အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း (၁၃၅)
လောင်းကစားရာ နေရာကတော့ ဆေးဘုရင်ကျောင်းတော် အနီးအနားက မထင်မရှား လမ်းကြားလေးတစ်ခုထဲမှာ ရှိနေခဲ့တာ။ ကြည့်လိုက်ရင်တော့ သာမန်လမ်းကြားလေးလိုပါပဲ၊ ဒါပေမဲ့ ဒါဟာ တမင်သက်သက် ပုန်းလျှိုးကွယ်လျှိုး ရှိနေစေချင်လို့ပဲလေ။ သိသင့်တဲ့သူတွေကတော့ ဘယ်မှာရှိမှန်း အလိုလို သိနေကြတာပဲ၊ မသိတဲ့သူတွေအတွက်လည်း သိဖို့ မလိုအပ်ပြန်ဘူးလေ။
ရွှီထင်းရှန်း သိထားသလောက်ဆိုရင်တော့ ဒီလို လောင်းကစားပွဲကြီးတွေကို ဦးစီးတဲ့ ဒိုင်ကြီးတွေဟာ အနည်းဆုံး ငါးဦးထက်မနည်း ရှိနေတတ်ပြီး ဒိုင်အငယ်စားလေးတွေကတော့ ရေတွက်လို့တောင် မကုန်နိုင်ပါဘူး။ လူအများရဲ့မျက်စိကို လှည့်စားဖို့အတွက် စာမေးပွဲကြီး မစတင်ခင်မှာပဲ ဒီဒိုင်တွေဟာ လူပေါင်းများစွာကို အခကြေးငွေပေးပြီး ကွန်ရက်တွေ ဖြန့်ထားတတ်ကြတာ။ လောင်းမယ့်သူဖြစ်စေ၊ မလောင်းမယ့်သူဖြစ်စေ၊ ဘယ်လိုအဆင့်အတန်းမျိုးပဲဖြစ်ဖြစ်... လူတွေကို ဒီနေရာဆီ ခေါ်ဆောင်လာပေးနိုင်ရင်ပဲ ဒိုင်တွေဆီကနေ မုန့်ဖိုး အတန်အသင့် ရရှိနိုင်တာကိုး။
ဒိုင်တွေဘက်က ငွေကြေးသုံးစွဲပုံကလည်း ရက်ရောလွန်းလှတာကြောင့် လူအတော်များများက ဒီအလုပ်ကို လုပ်ချင်ကြတယ်။ စာမေးပွဲဖြေမယ့် ကျောင်းသားတွေကအစ၊ သာမန်အရပ်သားတွေ၊ ဒေသခံလူမိုက်တွေ၊ ဖုန်းတောင်းစားတွေနဲ့ လှည်းငှားတဲ့သူတွေအဆုံး... နေရာတိုင်းမှာ သူတို့ရဲ့ လူတွေ ရှိနေကြတယ်။ ဒီလို အငွေ့အသက်တွေနဲ့ လူအုပ်စု အလွှာပေါင်းစုံ ပါဝင်ပတ်သက်နေတာကြောင့် တစ်မြို့လုံး လောင်းကစားနေကြသလိုတောင် ဖြစ်နေလေရဲ့။
လောင်းကြေး များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ... လူတိုင်းကတော့ ကံစမ်းတဲ့ သဘောမျိုးနဲ့ လောင်းကြတာပါ။ အောင်ရင်လည်း အောင်၊ မအောင်ရင်လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ သဘောမျိုးပေါ့။ ဒါကတော့ သာမန်လူတွေအတွက်ပဲ၊ တကယ်တမ်းတော့ ဒီနေရာရဲ့ အတွင်းပိုင်းမှာ ဘယ်လောက်တောင် ညစ်ပတ်တဲ့ အရှုပ်အထုပ်တွေ ပုန်းကွယ်နေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
ရွှီထင်းရှန်းကတော့ ဒီအကြောင်းတွေကို ကောင်းကောင်းသိနေခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ မြို့တော်ကို တစ်ကျော့ပြန် ရောက်လာခဲ့တဲ့ အချိန်တုန်းက ဒီကိစ္စတွေကို အထူးတလည် လေ့လာခဲ့ဖူးတာကိုး။ ဒီလောင်းကစားပွဲတွေကို အသုံးချပြီး သူ့ရဲ့ ပြိုင်ဘက်တွေကို ဒုက္ခပေးခဲ့သလို၊ သူ့အတွက် အကျိုးအမြတ်တွေလည်း ရှာဖွေခဲ့ဖူးတယ်။ အတိတ်က အဖြစ်အပျက်တွေက ပြန်တွေးရင် စိတ်မချမ်းမြေ့စရာမို့ ရွှီထင်းရှန်းက သိပ်ပြီး အကြာကြီး မစဉ်းစားတော့ဘဲ မောက်ပါ့သို၊ လီသာ့ထျန် တို့နဲ့အတူ လမ်းကြားထဲက အိမ်ကြီးတစ်အိမ်ထဲကို ဝင်လာခဲ့လိုက်တယ်။
အိမ်ကြီးကတော့ အပြင်ကကြည့်ရင် မထင်မရှားပါပဲ။ တံခါးဝမှာတော့ လူတချို့က စောင့်ကြပ်နေကြပြီး သူတို့ အနားရောက်သွားတာနဲ့ တံခါးကို အလိုအလျောက် ဖွင့်ပေးလိုက်ကြတယ်။ အတွင်းထဲကို ရောက်လိုက်တာနဲ့ မြင်ကွင်းက ချက်ချင်းဆိုသလို ပြောင်းလဲသွားတော့တယ်။ အပြင်မှာ တိတ်ဆိတ်ခြောက်ကပ်နေသလောက် အတွင်းထဲမှာတော့ ခန့်ညားထည်ဝါလွန်းလှပြီး မသိတဲ့သူဆိုရင် ဒါဟာ ဘယ်နားက လောင်းကစားရုံကြီးလဲလို့တောင် အောက်မေ့ရလေရဲ့။
နေ့ခင်းကြောင်တောင်ကြီး ဖြစ်ပေမယ့် အတွင်းထဲမှာတော့ မီးတိုင်တွေ တလက်လက်နဲ့ လင်းထိန်နေတယ်။ နေရာကလည်း အတော်လေး ကျယ်ဝန်းပြီး အပေါ်ထပ် အောက်ထပ်ဆိုပြီး နှစ်ထပ် ခွဲထားတယ်။ မျက်နှာချင်းဆိုင်မှာတော့ နံရံ သုံးချပ် ရှိနေခဲ့တယ်။ အလယ်က နံရံမှာတော့ အနက်ရောင် နောက်ခံပေါ်မှာ အနီရောင်စာလုံးတွေ ရေးထားတဲ့ ဆိုင်းဘုတ်တွေ အများကြီး ချိတ်ထားပြီး အဲဒီအပေါ်မှာ စာမေးပွဲဖြေမယ့်သူတွေရဲ့နာမည်တွေ ပါတယ်။ အနောက်ဘက် နံရံမှာတော့ စာရွက်တွေ အများကြီး ကပ်ထားပြီး အနားကပ်ကြည့်လိုက်မှ နာမည်ကြီးနေတဲ့ ကျောင်းသားတွေရဲ့ အောင်မြင်မှုမှတ်တမ်းတွေကို လူတွေ ကိုးကားနိုင်အောင် ဖော်ပြထားတာမှန်း သိရတော့တယ်။
အရှေ့ဘက် နံရံမှာတော့ အခုထိ နေရာလွတ်တွေ အများကြီး ရှိနေတုန်းပါပဲ။ ဒီနံရံမှာ ချိတ်ထားတဲ့သူတွေကတော့ နာမည်မကြီးတဲ့ ကျောင်းသားတွေဖြစ်တယ်။ ဒါပေမဲ့ တစ်ယောက်ယောက်ကသာ သူတို့အပေါ် လောင်းကြေးတင်လိုက်ရင် ဒိုင်တွေဘက်က သူတို့နာမည်ကို နံရံပေါ်မှာ ချက်ချင်း ချိတ်ပေးလိုက်တော့တယ်။
135 02
အတွင်းဆောင်ထဲမှာတော့ ဝတ်စားဆင်ယင်မှု ပုံစံမျိုးစုံနဲ့ လူအုပ်ကြီးဟာ တစ်ဦးနဲ့တစ်ဦး တိုးဝှေ့သွားလာနေကြလေတယ်။ လူကြီးလူငယ်မရွေး၊ ပညာတတ် ပုံစံရှိသူတွေရော၊ ဝတ်ကောင်းစားလှ ဝတ်ထားတဲ့ ကျယ်ရင် တွေရော၊ သာမန် အရပ်သားတွေနဲ့ ငွေအိတ်ဖောင်းဖောင်း ကိုင်ထားတဲ့ သူဌေးကြီးတွေအပြင်၊ လမ်းသရဲတွေနဲ့ မလုံ့တလုံ အဝတ်အစားတွေ ဝတ်ထားတဲ့ ပြည့်တန်ဆာမလေးတွေအထိတောင် တွေ့ရတတ်တယ်။
ဒီနေရာဟာ ဖွင့်ထားတာ မနေ့တစ်နေ့ကမှ မဟုတ်ဘူးဆိုတာ သိသာလှတယ်။ ဒိုင်ရဲ့နောက်ခံကလည်း အတော်လေး တောင့်တင်းပုံရပြီး ရုံရှန့်ငွေတိုက်ရဲ့ အာမခံ တံဆိပ်တွေကိုတောင် တွေ့ရတယ်။ ဒီတံဆိပ်ရှိတာဟာ ဒီနေရာက ထုတ်ပေးတဲ့ လောင်းကြေးလက်မှတ်တွေ ပေါက်သွားရင် ဒိုင်ဆီ ပြန်လာစရာ မလိုဘဲ ရုံရှန့် ငွေတိုက်မှာ တိုက်ရိုက် ငွေလဲနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒါဟာ ဒိုင်တွေက လူတွေကို ဆွဲဆောင်တဲ့ နည်းလမ်းတစ်ခုပါပဲ။ နန်းတော်က ဒီလို လောင်းကစားမျိုးကို ခွင့်မပြုထားတာကြောင့် လောင်းတဲ့သူတွေက ဒိုင်တွေ ငွေလိမ်ပြေးမှာကို ကြောက်ကြတယ်။ ဒါပေမဲ့ ငွေတိုက်ကတစ်ဆင့်ဆိုရင်တော့ ဒိုင်ပြေးသွားရင်တောင် ငွေတိုက်က တာဝန်ယူပေးမှာမို့လို့ အားလုံးက ယုံကြည်ကြတာပေါ့။ ဒါ့အပြင် လောင်းတဲ့သူတွေရဲ့လျှို့ဝှက်ချက်ကိုလည်း ထိန်းသိမ်းပေးနိုင်တာကြောင့် ဧကရာဇ်ရဲ့ခြေရင်းမှာ ဒီလိုမျိုး လုပ်နိုင်ကြတာ။ ရွှီထင်းရှန်း သိထားသလောက်ဆိုရင်တော့ အဆင့်မြင့်အရာရှိကြီးတွေတောင်မှ သူတို့ရဲ့ လူတွေကို တိတ်တိတ်လေး လွှတ်ပြီး လောင်းခိုင်းတတ်ကြတယ်ဆိုတာကိုပါပဲ။
ရွှီထင်းရှန်းရဲ့မျက်လုံးတွေက မှေးစက်သွားပြီး ဒီကျယ်ဝန်းလှတဲ့ နေရာကြီးကို တစ်ချက် ဝေ့ကြည့်လိုက်မိတယ်။ အထဲမှာတော့ လူတွေဟာ အုပ်စုလိုက် စုရပ်နေကြပြီး အုန်းအုန်းကျွက်ကျွက်နဲ့ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြတယ်။ ဒီအသံတွေ ပေါင်းစပ်သွားတဲ့အခါမှာတော့ နားထဲမှာ ဝီဝီနဲ့ မြည်နေတဲ့ ဆူညံသံကြီးလို ဖြစ်နေတော့တယ်။
"ထင်းရှန်း..."
