အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
အခန်း ၁၂၅ မြို့တော်ဆီသို့ ခရီးစဉ်နှင့် ဟန်လင်းအရာရှိတို့၏ ဘဝ
ပြောရမယ်ဆိုရင် မောက်ပါ့သို တစ်ယောက် သူ့ရဲ့ရည်မှန်းချက် အောင်မြင်ပြီး အိမ်ထောင်ဖက်ရဖို့ အရေးဟာ အတော်လေးကို ခဲခဲယဉ်ယဉ် ရုန်းကန်ခဲ့ရတာ။ ကျောက်အာရဲ့ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် လင်းယန့်ရန်ဟာ စိတ်ထဲမှာ အမှတ်တရ ဖြစ်သွားခဲ့တယ်။ ဖခင်ဖြစ်သူ လင်းမြောင်က စိတ်ထဲကနေ သဘောတူခွင့်ပြုထားပြီးသား ဖြစ်ပေမဲ့လည်း၊ မောက်ပါ့သိုဟာ နည်းမျိုးစုံနဲ့ ကြိုးစားအားထုတ်ပြီးမှ လင်းယန့်ရန်ဆီကနေ သဘောတူညီတဲ့ ခေါင်းညိတ်မှုကို ရရှိခဲ့တာ ဖြစ်တယ်။
'တင်းဝေ့' နှစ်ရဲ့ ကျင်းရှီ စာမေးပွဲမှာတော့ ချန်ကျန်းနဲ့ လင်းမြောင်တို့ဟာ အောင်စာရင်းမှာ ပါဝင်ခဲ့ကြပေမဲ့ မောက်ပါ့သို တစ်ယောက်တည်းပဲ ကျန်ရစ်ခဲ့တယ်။ ချန်ကျန်းကတော့ ရွှီထင်းရှန်းရဲ့အိပ်မက်ထဲကအတိုင်းပဲ 'ကျွန့်ယွမ်' ဘွဲ့ကို ထူးထူးခြားခြား ဆွတ်ခူးနိုင်ခဲ့သလို၊ လင်းမြောင်ကလည်း အားလုံးကို အံ့အားသင့်စေပြီး 'ထန့်ဟွား' ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာနဲ့ တပည့်နှစ်ဦးသားဟာ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ နာမည်ခေါ်ယူခြင်း ခံရတဲ့အချိန်ကနေ မြင်းစီးပြီး လမ်းမထက်မှာ ဂုဏ်ပြုခံရတာ၊ ပြီးတော့ ပညာတတ်တွေရဲ့ပွဲတော်ကို တက်ရောက်ရတာတွေအထိ ဂုဏ်သိက္ခာတွေ အလွန်တရာ ကြီးမားခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ ဟန်လင်းကျောင်းတော်ကို ဝင်ရောက် အမှုထမ်းကြရတယ်။
ဒီဂုဏ်ပြုပွဲတွေအားလုံး ပြီးဆုံးသွားတဲ့အခါမှာတော့ မြို့တော်မှာရှိတဲ့ မိသားစုဝင်တွေကို ကြိုဆိုဖို့အချိန်ရောက်လာပါပြီ။ ချန်ကျန်းနဲ့လင်းမြောင်တို့ဟာ မြို့တော်ကနေ ခွဲခွာလို့မရတာကြောင့် မောက်ပါ့သိုကပဲ အဲဒီတာဝန်ကို ကိုယ်စားယူခဲ့ရတယ်။ မောက်ပါ့သိုဟာ ပေလုကျောင်းတော်ကို အရင်ဆုံ သွားခဲ့သလို၊ ချန်ကျန်းရဲ့ညီမဖြစ်သူ ချန်ရှို့လန်ကိုလည်း လူလွှတ်ပြီး ကြိုခိုင်းလိုက်တယ်။ အဲဒီနောက်မှာတော့ ဆရာကတော်ထောင်ရှီ၊ လင်းယန့်ရန်နဲ့ ချန်ရှို့လန်တို့ကို ခေါ်ဆောင်ပြီး မြို့တော်ဆီကို ခရီးနှင်ခဲ့တယ်။
ဒီခရီးတစ်လျှောက်လုံးမှာ မောက်ပါ့သိုဟာ ဝတ်ကြီးဝတ်ငယ် ပြုစုတာကအစ အရာရာကို အသေးစိတ် ဂရုစိုက်ပေးခဲ့တာကြောင့် ဆရာကတော် ထောင်ရှီဟာ သူ့ကို သားအရင်းတစ်ယောက်လိုတောင် အထင်ကြီးလာခဲ့တယ်။ သူဟာ လင်းယန့်ရန်ရဲ့ရှေ့မှာလည်း အစွမ်းကုန် အမှတ်ယူခဲ့သေးတယ်။ အရင်ကတော့ လင်းယန့်ရန်က မောက်ပါ့သိုဟာ လီယီကို ပရိယာယ်နဲ့ နှိမ်ခဲ့ပြီး ဖခင်ဖြစ်သူနဲ့ သူမကို လူကြားထဲမှာ အရှက်ရအောင် လုပ်ခဲ့တယ်ဆိုပြီး အမြင်မကြည်ခဲ့တာ။ ဒါပေမဲ့ အခုလို အနီးကပ် ပြုစုပေးတာတွေကို မြင်ရတဲ့အခါမှာတော့ သူမရဲ့အမြင်တွေလည်း အတော်လေး ပြောင်းလဲသွားခဲ့တယ်။
နောက်ပိုင်းမှာ ဆရာကတော်ထောင်ရှီက မောက်ပါ့သိုကို သားအရင်းအဖြစ် မွေးစားချင်ခဲ့ပေမဲ့ သူက ငြင်းပယ်ခဲ့တယ်။ နောက်မှပဲ သူဟာ သားနေရာထက် သမက်နေရာကို ပိုပြီးမက်မောနေမှန်း သိလိုက်ရတယ်။ လင်းမြောင်တို့ ဇနီးမောင်နှံမှာလည်း လင်းယန့်ရန် တစ်ယောက်တည်းပဲ ရှိတာမို့လို့၊ နောက်ထပ် သားသမီးရဖို့လည်း မျှော်လင့်ချက် မရှိတော့တာကြောင့် သမက်ကိုပဲ သားလို သဘောထားပြီး မေလမှာ မင်္ဂလာပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့်လည်း ရွှီထင်းရှန်းနဲ့ လီတာ့ထျန်တို့ကို မဖြစ်မနေ လာခဲ့ဖို့ စာရေးပြီး ဖိတ်ကြားခဲ့တာပဲ ဖြစ်တယ်။
မဖြစ်မနေ လာခဲ့ဖို့ တောင်းဆိုထားတာကြောင့် ရွှီထင်းရှန်းလည်း ငြင်းဆန်လို့ မရတော့ဘဲ သွားဖို့ ပြင်ဆင်ရတော့တယ်။ ဒါပေမဲ့ ကျောက်အာနဲ့ သားလေးကို ဘယ်လို ထားခဲ့ရမလဲဆိုတာက စဉ်းစားစရာ ဖြစ်လာတယ်။ ရွှီထင်းရှန်းဟာ ရှေးရိုးစွဲသမား မဟုတ်တာကြောင့် ဇနီးနဲ့သားကိုပါ တစ်ပါတည်း ခေါ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါကို မြင်တော့ လီတာ့ထျန်လည်း ရွှီထောက်အာကို ခေါ်ပြီး အတူတူ ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ကြပြီး ဒါဟာ ခရီးထွက်ရင်း အလည်အပတ် သွားတာပဲလို့ သဘောထားလိုက်ကြတယ်။
125 02
ဒီခရီးမှာ သူတို့တင်မကဘဲ မောက်ပါ့သိုရဲ့ မိဘတွေနဲ့ အစ်မ၊ ခဲအိုတို့လည်း ပါဝင်ခဲ့တယ်။ မောက်ပါ့သိုရဲ့ ခဲအို ကျိုးချန် က အစောင့်အရှောက်တပ်ဖွဲ့ ပိုင်ရှင် ဖြစ်တာကြောင့် အားလုံးဟာ ဘေးကင်းလုံခြုံစွာနဲ့ ခရီးထွက်နိုင်ခဲ့ကြတယ်။ ကျောက်အာဟာ ခရီးမထွက်ခင်မှာ အိမ်က အလုပ်တွေကို သေသေချာချာ စီစဉ်ထားခဲ့တယ်။ ဝမ်ကျိရဲ့ အလုပ်တွေကို ကျောက်အာ မရှိပေမဲ့လည်း ကျွမ်းကျင်နေကြပြီဖြစ်လို့ စိတ်ပူစရာ မရှိပါဘူး။ အဝတ်အထည်လုပ်ငန်းကို ရွှီချင်းဟွိုင်ကို လွှဲပေးခဲ့ပြီး ဟင်းသီးဟင်းရွက်လုပ်ငန်းကိုတော့ ကျန်းဝူနဲ့ ကောင်းရှန်တို့ကို တာဝန်ပေးခဲ့တယ်။ ရွှီချင်းပိုင်နဲ့ရွှီချန်တို့ကလည်း ဝိုင်းဝန်းကူညီပေးကြမှာ ဖြစ်တယ်။ ကျောက်အာဟာ အစ်မဖြစ်သူ ကျောက်တိကိုလည်း အဒေါ်ကောင်းနဲ့ အဒေါ်ကျိုးတို့ဆီမှာ အပ်နှံခဲ့ပြီးမှ ခရီးစတင်ခဲ့တယ်။
ရှန်းရှီးကနေ မြို့တော်ကို သွားတဲ့အခါမှာ ရေလမ်းနဲ့ ကုန်းလမ်းကို မျှတစွာ အသုံးပြုခဲ့ရတယ်။ အစောင့်အရှောက်တပ်ဖွဲ့နဲ့အတူ သွားတာဆိုတော့ လမ်းခရီးက အလွန်ကို ချောမွေ့ခဲ့တယ်။ မြို့တော်ကို ရောက်တဲ့အခါမှာတော့ သုံးလပိုင်းထဲ ရောက်နေပါပြီ။ နွေဦးရာသီရဲ့ မြက်ခင်းစိမ်းစိမ်းနဲ့ ငှက်ငယ်တွေ ပျံသန်းနေတဲ့ လှပတဲ့ မြင်ကွင်းတွေ ရှိနေသလို၊ မြို့တော်ရဲ့ အအေးဓာတ်ကလည်း အနည်းငယ် ရှိနေဆဲပဲ။
