ကြီးချုပ် ဝူ ဦးဆောင်တဲ့ အမတ်တွေက ဘာလုပ်ဖို့ လိုတော့မှာလဲ။
တုံးလိုက်တာ တုံးလိုက်တာ တုံးလိုက်တာ။
ရွှီထင်းရှန်းက စိတ်ထဲမှာတော့ 'တုံးတယ်' လို့ သုံးကြိမ်တောင် ပြောမိပေမဲ့၊ သူရေးတဲ့ စာတွေကတော့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ အရာရာကို အမွှမ်းတင်ပြီး ရေးတော့တယ်။
"အုပ်ချုပ်ရေးက လောကတစ်ခုလုံးကို လွှမ်းမိုးထားမှသာ၊ စံနှုန်းတွေက လူတိုင်းအပေါ်မှာ တစ်သားတည်း ဖြစ်နိုင်မှာပါ။
ယဉ်ကျေးမှု၊ တေးဂီတနဲ့ စစ်ရေးစီမံမှုတွေဟာ ဧကရာဇ်မင်းမြတ်ရဲ့ လုပ်ပိုင်ခွင့်တွေပဲ ဖြစ်ရမယ်။ ဒီစနစ်တွေဟာ အရှင်မင်းကြီးဆီကနေပဲ ထွက်လာရမှာဖြစ်ပြီး အောက်ခြေလူတွေဆီကို လျှောမကျသွားစေရဘူး။ ဒါဟာ အုပ်ချုပ်ရေး အကောင်းဆုံး ဖြစ်နေတဲ့ အချိန်မှာပဲ ဖြစ်နိုင်တာ မဟုတ်ပါလား။
ရှေးဆရာကြီးက လောကရဲ့ အခြေအနေကို ပြောတုန်းကလည်း... ဘုရင်က တော်ပြီး အမတ်တွေက ကောင်းရင်၊ အရာရာက ပြည့်စုံနေမှာဖြစ်ပြီး နန်းတွင်းမှာလည်း မှားယွင်းတဲ့ အုပ်ချုပ်မှုတွေ ရှိမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်……
……
စစ်ရေးကိစ္စတွေဟာလည်း အရှင်မင်းကြီးရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိရမှာပါ။
ဒါကြောင့် ဒါဟာ လောကမှာ တရားရှိတဲ့ အချိန်ပဲဖြစ်ပြီး၊ နောင်မျိုးဆက်တွေကတော့ လိုက်မမီနိုင်တဲ့ အခြေအနေမျိုးပါပဲ”
113 04
……
ဒီနေ့ ရာသီဥတုက တကယ်ကို ကောင်းတာ၊ နေလည်း သာသလို လေလေးလည်း တိုက်နေတယ်၊ နေ့လယ်ဘက်ကျတော့ နည်းနည်းတော့ ပူလာတယ်။
ရွှီထင်းရှန်းက 'ကျမ်းကြီး ၄ စောင်' မေးခွန်းတွေကို တစ်ထိုင်တည်းနဲ့ ရေးပြီးသွားတော့မှ စုတ်တံကို ချလိုက်ပြီး သူ့ရဲ့ နှာတံလေးကို လက်နဲ့ ပွတ်နေမိတယ်။
အခန်း အမှတ် ၈ ရှေ့က ရဲမက်ကတော့ နေရာမရွှေ့သေးပါဘူး။ တစ်ခါတလေ လမ်းလျှောက်ကြည့်ပေမဲ့၊ နောက်ဆုံးတော့ အဲဒီနေရာကိုပဲ ပြန်လာတယ်။
အဲဒီနေရာက ရွှီထင်းရှန်းရှိတဲ့ အမှတ် ၇ ကို စောင်းကြည့်လို့ ရတာကိုး။ သူတို့ လုပ်နေသမျှကို အကုန်မြင်နေရပေမဲ့၊ တိုက်ရိုက်ကြီး စိုက်ကြည့်နေတာမျိုး မဟုတ်တော့ သိပ်တော့ မသိသာဘူးပေါ့။ ရွှီထင်းရှန်းက ခေါင်းမော့ကြည့်တုန်း တစ်ချက်ဝေ့ကြည့်လိုက်တော့၊ သူ့ဘေးခန်းက လူကို တကယ်ပဲ သနားမိသွားတာ။ အဲဒီလူခမျာ အခု ဘယ်လောက်တောင် ကြောက်နေမလဲ မသိဘူး။
ဟင်း... သူ့ကြောင့်နဲ့ ဟိုဘက်ကလူပါ ဒုက္ခရောက်နေရတာ။
တကယ်လည်း သူ့ဘေးခန်းက ကျောင်းသားကတော့ တကယ့်ကို ထိတ်လန့်နေတာ။
ဒီလူက အသက် ၄၀ ကျော်နေပြီဖြစ်တဲ့ အဘိုးကြီးဖုန်းမောက်ပေါ့။ ပြည်နယ်စာမေးပွဲကို ဖြေလာတာ ငါးကြိမ်တောင် ရှိနေပြီလေ။ သူသာ မသမာမှု လုပ်ချင်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျူးရန် ဖြစ်နေမှာပေါ့။ နိုင်ငံတော်အတွက် ဒီလောက်အထိ ကြိုးစားပေးနေတာကို၊ အခုကျမှ သူခိုးတစ်ယောက်လို စောင့်ကြည့်ခံနေရတော့ ငါ့မျက်နှာက တကယ်ပဲ သူခိုးရုပ် ပေါက်နေလို့လား လို့ သူ တွေးနေမိတယ်။
ဖုန်းမောက်က မနေ့ညက မေးခွန်းရကတည်းက ဖယောင်းတိုင်ထွန်းပြီး တစ်ညလုံး ရေးခဲ့တာ။ သူက အားရှိတုန်းမှာ မေးခွန်းတွေကို အကုန်ရေးပစ်ချင်တာကိုး။ စဉ်းစားကြည့်လေ၊ တစ်ပွဲကို သုံးရက်ဖြေရတာဆိုတော့၊ ဒီလို နေရာကျဉ်းကျဉ်းမှာ နေရတာ လူက တစ်နေ့ထက်တစ်နေ့ ပိုပြီးပင်ပန်းလာမှာလေ။ သူ အရင်က ဖြည်းဖြည်းချင်း ရေးဖူးတယ်၊ ဒါပေမဲ့ နောက်ဆုံးကျတော့ အချိန်က မလောက်တော့ဘူး၊ ပြီးတော့ နောက်ပိုင်း ရေးတဲ့စာတွေကလည်း အရှေ့ကလောက် မကောင်းတော့ဘူးလေ။
အရင် နှစ်ခါတုန်းကလည်း သူက အရမ်းယုံကြည်မှုရှိခဲ့ပေမဲ့ မအောင်ခဲ့တာဟာ အသက်ကြီးလာလို့၊ အင်အားမရှိတော့လို့ပဲ။ စစ်ပွဲမှာလည်း ပြောခဲ့သားပဲ - "ပထမအကြိမ်မှာတော့ အားရှိတယ်၊ ဒုတိယအကြိမ်မှာတော့ အင်အား လျော့သွားတယ်၊ တတိယအကြိမ်မှာတော့ အင်အား ကုန်သွားပြီ"
ဒါကြောင့် သူက တစ်ခါတည်းနဲ့ အကုန်ရေး၊ ပြီးတော့မှ ဖြည်းဖြည်းချင်း ပြန်ပြင်ပြီး ကူးမယ်လို့ စီစဉ်ထားတာ။
ဒီတစ်ခါတော့ သူ သေချာပေါက် အောင်ရမယ်ပေါ့။
သူ့ရဲ့အစီအစဉ်ကတော့ အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ အခုတော့ ဒီရဲမက်ဆိုးကြီးနဲ့ တိုးနေတော့တယ်။
ဖုန်းမောက်ခမျာ ဒီရဲမက်ကို 'ဦးလေး' လို့တောင် ခေါ်ချင်နေတာ၊ သူ့ရှေ့မှာ မရပ်နေဖို့ကိုပေါ့။ သူ တကယ်ပဲ မသမာမှု မလုပ်ပါဘူးဆိုတာကိုလည်း ပြောပြချင်နေတာ။
ရွှီထင်းရှန်းက မူကြမ်းစာရွက်က မှင်တွေ ခြောက်သွားတော့မှ၊ အိတ်ထဲကို ပြန်ထည့်လိုက်တယ်။ အခုတော့ နေ့လယ်စာ ချက်စားဖို့ ပြင်ရမှာပေါ့။
သူက ပစ္စည်းတွေကြားထဲမှာ ဟိုမွှေဒီမွှေ လုပ်လိုက်ပြီး၊ ခဏနေတော့ ကြက်တောင်ပံ အလယ်သားတွေ ထည့်ထားတဲ့ ပန်းကန်လေးကို ထုတ်လိုက်တယ်။
ဒီကြက်တောင်ပံတွေကို အရိုးတွေ ထုတ်ထားပြီး အလယ်ကနေ ခွဲထားတာ၊ ပြီးတော့ အမွှေးအကြိုင်တွေနဲ့ တစ်ရက်လောက် နပ်ထားတာလေ။ အရသာကတော့ အရမ်းကြီး မကောင်းနိုင်ပေမဲ့၊ ဒီလို နေရာမျိုးမှာတော့ ဒီလောက်ဆိုရင်ပဲ တော်လှန်လှပါပြီ။
113 05
သူက ဆန်နဲ့ အသားကို သွားဆေးပြီး ရေယူလာခဲ့တယ်။ ဆန်ကတော့ ထမင်းချက်ဖို့ ကြက်သားကတော့ ကြော်ဖို့ပဲ။ ခဏချင်းမှာပဲ ထမင်းက မြန်မြန်ဆန်ဆန်ပဲ ကျက်သွားတယ်။ သူက ကြေးအိုးလေးကို မီးဖိုပေါ်က ချလိုက်ပြီး အဖုံးဖွင့်လိုက်တော့ မွှေးကြိုင်တဲ့ ထမင်းနံ့လေးက လေနဲ့အတူ လမ်းထဲကို ပြန့်လွင့်သွားတော့တယ်။
မွှေးလိုက်တာ…
အနံ့ရတဲ့သူတိုင်းက အဲဒီလိုပဲ တွေးမိကြတယ်။ ဒါပေမဲ့ ခဏနေတော့ ကြက်သားကြော်နံ့လေးပါ ထွက်လာတော့မှ အားလုံး သွားရည်တွေ ကျပြီး ဗိုက်တွေလည်း အရမ်းဆာကုန်ကြတော့တယ်။
ဟင်း… ဒါက စာမေးပွဲဖြေဖို့ လာတာလား ဒါမှမဟုတ် အပျော်ခရီး လာတာလား။
တချို့ စာမေးပွဲမဖြေနိုင်လို့ စိတ်တိုနေတဲ့ ကျောင်းသားတွေဆိုရင် ဆက်မရေးတော့ဘဲ အပြင်ထွက်ပြီး လမ်းလျှောက်သလိုလိုနဲ့ လာကြည့်ကြတယ်။
"ဪ... အခန်း အမှတ် ၇ က ထမင်းချက်ကြီးကိုး"
ဟင်း... ကုန်းယွမ်ထဲကို လာပြီးတော့လည်း ဆန်ပြုတ်ချက်လိုက်၊ ခေါက်ဆွဲပြုတ်လိုက်၊ အခုတော့ အသားတောင် ကြော်နေသေးတယ်။ သူတို့မှာတော့ ရဲမက်တွေ မွှေထားလို့ ဖုန်တွေ ပေနေတဲ့ မုန့်လုံးတွေကိုပဲ စားနေရတာ၊ ဘယ်လိုလုပ် ခံစားနိုင်ပါ့မလဲ။
အပြင်ထွက်ပြီး လမ်းလျှောက်တဲ့သူတွေ များလာတော့၊ ရဲမက်အချို့က ပြဿနာတက်မှာစိုးလို့ အခန်းထဲ ပြန်ဝင်ကြဖို့ အော်ဟစ်နေကြတော့တယ်။ ပထမဆုံးအကြိမ် ဖြေတဲ့သူတွေကတော့ ရဲမက်တွေကို ကြောက်ကြပေမဲ့၊ ဝါရင့်ကျောင်းသားတွေကတော့ မကြောက်ပါဘူး။ သုံးနှစ်မှ တစ်ခါ လာနေကြတာဆိုတော့ ရဲမက်တွေနဲ့တောင် ရင်းနှီးနေပြီလေ။ "ငါတို့က မသမာမှု မလုပ်ဘဲ လမ်းလျှောက်တာပဲ၊ မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ" ဆိုတဲ့ ပုံစံမျိုးပေါ့။
ဒီကျောင်းသားတွေကတော့ စိတ်လျှော့ထားကြပြီဆိုတော့ ရဲမက်တွေလည်း မထိရဲပါဘူး။
ဒီလူတွေက မရှက်မကြောက်နိုင်တဲ့အပြင် ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရှိနေကြတာကိုး။ လူမိုက်က ရန်ဖြစ်မှာကို မကြောက်ရဘူး၊ ရှို့ချိုင်က လူမိုက်ဖြစ်မှာကိုပဲ ကြောက်ရတာ။ အရင်က ပြည်နယ်စာမေးပွဲတစ်ခုမှာ ရဲမက်တစ်ယောက်က ကျောင်းသားတစ်ယောက်ကို ပြဿနာ သွားရှာတာ၊ အဲဒီကျောင်းသားက မြေကြီးပေါ် လဲပြီး အော်ငိုတော့တာပဲ။ ရဲမက်က ပညာတတ်တွေကို နှိပ်စက်နေတယ်၊ ငါ ဒီမှာပဲ ခေါင်းနဲ့တိုက်ပြီး သေပြလိုက်မယ်ဆိုပြီးတော့ပေါ့။
