အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇)
စာစစ်မှူးချုပ် ဟို့ဝမ်ချင်းဟာ အလယ်ဗဟို အမြင့်ဆုံးနေရာမှာ ထိုင်နေခဲ့တယ်။ သူဟာ အသက်လေးဆယ်ကျော်အရွယ် ရှိပြီး ခန့်ညားတဲ့ မုတ်ဆိတ်မွှေးတွေကို ပိုင်ဆိုင်ထားသလို၊ ကြည့်လိုက်တာနဲ့တင် ဖြောင့်မတ်တည်ကြည်တဲ့ အရှိန်အဝါတွေက အထင်အရှား ပေါ်လွင်နေတယ်။
သူဟာ ဟန်လင်းအကယ်ဒမီရဲ့ ရှီကျန့်အဆင့်ရှိတဲ့ ပညာရှိအမတ်ကြီး တစ်ဦးဖြစ်ပြီး၊ ချန်ထျန်း (၂၄) နှစ်မြောက်မှာ ကျင်းရှီ ဘွဲ့ကို ရရှိခဲ့သူပါ။ ဒီတစ်ကြိမ်မှာတော့ ဧကရာဇ်ကျားချန်ရဲ့ အထူးဂရုဏာတော်ကြောင့် ဧကရာဇ်ကျားချန် (၉) နှစ်မြောက် ဟွေ့ရှီ စာမေးပွဲကြီးရဲ့ စာစစ်မှူးချုပ်အဖြစ် ခန့်အပ်ခြင်း ခံထားရတာ ဖြစ်ပါတယ်။
သူ့ရဲ့ ညာဘက် အနည်းငယ်နိမ့်တဲ့ နေရာမှာတော့ ဒုစာစစ်မှူးချုပ်ဖြစ်တဲ့ ဝန်ကြီးဌာနရဲ့ဒုဝန်ကြီး ကျန်းစစ်ကျိုးက ထိုင်နေပါတယ်။ ဒီလူက ဟို့ဝမ်ချင်းထက် အသက်ကြီးပေမယ့် အောက်နေရာမှာပဲ ထိုင်ရရှာတယ်။ ဒါဟာ ရှေးထုံးစံအရ စာစစ်မှူးတွေကို အဓိကနဲ့ လက်ထောက်ဆိုပြီးပဲ ခွဲခြားတာဖြစ်ပြီး လက်ရှိ ရာထူးအဆင့်အတန်းနဲ့ နေရာခွဲခြားတာ မဟုတ်လို့ပါဘူး။
အခန်းစောင့်ဆရာ ၁၀ ယောက်ကျော်ဟာ စာမေးပွဲစာရွက်တွေကို သယ်ဆောင်ပြီး ဝင်လာကြပြီးနောက်မှာတော့ ဟန့်ကျန့်ထန်ရဲ့ တံခါးကြီးဟာ တင်းကြပ်စွာ ပိတ်ဆို့သွားခဲ့ပါပြီ။
နေ့ခင်းကြောင်တောင်ကြီး ဖြစ်ပေမယ့် ခန်းမဆောင်ကြီးထဲမှာတော့ မီးအိမ်တွေ ထိန်ထိန်လင်းနေခဲ့တယ်။
ဒီလို တံခါးပိတ်လိုက်ပြီဆိုတာနဲ့ စာစစ်တဲ့ လုပ်ငန်းစဉ်တွေ အားလုံးပြီးမှပဲ တံခါးကို ပြန်ဖွင့်တော့မှာ ဖြစ်တယ်။ ရှေ့လျှောက် ရက်ပေါင်းများစွာအတွင်းမှာတော့ ဒီအရာရှိကြီး အယောက် ၂၀ နီးပါးဟာ စားသောက်တာကအစ အပေါ့အပါးသွားတာအထိ ဒီနေရာမှာပဲ အကုန်ဖြေရှင်းကြရမှာ ဖြစ်တယ်။ ကံကောင်းတာကတော့ ဒီခန်းမဆောင်ကြီးက တော်တော်လေး ကျယ်ဝန်းတာကြောင့် နေရာအခက်အခဲတော့ မရှိပါဘူး။
ခန်းမဆောင်ထဲမှာတော့ စာရေးစားပွဲ အလုံး ၂၀ ချထားပါတယ်။ အရှေ့ဆုံးမှာ အကြီးဆုံးစားပွဲ တစ်လုံးရှိပြီး ညာဘက်အောက်နားမှာတော့ ဒုစာစစ်မှူးချုပ်ရဲ့ စားပွဲရှိတယ်။ အဲ့ဒီအောက်မှာတော့ တစ်တန်းကို ၉ လုံးစီနဲ့ တန်းစီထားတဲ့ စားပွဲရှည်ကြီး နှစ်တန်း ရှိနေခဲ့တာ။ အခန်းစောင့်ဆရာ ၁၈ ဦးနဲ့ စာစစ်မှူးချုပ် နှစ်ဦး... စုစုပေါင်း အယောက် ၂၀ ဟာ တစ်နေရာတည်းမှာ စုဝေးနေကြတယ်။
စာမေးပွဲစာရွက်အားလုံးကို အချင်းချင်း လဲလှယ်ကြတဲ့အခါမှာတော့ ချွမ်းချိုး အခန်းက စာရွက်တွေကို ချွမ်းချိုး အခန်းချင်း၊ ရှူးကျင့်အခန်းက စာရွက်တွေကို ရှူးကျင့် အခန်းချင်း လဲလှယ်ကြတယ်။ တကယ်လို့ အခန်းအရေအတွက် မတူရင်တော့ စာရွက်တွေကို အချိုးကျ ခွဲဝေယူကြရတာလေ။
ဖုန်ပေါင်ယိ တာဝန်ယူထားတဲ့ ချွမ်းချိုး အခန်းက စာရွက်တွေဟာ စွန်းယွိဟိုင်ရဲ့ လက်ထဲကို ရောက်သွားခဲ့ပါတယ်။ ချွမ်းချိုး အခန်းက တစ်ခန်း ပိုနေတာကြောင့် သူတို့ နှစ်ယောက်ဟာ စာရွက်တချို့ကို ထုတ်ပြီး တခြားအခန်းက စာရွက်တွေနဲ့ လဲလှယ်လိုက်ကြရပြန်တယ်။
အားလုံး အစီအစဉ်တကျ ဖြစ်သွားတဲ့အခါမှာတော့ အရှေ့ဆုံး စားပွဲကြီးရဲ့ နောက်မှာ ရပ်နေတဲ့ ဟို့ဝမ်ချင်းက တည်ကြည်တဲ့ မျက်နှာထားနဲ့ မိန့်ကြားလိုက်လေတယ်။
"မင်းတို့အားလုံးဟာ အရာရှိလုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ဧကရာဇ်မင်းမြတ်ရဲ့ ရိက္ခာကို စားနေကြတဲ့သူတွေ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အရင်းအမြစ်ကို မမေ့ကြနဲ့။ ကိုယ်ကျိုးစီးပွားကို ရှေ့မထားဘဲ၊ လာဘ်ပေးလာဘ်ယူမှုတွေကို ရှောင်ကြဉ်ပြီး တရားမျှတစွာနဲ့ တိုင်းပြည်အတွက် ပညာတတ်တွေကို ရွေးချယ်ပေးကြပါ"
ပုံမှန်အားဖြင့်တော့ ဒီလို အခမ်းအနားမျိုးမှာ ဒီစကားတွေကို ပြောလေ့ရှိကြတာပါပဲ။ ဒါကို ဘယ်သူက နားထဲထည့်လဲ၊ ဒါမှမဟုတ် ပြောတဲ့သူကိုယ်တိုင်ကရော တကယ် နားထောင်ရဲ့လားဆိုတာကတော့ ကောင်းကင်ဘုံကပဲ သိပါလိမ့်မယ်။
ဒါပေမဲ့လည်း အားလုံးကတော့ လက်အုပ်ချီ နှုတ်ဆက်လိုက်ကြရင်း ညီညီညာညာ ပြန်ဖြေလိုက်ကြတယ်။
"အမတ်မင်းရဲ့ ဆုံးမစကားကို နာခံပါ့မယ်"
အဲဒီနောက်မှာတော့ အားလုံး နေရာယူပြီး စာစစ်ကြတော့တယ်။
ဒီလို ထိုင်လိုက်ပြီဆိုတာနဲ့ တစ်နေကုန် မထရတော့ပါဘူး။ အဲဒီကြားထဲမှာ ထပြီး လက်ဖက်ရည်သောက်တာ၊ ထမင်းစားတာနဲ့ အပေါ့အပါးသွားတာလောက်ပဲ ခွင့်ပြုထားပြီး အဲဒါတောင်မှ အလောတကြီး လုပ်ကြရတယ်။
137 02
ဟန့်ကျန့်ထန်ရဲ့ အတွင်းဘက်မှာတော့ စားသောက်ရေးဌာနရှိပြီး ဒီစာစစ်မှူးတွေအတွက် လက်ဖက်ရည်နဲ့ ထမင်းဟင်းတွေကို စနစ်တကျ စီစဉ်ပေးထားပါတယ်။ ဒါပေမဲ့ မတ်လမှာ အောင်စာရင်း ထွက်ရတော့မှာဆိုတော့ ဘယ်သူကမှ အချိန်မဖြုန်းရဲကြဘဲ အဆင်ပြေသလိုပဲ စားသောက်လိုက်ကြတယ်။ ညဘက်ရောက်ရင်တောင်မှ မီးအိမ်တွေ ထွန်းပြီး စာစစ်နေကြတုန်းပါပဲ။ စာစစ်မှူးချုပ်က နားဖို့ တိုက်တွန်းတဲ့အထိကိုပဲ အားလုံးက အစားမေ့အိပ်မေ့နဲ့ တာဝန်ကျေပြနေကြတာ။
ဒီအတောအတွင်းမှာ အခန်းစောင့်ဆရာတွေက စာရွက်တွေကို အထက်ကို ထောက်ခံချက်ပေးပြီး တင်ပြကြရတယ်။ ဖုန်ပေါင်ယိနဲ့ စွန်းယွိဟိုင်တို့က ဘေးချင်းကပ် ထိုင်နေကြတာဆိုတော့ စွန်းယွိဟိုင်က စာရွက်တွေကို အကြိမ်ကြိမ် တင်ပြနေတာကို သူ မြင်နေရတယ်။ အဲဒီထဲက တစ်ရွက်ကိုတော့ စာစစ်မှူးချုပ်ရော ဒုစာစစ်မှူးချုပ်ပါ အတော်လေး ချီးမွမ်းနေကြတာ တွေ့လိုက်ရတဲ့အခါ ဖုန်ပေါင်ယိက ဒါဟာ သူ သဘောကျခဲ့တဲ့ စာရွက်ပဲ ဖြစ်ရမယ်လို့ တွေးမိနေခဲ့တယ်။
ကြည့်ရတာ ဒီတစ်ကြိမ်ရဲ့ ဟွေ့ယွမ်ကတော့ သူ့အခန်းကနေ ထွက်ပေါ်လာတော့မှာပဲ။ ဟွေ့ယွမ် ဖြစ်လာပြီဆိုရင်တော့ အနိမ့်ဆုံး ချွမ်းလူးဘွဲ့တော့ ရမှာ သေချာသလောက် ရှိတာကြောင့်၊ ဒါဟာ သူ့အတွက်တော့ အနာဂတ်မှာ အားကိုးရမယ့် လူသားအရင်းအမြစ် တစ်ခု ဖြစ်လာမှာမို့ စိတ်ထဲမှာ အတိုင်းမသိ ဝမ်းသာနေမိတယ်။
ဒီလိုနဲ့ ရက်ပေါင်းများစွာ ကုန်လွန်သွားပြီး စာရွက်အားလုံးကို စစ်ဆေးလို့ ပြီးသွားခဲ့ပြီ။ အောင်စာရင်းအတွက် ကျိန်းကျွမ်း (အဓိက အောင်မြင်သူ) စာရွက် ၃၀၀ နဲ့ ပေ့ကျွမ်း ၃၀ ကို ရွေးချယ်လိုက်ပါတယ်။ ဒီအရန် ၃၀ ကတော့ တစ်စုံတစ်ရာ အမှားအယွင်းရှိခဲ့ရင် အစားထိုးဖို့အတွက်ပဲ ဖြစ်ပြီး ပုံမှန်အားဖြင့်တော့ အောင်စာရင်းထဲ ပါမှာ မဟုတ်ပါဘူး၊ ဖူးပန်းမှာပဲ ထည့်သွင်းမှာ ဖြစ်ပါတယ်။
ဒီ ဖူးပန်း ကို မင်ထုန်းပန်းလို့လည်း ခေါ်ကြပြီး ရှေးမင်း ယုံလဲ့လက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်။ ဒီစာရင်းထဲ ပါတဲ့သူတွေကိုလည်း ကုန်းရှစ်လို့ ခေါ်လို့ရပေမယ့် သူတို့ကို ဖူးကုန်းလို့ပဲ သတ်မှတ်တယ်။ ဒါဟာ အကြိမ်ကြိမ် ကျရှုံးနေတဲ့ ကျောင်းသားတွေကို အစိုးရက အရာရှိလုပ်နိုင်အောင် အခွင့်အရေး ပေးလိုက်တာပါပဲ။ ဒါပေမဲ့ ရည်မှန်းချက်ကြီးတဲ့သူတွေကတော့ ဒါကို ကြက်အူချောင်းလိုမျိုး အသုံးမဝင်တဲ့အရာလို့ မြင်တတ်ကြတယ်။ ဒါပေမဲ့လည်း ဖူးကုန်း တွေဟာ ရွေးချယ်စရာ လမ်းစတွေ အများကြီး ရှိပါသေးတယ်။ နောက်တစ်ကြိမ် စာမေးပွဲ ပြန်ဖြေလို့ ရသလို၊ နယ်ဘက်တွေမှာ ပညာရေးအရာရှိအဖြစ်လည်း သွားရောက် အမှုထမ်းနိုင်တယ်။ နယ်မြို့တွေက ကျောက်ရှို့တွေနဲ့ ကျောက်ယွိတွေဟာ များသောအားဖြင့် ဒီ ဖူးကုန်း ထွက်တွေပဲ ဖြစ်ပါတယ်။
