အခန်း (၁၃၉-၁၄၀)
Vol. 14 Ch. 139-140
အခန်း (၁၃၉)
ထုံးတမ်းစဉ်လာအရ ရှန်းရှီနဲ့ဟွေ့ရှီ စာမေးပွဲတွေမှာ ဖြေဆိုသူတွေဟာ မိမိတို့ရဲ့ စာမေးပွဲစာရွက်တွေကို ပြန်လည်ကြည့်ရှုစစ်ဆေးခွင့် ရှိကြပါတယ်လေ။
အောင်စာရင်းထွက်ပြီး ဆယ်ရက်အတွင်းမှာ ကျရှုံးခဲ့တဲ့ ကျောင်းသားတွေဟာ သက်ဆိုင်ရာ အစိုးရရုံးတော်တွေမှာ မိမိတို့ရဲ့ စာရွက်ကို ကြည့်ရှုခွင့်ရှိတယ်။ မြို့တော်မှာဆိုရင်တော့ ရှုန့်ထျန်းဖူရုံးတော်မှာ ဖြစ်ပြီး၊ နယ်တွေမှာဆိုရင်တော့ အုပ်ချုပ်ရေးရုံးတွေမှာ ကြည့်ရှုနိုင်တယ်။ တကယ်လို့ တစ်စုံတစ်ရာ မကျေနပ်ချက်ရှိရင် အဆင့်ဆင့် အယူခံဝင် တိုင်ကြားနိုင်ပေမယ့်၊ တကယ်လို့သာ စစ်ဆေးချက်အရ ဘာမှအမှားအယွင်းမရှိဘဲ တမင်တိုင်ကြားတာလို့ တွေ့ရှိရရင်တော့ ထိုကျောင်းသားကို အရေးယူလေ့ရှိပါတယ်။ အခြေအနေရဲ့ အတိမ်အနက်ပေါ် မူတည်ပြီး နောက်လာမယ့် စာမေးပွဲ တစ်ကြိမ်ကနေ သုံးကြိမ်အထိ ဖြေဆိုခွင့် ပိတ်ပင်တတ်ကြတယ်။ တကယ်လို့ တမင်သက်သက် ဆူပူသောင်းကျန်းတာမျိုးဆိုရင်တော့ ရရှိထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေကိုပါ ရုပ်သိမ်းပစ်တတ်ကြတယ်။
ဒီတစ်ကြိမ် ကျိယိုနှစ်ရဲ့ စာမေးပွဲစာရွက်တွေကိုတော့ ရှုန့်ထျန်းဖူ ရုံးတော်ဆီကို ပို့ဆောင်ထားပြီး ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ စာရွက်လာကြည့်တဲ့ ပညာတတ်လူငယ်တွေ အလွန်များပြားလွန်းတာကြောင့် ရုံးတော်က စာရေးတွေခမျာလည်း မနားတမ်းကို အလုပ်ရှုပ်နေကြရတယ်။ ရွှီထင်းရှန်း တို့ ရောက်သွားတဲ့အချိန်မှာလည်း စောင့်ဆိုင်းနေတဲ့ ကျောင်းသားတွေ အများကြီး ရှိနေသေးတာကြောင့် နာရီဝက်နီးပါးလောက် စောင့်လိုက်ရမှပဲ သူတို့အလှည့် ရောက်လာခဲ့ပါတော့တယ်။
ရွှီထင်းရှန်းက သူ့ရဲ့အမည်ကို ပြောလိုက်တဲ့အခါမှာတော့ စာရွက်ရှာဖွေပေးရတဲ့ စာရေးဟာ စိတ်မရှည်တဲ့ မျက်နှာပေးနဲ့ ဘေးက အခန်းထဲကို ဝင်သွားခဲ့တယ်။ ခဏကြာတော့ အပြင်ကို ပြန်ထွက်လာပြီး လိပ်ထားတဲ့ စာရွက်နှစ်လိပ်ကို သူ့ဆီ ပစ်ပေးလိုက်တယ်။
အဲဒါကတော့ ရွှီထင်းရှန်းရဲ့ စာမေးပွဲစာရွက်တွေပါပဲ။ တစ်ခုကတော့ မူရင်းစာရွက်ဖြစ်ပြီး၊ နောက်တစ်ခုကတော့ စာစစ်မှူးတွေ စစ်ဆေးဖို့အတွက် နီရဲသောမှင်နဲ့ ကူးယူထားတဲ့စာရွက်ပဲ ဖြစ်ပါတယ်။
"မပျက်စီးစေနဲ့ဦးနော်၊ ကြည့်ပြီးရင် ပြန်အပ်ခဲ့" လို့ ပြောပြီးတာနဲ့ ထိုစာရေးက သူတို့ သုံးယောက်ရဲ့ ဘေးမှာပဲ ရပ်ပြီး စောင့်ကြည့်နေတော့တာပဲ။ ဒါဟာ စာရွက်တွေကို တစ်နည်းနည်းနဲ့ ဖျက်ဆီးမှာကို စိုးရိမ်လို့ စောင့်ကြည့်နေတာလည်း ဖြစ်သလို၊ ဒီစာရွက်တွေကို မူလအတိုင်း ပြန်ပြီး သိမ်းဆည်းထားရမှာ မို့လို့ပါပဲ။
ရွှီထင်းရှန်းက အရင်ဆုံး ကျူးကျွမ်းကို ယူကြည့်လိုက်တယ်။ စာရွက်ရဲ့ အိတ်ပိတ်ထားတဲ့ နေရာကိုတောင် မဖွင့်ရသေးခင်မှာတင် စာရွက်ရဲ့ အနောက်ဘက်မှာ လူတစ်ယောက်က အစက် နှစ်စက်နဲ့ ကြက်ခြေခတ် သုံးခု ခတ်ထားတာကို တွေ့လိုက်ရတယ်။
ဒီစာရေးက ဘာလို့ သူ့ကို ဒီလောက်ထိ အထင်သေးတဲ့ မျက်နှာပေးနဲ့ ကြည့်နေတာလဲဆိုတာ ရွှီထင်းရှန်း သဘောပေါက်သွားခဲ့ရပြီ။ ကြည့်ရတာ ဒီစာရေးက အဲဒီအမှတ်အသားတွေကို ကြိုမြင်ထားပုံပဲ။ ကြက်ခြေခတ် သုံးခုတောင် အခတ်ခံထားရတဲ့သူကများ မကျေမနပ်ဖြစ်ပြီး စာရွက်လာကြည့်ရဲသေးတယ်ဆိုပြီး "ကိုယ့်အရည်အချင်းကိုယ်လည်း မဆင်ခြင်ဘူး" လို့ စိတ်ထဲကနေ ကျိန်ဆဲနေမှာ အသေအချာပါပဲ။
သူက ကျူးကျွမ်း ကို အမြန်ပဲ ကြည့်လိုက်တယ်။ တကယ်တော့ ဒီစာရွက်မှာ ဘာမှ ထွေထွေထူးထူး ကြည့်စရာ မရှိပါဘူး၊ တကယ်လို့ ပြဿနာရှိခဲ့ရင်လည်း မော့ကျွမ်းမှာပဲ ရှိနေမှာ မဟုတ်လား။
အဲ့ဒီနောက်မှာတော့ သူက မော့ကျွမ်း ကို ဖြန့်ကြည့်လိုက်ပြန်တယ်။
ဟွေ့ရှီရဲ့စာမေးပွဲစာရွက်ကတော့ ရှန်းရှီတုန်းကနဲ့ မတူဘဲ ဧကရာဇ်ဆီ တင်ပြတဲ့ လျှောက်တင်လွှာ စာရွက်မျိုးနဲ့ ဆင်တူတယ်။ ပထမဆုံး စာမျက်နှာက အလွတ်ဖြစ်ပြီး အဲ့ဒီအပေါ်မှာ ကျိယိုနှစ် ဟွေ့ရှီဆိုတဲ့ စာလုံးကြီးတွေနဲ့ ကျောင်းသားရဲ့ နာမည်၊ နေရပ်လိပ်စာတွေကို ရေးမှတ်ထားတာပါ။ နောက်က စာမျက်နှာတွေကတော့ အနီရောင် မျဉ်းစောင်းတွေ ပါတဲ့ စာရွက်တွေဖြစ်ပြီး တစ်ရွက်ကို ရှစ်မျက်နှာစီ ရှိတယ်။
စာရွက်သုံးရွက်က စာမေးပွဲ သုံးကြိမ်အတွက်ဖြစ်ပြီး၊ အားလုံးဖြေဆိုပြီးတဲ့အခါမှာတော့ တစ်ခုတည်းဖြစ်အောင် တွဲချုပ်ပြီး လိပ်ထားတာ။
139 02
ရွှီထင်းရှန်းက သူ့ရဲ့နာမည်နဲ့နေရပ်လိပ်စာပါတဲ့ ပထမဆုံး စာမျက်နှာကို အရင်ကြည့်လိုက်တယ်။ အချက်အလက်တွေကတော့ သူ့ရဲ့ အချက်အလက်တွေ အမှန်ပါပဲ။ ဒါပေမဲ့ နောက်က စာမျက်နှာတွေကို လှန်ကြည့်လိုက်တဲ့အခါမှာတော့ အဲ့ဒီပေါ်က လက်ရေးတွေဟာ သူ့ရဲ့ လက်ရေးတွေ လုံးဝ မဟုတ်တော့ပါဘူး။
ရေးထားတဲ့ လက်ရေးကတော့ အတန်အသင့် ကောင်းမွန်ပေမယ့်၊ ရေးထားတဲ့ အကြောင်းအရာတွေကတော့ ဘာကို ဆိုလိုမှန်း မသိရသလို၊ မေးခွန်းနဲ့လည်း လုံးဝကို ဆီလျော်မှု မရှိတယ်။
ဒါကို မြင်လိုက်ရတာနဲ့တင် တစ်ဖက်လူက ဘယ်လိုနည်းနဲ့ စာရွက်ကို လဲလှယ်လိုက်လဲဆိုတာ ရွှီထင်းရှန်း ချက်ချင်း သဘောပေါက်သွားခဲ့ပါပြီ။
ဒီနည်းလမ်းက တကယ်ကို ရိုးရှင်းလွန်းလှပါတယ်လေ။ ပထမဆုံး နာမည်ပါတဲ့ စာမျက်နှာကိုပဲ ဖြတ်ထုတ်ပြီး အချင်းချင်း လဲလှယ်လိုက်ရုံပါပဲ။ ဒါကို ဘယ်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ် လုပ်ဆောင်လို့ ရတာကိုး။
ဟုတ်ပါတယ်... တကယ်လို့ ကျောင်းသားကသာ ကိုယ့်စာရွက်ကိုယ် ပြန်လာမကြည့်ဘူးဆိုရင်တော့ ဒီလျှို့ဝှက်ချက်က ဘယ်တော့မှ ပေါ်ပေါက်လာမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လောကမှာ ဘယ်အရာကမှတော့ လုံးဝဥဿုံ ပြည့်စုံမနေနိုင်ပါဘူးလေ။ သူသာ အဲ့ဒီ အိမ်မက်ထဲက အတွေ့အကြုံတွေ မရှိခဲ့ရင်၊ မိမိကိုယ်ကိုယ်လည်း ဒီလောက်ထိ ယုံကြည်မှု မရှိခဲ့ရင်... တခြားသူတွေလိုပဲ စိတ်ပျက်လက်ပျက်နဲ့ ဇာတိကို ပြန်သွားမိမှာ အသေအချာပါပဲ။
ဘေးက မောက်ပါ့သိုတို့ နှစ်ယောက်လည်း ဝိုင်းကြည့်နေကြတာဆိုတော့ ဒါဟာ ရွှီထင်းရှန်းရဲ့လက်ရေး မဟုတ်မှန်း ချက်ချင်း သိလိုက်ကြတယ်။ ဒါပေမဲ့ ဒီနေရာက အစိုးရရုံးတော် ဖြစ်နေတာကြောင့် သူတို့တွေလည်း အော်ဟစ်ဆူပူတာမျိုးတော့ မလုပ်ရဲကြပါဘူး။
"ကြည့်လို့ ပြီးပြီလား။ ပြီးရင်လည်း ပြန်အပ်တော့" ဘေးက စာရေးက စိတ်မရှည်စွာနဲ့ ဆိုလာခဲ့ပြန်တယ်။ ကြည့်ရတာ ဒီလူ သုံးယောက် ဒီလောက်အကြာကြီး သေချာကြည့်နေတာကို သူက အမြင်ကပ်နေပုံပါပဲ။
ကိုယ့်လက်ရေး ကိုယ်မမှတ်မိရအောင် ဘာတွေ ဒီလောက်ကြည့်နေရတာလဲလို့ သူက တွေးနေမှာပေါ့။
ရွှီထင်းရှန်းရဲ့ မျက်လုံးတွေက တစ်ချက် လှုပ်ရှားသွားပြီး စာရွက်နှစ်လိပ်ကို ကိုင်ကာ ထိုစာရေးရဲ့ အနားကို တိုးသွားလိုက်တယ်။ သူက လေသံကို ခပ်တိုးတိုး နှိမ့်လိုက်ရင်း "အစ်ကိုကြီး... ဒါလေး တစ်ချက်လောက် ကူညီပေးလို့ ရမလားခင်ဗျာ" ဆိုကာ ရှက်ကိုးရှက်ကန်း အမူအရာလေးနဲ့ ပြုံးပြလိုက်တယ်။ "ကျွန်တော်က ဒီတစ်ကြိမ် မြို့တော်ကို ပထမဆုံး လာဖြေတာပါ၊ အိမ်ကလည်း အများကြီး မျှော်လင့်ထားကြတာလေ။ ဘယ်သူက ထင်မှာလဲ... အခုလိုမျိုး ကျရှုံးသွားလိမ့်မယ်လို့။ ကျွန်တော့်ရဲ့ဇာတိကလည်း မြို့တော်နဲ့ ဝေးလွန်းလှပါတယ်၊ အိမ်က အဘိုးကလည်း စာမတတ်ရှာပါဘူး။ ကျွန်တော်က ဒီစာရွက်လေးကို အိမ်ပြန်ယူသွားပြီး သူ့ကို ပြချင်လို့ပါ၊ ဒါမှပဲ သူလည်း စိတ်ချမ်းသာသွားမှာ မို့လို့ပါခင်ဗျာ"
