အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း ၁၁၇
ဟေးစန်းရဲ့နာမည်အရင်းက ဟေးစန်း မဟုတ်ဘူး။ သူ့မျိုးရိုးက တာ့ဆိုပေမဲ့ နာမည်အရင်းလည်း မရှိဘူး၊ ငယ်နာမည်ကတော့ စန်းကျစ်တဲ့။
သူက အသားမည်းတာကြောင့် ရွာသားတွေက သူ့ကို ဟေးစန်းလို့ပဲ ခေါ်ကြတာ။
ဟေးစန်းနဲ့ သူ့အမေက ဒီရွာသားတွေ မဟုတ်ကြဘူး၊ ယွီချင်းရွာကို တခြားကနေ ရောက်လာကြတာ။ သူတို့က သားအမိနှစ်ယောက်တည်း အားကိုးရာမရှိ ဖြစ်နေတာရယ်၊ ပြီးတော့ ဟေးစန်းအမေက အရင်က ရွာလူကြီး ကျန့်လီကျန့်ရဲ့ မိန်းမ ထျန်စွေ့ကို ကယ်ပေးခဲ့ဖူးတာရယ်ကြောင့် ရွာက သူတို့ကို လက်ခံထားခဲ့တာ။
ဒီနှစ်တွေထဲမှာ ဟေးစန်းအမေက ကိုယ်တိုင်ဖော်ထားတဲ့ တောတောင်ယာမြေလေး ငါးခြောက်ဧကကို လုပ်ကိုင်ပြီး ဟေးစန်းကို ကျွေးမွေးပြုစုလာခဲ့တာ။
အိမ်က ဆင်းရဲတော့ ဟေးစန်းကို လူလားမြောက်အောင် ကြိုးစားစေချင်ခဲ့ပေမဲ့ ဒီကောင်က အလုပ်မလုပ်ဘဲ အပျော်အပါးပဲ မက်နေခဲ့တယ်။ ပျင်းတာက ထားပါဦး၊ သူက လက်ကလည်း မမြဲဘူး။ ဒီကိစ္စကြောင့် အမေဖြစ်သူ ဆွေ့မုဆိုးမခမျာ မျက်ရည်တွေလည်း အများကြီး ကျခဲ့ရသလို ရွာထဲက အိမ်တွေကိုလည်း လိုက်ပြီး တောင်းပန်ခဲ့ရတာ တစ်ပုံကြီးပဲ။ ဆွေ့မုဆိုးမက စိတ်ရင်းကောင်းပြီး ရွာထဲမှာ ဘယ်သူဘာအကူအညီလိုလို တက်တက်ကြွကြွ ကူညီပေးတတ်လို့သာ ရွာသားတွေက ဟေးစန်းကို သိပ်ပြီး ပြဿနာမရှာကြတာ။
ဒီနောက်ပိုင်း နှစ်တွေမှာ ဟေးစန်းက လူလားမြောက်လာတော့ အကျင့်ဟောင်းတွေက ပြောင်းသွားသလို ရှိပေမဲ့ ပျင်းတာကတော့ အရင်အတိုင်းပဲ။ ဒါပေမဲ့ ကိုယ့်အိမ်ကို လာမခိုးသရွေ့တော့ ရွာသားတွေကလည်း ဝင်မပါကြတော့ဘူးပေါ့။
ကျောက်အာ သိသလောက်ဆိုရင်တော့ အခုနောက်ပိုင်း ဟေးစန်းက တခြားရွာတွေကို သွားခိုးနေတာ။ သူက လက်ရာခြေရာ ဖျောက်တတ်တော့ အဖမ်းခံရတာ နည်းပေမဲ့ ပတ်ဝန်းကျင်ရွာတွေမှာတော့ နာမည်ပျက်နဲ့ လူလေလူလွင့်အဖြစ် လူသိများနေတာပဲ။
တကယ်တော့ အဲဒီနေ့ကလည်း တိုက်ဆိုင်သွားတာလေ။ ရွာလူကြီး ကျန့်လီကျန့်က ရွာသားတွေကို ခေါ်ပြီး ရွှီချင်းရှန်ကို သွားဖမ်းတဲ့အချိန်မှာ ဟေးစန်းကိုတော့ ဘယ်ခေါ်မလဲ။ ဟေးစန်းတို့အိမ်က ရွှီမုဆိုးမအိမ်ရဲ အနောက်ဘက်မှာ ရှိတာလေ။ သူက အိမ်ရှေ့မှာ ထိုင်ပြီး နေပူစာလှုံနေတုန်း ရွှီမုဆိုးမက ကလေးကို ပွေ့ပြီး အိမ်ကနေ တိတ်တိတ်လေး ထွက်ပြေးသွားတာကို မြင်လိုက်တာ။
သူလည်း ပျင်းပျင်းရှိတာနဲ့ စပ်စုချင်လို့ နောက်ကနေ ခိုးလိုက်သွားခဲ့တာပေါ့။ လိုက်ရင်းလိုက်ရင်းနဲ့ တစ်ခုခု ထူးဆန်းနေမှန်း သူ သတိထားမိလာတယ်။ ရွာလူကြီးက ရွှီမုဆိုးမအိမ်မှာ လူသွားဖမ်းတာလေ၊ ဒါကို ရွှီမုဆိုးမက ဘာလို့ ရွာလူကြီးအိမ်ဘက်ကို သွားနေတာလဲဆိုပြီး သူ တွေးနေမိတာ။
ရွာလူကြီးအိမ်ရဲ့ နောက်ဖေးတံခါးနားမှာ ဟေးစန်းက ပွဲကြီးပွဲကောင်း တစ်ခုကို ကြည့်လိုက်ရတယ်။
လူမိမှာ ကြောက်လို့ သူက အဝေးကနေပဲ ချောင်းကြည့်နေတာ။ အဲဒီမှာ ကျန့်ကောဖုန်းနဲ့ ရွှီမုဆိုးမတို့က တစ်ယောက်နဲ့ တစ်ယောက် ဆွဲလားရမ်းလား လုပ်နေကြပြီး ရွှီမုဆိုးမက ဝမ်းနည်းပက်လက် ငိုနေတာကို သူ တွေ့လိုက်ရတယ်။ နောက်ပိုင်း သူတို့ ဘာတွေ ပြောကြလဲတော့ မကြားရဘူး၊ ကျန့်ကောဖုန်းက အရှေ့က သွားပြီး ရွှီမုဆိုးမက နောက်ကလိုက်ရင်း နှစ်ယောက်သား ထွက်သွားကြတာကို သူ မြင်လိုက်ရတာပဲ။
ရွာသားတွေ ရွှီမုဆိုးမကို လိုက်ရှာနေတဲ့အချိန်မှာလည်း ဟေးစန်းက ဘာမှ ဝင်မပြောခဲ့ဘူး။ ရွှီမုဆိုးမ သေသွားပြီဆိုတဲ့ သတင်းကြားတော့မှ သူလည်း တစ်ခုခု မှားနေပြီဆိုတာ သိလိုက်တာ။ ဒါပေမဲ့ သူကတော့ အပြင်ကို ဘာမှ ထုတ်မပြောဖို့ပဲ ဆုံးဖြတ်ထားခဲ့တာလေ။
သူနဲ့ သူ့အမေက ဒီရွာကို အပြင်က ရောက်လာတဲ့သူတွေဆိုတော့ ရွာလူကြီး ကျန့်လီကျန့်ကိုပဲ အားကိုးနေရတာ။ ပြီးတော့ သူ့အမေ ကယ်ခဲ့တဲ့သူကလည်း ကျန့်ကောဖုန်းရဲ့ အမေအရင်း ထျန်စွေ့ပဲ မဟုတ်လား။ ထျန်စွေ့က သားအငယ်ဆုံးကို ကိုယ်ဝန်ဆောင်ထားတုန်းက အဘိုးကြီးနဲ့ သားကို ထမင်းသွားခေါ်မယ်ဆိုပြီး ဇွတ်သွားရင်း လမ်းမှာ ဗိုက်နာလာတာလေ။ အဲဒီအချိန် လမ်းမှာ လူမရှိဘဲ ဟေးစန်းနဲ့ သူ့အမေနဲ့ တိုးလို့သာ ကံကောင်းသွားတာ။
117 02
ဒါကြောင့် ဒီနှစ်တွေထဲမှာ ထျန်စွေ့နဲ့ ဆွေ့မုဆိုးမတို့က ခင်မင်ကြပြီး ဟေးစန်းကလည်း ကျန့်အိမ်မှာ ထမင်းခဏခဏ သွားစားဖူးသလို ကျန့်ကောဖုန်းကို တွေ့ရင်လည်း ဦးလေး၊ ဦးလေးနဲ့ ခေါ်နေခဲ့တာ။
ဒါတွေအပြင် သူတို့ သားအမိ ဒီရွာမှာ ဆက်နေချင်သေးရင် ရွာလူကြီးကို သွားပတ်သက်လို့ မရဘူးလေ။ ဒါပေမဲ့ အခုတော့ အခြေအနေက အရေးကြီးနေပြီဆိုတော့ ဟေးစန်းက သူသိသမျှ အကုန်လုံးကို အန်ထုတ်လိုက်တော့တာပဲ။
အခန်းထဲမှာတော့ တိတ်ဆိတ်သွားခဲ့ပြီ။ ဟေးစန်းက ကျန့်ကောဖုန်းက ရွှီမုဆိုးမကို တောင်စောင်းကနေ တွန်းချလိုက်တာကို ကိုယ်တိုင်မြင်လိုက်ရတယ်လို့ မပြောပေမဲ့ သေသွားတဲ့ ရွှီမုဆိုးမရယ်၊ ဘာမှမဖြစ်ဘဲ ကျန်ခဲ့တဲ့ နျူးနျူးရယ်ကို ကြည့်ရင် ဘာဖြစ်ခဲ့လဲဆိုတာ ခန့်မှန်းရ မခက်တော့ဘူးလေ။
“ကျောက်အာအစ်မ၊ ငါ သိတာတွေ အကုန်ပြောပြပြီးပြီ၊ ငါ့ကို လွှတ်ပေးပါတော့”
“သူ့ကို လွှတ်ပေးလိုက်ပါ” ကျောက်အာက ဟေးစန်းကို ရွံရှာသလို ကြည့်ပြီး ပြောလိုက်တယ်။ “နောက်တစ်ခါ ထပ်ခိုးတာ မိရင်တော့ မင်းခြေထောက်ကို ငါ ရိုက်ချိုးပစ်မယ်”
ဟေးစန်းကတော့ ကြိုးဖြည်ပေးတာနဲ့ စကားတောင် ထပ်မပြောရဲဘဲ အမြန်ပဲ ထွက်ပြေးသွားတော့တယ်။
“ရွှီမုဆိုးမကို သတ်တာ ကျန့်ကောဖုန်း ဖြစ်နေတာလား၊ သူက ဘာကြောင့် အဲဒီလို လုပ်ရတာလဲ”တိတ်ဆိတ်နေတဲ့ ကြားထဲကနေ ရွှီချင်းဟွိုင်ရဲ့ အသံ ထွက်လာခဲ့တယ်။
ဒီကိစ္စက ပြောနေစရာတောင် လိုဦးမလား။ ရွှီမုဆိုးမက ကျန့်ကောဖုန်းရဲ့ အားနည်းချက် တစ်ခုခုကို ဆုပ်ကိုင်ထားလို့သာ ဟိုလူက သတ်လိုက်တာ ဖြစ်မှာပေါ့။ ဘာအားနည်းချက်လဲဆိုရင်တော့ အရင်က ရွှီချင်းရှန်မှာ ကာလသားရောဂါ ရှိနေတာနဲ့ ဆက်စပ်ကြည့်ရင် ခန့်မှန်းရ မခက်ပါဘူး။
ရွှီမုဆိုးမက ကြောက်လာလို့ ကျန့်ကောဖုန်းဆီမှာ အကူအညီသွားတောင်းတာ ဖြစ်နိုင်သလို သူ့ကို ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တာပေါ့။ ကျန့်ကောဖုန်းကလည်း ရွှီမုဆိုးမနဲ့ ဘယ်ပတ်သက်ချင်မလဲ။ နာမည်ပျက်မှာတင် မကဘူး၊ ဟိုရောဂါ ကူးစက်ခံရမှာကိုလည်း သူ သေလောက်အောင် ကြောက်နေမှာလေ။
ဒါဆို ကျန့်ကောဖုန်းက ဘာလို့ ရွှီမုဆိုးမကို သတ်ပြီး နျူးနျူးကိုတော့ ချန်ထားခဲ့တာလဲ။
ကျောက်အာ၊ ကျောက်တီးနဲ့ ရွှီချင်းဟွိုင်တို့ ညီအစ်ကိုတွေကတော့ အဘွားကျောက်က နျူးနျူး ဘယ်သူနဲ့ တူလဲဆိုပြီး လိုက်မေးနေတဲ့ ကိစ္စကို သတိရသွားကြတာပေါ့။
ဒါဆိုရင်တော့...
