အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း ၁၃၃ ဂုဏ်သိက္ခာနှင့် အရည်အသွေးကြားက ရွေးချယ်မှု
လင်းယန့်ရန်တို့ တစ်သိုက်မှာတော့ ကျောက်အာရဲ့လုပ်ရပ်ကို ဘယ်လိုမှ နားမလည်နိုင် ဖြစ်နေကြရတယ်။ လောကမှာ ဒီလိုမျိုး ကိုယ့်ဘက်က အရှုံးခံပြီးမှ လူသိများအောင် လုပ်ရတယ်ဆိုတာမျိုးက ရှိနိုင်လား။
တကယ်တော့ အရှုံးခံရုံတင်မကဘဲ လူလည်း မစည်ပါဘူး။ အခုချိန်မှာ ဈေးကွက်ထဲမှာ ဝမ်ကျိပန်းဆိုင် ရဲ့ ပန်းအတုတွေက နေရာအနှံ့ ပျံ့နှံ့နေတာ။ အဲဒီအတုတွေက ပစ္စည်းလည်း မဆိုးလှသလို ဈေးကလည်း အလွန်ပေါနေတာကြောင့်၊ သူတို့ဆိုင်ရဲ့ အရောင်းအဝယ်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုပြီးအေးလာတော့တယ်။ တစ်မနက်လုံး ထိုင်နေပေမဲ့ ပန်းအနည်းငယ်လောက်ပဲ ရောင်းရတာကြောင့်၊ ဒီလို အေးစိမ့်လှတဲ့ ဆောင်းတွင်းကြီးမှာ အချည်းနှီး စောင့်နေရသလို ခံစားနေကြရတယ်။
ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတင် ကျောက်အာက ဈေးနှုန်းကိုပါ မြှင့်ခိုင်းလိုက်ပြန်ပါတယ်။ အရင်က အထူးဈေး ၈၀ ပြား နဲ့ ရောင်းခဲ့တဲ့ပန်းကို၊ အခုတော့ မူလဈေးဖြစ်တဲ့ ၁၀၀ ပြား ပြန်ရောင်းခိုင်းလိုက်တယ်။
ဒီဆိုင်ရဲ့ နာမည်ကို ကြားဖူးလို့ လာဝယ်တဲ့သူတွေက ပစ္စည်းကတော့ အရင်အတိုင်းပဲကို ဈေးက ၂၀ တောင် တက်သွားတာ သိရတော့၊ အဲဒီနေရာမှာတင် ချက်ချင်း လှည့်ပြန်သွားတဲ့သူတွေလည်း မနည်းပါဘူး။ တချို့ဆိုရင် ကျောက်အာတို့နဲ့ ပြောင်ပြောင်တင်းတင်းကို ရန်ဖြစ်တော့တယ်။
"အမလေး... နင်တို့ကတော့ ငွေမက်လွန်းလို့ ရူးနေပြီ ထင်တာပဲ။ ဒီပန်းမျိုးက နင်တို့ တစ်ဆိုင်တည်းမှာပဲ ရှိတာမှတ်နေလား။ အပြင်မှာ ဘယ်လောက်တောင် ရောင်းနေကြသလဲဆိုတာ သိရဲ့လား။ ငါက ဝမ်ကျိပန်းဆိုင်ရဲ့ပန်းတွေက ကောင်းတယ်ဆိုလို့ တကူးတက လာရှာတာ၊ အခုတော့ ဧည့်သည်ကို တမင်နှိပ်စက်နေတာပဲ။ ဒီလို စီးပွားရေးလုပ်နေရင်တော့ ဆိုင်ပိတ်ရမယ့်ရက်ကိုပဲ စောင့်နေလိုက်တော့" အိမ်ထောင်ရှင်မလေး တစ်ယောက်က ဒေါသတကြီးနဲ့ အော်ဟစ်တော့တယ်။
သူမရဲ့ ဘေးနားက အနီရင့်ရောင် အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးကလည်း သူမကို ဆွဲခေါ်ရင်း ပြောပါတော့တယ်။ "တော်ပါတော့... သူတို့နဲ့ ရန်ဖြစ်မနေပါနဲ့။ ငါပြောသားပဲ၊ အဆင်ပြေတဲ့ တစ်ဆိုင်မှာ ဝယ်လိုက်ပါဆိုတာကို။ နင်ကမှ ဇွတ် အဝေးကြီး လာခဲ့ရပြီး အလကား နေရင်း စိတ်အနှောင့်အယှက် ဖြစ်ရတာ။ ငါကြည့်ရတာတော့ ဒီဆိုင်က ပန်းတွေကလည်း ဒီလိုပါပဲ၊ အသစ်အဆန်းမို့လို့ ကြည့်ကောင်းနေတာ။ အပြင်မှာ ၃၀ ပြားနဲ့ ရောင်းတာကို မဝယ်ဘဲ၊ ဘာလို့ ဒီမှာ ဈေးအဆပေါင်းများစွာ ပိုပေးပြီး ဝယ်နေရမှာလဲ"
"ငါကလည်း..."
"တော်ပြီ တော်ပြီ... မြန်မြန်သွားကြစို့"
အဲဒီအချိန်မှာ ဆိုင်ထဲကနေ ဆိုင်ရှင်မလေး ကျောက်အာ ထွက်လာပါတယ်။ သူမက အရပ်အမောင်း သွယ်လျပြီး၊ မက်မွန်နီရောင် အပေါ်အင်္ကျီနဲ့ လိပ်ပြာနဲ့ ဝါးပင်ပုံစံ အပ်ချုပ်ထားတဲ့ ကောင်းကင်ပြာရောင် စကတ်ရှည်ကို တွဲဖက် ဝတ်ဆင်ထားပါတယ်။ ဘယ်လိုမှ မလိုက်ဖက်နိုင်တဲ့ အရောင်နှစ်မျိုး ဖြစ်နေပေမဲ့၊ သူမရဲ့ ကိုယ်ပေါ်မှာတော့ ထူးခြားစွာပဲ တောက်ပလှပနေတာပေါ့။
ဆံပင်ကိုတော့ ဆွီကျိလို့ ခေါ်တဲ့ ရိုးရိုးရှင်းရှင်း ဆံထုံးလေးကို နောက်မှာ စုထုံးထားပြီး ဘာတန်ဆာမှ မပါပါဘူး။ ဒါပေမဲ့ နက်မှောင်လှတဲ့ ဆံနွယ်တွေက ဆံထုံးအောက်ကနေ အနည်းငယ် ပြတ်ကျနေတာက ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိနေစေပါတယ်။ သူမက ပန်းပန်ထားပေမဲ့ အရောင်တောက်တောက်တွေ မဟုတ်ဘဲ၊ စကတ်နဲ့ လိုက်ဖက်တဲ့ ကောင်းကင်ပြာရောင် ကြာပန်းလေးကိုပဲ ပန်ထားတယ်။ ဒီပန်းလေးကြောင့်ပဲ သူမရဲ့စကတ်အရောင်က သိသိသာသာ ထင်းနေသလို၊ မက်မွန်နီရောင် အင်္ကျီကလည်း သူမကို ပိုပြီးတော့ အသက်ဝင်သွားစေတာပေါ့။
133 02
အမျိုးသမီးတွေဆိုတာကတော့ အလှအပကို မြင်ရင် မနေနိုင်ကြပါဘူး။ လမ်းမှာဆိုရင်လည်း ဘယ်သူ့အင်္ကျီက ပုံစံသစ်လဲ၊ ဘယ်သူ့စကတ်က လှလဲ၊ ဖိနပ်ပေါ်က ပန်းလေးကအစ အနုစိတ် ကြည့်တတ်ကြတာ။ တကယ်လို့ သဘောကျသွားပြီဆိုရင်တော့ စိတ်ထဲက မှတ်ထားပြီး နောက်တစ်ခါကျရင် အဲဒီလိုမျိုး ချုပ်လုပ်ချင်ကြတာ အမျိုးသမီးတွေရဲ့ သဘာဝပဲ မဟုတ်လား။
ဒါကြောင့်လည်း အဖော်က အတင်းခေါ်နေပေမဲ့၊ အဲဒီအမျိုးသမီးဟာ ကျောက်အာကို မနေနိုင်ဘဲ လှည့်ကြည့်နေမိတယ်။ ကျောက်အာကလည်း ပြုံးပြုံးလေးနဲ့ ရှေ့ကို လှမ်းတက်လိုက်ပြီး "အစ်မ..." လို့ ခေါ်ကာ စကားစလိုက်တယ်။ သူမက ဝမ်ကျိပန်းဆိုင်ကို တကူးတက လာဝယ်တာလားဆိုတာကိုလည်း ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။
ဒါက မေးစရာလိုလို့လား၊ ပန်းဝယ်ဖို့ မဟုတ်ရင် ဒီကို ဘာလာလုပ်မှာလဲ။
အဲဒီအမျိုးသမီးကတော့ သိပ်ပြီး မကြည်လင်ပေမဲ့ ကျောက်အာကတော့ ဘာမှမဖြစ်သလိုပါပဲ။ "ဘာလို့ အစ်မက အဖော်ပြောတဲ့အတိုင်း ဈေးပေါတာတွေကို မဝယ်ဘဲ၊ ငါတို့ ဝမ်ကျိပန်းဆိုင်ကိုပဲ လာဝယ်ချင်ရတာလဲ"
"ဒါက မေးစရာလိုလို့လား၊ ပြားဂဏန်းလောက်ပဲ ကွာတာကို၊ ဝယ်ရင်တော့ အကောင်းဆုံးကိုပဲ ဝယ်ရမှာပေါ့" အဲဒီအမျိုးသမီးက ပြန်ပြောလိုက်တယ်။ ပိုးထည်အင်္ကျီကို ဝတ်ထားတာကို ကြည့်ရတာ သူမက အခြေအနေရှိတဲ့ မိသားစုက ဖြစ်ပုံရပါတယ်။
