အခန်း (၁၁၅-၁၁၆)
Vol. 12 Ch. 115-116
အခန်း (၁၁၅)
ပြည်နယ်အဆင့် စာမေးပွဲ သုံးပွဲလုံး ဖြေပြီးသွားတော့ ၈ လပိုင်းကလည်း အတော်လေး ကုန်နေပြီ။ ဒါပေမဲ့ စာမေးပွဲဖြေတဲ့ ကျောင်းသားတွေကတော့ များသောအားဖြင့် မပြန်ကြသေးဘဲ ၉ လပိုင်း အစမှာ ထွက်မယ့် အောင်စာရင်းကို စောင့်နေကြတယ်။ အောင်စာရင်းထွက်မယ့်ရက်က အသေအချာ မရှိပေမဲ့ များသောအားဖြင့်တော့ ၉ လပိုင်း ၁၀ ရက်နေ့ မတိုင်ခင် ထွက်လေ့ရှိတာဆိုတော့ ကျောင်းသားတွေက ရက် ၂၀လောက် ထပ်စောင့်ရဦးမယ်။ ဒီအချိန်မှာတော့ စာသင်သားတွေ အုပ်စုလိုက်ကြီး အရက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ပြည့်တန်ဆာအိမ်တွေဆီ သွားနေကြတာကို ခဏခဏ မြင်ရတယ်။ သူတို့တွေကတော့ မိုးလင်းမိုးချုပ် ပျော်ပါးနေကြတာက တကယ့်ကို နောက်ဆုံးပွဲအဖြစ် ရူးသွပ်နေကြတဲ့ ပုံစံမျိုးပဲ။
ဒါပေမဲ့ ရွှီထင်းရှန်းကတော့ တတိယပွဲဖြေပြီး စာမေးပွဲခန်းထဲက ထွက်လာတာနဲ့ ဖျားတော့တယ်။ ပြီးခဲ့တဲ့ ရက်တွေက မိုးဆက်တိုက်ရွာခဲ့တာကြောင့် သူ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပါစေ အအေးမိသွားခဲ့တာ။ သူ အိပ်ရာပေါ်မှာပဲ အနားယူရင်း ဆေးကုနေရတာကိုတော့ ထွေထွေထူးထူး မပြောတော့ဘူး၊ အဲဒီကြားထဲမှာ ယွဲ့ပုတန်းကလည်း ရွှီထင်းရှန်းဆီကို သီးသန့် လာလည်ခဲ့သေးတယ်။ ရွှီထင်းရှန်း နေပြန်ကောင်းလာတဲ့ အချိန်မှာတော့ ၉ လပိုင်းထဲကို ရောက်နေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာတင် အောင်စာရင်း ရေးသွင်းတဲ့နေ့ကို ရောက်လာခဲ့ပြီ။ ဒီနေ့ဆိုရင်တော့ နောက်တစ်နေ့မှ အောင်စာရင်း ကပ်မှာကို သိနေကြပေမဲ့ ကျောင်းသားတွေကတော့ အရမ်းကို စိတ်လှုပ်ရှားနေကြတယ်။
တချို့ဆိုရင် ကုန်းယွမ်ဆီ သွားပြီး သတင်းသွားနားစွင့်ကြသေးတယ်။ မောက်ပါ့သိုကလည်း ရွှီထင်းရှန်း အခန်းထဲမှာ အောင်းနေတာ ကြာပြီဆိုတော့ အတူသွားဖို့ လာခေါ်ပေမဲ့ သူက ငြင်းလိုက်တယ်။ ဘာသတင်းမှ မရနိုင်မှန်း သိနေတော့ သွားလည်း အပိုပဲလို့ သူက တွေးလိုက်ရင်း မနက်ဖြန် အောင်စာရင်း ထွက်မယ့်နေ့ကိုပဲ စောင့်လိုက်တယ်။ နောက်တစ်နေ့ မနက်မှာတော့ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူတွေ အကုန်လုံး အဝတ်အစားသစ်တွေ ဝတ်ပြီး အပြင်ထွက်ဖို့ ပြင်ကြတော့တယ်။ ဆရာလင်းမြောင်ကတော့ မလိုက်တော့ဘူး၊ သူက ဒီလို အောင်စာရင်း ရှေ့မှာ ပျော်တဲ့သူက ပျော်၊ ငိုတဲ့သူက ငိုနဲ့ ဖြစ်နေတာတွေကို မြင်ဖူးလွန်းလို့ အခုတစ်ခါတော့ လူအုပ်ထဲ မတိုးချင်တော့ဘူး။
ရွှီထင်းရှန်းတို့ တစ်သိုက် ကုန်းယွမ်ကို ရောက်တော့ ကုန်းယွမ်လမ်းမကြီးပေါ်မှာ လူတွေက ပြည့်နှက်နေပြီ။ အပ်တစ်စင်းတောင် ထိုးစရာ နေရာမရှိသလို၊ ရေတောင် မဝင်နိုင်တဲ့အထိ လူများနေတော့ မောက်ပါ့သိုလို လူတောင်မှ အဝေးကနေပဲ ကြည့်ပြီး သက်ပြင်းချနေရတော့တယ်။
"ကဲ... ပြန်ကြစို့။ ဒီအတိုင်း တိုးဝင်သွားရင်တော့ အသက်မထွက်ရင်တောင် အသားလန်မှာ သေချာတယ်" သူက ပြောလိုက်တော့ အကုန်လုံးလည်း ပြန်လာခဲ့ကြရတယ်။ ပြန်ရောက်တော့ ဆရာလင်းမြောင်က ကျောင်းသားတွေ မျက်နှာမကောင်းတာ မြင်ပြီး ပြုံးရင်းနဲ့ ပြောလိုက်တယ်။ "အေးအေးဆေးဆေး စောင့်နေကြပါ" တကယ်လို့ အောင်ခဲ့ရင်တော့ သွားကြည့်နေစရာ မလိုဘူး၊ ဝမ်းသာစရာသတင်း လာပို့တဲ့သူတွေက အိမ်အရောက် လာမှာပဲလေ။
ခဏနေတော့ ယွဲ့ပုတန်းလည်း ရောက်လာခဲ့တယ်လေ။ ကြည့်ရတာ သူလည်း ကုန်းယွမ်ကို သွားခဲ့ပေမဲ့ လူအုပ်ထဲ မတိုးနိုင်လို့ ပြန်လာတာ ဖြစ်ရမယ်။ "မင်းတို့ ဘာလို့ မသွားကြတာလဲ၊ ငါ့လိုလူက မသွားရင် ထားလိုက်ပါတော့၊ မင်းတို့ကတော့ သွားကြည့်သင့်တာပေါ့" ယွဲ့ပုတန်းကလည်း သိတာပေါ့၊ ရွှီထင်းရှန်းတို့က ပထမဆုံးအကြိမ် ဖြေတာဆိုတော့ လူငယ်တွေပီပီ ယုံကြည်မှုတွေ ရှိနေမှာပဲ၊ ကိုယ့်နာမည်ကို အောင်စာရင်းပေါ်မှာ ကိုယ်တိုင် မြင်ချင်နေကြမှာပေါ့၊ ဘယ်မှာ ငြိမ်နေနိုင်ပါ့မလဲ။ "အစ်ကိုယွဲ့လည်း မသွားဘူး မဟုတ်လား" ရွှီထင်းရှန်းက ပြန်မေးတယ်။ ယွဲ့ပုတန်းက ရယ်ပြီး ခေါင်းကုတ်လိုက်တယ်။ "ငါကတော့ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်က သိပ်မရှိပါဘူး"
"အစ်ကိုယွဲ့က အဲဒီလို မပြောသင့်ဘူးလေ၊ အစ်ကို့ရဲ့ အရည်အချင်းနဲ့ဆိုရင် ကျူးရန် ဖြစ်ဖို့က စောတာနဲ့ နောက်ကျတာပဲ ရှိမှာပါ၊ စိတ်မပျက်ပါနဲ့ဦး" ရွှီထင်းရှန်းက အားပေးလိုက်တယ်။ ယွဲ့ပုတန်းကတော့ ပြုံးပဲနေပြီး ဘာမှထပ်မပြောတော့သလို ရွှီထင်းရှန်းလည်း ဆက်မပြောတော့ဘူး။
အခန်းထဲမှာလည်း အရမ်းအိုက်နေတာနဲ့ အကုန်လုံး တည်းခိုခန်းရဲ့ ဧည့်ခန်းမထဲမှာ ထွက်ထိုင်နေကြတယ်။ သူတို့လိုပဲ အပြင်မှာ လူအုပ်ထဲ မတိုးနိုင်လို့ ပြန်လာစောင့်နေတဲ့ ကျောင်းသားတွေ အများကြီးပဲ။ လမ်းပေါ်မှာတော့ လူတွေ သွားလာနေကြပြီး လေထုထဲမှာလည်း စိတ်လှုပ်ရှားစရာ အငွေ့အသက်တွေ ပြည့်နေတယ်။ အကုန်လုံးက လက်ဖက်ရည်သောက်ရင်း စကားတွေ ပြောနေကြပေမဲ့ မျက်လုံးတွေကတော့ အိမ်ရှေ့တံခါးဆီမှာပဲ ရှိနေကြတယ်။ ရုတ်တရက် အဝေးကနေ ဗုံတီးသံတွေ၊ မောင်းတီးသံတွေ ကြားလိုက်ရပြီးတော့ လူတွေလည်း ဆူညံသွားတာပေါ့။ အဝေးကြီးမှာဆိုတော့ သေချာတော့ မကြားရသေးဘူး၊ ခဏနေတော့ တစ်ယောက်ယောက်က အောင်တဲ့သူရှိပြီ၊ သတင်းလာပို့တဲ့သူတွေက ဆုလာတောင်းနေပြီလို့ ပြောသံတွေ ကြားလိုက်ရတယ်။ လူတိုင်းက အဲဒီအကြောင်းတွေပဲ ပြောနေကြသလို လမ်းသွားလမ်းလာ ရွာသားတွေလည်း အတူတူ ပျော်နေကြတော့တယ်။
115 02