စာရေးက သူ့ကို တစ်ချက် စွေကြည့်လိုက်ပြီး "ဒါတော့ မရဘူးလေ၊ မော့ကျွမ်းက ဝန်ကြီးဌာနဆီကို ပြန်ပို့ရမှာလေ"
ရွှီထင်းရှန်းက အလျင်အမြန်ပဲ ပြန်ပြောလိုက်တယ။ "ကျွန်တော်က မူရင်းစာရွက်ကို မလိုချင်ပါဘူး၊ ဒီ ကျူးကျွမ်း လေးကိုပဲ ယူသွားပါရစေ။ ရမလားဟင်... ဘာပဲဖြစ်ဖြစ် စာမေးပွဲကလည်း ပြီးသွားပြီဆိုတော့ ဝန်ကြီးဌာနကလည်း မူရင်းစာရွက်ကိုပဲ သိမ်းမှာပါ၊ ဒီ ကျူးကျွမ်း ကိုတော့ ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်ကလည်း နာမည်ကြီးနေတဲ့ ပါရမီရှင်လည်း မဟုတ်တော့... တစ်ချက်လောက် ကူညီပေးပါဦးနော်"
ပြောပြောဆိုဆိုနဲ့ သူက တစ်ဖက်လူ မမြင်အောင် ကွယ်လိုက်ရင်း ငွေစက္ကူတစ်ရွက်ကို ထိုစာရေးရဲ့ လက်ထဲကို ထည့်ပေးလိုက်ပါတယ်။
စာရေးကတော့ စာရွက်ရဲ့ အနောက်ဘက်ကနေ မြင်နေရတဲ့ အရောင်ကို ကြည့်လိုက်တာနဲ့ ဒါဟာ ငွေ ၁၀၀ တန် ငွေစက္ကူမှန်း ချက်ချင်း သိလိုက်တယ်။
၁၀၀ တောင်လား။
ဒီ နယ်ကလာတဲ့ လူအအေးလေးက တကယ်ကို ငွေရှိတာပဲ။ ကြည့်ရတာ တစ်နေရာရာက မြေရှင်သူဌေးသား ဖြစ်ရမယ်။
"ဒါကတော့လေ..." သူက လေသံကို ဆွဲလိုက်ပြန်တယ်။
ဒါကို မြင်လိုက်ရတာနဲ့ရွှီထင်းရှန်းက နောက်ထပ် တစ်ရွက်ကို ထပ်ပြီး ထည့်ပေးလိုက်မှပဲ ထိုစာရေးရဲ့ မျက်နှာမှာ အပြုံးတွေ ပေါ်လာတော့တာပဲ။ သူက ဘာစကားမှ မပြောတော့ဘဲ ဘေးကို ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်ပါတယ်။ ရွှီထင်းရှန်းကလည်း အခြေအနေကို ရိပ်မိတာကြောင့် ကျူးကျွမ်းကို အင်္ကျီလက်အိတ်ထဲကို အသာလေး ထိုးထည့်လိုက်ပြီးမှ၊ ထိုစာရေးကို လေးလေးစားစားနဲ့ လက်အုပ်ချီ နှုတ်ဆက်ကာ မော့ကျွမ်းကိုပဲ အပ်ခဲ့လိုက်ပါတော့တယ်။
စာရေးကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုး မူရင်းစာရွက်ကို ကိုင်ပြီး ထွက်သွားခဲ့တယ်။
139 03
ဒီဖြစ်စဉ် တစ်ခုလုံးကို တခြားသူတွေ မမြင်လိုက်ပေမယ့် မောက်ပါ့သိုနဲ့ လီသာ့ထျန်တို့ကတော့ အကုန်မြင်လိုက်ရတာပါ။ ရှုန့်ထျန်းဖူ တံခါးဝကနေ ထွက်လာတော့မှ မောက်ပါ့သိုက မေးလာခဲ့တယ်။ "ထင်းရှန်း... မင်းက ဒီ ကျူးကျွမ်း ကို ဘာလုပ်ဖို့ ယူလာတာလဲ"
အသုံးဝင်လို့ပေါ့လေ။ ရွှီထင်းရှန်းကတော့ အလုပ်တစ်ခုလုပ်ရင် အမြဲတမ်း နောက်တစ်ဆင့်အတွက် ကြိုတင်ပြင်ဆင်တတ်တဲ့သူ မဟုတ်လား။ အခု သူ ဘာဆက်လုပ်မလဲဆိုတာ မဆုံးဖြတ်ရသေးပေမယ့်၊ လိုအပ်လာရင် အသုံးပြုဖို့အတွက် အထောက်အထားကိုတော့ ကြိုတင် သိမ်းဆည်းထားလိုက်တာပါပဲ။
သူ ထွက်သွားပြီး မကြာခင်မှာပဲ ဝန်ကြီးဌာနကနေ လူတွေ ရောက်လာပြီး စာမေးပွဲစာရွက်တွေကို အချိန်မတိုင်ခင် ပြန်လာသိမ်းသွားခဲ့တယ်ဆိုတာကိုတော့ သူ မသိလိုက်ပါဘူး။ ပုံမှန်ဆိုရင် ဆယ်ရက်ထားရမှာ ဖြစ်ပေမယ့် ခုနစ်ရက် ရှစ်ရက်လောက်မှာတင် အထက်က အမိန့်နဲ့ ပြန်သိမ်းသွားတာဆိုတော့ အောက်ကလူတွေလည်း ဘာမှမပြောရဲကြပါဘူး။
ချောင်မောက်လမ်းကြားမှာ တည်ရှိတဲ့ ဝူအိမ်တော်ဟာ အမတ်ချုပ်ကြီး တစ်ယောက်ရဲ့ အိမ်တော်လို့ မထင်ရလောက်အောင်ကို ရိုးရှင်းလှပါတယ်။
ဝင်းသုံးဝိုင်းပဲရှိတဲ့ ဒီအိမ်တော်ဟာ တော်ဝင်ဆွေမျိုးတွေရဲ့ ဝင်းငါးဝိုင်းပါတဲ့ ခန့်ညားထည်ဝါလှတဲ့ အိမ်ကြီးအိမ်ကောင်းတွေ၊ ဒါမှမဟုတ် ဥယျာဉ်ခြံမြေတွေနဲ့ ယှဉ်လိုက်ရင်တော့ လုံးဝကို မပြိုင်နိုင်ပါဘူး။
ဒါပေမဲ့ ဒီမှာ နေထိုင်တဲ့သူကိုတော့ ဘယ်သူမှ လျစ်လျူမရှုရဲကြပါဘူးလေ။
ဒါဟာ အမတ်ချုပ်ကြီး ဝူကောလောင် ရဲ့ အိမ်တော် ဖြစ်နေလို့ပါပဲ။
ဝူအမတ်ချုပ်ကြီးဟာ အခုချိန်မှာ ဒုအမတ်ချုပ်အဆင့်မှာပဲ ရှိနေပြီး အပေါ်မှာ စွီအမတ်ချုပ်ကြီး ရှိနေသေးပေမယ့်၊ စွီအမတ်ချုပ်ကြီးဟာ အသက်လည်း ကြီးရင့်နေပြီဖြစ်သလို နောက်နှစ်နှစ်ဆိုရင်လည်း အနားယူတော့မှာ။ စွီအမတ်ချုပ်ကြီး အနားယူသွားတာနဲ့ ဝူအမတ်ချုပ်ကြီးဟာ အမတ်ချုပ်နေရာကို ဆက်ခံမှာက သေချာသလောက် ရှိနေတာကြောင့် ဘယ်သူမှ သူ့ကို အပတ်တကုတ် မဆက်ဆံရဲကြပါဘူး။
အခုချိန်မှာတော့ ဝူအမတ်ချုပ်ကြီးဟာ ဒေါသထွက်လွန်းလို့ နားထင်တွေတောင် တဆတ်ဆတ် တုန်နေခဲ့ရပါပြီ။ သူဟာ ဒေါသတွေ ထွက်နေပေမယ့် မျက်နှာကတော့ တည်ငြိမ်နေသလို ဟန်ဆောင်ထားရရှာတယ်။ ဒါပေမဲ့ ခဏခဏ လှုပ်ရှားသွားတဲ့ သူ့ရဲ့မျက်နှာကြွက်သားတွေနဲ့ မျက်လုံးထဲက ဒေါသအရိပ်အယောင်တွေကတော့ သူ့ရဲ့ စိတ်မအေးချမ်းမှုကို ဖော်ပြနေခဲ့တယ်။
တကယ်တော့ ဝူအမတ်ချုပ်ကြီးက သိပ်ပြီးအသက်မကြီးသေးပါဘူး၊ ငါးဆယ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ သူ့ရဲ့မျက်နှာက နီမြန်းပြီး ကျန်းမာတဲ့ ပုံစံရှိပေမယ့် ဖြူစပြုနေတဲ့ ဆံပင်နဲ့ မုတ်ဆိတ်တွေကတော့ သူ လူငယ် မဟုတ်တော့မှန်း သက်သေပြနေတယ်။
"မင်း ငါ့ကို ပြောစမ်း... ဘယ်သူက မင်းကို ဒါမျိုးလုပ်ဖို့ ခိုင်းလို့လဲ၊ ဘာလို့ တစ်ခုခုလုပ်တိုင်း ဦးနှောက်ကို အသုံးမချတာလဲ။ ဘယ်သူကများ မင်းကို သတ္တိတွေ ပေးလိုက်လို့ ဟို့ဝမ်ချင်းဆီကို သတင်းပို့ခိုင်းရတာလဲ၊ ပြီးတော့ ဝူဝမ်ရွှမ်း လိုမျိုး အသုံးမကျတဲ့ကောင်ကို ဘယ်သူက ဟွေ့ယွမ်နေရာအထိ တင်ခိုင်းလိုက်တာလဲ"
သူ့ရဲ့အရှေ့မှာ ရပ်နေတဲ့သူကတော့ အသက်လေးဆယ်ကျော်အရွယ် လူကြီးတစ်ယောက်ဖြစ်ပြီး ကိုယ်လုံးကိုယ်ပေါက်ကတော့ အတော်လေး ထွားကြိုင်းပြီးဝဖြိုးလှပါတယ်။ မျက်နှာက ဝူအမတ်ချုပ်ကြီးနဲ့ ဆင်တူပေမယ့် အရှိန်အဝါကတော့ အများကြီး ကွာခြားလှတယ်။ သူကတော့ အပြာရင့်ရောင် ပိုးထည်ဝတ်စုံကို ဝတ်ထားပြီး လက်မှာလည်း စိမ်းဖန့်နေတဲ့ လက်စွပ်ကြီးကို ဝတ်ထားတာကြောင့် အတော်လေးကို သူဌေးပုံစံ ပေါက်နေတယ်။ ကိုယ်လုံးကြီးပေမယ့် ပုခုံးလေးတွေ တွန့်ပြီး ကြောက်လန့်တကြား ဖြစ်နေပုံကတော့ ကြည့်ရတာ သနားစရာလည်း ကောင်းသလို ရယ်လည်း ရယ်ချင်စရာ ဖြစ်နေတယ်။
ဒီလူကတော့ ဝူအမတ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော ညီဖြစ်သူ ဝူချန်းပါပဲ။
ဝူချန်းဟာ ဝူအမတ်ချုပ်ကြီးရဲ့ ရှေ့မှာတော့ ကလေးတစ်ယောက်လို အဆူခံနေရပေမယ့်၊ တကယ်တမ်း ကျန်းနန်ဘက်မှာဆိုရင်တော့ သူ ခြေတစ်ချက် ဆောင့်လိုက်ရင် မြေကြီးတောင် တုန်သွားနိုင်လောက်တဲ့အထိ အရှိန်အဝါကြီးတဲ့သူပါ။
ဝူချန်းဟာ တစ်လောကလုံးမှာ ဘယ်သူ့ကိုမှ မကြောက်ပေမယ့် သူ့ရဲ့အစ်ကိုဖြစ်သူ ဝူယုံကိုတော့ အသေအလဲ ကြောက်ရှာတယ်။
ဒါဟာ သူတို့အဖေ မကွယ်လွန်ခင်ကတည်းက အစ်ကိုဖြစ်သူရဲ့ စကားကို နားထောင်ဖို့ မှာခဲ့တာကြောင့်တင် မကဘဲ၊ ဝူယုံဟာ သူ့အပေါ်မှာ အမြဲတမ်း ပြတ်သားပြီး အရှိန်အဝါ ကြီးမားခဲ့လို့ပါပဲ။ ငယ်ငယ်ကတည်းက အဆုံးမခံလာရတာဆိုတော့ အခု မြေးတောင် ရနေပြီဖြစ်ပေမယ့် ဒီအကျင့်ကတော့ ပြင်လို့မရသေးပါဘူး။
"အစ်ကိုကြီး... ကျွန်တော်က အစ်ကိုကြီးကို အံ့ဩစရာ သတင်းကောင်း ပေးချင်လို့ပါ။ အံ့ဩစရာဆိုတာ ကြိုမသိဘဲ ဖြစ်လာမှ ပိုပြီး ဝမ်းသာစရာ ကောင်းတာ မဟုတ်လား" သူက လေသံတိုးတိုးလေးနဲ့ အားငယ်စွာ ဆိုလိုက်တယ်။
139 04
"ဒါက သတင်းကောင်းလား။ မင်းက မင်းအစ်ကိုကြီးကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာပဲ မင်း မသိဘူးလား... ဟွေ့ရှီ ပြီးရင် နန်းတွင်းစာမေးပွဲ ရှိသေးတာလေ။ အဲဒီကျရင် ဧကရာဇ်မင်းမြတ်နဲ့ မျက်နှာချင်းဆိုင် တွေ့ရမှာကို ဝူဝမ်ရွှမ်း လိုမျိုး အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်မလဲ။ ပြီးတော့ အခု စွီအမတ်ချုပ်ကြီး အနားယူတော့မယ့် အချိန်မှာ နန်းတွင်းက လူတွေအားလုံးက ငါ့ကိုပဲ စောင့်ကြည့်နေကြတာ မင်းမသိဘူးလား။ ဒါက သတင်းကောင်း မဟုတ်ဘူး၊ ဒါက ငါ့ကို ဒုက္ခပေးနေတာ။ ဟို့ဝမ်ချင်းကလည်း တကယ့်ကို အအေးပဲ၊ ဒါမျိုးကို ငါ့ဆီကို အရင်လာမတိုင်ပင်ဘဲနဲ့ တိတ်တိတ်ကလေး လုပ်လိုက်ရတယ်လို့"