မောက်ပါ့သိုက လှမ်းခေါ်လိုက်တာကြောင့် ရွှီထင်းရှန်းက လှည့်ကြည့်လိုက်တယ်။
"မင်း ဘယ်လိုမြင်လဲ။ ငါတို့လည်း အရင်ဆုံး နည်းနည်းလောက် သွားလောင်းကြည့်ကြမလား"
ဒီလို ပတ်ဝန်းကျင်မျိုးက လူတစ်ယောက်ကို စိတ်လှုပ်ရှားလာအောင် အလွယ်တကူ ဆွဲဆောင်နိုင်တယ်။ ဒီမြင်ကွင်းတွေကို ကြည့်ပြီး ဘယ်သူမဆို စမ်းကြည့်ချင်စိတ် ပေါက်လာမှာပဲ။
"မင်းလောင်းချင်ရင်လည်း လောင်းလို့ရပါတယ်၊ အပျော်သဘောမျိုး နည်းနည်းပါးပါး လောင်းတာကတော့ ဘာမှမဖြစ်ပါဘူး"
ရွှီထင်းရှန်းက ဆိုလိုက်တယ်။
မောက်ပါ့သိုကတော့ ညည်းညူလိုက်ပြန်တယ်။ "မင်းကလည်း... ငါ့မှာ အများကြီး လောင်းဖို့ ငွေမှမရှိတာ။ ယန့်ရန်က ငါ့ကို ဘယ်လောက်တောင် ကြပ်ကြပ်မတ်မတ် ကိုင်ထားလဲ မင်းလည်း အသိပဲလေ။ ကြည့်လိုက်ရင်တော့ ခန့်ညားတဲ့ ကျူးရင်သခင်လေးပေါ့၊ ဒါပေမဲ့ အိတ်ထဲမှာတော့ ငွေ ၁၀ ပြားထက်တောင် ပိုမရှိဘူးလေ"
ပါးစပ်ကသာ ညည်းညူနေပေမယ့် သူ့ရဲ့ မျက်နှာထက်မှာတော့ စိတ်ပျက်တဲ့ အရိပ်အယောင် လုံးဝမရှိဘဲ ချစ်သူရဲ့ ဂရုစိုက်မှုကို ခံနေရတဲ့ ကြည်နူးမှုတွေသာ ပေါ်နေတာမို့ မြင်ရတဲ့သူကတောင် လှမ်းရိုက်ချင်စရာကောင်းနေတော့တယ်။
လီသာ့ထျန်ကတော့ တကယ်ပဲ ရိုက်ချင်စိတ် ပေါက်နေတော့တယ်။ ဘာလို့လဲဆိုတော့ မောက်ပါ့သိုက လင်းယန့်ရန် ခိုင်းသမျှ အကုန်လုပ်ပေးလွန်းလို့ အရင်က သဘောကောင်းလှတဲ့ သူ့ဇနီး ထောက်အာတောင် အခုဆိုရင် သူ့ကို ကြပ်ကြပ်မတ်မတ် ကိုင်လာတာကိုး။ သူက ထောက်အာ ကိုင်တာကို မကျေနပ်တာ မဟုတ်ပေမယ့်၊ မိန်းမအတွက်နဲ့ သူငယ်ချင်းတွေကိုပါ ဒုက္ခရောက်အောင်လုပ်တဲ့ မောက်ပါ့သိုကိုတော့ ကြည့်မရဖြစ်နေတာ။
စကားပြောရင်းနဲ့ သူတို့ သုံးယောက်သား လောင်းကြေးထပ်ဖို့ ထွက်လာခဲ့ကြတယ်။ လောင်းတဲ့နေရာကတော့ အလယ်က နံရံအောက်မှာ ရှိပြီး ရှည်လျားတဲ့ စားပွဲနှစ်လုံး ချထားကာ စားပွဲနောက်မှာတော့ လူတချို့ ထိုင်နေကြတယ်။
135 03
အနားကို ရောက်သွားတဲ့အခါမှာတော့ အလယ်နံရံရဲ့ အပေါ်ဆုံးတန်းမှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်တွေက အသိသာဆုံးပဲ။ အောက်က ဆိုင်းဘုတ်တွေထက် ပိုကြီးရုံတင်မကဘဲ အပေါ်က စာလုံးတွေကလည်း အဆပေါင်းများစွာ ကြီးမားလွန်းလှတာကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့တင် မြင်နိုင်လိုက်တယ်။
အဲဒီမှာ ဆိုင်းဘုတ် ငါးခု ရှိနေခဲ့တယ်။ ဒါဟာ ဒီတစ်ကြိမ် စာမေးပွဲမှာ နာမည်အကြီးဆုံး ကျောင်းသား ငါးယောက်ရဲ့ နာမည်တွေ ဖြစ်တယ်။
သူတို့တွေကတော့ ရှောက်ရှင်းက ရန်ကွမ်ကျစ်၊ ဟန်ကျိုးက ချီကျန်းဝမ်၊ ကျားရှင်းက ကျောက်ဖင်ဟယ်၊ ဖူကျန့်က ဝမ်ရှို့ နဲ့ စူးကျိုးက ကျော်ဟယ်ကျွင်း တို့ပဲ ဖြစ်ပါတယ်။ ဒီငါးယောက်ရဲ့ အလျော်အစားက အနည်းဆုံးဖြစ်ပြီး တစ်ဆကို တစ်ဆ (၁:၁) ပဲ ရတာလေ။ ဆိုလိုတာက တစ်ကျပ်လောင်းရင် တစ်ကျပ်ပဲ မြတ်မှာပေါ့၊ အမြတ်ကတော့ မရှိသလောက်ပါပဲ။
ဒါပေမဲ့ ဒီလူတွေကို လောင်းတဲ့သူက အများဆုံးပဲ။ ဘာလို့လဲဆိုတော့ အလျော်အစား နည်းတယ်ဆိုတာ သူတို့အောင်ဖို့ သေချာသလောက် ရှိနေလို့ပါပဲ။ အမြတ်မရရင်တောင်မှ အရင်းမရှုံးဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ လူအများက လောင်းကြတာပေါ့။
အလျော်အစား အချိုးအစားကလည်း လောင်းတဲ့သူ အနည်းအများပေါ် မူတည်ပြီး ခဏခဏ ပြောင်းလဲနေတတ်တယ်။ ရွှီထင်းရှန်း ကြည့်လိုက်သလောက်တော့ အပေါ်ဆုံးတန်းက အနည်းဆုံးဖြစ်ပြီး အောက်ကို ဆင်းသွားလေလေ အလျော်အစားက မြင့်လာလေလေပါပဲ။
အနည်းဆုံးက တစ်ဆကို တစ်ဆ ဖြစ်ပေမယ့် အများဆုံးကတော့ တစ်ဆကို လေးဆအထိ ရှိတာပေါ့။ အရှေ့ဘက်က နံရံမှာရှိတဲ့ နာမည်မကြီးတဲ့ ကျောင်းသားတွေဆိုရင်တော့ အလျော်အစားက တစ်ဆကို အဆရှစ်ဆယ် (၁:၈၀) အထိတောင် ရှိနေခဲ့တာပဲ။
မောက်ပါ့သိုက သူ့ရဲ့ငွေတွေကို ထုတ်လိုက်ပြီး အရင်ဆုံး ဝေရှင်း လို့ ခေါ်တဲ့ မျိုးရိုးအမည်တွေကို လောင်းလိုက်တယ်။ လီ မျိုးရိုးကတော့ အမည်ကြီးလွန်းတာကြောင့် လောင်းကြေးစာရင်းထဲမှာ မပါဘူးလေ။ ဒါပေမဲ့ မောက် နဲ့ ရွှီ ကတော့ မျိုးရိုးအမည် နည်းတဲ့အုပ်စုထဲမှာ ပါတာကြောင့် သူက ခွဲပြီး လောင်းလိုက်တာပေါ့။ အထူးသဖြင့် ရွှီ မျိုးရိုးကို ပိုပြီး လောင်းလိုက်တာပဲ။ သူ့မှာ ငွေ ၁၀ တုံးပဲ ရှိတာကို၊ သူ့ရဲ့မောက်မျိုးရိုးအတွက် ၃ တုံးပဲ လောင်းပြီး ရွှီ မျိုးရိုးအတွက်ကိုတော့ ၇ တုံးအထိ လောင်းလိုက်လေရဲ့။
လောင်းကြေးလက်ခံတဲ့ စာရေးကတောင် သူ့ကို ကျီစယ်လိုက်သေးတယ်။ "ရွှီ ဆိုတာ မျိုးရိုးအမည် အနည်းစုပဲလေ၊ ဘာလို့ ဒါကိုပဲ ဖိလောင်းနေရတာလဲ"
မောက်ပါ့သိုက ရွှီထင်းရှန်းကို မျက်စိတစ်ချက် မှိတ်ပြလိုက်ရင်း ပြန်ဖြေလိုက်တာပေါ့။ "ဒါက ငါ ကျောင်းတော်မှာ သီးသန့် သွားမေးထားတဲ့ ကံကောင်းစေမယ့် နာမည်လေ။ အမွှေးတိုင်တွေ ထွန်း၊ အစီအရင်တွေလုပ်ပြီး ကြက်ခေါင်းဖြတ် သစ္စာဆိုထားတာ... ရွှီ မျိုးရိုးကတော့ သေချာပေါက် ပေါက်မှာပဲ"
စာရေးကတော့ ဘာမှပြန်မပြောဘဲ ပြုံးနေခဲ့တာပေါ့။ သူသိသလောက်တော့ ဒီတစ်ကြိမ်မှာ ရွှီ မျိုးရိုးနဲ့ စာမေးပွဲဖြေမယ့်သူက လက်ချိုးရေလို့တောင် ရပြီး နာမည်ကြီးတဲ့သူလည်း တစ်ယောက်မှ မပါဘူးလေ။ ဒါပေမဲ့ ငွေလာပေးတဲ့ လူအအေးလေးတွေကိုတော့ သူက လက်လွှတ်မခံပါဘူး။
တကယ်တော့ ဒီလို လူအအေးတွေက ဒီနေရာမှာ အများကြီးပဲလေ။ ကိုယ့်မျိုးရိုးကိုယ် အောင်ပါစေဆိုတဲ့ အတိတ်ကောင်း ယူချင်ဇောနဲ့ လောင်းကြတာကိုး။ စာရေးကတော့ ဒီလူဟာ ရွှီ မျိုးရိုးပဲ ဖြစ်မယ်လို့တောင် ခန့်မှန်းနေခဲ့တာ။
အဲ့ဒီလို စဉ်းစားနေတုန်းမှာပဲ ဘေးကနေ ငွေတုံးတစ်တုံး ရောက်လာပြီး ဆိုလိုက်တယ်။ "ငါကတော့ ရွှီ မျိုးရိုးကို ငွေ ၂၀ လောင်းမယ်"
အဲ့ဒါကတော့ လီသာ့ထျန် ပါပဲ။
သူက ပြောပြောဆိုဆိုနဲ့ မောက်ပါ့သိုကို မျက်ခုံးတစ်ချက် ပင့်ပြလိုက်ပြီး လှောင်လိုက်တယ်။ "ကြည့်စမ်း... မင်းထက် ငါက ပိုပြီး ရက်ရောတယ် မဟုတ်လား။ ငါ့ရဲ့ထောင်အာက ငါ့ကို ကိုင်ထားတယ်ဆိုပေမယ့် ငါ့ကိုတော့ အချစ်ဆုံးပဲလေ၊ ငွေအိတ်ထဲမှာတော့ မင်းထက် ငါက ပိုရှိတာပေါ့"
135 04
မောက်ပါ့သိုကတော့ ဒေါသထွက်ပြီး ပြန်ပြောဖို့ ပြင်လိုက်တုန်းမှာပဲ ရွှီထင်းရှန်းက ကြားထဲကနေ ဝင်ပြောလိုက်ပါတယ်။
သူက ပြုံးလိုက်ရင်း သူ့ရဲ့ အင်္ကျီလက်အိတ်ထဲကနေ ငွေစက္ကူတစ်ရွက်ကို ထုတ်လိုက်ပြီး ဆိုလိုက်လေတယ်။
"မင်းတို့တွေက ရွှီ မျိုးရိုးကို လောင်းကြမယ်ဆိုရင် ငါလည်း နည်းနည်းတော့ လောင်းရမှာပေါ့၊ အများကြီးတော့ မဟုတ်ပါဘူး... ငွေ ၁၀၀ လောက်ပါပဲ"