ဗုံသံတွေလည်း ထပ်ကြားရပြန်သလို ယမ်းတောင့်ဖောက်သံတွေလည်း ဆူညံနေတယ်။ တချို့ မအောင့်နိုင်တဲ့ ကျောင်းသားတွေကတော့ အပြင်ထွက်ကြည့်ကြပြီး၊ ပြန်လာရင်တော့ ဘယ်သူ ဘယ်လို အောင်သွားတယ်ဆိုတာကို သူငယ်ချင်းတွေနဲ့ ဝိုင်းပြောကြတော့တယ်။ ဒီနေ့မှ ထိုက်ယွမ်မြို့ကြီးက အရမ်းကို ကျဉ်းသွားသလိုပဲ။ သတင်းပို့တဲ့ အသံတွေက တစ်ခုပြီးတစ်ခု မပြတ်တော့ဘူး။ ဒီလမ်းထဲမှာ တည်းခိုခန်းတွေ အများကြီးရှိသလို ကုန်းယွမ်နဲ့လည်းနီးတဲ့အပြင် စာမေးပွဲဖြေတဲ့ ကျောင်းသားတွေ အများဆုံး နေတဲ့နေရာဆိုတော့ ပိုပြီးစည်ကားတယ်။ ဗုံသံတွေက ဒီလမ်းထဲကို ဝင်လာပြီဆိုတော့ နားထဲက အမြှေးပါးလေး ကွာကျသွားသလိုပဲ အသံတွေကို အကုန် ရှင်းရှင်းလင်းလင်း ကြားရတော့တယ်။
အသံတွေက ပိုနီးလာလေလေ ဧည့်ခန်းမထဲမှာ ထိုင်နေတဲ့သူတွေက ပိုပြီးရင်တုန်လာလေလေပဲ။ တချို့ဆိုရင် ခေါင်းလေးတွေ ထွက်ပြီး မျှော်ကြည့်နေကြတာ။ နောက်ဆုံးတော့ သတင်းပို့တဲ့ အဖွဲ့က တည်းခိုခန်းရှေ့မှာ လာရပ်လိုက်တာပေါ့။ အနီရောင်ဝတ်စုံ ဝတ်ထားတဲ့သူတစ်ယောက်က ပြုံးပျော်ပြီး အထဲဝင်လာတယ်။ "ဝမ်းသာစရာ သတင်းပါ၊ ချင်းယွမ်ခရိုင်က ဟိုပိချွမ်းသခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၄၂ နဲ့ အောင်မြင်ပါတယ်" "ငါ... ငါအောင်ပြီလား" အသက် ၄၀ ကျော်လောက်ရှိတဲ့ ပိန်ပိန်ညှက်ညှက် အဘိုးကြီးက အော်ရင်းနဲ့ ထိုင်ခုံပေါ်ကနေ ဘုတ်ခနဲ ပြုတ်ကျသွားတယ်။ ဒါပေမဲ့ သူ လဲကျသွားတာထက် ပိုမြန်တဲ့အရှိန်နဲ့ ပြန်ခုန်ထလိုက်ပြီးတော့ ကခုန်လိုက်ရင်း ခြေတစ်ဖက် ထော့နဲ့ထော့နဲ့နဲ့ သတင်းပို့တဲ့သူဆီ အပြေးသွားကာ မေးလိုက်တယ်။ "ငါ အောင်ပြီလား။ ငါ့မျိုးရိုးက ဟို၊ အမည်က ပိချွမ်းလေ၊ ငါ တကယ် အောင်တာလား"
"ခင်ဗျားက ဟိုပိချွမ်း သခင်ကြီးသာ ဆိုရင်တော့ ခင်ဗျား အောင်တာ အမှန်ပါပဲ" သတင်းပို့တဲ့သူကလည်း ပြန်ပြောလိုက်တယ်။ "ငါ ဟိုပိချွမ်းပဲ၊ ငါ တကယ် ဟိုပိချွမ်းပါ..."
"ဂုဏ်ယူပါတယ် အစ်ကိုဟိုရေ"
"ဝမ်းသာပါတယ်"
"ဆယ်နှစ်တိုင်တိုင် ကြိုးစားခဲ့ရတာ အခုတော့ အရာထင်ပြီပေါ့"
သူ့ဝိုင်းမှာ ထိုင်နေတဲ့သူတွေလည်း အကုန်ထလာပြီး ဝိုင်းနှုတ်ဆက်ကြတယ်။ ဒီဘက်မှာတော့ ရွှီထင်းရှန်းတို့က အဲဒီဟိုပိချွမ်းကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေကြတယ်။ သူ့ကို ကြည့်ပြီး ရယ်ချင်စရာ ကောင်းသလို၊ သူတို့ကိုယ်တိုင်လည်း သူ့နေရာမှာဆိုရင် ဒီထက်တောင် ဆိုးနိုင်မယ်လို့ တွေးမိနေကြတာ။ "ဒီလူလည်း နောက်ဆုံးတော့ လူလားမြောက်သွားပြီပေါ့" ယွဲ့ပုတန်းက ပြောလိုက်တယ်။
"ဟုတ်ပါ့ ဒီလို နေ့ထူးနေ့မြတ်မှာ လက်ဖက်ရည်ချည်းပဲ သောက်နေလို့ ဘယ်ကောင်းပါ့မလဲ။ အရက်လေး ပါမှပေါ့။ ဟေ့... တပည့်လေး၊ အရက် ယူခဲ့စမ်း" ယွဲ့ပုတန်းက အော်လိုက်တော့ ဘေးမှာ ရပ်ကြည့်နေတဲ့ တည်းခိုခန်း အစေခံလေးကလည်း အမြန်ပဲ အရက်သွားယူပေးတယ်။ ဟိုဘက်က သတင်းပို့တဲ့သူတွေကို ပြန်လွှတ်ပြီးတာနဲ့ ဒီဘက်မှာလည်း အရက်ဝိုင်း စပါတော့တယ်။ ယွဲ့ပုတန်းတင် မဟုတ်ဘူး၊ ရွှီထင်းရှန်းတို့ တစ်သိုက်လည်း ကိုယ့်ဘာကိုယ် အရက်တွေ ငှဲ့သောက်နေကြတယ်၊ အရက်သောက်မှပဲ ရင်ထဲက စိတ်လှုပ်ရှားမှုတွေကို ထိန်းနိုင်မယ်လို့ ထင်နေကြတာလေ။
ဧည့်ခန်းမတစ်ခုလုံးကတော့ အရမ်းကို စည်ကားနေတာ၊ ဒါပေမဲ့ အားလုံးကတော့ ဟိုပိချွမ်းကိုပဲ ဝိုင်းကြည့်နေကြတယ်။ ဆယ်နှစ်တိုင်တိုင် ကြိုးစားလာရပြီး အခုမှ အောင်တာဆိုတော့ သူ ဂုဏ်ယူတာလည်း မဆန်းပါဘူးလေ။ ဂုဏ်ယူသင့်တာပေါ့ အဲဒီနောက်မှာလည်း သတင်းပို့တဲ့ အသံတွေ ခဏခဏ ကြားနေရပေမဲ့ ဒီတည်းခိုခန်းရှေ့မှာတော့ လာမရပ်တော့ဘူး။ အပြင်မှာ ဗုံသံတွေ ကြားလေလေ၊ ကိုယ့်ရဲ့အောင်နိုင်ချေက နည်းသွားလေလေဆိုတော့ တချို့ကျောင်းသားတွေဆိုရင် စိတ်တောင် လေကုန်ကြပြီ။ တချို့ကလည်း အရက်တွေ မှာသောက်ကြသလို၊ တချို့ကလည်း မနာလိုတဲ့ စကားတွေ ပြောနေကြတာပေါ့။ ရွှီထင်းရှန်းတို့ကတော့ နေ့လယ်စာ စားဖို့ပဲ ပြင်လိုက်ကြတော့တယ်။
115 03
သူတို့ လုပ်လိုက်တာက တခြားစောင့်နေတဲ့သူတွေကိုလည်း သတိပေးလိုက်သလို ဖြစ်သွားတယ်၊ ဒီအတိုင်း ထိုင်စောင့်နေရတာလည်း ပျင်းစရာကောင်းနေတာနဲ့ တစ်ခုခု လုပ်တာပဲ ကောင်းမယ်လေ။ တည်းခိုခန်း အစေခံတွေလည်း ပြန်ပြီး အလုပ်များကုန်တော့တယ်။ ဝိုင်းတိုင်းကို လိုက်ပြီး မှာတာတွေ ချပေး၊ အားလုံးကလည်း စားရင်းသောက်ရင်း စကားတွေ ပြောနေကြတယ်။ ကြည့်ရတာတော့ အလုပ်ရှိနေသလိုပဲ၊ ဒါပေမဲ့ ရင်ထဲမှာတော့ အကုန်လုံး မအေးမမြ ဖြစ်နေကြတယ်။ ဗုံသံတွေကို ထပ်ကြားရပြန်တယ်၊ အခုအချိန်မှာတော့ ဘယ်သူမှ အရမ်း စိတ်မလှုပ်ရှားကြတော့ဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ သတင်းပို့တဲ့သူက တည်းခိုခန်းရှေ့မှာ လာရပ်လိုက်ပြန်တယ်။ "ဝမ်းသာစရာ သတင်းပါ၊ လဲ့ဖျန်ခရိုင်က လျူချန်ယန် သခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၂၁ နဲ့ အောင်မြင်ပါတယ်"
လျူချန်ယန် ထရပ်လိုက်တယ်၊ သူက မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူလေ။
"ဂုဏ်ယူပါတယ် အစ်ကိုလျူ၊ ဝမ်းသာပါတယ်" အားလုံးက ဝိုင်းပြောကြတော့ လျူချန်ယန်လည်း မနေနိုင်ဘဲ ရယ်မောရင်းနဲ့ အရှေ့ကို တိုးသွားပြီး ဆုကြေးငွေတွေ အများကြီး ပေးလိုက်တယ်။ ဒီငွေကတော့ နည်းလို့ မရဘူး၊ နည်းသွားရင် နောက်တစ်နေ့မှာ ဘယ်သူကတော့ ကျူးရန် ဖြစ်သွားပေမဲ့ အရမ်းကပ်စေးနှဲတာပဲဆိုတဲ့ သတင်းက ပြန့်သွားမှာ။