တကယ်တော့ ဟို့ဝမ်ချင်းကလည်း မျက်နှာလိုမျက်နှာရ လုပ်ချင်တာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မှားယွင်းတဲ့ နေရာမှာ သွားပြီး ဖားမိသလို ဖြစ်သွားတယ်။
ဝူချန်းကတော့ ငိုချင်တဲ့ မျက်နှာပေးနဲ့ "တကယ်တော့ ကျွန်တော်တို့လည်း ဝူဝမ်ရွှမ်းကို ဟွေ့ယွမ်အထိ ဖြစ်စေချင်တာ မဟုတ်ပါဘူး၊ အောင်ရုံလောက်ပဲ ဖြစ်စေချင်တာပါ။ ဘယ်သူက ထင်မှာလဲ... သူတို့ကောက်ယူလိုက်တဲ့ စာရွက်က ဒီလောက်ထိ ကောင်းပြီး ဟွေ့ယွမ်အဆင့်အထိ ရသွားလိမ့်မယ်လို့။ အစ်ကိုကြီး... ကျွန်တော် မှားသွားပါပြီ၊ အခုလည်း ပြဿနာတက်မှာ ကြောက်လို့ အစ်ကိုကြီးဆီကို အပြေးအလွှား လာတာပါ"
ဝူချန်းက သူ့ဘာသာသူ လာတာ မဟုတ်ပါဘူးလေ။ ဝူအမတ်ချုပ်ကြီးက သတင်းကြားလိုက်ရလို့ သူ့ကို လာခေါ်ခိုင်းတာပါ။ ခေါ်ခိုင်းတုန်းကလည်း သူက မလာချင်သေးလို့ ဝူအမတ်ချုပ်ကြီးက စိတ်တိုပြီး အတင်းဖမ်းခေါ်ခိုင်းလိုက်မှပဲ အခုလိုမျိုး ခေါင်းလေးငုံ့ပြီး ရောက်လာတယ်။
"ဒါ့အပြင် တစ်ယောက်ယောက်က စောင့်ကြည့်နေရင်တောင် ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။ ဝမ်ရွှမ်းက မြို့တော်မှာလည်း နာမည်မကြီးတော့ ဘယ်သူမှ သူ့ကို မသိကြဘူးလေ။ နန်းတွင်းစာမေးပွဲ ပြီးသွားတာနဲ့ သူ့ကို ဖောက်ပြန်တဲ့ တာဝန်မိဘသေဆုံးမှုကြောင့် အနားယူခြင်း) ဟန်ဆောင်ခိုင်းပြီး စူးကျိုးမှာ နှစ်နှစ်လောက် သွားအောင်းခိုင်းထားလိုက်မယ်လေ။ အခြေအနေ ငြိမ်သွားမှပဲ ပြန်ပြီး အမှုထမ်းခိုင်းတယ်"
ဝူချန်းက တိုးတိုးလေး ထပ်ပြောလိုက်ပေမယ့် သူ့စကားမဆုံးခင်မှာတင် မှင်သွေးကျောက်တစ်လုံးဟာ လေထဲကနေ ပျံလာပြီး သူ့ရဲ့ ဆံပင်တွေကို ဝေ့ကာ အနောက်က နံရံကို ဝုန်းခနဲ သွားမှန်တော့တာပဲ။ သူလည်း ထိတ်လန့်သွားပြီး ဘာစကားမှ ဆက်မပြောရဲတော့ပါဘူး။
"မင်းကတော့ အစီအစဉ်တွေ တော်တော်ဆွဲထားတာပဲပေါ့။ မိဘသေဆုံးလို့ အနားယူမယ် မင်းက ငါ့ကို သေစေချင်တာလား၊ ဒါမှမဟုတ် မင်းကိုယ်တိုင် သေချင်တာလား"
"အစ်ကိုကြီး... ကျွန်တော်က..."
ဝူအမတ်ချုပ်ကြီးရဲ့မျက်နှာဟာ ဒေါသကြောင့် ဝက်အသည်းရောင်လို နီမြန်းနေတာ မြင်တော့မှ ဝူချန်းက အနားကို အပြေးအလွှား သွားပြီး လေညင်းလေးတွေ ခပ်ပေးလိုက်၊ အမှားဝန်ခံလိုက်နဲ့ ချော့မော့နေရရှာတယ်။ "အစ်ကိုကြီး စိတ်မဆိုးပါနဲ့ဦး၊ ကျွန်တော် မှားသွားပါပြီ၊ နောက်ကို မလုပ်တော့ပါဘူး။ ကျွန်တော်ကလည်း ဝမ်ရွှမ်းက ငါတို့မိသားစုရဲ့ တစ်ဦးတည်းသော မျိုးဆက်လေးမို့လို့ပါ... ကျွန်တော်ကတော့ ငယ်ငယ်တည်းက စာမတတ်ခဲ့ပေမယ့် အစ်ကိုကြီးကတော့ စာပေမှာ ပါရမီပါခဲ့တာလေ။ အဲဒါကြောင့် ဝမ်ရွှမ်းကိုလည်း အစ်ကိုကြီးလိုမျိုး ဖြစ်စေချင်တာပါ... ကျွန်တော်ကတော့ တစ်ခဏတာ စိတ်မှားသွားလို့ အခုလို အမှားမျိုး လုပ်မိသွားတာပါ..."
ဝူအမတ်ချုပ်ကြီးလည်း အတော်လေး ချော့လိုက်မှပဲ အသက်ရှူ ပြန်မှန်သွားခဲ့ရတယ်။ သူက စားပွဲပေါ်က လက်ဖက်ရည်အေးကို သောက်လိုက်ပြီးမှ ပုံမှန်အတိုင်း တည်ငြိမ်တဲ့ အမူအရာကို ပြန်ဖော်လိုက်တယ်။
"ကဲပါ... ငါ့ရှေ့မှာ လာပြီး မျက်နှာချိုသွေးမနေနဲ့၊ မင်းရဲ့ စိတ်ထဲမှာ ဘာတွေ တွေးနေလဲဆိုတာ ငါအကုန်သိတယ်။ သွားတော့... ငါ့မျက်စိရှေ့ကနေ အမြန်ထွက်သွားစမ်း"
ဝူချန်းလည်း ချက်ချင်းပဲ အမြန်ထွက်သွားတော့တယ်။
ဒါပေမဲ့ သူသိတယ်လေ... သူ့အစ်ကိုက ဒီလောက်အော်လိုက်ပြီဆိုရင် ကိစ္စက ပြီးသွားပြီဆိုတာကို။ နောက်ပိုင်းကိစ္စတွေကိုတော့ သူ့အစ်ကိုကပဲ အဆင်ပြေအောင် ဖြေရှင်းပေးသွားမှာ အမှန်ပါပဲ။ သူကတော့ တစ်ခါတစ်ရံမှာ အစ်ကိုဖြစ်သူကို မကျေနပ်တာ ရှိပေမယ့် အစ်ကိုဖြစ်သူရဲ့ အစွမ်းအစကိုတော့ အပြည့်အဝ ယုံကြည်တယ်။
++++++ 139.2 01
ဝူချန်းကတော့ ပြုံးစိစိနဲ့ အစေခံတွေရဲ့အကူအညီနဲ့ မြင်းလှည်းပေါ် တက်လိုက်ပါတယ်။
မြင်းလှည်းထဲမှာတော့ အသက် လေးငါးဆယ်အရွယ် လူကြီးတစ်ယောက် ထိုင်နေခဲ့တယ်။
ထိုလူကတော့ ပညာတတ် အဝတ်အစားတွေကို ဝတ်ထားပြီး တည်တည်ငြိမ်ငြိမ် ရှိလှတာကြောင့် ဝူချန်းရဲ့ ငွေနံ့နံနေတဲ့ အရှိန်အဝါနဲ့တော့ လုံးဝကို မတူပါဘူး။
"သခင်ကြီး... ဘယ်လိုဖြစ်သွားလဲခင်ဗျာ" ထိုလူက လက်အုပ်ချီ မေးမြန်းလိုက်တယ်။
"အဆင်ပြေသွားပြီ" ဝူချန်းက ဂုဏ်ယူတဲ့ မျက်နှာပေးနဲ့ ဆိုလိုက်တယ်။ "ဟွိုင်ချင်းကတော့ အမြဲတမ်း စိုးရိမ်ပူပန်လွန်းနေတာပဲ။ တခြားကိစ္စဆိုရင်တော့ မသိဘူးလေ၊ အခုကိစ္စမှာတော့ ငါ့အစ်ကိုက ငါ့ကို ဘာမှလုပ်မှာ မဟုတ်ပါဘူး"
လုဟွိုင်ချင်းကတော့ ပြောပါတယ်။ "အမတ်ချုပ်ကြီးက အမြဲတမ်း ပြတ်သားလွန်းတော့ ကျွန်တော်က သခင်ကြီးအတွက် ပြဿနာတက်မှာ စိုးရိမ်လို့ပါ"
ဒီ လုဟွိုင်ချင်း ဆိုတာကတော့ ဝူချန်းရဲ့အိမ်တော်မှာရှိတဲ့ ပညာရှိ ဧည့်သည်တစ်ဦးပါပဲ။ သခင်ကြီးအတွက် အကြံဉာဏ်တွေ ပေးရတဲ့သူဖြစ်တယ်။ သူက ဝူချန်းဆီမှာ နေလာတာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သလို အတော်လေးလည်း ယုံကြည်ခြင်း ခံရတဲ့သူပါ။ အခု ဝူအိမ်တော်ကို လာတဲ့အခါမှာ ဝူချန်းက သူ့ကို ခေါ်လာရတာကလည်း ဒီအကြံဉာဏ်တွေ အားလုံးဟာ လုဟွိုင်ချင်းရဲ့ အကြံတွေမို့လို့ပါပဲ။
ဝူဝမ်ရွှမ်းကို အမတ်ချုပ်ကြီး မသိအောင် စာမေးပွဲ ဖြေခိုင်းတာကအစ အကုန်လုံးပေါ့။ ဝူမိသားစုက ကျန်းနန်ဘက်မှာ အရှိန်အဝါ ကြီးမားသလို အမတ်ချုပ်ကြီးရဲ့အခြေစိုက်စခန်းလည်း ဖြစ်တာကြောင့် ဝူချန်းက အမတ်ချုပ်ကြီးရဲ့ နာမည်ကို သုံးပြီး သတင်းပို့လိုက်ရုံနဲ့ ဝူဝမ်ရွှမ်းဟာ ရှို့ချိုင် ကနေ ကျူးရန်အထိ အဆင်ပြေပြေ ဖြစ်လာခဲ့တာလေ။ ဟွေ့ရှီ စာမေးပွဲကျတော့လည်း စာစစ်မှူးချုပ်ဟာ အမတ်ချုပ်ကြီးရဲ့ လူဖြစ်မှာကို ဝူချန်းက ကြိုသိနေခဲ့ပြီး၊ အဲ့ဒီလူကလည်း အမတ်ချုပ်ကြီးရဲ့ တပည့်ရင်းဖြစ်တဲ့ ဟို့ဝမ်ချင်း ဖြစ်နေတာကိုး။
သူလည်း အရင်အတိုင်းပဲ နာမည်ကို သုံးပြီး သတင်းပို့လိုက်တာ။ ဒါ့အပြင် သူကိုယ်တိုင် ကျန်းနန်ကနေ မြို့တော်အထိ လာပြီး ဒီကိစ္စကို ကြီးကြပ်ခဲ့တာ ဖြစ်တယ်။
တကယ်တော့ အရင်က ဝူအမတ်ချုပ်ကြီးက ဟို့ဝမ်ချင်းကို အသုံးမကျတဲ့ကောင်လို့ ဆဲလိုက်တာက အနည်းငယ် မှားယွင်းနေပါတယ်။ ဟို့ဝမ်ချင်းက သူ့ဆရာမှာ သားမရှိဘူးဆိုတာကို သိသလို၊ ဝူမိသားစုမှာ ဝူဝမ်ရွှမ်း တစ်ယောက်တည်းပဲ ရှိတာကိုလည်း သိတယ်။ ဆိုလိုတာက ဝမ်ရွှမ်းဟာ တစ်နေ့နေ့မှာ ဆရာ့ရဲ့သားအဖြစ် မွေးစားခံရမှာ သေချာသလောက် ရှိနေတာကြောင့် သူက မျက်နှာသာပေးတဲ့ အနေနဲ့ လုပ်ပေးလိုက်တာ ဖြစ်တယ်။
ဒါပေမဲ့ ဝူချန်းရဲ့လောဘက ကြီးလွန်းသွားတယ်လေ၊ သူ့သားကို ဟွေ့ယွမ် အထိ ဖြစ်စေချင်ခဲ့တာကိုး။ ဟို့ဝမ်ချင်းကလည်း ပြဿနာတက်မှာ ကြောက်တာကြောင့် ကုန်းယွမ်က ထွက်လာတာနဲ့ ဝူချန်းဆီကို သတင်းပို့ပြီး အခြေအနေကို ပြောပြခဲ့တာ။ ဒါပေမဲ့ ဝူချန်းကတော့ "အလုပ်ရှိရင် အလေးပေးပြီး၊ အလုပ်ပြီးရင်တော့ လှည့်မကြည့်တဲ့သူ" မျိုးဆိုတော့ ဒါကို သိပ်ပြီး ဂရုမစိုက်ခဲ့ပါဘူး။ အမတ်ချုပ်ကြီးက သတင်းကြားပြီး သူ့ကို ဖမ်းခေါ်ခိုင်းလိုက်မှပဲ အခုလိုမျိုး ဖြစ်လာရတယ်။