အခုချိန်မှာတော့ ဒီတစ်ကြိမ် စာမေးပွဲရဲ့ စာစစ်အရာရှိ အားလုံးဟာ ခန်းမဆောင်ထဲမှာ စုဝေးနေကြပြီ။ ခန်းမဆောင်တစ်ခုလုံး မီးအလင်းရောင်တွေနဲ့ ထိန်ထိန်လင်းနေသလို အားလုံးဟာလည်း တည်တည်ငြိမ်ငြိမ်နဲ့ အသင့်ပြင်ထားကြတယ်။
အခန်းစောင့်ဆရာ ၁၈ ဦးဟာ အောင်မြင်သူ ၃၀၀ ရဲ့ စာရွက်တွေကို ကြည့်ရှုရင်း အောင်စာရင်း အဆင့်အတန်းတွေကို သတ်မှတ်နေကြတယ်။
ဒီနေရာမှာ စာမေးပွဲ စာစစ်တဲ့ စံနှုန်းကို ပြောပြရရင်တော့... လူတစ်ယောက်ချင်းစီမှာ အကြိုက်ချင်း မတူတာကြောင့် စာရွက်တစ်ရွက်ကို လူတိုင်းက ကြိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ စာစစ်အရာရှိငယ်လေးတွေကနေ စာစစ်မှူးချုပ် လက်ထဲကို ရောက်တဲ့အထိ လူ ၅၆ ယောက်ရဲ့ လက်ကို ဖြတ်ကျော်လာခဲ့ရတာ။ စာစစ်သူတိုင်းက စာရွက်ပေါ်မှာ ကိုယ့်ရဲ့ အမှတ်အသားတွေကို ချန်ထားခဲ့ကြတယ်။ များသောအားဖြင့်တော့ စက်ဝိုင်း၊ အစက်၊ မျဉ်းစောင်းနဲ့ ကြက်ခြေခတ်ဆိုပြီး သတ်မှတ်ကြတယ်။ တကယ်လို့ ထောက်ခံချက်ပေးမယ်ဆိုရင်တော့ အဲ့ဒီစာရွက်ပေါ်မှာ ကိုယ့်ရဲ့ မှတ်ချက်ကို ကပ်ထားရတယ်။
အဲဒီထဲမှာ စက်ဝိုင်းက အကောင်းဆုံးဖြစ်ပြီး၊ အစက် ကတော့ ဒုတိယ၊ မျဉ်းစောင်း က တတိယနဲ့ ကြက်ခြေခတ် ကတော့ အောက်ဆုံး အဆင့်ပါပဲ။
အဆင့်အတန်း သတ်မှတ်တဲ့အခါမှာ ဒီအမှတ်အသားတွေကိုပဲ ကိုးကားတာ ဖြစ်ပါတယ်။ တကယ်လို့ စာရွက်တွေ အများကြီးက စက်ဝိုင်း အမှတ်အသားတွေ အတူတူ ရနေရင်တော့ စာစစ်မှူးချုပ်ကပဲ အဆုံးအဖြတ် ပေးရတယ်။ ဒါမှမဟုတ်လည်း အရာရှိ ၂၀ စလုံးက ထပ်ပြီး စစ်ဆေးကာ အသစ်တစ်ဖန် ပြန်လည် ဆုံးဖြတ်ကြရတာပါ။
အောင်မြင်သူ ၃၀၀ ရဲ့ စာရွက်တွေကို ခဏချင်းမှာပဲ အပုံလိုက် ခွဲခြားလိုက်ကြပြီ။ အရည်အချင်း တန်းတူနေတဲ့ စာရွက်တွေကို သီးသန့်ဖယ်ထားပြီး၊ အဆင့်အတန်း ကွဲပြားတာတွေကိုတော့ နေရာချလိုက်ကြတယ်။
137 03
ဒီလို အရည်အချင်း တန်းတူနေတဲ့ စာရွက်ပေါင်း ဒါဇင်နဲ့ချီ ရှိနေပြီး အဲဒါတွေကိုလည်း အထက်၊ အလယ်၊ အောက် ဆိုပြီး သုံးဆင့် ထပ်ခွဲထားတာလေ။ အခုချိန်မှာတော့ အခန်းစောင့်ဆရာတွေဟာ ဘယ်စာရွက်က ဘယ်အခန်းကလဲဆိုတာကို သိနေကြပြီဖြစ်တာကြောင့် ကိုယ့်အခန်းက လူကို အဆင့်မြင့်မြင့် ရစေချင်လို့ မျက်နှာတွေ နီရဲတဲ့အထိ အပြင်းအထန် ငြင်းခုံနေကြတော့တာပဲ။
အထက်နေရာမှာရှိတဲ့ ဟို့ဝမ်ချင်းရဲ့ ရှေ့မှာတော့ စာရွက်တချို့ ရှိနေခဲ့တယ်။ အဲဒီစာရွက်တွေပေါ်မှာ စက်ဝိုင်းတွေပဲ ပါတာကြောင့် ဒါဟာ ထိပ်တန်းစာရွက်တွေမှန်း သိသာလှပါတယ်။ အခုတော့ အဲ့ဒီ ထိပ်တန်းစာရွက်တွေထဲကနေမှ ပထမ၊ ဒုတိယကို ထပ်ပြီး ရွေးချယ်ရဦးမှာလေ။ အောက်မှာ ငြင်းခုံနေကြတာကို မြင်လိုက်ရတဲ့အခါ သူက အနည်းငယ် ပြုံးလိုက်ရင်း ဆိုလိုက်တယ်။
"တော်ကြပါတော့... တကယ်လို့ အနိမ့်အမြင့် ခွဲရခက်နေရင် နောက်တစ်ခေါက် ပြန်စစ်လိုက်ကြပေါ့။ ကြည့်ဦး... ကျုပ်ဆီမှာလည်း ခွဲရခက်နေတဲ့ စာရွက်တွေ ရှိနေတာပဲ၊ ခင်ဗျားတို့လိုတော့ အော်ဟစ်ငြင်းခုံမနေပါဘူး"
ဒီစကားထဲမှာ စနောက်တဲ့ လေသံပါနေတာကြောင့် သူ့ရဲ့ စိတ်အခြေအနေ ကောင်းနေမှန်း သိသာလှပါတယ်။ တကယ်တော့ သူ စိတ်ချမ်းသာနေတာကလည်း မဆန်းပါဘူးလေ။ ဒီနေ့ အောင်စာရင်း သတ်မှတ်ပြီးရင် မနက်ဖြန်ကျရင် ကြေညာတော့မှာကိုး။ အောင်စာရင်း ထွက်ပြီးတာနဲ့ သူ့မှာ မုန်ရှန်း ၃၀၀ တောင် ရလာမှာဆိုတော့ စိတ်လှုပ်ရှားနေမိတယ်။
ဒါပေမဲ့ အခန်းစောင့်ဆရာတွေကျတော့ မတူဘူးလေ။ သူတို့က ကိုယ့်အခန်းက လူ ၂၀ ကျော်ကိုပဲ အာရုံစိုက်နေတာဆိုတော့ ကိုယ့်လူက အဆင့်မြင့်မြင့် ရပါစေဆိုပြီး အသည်းအသန် ဖြစ်နေကြရတာ။
စိတ်ထဲကနေ ညည်းတွားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ အပြုအမူက သိက္ခာကျစရာ ဖြစ်နေမှန်း သတိထားမိသွားပုံရပါတယ်။ အောက်က အရာရှိတွေရဲ့ အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး၊ အရင်လို ဈေးခေါင်းမှာ အော်ဟစ်နေသလိုမျိုး မဟုတ်တော့ဘဲ စည်းကမ်းတကျနဲ့ပဲ အပြန်အလှန် ငြင်းခုံနေကြတော့တယ်။
သာမန်လူတွေကတော့ အစိုးရအရာရှိတွေဆိုတာ ခန့်ညားထည်ဝါပြီး စည်းကမ်းကြီးလှတယ်လို့ ထင်တတ်ကြပေမယ့် ကွယ်ရာမှာတော့ ဒီလိုပါပဲ။ စာပေသမား အရာရှိတွေကတော့ ငြင်းခုံရတာကို အကြိုက်ဆုံးပဲလေ။ နန်းတော်ထဲမှာလည်း ငြင်းတယ်၊ ဝန်ကြီးဌာနထဲမှာလည်း ငြင်းတယ်... အားလုံးကတော့ ဒါကို ယဉ်ပါးနေကြပြီ။ အခုချိန်မှာ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် ငြင်းခုံနေကြပါစေ၊ ကိစ္စပြီးလို့ နောက်တစ်ခါ ပြန်ဆုံရင်တော့ ဘာမှမဖြစ်ခဲ့သလိုမျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ နှုတ်ဆက်ကြဦးမှာပါပဲ။
မကြာခင်မှာပဲ အရာရှိတွေဘက်က ဆုံးဖြတ်ချက် ထွက်လာခဲ့သလို၊ အထက်က ဟို့ဝမ်ချင်းကလည်း စာရွက်တွေရဲ့ အနိမ့်အမြင့်ကို သတ်မှတ်ပြီးသွားခဲ့ပြီ။
ဘယ်သူမှ ကန့်ကွက်တာမျိုး မရှိပါဘူး။ ဘာပဲပြောပြော သူက စာစစ်မှူးချုပ်ပဲလေ။ သူတောင် အဆုံးအဖြတ် မပေးနိုင်ရင် ဘယ်သူက ပေးနိုင်ဦးမှာလဲ။
အဆင့်အတန်းတွေ သတ်မှတ်ပြီးပြီဆိုတော့ ချောင်ပန်းကို စတင်ရေးသားကြရပါတယ်။ စာစစ်မှူးတွေက အဆင့်အတန်းအလိုက် စာရွက်တွေပေါ်က နံပါတ်နီတွေကို အကြမ်းစာရင်းမှာ ရေးမှတ်လိုက်ကြတယ်။
အကြမ်းစာရင်း ပြီးသွားတဲ့အခါမှာတော့ အတွင်းဆောင်နဲ့ အပြင်ဆောင်က အရာရှိအားလုံး စုဝေးပြီး စာရွက်တွေကို အိတ်ဖွင့်ကြရပါတယ်။ ကျူးကျွမ်းနဲ့ မော့ကျွမ်းတွေကို တစ်ခုချင်းစီ မှန်ကန်မှု ရှိ၊ မရှိ တိုက်စစ်ကြတယ်။ ပြီးတော့မှ နာမည်ကို ဖုံးအုပ်ထားတဲ့ စာရွက်တွေကို ဖွင့်လိုက်ကြပြီး ကျူးကျွမ်း ပေါ်မှာ ကျောင်းသားရဲ့ နာမည်ကို ရေး၊ မော့ကျွမ်း ပေါ်မှာတော့ ရရှိတဲ့ အဆင့်အတန်းကို ရေးမှတ်လိုက်ကြတာလေ။ နောက်ဆုံးမှ အဆင့်အတန်းအလိုက် ကျောင်းသားရဲ့ နာမည်နဲ့ နေရပ်လိပ်စာကို ကျိန်းပန်းပေါ်မှာ ရေးသားကြရပါတယ်။
ပထမဆုံးရတဲ့ စာရွက်ကို ဖွင့်လိုက်တဲ့အခါမှာတော့ အားလုံးဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြတယ်... ဘာလို့လဲဆိုတော့ ဒီကျောင်းသားရဲ့ နာမည်က တော်တော်လေးကို စိမ်းနေလို့ပါပဲ။
ဝူဝမ်ရွှမ်းတဲ့လား ဒါက ဘယ်က ပညာရှိလေးလဲ။
137 04
စာမေးပွဲဖြေမယ့်သူတွေက စာစစ်မှူးတွေအကြောင်းကို လေ့လာကြသလို၊ စာစစ်မှူးတွေကလည်း နာမည်ကြီးနေတဲ့ ကျောင်းသားတွေအကြောင်းကို ကြိုတင် စုံစမ်းထားတတ်ကြတာပါ။ ဒါကြောင့် နာမည်ကြီးတဲ့ ကျောင်းသားတွေရဲ့ အမည်တွေကိုတော့ သူတို့ အတော်လေး သိနေကြတယ်။
"ကြည့်ရတာ ဒီတစ်ခါတော့ မထင်မှတ်ထားတဲ့သူက ထိပ်ဆုံးက ပါလာခဲ့ပြီပဲ"
တစ်ယောက်ယောက်က ရေရွတ်လိုက်လေတယ်။
ဟို့ဝမ်ချင်းက သူ့ရဲ့ မုတ်ဆိတ်မွှေးကို သပ်ရင်းနဲ့ ပြုံးပြီး ဆိုလိုက်တယ်။
