← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း ၁၂၉ မြို့တော်၏ ဈေးကွက်သစ်နှင့် မိသားစုပျော်ပွဲ

တစ်လနီးပါးလောက် အချိန်ယူပြင်ဆင်ပြီးတဲ့နောက်မှာတော့ ကျောက်အာရဲ့ ဆိုင်ကလေးဟာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။

ဖွင့်ပွဲနေ့မှာတော့ အကြီးအကျယ် ဂုဏ်ပြုတာမျိုး မလုပ်ဘဲ ဆိုင်ရှေ့မှာ ဗြောက်အိုးအနည်းငယ် ဖောက်လိုက်ရုံပါပဲ။ တကယ်လို့သာ ဒါဟာ ဟူယန်းဒေသမှာဆိုရင် နေရာကျဉ်းတာကြောင့် လူအများကြီး ဝိုင်းအုံလာမှာ အသေအချာပေမဲ့၊ မြို့တော်ကြီးမှာတော့ လမ်းသွားလမ်းလာတွေက တစ်ချက် နှစ်ချက်လောက် လှည့်ကြည့်ရုံကလွဲလို့ ထွေထွေထူးထူး မရှိလှပါဘူး။

ဆိုင်နာမည်ကိုတော့ အရင်အတိုင်း ဝမ်ကျိ လို့ပဲ ပေးထားပါတယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ ဟင်းသီးဟင်းရွက်ဆိုင် မဟုတ်တော့ဘဲ အထည်ဆိုင်အဖြစ် ဖွင့်လှစ်တာ ဖြစ်တယ်။ ဆိုင်ထဲမှာရှိတဲ့ အထည်စတွေကတော့ သိပ်မများလှပါဘူး၊ အခုခေတ်စားနေတဲ့ အမျိုးအစား အနည်းငယ်ရယ်၊ အဓိကအားဖြင့်တော့ အမျိုးသမီးတွေ သဘောကျတတ်တဲ့ အသင့်ဝတ်အင်္ကျီတွေနဲ့ ပိုက်ဆံအိတ်၊ အမွှေးနံ့သာအိတ်၊ ခေါင်းပတ်ပန်း၊ နားကပ် စတဲ့ အလှဆင်ပစ္စည်းလေးတွေကို ရောင်းချတာ ဖြစ်ပါတယ်။

ဆိုင်ရဲ့အရောင်းအဝယ်ကတော့ သိပ်မကောင်းလှပါဘူး။ ဖွင့်ခါစ ပထမရက်အနည်းငယ်မှာတော့ ဒီနေရာမှာ အထည်ဆိုင်အသစ် ဖွင့်တယ်ဆိုပြီး လမ်းသွားလမ်းလာတွေနဲ့ အနီးနားက အိမ်နီးချင်းတွေက စပ်စုချင်တာနဲ့ ဝင်ကြည့်ကြတာကြောင့် နည်းနည်းတော့ စည်သလိုရှိပေမဲ့၊ နောက်ပိုင်းမှာတော့ လာရောက်သူ အလွန်နည်းပါးသွားခဲ့တယ်။ အရောင်းအဝယ် အနည်းငယ် ဖြစ်ခဲ့ပေမဲ့ မြတ်တယ်လို့တော့ မဆိုနိုင်ဘဲ ဈေးဦးပေါက်ရုံလောက်ပဲ ရှိတာ ဖြစ်တယ်။

ကျောက်အာကတော့ အရင်က စီးပွားရေးလုပ်ဖူးသူမို့လို့ စိတ်အေးအေး ထားနိုင်ပေမဲ့၊ ရွှီထောက်အာနဲ့ လင်းယန့်ရန်တို့ကတော့ စိတ်မရှည်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ထဲက အင်္ကျီတွေကို သူတို့နှစ်ယောက်ကပဲ ကိုယ်တိုင်ချုပ်လုပ်ထားတာမို့လို့၊ သူတို့ချုပ်တဲ့ ပုံစံတွေက ခေတ်မမီတော့တာလား၊ ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လားဆိုပြီး အမျိုးမျိုး တွေးတောကာ စိုးရိမ်ပူပန်နေကြတယ်။

ဒါဟာ ကျောက်အာအပေါ်ကိုလည်း သက်ရောက်မှု ရှိလာစေပါတယ်။ မူလက စီးပွားရေးလုပ်ဖို့ တိုက်တွန်းခဲ့တာက သူမဖြစ်သလို၊ နောင်ကျရင် ငွေကြေးကိစ္စနဲ့ မိသားစုတွေကြားမှာ ပြဿနာမဖြစ်အောင်လည်း မိသားစု သုံးစုစလုံးကို တစ်အိမ်ထောင် ငွေစင် ၂၀ သားစီ ရင်းနှီးခိုင်းထားတာပါ။ အမြတ်ခွဲဝေတဲ့ နေရာမှာလည်း ကျောက်အာက ဆိုင်ခန်းထုတ်ထားတာကြောင့် လေးပုံ၊ ကျန်တဲ့ နှစ်အိမ်ထောင်ကတော့ သုံးပုံစီ ခံစားခွင့်ရှိပါတယ်။ အခုတော့ အရောင်းအဝယ်က အေးနေတော့ ကိုယ့်ငွေရှုံးတာက ထားပါဦး၊ တခြားမိသားစုနှစ်စုပါ ပါဝင်နေတာကြောင့် ကျောက်အာမှာလည်း မနေနိုင်မထိုင်နိုင်အောင် စိုးရိမ်လာရတော့တယ်။

ရွှီထောက်အာနဲ့ လင်းယန့်ရန်တို့က ဘာမှထုတ်မပြောကြပေမဲ့လည်း….

ရွှီထင်းရှန်းကတော့ မူလက မိန်းမသားတွေရဲ့ ကိစ္စထဲမှာ ဝင်မပါချင်ပေမဲ့၊ ကျောက်အာရဲ့မျက်နှာမှာ အပြုံးတွေ ပျောက်ဆုံးနေတာ ရက်အတော်ကြာလာတာကို မြင်တော့ သူလည်း မရယ်ဘဲ မနေနိုင်တော့ပါဘူး။ သူဟာ လက်ထဲက စာအုပ်ကို ချလိုက်ပြီး၊ ဟုန်အာလေးကို ချီကာ ကျောက်အာကိုပါ ခေါ်ပြီး ဥယျာဉ်လေးထဲမှာ နေပူစာလှုံဖို့ ခေါ်ထုတ်လာခဲ့တယ်။

129 02

ဒါပေမဲ့ ဒီနေရာက ရွေးချယ်မှု မှားသွားသလိုပါပဲ။ ဆိုင်ထဲကနေ အနောက်ဘက် ဥယျာဉ်လေးဆီကို တိုက်ရိုက်ပေါက်နေတာဖြစ်ပြီး၊ ရာသီဥတုက ပူတာကြောင့် လေဝင်လေထွက်ကောင်းအောင် ဆိုင်နောက်တံခါးကို ဖွင့်ထားတာပါ။ အပြင်ဘက်က ဆိုင်ခန်းထဲမှာ ရွှီထောက်အာ တစ်ယောက်တည်း အထီးကျန်စွာ စောင့်နေရတာကို တွေ့လိုက်ရတော့ ကျောက်အာရဲ့စိတ်ထဲမှာ ပိုပြီးတော့တောင် စိတ်ပျက်သွားမိတယ်။

ဟုန်အာလေးကတော့ အခုဆိုရင် လမ်းလျှောက်တတ်နေပါပြီ၊ တော်တော်လေးလည်း တည်ငြိမ်နေပါပြီ။ မြေပြင်ပေါ် ဆင်းနိုင်ပြီဆိုတာနဲ့ သူဟာ နေရာအနှံ့ကို လျှောက်သွားရတာ ဝါသနာပါတဲ့ကလေးဖြစ်တယ်။ အဖေဖြစ်သူက သူ့ကို အပြင်ခေါ်ထုတ်လာတာ မြင်တော့ သူဟာ အလွန်ပျော်သွားပြီး ရွှီထင်းရှန်းရဲ့ လက်ကို ရုန်းကာ ဥယျာဉ်ထဲက လှပတဲ့ ပန်းလေးတွေကို လိုက်ပြီး ဆွဲနုတ်နေပါတော့တယ်။

ရွှီထင်းရှန်းက သားဖြစ်သူကို တစ်ဖက်က ကြည့်ပေးရင်း ကျောက်အာကို ပြောလိုက်ပါတယ်။ "မင်းရဲ့ဆိုင်က ဘာလို့ အရောင်းအဝယ် မကောင်းတာလဲဆိုတာ သိလား"

ငိုင်နေတဲ့ ကျောက်အာဟာ ချက်ချင်းပဲ သတိဝင်လာပြီး မေးပါတယ်။ "ဘာလို့လဲ"

ရွှီထင်းရှန်းက ခပ်အေးအေးပဲ ပြုံးလိုက်ပြီး ရှင်းပြလိုကတယ်။ "တကယ်တော့ မင်းရဲ့ စိတ်ကူးက မမှားပါဘူး။ ဒီမှာက လူစိမ်းတွေ ဖြစ်နေသလို၊ လီသာ့ထျန်နဲ့ မောက်ပါ့သို မိသားစုတွေကိုပါ ဖေးမချင်တဲ့ စိတ်ထားကြောင့် အရာရာကို အစစအရာရာ ဘေးကင်းဖို့ပဲ မင်း စဉ်းစားခဲ့တာကိုး။ ဒီလို ဆိုင်မျိုးက ဟူယန်းဒေသမှာ ဒါမှမဟုတ် ရှရှားမြို့နယ်မှာဆိုရင်တော့ မိသားစုကို ဝဝလင်လင် ကျွေးမွေးဖို့ လုံလောက်ပါတယ်။ ဒါပေမဲ့ ဒီနေရာက ရှရှားမြို့နယ် မဟုတ်သလို၊ ရှန်းရှီးပြည်နယ်လည်း မဟုတ်ဘူး။ ဒီနေရာက မြို့တော်ကြီးလေ လောကမှာရှိတဲ့ အဖိုးတန် ရတနာတွေ၊ ဆန်းပြားတဲ့ ပစ္စည်းတွေ အကုန်လုံး စုဝေးနေတဲ့ နေရာ။ မင်း မမြင်ဖူးတဲ့ အရာတွေသာ ရှိမယ်၊ ဒီမှာ မရှိတဲ့အရာဆိုတာ မရှိသလောက်ပါပဲ။ လောကမှာ အကောင်းဆုံးဆိုတဲ့ အရာတွေက မြို့တော်ကိုပဲ အရင်ရောက်တာဆိုတော့၊ အခုလို သာမန် ဆိုင်လေးတစ်ဆိုင်ကတော့ ဘယ်သူ့မျက်စိထဲမှ ဝင်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဆက်ပြီး ဖွင့်ထားမယ်ဆိုရင်တော့ ဒီဆိုင်က ဘယ်တော့မှ မရှုံးဘူး၊ ဒါပေမဲ့ ငွေအများကြီး မြတ်ဖို့ဆိုရင်တော့ အလွန်ကို ပင်ပန်းလိမ့်မယ်။ မင်းတို့က စိတ်ရှည်လက်ရှည်နဲ့ အနီးနားက အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး ကောင်းအောင် အရင်လုပ်ရလိမ့်မယ်။ ဘယ်ဆိုင်မှာ ဝယ်ဝယ် အတူတူပဲဆိုရင်တော့ လူတွေက ရင်းနှီးတဲ့သူဆီမှာပဲ ဝယ်ကြမှာပဲလေ။ အဲဒီလိုနဲ့ နောက်ဆုံးမှာတော့ အမြတ်လေး နည်းနည်းကျန်ပြီး မိသားစု စရိတ်စကအတွက်တော့ အဆင်ပြေသွားမှာပါ။ ဒါပေမဲ့ မင်းရဲ့ မူလရည်ရွယ်ချက်ကိုတော့ မမေ့နဲ့ဦး၊ မင်းက အားလုံး အဆင်မပြေကြလို့ အိမ်ထောင်စု အသီးသီးကို ငွေကြေးအရ အထောက်အကူ ဖြစ်စေချင်ခဲ့တာ မဟုတ်လား"