စာရေးကတော့ ဒိုင်ရဲ့တံဆိပ်နဲ့ ရုံရှန့် ငွေတိုက်ရဲ့ တံဆိပ်ပါတဲ့ လက်မှတ်ပေါ်မှာ သူတို့လောင်းထားတဲ့ ငွေပမာဏနဲ့ အလျော်အစားတွေကို ရေးမှတ်လိုက်ပြီးမှ တံဆိပ်လေး တစ်ခုကို ထပ်ထုပေးလိုက်တယ်။ အဲ့ဒီ တံဆိပ်လေးပေါ်မှာတော့ "လာဘ်လာဘ ရွှင်လန်းပါစေ" ဆိုတဲ့ စာလုံးလေးတွေ ပါတာပဲ။ ပြီးတော့မှ အဲ့ဒီလက်မှတ်ကို ရွှီထင်းရှန်းတို့ဆီ ပေးလိုက်တယ်။
စည်းကမ်းအတိုင်းပဲ စာရေးက ပေါက်သွားရင် ငွေတိုက်မှာ သွားထုတ်လို့ရတဲ့အကြောင်း ပြောပြနေပေမယ့် ဒါကို သူကိုယ်တိုင်လည်း စိတ်ထဲမရှိသလို၊ ရွှီထင်းရှန်းတို့ကလည်း နားမထောင်ကြပါဘူး။
ဘာလို့လဲဆိုတော့ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့က ရွှီထင်းရှန်းကို ဘေးကို အတင်းဆွဲခေါ်သွားကြလို့ပါပဲ။
"မင်း အမှန်အတိုင်းပြောစမ်း... ဒီလောက်များတဲ့ ငွေတွေ ဘယ်ကရတာလဲ"
မောက်ပါ့သိုက မနာလိုဖြစ်လွန်းလို့ မျက်လုံးတွေတောင် နီရဲနေခဲ့တယ်။
သူသိသလောက်တော့ သူတို့ သုံးယောက်လုံးက အိမ်ဦးနတ် တွေလေ။ ဆိုလိုတာက အိမ်မှုကိစ္စရော ငွေကြေးကိစ္စမှာပါ ဘာမှမလုပ်ရဘဲ ငွေလိုရင် ဇနီးသည်ဆီမှာ တောင်းရတဲ့သူတွေပေါ့။ သူကတော့ အပြင်မထွက်ခင်မှာ ချိုချိုသာသာနဲ့ အမျိုးမျိုး ချော့ပြောခဲ့လို့မှ ငွေ ၁၀ တုံး ရခဲ့တာ၊ လီသာ့ထျန်က ၂၀ တုံး ရတယ်ဆိုပါစို့... ဒါပေမဲ့ ရွှီထင်းရှန်းကျမှ ဘယ်လိုဖြစ်လို့ ငွေ ၁၀၀ အထိတောင် ရှိနေရတာလဲ။
"မင်းတို့အိမ်က ကျောက်အာ ကရော ဒါကို မသိဘူးလား"
မောက်ပါ့သိုကတော့ စိတ်ထဲမှာ မရိုးမရွနဲ့ တိတ်တိတ်ကလေး ကြံစည်နေတာပေါ့။ ရွှီထင်းရှန်း ကတော့ သူ့မိန်းမ မသိအောင် ငွေတွေ တိတ်တိတ်ကလေး ဝှက်ထားတာများလား၊ ဒါကို ကျောက်အာ သိအောင် ဘယ်လိုများ ချောပစ်ရမလဲလို့ တွေးနေလေရဲ့။ အရင်တုန်းက ဒီကောင်လေးက သူ့အပေါ် မဟုတ်မတရား စွပ်စွဲခဲ့တာကိုး။ သူ့အတင်းကို နောက်ကွယ်မှာ ပြောပြီး ကျောက်အာကတစ်ဆင့် ယန့်ရန်ရဲ့ နားထဲရောက်အောင် လုပ်ခဲ့တာလေ။ သူသာ အရည်အချင်း မရှိလို့၊ ဒုက္ခသည် ဟန်ဆောင်ပြီး အပိုင်မချော့နိုင်လို့ကတော့ ယန့်ရန်က သူ့ကို ပြန်ကြည့်မှာတောင် မဟုတ်ဘူး။
အဲဒီတုန်းကတည်းက သူက ကလဲ့စားချေဖို့ အခွင့်အရေး ရှာနေခဲ့တာပါပဲ၊ ဒါပေမဲ့ အခုထိ အဆင်ပြေတဲ့ အခွင့်အရေး မရသေးတာပေါ့။ အခုတော့ သူ ကလဲ့စားချေနိုင်တော့မယ်၊ ရွှီထင်းရှန်းဟာ ကျောက်အာရဲ့ နားရွက်လိမ်ဆွဲပြီး အဆူခံရတော့မှာပဲလို့ တွေးမိတာနဲ့တင် သူကတော့ အတော်လေးကို စိတ်လှုပ်ရှားနေတော့တယ်။ ဒီလူကတော့ စိတ်ကူးယဉ်လွန်းပြီး လင်းယန့်ရန် သူ့ကို ဆုံးမသလိုမျိုး ရွှီထင်းရှန်းလည်း အလုပ်ခံရမယ်လို့ လွဲမှားစွာ ထင်မှတ်နေရှာတာလေ။
ရွှီထင်းရှန်းကတော့ မောက်ပါ့သို ဘာတွေ တွေးနေလဲဆိုတာ အကုန်သိတာပေါ့။ သူက အေးအေးဆေးဆေးပဲ ဆိုလိုက်တယ်။ "ကျောက်အာက ပြောတယ်လေ... ဒီလူတွေက တခြားသူကို အထင်သေးလွန်းကြတယ်တဲ့၊ ဒါကြောင့် ငါ့ကို အလျှော့မပေးဖို့၊ ရှုံးရင်တောင် သိက္ခာမကျစေဖို့ မှာလိုက်သေးတာ။ အဲ့ဒါကြောင့် ငါ အပြင်မထွက်ခင်မှာ သူကပဲ ငါ့ခါးမှာ ဒီငွေအိတ်ကို ချိတ်ပေးလိုက်တာလေ။ အထဲမှာ ငွေကတော့ သိပ်မများပါဘူး... ငွေစက္ကူ ရာဂဏန်းလောက်ပဲ ပါမယ် ထင်တာပဲ"
ရာဂဏန်းတဲ့လား။
မောက်ပါ့သိုတင် မကဘဲ လီသာ့ထျန်တောင် မျက်လုံးတွေ နီရဲလာရပြန်ပြီ။ ဒါပေမဲ့ မနာလိုဖြစ်ရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူးလေ။ အခုချိန်မှာ သူတို့အားလုံးက ဇနီးသည်တွေ ကျွေးတာစားနေရတဲ့သူတွေဆိုတော့၊ ဇနီးသည်ဆီ ငွေတောင်းရတဲ့အခါတိုင်း စိတ်ထဲမှာ အားမလိုအားမရ ဖြစ်နေကြရတာကိုး။
135 05
"မင်းကတော့ အရင်ဘဝက ကံကောင်းခဲ့လို့ပဲ နေမှာပါ၊ အခုဘဝမှာ ကျောက်အာလို မိန်းမမျိုးနဲ့ လက်ထပ်ခွင့်ရတာ"
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက မှေးစက်သွားပြီး မေးလိုက်တာပေါ့။ "မင်းပြောပုံက ယန့်ရန်က မကောင်းဘူးလို့ ဆိုချင်တာလား"
မောက်ပါ့သိုက ချက်ချင်းပဲ ငြင်းတော့တာပဲ။ "ငါ အဲ့လိုမပြောပါဘူးကွ၊ မင်းကလည်း ငါ့စကားကို တလွဲတွေ လျှောက်မကောက်ပါနဲ့ဦး"
သူတို့ သုံးယောက်သား အချင်းချင်း စနောက်ရင်းနဲ့ပဲ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြလေရဲ့။ အဲ့ဒီကြားထဲမှာ မောက်ပါ့သိုက သူသိတဲ့ ကျောင်းသားတချို့နဲ့ ဆုံမိတာကြောင့် ခဏလောက် ရပ်ပြီး စကားပြောနေခဲ့သေးတယ်။
မောက်ပါ့သို စကားပြောနေတုန်းမှာပဲ ရွှီထင်းရှန်းက နောက်ထပ် လောင်းကြေးတချို့ကို သွားထပ်လိုက်ပြန်တယ်။ ဒီတစ်ခါမှာလည်း သူက အရှေ့ဘက်နံရံမှာရှိတဲ့ နာမည်မကြီးတဲ့သူတွေထဲကပဲ ရွေးလောင်းခဲ့တာဖြစ်ပြီး သူ့ကိုယ်သူတော့ လောင်းမသွားခဲ့ဘူး။
ဒီနေရာကနေ ထွက်လာတော့ မောက်ပါ့သိုက သူ့ကိုယ်သူရော မလောင်းဘူးလားလို့ စပ်စုနေပြန်တယ်။ ရွှီထင်းရှန်းကတော့ အခုချိန်က အချိန်မကျသေးဘူးလို့ပဲ ဆိုလိုက်တာပေါ့။ တကယ်တမ်းတော့ ရွှီထင်းရှန်းရဲ့ စိတ်ထဲမှာတော့ စိုးရိမ်ပူပန်မှုတချို့ ရှိနေခဲ့တာပဲ၊ ဒါပေမဲ့ ဒါကိုတော့ သူ ထုတ်မပြောခဲ့ပါဘူး။
ဖေဖော်ဝါရီ ၆ ရက်နေ့ကို ရောက်တော့ အထက်ကနေ ဒီတစ်ကြိမ် ဟွေ့ရှီ စာမေးပွဲအတွက် စာစစ်မှူးစာရင်းကို ကြေညာလိုက်ပြီ။ စာစစ်မှူးချုပ် နှစ်ဦးအပြင် အခန်းစောင့်ဆရာ ၁၈ ဦးပါဝင်ပြီး ရှေ့က ရှန်းရှီတုန်းကအတိုင်းပဲပေါ့။ တခြားသော အဆင့်အတန်းအလိုက် အရာရှိတွေကိုတော့ ကြိုတင် အသိပေးလေ့မရှိဘဲ တော်ဝင်အမိန့်တော် ထွက်လာတဲ့နေ့ကျမှပဲ အားလုံး သိကြရတာ။
မြို့တော်ရဲ့ ဝူးမန်တံခါးကြီးရဲ့ အပြင်ဘက်မှာတော့ လူတွေက အစောကြီးကတည်းက စောင့်နေကြပြီ။ နန်းတွင်း တပ်သားတစ်ဖွဲ့ပြီးတစ်ဖွဲ့ နန်းတော်ထဲကနေ မြင်းတွေနဲ့ ထွက်လာပြီး အမိန့်တော်စာရင်းထဲမှာပါတဲ့ အရာရှိကြီးတွေရဲ့ အိမ်တော်တွေဆီကို အပြင်းအထန် ပြေးလွှားသွားကြတော့တယ်။
အဲဒီအရာရှိတွေခမျာလည်း ရုတ်တရက်ဆိုသလို အရာရှိဝတ်စုံကို ကပျာကသီ ဝတ်ဆင်ရပြီး၊ အိမ်သူအိမ်သားတွေ ပြင်ဆင်ပေးတဲ့ အထုပ်အပိုးတွေကို ဆွဲကာ ဝူးမန်တံခါးပြင်ပမှာ အမိန့်တော်နာခံဖို့ ခေါ်ဆောင်သွားခြင်း ခံရရှာတာ။ ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပြီးတာနဲ့ တစ်နေရာရာမှာ ရပ်နားခွင့်မရှိဘဲ နန်းတွင်းတပ်သားတွေက စာမေးပွဲကျင်းပရာ ကုန်းယွမ်ဆီကို တန်းပြီး ပို့ဆောင်လိုက်တာပဲ။ ဒီမြင်ကွင်းကို မသိတဲ့သူက ကြည့်မယ်ဆိုရင်တော့ ရာဇဝတ်သားတွေကို ဖမ်းဆီးသွားတယ်လို့တောင် ထင်မှတ်ရလေရဲ့။