ကျောက်အာရဲ့အပြုံးတွေက ပိုပြီး ပွင့်လန်းသွားပါတယ်။ သူမက လက်တစ်ချက် ပုတ်လိုက်ရင်း "အစ်မရဲ့ အဲဒီစကားကို ကြားရတာ တကယ်ပဲ ဝမ်းသာပါတယ်။ ဒါမှလည်း ကျွန်မတို့ ဝမ်ကျိပန်းဆိုင်ရဲ့ ရပ်တည်ချက်က အချည်းနှီး မဖြစ်တာပေါ့။ အစ်မကို အမှန်အတိုင်း ပြောရရင်... ပန်းချင်းတူပေမဲ့ တကယ်တမ်းကျတော့ အများကြီး ကွာခြားပါတယ်ရှင်။ ဒီလို ပိုးပန်းတွေကို ကျွန်မတို့ ဝမ်ကျိက ပထမဆုံး စလုပ်ခဲ့တာပါ၊ စိတ်ဓာတ်တွေ အများကြီး ရင်းနှီးထားရတာလေ။ တခြားသူတွေက ကျွန်မတို့ ရောင်းကောင်းတာ မြင်တော့ လိုက်လုပ်ကြတာပေါ့။ အရင်က ကျွန်မတို့ ၈၀ နဲ့ ရောင်းပေမဲ့ အခု ၁၀၀ ပြန်ဖြစ်သွားပြီ၊ ဒါပေမဲ့ အပြင်မှာတော့ ၆၀၊ ၇၀ ကနေ အခု ၃၀ အထိ ဈေးပေါနေပြီလေ"
"ဘာလို့ အဲဒီလို ဖြစ်ရတာလဲ။ အစ်မတို့လို ပန်းချစ်သူတွေက ပစ္စည်းကို မခွဲခြားတတ်လို့လား မဟုတ်ပါဘူး။ ဘယ်သူမှ ကိုယ့်ငွေကို အလကား မဖြုန်းချင်ကြဘူးလေ။ ဒါပေမဲ့ အစ်မတို့ ဒီကို လာတယ်ဆိုတာက ပစ္စည်းချင်း မတူမှန်း သိလို့ပဲ မဟုတ်လား"
ကျောက်အာက အနောက်ကို လှည့်ပြီး ရွှီထောက်အာကို ပန်းနှစ်ပွင့် ယူခိုင်းလိုက်ပါတယ်။
"အစ်မ ဒါကို ကြည့်ကြည့်ပါဦး"
ကျောက်အာက ပန်းနှစ်ပွင့်ကို လက်ထဲမှာ ကိုင်ပြီး အဲဒီအမျိုးသမီးကို ပြလိုက်ပါတယ်။ ပုံစံချင်းကတော့ အတူတူပါပဲ၊ ဒါပေမဲ့ သေသေချာချာ ကြည့်လိုက်ရင်တော့ ကွာခြားချက်က သိသာလှတယ်။
နှစ်ပွင့်စလုံးက အနီရောင်တွေပါပဲ။ ဒါပေမဲ့ တစ်ပွင့်ကတော့ အနီရောင်သက်သက် ဖြစ်နေပြီး ကြည့်ရတာ တောင့်တောင့်ကြီးနဲ့ အသက်မပါသလိုပါပဲ။ ကျောက်အာတို့ ပန်းကတော့ အရောင်အနုအရင့်ကို အရောင်ပြေးလေးတွေနဲ့ အသက်ဝင်နေတာကို တွေ့ရပါတယ်။ အရောင်က တစ်ပြေးညီ မဟုတ်ဘဲ၊ ရင့်သင့်တဲ့နေရာမှာ ရင့်ပြီး၊ ဖျော့သင့်တဲ့နေရာမှာ ဖျော့နေတာကြောင့် ကြည့်လိုက်တာနဲ့ တကယ့်အစစ်အတိုင်း ခံစားရစေတယ်။
ပန်းပွင့်ဖတ်တွေရဲ့ ပုံသဏ္ဌာန်ကလည်း တခြားစီပါပဲ။ တစ်ပွင့်ကတော့ ပွင့်ဖတ်တွေက ဖရိုဖရဲ ဖြစ်နေပေမဲ့၊ ကျောက်အာတို့ ပန်းကတော့ စနစ်တကျနဲ့ သဘာဝအတိုင်း ရှိနေတာ။ သစ်ရွက်တွေဆိုရင်လည်း တစ်ဖက်က အရောင်မှိုင်းနေပြီး အသက်မပါသလို ဖြစ်နေပေမဲ့၊ ကျောက်အာတို့ ပန်းကတော့ စိမ်းစိုပြီး လတ်ဆတ်နေတယ်။
133 03
ကျောက်အာက လက်ထဲက ပန်းနှစ်ပွင့်ကို ပြရင်း ပြုံးပြီး ပြောလိုက်တယ်။ "ဒါတွေက ကွာခြားချက်တွေပါပဲ။ အပြင်က ပစ္စည်းတွေက ရက်အနည်းငယ်လောက် နေပူထဲထားရင် အရောင်လွင့်သွားမှာဖြစ်ပေမဲ့၊ ကျွန်မတို့ ဝမ်ကျိက ပန်းတွေကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး။ အပွင့်တစ်ပွင့်ကို ၁၀၀ ပေးဝယ်နိုင်တဲ့သူတွေက၊ ဒီပြားဂဏန်းလောက်ကို တွက်ကပ်နေမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ကျွန်မတို့ ဝမ်ကျိပန်းဆိုင်ကတော့ မလုပ်ရင်နေမယ်၊ လုပ်ပြီဆိုရင်တော့ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်ပါဘူးရှင်"
အမျိုးသမီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့တွေ ငွေချွေတာချင်ရင်တောင်မှ၊ ဆိုင်ရှင်မလေးက ဒီလောက်အထိ အချက်ကျကျ ရှင်းပြနေတော့ ဘာမှပြန်မပြောနိုင်ကြတော့ဘူး။ အစစ်နဲ့ အတုရဲ့ ကွာခြားချက်ကတော့ မျက်စိရှေ့မှာတင် အထင်အရှား ရှိနေတယ်။
ကျောက်အာဟာ လက်ထဲက ပန်းတွေကို ရွှီထောက်အာဆီ ပြန်ပေးလိုက်ပြီး၊ အမျိုးသမီး နှစ်ယောက်ဘက်ကို လှည့်ကာ ညှို့ယူဖမ်းစားနိုင်တဲ့ အပြုံးတစ်ချက်ကို ဆင်မြန်းလိုက်တယ်။ အဲဒီနောက်မှာတော့ လေးလေးနက်နက် ပြောလိုက်တော့တယ်။
"အစ်မတို့ မှတ်ထားလိုက်ပါရှင်၊ အတုလုပ်တာကို ကျွန်မတို့ မကြောက်ပါဘူး။ အဓိကကတော့ အတုနဲ့အစစ် ယှဉ်လိုက်တဲ့အခါ ဘယ်သူက ပိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမလဲဆိုတာပါပဲ။ အရှက်ရရမှာက အဲဒီလူပဲ မဟုတ်လား။ ဒါကြောင့်လည်း အတုတွေကြောင့် ကျွန်မတို့ အရောင်းအဝယ် နည်းနည်း ထိခိုက်ခဲ့ပေမဲ့၊ ဈေးနှုန်းကိုတော့ မူလအတိုင်းပဲ ပြန်ထားလိုက်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့ရဲ့ပစ္စည်းတွေနဲ့ ကျွန်မတို့ ရင်းနှီးထားတဲ့ စိတ်စေတနာတွေက ဒီတန်ဖိုးနဲ့ တကယ်ကို ထိုက်တန်လို့ပါပဲရှင်"
"ဒါဆိုရင်လည်း... ငါတို့ တစ်ပွင့်လောက် ဝယ်ကြည့်ကြမလား" အစောကတည်းက ငွေကြေး မခက်ခဲတဲ့ အိမ်ထောင်ရှင်မလေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ သူ့အဖော်ကို တိုင်ပင်လိုက်တယ်။ အနီရင့်ရောင် အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးကတော့ အခုထိ ဝေခွဲမရ ဖြစ်နေဆဲပါပဲ။
အဲဒီအချိန်မှာပဲ ရွှီထောက်အာက အနက်ရောင် ကတ္တီပါစကို အောက်ခံပြုထားတဲ့ ပြသကွက် ပျဉ်ပြားလေးတစ်ခုကို ယူလာပါတယ်။ အဲဒီပေါ်မှာတော့ ပန်းအလှ ငါးပွင့်၊ ခြောက်ပွင့်လောက်ကို အစီအရီ ချိတ်ဆွဲထားတာပါ။ အဲဒီပန်းတွေက အလွန်ကို မျက်စိကျိန်းမတတ် တောက်ပနေတာကြောင့် အမျိုးသမီး နှစ်ယောက်လုံးရဲ့ အကြည့်တွေက ရုန်းမထွက်နိုင်အောင် ဖြစ်သွားရတော့တယ်။
ကျောက်အာက အဲဒီပျဉ်ပြားကို လှမ်းယူလိုက်ပြီး ပရိယာယ်ကြွယ်စွာနဲ့ ဖျားယောင်းလိုက်တယ်။
"ဒါတွေက ကျွန်မရဲ့ခေါင်းပေါ်မှာ ပန်ထားတဲ့ ပန်းလိုပဲ၊ အခုမှ အသစ်ထွက်ထားတဲ့ ပုံစံလေးတွေပါရှင်။ ပျိုနီပန်းက ခန့်ညားထည်ဝါတာ မှန်ပေမဲ့၊ ရွှံ့ညွန်ထဲက ပေါက်ဖွားသော်လည်း ညစ်ပေခြင်းမရှိတဲ့ ကြာပန်းရဲ့ သန့်စင်မှုကိုလည်း လျစ်လျူရှုလို့ မရဘူးလေ။ နောက်ပြီး တစ်ကိုယ်တည်း ပွင့်လန်းပြီး ရနံ့သင်းပျံ့တဲ့ သစ်ခွပန်းတွေ၊ စိတ်ကို ကြည်လူးစေတဲ့ စံပယ်ပန်းတွေလည်း ရှိပါသေးတယ်။ အစ်မတို့ နှစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရတာလည်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြင်ဆင်တတ်တဲ့သူတွေမှန်း သိသာလှပါတယ်။ အဝတ်အစား အရောင်နဲ့ လိုက်ဖက်မယ့် ပန်းကို ရွေးချယ်ဖို့ဆိုတာကလည်း တကယ့်ကို အနုပညာတစ်ခုပဲ မဟုတ်လား"