နျူးနျူးက တကယ်တော့ ကျန့်ကောဖုန်းရဲ့ သွေးသား ဖြစ်နေတာလား။
“ဟေးစန်းကို အလွတ်မပေးနိုင်ဘူး။ မင်းတို့တွေ ဟေးစန်းကို ပြန်သွားဖမ်းထားကြ၊ ငါ သွားပြီး အဘိုးရွှီ (ရွာလူကြီး) ကို သွားပြောလိုက်မယ်” ရွှီချန်က သူ့သူငယ်ချင်းတွေကို အမိန့်ပေးပြီး ချက်ချင်းပဲ အပြေးထွက်သွားတော့တယ်။
လူသေမှုနဲ့ ပတ်သက်နေပြီဆိုတော့ ဒါက ကျောက်အာတို့ သဘောနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်တော့ဘူး။ ပြီးတော့ ရွှီမိသားစုနဲ့ ကျန့်မိသားစုကလည်း အစဉ်အဆက် ရန်ဘက်တွေဆိုတော့ ဒီကိစ္စကို ဘယ်သူမှ မတားကြဘူးလေ။
အားလုံးက သက်ပြင်းတွေ အပြင်းအထန် ချလိုက်ကြပြီး ရွာထဲမှာတော့ အမှုကြီးတစ်ခု ဖြစ်တော့မယ်ဆိုတာ သိလိုက်ကြပြီ။
နောက်နေ့ မနက်အစောကြီးမှာတင် ရွှီမျိုးနွယ်စုခေါင်းဆောင်က ရွာသားအားလုံးကို စုဝေးလိုက်တယ်။
တကယ်ဆိုရင် သူက ရွှီမျိုးနွယ်စုရဲ့ ခေါင်းဆောင်ဆိုတော့ ရွှီမျိုးရိုးရှိသူတွေကိုပဲ အမိန့်ပေးလို့ ရတာ၊ တခြားသူတွေကိုတော့ အမိန့်ပေးလို့ မရဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းက ရှို့ချိုင် ဖြစ်သွားကတည်းက အဘိုးရွှီရဲ့ ဩဇာက ရွာလူကြီး ကျန့်လီကျန့်ထက်တောင် ကျော်လွန်နေပြီလေ။ ဒါကြောင့် သူ ခေါ်လိုက်တာနဲ့ တစ်ရွာလုံးက လူတွေ ရောက်လာကြတာပဲ။
ပွဲကြည့်ချင်လို့ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် လူစုံရင် ပြီးတာပါပဲလေ။
117 03
အစပိုင်းမှာ အဘိုးရွှီက တခြားကိစ္စတွေကို မပြောဘဲ ဟေးစန်းက တောင်ကုန်းပေါ်မှာ သူခိုးဝင်တဲ့ ကိစ္စကိုပဲ အရင်ပြောတာ။ ဆွေ့မုဆိုးမ ဘယ်လိုငိုတယ်ဆိုတာကတော့ ထားလိုက်ပါတော့။ ရွာလူကြီး ကျန့်လီကျန့်က သူ့အမေ မျက်နှာကို ထောက်ပြီး စကားကောင်းလေး ဝင်ပြောပေးမလို့ ရှိသေးတယ်၊ အဘိုးရွှီက ချက်ချင်းပဲ အကြောင်းအရာကို လှည့်လိုက်တော့တာ။
သူက ရွှီချန်တို့ကို မနေ့ညက ကိစ္စတွေကို ပြောခိုင်းလိုက်တယ်။ ကျောက်အာနဲ့ အဒေါ်ကောင်းကလည်း သက်သေအဖြစ် ပါတာပေါ့။
ဒါကို ကြားပြီးတာနဲ့ ရွာသားတွေကြားမှာ ပွက်လောရိုက်သွားတော့တယ်။
ကျန့်မျိုးရိုးတွေကတော့ ရွှီမျိုးရိုးတွေက မတရားစွပ်စွဲတာပါဆိုပြီး ငြင်းကြသလို၊ ရွှီမျိုးရိုးတွေကလည်း ပြန်ပြီး အချေအတင် ပြောကြတာပေါ့။ အောက်မှာ အခြေအတင် ဖြစ်နေကြပေမဲ့ အပေါ်မှာ ထိုင်နေတဲ့ ရွာလူကြီးကတော့ မျက်နှာတစ်ခုလုံး ဖြူလျော့သွားတော့တယ်။
“ရွှီမုဆိုးမက ငါတို့ ရွှီမျိုးနွယ်စုဝင် မဟုတ်ပေမဲ့ သူက ရွှီအိမ်ရဲ့ ချွေးမလေ၊ နောက်ပိုင်း ချင်းရှန်နဲ့လည်း ပတ်သက်ခဲ့တာ။ လူတစ်ယောက်လုံး ဒီလို အလကား သေသွားလို့ မဖြစ်ဘူး၊ မင်းတို့ ကျန့်မိသားစုက ရှင်းလင်းတဲ့ စကားတစ်ခွန်း ပေးရမယ်”
“ဟုတ်တယ်၊ ငါတို့ကို ရှင်းရှင်းလင်းလင်း ပြောပြပါ”
“အရမ်း ရက်စက်လွန်းတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လူတော့ မသတ်သင့်ဘူး”
“လူသတ်ရင် ခေါင်းဖြတ်ခံရမှာနော်”
အောက်က ရွှီမျိုးရိုးတွေကတော့ ဒေါသတကြီးနဲ့ အော်ဟစ်နေကြတော့တယ်။
“မင်းက ဘာရှင်းလင်းချက်ကို လိုချင်နေတာလဲ”ရွာလူကြီးက အဘိုးရွှီကို ဒေါသတကြီး ကြည့်ပြီး အတင်းအကျပ် ပြန်မေးလိုက်တယ်။
“မင်း ရွာလူကြီး လုပ်လာတာ ဒီလောက်ကြာပြီပဲ၊ ဘာကို မသိတာ ရှိလို့လဲ။ ရှင်းလင်းချက်ဆိုတာ ငါက သင်ပေးနေရဦးမှာလား”
အဲဒီအချိန်မှာပဲ ကျန့်ကောဖုန်းက ရုတ်တရက် ထွက်လာပြီး ခန်းမအလယ်မှာ ဒူးထောက်ချလိုက်တယ်။ “အဘိုးရွှီ၊ ကျွန်တော့်အဖေကို မနှိပ်စက်ပါနဲ့တော့။ လူကို ကျွန်တော် သတ်တာပါ။ အရာရှိဆီ သွားမလား၊ ခေါင်းဖြတ်မလား၊ ကျွန်တော် ခံယူပါ့မယ်”
အရင်က အရပ်အမောင်း ကောင်းပြီး ထည်ဝါတဲ့ လူကြီးက အခုတော့ ပျော့ခွေသွားတယ်။
“သတ်မယ်ဆိုရင် ငါ့ကိုပဲ သတ်ပါ၊ ရွှီမုဆိုးမကို ငါပဲ တွန်းချလိုက်တာ” ထျန်စွေ့ကတော့ အသဲအသန် ငိုပြီး ပြေးထွက်လာကာ ပြောနေပေမဲ့ ဒါက သားကို ကာကွယ်ပြောတာမှန်း အားလုံး သိနေတာကြောင့် ဘယ်သူမှ မယုံကြဘူး။
“အမေ၊ အိမ်ပြန်တော့။ လူကို ကျွန်တော် တကယ် သတ်တာပါ။ အဲဒီအချိန်က ဘာတွေ ဖြစ်သွားမှန်း ကျွန်တော်လည်း မသိတော့ဘူး၊ သူက ကျွန်တော့်ကို အကျပ်ကိုင်လွန်းလို့... ကျွန်တော်တို့ အိမ်ရဲ့ဘဝကို သူ ဖျက်ဆီးမှာ ကြောက်လို့ ကျွန်တော် လုပ်လိုက်မိတာပါ...”
“မင်းက တကယ့် လူမိုက်လေးပဲ၊ ဘာကိစ္စပဲ ဖြစ်ဖြစ် လူသတ်စရာ လိုလို့လားကွယ်...”