ဒီနေရာမှာ ရွှီထင်းရှန်းက စကားကို ရပ်လိုက်ပြီး ကျောက်အာကို ကိုယ်တိုင် စဉ်းစားဖို့ အချိန်ပေးလိုက်တယ်။

တကယ်လည်း အဲဒီအတိုင်းပါပဲ ကျောက်အာဟာ ဒီလို ရိုးရိုးသားသား စီးပွားရေးကို ရွေးချယ်ခဲ့တာဟာ ဘေးကင်းဖို့အတွက်ပါပဲ။ ကိုယ်တစ်ယောက်တည်း စီးပွားရှာရင်တော့ မြတ်မြတ်ရှုံးရှုံး ကိုယ့်တာဝန်ပဲမို့လို့ ပြဿနာမရှိပေမဲ့၊ တခြားသူတွေ ပါဝင်လာတဲ့ အခါမှာတော့ ဆက်ဆံရေးတွေ ပျက်စီးမှာကို သူမက အလွန်စိုးရိမ်တာ။ အထူးသဖြင့် အလွန်ရင်းနှီးတဲ့ မိသားစု သုံးစု ဖြစ်နေတာကိုး။

ဒါကြောင့်လည်း သူမက အန္တရာယ် အကင်းဆုံး စီးပွားရေးကို ရွေးချယ်ခဲ့တာပါ၊ ဘယ်လိုမှ မရှုံးနိုင်ဘူးလို့လည်း သူမ ယူဆထားတာကိုး။ မြတ်ရင်လည်း နည်းနည်းပဲ မြတ်ပေမဲ့ ဘေးကင်းတာက အဓိကလို့ သူမ တွေးခဲ့တာ။ ဒါပေမဲ့ သူမ မေ့သွားတာက ဒါဟာ သုံးအိမ်စပ်တူ လုပ်ငန်း ဖြစ်နေတာပါပဲ။ အိမ်တစ်အိမ်တည်းအတွက်ဆိုရင်တော့ အဲဒီအမြတ်က လုံလောက်ပေမဲ့၊ သုံးပုံ ပုံလိုက်တဲ့ အခါမှာတော့ တစ်အိမ်ထောင်စီ ရမယ့်ငွေက အလွန်ကို နည်းပါးသွားတော့တယ်။

အဲဒီလို အခြေအနေမျိုး ရောက်သွားရင်တော့ ဒီစီးပွားရေးဟာ ကြက်ရိုးလိုမျိုး ဖြစ်သွားမှာလေ။ စားဖို့ကျတော့လည်း အသားမရှိ၊ လွှင့်ပစ်ဖို့ကျတော့လည်း နှမြောစရာ ဖြစ်နေမှာပေါ့။

129 03

ကျောက်အာရဲ့ရင်ထဲမှာ စတင်ပြီး ပျာယာခတ်လာတာကြောင့် မေးလိုက်တယ်။

"ဒါဆို အခု ငါ ဘယ်လိုလုပ်ရမလဲ"

ကျောက်အာဆီကနေ အခုလိုမျိုး အားကိုးတကြီးနဲ့ အားနည်းတဲ့ အမူအရာမျိုး မြင်ရခဲတာကြောင့် ရွှီထင်းရှန်းရဲ့ ယောက်ျားပီသတဲ့ မာနကတော့ အတော်လေးကို ကျေနပ်သွားရတယ်။ သူဟာ နှုတ်ခမ်းထောင့်ကနေ အပြုံးတစ်ခုကို မသိမသာ ပြသရင်း၊ ကျောက်အာကို သူ့ရဲ့ ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပြောလိုက်တယ်။ "နည်းလမ်းကတော့ အမှန်အတိုင်း ပြောရရင် လွယ်လွယ်လေးပါ"

"ဒါဆို ပြောပြလေ"

"တခြားသူတွေနဲ့ မတူတဲ့ ထူးခြားမှု ရှိရမယ်၊ တခြားသူတွေ မလုပ်တဲ့အရာ ဒါမှမဟုတ် လုပ်တဲ့သူ အလွန်နည်းတဲ့ အရာကိုပဲ လုပ်ရမယ်။ လမ်းဟောင်းကနေ ခွဲထွက်ပြီး လမ်းသစ်ကို ဖောက်နိုင်မှသာ ခိုင်မာနေတဲ့ ဈေးကွက်ထဲမှာ နေရာတစ်ခု ရမှာ။ မင်း အရင်က ဟင်းသီးဟင်းရွက်ပို့တဲ့ လုပ်ငန်းကို မေ့သွားပြီလား ဟင်းသီးဟင်းရွက် ရောင်းတဲ့သူတွေ အများကြီး ရှိပေမဲ့ အမြတ်က ပြားဂဏန်းပဲ ရှိတာလေ၊ ဒါပေမဲ့ မင်းက အဲဒီလုပ်ငန်းကို အကြီးအကျယ် ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ဘာလို့လဲ ဘာဖြစ်လို့လဲဆိုတော့ မင်းက တခြားသူတွေ တစ်ခါမှ မစဉ်းစားမိတဲ့ နည်းလမ်းကို သုံးခဲ့လို့ပဲလေ"

ကျောက်အာဟာ အကြာကြီး စဉ်းစားခန်း ဝင်သွားပါတော့တယ်။ ရွှီထင်းရှန်းကတော့ သူမရဲ့ အတွေးတွေကို မနှောင့်ယှက်မိအောင် ပန်းခြံကို ဖျက်ဆီးနေတဲ့ ဟုန်အာလေးကို ချီပြီး ထွက်သွားလိုက်တယ်။ တကယ်တော့ ကျောက်အာရဲ့ ပင်ကိုစရိုက်မှာ တခြားအမျိုးသမီးတွေထက်ပိုတဲ့ သတ္တိနဲ့ ရဲတင်းမှုတွေ ရှိနေတာပါ။ ဒါပေမဲ့ အခုတော့ အမြင်ကျဉ်းနေတာကြောင့် သူမရဲ့ အတွေးတွေကို ပိတ်လှောင်ထားသလို ဖြစ်နေတာ။ တကယ်လို့သာ သူမရဲ့အမြင်ကတစ်ဆင့် မြင့်သွားမယ်ဆိုရင်တော့ အခုထက် အများကြီး ပိုပြီး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ရွှီထင်းရှန်းက အမြဲတမ်း ယုံကြည်နေခဲ့တယ်။

ပိုပြီးထူးဆန်းတာကတော့ အရင်ဘဝက အိပ်မက်ထဲမှာ ကျောက်အာဟာ တခြားသူနဲ့ အိမ်ထောင်ပြန်ကျပြီး အိမ်တွင်းအောင်းကာ သားသမီးတွေကိုပဲ ပြုစုစောင့်ရှောက်နေခဲ့သလား ဆိုတာကို ရွှီထင်းရှန်း သံသယဖြစ်မိတာပါပဲ။ သူ အမြဲတမ်း ခံစားနေရတာက ကျောက်အာဟာ အဲဒီလို မိန်းမမျိုး လုံးဝ မဟုတ်နိုင်ဘူးဆိုတာပါပဲ။ သူမဟာ သူမရဲ့ဘဝ ကံကြမ္မာတစ်ခုလုံးကို ယောကျာ်းတစ်ယောက်ရဲ့ လက်ထဲမှာပဲ ပုံအပ်ထားမယ့်သူ မဟုတ်မှန်း သူ သိနေတာကိုး။

အဲဒီအိပ်မက်ထဲက ဝမ်မင်ရှန့် ဆိုတဲ့လူရဲ့ နောက်ခံအကြောင်းကိုလည်း ရွှီထင်းရှန်း အကြိမ်ကြိမ် စုံစမ်းခဲ့ဖူးပါတယ်။ အဲဒီလူရဲ့ နောက်ခံက အလွန်ကို ထူးဆန်းလှတယ်။ ထူးဆန်းတယ်ဆိုတာက တခြားမဟုတ်ပါဘူး၊ အရာရာက ပုံမှန်ဖြစ်လွန်းနေလို့ပါပဲ။ မိဘတွေ ရှိခဲ့တယ်၊ ဆင်းရဲတယ်၊ ဒါပေမဲ့ သူ လူလားမမြောက်ခင်မှာတင် မိဘနှစ်ပါးစလုံးက ရုတ်တရက် ကွယ်လွန်သွားပြီး သူတစ်ယောက်တည်း ကျန်ခဲ့တယ်တဲ့။ သူ မသေခင်မှာ တစ်ဖက်လူ ပြောခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့တော့ ဘယ်လိုမှ ကိုက်ညီမှု မရှိပါဘူး။ တကယ်လို့ ကျောက်အာကို တစ်စုံတစ်ယောက်က ကယ်ခဲ့တာမှန်ရင်၊ ကျေးဇူးဆပ်တဲ့အနေနဲ့ အဲဒီလူကို လက်ထပ်ခဲ့တာဆိုရင် အဲဒီလူရဲ့ နောက်ခံက ဒီလိုမျိုး ဖြစ်နေစရာ အကြောင်းမရှိဘူးလေ။

ဒါဟာ ရွှီထင်းရှန်းကို အခုထိ နှောင့်ယှက်နေတဲ့ ပဟေဠိတစ်ခုပါပဲ၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် သူဟာ အဲဒီအရာကို သေသေချာချာ ထိတွေ့ဖို့ကိုတော့ အမြဲတမ်း ရှောင်လွှဲနေခဲ့တာ။ ရွှီထင်းရှန်းဟာ ကျောက်အာက အဲဒီအိပ်မက်ထဲမှာ တခြားသူနဲ့ အိမ်ထောင်ကျခဲ့တယ်လို့ တွေးမိတိုင်းမှာ သူ့ရဲ့ရင်ထဲမှာ သွေးဆာတဲ့ စိတ်ရိုင်းတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သူဟာ တကယ်ဆိုရင်...

"ဖေဖေ... ပွေ့..."

ဟုန်အာလေးက လမ်းမလျှောက်ချင်တော့တာကြောင့် ရပ်လိုက်ပြီး ဖေဖေ့ကို ချီခိုင်းပါတော့တယ်။ ရွှီထင်းရှန်းက ခါးကို ကိုင်းပြီး သားဖြစ်သူကို ပွေ့ချီလိုက်တယ်။ ဟုန်အာလေးကတော့ ဖေဖေ့ရင်ခွင်ထဲ ရောက်သွားတော့မှ ပြုံးလိုက်ပြီး၊ အနောက်ကို ကျောခိုင်းပြီး ရပ်နေတဲ့ သူ့အမေကို လက်ညှိုးထိုးပြကာ "မေမေ... မေမေ..." လို့ ခေါ်နေပါတော့တယ်။ မေမေ ဘာလို့ လာမချီတာလဲလို့ သူက မေးချင်နေတာ။

129 04

"မေမေက အလုပ်ကိစ္စတွေ စဉ်းစားနေတာလေ၊ ဖေဖေက ဟုန်အာကို မုန့်သွားကျွေးမယ်နော်"

"မုန့်... မုန့်..."