မြို့တော်ဟာ မြို့တော်ပီပီ တကယ့်ကို ခမ်းနားထည်ဝါပြီး စည်ကားလှတယ်။ မြင့်မားတဲ့ မြို့တံခါးကြီးတွေ၊ စနစ်တကျ ရှိလှတဲ့ မြို့ကွက်တွေနဲ့ မြင်းလှည်းတွေ အများကြီး သွားလာနိုင်တဲ့ လမ်းမကျယ်ကြီးတွေဟာ ရွှီရွာက မြင်ကွင်းတွေနဲ့ လုံးဝကွာခြားလွန်းပါတယ်။ လမ်းဘေးဝဲယာမှာလည်း ဆိုင်ခန်းတွေနဲ့ စားသောက်ဆိုင်တွေဟာ စီတန်းနေပြီး လမ်းသွားလမ်းလာတွေဟာလည်း ဝတ်ကောင်းစားလှတွေနဲ့ စည်ကားလှတယ်။ ကျောက်အာအတွက်တော့ ဒါဟာ အခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။
သားလေး ဟုန်အာဟာ အခုဆိုရင် တစ်နှစ်သား အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အရာရာကို စပ်စုချင်နေတဲ့အရွယ်ရောက်နေပြီ ဖြစ်တယ်။ ကျောက်အာက လှည်းလိုက်ကာကို ဖွင့်ကြည့်တဲ့အခါ သူကလည်း ခေါင်းလေးပြူပြီး လိုက်ကြည့်နေတတ်တယ်။ သူ့ရဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာ အံ့သြမှုတွေ အပြည့်ပါပဲ။ သားအမိနှစ်ယောက်ရဲ့ အမူအရာနဲ့ အကြည့်တွေက တကယ့်ကို တစ်ပုံစံတည်းပါပဲ။ ရွှီထင်းရှန်းကတော့ ဘေးကနေ ကြည့်ပြီး "ကြည့်လို့ မဝသေးဘူးလား" လို့ မေးပေမဲ့ သားလေးကိုတော့ အောက်ကနေ ပွေ့ချီပေးထားပါတယ်။ ကျောက်အာက အံ့သြစွာ ပြောရှာတယ်။
"ဒီနေရာက ငါတို့ရွာနဲ့ တကယ်ကို မတူတာပဲနော်"
"နင်က လမ်းတွေကို သိလို့လား" ကျောက်အာက မေးတဲ့အခါ ရွှီထင်းရှန်းကတော့ ဒီနေရာကို အတော်လေး ရင်းနှီးနေတာပါ။ ဒါပေမဲ့ သူက လှည့်ပတ်ပြောလိုက်ပါတယ်။ "ငါ လမ်းမသိရင်တောင် မောက်ပါ့သိုက သိမှာပေါ့"
လီတာ့ထျန်ကလည်း ရွှီထောက်အာကို ပြောနေခဲ့တယ်။ "မြို့တော်ရောက်ရင် မောက်ပါ့သိုကိုပဲ လိုက်ပြခိုင်းရမယ်"
ရှေ့က လှည်းပေါ်မှာတော့ မောက်မိသားစုဝင်တွေ ပါလာပါတယ်။ မြို့တော်ထဲ ရောက်တဲ့အခါ ကျိုးချန်းတို့ အစောင့်အရှောက်အဖွဲ့က အလုပ်ကိစ္စတွေ သွားလုပ်ရမှာမို့လို့ လှည်းနှစ်စီးနဲ့ပဲ သူတို့ကို အိမ်အရောက် ပို့ပေးလိုက်တယ်။ လင်းမြောင်တို့မိသားစုဟာ မြို့တော်အရှေ့ပိုင်းက လမ်းကြားတစ်ခုမှာ နေထိုင်ကြပြီး အဲဒီမှာပဲ မောက်ပါ့သိုနဲ့ ချန်ကျန်းတို့လည်း နေကြတယ်။
125 03
လင်းမြောင်နဲ့ ချန်ကျန်းတို့ဟာ စာမေးပွဲမှာ ထိပ်တန်းက အောင်မြင်ခဲ့ကြပေမဲ့ သူတို့ရဲ့အရာရှိဘဝက အခုမှ စတင်တာပဲ ရှိပါသေးတယ်။ ဟန်လင်းကျောင်းတော်မှာ အမှုထမ်းရတဲ့ အရာရှိတွေဟာ ဂုဏ်သိက္ခာ ကြီးမားကြပေမဲ့ လစာငွေကတော့ သိပ်မများပါဘူး။ မြို့တော်မှာ နေထိုင်ရတာဟာ အရာရာ ဈေးကြီးလွန်းတာကြောင့် သူတို့ရဲ့ အိမ်လေးဟာ အတော်လေး ကျဉ်းမြောင်းပါတယ်။
ဒီအိမ်လေးဟာ အဝင်အဝ သေးငယ်ရုံတင်မကဘဲ၊ လမ်းကြားထိပ်မှာ ဈေးရှိနေတာကြောင့် ဈေးသည်တချို့က လမ်းကြားထဲအထိတောင် ဝင်ပြီး ဈေးရောင်းနေကြတယ်။ အိမ်ရှေ့ဝဲယာမှာ ဈေးသည်တွေနဲ့ ပြည့်နေတာကြောင့် တံခါးဝတောင် ပိတ်လုနီးပါး ဖြစ်နေသလို၊ မြေပြင်မှာလည်း ဟင်းရွက်အပုပ်တွေ ပြန့်ကျဲနေပါတယ်။ လမ်းကြားထဲမှာ လူတွေ အရမ်းများတာကြောင့် လှည်းဝင်လို့ မရတော့ဘဲ လမ်းလျှောက်သွားကြရတယ်။ လီတာ့ထျန်က ရွှီထောက်အာကို တွဲလာသလို ရွှီထင်းရှန်းကလည်း ဟုန်အာလေးကို ချီကာ ကျောက်အာနဲ့အတူ လမ်းလျှောက်ဝင်ခဲ့ကြတယ်။ မောက်မိသားစုကတော့ အနောက်ကနေ လိုက်လာကြတယ်။ အိမ်ရှေ့ရောက်တဲ့အခါ မောက်ပါ့သိုက ဈေးသည်တွေကို မောင်းထုတ်နေတာကို တွေ့လိုက်ရတယ်။
မြို့တော်က ဈေးသည်တွေက အရာရှိတွေကို သိပ်မကြောက်ကြပါဘူး။ မောက်ပါ့သိုက ဒေါသတကြီးနဲ့ သူတို့ကို မောင်းထုတ်နေတုန်းမှာ လင်းယန့်ရန် ထွက်လာပြီး သူ့ကို တားဆီးလိုက်ပါတယ်။ "သူတို့နဲ့ ဘာလို့ ငြင်းနေတာလဲ၊ မြန်မြန် အထဲဝင်ပါ" သူမက ပြောလိုက်ပေမဲ့ မောက်ပါ့သိုကတော့ ကြုံးဝါးနေတော့တယ်။
"ဒီကောင်တွေက တကယ့်ကို မျက်နှာပြောင်တိုက်လွန်းတယ်၊ ငါတို့ရွာမှာသာဆိုရင် လက်ညှိုးနဲ့ တစ်ချက်ထိုးလိုက်ရုံနဲ့ အကုန်ပြားသွားမှာ"
ကျောက်အာတို့ တစ်ဖွဲ့လုံးဟာ ဈေးသည်တွေက အရာရှိကို ပြန်ပြီး မျက်စောင်းထိုးနေတာမြင်တော့ အံ့သြသွားကြပါတယ်။ အရာရှိဆိုတာ လူတိုင်းက ရိုသေကြောက်လန့်ရမယ်လို့ သူတို့ထင်ထားတာကိုး။ ဈေးသည်တစ်ယောက်ကဆိုရင် ပြန်တောင်ပြောနေသေးတယ်။ "မင်း ဘာတွေ ကြွားနေတာလဲ၊ ငါ မနက်ဖြန်လည်း ထပ်လာဦးမှာပဲ" မောက်ပါ့သိုကတော့ ဆရာကတော်က ဈေးသည်တွေကြောင့် ချော်လဲခဲ့တာကို စိတ်တိုနေတာ ဖြစ်တယ်။
မောက်ပါ့သိုဟာ အိမ်ရှေ့မှာ လင်းယန့်ရန်နဲ့ စကားပြောနေတုန်းမှာပဲ အနောက်က လူအုပ်ကြီးကို မြင်သွားပြီး ဝမ်းသာအားရ အော်ဟစ်လိုက်တယ်။ "မင်းတို့ ရောက်လာကြပြီလား ထင်းရှန်း၊ တာ့ထျန်၊ အဖေနဲ့အမေ" လင်းယန့်ရန်လည်း ရှက်ကိုးရှက်ကန်းနဲ့မိခင်ဖြစ်သူကို အသိပေးဖို့ အထဲကို ပြေးဝင်သွားတော့တယ်။
အားလုံး ဆုံတွေ့ကြတဲ့အခါမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေ အရင်ဝင်ကြပြီး အမျိုးသားတွေကတော့ ခရီးဆောင်အိတ်တွေကို သယ်ယူကြတယ်။ လင်းမြောင်နဲ့ ချန်ကျန်းတို့ကတော့ အလုပ်ကနေ ပြန်မလာကြသေးဘူး။ ဆရာကတော် ထောင်ရှီနဲ့ မောက်ပါ့သိုရဲ့မိခင် ဟုန်ရှီ တို့ဟာလည်း သားဖြစ်သူရဲ့ဆရာကတော်မို့လို့ အလွန်ကို ရင်းရင်းနှီးနှီး ရှိလှတယ်။ ထောင်ရှီက ဧည့်သည်တွေ ရောက်လာတာကို မမျှော်လင့်ထားတာကြောင့် ကျောက်အာကပဲ ကူညီပြီး ဟင်းချက်ပေးခဲ့တယ်။ နေလယ်စာ စားတဲ့အခါမှာ မောက်ပါ့သိုရဲ့မိခင် ဟုန်ရှီက လင်းယန့်ရန်ကို ကြည့်ပြီး အလွန်သဘောကျသွားပြီး၊ မိသားစုရဲ့လက်ကောက်ကိုတောင် လက်ဆောင်ပေးလိုက်တယ်။