သားအမိနှစ်ယောက် ဖက်ငိုနေကြတာကို ကြည့်ပြီး အားလုံးကလည်း စိတ်မကောင်း ဖြစ်နေကြတော့တယ်။
ခဏကြာတော့ ထျန်စွေ့က ရုတ်တရက် ထရပ်ပြီး ရွာလူကြီးကို လိုက်ရိုက်တော့တယ်။
“ရှင် စကားပြောဦးလေ၊ ဒီမှာတင် အရုပ်လို ရပ်မနေနဲ့ဦး။ ရှင်သာ... ရှင်က တကယ်ပဲ ကောင်းဖုန်းကို အသေခံခိုင်းတော့မှာလား”
ရွာလူကြီးကလည်း မိန်းမကို ဘယ်လိုမှ တားမရတော့ စိတ်ပျက်လက်ပျက်နဲ့ အော်လိုက်တော့တယ်။
117 04
“တော်ပြီ ငါ ရှင်းလင်းချက် ပေးမယ်”
ရွာလူကြီးက အဘိုးရွှီကို ပြောလိုက်တယ်။
အဲဒီနောက်ပိုင်းမှာတော့ ကျန့်ကောဖုန်းဟာ အရာရှိဆီ အဖမ်းမခံခဲ့ရဘူး။ ဒါပေမဲ့ ရွာလူကြီး ကျန့်လီကျန့်ကတော့ သူ့ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။
တကယ်တော့ အားလုံးက ဒါကို ရိပ်မိကြပါတယ်။ အဘိုးရွှီ လိုချင်တာက ရွာလူကြီး ရာထူးလေ။ ရွှီမုဆိုးမ သေတာကတော့ အကြောင်းပြချက် တစ်ခုပဲ။ လူတွေ အားလုံးက မုန်းနေတဲ့သူတစ်ယောက် သေသွားတာကို ဘယ်သူကမှ သိပ်ပြီး ဂရုမစိုက်ကြတော့ဘူး။
ဒီလိုနဲ့ပဲ အဘိုးရွှီက ရွာလူကြီး ဖြစ်လာတာနဲ့ ကိစ္စက ပြီးသွားခဲ့တယ်။ ခရိုင်ဝန်မင်းကလည်း ရွာလူကြီးက သူ့ဘာသာ နုတ်ထွက်တာရယ်၊ အသစ်တက်မယ့်သူက ရွှီထင်းရှန်းရဲ့အဘိုး ဖြစ်နေတာရယ်ကြောင့် ဘာမှ ကန့်ကွက်မနေဘဲ ခန့်ပေးလိုက်တယ်။
ကိစ္စတွေ အားလုံး ပြီးသွားပြီလို့ ထင်ရပေမဲ့ ရွှီအိမ်က လူတွေအတွက်တော့ အခုမှ စတာ။
ပထမဆုံး အဘွားကျောက်က မခံစားနိုင်ဖြစ်သွားတာ။ ကိစ္စကို သိတဲ့နေ့မှာပဲ ကျန့်အိမ်ကို ပြေးသွားပြီး နျူးနျူးက ကျန့်ကောဖုန်းရဲ့သွေးသားလားဆိုပြီး သွားမေးတော့တယ်။
ကျန့်ကောဖုန်းက လူသတ်တာကိုသာ ဝန်ခံပေမဲ့ နျူးနျူးက သူ့ကလေးဆိုတာကိုတော့ လုံးဝဝန်မခံဘူး။ ရွှီမုဆိုးမရဲ့ အကျင့်ကို သူလည်း သိတာပဲလေ။ ရွှီချင်းရှန်ကိုလည်း ကိုယ်ဝန်ရှိတယ် ပြောပြီး သူ့ကိုလည်း လာပြောနေတော့ သူလည်း မယုံရဲဘူး။
သူ့စိတ်ထဲမှာ မယုံတာက များပေမဲ့ နောက်ဆုံးမှာတော့ ကျန်နေတဲ့ သံသယလေးကြောင့်ပဲ နျူးနျူးကို ချန်ထားခဲ့တာ။ အဘွားကျောက်က ကလေးကို ယူသွားပြီဆိုတာ သိတော့မှ သူလည်း စိတ်အေးသွားရတာ။
ဒါပေမဲ့ အခုတော့ အခြေအနေက တစ်မျိုး ပြောင်းသွားပြီ။ သူ့မိန်းမကလည်း သူ့ကို ရန်ရှာနေပြီဆိုတော့ နျူးနျူးကို သူ့ကလေးအဖြစ် သူ ဘယ်လိုမှ လက်ခံမှာ မဟုတ်ဘူး။
ကျန့်ကောဖုန်းက ဝန်မခံတော့ အဘွားကျောက်လည်း အိမ်ကို ပြန်လာရတော့တယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ ရွှီချင်းရှန်နဲ့လည်း မတူ၊ ရွှီမုဆိုးမနဲ့လည်း မတူတဲ့ နျူးနျူးကို ကြည့်ပြီး သူ့စိတ်ထဲမှာ သံသယတွေက ပိုကြီးလာတော့တယ်။
အဲဒီနောက် အဘွားကျောက်က ကျန့်အိမ်ကို တစ်ခေါက် ထပ်သွားပြီး ပြဿနာရှာသေးပေမဲ့လည်း ဘာမှထူးမလာဘူး။ အဲဒီကစပြီး သူက နျူးနျူးကို မကောင်းတော့ဘူးလေ။ အရင်က အသည်းယားပြီး ချစ်နေတဲ့သူက အခုတော့ စိတ်ကြည်ရင် ချစ်ပြပြီး စိတ်မကြည်ရင်တော့ နျူးနျူးကို “မျိုးမစစ်” ဆိုပြီး ဆဲတော့တယ်။
နျူးနျူးက ဘာမှမသိတဲ့ ကလေးလေးပဲရှိသေးတာ၊ ဒါကို ရွှီအိမ်မှာ နေ့တိုင်း ဆူညံပွက်လောရိုက်နေတော့တယ်။ အဘိုးရွှီလည်း ကျန်းမာရေး နည်းနည်း ပြန်ကောင်းလာကာရှိသေးတယ်၊ ဒီကိစ္စတွေနဲ့ ထပ်ပြီးစိတ်တိုရပြန်တော့ လဲသွားပြန်တယ်။ ဒီတစ်ခါတော့ အရင်ကထက် ပိုဆိုးပြီး အိပ်ရာထဲကနေတောင် မထနိုင်တော့ဘူး။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ အဘွားကျောက်က ပျောက်သွားပြန်တယ်။
အဘွားကျောက်တင် မကဘူး၊ ရွှီစွေ့အယ်ပါ ပျောက်သွားတာ။ သားအမိနှစ်ယောက် စလုံး ပျောက်သွားကြတယ်။
ဒီရက်ပိုင်းမှာ ရွှီချင်းပိုင်နဲ့ ရွှီချင်းဟွိုင်တို့ ညီအစ်ကိုနှစ်ယောက်ခမျာ တော်တော် ပင်ပန်းနေကြတာ။ အပြင်က အလုပ်တွေလည်း လုပ်ရသေးတယ်၊ အိမ်က အဘိုးကြီးကိုလည်း ဝေယျာဝစ္စ လုပ်ပေးရသေးတယ်။
အဘိုးရွှီက မလှုပ်နိုင်တော့ ချွေးမတွေက လုပ်ပေးဖို့ အဆင်မပြေဘူးလေ၊ ဒါကြောင့် ညီအစ်ကိုနှစ်ယောက်ကပဲ တစ်လှည့်စီ လုပ်ပေးကြရတာ။ ဒီနေ့က ရွှီချင်းဟွိုင် အလှည့်ဖြစ်ပြီး ရွှီချင်းပိုင်ကတော့ အပြင်ကို အလုပ်သွားလုပ်တာ။
117 05
ကျောက်အာက သူတို့ကို နားခိုင်းပေမဲ့ ဝမ်ဟင်းသီးဟင်းရွက်ဆိုင်မှာ လူလိုနေတာကြောင့် သူတို့ခမျာ အတင်းအောင့်တည်းပြီး လုပ်နေကြရတယ်။
ရွှီချင်းဟွိုင်က အရမ်းပင်ပန်းနေတော့ မနက်ပိုင်းမှာ နည်းနည်း အိပ်ပျော်သွားရာကနေ နျူးနျူးရဲ့အော်ငိုသံကြောင့် နိုးလာတယ်။ ထကြည့်လိုက်တော့ အိမ်မှာ တစ်ယောက်မှ မရှိဘူး၊ လူမလှုပ်နိုင်တဲ့ အဘိုးကြီးရယ်၊ လမ်းမလျှောက်နိုင်တဲ့ ကလေးလေးရယ်ပဲ ကျန်ခဲ့တာ။
နျူးနျူးကတော့ အားရပါးရ ငိုနေပြီး အဘိုးရွှီလည်း အိပ်ရာပေါ်မှာပဲ ဆီးသွားမိနေပြီ။ ရွှီချင်းဟွိုင်က အမြန်ပဲ နျူးနျူးကို ချော့ရင်း ကလေးလှည်းထဲ ထည့်ထားလိုက်ပြီး အဘိုးကြီးရဲ့အိပ်ရာခင်းတွေကို လဲပေးရတော့တယ်။ အဘိုးကြီး ပြန်အိပ်နိုင်တော့မှ သူ့အမေ ဘယ်ရောက်သွားလဲလို့ မေးလိုက်တယ်။
အဘိုးရွှီလည်း မသိဘူးလေ၊ မျက်လုံးပွင့်လာကတည်းက လူမတွေ့တာ။ သူလည်း ဆီးအောင့်ထားတာ တစ်ညလုံးပဲ၊ သားကို နှိုးချင်ပေမဲ့ သား ပင်ပန်းမှာစိုးလို့ မနှိုးဘဲနေရင်းနဲ့ နျူးနျူးက ဗိုက်ဆာပြီး နိုးလာတာ။ ကလေးငိုတာကို ကြားတော့ သူ စိတ်ပူသွားပြီး အဲဒီမှာတင် ထွက်ကျကုန်တာ။
အဘိုးကြီးလည်း အရှက်ရပြီး မျက်နှာတွေ နီရဲကာ ဆဲနေတော့တယ်။ “သူ့ကို ဂရုမစိုက်နဲ့၊ အပြင်မှာ သေသွားလည်း ပစ်ထားလိုက်”
ပြောသာပြောတာလေ လူနှစ်ယောက်လုံး ပျောက်သွားတာဆိုတော့ လိုက်ရှာရတာပေါ့။ နောက်ဆုံးတော့ အဘွားကျောက်ရဲ့စိတ်ကို အသိဆုံးဖြစ်တဲ့ အဘိုးကြီးကပဲ အဘွားကျောက်ဟာ ရွှီချင်းရှန်ဆီကို သွားတာ ဖြစ်လိမ့်မယ်လို့ ပြောလိုက်တယ်။
ရွှီချင်းရှန် ဆိုတာကလည်း ပြဿနာပဲ။
ညီအစ်ကိုနှစ်ယောက်က လူတချို့ခေါ်ပြီး လမ်းအတိုင်း လိုက်ရှာကြတယ်။ အဲဒီ မူလနူနာရုံက ဟူယန်းမြို့မှာ ရှိတာမဟုတ်ဘဲ အန်းယန်းမြို့မှာ ရှိတာလေ။ မိန်းမနှစ်ယောက်က ခြေကျင်သွားတာဆိုတော့ နှေးမှာပဲဆိုပြီး သူတို့က နှစ်ဖွဲ့ခွဲလိုက်တယ်။ တစ်ဖွဲ့က မြင်းရထားနဲ့ အမြန်မောင်းပြီး နူနာရုံအထိ သွားတယ်၊ နောက်တစ်ဖွဲ့ကတော့ လမ်းအတိုင်း ဖြည်းဖြည်းချင်း လိုက်ရှာတယ်။