ဒီအတောအတွင်းမှာ လမ်းတစ်လျှောက်လုံးမှာလည်း လူတွေ ပြည့်နှက်နေတယ်။ သာမန်အရပ်သားတွေအပြင် စာမေးပွဲဖြေမယ့် ကျောင်းသားတွေလည်း ပါတာပေါ့။ ဒီအုပ်စုကြီး ဖြတ်သွားပြီးတာနဲ့ လူအုပ်က လူစုကွဲသွားပြီး သတင်းတွေကတော့ အိမ်တော်အသီးသီးဆီကို အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားတော့တယ်။ ဒါတွေကတော့ နောက်ကွယ်က သိုသိုသိပ်သိပ် ဖြစ်ပျက်နေတဲ့ ကိစ္စတွေပေါ့။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာတော့ ရွှီထင်းရှန်းက မောက်ပါ့သိုတို့ နှစ်ယောက်ကို ခေါ်ပြီး လောင်းကစားရာ နေရာဆီကို ထပ်သွားခဲ့ပြန်တယ်။ အရင်ကထက်စာရင် အခြေအနေက ပိုပြီးတော့တောင် ကြွတက်နေလေရဲ့။ လောင်းကြေးလက်ခံတဲ့သူတွေကိုလည်း ၄၅ ယောက်ကနေ ၁၀ ယောက်ကျော်အထိ တိုးမြှင့်ထားတာပေါ့။ သာမန်ဝတ်စားထားတဲ့ လူတွေဟာ ကပျာကသီ ဝင်လာလိုက်၊ လောင်းကြေးထပ်ပြီးတာနဲ့ အလောတကြီး ပြန်ထွက်သွားလိုက်နဲ့... ဘာတွေများ အသည်းအသန် ဖြစ်နေကြလဲလို့တောင် အောက်မေ့ရတယ်။
ဒီတစ်ခေါက်မှာလည်း ရွှီထင်းရှန်းက လောင်းကြေး မထပ်ခဲ့ပြန်ဘူး။ အပြင်ကို ထွက်လိုက်တဲ့အခါ မီးခိုးရောင်သန်းနေတဲ့ ကောင်းကင်ယံကြီးကို ငေးကြည့်ရင်း သူ့ရဲ့ စိတ်ထဲက စိုးရိမ်စိတ်က ပိုပြီး လေးလံလာခဲ့တယ်။
ညရောက်လို့ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျသွားတဲ့အထိ သူကတော့ အပြင်ကို တစ်ခေါက် ထပ်ထွက်ခဲ့ပြန်တယ်။ ဒီတစ်ခါမှာတော့ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကို မခေါ်ဘဲ သူတစ်ယောက်တည်းပဲ ထွက်သွားခဲ့တာ။
135 06
နာရီဝက်ကျော်လောက်ကြာမှ သူ ပြန်ရောက်လာခဲ့ပြီး ကျောက်အာကလည်း သူ့ကို လာကြိုရှာတာပေါ့။ သူမက စိုးရိမ်တကြီးနဲ့ လှမ်းကြည့်ပြီး မေးလိုက်တယ်။ "နင် ဘာဖြစ်နေတာလဲ၊ ဘာလို့ စိတ်နဲ့လူနဲ့ မကပ်သလို ဖြစ်နေရတာလဲ။ ခုနက ဘယ်ကို သွားခဲ့တာလဲဟင်"
"လေညင်းခံထွက်တာပါ"
ကျောက်အာကလည်း ဆက်မမေးတော့ပါဘူး။ "ဒါဆိုရင်လည်း မြန်မြန်အိပ်တော့နော်၊ ဟုန်အာတောင် အိပ်ပျော်နေပြီ။ နင် မနက်ဖြန် စောစောထရဦးမှာလေ"
ဖေဖော်ဝါရီ ၈ ရက်နေ့၊ မနက် သုံးချက်တီးတောင် မထိုးသေးခင်မှာပဲ ရွှီထင်းရှန်းတို့ သုံးယောက်သား နိုးနေကြပြီ။ ဆူညံအလုပ်ရှုပ်စွာနဲ့ မျက်နှာသစ်၊ မနက်စာစားကြတယ်။ အထုပ်အပိုးတွေကိုတော့ ကြိုတင်ပြင်ဆင်ထားပြီးသားမို့ ငှားထားတဲ့ မြင်းလှည်းပေါ်ကို တင်လိုက်ကြတယ်။ ပြီးတော့မှ အားလုံးဟာ ကုန်းယွမ် ဆီကို အပြေးအလွှား ထွက်လာခဲ့ကြတော့တယ်။
လီသာ့ထျန်နဲ့ မောက်ပါ့သိုတို့ကတော့ ဒီနေရာကို အရင်က ရောက်ဖူးတာကြောင့် အကုန်ကျွမ်းကျင်နေကြတာ။ ရွှီထင်းရှန်းကတော့ တကယ်တမ်း မရောက်ဖူးသေးပေမယ့် အိမ်မက်ထဲမှာတော့ အကြိမ်ကြိမ် ရောက်ဖူးနေသလိုပါပဲ။ ပြီးတော့ သူငယ်ချင်းနှစ်ယောက်က လမ်းပြပေးနေတာကြောင့် သူစိမ်းပြင်ပြင် ခံစားချက်မျိုးတော့ မရှိပါဘူး။
မြင်းလှည်း သွားလို့မရတော့တဲ့ နေရာရောက်တဲ့အခါ သူတို့ သုံးယောက်သား လှည်းပေါ်က ဆင်းလိုက်ကြတယ်။ အရင်တစ်ခေါက် မောက်ပါ့သိုရဲ့ အတွေ့အကြုံအရ လင်းယန့်ရန်က မောက်ပါ့သိုအတွက် ထမ်းပိုးတစ်ခု ပြင်ပေးထားသလို၊ ကျောက်အာနဲ့ ရွှီထောင်အာ တို့ကလည်း သူတို့ယောက်ျားတွေအတွက် တစ်ခုစီ ပြင်ပေးထားတာပေါ့။ ထမ်းပိုးရှိတော့လည်း ဒီလောက်များတဲ့ အထုပ်အပိုးတွေကို အဆင်ပြေပြေ သယ်နိုင်တာပေါ့။
ယောက်ျား သုံးယောက်ဟာ ကိုယ့်မိန်းမကိုယ် နှုတ်ဆက်ပြီး ထမ်းပိုးကိုယ်စီနဲ့ ကုန်းယွမ် ဆီကို ရှေ့ဆက်တိုးလာခဲ့ကြတယ်။ အဲ့ဒီကြားထဲမှာ မောက်ပါ့သိုက အရင်တုန်းက သူ့ကို လှောင်ခဲ့တာတွေကို ကလဲ့စားချေတဲ့ အနေနဲ့ "အခုတော့ ငါတို့ သုံးယောက်စလုံး သဲရဟန်းတွေ ဖြစ်ကုန်ကြပြီပေါ့" လို့ နောက်လိုက်သေးတာ။ သူတို့ သုံးယောက်သား အပြန်အလှန် စနောက်ရင်းနဲ့ပဲ သွားနေကြတယ်။
ကုန်းယွမ် ရောက်တော့ နာမည်ခေါ်တာ၊ ကိုယ်ခန္ဓာ ရှာဖွေစစ်ဆေးတာနဲ့ နဂါးတံခါး ထဲကို ဝင်ရတာတွေကတော့ ရှန်းရှီ တုန်းကနဲ့ အတူတူပါပဲ။ စာမေးပွဲဖြေမယ့်သူတွေ အကုန်ဝင်သွားပြီးတာနဲ့ ကုန်းယွမ် တံခါးကြီးကို ထပ်မံပိတ်လိုက်တော့တာပေါ့။ ဧကရာဇ်ကျားချန် (၉) နှစ်မြောက်ရဲ့ ဟွေ့ရှီ စာမေးပွဲကြီးဟာ ဒီလိုနဲ့ပဲ စတင်ခဲ့လေတော့တယ်။
စာမေးပွဲဖြေရတဲ့ ပုံစံကတော့ ရှန်းရှီ နဲ့ ဆင်တူပါတယ်၊ သုံးကြိမ် ခွဲဖြေရပြီး တစ်ကြိမ်ကို သုံးရက်ကြာတယ်။ ပထမနေ့မှာ ဝင်ရတယ်၊ နောက်နေ့မှာ ထွက်ရတယ်၊ နောက်တစ်နေ့မှာ နောက်တစ်ကြိမ် ထပ်ဖြေရတယ်... ဒီလိုနဲ့ပဲ လည်ပတ်နေတာ။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကို ရောက်တော့ ကျောက်အာတို့ တစ်သိုက်က စီးပွားရေးတောင် မလုပ်နိုင်တော့ဘဲ မြင်းလှည်းငှားပြီး အစောကြီး လာစောင့်နေကြရှာတယ်။ ရွှီထင်းရှန်းက အရင်ဆုံး ထွက်လာပြီးတော့ လီသာ့ထျန်၊ နောက်ဆုံးမှ မောက်ပါ့သို ထွက်လာခဲ့ကြတယ်။
စကားတွေ သိပ်အများကြီး မပြောနိုင်ကြဘဲ အားလုံး အိမ်ကို မြန်မြန်ပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ အကောင်းဆုံး ဟင်းလျာတွေကို ဝအောင်စားပြီးတာနဲ့ အိပ်ရာထဲ တန်းဝင်ပြီး အိပ်လိုက်ကြတာပဲ။ နိုးလာတော့လည်း ထပ်စား၊ စားပြီးရင် ထပ်အိပ်နဲ့... စကားစမြည်ပြောဖို့တောင် အချိန်မရှိဘူး။ နောက်တစ်နေ့ မနက်ရောက်တော့လည်း ၈ ရက်နေ့တုန်းကလိုပဲ စာမေးပွဲစစ်တလင်းဆီကို ပြန်ပြေးကြရပြန်တယ်။
ဒီလိုနဲ့ သုံးကြိမ်စလုံး ဖြေဆိုပြီးသွားတဲ့အခါ ရွှီထင်းရှန်းတို့ သုံးယောက်မှာတင် အသားအရေတွေ ပိန်လှီသွားတာ မဟုတ်ဘဲ ကျောက်အာတို့ မိန်းမသားတစ်သိုက်လည်း တော်တော်လေးကို ပင်ပန်းသွားကြရှာတာ။ ကံကောင်းတာကတော့ စာမေးပွဲကြီး ပြီးဆုံးသွားပြီမို့ မတ်လမှာ ထွက်မယ့် ရလဒ်စာရင်းကိုပဲ စောင့်ရတော့မှာပေါ့။
135 07
နောက်ပိုင်းရက်တွေမှာတော့ စာမေးပွဲဖြေပြီးသွားတဲ့ ပညာတတ်လူငယ်တွေဟာ အရင်ကထက် ပိုပြီးတော့တောင် လွတ်လပ်ပေါ့ပါးသွားကြပြီ။ လက်ဖက်ရည်ပွဲ၊ ကဗျာပွဲ၊ အရက်ဝိုင်းတွေနဲ့ အလုပ်ရှုပ်နေကြသလို၊ ပစိဟူထုန်လိုမျိုး ပျော်ပွဲရွှင်ပွဲရှိရာ နေရာတွေဆီမှာလည်း မခွာတမ်း သွားလာနေကြတော့တယ်။
အရင်ကနဲ့ မတူတာကတော့ ဒီတစ်ခါမှာ ရွှီထင်းရှန်းဟာ ထူးထူးခြားခြားပဲ တက်တက်ကြွကြွ ရှိနေခဲ့တယ်။ သူက မောက်ပါ့သိုတို့ နှစ်ယောက်ကို နေ့တိုင်း အပြင်ကို အတင်းဆွဲခေါ်နေတော့တာ။
******
136 01
အခန်း (၁၃၆)
