← Chapters

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း (၁၂၃-၁၂၄)

Vol. 13 Ch. 123-124

အခန်း ၁၂၃ သားရတနာနှင့် ကျောက်မိသားစု၏ နောင်တ

ကျောက်အာဟာ ဖြူဖျော့နေတဲ့ မျက်နှာထားနဲ့ ခုတင်ပေါ်မှာ လဲလျောင်းနေပေမဲ့ စိတ်ဓာတ်ကတော့ တက်ကြွနေဆဲဖြစ်ပြီး ကျောက်တိနဲ့ စကားစမြည် ပြောဆိုနေတယ်။ ဒါကို မြင်လိုက်ရတော့မှ ရွှီထင်းရှန်းလည်း ရင်ထဲက ပူပန်သောကတွေ အကုန်လုံး လွင့်စင်သွားခဲ့တယ်။

သူ အခန်းထဲကို ဝင်လာတာ မြင်တော့ ကျောက်အာက နည်းနည်းတော့ စိတ်ရှုပ်သွားတယ်။ "နင် ဘာလို့ ဝင်လာတာလဲ။ အပြင်ကို မြန်မြန်ထွက်ပါ၊ အခန်းထဲမှာ ရှင်းလင်းလို့ မပြီးသေးဘူးလေ" ဒါပေမဲ့ သူမရဲ့လက်ကလေး လှမ်းလိုက်တဲ့အခါမှာတော့ တစ်ဖက်လူက အတင်းဆုပ်ကိုင်ထားလိုက်တယ်။ "မင်း ဘာမှမဖြစ်ဘူး မဟုတ်လား" သူက မေးလိုက်တယ်။ စောစောက ကျောက်အာရဲ့နာကျင်စွာ အော်ဟစ်သံတွေက အရမ်းကို စူးရှလွန်းတာကြောင့် ရွှီထင်းရှန်း တစ်ခါမှမကြုံဖူးတဲ့ ထိတ်လန့်ချောက်ချားမှုကို ခံစားခဲ့ရတယ်။

"ဘာမှမဖြစ်ပါဘူး၊ ဘာဖြစ်ရမှာလဲ။ အခု အခန်းထဲမှာ အနံ့အသက်က သိပ်မကောင်းသေးဘူး၊ နင် အရင်ထွက်နေဦး။ ခဏနေမှ ပြန်ဝင်လာခဲ့။ ကလေးကိုရော ကြည့်ပြီးပြီလား။ ငါကတော့ အခုထိ မမြင်ရသေးဘူး" ကျောက်အာက ပြောနေရင်းနဲ့ တစ်ခုခုကို သတိပြုမိသွားပြီး သူ့လက်ကို ငုံ့ကြည့်လိုက်တယ်။ "နင့်လက်က ဘာဖြစ်တာလဲ။ ဘာလို့ သွေးတွေ ဒီလောက် ထွက်နေရတာလဲ"

ရွှီထင်းရှန်းက သူ့လက်ကို လွှတ်လိုက်ပြီး အင်္ကျီပေါ်မှာပဲ အမှတ်တမဲ့ သုတ်လိုက်ပါတယ်။ "မရှိပါဘူး၊ စောစောက စိတ်လှုပ်ရှားပြီး လက်ဖက်ရည်ခွက် တစ်လုံး မတော်တဆ ခွဲမိသွားလို့ပါ"

"အဲဒါဆိုရင်လည်း အမြန်ဆေးသွားထည့်ဦး။ တင့်လက်က နောင်ကျရင် စာရေးရမှာလေ၊ ထိခိုက်လို့ ဘယ်ဖြစ်ပါ့မလဲ"

ကျောက်အာက အတင်းတိုက်တွန်းတာကြောင့် သူ ဆေးသွားထည့်လိုက်ရတယ်။ ခဏအကြာမှာ ပြန်ဝင်လာတော့ အခန်းထဲမှာ အကုန်သန့်ရှင်းသွားပြီဖြစ်သလို ကျောက်အာလည်း အိပ်ပျော်နေပါပြီ။ "သူ့ကို မနှိုးပါနဲ့ဦး၊ အားပြန်ပြည့်အောင် အိပ်ပါစေ" အဒေါ်ကောင်းက အသံတိုးတိုးလေးနဲ့ မှာတယ်။

ရွှီထင်းရှန်း ခေါင်းညိတ်ပြလိုက်ပြီး ကျောက်အာကို တစ်ချက်ကြည့်ကာ ဘေးနားက အနှီးထုတ်လေးဆီကိုပဲ အာရုံရောက်သွားတယ်။ သူ ကလေးနားကို ဖြည်းဖြည်းချင်း တိုးသွားလိုက်တယ်။ မွေးစကလေးလေးဟာ နီရဲနေပြီး အသားအရေက နုဖတ်နေတယ်။ ဆံပင်လေးတွေကတော့ အတော်လေး ကောင်းမွန်ပြီး မည်းနက်သိပ်သည်းနေတာပဲ။ မျက်လုံးလေးတွေကို တင်းတင်းမှိတ်ထားပြီး ပါးစပ်လေးကတော့ တစ်ခါတစ်ရံမှာ လှုပ်စိလှုပ်စိ ဖြစ်နေတာက ဗိုက်ဆာနေပုံ ရတယ်။

သူ အသေအချာ စိုက်ကြည့်နေမိပေမဲ့ ဒီကလေးဆီကနေ ဟုန်အာရဲ့ပုံရိပ်ကိုတော့ ရှာမတွေ့ခဲ့ပါဘူး။ အချိန်တွေက အများကြီး စောပြီး မွေးလာတာဆိုတော့ ဒီကလေးဟာ ဟုန်အာ မဟုတ်တာလည်း ဖြစ်နိုင်သလို၊ ဟုန်အာ ဖြစ်ခဲ့ရင်တောင် အိပ်မက်ထဲက ဟုန်အာနဲ့ တူတော့မှာ မဟုတ်ပါဘူး။ ဒါဆို ဒီကလေးကို ဘာနာမည်ပေးရမလဲ။ ကိုယ်ဝန်ရှိကတည်းက စဉ်းစားခဲ့ပေမဲ့ အခုထိတော့ စိတ်တိုင်းကျ နာမည်မရသေးတာကြောင့် သူ ထပ်ပြီး တွေးတောနေမိပြန်တယ်။ ခဏလောက် ထပ်စဉ်းစားကြည့်ပေမဲ့ နှလုံးသားနဲ့ ထပ်တူကျမယ့် နာမည်ကို မရနိုင်တာကြောင့်ပဲ လက်လျှော့လိုက်တယ်။

ကျောက်အာ မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ ရွှီထင်းရှန်းက ကလေးကို အနှီးလဲပေးဖို့ ကြိုးစားနေတာကို တွေ့လိုက်ရပါတယ်။ သူက သိပ်မကျွမ်းကျင်တာကြောင့် ယောင်ချာချာနဲ့ ပျာယာခတ်နေရှာတယ်။ ကျောက်တိက ဘေးကနေ ပါးစပ်နဲ့ပဲ သင်ပြနေရင်း ကျောက်အာ နိုးလာတာ မြင်တော့ လှမ်းမေးလိုက်တယ်။

"နိုးပြီလား။ ဗိုက်ဆာနေပြီလား၊ တစ်ခုခု စားမလား"