ရှီးဟွားအာ ဈေးလမ်းမှာတော့ လတိုင်းရဲ့လေးဂဏန်းပါတဲ့ နေ့ရက်တွေမှာ ပန်းဈေးကြီး ဖွင့်လှစ်လေ့ရှိတာကြောင့် အလွန်ကို စည်ကားလှတယ်။

ဒီနေ့မှာတော့ ပုံမှန်ထက် ပိုပြီးစည်ကားနေတယ်။ ကျောက်အာတို့က မြို့တော်ကို အခုမှ ရောက်ဖူးတာဖြစ်လို့ အနီးနားက အခြေအနေတွေကို ကောင်းကောင်း မသိကြဘဲ မောက်ပါ့သို ပြောပြတော့မှပဲ ဒီနေ့မှာ ဘုရားပွဲ ရှိနေမှန်း သိလိုက်ရတာ ဖြစ်တယ်။

အရှေ့ဘက်မြို့ခြမ်းက ချုံဝန် တံခါးဝ တစ်ဝိုက်မှာဆိုရင် ကျောင်းကန်ဘုရားတွေ အလွန်များပြားလှတယ်။ လုံအန်းကျောင်း၊ ဝိုဖော်ကျောင်း၊ အန်းဟွားကျောင်း စသဖြင့် နေရာအနှံ့မှာ ရှိနေတယ်။ ဟွားအာဈေးလမ်းမှာလည်း ကျောင်းတော်တွေ ရှိတယ်၊ အရှေ့ဘက်မှာတော့ မီးဖိုချောင်နတ်မင်းကျောင်း ရှိပြီး အနောက်ဘက်မှာတော့ မီးနတ်မင်းကျောင်း ရှိတယ်။

ဒီနေရာတွေမှာ နှစ်တိုင်းဘုရားပွဲတွေ ကျင်းပလေ့ရှိပြီး၊ ပွဲတော်ရက်တွေဆိုရင်တော့ အလွန်ကိုစည်ကားလှတယ်။ ဒီနေ့ကတော့ မီးနတ်မင်းကျောင်းရဲ့ ပွဲတော်ရက်ဖြစ်သလို၊ တိုက်တိုက်ဆိုင်ဆိုင် ပန်းဈေးလည်း ဖွင့်တဲ့ရက်ဖြစ်နေပါတယ်။ လမ်းမကြီးတစ်လျှောက်မှာ ပန်းပင်တွေ၊ ပန်းပွင့်မျိုးစုံနဲ့ ပြည့်နှက်နေပြီး၊ ပန်းစိုက်တောင်သူတွေနဲ့ ပန်းသည်တွေက အနီးနားက ပန်းခင်းတွေကနေ သယ်လာတဲ့ ပန်းတွေကို လာရောက်ရောင်းချနေကြတယ်။

မျက်စိတစ်ဆုံးမှာ အရောင်အသွေး စုံလင်လှတဲ့ ပန်းတွေဟာ လှပတောက်ပနေသလို၊ ရနံ့တွေကလည်း မွှေးကြိုင်နေပြီး တကယ့်ကို သက်ဝင်လှုပ်ရှားနေတဲ့ မြင်ကွင်းပါပဲ။ ဒါ့အပြင် ကုန်စုံဆိုင်တွေနဲ့ စားသောက်ဆိုင်တွေလည်း အစီအရီ ရှိနေတာကြောင့် အရာရာဟာ စုံလင်လှပြီး ကြည့်လို့တောင် မဝနိုင်ပါဘူး။

ကျောက်အာတို့ရဲ့ဆိုင်ကတော့ လမ်းကြားထဲမှာ နည်းနည်းရောက်နေတာကြောင့် အပြင်မှာ ဘယ်လောက်ပဲ စည်ကားနေပါစေ၊ လမ်းကြားထဲကို ဝင်လာတဲ့သူကတော့ နည်းလှပါတယ်။ လမ်းထိပ်ကနေ လူအုပ်ကြီး ဖြတ်သန်းသွားလာနေတာကို ကြည့်ပြီး အားလုံးလည်း ဆိုင်ထဲမှာ မထိုင်နိုင်ကြတော့ပါဘူး။ ဒါနဲ့ပဲ ဆိုင်တံခါးကို ပိတ်လိုက်ပြီး အရောင်းအဝယ်ကို ခဏရပ်ကာ အပြင်ထွက်ပြီး ပွဲကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။

မိသားစု သုံးစုလုံး အတူတူ ထွက်လာကြတယ်။ ယောကျာ်း သုံးယောက်ကတော့ ကိုယ့်ဇနီးသည်တွေကို လက်တွဲထားကြပြီး၊ ရွှီထင်းရှန်းကတော့ ဟုန်အာလေးကို ချီထားကာ ကျောက်အာကတော့ သူ့ဘေးကနေ လိုက်ပါလာတယ်။

လမ်းအနည်းငယ် လျှောက်ပြီးတဲ့နောက်မှာ ကျောက်အာက အိမ်ကို ခဏပြန်လှည့်သွားပြီး၊ ခဏအကြာမှာတော့ ကလေးပိုးတဲ့ ခြင်းတောင်းကို ယူလာခဲ့ပါတယ်။ အခုတော့ သူမ သိသွားပါပြီ၊ ရွှီထင်းရှန်းက လူအများရှေ့မှာ သိက္ခာကို အရမ်းအလေးထားတဲ့သူမို့လို့ အပြင်ထွက်ရင် ဟုန်အာကို သူကိုယ်တိုင်ပဲ အမြဲချီထားတာကိုး။ အရင်က သူမ မနေတတ်ပေမဲ့ အခုတော့ နေသားကျသွားပါပြီ။ ဒါပေမဲ့ သူ့ရဲ့ခွန်အားက အကန့်အသတ် ရှိတာကို သိသလို၊ သူ ပင်ပန်းမှာစိုးတာကြောင့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့လည်းဖြစ်အောင် ဒီခြင်းတောင်းကို ယူလာပေးလိုက်တယ်။

ဟုန်အာလေးကို ခြင်းတောင်းထဲ ထည့်လိုက်တော့ သူကလည်း လိမ္မာပါးနပ်စွာနဲ့ ထိုင်နေတယ်။ ကျောက်အာက ခြင်းတောင်းကို မပေးပြီး ရွှီထင်းရှန်းရဲ့ ကျောပေါ်ကို တင်ပေးလိုက်တော့မှ၊ ဟုန်အာလေးက ခြင်းတောင်းထဲကနေ မတ်တတ်ရပ်ပြီး ဖေဖေရဲ့ ပုခုံးပေါ်ကနေတစ်ဆင့် အပြင်က မြင်ကွင်းတွေကို စိတ်ဝင်တစားနဲ့ လိုက်ကြည့်နေတော့တယ်။

လမ်းတစ်လျှောက် လည်ပတ်ရင်းနဲ့ ယောကျာ်းတွေက သူတို့ရဲ့ ဇနီးသည်တွေအတွက် ထန်ဟူလူတွေကို အသီးသီး ဝယ်ပေးကြပါတယ်။ ဒါတွေကတော့ မောက်ပါ့သိုဆီကနေ သင်ယူထားတာ။ ဒီမောက်ပါ့သိုဆိုတဲ့လူကတော့ တကယ့်ကို ပန်းပွင့်စောင့် နတ်သား အမူအရာနဲ့ သူ့ဇနီးကို အလွန်ဖားတတ်လွန်းပါတယ်။ အစားအသောက်လေးတွေ ဝယ်ကျွေးရင်းနဲ့ သူမ ဗိုက်ဆာမှာ၊ ချမ်းမှာကို အမြဲတမ်း စိုးရိမ်နေတတ်ပြတာ။

129 05

အမျိုးသမီးတွေကလည်း ဒီလိုမျိုး ဂရုစိုက်တာကိုပဲ သဘောကျကြတာ မဟုတ်လား။ တစ်ဖက်က ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်ကစား၊ တစ်ယောက်ကခွံ့နဲ့ ချိုမြိန်နေတာကို မြင်တော့၊ ရွှီထောက်အာကလည်း လီသာ့ထျန်ကို ခါးကို လိမ်ဆွဲပြီး သတိပေးပါတော့တယ်။ လီသာ့ထျန်လည်း မနေနိုင်တော့ဘဲ ပြေးပြီး ဝယ်ပေးရတာပေါ့။

အားလုံး ဝယ်နေကြမှတော့ ရွှီထင်းရှန်းလည်း အနောက်မှာ ကျန်မနေနိုင်ပါဘူး။ ကံကောင်းတာက သူ့ရဲ့ကျောပေါ်မှာ ဟုန်အာလေး ရှိနေတာကြောင့်၊ ဟုန်အာလေးကလည်း အဲဒီသကြားလုံးကို လိုချင်ကြောင်း လက်လှမ်းပြနေတာနဲ့ သူလည်း သွားဝယ်လိုက်တယ်။ သူက ဆိုင်ရှင်ကို တမင်သက်သက် အကြောင်းပြချက် ပေးလိုက်ပါသေးတယ်။ "နောက်ထပ် တစ်ခုပေးပါဦး၊ ကျွန်တော့်ဇနီးလည်း မြည်းကြည့်ရအောင်လို့"

"ရပါတယ် သခင်လေး၊ စိတ်ချလက်ချသာ ဝယ်သွားပါ။ ကျွန်တော်မျိုးက ဒီသကြားလုံးကို ရောင်းလာတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိပါပြီ၊ မကောင်းဘူးလို့ ပြောတဲ့သူ တစ်ယောက်မှ မရှိစေရဘူး" ဆိုင်ရှင်က ဆိုပါတယ်။

ဟုန်အာလေးက ငယ်သေးတာကြောင့် လက်ကတိုလို့၊ သကြားလုံး တစ်တောင့်ကို နှစ်ခြမ်းခွဲပြီး လက်နှစ်ဖက်မှာ တစ်ဖက်စီ ကိုင်ခိုင်းထားလိုက်တယ်။ သားဖြစ်သူကို အဆင်ပြေအောင် လုပ်ပေးပြီးမှ ရွှီထင်းရှန်းက ကျန်တဲ့ သကြားလုံး တစ်တောင့်ကို ယူပြီး ကျောက်အာဆီကို လျှောက်လာကာ ကမ်းပေးလိုက်တယ်။

ကျောက်အာရဲ့မျက်နှာလေးကတော့ နည်းနည်း နီမြန်းနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်မှာ လီသာ့ထျန်က သူ့ဇနီးကို ခွံ့ကျွေးနေတာလေ။ ရွှီထောက်အာကတော့ ပါးပြင်မှာ ပါးနီတွေ ခြယ်ထားသလိုမျိုး နီမြန်းနေပေမဲ့လည်း၊ ရှက်ရှက်နဲ့ပဲ တစ်ကိုက် ကိုက်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ လီသာ့ထျန်က သူမ ကိုက်ထားတဲ့ နေရာမှာတင် ထပ်ပြီးကိုက်လိုက်တာကြောင့် ဇနီးမောင်နှံ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးစိစိ လုပ်နေကြတာကိုး။

"တကယ်ပဲ ငါ့ကို ကျွေးမလို့လား နင်ကော မစားဘူးလား"

"ငါက အချိုမကြိုက်ဘူး" ရွှီထင်းရှန်းက ပြောလိုက်ပေမဲ့၊ သူ့ရဲ့ မျက်လုံးတွေကတော့ ဟိုဘက်က ပြောင်ပြောင်တင်းတင်း ချိုမြိန်နေကြတဲ့သူတွေကို ကြည့်ပြီး ရင်ထဲမှာ မနာလိုဖြစ်နေရင်း ပြောလိုက်တယ်။ "ဒါပေမဲ့ မင်းက အကုန်ကုန်အောင် စားနိုင်မှာ မဟုတ်ပါဘူး၊ ကျန်တာကို ငါကူစားပေးမယ်လေ"

"အော်..."