"နောက်ပိုင်းတော့ ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ ဧပြီလ နန်းတွင်းစာမေးပွဲ ပြီးတာနဲ့ ငါတို့ ကျန်းနန်ကို ပြန်ကြမယ်"
"ဟုတ်ကဲ့ပါ သခင်ကြီး"
ဝူချန်း ထွက်သွားပြီးတဲ့နောက်မှာတော့ အမျိုးသမီးတစ်ယောက်ဟာ စာကြည့်ခန်းထဲကို ဝင်လာခဲ့ပါတယ်။
139.2 02
သူမကတော့ ကြည့်လိုက်တာနဲ့ ပါးပြင်လေးက သွယ်လျပြီး၊ မျက်ခုံးလေးတွေကလည်း သပ်ရပ်လှပနေတယ်။ ကိုယ်လုံးကိုယ်ပေါက်က နွဲ့နှောင်းနေပြီး အားနည်းတဲ့ ပုံစံရှိပေမယ့်၊ အမူအရာတိုင်းကတော့ တည်ငြိမ်ပြီး ယဉ်ကျေးလှတာကြောင့် အဆင့်မြင့်တဲ့ မိသားစုက ဆင်းသက်လာတဲ့ အမျိုးသမီးမှန်း သိသာလှပါတယ်။
သူမကတော့ ဝူအမတ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော သမီးဖြစ်သူ ဝူဝမ့်ချုံးပါပဲ။
"အဖေ... ဦးလေးလေး ပြန်သွားပြီလားဟင်"
အစေခံတစ်ဦးကတော့ ခေါင်းလေးငုံ့ပြီး အခန်းထဲကို တိတ်တဆိတ် ဝင်လာခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ကွဲအက်နေတဲ့ မှင်သွေးကျောက်အစအနတွေကို အလွန်မြန်တဲ့ အရှိန်နဲ့ သိမ်းဆည်းပြီးတာနဲ့ ကပျာကသီပဲ ပြန်လည်ထွက်ခွာသွားခဲ့လေရဲ့။ ဝူဝမ့်ချုံးကတော့ ရေနွေးကြမ်းဝိုင်းရှိရာဆီကို သွားပြီး ဝူအမတ်ချုပ်ကြီး အတွက် ရေနွေးကြမ်းအသစ်တစ်ခွက်ကို ကိုယ်တိုင်ကိုယ်ကျ လဲလှယ်ပေးလိုက်ပြန်တယ်။
ဝူအမတ်ချုပ်ကြီးက ရေနွေးကြမ်းခွက်ကို လှမ်းယူပြီး တစ်ငုံ ငုံလိုက်ကာမှပဲ ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြတော့တယ်။
"ဦးလေးလေးက ဝမ်ရွှမ်းအတွက် ဟွေ့ယွမ် ဘွဲ့ကို ရအောင် လုပ်ပေးလိုက်လို့ အဖေ ဒီလောက်ထိ ဒေါသထွက်နေရတာလို့ ယင်းကော် ပြောတာ ကြားလိုက်ရတယ်" ဝန့်ချုံးက ဆိုလေတယ်။
"မင်းရဲ့အစေခံမလေးကို အဖေ့ရဲ့ စာကြည့်ခန်းနားမှာ သတင်းတွေ လာပြီး စုံစမ်းခိုင်းတာမျိုး သိပ်မလုပ်ခိုင်းနဲ့ဦး။ အမျိုးသမီးဆိုတာ အမျိုးသမီး ပီသရမယ်လေ" ဝူအမတ်ချုပ်ကြီးက ဆိုလိုက်ပေမယ့် သူ့ရဲ့မျက်မှောင်ကြုတ်မှုထဲမှာတော့ အပြစ်တင်တဲ့ အရိပ်အယောင် လုံးဝ မရှိပါဘူး။ ကြုံလို့ ပြောလိုက်တဲ့ စကားတစ်ခွန်းလိုပါပဲ။
ဝူဝမ့်ချုံးကလည်း အနည်းငယ် ပြုံးလိုက်ရင်း ဒါကို သိပ်ပြီး အရေးတယူ မရှိလှပါဘူး။ "အဖေ အကြီးအကျယ် ဒေါသထွက်နေတယ်လို့ ကြားရတာကြောင့် သမီးက စိုးရိမ်ပြီး မေးမြန်းမိတာပါ။ အဖေလည်း ဦးကြီးအန်းကို အပြစ်မတင်ပါနဲ့ဦး၊ သမီးက မေးတာမို့လို့သာ သူက ယင်းကော်ကို ပြောပြခဲ့တာပါ"
ဝူအမတ်ချုပ်ကြီးက နှာတစ်ချက်မှုတ်လိုက်ပေမယ့် ဘာမှတော့ ဆက်မပြောတော့ပါဘူး။ ဒါဟာ ဒီကိစ္စကို ဆက်ပြီး အရေးမယူတော့ဘူးဆိုတာ ထင်ရှားလှပါတယ်။ အမှန်စင်စစ်တော့ ဝူဝမ့်ချုံးဟာ ဝူအမတ်ချုပ်ကြီးရဲ့ တစ်ဦးတည်းသော သမီးဖြစ်တာကြောင့် အလွန်အမင်း အလိုလိုက်ခြင်း ခံရရှာတာ။ ဒါကြောင့် ဒီအိမ်တော်ထဲက ကိစ္စတွေကို ဝူဝမ့်ချုံးသာ သိချင်တယ်ဆိုရင်တော့ ဘယ်သူကမှ သူမကို ဖုံးကွယ်ထားရဲမှာ မဟုတ်ပါဘူး။
"ဦးလေးလေးကလည်း တကယ်ကို လွန်လွန်းပါတယ်၊ အဖေကတော့ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အရှိန်အဝါကို ဖုံးကွယ်ထားချင်ပေမယ့် သူကတော့ အခုလိုမျိုး နာမည်ကြီးအောင် လုပ်ပစ်လိုက်တာကိုး"
"မင်းရဲ့ဦးလေးလေးက ငါ့ကို အကျပ်ကိုင်ပြီး ဝမ်ရွှမ်းကို သားအဖြစ် မွေးစားခိုင်းစေချင်နေတာလေ၊ ဒါမှပဲ ငါတို့မိသားစုရဲ့ မျိုးရိုးနှစ်ခုစလုံးကို သူက ဆက်ခံနိုင်မှာ မဟုတ်လား။ သူ မပြောပေမယ့်လည်း ငါကတော့ အကုန်သိနေတာပဲ။ သူက ကျန်းနန်ဘက်မှာ ဝမ်ရွှမ်းအတွက် အိမ်ထောင်ဖက် နှစ်ယောက်တောင် ကြိုတင် ရှာဖွေထားပြီးပြီလေ၊ ဒီရည်ရွယ်ချက်ကိုပဲ သူက အကောင်အထည်ဖော်နေတယ်"
ဒီလိုစကားမျိုးကျတော့ ဝူဝမ့်ချုံးအနေနဲ့ ကြားဖြတ်ပြောဖို့ မသင့်တော်တော့ပါဘူး။ သူမဟာ ဝူအမတ်ချုပ်ကြီးရဲ့တစ်ဦးတည်းသော သွေးသားဖြစ်ပေမယ့် ကံဆိုးစွာနဲ့ပဲ အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့တာကိုး။
ဝူအမတ်ချုပ်ကြီးလည်း ဒီအချက်ကို တွေးမိသွားပုံရပြီး သက်ပြင်းတစ်ချက်ကို မချချင်ဘဲ ချလိုက်ရရှာတယ်။ "တကယ်လို့သာ မင်းနဲ့ စီချီ တို့ကြားမှာ သားတစ်ယောက် သမီးတစ်ယောက်လောက် ကျန်ရစ်ခဲ့မယ်ဆိုရင် အဖေလည်း အခုလိုမျိုး သောကရောက်နေရမှာ မဟုတ်ဘူး"
ကိုယ်တိုင်က ဆင်းသက်လာတဲ့ သွေးသားကတော့ တခြားသူထက် ပိုပြီးစိတ်ချရတယ်၊ မြေးဖြစ်နေရင်တောင်မှပေါ့။ ဝူအမတ်ချုပ်ကြီးရဲ့ အရှိန်အဝါနဲ့ဆိုရင်တော့ မြေးဖြစ်သူကို ဝူမိသားစုရဲ့ အမွေဆက်ခံသူဖြစ်အောင် လုပ်ဖို့ဆိုတာ မခဲယဉ်းပါဘူး။ ဒါပေမဲ့ ဝူဝမ့်ချုံးရဲ့ဝမ်းဗိုက်ကတော့ ကံမပါခဲ့ရှာတာကြောင့် ဒီမြေးဆိုတာကတော့ အိမ်မက်သက်သက်ပဲ ဖြစ်နေခဲ့ရပြီ။
ဝူဝမ့်ချုံးကတော့ အားတင်းပြီး ပြုံးလိုက်ရင်း စကားလမ်းကြောင်းကို ပြောင်းလိုက်တယ်။ "ဒါဆို ဒီကိစ္စကို အခု ဘယ်လိုလုပ်မှာလဲဟင်။ ပြဿနာ တစ်ခုခု တက်လာနိုင်မလား"
ဝူအမတ်ချုပ်ကြီးကတော့ သမီးဖြစ်သူရဲ့စိတ်ထဲက အဖုအထစ်ကို သိနေတာကြောင့် စကားလမ်းကြောင်းနောက်ကိုပဲ လိုက်ပေးလိုက်ပါတယ်။ "ဘာမှမဖြစ်ပါဘူး၊ အဖေ အားလုံးကို အဆင်ပြေအောင် စီစဉ်ပါ့မယ်"
139.2 03
ပြောပြောဆိုဆိုနဲ့ သူက အပြင်ဘက်ကို အသံမြှင့်ပြီး ခေါ်လိုက်တာကြောင့် အသက် ၄၀ ကျော်အရွယ် လူကြီးတစ်ယောက် အခန်းထဲကို ဝင်လာခဲ့တယ်။ ဒီလူကတော့ ဝူအိမ်တော်ရဲ့ အိမ်ထိန်းကြီး ဦးကြီးအန်း ပဲ ဖြစ်ပါတယ်။
"အဲဒီ စာမေးပွဲစာရွက်ကို ရခဲ့ပြီလား"
ဦးကြီးအန်းက အနည်းငယ် တုန့်ဆိုင်းသွားပြီးမှ တင်ပြရှာတယ်။ "အမတ်မင်း... မူရင်းစာရွက်ကိုတော့ ရခဲ့ပါပြီခင်ဗျာ။ ဒါပေမဲ့ ကျူးကျွမ်း (နီရဲသောစာရွက်) ကိုတော့ ရှာမတွေ့သေးပါဘူး။ ဝန်ကြီးဌာနက ရှုန့်ထျန်းဖူဆီကို မပို့လိုက်တာလား၊ ဒါမှမဟုတ် ရှုန့်ထျန်းဖူဘက်က လူတွေပဲ ပျောက်သွားအောင် လုပ်လိုက်တာလားတော့ မသိပါဘူး။ ကျွန်တော်မျိုးကတော့ လူလွှတ်ပြီး အသည်းအသန် ရှာခိုင်းထားပါတယ်"
ဝူအမတ်ချုပ်ကြီးက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပေမယ့် ဒါကို သိပ်ပြီးစိတ်ထဲမထားပါဘူး။ "တွေ့အောင်ရှာပြီးရင်တော့ နောက်ထပ် စာရွက်နှစ်စုံကို အသစ်ပြန်လုပ်ခိုင်းလိုက်၊ ပြီးရင်တော့ ဝန်ကြီးဌာနဆီကို ပြန်ပို့ထားလိုက်ပါ။ ဘာမှ အမှားအယွင်း မရှိစေနဲ့ဦး"
"ဟုတ်ကဲ့ပါ အမတ်မင်း"
အမိန့်ပေးပြီးတဲ့နောက်မှာတော့ ဝူအမတ်ချုပ်ကြီးက သူ့မှာ လုပ်စရာတွေ အများကြီး ရှိနေသေးတာကို သတိရသွားပြီး ဝူဝမ့်ချုံးကို လှည့်ပြောလိုက်တယ်။ "အခန်းကို ပြန်နားတော့လေ။ မင်းရဲ့ဦးလေးလေးက ဒီလိုကိစ္စမျိုး လုပ်ထားတာဆိုတော့ အမှားအယွင်း မရှိအောင် နေရာတိုင်းကို လိုက်ပြီး ဂရုစိုက်နေရဦးမယ်။ မင်းရဲ့မျက်နှာကလည်း သိပ်မဟန်သလိုပဲ၊ မကြာခင်ကပဲ ချောင်းပြန်ဆိုးနေသေးတာ မဟုတ်လား။ ကိုယ့်ကျန်းမာရေးကိုယ် ဂရုစိုက်ဦးနော်"
"ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဖေ။ သမီး သိပါပြီ၊ သမီး အခန်းကို အခုပဲ ပြန်ပါ့မယ်"
ဝူဝမ့်ချုံးက လှည့်ထွက်ဖို့ ပြင်လိုက်စဉ်မှာပဲ ဝူအမတ်ချုပ်ကြီးက သူမကို လှမ်းတားလိုက်ပြန်တယ်။
သူက အနည်းငယ် တုန့်ဆိုင်းနေပြီးမှ ဆိုလိုက်လေတယ်။ "မင်း အိမ်ပြန်ရောက်တာလည်း မနည်းတော့ဘူး၊ စီချီ အတွက်လည်း ၃ နှစ်တောင် ဝမ်းနည်းခြင်း အထိမ်းအမှတ်လုပ်ပေးပြီးပြီဆိုတော့ အဖေ မင်းအတွက် အိမ်ထောင်သစ် တစ်ခု စီစဉ်ပေးမလို့ပဲ"