ဒါက နောက်စရာ မဟုတ်ဘူးနော်၊ ကျောင်းသားတစ်ယောက်သာ ကုန်းယွမ်ထဲမှာ သေသွားရင်၊ သေချာပေါက် အစစ်ခံရမှာလေ။ တကယ်လို့ အဲဒီကျောင်းသားက မသမာမှုလည်း မလုပ်ဘူး၊ ဘာပြဿနာမှလည်း မရှိဘဲ အကြောင်းမဲ့ သေသွားတာဆိုရင်တော့၊ အဲဒီရဲမက်တင် မကဘူး၊ သူ့ရဲ့အဖွဲ့ဝင်တွေ အကုန်လုံး အပြစ်ပေးခံရမှာ။
ဘယ်လိုပဲဖြစ်ဖြစ် ပညာတတ်တွေက ရဲမက်တွေထက်စာရင် အများကြီး ပိုပြီးတန်ဖိုးရှိတယ်။ အပြင်မှာဆိုရင် ဘယ်သူကမှ ဒီရဲမက်တွေကို အဖတ်လုပ်မှာ မဟုတ်ဘူး။ အဲဒါကြောင့်လည်း ရဲမက်တွေက ဒီစာမေးပွဲခန်းမထဲမှာတင် ပညာတတ်တွေကို အနိုင်ကျင့်ပြီး ဂုဏ်ဖော်ချင်နေကြတာ။
ကျောင်းသားတစ်ယောက်က ရွှီထင်းရှန်းရဲ့ရှေ့မှာ ခဏခဏ လာပြီး လမ်းလျှောက်နေတာ။ အမှတ် ၈ ရှေ့က ရဲမက်က သူ့ကို မျက်စောင်းတွေ ဘယ်လောက်ပဲ ထိုးထိုး၊ သူကတော့ ဘာမှမသိသလိုပဲ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြက်သားကြော်လေးက ကျက်သွားတော့၊ ရွှီထင်းရှန်းက တူနဲ့ တစ်ချက် မြှောက်ပြလိုက်တယ်။ "လာစားဦးမလား"
"ငါလား" အဲဒီလူက အံ့သြသွားပြီး၊ ချက်ချင်းပဲ ပျောက်သွားတယ်။
ခဏနေတော့ သူ ပြန်ရောက်လာပြီး လက်ထဲမှာတော့ ပန်းကန်စုတ်လေး တစ်လုံး ပါလာတယ်။
113 06
"ဟင်း... ဟိုရဲမက်တွေက အရမ်းကြမ်းတာပဲ၊ ငါ့ပန်းကန်ကိုတောင် ရိုက်ခွဲလိုက်သေးတယ်။ ညီလေး... မရယ်ပါနဲ့နော်"
မျက်နှာမည်း ရဲမက်ကတော့ မနေနိုင်တော့ဘဲ အနားကို တိုးလာတယ်။ "အခန်း အမှတ် ၁၃... ဘယ်သူက မင်းကို စကားပြောခွင့် ပေးလို့လဲ၊ အခုချက်ချင်း အခန်းထဲ ပြန်ဝင်စမ်း"
အမှတ် ၁၃ က သူ့ကို တစ်ချက်ကြည့်ပြီး ပြန်အော်လိုက်တယ်။ "ဟင်း... ဘာလို့ ဒီလောက်တောင် ဟောက်နေရတာလဲ။ အသားစားတာ မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ ငါ့ရဲ့ ဆောင်းပါးရေးတာကို နှောင့်ယှက်ရင်တော့ ဝန်မင်း ဆီမှာ သွားတိုင်ပစ်မယ် သတိထား"
"မင်း…"
"ငါ ဘာဖြစ်လဲ ကြည့်စမ်း... ငါ့ပန်းကန်ထဲမှာ စာရွက်တွေ ဖွက်ထားလားလို့"
သူက အဲဒီပန်းကန်စုတ်ကို ရဲမက်ရဲ့ မျက်စိရှေ့မှာ ဟိုပြဒီပြ လုပ်နေလိုက်တယ်။ "မင်း ဘာလုပ်နိုင်မှာလဲ" ဆိုတဲ့ ပုံစံမျိုးပေါ့။ ရဲမက်ကတော့ အံကြိတ်ပြီး ဒီလူကို တစ်ချက်လောက် ရိုက်သတ်ချင်နေတော့တယ်။
"ကျွန်တော့်မှာလည်း ဒီလောက်ပဲ ရှိတာ၊ ညီအစ်ကို တစ်ဝက်စီ စားတာပေါ့။ မြန်မြန် အခန်းထဲ ပြန်တော့၊ မဟုတ်ရင် ပြဿနာ တက်ဦးမယ်"
ရွှီထင်းရှန်းက ဝင်ပြောလိုက်တော့တယ်။
အမှတ် ၁၃ က အသားကို ယူပြီးတော့ မျက်နှာက ပြုံးပျော်သွားတယ်။ "ဟင်း... မင်းကတော့ သတ္တိနည်းလိုက်တာ၊ သူတို့က စက္ကူကျားတွေပါပဲ။ ကဲ... ငါ မင့်ကို ဒုက္ခမပေးတော့ပါဘူး၊ အသား သွားစားတော့မယ်" သူကပြောပြီး လှည့်ထွက်ခါနီးမှာ ရွှီထင်းရှန်းကို ကြည့်ပြီး ပြုံးပြတယ်။ "ညီလေး... ငါ ကြည့်ရတာတော့ မင်းက ရုပ်ရည်လည်း သန့်ပြန့်တယ်၊ ပါရမီလည်း ရှိတယ်၊ ဒီတစ်ခါတော့ သေချာပေါက် အောင်မှာပဲ"
"အတူတူအောင်ကြတာပေါ့"
"မင်းရဲ့ဆုတောင်းအတိုင်း ဖြစ်ပါစေ"
အဲဒီလိုပြောပြီးတော့ ဟိုလူက ပန်းကန်ကိုကိုင်ကာ ခေါင်းလေးတယိမ်းယိမ်းနဲ့ ထွက်သွားတယ်။ ပါးစပ်ကလည်း သီချင်းတအေးအေးနဲ့ပေါ့။ ဒါပေမဲ့ သေသေချာချာ နားထောင်ကြည့်ရင်တော့ သူဆိုနေတာက သီချင်းမဟုတ်ဘူး၊ 'တာရွှယ်' ကျမ်းကို ရွတ်နေတာ။
သီချင်းဆိုရင်တော့ စာမေးပွဲခန်းမကို စော်ကားတယ်ဆိုပြီး အရေးယူလို့ ရပေမဲ့၊ စာရွတ်နေတာကိုတော့ ဘယ်သူက တားရဲမှာလဲ။ ဘယ်သူမှ မတားရဲဘူးလေ။
ရွှီထင်းရှန်းက ရယ်လိုက်မိပြီး သူ့ကို စိုက်ကြည့်နေတဲ့ ရဲမက်ကို မော့ကြည့်ကာ ပြုံးပြီး မေးလိုက်တာပေါ့။ "ရဲမက်ကြီး... နည်းနည်းလောက် စားဦးမလား"
မျက်နှာမည်းရဲမက်က သူ့ကို ဒေါသတကြီး ကြည့်လိုက်တယ်။ "ပြဿနာ မရှာနဲ့၊ မဟုတ်ရင်တော့..."
မဟုတ်ရင်တော့ ကြည့်ထားလိုက် ဆိုတဲ့ ပုံစံမျိုးပေါ့။
ဟိုဘက်က စူးစူးစိုက်စိုက် ကြည့်နေတဲ့ကြားကပဲ ရွှီထင်းရှန်းက နေ့လယ်စာကို အေးအေးဆေးဆေး စားလိုက်တယ်။ အိုးတွေ၊ပန်းကန်တွေ ဆေးတာကိုတော့ အကျယ်မပြောတော့ဘူး၊ ပြန်ရောက်တော့ သူက မူကြမ်းစာရွက်ကို ပြန်ထုတ်ပြီး ဆက်ရေးတယ်။
နေဝင်သွားပြီး မှောင်စပြုတဲ့အထိ ရေးလိုက်တာ၊ နောက်ဆုံးတော့ မေးခွန်း ၇ ခုလုံး ပြီးသွားခဲ့ပြီ။
အဲဒီအချိန်မှာတော့ အတော်ကြာ တိတ်ဆိတ်နေတဲ့ လမ်းထဲမှာ ပြန်ပြီး စည်ကားလာတယ်။
113 07
ဒီနှစ်ရက်နဲ့ တစ်ညကို ဖြတ်သန်းပြီးတော့ လူတော်တော်များများက စာမေးပွဲခန်းမရဲ့ အခြေအနေကို ကျင့်သားရနေကြပြီ။ ပြီးတော့ ဒီအချိန်ဆိုရင် မေးခွန်းတွေလည်း အကုန်ရေးပြီးလောက်ပြီဆိုတော့ အချောသတ်ကူးဖို့ပဲ ကျန်တော့တာ။ စိတ်တွေ လျှော့လိုက်နိုင်တော့ အကုန်လုံးက အေးအေးဆေးဆေး ဖြစ်သွားကြတယ်၊ အချိန်ကိုလည်း အရင်လို မလောတော့ဘူး။ ဗိုက်ဆာရင်စား၊ အိပ်ချင်ရင်အိပ်ပေါ့၊ ညစာစားချိန်ရောက်တော့ အကုန်လုံး အပြင်ထွက်ပြီး ချက်ကြပြုတ်ကြတာပေါ့။
ညစာကို ခေါက်ဆွဲပဲ စားပြီးတော့ ရွှီထင်းရှန်းက ထုံးစံအတိုင်း ပန်းကန်သွားဆေးတယ်။
ပြန်လာတဲ့အချိန်မှာ သူက ခဏနေရင် ကျိုသောက်ဖို့ဆိုပြီး ရေအိုးလေးတစ်လုံးကို ကိုင်လာခဲ့တယ်။
လမ်းကလည်း ကျဉ်း၊ လူတွေကလည်း သွားလာနေကြတာဆိုတော့ သူက အိုးလေးကို သေသေချာချာ ကာကွယ်ပြီး သယ်လာတာ၊ ဒါပေမဲ့လည်း တစ်ယောက်ယောက်နဲ့ တိုက်မိသွားခဲ့တယ်။။ သူ့ကို တိုက်မိတဲ့သူကတော့ ဟိုမျက်နှာမည်း ရဲမက်ပေါ့၊ အိုးထဲက ရေတွေက သူ့ရဲ့ တစ်ကိုယ်လုံးကို စိုရွှဲသွားစေတာ။
"လမ်းလျှောက်တာကို သေသေချာချာ မကြည့်ဘူးလား၊ ဘာဖြစ်သွားသေးလဲ"
ဘေးပတ်ဝန်းကျင်က ကျောင်းသားတွေ အကုန်လုံးက လှမ်းကြည့်ကြပြီး သနားတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတာ။ တချို့ကျောင်းသားတွေဆိုရင် ကုန်းယွမ်ထဲကို အဝတ်အစား တစ်စုံတည်းနဲ့ လာကြတာလေ၊ သုံးရက်လုံး ဒါပဲ ဝတ်ရမှာ။ ဒီလိုအချိန်မှာ အဝတ်တွေ စိုသွားတော့၊ ဒီအတိုင်း တစ်ညလုံး အိပ်ရမှာကို ထားလိုက်ပါဦး၊ မနက်ဖြန်ကျရင် အအေးမိမှာ သေချာတယ်၊ ဒီလို ပုံစံမျိုးနဲ့ စာမေးပွဲ ဘယ်လို ဆက်ဖြေမှာလဲ။
မျက်နှာမည်း ရဲမက်ကတော့ ရွှီထင်းရှန်းကို ဘာမှမဖြစ်သလို ကြည့်နေပေမဲ့၊ သူ့မျက်လုံးတွေကတော့ ရွှီထင်းရှန်းရဲ့ စာအိတ်ဆီမှာပဲ ရှိနေတာ။
ရွှီထင်းရှန်းကတော့ အရမ်းကို လန့်သွားတဲ့ ပုံစံမျိုးနဲ့ စာအိတ်ထဲကနေ မှင်တွေပေပြီး ပျက်စီးနေတဲ့ မူကြမ်းစာရွက်တွေကို အမြန်ထုတ်ပြလိုက်တယ်၊ ပြီးတော့ အကျယ်ကြီး အော်လိုက်တော့တယ်။ "ငါ့ရဲ့မူကြမ်းတွေ ငါ တစ်နေ့နဲ့ တစ်ညလုံး ကြိုးစားပြီး ရေးထားတဲ့ မူကြမ်းတွေ ငါ အကုန်ရေးပြီးလို့ အချောသတ်ကူးဖို့ပဲ ကျန်တော့တာကို"
"အား…"
ဒါကို မြင်လိုက်ရတဲ့ ကျောင်းသားတွေက ပိုပြီးတော့တောင် သနားသွားကြတယ်။
နှစ်ရက်လုံးလုံး ကြိုးစားထားသမျှက တစ်ခဏလေးအတွင်းမှာ ပျက်စီးသွားပြီလေ။ ပြည်နယ်စာမေးပွဲက သုံးပွဲ၊ တစ်ပွဲကို သုံးရက်ဖြေရတာ မှန်ပေမဲ့၊ အဲဒီသုံးရက်ထဲမှာ မနေ့က နာမည်ခေါ်ပြီး ဝင်ရတဲ့ အချိန်ကိုလည်း ထည့်တွက်ထားတာ။ ဆိုလိုတာက မနက်ဖြန် နေမဝင်ခင်မှာ အပြင်ကို ထွက်ရမှာဆိုတော့၊ အချိန်က တစ်နေ့နဲ့ တစ်ညပဲ ကျန်တော့တာပေါ့။ ပြီးတော့ ဆောင်းပါးဆိုတာက စိတ်ပါတဲ့အချိန်မှာ တစ်ခါတည်း ရေးရတာ၊ နောက်တစ်ခါ ပြန်ရေးရင် အရင်လောက် ကောင်းပါ့မလား ဘယ်သူ သိမှာလဲ။ ပထမဆုံးနေ့က ကျောင်းသားတွေရဲ့အင်အားက အကောင်းဆုံး အချိန်လေ၊ အဲဒီအချိန်မှာ ရေးတဲ့စာက နောက်ပိုင်းတွေထက် ပိုကောင်းတာပေါ့။
"မင်းက ငါ့ကို လာတိုက်တာလေ၊ ငါက တိုက်တာ မဟုတ်ဘူး"
မျက်နှာမည်း ရဲမက်က မကျေမနပ်နဲ့ ပြောလိုက်တယ်။