ကျောက်အာက ခေါင်းညိတ်ပြီး သကြားလုံးကို လှမ်းယူဖို့ လုပ်ပေမဲ့၊ ရွှီထင်းရှန်းကတော့ လက်က မလွှတ်ပါဘူး။ သူမက သူ့ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်လိုက်တော့မှ၊ သူက သတိရသွားသလိုနဲ့ သကြားလုံးကို သူမရဲ့နှုတ်ခမ်းနားအထိ တိုးပေးလိုက်ပါတယ်။

"မင်း တစ်ကိုက်လောက် အရင်စားကြည့်ပါဦး၊ ချိုလားလို့။ မချိုရင်တော့ ငါပဲ အကုန်စားလိုက်မယ်" ရွှီထင်းရှန်းက အတည်ကြီးနဲ့ ပြောလိုက်ပါတယ်။

ကျောက်အာမှာတော့ ကြောင်သွားရတယ်။ ဘေးက သကြားလုံးရောင်းတဲ့ အဘိုးကြီးကတော့ အဲဒီစကားကို ကြားပြီး စိတ်တိုတိုနဲ့ ထွက်သွားတော့တယ်။ ဒီပညာတတ်လေးက ကြည့်လိုက်ရင်တော့ သိက္ခာရှိပုံပေါ်ပေမဲ့၊ သူ့ရှေ့မှာတင် ချိုလား မချိုလား သံသယဝင်နေတာကိုး။ ဒီလိုမျိုး စာဖတ်လွန်းလို့ ဦးနှောက် ခြောက်သွားတဲ့သူတွေနဲ့တော့ ဝေးဝေးနေတာပဲ ကောင်းပါတယ်၊ ဘယ်လိုမှ ပြောလို့လည်း မရသလို၊ အရောင်းအဝယ်ကိုလည်း နှောင့်နှေးစေတယ်။

ဟုန်အာလေးကတော့ သကြားရည်တွေနဲ့ မျက်နှာတစ်ခုလုံး ပေပွနေပါပြီ။ သူကတော့ ပျော်လွန်းလို့ တဟားဟား ရယ်ရင်း လက်ထဲက သကြားလုံးကို ကျောက်အာဘက်ကို ဝှေ့ယမ်းကာ "မေမေ... စား... စား..." လို့အော်နေရုံတင်မကဘဲ သူလျှာနဲ့ ရက်ထားလို့ ပေပွနေတဲ့ သကြားလုံးကိုပါ "ရော့... ရော့..." ဆိုပြီး ကမ်းပေးနေပါသေးတယ်။

129 06

ကျောက်အာကတော့ အဖေဖြစ်သူကို တစ်ချက်ကြည့်၊ သားဖြစ်သူကို တစ်ချက်ကြည့်နဲ့ပေါ့။ အဖေဖြစ်သူရဲ့ မျက်နှာက ပိုပြီးညိုမှောင်လာတာကို မြင်သလို၊ သားဖြစ်သူ ကမ်းပေးတဲ့ သကြားလုံးမှာလည်း တံတွေးတွေ ပေနေတာ မြင်တော့မှ၊ သူမက ရွှီထင်းရှန်းလက်ထဲက သန့်ရှင်းတဲ့ နေရာလေးကိုပဲ ရွေးပြီး တစ်ကိုက် ကိုက်လိုက်ပါတော့တယ်။

အဲဒီနောက်မှာတော့ နားရွက်တွေအထိ နီမြန်းနေရင်း သားဖြစ်သူကို ပြောလိုက်တယ်။ "မေမေ စားပြီးပြီ၊ မေမေက ဟုန်အာဟာကို မစားတော့ဘူး၊ ဟုန်အာပဲ စားနော်" သူမပြောရင်း ရွှီထင်းရှန်းကိုတော့ လှည့်တောင် မကြည့်ရဲပါဘူး။

ရွှီထင်းရှန်းကတော့ အခုမှပဲ ကျေနပ်သွားပြီး၊ ကျောက်အာ ကိုက်ထားတဲ့ နေရာလေးမှာတင် နောက်ထပ် တစ်ကိုက် ထပ်ပြီး ကိုက်လိုက်တော့တယ်။

ကျောက်အာရဲ့မျက်နှာကတော့ အခုဆိုရင် အရင်ထက် ပိုပြီးနီမြန်းသွားတော့တယ်။

******

130 01

အခန်း ၁၃၀ ပန်းဈေးမှ စိတ်ကူးသစ်နှင့် အတိတ်၏ အမာရွတ်များ

"တကယ့်ကို အရှက်သိက္ခာ မရှိလိုက်တာ"

ဆူညံပွက်လောရိုက်နေတဲ့ လမ်းမထက်မှာ၊ လမ်းဘေးကပ်ရပ် ရပ်ထားတဲ့ မြင်းလှည်းတစ်စီးထဲကနေ အဲဒီလိုမျိုး ခပ်တိုးတိုး ဝေဖန်ပုတ်ခတ်သံ ထွက်ပေါ်လာတယ်။

ယင်းကေ က တစ်ချက် မကျေမနပ် ရေရွတ်လိုက်ပြီး အပြင်ဘက်ကို ကြည့်နေတဲ့ သူမရဲ့ အကြည့်တွေကို ပြန်ရုပ်သိမ်းလိုက်ပါတယ်။

သူမရဲ့ဘေးမှာတော့ ကြာပွင့်ရောင် အပေါ်အင်္ကျီနဲ့ ဆင်စွယ်ရောင် စကတ်ရှည်ကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေပါတယ်။ သူမရဲ့အသားအရေက နှင်းလိုဖြူဖွေးပြီး ရုပ်ရည်ကလည်း အလွန်တရာ ကျော့ရှင်းလှပလွန်းသာမက တည်ကြည်တဲ့ အရှိန်အဝါလည်း ရှိနေပြန်ပါတယ်။ ဦးခေါင်းပေါ်မှာတော့ ဆွီယွင်ဆံထုံးကို ထုံးထားပြီး စိမ်းမြတဲ့ ကျောက်စိမ်းဆံထိုး တစ်ချောင်းတည်းကိုသာ ဆင်မြန်းထားတာကြောင့် လောကီအညစ်အကြေးကင်းစင်တဲ့ နတ်သမီးလေးတစ်ပါးလို မြင့်မြတ်တဲ့ အသွင်ဆောင်နေတယ်။

သူမဟာ ဝတ်စားထားတာကတော့ မိန်းကလေးတစ်ယောက်လို ဖြစ်ပေမဲ့၊ ဆံထုံး ထုံးထားပုံကတော့ အိမ်ထောင်သည် အမျိုးသမီးတစ်ဦးလို ဖြစ်နေတာကြောင့် သူမရဲ့အဆင့်အတန်းကို ခန့်မှန်းရ ခက်ခဲစေပါတယ်။

ဒီအမျိုးသမီးနဲ့ယင်းကေတို့ ကြည့်နေတဲ့ အရပ်ကတော့ အတူတူပါပဲ၊ အဲဒီနေရာကတော့ ပတ်ဝန်းကျင်မှာ အထူးခြားဆုံး မြင်ကွင်းတစ်ခု ရှိနေလို့ပါပဲ။

မူလက ယင်းကေက စနောက်တဲ့သဘောနဲ့ ဟိုဘက်မှာ ဝဝဖိုင့်ဖိုင့် လူတစ်ယောက်က လှပတဲ့ ဇနီးသည်လေးကို ရထားတာကြောင့် နွားချေးပုံပေါ် ပန်းတင်ထားသလိုပဲ လို့ ပြောပြနေတာပါ။ ဒါပေမဲ့ ဒီအမျိုးသမီး ကြည့်နေတာကတော့ အဲဒီ ဝတဲ့လူနဲ့ ပိန်တဲ့လူ ဇနီးမောင်နှံကို မဟုတ်ဘဲ၊ ကျောမှာ ကလေးပိုးထားတဲ့ အမျိုးသားကိုသာ ဖြစ်တယ်။

ကြည့်ရတာ လူငယ်လေးတစ်ယောက်လို့ ဆိုနိုင်တယ်။

အရွယ်က အရမ်းငယ်သေးပေမဲ့ အိမ်ထောင်ကျပြီး သားသမီးတောင် ရနေပြီပေါ့။

ဒီမိသားစု သုံးယောက်လုံးရဲ့ရုပ်ရည်က တကယ့်ကို ထူးခြားလှတယ်၊ အထူးသဖြင့် အဲဒီလူငယ် ဖခင်ဖြစ်သူဟာ အလွန်ကို ယဉ်ကျေးသိမ်မွေ့ပြီး၊ တည်ငြိမ်ရင့်ကျက်လှတယ်။ တောတောင်တွေကြားမှာ မားမားမတ်မတ် ရပ်တည်နေတဲ့ စိမ်းလန်းစိုပြည်တဲ့ ဝါးပင်တစ်ပင်လိုပဲ၊ သန့်ရှင်းစင်ကြယ်တဲ့ အရှိန်အဝါမျိုး ရှိနေတယ်။

သူဟာ သာမန်အဝတ်အစားကိုသာ ဝတ်ထားပြီး ကြည့်ရတာလည်း ချမ်းသာကြွယ်ဝပုံ မရပေမဲ့၊ သူ့ရဲ့ကိုယ်နေဟန်ထားကတော့ ဘယ်လိုမှ ဖုံးကွယ်လို့ မရတဲ့ မြင့်မြတ်တဲ့ အရှိန်အဝါမျိုး ထွက်ပေါ်နေတယ်။

ကြာပွင့်ရောင် ဝတ်စုံနဲ့ အမျိုးသမီးက ခဏလောက် ကြည့်ပြီးတဲ့နောက်၊ ဒီလူက ရုပ်ရည်ထူးခြားတယ် ဆိုပေမဲ့ သူမအတွက်တော့ ဒီထက်ထူးခြားတဲ့ သူတွေကို မြင်ဖူးထားတာကြောင့် သိပ်တော့စိတ်မဝင်စားပါဘူး။ သူမက ဘာလို့ ထပ်ခါတလဲလဲ ကြည့်နေမိသလဲဆိုရင်တော့ သူ ကလေးပိုးထားတဲ့ ပုံစံက ထူးခြားနေလို့ရယ်၊ နောက်ပြီး သူ့ကျောပေါ်က ကလေးလေးကလည်း သူ့အဖေနဲ့ တကယ့်ကို တစ်ပုံစံတည်း ဖြစ်နေလို့ပါပဲ။

အဲဒီနောက် ဘေးနားက အမျိုးသမီးကို ကြည့်လိုက်တဲ့အခါမှာတော့ ဒီမိန်းမဟာ အဖေနဲ့သားရဲ့ သိက္ခာကို ညှိုးနွမ်းစေတယ်လို့ သူမ စိတ်ထဲမှာ အကြောင်းမဲ့ ခံစားလိုက်ရတယ်။ အဲဒီဇနီးသည်လေးက ရုပ်မလှတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဘယ်လိုပြောရမလဲ... သူမရဲ့မျက်စိထဲမှာတော့ ဘယ်လိုမှ သဘောမကျနိုင် ဖြစ်နေတာ။

သူမ အကြည့်တွေကို လွှဲလိုက်ဖို့ ပြင်တုန်းမှာပဲ၊ အဲဒီယောကျာ်းက ရုတ်တရက် ပြုံးလိုက်ပြီး လက်ထဲက သကြားလုံးကို ဇနီးသည်ရဲ့ ပါးစပ်နား တိုးပေးကာ ခွံ့ကျွေးလိုက်တာကို မြင်လိုက်ရတယ်။ ဇနီးသည်လေးကလည်း ရှက်ကိုးရှက်ကန်းနဲ့ တစ်ကိုက် ကိုက်လိုက်တာကို မြင်တော့၊ ဒီမြင်ကွင်းက သူမအတွက်တော့ မျက်စိဆူးဖြစ်စရာ ကောင်းနေပါတယ်။

ဘာကြောင့်မှန်းမသိဘဲ သူမရဲ့ရင်ထဲမှာ မကျေမနပ် ဖြစ်သွားပြီး၊ လှပတဲ့ မျက်ခုံးအစုံကိုလည်း တွန့်ချိုးလိုက်မိတယ်။

130 02

"သခင်မလေး... ကျွန်မတို့ သွားကြရအောင်။ ဒီလမ်းက ဘုရားပွဲက စည်ကားတယ်ဆိုပေမဲ့ ကျွန်မကြည့်ရတာတော့ သာမန်ပါပဲ၊ နှစ်သစ်ကူး ပွဲတော်လောက် မစည်ပါဘူး။ သခင်မလေး အပြင်ထွက်လာတာလည်း ကြာပြီဆိုတော့၊ မင်းကတော်ကြီး သိသွားရင် ကျွန်မတော့ ဆူခံရပါတော့မယ်" ယင်းကေက သတိပေးလိုက်တယ်။