အဲဒီနောက်မှာတော့ မြောက်ဘက်တောင်တန်း ကျောင်းတော်က တကယ်ပဲ ကံပွင့်သွားသလိုပဲ၊ နောက်ထပ် သတင်းသုံးခုကလည်း သူတို့ဆီကိုပဲ ဆက်တိုက် ရောက်လာတယ်။ အပြင်လူတွေကတော့ သူတို့ တစ်ကျောင်းတည်းကမှန်း မသိဘဲ အတူတူ လာကြတာပဲလို့ ထင်နေကြပြီး အားလုံးကလည်း မနာလို ဖြစ်နေကြတယ်။ တချို့ဆိုရင် သူတို့နေတဲ့ ဒီခြံဝန်းက ဖုန်းရွှေ ကောင်းလို့များလား၊ ကျူးရန် အောင်တဲ့သူ အနည်းငယ်ပဲရှိတာကို သူတို့ဆီမှာတင် လေးယောက်တောင် ပါနေပြီဆိုပြီး ပြောနေကြတာ။ ခဏနေတော့ သူတို့ပြောတာက မှန်သွားပြန်ရော၊ နောက်ထပ် သတင်းတစ်ခု ရောက်လာပြန်တယ်၊ ဒီတစ်ခါတော့ မောက်ပါ့သိုအတွက်လေ။ မောက်ပါ့သိုကတော့ အပြင်မှာသာ အားတက်သရော ရှိနေတာ၊ တကယ်တမ်းတော့ သူ ကိုယ်တိုင်လည်း အောင်မယ်လို့ မထင်ထားဘူး၊ သူက အတွေ့အကြုံ ယူဖို့ပဲ ဝင်ဖြေတာကို အခုတော့ တကယ် အောင်သွားခဲ့ပြီလေ။ တကယ် အောင်သွားတာ။ ဒီကောင်က ခုနက သူများကို လှောင်တုန်းကတော့ အကောင်းသား၊ အခု ကိုယ့်အလှည့်ရောက်တော့လည်း သူများထက် မသာပါဘူး။ စကားတွေတောင် ထစ်ကုန်ပြီး ဆုကြေးငွေ ပေးဖို့တောင် မေ့နေတာ၊ နောက်ဆုံးတော့ ရွှီထင်းရှန်းကပဲ အရှေ့ထွက်ပြီး သတင်းပို့တဲ့သူတွေကို ဆုကြေး ပေးလိုက်ရတယ်။
"ကဲပါ... တော်ပါတော့၊ မင်း အခုပဲ ထိုင်စမ်းပါဦး။ တကယ်လို့ မအောင့်နိုင်ဘူးဆိုရင်လည်း အခန်းထဲပြန်ပြီး သွားရယ်နေလိုက်လေ”
"ငါ ဆရာ့ကို သွားသတင်းပို့လိုက်ဦးမယ်”
လီတာ့ထျန်က သူ့ကို အတင်းဆွဲထားပြီး ပြောလိုက်တယ်။ "တော်စမ်းပါ၊ ဘယ်မှ သွားမနေနဲ့တော့၊ ဒီမှာပဲ ငြိမ်ငြိမ်ထိုင်နေစမ်းပါ”
တကယ်တော့ ရွှီထင်းရှန်းတို့ လေးယောက်လုံးက ကိုယ့်အတွက်ထက် ဆရာလင်းမြောင်အတွက် ပိုပြီးရင်ခုန်နေကြတာ။ သူတို့ကတော့ ငယ်သေးတော့ အောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ စိတ်မကောင်းဖြစ်ရုံပဲ ရှိမှာပေါ့၊ နောက်ထပ် သုံးနှစ်နေရင် ပြန်ဖြေလို့ ရသေးတာပဲ။ ဒါပေမဲ့ ဆရာကတော့ အကြိမ်ကြိမ် ဖြေလာခဲ့တာ၊ ဒီတစ်ခါမှ မအောင်ရင်တော့ ဆိုပြီး စိုးရိမ်နေကြတာ။
အချိန်တွေ ကုန်လာတာနဲ့အမျှ အားလုံးရဲ့ ရင်ထဲမှာ လေးလံလာခဲ့တယ်။ အဆင့် ၂၀အထိ သတင်းပို့ပြီးသွားပြီ၊ နောက်ကျလေလေ အဆင့်က ပိုမြင့်လေလေပဲ။ ကိုယ့်ပညာကို ကိုယ်သိတဲ့ ကျောင်းသားအချို့ကတော့ ထိပ်ဆုံးစာရင်းထဲ မပါနိုင်မှန်း သိတာနဲ့ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းတွေပဲ ချနေကြတော့တယ်။ မြောက်ဘက်တောင်တန်း ကျောင်းတော်ကလူတွေ အစပိုင်းမှာ ဆက်တိုက်အောင်ခဲ့ပေမဲ့ အခုတော့ ပြန်ငြိမ်သွားပြန်ပြီ။ နေ့လယ် ၂ နာရီနား နီးတော့မှ နောက်ထပ် သတင်းတစ်ခု ထပ်ရောက်လာတယ်။
ဒီတစ်ခါတော့ ချန်ကျန်းအတွက်ပဲ။
"ဝမ်းသာစရာ သတင်းပါ၊ ရှခရိုင်က ချန်ကျန်းသခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၅ နဲ့ အောင်မြင်တယ်"
"အားကျန်း... ဂုဏ်ယူပါတယ်လေ”
115 04
ဝိုင်းပြီးနှုတ်ဆက်ကြပြီး သတင်းပို့တဲ့သူတွေကို ပြန်လွှတ်လိုက်တော့ စောင့်နေတဲ့ ကျောင်းသားအချို့လည်း ကိုယ့်အခန်းကိုယ် ပြန်သွားကြပြီ။ အခုက အဆင့် ၅ အထိ ရောက်နေပြီ။ 'ကျင်းခွေ' လို့ခေါ်တဲ့ ထိပ်ဆုံး ၅ ယောက်စာရင်းဆိုတာ သူတို့လိုလူတွေနဲ့ မဆိုင်ဘူးလို့ ထင်နေကြတာ။
"ထင်းရှန်း... မင်းလည်း သေချာပေါက် အောင်မှာပါ” ချန်ကျန်းက အားပေးလိုက်တယ်။
ရွှီထင်းရှန်းကတော့ ပြုံးပဲနေပြီး ဘာမှ ပြန်မပြောပါဘူး။ တကယ်လို့ ဝူမိသားစုနဲ့ ရှန်မိသားစုကြားက ကိစ္စတွေသာ မရှိရင်တော့ သူ ယုံကြည်မှု ရှိပါတယ်၊ ဒါပေမဲ့ အခုတော့— အပြင်ပန်းမှာတော့ သူက တည်ငြိမ်နေသလို ဟန်ဆောင်ထားပေမဲ့ ရင်ထဲမှာတော့ ဘာမှ မသေချာဘူး ဖြစ်နေတာ။ သူကတော့ အဆိုးဆုံးအတွက်တောင် ပြင်ဆင်ထားပြီးသားလေ။ တကယ်လို့ မအောင်ခဲ့ရင်လည်း အိမ်ပြန်ပြီး စာပဲ ဆက်ဖတ်မှာပေါ့၊ အဲဒီအခါကျရင် ကျောက်အာ့နားမှာ အဖော်လုပ်ပေးလို့ ရသေးတာပဲ၊ အိပ်မက်ထဲကလို သူမကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ပြီး မြို့တော်ကို စာမေးပွဲသွားဖြေနေရတာမျိုး မဖြစ်တော့ဘူးပေါ့။ အဲဒီလို တွေးလိုက်တော့မှ စိတ်ထဲက အမောတွေ ပြေသွားသလိုပဲ။
အဲဒီအချိန်မှာပဲ နောက်ထပ် သတင်းတစ်ခု ထပ်ရောက်လာပြန်ရော။
"ဝမ်းသာစရာ သတင်းပါ၊ ယန်ချွီခရိုင်က ယွဲ့ပုတန်းသခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၃ နဲ့ အောင်မြင်တယ်"
တစ်ချိန်လုံး အရက်သောက်နေတဲ့ ယွဲ့ပုတန်းက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်တယ်၊ မူးနေတဲ့ မျက်လုံးတွေထဲမှာတော့ တကယ့်ကို တောက်ပတဲ့ အရိပ်အယောင်တွေ ရှိနေတာ။
"အစ်ကိုယွဲ့... ဂုဏ်ယူပါတယ်နော်”
ဒီဘက်မှာ နှုတ်ဆက်နေတုန်းမှာပဲ အပြင်ကနေ ဗုံတီးသံတွေ ထပ်ကြားရပြန်ပြီ။ အခုတော့ တည်းခိုခန်းပိုင်ရှင်တောင် မနေနိုင်တော့ဘဲ တံခါးဝမှာ ထွက်ရပ်ပြီး ပါးစပ်ကြီး ဖြဲကာ ပြုံးနေတော့တာပဲ။ သူ့ရဲ့ကံကလည်း ကောင်းလိုက်တာ၊ တစ်အိမ်တည်းမှာတင် အောင်တဲ့သူ ၇ ယောက်တောင် ရှိနေပြီလေ၊ နောက်တစ်ခါ စာမေးပွဲဆိုရင်တော့ သူ့ဆိုင်မှာ လူတွေ ပြည့်နေမှာ သေချာတယ်ပေါ့။
"ဝမ်းသာစရာ သတင်းပါ၊ ရှမုန့်ခရိုင်က လင်းမြောင်သခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၂ ဖြစ်တဲ့ အာယွမ် အဖြစ် အောင်မြင်တယ်"
"ဆရာ... ဆရာ..." မောက်ပါ့သိုကတော့ အော်ဟစ်ပြီး အနောက်ဘက်ဆောင်ကို ပြေးသွားတာ သူ ဧည့်ခန်းမထဲကနေ မထွက်ရသေးခင်မှာတင် ဆရာလင်းမြောင်က အထဲက ထွက်လာခဲ့တယ်။ သူ့ရဲ့ဝတ်စုံက လေထဲမှာ လွင့်နေပြီး ကြည့်ရတာ တကယ့် ပညာရှင်ကြီးတစ်ယောက်လိုပဲ၊ တည်ငြိမ်လိုက်တာလည်း အခြားသူတွေလို အောင်လို့ဆိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်မနေခဲ့ဘူး။