မိုးချုပ်ခါနီးမှ အဘွားကျောက်ကို တွေ့လိုက်ရတယ်။ ဒါပေမဲ့ အဘွားကျောက် တစ်ယောက်တည်းပဲ ရွှီစွေ့အယ်ကို မတွေ့ဘူး။
အဘွားကျောက်ကလည်း ရုပ်က ပျက်နေတာပဲ၊ ဘယ်က သူတောင်းစားမကြီးလဲလို့တောင် ထင်ရတယ်။ သူက ရွှီချင်းပိုင်ကို မြင်တာနဲ့ ငိုယိုပြီး ပြောတာက ရွှီစွေ့အယ်ကို လူတွေ လုသွားကြပြီ။
သူမနဲသမီးက မိုးမလင်းခင်ကတည်းက ထွက်လာတာလ။ ရွှီစွေ့အယ်က မသွားချင်ပေမဲ့ အဘွားကျောက်က အတင်းဆွဲခေါ်လာတာ။ လမ်းလည်း သူတို့ မသိကြဘူး၊ ဒါပေမဲ့ အဘွားကျောက်က လူတွေကို လိုက်မေးထားတော့ အန်းယန်းမြို့မှာ နူနာရုံရှိမှန်း သူ သိနေတာ။
အန်းယန်းမြို့က အရမ်းဝေးတော့ ခြေကျင်သွားရင် အနည်းဆုံး တစ်နေကုန် သွားရမှာ၊ အဓိကက လမ်းမသိတာပဲ။ ရွှီစွေ့အယ်က လှည်းငှားဖို့ အကြံပေးတာနဲ့ သူတို့ လမ်းဘေးမှာ စောင့်နေကြတာ။ တွေ့တဲ့လှည်းကို တားရင်းနဲ့ လှည်းတစ်စီးက သူတို့ကို တင်သွားတယ်။ အန်းယန်းမြို့ကို ပို့ပေးမယ်လို့လည်း သေချာပြောထားတာ။ ဒါပေမဲ့ လမ်းတစ်ဝက်ရောက်တော့ လှည်းသမားက ရုပ်ပြောင်းသွားကာ အဘွားကျောက်ကို လှည်းပေါ်က တွန်းချပြီး ရွှီစွေ့အယ်ကို ခေါ်သွားတော့တာပဲ။
ဒါကို အဘွားကျောက်က လူလုသွားတယ်လို့ ပြောနေတာ။
လုသွားတာပဲ ဆိုပါတော့။ ဟိုလူက လူကုန်ကူးတဲ့သူလည်း ဖြစ်နိုင်သလို၊ လမ်းမှာမှ စိတ်ပေါက်သွားတာလည်း ဖြစ်နိုင်တာပေါ့။ အဘွားကြီးတစ်ယောက်နဲ့ မိန်းမပျိုလေး တစ်ယောက်ဆိုတော့ လူဆိုးတွေအတွက်ကတော့ စားစရာအသားကြီးပဲလေ။
အဘွားကျောက်ကိုတော့ အိုလည်းအို၊ ညစ်ပတ်လည်း ညစ်ပတ်နေတော့ ရောင်းလို့မရမှာစိုးလို့ ပစ်ထားခဲ့တာ ဖြစ်မှာပေါ့။
117 06
ရွှီချင်းပိုင်လည်း ဘာပြောရမှန်းကို မသိတော့ဘူး။ ဒါတောင် အဘွားကျောက်က ရွှီချင်းရှန်ဆီ သွားမေးဦးမယ်ဆိုပြီး ဂျီကျနေသေးတာ။ ဒီတစ်ခါတော့ ရွှီချင်းပိုင်က သူ့စကားကို နားမထောင်တော့ဘဲ သူ့ကို အိမ်ပြန်ခေါ်လာခဲ့ပြီး ရွှီချင်းဟွိုင်ဆီကိုလည်း သတင်းပို့ကာ အမြန်ပြန်လာဖို့ ပြောလိုက်ရတယ်။
ရွှီချင်းဟွိုင် အိမ်ပြန်ရောက်တော့ ရင်ဆိုင်လိုက်ရတာက နောက်တစ်ခါ ထပ်ပြီး သတိလစ်သွားတဲ့ အဘိုးရွှီပဲ။
သမားတော်ကို ခေါ်လာပေမဲ့ အဘိုးရွှီက နိုးမလာတော့ဘူး။ သမားတော်ကလည်း စိတ်ပြင်ဆင်ထားကြဖို့နဲ့ လူက မရတော့ဘူးလို့ ပြောသွားခဲ့တယ်။
အဲဒီတော့မှ အဘွားကျောက်လည်း ကြောက်သွားပြီး အဘိုးကြီးရဲ့ အလောင်းပေါ်မှာ မှောက်ပြီး ငိုတော့တယ်။
ရွှီမျိုးနွယ်စုခေါင်းဆောင်က သတင်းကြားပြီး ရောက်လာတော့ ဒေါသတွေ ထွက်ပြီး အဘွားကျောက်ကို အချုပ်ထဲ ထည့်ထားခိုင်းလိုက်တယ်။ သမားတော်ကိုလည်း အဘိုးရွှီ (လျန်ရှင်း)ရဲ့ အသက်ကို တစ်ရက်ဆို တစ်ရက် မြဲနေအောင် လုပ်ပေးဖို့ မှာလိုက်တယ်။
အဲဒီအချိန်က ရွှီထင်းရှန်းက တတိယအချီ စာမေးပွဲ ဖြေနေတဲ့ အချိန်လေ။ အဘိုးရွှီက စာမေးပွဲ အကြောင်းတွေ သိပ်မသိပေမဲ့ အိမ်မှာ လူသေရင် စာမေးပွဲ ဖြေလို့ မရဘူးဆိုတာတော့ သူ သိနေတာ။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ရွှီထင်းရှန်း စာမေးပွဲ ဖြေလို့ ပြီးတဲ့အထိ ဒီသတင်းကို ဖုံးထားရမယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။
နောက်ပိုင်းမှာတော့ အဘိုးရွှီ (လျန်ရှင်း) ဟာ အသက်ထွက်သွားခဲ့တယ်။ ဒါပေမဲ့ အဘိုးရွှီကတော့ အဘိုးကြီးက မသေသေးဘဲ နေမကောင်းဖြစ်နေတဲ့ပုံစံမျိုး လူတွေကို အဝင်အထွက် လုပ်ခိုင်းပြီး ဟန်ဆောင်ခိုင်းထားခဲ့တယ်။
စက်တင်ဘာလကုန်အထိ ရောက်လာတော့ ဘယ်လိုမှ ဖုံးလို့မရတော့တာနဲ့ အဘိုးရွှီက သတင်းထုတ်လိုက်တော့တယ်။
ဒါကြောင့် ရွှီထင်းရှန်း အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်တစ်ခုလုံး ဖြူဖွေးနေတဲ့ နာရေးအဝတ်အစားတွေနဲ့ ဘယ်လိုမှ ဖုံးကွယ်လို့မရတဲ့ အလောင်းနံ့ကိုပဲ ရင်ဆိုင်လိုက်ရတယ်။ ဒါတောင် ကျောက်အာက ပိုက်ဆံအများကြီးပေးပြီး ရေခဲတွေ ဝယ်၊ အလောင်းကို ထိန်းထားလို့ ဒီလောက်ပဲ အနံ့ထွက်ခဲ့တာ။
တကယ်ဆိုရင် အစောကြီးကတည်းက သင်္ဂြိုဟ်ရမှာဖြစ်ပေမဲ့ အဘိုးရွှီက ပညာတတ်တွေက မိဘအပေါ် သိတတ်ရတယ်၊ ရွှီထင်းရှန်း စာမေးပွဲ ဖြေနေတုန်း သူ့အဘိုးကို မြှုပ်လိုက်ရင် နာမည်ပျက်မှာ စိုးလို့ဆိုပြီး တားထားခဲ့တာ။
ဒီလိုနဲ့ အလျင်အမြန်ပဲ ကန်တော့ကြပြီး အဘိုးရွှီကို သွားမြှုပ်ကြတော့တယ်။ ရွှီမိသားစုရဲ့ ဘိုးဘွားသင်္ချိုင်းမှာ ခေါင်းတလားကို မြေထဲ ချလိုက်ကာရှိသေးတယ်၊ မြို့က သတင်းလာပို့တဲ့သူတွေက ရောက်ချလာတော့တယ်။
ကျဲယွမ်၊ ကျဲယွမ်မင်းကြီး ရွှီထင်းရှန်း စာမေးပွဲ အောင်ပြီ၊ ရွှီအိမ်ကနေ ကျူးရန်တစ်ယောက် ထွက်လာပြီ။
ရွှီထင်းရှန်းက တောင်ပေါ်မှာ ရှိနေတယ်ဆိုတာ သိတော့ သတင်းလာပို့တဲ့သူတွေက ခရိုင်ဝန်မင်းနဲ့အတူ တောင်ပေါ်အထိ လိုက်လာကြတယ်။
“သတင်းကောင်းပါဗျာ၊ ရှခရိုင် ယွီချင်းရွာက ရွှီထင်းရှန်း အမတ်မင်းဟာ ကာစန်း ခြောက်နှစ် ရှန်းရှီးပြည်နယ် ကျူးရန်စာမေးပွဲမှာ ပထမ - ကျဲယွမ်ဘွဲ့ကို ရရှိပါတယ်ခင်ဗျာ”
တကယ်ဆိုရင် ပျော်စရာကောင်းတဲ့ အသံ ဖြစ်ရမှာ ဖြစ်ပေမဲ့ ကျဲယွမ်မင်းကြီးရဲ့ အိမ်မှာ နာရေးဖြစ်နေတော့ သတင်းပို့တဲ့သူကလည်း အသံကို နည်းနည်း ထိန်းပြောနေရတယ်။ သင်္ချိုင်းကုန်းမှာ မြေမြှုပ်တော့မယ့် ခေါင်းတလားကြီးကို ကြည့်ပြီး သတင်းပို့ရတာဟာ သူ့အတွက်လည်း ပထမဆုံးအကြိမ်မို့လို့ တော်တော်လေး ကြောက်နေမှာ သေချာတယ်။
ခရိုင်ဝန်မင်းသာ ပါမလာရင်တော့ သူလည်း ဆုလာဘ်တွေ မယူတော့ဘဲ လှည့်ပြေးမိမှာပဲ။
အဘိုးရွှီကတော့ မျက်ရည်တွေနဲ့ ပြောနေတယ်။ “လျန်ရှင်းရေ... မင်း မျက်စိမှိတ်လို့ ရပြီ။ မင်း ဒီနေ့ကိုပဲ စောင့်နေခဲ့တာ မဟုတ်လား”
117 07
ခရိုင်ဝန်မင်းကလည်း နှစ်သိမ့်ပေးရှာတယ်။ “အဘိုး... စိတ်မကောင်းမဖြစ်ပါနဲ့တော့”
“အမတ်မင်းရယ်... ကြည့်ပါဦး၊ ဒီလောက် ဝမ်းသာစရာ ကောင်းတဲ့ ကိစ္စကိုမှ ကျွန်တော့်ညီလေးရဲ့ မိန်းမက နားမလည်ဘဲ လုပ်လိုက်လို့ ဒီအဘိုးကြီးခမျာ...”