အသံတွေ ကြားလို့ တခြားရဲမက်တွေလည်း ရောက်လာပြီး ဘာဖြစ်တာလဲလို့ လိုက်မေးကြတော့တယ်။ ရွှီထင်းရှန်းကတော့ ငိုသံပါကြီးနဲ့ ဘယ်လိုဖြစ်တာလဲဆိုတာကို ရှင်းပြနေတာ၊ လက်ထဲက မှင်ပေနေတဲ့ စာရွက်တွေကိုလည်း နှမြောလွန်းလို့ မလွှတ်နိုင်ဘူး ဖြစ်နေရင်း မိဘဆုံးရှုံးရသလိုမျိုးကို ဝမ်းနည်းနေတာ။
"ဒါကတော့ မတော်တဆ ဖြစ်သွားတာပါ၊ သူလည်း တမင်လုပ်တာ မဟုတ်ပါဘူး။ မင်းမှာ လဲမယ့် အဝတ်အစား ပါသလား။ အမြန်ပဲ အခန်းထဲပြန်ပြီး လဲလိုက်ဦး၊ မဟုတ်ရင် ညလေတိုက်ရင် အအေးမိသွားလိမ့်မယ်။ အချိန်က နှစ်ရက် ကျန်သေးတာပဲ၊ ပြန်ရေးလိုက်ပေါ့"
ဒါထက် ပိုပြီး ဘာလုပ်လို့ ရဦးမှာလဲ။ ဒီအတိုင်းပဲ လုပ်ရမှာပေါ့။
113 08
ရွှီထင်းရှန်းက အခန်းထဲ ပြန်ဝင်၊ အပြာရောင် ကာကာလေးကို ချလိုက်ပြီး၊ ခဏနေတော့ အဝတ်အစား လဲလိုက်တယ်။ အဲဒီနောက်မှာတော့ ဖယောင်းတိုင်ကို ထွန်းပြီး ညဘက်အထိ အလုပ်လုပ်နေတော့တယ်။ သူက တစ်ခါတလေကျရင် သက်ပြင်းတွေ အရှည်ကြီး ချလိုက်၊ တစ်ခါတလေကျရင် မူကြမ်းစာရွက်တွေကို လိပ်ပြီး လွှင့်ပစ်လိုက်နဲ့ပေါ့။ စာမေးပွဲ အတွေ့အကြုံ ရှိတဲ့သူတွေကတော့ သိတာပေါ့၊ ဒီလို အခြေအနေမျိုးနဲ့ဆိုရင်တော့ ဒီတစ်ခါတော့ မလွယ်တော့ဘူး၊ မေးခွန်းတွေ ကုန်အောင် ရေးနိုင်ပါ့မလားဆိုတာတောင် မသေချာတော့ဘူးလေ။
ခဏချင်းမှာပဲ သနားတဲ့သူတွေရော၊ မကောင်းကြံတဲ့သူတွေရော တစ်ယောက်တစ်မျိုး ပြောနေကြတော့တယ်၊ ဒါတွေကိုတော့ အသေးစိတ် မပြောတော့ပါဘူးလေ။
နောက်တစ်နေ့မှာလည်း ရွှီထင်းရှန်းက ဒီလိုပုံစံမျိုးပဲ ရှိနေခဲ့တာ။ သူ့ရှေ့ကနေ ဖြတ်သွားတဲ့သူတွေကလည်း ခေါင်းခါပြီး သက်ပြင်းချသွားကြတယ်။ အခန်း အမှတ် ၁၃ကလည်း တစ်ခေါက် ရောက်လာခဲ့သေးတယ်၊ ရဲမက်တွေ ဆူမှာကိုတောင် ဂရုမစိုက်ဘဲ သူ့ကို လာပြီး နှစ်သိမ့်စကား ပြောသွားတာ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ အားနာတဲ့ အရိပ်အယောင်တွေ အများကြီး ရှိနေခဲ့တာ၊ မျက်နှာမည်း ရဲမက်က သူ့ကြောင့်နဲ့ ရွှီထင်းရှန်းကို လက်စားချေလိုက်တာလို့ သူက ထင်နေတာကိုး။
တကယ်တော့ တတိယမြောက်နေ့ မနက်ပိုင်းမှာတင် ကျောင်းသားတော်တော်များများက စာရွက်တွေ အပ်ကုန်ကြပြီ။ ချန်ကျန်းကလည်း အဲဒီအချိန်မှာပဲ စာရွက်အပ်ခဲ့တာ၊ ဒါပေမဲ့ သူက အပြင်ကို မထွက်သေးဘဲ တခြားသူတွေကိုလည်း စောင့်နေခဲ့တယ်။
နေ့လယ်ဘက်မှာတော့ ဒုတိယအသုတ် လူလွှတ်ပေးတယ်၊ အဲဒီအချိန်မှာ ဆရာလင်းမြောင်နဲ့ မြောက်ဘက်တောင်တန်း ကျောင်းတော်က တခြားကျောင်းသားတွေ ပင်ပန်းနွမ်းနယ်စွာနဲ့ ထွက်လာတာကိုပဲ မြင်လိုက်ရတယ်။ လီတာ့ထျန်၊ မောက်ပါ့သိုနဲ့ ရွှီထင်းရှန်းတို့ကိုတော့ မမြင်ရသေးဘူး။
ချန်ကျန်းရဲ့ ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေ တိုးလာခဲ့တယ်။ သူ ထင်ထားတာကတော့ ထင်းရှန်းက သူ့ထက်တောင် စောထွက်လာမှာပါဆိုပြီးတော့ပေါ့၊ အခုတော့ ဒီလောက်ကြာတဲ့အထိ ထွက်မလာသေးဘူးဆိုတော့ တစ်ခုခု ဖြစ်လို့လားလို့ သူ တွေးနေမိတာ။
ဒါကြောင့်ပဲ သူက ပင်ပန်းနေပေမဲ့လည်း မပြန်သေးဘဲ ဇွဲကောင်းကောင်းနဲ့ စောင့်နေခဲ့တာ။ ဒါကိုမြင်တော့ ဆရာလင်းမြောင်က တခြားသူတွေကို အရင်ပြန်ခိုင်းလိုက်ပြီး သူကိုယ်တိုင်လည်း ချန်ကျန်းနဲ့အတူ ဆက်ပြီး စောင့်နေပေးခဲ့တယ်။
ညနေ ၃ နာရီကျော် ကျတော့ တတိယအသုတ် ထွက်လာတယ်၊ အဲဒီမှာတော့ လီတာ့ထျန်နဲ့ မောက်ပါ့သိုတို့ ပါလာခဲ့ပြီ။
နှစ်ယောက်လုံးက မျက်နှာတွေ ညှိုးနေပြီး ဆရာနဲ့ ချန်ကျန်းတို့ စောင့်နေတာ မြင်တော့ သူတို့လည်း အားနာသွားကြတယ်။ ဒါပေမဲ့ ခဏနေတော့ ရွှီထင်းရှန်း မပါတာကို သိသွားကြတယ်၊ လူက ဘယ်မှာလဲ။
အခုထိ ထွက်မလာသေးဘူး။
ချန်ကျန်းဆီကနေ အကျိုးအကြောင်း ကြားလိုက်ရတော့ နှစ်ယောက်လုံး မျက်နှာပျက်သွားကြပြီး - တစ်ခုခုတော့ ဖြစ်ပြီလို့ တွေးလိုက်ကြတယ်။
ညနေစောင်းသွားတော့ စတုတ္ထအသုတ်ကို လွှတ်ပေးပြန်တယ်၊ ဒါပေမဲ့ ရွှီထင်းရှန်းကိုတော့ အခုထိ မမြင်ရသေးဘူး။ အခုတော့ သံသယ ဖြစ်စရာ မလိုတော့ဘူး၊ တစ်ခုခုဖြစ်လို့သာ ရွှီထင်းရှန်းက စာမေးပွဲခန်းထဲကနေ ထွက်မလာနိုင်တာ သေချာပြီ။
"ဆရာ... ဘယ်လိုလုပ်ကြမလဲ"
ဆရာလင်းမြောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။ "ခဏထပ်စောင့်ဦး၊ နောက်ဆုံး လူစစ်တဲ့ အချိန်ကျရင်တော့ ထင်းရှန်း ထွက်လာမှာပါ။ မင်းတို့ စိတ်မပူနဲ့၊ ငါတို့ မြောက်ဘက်တောင်တန်း ကျောင်းတော်က သူတစ်ပါးကို အရင်သွားပြီး ပြဿနာမရှာဘူး၊ ဒါပေမဲ့ ငါတို့ကို လာပြီး အနိုင်ကျင့်ရင်တော့ လုံးဝ လွှတ်ထားမှာ မဟုတ်ဘူး"
113 09
ဒါဟာ အမြဲတမ်း သဘောကောင်းလှတဲ့ ဆရာလင်းမြောင် ပြောဖူးသမျှ စကားတွေထဲမှာ အပြင်းထန်ဆုံး စကားပဲ ဖြစ်ရမယ်။
တာဝန်ခံ ဟိုလေးကလည်း ဘေးမှာ ရှိနေတာဆိုတော့ ဝင်ပြောတော့တယ်။ "ဆရာ ပြောတာ မှန်ပါတယ်၊ ကျွန်တော်တို့ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလည်း အနိုင်ကျင့်ခံမယ့်သူတွေ မဟုတ်ဘူး"
ကုန်းယွမ်ထဲမှာတော့ ရွှီထင်းရှန်းက နောက်ဆုံး စာလုံးကို ရေးလို့ ပြီးသွားခဲ့ပြီ။
သူက အပြင်မှာ စောင့်နေတဲ့ အခန်း အမှတ် ၁၃ ကို အားနာတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ အမှတ် ၁၃ က သူ့ရဲ့ စာရွက်ကို အပ်ပြီးသားလေ၊ ဒါပေမဲ့ သူက အပြင်ကို မထွက်သွားဘဲ ဒီမှာတင် အမြဲ စောင့်နေခဲ့တာ။ ရဲမက်တွေက ဘယ်လောက်ပဲ ခြိမ်းခြောက် ခြိမ်းခြောက်၊ သူကတော့ မတုန်မလှုပ်ဘဲ နေခဲ့တာ။
အဓိကကတော့ အဲဒီရဲမက်တွေလည်း သူ့ကို ဘာမှလုပ်လို့မရတာပဲ။ ကုန်းယွမ်ရဲ့ စည်းကမ်းမှာ စာမေးပွဲပြီးရင် ချက်ချင်း ထွက်ရမယ်လို့ မပါတာကိုး၊ အဲဒါကိုပဲ အမှတ် ၁၃ က အခွင့်ကောင်းယူပြီး နေနေခဲ့တာ။
ဒီလိုနဲ့ သူက ရွှီထင်းရှန်းကို တစ်ညနေလုံး အဖော်လုပ်ပေးခဲ့တာက ညနေ မှောင်တဲ့အထိပဲ။
လူစစ်တဲ့ ရဲမက်တွေက ဒီဘက်ကို လျှောက်လာနေကြပြီဆိုတော့မှ ရွှီထင်းရှန်းက မတ်တတ်ရပ်လိုက်တယ်။ "မင်းကတော့ တကယ်ပဲ ဇွဲကောင်းတာပဲ"
"ဒါက ငါ့ဘာသာငါ လုပ်တာပါ၊ မင်းနဲ့ မဆိုင်ပါဘူး" အမှတ် ၁၃ က ပြန်ဖြေလိုက်တယ်။
ရွှီထင်းရှန်းက ခေါင်းခါရင်း ပြုံးလိုက်ပြီး အသံကို မြှင့်ကာ အော်လိုက်တယ်။ "စာရွက်အပ်မယ်"
"မင်း နောက်ဆုံးတော့ အပ်ပြီပေါ့။ မင်းထက် ပိုပြီးအချိန်ဆွဲတဲ့သူတော့ တစ်ခါမှ မမြင်ဖူးဘူး၊ မင်းက နောက်ဆုံးလူပဲ" ရဲမက်က ပြောလိုက်တယ်။
******
114 01
အခန်း (၁၁၄)
စာရွက်သိမ်းတဲ့ ရဲမက်တွေနဲ့အတူ စာမူလက်ခံတဲ့ အရာရှိပါ ရောက်လာခဲ့တယ်။ ရွှီထင်းရှန်းက အဲဒီလူကိုပဲ စောင့်နေခဲ့တာ။ အရင်ကတော့ စာရွက်အပ်တဲ့သူတွေ များလွန်းလို့ ရဲမက်တွေကပဲ ကိုယ်စားသိမ်းပေးပြီး အရာရှိဆီ လွှဲပေးတာလေ။ ဒါပေမဲ့ လူစစ်တဲ့ အချိန်နား နီးလာရင်တော့ အရာရှိကိုယ်တိုင် ထွက်သိမ်းတာဖြစ်တယ်။ ရွှီထင်းရှန်းက သူ့စာရွက်ကို တစ်ယောက်ယောက်က လက်ဆော့မှာ မလိုလားဘူး။ "အရင်ရေးထားတဲ့ မူကြမ်းက ရေစိုသွားလို့ စာပြန်ကူးနေရတာနဲ့ နည်းနည်း နောက်ကျသွားတာပါ" သူက ရိုရိုသေသေ ပြောလိုက်တယ်။ အရာရှိက သူ့ကို တစ်ချက်ကြည့်ပြီး ပြန်ပြောတယ်။ "မီသေးတာပဲ၊ သိပ်လည်း မနောက်ကျပါဘူး"
ရွှီထင်းရှန်းက အရိုအသေပေးပြီးတော့မှ အခန်းအမှတ် ၁၃ နဲ့အတူ ကုန်းယွမ်အပြင်ဘက်ကို ထွက်လာခဲ့တယ်။ ရဲမက်နှစ်ယောက်က သူတို့ ကုန်းယွမ်ထဲကနေ တကယ်ထွက်သွားဖို့ သေချာအောင် နောက်ကနေ လိုက်လာကြပြီး နဂါးတံခါးကို ကျော်တော့မှ အဲဒီရဲမက်တွေ ပြန်လှည့်သွားကြတယ်။