ဝူဝမ့်ချုံးကတော့ ခဏတာ ငြိမ်သက်သွားခဲ့ပြီး ဘာစကားမှ ပြန်မပြောခဲ့ပါဘူး။
"သေဆုံးသွားတဲ့သူကတော့ သွားလေသူ ဖြစ်သွားပြီလေ၊ အဲဒါကိုပဲ အစွဲအလမ်းကြီးနေလို့လည်း မထူးပါဘူး"
"အဖေ့ရဲ့ အလိုအတိုင်းပါပဲ"
ဝူအမတ်ချုပ်ကြီးက ခေါင်းညိတ်ပြပြီး လက်ကလေး ယမ်းပြလိုက်မှ ဝူဝမ့်ချုံးလည်း အခန်းထဲကနေ ထွက်လာခဲ့တော့တယ်။
တံခါးအပြင်ဘက်ကို ရောက်လိုက်တာနဲ့ အေးစိမ့်လှတဲ့ လေညင်းတစ်ချက်က သူမရဲ့ကိုယ်ပေါ်ကို ဖြတ်တိုက်သွားခဲ့ရပြီ။ ဝူဝမ့်ချုံးဟာ သူမရဲ့ အဝတ်အစားတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိတယ်။ ယင်းကော်ကတော့ အနားကို အပြေးအလွှား ရောက်လာပြီး ခြုံစောင်ကို ခြုံပေးကာ သူမကို တွဲပြီး ခေါ်ဆောင်သွားတော့တယ်။
ဝူဝမ့်ချုံးကတော့ ရှေ့ကိုသာ လျှောက်လှမ်းနေခဲ့ပေမယ့် သူမရဲ့စိတ်ထဲမှာတော့ ခုနက ဖခင်ဖြစ်သူ ပြောခဲ့တဲ့ စကားတွေကိုပဲ ပြန်လည် တွေးတောနေမိတယ်။
တကယ်တော့ သူမဟာ ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်ကို အစွဲအလမ်းကြီးနေတာ မဟုတ်ပါဘူး။ သူမက နောက်ထပ် အိမ်ထောင် မပြုချင်တော့တာပါပဲ။
******
140 01
အခန်း (၁၄၀)
ရွှီထင်းရှန်းဟာ ကျူးကျွမ်းကို ကိုင်ဆောင်ရင်း အိမ်ကို ပြန်လာခဲ့တယ်။ လမ်းခရီးတစ်လျှောက်မှာတော့ သူတို့ သုံးယောက်စလုံးရဲ့ စိတ်အခြေအနေက အတိုင်းအဆမရှိ လေးလံနေခဲ့ရတယ်။
မောက်ပါ့သိုနဲ့ လီသာ့ထျန် တို့ကတော့ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ ဘယ်သူလဲဆိုတာကို အတိအကျ မသိကြပေမယ့်၊ ရှုန့်ထျန်းကုန်းယွမ်ထဲက စာစစ်မှူးအားလုံးရဲ့ မျက်စိကို ကွယ်နိုင်တဲ့အထိ အစွမ်းရှိတယ်ဆိုရင်တော့ ဒါဟာ သာမန်လူတစ်ယောက် မဟုတ်ဘူးဆိုတာကိုတော့ ကောင်းကောင်းကြီး ရိပ်မိနေကြတယ်။
ကျင်အာလမ်းကြားက အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ မထင်မှတ်ဘဲ လူအားလုံး စုံစုံလင်လင် ရှိနေကြသလို၊ ဆရာ လင်းမြောင် တောင်မှ ရောက်နေခဲ့တာပဲ။
ဒီကိစ္စကို ရွှီထင်းရှန်းက ဆရာလင်းမြောင်ကို မပြောပြဖြစ်ခဲ့တာကလည်း ဆရာက ဒီရက်ပိုင်းအတွင်း အလွန်ကို အလုပ်များနေခဲ့လို့ပါပဲ။ နွေဦးရာသီ စတင်ကတည်းက ဆရာဟာ ဝန်ယွမ်ကောရဲ့ ကျုန်းရှူးရှယ်ရန်ရာထူးကို ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရတာလေ။
ကြည့်လိုက်ရင်တော့ ဟန်လင်းအကယ်ဒမီက အဆင့် (၇) အရာရှိရာထူးကနေ အဆင့် (၇) နိမ့်တဲ့ ရာထူးကို ပြောင်းသွားရတာမို့ ရာထူးကျသွားတယ်လို့ ထင်ရပေမယ့်၊ တကယ်တမ်းကျတော့ ဒီ ကျုန်းရှူးရှယ်ရန် ဆိုတာက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်စာလွှာတွေ၊ ဘွဲ့ထူးဂုဏ်ထူး ပေးအပ်တဲ့ စာချွန်လွှာတွေနဲ့ ငွေပြား၊ သံပြား အဆောင်အယောင်တွေကို ရေးမှတ်ရတာ ဖြစ်သလို၊ ဝန်ယွမ်ကောမှာ အမှုထမ်းရတာကြောင့် ဧကရာဇ်ရဲ့အနီးကပ်မှာ အမှုထမ်းရတဲ့ အနီးကပ်အမတ်လို့ ဆိုရမှာပေါ့။ ဒါကြောင့် တကယ်တမ်းတော့ ဒါဟာ ရာထူးတက်သွားတာလို့ ဆိုရမှာပါ။
တစ်ဟုန်ထိုး တိုးတက်သွားတယ်လို့ ပြောရင်လည်း မမှားပါဘူး။ သမိုင်းမှတ်တမ်း ပြုစုရတဲ့ အလုပ်ကနေ ဧကရာဇ်ရဲ့အနီးကပ် အမတ်တစ်ယောက် ဖြစ်သွားတာလေ။ ဆရာလင်းမြောင်ဟာ ထန်ဝါဘွဲ့ရတစ်ယောက် ဖြစ်တာကြောင့် တစ်နေ့နေ့မှာ ဒီလိုနေရာမျိုး ရောက်လာမှာက သေချာပေမယ့် အခုတော့ ထင်ထားတာထက် အများကြီး ပိုပြီး စောသွားခဲ့တယ်။
ဒီကြားထဲက အကြောင်းအရာတွေကိုတော့ အသေးစိတ် မပြောတော့ပါဘူး။ အချုပ်အားဖြင့်တော့ ဆရာလင်းမြောင်ဟာ အခုချိန်မှာ အလွန်ကို အလုပ်များနေခဲ့တာ။ မိုးမလင်းခင်ကတည်းက နန်းတော်ထဲဝင် အမှုထမ်းရပြီး မိုးချုပ်မှပဲ ပြန်လာနိုင်တာလေ။
"ဆရာ..." ဆရာလင်းမြောင်ကို မြင်လိုက်ရတဲ့အခါ ရွှီထင်းရှန်းက အတော်လေးကို အံ့ဩသွားခဲ့ရတယ်။
ဆရာလင်းမြောင်ကတော့ သက်ပြင်းတစ်ချက်ကို အဝဝ ရှူထုတ်လိုက်ရင်း ဆိုလိုက်လေတယ်။
"မင်းအတွက်လည်း တော်တော်လေးကို ခက်ခဲသွားရှာပြီ။ ဖြစ်ပျက်သမျှကိုတော့ ငါ ဟွန့်ကျီဆီကနေ ကြားသိပြီးပြီ၊ ဒီလိုကိစ္စမျိုးကို ဆရာ့ကို မဖုံးကွယ်ထားသင့်ဘူးလေ"
"တကယ်တော့ ဆရာ အလုပ်တွေနဲ့ မအားမလပ် ဖြစ်နေတာကို မြင်နေရတော့ မနှောင့်ယှက်ချင်လို့ပါ။ ပြီးတော့ ဒီကိစ္စကလည်း အခြေအနေက မသေချာသေးတော့ ဘယ်ကနေ စပြောရမှန်း မသိတာလည်း ပါပါတယ်" ရွှီထင်းရှန်းကတော့ အားနာတဲ့ အပြုံးလေးနဲ့ ဆိုလိုက်ပေမယ့် သူ့စကားမဆုံးခင်မှာတင် မောက်ပါ့သိုကတော့ စိတ်မြန်လက်မြန်နဲ့ ဖြစ်ပျက်သမျှကို အကုန်ပြောပြလိုက်တော့တယ်။ စာမေးပွဲစာရွက်တွေ အလဲခံရတာကအစ ရှုန့်ထျန်းဖူမှာ စာရွက်သွားစစ်တဲ့အထိပေါ့။
ရွှီထင်းရှန်းခမျာ မောက်ပါ့သိုရဲ့ ပါးစပ်ကို လှမ်းပိတ်လိုက်ချင်စိတ်တောင် ပေါက်သွားခဲ့ရတယ်... အရင်က ဒီကောင် စကားဒီလောက် မြန်မှန်း ဘာလို့ မသိခဲ့တာလဲလို့ပေါ့။
အဲ့ဒီစကားကို ကြားလိုက်ရတဲ့အခါ အခန်းထဲက လူအားလုံးဟာ တုန်လှုပ်သွားကြတော့တယ်။
ကျောက်အာကတော့ ချက်ချင်းပဲ ထရပ်လိုက်ရင်း "ဧကရာဇ်ရဲ့ ခြေရင်း မြို့တော်ကြီးမှာ ဒီလူတွေက ဒီလောက်တောင် သတ္တိကောင်းနေကြတာလား၊ ငါတို့တွေ ဧကရာဇ်မင်းမြတ်ဆီကို သွားပြီး အယူခံဝင်ကြမယ်လေ"
"အစ်မကျောက်အာ ပြောတာ မှန်တယ်၊ ကျွန်တော်တို့တွေ အယူခံ သွားဝင်ကြမယ်" ကောင်းရှန်တို့ လူငယ်တစ်သိုက်ကလည်း ကျောက်အာဘက်ကနေ ဝိုင်းပြီး ထောက်ခံကြတယ်။ ကျန်တဲ့လူတွေကတော့ ဘာမှဝင်မပြောဘဲ ငြိမ်နေကြတယ်။
"ကျောက်အာရယ်... မင်းကတော့ ဇာတ်လမ်းတွေ ကြည့်တာ များနေပြီထင်တယ်။ ဧကရာဇ်ဆီမှာ အယူခံဝင်ဖို့ဆိုတာ မင်းထင်သလောက် လွယ်ကူတဲ့ ကိစ္စမှ မဟုတ်တာ" ရွှီထင်းရှန်းကတော့ ရယ်မောလိုက်ရင်း ပြောလိုက်ပြီးမှ "ငါ ဆရာနဲ့ ဆွေးနွေးစရာလေးတွေ ရှိလို့၊ မင်း သွားပြီး ဟင်းကောင်းလေးတွေ ပြင်ထားလိုက်ပါဦး" လို့ ဆိုကာ လူစုခွဲလိုက်တော့တယ်။
ဒါဟာ လူတွေကို တမင် ရှောင်ခိုင်းလိုက်တာမှန်း အားလုံးက သိကြတယ်။ နောက်ဆက်တွဲ ပြောမယ့်ကိစ္စတွေက သူတို့နဲ့ မသင့်တော်ဘူးဆိုတာ သိတာကြောင့် အားလုံးက ထွက်ခွာသွားကြတယ်။ ကျောက်အာကတော့ မထွက်ချင်သေးဘဲ ရွှီထင်းရှန်းကို မေးရှာတယ်။
140 02
"ကိစ္စက အဲ့လောက်ထိ အခြေအနေ ဆိုးနေလို့လားဟင်"
"ဘာမှမဖြစ်ပါဘူး၊ မင်း သိပ်ပြီး မတွေးပါနဲ့ဦး"
ပြောသာပြောလိုက်ရတာ... ကျောက်အာအနေနဲ့ ဘယ်လိုလုပ်ပြီး မတွေးဘဲ နေနိုင်ပါ့မလဲ။ ဒါပေမဲ့ သူမလည်း ဟုန်အာကို ချီပြီး အပြင်ကို ထွက်သွားခဲ့ရတယ်။
အခန်းထဲမှာ ဆရာလင်းမြောင်နဲ့ တပည့်တစ်စုပဲ ကျန်ရစ်တဲ့အခါကျမှ ဆရာက မျက်မှောင်ကြုတ်ရင်း အတော်ကြာအောင် ငြိမ်သက်နေခဲ့ပြီးမှ မေးလာခဲ့တယ်။
"ဒီကိစ္စကို မင်း ဘယ်လိုများ ဆက်လုပ်ဖို့ စိတ်ကူးထားလဲ"
ရွှီထင်းရှန်းကရော ဘာများလုပ်နိုင်ဦးမှာလဲ။ တကယ်တော့ အရင်က သူလုပ်ခဲ့သမျှဟာ သူ့ရဲ့ သံသယတွေကို အတည်ပြုဖို့သက်သက်ပဲလေ။ အခုတော့ အရာရာက အမှန်တကယ် ဖြစ်ပျက်နေမှန်း သိလိုက်ရပေမယ့် အခြေအနေက သူ ထင်ထားတာထက် ပိုပြီးတော့တောင် ကြီးမားနေခဲ့တာ။
ဒါပေမဲ့ ဒီလို ကြီးမားတဲ့ အခြေအနေတွေကို သူကိုယ်တိုင် အထောက်အထား ခိုင်ခိုင်လုံလုံတော့ မရှိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ပါးနပ်တဲ့ အာရုံခံစားမှုအရတော့ ၈၀ ရာခိုင်နှုန်းလောက် သူ သေချာနေခဲ့ပြီလေ။