ချင်းဟွာကျောင်းတော်လမ်းမှာ တည်ရှိတဲ့ ကျွန့်ယွမ်အဆောင်ဟာ အခုချိန်မှာတော့ နေရာလပ်မရှိအောင်ကို လူတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဒီအဆောင်ကို ကျွန့်ယွမ် လို့ အမည်ပေးထားရတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ တကယ်ပဲ စာမေးပွဲမှာ ပထမစွဲတဲ့ ကျွန့်ယွမ်တွေ ထွက်ပေါ်ခဲ့ဖူးလို့ပဲလေ။ ကျွန့်ယွမ်တစ်ယောက်တည်းတင် မကဘဲ ဆယ်ဂဏန်းမကတဲ့ ကျွန့်ယွမ်ဘွဲ့ရတွေကို မွေးထုတ်ပေးခဲ့တဲ့ နေရာပေါ့။ ဒီစားသောက်ဆိုင်ကြီးက သက်တမ်းလည်း အတော်လေး ကြာလှပြီဖြစ်ပြီး ရှေးမင်းအဆက်ဆက်ကတည်းက လူသိများကျော်ကြားခဲ့တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
နှစ်စဉ် ချွမ်းဝေရောက်တိုင်း နယ်အသီးသီးက မြို့တော်ကို လာဖြေကြတဲ့ ပညာတတ်လူငယ်တွေဟာ ဒီနေရာကို အနည်းဆုံး တစ်ခေါက်တော့ လာရောက်ကြည့်ရှုလေ့ ရှိကြတယ်။ ဒါဟာ အတိတ်ကောင်း နိမိတ်ကောင်း ယူချင်ကြလို့ပဲလေ။ အိတ်ထဲမှာ ငွေအင်အား တောင့်တင်းတဲ့ ကျောင်းသားတွေဆိုရင်တော့ ဒီ ကျွန့်ယွမ်အဆောင်ကိုပဲ တည်းခိုဖို့အတွက် ပထမဦးစားပေး ရွေးချယ်တတ်ကြတာပဲ။
တခြားဘာအကြောင်းကြောင့်မှ မဟုတ်ပါဘူး။ ဒီအဆောင်ရဲ့ ဈေးနှုန်းဟာ တခြား စားသောက်ဆိုင်တွေထက် နှစ်ဆမက ပိုများနေရင်တောင်မှ ဒီအဆောင်မှာ တည်းခိုနိုင်ရင် ကျွန့်ယွမ်ဘွဲ့ကို ရနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့်ပဲ။
ကျွန့်ယွမ်အဆောင်ရဲ့ နယ်မြေက အတော်လေး ကျယ်ဝန်းလှပါတယ်။ အရှေ့ဘက်မှာတော့ သုံးထပ်အမြင့်ရှိတဲ့ စားသောက်ဆိုင် အဆောက်အအုံ ရှိနေပြီး အနောက်ဘက်မှာတော့ တည်းခိုခန်းတွေ ရှိတယ်။ ဒီနေရာက တည်းခိုခတင် ဈေးကြီးတာ မဟုတ်ဘဲ ထမင်းဟင်းနဲ့ ရေနွေးကြမ်း၊ အရက်တွေကအစ တခြားနေရာတွေထက် အဆမတန် ပိုဈေးကြီးလှတယ်။ ဒါပေမဲ့လည်း လာရောက်စားသောက်ကြတဲ့ လူအုပ်ကြီးကတော့ မြစ်ရေပြင်က ငါးအုပ်ကြီးလိုပဲ မပြတ်တမ်း ရှိနေခဲ့တာပါပဲ။
အတိတ်ကောင်း ယူချင်တာအပြင် ဒီအဆောင်မှာ တည်းနေတဲ့သူတွေကို တွေ့ချင်ကြတာကြောင့်လည်း ပါတယ်။ ဒီမှာ တည်းနိုင်တဲ့သူတွေဟာ သူဌေးတွေ၊ အရာရှိကြီးတွေ မဟုတ်ရင်တောင်မှ နာမည်ကျော်နေတဲ့ ပါရမီရှင် လူငယ်တွေပဲ ဖြစ်ရမယ်။ ဒီအဆောင်ရဲ့ ပိုင်ရှင်ကလည်း စီးပွားရေး အတော်လေး ပါးနပ်တာကိုး။ နှစ်တိုင်း လူအများက လက်ခံထားတဲ့ ပါရမီရှင်တွေကို ဒီမှာလာတည်းဖို့ ဖိတ်ခေါ်တတ်ပြီး အကောင်းဆုံး အခန်းတွေကို ပေးထားရုံတင်မကဘဲ အခန်းခတောင် မယူဘူး။
အခုဆိုရင် ဟွေ့ရှီ စာမေးပွဲကြီးလည်း ပြီးသွားပြီမို့ ပညာတတ်လူငယ်တွေဟာ အရင်ကထက် ပိုပြီးလွတ်လပ်ပေါ့ပါးနေကြပြီ။ မိတ်ဆွေ တစ်ယောက်နှစ်ယောက်နဲ့ လက်ဖက်ရည်သောက်ရင်းဖြစ်စေ၊ အရက်သောက်ရင်းဖြစ်စေ အရင်ကိစ္စတွေကို မြိန်ရည်ယှက်ရည် ပြောဆိုနေကြတယ်။
ဒီရက်ပိုင်းအတွင်းမှာတော့ လူအများ စိတ်ဝင်စားတကြီး ဆွေးနွေးနေကြတဲ့ အကြောင်းအရာကတော့ ပါရမီရှင် ငါးဦး ထဲက နှစ်ယောက်အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကတော့ ရှောက်ရှင်းက ရန်ကွမ်ကျစ် နဲ့ စူးကျိုးက ဝမ်ရှို့ တို့ပါပဲ။
ဒီနှစ်ယောက်ကတော့ တကယ်ပဲ ကံဆိုးလွန်းလှတယ်။ နာမည်ကြီးလွန်းလို့ ကံတရားက မျက်နှာသာ မပေးတော့တာလား၊ ဒါမှမဟုတ် ဘယ်လို ကံဆိုးမိုးမှောင်ကျမှုမျိုးနဲ့ တွေ့နေတာလဲ မသိပါဘူး။ လူအများရဲ့ ချီးကျူးမှုကို အကြာကြီး ခံခဲ့ရလို့ပဲ ကံဆိုးသူမလေး ဝင်ပူးသွားတာလား မဆိုနိုင်ဘူး။ တစ်ယောက်ကတော့ ကုန်းယွမ် စာမေးပွဲစစ်တလင်းထဲကို မဝင်ခင်မှာတင် ရုတ်တရက် အဖျားတက်သွားခဲ့ပြီး၊ နောက်တစ်ယောက်ကတော့ ပိုဆိုးရှာတယ်... စာမေးပွဲခန်းထဲမှာတင် ချော်လဲပြီး လက်မောင်း ကျိုးသွားခဲ့ရတယ်။
ဒါပေမဲ့လည်း ပါရမီရှင်ဆိုတာ ပီသပါပေတယ်... ဒီလိုမျိုး ခက်ခဲတဲ့ အခြေအနေမှာတောင်မှ သူတို့ နှစ်ယောက်စလုံးဟာ စာမေးပွဲ သုံးကြိမ်စလုံးကို အဆုံးထိ ဖြေဆိုနိုင်ခဲ့ကြတာပဲ။ အထူးသဖြင့် ဝမ်ရှို့ ပေါ့။ သူဟာ ပထမအကြိမ် စာမေးပွဲမှာတင် လက်မောင်း ကျိုးသွားခဲ့တာ ဖြစ်ပေမယ့် နာကျင်နေတဲ့ လက်မောင်းကို ပိုက်ထားရင်း ပထမအကြိမ် ပြီးတဲ့အထိ အောင့်အီးဖြေဆိုခဲ့ပြီးမှ အပြင်ထွက်ပြီး ဆေးကုသခဲ့တာ။ လူကတော့ ဘာမှမဖြစ်ပေမယ့် တော်တော်လေးတော့ ဒုက္ခခံလိုက်ရတယ်။ ဒါပေမဲ့ ဒီလို အခြေအနေမျိုးနဲ့ ဖြေဆိုခဲ့ရတာဆိုတော့ စာမေးပွဲအကြောင်း နည်းနည်းပါးပါး သိတဲ့သူတိုင်းကတော့ ဒီနှစ်ယောက်အတွက် စိုးရိမ်နေကြတာပဲ။
ထင်ထားတဲ့အတိုင်းပါပဲ... စာမေးပွဲပြီးသွားတဲ့အခါမှာတော့ သူတို့ နှစ်ယောက်စလုံးဟာ အပြင်ကို မထွက်တော့ဘဲ အခန်းထဲမှာပဲ အောင်းနေကြတော့တယ်။ အရင်တုန်းက သူတို့ကို မြှောက်ပင့်ခဲ့ကြသလောက် အခုတော့ ကွယ်ရာမှာ လှောင်ပြောင် နေကြတဲ့သူတွေလည်း မနည်းဘူးပေါ့။
136 02
ဘေးက စားပွဲမှာရှိတဲ့ ကျောင်းသားတချို့ရဲ့ တိုးတိုးတိတ်တိတ် ဆွေးနွေးသံတွေကို နားထောင်ရင်း ရွှီထင်းရှန်း ကတော့ ရေနွေးကြမ်းခွက်ကိုမပြီး ခပ်အေးအေးပဲ တစ်ငုံငုံလိုက်လေရဲ့။ မောက်ပါ့သို ကတော့ ဘယ်တုန်းကမှ ငြိမ်ငြိမ်ထိုင်တတ်တဲ့သူ မဟုတ်လေတော့ သိတဲ့သူတွေရှိရာ တခြားစားပွဲဆီကို သွားပြီး စကားစမြည် ပြောနေခဲ့ပြီ။ လီသာ့ထျန် တစ်ယောက်ပဲ သူ့ဘေးမှာ ထိုင်ပြီး အဖော်လုပ်ပေးနေတယ်။
"ထင်းရှန်း... ငါတို့ ထိုင်နေတာလည်း တော်တော်ကြာပြီဆိုတော့ ပြန်ကြမလား" လီသာ့ထျန်က မေးလာခဲ့တယ်။
"ဘာလို့ ပြန်မှာလဲ။ ခဏနေရင် နေလယ်စာစားချိန် ရောက်တော့မှာကို၊ ဒီမှာပဲ တစ်ခါတည်း စားသွားကြမယ်"
ကျွန့်ယွမ်အဆောင်ရဲ့ ဟင်းလျာတွေကတော့ မချိုသာလှပါဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းတို့ သုံးယောက်အတွက်တော့ ဒီလောက်ကတော့ သုံးနိုင်ပါသေးတယ်။ သူတို့ သုံးယောက်သား ဟင်းတချို့နဲ့ အရက်တစ်အိုး မှာလိုက်ကြပြီး၊ မောက်ပါ့သို ပြောပြနေတဲ့ သတင်းထူးတွေကို နားထောင်ရင်း စားသောက်နေကြတယ်။
အဲ့ဒီလို စကားပြောနေတုန်းမှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးက ရုတ်တရက် ငြိမ်သက်သွားခဲ့တယ်။
ရွှီထင်းရှန်းက လူအများ ကြည့်နေတဲ့ဘက်ကို လိုက်ကြည့်လိုက်တဲ့အခါမှာတော့ အသက် ၂၀ ကျော်လောက်ရှိတဲ့ ကျောင်းသား လူငယ်တစ်ယောက် အပေါ်ထပ်ကို တက်လာတာ တွေ့လိုက်ရတယ်။ ထိုလူရဲ့ မျက်နှာက ဖြူဖျော့နေပြီး အပြာရောင် အနွေးထည်ကို ဝတ်ထားတယ်။ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာတော့ အဖြူရောင် ပတ်တီးတွေ စည်းထားတာကြောင့် လူအများ ပြောနေကြတဲ့ ကံဆိုးလွန်းလှတဲ့ ဝမ်ရှို့ ဆိုတာ သေချာသွားခဲ့ပြီ။
သူကတော့ အထဲဝင်လာတဲ့အခါ ဘာစကားမှ မပြောပါဘူး။ တည်ကြည်တဲ့ မျက်နှာထားနဲ့ပဲ စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ အဲဒီစားပွဲမှာတော့ ဖူကျန့်က ကျူးရန်တွေ ထိုင်နေကြတယ်။ အရင်တုန်းကတော့ ဝမ်ရှို့အကြောင်းကို ကွယ်ရာမှာ အတင်းပြောနေကြတဲ့သူတွေဟာ အခု ဝမ်ရှို့ ရှေ့ရောက်လာတဲ့အခါမှာတော့ မျက်နှာချိုသွေးပြီး ဖားနေကြပြန်တာ မြင်ရတာ တော်တော်လေးကို စိတ်ပျက်ဖို့ ကောင်းလှတယ်။