ကုန်းယွမ် တံခါးကြီးက သူတို့နောက်မှာ ပိတ်သွားတော့မှ၊ ယွဲ့ပုတန်းက ရွှီထင်းရှန်းကို မေးတယ်။ "မင်းက တမင် အချိန်ဆွဲနေသလိုပဲ၊ ပြောရခက်တဲ့ အကြောင်းရင်း ရှိလို့လား"
ရွှီထင်းရှန်းက ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"အစ်ကို့ကိုတော့ ဖုံးလို့မရဘူးပဲ၊ ကျွန်တော်လည်း မတတ်သာလို့ပါ"
"သတိထားတာကတော့ မမှားပါဘူး၊ ဒီရဲမက်တွေက တကယ့်ကို ယုတ်မာတာ၊ ဒီလို နည်းလမ်းညစ်တွေကို သုံးရတယ်လို့၊ တကယ့်ကို ရွံစရာပဲ" ယွဲ့ပုတန်းက ပြောရင်း အံကြိတ်လိုက်တယ်။ ရွှီထင်းရှန်းကတော့ ရှင်းပြဖို့ ခက်တာလည်း ပါသလို၊ တစ်ဖက်လူကိုပါ ပတ်သက်သွားမှာ စိုးတာကြောင့် အားနာပေမဲ့ အမှန်အတိုင်းတော့ မပြောပြလိုက်ပါဘူး။ "ဒါပေမဲ့ မင်း ဒီနေ့ ငါ့ကို တမင်စောင့်နေတော့၊ ဟိုရဲမက်တွေက မင်းကို ရန်ငြိုးထားပြီး နောက်ပွဲတွေမှာ ဒုက္ခပေးမှာ စိုးရတယ်" သူက ထပ်ပြောလိုက်တယ်။
"မင်းက ငါ့ကြောင့်နဲ့တောင် အငြိုးခံလိုက်ရသေးတာ မဟုတ်လား" ယွဲ့ပုတန်းက ရယ်မောပြီး ရွှီထင်းရှန်း ပခုံးကို ပုတ်လိုက်တယ်။ "မင်းက ငယ်သေးတော့ ပထမဆုံးအကြိမ် ဖြေတာ ဖြစ်မှာပါ၊ အကြိမ်များလာရင် သိလာလိမ့်မယ်၊ ဒီလူတွေက စက္ကူကျားတွေပါပဲ။ မင်းသာ မသမာမှု မလုပ်ဘူး၊ စည်းကမ်းမဖောက်ဘူး၊ ပြီးတော့ မျက်နှာကလည်း နည်းနည်း အသားထူတယ်ဆိုရင် သူတို့ မင်းကို ဘာမှ မလုပ်ရဲပါဘူး။ ဟိုလူတွေ အနှိမ်ခံရတာကတော့ မျက်နှာ အရေခွံ မထူလို့ပါပဲ"
ရွှီထင်းရှန်းလည်း ပြန်စဉ်းစားကြည့်တော့ ဟုတ်နေတာပဲ။ ရဲမက်တွေက စာမတတ်တဲ့သူတွေဆိုတော့ သိက္ခာကို သိပ်ဂရုမစိုက်ကြဘူးလေ။ ပညာတတ်တွေကျတော့ ငတ်သေတာက ကိစ္စရှိဘူး၊ သိက္ခာကျတာက ပိုကြီးတယ်လို့ ယူဆကြတော့ အမြဲအရှုံးပေးနေရတာကိုး။ သူက ပြုံးလိုက်ပြီး ပြောလိုက်တယ်။ "အဲဒီလို ဆိုပေမဲ့လည်း သတိထားတာတော့ အကောင်းဆုံးပေါ့၊ မင်းရဲ့နည်းလမ်းက လူကြီးလူကောင်းတွေကိုပဲ တားလို့ရတာ၊ လူယုတ်မာတွေကိုတော့ တားလို့မရဘူးလေ"
"ဟုတ်ပါ့ မင်းပြောတာ မှန်တယ်၊ နောက်နှစ်ပွဲမှာတော့ ပိုပြီး သတိထားရမယ်။ ဒါပေမဲ့ ငါက သူတို့ကို အထင်သေးတာ မဟုတ်ဘူးနော်၊ ဒီလိုလူတွေက ငါတို့လို စာတတ်ပေတတ်တွေနဲ့ ဉာဏ်ကစားမယ်ဆိုရင် အယောက် တစ်ရာတောင် ငါတို့ကို မယှဉ်နိုင်ပါဘူး" ယွဲ့ပုတန်းက ဆိုတယ်။ စကားပြောနေတုန်းမှာပဲ တံခါးဝမှာ စောင့်နေတဲ့ ဆရာလင်းမြောင်တို့က ရွှီထင်းရှန်းကို မြင်ပြီး အပြေးအလွှား လာကြတယ်။ ရွှီထင်းရှန်းက ဟိုဘက်ကို ပြုံးပြလိုက်ပြီး ယွဲ့ပုတန်းကို ပြောလိုက်တယ်။ "ကျွန်တော့်ဆရာနဲ့ သူငယ်ချင်းတွေ လာနေပြီ"
ယွဲ့ပုတန်းက ခေါင်းညိတ်ပြီး "ဒါဆို မနက်ဖြန်မှ ပြန်ဆုံတာပေါ့။ ဒါနဲ့... ငါ့မျိုးရိုးက ယွဲ့၊ အမည်က ပုတန်း၊ လူတွေကတော့ ပုတန်းဆရာကြီး လို့ ခေါ်ကြတယ်"
"ကျွန်တော့် မျိုးရိုးက ရွှီ၊ အမည်က ထင်းရှန်းပါ၊ ငယ်မည်ရော ကြီးမည်ရော အတူတူပါပဲ" ရွှီထင်းရှန်းက ပြန်မိတ်ဆက်လိုက်တယ်။ နှစ်ယောက်သား နှုတ်ဆက်ပြီးတော့ ယွဲ့ပုတန်းက ထွက်သွားတယ်။ မောက်ပါ့သို ရောက်လာပြီးတော့ သိချင်စိတ်နဲ့ မေးတော့တယ်။ "ထင်းရှန်း... အဲဒါ ဘယ်သူလဲ"
"ကုန်းယွမ်ထဲမှာ သိခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ပါ" ရွှီထင်းရှန်းက ယွဲ့ပုတန်းရဲ့ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်တယ်။
114 02
သူက ဒီလူအကြောင်းကို သိတာပေါ့၊ နာမည်ကို ကြားလိုက်ရတော့မှ အခန်း အမှတ် ၁၃ဟာ အရင်ဘဝတုန်းက နာမည်ကြီးခဲ့တဲ့ ယွဲ့ပုတန်းမှန်း သိလိုက်ရတာလေ။ အပြင်လူတွေကတော့ သူ့ကို စိတ်ဓာတ် ပွင့်လင်းတယ်၊ တရားမျှတတယ်၊ ဒါပေမဲ့ မောက်မာတယ်လို့ ပြောကြတာပေါ့။ ဒါပေမဲ့ သူက မောက်မာဖို့အတွက်လည်း အရင်းအနှီး ရှိတာလေ။ သုံးနှစ်သားမှာ စာစသိတယ်၊ ငါးနှစ်သားမှာ ကဗျာစပ်တယ်၊ ၁၄ နှစ်မှာ ရှို့ချိုင်အောင်ခဲ့တော့ ရှန်းရှီးရဲ့နံပါတ်တစ် ပါရမီရှင် လို့တောင် အမည်တွင်ခဲ့တာကိုး။ ပန်းချီဆွဲတဲ့နေရာမှာလည်း လက်ရာက အရမ်းကောင်းတော့ ပန်းချီချစ်သူတွေက ဝိုင်းပြီး အားပေးကြတာ၊ လင်ကဗျာ ရေးတဲ့နေရာမှာလည်း ဆရာတစ်ဆူပဲလေ။
ဒါပေမဲ့ ပါရမီရှင်တွေက အသက်တိုတယ်လို့ပဲ ပြောရမလား၊ ဒါမှမဟုတ် ဘဝက မပြည့်စုံဘူးလို့ပဲ ဆိုရမလား၊ သူက ရှို့ချိုင်အောင်ပြီးကတည်းက စာမေးပွဲတွေ ဆက်တိုက်ကျနေပြီး၊ အသက်ငယ်ငယ်နဲ့လည်း ဆုံးသွားမှာလေ။ ရွှီထင်းရှန်းက သူ့အကြောင်း သိတာကလည်း ယွဲ့ပုတန်း ဆုံးပြီးနောက်ပိုင်းမှ သူ့ရဲ့ ပန်းချီကားတွေက တိုင်းပြည်တစ်ခုလုံးမှာ အရမ်းခေတ်စားသွားပြီး သူလည်း နာမည်ကြီးသွားတာကိုး။ နှမြောစရာကတော့ လူက သေသွားပြီဆိုတော့ ဒီလို ဂုဏ်သတင်းတွေကို မခံစားသွားရရှာဘူးပေါ့။ အခုအချိန်မှာတော့ ယွဲ့ပုတန်းဟာ စာမေးပွဲ ခဏခဏ ကျနေတဲ့ ရှို့ချိုင်ဆင်းရဲလေး တစ်ယောက်အနေနဲ့ပဲ လူတွေရဲ့ လှောင်ပြောင်တာကို ခံနေရတုန်းပဲလေ။
"ဒါနဲ့ ထင်းရှန်း... ဒီနေ့ ဘာလို့ ဒီလောက်တောင် နောက်ကျမှ ထွက်လာရတာလဲ၊ ကုန်းယွမ်ထဲမှာ တစ်ခုခု ဖြစ်လို့လား" ချန်ကျန်းက မေးလိုက်တယ်။ သူ့ကို စိုးရိမ်တကြီး ကြည့်နေတဲ့ သူငယ်ချင်းတွေကို မြင်တော့ ရွှီထင်းရှန်းရဲ့ ရင်ထဲမှာ နွေးထွေးသွားခဲ့ပြီး ပြန်ဖြေလိုက်တယ်။ "ငါလည်း ကံမကောင်းပါဘူး၊ မူကြမ်းတွေ ရေးပြီးကာမှ မတော်တဆ ပျက်စီးသွားလို့ အစကနေ ပြန်ရေးနေရတာနဲ့ နောက်ကျသွားတာ၊ မင်းတို့ကို စောင့်ခိုင်းမိပြီ"
ဆရာလင်းမြောင်တို့လည်း စိတ်အေးသွားကြပြီး စိတ်မကောင်းမဖြစ်ဖို့ ချော့ကြတယ်။ ဒါပေမဲ့ ချန်ကျန်းကတော့ မျက်မှောင်ကြုတ်နေတယ်၊ တခြားသူတွေ မသိပေမဲ့ သူကတော့ သိတာပေါ့၊ ထင်းရှန်းမှာ တစ်ခါမြင်ရင် မမေ့တဲ့ ပါရမီ ရှိတာလေ၊ မူကြမ်းပျက်သွားရင်တောင် ဒီလောက်အထိတော့ မနောက်ကျနိုင်ဘူးလေ။ ပြောရခက်တဲ့ အကြောင်းရင်း တစ်ခုခု ရှိနေတာလားလို့ သူ တွေးနေမိရင်း ဘာလို့ ပျက်စီးသွားတာလဲလို့ သူက ထပ်မေးတော့၊ ရွှီထင်းရှန်းလည်း ရင်ထဲမှာ သက်ပြင်းချလိုက်ပြီး အကုန်လုံးတော့ မဟုတ်ပေမဲ့ အကျိုးအကြောင်းကို ပြောပြလိုက်တယ်။
ဒါပေမဲ့ တစ်ယောက်ယောက်က သူ့ကို စောင့်ကြည့်နေတာရယ်၊ တမင် မူကြမ်းကို ဖျက်ဆီးလိုက်တာရယ်၊ ပြီးတော့ သူ့ရဲ့သံသယတွေကိုတော့ ဖုံးထားခဲ့တယ်။ "တော်သေးတာပေါ့ မူကြမ်းပဲ စိုသွားလို့၊ တကယ်လို့ စာမေးပွဲ စာရွက်သာ စိုသွားရင်တော့ ထင်းရှန်းရေ... သွားပြီပဲ" မောက်ပါ့သိုက ရင်တမတမနဲ့ ပြောတော့တယ်။ ရွှီထင်းရှန်းက ပြုံးပဲ နေလိုက်တယ်။ သူက တမင်လုပ်ခဲ့တာလို့တော့ ဘယ်ပြောလို့ ကောင်းပါ့မလား။ တစ်ဖက်လူက လက်ပါလာအောင်လို့ သူက မူကြမ်းစာရွက်ကို စာအိတ်ထဲ မထည့်ဘဲ တမင်အပြင်ထုတ်ထားခဲ့တာလေ။ စာအိတ်က ရေမဝင်အောင် လုပ်ထားတာဆိုတော့ စာရွက်ကတော့ မစိုဘူး၊ မူကြမ်းပဲ ပျက်သွားတာပေါ့။
သူ အဲဒီလို လုပ်တာကတော့ တစ်ဖက်လူကို အာရုံလွှဲဖို့ပဲ၊ သူ ဒုက္ခရောက်သွားပြီလို့ ထင်သွားရင် နောက်ပိုင်းမှာ ထပ်လုပ်မှာ မဟုတ်တော့ဘူးလေ။ သူက ဒီလူတွေကို မကြောက်ပေမဲ့ အခု အရေးကြီးဆုံးက ပြည်နယ်စာမေးပွဲ ဖြစ်နေတာကိုး။ ချန်ကျန်းလိုပဲ စဉ်းစားနေတဲ့သူကတော့ ဟိုလေး ပေါ့၊ သူက အတွေ့အကြုံ ရင့်ကျက်တဲ့သူဆိုတော့ ဆရာလင်းမြောင်တို့ထက် ပိုပြီးရိပ်မိတယ်။ ဒါပေမဲ့ ရွှီထင်းရှန်းက တမင်လိမ်တယ်လို့ သူ မထင်ပါဘူး၊ ငယ်သေးလို့ နည်းလမ်းတွေကို သိပ်မသိသေးတာပဲ ဖြစ်မှာပါလို့ပဲ တွေးလိုက်တာ။