ကျောက်အာလည်း ဗိုက်ဆာနေတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။

123 02

ဆန်ပြုတ် နှစ်ပန်းကန်လောက် သောက်ပြီးမှ ကျောက်အာ စိတ်ကြည်လင်သွားတယ်။ အဲဒီအချိန်မှာ အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့ ရောက်လာပြီး ရွှီထင်းရှန်းကို အပြင်ကို နှင်ထုတ်လိုက်ကြတယ်။ ရွှီထင်းရှန်းကတော့ ချွေးတလုံးလုံးနဲ့ ဘာဖြစ်သွားမှန်းတောင် မသိခင်မှာပဲ အပြင်ကို ရောက်သွားတယ်။ နောက်မှ သိလိုက်ရတာက ဒါဟာ ကျောက်အာကို ကိုယ်လက်သန့်စင်ပေးဖို့နဲ့ ကလေးကို နို့တိုက်နိုင်အောင် စီစဉ်ပေးဖို့အတွက် ဖြစ်တယ်။

သူ ပြန်ဝင်သွားတဲ့အခါမှာတော့ အင်္ကျီလဲပြီး ခေါင်းပေါင်းထားတဲ့ ကျောက်အာဟာ ကလေးကို ပွေ့ချီပြီး နို့တိုက်နေတာကို တွေ့လိုက်ရတယ်။ ကလေးလေးက မျက်လုံးမှိတ်ပြီး အစွမ်းကုန် အားစိုက်ပြီး စို့နေတာကို မြင်မှ 'နို့စို့တဲ့အား' ဆိုတာ ဘာလဲဆိုတာ သူ အမှန်တကယ် သဘောပေါက်သွားတော့တာပဲ။ ခဏကြာတော့ သူက စာနာစွာနဲ့ မေးလိုက်တယ်။ "သူ နို့မထွက်လို့ ဒီလောက် ပင်ပန်းနေတာလား"

အဲဒီအချိန်မှာပဲ တကယ်ပဲ ဗိုက်ဆာနေတာကြောင့် ကလေးက ဝူးဝူးဝါးဝါးနဲ့ ထငိုတော့တယ်။ အဒေါ်ကောင်းတို့အဖွဲ့ ပြန်ဝင်လာပြီး ကျောက်အာကို ဝိုင်းအုံကြည့်ကြတယ်။ ရွှီထင်းရှန်းကတော့ နောက်မှာပဲ ရပ်နေရတာ။ ကလေးကို ကျောက်တိဆီ ပေးလိုက်ပြီး အဒေါ်ကောင်းတို့က ရေနွေးအိုးတွေနဲ့ အလုပ်ရှုပ်နေကြပြန်တယ်။ ခဏနေတော့ ရွှီထင်းရှန်းကို ထပ်ပြီး အပြင်ထွက်ခိုင်းပြန်တယ်။

ခဏအကြာမှာ သူတို့ ပြန်ထွက်လာကြတယ်။ "အဒေါ်... ဘယ်လိုလဲ"

ရွှီထင်းရှန်းက မေးလိုက်တော့ အဒေါ်ကျိုးက သူ့ကိုကြည့်ပြီး မျက်နှာလေး နီသွားကာ ဘာမှမပြောဘဲ အထဲဝင်သွားဖို့ပဲ အချက်ပြတယ်။ သူ အထဲဝင်သွားတော့ ကျောက်အာရဲ့မျက်နှာလေးကလည်း နီမြန်းနေတယ်။ ရွှီထင်းရှန်းကတော့ နားမလည်စွာနဲ့ မေးလိုက်တယ်။ "ဒါက ဘာဖြစ်လို့လဲ"

ကျောက်အာက ရှက်ကိုးရှက်ကန်းနဲ့ ခြင်သံလောက်လေးနဲ့ ပြောရှာပါတယ်။ "နို့က ရှိတယ်၊ ဒါပေမဲ့ ထွက်မလာဘူး။ အဒေါ်ကောင်းတို့က ပြောတယ်... ကလေးက ငယ်သေးလို့ အားမရှိတာတဲ့..."

အဲဒီတော့မှ ရွှီထင်းရှန်းလည်း သဘောပေါက်သွားပြီး မေးလိုက်တယ်။ "ဘယ်လိုလုပ်ပေးရမလဲ၊ ငါ့ကို ပြောပြ"

ဘယ်လိုလုပ်ရမလဲဆိုတာကတော့ ဖခင်ဖြစ်သူကပဲ ကူညီပြီး စုပ်ထုတ်ပေးရတာပါပဲ။ အရင်ကလည်း ကျောက်အာက ဒါကို ဘယ်လိုလုပ်ရမလဲဆိုပြီး စိုးရိမ်တကြီး မေးဖူးတယ်။ အဒေါ်ကျိုးနဲ့ အဒေါ်စွန်းတို့ကတော့ အဖေဖြစ်သူကပဲ စုပ်ထုတ်ပေးရမယ်လို့ ပြောခဲ့ကြတာ။ ကျောက်တိတုန်းကတော့ ယောကျာ်းမရှိတာကြောင့် ဝေကောကိုပဲ အတင်းစို့ခိုင်းခဲ့ရပြီး နှစ်ရက်လောက်နေမှ နို့ထွက်လာခဲ့တာ။

ဒီလိုနဲ့ မိဘအသစ်စက်စက် နှစ်ယောက်ဟာ အလုပ်ရှုပ်တဲ့ ရက်တွေကို ဖြတ်သန်းကြရပါတယ်။ အဒေါ်ကျိုးတို့က နေ့ဘက်မှာပဲ ကူညီနိုင်တာမို့ ညဘက်ဆိုရင်တော့ ရွှီထင်းရှန်းကပဲ အနှီးလဲတာကအစ အကုန်လုပ်ပေးရပြီး ကျောက်အာကတော့ မီးနေသည်ဘဝမို့ အနားယူဖို့ပဲ အာရုံစိုက်ရတယ်။

တစ်လလောက် ကြာတဲ့အခါမှာတော့ ရွှီထင်းရှန်းက သိသိသာသာ ပိန်သွားခဲ့သလို ကျောက်အာကလည်း အဒေါ်ကောင်းတို့ရဲ့ ပြုစုမှုကြောင့် ပြန်လည်ကျန်းမာလာခဲ့ပေမဲ့ ပိုပြီးဝမလာဘဲ မူလကိုယ်ဟန်အတိုင်း ပြန်ဖြစ်သွားတယ်။ ဒါဟာ လူငယ်မို့လို့ ပြန်လည်နာလန်ထတာ မြန်ဆန်တာလည်း ပါတာပေါ့။ 'ကလေးမွေးမှ မိဘကျေးဇူးကို သိတယ်' ဆိုတဲ့အတိုင်း ကိုယ်တိုင်လက်တွေ့ကြုံရတော့မှ ဒီခံစားချက်ကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားခဲ့တယ်။

ဒါဟာ အကျိုးမရှိတာတော့ မဟုတ်ပါဘူး၊ ကလေး တစ်နေ့တခြား ပြောင်းလဲလာတာကို သူတို့နှစ်ယောက် အတူတူ တွေ့မြင်ခွင့် ရခဲ့တယ်။ ကလေးလေးဟာ အရင်ကတော့ မျက်လုံးမှိတ်ပြီး စားလိုက်၊ အိပ်လိုက်ပဲ လုပ်ခဲ့ပေမဲ့ အခုတော့ လူတွေကို မျက်လုံးလေးနဲ့ ကြည့်တတ်လာပြီ။ အကြားအာရုံကလည်း ရှင်းရှင်းလင်းလင်း မရှိသေးဘူးလို့ လူကြီးတွေက ပြောပေမဲ့ အသံလာရာဘက်ကိုတော့ အမြဲလှည့်ကြည့်တတ်တယ်။