လင်းမြောင်ရဲ့အိမ်လေးက ကျဉ်းတာကြောင့် အခန်းတွေကို သေသေချာချာ ခွဲဝေလိုက်ရတယ်။ လင်းမြောင်တို့က အဆောင်မကြီးမှာ နေပြီး၊ လင်းယန့်ရန်က အနောက်ခန်းကို ပြောင်းသွားပါတယ်။ အရှေ့ဆောင်မှာတော့ မောက်ပါ့သိုရဲ့ မိဘတွေနဲ့ အစ်မတို့ မိသားစု နေကြတယ်။ အနောက်ဆောင်မှာတော့ ချန်ကျန်းနဲ့ မောက်ပါ့သိုက တစ်ခန်းတည်း အတူနေကြပြီး ကျန်တဲ့တစ်ခန်းကို လီတာ့ထျန်တို့ ဇနီးမောင်နှံကို ပေးလိုက်တယ်။ ရွှီထင်းရှန်းတို့ မိသားစုကတော့ ကလေးရှိတာကြောင့် နေရာနည်းနည်း ပိုကျယ်တဲ့ ဝင်ပေါက်နားက အဆောင်မှာ နေလိုက်ရတယ်။
125 04
ညဘက်မှာ ဟုန်အာလေးကို ချော့သိပ်ပြီးတဲ့နောက် ကျောက်အာဟာ သက်ပြင်းချလိုက်တယ်။ "အရာရှိကြီးတွေရဲ့ ဘဝက ကျွန်မတို့ထက်တောင် ပိုပြီး ကျပ်တည်းနေသလိုပဲနော်" သူမက ပြောလိုက်တယ်။ ရွှီထင်းရှန်းကတော့ 'ဟန်လင်း' အရာရှိတွေဟာ ဂုဏ်သိက္ခာကြီးမားပေမဲ့ ဆင်းရဲကြတယ်ဆိုတဲ့အကြောင်းကို ရှင်းပြလိုက်တယ်။ မြို့တော်မှာ နေထိုင်ရတာဟာ အရာရာဈေးကြီးလွန်းတာကြောင့် ဘယ်လောက်ပဲ ရာထူးကြီးကြီး အပြင်ပန်းမှာတော့ ရုန်းကန်နေကြရတာကို ကျောက်အာလည်း သဘောပေါက်သွားတော့တယ်။
တကယ်တော့ လင်းမြောင်နဲ့ချန်ကျန်းတို့ နှစ်ယောက်ဟာ အခုထိ ဟန်လင်း အရာရှိစစ်စစ်လို့ ခေါ်ဆိုလို့ မရသေးပါဘူး၊ 'ဟန်လင်းလောင်းလျာ' အဆင့်ပဲ ရှိပါသေးတယ်။ သူတို့အနေနဲ့ သုံးနှစ်သက်တမ်း ပြည့်မြောက်တဲ့အခါ 'ဆန့်ကွမ်'လို့ ခေါ်တဲ့ အရည်အချင်းစစ် စာမေးပွဲကို ဖြေဆိုရမှာ ဖြစ်ပြီး၊ အဲဒီမှာ အောင်မြင်ပြီး ဟန်လင်းကျောင်းတော်မှာ ဆက်လက်အမှုထမ်းခွင့်ရရှိမှသာ ဟန်လင်းအရာရှိလို့ အတည်ပြု ခေါ်ဝေါ်နိုင်မှာ ဖြစ်တယ်။
ဟန်လင်းကျောင်းတော်ဆိုတာက လူတိုင်းက တောင့်တကြသလို တစ်ဖက်မှာလည်း အလွန်ကို အနေရခက်တဲ့ နေရာတစ်ခုပဲ ဖြစ်တယ်။ တကယ်လို့သာ ဒီနေရာမှာ အောင်မြင်အောင် ကြံ့ကြံ့ခံနိုင်ရင်တော့ ကောင်းကင်ဘုံကို တက်လှမ်းမယ့် လမ်းမကြီးဟာ ရှေ့မှောက်မှာ အလိုလို ပေါ်လာမှာ ဖြစ်ပေမဲ့၊ မူလကတည်းက ချမ်းသာကြွယ်ဝခြင်း မရှိတဲ့ သူတွေအတွက်တော့ တစ်နှစ်ပြီးတစ်နှစ် ဝါရင့်လာအောင် ဒီလို ဆင်းရဲပင်ပန်းမှုကို အောင့်အည်းသည်းခံနိုင်တဲ့သူဟာ အလွန်ကို ရှားပါးလှတယ်။
အဲဒီအချိန်ကျရင်တော့ ဂုဏ်သရေရှိလှတဲ့ ဟန်လင်းသခင်ကြီးတွေနဲ့ နှိုင်းယှဉ်ရင် ကျင်းရှီ (သို့မဟုတ်) ထုံကျင်းရှီဘွဲ့ရခဲ့ပေမဲ့ ဟန်လင်းကျောင်းတော်မှာ မနေခဲ့ရဘဲ နယ်ဘက်ကို အရာရှိအဖြစ် ဆင်းသွားကြတဲ့သူတွေရဲ့ဘဝဟာ သူတို့ထက် အများကြီး ပိုပြီးချောင်ချောင်လည်လည် ရှိနေပါလိမ့်မယ်။ သူတို့တွေဟာ ရာထူးအဆင့်ဆင့် တက်လှမ်းရင်း နှစ်အနည်းငယ် ကြာတဲ့အခါ ဒေသန္တရ အုပ်ချုပ်ရေးမှာ အရာရှိကြီးတွေ ဖြစ်လာနိုင်ပေမဲ့၊ နန်းတွင်းအမတ်ချုပ်အဖြစ် ဝင်ရောက်ချင်တယ်ဆိုရင်တော့ ဟန်လင်းအရာရှိ မဖြစ်ဘဲ မရနိုင်ပါဘူး။
ဒါဟာ ထူးဆန်းတဲ့ သံသရာစက်ဝန်း တစ်ခုလိုပါပဲ၊ လမ်းဖြတ်ကနေ သွားတဲ့သူတွေ ရှိနိုင်ပေမဲ့ အဲဒီလို လူမျိုးဟာလည်း အလွန်ကို နည်းပါးလှတယ်။
သူတို့နှစ်ယောက်ဟာ ခုတင်ပေါ်မှာ လဲလျောင်းရင်း အသံတိုးတိုးလေးနဲ့ စကားပြောနေကြပြီး၊ ခုတင်ရဲ့အထဲဘက်မှာတော့ ဟုန်အာလေးဟာ တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်မောကျနေပါတယ်။
ကျောက်အာက သမ်းဝေလိုက်ရင်း ပြောလိုက်တယ်။
"မြန်မြန်အိပ်ကြရအောင်၊ အချိန်လည်း မစောတော့ဘူး"
ရွှီထင်းရှန်းက သူမကို ပြန်မဖြေဘဲ စောင်ထဲက လက်ကတော့ မရောက်သင့်တဲ့ နေရာကို ရောက်သွားခဲ့တယ်။
"နင် ဘာလုပ်နေတာလဲ" သူမက သားဖြစ်သူ နိုးသွားမှာကို စိုးရိမ်တာကြောင့် အသံကို နှိမ့်ပြီး မေးလိုက်တယ်။
125 05
ရွှီထင်းရှန်းကတော့ ဘာမှပြန်မပြောဘဲ သူလုပ်စရာ ရှိတာကိုပဲ ဆက်လုပ်နေတယ်။
"မလုပ်ပါနဲ့၊ တစ်ယောက်ယောက် ကြားသွားရင် ဘယ်လိုလုပ်မလဲ။ ဟုန်အာကလည်း ဘေးနားမှာ ရှိနေတာကို"
"ငါတို့ တိတ်တိတ်လေး လုပ်ကြတာပေါ့"
ဒါပေမဲ့ ဒါက တကယ်ပဲ တိတ်တိတ်လေး ဖြစ်နိုင်ပါ့မလား။
"ငါတော့ ဂရုမစိုက်နိုင်ဘူး၊ ခရီးတစ်လျှောက်လုံးမှာ တစ်ကြိမ်ပဲ ရှိခဲ့တာ၊ အဲဒါတောင်မှ လမ်းတစ်ဝက်မှာတင် ရပ်လိုက်ရတာလေ။ မင်း လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ လုပ်ကိုလုပ်ရမယ်"
အဲဒီတော့လည်း မဖြစ်မနေ လုပ်လိုက်ရတော့တယ်။
******
126 01
အခန်း ၁၂၆ မြို့တော်၏ အိမ်ခြံမြေနှင့် မိခင်တို့၏ စေတနာ
နောက်တစ်နေ့ မိုးသောက်ချိန်မှာတော့ မောက်ပါ့သိုရဲ့မျက်နှာဟာ အတော်လေးကို ပုပ်သိုးနေပြီး၊ ချန်ကျန်းရဲ့ မျက်တောင်အောက်မှာတော့ မထင်မရှား အညိုအမည်းကွင်းတွေ ဖြစ်နေတယ်။ လီသာ့ထျန်ကတော့ သူ့ရဲ့ ဦးခေါင်းကို ကုတ်ရင်း တဟဲဟဲနဲ့ ရယ်မောနေတာကြောင့် မောက်ပါ့သိုမှာ သူ့ကို မျက်စောင်းတွေ အဆက်မပြတ် ထိုးနေရတော့တယ်။
ကျောက်အာမှာ နားမလည်နိုင်ဖြစ်နေပေမဲ့၊ ဘေးကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့ ရွှီထောက်အာဟာ လည်တိုင်မြင့်တဲ့ အပေါ်အင်္ကျီထူထူကို ဝတ်ဆင်ထားပြီး လှုပ်ရှားလိုက်တိုင်းမှာ အင်္ကျီကော်လာအောက်ကနေ နီမြန်းနေတဲ့ အမှတ်အသားလေးတွေက တစ်ချက်တစ်ချက် ပေါ်လာတာ မြင်တော့မှ၊ မောက်ပါ့သိုတို့ ဘာကြောင့် အဲဒီလို ဖြစ်နေကြသလဲဆိုတာကို ချက်ချင်း သဘောပေါက်သွားတော့တယ်။ သူမရဲ့ စိတ်ထဲမှာလည်း မနေ့က အခန်းရွေးချယ်တဲ့အခါမှာ ရွှီထင်းရှန်းက ဘာလို့ အစွန်ဆုံးက အကျဉ်းဆုံး အဆောင်ခန်းကို တမင်တကာ ရွေးချယ်ခဲ့သလဲဆိုတာကို တွေးမိပြီး ဝမ်းသာသွားမိတယ်။ ကြည့်ရတာ ဒီလူဟာ အိမ်အဆောက်အအုံက သေးငယ်တာကြောင့် အသံတစ်စုံတစ်ရာ ထွက်လာရင် ဖုံးကွယ်ဖို့ ခက်ခဲလိမ့်မယ်ဆိုတာကို ကြိုတင်တွက်ဆထားပုံ ရတယ်။