"ရှေးကတည်းက နာမည်ကြီးလွန်းတဲ့သူတွေက အနှစ်သာရ မရှိတတ်ကြဘူးလေ။ မထင်မရှားဘဲ တည်ငြိမ်နေတဲ့သူတွေကသာ တကယ့် ပညာရှင်တွေ ဖြစ်တတ်တာပါ"
ဒီစကားထဲမှာ အဓိပ္ပာယ်တွေ အများကြီး ပါဝင်နေတာကို အားလုံးက နားလည်ကြပါတယ်။ တခြားကြောင့် မဟုတ်ပါဘူး... ဒီတစ်ကြိမ်မှာ နာမည်ကြီးနေတဲ့သူတွေထဲက နှစ်ယောက်တောင်မှ စာမေးပွဲ ကျရှုံးသွားခဲ့တာကို ရည်ညွှန်းတာကိုး။
"ဟို့ အမတ်မင်း ပြောတာ တကယ်ကို မှန်ကန်လှပါတယ်" တစ်ယောက်က ထောက်ခံလိုက်လေရဲ့။
ကျန်တဲ့လူတွေကတော့ ဘာမှဝင်မပြောဘဲ မျက်လုံးချင်းပဲ လဲလှယ်လိုက်ကြရင်း ငြိမ်နေလိုက်ကြပါတယ်။
ဒီတစ်ကြိမ်ရဲ့ ဟွေ့ယွမ်ဟာ ဘယ်သူမှ မသိတဲ့ လူငယ်လေး တစ်ယောက် ဖြစ်နေတာက အံ့ဩစရာ ကောင်းပေမယ့်လည်း သူ့ရဲ့အရည်အချင်းကတော့ အစစ်အမှန်မို့ ဘယ်သူမှ ကန့်ကွက်စရာ မရှိပါဘူးလေ။
အကြမ်းစာရင်းရော အတည်စာရင်းပါ ပြီးသွားပြီဆိုတော့ စာစစ်မှူးတွေလည်း လူစုခွဲလိုက်ကြပါပြီ။
ဒါပေမဲ့ သူတို့ ကုန်းယွမ်ထဲကနေ ထွက်လို့ မရသေးပါဘူး။ မနက်ဖြန်ကျမှ ဝန်ကြီးဌာနက လူတွေလာပြီး စာရွက်တွေကို သိမ်းဆည်းသွားတဲ့အခါမှပဲ သူတို့လည်း ထွက်ခွာခွင့် ရမှာ ဖြစ်တယ်။
ဟို့ဝမ်ချင်းက သူ့ရဲ့အခန်းကို ပြန်လာတဲ့အခါမှာတော့ သူ့နောက်မှာ စာရေးဝတ်စုံနဲ့ လူတစ်ယောက် ပါလာတယ်။
ဒီစာရေးဟာလည်း စောင့်ကြည့်ရေးအရာရှိတွေထဲက တစ်ယောက်ပါပဲ။ ဟို့ဝမ်ချင်းရဲ့ ဘေးမှာနေပြီး စောင့်ကြည့်ဖို့ တာဝန်ပေးထားတာ ဖြစ်ပေမယ့် ကြည့်ရတာ ဟို့ဝမ်ချင်းနဲ့ အတော်လေး ရင်းနှီးပုံရတယ်။
"အမတ်မင်း... ဘာမှအမှားအယွင်း မရှိခဲ့ဘူး မဟုတ်လားခင်ဗျာ"
ဟို့ဝမ်ချင်းက ခေါင်းခါပြလိုက်တယ်။
ထိုလူကတော့ ချက်ချင်းပဲ သက်ပြင်းချနိုင်သွားပြီး ပြုံးလိုက်ရင်း ဆိုလိုက်လေတယ်။ "ဒါဆိုရင်တော့ ကောလောင်ဆီမှာ သွားပြီး အစီရင်ခံရတာ လွယ်ကူသွားပြီပေါ့"
ဧကရာဇ်ကျားချန် (၉) နှစ်၊ မတ်လ (၂) ရက်နေ့။
ဒီနေ့ကတော့ ဝန်ကြီးဌာနက အောင်စာရင်း ကြေညာမယ့် နေ့ပါပဲ။ မနက် အစောကြီး မိုးမလင်းခင်ကတည်းက ကုန်းယွမ်ရဲ့အရှေ့မှာ လူတွေဟာ စောင့်ဆိုင်းနေကြပြီ။
အောင်စာရင်း ထွက်ပြီးတာနဲ့ သတင်းပေးတဲ့သူတွေက နေရာအနှံ့ကို သွားပြီး သတင်းကောင်း ပါးကြမှာ ဖြစ်ပေမယ့် လူအတော်များများကတော့ အောင်စာရင်းပေါ်မှာ ကိုယ့်နာမည် ပါ၊ မပါကို ကိုယ်တိုင် မြင်ချင်ကြတာကိုး။
ကျင်အာလမ်းကြားထဲမှာတော့ အခုချိန်မှာ အတော်လေး စည်ကားနေခဲ့ပါတယ်။
ရွှီထင်းရှန်းကို အတော်လေး ယုံကြည်မှု ရှိနေကြတာကြောင့် သူတို့ သုံးယောက်ထဲက အနည်းဆုံး တစ်ယောက်တော့ အောင်မှာပဲဆိုပြီး မောက်ပါ့သိုနဲ့လီသာ့ထျန် တို့တောင် မျက်နှာတွေမှာ အပြုံးတွေ ဝေနေတယ်။
"ထင်းရှန်း... မြန်မြန်လုပ်ပါဦး။ နောက်ကျသွားရင် ကုန်းယွမ်ရှေ့မှာ လူတွေ ပြည့်နေပြီး တိုးလို့တောင် ရမှာ မဟုတ်တော့ဘူး"
"တိုးလို့မရလည်း မရတယ်ကွာ။ အောင်ရင်တော့ အောင်မှာပဲ၊ မအောင်ရင်လည်း အစောကြီး သွားကြည့်ရုံနဲ့ အောင်လာမှာ မဟုတ်ဘူးလေ" ရွှီထင်းရှန်းက ခပ်အေးအေးပဲ ပြန်ပြောလိုက်တယ်။
"မင်းပြောပုံက တစ်မျိုးပဲ... ဘာလဲ၊ ငါတို့ရဲ့ ရွှီကျဲယွမ် တစ်ယောက်များ စိတ်ပူနေတာလား"မောက်ပါ့သိုက ကျီစယ်လိုက်လေရဲ့။
"မင်း အကြားမှားတာ ဖြစ်မှာပါ"
137 05
နောက်ဆုံးတော့လည်း တကယ်ပဲ နောက်ကျသွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျောက်အာတို့ သုံးယောက်ကလည်း လိုက်ချင်နေကြလို့ပါပဲ။ လင်းယန့်ရန်က စပြီး အကြံပေးလိုက်တာကို ကျောက်အာနဲ့ ရွှီထောက်အာ တို့ကလည်း ထောက်ခံလိုက်တာကြောင့် ဆိုင်ကို ချန်ရှို့လန် လက်ထဲပဲ အပ်ထားခဲ့ပြီး အားလုံး ယောက်ျားတွေနဲ့အတူ အပြင်ကို ထွက်ဖို့ ပြင်ကြတော့တယ်။
ဒါပေမဲ့ မိန်းမသားတွေဆိုတာကတော့ အလုပ်က ရှုပ်တတ်ကြတာလေ။ တော်ရုံတန်ရုံ အပြင်မထွက်ရတဲ့သူတွေဆိုတော့ သေချာလေး ပြင်ဆင်ချင်ကြတယ်။ ကျောက်အာကတော့ အရင်က ဒီလိုမျိုး သိပ်ဂရုမစိုက်တတ်ပေမယ့် နောက်ပိုင်းမှာ ယန့်ရန်တို့နဲ့ ပေါင်းလာတော့ "ကိုယ့်ကို ချစ်တဲ့သူအတွက် လှပနေရမယ်" ဆိုတဲ့ စိတ်ဓာတ်လေး ဝင်လာခဲ့တယ်။
ယောက်ျား သုံးယောက်ကတော့ မျက်နှာတွေ မည်းမှောင်တဲ့အထိ စောင့်လိုက်ရပြီးမှ မိန်းမ သုံးယောက်ကတော့ ဝတ်ကောင်းစားလှတွေနဲ့ အခန်းထဲက ထွက်လာကြတော့တယ်။
ပြောရရင်တော့ ပြင်ဆင်လိုက်တာကလည်း အကျိုးရှိပါတယ်လေ။ သုံးယောက်စလုံးကတော့ တစ်ယောက်တစ်မျိုးစီနဲ့ လှပနေကြတာကိုး။ ယောက်ျား သုံးယောက်လည်း ချက်ချင်းပဲ မျက်နှာတွေ ဝင်းပသွားကြပြီး၊ အထူးသဖြင့် မောက်ပါ့သိုဆိုရင်တော့ တော်တော်လေးကို အရှက်မရှိတာ... ယန့်ရန်ရဲ့လက်ကလေးကို ချက်ချင်း သွားဆွဲလိုက်ပြီး မျက်နှာကြီး ဖြဲကာ ရယ်ပြနေတော့တာပဲ။
"ဒီကောင် ဘာတုံးကတော့ တကယ်ကို အသုံးမကျတာပဲ"
ရွှီထင်းရှန်းက တိုးတိုးလေး ရေရွတ်လိုက်ပေမယ့် ကျောက်အာဘက်ကို လှည့်လိုက်တဲ့အခါမှာတော့ ဆိုလိုက်လေတယ်။ "မင်း အခုလို ဝတ်ထားတာ တကယ်ကို လှတယ်"
"တကယ်ကြီး လှလို့လား" ကျောက်အာက မေးလိုက်ပေမယ့် သူမရဲ့ မျက်ခုံးတွေကတော့ ဝမ်းသာလွန်းလို့ ပင့်တက်နေခဲ့ပါပြီ။
နောက်ဆုံးတော့ လူကြီး ၆ ယောက်နဲ့ ကလေးတစ်ယောက်... အားလုံး အိမ်ပြင်ကို ထွက်လာခဲ့ကြတော့တယ်။
ကလေးကတော့ ဟုန်အာ ပါပဲ။ သူကတော့ အဖေဖြစ်သူရဲ့ ကျောပိုးခြင်းထဲမှာ ထိုင်ပြီး လိုက်လာတာလေ။ ရွှီထင်းရှန်းလိုမျိုး အောင်စာရင်း သွားကြည့်တဲ့သူက ကလေးတစ်ယောက်ကို ကျောပိုးပြီး သွားတာမျိုးကတော့ တစ်လောကလုံးမှာ ရှားပါလိမ့်မယ်။
ထင်ထားတဲ့အတိုင်းပါပဲ... ကုန်းယွမ် ရှေ့ကို ရောက်တဲ့အခါမှာတော့ လူအများက သူတို့ကို ဝိုင်းကြည့်နေကြတော့တယ်။
ရွှီထင်းရှန်းတို့ ရောက်သွားတဲ့အချိန်မှာ အောင်စာရင်းက ကြေညာပြီးသွားပါပြီ။ ကုန်းယွမ် တံခါးရှေ့မှာတော့ လူတွေဟာ ပင်လယ်ပြင်ကြီးလို ပြည့်နှက်နေပြီး အပ်တစ်စင်းတောင် ထိုးစရာ နေရာမရှိပါဘူး။
အားလုံးကတော့ အဝေးကနေပဲ ငေးကြည့်နေကြရတယ်။ နောက်ဆုံးတော့ မောက်ပါ့သိုကပဲ အားတင်းလိုက်ပြီး ဟုန်အာကို အောက်ချခိုင်းကာ ယောက်ျား သုံးယောက်သား လူအုပ်ထဲကို တိုးဝင်သွားကြတော့တာပဲ။
လူအုပ်ထဲကနေ တစ်ယောက်ယောက်က ရုတ်တရက် ထွက်လာလိုက်၊ သတင်းကောင်း ပါးဖို့အတွက် လျှပ်စစ်တေပြေးသလို ပြေးသွားလိုက်နဲ့ အတော်လေးကို ရှုပ်ထွေးနေတာ။
တချို့ကလည်း မိဘတွေကို တမ်းတပြီး ငိုကြွေးနေကြသလို၊ ကောင်းကင်ကို ကြည့်ပြီး ကျိန်ဆဲနေတဲ့သူတွေလည်း ရှိတယ်။ တချို့ဆိုရင် အသက်တွေ အတော်ကြီးပြီး မုတ်ဆိတ်ဖြူတွေနဲ့တောင် ဖြစ်နေပြီ၊ မျက်ရည်တွေနဲ့ အတူ လူအုပ်ထဲကနေ အသည်းအသန် တိုးထွက်လာကြတာ မြင်ရတာ တော်တော်လေးကို စိတ်မကောင်းစရာပါပဲ။
ဟုန်အာကတော့ စပ်စုတကြီးနဲ့ မေးရှာတယ်။ "မေမေ... ဟို အဘိုးကြီးက ဘာဖြစ်လို့လဲဟင်"
137 06
ကျောက်အာက သားဖြစ်သူရဲ့ ပါးလေးကို ပွတ်ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်။ "အဘိုးက ဝမ်းနည်းစရာ ကိစ္စနဲ့ တွေ့နေလို့ ငိုနေတာလေ သားရဲ့"
"သူက ဘာဝမ်းနည်းစရာနဲ့ တွေ့လို့လဲ"
"..."