"ဘာလို့ အဲဒီလောက်တောင် လောနေရတာလဲ”
"ဆရာ အောင်ပြီလေ”
ဆရာလင်းမြောင်က ခေါင်းညိတ်ပြပြီး သတင်းပို့တဲ့သူတွေဆီ သွားပြီး စကားပြောလိုက်တယ်။ အာယွမ်ဆိုတာ ဒုတိယအဆင့်၊ ပထမဖြစ်တဲ့ ကျဲ့ယွမ် ပြီးရင်တော့ အမြင့်ဆုံးပဲ။ အစက စိတ်ပျက်ပြီး အခန်းထဲ ပြန်ဝင်သွားတဲ့ ကျောင်းသားတွေလည်း ဒီတည်းခိုခန်းမှာတင် ထိပ်ဆုံး ၅ ယောက်စာရင်းထဲက ၃ ယောက်တောင် ထွက်တယ်ဆိုတော့ အကုန်လုံး ပြန်ထွက်လာကြတယ်။ ပြီးတော့ ဆရာရော တပည့်တွေပါ အကုန်အောင်ကြတယ်၊ ဆရာကလည်း ဒုတိယရတယ်ဆိုတော့ အကုန်လုံးက လာပြီးမိတ်ဖွဲ့ကြတော့တယ်၊ ဒီဆရာကြီးက ဘယ်သူများလဲ၊ တပည့်တွေတောင် အကုန်အောင်အောင် သင်ပေးနိုင်ရတယ်လို့ တွေးနေကြတာ။ သူတို့ကတော့ ယွဲ့ပုတန်းကိုပါ ဆရာလင်းမြောင်ရဲ့တပည့်လို့ ထင်နေကြတာ။
115 05
ဧည့်ခန်းမထဲမှာတော့ အရမ်းကို စည်ကားနေပြီး တခြားတည်းခိုခန်းက လူတွေတောင်မှ အာယွမ်ရဲ့ပုံစံကို လာကြည့်ကြသေးတယါ။ ဘေးမှာရပ်နေတဲ့ ရွှီထင်းရှန်းကတော့ ပြုံးပဲ နေလိုက်တယ်။ သူ့ကို စောင့်ကြည့်နေတဲ့ ချန်ကျန်းကတော့ စပြောလာတယ်။ "ထင်းရှန်း... မင်း မ..." သူက စိတ်မကောင်းမဖြစ်ဖို့ ပြောချင်တာပေမဲ့ ရွှီထင်းရှန်းရဲ့ပုံစံက ဝမ်းနည်းနေတဲ့ပုံလည်း မပေါက်တော့ ဘာပြောရမှန်း မသိဖြစ်နေတယ်။
"မင်းလည်း ကံမကောင်းလို့ပါ၊ ပထမပွဲမှာ မူကြမ်းက ရေစိုသွားတယ်၊ နောက်ပိုင်း နှစ်ပွဲကလည်း မိုးယိုတဲ့အခန်းနဲ့ တိုးတယ်၊ စာမေးပွဲပြီးတော့လည်း ဖျားလိုက်သေးတာလေ။ ဒီတစ်ခါ မအောင်ရင်လည်း နောက်တစ်ခါ ပြန်ဖြေရုံပေါ့၊ လုံးဝ..." ဆိုပြီး နောက်ဆုံးတော့ အဆုံးသတ်လိုက်ရတယ်။
ချန်ကျန်းက စကားပြောရင် မောက်ပါ့သိုလို မသွက်သလို၊ ရွှီထင်းရှန်းလိုလည်း စကားမတတ်တော့ အခုလူကို နှစ်သိမ့်ရတာက သူ့အတွက်တော့ တော်တော်လေး ခက်ခဲနေတာ။
"ရပါပြီ အားကျန်း၊ မင်း ဘာပြောချင်လဲ ငါ သိပါတယ်၊ ငါ ဘာမှ မဖြစ်ဘူး”
"ဒါဆိုရင်တော့ ပြီးတာပဲ” ချန်ကျန်းလည်း သက်ပြင်းချနိုင်သွားတယ်။ သူ သိတာပေါ့၊ ထင်းရှန်းက အောင်ရှုံးကို အလေးထားတဲ့သူ မဟုတ်ပါဘူး၊ သူ့ရဲ့အရည်အချင်းနဲ့သာ မအောင်ရင်တော့ ဒါဟာ ကောင်းကင်ကြီးက မျက်စိမပါလို့ပဲ ဖြစ်ရမယ်၊ တကယ်ကို ကံဆိုးလွန်းလို့ပဲလေ။
ဆရာလင်းမြောင်လည်း လူတွေကို နှုတ်ဆက်ပြီးတော့မှ လျှောက်လာခဲ့တယ်။ သူက အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်၊ ဒုတိယအဆင့် သတင်းပို့ပြီးတာ ကြာပြီလေ။ ဗုံသံတွေလည်း ထပ်မကြားရတော့ဘူးဆိုတော့၊ ပထမရတဲ့ ကျဲ့ယွမ်က ဒီတည်းခိုခန်းက မဟုတ်တာ သေချာသလောက်ပဲပေါ့။ သူက ရွှီထင်းရှန်းကို ကြည့်လိုက်တယ်၊ သူ့ရဲ့ အချစ်ဆုံးတပည့်လေးလေ။ ဒီတစ်ခါ စာမေးပွဲမှာ ဘေးဒုက္ခတွေ အများကြီး ကြုံခဲ့ရတာကို တွေးမိတော့ သူလည်း သက်ပြင်းချပြီး ရွှီထင်းရှန်းရဲ့ပခုံးကို ပုတ်ပေးလိုက်တယ်။ "ထင်းရှန်း... စိတ်မကောင်း မဖြစ်ပါနဲ့၊ ဆရာ့ရဲ့ စိတ်ထဲမှာတော့ မင်းက ကျဲ့ယွမ် ဖြစ်ဖို့ အရည်အချင်း အပြည့်ရှိပါတယ်”
"ဆရာ့ရဲ့အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခါ မအောင်ရင်လည်း နောက်တစ်ခါပေါ့၊ ကျွန်တော်..."
စကားပြောနေတုန်းမှာပဲ အဝေးကနေ အသံတစ်ခု ကြားလိုက်ရပြန်ရော။ အရင်က အသံတွေနဲ့ မတူဘဲ ပိုပြီးတော့ ဆူညံသလိုပဲ၊ ဗုံသံတွေတင် မကဘူး၊ လူတွေရဲ့ အော်ဟစ်အားပေးသံတွေပါ ရောနှောနေတာ။
"ဒါ ဘာတွေ လုပ်နေကြတာလဲ”
ပြောနေတုန်းမှာပဲ တံခါးရှေ့မှာ ခြင်္သေ့အကအဖွဲ့ ရောက်လာတာလေ။ ခြင်္သေ့ ၅ကောင်က မြေကြီးပေါ်မှာ လူးလိုက်၊ အရိုအသေပေးလိုက်နဲ့ ကြည့်ရတာ တကယ့်ကို ချစ်စရာကောင်းပြီး ရယ်စရာလည်း ကောင်းတယ်။ သတင်းပို့တဲ့ အဖွဲ့ကလည်း အားအပြည့်ပဲ၊ ဗုံတီးတဲ့သူကလည်း ပခုံးမှာ ချိတ်ထားတဲ့ ဗုံကြီးကို အားနဲ့ ထုနေသလို၊ မောင်းတီးတဲ့သူနဲ့ နှဲမှုတ်တဲ့သူတွေကလည်း အစွမ်းကုန် လုပ်နေကြတာဆိုတော့ အသံတွေက တကယ့်ကို ညံနေတာ။ ယမ်းတောင့်ဖောက်သံတွေရော၊ လူတွေရဲ့ အော်သံတွေရောဆိုတော့ ဘေးနားမှာ ရှိနေတဲ့လူ စကားပြောတာတောင် မကြားရတော့ဘူး။
"ဒါ ဘယ်သူက ဆိုင်ဖွင့်ပွဲ လုပ်နေတာလဲ၊ ရက်ရွေးတာလည်း တော်လိုက်တာ”
"ဘာလို့ ဒီနေရာမှာ လာပြီး ဆူညံနေတာလဲ၊ ဆိုင်ရှင်... ဒါက မင်းရဲ့ စီးပွားရေးကို နှောင့်ယှက်နေတာ မဟုတ်လား”
တည်းခိုခန်းပိုင်ရှင်ကတော့ မျက်နှာတစ်ခုလုံး ပြုံးလို့၊ မျက်လုံးတွေကလည်း ဝင်းပနေတာ။ သူ တစ်ခုခု ပြောလိုက်ပေမဲ့ ဘယ်သူမှ မကြားရဘူး။ အစေခံကလည်း ပြောနေတာပဲ၊ ဒါပေမဲ့ ပါးစပ်လှုပ်တာပဲ မြင်ရတာ။ အဲဒီအချိန်မှာပဲ ဟိုခြင်္သေ့တွေက လမ်းဖယ်ပေးလိုက်ပြီး အလယ်မှာ ပန်းလုံးကြီးတစ်ခုကို မြှောက်ပြတဲ့ပုံစံ လုပ်လိုက်ကြတယ်။ အနီရောင်ဝတ်စုံ ဝတ်ထားတဲ့သူတစ်ယောက်က ပြေးဝင်လာခဲ့ပြီး ယမ်းတောင့်သံတွေ၊ ဗုံသံတွေ တိတ်သွားတော့မှ သူက အကျယ်ကြီး အော်ပြောလိုက်တယ်။ "ဝမ်းသာစရာ သတင်းပါ၊ ရှခရိုင် ဟူယန်းမြို့က ရွှီထင်းရှန်းသခင်ကြီး၊ ကျားချန် ၆ နှစ်မြောက် ရှန်းရှီးပြည်နယ် စာမေးပွဲမှာ အဆင့် ၁ ဖြစ်တဲ့ ကျဲ့ယွမ်အဖြစ် အောင်မြင်တယ်"
"ထင်းရှန်း ထင်းရှန်း"
115 06
"ထင်းရှန်း... မင်း အောင်ပြီဟေ့”
ရွှီထင်းရှန်းကို လူတွေက ဝိုင်းပြီး အရှေ့ကို တွန်းပို့လိုက်ကြတယ်၊ သူကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး ကြောင်နေမိတုန်းပဲ။ သူ့စိတ်ထဲမှာတော့ ဒီလူတွေ ကျေနပ်အောင် ငါ ဆုကြေးငွေ ဘယ်လောက်တောင် ပေးရမှာလဲ၊ မနက်ဖြန်ကျရင် ကျဲ့ယွမ်သခင်ကြီးက အရမ်းကပ်စေးနှဲတာပဲလို့ သတင်းမပြန့်အောင် ဘယ်လိုလုပ်ရမလဲလို့ပဲ တွေးနေမိတာ။