မနက်စာ စားပြီးတဲ့နောက်မှာတော့ လင်းမြောင်နဲ့ချန်ကျန်းတို့ဟာ ဟန်လင်းကျောင်းတော်ဆီကို ရုံးတက်လက်မှတ်ထိုးဖို့ ထွက်ခွာသွားကြတယ်။
ဒီဘက်မှာတော့ ကျောက်အာဟာ ဟုန်အာလေးကို ထမင်းကျွေးပြီး အခန်းတွေကို သန့်ရှင်းရေး လုပ်နေတုန်းမှာပဲ မောက်ပါ့သိုအမေ ဟုန်ရှီက အပြင်ထွက်ဖို့ ပြင်နေတယ်ဆိုတာ ကြားလိုက်ရတယ်။ မူလက ဒီတစ်ခေါက် မြို့တော်ကို လာရတာက မောက်ပါ့သိုရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ဖို့အပြင် လည်ပတ်ဖို့ ရည်ရွယ်ချက်လည်း ပါတာကြောင့် အားလုံးပဲ အတူတူ အပြင်ထွက်ခဲ့ကြတယ်။
အပြင်ရောက်တော့မှ သိလိုက်ရတာကတော့ ဟုန်ရှီ အခုလို အလောတကြီး အပြင်ထွက်ရတာဟာ သားဖြစ်သူအတွက် မြို့တော်မှာ အိမ်လေးတစ်လုံးလောက် ဝယ်ပေးချင်လို့ပါပဲ။ အကျယ်အဝန်းကို ပဓာနမထားဘဲ အခြေချ နေထိုင်စရာ နေရာတစ်ခုတော့ ရှိစေချင်တာ။ လင်းမိသားစုမှာ လင်းယန့်ရန် တစ်ဦးတည်းသော သမီးပဲ ရှိတာဖြစ်သလို၊ မောက်ပါ့သိုကလည်း လင်းမြောင်ရဲ့တပည့်ဖြစ်တာကြောင့် လက်ထပ်ပြီးရင် ယောက္ခမအိမ်နဲ့ အဝေးကြီးမှာ နေဖို့က မဖြစ်နိုင်ပါဘူး။ မောက်ပါ့သိုရဲ့ အနာဂတ်ကို ကြည့်ရင်တော့ ကျင်းရှီဘွဲ့ရဖို့က အနှေးနဲ့အမြန်တင်မို့ မြို့တော်မှာ အခြေချဖို့က အသေအချာပါပဲ၊ ဒါကြောင့် အိမ်ဝယ်ဖို့က အရေးတကြီး လိုအပ်နေတယ်။
ဒါ့အပြင် နောက်ကွယ်မှာ ရှိနေတဲ့ အဓိပ္ပာယ်ကိုလည်း ကျောက်အာက အကြမ်းဖျင်း ရိပ်မိနေပါတယ်။ ဒါပေမဲ့ မောက်မိသားစုနဲ့ လင်းမိသားစုရဲ့ ဆက်ဆံရေးကို ထိခိုက်မှာ စိုးတာကြောင့် သူမကတော့ ပွင့်ပွင့်လင်းလင်း မမေးရဲပါဘူး။
မောက်ပါ့သိုဟာ မြို့တော်မှာ နေထိုင်တာ ကြာပြီဖြစ်လို့ လမ်းအခြေအနေတွေကိုလည်း ကောင်းကောင်း သိနားလည်ထားတယ်။ မြို့တော်ကို အတွင်းမြို့ရိုးနဲ့ အပြင်မြို့ရိုးဆိုပြီး ခွဲခြားထားပြီး၊ အပြင်မြို့ရိုး မှာတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက်နဲ့ အလယ်ဆိုပြီး ငါးပိုင်း ခွဲထားပါတယ်။ လင်းမိသားစု နေထိုင်တဲ့ ရှန့်ထန်ကျစ် လမ်းကြားဟာ အရှေ့ဘက်မြို့ခြမ်းမှာ ရှိပြီး မီရှီခို ဈေးနဲ့လည်း သိပ်မဝေးဘူး။
အတွင်းမြို့ရိုးထဲမှာတော့ ဌာနဆိုင်ရာရုံးတွေအပြင် တော်ဝင်ဆွေမျိုးနွယ်တွေနဲ့ အရာရှိကြီးတွေ နေထိုင်ကြတယ်။ မြို့လယ်ခေါင်မှာတော့ ဧကရာဇ်မင်းမြတ် စံမြန်းရာ နန်းမြို့တော်ဖြစ်တဲ့ ခရမ်းရောင်တားမြစ်နန်းတော်တည်ရှိနေတာ ဖြစ်ပါတယ်။
126 02
ဟုန်ရှီက အိမ်ဝယ်ချင်တယ်လို့ ပြောလာတဲ့အခါ မောက်ပါ့သိုမှာ ဘာမှမတတ်နိုင်ဘဲ သူမကို အိမ်ခြံမြေ အကျိုးဆောင်ရုံးဆီကို ခေါ်သွားရတော့တယ်။
သူတို့တွေ အကျိုးဆောင်ရုံးကို ရောက်တဲ့အခါမှာတော့ မြို့တော်က အကျိုးဆောင်တွေဟာ ဟူယန်းဒေသလို တောနယ်ကလူတွေနဲ့ လုံးဝ မတူတာကို တွေ့လိုက်ရတယ်။ အစေခံဝယ်တာတင်မကဘဲ မြေယာ၊ အိမ်ရာ အရောင်းအဝယ်နဲ့ ကုန်ပစ္စည်းမျိုးစုံအတွက် ကြားခံဆောင်ရွက်ပေးတာတွေက အလွန်ကို ကျယ်ပြန့်လွန်းလှတာကြောင့် လူတိုင်းဟာ အံ့သြမှင်သက်သွားကြရတယ်။
အိမ်ဝယ်တဲ့ကိစ္စမျိုးဟာ အကျိုးဆောင်ရုံးအတွက်တော့ အလွန်သေးငယ်တဲ့ စီးပွားရေးမို့လို့၊ ရုံးတော်ကနေ သိပ်ပြီးထူးထူးခြားခြား မရှိလှတဲ့ အကျိုးဆောင်တစ်ယောက်ကို လွှတ်ပြီး ဟုန်ရှီတို့ကို ဧည့်ခံခိုင်းလိုက်တယ်။
ဒီပွဲစားဟာ ရုပ်ရည်အားဖြင့်တော့ သိပ်ပြီး မခန့်ညားလှပါဘူး၊ ကိုယ်လုံးကိုယ်ပေါက် သေးငယ်ပိန်လှီပြီး အသားညိုညိုနဲ့ သွားတွေကလည်း အဝါရောင် သမ်းနေတယ်။ ဒါပေမဲ့ သူက စကားပြော အလွန်ကောင်းပြီး မြို့တော်ထဲက အိမ်ခြံမြေ အခြေအနေတွေကိုလည်း လက်ဖျားခါလောက်အောင် သိနားလည်ထားသူ ဖြစ်တယ်။ အထူးသဖြင့် အိမ်ရာကိစ္စတွေပေါ့။ ဟုန်ရှီတို့ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး တောသားတွေလို့ အထင်မသေးဘဲ၊ အရင်ဆုံး ဘယ်လိုအိမ်မျိုး လိုချင်သလဲဆိုတာကို သေသေချာချာ မေးမြန်းပြီးမှ နေရာအချို့ကို အကြံပြုတော့တယ်။
ကျောက်အာတို့ အဖွဲ့ဟာလည်း ပွဲစားရဲ့ ရှင်းပြချက်တွေကို နားထောင်ပြီးမှ မြို့တော်က အိမ်တွေဟာ ဒီလောက်အထိ ဈေးကြီးလိမ့်မယ်လို့ အခုမှ သိလိုက်ရတယ်။ ဟူယန်းဒေသမှာဆိုရင်၊ ရှရှားမြို့နယ်မှာတောင်မှ လမ်းဘေးက ဆိုင်ခန်းတစ်ခုဟာ ရှေ့နောက်ဝင်းနဲ့ဆိုရင် ငွေစင် ၂၀၀ သားလောက်ပဲ ရှိတာ၊ ဒါပေမဲ့ မြို့တော်မှာတော့ သာမန်အိမ်လေး တစ်လုံးကိုတင် ငွေစင် ၂၀၀ ကျော် ပေးနေရတယ်။
ဒါဟာ မောက်ဇနီးမောင်နှံ ခန့်မှန်းထားတာထက် အများကြီး ပိုနေတယ်။ ဒါပေမဲ့လည်း ဟုန်ရှီကတော့ အံကြိတ်ပြီး သွားကြည့်မယ်လို့ပဲ ဆုံးဖြတ်လိုက်တယ်။
အကျိုးဆောင်ရုံးရဲ့ ဝန်ဆောင်မှုကလည်း အတော်လေး ကောင်းမွန်လှတယ်။ အိမ်ဝယ်မယ့်သူတွေ သွားကြည့်နိုင်ဖို့အတွက် လှည်းနှစ်စီးကို သီးသန့်ငှားပြီး လိုက်ပို့ပေးတယ်။
နေရာအတော်များများကို လိုက်ကြည့်ခဲ့ပေမဲ့ အိမ်တွေက ဟောင်းနွမ်းစုတ်ပြတ်နေတာ များတယ်။ အိမ်က ကောင်းရင်လည်း လင်းမိသားစုနဲ့ အရမ်းဝေးနေတာမျိုး၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က မငြိမ်မသက် ဖြစ်နေတာမျိုးတွေကြောင့် ဟုန်ရှီကတော့ တစ်ခုမှ သဘောမကျဘဲ ငြင်းပယ်နေခဲ့တယ်။
လမ်းခရီးမှာ မောက်ပါ့သိုက သူ့အမေကို လက်လျှော့ဖို့ အကြိမ်ကြိမ် နားချပေမဲ့၊ ဟုန်ရှီကတော့ အလွန်ကို တင်းခံနေတယ်။ သူမက သားဖြစ်သူကိုတောင်မှ ဆူပူကြိမ်းမောင်းတော့တယ်။
"ငါ မင်းကို ဒီလောက်နှစ်တွေအထိ အလကား ကျွေးမွေးခဲ့တာလား၊ အခုတော့ သူတစ်ပါးအိမ်မှာ သားသမက်အဖြစ် ကပ်နေချင်နေတာလား"