123 03

ကလေးဟာ နီရဲရာကနေ ဖြူဖြူဖွေးဖွေးနဲ့ တုတ်တုတ်ခိုင်ခိုင် ဖြစ်လာပြီး ရွှီထင်းရှန်းနဲ့ ပိုတူလာတယ်။ အထူးသဖြင့် မျက်ခုံးမျက်လုံးတွေက တကယ့်ကို တစ်ပုံစံတည်းပါပဲ။ ဒါပေမဲ့ ရွှီထင်းရှန်းက နာမည်ကိုတော့ အခုထိ မရွေးရသေးဘူး။ ကျောက်အာက ငယ်မည်လေး အရင်ပေးထားရအောင်လို့ ပြောပေမဲ့ ရွှီထင်းရှန်းကတော့ ငယ်မည်ကြောင့် သူကိုယ်တိုင် အရှက်ရခဲ့တာတွေကို ပြန်သတိရပြီး လုံးဝသဘောမတူခဲ့ဘူး။ နောက်ဆုံးတော့ ကျောက်အာက စိတ်မရှည်တော့တာနဲ့ သူမဘာသာပဲ နာမည်ပေးလိုက်တော့တယ်။

ကျောက်အာက ကလေးကို ရွှီယောင်ဟုန်လို့ နာမည်ပေးလိုက်ပါတယ်။ အိပ်မက်ထဲက နာမည်နဲ့ ထပ်တူကျနေတာကြောင့် ရွှီထင်းရှန်းရဲ့ ရင်ထဲမှာတော့ ထိတ်ခနဲ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဟုန်အာလေးကို အနားကပ်ပြီး ပိုမိုစောင့်ရှောက်ဖို့ သူ ဆုံးဖြတ်လိုက်တော့တယ်။

ကျောက်အာ မီးနေသည်ဘဝမှာ ရှိနေတုန်းမှာပဲ ရွာမှာ ကိစ္စတစ်ခု ဖြစ်လာပါတယ်။ ကျောက်မိသားစုဝင်တွေ ရောက်လာခဲ့တယ်။ ရွှီထင်းရှန်း ကျူးရန်အောင်သွားပြီဆိုတာ သိကတည်းက ကျောက်မိသားစုဟာ နောင်တတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

ရှို့ချိုင်အဆင့်ကနေ ကျူးရန်အဆင့်ကို ကူးပြောင်းသွားတာဟာ ဘဝရဲ့အရည်အသွေးပိုင်းဆိုင်ရာ ထူးခြားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပဲ ဖြစ်ပါတယ်။

လောကမှာ "ရွှေကျူးရန်၊ ငွေကျင်းရှီ" ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒါဟာ ကျူးရန်စာမေးပွဲ အောင်မြင်ဖို့က ကျင်းရှီစာမေးပွဲထက်တောင် ပိုပြီးခက်ခဲနက်နဲတယ်ဆိုတာကို ဆိုလိုတာပါ။ ကျူးရန်ဆိုတာက တစ်ပြည်နယ်လုံးမှာရှိတဲ့ ထောင်နဲ့ချီတဲ့ လူတွေထဲကမှ ဆယ်ဂဏန်းလောက်ကိုပဲ ရွေးချယ်တာဖြစ်ပြီး၊ ကျင်းရှီကတော့ ရာဂဏန်းထဲကနေ ဆယ်ဂဏန်းလောက်ကို ရွေးချယ်တာ ဖြစ်ပါတယ်။

အဲဒီဒါကြောင့် ကျောက်မိသားစုဟာ ရွှီထင်းရှန်း တစ်ယောက် ကျူးရန်အောင်မြင်သွားလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ကြပါဘူး။ သူတို့ အထင်ကြီးလှရင် ရှို့ချိုင်လောက်ပဲ ဖြစ်မယ်လို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ကျူးရန် အောင်မြင်သွားရုံတင်မကဘဲ ကျဲယွမ် (ပထမ) ဘွဲ့ကိုပါ ရရှိသွားတာကို သိလိုက်ရတဲ့အခါ သူတို့ခမျာ အံ့အားသင့်ခဲ့ရတယ်။ အပြင်လောကမှာ ယွီချင်းရွာက ရွှီကျူးရန်ရဲ့ ဂုဏ်သတင်းက ဘယ်လောက်ပဲ ကြီးမားနေပါစေ၊ ကျောက်မိသားစုအတွက်တော့ အဲဒီဂုဏ်သတင်းတွေဟာ နောင်တတရားတွေကိုသာ ပိုပြီးတိုးပွားစေခဲ့တယ်။

တကယ်လို့သာ အချိန်လေး နည်းနည်းလောက် ပိုပြီးစောင့်ဆိုင်းခဲ့ရင် ဒီဇနီးမယားကို စွန့်ပယ်မိမှာ မဟုတ်ပါဘူး။

ရွှီမိသားစုနဲ့ ကျောက်မိသားစုဟာ တစ်ဖက်နဲ့တစ်ဖက် မျက်နှာချင်းမဆိုင်နိုင်အောင် အခြေအနေတွေ ပျက်ပြားခဲ့တာကြောင့် အဘိုးရွှီ ကွယ်လွန်တုန်းကလည်း သတင်းမပို့ခဲ့ပါဘူး။ အဘိုးရွှီ သေဆုံးခဲ့ရတာဟာလည်း ကျောက်မိသားစုရဲ့ လုပ်ရပ်တွေကြောင့် အများကြီး သက်ဆိုင်နေတာမို့လို့ ရွှီမိသားစုဝင်တွေဟာ သူတို့ကို ရွံရှာမုန်းတီးနေခဲ့ကြတယ်။

ကျောက်မိသားစုက အဘိုးရွှီ သေဆုံးသွားတာကို သိလိုက်ရတဲ့အချိန်မှာတော့ ရွှီထင်းရှန်းရဲ့ ဂုဏ်သတင်းက တစ်နယ်လုံးမှာ ပျံ့နှံ့နေပြီ ဖြစ်တယ်။ သူတို့ စုံစမ်းကြည့်လိုက်တဲ့အခါမှာ ရွှီစွေ့အယ် ပျောက်ဆုံးသွားတာနဲ့ အဘိုးရွှီ သေဆုံးသွားတာတွေကို သိလိုက်ရတာကြောင့် ရွှီအိမ်ကို လာဖို့တောင် မဝံ့မရဲ ဖြစ်နေခဲ့ကြတယ်။

အခုလို သူတို့ မျက်နှာပြောင်တိုက်ပြီး ရောက်လာရတာကလည်း ကျောက်ကျင်ရွေ့ တစ်ယောက် ပြဿနာတက်လို့ပါပဲ။ ကျောက်ကျင်ရွေ့ဟာ အပြင်မှာ လူတစ်ယောက်ကို မတော်တဆ ရိုက်နှက်မိရာကနေ တစ်ဖက်လူရဲ့ ဒဏ်ရာက အတော်လေး ပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်နေတယ်။ တကယ်လို့ အဲဒီလူသာ သေဆုံးသွားရင်တော့ ဒါဟာ ငွေနဲ့လျော်ရုံနဲ့ မပြီးဘဲ အသက်နဲ့ပါ ပြန်လျော်ရမှာ ဖြစ်တယ်။