နောက်ဆုံးတော့ ရွှီထင်းရှန်းက သူ့ကိုယ်ပေါ်မှာရှိတဲ့ ငွေတွေ အကုန်ထုတ်ပေးလိုက်သလို မောက်ပါ့သိုတို့ကလည်း နည်းနည်းစီ ဝိုင်းကူပေးတော့မှပဲ သတင်းပို့တဲ့သူတွေကို ပြန်လွှတ်နိုင်ခဲ့တယ်။ တစ်ဖက်လူတွေက ဒီလောက်အထိ အခမ်းအနားကြီးနဲ့ လာပို့ပေးတာ၊ မင်းကို မျက်နှာပန်းလှအောင် လုပ်ပေးတာဆိုတော့ မင်းက ကပ်စေးနှဲနေလို့ ဘယ်ရပါ့မလဲ။ ဒါတွေက အလကား လုပ်ပေးတာ မဟုတ်ဘူးလေ၊ ငွေပေးရတယ်။ ဒါပေမဲ့ ဒီငွေတွေကတော့ ပေးရကျိုးနပ်ပါတယ်၊ ဒီသတင်းကြောင့် ထိုက်ယွမ်မြို့ တစ်ဝက်လောက်ကလူတွေ ဒီကို စုပြုံရောက်လာကြတယ်။ ဘယ်သူပဲဖြစ်ဖြစ် အိမ်ပေါင်ပြီးတော့တောင် ပေးချင်ကြမှာပေါ့။
တကယ်တော့ ဒါဟာ ပြည်နယ်စာမေးပွဲ အောင်စာရင်းထွက်တိုင်း သတင်းပို့တဲ့သူတွေ လုပ်နေကျ နည်းလမ်းပါပဲ။ ကျဲ့ယွမ်ဆိုတာ နံပါတ်တစ်လေ၊ ထူးထူးခြားခြား မလုပ်ရင် ဘယ်ဖြစ်ပါ့မလဲ။ အရင်ထဲက တည်းခိုခန်းပိုင်ရှင်က သိနေခဲ့တယ်၊ ဒါပေမဲ့ ဆူညံလွန်းလို့ သူပြောတာ ဘယ်သူမှ မကြားခဲ့တာ၊ ဒါဟာ ကျဲ့ယွမ်သခင်ကြီးအတွက် သတင်းလာပို့တာလို့ သူက ပြောနေခဲ့တာ။
အောင်စာရင်း ထွက်တဲ့ပွဲကတော့ ပျော်တဲ့သူက ပျော်၊ ဝမ်းနည်းတဲ့သူက ဝမ်းနည်းနဲ့ ပြီးဆုံးသွားခဲ့ပြီ။ အောင်တဲ့သူတွေကတော့ ကခုန်နေကြသလို၊ မအောင်တဲ့သူတွေကတော့ စိတ်မကောင်း ဖြစ်နေကြတယ်။ လူကြီးမင်းကြီးတွေတောင်မှ ကလေးတစ်ယောက်လို ငိုနေကြသလို၊ တစ်ခုခုဆိုရင် အရက်တွေ သောက်ပြီး ရမ်းနေကြတာ။
ချင်းယွမ် ၄ ယောက်ထဲမှာတော့ မောက်ပါ့သိုတောင် အောင်ခဲ့ပေမဲ့ လီတာ့ထျန် တစ်ယောက်တည်း မအောင်ခဲ့တာကတော့ နှမြောစရာပါပဲ။ လီတာ့ထျန်ကတော့ သူများတွေ ထင်သလို သူ အရမ်းကြီး ဝမ်းမနည်းပါဘူးလို့ လိုက်ရှင်းပြနေရတယ်။ စိတ်မကောင်းတာတော့ နည်းနည်း ရှိတာပေါ့၊ ဘာပဲဖြစ်ဖြစ် လေးယောက်လုံး ခရိုင်အဆင့်၊ စီရင်စုအဆင့်၊ ပြည်နယ်ဝင်ခွင့်တွေကို အတူတူ အောင်လာခဲ့ကြတာကို၊ အခုမှ သူတစ်ယောက်တည်း ကျန်ခဲ့တာဆိုတော့… ဒါပေမဲ့ စာမေးပွဲ မဖြေခင်ကတည်းက သူကတော့ ကြိုတင်ပြင်ဆင်ထားတာ၊ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်သိနေတော့ မအောင်တာကလည်း သူ့အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး။
မောက်ပါ့သိုကတော့ မမျှော်လင့်ဘဲ အောင်သွားခဲ့တာ၊ ဆရာလင်းမြောင်တောင်မှ သူအောင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါဟာ လူတစ်ယောက်မှာ ရည်မှန်းချက် ရှိလာရင်တော့ စွမ်းအားတွေက ဘယ်လောက်တောင် ကြီးမားလဲဆိုတာ သက်သေပြလိုက်တာပဲလေ။ နောက်ပိုင်းမှာ လီတာ့ထျန်က နောက်ပြောင်ပြီး ပြောသေးတယ်။ ‘ကြည့်ရတာ သူလည်း ချစ်သူတစ်ယောက်လောက်တော့ ရှာရတော့မယ် ထင်တယ်’
ဒီစကားကတော့ မောက်ပါ့သိုကို ရည်ရွယ်ပြောတာလေ။ မောက်ပါ့သိုက အစကတည်းက ကျူးရန်အောင်မှ ဖြစ်မယ်၊ အဲဒီ လီ ဆိုတဲ့လူထက် သူက ပိုပြီးအရည်အချင်း ရှိတယ်ဆိုတာ ပြရမယ်၊ အဲဒီကျမှ လင်းယန်ရန်ကို သွားတောင်းရင် မျက်နှာပန်းလှမှာပေါ့လို့ ကြုံးဝါးခဲ့တာ။ သူကတော့ အဲဒီလို တွေးတာဆိုပေမဲ့ လင်းယန့်ရန်ကရော ဘယ်လို တွေးမလဲ၊ ဆရာလင်းမြောင်ကရော ဘယ်လို သဘောထားမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။
******
116 01
အခန်း ၁၁၆
စာမေးပွဲရလဒ်ထွက်တဲ့ နောက်တစ်နေ့မှာတော့ ‘လုမင်စားပွဲတော်’ ကို ကျင်းပခဲ့တယ်။ အသစ်အောင်မြင်လာတဲ့ ကျူးရန်တွေအပြင် အဓိကစာစစ်မှူး၊ ဒုတိယစာစစ်မှူး၊ ကြီးကြပ်ရေးအရာရှိတွေနဲ့ တခြားစစ်ဆေးရေးအရာရှိတွေ အားလုံးလည်း တက်ရောက်ကြတယ်။
ဒီစားပွဲတော်ကို ဘာလို့လုမင်စားပွဲတော်လို့ ခေါ်တာလဲဆိုရင် ရှေးခေတ်က ဧကရာဇ်မင်းက စာမေးပွဲအောင်မြင်တဲ့ ပညာရှိတွေကို ‘သမင်သား’ ကို အဓိကထားတဲ့ နန်းတွင်းစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တာကြောင့်လို့ ဆိုကြတယ်။ ဒါဟာ ဧကရာဇ်ရဲ့ ကျေးဇူးတော်ကြီးမားပုံနဲ့ ထူးချွန်တဲ့ပညာရှိတွေကို ကြိုဆိုတဲ့သဘောကို ဖော်ပြတာပေါ့။ သမင်ဟာ ရှေးကတည်းက နတ်သမင်အဖြစ် သတ်မှတ်ခံရပြီး ရှားပါးတဲ့ ပညာရှိတွေကို ကိုယ်စားပြုတယ်။ ဧကရာဇ်က အရှင်သခင်ဖြစ်ပြီး ‘မင်’ ဆိုတဲ့အသံက ‘ကောင်းကင်က ပေးသနားတာ’အဓိပ္ပာယ်ရတာကြောင့် ဧကရာဇ်က အိမ်ရှင်အဖြစ် ကျင်းပပြီး ပညာရှိတွေက ဧည့်သည်အဖြစ် တက်ရောက်ရတဲ့ ဒီစားပွဲကို ‘လုမင်စားပွဲတော်’ခေါ်ခဲ့တာ။
နောက်ထပ် အယူအဆတစ်ခုကတော့ သမင် ‘လု’ ဆိုတဲ့ အသံဟာ ရာထူးစည်းစိမ် ‘လု’နဲ့ အသံတူနေလို့ပဲ။ ဆိုလိုတာက ဂုဏ်ဒြပ်နဲ့ စည်းစိမ်ဥစ္စာကို ရရှိတော့မယ့် အစပျိုးခြင်းပေါ့။ စာပေသမားတွေက အရာရာကို သိမ်သိမ်မွေ့မွေ့ ဖော်ပြတတ်ကြလို့ သမင်ကို အသုံးပြုပြီး တင်စားခဲ့ကြတာ။ အချုပ်ပြောရရင်တော့ ဒီစားပွဲဟာ အသစ်အောင်မြင်လာတဲ့ ကျူးရန်တွေကို ဂုဏ်ပြုတဲ့ပွဲပဲ။
စားပွဲတော်လို့သာဆိုတာ တကယ်တမ်းကျတော့ ဗိုက်ဝအောင် စားဖို့ထက် အခမ်းအနားကို ပိုဦးစားပေးကြတာ။ အရင်ဆုံး အဓိကစာစစ်မှူးနဲ့ ဒုတိယစာစစ်မှူးတွေက အရာရှိတွေကို ခေါ်ပြီး ပညာရှိကြီးတွေကို ဂါရဝပြုကြတယ်။ ပြီးမှ အသစ်အောင်မြင်တဲ့ ကျူးရန်တွေက စာစစ်မှူးတွေကို ကျေးဇူးတင်တဲ့အနေနဲ့ ဂါရဝပြုကြတာ။
တကယ်တော့ အဓိကစာစစ်မှူးကသာ အရေးကြီးဆုံးဖြစ်ပြီး ကျန်တဲ့သူတွေကတော့ အရန်တွေပဲ။