ဒါကတော့ ကျောက်အာ အစောကတည်းက ရိပ်မိနေတဲ့ အချက်ပါပဲ။ လင်းမိသားစုဘက်က မောက်ပါ့သိုကို အိမ်ဝင်သားသမက် လုပ်ဖို့ မပြောခဲ့ပေမဲ့၊ တကယ်လို့ မင်္ဂလာဆောင်တာရော၊ နေထိုင်တာရောက လင်းအိမ်မှာပဲ ဆိုရင်တော့ ဒါဟာ အိမ်ဝင်သားသမက်နဲ့ ဘာမှမထူးတော့ဘူး မဟုတ်လား။
အမေဖြစ်သူက သားကို ဆုံးမနေတာကြောင့် မောက်အဖေနဲ့ မောက်ရူယွိတို့ ဇနီးမောင်နှံက ဝိုင်းပြီး ဖြန်ဖြေပေးနေကြတယ်။ ဒီဘက်မှာတော့ ကျောက်အာနဲ့ ရွှီထင်းရှန်းတို့မှာ အလွန်ကို အနေရခက်နေသလို၊ လီသာ့ထျန်တို့ ဇနီးမောင်နှံလည်း ဝင်ပြောရမလို၊ မပြောရမလိုနဲ့ အခက်တွေ့နေကြတော့တယ်။
126 03
နောက်ဆုံးမှာတော့ ရွှီထင်းရှန်းက ပွဲစားရဲ့အနားကိုသွားပြီး စကားအချို့ ပြောလိုက်တော့မှ၊ ပွဲစားက တစ်ခုခုကို သတိရသွားသလိုမျိုး "အရှေ့တင်း လမ်းကြားနဲ့ ကျန်အာ လမ်းကြားမှာ နောက်ထပ် နှစ်နေရာ ရှိသေးတယ်၊ အဲဒီကို အရင်သွားကြည့်ကြရအောင်" လို့ ပြောပြီးမှ ဟုန်ရှီရဲ့ဆူပူသံတွေ ရပ်သွားပြီး အခြေအနေက ပြန်ပြီး တည်ငြိမ်သွားတော့တယ်။
မောက်ဇနီးမောင်နှံက လှည်းပေါ် အရင်တက်သွားကြပြီး၊ အနောက်က လိုက်လာတဲ့ မောက်ပါ့သိုမှာတော့ မျက်နှာငယ်လေးနဲ့ ဖြစ်နေရှာတယ်။ မင်္ဂလာမဆောင်ခင်မှာတော့ ဒီလို လက်တွေ့ကျတဲ့ ပြဿနာတွေကို သူ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး၊ အခုမှပဲ ငွေတစ်ပြားက သူရဲကောင်းကို ဒူးထောက်စေတယ် ဆိုတဲ့ စကားကို သူ ကိုယ်တိုင် နားလည်သွားတော့တယ်။
ကျောက်အာလည်း ရင်ထဲမှာ သက်ပြင်းချမိတယ်။ ဟုန်ရှီ ဘာလို့ ဒီလောက်အထိ ဒေါသထွက်နေရသလဲဆိုတာကို သူမ နားလည်တာပေါ့။ မောက်မိသားစုရဲ့ အခြေအနေက လင်းမိသားစုလောက် မပြည့်စုံတာရယ်၊ အိမ်ဝယ်ဖို့ ငွေမလောက်မှာ စိုးရိမ်တာရယ်ကြောင့် သားဖြစ်သူကို တခြားသူတွေ အထင်သေးမှာကို သူမက အရမ်းကြောက်နေတာ။ ဒါတွေအားလုံးဟာ မိဘတွေရဲ့မေတ္တာတရားကြောင့်ပါပဲ။
မကြာခင်မှာပဲ သူတို့အဖွဲ့ဟာ ကျန်အာ လမ်းကြားကို ရောက်ရှိလာတယ်။
ဒီနေရာဟာ လင်းမိသားစုရှိတဲ့ လမ်းကြားနဲ့ သိပ်မဝေးပါဘူး၊ လမ်းလျှောက်ရင် လက်ဖက်ရည် တစ်ခွက်စာ အချိန်လောက်ပဲ ကြာတယ်။ မီရှီခို ဈေးနဲ့လည်း နီးကပ်ပေမဲ့ ပတ်ဝန်းကျင်ကတော့ အလွန်ကို တိတ်ဆိတ်အေးချမ်းလှတယ်။ အိမ်လေးတွေကလည်း တစ်ခုနဲ့တစ်ခု စီတန်းနေပြီး အိမ်တံခါးတွေက သိပ်မကြီးပေမဲ့ လင်းအိမ်လိုပဲ အိမ်တွင်းဝင်း တစ်ခုခွဲလောက် ရှိပါတယ်။ စာကလေး သေးပေမဲ့ ကလီစာစုံတယ် ဆိုသလို အရာအားလုံးက ပြည့်စုံနေတယ်။
ဟုန်ရှီကတော့ မြင်မြင်ချင်းပဲ အလွန်သဘောကျသွားတယ်။ လင်းအိမ်နဲ့ နီးတာကြောင့် ယောက္ခမတွေ သမီးကို လွမ်းတဲ့ဒုက္ခကိုလည်း ဖြေဖျောက်ပေးနိုင်သလို၊ ဆက်ဆံရေးကလည်း မစိမ်းကားတော့ဘူးလေ။ နောင်ကျရင် မောက်ပါ့သိုအတွက် ယောက္ခမအိမ် သွားဖို့လည်း အလွန်အဆင်ပြေပါတယ်။ နေ့ဘက်မှာ လင်းအိမ်မှာ သွားနေပြီး ညဘက်မှ ဒီအိမ်ကို ပြန်လာအိပ်လို့ ရတယ်လေ။
ခက်တာက ဈေးနှုန်းပါပဲ၊ ဒီအိမ်က ငွေစင် ၄၀၀ သားနီးပါးလောက် ပေးရမှာ ဖြစ်တယ်။
ဟုန်ရှီဟာ ဒါကို ကြားလိုက်ရတာနဲ့ မျက်မှောင်ကြုတ်သွားတော့တယ်။ သူတို့တွေ ဒီတစ်ခေါက် လာတာဟာ အိမ်မှာရှိသမျှ စုဆောင်းထားတာတွေကို အကုန်ယူလာခဲ့ကြတာ ဖြစ်တယ်။ သားဖြစ်သူအတွက် အိမ်ဝယ်ပေးဖို့နဲ့ ကျန်တဲ့ငွေနဲ့ မင်္ဂလာဆောင်ဖို့ ရည်ရွယ်ထားတာလေ။
သံယောဇဉ်က သံယောဇဉ်၊ ထုံးတမ်းက ထုံးတမ်းပါပဲ၊ ယောကျာ်းလေးဘက်က ထုတ်ရမယ့်ငွေကို ဟုန်ရှီက တစ်ပြားမှ မလျော့ချင်ပါဘူး။ ဒါပေမဲ့ ဒီအိမ်ကိုသာ ဝယ်လိုက်ရင် လက်ထဲမှာ ငွေက သိပ်မကျန်တော့တာကြောင့် မင်္ဂလာဆောင်တဲ့အခါ တင်တောင်းငွေ ပေးဖို့တောင် ခက်ခဲသွားနိုင်တယ်။
126 04
"အမေကြီးရယ်... ဒီအိမ်က ဈေးကြီးတယ်လို့တော့ မထင်လိုက်ပါနဲ့။ ဒီနေရာက ဆူညံတဲ့ မြို့လယ်ခေါင်မှာ တိတ်ဆိတ်မှုကို ရနိုင်တဲ့နေရာမျိုးပါ၊ ဘယ်သွားသွားလည်း အလွန်ကို အဆင်ပြေတယ်။ ဒီဘက်က ထွက်လိုက်ရင် ဟွားအာ ဈေးလမ်းကို ရောက်မယ်၊ ရှေ့ဆက်သွားရင် ချုံဝန် တံခါးကြီး ရှိသလို ပြည်တွင်းမြို့ရိုးနဲ့လည်း အလွန်နီးပါတယ်။ ကျွန်တော် ကြည့်ရသလောက်တော့ အမေကြီးရဲ့သားလေးဟာ ဂုဏ်ထူးဆောင်ဘွဲ့ ရှိတဲ့သူဆိုတော့ နောင်ကျရင် ကျင်းရှီဘွဲ့ရပြီး အရာရှိကြီး ဖြစ်လာမှာ အသေအချာပါပဲ။ အဲဒီအချိန်ကျရင် ဒီနေရာရဲ့ အကျိုးကျေးဇူးကို သိလာပါလိမ့်မယ်။ ရုံးတော်ကို သွားပြီး အလုပ်လုပ်ရတဲ့အခါ ဘယ်လောက်အထိ နီးကပ်ပြီး အဆင်ပြေမလဲဆိုတာ ကျွန်တော် အထူးတလည် ရှင်းပြနေစရာတောင် မလိုပါဘူး၊ အမေကြီးစိတ်ထဲမှာတင် သိနေမှာပါ" ပွဲစားက ချိုချိုသာသာနဲ့ ဖျားယောင်းလိုက်တယ်။
ဒီပွဲစားကတော့ တကယ့်ကို စကားပြောတတ်လွန်းပါတယ်။ ကျင်းရှီဘွဲ့ရပြီး အရာရှိကြီး ဖြစ်လာမယ် ဆိုတဲ့ စကားတစ်ခွန်းတည်းနဲ့တင် ဟုန်ရှီရဲ့ရင်ထဲမှာ အေးမြသွားစေတယ်။ အိမ်ကိုလည်း အလွန် သဘောကျနေပေမဲ့၊ စိတ်ထဲမှာ သဘောကျသလောက် လက်ထဲက ငွေကတော့ သဘောမတူနိုင် ဖြစ်နေရပါတော့တယ်။
အိမ်ခြံမြေပွဲစားက ဆက်လက်ပြီးတော့ ပြောလိုက်တယ်။ "တကယ်တော့ ဒီတစ်ခေါက်က တကယ့်ကို တိုက်ဆိုင်သွားတာပါ။ မူလအိမ်ရှင်က ငွေအရေးတကြီး လိုနေလို့သာ ဘေးချင်းကပ်လျက် ရှိနေတဲ့ ဒီအိမ်နှစ်လုံးစလုံးကို တစ်ခါတည်း ရောင်းချလိုက်တာ။ အဲဒီလိုသာ မဟုတ်ရင်တော့ ဒီနေရာမျိုးမှာ အိမ်ဝယ်ဖို့ဆိုတာ မျက်စိကျွတ်မတတ် စောင့်နေရင်တောင်မှ အလှည့်ရောက်ဖို့ မလွယ်ပါဘူး"
မောက်မိသားစုဟာ ကုန်စုံဆိုင် ဖွင့်ထားတဲ့သူတွေဖြစ်လို့ ဒီလိုမျိုး အရောင်းအဝယ် စကားတွေကိုတော့ ဟုန်ရှီက အလွယ်တကူ အယုံအကြည် မရှိပါဘူး။ သူမက နှုတ်ခမ်းကို တစ်ချက်တွန့်လိုက်ပြီး ဆိုလိုက်တယ်။
"ရှင့်စကားအတိုင်းဆိုရင်တော့ ဒီအိမ်က တကယ့်ကို အဖိုးတန် ရတနာတစ်ခုလို ဖြစ်နေပြီပေါ့"