"ဒါဆို ဘယ်လိုမျိုး တွဲဖက်ရမလဲဆိုတာ ရှင်းပြပေးပါဦး"
"ငါကြည့်ရတာတော့ ညီမလေး အခုဝတ်ထားတဲ့ ဝတ်စုံက တကယ်ကို လိုက်ဖက်တာပဲ"
မိန်းမသားတွေဆိုတာကတော့ အလှအပ နဲ့ ပတ်သက်လာရင် ဘယ်လောက်ပဲ မာန်တင်းထားပါစေ၊ တကယ့် ပစ္စည်းကောင်းကို မြင်ရင်တော့ ကြွေဆင်းသွားကြတာ ဓမ္မတာပါပဲ။
133 04
ကျောက်အာက အံ့သြဟန်ဆောင်လိုက်ပြီး "အော်... အစ်မက ကျွန်မဝတ်စုံကို သဘောကျတာလား။ တကယ့်ကို တိုက်ဆိုင်တာပဲရှင်၊ အစ်မတို့ မသိသေးတာက... ကျွန်မတို့ ဝမ်ကျိပန်းဆိုင်က မူလက အထည်စတွေနဲ့ အသင့်ဝတ်အင်္ကျီတွေကိုပဲ လုပ်တာပါ။ အိမ်က ညီမတွေ အားနေတာနဲ့ စမ်းသပ်ချုပ်လုပ်ရင်းနဲ့ အခုလို ဖြစ်လာတာပေါ့။ ကျွန်မ အခုဝတ်ထားတဲ့ အင်္ကျီတွေဆိုရင်လည်း ကျွန်မရဲ့ညီမနှစ်ယောက်ကပဲ အရောင်စပ်တာကနေ ပုံစံထုတ်တာအထိ အကုန်လုပ်ထားတာလေ..." သူမက ပြောရင်းနဲ့ သူမဟာ အမျိုးသမီး နှစ်ယောက်ကို အဆောင်ရဲ့အနောက်ဘက်က မှန်စီဗီဒိုနောက်ကွယ်ဆီကို ခေါ်သွားပါတော့တယ်။ အဲဒီ အနောက်ဘက် ထောင့်လေးမှာတော့ အသင့်ဝတ် ဝတ်စုံတွေကို တန်းစီပြီး ချိတ်ဆွဲထားတယ်။ အဲဒီအထဲမှာ ကျောက်အာ အခုဝတ်ထားတဲ့ ဝတ်စုံနဲ့ တစ်ပုံစံတည်း တစ်စုံလည်း ပါဝင်နေတယ်။
တစ်နာရီလောက် ကြာတဲ့အခါမှာတော့ အဲဒီအိမ်ထောင်ရှင်မ နှစ်ယောက်ဟာ အလွန်ကို ကျေနပ်အားရတဲ့ မျက်နှာထားတွေနဲ့ ဆိုင်ထဲကနေ ထွက်ခွာသွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ ခေါင်းပေါ်က ပန်းတင်မကဘဲ၊ တစ်ကိုယ်လုံးက ဝတ်စုံတွေကိုပါ အသစ်လဲလှယ်သွားကြတယ်။ ထွက်သွားခါနီးမှာတောင် ကျောက်အာကို နောက်လည်း လာအားပေးပါဦးမယ်လို့ ကတိပေးသွားကြသေးတယ်။ အိမ်ပြန်ရောက်လို့ ငွေကုန်တာကို နှမြောမလား၊ မနှမြောဘူးလားဆိုတာကိုတော့ သူတို့ပဲ သိမှာပေါ့။ ဘာပဲဖြစ်ဖြစ် အခုတစ်ခေါက်မှာတော့ တစ်ယောက်ကို ငွေစင် ၂ သားနီးပါးလောက် ကုန်ကျသွားခဲ့တာ အမှန်ပါပဲ။
ဧည့်သည်တွေ ထွက်သွားတော့မှ ချန်ရှို့လန်က အားကျတဲ့ လေသံနဲ့ "အစ်မကျောက်အာ... အစ်မရဲ့ ပါးစပ်ကတော့ တကယ်ကို စွမ်းတာပဲနော်။ သူတို့က ပန်းဝယ်ဖို့ လာတာကို၊ နောက်ဆုံးတော့ အင်္ကျီတွေပါ တစ်စုံလုံး ဝယ်သွားကြတာပဲ"
ကျောက်အာက ပြုံးပြုံးလေးနဲ့ အားလုံးကို မြှောက်ပင့်ပေးလိုက်ပါတယ်။
"အစ်မက စကားပြောတတ်လို့ မဟုတ်ပါဘူး၊ အစ်မထောက်အာနဲ့ အစ်မယန့်ရန်တို့ရဲ့ လက်ရာက ကောင်းလို့ပါ။ ပြီးတော့ ရှို့လန်လေး လုပ်ထားတဲ့ ပန်းတွေကလည်း လှလွန်းလို့ လူတွေကို ဆွဲဆောင်နိုင်တာပေါ့"
"ဒါနဲ့ အစ်မကျောက်အာ... နောင်ကျရင် ဧည့်သည်လာတိုင်း ဒီလိုပဲ ပန်းတွေရဲ့ အကောင်းအဆိုးကို လိုက်ပြီး ရှင်းပြနေရမှာလား။ ညီမကတော့ စကားပြောရမှာ မကြောက်ပါဘူး၊ ဒါပေမဲ့ တချို့လူတွေက ပြားဂဏန်းလောက်ကိုတောင် တွက်ကပ်နေကြမှာ စိုးလို့ပါ"
ရွှီထောက်အာက ဝင်ပြောတယ်။
"အဲဒီလို လုပ်စရာ မလိုပါဘူး၊ ညီမ စောင့်ကြည့်နေလိုက်ပါ"
ကျောက်အာက ယုံကြည်ချက်အပြည့်နဲ့ ဆိုလိုက်တယ်။
ကျောက်အာ အစောက ပြောခဲ့သလိုပါပဲ အတုလုပ်တာကို မကြောက်ပါဘူး၊ အစစ်နဲ့ ယှဉ်လိုက်ရင် ဘယ်သူက အရှက်ရမလဲဆိုတာကသာ အဓိကပါပဲ။
အမျိုးသမီးတွေ စုမိပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဉ်ဖို့က ဝါသနာပါကြတာလေ။ ကိုယ်တိုင် မနှိုင်းယှဉ်ရင်တောင်မှ ဘေးကလူတွေက ဝိုင်းပြီး နှိုင်းယှဉ်ပေးကြမှာ။ အဲဒီလို နှိုင်းယှဉ်လိုက်တဲ့ အခါမှာတော့ ပစ္စည်းရဲ့ အနိမ့်အမြင့်က အလိုလို ပေါ်လာတော့တယ်။
133 05
အခုက ဆောင်းတွင်းကြီးဆိုတော့ အေးစိမ့်တဲ့ လေတွေ တိုက်ခတ်နေသလို၊ ကောင်းကင်ကနေလည်း နှင်းပွင့်လေးတွေ ခဏခဏ ကျဆင်းနေတတ်တယ်။ အဲဒီအခါ ခေါင်းမှာ ပန်ထားတဲ့ ပန်းတွေက ရေစိုဖို့ကတော့ ရှောင်လွှဲလို့ မရပါဘူး။ အိမ်ပြန်ရောက်လို့ မီးနဲ့ ပြန်ကင်ရင်တောင်မှ၊ အောက်ခံပိတ်စ မကောင်းတဲ့ အတုတွေကတော့ ရေစိုတာနဲ့တင် အရောင်တွေ လွင့်ပျယ်ကုန်ပါတော့တယ်။ ကိုယ်တိုင် ကြည့်ရင်တော့ သိပ်မသိသာပေမဲ့၊ တခြားသူတွေနဲ့ ယှဉ်လိုက်တဲ့ အခါမှာတော့ တကယ့်ကို ရုပ်ပျက်ဆင်းပျက်ပါပဲ။
ဝမ်ကျိပန်းဆိုင်က ပန်းတွေကတော့ ရေစိုလည်း မကြောက်ပါဘူး။ ဆိုင်ရှင်မလေးတွေ မှာထားတဲ့အတိုင်း ရေစိုသွားရင် အဝတ်ခြောက်လေးနဲ့ အသာအယာ တို့သုတ်ပေးပြီး တစ်ရက်လောက် ထားလိုက်ရုံပါပဲ။ နောက်နေ့ ပြန်ပန်တဲ့အခါမှာတော့ အသစ်စက်စက်အတိုင်း ပြန်ဖြစ်နေတော့တယ်။
တစ်ဖက်ကတော့ ညှိုးနွမ်းနေတဲ့ ပန်းအိုကြီးလို ဖြစ်နေပြီး၊ တစ်ဖက်ကတော့ လန်းဆန်းစွာ ပွင့်လန်းနေတုန်းပါပဲ။ အတုပန်ထားတဲ့သူကတော့ အရှက်ရလွန်းလို့ မျက်နှာကို အမြန်အုပ်ပြီး ပြေးရတော့တယ်။ အိမ်ပြန်ရောက်ရင်တော့ ကိုယ့်ကိုယ်ကိုယ် ဈေးပေါတာ မက်မိလို့ဆိုပြီး ပြန်ဆဲတာတွေ၊ ပွဲစားတွေက လိမ်ရောင်းတယ်ဆိုပြီး တွေးတာတွေကတော့ ပြောနေစရာတောင် မလိုတော့ပါဘူး။