ဒီစကားကို ကြားတော့မှ အမျိုးသမီးက အကြည့်ကို ရုပ်သိမ်းလိုက်ပြီး သူမရဲ့အစေခံမလေးကို စိတ်မရှည်တဲ့ အကြည့်နဲ့ ကြည့်ကာ ဆိုလိုက်ပါတယ်။ "ဒါဆိုရင်လည်း သွားကြတာပေါ့" မူလကတော့ အပြင်ထွက်ပြီး လေကောင်းလေသန့် ရှူချင်ပေမဲ့၊ လူတွေ အရမ်းများပြီး လမ်းတွေ ပိတ်နေတာကြောင့် သူမရဲ့ စိတ်အာရုံတွေ ပျက်စီးသွားရတယ်။

ယင်းကေက လှည်းမောင်းသမားကို အချက်ပေးလိုက်တော့ မြင်းလှည်းက စတင်လှုပ်ရှားပြီး လူအုပ်ကြီးကြားထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်။

ဒီမြင်ကွင်းလေးကိုတော့ ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ လမ်းမပေါ်မှာ လှိုင်းလုံးတွေလို စီးဆင်းနေတဲ့ လမ်းသွားလမ်းလာတွေလိုပဲ၊ အရာအားလုံးဟာ ခဏတာ ဆုံတွေ့ခဲ့ကြတဲ့ ဧည့်သည်တွေသာ ဖြစ်ကြတာ။

ရွှီထင်းရှန်းကတော့ ကျောက်အာရဲ့ပါးစပ်ထဲကို သကြားလုံးတွေ အတင်းထပ်ထည့်ပေးချင်နေပေမဲ့၊ ကျောက်အာကတော့ ရှက်တာရော၊ ဝတာရောကြောင့် မစားချင်တော့ဘဲ အရှက်ပြေအောင် ရှေ့ကနေ ဦးဆောင်ပြီး လျှောက်သွားတော့တယ်။

ဒီပန်းဈေးဟာ ပန်းဈေးလို့ ခေါ်ထိုက်ပါတယ်။ အဖိုးတန် ရှားပါးပန်းတွေကနေစလို့ လမ်းဘေးက တောပန်းလေးတွေအထိ၊ အရာရာဟာ ပန်းပင်လယ်ကြီး တစ်ခုထဲကို ရောက်နေသလိုပါပဲ။

ဟဲဟွမ်း၊ ကျီဝေ၊ သလဲပန်း၊ စံပယ်ပန်း၊ နှင်းဆီ၊ နျောင်လော်၊ ခြောက်လပွင့်နှင်း၊ ရှီကျူ၊ ပန်းကျစ်လျန်စတဲ့ ပန်းမျိုးစုံ အစုံအလင်လည်း ရှိနေတယ်။ အထူးသဖြင့် ဒီပန်းသည်တွေရဲ့စိတ်ကူးစိတ်သန်းက တကယ်ကို ဆန်းကြယ်လှတယ်။ မူလက သစ်ပင်အမြင့်ကြီးတွေမှာ ပွင့်ရမယ့် ပန်းတွေကို သူတို့က ပန်းအိုးထဲမှာ စိုက်ပျိုးထားကြတယ်။ အဲဒီပန်းပင်လေးတွေကို အဆပေါင်းများစွာ သေးငယ်အောင် လုပ်ထားတာကြောင့်၊ ကြည့်လိုက်ရင် သက်ရှိပင်လို့တောင် မထင်ရဘဲ ကျောက်စိမ်းနဲ့ ထုဆစ်ထားတဲ့ ရုပ်တုလေးတွေလိုပဲ ဆန်းပြားလှပနေတယ်။

ကျောက်အာက ဒါကို ထူးထူးဆန်းဆန်း ကြည့်နေရင်းနဲ့ မသိစိတ်ကနေ လက်နဲ့ လှမ်းထိမိတဲ့အခါမှာတော့ ပန်းသည်က ဆတ်ဆတ်ခါအောင် အော်ဟစ်တားမြစ်တော့တယ်။

"မကိုင်နဲ့ ပျက်စီးသွားရင် ဒီပန်းအိုးရဲ့ တန်ဖိုးကို ခင်ဗျား လျော်နိုင်မှာ မဟုတ်ဘူး"

ဒီစကားက တကယ့်ကို လူကို အထင်အသေးဆုံး ပြောလိုက်တဲ့ စကားပါပဲ။ ကျောက်အာကလည်း မခံချင်စိတ်နဲ့ ဘယ်လောက်တန်သလဲလို့ မေးလိုက်တဲ့အခါ၊ ပန်းသည် ပြောလိုက်တဲ့ဈေးနှုန်းကြောင့် ကျောက်အာမှာ မှင်သက်သွားရတော့တယ်။

ဒီအမျိုးသမီးက တန်ဖိုးကို မသိတာမှန်း ပန်းသည်ကလည်း ရိပ်မိသွားပုံရသလို၊ သူကလည်း တမင်နှိမ်ချင်တာ မဟုတ်ပါဘူး။ ပစ္စည်းက တကယ်ပဲ တန်ဖိုးကြီးလွန်းတာကြောင့် တကယ်လို့သာ ပျက်စီးသွားရင် သူ လပေါင်းများစွာ အပင်ပန်းခံထားရသမျှ အချည်းနှီး ဖြစ်သွားမှာကို စိုးရိမ်လို့ပါပဲ။

ပန်းသည်က အားနာသလိုနဲ့ ရှင်းပြလိုက်တော့မှ ကျောက်အာလည်း စိတ်ဆိုးပြေသွားတော့တယ်။ တကယ်လို့သာ ဒီပစ္စည်းက တကယ့်အပင်စစ်စစ် ဖြစ်နေပြီး ဒီလောက်အထိ ဈေးကြီးမှန်းသိရင် သူမလည်း လက်နဲ့ လျှောက်ကိုင်မှာ မဟုတ်ပါဘူး။

အဲဒီအချိန်မှာ ဟုန်အာကို ပိုးထားတဲ့ ရွှီထင်းရှန်း ရောက်လာပြီး ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။ ကျောက်အာကတော့ စောစောက အဖြစ်အပျက်ကို မပြောတော့ဘဲ ဒီပန်းပင်လေးက လှပေမဲ့ အရမ်းဈေးကြီးတယ်လို့ပဲ ပြောပြလိုက်တယ်။

ဒီပန်းတစ်အိုးကို ငွေစင် ၅၀၀ သား တောင် ပေးရတာဆိုတော့ ကျောက်အာတို့လို သာမန်ရွာသားတွေအတွက်တော့ ဘယ်လိုမှ မတတ်နိုင်တဲ့ အရာပါပဲ။

130 03

ဒါပေမဲ့ ရွှီထင်းရှန်းကတော့ မအပါဘူး၊ သူ ဘာဖြစ်ခဲ့သလဲဆိုတာ ရိပ်မိလိုက်တယ်။ သူက အဲဒီပန်းသည်ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီးမှ ကျောက်အာကို ဆွဲခေါ်သွားတော့တယ်။

ပန်းသည်မှာတော့ အဲဒီလူငယ်ရဲ့ အေးစက်လှတဲ့ အကြည့်ကြောင့် မသိစိတ်နဲ့ ကျောချမ်းသွားရတယ်။ ဒါပေမဲ့ သူကလည်း အများကြီး မစဉ်းစားတော့ဘဲ သူ့ရဲ့ အရောင်းအဝယ်ကိုပဲ အာရုံပြန်စိုက်နေလိုက်တော့တယ်။

"တကယ့် ပန်းပင်အစစ် ပန်းအိုးတွေက ငွေစင် ၅၀၀ ထက်မက တန်ဖိုးရှိသလို၊ ဒီလို လမ်းဘေးမှာလည်း ချရောင်းမှာ မဟုတ်ဘူး" ရွှီထင်းရှန်းက လမ်းလျှောက်ရင်း ကျောက်အာကို ရှင်းပြလိုက်တယ်။

ကျောက်အာက မျက်လုံးလေး ကလယ်ကလယ်နဲ့ မယုံကြည်နိုင်စွာ မေးတယ်။ "ဒါဆို နင်ပြောချင်တာက အဲဒီပန်းက အတုကြီးလား" သူမက စောစောက ကိုင်ကြည့်ခဲ့တာလေ၊ ပန်းပွင့်လေးတွေက နူးညံ့နေတာမို့လို့ အတုလို့တော့ သူမ မထင်ပါဘူး။

"အတုတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ စိုက်ပျိုးတဲ့ နည်းစနစ်က မှားနေတာကြောင့် အသက်က သိပ်မရှည်ပါဘူး။ အခုတော့ ပွင့်နေတာ မြင်ရပေမဲ့ ရက်အနည်းငယ် ကြာရင်တော့ အကုန်ကြွေသွားလိမ့်မယ်။ အပင်ကတော့ မသေပေမဲ့ နောက်ထပ် ပန်းပြန်ပွင့်ဖို့ကတော့ မလွယ်တော့ဘူး"

"ဟော... ဒါဆိုရင် အဲဒီလူက လူတွေကို လိမ်ရောင်းနေတာပေါ့"

ရွှီထင်းရှန်းက ခပ်အေးအေးပဲ ပြုံးလိုက်ရင်း "လိမ်တာတော့ မဟုတ်ပါဘူး၊ တကယ့်အဆင့်မြင့် ပန်းအိုးတစ်လုံး ဖြစ်ဖို့ဆိုရင် နှစ်ပေါင်းများစွာ ပြုစုရတာလေ။ သူတို့လို ပွဲစားတွေက ဘယ်မှာ အချိန်အကြာကြီး စောင့်နိုင်ပါ့မလဲ၊ မိသားစု ငတ်ကုန်မှာပေါ့။ ဒါကြောင့် သူတို့က ပုံစံလေး ရအောင်ပဲ လုပ်ထားတာ၊ အနှစ်သာရကတော့ မပါဘူး။ ဒီရာသီ တစ်ရာသီပဲ ခံမှာပါ။ အဲဒါကြောင့်လည်း သူတို့က ရာဂဏန်းလောက်နဲ့ ရောင်းနေတာပေါ့၊ တကယ့် အဆင့်မြင့် ပစ္စည်းဆိုရင် တစ်အိုးကို ထောင်ဂဏန်းလောက်အထိ တန်တာလေ"

ကျောက်အာက အစကတော့ အံ့သြသွားပြီးမှ၊ နောက်ပိုင်းမှာ သံသယဖြစ်လာပါတယ်။ "နင်က ဒါတွေကို ဘယ်လိုလုပ် သိနေတာလဲ"

ရွှီထင်းရှန်းက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ဖြေလိုက်တယ်။

"တခြားသူတွေ ပြောတာ ကြားဖူးလို့ပါ"

ကျောက်အာက ခေါင်းညိတ်လိုက်ပေမဲ့ စဉ်းစားခန်းထဲကို ရောက်သွားတော့တယ်။ အတန်ကြာမှ သူမက ခေါင်းမော့လာပြီး မေးလိုက်တယ်။ "ဒါနဲ့... တကယ်လို့ ငါတို့က အခုလိုမျိုး ပန်းအတုတွေကို လုပ်ပြီး ရောင်းမယ်ဆိုရင် ဘယ်လောက်ရမလဲ"

ရွှီထင်းရှန်းကတော့ သူမ ဘာဆိုလိုသလဲဆိုတာကို ချက်ချင်း သဘောမပေါက်သေးဘူး။

ကျောက်အာက ဆက်ပြောလိုက်တယ်။ "ငါပြောတာက ပန်းသည်တွေ ရောင်းတဲ့ အပင်အတု မဟုတ်ဘူး၊ တစ်ခုလုံးကို အတုလုပ်မှာ။ ပန်းအိုးနဲ့ မြေကြီးကတော့ အစစ်သုံးမယ်၊ ဒါပေမဲ့ ပန်းတွေကိုတော့ တခြားအရာတွေနဲ့ အစားထိုးမယ်လေ။ ဥပမာ ပန်းပွင့်တွေကို ပိုးထည်တွေနဲ့ လုပ်မယ်၊ သစ်ကိုင်းတွေကိုတော့ သစ်သားနဲ့ လုပ်မယ်..."