"ဒါပေါ့ဗျာ" ပွဲစားက သူ့ရဲ့ ပေါင်ကို တစ်ချက်ပုတ်လိုက်ပြီး အားတက်သရောနဲ့ ဆက်ပြောတော့တယ်။ "ဒီအိမ်တွေက ကျွန်တော်တို့ အကျိုးဆောင်ရုံးလက်ထဲကို ရောက်လာရင်တော့ ထုံးစံအတိုင်း အနည်းငယ် ပြုပြင်မွမ်းမံပြီးမှ ပြန်ရောင်းရတာပါ။ အခုက ဆိုင်းဘုတ်တောင် မတင်ရသေးပါဘူး။ ကျွန်တော့်ကို ယုံလိုက်ပါ... ဒီနေ့သာ ဆိုင်းဘုတ်တင်လိုက်ရင် မနက်ဖြန်ဆိုတာနဲ့ အိမ်က ရောင်းထွက်သွားမှာ အသေအချာပဲ"
"ရှင်ပြောသလောက်အထိ တကယ်ပဲ ရှားပါးနေလို့လား" ဟုန်ရှီက အဲဒီလို မေးလိုက်ပေမဲ့ သူမရဲ့မျက်လုံးတွေကတော့ သားဖြစ်သူဆီကို ရောက်သွားတယ်။
မောက်ပါ့သို က ခေါင်းညိတ်ပြပြီး အသံတိုးတိုးလေးနဲ့ ရှင်းပြတယ်။
"အစတုန်းက ဆရာအဲဒီအိမ်ကို ဝယ်တုန်းကလည်း ကံကောင်းလို့သာ ဒီလို တိုးခဲ့တာ။ မဟုတ်ရင် ကျွန်တော်တို့ အခုဆိုရင် ဒီပတ်ဝန်းကျင်မှာ နေနိုင်မှာ မဟုတ်ဘဲ ပိုပြီး လူသူဝေးတဲ့ နေရာတွေမှာပဲ နေကြရမှာ။ ဆရာက အေးအေးဆေးဆေး နေတတ်သူမို့လို့ ဒီအိမ်ကို ဝယ်လိုက်တာ။ လင်းအိမ်နဲ့ နီးတာကြောင့်လည်း ပါသလို၊ နေ့တိုင်း ဟန်လင်းကျောင်းတော်ကို သွားပြီး ရုံးတက်လက်မှတ်ထိုးရတဲ့အခါ သန်းခေါင်ယံကတည်းက ထသွားရတဲ့ ဒုက္ခကနေ ကင်းဝေးအောင်လို့ပါ"
နန်းတွင်းဥပဒေမှာ သတ်မှတ်ထားတာကတော့ အရာရှိကြီးငယ် အားလုံးဟာ အကြောင်းပြချက် မရှိဘဲ နန်းတွင်းညီလာခံကို ပျက်ကွက်တာဖြစ်စေ၊ ရုံးတော်မှာ အလုပ်တာဝန် မထမ်းဆောင်တာဖြစ်စေ ပြုလုပ်ခဲ့ရင် သတ်မှတ်ထားတဲ့ အပြစ်ဒဏ်တွေကို ခံစားရမှာ ဖြစ်တယ်။ အဲဒီလို ရုံးတက်ရမယ့် အချိန်ကတော့ မောက်အချိန် ဖြစ်ပါတယ်။
ဆိုလိုတာကတော့ မိုးမလင်းခင် အချိန်ကတည်းက သတ်မှတ်ထားတဲ့ နေရာကို ရောက်ရှိနေရမှာပါ။
126 05
ဒါပေမဲ့ မြို့တော်ကြီးက အလွန်ကို ကျယ်ပြန့်လွန်းလှတယ်။ အတွင်းမြို့ရိုးထဲမှာ နေထိုင်ခွင့်ရတဲ့ အရာရှိကြီးတွေကလွဲရင် အောက်ခြေအရာရှိ အတော်များများကတော့ အပြင်မြို့ရိုးတွေမှာပဲ ပျံ့နှံ့နေထိုင်ကြရတာ။ သူတို့တွေဟာ နေ့စဉ် ရုံးတက်ရတဲ့ ဒုက္ခကို လျှော့ချနိုင်ဖို့အတွက် ရုံးတော်နဲ့ တတ်နိုင်သမျှ အနီးဆုံးနေရာမှာပဲ နေထိုင်ချင်ကြပါတယ်။ ဒါမှသာ သွားလာရတဲ့ အချိန်တွေကို သက်သာစေမှာ မဟုတ်လား။
တစ်ရက်၊ နှစ်ရက်လောက် စောစောထရတာကတော့ သည်းခံနိုင်ပေမဲ့ နှစ်နဲ့ချီပြီး ဒီလိုမျိုး သွားလာနေရမယ်ဆိုရင်တော့ ဘယ်သူမှ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
ဒီအိမ်က ကြည့်လိုက်ရင် သိပ်မကြီးပေမဲ့ ဒီနေရာမှာတင် ငွေစင် ၃၀၀ ကျော် ပေးရတာပါ။ တကယ်လို့သာ ချုံဝန်တံခါးကြီးရဲ့ အတွင်းဘက်ကို ရောက်သွားရင်တော့ အနားသတ်လေးမှာတင် ဈေးနှုန်းက အခုထက် နှစ်ဆမက တက်သွားမှာဖြစ်သလို ဝယ်မယ့်သူတွေကလည်း အလုအယက် ရှိနေမှာ ဖြစ်တယ်။
သားဖြစ်သူက အမေကို လိမ်ပြောမှာ မဟုတ်တာကြောင့် ဟုန်ရှီလည်း ဒီအိမ်ဟာ တကယ့်ကို ရှားပါးလှတဲ့ အခွင့်အရေးမှန်း သိသွားတော့တယ်။ အဲဒီနောက်မှာတော့ သူမဟာ ပွဲစားနဲ့အတူ ဈေးနှုန်းကို အကျေအလည် ညှိနှိုင်းတော့တယ်။
မောက်ရူယွိကလည်း သူမရဲ့ခင်ပွန်းကို ခေါ်ပြီး တစ်ဖက်မှာ တိတ်တဆိတ် တိုင်ပင်နေကြတယ်။ ခဏအကြာမှာတော့ ဇနီးမောင်နှံ နှစ်ယောက်လုံး လျှောက်လာပြီး ပြောလိုက်တော့တယ်။
"အမေ... သဘောကျတယ်ဆိုရင်လည်း ဝယ်လိုက်ပါတော့။ ငွေမလောက်ရင် ကျွန်မနဲ့အစ်ကိုချန်တို့က ထပ်ပြီး ဖြည့်ပေးပါ့မယ်"
"အဲဒီလို ဘယ်ဖြစ်မလဲ။ မောင်လေးက မိန်းမယူတာကို အိမ်ထောင်ကျပြီးသား အစ်မဖြစ်သူဆီကနေ ငွေတောင်းခံရတယ်ဆိုတာမျိုး မရှိသင့်ဘူးလေ" ဟုန်ရှီက ပြန်ပြောတယ်။ ယေဘုယျအားဖြင့်တော့ ဟုန်ရှီဟာ အလွန်ကို အကျိုးအကြောင်း သိတတ်တဲ့သူ တစ်ယောက်ပါ။
ကျိုးချန်ကလည်း ဝင်ပြောပါတယ်။
"ဒါက ဘာမှမဖြစ်ပါဘူး အမေရယ်။ ရူယွိမှာလည်း ပါ့သိုဆိုတဲ့ မောင်လေး တစ်ယောက်တည်း ရှိတာပါ။ ကျွန်တော်လည်း ပါ့သိုကို ညီအရင်းတစ်ယောက်လိုပဲ သဘောထားပါတယ်"
မောက်ရူယွိကလည်း ဘေးကနေ ခေါင်းညိတ် ထောက်ခံနေတယ်။
ဟုန်ရှီဟာ သမီးနဲ့ သာသမက်တို့ရဲ့ ပံ့ပိုးမှုကို ရရှိသွားသလို၊ ပွဲစားကလည်း ဈေးလျှော့ပေးမယ့်ပုံ မပေါ်တာကြောင့် နောက်ဆုံးမှာတော့ အံကြိတ်ပြီး ဆုံးဖြတ်လိုက်တော့တယ်။
"ကဲ... အဲဒါဆိုရင်လည်း ငါတို့ ဝယ်လိုက်မယ်"
ပွဲစားရဲ့မျက်နှာက ချက်ချင်းပဲ အပြုံးတွေ ပွင့်လန်းသွားပြီး "စိတ်ချပါ အမေကြီးရယ်။ ဒီအိမ်ကို ဝယ်လိုက်တာဟာ ဘယ်လိုမှ မရှုံးစေရပါဘူး။ နောက်တစ်ချိန်မှာ မနေချင်တော့လို့ ပြန်ရောင်းမယ်ဆိုရင်တောင် ကျွန်တော့်ဆီကိုပဲ လာခဲ့ပါ၊ နှစ်ရက်အတွင်းမှာတင် လက်လွှဲပေးနိုင်အောင် လုပ်ပေးပါ့မယ်"
126 06
အဲဒီအချိန်မှာ ကျောက်အာက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး မေးမြန်းလိုက်တယ်။
"အစ်ကိုကြီး... စောစောက ပြောတော့ အိမ်က နှစ်လုံးဆို၊ ကျန်တဲ့ တစ်လုံးကော ရောင်းပြီးပြီလား"
ပွဲစားက ခဏလောက် ကြောင်သွားပြီးမှ ခေါင်းခါပြီး ဆေးသုတ်လက်စ နေရာတွေကို ကျောက်အာကို ပြလိုက်တယ်။ "မရောင်းရသေးပါဘူး။ စောစောက ပြောတဲ့ စကားတွေက တကယ်ပါ၊ ဒီအိမ်နှစ်လုံးစလုံးကို အခု ပြုပြင်နေတာဖြစ်ပြီး မနက်ဖြန် ဒါမှမဟုတ် သဘက်ခါကျရင်တော့ ဆိုင်းဘုတ်တင်ပြီး ရောင်းတော့မှာပါ။ ကြည့်ပါဦး... ဒီနေရာလေးတွေကို ဆေးပြန်သုတ်နေတာ၊ ဝယ်မယ့်သူ အမြင်မှာ စိတ်ချမ်းသာအောင်လို့ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါက အိမ်ဟောင်းဆိုတော့လေ"
ကျောက်အာက ခေါင်းညိတ်လိုက်ပြီး ဆိုတယ်။
"ကောင်းပြီလေ... အဲဒီဘေးက အိမ်ကိုလည်း ကျွန်မကို လိုက်ပြပေးပါ။ တကယ်လို့ ဒီအိမ်နဲ့ အခြေအနေ တူတယ်ဆိုရင် အဲဒီတစ်လုံးကိုလည်း ကျွန်မ ဝယ်လိုက်မယ်"