လူအုပ်ကြီးထဲမှာတော့ မောက်ပါ့သိုတို့ သုံးယောက်ဟာ အစွမ်းကုန် ကြိုးစားပြီးမှ အရှေ့ဆုံးကို ရောက်သွားခဲ့ကြတယ်။
တကယ်တော့ မောက်ပါ့သိုက အစွမ်းထက်တာပါ။ သူ့ရဲ့ ကိုယ်ခန္ဓာကလည်း ထွားကြိုင်းသလို၊ အားကလည်း သန်တာဆိုတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ဘူးလေ။ သူ အရှေ့ဆုံးကို ရောက်သွားတဲ့အခါမှာတော့ ရွှီထင်းရှန်းနဲ့ လီသာ့ထျန်တို့ကို အတင်းဆွဲခေါ်လိုက်တယ်။
သုံးယောက်သား နေရာယူလိုက်ကြပြီး ဘေးကလူတွေရဲ့ ကျိန်ဆဲသံတွေကို ဂရုမစိုက်ဘဲ အောင်စာရင်းကို အပေါ်ဆုံးကနေ စပြီး ကြည့်လိုက်ကြတယ်။
ပထမဆုံး စာကြောင်းမှာ ကျားရှင်း၊ ဝူဝမ်ရွှမ်း ဆိုတဲ့ စာလုံးကြီးတွေကို မြင်လိုက်ရတဲ့အခါမှာတော့ ရွှီထင်းရှန်းဟာ အဲ့ဒီနေရာမှာတင် မှင်တက် သွားခဲ့ရပါတော့တယ်။ သူဟာ အောက်ကို ဆက်မကြည့်နိုင်တော့ဘဲ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့က လှမ်းခေါ်မှပဲ သတိပြန်ဝင်လာခဲ့တော့တယ်။
မောက်ပါ့သိုရဲ့ မျက်နှာထားဟာ အတော်လေးကို ထူးဆန်းပျက်ယွင်းနေခဲ့ရတယ်။ တစ်ခါတရံမှာ စိတ်မကျေမချမ်း ဖြစ်နေသလိုလို၊ တစ်ခါတရံမှာ အားငယ်အားလျော့နေသလိုလိုနဲ့ စကားပြောဖို့ ပြင်လိုက်ပေမယ့်လည်း ပြန်လည်မျိုသိပ်ထားရရှာတယ်။
သူ့ရဲ့စိတ်မကျေမချမ်းဖြစ်မှုနဲ့ စကားလုံးတွေ တုန့်ဆိုင်းနေရတာဟာ ရွှီထင်းရှန်း အတွက်ကြောင့်ပါပဲ။ ဘာလို့လဲဆိုတော့ သူက အောင်စာရင်းကို အစကနေ အဆုံးအထိ အမြန်ဆုံး ဝေ့ကြည့်လိုက်ပေမယ့် ရွှီထင်းရှန်းရဲ့နာမည်ကို လုံးဝကို ရှာမတွေ့ခဲ့လို့ပါပဲ။
သူ့ရဲ့အားငယ်စိတ်ပျက်မှုကတော့ သူ့ကိုယ်သူအတွက်ကြောင့်ပေါ့။ စာရင်းထဲမှာ သူ့နာမည်လည်း မပါသလို၊ လီသာ့ထျန် ရဲ့နာမည်လည်း ပါမနေခဲ့ဘူး။
တကယ်တော့ သူတို့နှစ်ယောက်ရဲ့ စာပေအရည်အချင်း အခြေအနေအရ မောက်ပါ့သိုဟာ သူ အောင်ကိုအောင်ရမယ်လို့ အပိုင်တွက်ထားတာမျိုးတော့ မရှိခဲ့ပါဘူး။ သူက သူ့ကိုယ်သူ အမြဲတမ်း ပြန်လည်သုံးသပ်လေ့ရှိတယ်လေ။ ကျင်းရှီ ဘွဲ့ကို တစ်နေ့နေ့မှာ သူ ရနိုင်မှာဖြစ်ပေမယ့် အဲ့ဒါက ဘယ်အချိန်လဲဆိုတာကိုတော့ သူလည်း မသိဘူးလေ။ နောက်ထပ် အကြိမ်ကြိမ် ပြန်ဖြေရနိုင်သလို၊ ဆယ်စုနှစ်နဲ့ချီပြီးတောင် ကြာသွားနိုင်တာကိုး။
ဒါပေမဲ့ ရွှီထင်းရှန်းတောင် မအောင်ဘူးဆိုတာကတော့ သူ့အတွက် လုံးဝကိုယုံကြည်နိုင်စရာမရှိတဲ့ ကိစ္စကြီးပဲလေ။ ဆရာလင်းမြောင်ကအစ ပေလုစာသင်ကျောင်းက ဆရာကြီးတွေအားလုံးက ရွှီထင်းရှန်းရဲ့ အရည်အချင်းဟာ ချန်ကျန်းထက်တောင် တစ်ပန်းသာတယ်လို့ တညီတညွတ်တည်း မှတ်ချက်ပြုခဲ့ကြတာ။ ချန်ကျန်းတောင်မှ ကျဲယွမ်ဘွဲ့ကို ရယူနိုင်ခဲ့တာ၊ ရွှီထင်းရှန်းကျမှ ကျင်းရှီဘွဲ့လေးတောင် မရဘူးဆိုတာ ဘယ်လိုမှ အဓိပ္ပာယ်မရှိဘူး မဟုတ်လား
"ထင်းရှန်း... မင်း စိတ်မပူပါနဲ့ဦးနော်။ ငါတို့တွေ မျက်စိလျှံသွားတာလည်း ဖြစ်နိုင်တာပဲ၊ ပြန်ကြည့်ကြရအောင်... ထပ်ပြီးသေချာကြည့်ကြရအောင်လေ။ တစ်နေရာရာမှာ ကျန်ခဲ့တာလည်း ဖြစ်နိုင်တယ်မလား" မောက်ပါ့သိုက အားတင်းပြုံးရင်းနဲ့ ချော့မော့ပြောဆိုနေရှာသလို၊ ဘေးကလူတွေကိုလည်း အပြစ်တင်နေပြန်တယ်။ "လူတွေကလည်း အရမ်းများလွန်းတယ်၊ ဆူလည်း ဆူညံနေတာပဲ။ အဲ့ဒါကြောင့် ငါတို့တွေ စိတ်အေးအေးနဲ့ မကြည့်နိုင်ကြတာလေ... မဟုတ်ဘူးလား တာ့ထျန်"
ဘေးက လီသာ့ထျန်ကလည်း အသည်းအသန် ခေါင်းညိတ်ပြလိုက်တယ် "ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒါကြောင့် ဖြစ်မှာပါ"
ရွှီထင်းရှန်းကတော့ အပြုံးလေးတစ်ခုနဲ့ပဲ ဆိုလိုက်လေရဲ့။ "တော်ပြီ... ပါးသို့၊ ဆက်မကြည့်နဲ့တော့။ ငါ မအောင်ဘူး"
မောက်ပါ့သို စကားပြောနေတုန်းမှာတင် သူက အောင်စာရင်းကို အစကနေ အဆုံးထိ တစ်ခေါက် ထပ်ကြည့်လိုက်ပြီးပြီလေ။ သူဟာ တကယ်ပဲ စာရင်းထဲမှာ ပါမနေခဲ့ပါဘူး။ သူတင်မကဘဲ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း မပါကြပါဘူး။
ပြောသာပြောလိုက်ရတာ... မောက်ပါ့သိုကတော့ ဇွဲမလျှော့ဘဲ နောက်တစ်ခေါက် ပြန်ကြည့်နေတုန်းပါပဲ။ အဲ့ဒီအချိန်မှာတော့ ရွှီထင်းရှန်းဟာ လူအုပ်ထဲကနေ တိုးထွက်လာခဲ့ပါပြီ။
ကျောက်အာကတော့ သားဖြစ်သူကို အဘိုးကြီး ငိုနေရတဲ့ အကြောင်းရင်းကို ရှင်းပြလို့ ပြီးခါစမှာပဲ ရွှီထင်းရှန်းဟာ ထူးဆန်းတဲ့ အမူအရာနဲ့ လူအုပ်ထဲကနေ ထွက်လာတာကို မြင်လိုက်ရတယ်။
သူမရဲ့ ရင်ထဲမှာတော့ ဒိန်းခနဲ ဖြစ်သွားခဲ့ရပြီလေ။ အလိုအလျောက်ပဲ မေးလိုက်မိတော့တာပဲ။
"နင်... ဘာဖြစ်လာတာလဲဟင်"
137 07
အဲဒီနောက်မှာတော့ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း နောက်ကနေ ကပ်ပြီး ထွက်လာကြတယ်။ သူတို့ တစ်ခုခု ပြောဖို့ ပြင်လိုက်ကြပေမယ့် ရွှီထင်းရှန်းကို တစ်ချက် လှမ်းကြည့်လိုက်ကြပြီးမှ ပြန်ငြိမ်သွားကြပြန်တယ်။
ဒါကို မြင်လိုက်ရတာနဲ့တင် ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ရှင်းနေပြီ မဟုတ်လား။
ကျောက်အာကတော့ အတင်းပြုံးလိုက်ရင်း ဆိုလိုက်တယ်။ "မအောင်လို့လား မအောင်တော့လည်း မအောင်တယ်၊ ဒါက ဒီလောက်ထိ အရေးတကြီး ဖြစ်ပျက်နေစရာ လိုလို့လား"
အဲ့ဒီအချိန်မှာပဲ ရွှီထောက်အာနဲ့ လင်းယန့်ရန်တို့လည်း အခြေအနေကို ရိပ်မိသွားကြပြီး ဘေးကနေ ဝိုင်းပြီး ထောက်ခံပေးကြသလို၊ ကိုယ့်ယောက်ျားကိုယ်လည်း ပြန်လည်အားပေးကြရှာတယ်။
ကျောက်အာက ရွှီထင်းရှန်းရဲ့ အရှေ့ကို လျှောက်လာပြီး ဟုန်အာကို သူ့ဆီ ကမ်းပေးလိုက်တယ်။ "သားကို မြန်မြန်ချီလိုက်ပါဦး၊ ငါ ချီထားရတာ ကြာပြီဆိုတော့ တော်တော်လေးကို ညောင်းနေပြီ"
သူမက လက်မောင်းလေးတွေကို ဆန့်ထုတ်လိုက်ရင်း ပြုံးပြီး ဆက်ပြောပြန်တယ်။ "နင် သိလား... ခုနက ဟုန်အာက ဟို အဘိုးကြီးက ဘာလို့ ငိုနေတာလဲ လို့ မေးနေသေးတာ။ အဲ့ဒါနဲ့ ငါက အဘိုးက ဝမ်းနည်းစရာ ကိစ္စရှိလို့ ငိုတာလို့ ပြောပြထားတာလေ။ နင်ကတော့ လုံးဝမငိုလိုက်နဲ့ဦးနော်၊ တကယ်လို့သာ နင်ငိုခဲ့ရင်တော့ သားကို ဘယ်လိုပြန်ပြောပြရမလဲဆိုတာ ငါ မစဉ်းစားတတ်တော့ဘူး"
"ကျောက်အာ..."
"ကဲပါ... မအောင်လည်း မအောင်တယ်၊ ကောင်းကင်ကြီး ပြိုကျလာတာမှ မဟုတ်တာ။ မအောင်တာကမှ ပုံမှန်ပါ... နင် သိလား၊ ငါကတော့ နင်သာ တကယ်ကြီး အောင်သွားရင် ဝမ်းသာလွန်းလို့ မေ့လဲသွားမှာလားလို့တောင် တွေးပူနေတာ။ အခုတော့ စိတ်ပူစရာ မရှိတော့ဘူးပေါ့။ မြန်မြန်ပြန်ရအောင်... ဆိုင်မှာ ရှို့လန်တစ်ယောက်တည်း ဖြစ်နေမှာ၊ ပြီးတော့ အချိန်ကလည်း မစောတော့ဘူးလေ၊ ပြန်ပြီး နေလယ်စာ ချက်ရဦးမယ်။ ဒီနေ့ ဘာစားကြရင် ကောင်းမလဲ နင် မစားရတာ ကြာပြီဖြစ်တဲ့ ဘန်ကျားရို လုပ်ကျွေးမယ်လေ၊ ဆိတ်သားလည်း တစ်အိုးလောက် ချက်ပေးမယ်။ နင် ဒါတွေကို အကြိုက်ဆုံး မဟုတ်လား..."