ရွှီထင်းရှန်းကတော့ စိမ်းပြာရောင် ကျူးရန်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုပ်ရဲ့ ဝဲယာတစ်ဖက်စီမှာ ရွှေပန်းနှစ်ခက်ကို ပန်ထားတယ်။ ပန်းပန်တာက စာမေးပွဲအောင်မြင်သူတွေရဲ့ထုံးစံဖြစ်ပေမဲ့ အောင်ပွဲအထိမ်းအမှတ် လုမင်စားပွဲတော်ကို တက်ရောက်တဲ့ ကျူးရန်အသစ်တွေအားလုံးလည်း ပန်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျဲယွမ် (ဗိုလ်စွဲသူ) ဖြစ်တဲ့အတွက် သူကတော့ တခြားသူတွေနဲ့မတူဘဲ ပန်းနှစ်ခက် ပန်ထားတာမို့ အထူးတလည် ခန့်ညားပေါ်လွင်နေတယ်။
စုစုပေါင်း ကျူးရန်အသစ် ခုနစ်ဆယ်ဟာ တစ်နေရာတည်းမှာ စုဝေးနေကြတယ်။ ကျဲယွမ်ဖြစ်တဲ့ ရွှီထင်းရှန်းက အရှေ့ဆုံးကနေ ဦးဆောင်ပြီး ဒုတိယရတဲ့သူက သူ့နောက်က လိုက်ရတယ်။ အားလုံးက အဓိကစာစစ်မှူး ဟွမ်မင်ကျန့်ကို အရင်ဂါရဝပြုပြီးမှ ဒုတိယစာစစ်မှူးနဲ့ ကျန်တဲ့သူတွေကို အစဉ်လိုက် ဂါရဝပြုကြတယ်။
အဲဒီနောက်မှာတော့ စားပွဲတော်ကို စတင်ပြီး ‘ရှီးကျင်း’ စာအုပ်ထဲက ‘လုမင်’ ဆိုတဲ့ အခန်းကို သီဆိုကြတယ်။ ဒါဟာ ဒီစားပွဲတော်ရဲ့ အမည်နဲ့ လိုက်ဖက်အောင် လုပ်ဆောင်တာ ဖြစ်တယ်။
စားပွဲတော်ကျင်းပတဲ့ ခန်းမထဲမှာ စောင်းတီးသံတွေ၊ စည်တီးသံတွေနဲ့ ကခုန်သံတွေ ပြည့်နှက်နေပြီး လက်မောင်းလောက် တုတ်တဲ့ အနီရောင်ဖယောင်းတိုင်တွေက ခန်းမတစ်ခုလုံးကို နေ့ခင်းဘက်လို လင်းထိန်နေစေခဲ့တယ်။
“ကျွန်တော်တို့ရဲ့ ကျဲယွမ်လေးက တကယ့်ကို သူရဲကောင်းလူငယ်လေးပဲဗျာ” အရာရှိတစ်ယောက်က သူ့ဘေးကလူကို မုတ်ဆိတ်မွှေးသပ်ရင်း ပြောလိုက်တယ်။
တကယ်လည်း အဲဒီလိုပဲလေ။ အသက် တစ်ဆယ့်ခြောက်နှစ်နဲ့ ကျူးရန်ဖြစ်တာဟာ အလွန်ရှားပါးပြီး ပါရမီရှင်လို့တောင် ခေါ်လို့ရတာ။
ဟိုဘက်မှာတော့ ရွှီထင်းရှန်းက အဓိကစာစစ်မှူးကို အရက်နဲ့ ဂါရဝပြုနေတယ်။
116 02
ဟွမ်မင်ကျန့်ကတော့ မဲ့ပြုံးပြုံးရင်း အရက်ကို တစ်ကျိုက်တည်း သောက်လိုက်ပြီး အားပေးစကားတချို့ ပြောခဲ့တယ်။ သူ စိတ်မကြည်မလင် ဖြစ်နေတာကို သိသာနေပေမဲ့ ဘာကြောင့်လဲဆိုတာကတော့ သူကိုယ်တိုင်ပဲ သိမှာပေါ့။
နောက်တစ်ယောက်ကတော့ ဒုတိယစာစစ်မှူး ယဲ့ကျူပဲ။ ယဲ့ကျူကလည်း အားပေးစကားတွေ ပြောခဲ့တယ်။ ယဲ့ကျူ အရက်သောက်မယ့်အချိန်မှာ ဘေးကလူတစ်ယောက်က ဝင်ပြောလိုက်တယ်။ “ကျဲယွမ်လေးကတော့ ယဲ့အမတ်မင်းကို ကျေးဇူးအများကြီး တင်သင့်တယ်နော်၊ ယဲ့အမတ်မင်းသာ မရှိရင် ကျဲယွမ်ဆိုတဲ့ ဘွဲ့ကို ရနိုင်မှာ မဟုတ်ဘူး”
အဲဒီလူ ပြောပြီးတာနဲ့ နောက်တစ်ယောက်က ချက်ချင်း ဝင်တားလိုက်တယ်။ “မင်း အရက်မူးပြီး လျှောက်ပြောနေပြီထင်တယ်၊ ဒီကျဲယွမ်လေးက ပါရမီရှင်မို့လို့ ဒီဘွဲ့ကို ရတာပေါ့” သူတို့ ပြောပြီးတာနဲ့ အဲဒီကိစ္စကို ရယ်မောရင်းပဲ ကျော်ဖြတ်လိုက်ကြတယ်။
ရွှီထင်းရှန်းကတော့ မကြားချင်ယောင်ဆောင်လို့ မရပေမဲ့ အသေးစိတ်ကိုလည်း သွားမမေးနိုင်ဘူးလေ။ ဒါကြောင့် ယဲ့ကျူကိုပဲ ပြုံးပြီး ထပ်ပြီး ဂါရဝပြုလိုက်တယ်။ “ကျွန်တော်မျိုး ဒုတိယစာစစ်မှူး အမတ်မင်းကို ထပ်ပြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ”
ယဲ့ကျူက သူ့ကို ထိန်းပေးပြီး ပြန်ပြောခဲ့တယ်။
“အစိုးရက စာမေးပွဲကျင်းပတာဟာ လူတော်တွေကို ရွေးချယ်ဖို့ပဲ၊ ရွှီကျဲယွမ်က တကယ်တော်တဲ့သူမို့လို့ ရတာပါ၊ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး”
တခြားလူတွေကတော့ ဒါကို အလုပ်သဘော ပြောတဲ့စကားလို့ပဲ ထင်ကြပေမဲ့ ရွှီထင်းရှန်းကတော့ ရိပ်မိလိုက်ပြီ။ သူ ကျဲယွမ်ရဖို့အတွက် ကြားထဲမှာ တစ်ခုခုဖြစ်ခဲ့ပြီး ယဲ့ကျူက ကူညီပေးခဲ့တာ ဖြစ်ရမယ်လို့ သူ တွေးလိုက်မိတယ်။
လုမင်စားပွဲတော် ပြီးသွားတဲ့အခါမှာတော့ အားလုံးဟာ အရက်တွေ အတော်လေး သောက်ထားကြပြီ။ ကံကောင်းလို့ မြင်းရထားတွေနဲ့ ပို့ဆောင်ပေးတာကြောင့်ပေါ့၊ မဟုတ်ရင်တော့ နောက်နေ့မှာ ကျူးရန်အသစ်တစ်ယောက် လမ်းဘေးမှာ အိပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာမှာ သေချာတယ်။
ဒီရက်ပိုင်းမှာ အဲဒီလို သတင်းတွေက ခေတ်စားနေတာ။ ဥပမာ စာမေးပွဲကျတဲ့သူက စိတ်ဓာတ်ကျပြီး လမ်းဘေးမှာ မူးနေတာမျိုး၊ ဒါမှမဟုတ် ပိုက်ဆံမရှိလို့ ပြည့်တန်ဆာအိမ်ကနေ မောင်းထုတ်ခံရတာမျိုးတွေပေါ့။ အခုလို အောင်မြင်လာတဲ့ ကျူးရန်အသစ်တစ်ယောက်သာ အဲဒီလိုဖြစ်ရင်တော့ ရယ်စရာကြီး ဖြစ်သွားမှာလေ။
လုမင်စားပွဲတော်ပြီးတော့ ကျောင်းသားတွေနဲ့ ကျူးရန်အသစ်တွေ စုပေါင်းပြီး ကျင်းပတဲ့ မိတ်ဆက်ပွဲတွေ၊ အရက်ပွဲတွေ ရှိသေးပေမဲ့ ရွှီထင်းရှန်းကတော့ ရွာကို အမြန်ပြန်ချင်နေတာကြောင့် မတက်ခဲ့ဘူး။
မြောက်ဘက်တောင်တန်း ကျောင်းတော်က သူငယ်ချင်းတွေလည်း ဒီနေရာမှာပဲ လမ်းခွဲလိုက်ကြတယ်။ စာမေးပွဲကျတဲ့သူတွေက ကျောင်းကိုပြန်ပြီး နောက်သုံးနှစ်အတွက် ပြင်ဆင်ကြရမှာဖြစ်ပြီး အောင်တဲ့သူတွေကတော့ အိမ်ကို အမြန်ပြန်ကြတယ်။
နောက်ထပ် စာမေးပွဲ(ဟွေ့ရှီ) ကတော့ နောက်နှစ် ဖေဖော်ဝါရီလမှာ ရှိတာလေ။ အခုက စက်တင်ဘာလလယ်ဆိုတော့ မြို့တော်ကို သွားဖို့ လမ်းခရီးကလည်း ဝေးတယ်၊ အနည်းဆုံး တစ်လ၊ နှစ်လလောက် ကြာမှာဆိုတော့ အချိန်က အတော်လေး ကပ်နေတာ။ တချို့ကျူးရန်တွေကတော့ အိမ်ပြန်မနေတော့ဘဲ မြို့တော်ကို တန်းသွားကြတာမျိုးလည်း ရှိတယ်။
ဒါပေမဲ့ လူအများစုကတော့ အိမ်ကလူတွေ စိတ်အေးရအောင် အိမ်ကို တစ်ခေါက် ပြန်ကြတယ်။
ဆရာဖြစ်တဲ့ လင်းမြောင်ကတော့ အချိန်မမီမှာ စိုးတာကြောင့် ရှခရိုင်ကို မပြန်တော့ဘဲ ရွှီထင်းရှန်းတို့နဲ့ မြို့တော်မှာ တွေ့မယ့်အချိန်ကိုပဲ သတ်မှတ်ပြီး ကျောင်းတော်ကို ပြန်သွားခဲ့တယ်။
ရွှီထင်းရှန်း၊ မောက်ပါ့သို၊ ချန်ကျန်းနဲ့ လီတာ့ထျန်တို့ လေးယောက်ကတော့ ရှခရိုင်ကို ပြန်မယ့် မြင်းရထားပေါ် တက်ခဲ့ကြတယ်။