အဲဒီနောက်မှာတော့ အကုန်လုံး တည်းခိုခန်းကို ပြန်၊ အဝစားပြီး အနားယူလိုက်ကြတော့တယ်။ နောက်တစ်နေ့ မိုးမလင်းခင်မှာပဲ အကုန်လုံး ပထမဆုံးပွဲတုန်းကလိုပဲ ကုန်းယွမ်ကို ထွက်လာခဲ့ကြပြန်ရော။ လမ်းကို သိနေကြပြီဖြစ်သလို မသမာမှု လုပ်ချင်တဲ့သူတွေလည်း ပထမဆုံးပွဲမှာတင် အနှင်ခံလိုက်ရပြီဆိုတော့ ဒီတစ်ခါ ဝင်ရတာက အရင်ကထက် အများကြီး ပိုမြန်ခဲ့တယ်။ ရွှီထင်းရှန်း သူ့အခန်းကို ရောက်တဲ့အချိန်မှာ မနက် ၁၀ နာရီလောက်ပဲ ရှိသေးတာ။
သူက ထုံးစံအတိုင်း ပစ္စည်းတွေကို အရင် နေရာချတယ်၊ အားတဲ့အချိန်မှာ အခန်းတစ်ခုလုံးကို ဝေ့ကြည့်လိုက်တော့၊ အခန်းရဲ့အမိုးပေါ်မှာ အပေါက် သေးသေးလေး အချို့ကို တွေ့လိုက်ရတာပဲ။ အစကတော့ မသိသာဘူး၊ ဒါပေမဲ့ ဒီနေ့က မိုးအုံ့နေသလို အခန်းကလည်း ကျဉ်းတော့၊ အထဲကနေ အပေါ်ကို မော့ကြည့်ရင်တော့ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ သူက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်တယ်၊ ဒါက ဟိုရဲမက်က သူ့အပေါ် ရန်ငြိုးထားလို့ တမင်လုပ်တာလား၊ ဒါမှမဟုတ် အထက်က ခိုင်းလို့လားဆိုတာ သူ မသေချာဘူး။
114 03
ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါဟာ ဆူးနဲ့ အထိုးခံရတာ ပါပဲ၊ ကိုယ်က နစ်နာပေမဲ့ ဘယ်သူ့ကိုမှ သွားတိုင်လို့ မရဘူးလေ။ ကုန်းယွမ်ထဲက အခန်းတွေက တစ်ခန်းနဲ့တစ်ခန်း မတူဘူး၊ အရှေ့နားက အခန်းတွေက လူကြီးတွေရဲ့မျက်စိအောက်မှာဆိုတော့ ပိုကျယ်ပြီး အမိုးတွေကလည်း လုံတာပေါ့။ အနောက်ကို ရောက်လေလေ၊ အခန်းတွေက ခိုးပြီး ဆောက်ထားသလိုမျိုး ဖြစ်လာတာ။ အိမ်သာနားက အခန်းတွေဆိုရင် ခါးတောင် မတ်လို့ မရဘူး၊ အမိုးယိုတဲ့ အခန်းတွေဆိုရင်လည်း မနည်းဘူးလေ။ မင်းက အမိုးပေါ်မှာ အုတ်ကြွပ်ပြား နှစ်ချပ်လောက် ကွဲနေတာနဲ့တော့ ဘယ်သူ့ကိုမှ သွားပြီး တရားစွဲလို့ မရဘူးလေ။ တိုင်ချင်ရင်တော့ ရတယ်၊ ဒါပေမဲ့ စာမေးပွဲ မဖြေဘဲ ထွက်သွားရမှာ။
ရွှီထင်းရှန်း အခု ဆုတောင်းရမှာကတော့ မိုးမရွာဖို့ပဲ၊ မိုးသာ ရွာရင်တော့ ကျန်တဲ့ နှစ်ရက်ကတော့ မလွယ်ဘူးလေ။ ဒုတိယပွဲ စာရွက်တွေကိုတော့ စောစော ဝေပေးတာကြောင့် ညနေစောင်းမှာတင် ရလိုက်တယ်။ ဒီပွဲကတော့ အုပ်ချုပ်ရေး၊ ဥပဒေနဲ့ အမိန့်စာတွေ ရေးရတာ။ ဒီမေးခွန်းတွေက လက်ရှိ အခြေအနေတွေကို မေးတာကြောင့် သူ့အတွက်တော့ မခက်ပါဘူး၊ ရွှီထင်းရှန်းက အရင်ကလည်း အုပ်ချုပ်ရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အများကြီး ဖတ်ထားသလို၊ အိပ်မက်ထဲမှာလည်း အရာရှိဘဝနဲ့ နှစ်ပေါင်းများစွာ နေခဲ့ဖူးတော့၊ သူ့ရဲ့ အတွေ့အကြုံတွေက လောက်ငတာထက်တောင် ပိုနေသေးတာ။ ဒါပေမဲ့ မူကြမ်းကို အရင်ရေး၊ ဘာမှ မမှားတော့ဘူးဆိုမှ စာရွက်ပေါ်ကို ပြန်ကူးရတာကြောင့် အချိန်ကတော့ နည်းနည်း ပေးရတယ်။
စာရေးနေတုန်းမှာပဲ ရွှီထင်းရှန်းက အပြင်က ရဲမက်ကို မသိမသာ အကဲခတ်နေတာ။ လူကတော့ ပြောင်းသွားတယ်၊ ဒါပေမဲ့ အဲဒီရဲမက်တွေက အခန်း အမှတ် ၈ နေရာကိုပဲ သဘောကျနေပုံရတယ်၊ တစ်ယောက်ပြီး တစ်ယောက် အဲဒီမှာပဲ မြဲမြဲရပ်နေကြတာ၊ သူတို့ရဲ့ဇွဲကိုတော့ ချီးကျူးရမှာပဲ။ ညနေစောင်းတော့ မိုးရွာလာခဲ့ပြီ။ ဆောင်းဦးပေါက်ခါစဆိုတော့ မိုးရွာရင် အေးစက်နေတဲ့ လေတွေက အခန်းထဲကို တိုးဝင်လာတာပေါ့။ ကျောင်းသားတော်တော်များများက မခံနိုင်တော့ဘဲ အင်္ကျီထပ်ဝတ်ပြီးမှ ဆက်ရေးကြရတာလေ။ ရွှီထင်းရှန်းကတော့ သူတို့လို မကံကောင်းဘူးပေါ့၊ အပြင်မှာ မိုးရွာရင် အထဲမှာလည်း မိုးလိုက်ရွာနေတာလေ။
သူလည်း ကမန်းကတန်းပဲ အစောကြီးကတည်းက ပြင်လာတဲ့ ဆီစိမ်ပုဝါကို ထုတ်၊ သံနဲ့ သံတူကို ယူပြီး အုတ်ခုံပေါ်တက်ကာ ဒုန်းဒုန်းဒုန်းနဲ့ အမိုးမှာ ရိုက်လိုက်တယ်။ ဆီစိမ်ပုဝါ ရှိနေတော့ အပေါ်ကကျတဲ့ မိုးဒဏ်ကိုတော့ မကြောက်ရတော့ဘူး။ အပြင်ဘက်ကိုတော့ ထီးကို ဖွင့်ပြီး အပြာရောင် အကာရဲ့ အပြင်မှာ ချထားလိုက်တော့ မိုးပက်တာလည်း မရှိတော့ဘူး။ ဒါပေမဲ့ အပူချိန်က ကျသွားတော့ အခန်းထဲမှာ နည်းနည်းတော့ အေးလာတယ်။ ဒါပေမဲ့လည်း သူ မီးသွေးတွေ ယူလာတာကြောင့် မကြောက်ပါဘူး၊ ဒီတစ်ညကို အောင့်အည်းပြီး ဖြတ်သန်းနိုင်ရင် မနက်ဖြန် မနက်မှာ ပထမဆုံး ထွက်နိုင်ရင် အဆင်ပြေပြီလေ။
လူတွေ အုံမထွက်ခင်မှာ အရင်ထွက်နိုင်ရင် ပိုပြီးသိသာတယ်၊ အဲဒီအချိန်မှာ စာရွက်သိမ်းတဲ့သူက ရဲမက် မဟုတ်ဘဲ အရာရှိ ဖြစ်မှာကိုး။ ဒီတစ်ခါတော့ ရွှီထင်းရှန်းက ပထမဆုံးပွဲတုန်းကလို အေးအေးဆေးဆေး မနေတော့ဘဲ အချိန်ကို အမိအရ သုံးပြီး ရေးတော့တာပဲ။ အခန်းထဲမှာ မီးသွေးမီး ရှိနေတော့ နွေးနေပြီး ခြေလက်တွေ အေးစက်တာမျိုးလည်း မရှိတော့ဘူး။ အခုအချိန်မှာ သူက ယွဲ့ပုတန်းလိုပဲ စိတ်ဓာတ်တွေ တက်ကြွနေတာ မင်းတို့လို လူယုတ်မာတွေ ငါ့ကို ဘာလုပ်နိုင်မှာလဲ ဆိုပြီးတော့ပေါ့။ ကျောင်းသားတွေက စာမေးပွဲကို အာရုံစိုက်နေကြတုန်းမှာပဲ၊ အစက ဖြေခဲ့တဲ့ ပထမဆုံးပွဲရဲ့စာရွက်တွေကိုတော့ စပြီး စစ်ဆေးနေကြပြီ။ စုတ်ပြတ်နေတဲ့ စာရွက်တွေ၊ မှင်ပေနေတဲ့ စာရွက်တွေကိုတော့ အရင်ဖယ်ထုတ်ပြီး အရှုံးပေးခိုင်းလိုက်ကြတယ်။ ကျန်တဲ့ စာရွက်တွေကိုတော့ နာမည်တွေကို ဖုံးအုပ်ပြီး ကူးယူတဲ့နေရာကို ပို့လိုက်ကြတော့တယ်။
******
114.2 01
အခန်း (၁၁၄.၂)
စာမေးပွဲစာရွက်ပေါ်က စာတွေကို တစ်လုံးမကျန် အနီရောင်မှင်နဲ့ အကုန်ပြန်ကူးရတာကြောင့် စာကူးယူတဲ့နေရာရဲ့အလုပ်ကတော့ အပင်ပန်းဆုံးပဲ။ ဒါကိုပဲ 'ကျူးမော့ကျွမ်း' (နီနက်စာမူ) လို့ ခေါ်ကြတာ။ ကျောင်းသား ကိုယ်တိုင်ရေးတာက အမည်းရောင်မှင်ဖြစ်ပြီး၊ အရာရှိတွေက ပြန်ကူးတာက အနီရောင်မှင်ဖြစ်တယ်။ ဒါဟာ စာစစ်မှူးတွေက လက်ရေးကိုကြည့်ပြီး ဘယ်သူဘယ်ဝါမှန်း သိသွားမှာစိုးတဲ့အပြင် လက်ရေးနဲ့ မျက်နှာသာပေးမှာစိုးလို့ ကာကွယ်ထားတဲ့ နည်းလမ်းပဲ။
စာကူးပြီးရင်တော့ တိုက်ဆိုင်စစ်ဆေးတဲ့နေရာကို ပို့ရပြန်တယ်။ အဲဒီမှာရှိတဲ့ ကျောင်းသားတွေက အနီရောင်စာမူနဲ့ အမည်းရောင်စာမူကို တစ်လုံးချင်း တိုက်စစ်ပြီး အမှားအယွင်းမရှိ တူညီကြောင်း အတည်ပြုကြရတယ်။ အဲဒီနောက်မှာမှ အပြင်စည်းက အရာရှိတွေက စာရွက်တွေကို အတွင်းစည်းက စာမူလက်ခံအရာရှိဆီ လွှဲပေးလို့ ရတာ။
အပြင်စည်းက အရာရှိတွေနဲ့ အတွင်းစည်းက အရာရှိတွေက စကားပြောလို့လည်း မရသလို ထိတွေ့လို့လည်း မရဘူး။ စာမူရောက်ပြီဆိုတဲ့ သတင်းရတာနဲ့ အတွင်းစည်းက အဓိကစာစစ်မှူးကြီး နှစ်ယောက်နဲ့ တခြား စာစစ်မှူးတွေ အကုန်လုံး ထွက်လာကြတယ်။ နှစ်ဖက်စလုံးက အဝေးကနေပဲ မျက်နှာချင်းဆိုင်ကြပြီး ရဲမက်နှစ်ဖွဲ့ကြားကနေ စာမူတွေကို လွှဲပြောင်းပေးရတာ။ ဒါဟာလည်း အပြင်နဲ့အတွင်း ကြိုတင်ညှိနှိုင်းပြီး မသမာမှုမလုပ်နိုင်အောင် တားဆီးထားတာပဲ။
အဲဒီနောက်မှာတော့ အတွင်းစည်းက အရာရှိတွေက စာစစ်မှူး ဘယ်နှစ်ယောက်ရှိလဲဆိုတာကို ကြည့်ပြီး စာမူတွေကို အပုံလိုက် ခွဲလိုက်ကြတယ်။ အဲဒီစာစစ်မှူးတွေက မဲနှိုက်ကြရပြီး ဘယ်နံပါတ်ကို နှိုက်မိလဲ၊ အဲဒီနံပါတ်နဲ့ ကိုက်ညီတဲ့ စာမူအပုံကိုပဲ အမှတ်ပေး စစ်ဆေးရတယ်။
စာစစ်တဲ့အခါမှာလည်း တိတ်တိတ်လေး ခိုးစစ်လို့ မရဘူ။ 'ဟန်ကျန့်ထန်' ဆိုတဲ့ ခန်းမထဲမှာ အဓိကစာစစ်မှူးကြီး နှစ်ယောက်၊ တခြားစာစစ်မှူးတွေအပြင် ကြီးကြပ်ရေးအရာရှိကြီးနဲ့ သူ့ရဲ့လက်အောက်ငယ်သားတွေပါ ဘေးကနေ စောင့်ကြည့်နေကြတယ်။ တစ်ရက်နဲ့ မပြီးရင် နောက်တစ်နေ့မှ ဆက်စစ်ရတယ်။ အပြင်ထွက်တဲ့အခါကျရင်လည်း အားလုံးရဲ့ရှေ့မှာတင် တံခါးကို သေသေချာချာ သော့ခတ်ထားခဲ့ရတယ်။