"မင်းက အိမ်ဝယ်မလို့လား" ပွဲစားကတော့ ဒီလူတွေက အိမ်နှစ်လုံးကို တစ်ခါတည်း ဝယ်လိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ပါဘူး။ မောက်မိသားစုလို လူမျိုးတွေကို သူ အများကြီး တွေ့ဖူးပါတယ်။ မိသားစုထဲက သားသမီးတွေက ထူးချွန်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ရကာ မြို့တော်ကို ရောက်လာကြတဲ့အခါ အိမ်တစ်လုံးဝယ်ဖို့အတွက် ရှိသမျှ ပစ္စည်းတွေကို အကုန်ထုတ်ရောင်းပြီး ဝယ်ကြရတာလေ။
ဒါပေမဲ့ သူကတော့ ဒီလိုလူမျိုးတွေကို အထင်မသေးပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အချိန်မှာ သူတို့တွေ ကြီးပွားတိုးတက်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်လို့ပါပဲ။ ဒါကြောင့်လည်း သူက အစကတည်းက ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခဲ့တာ ဖြစ်တယ်။
"ကျောက်အာ"
ရွှီထင်းရှန်းက လှမ်းခေါ်လိုက်တော့ ကျောက်အာက သူ့ဘက်ကို လှည့်ပြီး ရှင်းပြပါတယ်။
"ဝယ်ထားလိုက်တာ ဘာမှမရှုံးပါဘူး၊ နောင်တစ်ချိန်မှာ အသုံးဝင်လာမှာပါ။ ကြိုတင်ပြင်ဆင်ထားတာပေါ့။ အခုချက်ချင်း မနေဖြစ်ရင်တောင်မှ တခြားသူကို ငှားထားလို့ ရတာပဲ၊ အဆင်သင့် ရှိနေတာက ဘာမှမရှိတာထက် ပိုကောင်းတယ် မဟုတ်လား"
ရွှီထင်းရှန်းကတော့ အံ့သြတကြီးနဲ့ ပြုံးလိုက်မိတယ်။ ကျောက်အာဟာ လင်းမိသားစုနဲ့ မောက်မိသားစုတို့ရဲ့ အခြေအနေကို ကြည့်ပြီး သူတို့အတွက်လည်း ကြိုတင်ပြင်ဆင်ချင်နေတာမှန်း သူ သိလိုက်တယ်။ သူမဟာ သူ့ရဲ့ အနာဂတ်အတွက် အရာရာကို ကြိုတင်တွက်ဆပေးနေတာကို တွေးမိတော့ ရွှီထင်းရှန်းရဲ့ရင်ထဲမှာ နွေးထွေးသွားခဲ့တယ်။ ကျောက်အာကတော့ အမြဲတမ်း ဒီလိုပါပဲ၊ အသေးအဖွဲကအစ အရာရာကို ရှေ့ကနေ ကြိုတင်စဉ်းစားပေးတတ်သူပါ၊ အထူးသဖြင့် သူနဲ့ ပတ်သက်လာရင်ပေါ့။
"မင်း ဝယ်ချင်တယ်ဆိုရင်လည်း ဝယ်လိုက်ပါ"
သူက ရှေ့ကို တစ်လှမ်းတိုးပြီး ကျောက်အာရဲ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်ပါတယ်။
သူဟာ မြို့တော်ကို အခုမှ ပထမဆုံး ရောက်ဖူးတာ ဖြစ်ပေမဲ့၊ အိပ်မက်ထဲမှာတော့ ဒါဟာ ပထမဆုံး မဟုတ်ပါဘူး။ ဒီပွဲစားကတော့ သိပ်ပြီး လိမ်ပြောနေတာ မဟုတ်ဘဲ ဈေးနှုန်းကိုလည်း အသင့်အတင့်ပဲ ပြောနေတာပါ။ ရွှီထင်းရှန်းက ပိုပြီးတော့တောင် သိပါသေးတယ်၊ မြို့တော်က အိမ်တွေ ဘာလို့ ဒီလောက် ဈေးကြီးသလဲဆိုတာက လိုအပ်ချက် များပြားလွန်းတာကြောင့်တင် မဟုတ်ဘဲ၊ အကျိုးဆောင်ရုံးတွေက ဈေးကွက်ထဲက အိမ်တွေကို လက်ဝါးကြီးအုပ်ထားပြီး ဈေးတင်ရောင်းနေကြလို့ပါပဲ။
ဒါပေမဲ့ ဒီနေရာက ဧကရာဇ်မင်းမြတ်ရဲ့ခြေရင်းမှာမို့လို့ သူတို့တွေလည်း အရမ်းကြီးတော့ မရဲဝံ့ကြပါဘူး။ လောကရဲ့သဘာဝက ဒီလိုပဲဖြစ်နေတာဆိုတော့၊ ဒီဈေးနဲ့ ဝယ်လိုက်တာဟာလည်း ရှုံးမသွားနိုင်ပါဘူး။
126 07
ပွဲစားက ကျောက်အာတို့ အဖွဲ့ကို ဘေးကအိမ်ဆီ ခေါ်သွားတယ်။ အိမ်ကတော့ ဟိုဘက်အိမ်နဲ့တစ်ပုံစံတည်းပါပဲ၊ ဒါပေမဲ့ အိမ်ရဲ့အစွန်ဘက်မှာ ဖြစ်နေတာကြောင့် လက်ဝါးစောင်းစာလောက်ရှိတဲ့ ဥယျာဉ်လေး တစ်ခု ပိုပါနေပါတယ်။
အဲဒီနေရာလေးမှာ ပန်းပင်လေးတွေ စိုက်ထားသလို ကျောက်စားပွဲ တစ်လုံးလည်း ရှိပါတယ်။ ကြည့်လိုက်ရင်တော့ ကျဉ်းမြောင်းပေမဲ့ ကျေးလက်ဒေသနဲ့တော့ နှိုင်းယှဉ်လို့ မရပါဘူး။ ဒါပေမဲ့ ဒီရက်ပိုင်း တွေ့ခဲ့ရတဲ့ မြို့တော်က အိမ်တွေက အလွန်ကျဉ်းမြောင်းတာကြောင့်၊ အခုလို နေရာလေး ပါဝင်နေတာကတင် အလွန်ကို ယဉ်ကျေးသိမ်မွေ့တဲ့ ရသတစ်ခုကို ပေးစွမ်းနေပါတယ်။
အထူးသဖြင့် နေရောင်ခြည်က အလွန်ကောင်းမွန်လှပြီး၊ သူတို့တွေ ကြည့်နေတဲ့ အချိန်မှာတင် နေရောင်က အဲဒီနေရာကို ဖြတ်ကျနေတာကြောင့် တစ်လောကလုံး လင်းထိန်နေပြီး ကြည့်လိုက်တာနဲ့ စိတ်ထဲမှာ ကျေနပ်စရာ ကောင်းနေပါတယ်။
ကျောက်အာက အိမ်ကို တစ်ပတ်ပတ်ပြီး ကြည့်သလို၊ အပြင်ဘက်ကိုလည်း ထွက်ပြီး အခြေအနေတွေကို စုံစမ်းတယ်။ တခြားသူတွေကတော့ သူမ ဘာလုပ်နေသလဲဆိုတာ မသိတာကြောင့် စောင့်နေကြရတယ်။
မကြာခင်မှာပဲ သူမက အိမ်ထဲကို ပြန်ဝင်လာပြီး မျက်နှာမှာ အပြုံးတွေနဲ့ ပြောလိုက်တယ်။
"ကောင်းပြီလေ... ဒီအိမ်ကိုပဲ ဝယ်လိုက်မယ်"
အဲဒီဥယျာဉ်လေး တစ်ခု ပိုပါတာကြောင့် ဒီအိမ်က ဟိုဘက်အိမ်ထက် ငွေစင် ၅၀ သားပိုပြီး ဈေးကြီးပါတယ်။ ဒါပေမဲ့ ကျောက်အာကတော့ လက်မနှေးပါဘူး၊ အိမ်နှစ်လုံးကို တစ်ပြိုင်နက် ဝယ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲစားကို အတင်းဈေးဆစ်တော့တယ်။
ဟိုဘက်အိမ်က ၃၅၀၊ ဒီဘက်အိမ်က ၄၀၀ ဆိုတော့ စုစုပေါင်း ၇၅၀ ကျသင့်တာကို၊ သူမက ၇၀၀ အထိ လျှော့ခိုင်းလိုက်တယ်။
ပွဲစားမှာတော့ ဈေးဆစ်ခံရလွန်းလို့ မျက်နှာကြီး ပြာနှမ်းသွားပြီး တစာစာ အော်တော့တယ်။
"ညီမလေးရယ်... ဒီထက်တော့ လျှော့လို့ မရတော့ပါဘူး၊ ဒီဈေးထက် နည်းသွားရင် ကျွန်တော့်အိတ်ထဲကနေ ပြန်စိုက်ရမှာပါ"
အဲဒီတော့မှ ကျောက်အာလည်း ရပ်လိုက်တယ်။ ငွေချေတဲ့ အခါမှာတော့ သူမက ၄၀၀ ထုတ်ပေးလိုက်ပြီး မောက်မိသားစုကတော့ ၃၀၀ ပဲ ထည့်ရတော့တယ်။
ဟုန်ရှီက ကျောက်အာဆီကနေ အခွင့်အရေး ယူမိသလို ခံစားနေရပေမဲ့၊ ကျောက်အာကတော့ သူမ ဈေးဆစ်ပေးတာဟာ ကိုယ့်အတွက်တင် မဟုတ်ဘူးလို့ ပြောသလို၊ သူမ အခုလို အိမ်ဝယ်နိုင်တာဟာလည်း မောက်မိသားစုကြောင့် ဖြစ်တာမို့လို့ ဘယ်လိုမှ မရှုံးပါဘူးလို့ ပြန်ပြောလိုက်တယ်။