အိမ်ပြန်လမ်းက ဝေးပြီး အနည်းဆုံး တစ်လခွဲလောက် သွားရမှာဖြစ်ပေမဲ့ သူတို့ လေးယောက်စလုံးကတော့ အိမ်ကို အမြန်ရောက်ချင်နေကြပြီ။
116 03
ရွှီထင်းရှန်းတို့ ပြန်လာနေတဲ့ အချိန်မှာပဲ ယွီချင်းရွာမှာတော့ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်။
ဒါက အရင်က ကိစ္စတစ်ခုကနေ စခဲ့တာ။ ကျောက်အာတို့ ညီအစ်မနှစ်ယောက်ဆီကို လာပြီး ပိုက်ဆံတောင်းတဲ့ ဝမ်တာ့ကျစ်တို့ လင်မယား နှစ်ယောက် မောင်းထုတ်ခံရပြီးကတည်းက နောက်ထပ် ပေါ်မလာတော့ဘူး။ တကယ်တော့ သူတို့ တစ်ခေါက် လာသေးတယ်၊ ဒါပေမဲ့ ရွာထဲတောင် မဝင်ရသေးခင်မှာ ရွာသားတွေက မောင်းထုတ်လိုက်တာ။
ရွာသားတွေကတော့ စကားကို အားမနာတမ်း ပြောကြတာ။ ကိုယ့်သမီးကို ရောင်းစားပြီး အခုမှ ပြန်လာပြီး ထပ်ရောင်းစားဖို့ ကြိုးစားတဲ့ မိဘတွေဆိုတော့ အားလုံးက ကဲ့ရဲ့ကြတာပေါ့။ တချို့ဆိုရင် "ပိုက်ဆံ အဲဒီလောက်တောင် လိုချင်နေရင် အိမ်ပြန်ပြီး ကလေးထပ်မွေးပြီး ရောင်းပါလား" လို့တောင် ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကြတာ။ ဒါကြောင့် သူတို့နှစ်ယောက်လည်း အရှက်ရပြီး နောက်ထပ် မလာတော့ဘူး။
နောက်တစ်ဖက်မှာတော့ ရွှီစွေ့အယ်က ကျောက်မိသားစုဆီ ပြန်ရောက်သွားတယ်။
သူမက ကျောက်မိသားစုဆီမှာ အမြဲတမ်း အဆဲခံနေရတယ်။ ဟင်းသီးဟင်းရွက် သွားခူးမယ်၊ ထင်းသွားခုတ်မယ်ဆိုပြီး ထွက်သွားပေမဲ့ တစ်နေကုန်မှ ဘာမှပါမလာတာကြောင့် ယောက္ခမရဲ့ဆဲဆိုတာကို ခံနေရတာ။
အထူးသဖြင့် သူမရဲ့သမီးလေးက အခုမှ တစ်နှစ်ကျော်ပဲ ရှိသေးတော့ လမ်းလျှောက်သင်နေတဲ့ အချိန်လေ။ ယောက္ခမဖြစ်တဲ့ ဟုန်းရှီက စွေ့အယ်ကို နှိပ်စက်ပေမဲ့ မြေးမလေးကိုတော့ အသည်းစွဲချစ်တာ။ ဒါပေမဲ့ ကလေးကို တစ်ယောက်တည်း မထိန်းနိုင်တော့ စွေ့အယ် အပြင်ခဏခဏ ထွက်နေတာကို ကြည့်မရဖြစ်နေတော့တယ်။
ဒီနေ့ မနက်မှာလည်း စွေ့အယ်က ပျောက်နေပြန်ပြီ။ ဒီတစ်ခါတော့ ဓားနဲ့ တောင်းတောင် ပါမသွားဘူး။ ဟုန်းရှီက ရွာပတ်ရှာပေမဲ့ မတွေ့ဘူး၊ ပြန်လာတော့ မြေးမလေးက ခေါင်းကွဲနေတာကို တွေ့တော့ အိမ်ထဲမှာတင် အော်ဟစ်ဆဲဆိုနေတော့တယ်။
ဆဲနေတုန်းမှာပဲ စွေ့အယ်က မျက်နှာကို အုပ်ပြီး ပြန်လာတယ်။ ရုပ်ကလည်း အရမ်းသနားစရာကောင်းနေပြီး မျက်နှာမှာလည်း ဖူးရောင်နေတာ။ ဘာမှမသိတဲ့သူဆိုရင် လူဆိုးနဲ့ တွေ့လာတယ်လို့ ထင်မှာပဲ။
ဟုန်းရှီကလည်း အဲဒီလိုပဲ ထင်တာ။ ဒါပေမဲ့ သူမက အရင်ဆုံး နှစ်သိမ့်တာမျိုး မလုပ်ဘဲ မျက်နှာပေါ်က လက်ဝါးရာတွေက ဘယ်ကလဲဆိုပြီး စစ်မေးတော့တာ။ စွေ့အယ်ကလည်း အမှန်အတိုင်း မပြောဘဲ ထစ်ထစ်ငေါ့ငေါ့ ဖြေနေတော့ ဟုန်းရှီက ပိုပြီးသံသယဝင်သွားတယ်။ ဒါနဲ့ပဲ လူသတ်ပါပြီဆိုပြီး အော်ဟစ်ရင်း ယောကျ်ားနဲ့ သားကို ခေါ်ပြီး စွေ့အယ် လူဆိုးနဲ့ တွေ့လာပြီလို့ ပြောတော့တယ်။
ဒီလို ကျေးလက်မှာ ဘာလူဆိုးရှိမှာလဲ၊ ဒါက မိန်းမတစ်ယောက် လူဆိုးနဲ့ တွေ့တယ်ဆိုရင် ကာယိန္ဒြေ ပျက်စီးသွားပြီလို့ပဲ အားလုံးက ထင်ကြတာ။ ယောကျ်ားဖြစ်တဲ့ ကျောက်ကျင်းရွှီကလည်း အမေဖြစ်သူ ပြောတာကို ကြားတော့ မျက်နှာပျက်သွားပြီး "မင်း ဘယ်မျက်နှာနဲ့ ပြန်လာတာလဲ" ဆိုပြီး ဆဲတော့တယ်။
ကျောက်အိမ်က လူကြီးကတော့ သေချာမေးချင်ပေမဲ့ သူက ယောက္ခမ ဖြစ်နေတော့ မိန်းမကိစ္စကို ဝင်မေးဖို့ အဆင်မပြေဘူးလေ။ ဒါနဲ့ပဲ မိန်းမနဲ့ သားဖြစ်သူက စွေ့အယ်ကို လူဆိုးက မုဒိမ်းကျင့်လိုက်ပြီဆိုပြီး တစ်ယောက်တစ်ပေါက်နဲ့ ဆဲနေကြတော့တယ်။ အဲဒီမှာ ကျောက်အိမ်က ချွေးမအကြီးနဲ့ အငယ်ကလည်း မီးလောင်ရာလေပင့် လုပ်ကြသေးတာ။
ဟုန်းရှီကလည်း ချွေးမတွေကို အမြဲ နှိပ်စက်တဲ့သူဆိုတော့ အခုလို အခွင့်အရေးရတုန်းမှာ အားလုံးက ဝိုင်းပြီး ကောလာဟလတွေကို ပိုကြီးအောင် လုပ်တော့တယ်။ စွေ့အယ်ခမျာ တစ်ယောက်တည်းနဲ့ လေးယောက်ကို မယှဉ်နိုင်တော့ ဘာမှရှင်းပြလို့ မရတော့ဘူး။
ကျောက်ကျင်းရွှီကတော့ ဒေါသထွက်ပြီး စွေ့အယ်ကို အခန်းထဲဆွဲသွင်းကာ ရိုက်နှက်တော့တယ်။ ကလေးလေးကလည်း အော်ငိုနေပြီး ကျောက်အိမ်တစ်ခုလုံး ပွက်လောရိုက်နေတာ။ အဲဒီသတင်းက ရွာသားတွေကြားထဲမှာလည်း ပျံ့သွားပြီး စွေ့အယ်က အရှက်ပျက်သွားပြီဆိုပြီး တစ်ရွာလုံး သိကုန်ကြတော့တယ်။
116 04
နောက်ဆုံးမှာတော့ စွေ့အယ်လည်း ဘာမှရှင်းပြလို့ မရတော့ဘဲ အသည်းအသန် ရိုက်နှက်ခံလိုက်ရပြီး ဟုန်းရှီကတော့ အော်ဟစ်နေတော့တယ်။
"သူ့ကို ကွာရှင်းပစ်၊ ချက်ချင်း ကွာရှင်း"
တကယ်တော့ ကျောက်အိမ်က လူတွေလည်း ဒါက အထင်လွဲတာမှန်း သိကြပါတယ်။ ဒါပေမဲ့ ဟုန်းရှီက စွေ့အယ်ကို ကြည့်မရတာလည်း ပါတယ်လေ။ ပြီးတော့ ကောလာဟလက ပျံ့သွားပြီဆိုတော့ ရှင်းဖို့က ခက်သွားပြီ။ တကယ်လို့ စွေ့အယ်ကို အိမ်မှာ ဆက်ထားရင် ကျောက်ကျင်းရွှီက အရှက်ရမယ့်သူ ဖြစ်နေတာ။
ဒါပေမဲ့ ကျောက်အိမ်က လူတွေက တော်တော်ပါးနပ်ကြတယ်။ စွေ့အယ်ကို အိမ်မှာပဲ ထားပြီး ဒဏ်ရာတွေ ပျောက်အောင် ကုပေးပြီးမှ ရွှီမိသားစုဆီ ပြန်ပို့လိုက်တယ်။
ရွှီထင်းရှန်းရဲ့အမေ အဘွားကျောက်က သူ့သမီး အကွာခံလိုက်ရတယ်ဆိုတာ သိတော့ ချက်ချင်း မူးမေ့လဲသွားတော့တယ်။
ရွှီအိမ်တစ်ခုလုံးလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီး သမားတော်ခေါ်ပြီး ကုပေးရတယ်။ အဘွားကျောက် သတိရလာတော့လည်း သမီး အကွာခံရတဲ့ အမှန်တရားကို ရင်ဆိုင်ရတယ်။ ကျောက်အိမ်က လူတွေကတော့ စွေ့အယ်က သိက္ခာပျက်သွားလို့ ကွာရှင်းတာပါလို့ပဲ အခိုင်အမာ ပြောကြတယ်။ အဲဒီမှာ ရွှီမိသားစုက ညီအစ်ကိုတွေနဲ့ ကျောက်အိမ်က ညီအစ်ကိုတွေ ရန်ဖြစ်ကြသေးပေမဲ့ လူကြီးတွေက တားလိုက်ရတယ်။