ဘာကြောင့်ရယ် မသိပါဘူး... ရွှီထင်းရှန်းရဲ့မျက်လုံးတွေကတော့ စိုစွတ်လာခဲ့ရပြီလေ။
ကျောက်အာကတော့ အမြဲတမ်း ဒီလိုပါပဲ။ တစ်ဖက်လူကို ဘယ်လို အားပေးနှစ်သိမ့်ရမလဲဆိုတာ သူကိုယ်တိုင်လည်း မသိရှာပါဘူး။ သူမ တတ်နိုင်တာကတော့ ကလေးတစ်ယောက်ကို ချော့သလိုမျိုး အကောင်းဆုံးတွေ ကျွေးပြီး၊ တစ်ဖက်လူ မငိုအောင် ပါးစပ်ကို ပိတ်ထားလိုက်တာပါပဲ။
တကယ်တော့ သူဟာ ငယ်ငယ်တည်းက ငိုတတ်တဲ့သူ တစ်ယောက်လေ။ သူ ငိုတဲ့အခါတိုင်း ကျောက်အာက ဒီလိုမျိုးပဲ အမြဲ ချော့ခဲ့တယ်။
ရုတ်တရက်ဆိုသလိုပဲ... ရွှီထင်းရှန်းရဲ့စိတ်ထဲမှာ အမြဲတမ်း ခြောက်လှန့်နေခဲ့တဲ့ စိုးရိမ်ပူပန်မှုတွေဟာ ငြိမ်သက်သွားခဲ့ရပြီလေ။ သူ့ရဲ့ စိတ်ထဲမှာ မရှင်းမလင်း ဖြစ်နေခဲ့တဲ့ အချက်အလက်တွေကလည်း ရုတ်တရက်ဆိုသလို ကွင်းကွင်းကွက်ကွက် မြင်လာခဲ့ရပြီ။
"မင်း အရင်ပြန်နှင့်ပါ၊ ငါ လုပ်စရာ ကိစ္စလေး တစ်ခုရှိလို့။ မင်း ထမင်းချက်ပြီးရင်တော့ ငါ ပြန်ရောက်လာမှာပါ" သူက ကျောက်အာရဲ့ လက်ကို တစ်ချက် ဆွဲလိုက်ရင်း ပြောလိုက်ပြီး ဟုန်အာကို ကျောက်အာရဲ့ရင်ခွင်ထဲ ပြန်ထည့်ပေးလိုက်တော့တယ်။
"နင် ဘယ်သွားမလို့လဲဟင်"
သူမရဲ့မေးခွန်းအတွက် ပြန်ရလိုက်တဲ့ အဖြေကတော့ ရွှီထင်းရှန်းရဲ့အဝေးကို ပြေးထွက်သွားတဲ့ ကျောပြင်ပဲ ဖြစ်ပါတော့တယ်။
******
138 01
အခန်း (၁၃၈)
ကျောက်အာဟာ စိတ်အလိုအလျောက်ပဲ ရွှီထင်းရှန်းရဲ့နောက်ကို ပြေးလိုက်ဖို့ ပြင်လိုက်ပေမယ့်၊ ဘယ်ကနေ ဘယ်လို ရင်ခွင်ထဲက ဟုန်အာက အားရပါးရ ငိုချလိုက်မှန်း မသိတော့ပါဘူး။
သူမခမျာ လူအုပ်ကြီးထဲမှာ ပျောက်ကွယ်သွားတဲ့ ရွှီထင်းရှန်းရဲ့ကျောပြင်ကို ကြည့်ရင်း စိုးရိမ်ပူပန်မှုတွေ တရိပ်ရိပ် တက်လာခဲ့ရသလို၊ တစ်ဖက်မှာလည်း ငိုနေတဲ့ သားဖြစ်သူကို ချော့မြှူရင်း မောက်ပါ့သို နဲ့ လီသာ့ထျန် တို့ကိုလည်း နောက်ကနေ အမြန်လိုက်ကြည့်ဖို့ အသည်းအသန် တိုက်တွန်းနေခဲ့ရရှာတယ်။
မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့လည်း ချက်ချင်းပဲ အပြေးအလွှား လိုက်သွားကြပြီမို့၊ ပူပန်သောက ရောက်နေကြတဲ့ အမျိုးသမီးသုံးဦးဟာတော့ အဆုံးမရှိတဲ့ လူပင်လယ်ကြီးကို ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့ကြရလေရဲ့။
သူတို့ သုံးယောက်သား အိမ်အပြန်လမ်းအတိုင်း လျှောက်လာခဲ့ကြရင်း ချုံဝမ်မန် တံခါးကနေ ထွက်လိုက်တဲ့အခါမှာတော့ လုံးဝ မထင်မှတ်ထားတဲ့ လူနှစ်ယောက်နဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ဆုံမိကြတော့တာပါပဲ။
အဲ့ဒါကတော့ မောက်ရုယွိ နဲ့ သူမရဲ့ မိခင် ဟုန်ရှိတို့ သားအမိပဲ ဖြစ်နေခဲ့တယ်။
အပြန်အလှန် မေးမြန်းကြည့်မှပဲ အကြောင်းစုံကို သိလိုက်ရတာပါ။ တကယ်တော့ ကျောက်အာတို့က နှစ်သစ်ကူး မတိုင်ခင်ကတည်းက ရှန်းရှီးပြည်နယ်က အိမ်ကို စာတစ်စောင် ပို့ခဲ့တာကိုး။ ပထမကတော့ နှစ်သစ်ကူး နှုတ်ခွန်ဆက်သဖို့ ဖြစ်ပြီး၊ ဒုတိယကတော့ မြို့တော်က ဆိုင်မှာ လူအင်အား မလောက်တာကြောင့် ကောင်းရှန် ဖြစ်ဖြစ် ရွှီချင်းဟွိုင် ဖြစ်ဖြစ် တစ်ယောက်ယောက်ကို လာကူပေးဖို့ အကူအညီ တောင်းလိုက်တာလေ။
ဒါပေမဲ့ မောက်မိသားစုက ဇနီးမောင်နှံကတော့ မြို့တော်က သူတို့ရဲ့ သားနဲ့ ချွေးမ ဘယ်လိုများ နေထိုင်နေကြလဲဆိုတာကို အမြဲတမ်း စိတ်ပူနေခဲ့ကြတာပါ။ အဲ့ဒီကြားထဲမှာ ဆရာကတော်ထောင် ပြောခဲ့တဲ့ စကားတွေကိုလည်း ဒေါ်ဟုန်က စိတ်ထဲ စွဲနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အိမ်မှာကလည်း ကုန်စုံဆိုင်လေး ဖွင့်ထားတာဖြစ်ပြီး သူတို့မှာကလည်း သားတစ်ယောက် သမီးတစ်ယောက်ပဲ ရှိတာလေ။ အခု သမီးကလည်း အိမ်ထောင်ကျသွားပြီဆိုတော့ သားရှိတဲ့နေရာမှာပဲ သူတို့လည်း အတူနေချင်ကြတယ်။
အဲ့ဒါကြောင့်ပဲ နှစ်သစ်ကူးပြီးတာနဲ့ ဆိုင်ကို ပိတ်လိုက်ပြီး အထုပ်အပိုးတွေ ပြင်ကာ မြို့တော်ဆီကို တဖွဲဖွဲ တက်လာခဲ့ကြတာပဲ။
ကျိုးချန် နဲ့ မောက်ရုယွိ တို့ကလည်း မိဘနှစ်ပါးကို လမ်းမှာ တစ်ယောက်တည်း မလွှတ်ချင်တာကြောင့် ကိုယ်တိုင်ပဲ လိုက်ပို့ပေးလာခဲ့ကြတာလေ။ ဒါ့အပြင် ကောင်းရှန်လည်း လိုက်ပါလာခဲ့သလို၊ ခွေးလိမ္မာကြီး ဟေးကျစ်နဲ့ ရွာထဲက ဖျတ်လတ်တဲ့ လူငယ်နှစ်ယောက်ကိုပါ တစ်ပါတည်း ခေါ်လာခဲ့တယ်။
ကျိုးချန်တို့အဖွဲ့က ကျင်အာလမ်းကြားက အိမ်ကို ရောက်တဲ့အခါမှာတော့ ဒီနေ့ အောင်စာရင်း ထွက်တဲ့နေ့မို့ ရွှီထင်းရှန်းတို့အားလုံး အပြင်ထွက်သွားကြပြီဆိုတာ သိလိုက်ရတာကြောင့်၊ မြို့တော်ရဲ့ စည်ကားပုံကိုလည်း ကြည့်ချင်တာနဲ့ ဒီဘက်ကို လိုက်လာခဲ့ကြတာလေ။ ထူးထူးခြားခြားပဲ ချုံဝမ်မန် တံခါးထဲကို မဝင်ရသေးခင်မှာတင် ဟေးကျစ်က လူအုပ်ထဲကို ဝုန်းခနဲ ပြေးဝင်သွားခဲ့တယ်။ အားလုံးက ဟေးကျစ် ပျောက်သွားမှာကို စိုးရိမ်နေကြတုန်းမှာပဲ မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကို တွေ့လိုက်ရတာပါပဲ။
အခြေအနေကို သေချာမေးမြန်းပြီးတဲ့နောက်မှာတော့ ကောင်းရှန်ဟာ သူ့လူတွေကို ခေါ်ပြီး မောက်ပါ့သိုတို့နဲ့အတူ ရွှီထင်းရှန်းရဲ့နောက်ကို အပြည့်အလွှား လိုက်သွားကြတော့တာပဲ။ ကျိုးချန်ကတော့ သူတို့တွေ တစ်ခုခု ဖြစ်မှာ စိုးရိမ်တာကြောင့် နောက်ကနေ ကပ်လိုက်သွားခဲ့တယ်။
အကူအညီတွေ ရောက်လာပြီဆိုတာ သိလိုက်ရတဲ့အခါမှာတော့ ကျောက်အာရဲ့ ရင်ထဲမှာ စုပြုံနေတဲ့ အလုံးကြီးက ဝုန်းခနဲ ကျသွားခဲ့ရပြီလေ။
တကယ်တမ်းတော့ မြို့တော်လို နေရာမျိုးမှာ တစ်ခုခု ဖြစ်လာရင် ကောင်းရှန်တို့က သိပ်ပြီး ကူညီနိုင်မှာ မဟုတ်ဘူးဆိုတာကို သူမ သိနေခဲ့ပေမယ့်လည်း၊ လူအင်အား များများရှိနေတာကတော့ စိတ်ကို အများကြီး အားရှိစေတယ်လေ။
ဒီဘက်မှာတော့ ကျောက်အာတို့က အိမ်ကို ပြန်နှင့်ကြပြီး၊ ဟိုဘက်မှာတော့ မောက်ပါ့သိုတို့အဖွဲ့က ရွှီထင်းရှန်းကို ခဏချင်းမှာပဲ မှီသွားခဲ့ကြပါတယ်။
"ထင်းရှန်း မင်း ဘာတွေ ဒီလောက် အသည်းအသန် ဖြစ်နေရတာလဲကွ"
138 02
ရွှီထင်းရှန်းကတော့ ခဏတာ စိတ်လှုပ်ရှားသွားတာကြောင့် တစ်ယောက်တည်း ထွက်လာခဲ့မိတာပါ။ ထွက်လာပြီးမှပဲ ကျောက်အာတို့ စိတ်ပူနေမှာကို တွေးမိပေမယ့် အချိန်က သူ့ကို စောင့်နေမှာ မဟုတ်တာကြောင့် ကိစ္စကို အရင်ဆုံး ဖြေရှင်းဖို့ပဲ ဆုံးဖြတ်ထားတာလေ။ အခု မောက်ပါ့သိုတို့ မှီလာပြီး ကောင်းရှန်တို့ပါ ရောက်လာတာကို တွေ့လိုက်ရတဲ့အခါမှာတော့ သူက ဝမ်းသာအားရ နှုတ်ဆက်လိုက်ပေမယ့် ခြေလှမ်းတွေကိုတော့ အရှိန်မလျှော့ခဲ့ပါဘူး။
"ငါ တစ်ယောက်ယောက်ကို သွားရှာချင်လို့ပါ။ မင်းကတော့ ဝန်ကြီးဌာနကို သွားပြီး ဆူပူသောင်းကျန်းတော့မယ်လို့ ထင်နေတာလား" ရွှီထင်းရှန်းရဲ့ စကားကို ကြားပြီး မောက်ပါ့သိုက သက်ပြင်းချရင်း ဆိုလိုက်တယ်။
ရွှီထင်းရှန်းကတော့ ရယ်မောလိုက်ရင်း "ငါက ငါ့အသက်ကို မနှမြောဘဲ နေပါ့မလားကွ။ ကဲ... ပါးသို့၊ မင်း ကောင်းရှန်တို့ကို ခေါ်ပြီး အရင်ပြန်နှင့်လိုက်ပါ။ ငါသွားမယ့်နေရာက လူအများကြီး ရှိနေဖို့ မသင့်တော်ဘူးလေ"
"မင်းတစ်ယောက်တည်း လွှတ်လိုက်ဖို့တော့ ငါ တကယ်ကို စိတ်မချနိုင်ဘူးကွ"
အဲ့ဒီအချိန်မှာပဲ ကျိုးချန်က ကြားထဲက ဝင်ပြောလိုက်တယ် "ဒီလိုလုပ်လေ... မင်းတို့တွေ အရင်ပြန်နှင့်ကြ၊ ငါ ထင်းရှန်းနဲ့အတူ လိုက်သွားပေးမယ်"
ကျိုးချန်က ကိုယ်ခံပညာလည်း အတန်အသင့် တတ်မြောက်ထားသလို၊ နယ်လှည့်ပြီး ကုန်ပစ္စည်း ပို့ဆောင်ဖူးတဲ့သူဆိုတော့ အခြေအနေကို လိုက်ပြီး ကိုယ်ဟန်ရော၊ အတတ်ပညာရောက မောက်ပါ့သိုတို့ထက် အဆပေါင်းများစွာ သာတာကိုး။
"ဒါဆိုရင်တော့ ဖြစ်ပါတယ်၊ ကျိုးအစ်ကိုကြီး... ကျွန်တော်နဲ့အတူ လိုက်ခဲ့ပေးပါဦး"