ဒါကြောင့် ကျောက်မိသားစုဟာ ထိတ်လန့်တုန်လှုပ်သွားကြတယ်။ သူတို့မှာ အာဏာရှိတဲ့သူတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်မှု မရှိတာကြောင့် နောက်ဆုံးမှာတော့ ရွှီမိသားစုကိုပဲ အားကိုးတကြီးနဲ့ ရောက်လာကြတာ ဖြစ်တယ်။ ဒါပေမဲ့ အိမ်ထဲကိုတောင် ဝင်ခွင့်မရဘဲ ရွှီချင်းပိုင်ရဲ့ မောင်းထုတ်တာကို ခံလိုက်ရတယ်။ ရွှီချင်းပိုင်လို အေးဆေးတည်ငြိမ်တဲ့သူကတောင် အခုလို မျက်နှာပျက်အောင် လုပ်ဆောင်တယ်ဆိုကတည်းက ရွှီမိသားစုဟာ ကျောက်မိသားစုကို ဘယ်လောက်အထိ ရွံရှာနေသလဲဆိုတာ သိသာလှတယ်။

123 04

ကျောက်မိသားစုဟာ အရှုံးပေးပြီး ပြန်လှည့်သွားခဲ့ပေမဲ့ ဟုန်အဒေါ်ကြီး ကတော့ ဇွဲမလျှော့ပါဘူး။ သူမက 'ရွှီမိသားစုကိုပဲ အားကိုးရမယ်၊ ငွေဘယ်လောက်ကုန်ကုန် အရေးမကြီးဘူး၊ ဂုဏ်သိက္ခာထက် အသက်က ပိုအရေးကြီးတယ်' လို့ တွေးပြီး နောက်တစ်ကြိမ် ထပ်မံ ရောက်လာပြန်တယ်။ ဒီတစ်ခါမှာတော့ ဟိုလူ သေဆုံးသွားပြီဖြစ်လို့ တစ်ဖက်မိသားစုက တရားစွဲဆိုလိုက်ပြီး အရာရှိတွေက ကျောက်ကျင်ရွေ့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီ။

အခြေအနေက အသည်းအသန် ဖြစ်လာတာကြောင့် ဟုန်အဒေါ်ကြီးဟာ ဂုဏ်သိက္ခာတွေကို ဘေးဖယ်ထားပြီး သူမရဲ့မောင်ဖြစ်သူကိုပါ အတင်းခေါ်လာခဲ့တယ်။ အိမ်ထဲကို ဝင်ခွင့်မရတဲ့အခါမှာတော့ အိမ်ရှေ့မှာပဲ ဒူးထောက်ပြီး ငိုယိုတော့တယ်။ ခဏလေးအတွင်းမှာပဲ ရွှီအိမ်ရှေ့မှာ ရွာသားတွေ ဝိုင်းအုံလာကြတော့တယ်။

"... ငါတို့ နှစ်မိသားစုက ဆွေမျိုးတွေပဲလေ။ ငါက လင်ပါမယား ဖြစ်နေပေမဲ့ နင်တို့က ငါ့ကို 'ဒေါ်လေး' လို့ ခေါ်ရမှာပဲ။ အခု နင်တို့ရဲ့ ညီအစ်ကိုဝမ်းကွဲ ပြဿနာတက်နေတာကို အတိတ်က ကိစ္စတွေကို မေ့ထားပြီး မကူညီနိုင်ကြဘူးလား။ နင်တို့က တကယ့်ကို ရက်စက်ကြတာပဲ၊ လူကြီးတွေကို ပူဆွေးအောင် လုပ်ချင်ကြတာလား..."

ကျောက်ဦးလေးကြီးဟာ ရှက်လွန်းလို့ မုတ်ဆိတ်မွေးတွေတောင် တုန်နေပြီး သူမကို အတင်းဆွဲထူတယ်။ "ထစမ်း... ထစမ်း"

"ငါ မထဘူး၊ ကျင်ရွေ့က ငါ့ရဲ့ အသက်ပဲ၊ သူ မရှိရင် ငါလည်း မရှင်ချင်တော့ဘူး..."

နှစ်သစ်ကူးကာလမှာ အိမ်ရှေ့မှာ အခုလို လာပြီး ဆူညံပူညံ လုပ်နေတာကြောင့် တတိယမိသားစုအိမ်နဲ့ စတုတ္ထမိသားစုအိမ်က လူတွေဟာ အတော်လေး ဒေါသထွက်နေကြပါတယ်။ ရွှီချင်းဟွိုင်က အပြင်ကို ထွက်လာပြီး ဒေါသတကြီး ပြောလိုက်တယ်။

"ငါတို့ မိသားစုက သာမန်မိသားစုပဲ၊ တကယ်လို့ ကူညီနိုင်တဲ့ အစွမ်းအစ ရှိရင်တောင် ဒီကိစ္စကိုတော့ မကူညီနိုင်ဘူး။ လူသတ်ရင် အသက်နဲ့လျော်ရမယ်၊ ကြွေးရှိရင် ဆပ်ရမယ်ဆိုတာ လောကရဲ့ ဓမ္မတာပဲ။ နောက်ပြီး အခုမှ လာပြီး ဆွေမျိုးလာစပ်မနေနဲ့။ အရင်က ငါ့ညီမလေးကို ခင်ဗျားတို့ ဝိုင်းပြီး နှိပ်စက်တုန်းက ဆွေမျိုးလို့ မတွေးခဲ့ကြဘူး။ ငါ့ညီမလေးသာ အစွန့်ပယ်မခံရရင် ပျောက်ဆုံးသွားမှာ မဟုတ်ဘူး၊ ငါ့အဖေလည်း စိတ်ဆိုးပြီး သေဆုံးမှာ မဟုတ်ဘူး။ လူနှစ်ယောက်ရဲ့ အသက်ကို ခင်ဗျားတို့ ဖြုန်းတီးခဲ့တာလေ။ ငါတို့ဘက်က ရန်မရှာတာကိုပဲ ကျေးဇူးတင်လှပြီ၊ အခု ချက်ချင်း ထွက်သွားကြ"

"နင်တို့ အသက်ကို လိုချင်ရင် ငါ့အသက်နဲ့ပဲ လဲလိုက်ပါ့မယ်..."

ဟုန်အဒေါ်ကြီးက မြေပြင်ပေါ်မှာ ဒူးထောက်ရင်း မျက်ရည်စက်လက်နဲ့ ပြောရှာတယ်။

"တော်စမ်းပါ၊ ဒီလို အရှက်မရှိတဲ့ စကားတွေကို မပြောပါနဲ့။ ခင်ဗျားအခု ထွက်သွားမှာလား၊ မသွားရင် ငါ တံမြက်စည်းနဲ့ လိုက်ရိုက်တော့မယ်"

"ဒါက ကျူးရန်အောင်သွားပြီဆိုတော့ ဦးလေးအရင်းကိုတောင် မမှတ်မိတော့တာလား" ကျောက်ဦးလေးကြီးကလည်း ရင်နာဟန်နဲ့ ပြောလိုက်တယ်။ "အဘွားကျောက် ရော... သူ့ကို ထွက်လာခိုင်းစမ်း၊ ငါ့ကိုရော သူက မမှတ်မိတော့ဘူးလား ကြည့်ရသေးတာပေါ့"

အဘွားကျောက်ရဲ့အမည်ကို ကြားလိုက်ရတဲ့အခါမှာတော့ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားတယ်။ လူတိုင်းက သူတို့နှစ်ယောက်ကို မယုံနိုင်စရာကောင်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။ အရင်က အဘွားကျောက် အကျဉ်းကျနေတုန်းကတော့ ကျောက်မိသားစုက တစ်ယောက်မှ လာပြီးစကားမပြောခဲ့ကြဘူးလေ။ အခုမှ ရောက်လာပြီးတော့လည်း အဘွားကျောက်အတွက် မဟုတ်ဘဲ ကိုယ့်သားကိစ္စအတွက် လာတာဖြစ်သလို၊ ညီမဖြစ်သူ အကျဉ်းကျနေတာကိုတောင် မသိတဲ့သူက 'အစ်ကိုအရင်း' လို့ ပြောနေတာကို ရွာသားတွေက မျောက်ပြပွဲ ကြည့်သလို ကြည့်နေကြတော့တယ်။