ကာယကံရှင်ကိုယ်တိုင် ရောက်လာပြီဆိုတော့ လူတွေကလည်း ကွယ်ရာမှာ ပြောသလိုမျိုး ဗြောင်မပြောရဲကြတော့ဘဲ တခြားအကြောင်းအရာတွေကိုပဲ ပြောင်းပြောနေကြတော့တယ်။
ဝမ်ရှို့ရဲ့ စားပွဲမှာတော့ အသက် ၃၀ ကျော်လောက်ရှိတဲ့ လူကြီးတစ်ယောက်က ဝမ်ရှို့ကို တိုးတိုးလေး ဖျောင်းဖျနေရှာတယ်။ "ညီလေးဝမ်... ဒီလို မျက်နှာလိုမျက်နှာရ လုပ်တတ်တဲ့ လူတွေကို ဂရုမစိုက်ပါနဲ့။ အခုမှ ရလဒ်စာရင်းလည်း ထွက်သေးတာ မဟုတ်ဘူး၊ တကယ်လို့ မအောင်ခဲ့ရင်တောင်မှ နောက်သုံးနှစ်မှာ ပြန်ဖြေလို့ ရတာပဲ။ မင်းရဲ့ စာပေအရည်အချင်းနဲ့ဆိုရင် ကျင်းရှီ ဘွဲ့ဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေတာပါကွာ"
"အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လီအစ်ကိုကြီး"
ဝမ်ရှို့က သက်ပြင်းချရင်း အားတင်းပြုံးကာ ဆိုလိုက်တယ်။ "ကျွန်တော့်ရဲ့ ကံတရားကလည်း တကယ်ပဲ အဆင်မသင့်လှပါဘူးလေ"
စကားက ဒီလိုဖြစ်သွားပြီဆိုတော့ စားပွဲက လူတွေကလည်း တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြီးအားပေးကြတော့တယ်။ ခဏကြာတဲ့အခါမှာတော့ ဝမ်ရှို့ဟာ အရင်က စိတ်ပျက်နေတဲ့ အမူအရာတွေ ပျောက်သွားပြီး တခြားသူတွေနဲ့ အတူတူ ရယ်မောပျော်ပါးနေတာ တွေ့လိုက်ရတယ်။ အရင်ကနဲ့ ဘာမှမခြားနားသလိုပါပဲ။
ဒီဘက်မှာတော့ မောက်ပါ့သိုက တိုးတိုးလေး ဆိုလာခဲ့တယ် "ဒီလူကလည်း ထူးဆန်းလိုက်တာ၊ ခေါင်းများ တံခါးနဲ့ ညှပ်ထားတာလား မသိဘူး။ ပါရမီရှင်ဆိုပြီးတော့ သူ့ဘေးက လူတွေက လူယုတ်မာတွေ၊ ဟန်ဆောင်ကောင်းတဲ့သူတွေဆိုတာကို မမြင်ဘူးလား မသိပါဘူး"
ရွှီထင်းရှန်းကတော့ အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်တယ်။ "တချို့ကလည်း လူယုတ်မာတွေနဲ့ အတူနေရတာကို ပိုနှစ်သက်ကြတာနေမှာပေါ့"
ဒီစကားကတော့ ဘာမှပြန်ပြောစရာ မရှိအောင်ကို ထိမိလွန်းလှတယ်။ မောက်ပါ့သိုတောင် ဘာမှဆက်မပြောနိုင်တော့ဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ မျက်လုံးတွေကတော့ တစ်ခုခုကို စဉ်းစားနေသလို လှုပ်ရှားနေခဲ့တယ်။
ပြီးတော့ သူက ထမင်းစားတဲ့ အရှိန်ကို တမင် နှေးလိုက်တယ်။ ဝမ်ရှို့တို့ စားပွဲက အရင်ဆုံး ပြီးသွားခဲ့ပြီး၊ နောက်ဆုံးမှာတော့ ဝမ်ရှို့ကပဲ ငွေရှင်းပေးသွားခဲ့တာကို တွေ့လိုက်ရတယ်။
နောက်ပိုင်းရက်တွေမှာတော့ ရွှီထင်းရှန်းဟာ ကျွန့်ယွမ်အဆောင်ကိုပဲ စွဲစွဲမြဲမြဲ သွားနေတော့တာပဲ။ နေ့တိုင်းလိုလို ရောက်နေတတ်တယ်။ ဒါ့အပြင် တခြား ရေနွေးကြမ်းပွဲ၊ ကဗျာပွဲ၊ အရက်ဝိုင်းတွေကိုလည်း တစ်ခုမှ မကျန်ရအောင် သွားခဲ့တာပဲ။ ဒါပေမဲ့ သူ လုံးဝ မသွားတဲ့ နေရာတစ်ခုတော့ ရှိပါတယ်... အဲ့ဒါကတော့ ညဘက်ရောက်ရင် ကျောင်းသားတွေ အုပ်စုလိုက် သွားတတ်ကြတဲ့ ပစိဟူထုန် လိုမျိုး အပျော်အပါး ရှိတဲ့ နေရာတွေပါပဲ။
136 03
ဘယ်သူက ဘယ်လိုပဲ ခေါ်ခေါ်၊ ဘယ်လိုပဲ စိန်ခေါ်ခေါ် ရွှီထင်းရှန်းကတော့ လုံးဝကို မသွားခဲ့ပါဘူး။ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကိုပါ တားထားပြီး ညဝင်လာတာနဲ့ သူတို့ သုံးယောက်သား ကျင်အာလမ်းကြားက အိမ်ကိုပဲ အေးအေးဆေးဆေး ပြန်လာတတ်ကြတယ်။
ရှုန့်ထျန်းကုန်းယွမ်ဟာ မြို့တော်အတွင်းပိုင်းရဲ့ ချုံဝမ်မန်တံခါး အရှေ့တောင်ဘက်မှာ တည်ရှိတာပါ။
ဒီ ရှေးဟောင်း စာမေးပွဲစစ်တလင်းကြီးဟာ ရှေးမင်းအဆက်ဆက်ကတည်းက မြို့တော်ရဲ့ ဟွေ့ရှီ စာမေးပွဲတွေနဲ့ တျန့်ရှီ စာမေးပွဲတွေကို ကျင်းပရာ နေရာပေါ့။ အဆောက်အအုံတွေက ခန့်ညားထည်ဝါပြီး စနစ်တကျ ရှိလှတာကြောင့် တခြားဒေသက စာမေးပွဲစစ်တလင်းတွေနဲ့ ယှဉ်လို့မရပါဘူး။
အခုချိန်မှာတော့ စာမေးပွဲစစ်တလင်းရဲ့ အပြင်ဘက်မှာတော့ စစ်သားတွေက တင်းကြပ်စွာ စောင့်ကြပ်နေတုန်းပါပဲ။ အတွင်းပိုင်းမှာတော့ စာမေးပွဲစစ်တမ်းတွေကို စနစ်တကျ စုစည်းခြင်း၊ နာမည်ကို ဖုံးအုပ်ခြင်း၊ လက်ရေးကူးယူခြင်းနဲ့ တိုက်စစ်ခြင်းတွေ လုပ်ပြီးတဲ့နောက်မှာတော့ စာမေးပွဲစာရွက်အားလုံးကို အတွင်းဆောင်က စာစစ်မှူးတွေဆီကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
စာစစ်မှူးချုပ် နှစ်ဦးနဲ့ အခန်းစောင့်ဆရာ ၁၈ ဦးတို့ဟာ တစ်နေရာတည်းမှာ စုဝေးနေကြတယ်။
စာမေးပွဲစာရွက်တွေကို ၁၈ စု ခွဲလိုက်ပြီး စာစစ်မှူးချုပ်တွေနဲ့ ကြီးကြပ်ရေးအရာရှိတွေရဲ့ ရှေ့မှာပဲ ဆရာတွေက မဲနှိုက်ကြရတယ်။ ဘယ်အစုကို မဲနှိုက်မိလဲဆိုရင် အဲဒီစာရွက်ပုံကြီးကို ပွေ့ချီပြီး ကိုယ့်ရဲ့ စာစစ်ခန်းထဲကို ဝင်သွားကြရတယ်။
အဲဒီ စာစစ်ခန်းထဲမှာတော့ အခန်းစောင့်ဆရာအပြင် စာစစ်အရာရှိ လေးဦး ရှိနေပါသေးတယ်။ ဒီလူတွေကတော့ အစိုးရဌာန အသီးသီးက အရာရှိငယ်လေးတွေပေါ့။
စာမေးပွဲစာရွက်တွေက များလွန်းတာကြောင့် အရာရှိငယ်လေးတွေက အရင်ဆုံး စစ်ဆေးကြရတာပါ။ သင့်တော်တဲ့ စာရွက်တွေကို ချန်ထားပြီး၊ စာလုံးအမှားများတာ၊ အရေးအသား မပြေပြစ်တာ ဒါမှမဟုတ် တားမြစ်ထားတဲ့ စကားလုံးတွေ သုံးထားတာတွေကိုတော့ ပယ်လိုက်ကြတယ်။ အဲ့ဒီထဲကမှ ထူးချွန်တဲ့ စာရွက် ၃၀ ကျော်နဲ့ အလားအလာရှိတဲ့ စာရွက် ၂၀ ကျော်ကို ရွေးထုတ်ပြီးမှ အခန်းစောင့်ဆရာဆီကို တင်ပြရတယ်။
အခန်းစောင့်ဆရာက ထပ်မံစစ်ဆေးပြီးတဲ့နောက်မှာတော့ သူ သဘောကျတဲ့ စာရွက်တွေကို ဒုစာစစ်မှူးချုပ်ဆီကို ထောက်ခံချက်နဲ့ တင်ပြရပါတယ်။ လုပ်ငန်းစဉ်ကတော့ ရှန်းရှီ တုန်းကနဲ့ အတူတူပါပဲ။
အဲဒီအချိန်မှာ ချွမ်းချိုးအခန်းထဲမှာတော့ စာစစ်အရာရှိ တောက်အန်းကျွန့်ဟာ အချိန်နဲ့အမျှ စာရွက်တွေကို အသည်းအသန် စစ်ဆေးနေရရှာတယ်။
သူ စာစစ်နေရတာ ရက်ပေါင်း တော်တော်ကြာနေခဲ့ပြီ။ အခန်းပေါင်း ၁၈ ခန်းရှိပြီး စာရွက်ပေါင်း ၆၀၀၀ နီးပါး ရှိတာဆိုတော့ တစ်ခန်းကို စာရွက် ၃၀၀ ကျော်လောက် စစ်ရတယ်။ ဒီစာရွက်တွေကို သူနဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သုံးယောက်ပေါင်းပြီး အပြီးသတ် ကြည့်ရတာ။
၃၀၀ ကျော်ဆိုတာ တစ်ယောက်ချင်းစီ ခွဲကြည့်ရင်တော့ သိပ်မများလှပေမယ့် စာစစ်အရာရှိရဲ့တာဝန်က ကြီးမားလွန်းလှတယ်။ အခြေခံလူတန်းစား ဖြစ်လေလေ ပိုပြီးသတိထားရလေလေပါပဲ။ ဘာလို့လဲဆိုတော့ ဒီစာရွက်တွေကို နောက်ဆုံးမှာ ဝန်ကြီးဌာနက ထပ်မံ စစ်ဆေးဦးမှာဖြစ်လို့ အမှားအယွင်း တစ်ခုခု ပါသွားရင် တစ်ခန်းလုံးက လူတွေ အရေးယူခံရမှာ ဖြစ်တယ်။
အဲ့ဒီထဲမှာ အရင်ဆုံး အပြစ်ပေးခံရမှာကတော့ သူတို့လို စာစစ်အရာရှိငယ်လေးတွေပဲပေါ့။