ကျန်တဲ့စကားတွေကိုတော့ အဘိုးရွှီက ဆက်မပြောတော့ပေမဲ့ ခရိုင်ဝန်မင်းလည်း သိနေတာပါပဲ။ ရွှီစွေ့အယ် လူကုန်ကူးခံရတဲ့ ကိစ္စကို ရုံးတော်မှာ လာတိုင်ထားတာကိုး။
ခရိုင်ဝန်မင်းကလည်း စိတ်မကောင်းဖြစ်မိသလို ဒီအဘိုးကြီးက တော်တော် ပါးနပ်တယ်လို့ တွေးနေမိတယ်။ ရွှီထင်းရှန်းရဲ့နာမည်ကို အမြဲကာကွယ်ပေးနေတာလေ။ အဘိုးဖြစ်သူ နေမကောင်းဖြစ်နေတာကို မြေးဖြစ်သူက ဂရုမစိုက်ဘဲ စာမေးပွဲသွားဖြေတယ်လို့ အပြောမခံရအောင်၊ ဒါမှမဟုတ် အဘိုးဖြစ်သူ သေတာကို ဖုံးထားတယ်လို့ အထင်မခံရအောင် သူက သေချာ စီစဉ်ပေးခဲ့တာကိုး။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ခရိုင်ဝန်မင်းကတော့ စိတ်ဝင်စားမနေပါဘူး။ သူ နှမြောတာက ရွှီထင်းရှန်းအတွက်ပဲလေ။
ရွှီထင်းရှန်းရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ဟွေ့ရှီ စာမေးပွဲကိုဖြေရင် ကျိန်းသေပေါက် ကျင်းရှီ ဖြစ်မှာပဲ။ အခုတော့ အိမ်မှာ နာရေးဖြစ်သွားတော့ ဝမ်းနည်းခြင်းကာလ ဖြတ်သန်းရမှာဖြစ်လို့ စာမေးပွဲ မဖြေရတော့ဘဲ နောက်သုံးနှစ်မှ ပြန်ဖြေရတော့မယ်။
“ထင်းရှန်း... မင်းလည်း စိတ်အေးအေးထားပါဦး” ခရိုင်ဝန်မင်းက အရှေ့ကို တိုးလာပြီး နာရေးအဝတ်အစားတွေနဲ့ သင်္ချိုင်းရှေ့မှာ ဝမ်းနည်းနေပုံရတဲ့ ရွှီထင်းရှန်းရဲ့ပုခုံးကို ပုတ်ပြီး ပြောလိုက်တယ်။
“အမတ်မင်း ကိုယ်တိုင် လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်ခင်ဗျာ”
“လာသင့်တာပေါ့”
မြေမြှုပ်ရမယ့် အချိန်ကျလာတော့ အားလုံးက တောင်အောက်ကို ပြန်ဆင်းလာကြတယ်။
ရွှီထင်းရှန်းနဲ့ခရိုင်ဝန်မင်းက ဘေးချင်းယှဉ် လမ်းလျှောက်ရင်း စကားပြောလာကြတယ်။
“အခုကစပြီး ဘာတွေ ဆက်လုပ်ဖို့ အစီအစဉ် ရှိလဲ”
ရွှီထင်းရှန်းကတော့ အသာလေးပြုံးပြီး ပြန်ပြောလိုက်တယ်။ “ကျွန်တော်က ဝမ်းနည်းခြင်းကာလထဲမှာဆိုတော့ ဘယ်မှ သွားလို့မရဘူးလေ။ ပြီးတော့ ကျွန်တော့်ဇနီးကလည်း အခု ကိုယ်ဝန်ကြီးနဲ့ဆိုတော့ အိမ်မှာပဲ နေရင်း ဇနီးသည် ကလေးမွေးတာကို စောင့်ကြည့်ပေးရမှာပေါ့။ ဒါပေမဲ့ ပညာကိုတော့ လက်မလွှတ်ဘဲ နောက်တစ်ခါ စာမေးပွဲအတွက် ပြင်ဆင်နေမှာပါ”
“မင်းရဲ့ အရည်အချင်းနဲ့ဆိုရင်တော့ နောက်တစ်ခါမှာ ကျိန်းသေပေါက် ကျင်းရှီဘွဲ့ကို ရမှာပါပဲ”
“အမတ်မင်းရဲ့ ဆုတောင်းပေးမှုအတွက် ကြိုပြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ”
******
118 01
အခန်း ၁၁၈
ဒီနေ့မှာတော့ ယွီချင်းရွာရဲ့ ရွာဦးမှာ လူတွေ တော်တော်လေး အလုပ်ရှုပ်နေကြတယ်လေ။ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ မအားလပ်ရမယ့် အချိန်ဖြစ်ပေမဲ့ ရွာသားတွေက လယ်ထဲမဆင်းဘဲ ရွာဦးမှာတင် ဝိုင်းလုပ်နေကြတာ။ အနားက ရွာသားတွေက စပ်စုပြီး လာကြည့်ကြတော့မှ ဒီရွာသားတွေက ကျင်းတွေတူးပြီး တစ်ခုခုကို မြှုပ်နေကြတာကို တွေ့လိုက်ရတယ်။ မြှုပ်နေတဲ့ အရာတွေကလည်း ကြည့်ရတာ တစ်မျိုးကြီးပဲ။ ရွာသားတွေရဲ့ အမြင်နဲ့ဆိုရင်တော့ ဒါဘာလဲဆိုတာ ဘယ်သူမှ မသိကြဘူးလေ။ မေးကြည့်ရင်လည်း ဘယ်သူမှ မပြောပြဘဲ နောက်ရက်ကျရင် သိရလိမ့်မယ်လို့ပဲ ပြန်ပြောကြတာ။
နောက်ထပ် နှစ်ရက်လောက် ကြာလို့ သွားကြည့်တဲ့ အခါမှာတော့
ဟော... ရွာဦးမှာ ငါးလံလောက် မြင့်တဲ့ အလံတိုင်ကြီး တစ်ခုကို စိုက်ထူထားတာ တွေ့ရတော့တာပဲ။ အောက်ခြေကိုတော့ အလံတိုင်စိုက်တဲ့ ကျောက်တုံးတွေနဲ့ လုပ်ထားပြီး အပေါက် နှစ်ပေါက် ပါတယ်။ အလံတိုင်ကိုတော့ အတော်လေး တုတ်တဲ့ ထင်းရှူးသားနဲ့ လုပ်ထားတာ။ အလံတိုင်ရဲ့ အောက်ခြေမှာလည်း အပေါက် နှစ်ပေါက် ဖောက်ထားပြီး အောက်ခြေကျောက်တုံးက အပေါက်တွေနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ထားတယ်။ အလယ်မှာတော့ သစ်သားစကာတွေနဲ့ အလံတိုင်ကို မြဲအောင် ချိတ်ဆက်ထားတယ်။
အထူးဆန်းဆုံးကတော့ အဲဒီအလံတိုင်က သာမန်အလံတိုင်တွေနဲ့ မတူဘဲ အပေါ်နားမှာ ရှစ်မြှောင့်ပုံစံ လေးထောင့်ပုံးလေး တစ်ခု ပါနေတာပဲ။ လူအများစုက ဒါဘာလဲဆိုတာ မသိကြပေမဲ့ အတွေ့အကြုံရှိတဲ့ ရွာသားအချို့ကတော့ သိကြတယ်လေ။ ဒါဟာ ယွီချင်းရွာမှာ တကယ့်ကို အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် ထွက်ပေါ်လာပြီဆိုတာကို ပြနေတာပဲ။
ဂုဏ်ထူးဆောင်အလံကို လွှင့်တင်မယ့်နေ့မှာတော့ ယွီချင်းရွာလေးဟာ အလွန်ကိုတိတ်ဆိတ်နေခဲ့တယ်။ ဗျောက်အိုးဖောက်တာ၊ အရက်ပွဲကျင်းပတာ ဒါမှမဟုတ် သူငယ်ချင်းတွေကို ဖိတ်တာမျိုး လုံးဝမရှိဘဲ ရွှီမျိုးနွယ်စုဝင်တွေပဲ အကုန်ရောက်နေကြပြီး ရွာဦးမှာ လူတွေ အုံခဲနေတယ်။
အလံတိုင်အောက်မှာတော့ ကန်တော့ပွဲတွေ ပြင်ထားပြီး ပူဇော်စရာ ပစ္စည်းတွေ အစုံအလင် ရှိနေတယ်။ ရွှီထင်းရှန်းနဲ့ အဘိုးရွှီက အရှေ့ဆုံးမှာ ရပ်နေကြပြီး ဘေးမှာတော့ အသက်ကြီးတဲ့ လူကြီးသူမ အချို့လည်း ရှိနေကြတယ်။ သူတို့နှစ်ယောက် အမွှေးတိုင် ထွန်းပြီး ကန်တော့ပြီးတဲ့ အခါမှာတော့ လူတစ်ယောက်က အနီရောင် ဆေးရည်တွေ ထည့်ထားတဲ့ ပန်းကန်လုံးတစ်လုံးနဲ့ ကလောင်တံ တစ်ချောင်းကို ယူလာပေးခဲ့တယ်။
“ထင်းရှန်း... မင်းပဲ ရေးလိုက်ပါ။ တကယ်ဆိုရင်တော့ ဒါကို မျိုးနွယ်စုထဲက ဂုဏ်သရေရှိတဲ့ လူကြီးတစ်ယောက်က မင်းအတွက် ရေးပေးရမှာ။ ဒါပေမဲ့ ငါတို့ ရွှီမိသားစုက အခြေခံ သိပ်မရှိသေးဘူး၊ မင်းက ငါတို့ မျိုးနွယ်စုထဲမှာ အတော်ဆုံး ဖြစ်သလို လက်ရေးလည်း အလှဆုံးပဲလေ။ ဒါကြောင့် မင်းပဲ ရေးတာ ပိုကောင်းပါတယ်။ မင်းကစပြီး ငါတို့ ရွှီမိသားစု ပိုပြီး ကြီးပွားတိုးတက်ပါစေ၊ ဂုဏ်ထူးဆောင်တဲ့ ပညာတတ်တွေ အများကြီး ထွက်ပေါ်လာပြီး ရွာသူရွာသားတွေနဲ့ နောက်မျိုးဆက်တွေကို အကျိုးပြုနိုင်ပါစေလို့ ဆုတောင်းပါတယ်”
ရွှီထင်းရှန်းက ငြင်းမနေတော့ဘဲ ခေါင်းညျတ်ပြလိုက်ပြီး အနီရောင်ဆေးရည်တွေ ဝနေတဲ့ ကလောင်တံကို ကိုင်လိုက်တယ်။ ကလောင်တံက နည်းနည်း တုတ်နေတော့ သူ အမြဲသုံးနေကျ ကလောင်တံနဲ့ မတူလို့ ကိုင်ရတာ အနည်းငယ်တော့ အဆင်မပြေဘူးလေ။ ဒါပေမဲ့ သူ့လက်ကတော့ အတော်လေး မြဲပါတယ်။ သူက ခပ်အေးအေးပဲ နေပြီး ကလောင်တံမှာ ပိုနေတဲ့ ဆေးရည်တွေ ကျသွားအောင် ခဏစောင့်ပြီးမှ အလံတိုင် အောက်ခြေကျောက်တုံးပေါ်မှာ အားပါပါနဲ့ စတင် ရေးထိုးလိုက်တော့တယ်။
118 02
မကြာခင်မှာပဲ အလံတိုင်အောက်ခြေ ကျောက်တုံးပေါ်မှာ စာသားကြီး နှစ်ကြောင်း ပေါ်လာခဲ့တယ်။