အဲဒီအချိန်မှာ လူအုပ်ကြီးထဲကနေ ရွှီမျိုးနွယ်စုခေါင်းဆောင် ထွက်လာတယ်။

123 05

"ကျောက်မိသားစုဝင်တွေ... ငါတို့ ယွီချင်းရွာမှာ လာပြီး ပြဿနာမရှာနဲ့။ ချင်းဟွိုင် ပြောတာ အမှန်ပဲ။ လူသတ်ရင် အသက်နဲ့လျော်ရမယ်၊ ငါတို့ ရွှီမိသားစုဝင်တွေက အမြဲတမ်း ဥပဒေကို လေးစားတဲ့သူတွေမို့လို့ ဥပဒေပြင်ပက ကိစ္စတွေကိုတော့ မကူညီနိုင်ဘူး။ အဘွားကျောက်နဲ့ ပတ်သက်လို့ကတော့ သူမဟာ ခင်ပွန်းကို စော်ကားပြီး သေစေခဲ့တဲ့ အပြစ်ကြောင့် အကျဉ်းကျနေတာ ဖြစ်တယ်။ တကယ်လို့ မင်းတို့က သူမကို ခေါ်သွားချင်တယ်ဆိုရင်လည်း ရပါတယ်၊ ငါကပဲ ငါ့ရဲ့ညီဖြစ်သူကိုယ်စား အမြန်ဆုံး အိမ်ထောင်ကွဲစာချုပ် ရေးပေးလိုက်မယ်၊ အဲဒီကျရင်တော့ ခေါ်သွားကြပေါ့"

ကျောက်ဦးလေးကြီးနဲ့ ဟုန်အဒေါ်ကြီးတို့ဟာ ဆွံ့အသွားကြတယ်။ ရွှီမျိုးနွယ်စုခေါင်းဆောင်က ဆက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တယ်။

"မင်းတို့က အဘွားကျောက်ကို ခေါ်ဖို့ လာတာမဟုတ်ရင်လည်း ချက်ချင်း ပြန်ကြပါ။ နောက်တစ်ခါ ထပ်လာပြီး ပြဿနာရှာရင်တော့ ငါကိုယ်တိုင် ကျောက်မျိုးနွယ်စုခေါင်းဆောင်ဆီ သွားပြီး မင်းတို့ဟာ ငါတို့ ရွှီမျိုးနွယ်စုနဲ့ ရန်ဘက်ဖြစ်ချင်တာလားလို့ သွားမေးလိုက်မယ်"

ဒီစကားကို ကြားတော့မှ သူတို့နှစ်ယောက်ဟာ ထိတ်လန့်တုန်လှုပ်ပြီး ထွက်ပြေးသွားကြတော့တယ်။ သူတို့ဟာ ရွှီချင်းဟွိုင်အပေါ်မှာတော့ အသက်ကြီးသူအဖြစ် အနိုင်ကျင့်နိုင်ပေမဲ့ ရွှီမျိုးနွယ်စုခေါင်းဆောင်ကိုတော့ မယှဉ်ရဲကြပါဘူး။

ကျောက်မိသားစုဟာ နောက်ထပ် ရောက်မလာတော့သလို ကျောက်ကျင်ရွေ့ရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိကြတော့ပါဘူး။ တကယ်တော့ ဒါဟာ ကိုယ်ပြုတဲ့ကံ ကိုယ်ပြန်ခံရတာပါပဲ။ ဟုန်အဒေါ်ကြီးသာ သားဖြစ်သူကို အလိုမလိုက်ခဲ့ရင် အခုလို အခြေအနေမျိုး ရောက်မှာ မဟုတ်ပါဘူး။

အချိန်တွေ ကုန်လွန်သွားပြီး ၂ လပိုင်း ရောက်တဲ့အခါမှာတော့ ယွီချင်းရွာမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိလာတယ်။ ဘိုးဘွားရိပ်သာဘေးမှာ ခန့်ညားထည်ဝါတဲ့ အဆောက်အဦးတစ်ခုကို တည်ဆောက်လိုက်ပါတယ်။ ဒီအဆောက်အဦးဟာ ရွာထဲက တခြားအိမ်တွေနဲ့ မတူဘဲ အဖြူရောင် နံရံတွေ၊ အနက်ရောင် အမိုးပြားတွေနဲ့ အတော်လေး ခန့်ညားလှပါတယ်။

ဒီနေရာဟာ ရွှီမျိုးနွယ်စုရဲ့စာသင်ကျောင်း ပါပဲ။ တံခါးဝမှာတော့ ရွှီထင်းရှန်း ကိုယ်တိုင် ရေးထိုးထားတဲ့ ပညာဗဟုသုတ သမုဒ္ဒရာဟာ အဆုံးမရှိ ဆိုတဲ့ ကမ္ပည်းစာလုံးကြီးကို ချိတ်ဆွဲထားတယ်။ ဒီစာသင်ကျောင်းဟာ သာမန်ကျောင်းတွေအတိုင်းပဲ စာသင်ခန်းတွေ၊ စာကြည့်တိုက်တွေနဲ့ ပြည့်စုံအောင် တည်ဆောက်ထားတာ ဖြစ်တယ်။

ဒီစာသင်ကျောင်းကို တည်ဆောက်ဖို့အတွက် ကျောက်အာ က ငွေ ၅၀၀ လှူဒါန်းခဲ့တယ်။ အရင်က ရွှီထင်းရှန်းနဲ့ တိုင်ပင်ထားတဲ့အတိုင်း ဆင်းရဲတဲ့ ကလေးတွေကို အခမဲ့ ပညာသင်ကြားခွင့် ပေးလိုက်တယ်။ ဒီသတင်းဟာ တစ်နယ်လုံးကို ဟိုးဟိုးကျော်သွားပြီး အနီးအနားက ရွာသားတွေဟာ သူတို့ရဲ့ ကလေးတွေကို ကျောင်းလာအပ်ကြတာကြောင့် ရွာထဲမှာ အမြဲတမ်း စည်ကားနေတော့တယ်။

ရွာသားတွေအားလုံးဟာ ကိုယ့်မျိုးနွယ်စုကနေ ဒီလိုဂုဏ်သိက္ခာရှိတဲ့ အလုပ်မျိုးကို လုပ်ဆောင်နိုင်တာကြောင့် အလွန်ပဲ ဂုဏ်ယူနေကြတယ်။ လူဆိုတာ ဝမ်းဝရုံတင်မကဘဲ ဂုဏ်သိက္ခာရှိရှိ ရှင်သန်နိုင်ဖို့က ပိုပြီး အရေးကြီးတယ် မဟုတ်လား။