နန်းတွင်းက အခြေအနေတွေက ရှုပ်ထွေးလွန်းလှတာကြောင့် သူလို အခုမှ လောကထဲ ခြေစုံပစ်ဝင်မယ့် လူငယ်တစ်ယောက်အနေနဲ့ ဝင်ပါဖို့ မသင့်တော်ပါဘူး။ ပြီးတော့ ဒီတစ်ကြိမ် ကိစ္စက ဝူအမတ်ချုပ်ကြီးရဲ့ အုပ်စုတင်မကဘဲ အဲဒီနောက်ကွယ်က လောင်းကစားဒိုင်တွေကပါ ပါဝင်ပတ်သက်နေတာလေ။ လက်ရှိ အခြေအနေအရတော့ ဒီအင်အားစုတွေဟာ သူ့ကို မှုန့်မှုန့်ညက်ညက် ကြိတ်ခြေပစ်ဖို့အတွက် လုံလောက်လွန်းလှတယ်။
တကယ်တော့ ရွှီထင်းရှန်းဟာ ပေလုစာသင်ကျောင်းက သူ့အတွက် ရှေ့ထွက်ပြီး ဖြေရှင်းပေးလိမ့်မယ်လို့ အစကတည်းက မျှော်လင့်မထားခဲ့ပါဘူး။ အခု ဆရာလင်းမြောင်ရဲ့ စကားကို ကြားလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ ထင်မြင်ချက်က ပိုပြီးတော့တောင် သေချာသွားခဲ့ပြီ။
ဆိုလိုတာက... သူဟာ တစ်ယောက်တည်းပါပဲ။
ဒါဟာ ပုစဉ်းရင်ကွဲက ရထားလုံးကို တားဆီးနေသလိုမျိုးပါပဲ။
ဉာဏ်ရှိတဲ့သူဆိုရင်တော့ အခြေအနေကို ကြည့်ပြီး ငြိမ်နေရမှာ။ ဘာပဲဖြစ်ဖြစ် နောက်တစ်ကြိမ် ပြန်ဖြေလို့ ရတာပဲ၊ တစ်နှစ်လောက်ပဲ စောင့်ရမှာလေ။ သူကိုယ်တိုင်ကလည်း ဒီတစ်ကြိမ်မှာ အစွမ်းကုန် နာမည်ကြီးချင်တာ မဟုတ်တော့ အခုလိုမျိုး ဖြေရှင်းလိုက်တာက အကောင်းဆုံးပါပဲ။
ဒါပေမဲ့လည်း... ရင်ထဲမှာတော့ မခံမရပ်နိုင်ဖြစ်မှုတွေက ရှိနေတုန်းပါပဲ။
တကယ်တော့ အဲဒါကိုလည်း မျိုသိပ်ထားလို့ ရပါတယ်လေ။
ရွှီထင်းရှန်းကတော့ ဆရာလင်းမြောင်ကို ကြည့်လိုက်ရင်း မျက်နှာလေးကတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆိုလိုက်လေတော့တယ်။ "ဆရာ... ကျွန်တော် နန်းတွင်းက အခြေအနေတွေကို ကောင်းကောင်း မသိပေမယ့်၊ ဒီလောက်ထိ ဗြောင်ကျကျ လုပ်ဝံ့တယ်ဆိုတာ ကျွန်တော်တို့လို နောက်ခံမရှိတဲ့သူတွေ တော်ရုံနဲ့ ဖြိုဖျက်လို့ရမှာ မဟုတ်ဘူးဆိုတာတော့ သိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ငယ်ပါသေးတယ်၊ ဒီတစ်ကြိမ် အောင်နိုင်သလို နောက်တစ်ကြိမ်လည်း ကျွန်တော် အောင်နိုင်မှာပါ"
လင်းမြောင်ဟာ ရွှီထင်းရှန်းကို ကြည့်လိုက်ရင်း နှုတ်ခမ်းလွှာတို့ အနည်းငယ် လှုပ်ရှားသွားပေမယ့် စကားလုံးတွေကတော့ ထွက်မလာခဲ့ပါဘူး။ အတော်ကြာမှပဲ သက်ပြင်းတစ်ချက်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ရွှီထင်းရှန်းရဲ့ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ရင်း ပြောလာခဲ့လေတယ်။
"မင်း ဒီလိုမျိုး တွေးနိုင်တာဟာ မင်း တည်ငြိမ်ရင့်ကျက်လာပြီဆိုတာကို ပြနေတာပဲ"
သူက ကိုယ်ကိုမတ်လိုက်ပြီး တံခါးအပြင်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ကာ မှာကြားလိုက်တယ်။
"အချိန်လည်း မစောတော့ဘူးဆိုတော့ ဆရာလည်း သွားစရာရှိတာ သွားလိုက်ဦးမယ်။ တကယ်လို့ တစ်ခုခု ထူးခြားတာရှိရင် ဆရာ့ဆီကို သေချာပေါက် လာခဲ့ဦးနော်"
"သိပါပြီ ဆရာ"
လင်းမြောင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး အပြင်ကို လှမ်းထွက်သွားခဲ့ပါတယ်။
ချန်ကျန်း က ရွှီထင်းရှန်းကို ကြည့်လိုက်ရင်း "ထင်းရှန်း..."
"ဘာဖြစ်လို့လဲ"
"ဘာ... ဘာမှမဟုတ်ပါဘူး။ ဟန်လင်းအကယ်ဒမီမှာ အလုပ်တွေ ရှိသေးလို့ ငါ အရင်သွားနှင့်တော့မယ်"
ရွှီထင်းရှန်းက ခေါင်းညိတ်လိုက်ပြီး "ကျေးဇူးပါပဲ အားကျန်းရာ"
140 03
"ဘာအတွက် ကျေးဇူးတင်နေတာလဲ" ချန်ကျန်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားပုံရတယ်။ "ဆရာက ငါတို့ထက် အများကြီး အတွေ့အကြုံရှိတဲ့သူဆိုတော့ ဆရာ့ဆီကနေ အကြံဉာဏ် တစ်ခုခု ရမလားလို့ ငါက ခေါ်လာခဲ့တာပါ။ ကဲ... ငါ တကယ် သွားရတော့မယ်"
ပြောပြီးတာနဲ့ ချန်ကျန်းဟာ အလောတကြီးပဲ ထွက်ခွာသွားခဲ့ပြီး သူ့ရဲ့ခြေလှမ်းတွေကလည်း ထူးထူးခြားခြားကို စိတ်လှုပ်ရှားနေပုံရတယ်။
ရွှီထင်းရှန်းကတော့ ထိုသူရဲ့ကျောပြင်ကို ကြည့်ရင်း တိုးတိတ်စွာ သက်ပြင်းချလိုက်မိတယ်။
တကယ်တော့ သူ ဘယ်လိုလုပ်ပြီး မသိဘဲ နေပါ့မလဲ။ ချန်ကျန်းဟာ သူ့အတွက် အဖြေတစ်ခုခု ထွက်လာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆရာလင်းမြောင်ကို တကူးတက ပင့်ခေါ်လာခဲ့တာ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ မျှောလင့်ချက်တွေ ပျက်သုဉ်းသွားခဲ့ရပြီပေါ့။
ချန်ကျန်း အပြင်ကို ရောက်တဲ့အခါမှာတော့ အပြာရင့်ရောင် လိုက်ကာတွေနဲ့ မြည်းလှည်းတစ်စီးက တံခါးဝမှာ စောင့်နေခဲ့တာ တွေ့ရတယ်။
ဒါဟာ ဆရာလင်းမြောင်ရဲ့လှည်းပါပဲ။ သူ နန်းတော်ထဲမှာ အမှုထမ်းရကတည်းက အသွားအပြန် အဆင်ပြေအောင် ဒီလှည်းကို သီးသန့် ဝယ်ထားခဲ့တာ။
လှည်းကတော့ ချန်ကျန်းကို စောင့်နေတာမှန်း သိသာလှပါတယ်။ ချန်ကျန်း လှည်းပေါ်တက်လိုက်တာနဲ့ မြည်းလှည်းဟာ စတင် ထွက်ခွာသွားတော့တယ်။
"ဆရာ... ဒီအတိုင်းပဲ နေရမှာလား။ ထင်းရှန်းကို ကူညီပေးလို့ မရတော့ဘူးလားဟင်။ ဆရာသာ ဧကရာဇ်မင်းမြတ်ကို စကားတစ်ခွန်းလောက် ပြောပေးမယ်ဆိုရင် မင်းမြတ်က အမှန်အတိုင်း သိမြင်ပြီး ထင်းရှန်းအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးမှာ အသေအချာပါပဲ"
ချန်ကျန်းဟာ ပုံမှန်အားဖြင့် စကားနည်းတဲ့သူဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ရွှီထင်းရှန်းနဲ့ ပတ်သက်နေတာကြောင့် အခုလို ထူးထူးခြားခြား စိတ်လှုပ်ရှားနေမိတယ်။ ထင်းရှန်းဟာ အပြင်ပန်းမှာတော့ တည်ငြိမ်နေသလို ဟန်ဆောင်ထားပေမယ့် ရင်ထဲမှာတော့ မခံမရပ်နိုင် ဖြစ်နေမှာကို သူ သိနေခဲ့တယ်။ ဒါပေမဲ့ ထင်းရှန်းဟာ တစ်ဖက်လူကို ငဲ့ညှာလွန်းလှတယ်။
သူနဲ့ ဆရာ၊ ပြီးတော့ မောက်ပါ့သို၊ လီသာ့ထျန် နဲ့ သူ့ပတ်ဝန်းကျင်က လူအားလုံးကို ပြဿနာထဲမှာ မပါဝင်စေချင်တာကြောင့်သာ အခုလိုမျိုး မတရားမှုကို ခါးစည်းခံပြီး မကျေနပ်ချက်တွေကို ရင်ထဲမှာပဲ မျိုသိပ်ထားတာ။
"ဟွန့်ကျီ..." လင်းမြောင်ရဲ့ လေသံက အတော်လေးကို လေးလံနေပြီး အတိုင်းအဆမရှိတဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ "ဆရာ"
"ဟွန့်ကျီ... မင်းက အစိုးရအရာရှိ လောကထဲကို ခြေစုံပစ်ဝင်ခဲ့ပြီပဲ။ ရွှီထင်းရှန်းတို့ မသိနိုင်တဲ့ ကိစ္စတွေကို မင်း သိထားရမယ်။ ငါတို့ရဲ့ လက်ရှိ အခြေအနေကို မင်းလည်း သိထားသင့်တယ် မဟုတ်လား"
သူတို့ရဲ့ အခြေအနေတဲ့လား။
ဟုတ်ပါတယ်... သူတို့ရဲ့ လက်ရှိ အခြေအနေက သိပ်မကောင်းလှပါဘူး။
ရွှီထင်းရှန်းတို့က အရာရှိလောကထဲကို မဝင်ရသေးတာကြောင့် ဒီလှိုင်းလုံးကြီးတွေက သူတို့ကို မထိခတ်နိုင်သေးပါဘူး။ ဒါပေမဲ့ မြောက်ပိုင်းစာသင်ကျောင်းအုပ်စုဟာ အိမ်ရှေ့စံရဲ့ဆရာကြီး ဖုယိုတယ် ရာထူးကနေ အနားယူပြီး ဇာတိကို ပြန်သွားကတည်းက အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။
တခြားသော အုပ်စုတွေကလည်း နည်းမျိုးစုံနဲ့ ဖိနှိပ်တိုက်ခိုက်နေကြတယ်။ ပြောရရင်တော့ ပေလုအုပ်စုက လူတွေ အများကြီးဟာ အရာရှိလောကထဲမှာ ရှိနေကြတာဆိုတော့ တခြားသူတွေကို မကဲ့ရဲ့မိဘဲ နေပါ့မလား။ အရင်ကတော့ အိမ်ရှေ့စံရှိနေလို့၊ ဆရာကြီးဖုယိုတယ် ရှိနေလို့သာ အောင့်အီးသည်းခံနေကြရတာ။ အခုတော့ ဆရာကြီးကလည်း မရှိတော့ဘူး၊ အိမ်ရှေ့စံကလည်း အားကိုးလို့ မရတော့တဲ့ အခြေအနေမှာ ပေလုအုပ်စုဟာ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို မရတော့တာကြောင့် တခြားသူတွေကလည်း အခွင့်ကောင်းယူပြီး လဲရာသူတော် မကဲ့ရဲ့ ဆိုတာမျိုး လုပ်နေကြတယ်။
ဒါကြောင့် ဆရာလင်းမြောင်ဟာ ဒီကိစ္စကို မကူညီချင်တာ မဟုတ်ပါဘူး၊ ကူညီလို့ မဖြစ်တာကြောင့်သာ ဖြစ်ပါတယ်။