“ကာစန်း ခြောက်နှစ်၊ ပျင်ဝူနှစ် ပြည်နယ်စာမေးပွဲ၊ ပထမဆု ကျဲယွမ် ရွှီထင်းရှန်း။ ကာစန်း ခြောက်နှစ် ဆောင်းဦးရာသီတွင် စိုက်ထူသည်”
အဲဒီစာလုံးတွေက တကယ့်ကို အားပါပြီး တိမ်တွေကို ထိုးဖောက်မယ့် ဇွဲအရှိန်အဝါတွေ ပါနေတယ်။ ဒါပေမဲ့ အဲဒီမှာ ရှိနေတဲ့သူ အများစုက စာမတတ်ကြဘူးလေ။ စာတတ်တဲ့သူ ရှိရင်တောင် အပေါ်ယံလောက်ပဲ သိကြတာဆိုတော့ စာလုံးတွေရဲ့ ဆိုလိုရင်းကိုတော့ နားမလည်ကြဘူး။ ဒါပေမဲ့ လှတယ်ဆိုတာနဲ့ ကြည့်ရတာ တကယ့်ကို အရှိန်အဝါရှိတယ် ဆိုတာကိုတော့ သိကြတယ်။
“အလံ လွှင့်တင်ပြီဟေ့”
အော်ဟစ်သံနဲ့အတူ ခရုသင်းသံ (သို့မဟုတ်) မောင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ရွှီထင်းရှန်းမှာ နာရေးရှိနေတာကြောင့် အရက်ပွဲတွေနဲ့ မကျင်းပနိုင်ပေမဲ့ ဒီကိစ္စကြီးအတွက် အဘိုးရွှီက မျိုးနွယ်စုဝင်တွေနဲ့ အကြာကြီး တိုင်ပင်ထားခဲ့တယ်။ အရှိန်အဝါ တစ်ခုခုတော့ ရှိရမယ်ဆိုပြီး အခုလို အခမ်းအနား လုပ်တာတွေက မျိုးနွယ်စုထဲမှာ တိုင်ပင်ပြီး လုပ်ထားကြတာ။
ဟွန်းသံတွေ ထွက်လာတော့ အနားက ရွာသားတွေလည်း တစ်ခုခု ဖြစ်နေပြီဆိုတာ သိလိုက်ကြပြီး လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ တစ်ခုခုက တဖြည်းဖြည်းချင်း မြင့်တက်လာတာကို တွေ့လိုက်ရတာပဲ။ အဝေးကနေ ကြည့်တာဆိုတော့ သေချာတော့ မမြင်ရဘူး၊ ဒါပေမဲ့ ယွီချင်းရွာ ဘက်ကဆိုတာ သိတာနဲ့ စပ်စုပြီး လာကြည့်ကြတော့တယ်။ အထူးသဖြင့် ရေပေါ်ရွာနဲ့ ရေအောက်ရွာက လူတွေဆိုရင် ယွီချင်းရွာနဲ့ နီးတော့ ရွာကို မရောက်ခင်ကတည်းက ရွာဦးမှာ ထူးဆန်းတဲ့ အရာကြီး စိုက်ထားတာကို မြင်နေရပြီလေ။
အပေါ်မှာတော့ အနီရောင် အနားသတ်နဲ့ အဝါရောင် အောက်ခံပါတဲ့ အလံကြီး တစ်ခုကို လွှင့်ထားပြီး အလံပေါ်မှာတော့ စာသားကြီးတွေ ရေးထားတာ -
“ကာစန်း ခြောက်နှစ်၊ ပျင်ဝူနှစ် ပြည်နယ်စာမေးပွဲ၊ ပထမဆု ကျဲယွမ်”
ရွာသားတွေကတော့ ကျဲယွမ်ဆိုတာ ဘာလဲဆိုတာ မသိကြဘူးလေ။ ဒါပေမဲ့ အလံတိုင်ကို သိတဲ့သူ၊ စာတတ်တဲ့သူတွေကတော့ ယွီချင်းရွာကနေ ကျူးရန်တစ်ယောက် ထွက်လာပြီဆိုတာကို သိလိုက်ကြတာပေါ့။ မကြာခင်မှာပဲ ဒီသတင်းဟာ လေမုန်တိုင်းလိုပဲ တစ်နယ်လုံးကို ပျံ့နှံ့သွားတော့တာပဲ။
ရွာတော်တော်များများက ရွာသားတွေဟာ ဒီဂုဏ်ထူးဆောင်အလံတိုင်ကို လာကြည့်ကြတယ်။ အခုတော့ တခြားသူတွေ ရှင်းပြလို့ ဒီအလံတိုင်က ဘာအတွက်လဲဆိုတာ အားလုံး သိသွားကြပြီလေ။ ရှို့ချိုင်ဆိုရင် စိုက်လို့မရဘူး၊ ကျူးရန် ဒါမှမဟုတ် ကျင်းရှီ အောင်မြင်ပြီး အရာရှိကြီး ဖြစ်လာမှသာ အလံတိုင် စိုက်လို့ရတာလေ။
ဘိုးစဉ်ဘောင်ဆက် ပြောမကုန်တဲ့ အကြောင်းအရာတစ်ခု ဖြစ်သွားတာကြောင့် ဒါဟာ ရွှီမိသားစုအတွက်တော့ ဂုဏ်ယူစရာကြီးဖြစ်တယ်။ အရင်ကတော့ ရွှီအိမ်က လူတွေက ဒီလို အလေးထားတာ မခံရဘူး၊ အခုတော့ အပြင်သွားလို့ "ရွှီကျူးရန်ရဲ့ ရွှီမိသားစု"ပြောလိုက်တာနဲ့ အားလုံးက အထင်ကြီးပြီး ကြည့်ကြတော့တာပဲ။ အဲဒီတင် မကဘူး၊ ဆွေမျိုးတွေဆီ သွားတာဖြစ်ဖြစ်၊ ပွဲတက်တာဖြစ်ဖြစ် အကောင်းဆုံး နေရာမှာ ထိုင်ရတဲ့ အခွင့်အရေးကို ရကြတယ်။
လူအများစုကတော့ ရွှီကျူးရန် ဆိုတာ ဘယ်လိုပုံစံလဲဆိုတာ မြင်ဖူးချင်ကြတာ။ ဒါပေမဲ့ လူတွေ ပြောပြတာကတော့ ခရိုင်ဝန်မင်းက ရွှီကျူးရန်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးချင်ပေမဲ့၊ မျိုးနွယ်စုကလည်း လုပ်ချင်ပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ရွှီကျူးရန်ရဲ့ အဘိုး ဆုံးသွားတာကြောင့် မလုပ်ဖြစ်တာလို့ သိလိုက်ရတယ်။
ပညာတတ်တွေက အကျင့်စာရိတ္တနဲ့ မိဘအပေါ် သိတတ်မှုကို အရမ်းအလေးထားကြတာဆိုတော့ ရွှီကျူးရန်ဟာ အခု အိမ်မှာပဲ အောင်းနေတော့တယ်။ လူတွေ ကြားရတဲ့အခါမှာတော့ သူ့အပေါ် ပိုပြီးလေးစားသွားကြပြီး ရွှီကျူးရန်ဟာ မိဘဘိုးဘွားအပေါ် အရမ်းသိတတ်တဲ့ မြေးလေး ဆိုပြီး နာမည်ကြီးသွားတော့တယ်။ ခရိုင်ဝန်မင်းတောင် ဒီသတင်းကို ကြားခဲ့ရတာ။
118 03
အခုဆိုရင် ယွီချင်းရွာက အလံတိုင်ဟာ နာမည်ကြီး နေရာတစ်ခု ဖြစ်နေပြီ။ အနားက ရွာသားတွေက ခဏခဏ လာကြည့်ကြသလို၊ ယွီချင်းရွာသားတွေကလည်း သူတို့နဲ့ နီးစပ်တာကို ဂုဏ်ယူနေကြတာပေါ့။ အိမ်ကို ဧည့်သည်လာရင်လည်း အဲဒီနေရာကို ခေါ်သွားပြီး ပြကြတာ။ တစ်ချက်ကတော့ ဗဟုသုတ ရအောင်ပေါ့၊ နောက်တစ်ချက်ကတော့ ကျူးရန်မင်းကြီးရဲ့ အရှိန်အဝါကို ရအောင်လို့လေ။
ဒါပေမဲ့ ဒါတွေကတော့ အပေါ်ယံ ဂုဏ်ဒြပ်တွေပဲ ရှိပါသေးတယ်။ ကျေးလက်သားတွေအတွက်တော့ လယ်လုပ်ရင် အခွန်မဆောင်ရတာလောက် လက်တွေ့ကျတာ မရှိဘူး။ ကျူးရန်တစ်ယောက်ဟာ လယ်ဧက ငါးရာအထိကို အခွန်ကင်းလွတ်ခွင့် ပေးနိုင်တာ။ ရွှီမျိုးနွယ်စုတစ်စုလုံးရဲ့လယ်ကို ပေါင်းရင်တောင် ဧက နှစ်ရာကျော်ပဲ ရှိတယ်။
အလံတိုင် စိုက်ထူတဲ့ ကိစ္စတွေ ပြီးတာနဲ့ အဘိုးရွှီက ဒီကိစ္စတွေကို စတင် စီစဉ်တော့တာပဲ။ ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ထူထူထဲထဲ ရှိလှတဲ့ လယ်ယာမြေ ပိုင်ဆိုင်မှု စာချုပ်တွေကို ကျောက်အာရဲ့လက်ထဲကို အပ်နှံလိုက်တော့တယ်။
ကျောက်အာက အခုဆိုရင် ကိုယ်ဝန် ခုနစ်လနီးပါး ရှိနေပြီဆိုတော့ ဗိုက်က တော်တော်လေး ထွက်နေပြီ။ သူက အိပ်ရာပေါ်မှာ ထိုင်ပြီး ဗိုက်ထဲက ကလေးအတွက် အဝတ်အစားတွေ ချုပ်ပေးနေတုန်းမှာပဲ ရုတ်တရက် လက်ထဲကို ရောက်လာတဲ့ စာချုပ်ထုပ်ကြီးကို ကြည့်ပြီး လန့်သွားတယ်။
“ဒါတွေက ဘာတွေလဲ”
သူက စာချုပ်တွေကို လှန်ကြည့်လိုက်တော့ တစ်စောင်ချင်းစီမှာ ဧက သိပ်မများလှဘူး၊ အများစုက ဧက အနည်းငယ်စီပဲ ရှိကြတာ။ အများဆုံးကတော့ အဘိုးရွှီရဲ့ အိမ်က စာချုပ်ပဲ၊ အဲဒါက ဧက နှစ်ဆယ်နီးပါး ရှိတယ်။
“ဒါတွေ ဘယ်က ရလာတာလဲ၊ ရှင် အပြင်သွားပြီး လုလာတာတော့ မဟုတ်ပါဘူးနော်”
ရွှီထင်းရှန်းကတော့ ဇနီးသည်ကို ပျော်အောင် လုပ်ပေးမလို့ပါ၊ ဒါကို လုလာတယ်လို့ အပြောခံရတော့ နည်းနည်း စိတ်ကောက်သွားပြီး ပြန်ပြောလိုက်တယ်။
“မင်းရဲ့ယောကျ်ားက အဲဒီလောက်ထိ လိုက်လုရမယ့် အခြေအနေ မဟုတ်ပါဘူး၊ ဒါတွေက အဘိုးရွှီ ပေးလာတာပါ”
“ဘာအတွက်လဲ” ကျောက်အာက တစ်ခုခု မကောင်းတာကို တွေးမိသွားပြီး မျက်လုံးလေး ပြူးကာ မေးလိုက်တယ်။ “ရှင် တစ်ခုခု လုပ်ပေးရမှာမို့လို့ ရှင်ဝင်ပါပေးအောင် ဒီလောက် ပမာဏအများကြီးနဲ့ လာပေးတာလား”