******

124 01

အခန်း ၁၂၄ ပညာ့ရိပ်မြုံနှင့် မထင်မှတ်ထားသော ဖိတ်စာ

တကယ်တော့ ဒေသသင်ကျောင်းတစ်ခု တည်ထောင်ရုံနဲ့ မလုံလောက်ပါဘူး၊ သင်ကြားပြသပေးမယ့် ဆရာသမားတွေ မရှိရင်လည်း အရာမထင်နိုင်ဘူး။ ဒါကြောင့် ရွှီထင်းရှန်းဟာ ဟိုရှို့ချိုင်နဲ့ ချောင်ရှို့ချိုင်ဆိုတဲ့ ပညာတတ်နှစ်ဦးထံကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖိတ်ကြားခဲ့တယ်။ အခြားသော စာသင်ကျောင်းတွေက ပေးအပ်တဲ့ လစာထက် မနိမ့်ကျတဲ့ နှစ်စဉ်ချီးမြှင့်ငွေအပြင်၊ ဒီကျောင်းမှာ လာရောက်သင်ကြားတဲ့ ဆရာတွေအနေနဲ့ သူကိုယ်တိုင်ရဲ့ ပညာရပ်ဆိုင်ရာ လမ်းညွှန်မှုတွေကို ရရှိနိုင်မယ်လို့ ကတိပေးခဲ့တယ်။

ဒီအချက်ကတင် ဆင်းရဲနွမ်းပါးတဲ့ ရှို့ချိုင်တွေအတွက်တော့ အလွန်ကို ဆွဲဆောင်မှုရှိတဲ့ အခွင့်အရေးကြီး ဖြစ်နေခဲ့တယ်။ ကျဲယွမ်တစ်ဦးရဲ့ လမ်းညွှန်မှုကို ရရှိဖို့ဆိုတာ ငွေကြေးတွေ ဘယ်လောက်ပဲ ပုံအောပေးပါစေ၊ အလွယ်တကူ ဝယ်ယူလို့မရနိုင်တဲ့ အဖိုးတန်လှတဲ့အရာ မဟုတ်လား။

သင်ကျောင်းရဲ့ ကမ္ပည်းဆိုင်းဘုတ် တင်တဲ့နေ့မှာတော့ မြို့နယ်ဝန်ရွှီ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သလို၊ ချင်းယွမ်ကျောင်းတော်က ကိုယ်စားလှယ်တွေလည်း ရောက်ရှိလာခဲ့ကြတယ်။ အခမ်းအနားဟာ တကယ့်ကို ခမ်းနားထည်ဝါလွန်းတာကြောင့် သာမန်ရွာသူရွာသားတွေခမျာ ဒီလိုမြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ကြဘူး။ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ပညာတတ်တွေကို ထားဦး၊ မြို့နယ်ဝန်မင်းရဲ့ ခန့်ညားတဲ့ အခြွေအရံ အခင်းအကျင်းတွေကို မြင်ရတာနဲ့တင် သူတို့မှာ မျက်စိပန်းတောက်မတတ် အံ့သြနေကြရတယ်။

ဒီနေ့ဟာ တစ်မျိုးနွယ်စုလုံးအတွက် အလွန်အရေးကြီးတဲ့နေ့ ဖြစ်တာကြောင့် ဝမ်းနည်းခြင်းကာလရဲ့ စည်းကမ်းတွေကို ခဏတာ ဖယ်ထားလိုက်ကြတယ်။ ရွှီထင်းရှန်းကိုယ်တိုင်လည်း ရောက်ရှိလာခဲ့ပေမဲ့ သူကတော့ အလွန်ကို ရိုးရှင်းတဲ့ အဝတ်အစားတွေကိုပဲ ဝတ်ဆင်ထားခဲ့တယ်။ မီးရှူးမီးပန်းသံတွေ တညံညံ ထွက်ပေါ်နေတဲ့ကြားမှာ မြို့နယ်ဝန်မင်းနဲ့ ရွှီထင်းရှန်းတို့ဟာ ဆိုင်းဘုတ်ပေါ်မှာ ဖုံးအုပ်ထားတဲ့ အနီရောင် ပိုးစကို အတူတူ ဆွဲဖွင့်လိုက်ကြတယ်။

'ယွီချင်းဒေသသင်ကျောင်း' ဆိုတဲ့ စာလုံးကြီးတွေက ခန့်ညားထည်ဝါစွာ ပေါ်ထွက်လာပါတယ်။ ရွှေရောင်တလက်လက် တောက်မနေပေမဲ့ ရှေးဆန်ပြီး လေးနက်တဲ့ အရှိန်အဝါကိုတော့ အပြည့်အဝ ပေးစွမ်းနေခဲ့တယ်။ ဒီကျောင်းကို 'ရွှီမျိုးနွယ်စုသင်ကျောင်း' လို့ မခေါ်ဘဲ 'ယွီချင်းဒေသသင်ကျောင်း' လို့ အမည်ပေးဖို့ ရွှီထင်းရှန်းနဲ့ရွှီမျိုးနွယ်စုခေါင်းဆောင်တို့ အသေအချာ တိုင်ပင်ထားခဲ့ကြတယ်။

ဒါဟာ ရွာသူရွာသားတွေအားလုံးကို ပညာအလင်းပေးဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ သူတို့နှစ်ဦးစလုံးဟာလည်း အလုပ်ကို အသံတိတ်လုပ်ရုံနဲ့တင် ကျေနပ်နေမယ့်သူတွေ မဟုတ်ကြပါဘူး။ မျိုးနွယ်စုကျောင်းလို့ အမည်တပ်ရင် ရွှီမျိုးနွယ်စုအတွက်ပဲ ဖြစ်နေပေမဲ့၊ ဒေသသင်ကျောင်းလို့ အမည်ပေးလိုက်ရင်တော့ ရွှီမျိုးနွယ်စုရဲ့ သြဇာအာဏာကို ဒီဒေသမှာ ပိုမိုကျယ်ပြန့်သွားစေမှာ ဖြစ်တယ်။ ဒီကျောင်းကို ရွှီမျိုးနွယ်စုကပဲ အုပ်ချုပ်နေသရွေ့တော့ တခြားသူတွေအနေနဲ့ ရွှီမိသားစုကို အလေးမထားဘဲ မနေနိုင်တော့ပါဘူး။

အခုဆိုရင် ယွီချင်းဒေသစာသင်ကျောင်းရဲ့ ဂုဏ်သတင်းက အထွတ်အထိပ်ကို ရောက်နေပါပြီ။ တည်ထောင်သူက ကျူးရန်ဖြစ်ပြီး၊ သင်ကြားတဲ့ဆရာတွေက ရှို့ချိုင်တွေ ဖြစ်နေတဲ့အပြင် မြို့နယ်ဝန်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးတာ မဟုတ်လား။ စာမတတ်တဲ့ သာမန်လူတွေတောင်မှ ဒီအချက်ကို ကြည့်ပြီး ရွှီမျိုးနွယ်စုဟာ အခုဆိုရင် တစ်နယ်လုံးမှာ နံပါတ်တစ် မျိုးနွယ်စုကြီး ဖြစ်သွားပြီဆိုတာကို သိနားလည်လိုက်ကြတယ်။

124 02

ပွဲလမ်းသဘင်တွေ ပြီးဆုံးသွားတဲ့အခါ အရာရာဟာ ငြိမ်သက်ခြင်းဆီကို ပြန်ရောက်သွားပေမဲ့ ယွီချင်းရွာကတော့ အရင်လို မဟုတ်တော့ပါဘူး။ စာသင်ကျောင်းကို ဆောက်လုပ်နေတုန်းမှာပဲ မျိုးနွယ်စုခေါင်းဆောင်က ရွာသားတွေကို စုစည်းပြီး ကျောင်းကနေ ရွာအဝင်အထိ လမ်းတွေကို သေသေချာချာ ပြုပြင်ခိုင်းလိုက်ပါတယ်။ မြေသားတွေကို သေသေချာချာ ထုထောင်းညှိထားတာကြောင့် အခုဆိုရင် လမ်းဟာ ကျယ်ပြန့်ပြီး ပြန့်ပြူးနေတော့တယ်။