နောက်ဆုံးတော့ နှစ်ဖက်မိသားစု ထိုင်ပြီး ဆွေးနွေးကြတော့တယ်။ အဘိုးရွှီက သူ့သမီး အိမ်ပြန်လာတဲ့နေ့က သူကိုယ်တိုင် ရိုက်လိုက်တဲ့ လက်ရာပါလို့ သက်သေထွက်ပေးပေမဲ့လည်း ကျောက်အိမ်ကတော့ ကွာရှင်းဖို့ပဲ ဆုံးဖြတ်ထားတာ။
ကျောက်အိမ်က လူကြီးကလည်း စကားကောင်း ပြောရှာပါတယ်။ ဒါပေမဲ့ အဓိကကတော့ ရွာထဲမှာ သတင်းတွေ ပျံ့နေလို့ ရှင်းပြရတာ ခက်နေပြီ၊ ကျောက်ကျင်းရွှီရဲ့ အနာဂတ်အတွက် ကွာရှင်းမှ ဖြစ်မယ်ဆိုတာမျိုးပေါ့။
အဘိုးရွှီလည်း ဘာပြောနိုင်မှာလဲ။ အစကတည်းက ဒီလက်ထပ်ပွဲက မဖြစ်သင့်ခဲ့တာလေ။ စွေ့အယ်သာ အကျင့်မပျက်ခဲ့ရင်... အခုတော့ ကိုယ့်အကုသိုလ်နဲ့ကိုယ် ဖြစ်ရတာလို့ပဲ တွေးနေရတော့တယ်။
နှစ်ဖက်မိသားစုက အချိန်အတော်ကြာ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ သဘောတူညီချက် တစ်ခု ရခဲ့တယ်။ အဲဒါကတော့ ရွှီအိမ်က လူတွေက ကျောက်အိမ်ကို သွားပြီး ပြဿနာရှာတဲ့ ဟန်ဆောင်ရမယ်၊ ဒါမှ အပြင်လူတွေက ဒါဟာ အထင်လွဲတာလို့ ထင်မှာလေ။ ဒါပေမဲ့ ကျောက်အိမ်က စွေ့အယ်ကို အပုပ်ချတဲ့အတွက် ရွှီအိမ်ကလည်း စွေ့အယ်ကို နောက်ထပ် ပြန်မလွှတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးပေါ့။
တကယ်တော့ ဒါတွေက အပြင်လူတွေကို ပြဖို့ လုပ်တဲ့ ပြဇာတ်တွေပဲလေ။ စွေ့အယ်နဲ့ အဘွားကျောက်တို့ကတော့ ကန့်ကွက်ကြပေမဲ့ အဘိုးရွှီက ဒီတစ်ခါတော့ ပြတ်သားနေခဲ့တာ။
ဒီကိစ္စတွေ ပြီးသွားတဲ့အခါမှာတော့ အဘိုးရွှီဟာ တစ်ခါတည်း အိုမင်းသွားသလိုပဲ။ အရင်က ရွှီချင်းရှန်ရဲ့ ကိစ္စကြောင့်လည်း ကျန်းမာရေး မကောင်းတာကနေ အခုတော့ လဲသွားတော့တယ်။
ဒီကြားထဲမှာပဲ နောက်ထပ် ကိစ္စတစ်ခုက တောင်ကုန်းပေါ်မှာ ဖြစ်ခဲ့ပြန်တယ်။
ရွှီအိမ်မှာ ကိစ္စတွေ ရွှီပ်နေတော့ ကျောက်အာက ကိုယ်ဝန်နဲ့ စိတ်အေးအေးထားချင်လို့ သူ့အစ်မ ဝမ်ကျောက်တိနဲ့အတူ တောင်ကုန်းပေါ်က အိမ်မှာ သွားနေလိုက်တာလေ။ စွေ့အယ် အိမ်ပြန်ရောက်လာတော့ ကျောက်အာက ပိုတောင်ပြောင်းချင်သွားသေးတယ်၊ စွေ့အယ်က ဘာပြဿနာ ထပ်ရှာဦးမလဲ မသိဘူးလေ။
တောင်ကုန်းပေါ်မှာက အေးဆေးတယ်၊ လေကောင်းလေသန့်ရတယ်၊ ပြီးတော့ ရွှီအိမ်က အရှုပ်အထုပ်တွေနဲ့လည်း ဝေးတယ်။ ကျောက်အာကတော့ ကလေးလေးနဲ့ ကစားလိုက်၊ ကိုယ်ဝန်ကို ဂရုစိုက်လိုက်နဲ့ ပျော်နေတာ။
116 05
အခုဆိုရင် ကျောက်အာမှာ ပိုက်ဆံရှိတာ တစ်ရွာလုံး သိနေပြီ။ မြို့က နာမည်ကြီး ဝမ် ဟင်းသီးဟင်းရွက်ဆိုင်ကလည်း ကျောက်အာ ပိုင်တာလေ။ အခုဆိုရင် သူ့ရဲ့အလုပ်ရုံလေးအကြောင်းကိုလည်း အားလုံး သိကုန်ကြပြီ။ ရွာက မိန်းမတွေလည်း အလုပ်လာတောင်းကြတာပေါ့။ ကျောက်အာကလည်း လူလိုနေတာနဲ့ လက်မှုပညာတော်တဲ့သူတွေကို ရွေးပြီး အလုပ်ပေးထားလိုက်တယ်။
အရင်ကတော့ ဖုံးကွယ်ထားရတာက သူတို့မှာ အင်အားမရှိလို့လေ။ အခုတော့ ရွှီထင်းရှန်းကလည်း ရှို့ချိုင် ဖြစ်နေပြီ၊ ရွှီမိသားစုရဲ့ အကာအကွယ်လည်း ရှိတယ်၊ ခရိုင်ဝန်မင်းရဲ့ အရှိန်အဝါလည်း ရှိနေတော့ ဘယ်သူမှ မနှောက်ယှက်ရဲတော့ဘူး။
ဒါပေမဲ့ ရှေးကတည်းက ပိုက်ဆံရှိရင်တော့ အခိုးခံရတတ်တာပဲလေ။ ဒါနဲ့ပဲ တစ်ညမှာ တောင်ကုန်းပေါ်က အိမ်မှာ သူခိုးဝင်ခဲ့တာပေါ့။
ဒီသူခိုးက သတ္တိတော့ သိပ်မရှိပါဘူး။ အစကတော့ ကြက်တွေကို ခိုးတာ၊ ကြက်တွေကလည်း အများကြီးဆိုတော့ ဘယ်သူမှ သတိမထားမိကြဘူး။ ဒါပေမဲ့ သူခိုးက အတင့်ရဲလာပြီး ကျောက်အာရဲ့ အခန်းထဲအထိ ဝင်ဖို့ ကြိုးစားတော့တာ။
ပြတင်းပေါက်အောက်ကို ရောက်တာနဲ့ အစကတည်းက စောင့်ကြည့်နေတဲ့ ခွေးနက်ကြီး ‘ဟေးကျစ်’ က သူ့ကို အမိအရ ဖမ်းထားလိုက်တာပေါ့။ သူခိုးကလည်း ကြောက်လန့်တကြား အော်ဟစ်တော့ ကျောက်အာတို့ အားလုံး နိုးလာကြတယ်။
ကျောက်အာကတော့ ကိုယ်ဝန်ကြီးနဲ့တောင် ပေါက်ပြားကို ဆွဲပြီး သူခိုးကို ချိန်ထားလိုက်တာ။ အိမ်မှာက မိန်းမတွေနဲ့ ကလေးပဲ ရှိတာဆိုတော့ သူကိုယ်တိုင်ပဲ အားကိုးရမှာလေ။
“မလုပ်ပါနဲ့၊ ကျွန်တော် ဟေးစန်း ပါ” သူခိုးက သူ့နာမည်ကို ပြောလိုက်တယ်။ ပေါက်ပြားက သူ့ခေါင်းကို ချိန်ထားတာ အရမ်းကြောက်စရာကောင်းနေတာကိုး။
“ဟေးစန်းလား၊ မင်းက တော်တော် သတ္တိကောင်းနေတာပဲ၊ ငါ့ဆီတောင် လာခိုးရဲတယ်ပေါ့” ကျောက်အာက အေးစက်စက် ပြောလိုက်ပြီး ကြိုးနဲ့တုပ်ဖို့ ခိုင်းလိုက်တယ်။
ဟေးစန်းကတော့ အိမ်မှာ စားစရာမရှိလို့ပါ ဆိုပြီး တောင်းပန်ပေမဲ့ ကျောက်အာကတော့ ရွာလူကြီးဆီပဲ ပို့မယ်လို့ ပြောလိုက်တယ်။
မကြာခင်မှာပဲ ရွှီချင်းပိုင်နဲ့ တခြားလူတွေ ရောက်လာကြပြီး ရွာက လူငယ်တွေကတော့ ဟေးစန်းကို ဝိုင်းပြီး ထိုးကြိတ်ကြတော့တယ်။
“ဒီကောင်ကို ရိုက်နှက်ပြီး မောင်းထုတ်လိုက်ရမလား”
လူငယ်တွေက မေးတော့ ကျောက်အာက ပြောလိုက်တယ်။ “မဟုတ်ဘူး၊ အရင်ချုပ်ထားလိုက်၊ မနက်ဖြန်ကျရင် ရွာလူကြီးဆီ ပို့မယ်”
ဒါကတော့ ကျောက်အာက နောက်ထပ် ဘယ်သူမှ မခိုးရဲအောင် စံနမူနာပြဖို့ လုပ်တာ။ ရွာလူကြီးဆီ ရောက်ရင်တော့ ဟေးစန်းက ရွာကနေ မောင်းထုတ်ခံရမှာ သေချာတယ်။
ဟေးစန်းကတော့ အဲဒီလို အလုပ်မခံချင်တာနဲ့ ကျောက်အာကို တောင်းပန်ရင်းကနေ ရုတ်တရက် တစ်ခုကို သတိရသွားတယ်။
“ကျောက်အာအစ်မ၊ ကျွန်တော် သိတာ တစ်ခုရှိတယ်၊ ‘ရွှီမုဆိုးမ’ ဘယ်လိုသေလဲဆိုတာ ကျွန်တော် သိတယ်၊ အဲဒါကို ပြောပြရင် ကျွန်တော့်ကို လွှတ်ပေးမလား”
ကျောက်အာလည်း အဲဒီစကားကို ကြားတော့ သူ့ကို ချက်ချင်း လှည့်ကြည့်လိုက်မိတော့တယ်။
ဟေးစန်းကလည်း ကျောက်အာ စိတ်ဝင်စားသွားတာကို မြင်တော့ သူသိတာတွေကို စတင်ပြီး ပြောပြလိုက်တယ်။
******