ဒါကို မြင်လိုက်ရတဲ့အခါမှာတော့ မောက်ပါ့သိုကလည်း ဘာမှ ထပ်မပြောတော့ဘဲ ကောင်းရှန်တို့ကို ခေါ်ပြီး အိမ်ကို ပြန်လှည့်သွားခဲ့ကြတော့တယ်။
ရွှီထင်းရှန်းနဲ့ ကျိုးချန်တို့ဟာ ကျွန့်ယွမ်အဆောင်ဆီကို လျှောက်လာခဲ့ကြပါတယ်။
အခုချိန်မှာတော့ ကျွန့်ယွမ်အဆောင်ကြီးက အတော်လေးကို စည်ကားနေခဲ့ပြီလေ။ ခုနလေးတင်ပဲ သတင်းကောင်း ပါးတဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့တာကြောင့် အဆောင်ရှေ့မှာတော့ သတင်းလာနားစွင့်တဲ့ လူအုပ်ကြီးနဲ့ ပြည့်နှက်နေတယ်။ သူတို့ နှစ်ယောက်သား လူအုပ်ကြားကနေ တိုးဝှေ့ပြီး အတွင်းထဲကို ဝင်လာခဲ့ကြတယ်။ အထဲမှာတော့ အပြင်ထက်တောင် ပိုပြီးဆူညံနေလေရဲ့။ ခန်းမဆောင်ရဲ့ အလယ်ဗဟိုမှာတော့ မျက်နှာတွေ ဝင်းပနေတဲ့ ကျောင်းသား သုံးယောက် ရပ်နေကြပြီး၊ သူတို့ဘေးမှာတော့ လူတွေက ဝိုင်းအုံပြီး ဂုဏ်ပြုနေကြတာလေ။ ကြည့်ရတာ ဒီလူတွေက ကျင်းရှီ ဘွဲ့ကို ရရှိသွားတဲ့သူတွေ ဖြစ်ရမယ်။
ရွှီထင်းရှန်းကတော့ ထိုနေရာမှာ ရပ်မနေဘဲ အနောက်ဘက်က တည်းခိုဆောင်တွေရှိရာဆီကို တန်းပြီး သွားလိုက်တယ်။
အနောက်ဘက်မှာလည်း လူတွေကတော့ ဟိုဟိုဒီဒီ သွားလာနေကြတာပါပဲ။ တည်းခိုသူတွေ ဝင်လိုက်ထွက်လိုက် ဖြစ်နေကြတာကြောင့် သူတို့ နှစ်ယောက် ရှိနေတာက သိပ်ပြီးထင်မပေါ်လှပါဘူး။ သူတို့တွေ ဝင်းထဲကို လှမ်းဝင်လိုက်တာနဲ့ လူတစ်ယောက်ဟာ ခေါင်းငိုက်စိုက်ချရင်း အပြင်ကို ထွက်လာတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ထိုလူ သွားနေတဲ့ ဦးတည်ချက်ကတော့ အနောက်ဘက် တံခါးဆီကိုပါပဲ။
ရွှီထင်းရှန်းက ကျိုးချန်ရဲ့လက်ကို ဆွဲပြီး ခြေလှမ်းတွေကို ရပ်လိုက်ပါတယ်။ ထိုလူ အတော်လေး ဝေးသွားတဲ့အထိ စောင့်ကြည့်နေပြီးမှ သူတို့ နှစ်ယောက်သား အနောက်ကနေ တိတ်တိတ်ကလေး လိုက်သွားခဲ့ကြတော့တယ်။
ဝမ်ရှို့ကတော့ သူ့ရဲ့အနောက်ဘက်မှာ လူတွေရဲ့ ပျော်ရွှင်အော်ဟစ်သံတွေက ဟိန်းထွက်နေပေမယ့် တစ်ဖက်လူရဲ့အမြင်ကို ရှောင်ကွင်းရင်း တိုးတိုးတိတ်တိတ်ပဲ လျှောက်လှမ်းနေခဲ့ရှာတယ်။
သူကတော့ အနောက်ကို လှည့်မကြည့်တော့ပါဘူး။ ရင်ထဲမှာ အတိုင်းအဆမရှိတဲ့ အထီးကျန်ဆန်မှုတွေနဲ့အတူ ရှေ့ကိုသာ မှိုင်မှိုင်တွေတွေ လျှောက်လှမ်းနေခဲ့တော့တယ်။
ဝမ်ရှို့အနေနဲ့ စိတ်ပျက်အားငယ်နေတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ လက်ရှိ သူ့ရဲ့ အခြေအနေက သိပ်မဟန်ဘူးဆိုတာကို သူ ကောင်းကောင်း သိနေခဲ့တယ်။ အခုချိန်မှာတော့ ဒီကိစ္စတွေက လူသိရှင်ကြား မပြန့်နှံ့သေးခင်မှာ ငွေထုတ်ယူပြီး မြို့တော်ကနေ အမြန်ဆုံး ထွက်ခွာသွားဖို့ပဲ ရှိတော့တယ်၊ ဒါမှသာ နောက်ဆက်တွဲ ပြဿနာတွေကို ရှောင်ရှားနိုင်မှာ မဟုတ်လား။
သူဟာ အရင်က သွားနေကျ နေရာဆီကို ခဏချင်းမှာပဲ ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအနက်ရောင် ဆေးသုတ်ထားတဲ့ တံခါးကြီးကတော့ အရင်အတိုင်းပဲ တင်းကြပ်စွာ ပိတ်ထားတုန်းပါပဲ။ သူကတော့ အရှေ့ဘက် တံခါးမကြီးကနေ မဝင်ရဲတာကြောင့် အနောက်ဘက် တံခါးဆီကိုပဲ လှည့်ပတ်သွားလိုက်ရတယ်။
138 03
တံခါးကို အနည်းငယ် ခေါက်လိုက်တဲ့အခါမှာတော့ လူတစ်ယောက်က လာဖွင့်ပေးပါတယ်။ ထိုလူနဲ့ စကားအနည်းငယ် ပြောဆိုပြီးတဲ့နောက်မှာတော့ သူ့ကို အတွင်းထဲကို ဝင်ခွင့်ပြုလိုက်ကြပြီ။
ဝမ်ရှို့ဟာ အရင်တစ်ခေါက်က ရောက်ခဲ့ဖူးတဲ့ နေရာဆီကိုပဲ ထပ်မံ ခေါ်ဆောင်ခြင်း ခံလိုက်ရပါတယ်။ တကယ်တော့ ဒီနေရာဟာ သူ့ဘဝမှာ အကြီးမားဆုံးသော အရှက်တရားတွေကို ရရှိခဲ့တဲ့ နေရာဖြစ်သလို၊ သူ့ရဲ့ သိက္ခာတရားတွေ မြေစာပင် ဖြစ်ခဲ့ရတဲ့ နေရာလည်း ဖြစ်တယ်။ ဒါပေမဲ့ လက်ရှိ အခြေအနေက သူ့အတွက် အသာစီး မရှိတာကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပါဘူး။ ဒီလို နေရာမျိုးကို ရောက်လာခဲ့တဲ့ မိမိကိုယ်ကိုယ်သာ အပြစ်တင်ရမှာဖြစ်သလို၊ လောဘဇောတက်ပြီး ကိုယ့်အရည်အချင်းကိုယ် မဆင်ခြင်ဘဲ လောင်းကစားခဲ့မိတဲ့ မိမိရဲ့မိုက်မဲမှုကိုသာ အပြစ်ဆိုရမှာပါပဲ။
သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ အရာရာက နောက်ကျသွားခဲ့ပြီ၊ တခြားသူရဲ့ အလိုကျ ကပြနေရတဲ့ ရုပ်သေးရုပ်တစ်ရုပ်လိုပဲ ခိုင်းသမျှ လုပ်နေရတော့တယ်။
ကံကောင်းတာက ဒါဟာ တစ်ကြိမ်တစ်ခါပဲလေ၊ နောက်သုံးနှစ်နေရင် ငါ ထပ်လာပြီး ဒီအရှက်တရားတွေကို ဆေးကြောပစ်ရမှာပေါ့ လို့ တွေးမိတဲ့အခါမှာတော့ ဝမ်ရှို့ရဲ့ရင်ထဲမှာ အနည်းငယ်တော့ သက်သာရာ ရသွားခဲ့ရရှာတယ်။
ကျယ်ဝန်းပြီး ခန့်ညားထည်ဝါလှတဲ့ အခန်းကြီးထဲမှာတော့ အသုံးအဆောင် ပစ္စည်းတိုင်းက အစွမ်းကုန် ကြွယ်ဝချမ်းသာမှုကို ဖော်ပြနေခဲ့တယ်။ အခန်းရဲ့အလယ်ဗဟိုမှာတော့ မှီထိုင်ကုလားထိုင်တစ်လုံး ရှိနေခဲ့တယ်။ ဝမ်ရှို့ ရပ်နေတဲ့ နေရာကနေ ကြည့်မယ်ဆိုရင်တော့ ထိုကုလားထိုင်ပေါ်မှာ မှီအိပ်နေတဲ့သူဟာ ခေါင်းပေါင်းကို ဆောင်းထားတာကြောင့် မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရပါဘူး။
"မင်းတို့ ခိုင်းတဲ့အတိုင်း ငါ လုပ်ပေးပြီးပြီ၊ အခု မင်းတို့ဘက်က ကတိပေးထားတာတွေကို ဖြည့်ဆည်းပေးဖို့ အချိန်တန်ပြီ" ဝမ်ရှို့က စိတ်မသက်မသာနဲ့ ဆိုလိုက်လေတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ဟိုဟိုဒီဒီနဲ့ လှုပ်ရှားနေခဲ့တယ်။
တစ်ဖက်လူကတော့ ခပ်တိုးတိုးပဲ ရယ်မောလိုက်ပါတယ်။
အဲဒီ တိုတောင်းလှတဲ့ ရယ်သံဟာ ဝမ်ရှို့ရဲ့ နားထဲမှာတော့ ကဲ့ရဲ့လှောင်ပြောင်သံတွေ၊ နှိမ်ချဆက်ဆံမှုတွေနဲ့ အထက်စီးကနေ ကြည့်မြင်နေတဲ့ အငွေ့အသက်တွေအဖြစ် ခံစားလိုက်ရတယ်။ သူ့ရဲ့ မျက်နှာဟာ ချက်ချင်းပဲ နီမြန်းသွားခဲ့ရပြီ။ တစ်ခုခု ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ အပြင်ကနေ လူတစ်ယောက် ဝင်လာပြီး ဗန်းတစ်ခုကို သူ့ရှေ့မှာ လာချပေးပါတယ်။
ဗန်းပေါ်မှာတော့ ငွေစက္ကူအထပ်လိုက်ကို တင်ထားတာ တွေ့လိုက်ရတဲ့အခါ ဝမ်ရှို့ရဲ့မျက်လုံးတွေက ဝင်းပသွားပြီး အဲ့ဒီငွေတွေကို အငမ်းမရပဲ ဆွဲယူလိုက်တော့တယ်။
ကုလားထိုင်ပေါ်က လူကတော့ ဘာစကားမှ ဆက်မပြောပါဘူး။ သူကတော့ ရင်တထိတ်ထိတ်နဲ့ ဆိုလိုက်တယ်။ "ငါတို့တွေ အခြေအနေ နှစ်ဦးနှစ်ဖက် ပြေလည်သွားပြီဆိုတော့ ငါ အရင်သွားတော့မယ်"
ဝမ်ရှို့ကတော့ သူ့ရဲ့ထွက်ခွာမှုက သိပ်ပြီး ချောမောမှာ မဟုတ်ဘူးလို့ ထင်ထားခဲ့တာပါ။ တကယ်တော့ သူ့လက်ထဲမှာသာ ငွေရှိနေသေးရင် ဒီလိုနေရာမျိုးကို သူ လုံးဝ ပြန်လာရဲမှာ မဟုတ်ပါဘူး။ မထင်မှတ်ထားတာကတော့ အပြင်ကို ထွက်လာတဲ့အထိ ဘယ်သူကမှ သူ့ကို တားဆီးခြင်း မရှိခဲ့တာပါပဲ။
အနက်ရောင် တံခါးကြီးကတော့ သူ့ရဲ့ အနောက်မှာ ပြန်လည် ပိတ်ဆို့သွားခဲ့ပြီး အရင်အတိုင်းပဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
ဝမ်ရှို့ကတော့ သက်ပြင်းတစ်ချက်ကို အဝဝ ရှူထုတ်လိုက်ပြီး၊ ရင်ခွင်ထဲက ငွေစက္ကူတွေကို စမ်းသပ်ကြည့်ရင်း ခြေလှမ်းတွေက ပေါ့ပါးလာခဲ့ရပြီလေ။ သူဟာ လမ်းကြားထဲကနေ ထွက်လာပြီး စည်ကားဆူညံလှတဲ့ လမ်းမကြီးပေါ်ကို ရောက်တဲ့အခါမှာတော့ ရုတ်တရက် အသိဟောင်းတစ်ယောက်နဲ့ ဆုံမိပါတော့တယ်။
"ဝမ် အစ်ကိုကြီး"
ဝမ်ရှို့က တစ်ချက် မှင်တက်သွားပြီးမှ လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်။ "ချောင် အစ်ကိုကြီး"
"ဝမ်အစ်ကိုကြီးက ဘယ်ကို သွားမလို့လဲ" မေးရင်းနဲ့ တစ်ဖက်လူက အရာအားလုံးကို သဘောပေါက်သွားသလိုမျိုး ပြုံးလိုက်ပြန်တယ်။ "ငါလည်း အဲ့ဒီကို သွားမလို့ပဲလေ၊ ငါတို့တွေ တူတူသွားကြမလား"
"မဟုတ်ဘူး... ငါက အဲဒီကို..."