မြည်းလှည်းဟာ ခဏချင်းမှာပဲ ဟန်လင်းအကယ်ဒမီ တံခါးဝကို ရောက်ရှိသွားခဲ့ပါတယ်။ ချန်ကျန်း လှည်းပေါ်က ဆင်းလိုက်ပေမယ့် လင်းမြောင်ကတော့ နန်းတော်ထဲကို မဝင်သေးဘဲ လှည်းဆရာကို လမ်းကြောင်းပြောင်းခိုင်းလိုက်တာကြောင့် မြည်းလှည်းဟာ များပြားလှတဲ့ လူအုပ်ကြီးကြားထဲမှာ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။
လှည်းဟာ သာမန်အိမ်တစ်အိမ်ရဲ့ အရှေ့မှာ ရပ်တန့်သွားခဲ့ပြီး၊ လင်းမြောင်ဟာ လှည်းပေါ်က ဆင်းကာ အဝတ်အစားတွေကို သပ်ရပ်အောင် ပြင်ပြီးမှ တံခါးကို ခေါက်လိုက်တယ်။
ခဏအကြာမှာတော့ တံခါးပွင့်လာပြီး မျက်စိတစ်ဖက် ကွယ်နေတဲ့ အစေခံအိုကြီးတစ်ယောက်က လင်းမြောင်ကို အတွင်းထဲကို ဖိတ်ခေါ်သွားခဲ့တယ်။
140 04
အတွင်းကို တိုးဝင်သွားလေလေ၊ သာယာငြိမ့်ညောင်းလှတဲ့ စောင်းသံလေးကို ပိုပြီး သဲသဲကွဲကွဲ ကြားလာရလေလေပါပဲ။ လင်းမြောင်ဟာ စာကြည့်ခန်းတစ်ခုရဲ့ အရှေ့ကို ရောက်သွားတဲ့ အချိန်မှာတော့ စောင်းသံဟာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါပြီ။
"ဝင်လာခဲ့ပါ"
လင်းမြောင် အတွင်းထဲကို ဝင်သွားတဲ့အခါမှာတော့ အပြာရောင် ဝတ်စုံရှည်ကို ဝတ်ထားတဲ့ လူတစ်ယောက်ဟာ သူ့ကို ကျောခိုင်းပြီး ပြတင်းပေါက်နားက စောင်းစင်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။
"တစ်ခုခု ထူးခြားလို့လား"
လင်းမြောင်ဟာ ဘာမှဖုံးကွယ်မထားဘဲ ဖြစ်ပျက်သမျှ အကြောင်းစုံကို အကုန်ပြောပြလိုက်တယ်။
စကားတွေ ပြောရင်းနဲ့ သူဟာ ပိုပြီးစိတ်လှုပ်ရှားလာခဲ့ရသလို နောက်ဆုံးမှာတော့ တည်တည်ငြိမ်ငြိမ်တောင် မနေနိုင်တော့ပါဘူး။ အရင်က သူ့ရဲ့တပည့်တွေရှေ့မှာ ပြသခဲ့တဲ့ တည်ငြိမ်မှုတွေဟာ လုံးဝကို ပျောက်ကွယ်သွားခဲ့ရပြီ။
"မင်း ဘာကို ဆိုလိုချင်တာလဲ" အပြာရောင် ဝတ်စုံနဲ့ လူက ခပ်အေးအေးပဲ မေးလိုက်တယ်။
"ဦးလေးလေး"
"ဒီကလေးက မင်းထက်တောင် ပိုပြီးအခြေအနေကို သိတတ်ပါသေးတယ်"
လင်းမြောင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ရှေ့ကို တစ်လှမ်းတိုးလိုက်မိတယ်။ "သူက အခြေအနေကို သိတတ်လွန်းလို့ပဲ သူ့ရဲ့ ဆရာတစ်ယောက်အနေနဲ့ ကျွန်တော် တကယ်ကို ရှက်မိတာပါ။ အရင်တုန်းက ကျွန်တော်ဟာ အယူအဆတွေမှာ တင်းကြပ်လွန်းပြီး မာနတွေ ကြီးခဲ့လို့ ထောင်ထဲတောင် ရောက်လုနီးပါး ဖြစ်ခဲ့ရတာလေ။ အဲဒီအချိန်တုန်းက သူကပဲ ကျွန်တော့်ကို ကယ်တင်ခဲ့တာပါ။ အခုတော့ ကျွန်တော့်ရဲ့တပည့်ဟာ ဒီလောက်ကြီးမားတဲ့ မတရားမှုကို ခံစားနေရတာတောင်မှ ဆရာဖြစ်တဲ့ ကျွန်တော်က ဘာမှ မကူညီနိုင်ရုံတင်မကဘူး၊ တစ်ခွန်းတောင် ထုတ်မပြောနိုင်တာဟာ တကယ့်ကို လူကြားထဲ မျက်နှာမပြဝံ့လောက်အောင် ရှက်စရာပါပဲ"
ထိုလူကတော့ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွလေး ရှူထုတ်လိုက်ပြီး သူ့ရဲ့ လေသံကတော့ လေထဲမှာ လွင့်ပျံ့နေခဲ့လေတယ်။
"အန်းချီ ငါတို့ရဲ့ လက်ရှိ အခြေအနေကို မင်း ကောင်းကောင်း သိထားရမှာပေါ့"
ဒီစကားဟာ ခုနလေးတင်ပဲ သူက သူ့ရဲ့ တပည့်ကို ပြောခဲ့တဲ့ စကားပါပဲ။ အခု ကိုယ်တိုင် ပြန်ကြားလိုက်ရတဲ့အခါမှာတော့ သူ့ကိုယ်သူ လှောင်ပြောင်နေသလိုမျိုး ခံစားလိုက်ရတယ်။
လင်းမြောင်ဟာ အားငယ်စွာနဲ့ပဲ ပြန်ဖြေလိုက်ရရှာတယ်။
"ကျွန်တော် သိပါတယ်"
"သူ့ကို နောက်တစ်နှစ်လောက် ထပ်စောင့်ခိုင်းလိုက်တာဟာ သိပ်ပြီးတော့ မကြာလှပါဘူး။ သူ့ရဲ့ပါရမီက ထူးချွန်လွန်းလှတာကြောင့် နောက်ပိုင်းမှာ စာသင်ကျောင်းက သူ့အပေါ်မှာ မတရား မလုပ်စေရပါဘူး"
"ဒီတစ်နည်းပဲ ရှိတာလားဟင်"
"ဒီတစ်နည်းပဲ ရှိတာပါ" ထိုလူဟာ ထရပ်လိုက်ပြီး လက်ကို အနောက်ပစ်ကာ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်လိုက်တယ်။ "အိမ်ရှေ့စံရဲ့ နာမကျန်းမှုက ရိုးရိုးရှင်းရှင်းတော့ မဟုတ်ဘူး၊ ဒါဟာ ငါတို့ရဲ့ ပေါ့ဆမှုကြောင့် ဒီလို အမှားအယွင်းတွေ ဖြစ်ခဲ့ရတာပါ။ မင်းရဲ့အစ်ကိုကြီးဟာ ဒီကိစ္စကြောင့် အငြိုးထားခံရပြီး ရာထူးကနေ နုတ်ထွက်ကာ ဇာတိကို ပြန်သွားရတာလေ။ ငါတို့ မြောင်ပိုင်းအုပ်စုဟာ အမြဲတမ်း ကြားနေအဖြစ် ရပ်တည်ခဲ့ပေမယ့် ဒီကြားနေဆိုတာကလည်း လွယ်လွယ်နဲ့ ရလာတာ မဟုတ်ပါဘူး။ လူပေါင်းများစွာရဲ့ နှစ်ရှည်လများ ကြိုးစားအားထုတ်မှုတွေကြောင့် ရလာတာ”
"အခုချိန်မှာ ပေလုအုပ်စုဟာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပေမယ့် တစ်ဖက်မှာတော့ ဒါဟာ ငါတို့အတွက် အခွင့်အရေးလည်း ဖြစ်နိုင်တာပဲ။ ဧကရာဇ်မင်းမြတ်က အမတ်ချုပ်ကြီးဝူ နဲ့စွီတို့ကို သံသယဝင်နေပြီလေ။ ရှန်မိသားစုကလည်း အမတ်ချုပ်အဖွဲ့ထဲကို ဝင်ချင်နေတာကြောင့် ဝူယုံနဲ့တိတ်တိတ်ကလေး ပေါင်းနေကြတာ။ မင်းမြတ်အနေနဲ့ တစ်ခုခုကို လုပ်ဆောင်ချင်တယ်ဆိုရင်တော့ ဒီအင်အားစုတွေရဲ့ မျှခြေကို ပျက်စီးအောင် လုပ်မှာ မဟုတ်ဘူး။ အဲဒါကြောင့်ပဲ မင်းကို ဝန်ယွမ်ကောဆီကို အနီးကပ်အမတ်အဖြစ် ရွေးချယ်လိုက်တာလေ။
140 05
"ဒါဟာ ငါတို့အတွက် ပေးထားတဲ့ အခွင့်အရေးပဲ။ မင်းမြတ်က အရင်က သံယောဇဉ်တွေကို ငဲ့ညှာနေတုန်းပဲဆိုတာကို ပြသလိုက်တယ်။ ဒါပေမဲ့ ဒီလိုအချိန်မှာသာ တစ်စုံတစ်ရာ ပြဿနာဖြစ်ပြီး မင်းမြတ်က ငါတို့အပေါ် အထင်လွဲသွားမယ်ဆိုရင်... မင်းပါ အမုန်းခံရပြီး ငါတို့ မြောက်ပိုင်းအုပ်စုမှာ ဧကရာဇ်ရဲ့အနီးကပ် အမှုထမ်းနိုင်မယ့်သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင်တော့ ရန်သူတွေ ဝိုင်းလာမှာဖြစ်ပြီး ငါတို့အုပ်စုတစ်ခုလုံး အန္တရာယ်ကျရောက်သွားနိုင်တယ်။ သူက သူ့ရဲ့ရသင့်ရထိုက်တာတွေကို ပြန်တောင်းယူနိုင်ခဲ့ရင်တောင်မှ အဲဒါကို ထိန်းသိမ်းထားနိုင်ပါ့မလား ဆိုတာကတော့ တစ်ပိုင်းပေါ့လေ"
ဒီစကားတွေကို ပြောပြီးတာနဲ့ ထိုလူက ဘာစကားမှ ထပ်မပြောတော့ဘူး။
အတော်ကြာမှ လင်းမြောင်ဟာ သက်ပြင်းရှည်ကြီး တစ်ချက်ကို ရှူထုတ်လိုက်ရင်း ဆိုလိုက်လေတော့တယ်။
"ဦးလေးလေး... ကျွန်တော် နားလည်ပါပြီ"
"သွားတော့လေ။ အရေးကြီးတဲ့ ကိစ္စမရှိရင် ဒီကို သိပ်မလာနဲ့ဦး"
"ဟုတ်ကဲ့ပါ"
အဲဒီ ကျူးကျွမ်း (နီရဲသောစာရွက်) ကိုတော့ အခုထိ ရှာမတွေ့သေးပါဘူး။
ဝူအမတ်ချုပ်ကြီးရဲ့ လူတွေဟာ ရှုန့်ထျန်းဖူက စာရွက်တွေ သိမ်းဆည်းတဲ့ နေရာတစ်ခုလုံးကို နှံ့နေအောင် ရှာခဲ့သလို၊ ဝန်ကြီးဌာနဘက်မှာလည်း ရှာဖွေခဲ့ကြပေမယ့် အဲဒီစာရွက်ကတော့ လေထဲမှာ ပျောက်ကွယ်သွားသလိုပါပဲ။
သတင်းရောက်လာတဲ့အခါမှာတော့ အိမ်ထိန်းကြီး အန်းဘိုက တစ်ခုခုတော့ ထူးဆန်းနေပြီလို့ ခံစားလိုက်ရတာကြောင့် ဝူအမတ်ချုပ်ကြီးဆီကို အစီရင်ခံလိုက်တယ်။
ဝူအမတ်ချုပ်ကြီးက မူရင်းစာရွက်ကို ယူလာခိုင်းပြီး ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့မျက်နှာဟာ ချက်ချင်းပဲ မှောင်ကျသွားခဲ့ရပြီလေ။
ဒါဟာ ဟို နယ်ကလာတဲ့ လူငယ်လေး မဟုတ်လား။ အရင်တုန်းက ရှန်မိသားစုနဲ့ စေ့စပ်ကြောင်းလမ်းတဲ့ ကိစ္စတွေ ထွက်ပေါ်လာတုန်းက ရွှီထင်းရှန်း ဆိုတဲ့ နာမည်ကို ဝူအမတ်ချုပ်ကြီး အနည်းငယ် ကြားဖူးခဲ့တယ်။
ဒါပေမဲ့ သူကတော့ ဒီလူကို စိတ်ထဲမှာ လုံးဝမထားခဲ့ပါဘူး။ သာမန် ရှို့ချိုင် လေးတစ်ယောက်ပဲလေ။ ဝူအမတ်ချုပ်ကြီး အရာရှိလုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ကျင်းရှီဘွဲ့ရတွေတောင်မှ သူ့ကို မျက်နှာချိုသွေးဖို့အတွက် တိုးဝှေ့နေကြတာဆိုတော့ ရှို့ချိုင် လေးတစ်ယောက်ကို သူ ဘာလို့ ဂရုစိုက်နေပါ့မလဲ။