သူမ ပြောရင်းပြောရင်းနဲ့ ခေါင်းထဲမှာ စိတ်ကူးတွေက ပိုပြီး ပွင့်လင်းလာတာကြောင့် အလွန်ကိုစိတ်လှုပ်ရှားလာတော့တယ်။ "တစ်ရာသီပဲခံတဲ့ ပန်းတွေကိုတောင် လူတွေက ရာဂဏန်းပေးပြီး ဝယ်နေကြတာပဲ၊ ကျွန်မတို့က သေသေချာချာ အတုလုပ်မယ်ဆိုရင် ဝယ်မယ့်သူ ရှိမှာ အသေအချာပဲ။ ပြီးတော့ ဒီတစ်မျိုးတည်းတင် မဟုတ်ဘဲ အမျိုးစုံ လုပ်လို့ရတာပဲလေ။ ပန်းပင်တွေတင်မကဘူး၊ ခေါင်းပတ်ပန်းတွေ၊ ပိုးပန်းတွေကိုပါ တကယ့်အစစ်နဲ့ မခြားအောင် လုပ်နိုင်မယ်ဆိုရင်၊ အရောင်းအဝယ်အတွက် ပူစရာ လိုတော့မှာ မဟုတ်ဘူး"

နေရောင်ခြည်နုနုအောက်မှာ ကျောက်အာရဲ့ မျက်လုံးအစုံဟာ တောက်ပလှတဲ့ ကြယ်ပွင့်လေးတွေလိုပဲ ဝင်းလက်နေတယ်။

130 04

ရွှီထင်းရှန်းမှာတော့ မှင်သက်သွားရပြီး သူ့ရဲ့မျက်စိထဲမှာတော့ မြင်ကွင်းတစ်ခု ပေါ်လာတယ်။ ဆောင်းတွင်းကြီးမှာ နှင်းတွေ ထူထူကျနေပေမဲ့၊ လမ်းမတွေနဲ့ အိမ်တော်တွေထဲမှာတော့ ရောင်စုံပန်းတွေဟာ အမြဲတမ်း လှပပွင့်လန်းနေမယ့် မြင်ကွင်းမျိုးပေါ့။

သူမက နောက်ထပ် လမ်းသစ်တစ်ခုကို ရှာတွေ့ပြန်ပြီလား။

ဘာကြောင့်မှန်းမသိဘဲ သူလည်း အတော်လေးကို မျှော်လင့်မိသွားတယ်။

အဲဒီအချိန်မှာ မောက်ပါ့သိုတို့ ရောက်လာကြတယ်။ မောက်ပါ့သိုကတော့ ရွှီထင်းရှန်းတို့ ဘာလို့အမြန်လျှောက်သွားပြီး သူတို့ကို မစောင့်တာလဲဆိုပြီး ညည်းတွားနေတာ။ ကျောက်အာကတော့ သူမရဲ့စကားကို ရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ "ငါတို့ မလည်တော့ဘူး၊ အိမ်ပြန်ကြရအောင်။ ပြောစရာ ကိစ္စတစ်ခု ရှိလို့"

"ဘာကိစ္စလဲ"

"စီးပွားရေးနဲ့ ပတ်သက်တဲ့ စိတ်ကူးသစ်လေ"

လမ်းမှာလည်း လူတွေက အရမ်းများပြီး တစ်ယောက်နဲ့တစ်ယောက် တိုးဝှေ့နေရတာမို့လို့၊ မောက်ပါ့သိုတို့ကလည်း လည်ချင်တဲ့စိတ် ပျောက်နေကြပါပြီ။ အခု ကျောက်အာက ပြန်မယ်ဆိုတော့ အားလုံးပဲ သဘောတူပြီး အိမ်ကို ပြန်ခဲ့ကြတယ်။

အိမ်ပြန်ရောက်တဲ့အခါမှာတော့ ချန်ရှို့လန်ဟာ အိမ်ရှေ့မှာ ထိုင်ပြီး အပြင်ကို ကြည့်နေတယ်။ သူမက အားလုံး ပြန်ဝင်လာတာ မြင်တော့ မသိစိတ်ကနေ အခန်းထဲကို ပြန်ဝင်ပုန်းဖို့ လုပ်လိုက်တယ်။ နောက်မှ သူမက ဒါဟာ မသင့်တော်ဘူးလို့ သိသွားပုံရပြီး၊ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ထွက်လာကာ တစ်ယောက်ချင်းစီကို နှုတ်ဆက်လိုက်တော့တယ်။

ဒီမိန်းကလေးက အသက် ၁၂၊ ၁၃ နှစ်လောက်ပဲ ရှိသေးတယ်ဆိုပေမဲ့ အလွန်ကို ပိန်လှီပြီး ဆံပင်တွေကလည်း ပါးပါးဝါဝါလေးနဲ့ ဖြစ်နေတာကြောင့် ကြည့်လိုက်တာနဲ့ သနားစရာ ကောင်းလှတယ်။

ဒီလိုမျိုး ချန်ရှို့လန်ကို မြင်လိုက်ရတဲ့အခါ ကျောက်အာရဲ့ရင်ထဲမှာ အကြောင်းမဲ့ သနားစိတ်တွေ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်ပါဘူး၊ ဒီကို ရောက်တာ ကြာပြီဖြစ်ပေမဲ့ ချန်ရှို့လန်ကတော့ လူကြောက်တဲ့စိတ်ကို မဖျောက်နိုင်သေးပါဘူး။

ကျောက်အာက အစကတော့ ဘာကြောင့်လဲဆိုတာ မသိခဲ့ပေမဲ့ ဒါဟာ အတိတ်က အကြောင်းရင်းတွေ ရှိခဲ့လို့ဆိုတာ နောက်မှ ရွှီထင်းရှန်း ပြောပြလို့သာ သိလိုက်ရတယ်။

ချန်ကျန်းရဲ့အဖေက ထုံရှန်း တစ်ယောက်ဖြစ်ပြီး ရွာမှာ တစ်ဦးတည်းသော စာတတ်ပေတတ်သူပါ။ မူလက ချန်မိသားစုရဲ့ဘဝဟာ အေးချမ်းသာယာခဲ့ပါတယ်။ ဒါပေမဲ့ ချန်ကျန်းရဲ့အဖေ နာတာရှည် ဖျားနာရာကနေ အရာရာ ပြောင်းလဲသွားခဲ့တယ်။ အရင်ဆုံးတော့ အဖေဖြစ်သူရဲ့ ရောဂါကုသဖို့အတွက် အိမ်မှာရှိတဲ့ ပိုင်ဆိုင်မှုတွေ အကုန်ကုန်ပြီး မွဲပြာကျသွားခဲ့ရတယ်။ အဖေဖြစ်သူ ကွယ်လွန်သွားတဲ့အခါမှာတော့ အရင်က ပြုံးပြုံးရွှင်ရွှင်နဲ့ ဆက်ဆံခဲ့တဲ့ ဆွေမျိုးတွေအားလုံး မျက်နှာလွှဲသွားကြတော့တယ်။

အတိုချုပ်ပြောရရင်တော့ မိဘမဲ့သားအမိ သုံးယောက် ကြုံတွေ့ရမယ့် ဒုက္ခမှန်သမျှကို ချန်ကျန်းတို့ မောင်နှမတွေ အကုန်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ ချန်ကျန်းရဲ့အမေဟာလည်း ပင်ပန်းလွန်းလို့ ရောဂါရပြီး ဆုံးပါးသွားခဲ့ပြန်တယ်။ အဲဒီတော့မှ ချန်ကျန်းနဲ့ ညီမလေးချန်ရှို့လန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တာ။

အဲဒီအချိန်မှာတော့ ချန်မိသားစုရဲ့ အိမ်နဲ့ လယ်မြေတွေဟာလည်း မရှိသလောက် ဖြစ်သွားပါပြီ။ ဒါတောင်မှ ချန်ကျန်းက စာဖတ်တာကို လက်မလျှော့ခဲ့ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ မိဘနှစ်ပါးစလုံး ကွယ်လွန်ခါနီးမှာ သားဖြစ်သူကို ဂုဏ်ထူးဆောင်ဘွဲ့ရပြီး မိသားစုရဲ့ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ပေးဖို့ အမြဲတမ်း မှာကြားသွားခဲ့လို့ပါပဲ။

ဒါပေမဲ့ ချန်ကျန်းက ကျောင်းသွားတက်ရမှာဖြစ်လို့ ညီမလေးကို ခေါ်သွားလို့ မရတာကြောင့် အိမ်မှာပဲ တစ်ယောက်တည်း ထားခဲ့ရတယ်။ အစကတော့ ချန်ကျန်း ဘာမှမသိခဲ့ပေမဲ့ နောက်မှ မတော်တဆ သိလိုက်ရတာကတော့ ညီမဖြစ်သူဟာ ဆွေမျိုးတွေဖြစ်တဲ့ ဝမ်းကွဲမောင်နှမတွေရဲ့ နှိပ်စက်ခြင်းကို အမြဲတမ်း ခံနေခဲ့ရတယ် ဆိုတာကိုပဲ။

130 05

တကယ်တော့ အခုချန်ရှို့လန်က အရင်ထက် အများကြီး တော်လာပါပြီ။ အရင်ကဆိုရင် အစ်ကို မရှိရင် အပြင်ကို လုံးဝ မထွက်ရဲပါဘူး၊ အခုတော့ အနည်းဆုံးတော့ အခန်းပြင်ထွက်ရဲပြီး တခြားသူတွေနဲ့လည်း စကားပြောရဲလာပါပြီ။

"ရှို့လန်လေး... အစ်မကို ကူညီပြီး ဟုန်အာလေးကို ခဏလောက် ကြည့်ပေးထားလို့ ရမလား။ အစ်မက အစ်မထောက်အာတို့နဲ့ ပြောစရာ ကိစ္စလေး ရှိလို့ပါ" ကျောက်အာက နူးညံ့စွာ ပြောလိုက်တယ်။

ချန်ရှို့လန်ဟာ လိမ္မာပါးနပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်ပြီး ကျောက်အာဆီကနေ ဟုန်အာလေးကို လွှဲပြောင်းယူလိုက်တယ်။ ဟုန်အာလေးကတော့ မြေပြင်ပေါ် ခြေချမိတာနဲ့ နေရာအနှံ့ကို ပြေးလွှားဆော့ကစားနေတာကြောင့်၊ သူမလည်း အနောက်ကနေ စိတ်ရှည်လက်ရှည်နဲ့ တကောက်ကောက် လိုက်ကြည့်ပေးနေရှာတယ်။