ဒါတင်မကသေးပါဘူး၊ တချို့အတုတွေဆိုရင် ဘာကြောင့်မှန်းမသိဘဲ သံချေးတွေတောင် တက်လာတတ်ပါသေးတယ်။ မီးနဲ့ ကင်ပြီး ခြောက်သွားရင်တောင်မှ အောက်ခံပိတ်စပေါ်မှာ သံချေးကွက်တွေက အထင်းသား ပေါ်နေတာ။ ဒီလိုပန်းမျိုးကိုတော့ ဘယ်သူမှ ဆက်မပန်ချင်ကြတော့ပါဘူး။ ပွဲစားတွေဆီ သွားပြီး ငွေပြန်တောင်းတဲ့သူတွေလည်း မနည်းပါဘူး။ ပိုပြီးတော့ ဆိုးတာကတော့ ပန်းထဲမှာ ထည့်ထားတဲ့ သံနန်းကြိုးတွေက အပြင်ထွက်နေပြီး၊ ခေါင်းနဲ့ မျက်နှာတွေကို ခြစ်မိလို့ ဒဏ်ရာရတဲ့သူတွေတောင် ရှိလာပါတယ်။ ဒါဟာ အလုပ်ရုံတွေက အမြန်ပြီးအောင် လုပ်လိုက်ရတာကြောင့် သံနန်းကြိုးရဲ့ အစွန်းတွေကို သေသေချာချာ မပိတ်ခဲ့လို့ပါပဲ။
အတုတွေကြောင့် လူတွေကြားမှာ ဆူညံပွက်လောရိုက်နေချိန်မှာပဲ၊ ဝမ်ကျိပန်းဆိုင် ကတော့ ပုံစံသစ်တွေကို ထပ်ပြီးတင်လိုက်ပြန်တယ်။ ဒီတစ်ခါတော့ မူတန်နဲ့ ဖုယုံတင်မကဘဲ၊ ရေကြာပန်း၊ စံပယ်၊ သစ်ခွ၊ ဟိုင်ထန်စတဲ့ ပုံစံသစ်တွေ အစုံအလင်ပါပဲ။ အဲဒီပုံစံသစ်တွေကို ပန်လိုက်ရင်တော့ တကယ့်ကို လောကီအညစ်အကြေး ကင်းစင်တဲ့ နတ်သမီးလေးတွေလို ထူးခြားလှပနေမှာပါ။ ဒါတင်မကသေးဘဲ အရင်က ပုံစံဟောင်းတွေကိုလည်း ပြန်လည် ပြုပြင်ထားတာကြောင့်၊ အနီရောင်က ပိုစိုပြီး ပိုပြီးတော့တောင် ဝင်းလက်တောက်ပနေတော့တယ်။
ဒီလိုနဲ့ပဲ လူအုပ်ကြီးဟာ ဝမ်ကျိပန်းဆိုင်ဆီကို တရစပ် ပြန်လည် စီးဝင်လာကြတော့တယ်။ ဆိုင်ရဲ့အရောင်းအဝယ်ကတော့ အရင်ကထက်တောင် ပိုပြီးစည်ကားလာသလို၊ ဝမ်ကျိဆိုတဲ့ ဆိုင်းဘုတ်ကလည်း မြို့တော်မှာ တကယ့်ကို ခိုင်မာတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်သွားတော့တယ်။
အမျိုးသမီးတွေကြားမှာ ဘယ်လို ပြောဖြစ်ကြသလဲ။
"အတုလုပ်တာကို မကြောက်ဘူး၊ ဘယ်သူက ပိုပြီး ရုပ်ဆိုးလဲဆိုတာကမှ အရှက်ရဖို့ ကောင်းတာ"
တကယ်လည်း အရှက်ရစရာကြီး မဟုတ်လား။ အစကတော့ လူတွေက ဈေးကြီးပေးဝယ်ရတာကို တကယ်ကြီး သဘောကျလို့ မဟုတ်ဘဲ၊ တခြားသူတွေမှာ ရှိနေလို့ ကိုယ့်မှာလည်း ရှိရမယ်ဆိုတဲ့ အတုယူစိတ်နဲ့ ဝယ်ကြတာပါ။ အခုတော့ အတုပန်ရင် အလှောင်ခံရမယ်ဆိုတော့၊ မတတ်နိုင်ရင် မပန်ဘဲနေတာကမှ သိက္ခာရှိဦးမယ်လို့ တွေးကုန်ကြတော့တယ်။ ဒါပေမဲ့ တကယ်သဘောကျတဲ့သူတွေကတော့၊ ဈေးပေါတဲ့အတုတွေကို လုံးဝ မကြည့်တော့ဘဲ ငွေကို ခြစ်ခြစ်ကုတ်ကုတ် စုပြီးတော့မှ နှစ်သစ်ကူး မတိုင်ခင်မှာ ပန်းတစ်ပွင့်တော့ ရအောင် ဝယ်ပန်ကြတော့တယ်။
ဒါပေမဲ့ လောကမှာ အရာရာကတော့ သူ့အကြောင်းနဲ့သူ ရှိနေကြတာပါပဲ။ အတုလုပ်တဲ့အလုပ်ရုံ အတော်များများကတော့ ပျက်စီးသွားကြပေမဲ့၊ တချို့ကတော့ အသက်ဆက်နိုင်ကြပါသေးတယ်။ ဒါပေမဲ့ အရောင်းအဝယ် ကောင်းတယ်လို့တော့ မဆိုနိုင်ဘဲ အနိုင်နိုင် ရုန်းကန်နေကြရတော့တယ်။
အဲဒီလို အချိန်မျိုးမှာပဲ မြို့တော်ရဲ့ နေရာအနှံ့မှာ ပန်းရောင်းတဲ့ ပွဲစားလေးတွေ ရုတ်တရက် ပေါ်လာပါတော့တယ်။ တချို့ကတော့ လမ်းကြားတွေထဲမှာ ပစ္စည်းတွေကို ထမ်းပြီး လှည့်ရောင်းကြသလို၊ တချို့ကလည်း ဆိုင်လေးတွေ ဖွင့်ကြပါတယ်။ အဲဒီဆိုင်တွေရဲ့ အထင်ရှားဆုံး နေရာမှာတော့ ဆိုင်းဘုတ်ကြီးတွေ ချိတ်ထားတာပေါ့။ အဲဒီပေါ်မှာတော့ စာလုံးကြီးကြီးနဲ့ ရေးထားပါတယ်။
133 06
"ဝမ်ကျိပန်းဆိုင်မှ တိုက်ရိုက်ဖြန့်ချိသည်၊ ပစ္စည်းတူ ဈေးနှုန်းတူ၊ လူကြီးလူငယ်မရွေး ယုံကြည်စိတ်ချရသည်"
မယုံတဲ့သူတွေ ရှိရင်လည်း အဲဒီပွဲစားတွေက ဇွတ်အတင်းပဲ ဝမ်ကျိပန်းဆိုင်ကို ခေါ်သွားပြီး အတည်ပြုခိုင်းပါတယ်။ စုံစမ်းကြည့်လိုက်တော့လည်း တကယ်ပဲ ဝမ်ကျိပန်းဆိုင်က ပစ္စည်းတွေ ဖြစ်နေတာကြောင့်၊ ဝယ်သူတွေကလည်း လမ်းလျှောက်သက်သာသလို ရောင်းသူတွေလည်း အမြတ်ရတာကြောင့် အားလုံးပဲ ပျော်ရွှင်ကြရတော့တယ်။
ဒါကြောင့်လည်း ဝမ်ကျိပန်းဆိုင်ရဲ့တရားဝင် ကိုယ်စားလှယ် ဖြစ်ခွင့်ရတဲ့ ပွဲစားလေးတွေဟာ တခြားသူတွေထက် အဆင့်အတန်း တစ်ခု ပိုမြင့်သွားသလို ခံစားကြရတယ်။ တကယ်လို့ အမျိုးသမီး အသုံးအဆောင် ရောင်းတဲ့ဆိုင်မှာ ဝမ်ကျိရဲ့ပန်းတွေ မရှိဘူးဆိုရင်တော့၊ အဲဒီဆိုင်က ခေတ်နောက်ကျနေပြီလို့ အထင်ခံရပြီး လူတွေက နှာခေါင်းရှုံ့သွားကြတယ်။
ဒီသတင်းဟာ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ရက်အနည်းငယ် အတွင်းမှာတင် မြို့တော်ကြီး တစ်ခုလုံးကို ပျံ့နှံ့သွားတော့တယ်။ မြို့တော်အနီးနားက နယ်မြို့လေးတွေက ပွဲစားတွေဆိုရင် ကျိုင်းကောင်တွေလိုပဲ လေးဘက်လေးတန်ကနေ ဝမ်ကျိပန်းဆိုင်ဆီကို တဖွဲဖွဲ ရောက်လာကြတယ်။ သူတို့အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ဝမ်ကျိပန်းဆိုင်ရဲ့ ကိုယ်စားလှယ် အခွင့်အရေးကို ရဖို့ပါပဲ။
ကျောက်အာတို့ကတော့ လာသမျှ လူတိုင်းကို လက်မခံပါဘူး။ သူတို့က သေသေချာချာ ရွေးချယ်ပါတယ်။ စိတ်ဓာတ်ကောင်းမွန်ပြီး လူတွေကို မလိမ်ညာမယ့်သူကိုမှ ဦးစားပေးရုံတင်မကသေးဘဲ နေရာတစ်ခုမှာ ကိုယ်စားလှယ် အရေအတွက်ကို ကန့်သတ်ထားပါသေးတယ်။ ဒါမှလည်း အချင်းချင်း အပြိုင်အဆိုင်တွေ ဖြစ်ပြီး အရောင်းအဝယ် ပျက်စီးတာမျိုးနဲ့ နာမည်ပျက်တာမျိုး မဖြစ်မှာ မဟုတ်လား။
ဒီအတောအတွင်းမှာပဲ ဝမ်ကျိပန်းဆိုင်ဟာ သူတို့ရဲ့ပထမဆုံး ကိုယ်ပိုင်အလုပ်ရုံကို ဝယ်ယူနိုင်ခဲ့ပါတယ်။
အဲဒီအလုပ်ရုံဟာ အရင်က ဝမ်ကျိပန်းဆိုင်ရဲ့ ပစ္စည်းတွေ ရောင်းကောင်းတာ မြင်ပြီး၊ တခြားပန်းတွေကို ရပ်ဆိုင်းကာ အတုတွေကိုပဲ ဇွတ်အတင်း လိုက်လုပ်ခဲ့တဲ့ အလုပ်ရုံပါပဲ။ အဲဒီဆိုင်ရှင်ကလည်း အတ္တကြီးပြီး အရေအတွက်နဲ့ ဈေးနှုန်းနဲ့ ဈေးကွက်ကို အပိုင်စီးချင်ခဲ့တာ။ ဒါပေမဲ့ အရင်းအနှီးဆိုတာက ရှိတာပဲ မဟုတ်လား၊ ဈေးကို ဘယ်လောက်အထိနှိမ်နှိမ် မရတဲ့အပြင် အချင်းချင်းကလည်း ဈေးပြိုင် နှိမ်နေကြတာကိုး။ သူကတော့ အထည်စတွေ၊ ပိုးစတွေနဲ့ သံနန်းကြိုးတွေကို အမြောက်အမြား ဝယ်ယူပြီး ဈေးလျှော့ဖို့ ကြိုးစားခဲ့ပေမဲ့၊ နောက်ဆုံးမှာတော့ ပစ္စည်းတွေ အကုန်လုံး လက်ထဲမှာ တန့်နေပြီး ရှုံးနိမ့်သွားခဲ့ရပါတယ်။