မနက်ခင်းတိုင်းမှာ ကျောင်းသွားတဲ့ ကလေးငယ်တွေဟာ တစ်ယောက်စ၊ နှစ်ယောက်စ ဒါမှမဟုတ် လူကြီးတွေနဲ့အတူ ဒီလမ်းမကြီးပေါ်မှာ သွားလာနေကြပါတယ်။ အဝေးကနေ ကြည့်လိုက်ရင် တကယ့်ကို ကြည်နူးစရာကောင်းတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ။ အဲဒီနောက်မှာတော့ ကလေးတွေရဲ့စာအံသံတွေဟာ တစ်ရွာလုံးမှာ ပျံ့လွင့်နေပြီး တိုးတက်စည်ကားတဲ့ အငွေ့အသက်တွေက ပြည့်နှက်နေပါတော့တယ်။

ရွှီထင်းရှန်းဟာ အားလပ်တဲ့အချိန်မှာ သင်ကျောင်းဆီကို လာရောက်ကြည့်ရှုလေ့ ရှိတယ်။ ကလေးငယ်တွေကတော့ သူ့ကို မသိကြဘူး။ သူ့ရဲ့ နုပျိုတဲ့ မျက်နှာထားနဲ့ ရိုးရှင်းတဲ့ အဝတ်အစားတွေကို ကြည့်ပြီး ပညာလာသင်တဲ့ ကျောင်းသားတစ်ယောက်လို့ပဲ ထင်မှတ်နေကြတော့တယ်။ အခုဆိုရင် ဒီကျောင်းမှာ ပညာသင်ချင်တဲ့သူတွေ အများကြီး ရှိနေပေမဲ့ နေရာအခက်အခဲကြောင့် အကုန်လုံးကို လက်မခံနိုင်သေးပါဘူး။

ဒီကလေးတွေကို ရွှီကျူးရန်ရဲ့ကျေးဇူးကြောင့် စာသင်ခွင့်ရတာလို့ လူကြီးတွေက အမြဲပြောပြလေ့ ရှိပါတယ်။ ရွှီကျူးရန်သာ မရှိရင် သူတို့ဟာ နွားကျောင်း၊ မြက်ရိတ်ပြီး တောတောင်တွေထဲမှာပဲ အချိန်ကုန်နေကြရမှာ မဟုတ်လား။ အခုလို သန့်ရှင်းသပ်ရပ်တဲ့ စာသင်ခန်းထဲမှာ စာဖတ်ခွင့်ရပြီး နေ့လယ်စာ တစ်နပ်တောင် အခမဲ့ ရရှိနေတာဟာ ရွှီကျူးရန်ရဲ့ စေတနာကြောင့်ပါပဲ။ ဒါကြောင့် ဒီကလေးတွေရဲ့ စိတ်ထဲမှာတော့ ရွှီကျူးရန်ဆိုတာ အလွန်ကို ခန့်ညားထည်ဝါပြီး တည်ကြည်လှတဲ့ လူကြီးကြီးတစ်ယောက်လို့ပဲ မြင်ယောင်နေကြတာ။ အခု ရှေ့မှာမြင်နေရတဲ့ လူငယ်လေးဟာ သူတို့ အထင်ကြီးနေရတဲ့ ရွှီကျူးရန် ဖြစ်နေမယ်လို့ ဘယ်သူမှ မထင်ထားကြဘူး။

ကျောင်းပိတ်ချိန်မှာ ကလေးငယ်တွေဟာ ကျောင်းရှေ့မှာ ဆော့ကစားနေကြတယ်။ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတွေဟာ ရွှီကျူးရန်အကြောင်းကို အမျိုးမျိုး ခန့်မှန်းပြီး ပြောဆိုနေကြတာပေါ့။ တစ်ယောက်က "သခင်ကြီးလို့ ခေါ်ရတာဆိုတော့ အသက်အများကြီး ကြီးမှာပဲ" လို့ ပြောသလို၊ နောက်တစ်ယောက်ကလည်း "ရွှီကျူးရန်က အရမ်းတော်တာဆိုတော့ သူ့ခေါင်းမှာ ဂျိုနှစ်ချောင်း ပါမှာပဲ" လို့တောင် ကလေးပီပီ လျှောက်ပြောနေကြတယ်။

အဲဒီအချိန်မှာ ဟိုရှို့ချိုင်နဲ့အတူ ရွှီထင်းရှန်းနဲ့ မျက်နှာဖြူဖြူ လူငယ်တစ်ယောက် ထွက်လာတယ်။ ကလေးတွေက ဟိုရှို့ချိုင်ကို မြင်တာနဲ့ ချက်ချင်းပဲ ငြိမ်ကျသွားကြတယ်။ ဟိုရှို့ချိုင်က ကလေးတွေကို ဆူပူတာမျိုး မလုပ်ဘဲ အေးအေးဆေးဆေး ပြောလိုက်တယ်။ "နောက်ဆို ရွှီကျူးရန်ကို အဲဒီလို နောက်ပြောင်တာမျိုး မလုပ်ကြနဲ့၊ စာသင်ခန်းထဲကို မြန်မြန်ပြန်ကြ"

ကလေးတွေ ထွက်သွားတော့မှ ဟိုရှို့ချိုင်က ရွှီထင်းရှန်းကို ရိုရိုသေသေ ပြောလိုက်တယ်။ "ခင်ဗျားကို အားနာလိုက်တာ၊ ဒီကလေးတွေက တောသားလေးတွေမို့ အကျင့်မရှိသေးလို့ပါ" ရွှီထင်းရှန်းကတော့ ဘာမှမဖြစ်ပါဘူးဆိုတဲ့ သဘောနဲ့ ပြုံးပြလိုက်ရင်း ဟိုရှို့ချိုင်ကို လမ်းညွှန်နေခဲ့တယ်။ "စောစောက ကျွန်တော်ပြောတဲ့ 'ပါ့ကူ' စာစီစာကုံး ရေးနည်းတွေကို သေသေချာချာ မှတ်ထားပါ။ ခေါင်းစဉ်ကို ဘယ်လို စဖွင့်ရမလဲဆိုတာက အရေးကြီးဆုံးပဲ။ ကျွန်တော် ပေးထားတဲ့ ပုစ္ဆာနှစ်ခုကို အရင်ဖြေကြည့်ပါ၊ နောက်ရက်ကျရင် ကျွန်တော့်ဆီ လာပြပေါ့" ဟိုရှို့ချိုင်ကလည်း ရိုသေစွာ ပြန်ပြောလိုက်တယ်။ "လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"

ရွှီထင်းရှန်း ကျောင်းနောက်ဖေးတံခါးကနေ ထွက်လာတဲ့အခါမှာတော့ အနောက်ကနေ ရွှီကျွင်းခိုင်က လိုက်လာတယ်။ ရွှီကျွင်းခိုင်ဟာ အခုဆိုရင် အသက် တစ်ဆယ့်ရှစ်နှစ်ပဲ ရှိသေးပေမဲ့ ဆံပင်တွေမှာ ဖြူချင်ချင် ဖြစ်နေပြီး အတော်လေး အိုမင်းသွားဟန်ရှိတယ်။

"အစ်ကိုကြီး... ဒီနေရာက ဘယ်လိုနေလဲ" ရွှီထင်းရှန်းက မေးလိုက်တယ်။

ရွှီကျွင်းခိုင်က ခေါင်းငုံ့ထားပြီး တိုးတိုးလေး ပြောတယ်။ "ငါက အဘိုးအတွက် သုံးနှစ်ပတ်လုံး ဝမ်းနည်းခြင်းကာလ စောင့်ထိန်းရမယ့်သူပါ"