တတိယပွဲ စာမေးပွဲပြီးသွားတော့ ကုန်းယွမ်ထဲမှာ စာစစ်တဲ့အလုပ်တွေ စပါတော့တယ်။ ကျောင်းသားတွေကတော့ အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူရင်း ရလဒ်ကို စောင့်နေလို့ရပေမဲ့ စာစစ်မှူးတွေအတွက်ကတော့ အလုပ်က အခုမှ စတင်တာဖြစ်တယ်။
တကယ်တော့ စာစစ်မှူးလုပ်ရတာက အရမ်းကို ပင်ပန်းတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ ဒီလို ပင်ပန်းတဲ့အလုပ်ကိုပဲ လူတွေက လုပြီး လုပ်ချင်ကြတာက တခြားကြောင့်တော့ မဟုတ်ပါဘူး၊ ဒီပွဲမှာ အောင်သွားတဲ့ ကျောင်းသားတွေက ကိုယ့်ရဲ့တပည့်တွေ ဖြစ်ကုန်မှာဆိုတော့ နောင်တစ်ချိန် ရာထူးတက်ဖို့အတွက် ဒါဟာ အကောင်းဆုံး ကျောထောက်နောက်ခံ ဖြစ်လာမှာလေ။
စာစစ်မှူးတွေ စာစစ်လာတာ ဆယ်ရက်ကျော်နေပြီဆိုတော့ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေကြပြီ။ ဒီအချိန်မှာ စာရွက်တွေ အများကြီး ဖတ်ရလွန်းလို့ အားလုံးရဲ့စိတ်တွေက ထုံထိုင်းနေကြပြီ။ အစောပိုင်းရက်တွေတုန်းကဆိုရင် လူကို တက်ကြွသွားစေမယ့် ဆောင်းပါးမျိုးက အခုအချိန်မှာတော့ ကြည့်ရတာ သာမန်လောက်ပဲလို့ ထင်နေကြတော့တယ်။
114.2 02
ဒါပေမဲ့ နောက်ဆုံးပိုင်းကို ရောက်လေလေ၊ အားလုံးက ပိုပြီးသတိထားလာကြလေပဲ။ နန်းတော်က ပြည်နယ်အဆင့်နဲ့ နန်းတွင်းစာမေးပွဲတွေကို အရမ်းအလေးထားတာကြောင့် စာစစ်မှူးဆိုတာ ဂုဏ်ရှိသလောက် တာဝန်ကလည်း ကြီးတယ်။ ရလဒ်ထွက်ပြီးရင် ကျောင်းသားတွေကို ကိုယ့်စာရွက်ကိုယ် ပြန်ကြည့်ခွင့် ပေးထားတယ်။ တကယ်လို့ ကျောင်းသားတစ်ယောက်ယောက်က မကျေနပ်လို့ ပြဿနာရှာရင်၊ အဲဒီစာမူကို စစ်ခဲ့တဲ့ စာစစ်မှူးက တာဝန်ခံရမှာ။
ဒါကြောင့် ကြည့်ရတာ သာမန်ပဲလို့ ထင်ရတဲ့ စာမူတွေကိုတောင် စာစစ်မှူးတွေက ဘေးမှာ ခဏဖယ်ထားပြီး နောက်မှ နောက်တစ်ခါ ထပ်ဖတ်ကြည့်ကြတယ်။ တကယ်ပဲ ထူးခြားတာ မရှိမှသာ အရှုံးပေးလိုက်ကြရတာ။
တကယ်လို့ စာမူကောင်းတစ်ခုကို တွေ့ပြီဆိုရင်တော့ အဲဒီအပေါ်မှာ စက်ဝိုင်းလေး ဝိုင်းလိုက်ပြီးတော့ မှတ်ချက်လေး ရေးထားတဲ့ စက္ကူလေး ကပ်၊ ကိုယ့်ရဲ့ အရာရှိတံဆိပ်ကိုနှိပ်ပြီး ဒုတိယစာစစ်မှူးကြီးဆီ လွှဲပေးရတယ်။ ဒုတိယစာစစ်မှူးကြီးကလည်း သဘောတူရင် သူကလည်း စက်ဝိုင်းထပ်ဝိုင်း၊ မှတ်ချက်ထပ်ရေးပြီး အဓိကစာစစ်မှူးကြီးဆီ ထပ်ဆင့်ပို့ရပြန်တယ်။ ဒါကို 'ကျန့်ကျွမ်း' (စာမူထောက်ခံခြင်း) လို့ ခေါ်တယ်။
အဓိကစာစစ်မှူးကြီးဆီ ရောက်လို့ သူကလည်း သဘောကျရင် 'ချူ' (ရွေးချယ်သည်) ဆိုတဲ့ စာလုံးကို ရေးလိုက်တယ်။ ဒီအခါမှာတော့ အဆိုပါကျောင်းသားက 'ကျုရန်' ဖြစ်သွားပြီ။ သဘောမကျလို့ ပယ်ချခံရတဲ့ စာမူတွေကတော့ အလိုလို ရှုံးနိမ့်သွားတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ စာစစ်မှူး ဒါမှမဟုတ် ဒုတိယစာစစ်မှူးကြီးက ဒီစာမူက တကယ်ကောင်းတယ်လို့ ထင်ရင် နောက်တစ်ခါ ထပ်ပြီးထောက်ခံပေးလို့ ရသေးတယ်။ ဒါကိုတော့ 'ထိုက်ကျောက်' (ဝေါယာဉ်မြှောက်ပေးခြင်း) လို့ ခေါ်တယ်။
ဒါပေမဲ့ ဒါမျိုးကတော့ ရှားပါတယ်။ စာစစ်မှူးတွေဆိုတာကလည်း ဟန်ပြလာလုပ်ကြတာပဲ မဟုတ်လား၊ နာမည်ရမှာက စာစစ်မှူးကြီး နှစ်ယောက်ပဲလေ၊ ဘာလို့ သူတို့နဲ့ သွားပြီး ငြင်းခုံနေမလဲ၊ ဆက်ဆံရေး ပျက်တာပဲ အဖတ်တင်မှာပေါ့။
စူးယိုကျန့်က စာမူတစ်ခုကို ခြေရင်းမှာ ပစ်ချလိုက်တယ်၊ သူ့ခြေရင်းမှာ အဲဒီလို ပယ်ချခံရတဲ့ စာမူတွေ အများကြီး ရှိနေပြီး တစ်နေ့လုံး စာစစ်နေရတာဆိုတော့ အခုဆိုရင် အရမ်းကို ပင်ပန်းနေပြီ။ သူက ရေနွေးလေး နည်းနည်း သောက်လိုက်ပြီး နောက်ထပ် စာမူတစ်ခုကို ယူကြည့်လိုက်တယ်။ ဘာမှထူးခြားမှာ မဟုတ်ဘူးလို့ ထင်ထားပေမဲ့၊ ဖတ်လိုက်တာနဲ့တင် သူ ရုတ်တရက် တုန်လှုပ်သွားခဲ့ရတယ်။
ဒါက ပထမဆုံးပွဲရဲ့ စာမူဖြစ်ပြီး 'ကျမ်းကြီး ၄ စောင်' မေးခွန်းကို ဖြေထားတာ။ အစဉ်အလာအရ စာမေးပွဲတွေမှာ ပထမဆုံးပွဲနဲ့ ပထမဆုံးမေးခွန်းက အရေးကြီးဆုံးပဲ မဟုတ်လား။ ပြည်နယ်စာမေးပွဲမှာ နောက်ပိုင်း နှစ်ပွဲက အရေးကြီးတယ် ဆိုစေဦးတော့၊ အောင်မအောင် ဆိုတာကတော့ ပထမပွဲအပေါ်မှာပဲ အများကြီး မူတည်နေတာ။
ပြောရမယ်ဆိုရင် ရမှတ်ကို ဆယ်ပုံ ပုံလိုက်ရင် ပထမပွဲက ၆ ပုံ၊ ကျန်တဲ့ နှစ်ပွဲက ၂ ပုံစီ ရှိတာ။ ပထမပွဲက ဆောင်းပါးကို ကောင်းကောင်း ရေးနိုင်ရင် နောက်ပိုင်း နှစ်ပွဲက သိပ်မကောင်းရင်တောင် အဆင့်တော့ နည်းနည်း ကျမယ်၊ ဒါပေမဲ့ အောင်ဖို့ကတော့ သေချာနေတာ။ တကယ်လို့ ပထမပွဲကသာ မကောင်းရင်တော့ နောက်ပိုင်းတွေ ဘယ်လောက်ကောင်းကောင်း အောင်ဖို့ကတော့ ခဲယဉ်းလှတယ်။
ဒီ 'မင်းကြီးမှာ တရားရှိရင်၊ ယဉ်ကျေးမှု၊ တေးဂီတနဲ့ စစ်ရေးကိစ္စတွေဟာ မင်းကြီးဆီကနေပဲ ထွက်ပေါ်လာတယ်' ဆိုတဲ့ ဆောင်းပါးကို စူးယိုကျန့် ဖတ်ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။ အခု ကျောင်းသားတွေ ရေးတာတင် မကဘူး၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူကိုယ်တိုင် စာမေးပွဲဖြေတုန်းကလည်း အရင်မင်းဆက်က စံပြစာမူတွေကို လေ့လာခဲ့ဖူးတာ။ ဒီမေးခွန်းက အရမ်းကို နာမည်ကြီးတဲ့ မေးခွန်းတစ်ခုပဲ၊ အရင်မင်းဆက်တွေမှာလည်း ခဏခဏ မေးဖူးသလို ဘုရင်ကြီးတွေ လက်ထက်မှာလည်း နန်းတွင်းစာမေးပွဲတွေမှာ မေးခဲ့ဖူးတာဆိုတော့ လူတိုင်း ဖြေနေကျ မေးခွန်းကြီးပေါ့။
စူးယိုကျန့် တုန်လှုပ်သွားရတဲ့ အကြောင်းရင်းကတော့ ဒီလူရေးထားတာက အရမ်းကို အံ့သြဖို့ကောင်းနေလို့ မဟုတ်ပါဘူး၊ ဆောင်းပါးက တကယ့်ကို တည်ကြည်ဖြောင့်မတ်ပြီး စံပြစာမူ တစ်ခုကို မြင်လိုက်ရသလို ခံစားရလို့ပဲလေ။ စူးယိုကျန့်ကတော့ အလိုလို တွေးမိလိုက်တယ်။ ဒီဆောင်းပါး တစ်ပုဒ်တည်းနဲ့တင် ဒီလူက ကျူးရန် ဖြစ်ဖို့ လောက်နေပြီဆိုတာ။
114.2 03
ဘာလို့လဲဆိုတော့ အခု အုပ်ချုပ်နေတဲ့ ဘုရင်ကြီးကို ဒီလောက်အထိ အမွှမ်းတင်ထားတဲ့ ဆောင်းပါးမျိုးကို ဘယ်သူက ပယ်ရဲမှာလဲ။ ပယ်လိုက်ရင် ဒီလူပြောတာတွေက မှားတယ်လို့ ပြောသလိုဖြစ်မှာဖြစ်သလို၊ 'မင်းကြီးဆီကနေ အမိန့်ထွက်တာ' က မှားတယ်လို့ ပြောသလို ဖြစ်နေမှာကိုး။ ဘယ်သူမှ ဆောင်းပါးတစ်ပုဒ်အတွက်နဲ့ ကိုယ့်ဘာကိုယ် ဒုက္ခမရှာချင်ကြပါဘူး၊ ဘယ်သူပဲ အောင်အောင် အတူတူပါပဲလေ။
စူးယိုကျန့်က ဒုတိယဆောင်းပါးနဲ့ တတိယဆောင်းပါးတွေကို ဆက်ဖတ်ကြည့်ပြန်တော့ ပိုပြီးသဘောကျသွားတာပေါ့။ ဒီလူ့ရဲ့စာတွေကတော့ အရမ်းကြီး ထူးထူးခြားခြား ဆန်းပြားနေတာမျိုး မဟုတ်ပေမဲ့၊ အရာရာက တည်ငြိမ်ပြီး ဖြောင့်မတ်နေတာ။ စာစစ်မှူးတိုင်းက ဒီလိုစာမျိုးကို သဘောကျကြတာပဲ။ ဆန်းပြားလွန်းတဲ့ စာတွေက စရိုက်က အရမ်းပြင်းထန်လွန်းလို့ စံပြစာမူ ဖြစ်လို့မရဘူး၊ ကြည့်လိုက်ရင်တော့ မျက်စိထဲ ဆန်းနေပေမဲ့ သဘောကျရင်ကျ၊ မကျရင်တော့ အရမ်းမုန်းသွားတတ်တာကိုး။ ဒါပေမဲ့ အခုလို အမှားအယွင်း ရှာမရတဲ့ စာမျိုးကတော့ လူတိုင်းကို ကျေနပ်စေတယ်။
ဒီနေ့ သူ ကံမကောင်းလို့ အသုံးမကျတဲ့ စာမူတွေကိုပဲ တစ်နေကုန် ဖတ်နေရတာ၊ ဘယ်စာမူကိုမှလည်း မထောက်ခံရသေးဘူး။ ဒါနဲ့ပဲ သူက စုတ်တံကိုယူပြီး စာမူရဲ့အပေါ်နားမှာ စက်ဝိုင်းလေး ဝိုင်းလိုက်တယ်၊ ပြီးတော့ စက္ကူလေးပေါ်မှာ စာတစ်ကြောင်း ရေးလိုက်တယ်၊
"အရေးအသားက တည်ကြည်ခန့်ညားပြီး၊ စိတ်ဓာတ်ကလည်း မြင့်မြတ်ဖြောင့်မတ်လှသည်"
ခဏစဉ်းစားပြီးတော့ နောက်ထပ် စာလုံး နှစ်လုံး ထပ်တိုးလိုက်သေးတယ်။ "ကောင်းစွာ ထောက်ခံသည်"။ ဆိုလိုတာကတော့ အပြင်းအထန် ထောက်ခံတာပေါ့။ ပြီးတော့မှ ယဲ့ကျူဆီကို ပို့လိုက်တယ်။