ကုန်ကြမ်း ပေးသွင်းတဲ့သူတွေကလည်း ငွေတွေကို အတင်းတောင်းနေကြသလို၊ အိမ်တံခါးအထိ လာပြီးဖိအားပေးခံရတာကြောင့် ဆိုင်ရှင်မှာ လမ်းပျောက်သွားရပါတော့တယ်။ နောက်ဆုံးမှာတော့ အလုပ်ရုံကို ထုတ်ရောင်းဖို့ ပြင်လိုက်ရပြီး၊ အဲဒါကို ဝမ်ကျိပန်းဆိုင်ကပဲ လွှဲပြောင်း ဝယ်ယူလိုက်တာ ဖြစ်တယ်။
ဒီလိုမျိုး ဝမ်ကျိပန်းဆိုင်က ဝယ်ယူလိုက်တဲ့ အလုပ်ရုံက နောက်ထပ် နှစ်ခု ရှိသေးတယ်။ ဒါပေမဲ့ ဒီအလုပ်ရုံလောက်တော့ အကြီးစား မဟုတ်ကြဘူး။ တစ်စုံတစ်ယောက်က ထုတ်ရောင်းရင် ကျောက်အာက ဝယ်ယူလိုက်တာကြောင့်၊ သူမဟာ အခုဆိုရင် မြောက်ပိုင်းပြည်နယ်မှာ အကြီးဆုံးသော ပိုးပန်းကုန်သည်ကြီးတစ်ဦးရဲ့ အရှိန်အဝါမျိုးကို ပိုင်ဆိုင်နေပါပြီ။ ဒါကတော့ နောက်ပိုင်းမှ ဖြစ်လာမယ့် အကြောင်းအရာတွေပေါ့။
ဒီတစ်ခါ ပိုးပန်းစစ်ပွဲမှာတော့ ကျောက်အာဟာ တကယ့်ကို ပြောင်မြောက်လှတဲ့ ဗျူဟာနဲ့ အနိုင်ရခဲ့တာကြောင့် လူတိုင်းက လေးစားသွားကြရတယ်။
အရာရာ တည်ငြိမ်သွားပြီးတဲ့နောက်မှာတော့၊ အားလုံးလည်း ခဏလောက် အနားယူပြီး နှစ်သစ်ကူးဖို့ ပြင်ဆင်နိုင်ကြပါပြီ။ ဒါပေမဲ့ ကျောက်အာရဲ့ အခြေအနေကတော့ သိပ်မကောင်းလှပါဘူး။
133 07
အကြောင်းရင်းကတော့ တခြားမဟုတ်ပါဘူး၊ ရွှီထင်းရှန်းတစ်ယောက် သူ့ကို ပစ်ပယ်ခံထားရတယ်လို့ ခံစားနေရလို့ပါပဲ။ ကျောက်အာက အခုတလော အရမ်းကို အလုပ်များနေတာ။ အပြောကတော့ လွယ်ပေမဲ့ တကယ်တမ်း လုပ်ဆောင်တဲ့အခါမှာတော့ အလွန်ကို ရှုပ်ထွေးလှပါတယ်။ လူအင်အားကလည်း နည်းတာကြောင့် အရာရာကို သူမကိုယ်တိုင်ပဲ ဦးစီးလုပ်ကိုင်နေရတယ်။ ဒါကြောင့်လည်း ရွှီထင်းရှန်းနဲ့ သားဖြစ်သူကို ဂရုမစိုက်နိုင် ဖြစ်ခဲ့ရတယ်။
အလုပ်တွေ နည်းနည်းပါးသွားတော့မှပဲ သူမဟာ သားဖြစ်သူနဲ့ အတူတူ ဆော့ကစားဖို့ အချိန်ပေးနိုင်တော့တယ်။ သားဖြစ်သူကတော့ ပျော်နေပေမဲ့၊ အဖေဖြစ်သူကတော့ စိတ်မချမ်းသာဘူး။
သူက စိတ်မရှည်တော့တာကြောင့် ကလေးလိုပဲ မူနွဲ့ပြပါတော့တယ်။ ညဘက်မှာ ဟုန်အာလေးက ဘေးနားမှာ အိပ်နေတာတောင်မှ၊ သူကတော့ ကျောက်အာကို လိုက်ပြီး နှောင့်ယှက်နေတာကြောင့် ကျောက်အာမှာ ခေါင်းတွေတောင် ကြီးနေရတယ်။ အစပိုင်းမှာတော့ သူမက အလိုလိုက်ပြီး သည်းခံပေးခဲ့ပေမဲ့၊ သူက ပိုပြီးတော့တောင် ဆိုးလာတာကြောင့် နောက်ဆုံးမှာတော့ ကျောက်အာက ဒေါသထွက်ပြီး ဟန့်လိုက်တော့မှပဲ သူဟာ ပျော့ကျသွားတော့တယ်။
အခုလည်း ညဘက် အနားယူမယ့်အချိန် ရောက်လာပြန်ပါပြီ။ မိသားစု သုံးယောက်လုံး ကိုယ်လက်သန့်စင်ပြီး ခုတင်ပေါ် ရောက်နေကြတယ်။ ရွှီထင်းရှန်းကတော့ သားဖြစ်သူကို တိတ်တဆိတ် ဖြားယောင်းပြီး၊ ကလေးကို တစ်ယောက်တည်း အိပ်ခိုင်းဖို့အတွက် အကြံထုတ်နေတော့တယ်။
******
134 01
အခန်း (၁၃၄) ဘာသာပြန်ဆိုမှု
အခုဆိုရင် ဟုန်အာဟာ အသက်နှစ်နှစ်ထဲ ရောက်လာခဲ့ပြီမို့ လူကြီးလေးတစ်ယောက်လို ဟန်ပန်မျိုး အတော်လေး ပေါ်နေလေပြီ။ ဒီအရွယ် ကလေးငယ်တွေရဲ့ထုံးစံအတိုင်း အရာရာကို သိချင်စိတ်ပြင်းပြပြီး မေးခွန်းထုတ်တတ်ကြတယ်။ အဖေဖြစ်သူက သူ့ဘာသာသူ ခွဲအိပ်ဖို့ ပြောလိုက်တဲ့အခါမှာလည်း ဟုန်အာက ချက်ချင်းပဲ ပြန်လည်မေးခွန်းထုတ်လာခဲ့တော့တယ်။
"ဘာလို့ ဟုန်အာက တစ်ယောက်တည်း အိပ်ရမှာလဲဟင်၊ မေမေနဲ့ပဲ အိပ်ချင်တာကို"
"ဟုန်အာက အခု လူကြီးဖြစ်နေပြီလေ၊ လူကြီးဖြစ်လာရင် မေမေနဲ့ အတူအိပ်လို့ မရတော့ဘူးလေ"
ရွှီထင်းရှန်းက စိတ်ရှည်လက်ရှည်နဲ့ ဖျောင်းဖျလိုက်တယ်။
"ဒါဆို မေမေနဲ့ အိပ်လို့မရရင် ဖေဖေနဲ့အိပ်မယ်လေ" ဟုန်အာက ခဏလောက် စဉ်းစားဟန်ပြုပြီးမှ လိုက်လျောတဲ့လေသံနဲ့ ပြောလိုက်ရင်း သူ့ရဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ရွှီထင်းရှန်းကို လှမ်းကြည့်နေခဲ့တယ်။ "ကြည့်စမ်း... သား ဘယ်လောက်တောင် စကားနားထောင်လဲ" ဆိုတဲ့ အဓိပ္ပာယ်မျိုးလေးပေါ့။
ရွှီထင်းရှန်းရဲ့မျက်နှာက အနည်းငယ် တောင့်တင်းသွားခဲ့ပြီး ထပ်ပြောလိုက်ပြန်တယ်။ "ဖေဖေနဲ့လည်း အိပ်လို့ မရဘူးလေ၊ လူကြီးဖြစ်လာရင် တစ်ယောက်တည်း အိပ်ရစမြဲပဲ"
ဒီစကားကို ကြားလိုက်ရတဲ့အခါ ဟုန်အာရဲ့ ပေါက်စီလုံးလေးလို မျက်နှာလေးဟာ ချက်ချင်းပဲ ရှုံ့တွသွားပြီး ဖေဖေတစ်လှည့် မေမေတစ်လှည့် လှမ်းကြည့်နေတော့တယ်။ ကျောက်အာကတော့ သားဖြစ်သူရဲ့ အကူအညီတောင်းနေတဲ့ အကြည့်တွေကို မမြင်ချင်ယောင်ဆောင်ရင်း တည်တည်ငြိမ်ငြိမ်ပဲ နေနေလိုက်တယ်။
အကူအညီမဲ့သွားတဲ့ ဟုန်အာခမျာ သူ့ဦးနှောက်လေးကို အစွမ်းကုန် အလုပ်ပေးနေရရှာတယ်။ သူ့ရဲ့ မျက်နှာထက်မှာလည်း စိတ်လှုပ်ရှားမှုတွေ အစုံအလင်ပဲ။ တစ်ခါတစ်ရံမှာ မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတစ်ရံမှာ နှုတ်ခမ်းလေး စူလိုက်နဲ့ အတော်လေးကို အကျပ်ရိုက်နေပုံပါပဲ။
"ဖေဖေ... ဒီလိုလုပ်လို့ မရဘူးလေ" သူက ပြောရင်း သူက ရွှီထင်းရှန်းကို ပြန်လည်သိမ်းသွင်းဖို့ ကြိုးစားပြန်တယ်။ ရွှီထင်းရှန်းကတော့ စိတ်ဝင်တစားနဲ့ တည်တည်တံ့တံ့ပဲ ပြန်ကြည့်လိုက်ပြီး "ဖေဖေက သားကောင်းဖို့အတွက် ပြောနေတာပါ"
"ဒါက ဘယ်လိုလုပ် သားအတွက် ကောင်းမှာလဲဟင်။ ဟုန်အာက အခု အရွယ်ရောက်နေပြီဆိုပေမယ့် ကလေးလေးပဲ ရှိသေးတာလေ။ ဘယ်အိမ်က ကလေးမှ ဖေဖေမေမေနဲ့ ခွဲမအိပ်ကြပါဘူး"
"ဒါဆို သားက ဘယ်အိမ်က ကလေးတွေ ဖေဖေမေမေနဲ့ အတူအိပ်တာ တွေ့လို့လဲ"