သူ့ရဲ့ စကားမဆုံးခင်မှာတင် တစ်ဖက်လူက ကြားဖြတ်ပြောလိုက်ပြန်တယ် "တော်စမ်းပါ ဝမ် အစ်ကိုကြီးရယ်... ဟန်ဆောင်မနေပါနဲ့တော့။ မင်းလည်း အဲဒီကို မသွားတာ ကြာပြီဆိုတော့ ငါကလည်း မင်းကို သတိရနေတာလေ။ မင်း သိလား... မနေ့က ငါ့ရဲ့ကံတရားက တကယ်ကို ဟန်ကျနေတာကွ၊ နေရာတိုင်းမှာ နိုင်ခဲ့တာ။ လောင်းကစားဒိုင်ကိုတောင် မျက်နှာတွေ ဖြူဖျော့သွားအောင် ငါ ပညာပေးခဲ့တာလေ။ အရင်က ရှုံးသမျှ ငွေတွေ ပြန်ရရုံတင်မကဘဲ အမြတ်ငွေ တစ်ထောင်တောင် ရလိုက်သေးတာ။ မင်း မသွားချင်ရင်လည်း နေပါဦး... အခုလည်း နေလယ်စာ စားချိန် ရောက်နေပြီဆိုတော့ ငါ မင်းကို အရက်တိုက်ပါရစေဦးလား"
138 04
ဒီ ချောင် ဆိုတဲ့လူက မျက်နှာအပြည့် ပြုံးနေပြီး သူ့ကို အတင်းဆွဲခေါ်နေတာကြောင့် ဝမ်ရှို့ခမျာ ငြင်းဆန်ဖို့ ခက်သွားခဲ့ရရှာတယ်။ နောက်ဆုံးတော့လည်း ထိုလူရဲ့အလိုကျ လိုက်သွားခဲ့ရတော့တယ်။
ဒါကို မြင်လိုက်ရတဲ့အခါမှာတော့ ရွှီထင်းရှန်းကတော့ အသံတိတ် သက်ပြင်းတစ်ချက် ချလိုက်ရင်း ကျိုးချန်နဲ့အတူ အနောက်ကနေ ထပ်ပြီး လိုက်သွားခဲ့ကြပြန်တယ်။
ဒီလူနှစ်ယောက်ဟာ စားသောက်ဆိုင် တစ်ဆိုင်မှာ ဝင်စားကြတယ်။ စားပွဲအပြည့် ဟင်းလျာတွေနဲ့ အရက်တွေကို မှာလိုက်တာကို ကြည့်ခြင်းအားဖြင့် ဒီ ချောင် ဆိုတဲ့လူဟာလည်း စိတ်ထား သိပ်မကျဉ်းမြောင်းဘူးဆိုတာ သိသာလှပါတယ်။ ပြီးတော့ သူဟာ ဝမ်ရှို့ရဲ့အဆင့်အတန်းကိုလည်း သိပုံမရပါဘူး။ ဘာလို့လဲဆိုတော့ ရွှီထင်းရှန်း ကြားနေရသလောက် သူဟာ ဒီနေ့ အောင်စာရင်း ထွက်တဲ့အကြောင်းကို တစ်ခွန်းမှ မဟခဲ့လို့ပါပဲ။
နှစ်ယောက်သား အရက်သောက်ပြီးတဲ့နောက်မှာတော့ စားသောက်ဆိုင်ကနေ ထွက်လာကြပြန်တယ်။ ရွှီထင်းရှန်းတို့ နှစ်ယောက်လည်း ထပ်ပြီး လိုက်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ သူတို့ နှစ်ယောက်ဟာ လောင်းကစားရုံတစ်ခုထဲကို ဝင်သွားတာ တွေ့လိုက်ရတဲ့အခါမှပဲ ဝမ်ရှို့ဟာ ဘာကြောင့် ဒီလောက်ထိ ဘဝပျက်ခဲ့ရလဲဆိုတာကို ရွှီထင်းရှန်း သဘောပေါက်သွားခဲ့ရပါတော့တယ်။
ရွှီထင်းရှန်းနဲ့ ကျိုးချန်တို့လည်း လောင်းကစားရုံထဲကို ဝင်လာခဲ့ကြတယ်။ နေလယ်ကနေ ညအထိ သူတို့တွေ စောင့်နေခဲ့ကြတယ်။ ကံကောင်းတာက လောင်းကစားရုံထဲမှာ လူတွေက အဝင်အထွက် များလွန်းတာကြောင့် သူတို့ နှစ်ယောက် ရှိနေတာကို ဘယ်သူမှ သတိမထားမိကြတာပါပဲ။ အဲ့ဒီကြားထဲမှာ သူတို့လည်း လောင်းကစားသမားတွေလို ဟန်ဆောင်ပြီး နည်းနည်းပါးပါး လောင်းလိုက်ကြသေးတာ၊ ရွှီထင်းရှန်းတောင် ငွေ ၁၀ ကျပ်ကျော် မြတ်သွားလိုက်သေးတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ ဝမ်ရှို့ကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့တယ်။
ဝမ်ရှို့ဟာ အရူးတစ်ယောက်လို ဖြစ်သွားတာကို ရွှီထင်းရှန်းကတော့ မျက်ဝါးထင်ထင် မြင်တွေ့နေခဲ့ရပါတယ်။ ဝမ်ရှို့ဟာ သူ့ရဲ့ ရင်ခွင်ထဲက ငွေစက္ကူတွေကို မနားတမ်း ထုတ်ယူပြီး လောင်းနေတော့တာပဲ။ မိုးလင်းကနေ မိုးချုပ်၊ မိုးချုပ်ကနေ ညဉ့်နက်တဲ့အထိပေါ့။ နောက်ဆုံးတော့ သူ့မှာ ငွေတွေ ကုန်သွားခဲ့တဲ့အခါမှာတော့ စိတ်ဖောက်ပြန်သလိုမျိုး လောင်းကစားရုံထဲမှာ ဆူပူသောင်းကျန်းနေတော့တာကြောင့် လောင်းကစားရုံက လူမိုက်တွေက သူ့ကို တံခါးအပြင်ဘက်ကို အတင်း လွှင့်ပစ်လိုက်ကြတော့တယ်။
ဝမ်ရှို့ဟာ အေးစက်နေတဲ့ မြေပြင်ပေါ်မှာ သနားစဖွယ် လဲကျနေခဲ့ရရှာတယ်။
မတ်လရဲ့ရာသီဥတုကတော့ အတော်လေးကို အေးစိမ့်နေတုန်းပါပဲ။ သူ့ရဲ့ တံတောင်ဆစ်ကလည်း နာကျင်နေတာကြောင့် ခဏလောက်တော့ ထလို့တောင် မရရှာပါဘူး။
သူ့ရဲ့ ဦးနှောက်ထဲမှာလည်း အရာရာက ရှုပ်ထွေးနေခဲ့ပြီလေ။ သူဟာ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ ဘဝပျက်သွားရတာလဲဆိုတာကို သူကိုယ်တိုင်တောင် မယုံကြည်နိုင်တော့ဘူး။ သူ ဘယ်လိုများ စိတ်မှားပြီး ဒီလို နေရာမျိုးကို ထပ်ရောက်လာခဲ့ရတာလဲ။ အဲဒီ ချောင် ဆိုတဲ့လူကိုလည်း သူ သတိမရနိုင်တော့ပါဘူး၊ သူ့ရဲ့ရင်ထဲမှာတော့ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားခဲ့ရပြီ။
ဘယ်လောက်တောင် ကြာအောင် လဲနေခဲ့လဲ မသိပါဘူး။ အအေးဒဏ်ကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာတဲ့ အခါကျမှပဲ သူဟာ အားတင်းပြီး ထရပ်လိုက်ရတယ်။ အဲဒီအချိန်မှာတင် သူ့ရဲ့အနားမှာ လူနှစ်ယောက် ရပ်နေတာကို တွေ့လိုက်ရတယ်။
"ဝမ်ရှို့"
"မင်း... မင်းက ဘယ်သူလဲ"
နှစ်စဉ် စာမေးပွဲကြီးတွေ ပြီးသွားတိုင်း ဝန်ကြီးဌာန ကနေ ဒီတစ်ကြိမ် စာမေးပွဲရဲ့ ထူးချွန်တဲ့ စာမူတွေကို နံရံမှာ ကပ်ပြီး ကြေညာလေ့ ရှိကြပါတယ်။
ဒါဟာ ရှေးကတည်းက ရှိခဲ့တဲ့ ထုံးစံတစ်ခုပါပဲ။
အထူးသဖြင့် ဒီတစ်ကြိမ်ရဲ့ ဟွေ့ယွမ်ရဲ့စာမူကိုတော့ ဘယ်တော့မှ ချန်လှပ်ထားလေ့ မရှိပါဘူး။
ရှုန့်ထျန်းကုန်းယွမ်ရဲ့ တံခါးကြီးရဲ့ အရှေ့မှာတော့ လူတွေဟာ အုံခဲနေကြတုန်းပါပဲ။ ဒါပေမဲ့ အောင်စာရင်း ကြေညာတဲ့နေ့ကထက်စာရင်တော့ လူအနည်းငယ် နည်းသွားခဲ့ပြီလေ။
ဟွေ့ယွမ် ဝူဝမ်ရွှမ်းရဲ့ စာမူရှေ့မှာတော့ လူတွေက အများဆုံး ရပ်နေကြတယ်။
အောင်စာရင်း ထွက်ပြီးတာနဲ့ ဝူဝမ်ရွှမ်း ဆိုတဲ့ နာမည်က တစ်မြို့လုံးမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပြီလေ။
ဟွေ့ယွမ်ဘွဲ့ကို ရထားတဲ့သူဆိုတော့ နန်းတွင်းစာမေးပွဲကို သွားဖြေတဲ့အခါ အနိမ့်ဆုံး ချွမ်းလူးဘွဲ့ရမှာ သေချာသလို၊ ရှူကျိစစ်ရာထူးကိုလည်း ရရှိမှာ အမှန်ပါပဲ။ ဟန်လင်းအကယ်ဒမီကို ဝင်ခွင့်ရဖို့ဆိုတာ တစ်လောကလုံးက စာပေသမားတွေရဲ့ အိမ်မက် မဟုတ်လား။ အခုတော့ ဒီလူက အဲဒီအိမ်မက်ကို အလွယ်တကူပဲ ဆွတ်ခူးသွားနိုင်ခဲ့ပြီဆိုတော့ အားလုံးက မနာလိုဖြစ်နေကြတာလည်း မဆန်းပါဘူး။
138 05
ဟွေ့ယွမ် တစ်ယောက်ဖြစ်လာပြီဆိုရင်တော့ လူအများ ရှေ့မှောက်မှာ ထုတ်ပြနိုင်မယ့် အရည်အချင်းရှိတဲ့ စာမူမျိုးတော့ ရှိရမှာပေါ့။ အဲ့ဒါကြောင့်ပဲ လူအတော်များများဟာ ဟွေ့ယွမ် ရဲ့ စာမူကို လာရောက် လေ့လာနေကြတာပါ။
ရွှီထင်းရှန်းလည်း ရောက်လာခဲ့တယ်။
သူဟာ ဝူဝမ်ရွှမ်းရဲ့စာမေးပွဲ စာမူကို တစ်လုံးမကျန်အောင် ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ရင်ထဲမှာ ဘယ်လို ခံစားချက်မျိုး ဖြစ်နေလဲဆိုတာကို ဖော်ပြဖို့တောင် ခက်ခဲလှပါတယ်။
ဒီလို ဖြစ်ရတာကလည်း အကြောင်းရင်း နှစ်ချက် ရှိတယ်။ ပထမကတော့ ဒီလောကမှာ ဒီစာမူကို သူထက် ပိုပြီးရင်းနှီးတဲ့သူ မရှိနိုင်တော့လို့ပါပဲ။ ဒုတိယကတော့ ဝူဝမ်ရွှမ်းဆိုတဲ့ လူကြောင့်ပါပဲ။
ဒီစာမူက သူ ကိုယ်တိုင် ရေးခဲ့တာလေ၊ ဒါပေမဲ့ အခုတော့ ဝူဝမ်ရွှမ်း ဆိုတဲ့ နာမည်အောက်ကို ရောက်သွားခဲ့ရပြီ။
သူ့ရဲ့ရင်ထဲမှာ အကြီးအကျယ် စိတ်မကျေမချမ်း ဖြစ်လာမယ်လို့ သူ ထင်ထားခဲ့ပေမယ့်၊ တကယ်တမ်းတော့ သူ ထင်ထားတာထက် ပိုပြီးတော့တောင် တည်ငြိမ်နေခဲ့သေးတယ်။
"ထင်း... ထင်းရှန်း၊ ဒါက မင်းရဲ့အရေးအသား မဟုတ်လား၊ ငါ မှတ်မိတယ်..." မောက်ပါ့သိုကတော့ အံ့ဩလွန်းလို့ စကားတွေတောင် ထစ်ငေါ့နေခဲ့ပြီ။ ရွှီထင်းရှန်းကတော့ အရှေ့ကို အမြန်တိုးသွားပြီး မောက်ပါ့သိုရဲ့ ပါးစပ်ကို လှမ်းပိတ်လိုက်ရင်း သူ့ကို ခေါင်းခါပြလိုက်ပါတယ်။
သူတို့ သုံးယောက်သား လူမရှိတဲ့ နေရာတစ်ခုဆီကို သွားလိုက်ကြတော့မှ မောက်ပါ့သိုက သူ့ရဲ့ စကားကို အဆုံးသတ်နိုင်တော့တယ်။ "ငါ မှတ်မိသေးတယ်... အဲ့ဒီတုန်းက ငါ မင်းကို ပထမဆုံး မေးခွန်းအကြောင်း မေးတော့ မင်းက ဖောက်ထွင်းမြင်ခြင်းအကြောင်း ပြောပြပြီး တစ်ခါပြန်ရွတ်ပြခဲ့သေးတာလေ။ အခု ဒါက ဘာတွေ ဖြစ်ကုန်တာလဲ"
မောက်ပါ့သိုရဲ့မှတ်ဉာဏ်ကတော့ အံ့ဩစရာ ကောင်းလှပါတယ်။ ဒါဟာ အရင်က စာပေမှာ သိပ်ပြီး အာရုံမစိုက်ခဲ့တဲ့ သူဟာ ဘာလို့ ကျူးရန်ဘွဲ့ကို ရခဲ့လဲဆိုတဲ့ အဓိက အကြောင်းရင်းပါပဲ။ သူနဲ့လီသာ့ထျန် တို့နှစ်ယောက် ကျူးရန် ဖြစ်လာတာဟာ ဆရာလင်းမြောင်ရဲ့သွန်သင်မှုတွေအပြင် ရွှီထင်းရှန်းရဲ့ အနီးကပ် လမ်းညွှန်မှုတွေကြောင့်လည်း ပါတယ်။ ဒါကြောင့် ရွှီထင်းရှန်းကလည်း မောက်ပါ့သို သိနေမှာကို ကြိုတင် တွေးထားပြီးသားပါ။
ဖုံးကွယ်လို့ မရတော့မှန်း သိလိုက်ရတဲ့အခါမှာတော့ ရွှီထင်းရှန်းက အားတင်းပြုံးရင်း ခေါင်းညိတ်ပြလိုက်ပါတယ်။