124 03

ရွှီထင်းရှန်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဖျောင်းဖျလိုက်တယ်။ "ဝမ်းနည်းခြင်းကာလ စောင့်ထိန်းတာက ပညာမသင်ရဘူးလို့ မဆိုလိုပါဘူး။ အခု ဒီကျောင်းမှာ ဆရာလိုအပ်နေတယ်။ အစ်ကိုကြီးအနေနဲ့ အခြေခံကလေးတွေကို သင်ပေးလို့ ရတာပဲ။ ဒါဟာ ကိုယ့်စာကိုလည်း ပြန်နွေးရာရောက်သလို၊ အဒေါ်ကြီးအတွက်လည်း အထောက်အကူ ဖြစ်စေမှာပါ။ သူက အစ်ကိုကြီးအတွက် အရမ်းစိတ်ပူနေတာနော်"

ရွှီကျွင်းခိုင်က နှုတ်ခမ်းလေး တုန်ရင်နေပြီး ဘာမှပြန်မပြောနိုင်ရှာဘူး။

"ဒါက ကျွန်တော်က အစ်ကိုကြီးကို သနားလို့ ပေးတာမဟုတ်ဘူး၊ ဘိုးဘိုးကြီးရဲ့ ဆုံးဖြတ်ချက်ပါ။ အစ်ကိုကြီး သဘောတူတယ်ဆိုရင် ဘိုးဘိုးကြီးကို သွားပြောလိုက်ပါ။ ကဲ... ကျွန်တော် ပြန်ဦးမယ်၊ ဟုန်အာလေးက အခုဆိုရင် အရမ်းဆော့တတ်နေပြီ၊ ကျောက်အာ တစ်ယောက်တည်း မနိုင်မှာ စိုးလို့" ပြောပြီး သူ လှည့်ထွက်လာခဲ့တယ်။

သူ တစ်လှမ်း၊ နှစ်လှမ်း လှမ်းလိုက်တဲ့အချိန်မှာပဲ အနောက်ကနေ ပြန်ပြောလာတယ်။

"တောင်းပန်ပါတယ်" အသံတိုးတိုးလေး ထွက်လာပေမဲ့ ရွှီထင်းရှန်းက လှည့်မကြည့်ဘဲ "အစ်ကိုကြီးက ကျွန်တော့်ကို တောင်းပန်စရာ ဘာမှမရှိပါဘူး"

"ဒါက ငါရဲ့အဖေနဲ့အမေ ကိုယ်စား တောင်းပန်တာပါ" ရွှီကျွင်းခိုင်က လေးလေးနက်နက် ပြောလိုက်တယ်။ "ဒီစကားကို ကျွန်တော် လက်ခံလိုက်ပြီ၊ သွားတော့မယ်နော်" ရွှီထင်းရှန်းက လက်တစ်ချက် ပြလိုက်ပြီး ပြောကာ ထွက်ခွာသွားတော့တယ်။

နောက်တစ်နေ့မှာတော့ ယွီချင်းဒေသသင်ကျောင်းမှာ ဆရာအသစ်တစ်ယောက် တိုးလာတယ်။ သူဟာ ကလေးတွေအပေါ်မှာ စိတ်ရှည်ပြီး သင်ကြားပြသတာ ကောင်းမွန်တာကြောင့် အားလုံးက သဘောကျကြတယ်။ သူဟာ ရွှီကျူးရန်ရဲ့ ဝမ်းကွဲအစ်ကိုဖြစ်ကြောင်း သိလိုက်ရတဲ့အခါ ကလေးတွေက ရွှီကျူးရန်အကြောင်းကို ဝိုင်းမေးကြတာပေါ့။ ရွှီကျွင်းခိုင်ကလည်း ရွှီထင်းရှန်းဟာ တကယ့်ကို ထူးချွန်ထက်မြက်တဲ့ လူစွမ်းကောင်းတစ်ယောက် ဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောပြလေ့ ရှိတယ်။

အချိန်တွေ ကုန်လွန်သွားပြီး ဟုန်အာလေးဟာ အခုဆိုရင် ရှစ်လသားအရွယ်ကို ရောက်ရှိလာပါပြီ။ ရွှီထင်းရှန်းရဲ့ ဝမ်းနည်းခြင်းကာလလည်း ကုန်ဆုံးသွားခဲ့ပြီ။ အဲဒီနောက်မှာတော့ လီတာ့ထျန် ကလည်း အချိန်ကိုက် ပြန်ရောက်လာခဲ့တယ်။ ရွှီထောက်အာ ဝမ်းနည်းခြင်းကာလ ပြီးဆုံးပြီး သုံးရက်မြောက်တဲ့နေ့မှာပဲ လီမိသားစုက စေ့စပ်ကြောင်းလမ်းဖို့ ရောက်လာကြတယ်။

မင်္ဂလာပွဲကို ၁၀ လပိုင်း ၈ ရက်နေ့မှာ ကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နှစ်ဖက်စလုံးက အသက်မငယ်ကြတော့တာမို့လို့ အမြန်ဆုံး လက်ထပ်ပေးလိုက်ကြတယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ ကျောက်အာက ရွှီအိမ်မှာ ကူညီပေးနေပြီး ရွှီထင်းရှန်းကတော့ လီမိသားစုဘက်ကနေ သတို့သမီးကြိုဖို့ လိုက်သွားခဲ့တယ်။ ရွှီထောက်အာဟာ အနီရောင် မင်္ဂလာဝတ်စုံကြီးနဲ့ လှလှပပလေး အိမ်ထောင်ကျသွားခဲ့ပါပြီ။

နောက်ထပ် နှစ်သစ်ကူးကာလ ရောက်လာပြန်တဲ့အခါမှာတော့ ဒီနှစ်ရဲ့ အငွေ့အသက်က အရင်နှစ်ထက် အများကြီး ပိုပြီး ပျော်စရာကောင်းလာတယ်။ အဘွားကျောက်အကြောင်းကို လူတွေ မေ့လျော့သွားကြပြီဖြစ်သလို၊ ရွှီကျွင်းခိုင်လည်း အလုပ်အကိုင် အတည်တကျ ရှိသွားတာကြောင့် အဒေါ်ယန်ရဲ့ မျက်နှာမှာလည်း အပြုံးတွေ ဝေဆာနေတော့တယ်။ ဝမ်ဆိုင်ရဲ့ စီးပွားရေးကလည်း အနီးနားက မြို့နယ်တွေအထိ ပြန့်နှံ့သွားတာကြောင့် ရွှီချင်းပိုင် နဲ့ ရွှီချင်းဟွိုင် တို့လည်း အလုပ်များပြီး ပျော်ရွှင်နေကြတယ်။

ရွှီထင်းရှန်းဆီကိုလည်း နှစ်သစ်ကူး နှုတ်ဆက်ဖို့ လာတဲ့သူတွေ မနည်းလှပါဘူး။ ၁ လပိုင်း ၁၅ ရက်ကျော်မှပဲ နည်းနည်း ငြိမ်သက်သွားတော့တယ်။ အနားယူဖို့ ပြင်နေတုန်းမှာပဲ မြို့တော်ဆီကနေ စာတစ်စောင် ရောက်လာတယ်။

အဲဒါကတော့ မောက်ပါ့သိုဆီက စာပါပဲ။ မောက်ပါ့သိုဟာ မင်္ဂလာဆောင်တော့မှာမို့လို့ ရွှီထင်းရှန်းနဲ့ လီတာ့ထျန်တို့ကို အရောက်လာခဲ့ဖို့ ဖိတ်ကြားထားတာ ဖြစ်တယ်။

******

All Chapters