"ဘေးအိမ်က တာ့မောက်နဲ့ အယ်မောက်တို့ဆိုရင် သူတို့မေမေနဲ့ အိပ်တာပဲလေ။ ပြီးတော့ ဟိုဘက်အိမ်က တာ့နီအယ်လည်း သူတို့မေမေနဲ့ အိပ်တာပဲ"
ဒီကလေးတွေဟာ ဟုန်အာ မြို့တော်ကို ရောက်ကတည်းက စတင်ခင်မင်ခဲ့ရတဲ့ သူငယ်ချင်းအသစ်လေးတွေပေါ့။ သူတို့ထဲမှာ ဟုန်အာက အသက်အငယ်ဆုံး ဖြစ်ပေမယ့် တာ့နီအယ်က ဟုန်အာနဲ့ပဲ ဆော့ချင်တာမို့ ဟုန်အာကတော့ အဖွဲ့ထဲမှာ လူအကြိုက်ဆုံးပဲ။ တာ့နီအယ်က ဘေးအိမ်က ဟွမ်မိသားစုရဲ့ မြေးမလေးဖြစ်ပြီး အခုမှ အသက်လေးနှစ်ပဲ ရှိသေးတာ။ တာ့နီအယ်ကြောင့်ပဲ ကျန်တဲ့ တာ့မောက်နဲ့ အယ်မောက်တို့ကလည်း ဟုန်အာကို ခေါ်ဆော့နေကြရတာ၊ မဟုတ်ရင် တာ့နီအယ်က သူတို့ကို အဖတ်လုပ်မှာ မဟုတ်ဘူးလေ။
"သူတို့အားလုံးက သားထက်တောင် ကြီးကြသေးတယ်၊ ဒါတောင် မေမေနဲ့ အတူအိပ်ကြတာပဲကို"
134 02
ရွှီထင်းရှန်း ခဏလောက် ဆွံ့အသွားခဲ့ရတယ်။ ကလေးတွေက တစ်ခုခုကို အတည်အပေါက် ပြောလာရင် ပြန်ချေပဖို့ မလွယ်ဘူးလေ။ ဒါပေမဲ့ သူက အရှုံးမပေးဘဲ ဆက်ပြီး ဖျောင်းဖျပြန်တယ်။ "ဒါပေမဲ့ တာ့နီအယ်က မိန်းကလေးလေ၊ သားက ယောက်ျားလေးဆိုတော့ ယှဉ်လို့မရဘူးပေါ့။ ပြီးတော့ တာ့မောက်နဲ့ အယ်လ်မောက်တို့ကိုရော သားက သူတို့နဲ့ ဆော့ရတာ တကယ်ပဲ ကြိုက်လို့လား"
ဟုန်အာက ခေါင်းခါပြလိုက်တယ်။ တာ့မောက်တို့ ညီအစ်ကိုက နှပ်ချေးတွေ ထွက်နေတာတောင် မသုတ်ဘဲ နေတတ်ကြတာမို့ ဟုန်အာကတော့ သူတို့နဲ့ မဆော့ချင်ဘူးလေ။ ရွှီထင်းရှန်းက သားဖြစ်သူရဲ့စိတ်ကို အကုန်သိတာပေါ့။ ဟုန်အာကိုယ်တိုင်ကလည်း တာ့မောက်တို့ နှပ်ချေးမသုတ်တဲ့အကြောင်း ကျောက်အာကိုရော သူ့ကိုရော အကြိမ်ကြိမ် ပြောဖူးတာပဲ။
"သူတို့ ဘာလို့ အမြဲတမ်း နှပ်ချေးထွက်နေလဲ သားသိလား။ အဲ့ဒါ သူတို့က ဒီလောက်ကြီးတဲ့အထိ မေမေနဲ့ အတူအိပ်နေကြလို့ပေါ့"
ဟုန်အာခမျာ တုန်လှုပ်သွားပြီး ရွှီထင်းရှန်းကို သံသယမျက်လုံးတွေနဲ့ ကြည့်ကာ မေးရှာတယ်။ "တကယ်လားဟင်"
"တကယ်ပေါ့" ရွှီထင်းရှန်းက ခေါင်းညိတ်ပြလိုက်တယ်။
ကျောက်အာကတော့ ဆက်ကြည့်မနေနိုင်တော့ဘဲ အိပ်ရာခင်းတွေကို သိမ်းဆည်းနေဟန်ပြုရင်း ကျောခိုင်းထားလိုက်ရတယ်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ၊ သားက နှပ်ချေးတွဲလောင်းနဲ့ ကလေးကြီး မဖြစ်ချင်ဘူးလေ"
"အဲ့ဒါကြောင့် ဒီညကစပြီး သားက တစ်ယောက်တည်း အိပ်ရမယ်လေ"
ဟုန်အာခမျာ အဖေဖြစ်သူရဲ့ လှည့်ကွက်ထဲမှာ ကျရှုံးသွားပြီး စိတ်ပျက်လက်ပျက်နဲ့ ရုန်းကန်နေပုံပဲ။ ရွှီထင်းရှန်းက ဆက်ပြီး ဖျောင်းဖျပြန်တယ်။ "ကြည့်ဦး... မေမေနဲ့ အတူမအိပ်ရဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အိပ်ရာတစ်ခုတည်းမှာ အတူမအိပ်ခိုင်းတာပါ။ သားက သေးသေးလေးပဲ ရှိသေးတာဆိုတော့ အိပ်ရာတစ်ခု သီးသန့်ယူပြီး အိပ်ပေါ့"
"ဒါဆို ဖေဖေကရော" ဟုန်အာက ရုတ်တရက် မေးလိုက်တယ်။
"ဖေဖေကတော့ မေမေနဲ့ အိပ်ရာတစ်ခုတည်းမှာ အတူအိပ်မှာပေါ့"
"ဘာလို့ ဖေဖေကျတော့ မေမေနဲ့ အတူအိပ်လို့ရပြီး ဟုန်အာကျတော့ မရတာလဲ။ ဖေဖေကရော နှပ်ချေးထွက်မှာ မကြောက်ဘူးလားဟင်"
ဒီမေးခွန်းကတော့ ရွှီထင်းရှန်းအတွက် ဖြေရ တော်တော်ခက်သွားခဲ့ပြီး စိတ်တင်းထားကာ "ဖေဖေနဲ့ သားက မတူဘူးလေ၊ ဖေဖေက လူကြီးဖြစ်သွားပြီ။ သားလည်း လူကြီးဖြစ်လာရင် ဇနီးသည်နဲ့ အိပ်ရာတစ်ခုတည်းမှာ အတူအိပ်လို့ ရမှာပေါ့"
"မေမေနဲ့ အတူအိပ်မှာပါ" ဟုန်အာက ပြန်ပြင်ပေးတယ်။
"မေမေ မဟုတ်ဘူးလေ၊ ဇနီးသည်လို့ ခေါ်တာ။ နောက်ဆို ဟုန်အာ လူကြီးဖြစ်လာရင် ဇနီးသည် ရှိလာမှာပေါ့၊ အဲ့ဒီအခါကျမှ ဇနီးသည်နဲ့ အတူအိပ်ရမှာ"
"ဒါပေမဲ့ အဲဒါ မေမေပဲလေ"
ကျောက်အာကတော့ အိပ်ရာထဲမှာ အောင့်ထားသမျှ အားရပါးရ ရယ်ချလိုက်တော့တယ်။ ရွှီထင်းရှန်းကတော့ အရှက်သည်းပြီး ဒေါသထွက်ဟန်နဲ့ ဟုန်အာကို စောင်ထဲ အတင်းထည့်လိုက်ပြီး အခန်းထဲက မီးကို မှုတ်လိုက်တော့တယ်။
အမှောင်ထဲမှာတော့ ဟုန်အာရဲ့ မျက်လုံးလေးတွေက တောက်ပနေတုန်းပဲ။
"မြန်မြန်အိပ်တော့"
134 03
"ဖေဖေ... သားကို ပုံပြင်လေး တစ်ပုဒ်လောက် ပြောပြပါဦးလား" ဒီပုံပြင်ဆိုတာကတော့ ရွှီထင်းရှန်းက ကျမ်းစာ ထဲက အကြောင်းအရာတွေကို ပုံပြင်လို ပြောင်းပြောပြနေတာဖြစ်ပြီး ကျောက်အာ မရှိတဲ့ရက်တွေမှာ သားဖြစ်သူကို ချော့သိပ်တဲ့ လက်နက်ကောင်းတစ်ခုပေါ့။
"ဒါဆို မျက်လုံးမှိတ်ထားလေ"
ပြောသာပြောရတာ၊ ရွှီထင်းရှန်းက ပုံပြင်ပြောနေရင်း ဟုန်အာက မျက်လုံးလေးတွေ ခဏခဏ ပြန်ပွင့်လာပြီး စောင်ကြားကနေ လှမ်းကြည့်နေခဲ့တာ။ နောက်ပိုင်းကျတော့ ဟုန်အာက မအိပ်သေးဘဲ ရွှီထင်းရှန်းကသာ အိပ်ငိုက်လာခဲ့ရတယ်။
အတော်လေး ကြိုးစားလိုက်ရမှ ကလေးလေးကို အိပ်ပျော်အောင် ချော့နိုင်ခဲ့ပြီး ရွှီထင်းရှန်းလည်း တော်တော်လေး နွမ်းနယ်သွားခဲ့ရတာပေါ့။
ကျောက်အာက အိပ်ရာထဲမှာ တစ်ခစ်ခစ်နဲ့ ပြန်ရယ်နေပြန်တော့ သူက သူမရဲ့ခါးလေးကို မနာအောင် ဆွဲလိမ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်တယ်။
"ဒီကလေးစုတ်လေးကတော့ တမင်လုပ်နေတာပဲ"
"ဘယ်သူကများ..." နောက်က စကားလုံးတွေကိုတော့ ကျောက်အာက သိပ်မသဲကွဲအောင် ပြောလိုက်တာမို့ ကြားဖို့ ခက်သွားခဲ့တယ်။
"ဘာပြောလိုက်တာလဲ"
အိပ်ရာထဲမှာတော့ ကျောက်အာက မျက်နှာလေး နီမြန်းပြီး သူ့ကို တွန်းထုတ်လိုက်ရင်း "မြန်မြန်အိပ်တော့၊ ကလေး နိုးသွားဦးမယ်"
"မင်းက ကလေးနိုးသွားမှာကို တကယ်ပဲ ကြောက်နေတာလား"
"မဟုတ်ပါဘူး... ဘယ်ကလာ"
"ဒါဆို မင်းကလည်း..."