“မင်း ဘာတွေ လျှောက်တွေးနေတာလဲ”
သူက အဲဒီ လယ်ယာမြေတွေ လာရောက် အပ်နှံတဲ့ ကိစ္စတွေအကြောင်းကို ကျောက်အာကို သေချာ ရှင်းပြလိုက်တယ်။
ဒီကိစ္စကတော့ လယ်ပိုင်ရှင်တွေက အခွန်ရှောင်ချင်လို့ သူတို့ရဲ့လယ်ယာမြေ စာချုပ်တွေကို အခွန်ကင်းလွတ်ခွင့်ရှိတဲ့ အရာရှိတွေ၊ ပညာတတ်တွေဆီမှာ လာပြီး အပ်နှံကာ အကာအကွယ် ယူကြတာ။ အဲဒီခေတ်မှာ အခွန်တွေက အရမ်းကြီးတော့ လယ်သမားတွေက တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ပေမဲ့ ရလာတဲ့ ဆန်စပါး အများစုကို အခွန်ဆောင်ဖို့ပဲ သုံးလိုက်ရတယ်။
ဒါကြောင့်လည်း အဘိုးရွှီလျန်ရှင်းက ရွှီမိသားစုကနေ ပညာတတ် တစ်ယောက် ထွက်လာဖို့ကို တဖွဖွ ပြောခဲ့တာပေါ့။ ဒါက အဓိက အကြောင်းရင်းပဲလေ။ ဒါပေမဲ့ ဒီလို အပ်နှံတာတွေထဲမှာ အာဏာရှိသူတွေက မတရား သိမ်းပိုက်တာမျိုးတွေလည်း ရှိတတ်တာပေါ့။ ဒါပေမဲ့ အခုဟာက မျိုးနွယ်စုဝင်တွေက သူတို့ဘာသာ လာအပ်နှံတာဆိုတော့ သာမန်အဓိပ္ပာယ်နဲ့ မတူတာကြောင့် ရွှီထင်းရှန်းက အများကြီးတော့ ထပ်မရှင်းပြတော့ဘူး။
“ဒါဆို နင်ပြောတဲ့ သဘောက ဒီလယ်တွေ အားလုံးက ငါတို့ အိမ်ပိုင် ဖြစ်သွားပြီပေါ့ ဟုတ်လား” ကျောက်အာကတော့ အခုထိ အံ့ဩမဆုံး ဖြစ်နေတုန်းပဲ။
118 04
ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်၊ ရုံးတော်ဘက်က ကြည့်ရင်တော့ တကယ်ပဲ အဲဒီလိုပဲလေ။
“အဲဒီလိုတော့ မဖြစ်ဘူးလေ၊ နင် ကျူးရန် ဖြစ်သွားရုံနဲ့ မျိုးနွယ်စုဝင်တွေကို အနိုင်မကျင့်ရဘူး။ လယ်တွေ အကုန်လုံးက ငါတို့ဆီ ရောက်လာရင် သူတို့ ဘာစားပြီး ဘာသောက်မလဲ။ နင် အခု အောင်မြင်သွားပြီ ဆိုပေမဲ့ မူလအခြေအနေကို မမေ့ရဘူးနော်”
ကျောက်အာကတော့ ကျောက်အာပါပဲ၊ သာမန်မိန်းမသားတွေနဲ့ လုံးဝမတူဘူး။ တခြားမိန်းမတွေသာဆိုရင် အခုလိုအခြေအနေမျိုးမှာ ဝမ်းသာလွန်းလို့ ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး၊ ဒါပေမဲ့ သူမ စဉ်းစားတာကတော့ အဲဒီလိုမဟုတ်ခဲ့ဘူး။
သူမက ပိုက်ဆံမက်တယ်၊ လောဘလည်းရှိတယ်၊ ဒါပေမဲ့ စနစ်တကျနဲ့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရှာဖွေတာမျိုးပဲ လိုချင်တာ၊ တစ်ပါးသူကို ထိခိုက်နစ်နာစေမယ့် အလုပ်မျိုးကိုတော့ သူမ ဘယ်တော့မှ မလုပ်ဘူး။ ရွှီထင်းရှန်းအနေနဲ့ ဒီလိုကိစ္စမျိုးက သူမကို ပျော်ရွှင်စေလိမ့်မယ်လို့ မထင်ထားသင့်ဘူး။ အခုတော့ သူမကို စိတ်ချမ်းသာအောင် မလုပ်ပေးနိုင်တဲ့အပြင် အပြစ်တင်စကားတောင် အတော်လေး ဆိုခံလိုက်ရသေးတယ်။
တခြားနည်းလမ်းမရှိတော့တဲ့အတွက် သူဟာ အခြေအနေကို အသေးစိတ် ထပ်ရှင်းပြရတော့တယ်။ မြေယာပေးဒါန်းတဲ့နေရာမှာ အတင်းအကျပ် လုယူတာမျိုး၊ လိမ်လည်လှည့်ဖြားတာမျိုးတွေရှိသလို၊ မိမိဆန္ဒအလျောက် လာရောက်ပေးတာမျိုးလည်း ရှိတဲ့အကြောင်း၊ ပြီးတော့ မိမိရဲ့ ဆွေမျိုးသားချင်းတွေ လာရောက်ပေးဒါန်းတဲ့ ကိစ္စက ဘယ်လိုကွာခြားသလဲဆိုတာကိုပါ သူမနားလည်အောင် ရှင်းပြလိုက်တယ်။
"နင်ပြောပုံအရဆိုရင် အာဏာရှိတဲ့ လူကုံထံတွေက သိပ်ယုတ်မာတာပဲ၊ သာမန်လူတွေမှာ မြေမရှိတော့ရင် သူတို့ဘယ်လို အသက်မွေးကြမလဲ" ကျောက်အာဟာ ပြောရင်းနဲ့ ပိုပြီးစိတ်လှုပ်ရှားလာပြီး ခုတင်ပေါ်မှာ ဒူးထောက်ထိုင်လိုက်ရင်း "ငါ နင်နဲ့ အရင်ဆုံး ကတိကဝတ်လုပ်ထားမယ်၊ နင် ဘယ်တော့မှ ဒီလိုအလုပ်မျိုး မလုပ်ပါနဲ့၊ ဒါက ငရဲကြီးတဲ့အလုပ်၊ ကိုယ့်ရဲ့ ကုသိုလ်ကံကို ဖျက်ဆီးတဲ့အလုပ်ပဲ"
"ကဲပါ... ကဲပါ၊ သေချာပြန်ထိုင်ပါဦး၊ စကားပြောတာကို ဘာလို့ ထရပ်နေတာလဲ"
ကျောက်အာကို ပြန်ထိုင်ခိုင်းပြီး ဖျောင်းဖျပြီးမှ ရွှီထင်းရှန်းက အလေးအနက် ပြောလိုက်တယ်။ "ငါ ဒီလိုအလုပ်မျိုး ဘယ်တော့မှ မလုပ်ပါဘူး"
"အဲဒါဆိုရင် ရပြီ"
အဲဒီနောက် ကျောက်အာက အင်္ကျီဆက်ချုပ်နေပြီး ရွှီထင်းရှန်းကတော့ အရင်ကလို သူမကို အပ်ချုပ်အလုပ် မလုပ်ဖို့ တားဆီးမနေတော့ဘဲ တစ်စုံတစ်ခုကို စဉ်းစားရင်း အခန်းထဲကနေ အပြင်ကို ထွက်လာခဲ့တယ်။
သူက တောင်ကုန်းလေးအတိုင်း လျှောက်လာခဲ့တယ်၊ ၁၀ လပိုင်းရဲ့ ရာသီဥတုက အတော်လေး အေးစိမ့်နေပြီ။ အဝေးက ဂျုံခင်းတွေနဲ့ ပြောင်းခင်းတွေမှာတော့ ကောက်ပဲသီးနှံတွေကို အကုန်ရိတ်သိမ်းပြီးပြီမို့ မြေပြင်က ရှင်းလင်းနေပြီး အမြင်အာရုံကလည်း ပိုပြီးကျယ်ပြောလှတယ်။
အဝေးကနေ လေထဲမှာ တလူလူလွင့်နေတဲ့ ဂုဏ်ထူးဆောင်အလံကြီးကို မြင်လိုက်ရတော့ သူဟာ မသိစိတ်နဲ့ပဲ ရွာအပြင်ဘက်က လမ်းလေးအတိုင်း လျှောက်သွားမိတယ်။
ဟိုးအရင် အိပ်မက်ထဲမှာတုန်းကတော့ ရွှီထင်းရှန်းဟာ လောကဒဏ်ကို အလူးအလဲ ခံစားခဲ့ရဖူးပြီး မတရားမှုတွေနဲ့လည်း အကြိမ်ကြိမ် ကြုံခဲ့ရတာကြောင့် သူ့ရဲ့ စိတ်ထဲမှာ နာကျည်းချက်တွေ အမြဲရှိနေခဲ့တယ်။ ဒါကြောင့် သူ အာဏာရလာတဲ့အခါမှာ သာမန်လူတန်းစားတွေအတွက် စဉ်းစားပေးချင်စိတ် မရှိခဲ့ဘူး။
အဲဒီတုန်းက နန်းတွင်းအရာရှိကြီးတွေထဲမှာ ဘယ်သူကများ မြေကွက်ပေါင်း သောင်းခြောက်ထောင်ကို မပိုင်ဆိုင်ဘဲ နေမှာလဲ၊ သူကိုယ်တိုင်လည်း အပါအဝင်ပေါ့။
118 05
အားလုံးက ရွှီအမတ်ကြီးဟာ အဂတိကင်းပြီး ဖြောင့်မတ်သူလို့ပဲ သိထားကြပေမဲ့ သူဟာ ရှန်းရှီးဒေသမှာ အကြီးဆုံး မြေပိုင်ရှင်ကြီး ဖြစ်ခဲ့တာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး။ လူတွေ ချီးမွမ်းနေကြတဲ့ မင်းကောင်းမင်းမြတ်ဆိုသူတွေကရော မြေပိုင်ရှင်ကြီးတွေ မဟုတ်ကြဘူးလား။
ဂုဏ်သတင်းကျော်စောမှုဆိုတာ လူတွေကြည့်ဖို့ ပြထားတဲ့ ဟန်ဆောင်မှုသက်သက်ပါပဲ။
ဒီအချိန်မှာတော့ ရွှီထင်းရှန်းရဲ့ဦးနှောက်ထဲမှာ လူနှစ်ယောက် အားပြိုင်နေကြတယ်။ တစ်ယောက်က ကျောက်အာဟာ ကိစ္စသေးသေးလေးကို ချဲ့ကားနေတယ်လို့ ထင်နေပြီး၊ နောက်တစ်ယောက်ကတော့ သူမရဲ့စိုးရိမ်မှုကို နားလည်ပေးနိုင်စပြုလာတယ်။
သူ့စိတ်တွေ ရွှီပ်ထွေးနေပြီး အကြောင်းအရာများစွာကို ပြန်စဉ်းစားမိတယ်။ အိပ်မက်ထဲက ကိစ္စတွေရော၊ လက်ရှိဘဝက ကိစ္စတွေပါ တစ်ခုပြီးတစ်ခု ခေါင်းထဲမှာ ရုပ်ရှင်ပြနေသလို လှည့်ပတ်နေရင်း သတိလက်လွတ်နဲ့ပဲ အလံတိုင်အောက်ကို ရောက်သွားခဲ့တယ်။
အဲဒီမှာ ကလေးငယ်တစ်ယောက်ကို ခေါ်လာတဲ့ လယ်သမားတစ်ယောက် ရပ်နေတယ်။