ကျောက်အာကတော့ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိတယ်။ ဒီလို လူကြောက်တတ်တဲ့ အခြေအနေမျိုးဟာ တစ်ရက်နှစ်ရက်အတွင်း ပြောင်းလဲဖို့ မလွယ်ကူမှန်း သူမ သိနေတာကြောင့်၊ စိတ်ကို အတည်ပြုပြီး အခန်းထဲကို ဝင်လာခဲ့ကာ ရွှီထောက်အာတို့နဲ့အတူ စောစောက သူမ ရရှိခဲ့တဲ့ စိတ်ကူးသစ်တွေကို စတင်ဆွေးနွေးတော့တယ်။ ကျောက်အာဆိုတာကတော့ ဘာမဆိုပြောပြီးရင် ချက်ချင်း လက်တွေ့အကောင်အထည်ဖော်တတ်တဲ့ လက်တွေ့သမား မဟုတ်လား။ ရွှီထောက်အာနဲ့ လင်းယန့်ရန်တို့ဟာလည်း အပ်ချုပ်လက်ရာ ကောင်းမွန်ကြသူတွေမို့လို့၊ အရောင်ရွေးချယ်တာနဲ့ အထည်စ ရွေးချယ်တဲ့ နေရာတွေမှာ ကျောက်အာကို အကြံဉာဏ်တွေ အများကြီး ပေးနိုင်ကြတယ်။ ပိုးပန်းလုပ်တဲ့အတတ်ကလည်း အထူးဆန်း လျှို့ဝှက်ချက် တစ်ခုမဟုတ်တာကြောင့် သူတို့ သုံးယောက်သား အချင်းချင်း တိုင်ပင်လိုက်၊ ပြုပြင်လိုက်နဲ့ အကြိမ်ကြိမ် စမ်းသပ်ခဲ့ကြတယ်။ အောင်မြင်တာ ရှိသလို၊ မအောင်မြင်ဘဲ ဖျက်လိုက်ရတဲ့ စိတ်ကူးတွေလည်း အများကြီးပါပဲ။ အတိုချုပ်ပြောရရင်တော့ ရက်အတော်ကြာအောင် သူတို့အားလုံး အလုပ်တွေနဲ့ လုံးပန်းနေခဲ့ကြရတာ။

ချန်ရှို့လန်ကတော့ သူတို့တွေ ဒီလောက်အထိ အလုပ်ရှုပ်နေတာကို မြင်တဲ့အခါ၊ အစ်ကိုဖြစ်သူ မှာကြားထားတဲ့အတိုင်း အိမ်သူအိမ်သားတွေကို ကူညီဖို့နဲ့ အစ်မကျောက်အာတို့နဲ့ စကားများများ ပြောဖို့ဆိုတာကို သတိရပြီး ဘေးကနေ ဝိုင်းကူပေးနေပါတယ်။ ကျောက်အာတို့တစ်ဖွဲ့လုံး ပန်းတစ်ပွင့်ကို ကပ်နိုင်ဖို့အတွက် အချိန်တွေ အများကြီး ကုန်ဆုံးပြီး ပင်ပန်းနေကြတာကို ကြည့်ရင်း၊ သူမဟာ ဘေးကနေ တိတ်တဆိတ် စဉ်းစားခန်း ဝင်နေတာပေါ့။ နှစ်ရက်လောက် စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ဒီနေ့မှာ သူမက ရုတ်တရက် အကြံပြုလိုက်ပါတယ်။ "အစ်မကျောက်အာ... ကျွန်မ ကြည့်ရသလောက်တော့ ဒီအထည်စတွေကို ကော်တင်ရတာ တကယ်ကို ပင်ပန်းပါတယ်။ ပြီးတော့ ပုံစံရဖို့အတွက် မီးနဲ့ ကင်ရသေးတယ်၊ တကယ်လို့ လက်က အားနည်းနည်း လွန်သွားတာနဲ့ ပန်းတစ်ပွင့်လုံး ပျက်စီးပြီး အစက ပြန်လုပ်ရတာပဲ။ အဲဒီတော့လေ... တစ်ခုခုကို သုံးပြီး ပန်းပုံစံလေး အရင်လုပ်၊ ပြီးမှ အဲဒီအပေါ်မှာ အဝတ်စကို အုပ်လိုက်ရင် မကောင်းဘူးလား။ အဲဒီအရာက အဝတ်စကိုလည်း ထောက်ထားပေးနိုင်သလို၊ ပျော့ချင်ရင် ပျော့၊ မာချင်ရင် မာအောင် လုပ်လို့ရမယ်ဆိုရင် ပန်းပွင့်လေးတွေရဲ့ အနားသတ်တွေကို လုပ်ရတာ ပိုပြီးတော့ အဆင်ပြေသွားမှာပါ..."

ကျောက်အာက သူမကို မျက်တောင်မခတ် စိုက်ကြည့်နေတာကို မြင်တော့၊ ချန်ရှို့လန်လေးမှာ ကြောက်သွားပြီး အမြန်ပဲ ပြန်ပြောရှာတယ်။ "ကျွန်မက ဒီတိုင်းပဲ လျှောက်ပြောလိုက်တာပါ... အစ်မကျောက်အာ စိတ်ထဲ မထားပါနဲ့နော်။"

"နေဦး... နင်ပြောတာက ပျော့ချင်ပျော့၊ မာချင်မာတဲ့ အရာတစ်ခုကို သုံးပြီး အဝတ်စကို ထောက်ထားမယ် ဟုတ်လား..."

ချန်ရှို့လန်ကတော့ လက်နှစ်ဖက်ကို ပွတ်ရင်း စိတ်လှုပ်ရှားစွာနဲ့ ပြောလာတယ်။ "ကျွန်မက စိတ်ကူးယဉ်ပြီး လျှောက်ပြောမိတာပါ..."

130 06

ကျောက်အာက သူမရဲ့စကားကို ဖြတ်လိုက်ပြီး လင်းယန့်ရန်ကို လှည့်မေးလိုက်ပါတယ်။ "အစ်မယန့်ရန်... အဝတ်စကိုလည်း ထောက်ထားပေးနိုင်မယ်၊ ပျော့ပျော့မာမာလည်း ဖြစ်မယ်ဆိုတဲ့ အရာမျိုး ဘာရှိမလဲ"

"ဒါကတော့"

"ပြီးတော့ ပုံစံကိုလည်း စိတ်ကြိုက် ပြောင်းလဲလို့ ရရမယ်နော်"

လင်းယန့်ရန်က ခဏလောက် စဉ်းစားပြီးမှ ဝေခွဲမရစွာနဲ့ ပြန်ပြောလိုက်တယ်။ "အဝတ်စကို ထောက်ထားမယ်ဆိုရင်တော့ အပ်ချုပ်တဲ့အခါ သုံးတဲ့ အဝတ်ကျပ်ကွင်းကိုပဲ ပြေးမြင်မိတယ်။ အဲဒါကိုတော့ သစ်သား ဒါမှမဟုတ် ဝါးနဲ့ လုပ်တာလေ။ ဝါးကို သုံးရင်ကော အဆင်ပြေမလား ဝါးကတော့ အကြောအတော်လေး ကောင်းပါတယ်။ ဒါပေမဲ့" သူမက ခဏရပ်လိုက်ပြီး အခက်တွေ့နေတဲ့ ပုံစံနဲ့ပြောလိုက်တယ်။ "ဒါပေမဲ့ ပုံစံကို စိတ်ကြိုက် ပြောင်းလဲဖို့ဆိုတာကတော့ ဝါးနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ထင်တယ်"

အားလုံးဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ချန်ရှို့လန် ပြောတဲ့အချက်တွေကို လုပ်ဆောင်နိုင်မယ့် အရာကို ဘယ်လိုမှ စဉ်းစားလို့ မရကြဘူး။ ချန်ရှို့လန်မှာတော့ ပိုပြီး အနေရခက်လာပြီး ငါတော့ ပြဿနာရှာမိပြီ လို့ တွေးကာ၊ သူမဟာ စိတ်ကူးယဉ်ပြီး လျှောက်ပြောတာပါလို့ ကျောက်အာကို အကြိမ်ကြိမ် တောင်းပန်နေတော့တယ်။ ဒါပေမဲ့ ကျောက်အာကတော့ ဒီအချက်ကို အသေအချာ ဆုပ်ကိုင်ထားပါတယ်။ ဘယ်သူမှ စဉ်းစားမရတော့တဲ့ အခါမှာတော့ သူမဟာ ထုံးစံအတိုင်း ရွှီထင်းရှန်းကိုပဲ ပြေးသတိရတော့တယ်။

သူမဟာ ရွှီထင်းရှန်း ရှိရာဆီကို အပြေးအလွှား သွားခဲ့တယ်။ ကျောက်အာ ရှင်းပြတာတွေကို နားထောင်ပြီးတဲ့နောက် ရွှီထင်းရှန်းက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်တယ်။

"တကယ်တော့ မင်းပြောတဲ့အတိုင်း လုပ်နိုင်တဲ့အရာတွေ အများကြီး ရှိပါတယ်။ ရွှေ သို့မဟုတ် ငွေနဲ့ လုပ်ထားတဲ့ အရာတွေဆိုရင် ရတာပေါ့။ အဲဒီလို လုပ်ရအောင်... ငါ ခဏနေရင် အပြင်သွားလိုက်ဦးမယ်၊ ပန်းပဲဖိုမှာ မင်းပြောတဲ့ အရာမျိုး ရှိနိုင်တယ်"

အဲဒီနောက်မှာတော့ ရွှီထင်းရှန်းဟာ အပြင်ကို ထွက်သွားတယ်။ နာရီဝက်လောက် ကြာတဲ့အခါမှာတော့ သူ ပြန်ရောက်လာပြီး ကျောက်အာရဲ့ လက်ထဲကို လိပ်ထားတဲ့ အရာတစ်ခု ကမ်းပေးလိုက်ပါတယ်။ တစ်ခုလုံး နက်မှောင်နေပြီး ဆံပင်အနည်းငယ်စာလောက်ပဲ အထူရှိပါတယ်။ ဒါကို သံနန်းကြိုးလို့ ခေါ်ကြောင်းနဲ့ ပန်းပဲဖိုမှာ လုပ်လို့ရကြောင်း ရွှီထင်းရှန်းက ရှင်းပြလိုက်တယ်။

ကျောက်အာကတော့ အဲဒီပစ္စည်းကို ရတာနဲ့ အလွန်ကို ဝမ်းသာအားရ ဖြစ်သွားပြီး ချက်ချင်းပဲ လှည့်ထွက်သွားတော့တယ်။ အဲဒီသံနန်းကြိုးကို ရွှီထောက်အာတို့ဆီ ယူပြပြီးတာနဲ့ အားလုံး ဝိုင်းပြီး လက်တွေ့စမ်းသပ်လိုက်ကြတယ်။ အဲဒီထဲမှာ ချန်ရှို့လန်ရဲ့လှုပ်ရှားမှုက အမြန်ဆုံးပါပဲ။ ဒီစိတ်ကူးက သူမဆီက စတာဖြစ်လို့ ဘယ်လိုလုပ်ရမလဲဆိုတာကို သူမက အသိဆုံး မဟုတ်လား။ သူမဟာ သံနန်းကြိုးကို အဝိုင်းလေး တစ်ခုလုပ်ပြီး အမြီးဘက်မှာ နည်းနည်း ချန်ထားလိုက်ပါတယ်။ အဲဒီနောက်မှာတော့ သင့်တော်တဲ့ ပိုးထည်စ တစ်ခုကို ရွေးပြီး အဲဒီသံဝိုင်းလေးပေါ်မှာ အုပ်လိုက်ပါတယ်။ သူမဟာ အဲဒီလိုမျိုး အခုပေါင်းများစွာကို ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ ဆယ်ခုကျော်လောက် ပြီးသွားတဲ့အခါမှာတော့ တစ်ခုကို ယူပြီး ပန်းငုံပုံစံလေး ဖြစ်အောင် ညှစ်လိုက်ကာ၊ ကျန်တဲ့ ပန်းပွင့်ဖတ်လေးတွေကို အဲဒီပန်းငုံဘေးမှာ တစ်ခုချင်းစီ စီစီရီရီ ချလိုက်ပြီး နောက်ဆုံးမှာတော့ အမြီးဘက်ကို ချည်ကြိုးနဲ့ တင်းတင်းချည်လိုက်ပါတော့တယ်။