စောင်ကြီးကတော့ လှုပ်စိလှုပ်စိနဲ့ အတွင်းက ဘာတွေဖြစ်နေမှန်း မမြင်ရပေမယ့် အနည်းငယ်တော့ လှုပ်ရှားနေခဲ့တာပဲ။ အတော်ကြာတဲ့အထိ ကျောက်အာက အသက်ရှူကျပ်လာတာမို့ စောင်ကို ဖယ်ပြီး အသက်ဝဝ ရှူလိုက်ရတယ်။
"နင်... နည်းနည်းလောက် ညင်ညင်သာသာလုပ်ပါ..."
"ခုနက ဘယ်သူကများ ပြင်းပြင်းလေးလုပ်ဖို့ ပြောခဲ့တာလဲ"
နောက်တစ်ခဏမှာတော့ ထိုသူရဲ့ နှုတ်ခမ်းတွေ အပိတ်ခံလိုက်ရပြီး လရောင်တွေ တောက်ပနေတဲ့ ညချမ်းကတော့ ရှည်လျားစွာ ကျန်ရှိနေခဲ့တော့တယ်။
နှစ်သစ်ကူးကာလ နီးကပ်လာလေလေ၊ မြို့တော်ကြီးက ပိုပြီး စည်ကားလာလေလေပါပဲ။ နှစ်သစ်ကူးရဲ့ ပျော်ရွှင်စရာတွေတင်မကဘဲ နယ်အသီးသီးက ပညာတတ်လူငယ်တွေလည်း မြို့တော်ဆီ တဖွဲဖွဲ ရောက်ရှိလာကြတာကိုး။
ဟွေ့ရှီက ဖေဖော်ဝါရီလမှာ ကျင်းပမှာ ဖြစ်ပေမယ့် စာမေးပွဲဖြေမယ့်သူတွေကတော့ နေထိုင်စရာ နေရာကြိုရှာဖို့ မြို့တော်ကို စောစောစီးစီး ရောက်လာကြတယ်။ လမ်းခရီးမှာ နှောင့်နှေးမှာကို ကြောက်တာကြောင့်လည်း ပါသလို၊ မြို့တော်ရဲ့ လက်ရှိအခြေအနေတွေကို စုံစမ်းချင်တာကြောင့်လည်း ပါတာပေါ့။
ဒီလိုအချိန်မျိုးမှာ စာမေးပွဲဖြေမယ့်သူတွေဟာ အတော်လေးကို တက်ကြွနေတတ်ကြတယ်။ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့တွေမှာ သတင်းစုံစမ်းတာတွေအပြင်၊ အဆင့်မြင့်အရာရှိကြီးတွေဆီကို အဆက်အသွယ်ရှာပြီး လူမှုရေးအရ သွားရောက်နှုတ်ဆက်ကြတာတွေလည်း မပြတ်ဘူး။
ဒီတစ်ကြိမ်မှာ ဘယ်သူက စာစစ်မှူးချုပ် ဖြစ်မလဲဆိုတာကိုလည်း တိတ်တိတ်ကလေး ခန့်မှန်းနေကြပြီး တချို့ဆိုရင် သတင်းစာငယ် တစ်စောင်ကိုတောင် သီးသန့်ထုတ်ထားပြီး စာစစ်မှူးချုပ် ဖြစ်နိုင်ခြေရှိတဲ့ အရာရှိစာရင်းတွေနဲ့ စာမေးပွဲမှာ ထိပ်တန်းက အောင်မြင်နိုင်မယ့် နာမည်ကြီးလူငယ်တွေရဲ့ စာရင်းတွေကိုတောင် ဖော်ပြထားကြတယ်။
134 04
ဒီလူငယ်တွေကတော့ ကျင်းရှီဘွဲ့ကိုရဖို့ အလားအလာ အကောင်းဆုံးလူတွေပေါ့။ အဲဒီသတင်းစာက နာမည်မပါဘဲ သုံးရက်တစ်ကြိမ် ထွက်တတ်ပြီး လူသိမခံဘဲ ဖြန့်ဝေတာ ဖြစ်ပေမယ့် စာမေးပွဲဖြေမယ့်သူတိုင်းရဲ့ လက်ထဲမှာတော့ တစ်စောင်စီ ရှိနေတတ်ကြတယ်။
ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ နာမည်ကတော့ အဲ့ဒီစာရင်းထဲမှာ ပါမနေခဲ့ဘူး။
အကြောင်းရင်းကတော့ ဟွေ့ရှီဆိုတာ ထူးချွန်သူတွေ စုဝေးရာဖြစ်ပြီး တိုင်းပြည်ကလည်း ကျယ်ပြောလှတယ်။ ရွှီထင်းရှန်းက ရှန်းရှီးပြည်နယ်မှာ ကျဲယွမ်ဘွဲ့ကို ရခဲ့ပေမယ့် ရှန်းရှီးက ထွက်လိုက်တာနဲ့ သူ့ကို ဘယ်သူမှ မသိကြတော့ဘူးလေ။ အထူးသဖြင့် ရှန်းရှီးဆိုတာ စာပေအစဉ်အလာ အလွန်ကြီးမားတဲ့နေရာ မဟုတ်သလို၊ ကျန်းနန်ဘက်က ဒေသတွေကသာ ခေတ်အဆက်ဆက် ချမ်းသာကြွယ်ဝပြီး ပညာတတ်တွေ ပေါများခဲ့တာ။
"ကျန်းနန်က စာပေပညာရှင်၊ ရှန်းသုန်းက စစ်ဗိုလ်ချုပ်၊ အနောက်မြောက်က မြေဝါပိုင်းကတော့ ဧကရာဇ်တို့ စံမြန်းရာ" ဆိုတဲ့ စကားအတိုင်း ကျန်းနန်ဟာ စာပေထွန်းကားတဲ့ ဒေသကြီး ဖြစ်နေတာကြောင့် ရွှီထင်းရှန်း နာမည်မပါတာကလည်း နားလည်ပေးလို့ ရပါတယ်။
နောက်တစ်ချက်ကတော့ ရွှီထင်းရှန်းက အပြင်ထွက်ရတာ သိပ်မကြိုက်တာကြောင့်လည်း ပါတယ်။ တခြားသူတွေက ရေနွေးကြမ်းဝိုင်း၊ ကဗျာဝိုင်း၊ အရက်ဝိုင်းတွေနဲ့ အလုပ်ရှုပ်နေကြပြီး မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့တောင် ရှန်းရှီးအသင်းအဖွဲ့ဆီ သွားပြီး မျက်နှာပြနေကြပေမယ့် သူကတော့ ဘာမှ မလှုပ်မယှက်ဘဲ နေနေတာ။
ဒီ အသင်းအဖွဲ့ဆိုတာက မြို့တော်ကို စာမေးပွဲလာဖြေတဲ့သူတွေအတွက် မိမိတို့ရဲ့ ဇာတိသားတွေ၊ လုပ်ငန်းတူတွေ စုဝေးရာ နေရာပေါ့။ အစပိုင်းမှာတော့ ဆင်းရဲတဲ့သူတွေ သို့မဟုတ် ဒေသစကားကြောင့် အနှိမ်ခံရတဲ့သူတွေအတွက် နေထိုင်စရာ နေရာအဖြစ် မြို့တော်က အရာရှိတွေနဲ့ စီးပွားရေးသမားတွေက တည်ထောင်ပေးခဲ့တာ။ ဒါပေမဲ့ ဒါကလည်း တစ်မျိုးတော့ ရင်းနှီးမြှုပ်နှံမှုပဲလေ၊ အနာဂတ်မှာ အရာရှိဖြစ်လာမယ့်သူတွေကို ကြိုတင်ကူညီထားတဲ့ သဘောပေါ့။
မောက်ပါ့သိုတို့ သွားနေတဲ့ ရှန်းရှီးအသင်းအဖွဲ့မှာတော့ သတင်းအမျိုးမျိုးကို ကြားနေရတယ်။ မောက်ပါ့သိုကလည်း အပျော်အပါး မက်တဲ့သူဆိုတော့ ဆောင်းတွင်းတစ်တွင်းလုံး အိမ်ထဲမှာပဲ အောင်းနေရတာကို ငြီးငွေ့နေတာမို့၊ ကြောင်က ငါးညှီနံ့ရသလိုမျိုး အသင်းအဖွဲ့ဆီကို အမြဲတမ်း ပြေးနေတော့တယ်။
ဒါပေမဲ့ အကျိုးမရှိတာတော့ မဟုတ်ဘူး။ သူ့ဆီကနေ သတင်းထူးတွေ အများကြီး ကြားရတယ်။ ဥပမာ ဘယ်သူက ဘယ်အရာရှိကြီးဆီကို တိတ်တိတ်လေး သွားတွေ့တာကို တစ်ယောက်ယောက်က မြင်သွားတယ်ဆိုတာမျိုး၊ ဘယ်သူကတော့ နာမည်ကြီးပေမယ့် အကျင့်စာရိတ္တ မကောင်းဘူးဆိုတာမျိုး၊ ပြီးတော့ ဘယ်သူ့မှာ စာစစ်မှူးချုပ် ဖြစ်နိုင်တဲ့သူနဲ့ တွေ့ဖို့ လမ်းကြောင်းရှိတယ်ဆိုတာမျိုးတွေပေါ့။
အထူးသဖြင့် တတိယအချက်က စာမေးပွဲဖြေမယ့်သူတွေအတွက်တော့ အရေးအကြီးဆုံးပဲ။ စာမေးပွဲဆိုတာ ကောင်းကင်ဘုံကို တက်ရသလို ခက်ခဲလွန်းတယ်။ တချို့ဆိုရင် ငယ်ငယ်ကတည်းက စာသင်လာတာ ဆံပင်တွေ ဖြူတဲ့အထိ ရှို့ချိုင်တောင် မဖြစ်ကြသေးဘူး။ တချို့ကတော့ ငယ်ငယ်က နာမည်ကြီးပေမယ့် ကျင်းရှီ အဆင့်မှာတင် လဲကျသွားပြီး ဆယ်စုနှစ်ချီအောင် ပြန်ဖြေနေကြရတယ်။