ဒါကြောင့် သူတို့က တစ်ယောက်တစ်ပိုင်း စစ်တာမျိုး မဟုတ်ဘဲ အချင်းချင်း အပြန်အလှန် လဲလှယ်ပြီး စာရွက်အားလုံးကို တစ်ခေါက်စီ စစ်ဆေးကြရတာလေ။ အဆုံးအဖြတ်ပေးရခက်တဲ့ စာရွက်မျိုးဆိုရင်တော့ လေးယောက်သား စုပေါင်းပြီးမှ ဆုံးဖြတ်ကြတယ်။
တောက်အန်းကျွန့် ကတော့ ဘာတွေရေးထားမှန်း မသိတဲ့ စာရွက်တစ်ရွက်ကို ဘေးကို ဖယ်ထားလိုက်တယ်။ အဲဒီပုံထဲက စာရွက်တွေကတော့ ကျရှုံးမယ့်သူတွေရဲ့ စာရွက်တွေပေါ့။
ဘေးက ကျန်းဟုကတော့ သူ့ကို ပြုံးပြလိုက်ရင်း လက်ဖက်ရည်ဖျော်ဖို့ ထလိုက်တယ်၊ တပါတည်း သူ့အတွက်ပါ တစ်ခွက် ဖျော်ပေးခဲ့တယ်။ သူတို့ နှစ်ယောက်သား လက်ဖက်ရည်သောက်ရင်း ဒီရက်ပိုင်း စာစစ်ရတဲ့ အခြေအနေတွေကို ပြောနေကြတာ။
သူတို့ကိုယ်တိုင်ကလည်း စာမေးပွဲကို တရားဝင်အောင်မြင်ထားတဲ့သူတွေဆိုတော့ စာရွက်ပေါ်က စာသားတွေရဲ့ အကောင်းအဆိုးကိုတော့ ဝေဖန်နိုင်တဲ့ အရည်အချင်း ရှိကြတယ်။
136 04
ဒါပေမဲ့ စကားတွေ အများကြီးတော့ မပြောရဲကြပါဘူး။ ကြီးကြပ်ရေးအရာရှိက ခဏခဏ လာစစ်နေတာဆိုတော့ အလုပ်မလုပ်ဘဲ လက်ဖက်ရည်သောက်ပြီး စကားပြောနေတာကို တွေ့သွားရင် မှတ်တမ်းတင်ခံရမှာ။
ကုန်းယွမ်ထဲမှာတော့ ဘာမှမပြောပေမယ့် အဲဒီမှတ်တမ်းက ဝန်ကြီးဌာနဆီ ရောက်သွားပြီး ကိုယ့်ရဲ့အလုပ်ခွင်ဆီကို ပြန်ရောက်လာရင်တော့ အနာဂတ်အတွက် ထိခိုက်နိုင်တာ ဖြစ်တယ်။
သူတို့ နှစ်ယောက်စလုံး လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စာစစ်တာကို ဆက်လုပ်ကြပြန်တယ်။ အချိန် ဘယ်လောက်တောင် ကုန်သွားလဲ မသိဘူး... ရုတ်တရက် ကျန်းဟုက သူ့ပေါင်ကို သူ ပြင်းပြင်းထန်ထန် ပုတ်လိုက်ရင်း အာမေဍိတ်သံ ထွက်လာခဲ့တော့တာပဲ။ "တကယ်ကို ကောင်းလှချေလား"
ဒီအသံဟာ တိတ်ဆိတ်နေတဲ့ စာစစ်ခန်းထဲမှာ အတော်လေးကို ဟိန်းထွက်သွားခဲ့တာ။ ဘေးက တောက်အန်းကျွန့် တင်မကဘဲ တခြား စာစစ်အရာရှိ နှစ်ယောက်ပါ ခေါင်းထောင်ပြီး ကြည့်လာကြတော့တယ်။
အားလုံးလည်း ပင်ပန်းနေကြပြီမို့ စိတ်ဝင်တစားနဲ့ ထလာကြပြီး ကျန်းဟု လက်ထဲက စာရွက်ကို ဝိုင်းကြည့်လိုက်ကြတယ်။
"ရိုးရိုးရှင်းရှင်းလေးပဲ၊ ဒါပေမဲ့ စကားလုံးတိုင်းက ရတနာတစ်ပါးစီလို အဖိုးတန်လှပါပေတယ်"
"တည်ကြည်ပြီး မျှတမှုရှိတယ်၊ စည်းစနစ်ကလည်း အတော်လေးကို ကျစ်လျစ်တာပဲ"
တောက်အန်းကျွန့်ကလည်း သူ့ရဲ့မုတ်ဆိတ်မွှေးကို သပ်ရင်းနဲ့ ချီးမွမ်းလိုက်လေတယ်။
"စကားလုံးတိုင်းက လေးနက်ပြီး ရှေးဟောင်းကျမ်းစာတွေနဲ့ နှိုင်းယှဉ်လို့ ရလောက်အောင်ကို တိကျတာပဲ။ ဒါဟာ နှစ်ပေါင်းများစွာ လေ့လာလိုက်စားထားတဲ့သူမှ ရေးနိုင်မယ့် အရေးအသားမျိုးပဲ"
ဒီလိုမျိုး အားလုံးက တစ်ညီတစ်ညွတ်တည်း ချီးမွမ်းကြတာဟာ ဒီအခန်းထဲမှာတော့ ပထမဆုံးပဲလေ။ ဒါကို ကြားလိုက်ရတဲ့ အခန်းစောင့်ဆရာ ဖုန်ပေါင်ယိ ကလည်း စိတ်ဝင်တစားနဲ့ ခေါင်းထောင်ကြည့်လာတော့တယ်။
"အရှင်... ဒီစာရွက်ကိုတော့ ထောက်ခံချက်ပေးမယ့် စာရင်းရဲ့ ထိပ်ဆုံးမှာ ထားရပါလိမ့်မယ်"
"ဟုတ်လို့လား" ဖုန်ပေါင်ယိက လက်ထဲက စာရွက်ကို ချလိုက်ရင်း သံသယနဲ့ မေးလိုက်တယ်။ ပြီးတော့မှ ပြုံးပြီး ဆိုလိုက်တယ်။ "မင်းတို့အားလုံးက ဒီလောက်တောင် သဘောတူနေကြမှတော့... ငါ့ကို ပေးစမ်း၊ ငါ ကြည့်ကြည့်ရအောင်"
တောက်အန်းကျွန့်က စာရွက်ကို ဖုန်ပေါင်ယိ ဆီကို လေးလေးစားစားနဲ့ ကမ်းပေးလိုက်ပြီး သူ့နေရာသူ ပြန်ထိုင်လိုက်တယ်။
ဖုန်ပေါင်ယိကတော့ ချက်ချင်း မကြည့်သေးပါဘူး။ သူ အရင်ကြည့်နေတဲ့ စာရွက်တွေကို အရင်ဆုံး အပြီးသတ်လိုက်တယ်။ သူက အစပိုင်း စာစစ်တာမှာ မပါဝင်ပေမယ့် ပယ်လိုက်တဲ့ စာရွက်တွေကိုတော့ ပြန်စစ်ဆေးရတဲ့ တာဝန်ရှိတာ ဖြစ်တယ်။ အားလုံးကို မဟုတ်ပေမယ့် စာရွက် ၃၀၀ ထဲက ၅၀ လောက်ကိုတော့ မဲနှိုက်ပြီး ပြန်စစ်ရတာလေ။
ဒါပေမဲ့ ဒီအခန်းက စာစစ်အရာရှိတွေက အတော်လေး တာဝန်ကျေတာမို့ သူ စစ်ခဲ့သမျှ စာရွက်တွေမှာတော့ ဘာမှ ပြဿနာ မရှိပါဘူး။
နောက်ဆုံးမှာတော့ ဖုန်ပေါင်ယိ က အဲ့ဒီစာရွက်ကို ယူလိုက်တယ်။ ပထမဦးဆုံး စာကြောင်းကို မြင်လိုက်တာနဲ့တင် သူ့ရဲ့ မျက်လုံးတွေက ဖမ်းစားခြင်း ခံလိုက်ရပြီး၊ အဲ့ဒီနောက်မှာတော့ ရေငတ်နေတဲ့သူ ရေကို အငမ်းမရ သောက်သလိုမျိုး စာမျက်နှာတွေကို တစ်ရွက်ပြီး တစ်ရွက် လောလောလောလောနဲ့ ဖတ်ရှုသွားတော့တာပဲ။ အဆုံးထိ ဖတ်ပြီးသွားတဲ့ အခါမှာတော့ သူဟာ အသက်ပြင်းပြင်း တစ်ချက်ကို ရှူထုတ်လိုက်ရတော့တယ်။
သူ့ရဲ့နှလုံးသားကတော့ အခုထိကို မရပ်မနား ခုန်လှုပ်နေတုန်းပါပဲ။ ဒါဟာ အလွန်ကောင်းမွန်တဲ့ စာပေလက်ရာတစ်ခုကို တွေ့လိုက်ရတဲ့အခါမှာ ဖြစ်ပေါ်လာတတ်တဲ့ မထိန်းချုပ်နိုင်တဲ့ ခံစားချက်မျိုးပဲ။
136 05`
စာသားတွေကတစ်ဆင့် ရေးသားသူရဲ့ လူပုဂ္ဂိုလ်စရိုက်ကို ခန့်မှန်းကြည့်ရင်း ဖုန်ပေါင်ယိရဲ့ အာရုံထဲမှာတော့ ပုံရိပ်တစ်ခုက အလိုအလျောက် ပေါ်ပေါက်လာခဲ့လေရဲ့။ ခန့်ညားထည်ဝါတဲ့ အရှိန်အဝါရှိတဲ့ အမျိုးသားတစ်ဦးဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ မိမိရဲ့အယူအဆတွေကို လေသံအနိမ့်အမြင့်မှန်စွာ ထုတ်ဖော်ပြောကြားနေသလိုမျိုးပေါ့။ ထိုသူရဲ့ ဟန်ပန်က အေးချမ်းတည်ငြိမ်လှပေမယ့် ပြောသမျှ စကားတိုင်းကတော့ ခိုင်မာတဲ့ အချက်အလက် အထောက်အထားတွေနဲ့ ပြည့်နှက်နေတာပဲ။ ပညာရှိ သခင်ကြီးတို့ရဲ့ ဂုဏ်ရည်ကိုလည်း မပျောက်ပျက်စေဘဲ နားထောင်သူကိုလည်း လုံးဝ ယုံကြည်သွားစေနိုင်တဲ့ အစွမ်းမျိုး ရှိနေခဲ့တာပါ။
တကယ့်ကို ခန့်ညားလှတဲ့ အရှိန်အဝါ၊ တကယ့်ကို တည်ငြိမ်လှတဲ့ ဟန်ပန်ပါပေပဲ။
အရင်တုန်းက တောက်အန်းကျွန့်ရဲ့ ချီးမွမ်းခန်းတွေကို ကြားရစဉ်က သူဟာ စိတ်ထဲမှာ သိပ်ပြီး အရေးတယူ မရှိခဲ့ပေမယ့်၊ အခုကိုယ်တိုင် ဖတ်ကြည့်လိုက်ရတဲ့အခါမှာတော့ စကားလုံးတိုင်းက တိကျလေးနက်ပြီး ရှေးဟောင်းကျမ်းစာတွေနဲ့ နှိုင်းယှဉ်လို့ ရလောက်တယ် ဆိုတဲ့ စကားက လုံးဝကို ပိုပိုသာသာ ချီးမွမ်းထားတာ မဟုတ်မှန်း နားလည်သွားခဲ့ရပြီ။
တောက်ပလာတော့မယ့် ကြယ်ပွင့်အသစ်တစ်ပွင့်ပါတကား။
ဒါပေမဲ့ ဒီစာကို ရေးတဲ့သူက ဘယ်သူများဖြစ်မလဲ။
ဖုန်ပေါင်ယိဟာ စိတ်ထဲမှာ အကြိမ်ကြိမ် ခန့်မှန်းနေမိတယ်။ ကျားရှင်းက ကျောက်ဖင်ဟယ် လား၊ ဒါမှမဟုတ် ဖူကျန့်က ဝမ်ရှို့ လား ဒါမှမဟုတ် စူးကျိုးက ကျော်ဟယ်ကျွင်း များလား။ ဒီလူတွေရဲ့ အရေးအသားတွေကို ဖုန်ပေါင်ယိ တစ်ခါက ဖတ်ဖူးခဲ့ပေမယ့် အခုမြင်နေရတဲ့ အရေးအသားပုံစံက သူတို့နဲ့ လုံးဝကို ကွဲပြားနေတာ။