တကယ်တော့ သူမ ဘာကြောင့် အခုလို လုပ်သလဲဆိုတာကို အားလုံးက နားလည်ကြပါတယ်။ မောက်မိသားစုက မပြည့်စုံသလို၊ ကျိုးမိသားစုကလည်း လုံခြုံရေးလုပ်ငန်း လုပ်ကိုင်နေကြတာပါ။ အပြင်လူအမြင်မှာတော့ လုံခြုံရေးလုပ်ငန်းက အရှိန်အဝါ ကြီးမားပေမဲ့ တကယ်တမ်းတော့ အသက်နဲ့ရင်းပြီး ရှာနေကြရတာ ဖြစ်သလို၊ ကျိုးမိသားစုရဲ့ အခြေအနေကလည်း မောက်မိသားစုထက် သိပ်မသာပါဘူး။
အခု မောက်မိသားစုက အိမ်ဝယ်လိုက်ပြီဆိုတော့ မင်္ဂလာဆောင်ဖို့နဲ့ တင်တောင်းငွေအတွက် ငွေလိုဦးမှာပါ။ အထူးသဖြင့် တင်တောင်းငွေက နည်းလွန်းရင်လည်း သိက္ခာကျမှာဖြစ်သလို၊ များများပေးဖို့ကလည်း မောက်မိသားစုမှာ ငွေမရှိပါဘူး။ ကျောက်အာ အခုလို လုပ်ပေးလိုက်တာဟာ အားလုံးရဲ့ မျက်နှာကို ထိန်းပေးလိုက်တာပဲ ဖြစ်တယ်။
126 08
အဲဒီနောက်မှာတော့ မောက်ပါ့သိုက ပွဲစားနဲ့အတူ အိမ်ဂရန်ကိစ္စတွေ သွားလုပ်ပြီး၊ ကျန်တဲ့သူတွေကတော့ အိမ်ထဲမှာပဲ စောင့်နေကြတယ်။ ကျောက်အာက ဟုန်အာလေးကို ပွေ့ချီပြီး ဥယျာဉ်လေးထဲမှာ နေပူစာ သွားလှုံတဲ့အခါ ရွှီထင်းရှန်းကလည်း အတူတူ လိုက်လာခဲ့တယ်။
"ငါ ပါ့သို ကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်"
ဟုန်အာလေးက ကျောက်စားပွဲပေါ်မှာ ထိုင်ရင်း အရာရာကို အထူးအဆန်းလုပ်ပြီး ကြည့်နေသလို၊ ကျောက်အာကလည်း သူ့ကို ဘေးကနေ ထိန်းပေးထားတယ်။
ရွှီထင်းရှန်းရဲ့စကားကို ကြားတော့ သူမက တစ်ချက် လှည့်ကြည့်လိုက်ပြီး ပြောလိုက်တယ်။ "ဘာလို့ ကျေးဇူးတင်နေတာလဲ။ ဒီအိမ်ကို ဝယ်လိုက်တာဟာ ငါတို့အတွက် မြတ်ရုံပဲရှိမယ်၊ ဘယ်တော့မှ မရှုံးပါဘူး။ နောက်ပြီးတော့ မောက်မိသားစုကတောင် ပါ့သိုရဲ့အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပေးနေတာ၊ ငါကလည်း နင့်အတွက် ကြိုတင်ပြင်ဆင်ပေးရမှာပေါ့။ တကယ်လို့ နောက်ကျရင် နင်လည်း မြို့တော်မှာ နေရမယ်ဆိုရင် နေစရာ နေရာမရှိလို့ မဖြစ်ဘူးလေ"
ရွှီထင်းရှန်းက စနောက်တဲ့ လေသံနဲ့ မေးလိုက်ပါတယ်။
"မင်းက ငါ စာမေးပွဲ အောင်မယ်ဆိုတာကို ဒီလောက်တောင် ယုံကြည်နေတာလား"
"ဒါဆို နင်က မအောင်ဘူးလို့ ဆိုလိုတာလား" ကျောက်အာက အံ့သြတကြီးနဲ့ ပြန်မေးလိုက်တယ်။
ရွှီထင်းရှန်းမှာ ရယ်မောလိုက်မိတော့တယ်။ ကြည့်ရတာ ကျောက်အာက သူ့အပေါ်မှာ အလွန်ကို ယုံကြည်မှု ရှိနေတာပဲ။
သူဟာ ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူမရဲ့ပုခုံးကို ဖက်ကာ ကတိပေးလိုက်တယ်။
"ငါ အသေအချာ အောင်မှာပေါ့။ အဲဒီအချိန်ကျရင် ငါတို့ ဒီအိမ်ထက် အများကြီး ပိုကြီးတဲ့ အိမ်ကို ပြောင်းကြမယ်။ ရှေ့နောက် ဝင်းငါးခုပါတဲ့ အိမ်ကြီးပေါ့၊ ပြီးတော့ မင်းကို ပြုစုစောင့်ရှောက်ဖို့အတွက် အိမ်ဖော်တွေ၊ အထိန်းတော်တွေ အများကြီး ထားပေးမယ်။ မင်းကို မင်းကတော်တစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်၊ အဲဒီကျရင် မင်း ဘာမှ လုပ်စရာ မလိုတော့ဘဲ တခြားသူတွေရဲ့ ပြုစုမှုကိုပဲ ထိုင်ပြီး စောင့်နေရုံပဲ"
ဒီစကားက ပြောရတာ လွယ်ပေမဲ့၊ အိမ်ဖော်တွေကတော့ ထားပါတော့၊ ရွှီမိသားစုရဲ့ အခုရှိနေတဲ့ ပိုင်ဆိုင်မှုနဲ့တင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဝင်းငါးခုပါတဲ့ အိမ်ကြီးဆိုတာကတော့ ဒီမြို့တော်မှာ ငွေရှိရုံတင်မကဘဲ အာဏာရှိမှသာ ပိုင်ဆိုင်နိုင်တာ။ ပိုပြီးတော့ ဆိုးတာကတော့ မင်းကတော်ဆိုတဲ့ ဘွဲ့ပါပဲ။ အရာရှိကတော်တွေထဲမှာ အဆင့် (၁) ရှိတဲ့သူကိုမှ မင်းကတော်လို့ ခေါ်တာဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့ရာထူးအပေါ်မှာ မူတည်နေတာ။ ဆိုလိုတာကတော့ ရွှီထင်းရှန်းဟာ အဆင့် (၁) အရာရှိကြီး ဖြစ်လာမှသာ ကျောက်အာကို ဒီဘွဲ့ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျောက်အာကတော့ ဒီလျှို့ဝှက်ချက်တွေကို နားမလည်ဘဲ တစ်ပါးသူရဲ့ ပြုစုမှုကို ခံယူရမယ့် အချက်ကိုပဲ စဉ်းစားနေတော့တယ်။
"အဲဒါဆိုရင်တော့ ငါက လူပိုကြီး ဖြစ်သွားမှာပေါ့။ ငါကတော့ သူတစ်ပါးရဲ့ ပြုစုတာကို မခံချင်ပါဘူး။ ဘာမှ မလုပ်ရဘူးဆိုတာ တွေးကြည့်ရင်တောင် ကြောက်စရာကြီး၊ နောက်ကျရင် ရေချိုးတာ၊ အဝတ်လဲတာ၊ ထမင်းစားတာတွေပါ လူတွေက လိုက်လုပ်ပေးနေရမှာလား"
ရွှီထင်းရှန်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။
"အဲဒါဆိုရင် ဘာဖြစ်သွားမလဲ ငါတော့ အဲဒီလို မလုပ်နိုင်ဘူး" သူမက ခဏလောက် စဉ်းစားပြီးနောက်၊ တကယ်လို့ အရာရှိကြီး ဖြစ်လာခဲ့ရင် ပြုစုမယ့်သူ မရှိရင်လည်း ပုံစံမကျဘဲ တခြားသူတွေက အထင်သေးမှာကို စိုးရိမ်တာကြောင့် ရွှီထင်းရှန်းနဲ့ ညှိနှိုင်းပါတော့တယ်။ "အဲဒါဆိုရင် နင့်ကိုပဲ ပြုစုဖို့ လူရှာပေးလိုက်မယ်လေ၊ ငါကတော့ မလိုပါဘူး"
ရွှီထင်းရှန်းကလည်း အတည်ကြီးပဲ သူမနဲ့ ထပ်ပြီးညှိနှိုင်းတယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် အကြာကြီး ဆွေးနွေးပြီးမှ နောင်တစ်ချိန်မှာ ရွှီထင်းရှန်း တကယ်ပဲ အရာရှိကြီး ဖြစ်လာခဲ့ရင်၊ ကျောက်အာအတွက် အိမ်ဖော်မလေး တစ်ယောက်၊ ဟုန်အာလေးအတွက် အိမ်ဖော်မလေး တစ်ယောက်နဲ့ အထိန်းတော် အဘွားကြီး တစ်ယောက်၊ ရွှီထင်းရှန်းအတွက်တော့ အခြွေအရံ နှစ်ယောက်ပဲ ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဘာဖြစ်လို့ အိမ်ဖော်မလေးတွေ အများကြီး မထားသလဲဆိုရင်တော့ ကျောက်အာရဲ့အဆိုအရ အရာရှိကြီးတွေဟာ အိမ်ဖော်မလေးတွေကို ကျီစယ်တတ်ကြတယ်လို့ သူမ အရင်က ပြဇာတ်တွေ ကြည့်တုန်းက မြင်ဖူးလို့ပါပဲ။ ဒါကြောင့် ဒီလိုကိစ္စတွေ မဖြစ်အောင်လို့ သူမကတော့ ရွှီထင်းရှန်းကို လုံးဝစိတ်ကူးတောင်မယဉ်ဖို့ ပြတ်ပြတ်သားသား ပြောလိုက်တော့တယ်။
အဲဒီတော့လည်း ရွှီထင်းရှန်းမှာ စိတ်ကူးတောင် မယဉ်ဝံ့တော့တဲ့ ဘဝ ရောက်သွားရတော့တယ်။
******