တစ်ကြိမ်ဖြေရင် လူပေါင်း ထောင်ချီရှိပေမယ့် သုံးရာပဲ ရွေးတာဆိုတော့ ကျန်တဲ့သူတွေက အိမ်ပြန်ပြီး နောက်သုံးနှစ်မှ ပြန်လာကြရတယ်။ ဒီလောက် ခက်ခဲတာတောင် ဘာလို့ လူတွေက အားကြိုးမာန်တက် လုပ်နေကြလဲဆိုရင်တော့ ကျင်းရှီ ဖြစ်သွားတာနဲ့ တစ်မိသားစုလုံးရဲ့ ဘဝက ပြောင်းလဲသွားပြီး မျိုးရိုးဂုဏ်တက်သွားမှာမို့လို့ပါပဲ။
ဒီလိုမျိုး ကြီးမားတဲ့ အကျိုးအမြတ် ရှိနေတော့ တချို့ကလည်း မသမာတဲ့ နည်းလမ်းတွေကို သုံးလာကြတော့တယ်။ စာမေးပွဲမှာ ခိုးချတာက အရမ်းအန္တရာယ်များပြီး နယ်နှင်ဒဏ် သို့မဟုတ် စာမေးပွဲဖြေခွင့် ပိတ်ခံရနိုင်တာမို့၊ အခုခေတ်မှာတော့ နောက်ဖေးပေါက်က ဝင်တာက ပိုပြီး ခေတ်စားနေတော့တယ်။
စာစစ်မှူးချုပ် ဖြစ်နိုင်တဲ့သူတွေကို ကြိုတင်ပြီး ချဉ်းကပ်တာ၊ အရာရှိတွေရဲ့ ဆွေမျိုးသားချင်းတွေကတစ်ဆင့် လမ်းစရှာတာတွေက အမြဲတမ်း ရှိနေတတ်တယ်။ ဒါပေမဲ့ ဒီလိုနည်းကို သုံးတဲ့သူက နည်းပါတယ်၊ အများစုကတော့ အချင်းချင်း မိတ်ဖွဲ့ဖို့အတွက်ပဲ အားထုတ်ကြတာ။
134 05
"ဇာတိသား၊ စာမေးပွဲတူတူအောင်တဲ့သူ၊ ဆရာတစ်ဦးတည်းရဲ့ တပည့်" ဆိုတဲ့ ဒီဆက်ဆံရေး သုံးမျိုးကတော့ အခိုင်မာဆုံးပဲလေ။ ကိုယ်ကိုယ်တိုင် မအောင်ရင်တောင်မှ အောင်သွားတဲ့သူတွေနဲ့ ခင်မင်ထားရင် အနာဂတ်မှာ လုပ်ငန်းခွင်ထဲ ရောက်တဲ့အခါ အားကိုးလို့ ရမှာ။
ဒီနှစ်ရဲ့ နှစ်သစ်ကူးကတော့ မြို့တော်မှာ အတော်လေး စည်ကားလှပါတယ်။ ဇန်နဝါရီ ၁၅ ရက် (မီးထွန်းပွဲတော်) နောက်ပိုင်းမှာတော့ ပိုပြီးတောင် လူစည်ကားလာခဲ့တယ်။ သတင်းအမျိုးမျိုးကလည်း မဆုံးနိုင်အောင် ထွက်ပေါ်နေသလို၊ ဝေရှင်းခေါ်တဲ့ လောင်းကစားပွဲတွေကလည်း မြို့တော်ထဲမှာ ပျံ့နှံ့လာခဲ့တယ်။
ဝေရှင်း ဆိုတာကတော့ စာမေးပွဲဖြေမယ့်သူတွေရဲ့ မျိုးရိုးအမည်ကို လောင်းကြတာပေါ့။ လောင်းကြေးဒိုင်တွေက ကြိုတင်ပြီး စည်းကမ်းတွေ သတ်မှတ်ထားတာ။ မျိုးရိုးအမည်ကြီးတွေ ဖြစ်တဲ့ ကျောက်၊ ချန်၊ ဆွန်း၊ လီဆိုရင် အလျော်အစား သိပ်မရှိပေမယ့်၊ မျိုးရိုးအမည် ရှားတဲ့သူတွေဆိုရင်တော့ အလျော်အစားက အများကြီးပဲ။
အဲဒီထက် ပိုစိတ်ဝင်စားဖို့ ကောင်းတာကတော့ လူတစ်ဦးချင်းစီ အလိုက် လောင်းကြတာပဲ။ အဲဒီ နာမည်မပါတဲ့ သတင်းစာထဲမှာ ပါတဲ့ နာမည်ကြီး ပညာရှင်တွေကတော့ လောင်းကြေးမှာ အမြဲတမ်း ထိပ်ဆုံးကပေါ့။ နာမည်မကြီးတဲ့သူတွေဆိုရင်တော့ တစ်ဆကို အဆနှစ်ရာအထိတောင် လျော်ပေးတတ်ကြတာပဲ။ ဆိုလိုတာက ဒီလူအောင်မယ်ဆိုပြီး တစ်ကျပ်ဖိုး လောင်းလိုက်လို့ တကယ်အောင်သွားရင် ဒိုင်က နှစ်ရာပြန်လျော်ပေးရမှာလေ။
ဧကရာဇ်မင်းမြတ်ရဲ့ခြေရင်း မြို့တော်ကြီးမှာ ဒီလိုမျိုးတွေ ဖြစ်နေတာက တကယ်တော့ အံ့ဩစရာပါပဲ။ ဒါပေမဲ့ နန်းတော်ကလည်း တားမြစ်လို့ မနိုင်သလို၊ ဒီလောင်းကစားဒိုင်တွေနောက်မှာလည်း အရှိန်အဝါကြီးတဲ့ နောက်ခံတွေ ရှိနေကြတယ်။
ဒီအကြောင်းကို ရွှီထင်းရှန်းက မောက်ပါ့သိုဆီကနေ ကြားခဲ့ရတာ။ မောက်ပါ့သိုကလည်း အပျော်အပါး ရှိတဲ့နေရာဆို မနေနိုင်တော့ လီသာ့ထျန်ကို ခေါ်ပြီး သွားကြည့်ခဲ့ပေမဲ့ ပြန်လာတော့လည်း စိတ်မသက်မသာ ဖြစ်နေရှာတယ်။
ဘာလို့လဲဆိုတော့ လောင်းကြေးစာရင်းထဲမှာ သူနဲ့ လီသာ့ထျန်ရဲ့ နာမည် လုံးဝမပါလို့ပဲ။ ရွှီထင်းရှန်း နာမည်ကတော့ ပါပေမယ့် လုံးဝကို အောက်ဆုံးမှာ ရောက်နေပြီး ဘယ်သူမှ လောင်းမယ့်သူ မရှိဘူးလေ။
ရွှီထင်းရှန်း နာမည် ပါနေတာကလည်း သူက ရှန်းရှီးရဲ့ ကျဲယွမ် မို့လို့ပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့အကြိမ်မှာ သူ မဖြေခဲ့တာရော၊ သူ့ရဲ့စာပေအရည်အချင်းကို မြို့တော်ကလူတွေ သိပ်မသိတာကြောင့်ရောကြောင့် သူ့ကို တစ်ဆလျော် ရာဆလျော် (၁:၁၀၀) ဆိုပြီး အချိုးအစား သတ်မှတ်ထားတာ။ ဒါက သူ့ကို အောင်မှာ မဟုတ်ဘူးလို့ ကျိန်ဆဲထားသလို ဖြစ်နေတော့တယ်။
"သူတို့က စာမေးပွဲဖြေမယ့်သူတွေရဲ့နာမည်ကို ဘယ်ကရတာလဲ၊ အဲဒါ နန်းတွင်းဆီမှာပဲ ရှိတာ မဟုတ်ဘူးလား"
ကျောက်အာက မေးလိုက်တယ်။
ဒါကတော့ မေးနေစရာ မလိုပါဘူး။ လောင်းကစားဒိုင်တွေက အစိုးရဘက်မှာ အဆက်အသွယ် ရှိတာပေါ့။ မဟုတ်ရင် မြို့တော်လယ်ခေါင်မှာ ဒီလိုမျိုး လောင်းကစားပွဲ လုပ်ရဲပါ့မလား။
မောက်ပါ့သိုရဲ့ရှင်းပြချက်ကို နားထောင်ပြီး ကျောက်အာက သက်ပြင်းချလိုက်ရင်း ဆိုလေတယ်။ "ဒီလူတွေ တကယ်ပဲ သတ္တိကောင်းလွန်းကြတာပဲ"
"သတ္တိကောင်းရုံတင် ဘယ်ကမလဲ" ရွှီထင်းရှန်းက အေးစက်စက် လှောင်ပြုံးလေးနဲ့ ဆိုလိုက်တယ်။
ပြီးတော့မှ သူက မောက်ပါ့သိုကို ပြန်ဖျောင်းဖျလိုက်တယ်။ "တခြားဘက်ကနေ စဉ်းစားကြည့်လေ၊ အလျော်အစား မြင့်လေလေ၊ လောင်းလို့ နိုင်ရင် ပိုရလေလေပေါ့"
မောက်ပါ့သိုက ဉာဏ်ပြေးတဲ့သူဆိုတော့ ချက်ချင်းပဲ သဘောပေါက်သွားပြီး မေးရင်း ရယ်မောလိုက်တော့တယ်။ "ထင်းရှန်း... မင်းက မင်းကိုယ်မင်း ပြန်လောင်းမလို့လား"
134 06
"ဟား... ငါ ဒါကို မေ့နေတာပဲ။ မင်းကတော့ အောင်မှာ သေချာတာပဲလေ။ အခုပဲ ငါသွားပြီး မင်းနာမည်ကို လောင်းလိုက်မယ်၊ ဟိုမျက်စိမရှိတဲ့ လူတွေကို ပညာပေးရအောင်"
ရွှီထင်းရှန်းက သူ့ကို အတင်းဆွဲထားလိုက်ရတယ်။ "မင်းကလည်း စိတ်မြန်လိုက်တာ၊ လောင်းမယ်ဆိုရင်တောင် မင်းလုပ်သလိုမျိုး လုပ်လို့ မရဘူးလေ"
"ဒါဆို ဘယ်လိုလုပ်ရမှာလဲ" မောက်ပါ့သိုက စိတ်ဝင်တစား မေးလာခဲ့တယ်။
"လောင်းကစားဆိုတာကတော့ ရှောင်ကြဉ်ရမယ့်အရာပါ၊ ဒါပေမဲ့ ဒီလူတွေကတော့..." ရွှီထင်းရှန်း ခဏလောက် ရပ်လိုက်ပြီးမှ ဆိုလိုက်လေတော့တယ်။
"ငါ မင်းတို့နဲ့အတူ အပြင်ကို ထွက်ကြည့်ပြီးမှပဲ ဆုံးဖြတ်ကြတာပေါ့"
******