အတော်ကြာအောင် စဉ်းစားနေပေမယ့်လည်း အဖြေရှာမရတာကြောင့် ဖုန်ပေါင်ယိက ဆက်ပြီး မတွေးတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီစာမေးပွဲစာရွက်ကိုတော့ သူက တခြားစာရွက်တွေနဲ့ မရောဘဲ သီးသန့် တစ်နေရာမှာ ဖယ်ထားလိုက်တယ်။ ဒါဟာ အထူးအခွင့်အရေး ပေးလိုက်တဲ့ သဘောပါပဲ။
ဒါကို တိတ်တိတ်ကလေး လှမ်းကြည့်နေကြတဲ့ တောက်အန်းကျွန့် တို့ သုံးယောက်စလုံးကလည်း ပြုံးလိုက်ကြရင်း သူတို့အခန်းရဲ့ ခွေဆို (ထိပ်တန်းအဖြေလွှာ)ကတော့ ထွက်ပေါ်လာပြီလို့ စိတ်ထဲကနေ မှတ်ချက်ချလိုက်ကြတော့တယ်။
နောက်ထပ် နှစ်ရက်ကုန်လွန်သွားတဲ့အခါမှာတော့ ဒီအခန်းက စာရွက်အားလုံးကို စစ်ဆေးလို့ ပြီးသွားခဲ့ပြီ။ အဲဒီနောက်မှာတော့ စာစစ်အရာရှိငယ်တွေရဲ့ အခန်းကဏ္ဍက ပြီးဆုံးသွားပြီဖြစ်ပြီး၊ အခန်းစောင့်ဆရာတွေနဲ့ စာစစ်မှူးချုပ်တွေ စုပေါင်းပြီး စာရွက်တွေကို အပြီးသတ် စစ်ဆေးရမယ့် အချိန်ကို ရောက်လာခဲ့ပြီ။
ဖုန်ပေါင်ယိဟာ စာမေးပွဲစာရွက်အားလုံးကို ပွေ့ချီထားတဲ့ စာရေးတစ်ယောက်ကို ခေါ်ပြီး ဟန့်ကျန့်ထန်ဆီကို ထွက်လာခဲ့လိုက်တယ်။ အဲ့ဒီနေရာမှာတော့ သူဟာ တခြားသော စာစစ်အရာရှိ ၁၀ ယောက်ကျော်နဲ့အတူ ကျန်ရှိနေတဲ့ စာရွက်တွေကို အပြီးသတ်စစ်ဆေးပြီး၊ အောင်စာရင်း အဆင့်အတန်းတွေကို သတ်မှတ်ကြရမှာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ မျက်နှာချင်းဆိုင်က စင်္ကြံလမ်းကနေ လူနှစ်ယောက် လျှောက်လာတာ တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ နောက်ထပ် အခန်းစောင့်ဆရာတစ်ဦးက သူ့အခန်းက စာရွက်တွေကို သယ်လာတယ်။ သူ့ဘေးမှာလည်း စာရေးတစ်ယောက် ပါလာပြီး ဗန်းကြီးတစ်ခုပေါ်မှာ စနစ်တကျ စီထားတဲ့ စာရွက်ပုံကြီးကို မလာတာ။
စာရွက်တွေက တော်တော်လေး များပုံရတာကြောင့် မျှော်စင်ပုံစံမျိုး အထပ်လိုက် စီထားတယ်။ အပေါ်ဆုံးမှာတော့ စာရွက်တစ်ရွက်ကို သီးသန့် တင်ထားတာ တွေ့ရပြီး ဒါကတော့ ဖုန်ပေါင်ယိတို့ အခန်းက ပုံစံအတိုင်းပါပဲ။
ဒါဟာ အခန်းစောင့်ဆရာတွေကြားမှာရှိတဲ့ မပြောမပြီးသား ထုံးစံတစ်ခုပါပဲ။ တကယ်လို့ အောက်က စာစစ်အရာရှိတွေက စာစစ်နေတုန်းမှာ ဒီအခန်းရဲ့ အကောင်းဆုံးလို့ သတ်မှတ်နိုင်မယ့် စာရွက်ကို တွေ့ခဲ့ရင်၊ အခန်းစောင့်ဆရာကိုယ်တိုင်ကလည်း သဘောတူခဲ့ရင် အဲ့ဒီစာရွက်ကို အပေါ်ဆုံးမှာ တင်ထားလေ့ ရှိကြတာ။
ဒီလိုလုပ်ခြင်းအားဖြင့် စာရွက်တွေကို အချင်းချင်း လဲလှယ်ဖတ်ကြတဲ့အခါမှာ တခြား အခန်းစောင့်ဆရာတွေအနေနဲ့လည်း ဘယ်စာရွက်က အကောင်းဆုံးလဲဆိုတာကို ကြိုတင်သိရှိနိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ နောက်ထပ် အခန်းစောင့်ဆရာ တစ်ယောက်ကလည်း သဘောတူခဲ့ရင်တော့ ဒီစာရွက်ကို စာစစ်မှူးချုပ်ဆီကို တိုက်ရိုက်ထောက်ခံချက်ပေးနိုင်မှာ ဖြစ်တာကြောင့် ကျင်းရှီ ဘွဲ့ရဖို့ကတော့ သေချာသလောက် ရှိသွားပြီလို့ ပြောလို့ရတယ်။
မျက်နှာချင်းဆိုင်က လာတဲ့ အခန်းစောင့်ဆရာကလည်း ချွမ်းချိုးအခန်းကပါပဲ။ အခန်းပေါင်း ၁၈ ခန်းကို ငါးကျမ်းတွေရဲ့ အမည်နဲ့ ခွဲခြားထားတာဖြစ်ပြီး၊ လေးကျမ်း ထဲက ဘယ်ကျမ်းကို အခြေခံပြီး ဖြေဆိုလဲဆိုတာပေါ် မူတည်ပြီး စာရွက်တွေကို သက်ဆိုင်ရာ အခန်းတွေဆီ ပို့ပေးရတာ။
ချွမ်းချိုး ကျမ်းကတော့ လူကြိုက်အများဆုံး မဟုတ်ပေမယ့် ဖြေဆိုသူလည်း မနည်းလှပါဘူး။ အခန်း ၁၈ ခန်းထဲမှာ ၃ ခန်းက ချွမ်းချိုး အခန်းတွေ ဖြစ်နေတာကိုး။
136 06
ဒီဘက်ကလာတဲ့ အခန်းစောင့်ဆရာရဲ့ အမည်ကတော့ စွန်းယွိဟိုင် လို့ ခေါ်ပြီး ဟန်လင်းအကယ်ဒမီက ရှီကျောက်အရာရှိ တစ်ဦးဖြစ်တယ်။ ဖုန်ပေါင်ယိကတော့ ဟန်လင်းအကယ်ဒမီရဲ့ ဝူကျင့်ပေါ်ရှီးအရာရှိ ဖြစ်တာကြောင့် သူတို့ နှစ်ယောက်ဟာ လုပ်ဖော်ကိုင်ဖက်တွေလို့လည်း ဆိုနိုင်ပါတယ်။
နှစ်ယောက်သား နီးကပ်လာတဲ့အခါမှာတော့ ပြုံးပြလိုက်ကြရင်း လက်ကိုဆုပ်လို့ နှုတ်ဆက်လိုက်ကြတယ်။
ဒါပေမဲ့ စကားတွေတော့ မပြောဖြစ်ကြဘူး။ စင်္ကြံလမ်းကနေ ထွက်လာပြီး ဟန့်ကျန့်ထန်ဆီကိုပဲ အတူတူ လျှောက်လာခဲ့ကြတယ်။ သူတို့ နှစ်ယောက်ကတော့ အဆင်ပြေပေမယ့် သူတို့နောက်က စာရေးနှစ်ယောက်မှာတော့ ပြဿနာ တက်သွားခဲ့ရပြီ။ စာရေးနှစ်ယောက်စလုံးက စာရွက်ပုံကြီးတွေကို မြင့်နေအောင် မလာရတာကြောင့် စင်္ကြံလမ်းကနေ ထွက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် တံတောင်ဆစ်ခြင်း တိုက်မိသွားပြီး လက်ထဲက စာရွက်တွေဟာ မြေပြင်ပေါ်မှာ ပြန့်ကျဲသွားတော့တာပဲ။
"ဘယ်လိုတောင် သတိလက်မဲ့ ဖြစ်နေကြတာလဲ" စွန်းယွိဟိုင်က ငေါက်လိုက်လေတယ်။
စာရေးနှစ်ယောက်ခမျာလည်း ဘာစကားမှ မပြောရဲကြဘဲ ကုန်းပြီး စာရွက်တွေကို အမြန် ပြန်ကောက်နေကြရှာတယ်။
ဖုန်ပေါင်ယိကတော့ သူတို့အတွက် ကြားထဲက ဝင်ပြောပေးရှာတယ်။ "စွန်း အမတ်မင်း... စိတ်မပူပါနဲ့။ ဒီစာရွက်တွေက ဘယ်လိုပဲဖြစ်ဖြစ် ပြန်ပြီး စစ်ဆေးရမှာပဲဆိုတော့ အစီအစဉ် ပျက်သွားလည်း ဘာမှ မဖြစ်ပါဘူး"
"တခြားသူတွေကို ဒုက္ခပေးမိမှာ စိုးလို့ပါ"
ဒီလို ဒုက္ခပေးမိတယ် ဆိုတာကတော့... တကယ်လို့ အစီအစဉ် မပျက်ခဲ့ရင် စာရွက်တွေကို ပြန်စစ်တဲ့အခါမှာ တစ်ဖက်လူက အရင်အခန်းရဲ့ အမှတ်ပေးပုံကို ကြည့်ပြီး အနိမ့်အမြင့်ကို မြန်မြန် ခွဲခြားနိုင်မှာ ဖြစ်လို့ပါပဲ။ အရင်လူ ပေးထားတဲ့အတိုင်း အတိအကျ လိုက်လုပ်မှာ မဟုတ်ပေမယ့် အနည်းဆုံးတော့ နှိုင်းယှဉ်စရာ အထောက်အထား တစ်ခုအနေနဲ့ သုံးလို့ရတာကိုး။
တကယ်လို့ အစီအစဉ်တွေ ရောထွေးသွားခဲ့ရင်တော့ ကိုယ့်ဘာသာကိုယ် အစကနေ ပြန်ကြည့်ရတော့မှာ။ အဲဒီအခါမှာ အရင်လူ သဘောကျခဲ့တဲ့ စာရွက်က နောက်လူရဲ့လက်ထဲမှာ အပယ်ခံရတာမျိုး ဖြစ်သွားနိုင်ပြီး ကိုယ့်အတွက်ရော တစ်ဖက်လူအတွက်ပါ အလုပ်ရှုပ်စေတာမျိုး ဖြစ်နိုင်တယ်။
"ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ပါဘူး"
စာရွက်တွေကိုတော့ ခဏချင်းမှာပဲ ပြန်သိမ်းဆည်းလိုက်ကြပြီ။ နှစ်ယောက်သား စာရေးတွေကို ခေါ်ပြီး ရှေ့ဆက်လာခဲ့ကြရင်း လမ်းခွဲတစ်ခုကို ရောက်တဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲသွားကြတော့တယ်။
ဒါဟာ ကုန်းယွမ် စာမေးပွဲစစ်တလင်းထဲမှာရှိတဲ့ စည်းကမ်းတစ်ခုပါပဲ။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဖြစ်နေရင်တောင်မှ တခြားသူတွေရဲ့ သံသယကို မခံရအောင် စကားပြောတာကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြရမယ်။
လမ်းခွဲသွားကြပေမယ့် သူတို့ နှစ်ယောက်စလုံးဟာ ဟန့်ကျန့်ထန် ကိုတော့ ရှေ့ဆင့်နောက်ဆင့်ပဲ ရောက်လာခဲ့ကြပါတယ်။ အားလုံး အတွင်းထဲကို ဝင်သွားပြီးတဲ့နောက်မှာတော့ တံခါးကြီးဟာ သူတို့နောက်မှာ တင်းကြပ်စွာ ပြန်လည်ပိတ်ဆို့သွားခဲ့လေတော့တယ်။
******