ယဲ့ကျူက အဲဒီ 'ကောင်းစွာ ထောက်ခံသည်' ဆိုတဲ့ စာလုံးကို မြင်တော့ စူးယိုကျန့်ကို တစ်ချက်ကြည့်ပြီး စာမူကို ယူဖတ်ကြည့်လိုက်တယ်။ တစ်ခုချင်းစီကို သေသေချာချာ ဖတ်ပြီးတော့မှ သူကလည်း စဉ်းစားရင်းနဲ့ စာရွက်ပေါ်မှာ မှတ်ချက် ရေးလိုက်တယ်။ "တည်ငြိမ်ပြီး ခန့်ညားလှသည်၊ ဆောင်းပါးထဲမှာ နိုင်ငံတော် တည်ဆောက်မယ့် အငွေ့အသက်တွေ ပါနေတာပဲ၊ နောက်လူတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ ဒီထက်တော့ ပိုကောင်းမှာ မဟုတ်ဘူး။ ရိုးရှင်းတဲ့ အထဲမှာ ပညာတွေ ပါနေသလို၊ အတိုလေးထဲမှာလည်း အမြင်တွေက အရမ်းကျယ်ပြန့်တာပဲ၊ ဒါဟာ ရှေးလူကြီးတွေတောင် လိုက်မမီနိုင်တဲ့ အဆင့်ပဲ"
စူးယိုကျန့်လည်း အံ့သြသွားတယ်။ ဒီလောက်အထိ အမွှမ်းတင်ခံရလိမ့်မယ်လို့ မထင်ထားဘူးလေ။ ယဲ့ကျူက ဆက်ပြောသေးတယ်။ "ဒီလူကတော့ 'ကျင်းခွေ' စာရင်းထဲ ဝင်နိုင်လောက်တယ်"
'ကျင်းခွေ' ဆိုတာ ပြည်နယ်စာမေးပွဲမှာ ထိပ်ဆုံး ၅ ယောက်စာရင်းကို ပြောတာဖြစ်တယ်။ ပြည်နယ်စာမေးပွဲမှာ များသောအားဖြင့်တော့ 'ကျမ်းကြီး ၄ စောင်' မေးခွန်းက အောင်မအောင်ကို ဆုံးဖြတ်ပြီး၊ 'ကျမ်းကြီး ၅ စောင်' မေးခွန်းကတော့ အဆင့် ဘယ်လောက်ရမလဲဆိုတာကို ဆုံးဖြတ်တာပင်။
အဲဒီအချိန်မှာပဲ အရှေ့ဆုံးမှာ ထိုင်နေတဲ့ ဟွမ်မင်ကျုံးက ချောင်းနှစ်ချက် ဆိုးလိုက်တယ်။ ယဲ့ကျူနဲ့စူးယိုကျန့်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဟွမ်မင်ကျုံး ရဲ့ ရှေ့ကို အတူတူ သွားလိုက်ကြတယ်။ "စာစစ်မှူးကြီး... ဒါလေး တစ်ချက်လောက် ကြည့်ပေးပါဦး"
ဟွမ်မင်ကျုံးက စာမူကို ယူကြည့်လိုက်တော့၊ သူ့ရဲ့အကြည့်က စာမူရဲ့ အပေါ်ဆုံးမှာရှိတဲ့ နေရာနံပါတ်ဆီကို အရင်ဆုံး ရောက်သွားတယ်။
အခန်း အမှတ် ၇
ဟွမ်မင်ကျုံးရဲ့မျက်လုံးတွေက တစ်ချက် မှိန်သွားခဲ့တယ်၊ ဒါပေမဲ့ ဘာမှမသိသလိုမျိုးပဲ ဆက်ဖတ်နေတယ်။ ခပ်မြန်မြန်ပဲ တစ်ခေါက် ဖတ်ပြီးတော့မှ ပြန်ကမ်းပေးလိုက်တယ်။ "အရမ်းကို သာမန်ဆန်လွန်းတယ်"
ဒါကတော့ ပယ်ချလိုက်တာပဲပေါ့။
114.2 04
စူးယိုကျန့်က ယဲ့ကျူကို လှမ်းကြည့်လိုက်ပေမဲ့ ယဲ့ကျူကတော့ ဘာမှမပြောပါဘူး။ သူက အသက် ၄၀ ကျော်၊ ခန္ဓာကိုယ်က ပိန်ပိန်ပါးပါးနဲ့ အကြည့်တွေကတော့ တည်ငြိမ်နေပြီး တစ်ကိုယ်လုံးမှာ ပညာတတ် အငွေ့အသက်တွေနဲ့ပေါ့။ တကယ်လည်း သူက 'ကော်ကျစ်ကျန်း' (နန်းတွင်းကျောင်းတော်) မှာ ရာထူးတစ်ခုပဲ ယူထားတာ၊ အာဏာလည်း မရှိသလို အလုပ်လည်း သိပ်မများတဲ့ နေရာဆိုပေမဲ့ ဂုဏ်သရေရှိတဲ့ လူကြီးတစ်ယောက်လို့ပဲ ပြောရမှာပဲ။
သူက စာမူကို ပြန်ယူပြီး သူ့နေရာမှာ သူ ပြန်ထိုင်နေလိုက်တယ်။ စူးယိုကျန့်ကတော့ ရင်ထဲမှာ မကျေနပ်ပေမဲ့ သူက အဓိကစာစစ်မှူး မဟုတ်တော့၊ မဆိုင်တဲ့လူ တစ်ယောက်အတွက်နဲ့ ဝန်ကြီးဟွမ်မင်ကျုံးကို သွားပြီး မပြစ်မှားချင်ဘူးလေ။ တကယ်တော့ သူက ဟွမ်မင်ကျုံးကို ကြောက်တာ မဟုတ်ပါဘူး၊ မတန်ဘူးလို့ ထင်လို့ပါပဲ။ အရာရှိလောကမှာတော့ ကိုယ်နဲ့ မပတ်သက်ရင် လူတွေကို မပြစ်မှားတာ အကောင်းဆုံးပဲ မဟုတ်လား။
သူလည်း သူ့နေရာမှာ သူပြန်ထိုင်ပြီး စာမူတွေကို ဆက်စစ်နေတာပေါ့။
အပြင်မှာတော့ မှောင်စပြုနေပြီ၊ ခန်းမထဲမှာ ဖယောင်းတိုင်တွေ ထပ်ထွန်းလိုက်တော့ တစ်ခန်းလုံး လင်းထိန်သွားတယ်။ တချို့ကလည်း အိပ်ချင်လို့ သမ်းနေကြပေမဲ့၊ စာမူတွေကလည်း သိပ်မကျန်တော့တာမြင်တော့ မကြာခင် ပြီးတော့မှာဆိုပြီး ပြန်ပြီးတက်ကြွလာကြတယ်။
အဲဒီအချိန်မှာ ယဲ့ကျူက ရုတ်တရက် မက်တပ်ရပ်လိုက်ပြန်တယ်။ သူက ခုနက စာမူကို ကိုင်ပြီး ဟွမ်မင်ကျုံးရဲ့ရှေ့ကို နောက်တစ်ခါ ရောက်သွားပြန်တယ်။ စူးယိုကျန့်ကတော့ အံ့သြပြီး ကြည့်နေမိတယ်။ ဟိုစာမူပဲ ဖြစ်နေမလား…။
မကြာခင်မှာပဲ သူ ယဲ့ကျူရဲ့အသံကို ကြားလိုက်ရတယ်။ "ဝန်ကြီးမင်း... နောက်တစ်ခေါက်လောက် ထပ်ပြီး စဉ်းစားပေးပါဦး"
အဲဒီအသံကြောင့် တခြားစာစစ်မှူးတွေရော၊ ကြီးကြပ်ရေးအရာရှိ ဆူကျစ်ပါ အကုန်လုံး လှည့်ကြည့်ကုန်ကြတယ်။ ခန်းမတစ်ခုလုံးက အကြည့်တွေက အဲဒီနေရာမှာပဲ ရှိနေခဲ့တယ်။ ပိန်ပေမဲ့ မားမတ်နေတဲ့ ယဲ့ကျူရဲ့ကျောပြင်ကို မြင်နေရပေမဲ့ ဟွမ်မင်ကျုံးရဲ့ မျက်နှာကိုတော့ မမြင်ရဘူး။
တကယ်တမ်းမှာ ဟွမ်မင်ကျုံးက အရမ်းကို မကျေမနပ် ဖြစ်နေပြီး ယဲ့ကျူကို စိတ်မရှည်သလို ကြည့်နေခဲ့တယ်။ ယဲ့ကျူကတော့ ဒါကို မသိသလိုမျိုးနဲ့ ထပ်ပြောလိုက်တယ်။
"ဝန်ကြီးမင်း... ထပ်ပြီး ကြည့်ပေးပါဦး"
ဟွမ်မင်ကျုံးက ရုတ်တရက် ရယ်လိုက်ပြီး ရေနွေးကြမ်းကို တစ်ကျိုက် သောက်လိုက်တယ်။ "ယဲ့အမတ်မင်းက တကယ်ပဲ ဇွဲကောင်းတာပဲနော်"
ယဲ့ကျူက အမှန်အတိုင်း ပြောပြတယ်။ "ဆယ်နှစ်တိုင်တိုင် ကြိုးစားလာရတဲ့ ပညာသင်ဘဝကို တစ်ခဏလေးအတွင်းမှာတင် အလဟဿ အဖြစ်မခံနိုင်လို့ပါ"
ဒီစကားကတော့ နည်းနည်းတော့ ထိတယ်။ ဟွမ်မင်ကျုံ ရဲ့ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ကြောင့် လူတစ်ယောက်ရဲ့ ဆယ်နှစ်စာ ကြိုးစားမှုတွေ ပျက်စီးသွားရမှာလားဆိုတဲ့ သဘောလေ။ စာစစ်မှူးတစ်ယောက်အနေနဲ့ အကြောက်ဆုံး ကိစ္စ နှစ်ခု ရှိတယ်။ တစ်ခုက မသမာမှုဖြစ်တာ၊ နောက်တစ်ခုကတော့ စာမူကို သေသေချာချာ မစစ်ဘူးလို့ အပြောခံရတာပဲ၊ ဒါဟာ ကိုယ့်ရဲ့သိက္ခာကို ဖျက်ဆီးတာပဲ မဟုတ်လား။
ဟွမ်မင်ကျုံးက စိတ်ထဲမှာတော့ 'စာအုပ်ကြီးအတိုင်းပဲ လုပ်နေတဲ့ လူအ' လို့ ဆဲနေပေမဲ့ ပါးစပ်ကတော့ ပြန်ပြောလိုက်တယ်။ "ယဲ့အမတ်မင်းက ဒီလောက်အထိ တောင်းဆိုနေမှတော့ ငါလည်း ထပ်ကြည့်ပေးရမှာပေါ့" သူက စာမူကို နောက်တစ်ခါ ပြန်ဖတ်ကြည့်တယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ အရင်ကထက် အများကြီး ပိုပြီးအချိန်ပေးဖတ်ပြီးတော့မှ သူက ပြောတယ်။ "တကယ်တော့ ဒီဆောင်းပါးကလည်း မဆိုးပါဘူး၊ ဒါပေမဲ့ သာမန်ပဲ ဖြစ်နေတော့ အရသာ မရှိသလိုပဲ"
အစကတော့ ကောင်းတယ်လို့ ပြောပေမဲ့ နောက်ကနေ 'အရသာ မရှိဘူး' လို့ ထည့်လိုက်တော့ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လိုက်တဲ့ ပုံစံပေါက်သွားတာပေါ့။ ဟွမ်မင်ကျုံးက ယဲ့ကျ ကို ထပ်မပြောတော့ဘဲ ကြီးကြပ်ရေးအရာရှိ ဆူကျစ်ကို လှမ်းမေးလိုက်တယ်။ "ဆူအမတ်မင်း... အခု အောင်တဲ့သူ ဘယ်နှစ်ယောက် ရှိသွားပြီလဲ"
114.2 05
"ခဏလေးပါ ဝန်ကြီးမင်း၊ ကျွန်တော် အခုပဲ စစ်ခိုင်းလိုက်ပါ့မယ်"
မကြာခင်မှာပဲ တစ်ယောက်က လာသတင်းပို့တယ်။ "အယောက် ၇၀ ပြည့်သွားပါပြီ"
ဒီစကားကို ခန်းမထဲကလူတွေ အကုန်ကြားလိုက်ကြတော့ အားလုံးလည်း သက်ပြင်းချပြီး စိတ်အေးသွားကြတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်အဆင့် စာမေးပွဲမှာ အောင်ရမယ့် အရေအတွက်က သတ်မှတ်ထားပြီးသားဖြစ်တယ်။ ရှန်းရှီးပြည်နယ်လို နေရာမျိုးမှာဆိုရင် တစ်ခါဆိုရင် ၅၀ ကနေ ၇၀ ကြားပဲ လက်ခံတာ။ ဆိုလိုတာက ၅၀ ကျော်ရင် ရပြီ၊ ဒါပေမဲ့ ၇၀ ထက်တော့ ပိုလို့ မရဘူး၊ ပိုရင်တော့ ဝန်ကြီးဌာနက လာစစ်ဆေးမှာဖြစ်တယ်။
ဟွမ်မင်ကျုံးက နှမြောတဲ့ ပုံစံမျိုးနဲ့ ယဲ့ကျူကို တစ်ချက်ကြည့်ပြီး ထရပ်လိုက်တယ်။ "ဟင်း... ဒီလူကတော့ ကံဆိုးတာပဲလို့ပဲ ပြောရမှာပေါ့"
ယဲ့ကျူ စကားမပြောရသေးခင်မှာပဲ ဆူကျစ်က ဝင်ပြောတယ်။ "ငါတို့လည်း ရက်ပေါင်းများစွာ ပင်ပန်းလာကြပြီ၊ အခုတော့ နားလို့ ရပြီပေါ့။ ငါ့အမြင်တော့ မနက်ဖြန်မှပဲ အဆင့်တွေကို သတ်မှတ်ပြီး စာရင်းထုတ်ပြန်ကြတာပေါ့၊ ဘယ်လိုလဲ အမတ်မင်းတို့"
တခြားစာစစ်မှူးတွေလည်း ခေါင်းတညိတ်ည်တ်နဲ့ ထောက်ခံကြတယ်။ "ကောင်းတာပေါ့" ဘယ်သူမှ ခုဏကပယ်ချခံလိုက်ရတဲ့ စာမူကို ဂရုမစိုက်ကြတော့ပါဘူး။ အားလုံးလည်း စိတ်တွေ လျှော့လိုက်ကြပြီး အခုချက်ချင်းပဲ ကုန်းယွမ်ထဲကနေ ထွက်၊ အိမ်ပြန်ပြီး ရေချိုးအနားယူချင်နေကြတော့တယ်။ လူတွေ အကုန်လုံး ထိုင်ခုံကနေ ထပြီး ပြန်ဖို့ ပြင်နေကြပြီ၊ ကျန်နေသေးတဲ့ စာမူ ဆယ်ဂဏန်းလောက်ကိုလည်း ဆက်မကြည့်တော့ဘဲ ထားခဲ့ဖို့ လုပ်နေကြတယ်။