အဲဒီလူက အလုပ်ပြီးခါစပုံစံနဲ့ ပုခုံးပေါ်မှာ ပေါက်တူးကို ထမ်းထားပြီး အလံတိုင်ကို ညွှန်ပြရင်း ကလေးကို တစ်ခုခု ပြောပြနေတယ်။ ရွှီထင်းရှန်း အနားကို တိုးသွားတဲ့အခါမှ သူတို့ပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတယ်။
"... မြင်လား၊ ဒါ ရွှီကျူးရန်ရဲ့ ဂုဏ်ထူးဆောင်အလံပဲ"
"သိပ်မြင့်ပြီး ကြီးတာပဲ အဖေ၊ တကယ့်ကို ခန့်ညားတာပဲ"
"ခန့်ညားတာပေါ့၊ ဒါ ကျူးရန်မင်းကြီးရဲ့ အရှိန်အဝါပဲ နောက်နှစ် နွေဦးရောက်ရင် အဖေ မင်းကို ကျောင်းပို့ပေးမယ်၊ မင်းကတော့ စာကို ကြိုးကြိုးစားစားသင်ပြီး ငါတို့မိသားစုအတွက် ဂုဏ်ဆောင်ပေးရမယ်"
"ဒါဆို ကျွန်တော် ကျူးရန်ဖြစ်သွားရင် အခုလို ခန့်ညားတဲ့ အလံကြီးကို စိုက်ထူလို့ရမှာလား"
"အဲဒါကတော့ မင်း စာမေးပွဲအောင်မှ ဖြစ်မှာပေါ့"
လယ်သမားကြီးက သူ့သားလေးနဲ့ ဟိုအကြောင်းဒီအကြောင်း ပြောနေရင်း လူငယ်တစ်ယောက် လျှောက်လာတာကို တွေ့တော့ အားနာသလိုမျိုး ပြုံးပြလိုက်တယ်။
"မောင်ရင်က ဒီရွာကပဲလား"
ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်။
လယ်သမားကြီးက အားကျတဲ့လေသံနဲ့ "ဒါဆိုရင် သိပ်ကောင်းတာပဲ၊ မောင်ရင့်မျိုးရိုးက ရွှီ လား"
ရွှီထင်းရှန်းက ထပ်ပြီး ခေါင်းညိတ်ပြပြန်တယ်။
"အဲဒါဆို ရွှီ မျိုးရိုးဖြစ်တာ ပိုတောင်ကောင်းသေးတယ်။ အားပါးပါး... မောင်ရင် မသိပါဘူး၊ ရွှီမိသားစုက ကျူးရန်တစ်ယောက် ထွက်လာတယ်လို့ ကြားရကတည်းက သူတို့ဆွေမျိုး ရှစ်ဆက်တိုင်တိုင် အခွန်ပေးစရာ မလိုတော့ဘူးတဲ့၊ ကြားရတာနဲ့တင် အားကျလွန်းလို့ သေတော့မယ်။ ငါ့မှာလည်း သားလေးတစ်ယောက်ရှိတယ်၊ ဒီကလေးကလေ... ကျောင်းတက်ချင်တယ်ဆိုပြီး နေ့တိုင်းပူဆာနေတာ"
"ငါတို့လို သာမန်လယ်သမားမိသားစုက မိုးလေဝသကိုပဲ အားကိုးနေရတာ၊ တစ်နှစ်ပတ်လုံး အလုပ်လုပ်ပြီး အခွန်ပေးလိုက်ရရင် စားဖို့သောက်ဖို့ပဲ ကျန်တော့တာ၊ ဘယ်မှာ ကျောင်းပို့နိုင်မှာလဲ။ ဒါပေမဲ့ ရွှီကျူးရန်ရဲ့ သတင်းကို ကြားပြီးကတည်းက ငါ့မှာရှိတာလေးတွေ ရောင်းချပြီးတော့တောင် သူ့ကို ကျောင်းပို့ပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ စာတတ်တဲ့သူက ကောင်းတယ်၊ စာတတ်ရင် အနာဂတ်ရှိတယ်၊ ငါတို့လို တစ်သက်လုံး ရွှံ့ထဲဗွက်ထဲမှာ အလုပ်လုပ်နေရတာမျိုး မဟုတ်တော့ဘူး။ အဲဒါကြောင့် အားတဲ့အချိန်မှာ သားလေးကို ရွှီကျူးရန်ရဲ့ အလံကြီး လာပြတာ၊ ဘုန်းကံလေးတွေ ကူးစက်ပြီး နောင်ကျရင် ငါတို့မိသားစုအတွက် ဂုဏ်ဆောင်နိုင်အောင်လို့"
118 06
လယ်သမားကြီးက စကားတွေကို စိတ်လှုပ်ရှားစွာနဲ့ ပြောနေပြီး၊ ကလေးငယ်ကတော့ သူ့အဖေ စကားပြောနေတာကို ဘေးကနေ လိမ္မာပါးနပ်စွာနဲ့ ကြည့်နေတယ်။ ဒါပေမဲ့ သူက အလံတိုင်ကြီးကိုပဲ ပိုပြီး အာရုံစိုက်ကြည့်နေတယ်၊ အဲဒီအလံတိုင်ကြီးထဲမှာ သူ့ကို ဆွဲဆောင်နေတဲ့ တစ်စုံတစ်ခု ရှိနေသလိုမျိုးပဲ။
"သားလေးက ထက်မြက်ပုံရတယ်၊ နောင်တစ်ချိန်မှာ အောင်မြင်မယ့်သူ ဖြစ်မှာပါ" ရွှီထင်းရှန်းက ပြောလိုက်တယ်။
"ရွာထဲကလူတွေလည်း အဲလိုပဲ ပြောကြတယ်၊ အဲဒါကြောင့်လည်း ငါက ပိုက်ဆံအကုန်ခံပြီး ကျောင်းပို့ဖို့ ဆုံးဖြတ်တာပေါ့"
ကလေးက အလံတိုင်ကို မျက်တောင်မခတ်တမ်း ကြည့်နေတာကို မြင်တော့ ရွှီထင်းရှန်းက သူ့အနားမှာ ဒူးထောက်ထိုင်လိုက်ပြီး မေးလိုက်တယ်။ "ကြည့်ရတာ သဘောကျလို့လား ဘာကို ကြည့်နေတာလဲ" မေးနေရင်းနဲ့ သူကိုယ်တိုင်လည်း အလံတိုင်ကြီးဆီကို မော့ကြည့်လိုက်မိတယ်။
"ရွှီကျူးရန်က သိပ်တော်မှာပဲလို့ စဉ်းစားနေတာ"
"သူက ကျူးရန်တစ်ယောက်ပဲ ရှိသေးတာ၊ အရာရှိ မဟုတ်သေးဘူး၊ အဲလောက် မတော်သေးပါဘူး"
"ကျွန်တော်က ကလေးဆိုပေမဲ့ ဘာမှမသိဘူးလို့ မထင်နဲ့နော်။ အဖေက ပြောတယ်၊ ရွှီကျူးရန်က သိပ်တော်တာတဲ့၊ စာလည်း အရမ်းတော်တယ်၊ နောင်ကျရင် အရာရှိကြီး ဖြစ်မှာ"
"စာသင်ချင်လား"
"သင်ချင်တာပေါ့"
"ဘာလို့ သင်ချင်တာလဲ"
"ကျွန်တော်က မိသားစုအတွက် ဂုဏ်ဆောင်ချင်တယ်၊ အရာရှိကြီးဖြစ်ပြီး အခွန်တွေ ကင်းလွတ်ခွင့်ရချင်လို့" ကလေးက သူသိသလောက်လေးကို ပြောပြတယ်။
"အဲဒါဆို အခွန်ကင်းလွတ်ချင်လို့လား၊ ဒါမှမဟုတ် အရာရှိကြီး ဖြစ်ချင်လို့လား"
"အရာရှိကြီးလည်း ဖြစ်ချင်တယ်၊ အခွန်လည်း ကင်းလွတ်ချင်တယ်၊ ပြီးတော့ မင်းကောင်းမင်းမြတ်လည်း ဖြစ်ချင်တယ်။ အဖေက ပြောတယ်၊ အရာရှိကြီးတွေသာ မင်းကောင်းမင်းမြတ်တွေ ဖြစ်ကြရင် ကျွန်တော်တို့အိမ်က အခွန်တွေ အများကြီး ပေးစရာ မလိုတော့ဘူး ဒါနဲ့ အကိုကြီး... ရွှီကျူးရန်က အရာရှိကြီးဖြစ်သွားရင် မင်းကောင်းမင်းမြတ်တစ်ယောက် ဖြစ်လာမှာလားဟင် အဲဒီကျရင် ကျွန်တော်တို့ အခွန်တွေ အများကြီး ပေးစရာ မလိုတော့ဘူးလား..."
"ဒီကလေး ဘာတွေ လျှောက်ပြောနေတာလဲ၊ ပါးစပ်ပိတ်ထားစမ်း" လယ်သမားက ကမန်းကတန်းနဲ့ သားဖြစ်သူကို ဆွဲခေါ်သွားပြီး ရွှီထင်းရှန်းကို တောင်းပန်လိုက်တယ်။ "ကလေးက ဘာမှမသိလို့ လျှောက်ပြောနေတာပါ၊ ဒီစကားတွေကို ရွှီကျူးရန်ရဲ့ နားထဲကိုတော့ မရောက်ပါစေနဲ့နော်"
"ဦးလေး... ကျွန်တော် ဘယ်သူ့ကိုမှ မပြောပါဘူး"
လယ်သမားက ခေါင်းညိတ်ပြပြီး သားဖြစ်သူကို ကမန်းကတန်း ခေါ်သွားတော့တယ်။ အဝေးရောက်သွားတဲ့အထိ လယ်သမားက သားဖြစ်သူကို ဆူပူနေတာကို ကြားနေရသေးတယ်။ "မင်းကတော့လေ... ရွှီကျူးရန်သာ ကြားသွားရင်..."
"ရွှီကျူးရန်က လူကောင်းပါ၊ ကျွန်တော်တို့ကို နှိပ်စက်မှာ မဟုတ်ပါဘူး"
"မင်းက ဘယ်လိုလုပ် သိတာလဲ"
"ဘာလို့လဲဆိုတော့ အဲဒီ အကိုကြီးက လူကောင်းတစ်ယောက်မို့လို့လေ၊ သူလည်း ရွှီ လို့ပဲ မျိုးရိုးအမည် တူတယ်မလား။ အဖေ... ခုနက အကိုကြီး ငိုနေသလိုပဲ၊ မျက်လုံးတွေလည်း ရဲနေတာ..."
118 07
"မင်းကတော့ နောက်တစ်ခါ လျှောက်ပြောပြန်ပြီ၊ ငါတော့ မမြင်ပါဘူး..."
"သူ့မျက်လုံးတွေ တကယ်ရဲနေတာပါ..."
နေရောင်ခြည် မရှိပေမဲ့လည်း ရွှီထင်းရှန်းဟာ မျက်စိကျိန်းသလို ခံစားနေရတယ်၊ သူရပ်နေတဲ့နေရာကနေ မျက်လုံးကို အသာအယာမှိတ်ရင်း ဂုဏ်ထူးဆောင်အလံကြီးဆီကို လှမ်းကြည့်လိုက်တယ်။
"ကုန်းကျစ်ရော စာသင်ချင်လား"
"သင်ချင်တာပေါ့"
"ဘာလို့ သင်ချင်တာလဲ"
"ကျွန်တော်က မိသားစုအတွက် ဂုဏ်ဆောင်ချင်တယ်၊ ရွှီမိသားစုမှာ အတော်ဆုံးသူဖြစ်ချင်တယ်၊ နောင်ကျရင် မင်းကောင်းမင်းမြတ်ဖြစ်ပြီး ကျွန်တော်တို့အိမ်က အခွန်ပေးစရာ မလိုအောင် လုပ်ချင်လို့..."
******