ဒါပေမဲ့ အခုတော့ ဒီ ရှို့ချိုင် လေးဟာ ရှို့ချိုင် ကနေ ကျူးရန် ဖြစ်လာခဲ့သလို၊ အခုဆိုရင် ဟွေ့ယွမ်ရနိုင်လောက်တဲ့အထိ ပါရမီရှိနေခဲ့တာပဲ။ ပြီးတော့ သူ့ရဲ့ စာရွက်က ဝူဝမ်ရွှမ်းရဲ့လက်ထဲကို ရောက်သွားခဲ့ပြီး အခုချိန်မှာ ကျူးကျွမ်း ကလည်း အစအန ရှာမရအောင် ပျောက်ကွယ်နေခဲ့ပြီ။
ဝူအမတ်ချုပ်ကြီးဟာ သူ့ရဲ့အနောက်မှာ တစ်ယောက်ယောက်က ဓားနဲ့ အသင့်စောင့်နေသလိုမျိုး ခံစားလိုက်ရတော့တယ်။ ဒါဟာ ရှန်မိသားစုက နောက်ကွယ်ကနေ ကြိုးကိုင်နေတာများလား ရှန်မိသားစုက တကယ်ပဲ ဘာကို လိုချင်နေတာလဲ။
ဝူအမတ်ချုပ်ကြီးဟာ စာရေးစားပွဲနောက်ကနေ ထရပ်လိုက်ပြီး ဟိုဟိုဒီဒီ လျှောက်လှမ်းနေမိတော့တယ်။
အန်းဘိုကတော့ ဘာတွေဖြစ်နေမှန်း သေချာ မသိရပေမယ့် တစ်ခုခုတော့ ပြဿနာတက်နေပြီဆိုတာကို ရိပ်မိနေခဲ့တယ်။
"ဒီကောင်လေးအကြောင်းကို သေချာစုံစမ်းခိုင်းလိုက်စမ်း၊ တတ်နိုင်သမျှ အသေးစိတ်ဆုံး သိပါစေ"
"ဟုတ်ကဲ့ပါ အမတ်မင်း"
ကျင်အာလမ်းကြား ထဲမှာတော့ ဝမ်ရှို့ဟာ ထင်းခွေတဲ့ အခန်းထဲမှာ အပိတ်ခံထားရတာ ရက်ပေါင်း အတော်ကြာနေခဲ့ပါပြီ။
အစပိုင်းမှာတော့ သူက အော်ဟစ်ဆူပူနေခဲ့တာကြောင့် လက်ခြေတွေကို ကြိုးနဲ့ချည်ပြီး ပါးစပ်ကို ပိတ်ထားခြင်း ခံခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့ ရွှီထင်းရှန်းက သူ့ကို အချက်အလက်တချို့ ပြောပြလိုက်တဲ့အခါကျမှ သူကိုယ်တိုင်လည်း မဆူရဲတော့ပါဘူး။
140 06
ဝမ်ရှို့ရဲ့အစောပိုင်း စိုးရိမ်မှုတွေကတော့ အကြောင်းမဲ့ မဟုတ်ပါဘူး။ အောင်စာရင်း ထွက်ပြီးတာနဲ့ အပြင်မှာ ဝမ်ရှို့နဲ့ ရန်ကွမ်ကျစ်တို့အပေါ် ကျိန်ဆဲသံတွေက ညံနေတော့တာပဲ။ တခြားသူတွေကိုလည်း ဆဲကြပေမယ့် ဒီနှစ်ယောက်လောက်တော့ မများပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ နှစ်ယောက်အပေါ်မှာ လောင်းကြေးထပ်ထားတဲ့သူတွေက အများကြီး မဟုတ်လား။ အောင်ရင်တောင်မှ ငွေသိပ်မရပေမယ့် လူအတော်များများကတော့ ဒီလို ငွေအေးလေးကိုပဲ ရှာချင်ကြတာလေ။
လောဘမကြီးဘဲ သေချာပေါက် အောင်မယ့်သူကိုပဲ လောင်းကြတာကိုး။ တစ်ကျပ်လောင်းရင် တစ်ပဲပဲ မြတ်မယ်ဆိုပါစို့၊ ဒါပေမဲ့ လောင်းတဲ့သူက ရာနဲ့ချီ ရှိနေတာလေ။
ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ဝမ်ရှို့တို့ နှစ်ယောက်စလုံးဟာ အောင်စာရင်းမှာ မပါခဲ့ပါဘူး။
သူတို့ကို လောင်းခဲ့တဲ့သူတွေဟာ ဝမ်ရှို့တို့ရဲ့ မိဘတွေထက်တောင် ပိုပြီးစိတ်နာနေကြတယ်။ အဲ့ဒီကြားထဲမှာ တစ်ယောက်ယောက်က ဝမ်ရှို့နဲ့ ရန်ကွမ်ကျစ်တို့ဟာ လောင်းကစားဒိုင်ဆီကနေ လာဘ်စားပြီး တမင်တကာ ရှုံးအောင် လုပ်ခဲ့တာပါဆိုတဲ့ ကောလာဟလတွေကို လွှင့်လိုက်ပြန်တယ်။ ပြီးတော့ အောင်စာရင်း ထွက်ပြီးတာနဲ့ ဝမ်ရှို့နဲ့ ရန်ကွမ်ကျစ်တို့ဟာ အစအန ရှာမရအောင် ပျောက်ကွယ်သွားတာကလည်း ဒီကောလာဟလတွေကို ပိုပြီး ခိုင်မာစေတယ်။
အဲ့ဒါကြောင့်ပဲ အခု အပြင်မှာ လူအများကြီးက ဝမ်ရှို့ကို လိုက်ရှာနေကြတာ။ တကယ်လို့သာ ရွှီထင်းရှန်းက သူ့ကို တံခါးအပြင်ဘက်ကိုသာ ထုတ်ပစ်လိုက်ပြီး "ဝမ်ရှို့ ဒီမှာ" လို့ တစ်ခွန်းအော်လိုက်မယ်ဆိုရင်တော့ သူဟာ လူအုပ်ကြီးရဲ့ လက်ထဲမှာတင် အရှင်လတ်လတ် အရေခွံအနွှေခံရမှာ အသေအချာပါပဲ။ အဲဒါကြောင့်လည်း သူက မဆူရဲတော့တယ်။
ဒါပေမဲ့ ဝမ်ရှို့ဟာ ဒီမှာအကြာကြီး အပိတ်ခံထားရတော့လည်း စိတ်မရှည်တာမျိုးတော့ ရှိတယ်၊ ဒါပေမဲ့ သူက အခြေအနေကိုတော့ ကောင်းကောင်း သိပါတယ်။ ကျူးရန်တစ်ယောက် ဖြစ်လာတဲ့အထိ စာသင်ခဲ့တဲ့သူဆိုတော့ ဘယ်သူကမှ အရူးတော့ မဟုတ်ပါဘူး။ အခုလို အခြေအနေမျိုး ရောက်လာရတာကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာတော့ ဘဝင်မြင့်သွားလို့သာ ဖြစ်တယ်။
"မင်း ငါ့ကို ဘယ်တော့များမှ လွှတ်ပေးမှာလဲ"
ရွှီထင်းရှန်းက ထမင်းလာပို့တဲ့ အချိန်မှာ ဝမ်ရှို့က မေးလိုက်တယ်။
မိမိကိုယ်ကိုယ် သေချာ ဂရုမစိုက်နိုင်တာ ကြာပြီဖြစ်တဲ့ ဝမ်ရှို့ဟာ အရင်တုန်းက လူအများ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်တုန်းကလိုမျိုး ခန့်ညားထည်ဝါမှုတွေ လုံးဝ မရှိတော့ပါဘူး။ ဆံပင်တွေကလည်း မလျှော်ရတာ ကြာလို့ ဖရိုဖရဲ ဖြစ်နေပြီး ဖုန်တွေလည်း ပေကျံနေခဲ့ပြီ။ ပြီးတော့ နေ့တိုင်း ကြောက်လန့်တကြား ဖြစ်နေရတာရော၊ နေရောင်ကို မမြင်ရတာ ကြာတာရောကြောင့် သူ့ရဲ့ မျက်နှာကတော့ ပုံမှန်မဟုတ်တဲ့ ဖြူဖျော့မှုတွေနဲ့အတူ အရိုးပေါ် အရေတင် ဖြစ်နေရှာတယ်။
ရွှီထင်းရှန်းကတော့ သူ့ကို ဂရုမစိုက်ဘဲ ထမင်းထုတ်ကို ချပေးပြီး ပြန်ထွက်ဖို့ပဲ ပြင်လိုက်တယ်။
"မင်း... မင်းလည်း ဘာတွေ ကြံစည်နေလဲဆိုတာ ငါသိပါတယ်။ ငါ့ကို အခုပဲ လွှတ်ပေးလိုက်ပါဦး၊ ငါ ဖူကျန့်ကိုပဲ အမြန်ပြန်ပါ့မယ်။ မင်းနဲ့ငါနဲ့ကြားမှာ ဘာပြဿနာမှ မရှိကြေးပေါ့။ ဒီရေတွေ ဘယ်လောက်ပဲ ကြီးကြီး... မင်းနဲ့ ငါနဲ့တော့ ဘာမှ မသက်ဆိုင်ပါဘူးကွာ"
ရွှီထင်းရှန်းကတော့ ဘာစကားမှ ပြန်မပြောပါဘူး။
"မင်းလည်း သူတို့ရဲ့ အကောက်ကြံမှုကို ခံလိုက်ရတဲ့သူဆိုတာ ငါမသိဘူးလို့ မထင်နဲ့။ ဒါပေမဲ့ ပုစဉ်းရင်ကွဲက ရထားလုံးကို တားဆီးလို့ မရဘူး ဆိုသလိုပဲ၊ မင်း ရင်ထဲမှာ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ ရှိနေပါစေ... ဘာမှ ထူးလာမှာ မဟုတ်ဘူးလေ"
140 07
ဒီရက်ပိုင်းအတွင်းမှာ ရွှီထင်းရှန်း ထမင်းလာပို့တိုင်း ဝမ်ရှို့က ဒီစကားတွေကိုပဲ ခဏခဏ ပြောနေတတ်တာပါ။ ရွှီထင်းရှန်း သူ့ကို လွှတ်ပေးအောင် စည်းရုံးနေတယ်။
အရင်ကတော့ ရွှီထင်းရှန်းက သူ့ကို အဖတ်မလုပ်ခဲ့ပါဘူး၊ သူ့မှာလည်း စဉ်းစားစရာတွေ ရှိနေတာကိုး။ ဒီနေ့တော့ သူက အနည်းငယ် ပြုံးလိုက်ရင်း ကျီစယ်တဲ့ လေသံနဲ့ "အပြင်မှာ လူတွေ အများကြီးက မင်းကို လိုက်ရှာနေတာလေ။ ငါသာ မင်းကို အခု လွှတ်ပေးလိုက်ရင် မင်း လူအုပ်ကြီးရဲ့ လက်ထဲမှာတင် အရှင်လတ်လတ် အရေခွံအနွှေခံရမှာကို မကြောက်ဘူးလား"
ဝမ်ရှို့ရဲ့ မျက်နှာကြွက်သားတွေက တစ်ချက် လှုပ်ရှားသွားခဲ့ရတယ်... သူလည်း တကယ်ပဲ ကြောက်နေရှာတာပါ။ ဒါပေမဲ့ သူက အားတင်းပြီး ပြန်ပြောလိုက်တယ်။ "ငါသာ ဘာမှမပြောရင် ငါ့ကို ဘယ်သူက သိမှာလဲ။ ငါ ဖူကျန့်ကို ပြန်ရောက်သွားရင် မြို့တော်ကလူတွေ ငါ့ကို ဘာမှလုပ်လို့ မရတော့ပါဘူး။ ဒီစကားက ငါ့အတွက်တင် မဟုတ်ဘူး၊ မင်းအတွက်ပါ ပြောနေတာပါ"
စကားပြောရင်းနဲ့ ဝမ်ရှို့က ရွှီထင်းရှန်းကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ "မင်း ခေါင်းမာမနေပါနဲ့တော့ကွာ။ ရင်ထဲက မခံမရပ်နိုင်ဖြစ်မှုဆိုတာ မျိုသိပ်လိုက်ရင်လည်း ပြီးသွားတာပါပဲ။ ဘာလို့ ဒီမှာ အန္တရာယ်ခံပြီး နေနေဦးမှာလဲ။ တစ်ဖက်လူကသာ ခွေးက အသည်းအသန်ဖြစ်ရင် တံတိုင်းကို ခုန်ကျော်တတ်တယ်ဆိုသလိုမျိုး မင်းကို အသေသတ်ပြီး နှုတ်ပိတ်လိုက်မှာကို မင်း မကြောက်ဘူးလား"
ဝမ်ရှို့ကတော့ ရွှီထင်းရှန်းရဲ့ အဖြစ်မှန်ကို ဘယ်လိုလုပ်ပြီး အကုန်သိပါ့မလဲ။ ရွှီထင်းရှန်းလည်း သူ့လိုပဲအောက်ခြေကို ရောက်သွားရတဲ့သူလို့ပဲ ထင်နေတာ။ သူကတော့ ကံကြမ္မာကို လက်ခံလိုက်ပေမယ့် ရွှီထင်းရှန်းကတော့ လက်မခံသေးတာကို သူက မြင်နေတာကိုး။
ဒါပေမဲ့ ရွှီထင်းရှန်းကတော့ ဝမ်ရှို့ရဲ့စကားကို ကြားလိုက်ရတဲ့အခါမှာ တစ်ချက် မှင်တက်သွားခဲ့ရတော့တယ်။
******