ဒါပေမဲ့ ယဲ့ကျူကတော့ မလှုပ်မယှက်ဘဲ အဲဒီနေရာမှာ ပိတ်ရပ်နေခဲ့တယ်။ "ယဲ့အမတ်မင်း"
"ခင်ဗျားတို့တွေ ဆယ်နှစ်တိုင်တိုင် ကြိုးစားခဲ့ရတဲ့ အချိန်တွေကို မေ့သွားကြပြီလား၊ အစိုးရက စာမေးပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်ကိုရော မေ့သွားကြပြီလား။ အကယ်၍ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ခင်ဗျားတို့ စာမေးပွဲဖြေတုန်းက ခင်ဗျားတို့ရဲ့ စာမူကသာ အခုလိုမျိုး ကျန်ရစ်ခဲ့တဲ့အထဲမှာ ပါနေခဲ့မယ်ဆိုရင်၊ အခု ခင်ဗျားတို့ကို ဒီနေရာမှာ မြင်ရပါဦးမလား" ယဲ့ကျူက ကျန်နေတဲ့ စာမူတွေကို လက်ညှိုးထိုးပြီး မေးလိုက်တယ်။
အားလုံးရဲ့ မျက်နှာမှာလည်း ရှက်ရိပ်တွေ လွှမ်းသွားကြပြီး ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တယ်၊ ဆူကျစ်ရဲ့စကားက လူတွေကို လမ်းမှားအောင် ဆွဲဆောင်လိုက်သလို ဖြစ်သွားလို့ သူတို့လည်း မေ့သွားကြတာ။ တကယ်လို့ ကျန်ခဲ့တဲ့ စာမူတွေထဲမှာသာ တကယ့် ပါရမီရှင်တစ်ယောက် ပါနေခဲ့မယ်ဆိုရင်၊ အဲဒီလူကသာ ပြန်ပြီးစောဒကတက်လာခဲ့ရင် သူတို့အားလုံး တာဝန်ခံရမှာ မဟုတ်လား။
ခဏချင်းမှာပဲ အားလုံး ချွေးတွေ ပြန်လာပြီး တချို့ဆိုရင် ကိုယ့်နေရာကို ကိုယ် ပြန်ထိုင်နေကြပြီ။ "ဒုတိယစာစစ်မှူးကြီး ပြောတာ မှန်ပါတယ်၊ စာမူ ဆယ်စောင်လောက်ပဲ ကျန်တာပဲ၊ တစ်ယောက် တစ်စောင်စီ စစ်လိုက်ရင် ခဏလေးနဲ့ ပြီးမှာပါ"
"ဟုတ်ပါ့... ငါတို့လည်း မေ့သွားတာပဲ"
အားလုံးက ဝိုင်းပြောကြရင်း ပြန်ထိုင်ပြီး ကျန်တဲ့စာမူတွေကို ဆက်ကြည့်ဖို့ ပြင်ကြတော့တယ်။
"ပြီးတော့ ဒီစာမူကိုလည်း ကြည့်ပေးကြပါဦး။ ငါ့အမြင်တော့ ဒါဟာ ထိပ်ဆုံး ၅ ယောက်စာရင်းထဲမှာ ပါသင့်တယ်၊ ဒါပေမဲ့ စာစစ်မှူးကြီးကတော့ သာမန်ပဲလို့ ယူဆတယ်၊ ပြီးတော့ အရေအတွက်ကလည်း ၇၀ ပြည့်သွားပြီဆိုတော့ ပယ်လိုက်ရမယ်ပေါ့။ အမတ်မင်းတို့ အားလုံး အခု တစ်ယောက်ချင်းစီ ဖတ်ကြည့်ပေးကြပါဦး၊ ပြီးတော့ ကိုယ့်ရဲ့မှတ်ချက်တွေကိုလည်း ရေးပေးကြပါ၊ အချိန်တန်ရင်တော့ ငါက ဝန်ကြီးဌာနကို အကျိုးအကြောင်း တင်ပြရမှာပဲ၊ အဲဒီကျမှ ဒီကျောင်းသားက စောဒကတက်လာခဲ့ရင် ငါ တစ်ယောက်တည်း တာဝန်မခံနိုင်လို့ပါ"
"ဒါက..."
အားလုံးလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတော့တယ်။ ဟွမ်မင်ကျုံးလည်း အခုတော့ အေးအေးဆေးဆေး မနေနိုင်တော့ဘူး၊ သူ့မျက်နှာကလည်း အရမ်းကို ပျက်နေပြီ။ "ယဲ့အမတ်မင်း... မင်းက ငါ့ကို အပြစ်တင်နေတာလား"
114.2 06
ယဲ့ကျူက လှည့်ပြီး အရိုအသေပေးတယ်။ "မရဲပါဘူး။ ကျွန်တော်က နန်းတွင်းကျောင်းတော်က ရာထူးသေးသေးလေး တစ်ခု ယူထားတဲ့သူပါ၊ အာဏာလည်း မရှိပါဘူး။ ကျွန်တော်ကတော့ ပြဿနာတွေ ဖြစ်လာရင် အလုပ်ပြုတ်မှာ ကြောက်လို့ပါပဲ"
ဟွမ်မင်ကျုံးခမျာ ဒေါသထွက်လွန်းလို့ လဲတောင် ကျမလိုပဲ။ သူက မျက်နှာကို တင်းထားပြီး အမိန့်ပေးလိုက်တယ်။ "ကဲ... ဆက်ပြီး စစ်ကြစမ်း၊ စစ်ပြီးရင် အောင်သွားတဲ့ အယောက် ၇၀ ရော၊ ဒီစာမူပါ အကုန်လုံးကို ပြန်ပြီး သေသေချာချာ စစ်ဆေးကြမယ်။ အဲဒီ အခန်း အမှတ် ၇ က ဘယ်လောက်တောင် တော်နေလို့လဲဆိုတာ ငါလည်း ကြည့်ချင်သေးတယ်"
ညသန်းခေါင်နား နီးတဲ့အထိ စုစုပေါင်း စာမူ ၇၂ စောင်ကို ပြန်ပြီး စစ်ဆေးခဲ့ကြရတာပေါ့။ ဘာလို့ ၇၂ စောင် ဖြစ်သွားလဲဆိုတော့ ဟိုကျန်နေတဲ့ စာမူတွေထဲကနေ နောက်ထပ် တကယ့်ကို ကောင်းတဲ့ စာမူတစ်ခု ထပ်တွေ့လို့ပဲ။
နောက်ဆုံးတော့ အဲဒီ ၇၂ စောင်ထဲကနေ ၇၀ ကို ရွေးရမှာပေါ့။ စာမူနှစ်စောင်ကတော့ အားလုံးကို အခက်တွေ့စေတယ်။ တစ်စောင်ကတော့ အယောက် ၇၀ ထဲမှာ နောက်ဆုံးမှာ ရှိနေတဲ့ စာမူ၊ နောက်တစ်စောင်ကတော့ ဟို အခန်း အမှတ် ၇ ပေါ့။ အခုတော့ စာစစ်မှူးတွေ အကုန်လုံးက အမှတ် ၇ ကို အရမ်း မှတ်မိနေကြပြီ။ စာရွက်ပေါ်က နာမည်ကို ဖုံးထားတဲ့ စက္ကူကို ဖြုတ်ကြည့်ပြီး ဘယ်သူလဲဆိုတာ သိချင်စိတ်တွေတောင် ပေါက်နေကြတာ၊ ဘယ်လိုလူမို့လို့ စာစစ်မှူးကြီး နှစ်ယောက်ကို ဒီလောက်အထိ ငြင်းခုံအောင် လုပ်နိုင်ရတာလဲဆိုပြီးတော့ပေါ့။
အဓိကစာစစ်မှူးကြီးကတော့ အမှတ် ၇ ကို လုံးဝ မကြိုက်ဘူး၊ ဒါပေမဲ့ ဒုတိယစာစစ်မှူးကြီးကတော့ အစွမ်းကုန် ထောက်ခံနေတယ်။ အခု ပြဿနာက စာစစ်မှူးကြီးကို ပြစ်မှားမလား၊ ဒါမှမဟုတ် အမှန်တရားဘက်က ရပ်မလား ဆိုတာပဲ။
အားလုံး တုံ့ဆိုင်းနေတာ မြင်တော့ ယဲ့ကျူက ပြောတယ်။ "အဖြေမထွက်သေးရင်လည်း အမတ်မင်းတို့ အားလုံး မှတ်ချက်တွေ ရေးပေးကြပါ၊ ငါကိုယ်တိုင်ပဲ ဝန်ကြီးဌာနကို ပို့ပြီး အစစ်ဆေးခံပါ့မယ်"
ပုံမှန်ဆိုရင်တော့ အောင်တဲ့စာမူတွေကို ဝန်ကြီးဌာနကို ပို့ပြီး အတည်ပြုချက် ယူရတာလေ၊ ဒါပေမဲ့ ဒါက ဟန်ပြပါပဲ၊ စာလုံးတွေ မှန်မမှန်လောက်ပဲ ကြည့်ကြတာ။ ဒါပေမဲ့ အခုလို စာစစ်မှူးကြီး နှစ်ယောက်က သဘောထား ကွဲလွဲနေရင်တော့၊ ဝန်ကြီးဌာနက လူလွှတ်ပြီး အောင်တဲ့စာမူ အကုန်လုံးကို ပြန်စစ်မှာလေ၊ အဲဒီအခါကျရင် စာစစ်မှူးတွေ အကုန်လုံး အစစ်ခံရမှာပေါ့။ စာစစ်မှူးကြီးတွေကို ထားလိုက်ပါဦး၊ မင်းတို့တွေကရော ဘာလုပ်နေကြလို့ ကိစ္စတွေက ဒီအထိ ရောက်လာရတာလဲလို့ အမေးခံရမှာ။
စူးယိုကျန့်က အရင်ဆုံး ရှေ့ထွက်လာတယ်။ "ငါကတော့ အစကတည်းက ဒီစာမူကို ထောက်ခံခဲ့တဲ့သူဆိုတော့ ထပ်ရေးနေစရာ မလိုတော့ဘူး ထင်တယ်" ဒါကတော့ သူ့ရဲ့ သဘောထားကို အတိအလင်း ပြလိုက်တာပဲ။ အဲဒီနောက်မှာတော့ ဖန့်ကျင်း၊ ကျိုးဟယ်ရှင်းတို့လည်း တစ်ယောက်ပြီး တစ်ယောက် ရှေ့ထွက်လာကြပြီး မှတ်ချက်တွေ ရေးကြတော့တာပဲ။ စုစုပေါင်း မှတ်ချက် ၁၁ ခုတောင် ဖြစ်သွားပြီး စာမူရဲ့ ပထမဆုံး စာမျက်နှာမှာ ပြည့်နေတော့တယ်။
ယဲ့ကျူက အဲဒီမှတ်ချက်တွေကို တစ်ချက်ကြည့်ပြီး ဟွမ်မင်ကျုံးရဲ့ရှေ့ကို ယူသွားတယ်။ "ဝန်ကြီးမင်း..."
ဟွမ်မင်ကျုံ က စာမူကို ဆွဲလုလိုက်ပြီး စကားကို ဖြတ်ပြောလိုက်တယ်။ သူ ကြည့်လိုက်တော့ မှတ်ချက် ၁၁ ခုလုံးက အဲဒီစာမူကို အစွမ်းကုန် ချီးကျူးထားကြတာ။
ဟင်း... ရှန်မိသားစုကတော့ တကယ်ပဲ ငါ့ကို အန်တုနေကြတာပဲ။ ဒီလို စာမူမျိုးသာ ဝန်ကြီးဌာနကို ရောက်သွားရင်တော့ ငါ့မျက်နှာ ဘယ်နား သွားထားရမလဲ။
သူက အတင်းပြုံးရင်းနဲ့ ပြောလိုက်တယ်။ "အမတ်မင်းတွေ အကုန်လုံးက ဒီစာမူကို ဒီလောက်အထိ ချီးကျူးနေကြမှတော့၊ ငါလည်း ပြန်စဉ်းစားရမှာပေါ့၊ ငါ စာတွေ အများကြီး ဖတ်ရလွန်းလို့ မျက်စိတွေ ဝေနေတာလည်း ဖြစ်နိုင်တာပဲ။ အားလုံးလည်း ပင်ပန်းနေကြပြီဆိုတော့ ထပ်ပြီးငြင်းမနေကြတော့နဲ့၊ အကုန်လုံးက ကောင်းတယ်ဆိုရင်လည်း ကောင်းတာပေါ့၊ ဒါဆိုရင်လည်း အောင်စာရင်းထဲ ထည့်လိုက်ကြစို့" သူက စာမူရဲ့ထိပ်မှာ 'ချူ' ဆိုတဲ့ စာလုံးကို ခပ်မြန်မြန်ပဲ ရေးလိုက်တယ်။ နည်းနည်းလေး နောက်ကျသွားရင် ဒီစာမူက ဝန်ကြီးဌာနကို ရောက်သွားမှာကို သူ အရမ်းကြောက်နေတာ။
114.2 07
"ဒါဆို အဆင့်ကရော"
"နံပါတ်တစ် (ခွေရှောက်) ပဲ ပေးလိုက်တော့"
သူက ပြောလိုက်ရတော့တယ်။ မှတ်ချက်တွေ ဒီလောက်အများကြီးပါတဲ့ စာမူက နံပါတ်တစ် မရရင်တော့ ဒီနှစ် ပြည်နယ်စာမေးပွဲက ရယ်စရာကြီး ဖြစ်သွားမှာဖြစ်သလို အဓိကစာစစ်မှူးကြီးလည်း အရှက်ကွဲမှာဖြစ်တယ်။ ဟွမ်မင်ကျုံးက စုတ်တံကို ထပ်ယူပြီး ရေးလိုက်ပြန်တယ်။ "တည်ကြည်ခန့်ညားလှသည်၊ ပထမဆုံး ဆောင်းပါးအဖြစ် သတ်မှတ်သည်"
******