ချည်ပြီးသွားတဲ့ အခါမှာတော့ သူမဟာ လက်နဲ့ ပန်းပွင့်ဖတ်လေးတွေကို ဟိုဘက်ဒီဘက် လှန်ပြီး နေရာတွေကို ချိန်ညှိလိုက်ပါတယ်။ ပန်းပွင့်ဖတ်တွေရဲ့ အနားသတ်မှာ သံနန်းကြိုး ပါနေတာကြောင့် ပုံဖော်ရတာက အလွန်ကို လွယ်ကူလှပါတယ်။ သူမရဲ့သွယ်လျလှတဲ့ လက်ချောင်းလေးတွေက အထက်အောက် ဖျတ်ဖျတ်လတ်လတ် လှုပ်ရှားသွားပြီး၊ ခဏလေးအတွင်းမှာတင် ပန်းအတု တစ်ပွင့် ပေါ်ထွက်လာတော့တယ်။ ပန်းတစ်ခုလုံးက ပန်းနုရောင် သန်းနေပြီး အလွန်ကို နုနယ်လှပလှပါတယ်၊ ပန်းပွင့်ဖတ်လေးတွေကလည်း လိပ်နေသလိုလို၊ ဖြန့်နေသလိုလိုနဲ့ တကယ့်အစစ်အတိုင်း တထပ်တည်း ကျနေတာ။ တစ်ခုပဲ လိုနေတာက အစိမ်းရောင် သစ်ရွက်လေးတွေနဲ့ ပန်းဝတ်ဆံလေးတွေပါပဲ။

130 07

"အစ်မကျောက်အာ... ကြည့်ပါဦး၊ အခုလိုဆိုရင် အများကြီး ပိုမလွယ်သွားဘူးလား။ အရင်လို အကြိမ်ကြိမ် ကော်တင်စရာ၊ မီးကင်စရာ၊ အနားသတ်တွေ ဖိစရာ မလိုတော့ဘူးလေ။ ပန်းပွင့်ဖတ်တွေရဲ့ ကွေးညွတ်မှုကိုလည်း စိတ်ကြိုက်ညှိလို့ရပါတယ်။ သစ်ရွက်နဲ့ ဝတ်ဆံတွေကတော့ အရင်က အစ်မတို့ လုပ်တဲ့အတိုင်းပဲ သုံးလို့ရမယ်လို့ ထင်ပါတယ်၊ ဒါမှမဟုတ် နည်းနည်း ပြန်ပြင်လို့လည်း ရတာပေါ့" ချန်ရှို့လန်က ပြောလိုက်တယ်။ သူမဟာ ပြောရင်းဆိုရင်းနဲ့ လက်ကလည်း မနားဘဲ၊ ကျောက်အာတို့ အရင်က လုပ်ထားတဲ့ ပန်းဝတ်ဆံနဲ့ သစ်ရွက်လေးတွေကို ပန်းထဲမှာ ထည့်လိုက်တဲ့အခါ၊ ပန်းပွင့်လေးဟာ ချက်ချင်းပဲ အသက်ဝင်သွားတော့တယ်။

တကယ်တော့ ကျောက်အာတို့ကို အမြဲတမ်း ဒုက္ခပေးနေတဲ့ အရာက ပန်းလုပ်တဲ့ အဆင့်တွေ များလွန်းတာတင်မကဘဲ၊ အရေးကြီးဆုံးဖြစ်တဲ့ ပုံစံထိန်းသိမ်းမှုပြဿနာပါပဲ။ အခု ဈေးကွက်ထဲမှာ ရောင်းနေတဲ့ ပိုးပန်းတွေဟာ အဝတ်စနဲ့ပဲ လုပ်တာဖြစ်လို့၊ အကြီးနဲ့အသေး နှစ်မျိုးပဲ ရှိတာပါ။ အသေးလေးတွေကတော့ ဈေးအချိုဆုံးဖြစ်ပြီး၊ ပန်းအကြီးကြီး တစ်ပွင့်ဆိုရင်တော့ အသေးထက် ဈေးက အဆပေါင်းများစွာ ပိုကြီးတယ်။ အကြောင်းရင်းကတော့ အဝတ်စက နူးညံ့လွန်းတာကြောင့် ပန်းပွင့်ကြီးလေ ပန်းပွင့်ဖတ်တွေကလည်း ကြီးလေဖြစ်ပြီး ပုံစံကို ထိန်းထားဖို့ မဖြစ်နိုင်လို့ပါပဲ။ အဲဒီလို ပုံစံထိန်းချင်ရင်တော့ ကော်တင်ပြီး မီးနဲ့ ကင်ရပါတယ်။ ဒါပေမဲ့ အဲဒီလို လုပ်လိုက်ရင်လည်း ပန်းက အသက်မပါဘဲ တောင့်တောင့်ကြီး ဖြစ်နေတတ်တာ။ ပန်းကို အစစ်နဲ့တူအောင် လုပ်ဖို့ဆိုရင် ပန်းလုပ်တဲ့သူတွေဟာ အဆင့်တွေ အများကြီး ထပ်လုပ်ရတယ်။ ဥပမာ သံပူနဲ့ ဖိပြီး ပန်းပွင့်ရဲ့ အကြောတွေကို ဖော်ရတာမျိုး၊ မီးနဲ့ ကွေးရတာမျိုးတွေကြောင့် ပန်းတစ်ပွင့် ရဖို့အတွက် လူအားရော စိတ်အားပါ အများကြီး ရင်းနှီးရတာပါ။ အခု ချန်ရှို့လန်ရဲ့ နည်းလမ်းကတော့ အဲဒီအားနည်းချက်တွေကို ကောင်းကောင်းကြီး ဖြေရှင်းပေးနိုင်သလို၊ လုပ်ဆောင်ရတဲ့ အရှိန်ကိုလည်း အများကြီး မြှင့်တင်ပေးလိုက်တာ ဖြစ်တယ်။

"ရှို့လန်... မင်းရဲ့လက်က တကယ့်ကို ပါးနပ်တာပဲ"

ကျောက်အာတို့ တစ်ဖွဲ့လုံးက အံ့သြတကြီး ချီးကျူးလိုက်ကြတဲ့အခါမှာတော့၊ ချန်ရှို့လန်ဟာ ဒီလိုမျိုး တစ်ခါမှ မကြုံဖူးတာကြောင့် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းလေး ငုံ့သွားရှာတယ်။ "ကျွန်မလည်း အားနေတာနဲ့ လျှောက်တွေးမိတာပါ"

"မင်းရဲ့ စိတ်ကူးက တကယ်ကို ကောင်းတာပဲ၊ ဘာလို့ လျှောက်တွေးတယ်လို့ ပြောရမှာလဲ။ ငါတို့က အခုမှ စမ်းသပ်နေတဲ့ အဆင့်ဆိုတော့ ဒီလိုမျိုး စိတ်ကူးသစ်တွေက တကယ်လိုအပ်တာ။ နောက်ဆိုရင် မင်းလည်း ငါတို့နဲ့အတူ ပန်းတွေ ဝိုင်းလုပ်ရမယ်၊ ဘာစိတ်ကူးရှိရှိ အကုန်ပြောပါ။ ငါတို့ အချင်းချင်း တိုင်ပင်ပြီး ဒီစီးပွားရေးကို အောင်မြင်အောင် လုပ်ကြတာပေါ့..." ကျောက်အာက အားပေးလိုက်တယ်။

အဲဒီနောက်ပိုင်း နေ့ရက်တွေမှာတော့ ကျောက်အာတို့ဟာ ပန်းလုပ်တဲ့ အလုပ်ထဲမှာပဲ အပတ်တကုတ် အားစိုက်နေကြတော့တယ်။ ချန်ရှို့လန်ဟာလည်း ပထမဆုံးအကြိမ် တာဝန်ကြီးတစ်ခုကို အပ်နှင်းခံရသလို၊ အားလုံးရဲ့ချီးကျူးမှုကိုလည်း ရထားတာကြောင့် အလွန်ကို စိတ်လှုပ်ရှား တက်ကြွနေပြီး ပန်းလုပ်တဲ့နေရာမှာလည်း အထူးပဲ အာရုံစိုက်လာတယ်။ နေ့တိုင်း သူမရဲ့ လက်ထဲမှာ သံနန်းကြိုးတွေ၊ အထည်စတွေနဲ့အတူ ပန်းမျိုးစုံကို ထိုးလုပ်နေတာကို မြင်တွေ့ရတယ်။ သူမဟာ အခုဆိုရင် လမ်းပေါ်ကိုလည်း တစ်ယောက်တည်း ထွက်ရဲနေပါပြီ၊ ရည်ရွယ်ချက်ကတော့ တကယ့် အစစ်အမှန် ပန်းတွေကို သေသေချာချာ ကြည့်ပြီး အစစ်နဲ့တူအောင် အတုယူဖို့ပါပဲ။ အဲဒီအတွက်လည်း သူမက ကျောက်အာကို နောက်ထပ် အကြံတစ်ခု ပေးလိုက်ပါသေးတယ်။ အဲဒါကတော့ ပန်းပွင့်ဖတ်တွေကို အရောင်ဖျော့ရာကနေ ရင့်သွားတဲ့အရောင်စပ်နည်းကို သုံးဖို့ပါပဲ။

အရောင်တစ်မျိုးတည်းပဲ ရှိတဲ့ပန်းက ကြည့်လိုက်ရင် အစစ်နဲ့တူဖို့ အလှမ်းဝေးနေပါသေးတယ်။ တကယ့်အစစ်အမှန် ပန်းတွေကို လူတွေ သဘောကျရတာကတော့ အမျိုးအစား တူနေရင်တောင်မှ ပန်းတစ်ပွင့်ချင်းစီမှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိနေလို့ပါပဲ။ သစ်ရွက် တစ်ရွက်ချင်းစီကနေ ပန်းပွင့်ဖတ် တစ်ခုချင်းစီအထိ၊ နေရောင်ခြည် ရရှိမှု မတူညီတာကြောင့် အရောင်လေးတွေက အနည်းငယ်စီ ကွဲပြားနေတတ်တာကိုး။ အဲဒီလို ကွဲပြားမှုလေးတွေကသာ ပန်းတစ်ပွင့်ကို အစစ်နဲ့တူမတူ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

130 08

အိမ်က အမျိုးသမီးတွေက ပန်းအတုလုပ်တာကို အခုလောက်အထိ အာရုံစိုက်နေကြတာ မြင်တော့၊ ယောကျာ်း သုံးယောက်လည်း မနေနိုင်ဘဲ ဝင်ပြီး စပ်စုကြတော့တယ်။ ကိုယ့်ဇနီးသည်တွေကို အလိုလိုက်ချင်တာကြောင့် မောက်ပါ့သိုတို့ဟာ စာဖတ်တာကို ခဏနားပြီး စိတ်ကူးသစ်လေးတွေကိုပါ ဝိုင်းပြီးကူစဉ်းစားပေးကြတယ်။ တစ်အိမ်သားလုံးဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေပြီး၊ အချိန်တွေကလည်း အဲဒီလို ပျော်ရွှင်မှုတွေကြားမှာ တရွေ့ရွေ့ ကုန်ဆုံးသွားကာ ရှစ်လပိုင်း အစောပိုင်းကို ရောက်ရှိလာပါတော့တယ်။

ရွှန့်ထျန်ဖုရဲ့ ပြည်နယ်အဆင့် စာမေးပွဲ ကျင်းပတဲ့နေ့ကို ရောက်တဲ့အခါ၊ လီသာ့ထျန်ဟာ ထူးခြားတဲ့ ဂုဏ်ပြုမှုကို ရရှိခဲ့တယ်။ အားလုံးက စုပေါင်းပြီး သူ့ကို ကုန်းယွမ်တံခါးဝအထိ လိုက်ပို့ပေးခဲ့ကြတယ်။ လီသာ့ထျန်က အထဲမဝင်ခင်မှာ အခုလောက်အထိ လူစုံတက်စုံနဲ့ အားပေးနေကြတာကိုမှ မအောင်ခဲ့ရင်တော့ ဇာတိက မိဘတွေကို မျက်နှာပြရဲတော့မှာ မဟုတ်ဘူးလို့ စနောက်သွားသေးတယ်။ နောက်ဆုံးမှာတော့ သူဟာ တကယ်ပဲ စာမေးပွဲ အောင်မြင်သွားခဲ့တယ်။

******

All Chapters