မောက်ပါ့သိုကတော့ အတော်ကြာမှ စကားပြန်ပြောနိုင်တော့တယ်။ "ဒီလူတွေက တကယ်ကို သတ္တိကောင်းလွန်းတာပဲ။ ဝမ်ရှို့တို့ကို လာဘ်ထိုးပြီး တမင်ရှုံးခိုင်းရုံတင် မကဘူး၊ စာမေးပွဲ စာရွက်ကိုတောင် လဲလှယ်ပစ်ရဲကြတယ်ပေါ့လေ" သူကတော့ ဒေါသထွက်လွန်းလို့ ဟိုဟိုဒီဒီ လျှောက်သွားနေတော့တယ်။ တကယ်တော့ မောက်ပါ့သိုတင် မကဘဲ လီသာ့ထျန်ရဲ့ရင်ထဲမှာလည်း တုန်လှုပ်မှုတွေက အကြီးအကျယ် ဖြစ်နေခဲ့တာပါ။
အရင်က ရွှီထင်းရှန်းနဲ့ ကျိုးချန် တို့ ပြန်ခေါ်လာတဲ့ လူတစ်ယောက် ရှိတယ်လေ။ တခြားသူတွေက မသိကြပေမယ့် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကတော့ ဒါဟာ နာမည်ကျော် ပါရမီရှင် ငါးဦးထဲက တစ်ဦးဖြစ်တဲ့ ဖူကျန့်က ဝမ်ရှို့ ဆိုတာကို သိကြတယ်။
ရွှီထင်းရှန်းက အဲဒီလူကို ခေါ်လာပြီးမှပဲ အကြောင်းစုံကို သူတို့ကို ပြောပြခဲ့တာလေ။
တကယ်တော့ ရွှီထင်းရှန်းက အရင်တုန်းက လောင်းကစားပွဲတွေ ရှိရာဆီကို သွားကတည်းက တစ်ခုခု ထူးဆန်းနေမှန်း ရိပ်မိခဲ့တာပါ။ ဒါဟာ သူ ကျွန့်ယွမ်အဆောင်ကို နေ့တိုင်း သွားနေရတဲ့ အဓိက အကြောင်းရင်းပါပဲ။ အဲဒီအချိန်ကတည်းက ဝမ်ရှို့ရဲ့ ဘယ်ဘက်လက်မောင်းကျိုးသွားတာဟာ တမင်သက်သက် လုပ်ထားတာ ဖြစ်နိုင်တယ်လို့ သူ သံသယ ဝင်ခဲ့တာ။
ဝမ်ရှို့က ဘာလို့ ဒီလို လုပ်ရတာလဲဆိုတော့... မိမိကိုယ်ကိုယ် အောင်စာရင်းမှာ မပါအောင် လုပ်ဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် တစ်ခု ရရှိစေဖို့ပါပဲ။ ဒါမှသာ သူ မအောင်တာက သဘာဝကျတယ်လို့ လူတွေက ထင်ကြမှာ မဟုတ်လား။
စာမေးပွဲ လာဖြေပါလျက်နဲ့ ဘာလို့ မအောင်အောင် တမင် လုပ်နေရတာလဲ
လောကမှာ ရှိသမျှ လူတွေဟာ အကျိုးအမြတ်အတွက်ပဲ လာကြပြီး၊ အကျိုးအမြတ်အတွက်ပဲ ပြန်သွားကြတာ ဆိုတဲ့အတိုင်း ဝမ်ရှို့လည်း ထိုနည်းအတိုင်းပါပဲ။ ဒါပေမဲ့ သူ့ရဲ့အကြောင်းပြချက်ကတော့ နည်းနည်း ပိုပြီး ရှုပ်ထွေးတယ်။
အစပိုင်းမှာတော့ ဝမ်ရှို့က ဘာမှ မပြောပြချင်ပါဘူး။ ဒါပေမဲ့ ရွှီထင်းရှန်းရဲ့ စကားအနည်းငယ်ကပဲ သူ့ကို မျက်နှာတွေ ဖြူဖျော့သွားစေပြီး စကားတောင် မပြောနိုင်တော့အောင် တုန်လှုပ်သွားစေခဲ့တာ။ နောက်ဆုံးမှာတော့ သူဟာ အကြောင်းစုံကို တစ်ခုမကျန် ပြောပြခဲ့ရပါတော့တယ်။
တကယ်တော့ ဝမ်ရှို့ဟာလည်း ဒီတစ်ကြိမ် စာမေးပွဲမှာ ကြီးမားတဲ့ ရည်မှန်းချက်တွေနဲ့ လာခဲ့တာပါ။ ဒါပေမဲ့ လမ်းခရီးမှာတော့ အမှားအယွင်း တစ်ခု ဖြစ်သွားခဲ့ရတယ်။ သူဟာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရင်းနဲ့ မထင်မှတ်ဘဲ လောင်းကစားကို စွဲလမ်းသွားခဲ့တယ်။ ငွေတွေ အများကြီး ရှုံးခဲ့မှန်း သိပေမယ့်၊ မိမိကိုယ်ကိုယ်လည်း ထပ်မသွားဖို့ သတိပေးခဲ့ပေမယ့် သူ့ရဲ့ စိတ်ကို သူ မထိန်းချုပ်နိုင်ခဲ့ဘူး။ အကျဉ်းချုပ် ပြောရရင်တော့ ဝမ်ရှို့ဟာ လောင်းကစားရုံမှာ ငွေတွေ အများကြီး အကြွေးတင်သွားခဲ့တယ်။
138 06
လောင်းကစားရုံက သူ့ကို အကြွေးတွေ တောင်းလာခဲ့သလို၊ တကယ်လို့ မဆပ်နိုင်ရင် သူ့ရဲ့ အကြွေးကိစ္စတွေကို လူသိရှင်ကြား ကြေညာပစ်မယ်လို့ ခြိမ်းခြောက်လာခဲ့တယ်။ ဝမ်ရှို့ကတော့ နာမည်ကြီးနေတဲ့သူဆိုတော့ သူ့ရဲ့သိက္ခာကို မကျစေချင်ဘူးလေ။ ပြီးတော့ စာမေးပွဲကလည်း နီးနေပြီဆိုတော့ ဒီကိစ္စသာ လူသိသွားရင် သူ စာမေးပွဲ ဖြေခွင့်ရပါဦးမလားဆိုတာတောင် မသေချာဘူး မဟုတ်လား။
သူ အကြပ်အတည်း တွေ့နေတဲ့ အချိန်မှာပဲ လူတစ်ယောက်က သူ့ဆီကို ရောက်လာခဲ့ပါတယ်။ အဲ့ဒါကတော့ လောင်းကစားပွဲရဲ့ နောက်ကွယ်က ဒိုင်ကြီး တစ်ယောက်ပါပဲ။
ထိုလူက သူ့ကို စာမေးပွဲမှာ တမင်တကာ ရှုံးအောင် လုပ်ခိုင်းတာပါ။ ဒါကို လုပ်ပေးရင်တော့ သူ့ရဲ့အကြွေးအားလုံးကို ဆပ်ပေးရုံတင် မကဘဲ သူ့အတွက် ငွေအမြောက်အမြားကိုပါ ပေးမယ်လို့ ကမ်းလှမ်းခဲ့တာ။ သူလည်း ဘာမှ မတတ်နိုင်တော့တာကြောင့် သဘောတူခဲ့ရတယ်။
စာမေးပွဲပြီးသွားတဲ့အခါမှာတော့ အောင်စာရင်းမှာ သူ့နာမည် ပါမလာခဲ့တာကို သူ မြင်လိုက်ရတယ်။ နောက်ဆုံး မျှော်လင့်ချက်လေးတောင် ပျောက်ဆုံးသွားတဲ့အခါမှာတော့ သူဟာ အနာဂတ်အတွက် ပြင်ဆင်တော့တယ်။ သူက သူ့အပေါ် လောင်းကြေးထပ်ထားတဲ့ လူတွေရဲ့ကျိန်ဆဲမှုကိုလည်း ကြောက်သလို၊ ပြဿနာတက်မှာကိုလည်း စိုးရိမ်တာကြောင့် ဇာတိကို အမြန် ပြန်ချင်နေခဲ့တာပါ။ ဒါပေမဲ့ အိတ်ထဲမှာ ငွေမရှိတာကြောင့် ဟိုလူ ကတိပေးထားတဲ့ ငွေတွေကို သွားယူခဲ့တာ။
အဲ့ဒီနောက်ပိုင်းကတော့ ရွှီထင်းရှန်းတို့ သိထားတဲ့အတိုင်းပါပဲ။
ဒါပေမဲ့ ရွှီထင်းရှန်း မအောင်တာနဲ့ ဝမ်ရှို့၊ ဒါမှမဟုတ် ဟိုနောက်ကွယ်က ဒိုင်ကြီးနဲ့ ဘာပတ်သက်မှု ရှိနေလို့လဲ။
ဝမ်ရှို့ကို လာဘ်ထိုးတာကတော့ နားလည်ပေးလို့ ရပါသေးတယ်။ ဘာလို့လဲဆိုတော့ ဝမ်ရှို့ကို လောင်းတဲ့သူက အများကြီးရှိတာဆိုတော့ ဒိုင်က ငွေတွေ အများကြီး လျော်ရမှာကို နှမြောတာကြောင့် ဝမ်ရှို့ကို သုံးပြီး ငွေလိမ်တာ ဖြစ်နိုင်တယ်။
ဒါပေမဲ့ ရွှီထင်းရှန်းကိုတော့ ဘယ်သူမှ လောင်းကြေး မထပ်ထားဘူးဆိုတာ မောက်ပါ့သိုတို့ ကောင်းကောင်း သိနေတာပဲ။
အဲ့ဒီ အကြောင်းရင်းကိုတော့ ရွှီထင်းရှန်းက အသေးစိတ် မပြောပြချင်ပါဘူး။ အချိန်တန်ရင် သူတို့ သိလာလိမ့်မယ်လို့ပဲ ဆိုလိုက်တာကြောင့် ဒီနေ့ စာမူကို လာကြည့်ကြတဲ့ ကိစ္စ ဖြစ်လာရတယ်။
"သူတို့က ဒါကို ဘယ်လိုများ လုပ်လိုက်ကြတာလဲ ကုန်းယွမ် ထဲမှာ စောင့်ကြပ်တာကလည်း တင်းကြပ်လွန်းသလို၊ စာမေးပွဲ စာရွက်ပေါ်မှာလည်း နာမည်ကို ဖုံးအုပ်ထားတာလေ။ ဘယ်လိုလုပ်ပြီး မင်းရဲ့စာရွက်ကို လဲလှယ်လိုက်နိုင်ရတာလဲ။ ပြီးတော့ သူတို့က ဒါကို ဘာလို့ လုပ်ရတာလဲ၊ ဘာအကျိုးအမြတ် ရှိလို့လဲ" မောက်ပါ့သိုကတော့ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်တော့ပါဘူး။
သူက စဉ်းစားလို့ မရပေမယ့် ရွှီထင်းရှန်းကတော့ အရာအားလုံးကို နားလည်နေခဲ့တယ်။
အဲဒီ အိမ်မက်ထဲမှာ သူဟာ အတွေ့အကြုံတွေ အများကြီး ရှိခဲ့တဲ့သူလေ။ ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် သူ မတွေ့ဖူးတာ၊ မကြားဖူးတာ မရှိပါဘူး။ အနည်းဆုံးတော့ သူကိုယ်တိုင်သာ ဒီကိစ္စကို လုပ်မယ်ဆိုရင်တောင် ဘယ်သူမှ မရိပ်မိအောင် စာရွက်ကို လဲလှယ်နိုင်မယ့် နည်းလမ်း ငါးမျိုးထက်မက သူ့မှာ ရှိနေတာ။
ဒီလူတွေက ဘာလို့ ဒီလောက်ထိ အလုပ်ရှုပ်ခံပြီး လုပ်ကြတာလဲဆိုတာကတော့ ဝူဝမ်ရွှမ်း ဆိုတဲ့ နာမည်မှာပဲ အဖြေရှိနေခဲ့တာပါ။
အဲဒီ အိမ်မက်ထဲက အချက်အလက်တွေသာ မှန်ကန်ခဲ့မယ်ဆိုရင် ဒီ ဝူဝမ်ရွှမ်း ဆိုတာ ဝူချန်းရဲ့ သားဖြစ်သလို၊ အမတ်ချုပ်ကြီး ဝူကောလောင်ရဲ့တူလည်း ဖြစ်နေခဲ့တယ်။
ဝူမိသားစုမှာက မျိုးဆက် အတော်လေး နည်းရှာတာ။ ဝူအမတ်ချုပ်ကြီးရဲ့ မျိုးဆက်မှာဆိုရင် သူနဲ့ဝူချန်း ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ပဲ ရှိတာ။ ဝူအမတ်ချုပ်ကြီးကတော့ မကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ ကံကြမ္မာရဲ့ အပြစ်ပေးမှုကို ခံရတာလား မသိပါဘူး... အိမ်ရှေ့အိမ်နောက်မှာ မယားတွေ အများကြီး ရှိပေမယ့် သမီးတစ်ယောက်ပဲ ရရှာတယ်။
ဝူချန်းရဲ့အခြေအနေကလည်း သူ့အစ်ကိုနဲ့ ဆင်တူပါပဲ။ ဒါပေမဲ့ ဝူချန်းမှာက သမီးတွေ အများကြီး ရှိပေမယ့် ဝူဝမ်ရွှမ်း ဆိုတဲ့ သားတစ်ယောက်တည်းကိုပဲ ရရှိထားတယ်။
ဝူချန်းကတော့ ဝူဝမ်ရွှမ်းကို ဝူအမတ်ချုပ်ကြီးဆီကို သားအဖြစ် မွေးစား ခိုင်းစေချင်နေခဲ့တာပါ။ ဒါမှသာ ဝူမိသားစုရဲ့ အမွေကို ဆက်ခံနိုင်မှာ မဟုတ်လား။ ဒါပေမဲ့ ဝူအမတ်ချုပ်ကြီးကတော့ သိပ်ပြီး သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ ဝူဝမ်ရွှမ်းဆိုတာ နေ့တိုင်း ကြက်တိုက်၊ ခွေးတိုက်ပြီး အချိန်ဖြုန်းနေတဲ့ အလေအလွင့်တစ်ယောက် ဖြစ်နေလို့ပါပဲ။ ဝူအမတ်ချုပ်ကြီးကတော့ သူ့ရဲ့သိက္ခာကို တန်ဖိုးထားတဲ့သူဆိုတော့ ဒီလိုသားမျိုးကို ဘယ်လိုလုပ်ပြီး လက်ခံနိုင်ပါ့မလဲ။ ဒါက ဝူမိသားစုရဲ့ အရာအားလုံးကို ဝူဝမ်ရွှမ်း လက်ထဲ ထည့်ပေးလိုက်သလို ဖြစ်သွားမှာလေ။
138 07
ဒါပေမဲ့ ဝူချန်းကတော့ ဒီရည်မှန်းချက်ကို လုံးဝ လက်မလျှော့ခဲ့ပါဘူး။
ရွှီထင်းရှန်းကတော့ တကယ်ပဲ ကံဆိုးတာလို့ ဆိုရမှာပေါ့။ သူက ဝူဝမ်ရွှမ်းနဲ့ အတူတူ ချွမ်းချိုးကျမ်းကို အခြေခံပြီး ဖြေဆိုခဲ့မိလို့ပဲ ဒီလို ပြဿနာထဲမှာ မကင်းမလွတ် ပါဝင်သွားခဲ့ရတာလေ။
အတွေးတွေကတော့ ရွှီထင်းရှန်းရဲ့ ဦးနှောက်ထဲမှာ အဆက်မပြတ် ဖြတ်ပြေးနေခဲ့ပါတယ်။
သူက သက်ပြင်းတစ်ချက်ကို အဝဝ ရှူထုတ်လိုက်ပြီးမှ ဆိုလိုက်လေတော့တယ်။ “ငါတို့ ဒါကို ခဏ ထားလိုက်ကြဦးစို့။ အရင်ဆုံး ရှုန့်ထျန်းဖူဆီကို သွားပြီး ငါ့ရဲ့ စာမေးပွဲ စာရွက်ကို သွားပြီး စစ်ဆေးကြည့်ကြတယ်"
******